IPhone သုံးတဲ့ ဘော်ဘော်တို့ရေ။
မနေ့က ဒီမှာ IOS 12 ဆော့ဝဲလ် အသစ် release လုပ်လို့ ဖုန်းတွေ update လုပ်လိုက်တာ Facebook ထဲက Zawgyi font တွေဖတ်မရ ဖြစ်သွားတယ်။ IOS 12 က Myanmar Unicode ပြောင်းပေးလိုက်တော့ ဖတ်မရ။အဲဒီလိုဖြစ်ရင် App Store က download လုပ်ထားတဲ့ my font app ထဲပြန်ဝင်ပြီး Zawgyi 2009 ကို ပြန်ပြီး install လုပ်ပေးကြပါ။ ပြန်ကောင်းသွားပါလိမ့်မယ်။
Zawgyi နဲ့ Unicode ညှိပြီး Zawgyi Unicode ရယ်လို့ ဖြစ်လာဖို့လိုနေပြီ။ သူတို့မတည့်ကြသ၍ ဖြစ်နေဦးမဲ့ ပြသနာ။ နောက်ပိုင်းဆိုရင်တော့ Zawgyi font တွေ သုံးလို့မရဖြစ်တော့မယ်။ Unicode ရေးနည်းလေး သင်ဦးမှ။ Unicode ရေးတတ်ကြသူများ အလင်းပြကြပါ။
Friday, September 21, 2018
ဆက်ကြဦးမဲ့ယွမ်
ဆက်ကျဦးမဲ့ယွမ်
အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲက ပြီးဆုံးရန်လမ်းမမြင်သေး။ သမ္မတထရန့်က ဒေါ်လာဘီလီယံ၂၀၀ကျော်သော တရုတ်ပို့ကုန်များကို အထူးခွန်၁၀%ကောက်တော့မည်။ နှစ်ကုန်လျှင်နောက်ထပ်၁၅%တိုးကောက်မည်။
ဒီသတင်းတက်လာသည်နှင့် ဒေါ်လာရောယွမ်ပါ ဆင်းကြသည်။ ယွမ်က ပိုဆင်းသည်။ ၂၀%အထိ ထိုးကျခဲ့သော တရုတ်စတော့ရှယ်ယာများလည်း သက်သာဖွယ်မမြင်။ ဆောက်လုပ်ရေးတွေတိုး၍ အလုပ်လက်မဲ့ကိုကာကွယ်လေ့ရှိသော တရုတ်အစိုးရ၏ဗျူဟာကြောင့် လမ်းတံတားတွေတိုးဆောက်မည်မှန်းကြ၍ ဆောက်လုပ်ရေးရှယ်ယာတွေ ဈေးတက်သည်။ ကျန်သောစတော့များ အခြေအနေမကောင်း။တရုတ်စတော့များသည် ဗင်နီဇွဲလား၊ တူရကီ၊ အာဂျင်တီးနားတို့နှင့်အတူ အဆိုးဝါးဆုံးဈေးကျသည့်နိုင်ငံလေးခုစာရင်း ဝင်သွား၏။ တရုတ်စီးပွားရေးကကြီးမားသဖြင့် ကြီးစွာသော သက်ရောက်မှုတော့ ရှိမည်မဟုတ်။
ယွမ်က ထပ်ဆင်းမည်ဟုမှန်းကြသည်။ အခု တစ်ဒေါ်လာကို ၆.၈၅ပတ်လည်မှ မကြာမှီ ၇.၀ ယွမ်အထိ ရောက်ကိန်းရှိသည်။ ကံမကောင်းလျှင် ၇.၅ အထိ ဆင်းနိုင်သည်တဲ့။ ယွမ်တွေထိုးဆင်းသလို အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိက၊ အီရန် စသည်ဖြင့် ကမ္ဘာ့ငွေကြေးတွေ ထိုးဆင်းနေကြသည်။
မြန်မာငွေလည်း ထိုးဆင်းရန် လမ်းစတွေမြင်နေရပါသဖြင့် မကြာမီ ၁၆၀၀၊ ၁၇၀၀ ဖြစ်သွားမည်ကို စိုးရိမ်မိပါကြောင်း။

ဆန်ဖရန်ဗေးဧရိယာ စာပေဟောပြောပွဲ(၂၀၁၈)
ဆန်ဖရန်စစ္စကိုဗေးဧရိယာရဲ့ မြန်မာစာပေစောပြောပွဲ(၂၀၁၈)
ဆန်ဖရန်စစ္စကို ဗေးဧရိယာမှာ မြန်မာပြည်ဖွားတွေအများအပြားနေကြတယ်။ စာပေချစ်သူတွေလည်း မနည်းလှ။ ကိုယ့်နိုင်ငံနဲ့ဝေးနေကြပေမဲ့ မြန်မာစာပေနဲ့ အဆက်မပြတ်သွားကြဘူး။ စာရေးဆရာတွေကို နှစ်စဉ်ဖိတ်ကြားပြီး စာပေဟောပြောပွဲတွေ ဆက်တိုက်ကျင်းပနိုင်ခဲ့ကြတယ်။
ပထမဆုံးစာပေဟောပြောပွဲက ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာစာဆိုကြီး ဆရာတင်မိုးနဲ့စခဲ့ကြတာ။ ၂၀၀ဝပြည့်နှစ်မှာ စခဲ့ကြတာ နှစ်စဉ်ပါပဲ။ တစ်နှစ်မှ မပျက်ခဲ့ဘူး။ အမေရိကန်အခြေစိုက် စာရေးဆရာတွေကို အားကိုးခဲ့ကြရတယ်။ (၁၈)နှစ်ခရီးမှာ ဟောပြောပေးခဲ့ကြသူ စာရေးဆရာတွေကို မှတ်မိသလောက် မှတ်တမ်းတင်ရရင် ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာမောင်သာရ၊ ဒါရိုက်တာ ဆရာဦးဝင်းဖေ၊ ကြေးမုံဦးသောင်း တို့က ပင်တိုင်။ စာရေးကောင်းတဲ့ ဆရာတော်တွေဖြစ်တဲ့ ဉာဏ်ဦးမောင်( မုဒိတာရွှေကျောင်းဆရာတော်)၊ ဆရာတော်ကံထွန်းသစ် တို့လည်း ပါဝင်ဟောပြောခဲ့ဖူးတယ်။ ဆရာခင်မောင်ညို( ဒေါက်တာခင်မောင်ညို)၊ ညီလေးနေဘုန်းလတ်၊ ဆရာညို( မောင်သစ်ဆင်း)၊ ဆရာဆောင်း(ဆောင်းဝင်းလတ်)၊ ဆရာမ မေငြိမ်း၊ ဆရာမ ခက်မာ၊ ဆရာညီ(ညီမင်းညို)၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဘုန်း(ကိုဘုန်း(ဓါတု))၊ ဆရာချစ်(ချစ်ဦးညို)၊ ဆရာမဂျူး၊ ဆရာထင်(ထင်လင်းဦး)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာကြည်မင်း၊ ဆရာမ မိချမ်းဝေ တို့အပြင် ဖို့ဝိန်းအခြေစိုက် စာရေးဆရာတွေလည်း ပါခဲ့ကြတယ်။ နာမည်မေ့နေလို့ ကျန်ရစ်ခဲ့တဲ့ စာရေးဆရာတွေလည်း အများကြီးပါ။
မြန်မာစာပေဟောပြောပွဲကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ပဲ ကျင်းပနိုင်တဲ့ အမေရိကားက မြို့ကိုပြပါဆိုရင်လည်း ဆန်ဖရန်စစ္စကိုပဲ ရှိပါလိမ့်မယ်။ ဒီလိုကျင်းပနိုင်တာ မြို့ခံစာပေချစ်သူများရဲ့ အားပေးကူညီမှုတွေကြောင့်ပါပဲ။ ဒါကြောင့် ဆန်ဖရန်အခြေစိုက် စာပေချစ်သူများကို ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါရစေ။
မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေကလည်း စာပေဟောပြောပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတယ်။ သွားဆရာဝန်တွေ၊ စားသောက်ဆိုင်တွေ၊ ပန်းအရောင်းဆိုင်တွေ၊ ကားပြင်တဲ့ဆိုင်တွေ စတဲ့ မြန်မာပိုင်ဆိုင်တွေကလည်း နှစ်စဉ်ပဲ ကူညီပေးကြပါတယ်။ မြန်မာပိုင်ဆိုင်ကြောင်းသိဖို့ ဂုဏ်ယူစွာနဲ့ မြန်မာအလံလွှင့်ထူထားတဲ့ Napa အခြေစိုက် iNapa winery ကလည်း စာရေးဆရာတွေအတွက် လက်ဆောင်အဖြစ် premium wine တွေ လှူဒါန်းပေးခဲ့တာ နှစ်စဉ်ပါ။ တစ်ဦးချင်းစီ ဒေါ်လာတစ်ရာ၊ ငါးဆယ် စသည်နဲ့ နှစ်စဉ်လှူသူတွေလည်း ရှိပါတယ်။ သူတို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်ခွင့်ပြုပါ။
ဒီနှစ် ၂၀၁၈ စာပေဟောပြောပွဲမှာ ဟောပြောပေးမဲ့ စာရေးဆရာတွေကတော့ နိုင်ငံကျော်တွေဖြစ်တဲ့ ဆရာအော်ပီကျယ်နဲ့ ကိုမင်းကိုနိုင်တို့ပါပဲ။
ဆရာအော်ပီကျယ်ဆိုရင် ကာတွန်းရုပ်ပြောင်တွေနဲ့ ခေတ်ကိုသရော်တဲ့နေရာမှာ သူမတူအောင်ထူးချွန်လှသူမို့ နိုင်ငံကျော်ကာတွန်းဆရာအဖြစ် အားလုံးကသိပြီးမို့ မိတ်ဆက်ပေးစရာတောင်မလိုတော့။ ဆရာက ကာတွန်းရုပ်ပြောင်လေးတွေ အရေးကောင်းသလို ပညာပေးစာလေးတွေကိုလည်း ကာတွန်းရုပ်လေးတွေနဲ့ မှတ်မိလွယ်အောင် ရေးသားနေပါတယ်။
မင်းကိုနိုင်ဆိုရင်လည်း ၈၈ကျောင်းသားခေါင်းဆောင်အဖြစ် အားလုံးသိကြမှာပဲ။ ပန်းချီဆရာကြီးဦးသက်ညွန့်ရဲ့သားပီပီ ပန်းချီလည်းအရေးကောင်းသူ၊ ကဗျာအရေးတော်သူ၊ စာရေးကောင်းသူတစ်ဦးပါ။ နောက်ကြည့်မှန်အပါအဝင် ဝတ္ထုကောင်းတွေ အများအပြားရေးသားထုတ်ဝေထားပါတယ်။
အဲဒီဆရာနှစ်ဦးရဲ့ စာပေဟောပြောပွဲကို ယခုလာမဲ့စနေနေ့ညနေ(၅)နာရီမှ(၉)နာရီအထိ Newark မြို့ Swiss Park မှာကျင်းပကြပါမယ်။အစဉ်အလာမပျက် မြန်မာထမင်းဟင်းများနဲ့လည်း ဧည့်ခံပါ့မယ်။ မြန်မာစာပေချစ်သူတွေရဲ့ မေးခွန်းများကိုလည်း ဆရာများက ဖြေကြားကြပါလိမ့်မယ်။ ဆရာတွေရဲ့ ဟောပြောချက်တွေကို နားထောင်ကြဖို့ မြန်မာစာပေဟောပြောပွဲကို ကြွခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

Tuesday, September 11, 2018
အဟောင်းနဲ့အသစ်
အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရောက် မြန်မာမိသားစုတွေတည်ထောင်တဲ့ ဘုန်းကြီးကျောင်းများထဲမှာ စာရင်းသစ်တိုးတဲ့ကျောင်းက "မြောက်ဦးဆရာတော်ကြီး" တည်ထောင်တော်မူတဲ့ ဖရက်စနိုမြို့( Fresno, CA ) ကျောင်းပါ။ လွန်ခဲ့တဲ့လကကျင်းပတဲ့ ကျောင်းသစ်ဖွင့်ပွဲကို မရောက်ဖြစ်ပေမဲ့ ယခုလ စက်တင်ဘာ(၉)ရက်နေ့မှာ ကျင်းပတဲ့ 'ဆရာတော်မွေးနေ့နဲ့ ဓမ္မစင်တာဖွင့်ပွဲ' ကိုတော့ ရောက်ခဲ့တယ်။
ဖရက်စနိုမြို့ဟာ မြန်မာအများအပြားနေထိုင်တဲ့ ဆန်ဖရန်နဲ့ အယ်လ်အေမြို့တွေရဲ့အလည်တည့်တည့်လောက်မှာရှိတယ်။ နှစ်မြို့လုံးနေ မြန်မာတွေအတွက် သုံးနာရီလောက်ကားမောင်းရင် ရောက်တဲ့ခရီးမို့ မြို့နှစ်မြို့က မြန်မာတွေအများအပြားဆင်းလာကြတာ တွေ့ရတယ်။
ဖရက်စနိုမြို့အနေအထားကတော့ ကယ်လီဖိုးနီးယားအလယ်ပိုင်းမြို့ပီပီ အလွန်ပူတဲ့ရာသီဥတုရှိတယ်။ စိုက်ပျိုးရေးပဲအဓိကလုပ်ကြတဲ့နယ်မြေမို့ မြန်မာမိသားစုနည်းတယ်။ မြန်မာမိသားစုလေးဆယ်ဝန်းကျင်ပဲရှိကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီမိသားစုတွေက ဆရာဝန်တွေအပါအဝင် ဝင်ငွေကောင်းတဲ့ ကျွမ်းကျင်လုပ်သားတွေပါ။ သူတို့တွေစုပေါင်းတည်ထောင်တဲ့ကျောင်းပေါ့။ ကျောင်းရဲ့ ရာဇဝင်ကလည်း စိတ်ဝင်စားစရာ။
ဖရက်စနိုမြို့လည်က တရုတ်တန်း ( China Town ) မှာ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါး( ၉၉နှစ်) ခန့်အချိန်မှာ ဒီကျောင်းကို ဆောက်ခဲ့ကြတယ်။ ကျောင်းက သုံးထပ်ကျောင်းကြီး။ လက်ရာက တရုတ်ဘုံကျောင်းကြီးနဲ့တူပေမဲ့ဂျပန်လက်ရာပါ။ ဖရက်စနိုမြို့က စပျစ်ခင်းတွေမှာ စပျစ်ဆွတ်ဖို့ရောက်လာကြတဲ့ အမေရိကန်ရောက် ဂျပန်အလုပ်သမားတွေစုပေါင်းပြီး ဂျပန်ဗုဒ္ဓဘာသာ( ရှင်တိုဘုရားကျောင်း ) သစ်သားကျောင်းလေး စတင်တည်ထောင်ကြပါသတဲ့။ ၁၉၁၉မှာ အဲဒီကျောင်းလေးမီးလောင်ပျက်စီးခဲ့တယ်။
အဲဒီအချိန်က တစ်ရက်လုပ်ခ တစ်ဒေါ်လာပဲရကြတဲ့ အဲဒီဂျပန်အလုပ်သမားတွေက ရသမျှ လခတွေစုဆောင်းကြပြီး အခုမြင်တွေ့ရတဲ့ သုံးထပ်ကျောင်းကြီးတည်ဆောက်ခဲ့ကြပြန်တယ်။ ဂျပန်တွေရဲ့စည်းလုံးမှုနဲ့ အနစ်နာခံမှုကတော့ အံ့မခန်း။
ဂျပန်ပိသုကာလက်ရာ (6400 sq ft) ရှိ သုံးထပ်ကျောင်းကြီးအပြင် ကျောင်းအနောက်မှာလည်း (12,000 sq ft) ရှိတဲ့ တိုးချဲ့ခန်းမကြီးပါတယ်။ အထွေထွေသုံး ဒီခန်းမကြီးမှာ ဧည့်ခံခန်းမ၊ ဖျော်ဖြေရေးစင်မြင့်ကြီးနဲ့ အသံ၊ မီး၊ အစုံအလင်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကြီးကို ဆက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်ဂျပန်တွေက မြို့ရဲ့ မြောက်ဖက်ကို ပြောင်းရွှေ့သွားကြတဲ့အခါ စွန့်ပစ်ခံအဆောက်အဦကြီးဖြစ်ခဲ့ရပြီး ပြုပြင်မွန်းမံမှုမရှိခဲ့တော့ အိုမင်းဟောင်းနွမ်းလို့ပေါ့။ ပတ်ဝန်းကျင်ကလည်း အိမ်ခြေမဲ့တွေ ကြီးစိုးနေကြတယ်။
ဒီအဆောက်အဦကြီးက ဖရက်စနိုမြို့ရဲ့သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်တဲ့အပြင် ရောင်းချဖို့ကိုကန့်ကွက်မှုတွေရှိနေခဲ့တာကြောင့် ၂၀၁၁ထဲက ရောင်းဖို့ပြင်ဆင်ကြတာ အခု ၂၀၁၈ခုနှစ် သြဂတ်လကမှ ဒေါ်လာ(၇)သိန်းခွဲနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်။ မြို့ခံဂျပန်လူဟောင်းတချို့အတွက် ဒီကျောင်းတော်ကြီးက အမှတ်ရစရာ အပြည့်။ သူတို့မိဘတွေ ဒီကျောင်းမှာလက်ထပ်ခဲ့တယ်။ မိဘတွေရဲ့ နောက်ဆုံးသင်္ဂြိုလ်ပွဲကိုလည်း ဒီကျောင်းမှာပဲ လုပ်ခဲ့ကြတယ်။ သူတို့မိဘတွေရဲ့ ချွေးတွေအပြည့်နဲ့တည်ဆောက်ခဲ့တဲ့ ဂျပန်လက်ရာကျောင်းကြီးမို့ မရောင်းလိုကြဘူး။ ဒါပေမဲ့ ယိုယွင်းနေတဲ့ကျောင်းကြီးအတွက် ပြင်ဆင်စားရိတ်မတတ်နိုင်ကြတဲ့အဆုံးမို့ ရောင်းချခွင့်ပြုလိုက်ရပုံပဲ။ မရောင်းခင်ကာလတိုမှာတော့ မြန်မာတွေကလည်း ကျောင်းနေရာမရှိချိန်မို့ မြန်မာတွေရဲ့ ယာယီကျောင်း ဖြစ်ခဲ့တယ်လို့သိရတယ်။ (ဂျပန်ဆီကကျောင်းငှားတဲ့သဘောပေါ့။ ခုမှ မြန်မာက အပိုင်ဝယ်ဖြစ်လိုက်တာပါ။)
မြန်မာကျောင်းတဖြစ်လဲ ဘုန်းကြီးကျောင်းကြီးကတော့ ခန့်ထည်စွာရှိခဲ့ပြီ။ သို့သော် မြန်မာ့မူ မြန်မာ့ဟန်ပုံစံတော့မဟုတ်။ တရုတ်ဘုံကျောင်းကြီးလိုဟန်ပန်အပြည့်နဲ့။ မြန်မာမှုအနုလက်ရာတွေ ပြန်လည်ပြုပြင်ဖို့လည်းမဖြစ်နိုင်။ ကျောင်းကြီးရဲ့အမိုးကစပြီး လှေကားကြီးအဆုံး ဂျပန်ပုံစံဟန်နဲ့အခြေခံထားတည်ဆောက်ထားကြတာ။ ဘယ်လိုပြင်ဆောက်ဆောက် မြန်မာဟန်တော့ ထွက်လာမယ်မဟုတ်။ ကပြားပုံစံပဲ ထွက်လာမှာ။ ပြီးတော့ ရှေးဟောင်းအဆောက်အဦစာရင်းဝင်ပြီမို့ ပြင်ပပုံစံပြောင်းခွင့်လုံးဝ(လုံးဝ)မရှိတော့ပါ။ ဂျပန်အနုသူခုမလက်ရာပုံစံနှင့်သာ ရပ်တည်ရတော့မယ်။
ပွဲအကြောင်းပြန်ဆက်ရလျှင်တော့ မြောက်ဦးဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကြောင့် အနယ်နယ်အရပ်ရပ်က ဆင်းလာကြတဲ့မြန်မာတွေနဲ့ပြည့်လျှံသွားတဲ့ဆရာတော်မွေးနေ့ပါပဲ။ စားစရာလည်း အလျှံပါယ်။ အရင်လကျောင်းဖွင့်ပွဲက ဒိထက်လူပိုများသတဲ့။ အပူချိန်က (105F) မို့ လူတွေလည်း ပူလောင်ပြီး ပင်ပန်းကြသတဲ့။ ဒီနေ့တောင်(95F) အပူချိန်ရှိတယ်။ အတော်ပူတဲ့အညာနွေလိုအပူမျိုးမို့ အရိပ်အောက်က မထွက်ရဲ။
ကျောင်းရှေ့မှာ လေမှုတ်ဘူဘောင်းတွေနဲ့ သက်တန့်ကြီးလိုအလှဆင်ထားတယ်။ 59ဆိုတဲ့ဂဏန်းကြီးကပြူးပြဲလို့။ ကျောင်းရှေ့လှေခါးကြီးပေါ်မှ သကြားမင်းတွေနတ်မင်းတွေ နတ်သမီးတွေကရှေ့ထွက်။ ရခိုင်ရိုးရာအကနဲ့တီးဝိုင်းကနောက်။ သိမ်ထွက်လာတဲ့ဆရာတော်တွေအပါးသုံးဆယ်ကို သိမ်ဆင်းလောင်းကြတယ်။ သိမ်ဆင်းကိုတေးဂီတနဲ့လောင်းတာ ဒီတစ်ခါပဲကြုံဖူးပါတယ်။ ဆိုင်းနဲ့ဝိုင်းနဲ့ သိမ်ထွက်လာတဲ့ဆရာတော်တွေမှာလည်း ဒကာတွေရဲ့ ပူဇော်လိုမှုလွန်ကဲနေချက်ကို တားမရလို့သာ ခွင့်ပြုရပေမဲ့ စိတ်အိုက်နေကြပုံပဲ။ အလွန်အေးချမ်းလှတဲ့ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရကို အကာတွေဖုံးပြီးရင်းဖုံးနေတာ သတိထားမိတယ်။ မွေးနေ့ရှင် ဆရာတော်ကိုလည်း မွေးနေ့ကိတ်တွေ ခွဲခိုင်းကြတယ်။ ကမ္မဌာနနည်းပြ ဆရာတော်အတွက် စိတ်မသက်သာစရာ။ (ဒီစာဖတ်မိတဲ့ ဆရာတော်ရဲ့ဒကာတွေကတော့ မောင်လူပေကို မေတ္တာတွေပို့နေကြပြီထင်တယ်။ ) မွေးနေ့ရှင်ဆရာတော်ကတော့ ဒါန၊သီလ၊ဘာဝနာစုံအောင် ကြိုးစားအားထုတ်ဖို့ပဲ ဟောပြောသွားပါတယ်။
ပွဲတော်လာတွေထဲမှာ မူလဂျပန်ကျောင်းရဲ့ အမာခံပရိတ်သတ် ဂျပန်အဖိုးအဖွားအိုလေးငါးယောက်လည်းပါတယ်။ သူတို့တွေရဲ့ရင်ထဲမှာတော့ မည်သို့ရှိမည်မသိပါ။ ကျောင်းဘေးက မူလရှိခဲ့တဲ့ ဂျပန်ရိုးရာ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း မရှိတော့ပြီ။ သူတို့ကျောင်းကြီးလည်း သူများလက်ရောက်သွားခဲ့ပြီ။ အရာအားလုံးဟာ အနိစ္စ၊ မမြဲပါတကား။
" တို့ရွှေမြန်မာတွေလက်ထဲရောက်လာတဲ့ ဒီကျောင်းကြီးရော မည်မျှသက်တန်းအထိ တည်တံ့နိုင်မည်မသိနိုင်။ ယခုတို့တတွေသည်လည်း ဒီကျောင်းကြီးရဲ့မူလပိုင်ရှင် ဂျပန်တွေလို အမေရိကန်ရောက် ပထမမျိုးဆက်တွေပဲ။ တို့လည်း သူတို့နည်းတူပဲ ရိုးရာကိုချစ်ကြတယ်၊ ဘာသာကိုလေးစားကြတယ်။ ရှိတာလေးနဲ့ရောင့်ရဲပြီး စုဆောင်းလှူဒါန်းကြတယ်။ ကျောင်းထောင်ကြတယ်။
ဂျပန်အမေရိကန်တွေရဲ့ ဒုတိယမျိုးဆက်၊တတိယမျိုးဆက်တွေကတော့ ဂျပန်မျိုးဆက်အမည်သာရှိတော့တယ်၊ ရိုးရာတွေ ဘာသာတွေ သိပ်မလေးစားတော့။ တန်ဖိုးထားမှုနည်းလာတော့ တန်ဖိုးထားသူတွေလက်ကို လွှဲပြောင်းလိုက်ရပြီ။ တို့တွေရဲ့ ဒုတိယ၊ တတိယမျိုးဆက်တွေကြရင် အခုဂျပန်အိုကြီးတွေကြုံတွေ့ရသလို မြန်မာအိုကြီးတွေလည်း ကြုံတွေ့နိုင်တယ်။ မြန်မာအမေရိကန်ပထမမျိုးဆက်တွေက ဒုတိယမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်မှု အားနည်းလှတယ်။ အခုတောင် ပွဲကိုလာတဲ့ပရိတ်သတ်မှာ ကလေး၊ လူလတ်နဲ့လူကြီးတွေများတယ်။ လူငယ်သိပ်မရှိ။ အမေရိကန်မှာတည်ထောင်ထားတဲ့ မြန်မာကျောင်းတွေရဲ့ အနာဂတ်ကလည်း ရင်လေးစရာ။ ကျောင်းထောင်တဲ့ဆရာတော်တွေမရှိတော့တဲ့အခါ ကျောင်းထိုင်အသစ်ရရေး၊ ကျောင်းကို နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းရေးတို့အဆင်မပြေရင် မြန်မာကျောင်းတွေလည်း ဂျပန်ကျောင်းလို တခြားလူကို လက်လွှဲရမှာပဲ။" ... စသည်နဲ့ မောင်လူပေမှာ အတွေးတွေဖြာ။
ကျောင်းကအပြန်မှာ မနီးမဝေးမှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းလည်း ရောက်ခဲ့ပါတယ်။ ဧကနှစ်ဆယ်လောက်ကျယ်တဲ့ ခြံကြီးထဲမှာရှိတယ်။ ခြောက်ထပ်တိုက်အမြင့်လောက်ရှိတဲ့ ပေခြောက်ဆယ်ကျော်မြင့်တဲ့ကျောင်းကြီးမို့ အဝေးကမြင်နေရတယ်။ ပေခြောက်ဆယ်ကျော်မြင့်တဲ့ ဆောက်လက်စ ဓမ္မာရုံသစ်ကြီးပါ။ အစအဆုံး အသစ်ဆောက်နေတာမို့ ထိုင်းလက်ရာအနုစိတ်တွေနဲ့ တင့်တယ်လှပါတယ်။ အပြင်မွမ်းမံမှုတွေ ပြီးသလောက်ရှိနေပြီ။ အတွင်းမွမ်းမံမှုတွေပဲ ကျန်တော့တယ်။ ထိုင်းဘုန်းကြီးကျောင်းကြီးရဲ့ ထိုင်းလက်ရာအနုသုခုမတွေကိုလည်း ရင်သတ်ရှုမောဖြစ်ခဲ့ရတယ်။ ညီညွတ်လိုက်ကြတာ။ အသစ်ဆောက်မှ ကိုယ်လိုချင်တဲ့ထိုင်းလက်ရာရပေမပေါ့။ အစိုးရဆီမှာ လိုချင်တဲ့အမြင့်ပေ၊ ပုံစံတွေ တရားဝင်တင်ပြပြီး တရားဝင်ဆောက်နေတာပါ။ မီးကာကွယ်ရေး ရေပန်းတွေပါ အဆင့်ဆင့် တတ်ဆင်ထားတယ်။
" ဟုတ်တာပေါ့။ သူများစိတ်ကြိုက်ဆောက်ထားပြီးသားကို ကိုယ့်စိတ်ကြိုက် ပြင်ဖို့ မဖြစ်နိုင်။ မြန်မာ့ခြေဥကြီးလည်း ထိုနည်းတူ။ အရင်လူတွေက သူတို့စိတ်ကြိုက်ရေးခဲ့တာ။ လိုက်ပြင်နေရင် ကပြားခြေဥဖြစ်မှာပဲ။ အသစ်ရေးမှ ပြည်သူလိုအပ်ချက်နဲ့ကိုက်မယ်။" သည်လိုလည်းတွေးမိပြန်တယ်။
အဟောင်းနဲ့အသစ်၊ လိုချင်တာအသစ်၊ ရတာအဟောင်း၊ ကျောင်းတွေရဲ့အနာဂတ်၊ အတွေးစုံကိုတွေးနေမိတဲ့အတွက် အိမ်အပြန်ခရီးမှာ ခေါင်းတွေရှုပ်ကာ ပြန်ခဲ့ရပါကြောင်း။
မောင်လူပေရဲ့ အသစ်နဲ့အဟောင်း မြန်မာကျောင်းသစ်ဆီသို့ အက်ဆေးရှည်ဖတ်ပြီးနောက် မိတ်ဆွေ သူငယ်ချင်း စာဖတ်သူအပေါင်းလည်း အတွေးတစ်ခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှည်လျှားလှပေမဲ့ သည်းခံပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးပါ။
ချစ်တဲ့
မောင်လူပေ

ဆီနိတ်တာဂျွန်မက်ကိန်း ကွယ်လွန်
အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ။
အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းဟာ ဒီနေ့(25/08/18) စနေ ညနေပိုင်းမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ချိန်မှာ အသက်(၈၁)နှစ်ရှိပြီဖြစ်ပြီး မိန်းမနဲ့ကလေး ခုနှစ်ယောက်ကျန်ရစ်ပါတယ်။
ဆီနိတ်တာမက်ကိန်းဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိနှိပ်ခံမြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်အားပေးထောက်ခံခဲ့သူ တစ်ယောက်ဖြစ်လို့ မြန်မာပြည်သူများအတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ဆိုရင်မမှားပါ။
ဆီနိတ်တာမက်ကိန်းရဲ့အဖိုးနဲ့အဖေတို့ဟာ အမေရိကန်စစ်တပ်ရဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ် တွေဖြစ်ပြီး သူကိုယ်တိုင်ကလည်း အမေရိကန်လေတပ်မှာ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲအတွင်း သူ့လေယာဉ်ပစ်ချခံရတဲ့အတွက် ဗီယက်နမ်တွေလက်ထဲမှာ စစ်သုံ့ ပမ်းအဖြစ် ငါးနှစ်ခွဲခန့် နှိတ်စက်ညှင်းပမ်းခံခဲ့ရတယ်။ နှိတ်စက်ခံခဲ့ရမှုတွေကြောင့် ဘဝတစ်လျှောက်လုံးမှာ ခြေတစ်ဖက် သိသိသာသာ ဆာသွားခဲ့ရသလို သူ့လက်တွေကလည်း ပုခုံးကိုကျော်ပြီး မြှောက်လို့မရတော့။
စစ်သုံ့ ပန်းဘဝက လွတ်လာပြီးဆယ်နှစ်အကြာ ၁၉၈၂မှာ အမေရိကန်နိုင်ငံရေးလောကထဲရောက်လာခဲ့တယ်။ ကွန်ဂရက်အမတ်အဖြစ် လေးနှစ်တာတာဝန်ယူခဲ့ပြီး ဆီနိတ်တာအဖြစ် ငါးကြိမ်တိုင် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ မက်ကိန်းဟာ သူသေဆုံးချိန်အထိ နိုင်ငံရေးသမားဘဝကိုခံယူခဲ့တယ်။ အာရီဇိုးနားပြည်နယ်ရဲ့ဆီနိတ်တာဘဝနဲ့ အမေရိကန်ပြည်သူတွေကို နောက်ဆုံးအချီန်ထိ အလုပ်အကျွေးပြုခဲ့တယ်။
ဆီနိတ်တာမက်ကိန်းဟာ ဘဝအမြင်ရိုးရှင်းသလို တဖက်သားအပေါ်မှာလည်း ဖိနှိမ်လိုစိတ်မရှိ။ အမှန်ဖက်ကပဲအမြဲရပ်တည်ခဲ့တယ်။ သူနဲ့ အိုဘာမားတို့ရဲ့ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတစ်ခုအတွင်း သူ့ရဲ့ထောက်ခံသူအမျိုးသမီးက အိုဘားမားဟာ အာရပ်တစ်ဦးဖြစ်လို့ မကြိုက်နှစ်သက်ကြောင်း ပြောတဲ့အခါ သူက" အိုဘားမားဟာ အာရပ်မဟုတ်ကြောင်း၊ မိသားစုကိုချစ်တတ်တဲ့သူ၊ အမေရိကန်တစ်ဦးသာ ဖြစ်ကြောင်း၊ နိုင်ငံရေးခံယူချက်အမြင်တွေ မတူညီတာကလွဲရင် အိုဘားမားကို သူလေးစားကြောင်း" တွေ ပြောပြခဲ့တယ်။ ပြိုင်ဖက်ကို မနှိမ်ပဲ၊ မကောင်းတဲ့အချက်တွေနဲ့မတိုက်ခိုက်ပဲ ရိုးသားစွာပဲ ယှဉ်ပြိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ အိုဘားမားအနိုင်ရတဲ့အခါမှာလည်း အနိုင်ရသူအတွက် ဝမ်းသာစကားပြောကြားပြီး သူ့အရှုံးအတွက် လက်ခံခဲ့တယ်။
ဆီနိတ်တာမက်ကိန်းဟာ အမေရိကန်သမ္မတထရန့်နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိ။ ထရန့်ရဲ့ လဝကဥပဒေပြောင်းလည်းမဲ့ အကြံဉာဏ်တွေဟာ ရူးနှမ်းတဲ့လုပ်ရပ်တွေပဲလို့ တောက်လျှောက်ဝေဖန်ခဲ့သလို အမေရိကားသာပထမဆိုပြီး ကမ္ဘာ့ခေါင်းဆောင်ဘဝက နှုတ်ထွက်ဖို့ ကျိုးစားမှုတွေကိုလည်း မှားယွင်းကြောင်း ထောက်ပြခဲ့တယ်။ သူ့ကိုအနိုင်ယူခဲ့သူသမ္မတအိုဘားမားရေးဆွဲခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေကို ပယ်ဖျက်ဖို့ ဆီးနိတ်မှာ မဲခွဲကြတဲ့အခါမှာလည်း ဦးနောက်ကင်ဆာဖြစ်နေလို့ ဆေးကုသမှုခံယူနေရတဲ့ကြားက ဆီးနိတ်ကို ရောက်ရှိလာပြီး ကျမ်းမာရေးစောင့်ရှောက်မှုဥပဒေ အသစ်မရေးနိုင်သေးပဲ ရှိနေတဲ့ဥပဒေပယ်ဖျက်မှုကို လက်မခံကြောင်း၊ သူဆန့်ကျင်ကြောင်း မဲပေးခဲ့လို့ အိုဘားမားကဲကို ဖျက်သိမ်းဖို့ သမ္မတထရန့်ရဲ့ ကျိုးစားမှုတွေအရာမထင်ခဲ့။
သူဟာ သူ့ဘဝတစ်လျှောက် ရိုးသားစွာရပ်တည်ခဲ့သလို ခံယူချက်တွေကလည်း မှန်ကန်ခဲ့လို့ ဒီမိုကရက်အမတ်တွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့တဲ့ ရှားရှားပါးပါး ရီဗာဗလစ်ကင်ဆီနိတ်တာတစ်ဦးဆိုလည်း မမှားပါဘူး။ ပါတီအရေးထက် အမေရိကန်ပြည်သူတွေရဲ့အရေးကိုသာ အမြဲဦးစားပေးဆုံးဖြတ်ခဲ့သူ၊ ဘဝကို ရိုးရှင်းစွာမြင်တတ်သူ ဆီနိတ်တာမက်ကိန်းဟာ သူရဲ့နောက်ဆုံးအချိန်တွေမှာ ဦးနှောက်ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်ရင်း ကွယ်လွန်ခဲ့ပါပြီ။
သူကွယ်လွန်မှုဟာ အမေရိကန်ပြည်သူတွေအတွက်သာမကပဲ ကမ္ဘာပေါ်က ဖိနှိပ်ခံပြည်သူအားလုံးအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါကြောင်း။

မြန်မာ့မူးယစ်ရာဇာ(၃)
မြန်မာ့ မူးယစ်ရာဇာ(၃)
မြန်မာပြည်၏ မူးယစ်ရာဇာများစာရင်းတွင် အမှတ်စဉ်(၃)အဖြစ် မှတ်တမ်းဝင်သူက ဝပြည်တပ်မတော်၏ စစ်ရေးတာဝန်ခံ ဒုတိယတပ်ချုပ်ကြီး ဝေရှောက်ခမ်း ဖြစ်သည်။
ရှမ်းပြည်နယ်ထဲရှိ ဝတိုင်းရင်းသားတို့နေထိုင်ရာ ဝဒေသကား တောတောင်ထူထပ်လှသဖြင့် နိုင်ငံတော်အစိုးရ၏ ချုပ်ကိုင်မှုအောက်တွင် မရှိခဲ့။ ဗကပတို့၏ ထိန်းချုပ်မှုအောက်တွင် ၁၉၈၉အထိရှိခဲ့ပြီး ဗကပမှ ခွဲထွက်ခဲ့သည့် ဝပြည်တပ်မတော်ထိမ်းချုပ်မှုအောက်တွင် ယခုတိုင် တည်ရှိနေသည်။ UWSA ခေါ် ဝပြည်တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့သည့် ခေါင်းဆောင်များထဲတွင် ဦးဝေရှောက်ခမ်းလည်း ပါဝင်သည်။ ဝတပ်မတော်၏ အမြဲတန်း တပ်သားအင်အားမှာ သုံးသောင်းခန့်ရှိပြီး လိုအပ်ပါက အရံတပ်များပါ အားဖြည့်လျှင် ငါးသောင်းခန့်အထိ ရှိသည်ဟု ဆိုသည်။
(ဝပြည်တပ်မတော် UWSA ၏ ဥက္ကဌကြီးနှင့် တပ်ချုပ်ကြီး ဦးပေါက်ယူချမ်းသည်လည်း ဒေသအခြေအနေကြောင့် မူးယစ်ရာဇာဖြစ်ခဲ့၏။ မူးယစ်ငွေကြေးတို့ဖြင့် တပ်ကိုတည်ထောင်ခဲ့ကြရ၏။ သို့သော် ၂၀၀၅မှစ၍ ဝပြည်နယ်ကို မူးယစ်ကင်းစင်ဒေသကြေညာ၍ စီးပွားရေးလုပ်ငန်းများတည်ထောင်ကာ ဦးစီးနေသည်။ အနည်းငယ်မျှသော ဘိန်းစိုက်တောင်သူတွေ ရှိသေးသော်လည်း အများအားဖြင့် ကင်းစင်ပြီဟု ဆိုသည်။)
ဦးဝေရှောက်ခမ်းသည် ဘိန်းဘုရင်ကြီး ဦးခွန်ဆာဦးစီးသည့် မော်ထိုင်းအာမီတပ်မှ တပ်မှူးတစ်ဦးဖြစ်ခဲ့ပြီး UWSA တည်ထောင်ပြီး၍ မော်ထိုင်းအာမီမှ ထွက်ခဲ့သည့်တိုင် ကောင်းမွန်သော ဆက်သွယ်ရေးတွေ ရှိခဲ့ကြ၏။ ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဖြန့်ချီရာ အင်ပါယာကြီးတွင် ကိုယ့်ဒေသနှင့်ကိုယ် ဦးစီးကြရာ၌ ဒေသခေါင်းဆောင်ဖြစ်သော ဝေရှောက်ခမ်းသည်လည်း ကမ္ဘာကျော်တစ်ယောက်ပါ။ သူ့အားဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူအား အမေရိကန်မူးယစ်အထူးဌာနမှ ဆုငွေဒေါ်လာ နှစ်သန်းပေးမည်ဟု ကြေညာခံခဲ့ရသည်။
ဦးဝေရှောက်ခမ်း၏ ဝပြည်တပ်မတော်သည် မူးယစ်ဆေး ဖြန့်ချီရေး လမ်းကြောင်းများ ထိမ်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ရှမ်းတပ်နှင့်တိုက်ပွဲဖြစ်ကာ ရှမ်းတပ်ထိမ်းချုပ်နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ဝပြည်တပ်မတော်(တောင်ပိုင်းဒေသ)အမည်ဖြင့် အခြေချခဲ့သည်မှာ ယနေ့အထိ။
မြန်မာ့တပ်မတော်၏ အစီအစဉ်ဖြင့် ဗကပမှ ခွဲထွက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်တစ်လျှောက် ဝပြည်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ရာ ဝတပ်၏ဒုချုပ်ကြီးဝေရှောက်ခမ်းသည် ရှမ်းပြည်မြို့တော် လားရှိုးအထိ ဆက်ဆံရေးရုံးဖွင့်နိုင်ပြီး ဝဒေသမြို့တော်ပန်ဆမ်းတွင် အေးချမ်းစွာ နေထိုင်ခဲ့သည်။
ဦးဝေရှောက်ခမ်းသည် မြန်မာ့တပ်မတော်နှင့် အပစ်ရပ်သဘောတူပြီးနောက် ၁၉၉၈တွင် ဟုန်ပန်းစီးပွားရေးအုပ်စုကြီးတည်ထောင်၍ များစွာသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည်။ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျောက်မျက်၊ သတ္ထု၊ ရေနံ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေသန့်၊ ရှော့ပင်စင်တာ စသည့် လုပ်ငန်းမျိုးစုံမှာ မူးယစ်ဝင်ငွေတို့၏ အသီးအပွင့်များပင်။
ယခင်က မူးယစ်ဝင်ငွေများကို နိုင်ငံခြားဘဏ်များတွင် ထားရှိခဲ့ရာမှ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့မှုများကြောင့် ထိုငွေများသည် ပြည်တွင်းသို့ ပြန်လည်စီးဆင်းဝင်ရောက်လာခြင်းဖြစ်၏။
ဦးဝေရှောက်ခမ်းပိုင်ဆိုင်သော ကုမ္ပဏီကြီးငါးခုက ဖားကန့်ကျောက်စိမ်းလုပ်ကွက်များစွာကိုလည်း ရရှိထားသည်။ ဖားကန်းမှ ထွက်သမျှကျောက်စိမ်းတို့၏ လေးပုံသုံးပုံခန့်ကလည်း တရုတ်ပြည်သို့ မှောင်ခိုလမ်းကြောင်းမျိုးစုံဖြင့် ရောက်ရှိသွားကြ၏။ ကျောက်စိမ်းလုပ်ကွက်များစွာကို မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးများနှင့်ပူးပေါင်း၍ အကျိုးတူ ဖေါ်ဆောင်နေသော အေးရှားဝေါအပါအဝင် မူးယစ်ကုမ္ပဏီကြီးများသာ အကျိုးအမြတ်များစွာ ခံစားခဲ့ရသည်။ ပြည်သူများအတွက်တော့ ကျောက်မြေစာပုံများပြိုကျသဖြင့် ရေမဆေးကျောက်ရှာသူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရခြင်း၊ မူးယစ်သားကောင်တွေ ဖြစ်ကြရခြင်းသာ အမြတ်ရှိသည်။
ပန်ဆမ်းတွင် ၂၀၀၉၌ မီးအကြီးအကျယ်လောင်ကာ အကြီးဆုံးဓါတ်ဆီဆိုင်ကြီးနှင့် ကျွန်းသစ်တန်ပေါင်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ရာ အားလုံးမှာ ဦးဝေရှောက်ခမ်းပိုင်သည်ဟု ဆိုကြသည်။
အမေရိကန်၏ ဆုငွေဒေါ်လာနှစ်သန်း ထုတ်ခံရပြီးနောက်တွင် ဝပြည်တပ်မတော်စစ်ရေးတာဝန်ခံကြီး ဦးဝေရှောက်ခမ်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး ပုန်းလျှိုးနေထိုင်လျှက်ရှိသည်။ ဝပြည်တပ်မတော်ထိမ်းချုပ်ဒေသတွင် အေးချမ်းစွာနေထိုင်နေသည်။ သူပိုင်ဆိုင်သော စီးပွားရေးအင်ပါယာကြီးကိုလည်း ယုံကြည်စိတ်ချရသော တပည့်များနှင့် လွဲကာ နောက်ကွယ်မှ ဆက်လက်ဦးစီးနေသည်ဟု ယူဆကြသည်။

မြန်မာ့မူးယစ်ရာဇာ(၂)
မြန်မာ့ မူးယစ်ရာဇာ(၂)
မြန်မာပြည်ရဲ့ နာမည်ကျော် မူးယစ်ရာဇာတွေထဲမှာ ဘိန်းဘုရင်ဟု နာမည်ကျော်သူတစ်ယောက်ရှိသေး၏။ ဦးခွန်ဆာဟုခေါ်သည်။
ဦးခွန်ဆာက တရုတ်၊ ရှမ်းကပြား။ တရုတ်နာမည်က ဇောင်စီဖူးဟု အမည်ရသည်။ လွယ်မိန်းဇာတိ။ အသက်(၁၆)နှစ်ထဲက နယ်မြေခံ သူပုန်တပ်ထောင်ခဲ့သူ။ ထိုမှစ၍ လားရှိုးအနီးမှ ကာကွယ်ရေးတပ်အမည်ရ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာသူ။ သူ့နယ်ရှိ ဗကပများနှင့် ရှမ်းသူပုန်တွေကို တိုက်ဖို့ အကြောင်းပြ၍ အစိုးရတပ်မတော်နှင့် ပူးပေါင်းသည်။ အစိုးရနောက်ခံဖြင့် ဘိန်းကုန်ကူးသည်။ ကိုးကန့်ခေါင်းဆောင် ဘိန်းဘုရင်လော်စစ်ဟန် အဖမ်းခံရပြီးနောက်မှာတော့ သူက ထိပ်တန်း ဘိန်းဘုရင်ကြီး ဖြစ်လာခဲ့သည်။
ကူမင်တန်တရုပ်ဖြူတပ်နှင့် လာအိုစစ်တပ်တို့ကလည်း ရွှေတြိဂံဒေသတွင် မူးယစ်ကုန်ကူးကြတော့ ဦးခွန်ဆာ၏ တပ်နှင့် မကြာခဏ တိုက်ကြရသည်။ သူရှုံးသည့်အခါလည်း ရှိ၏။ ဒီလိုနှင့် နယ်ခံစစ်ဘုရင်တစ်ဦးဖြစ်သူ ဦးခွန်ဆာနှင့် ရှမ်းပြည်တပ်မတော်တို့ ပူးပေါင်းဖို့ ဖြစ်လာခဲ့သည်။ ဒီတော့ မြန်မာ့တပ်မတော်က သူပုန်နှင့်ဆက်သွယ်မှုဖြင့် ၁၉၆၉တွင် သူ့ကိုဖမ်းဆီးတော့၏။ ( ဘိန်းကုန်ကူး၍ အဖမ်းခံရခြင်းမဟုတ်။) သူ့ကို မန်းလေးထောင်တွင် ခေတ္တထိမ်းသိမ်းထားခဲ့သည်။ ၁၉၇၃တွင် ဆိုဗီယက်မှဆရာဝန်နှစ်ဦး တောင်ကြီးတွင် ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူ သူပုန်များက ခွန်ဆာကို လွှတ်ပေးရန် တောင်းဆိုသဖြင့် အစိုးရက ၁၉၇၄တွင် သူ့ကို လျှို့ဝှက်စွာ လွှတ်ပေးခဲ့သည်။
ထိုအချိန်၁၉၇၄မှစ၍ ၁၉၉၄ခုနှစ်အထိ အနှစ်နှစ်ဆယ်တိုင်အောင် ရွှေတြိဂံဒေသ၏ ဘိန်းထွက်ကုန်စုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကို ထိန်းချုပ်ခဲ့သူလည်း ဖြစ်၏။ သူ့ဝင်ငွေမှာ ၁၉၉၀ပတ်ဝန်းကျင်က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း(၆၀၀)ကျော် ရှိသည်ဟူ၏။ ထိုဝင်ငွေများဖြင့် သူ့တပ်ဖြစ်သော မော်ထိုင်းအာမီမှာလည်း လက်နက်ကိုင်တပ်သား နှစ်သောင်းကျော်ထိ တိုးပွားခဲ့သည်။ မြန်မာ့တပ်မတော်ထက် ကောင်းမွန်သော ခေတ်မှီသော လက်နက်ခဲယမ်းများကိုပါ တပ်ဆင်ပေးထားနိုင်ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်လာသော ဝပြည်တပ်မတော်၏ ထိုးစစ်၊ အမေရိကန်ဖိအားကြောင့် ထိုင်းနှင့်လာအိုရှိ သူ၏ အဆက်အသွယ်များ အဖမ်းခံရပြီး အဆက်အသွယ် ဖြတ်တောက်ခံရမှု၊ လွတ်လပ်သော ရှမ်းပြည်၏ သမ္မတအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့မှုကို ရှမ်းပြည်သူလူထု၏ ထောက်ခံခြင်း မရခဲ့မှု၊ သူကမ်းလှမ်းသော နှစ်စဉ်ထောက်ပံ့ပေးရန် ငွေကြေးများကို အမေရိကန်နှင့် သြစတြေးလျှ အစိုးရတို့မှ ငြင်းပယ်ခံရမှုတို့ကြောင့် သူနှင့် မော်ထိုင်းအာမီမှ တပ်ဖွဲ့ဝင်များ အများစုက မြန်မာ့တပ်မတော်ထံ ၁၉၉၆တွင် လက်နက်ချခဲ့ရသည်။ ဗိုလ်မှူးကြီးရွက်ဆစ်ဦးဆောင်သော သူ့တပ်မှ တပ်ဖွဲ့ဝင်အချို့ကတော့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)အမည်ဖြင့် တောတွင်းမှာကျန်ရစ်ခဲ့သည်။ (အခုတော့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်အဖွဲ့ပေါ့)
ဦးခွန်ဆာ၏ မော်ထိုင်းတပ်မတော်ကြီး လက်နက်ချပြီးနောက်တွင်မှ မြန်မာပြည်သည် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် ပထမနေရာမှ ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ပထမနေရာကို အာဖကန်နစ္စတန်က ယူသွားခြင်းဖြစ်၏။ ယခုတိုင် မြန်မာပြည်က ဒုတိယနေရာမှာ ရှိနေပါသေးသည်။ မကောင်းမှုဖြင့် ကမ္ဘာမှာ နာမည်ကြီးခြင်းထဲမှ တစ်ခုပေါ့။
ဦးခွန်ဆာ၏ ကမ္ဘာကျော်မှုကလည်း မသေးလှ။ အမေရိကန်အစိုးရမှ ဘိန်းဘုရင်ဦးခွန်ဆာကို ဖမ်းဆီးနိုင်ရန် သတင်းပေးပါက ဆုငွေဒေါ်လာနှစ်သန်းပေးမည်ဟု ကြေညာခံခဲ့ရသူလည်း ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၏ “ ဦးခွန်ဆာဟာ ကမ္ဘာ့လူသားထုအတွက် အဆိုးဆုံးရန်သူတစ်ယောက်ပါပဲ။" ဟုလည်း ပြောဆိုခံခဲ့ရဖူး၏။
ဘိန်းဘုရင်ကြီး ဦးခွန်ဆာကလည်း သူပိုင်ဆိုင်သော ဒေါ်လာငွေ တစ်ဘီလီယံနီးပါးမျှကို တပ်မတော်အစိုးရ အသက်ဆက်နိုင်ရေးအတွက် ပြန်လည်ကူညီခဲ့ပါ၏။ တိုင်းပြည်တွင်းရှိ အိမ်ခြံမြေများ ဈေးခေါင်ခိုက်အောင် တက်လာခဲ့ခြင်း၏ အဓိက ကျေးဇူးရှင်ကို ပြပါဆိုလျှင်လည်း သူပါပဲ။ ရန်ကုန်မန်းလေး အမြန်လမ်းကြီး ဖေါက်လုပ်နိုင်ရေးအတွက် နောက်ကွယ်က ထောက်ပံ့သူဟုလည်း ဆိုကြသည်။ လွယ်မိန်းကုမ္ပဏီအုပ်စုကြီးသည်လည်း မူးယစ်ငွေများ၏ အသီးအပွင့်များပါပင်။
ဦးခွန်ဆာက မြန်မာပြည်၏ ဆောက်လုပ်ရေးလောကကို တခေတ်ဆန်းစေခဲ့သလို ပတ္တမြားမြေဖြစ်သော မိုးကုတ်၊ မိုင်းရှူးတို့တွင်လည်း သူပိုင်ကုမ္ပဏီက ကျောက်တူးဖေါ်ခွင့် အများအပြားရရှိခဲ့သူ ဖြစ်ပါ၏။ အကျိုးအမြတ်တို့ကို ဗိုလ်ချုပ်ကြီးများနှင့် အကျိုးတူ ခံစားခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သော်လည်း ဘိန်းဘုရင်ဘဝမှ အနားယူပြီးထဲက ထင်ပေါ်စွာ မနေခဲ့တော့။
အမေရိကန်တို့၏ ဆုကြေးငွေထုတ်ခံရသည်အထိ နာမည်ကျော်ခဲ့သည့် ရာဇဝတ်သားကြီး ဖြစ်ခဲ့သော ဘိန်းဘုရင်ကြီးဦးခွန်ဆာသည်လည်း အကျိုးစီးပွားခြင်း ထပ်တူကြနေသော မြန်မာ့တပ်မတော်၏ စောင့်ရှောက်မှုအောက်တွင် အေးချမ်းစွာနေထိုင်ရင်း ၂၀၀၇ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

မြန်မာ့မူးယစ်ရာဇာ(၁)
မြန်မာ့ မူးယစ်ရာဇာ(၁)
ဟုတ်ကဲ့။ မူးယစ်ရာဇာပါ။ မူးယစ်ဆေးများ၏ ဘုရင်ပေါ့။ မူးရင် ရစ်တဲ့ မူးရစ်ရာဇာမဟုတ်။
မူးယစ်ရာဇာတွေက အများသား။ သူ့ခေတ်နှင့်သူ မူးယစ်ဆေးကလည်း မျိုးစုံ။ ကျွန်တော်တို့ခပ်ငယ်ငယ်ကတော့ နံပါတ်ဖိုးခေါ် ဘိန်းဖြူခေတ်။ အတော်ငွေကြေးပြည့်စုံသူမှ အနားကပ်လို့ရတဲ့ မူးယစ်ဆေး။ ဈေးကြီးသဖြင့် သာမန်လူတန်းစား မတတ်နိုင်။ နာမည်ကျော် အနုပညာရှင်တွေအများကြီး ဘိန်းဖြူသားကောင်ဖြစ်ခဲ့ကြသည်။ တစ်ချို့လည်း အဖမ်းခံရလို့ ထောင်ထဲရောက်။
ကမ္ဘာကျော် မူးယစ်ရာဇာကြီးတွေ ရှိခဲ့သည်။ ကိုလံဘီယာမှ ပါဘလို အက်စ်ကိုဘာတို့ဆိုရင် သူ့ခေတ်က ဒေါ်လာဘီလီယံပေါင်း သုံးဆယ်ကျော်အထိ ချမ်းသာခဲ့သည်။ ယခုခေတ်ဒေါ်လာနှင့်ဆိုလျှင် (၅၆)ဘီလီယံမျှရှိသည်။ ထောင်ထဲရောက်နေတဲ့ မူးယစ်ရာဇာကြီး အယ်လ်ချာပို ဆိုလည်း တစ်နှစ်ဝင်ငွေ တစ်ဘီလီယံရှိသည်တဲ့။
မြန်မာပြည်က မူးယစ်ရာဇာတွေလည်း မခေ။ မူးယစ်ရာဇာတို့၏ ထုံးစံအတိုင်း တောတွင်းလက်နက်ကိုင်တွေ။ မြန်မာ့မူးယစ်ရာဇာတို့၏ နံပါတ်ဝမ်းကြီးဖြစ်သော ဘိန်းဘုရင်လော်စစ်ဟန်ဆိုတာလည်း ကမ္ဘာကျော်ပဲ။ သူကကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့ ဟု အမည်ရသည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်။ ရှမ်းပြည်ကိုအခြေစိုက်နေတဲ့ ဗကပများကို တိုက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက သူနှင့် မဟာမိတ်ပြုခဲ့ရာမှ မြန်မာ့တပ်မတော်နှင့် ရင်းနှီးခဲ့သည်။
ရှမ်းပြည်နယ် ရွှေတြိဂံဒေသဆိုတာ ဘိန်းထွက်တဲ့ နေရာ။ သူ့တပ်တွေရပ်တည်ရေးအတွက် ဘိန်းကုန်ကူးသည်။ သူအဓိက ပို့ချင်တာက အနောက်နိုင်ငံများ။ ဒီတော့ ထိုင်းကိုဖြတ်ပြီး ပို့ရသည်။ ၁၉၆၃မှ ၁၉၇၃အထိ ဆယ်နှစ်အတွင်း ဘိန်းဖြူ တန်နှစ်ဆယ်ကျော်မျှ ပို့ခဲ့သည်။နယ်မြေခံအစိုးရစစ်တပ်မှ တပ်မှူးကြီးများကို ဆက်ကြေးပေးပြီး ဖြတ်သန်း၊ ပြည်တွင်း ပြည်ပ ဖြန့်ဖြူး။
သူဘိန်းဘုရင်လုပ်ခဲ့ရတာ သွားလာရေးခက်ခဲလှသော တောင်ပေါ်ဒေသမှ ကိုးကန့်ပြည်သူများအတွက်ဟု ဆိုသည်။ ဆင်းရဲလှသောနယ်သားများ၏ ထွက်ကုန်များကို ရောင်းချနိုင်အောင် ကူညီပေးခဲ့သည်ဟု ဂုဏ်ယူခဲ့သည်တဲ့။ အမေရိကန်အစိုးရက ဖိအားပေးတော့ ထိုင်းရဲက သူ့ကိုဖမ်းပြီး မြန်မာအစိုးရလက်ကို ၁၉၇၃မှာ အပ်ခဲ့သည်။
သူ့ကိုဖမ်းပြီး အမှုစစ်တော့ မြန်မာ့တပ်မတော်ကို ပေးကမ်းခဲ့ရသမျှ ဘူးပေါ်သလိုပေါ်တော့ တပ်မှူးကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကြသည်။ ပထမပိုင်းမှာ သတင်းစာက အမှုအကြောင်း ဖေါ်ပြခဲ့သော်လည်း မြန်မာ့တပ်မတော်မှ တပ်မှူးများ ပတ်သက်နေ၍ နောက်ပိုင်းတွင် သတင်းစာမှာ မထည့်တော့။ သေဒါဏ်ကျခံစေအမိန့်ချခဲ့သည်။ သို့သော် တပ်မတော်နှင့် မကင်းရာမကင်းကြောင်းလည်းဖြစ်၊ဗကပကို ဆန့်ကျင်သူလည်းဖြစ်၊ တိုင်းရင်းသားတပ်တစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်နေလေတော့ ၁၉၈၀လောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့သည်။
၁၉၈၈ အရေးတော်ပုံကြီးအပြီး ၁၉၈၉ မှာ ဗကပပြိုကွဲဖို့ သူက အများကြီး ကူညီခဲ့သူပါပဲ။ ကိုးကန့်ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမို့ သြဇာရှိလေတော့ လက်ရှိကိုးကန့်တပ်၏ခေါင်းဆောင် ဦးဖုန်ကျားရှင်ကို နားချပြီး ဗကပမှခွဲထွက်စေသည်။ ဝခေါင်းဆောင် ဘိန်းဘုရင်တွေကလည်း သူ့အကူအညီနှင့်ပင် ဗကပနှင့်ခွဲထွက်ကာ တပ်မတော်နှင့် ပူးပေါင်းကြသည်။ ဒီလိုဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ကြီးက ကြားဝင် စေ့စပ်ပေးခဲ့သည်တဲ့။
မြန်မာ့တပ်မတော်နှင့် ဘိန်းဘုရင်ကြီး ဦးလော်စစ်ဟန်တို့၏ ပတ်သက်မှုက အကြီးကြီး။ သူ့အကူအညီတွေက ဤမျှသာမဟုတ်။ အာဏာသိမ်းစ ငွေကြေးအခက်တွေ့နေသော စစ်ခေါင်းဆောင်တွေအတွက်လည်း သူပိုင်သောငွေများနှင့် ကူညီခဲ့သည်။ ကြီးမားသော ရင်းနှီးမြှုတ်နှံမှုတွေ လုပ်ခဲ့သည်။ ၁၉၉၀မှာ ထင်ပေါ်လာတဲ့ "အေးရှားဝေါ" ကုမ္ပဏီကြီးက သူ၏ အင်ပါယာကြီးပါပဲ။ ဘိန်းမှရသောငွေများကို တိုင်းပြည်တိုးတက်ရေးအတွက် ကူညီခဲ့သည့် သူ့ကျေးဇူးတွေကို မြန်မာ့တပ်မတော်ကြီးကလည်း မမေ့ခဲ့ပါ။ အခမ်းအနားကြီးတွေမှာ သူ့ကိုဖိတ်ခေါ်ဂုဏ်ပြုခဲ့ပါသည်။ သူကလည်း ဗိုလ်ချုပ်ကြီးတွေကို စီးပွားရေးအကြံဉာဏ်တွေ အများကြီး ပေးကာကူညီခဲ့သည်။
ဒီလိုနှင့်ပင် အမေရိကန်အစိုးရ၏ FBI Most wanted list တွင် နံပါတ်လေးနေရာအထိ ဖေါ်ပြခံခဲ့ရဖူးသော၊ အပြည်ပြည်ဆိုင်ရာမှ အထူး ဖမ်းဆီးလိုလှသော မြန်မာ့ဘိန်းဘုရင်ကြီးမှာ မြန်မာ့တပ်မတော်နှင့် အကျိုးစီးပွားခြင်းထပ်တူညီမှုကြောင့် ဘေးမသီ ရန်မခပဲ အေးချမ်းစွာ နေထိုင်နိုင်ခဲ့သည်။ ၂၀၁၃ရောက်မှ လူကြီးရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။

နောက်ဆုံးခရီးတွေ အေးချမ်းစေဖို့
နောက်ဆုံးခရီးတွေ အေးချမ်းစွာ ထွက်ခွာနိုင်စေဖို့
ဤခရီး နီးသလား။ ဟုတ်ကဲ့ နီးပါတယ်။ မွေးလာထဲက ဒီခရီးဆီကို ချီတက်နေကြတာ။ တစ်နေ့မှာတော့ ဒီခရီးကို သွားရမှာ။
ဒီခရီးကို နောက်ဆုံးခရီးလို့လည်း ဆိုကြတယ်။ ကိုယ်တိုင်သွားနိုင်မဲ့ ခရီးတော့မဟုတ်။ သူတစ်ပါးက ပို့ပေးမှ ရောက်ရမှာ။ ချစ်သူခင်သူတွေက ပို့ဆောင်ပေးကြလိမ့်မယ်။
မွေးရပ်မြေ ရွှေပြည်ကြီးက နောက်ဆုံးခရီးတွေရော၊ အခုခေတ္တရောက်ရှိနေရာနိုင်ငံက နောက်ဆုံးခရီးတွေရော အတော်များများကို လိုက်ပါပို့ဆောင်ခဲ့ဖူးတယ်။ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံရဲ့ နောက်ဆုံးခရီးတွေကို စိတ်မကောင်းခြင်းများစွာနဲ့ လိုက်ပို့ခဲ့ရတယ်။ ကာယကံရှင်တွေရဲ့ ရင်ထဲမှာတော့ ဘယ်လိုပူလောင်နေရှာမယ်ဆိုတာ ပြောပြစရာ လိုမယ်မထင်။
နောက်ဆုံးခရီးကို ထွက်ခွာရသူအတွက်ကတော့ ဘာမျှမသိနိုင်တော့ပြီမို့ ထားတော့။ ကျန်ရစ်သူ အပူသည်တွေအတွက် အေးချမ်းတဲ့ ပို့ဆောင်မှုလေးဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ပူလောင်နေသူကို နှစ်သိမ့်မှုပေးရင်း အေးချမ်းစွာပို့ဆောင်နိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။
အထူးသဖြင့်တော့ ရွှေပြည်ကြီးက နာမည်ကြီးတွေရဲ့ နောက်ဆုံးခရီးတချို့ကို တွေ့ရတာ စိတ်မကောင်းစရာပါ။ စီစဉ်သူတွေဖက်က အားနည်းမှုတွေရှိနိုင်သလို ဒီခရီးကို လာရောက်ကြတဲ့ ချစ်ခင်သူလူအပေါင်းရဲ့ စည်းကမ်းမဲ့စွာ တိုးဝှေ့နေမှုတွေကလည်း နောက်ဆုံးခရီးကို အတော်အနှောက်အယှက်ရှိနေတာ တွေ့မိတယ်။ အော်ဟစ်ဆူပူ တိုးဝှေ့ဆဲဆို နေကြတဲ့ နောက်ဆုံးခရီးတချို့ကို တွေ့ရတာ စိတ်မကောင်းဖြစ်မိတယ်။
ဒီလိုဖြစ်တာ လူမျိုးစရိုက်ကြောင့်လို့ လူမျိုးကို နှိမ့်ချအပြစ်တင်တာကိုတော့ မကြိုက်လှ။ ဒီလူမျိုးက ကမ္ဘာမှာ အလွန်ယဉ်ကျေးတဲ့လူမျိုးဟု နာမည်ကြီးခဲ့သူတွေပဲ။ ဘာလို့ မထိမ်းနိုင်ကြတာလဲ။ အသုဘရှုအခမ်းအနားမှာ လုယက်တိုးဝှေ့ဖြစ်နေကြတာ စရိုက်နဲ့တော့မဆိုင်။ ကိုယ်ချစ်ခင်သူရဲ့နောက်ဆုံးခရီးမှာ နောက်ဆုံးအချိန်လေးကို မြင်ချင်လွန်းလို့ တိုးဝှေ့နေကြခြင်းပါ။
အနုပညာရှင်နာမည်ကြီးတွေ၊ ပြည်သူချစ်တဲ့ သူတွေရဲ့ နောက်ဆုံးခရီးတွေမှာ တိုးဝှေ့လုယက် ဆူညံအော်ဟစ်နေကြတဲ့ မြင်ကွင်းကို နိုင်ငံခြားသားတစ်ယောက်သာမြင်ခဲ့ရင် ဘယ်လို ထင်မြင်ယူဆသွားမလဲဆိုတာတော့ မပြောတတ်။
ဒီတော့ သူတို့တွေရဲ့ နောက်ဆုံးခရီးကို အေးချမ်းစွာထွက်ခွာနိုင်စေရေးအတွက် အစီအစဉ်တွေထဲမှာ အနည်းငယ် ပြောင်းလည်းလိုက်ရင် ပိုပြီး အဆင်ပြေသွားမယ်လို့ ရိုးသားစွာ ထင်မြင်မိတယ်။
နောက်ဆုံးခရီး အခမ်းအနားမှာ viewing လို့ခေါ်တဲ့ အသုဘရှုချိန်လေး တိုးပေးလိုက်ရင် ပိုအဆင်ပြေမှာပဲ။ နာမည်ကြီးတွေကို ချစ်ခင်ကြသူတွေ အဲဒီအချိန်မှာ ကြည့်ခွင့်ရမယ်။ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်ကြသူတွေကလည်း နိုင်ငံကြီးသားပီသစွာ တန်းစီကြပြီး ငြိမ်သက်ခြင်း၊ စိတ်မကောင်းခြင်းတို့နဲ့ ကူညီပေးကြဖို့ရင် ပိုအဆင်ပြေမယ်။ အသံဆူညံအော်ဟစ် ငိုယိုတတ်သူတွေကိုလည်း အားပေးနှိမ့်သိမ့်မှုတွေနဲ့ ဖေးမပေးကြဖို့ ပိုပြီးလိုအပ်မယ်။ သတင်းထောက်တွေ၊ ဓါတ်ပုံရိုက်လိုသူတွေအတွက် အဲဒီအချိန်မှာ ရိုက်ကြပါစေ။
Viewing ပြီးရင်တော့ ကာယကံရှင်ရဲ့ ဆွေမျိုးများနဲ့ ရင်းနှီးသူများနဲ့သာ လုပ်ဆောင်ရန်ကျန်ရှိတာတွေ ဆက်လက်လုပ်စေသင့်တယ်။ ကာယကံရှင်တွေ ဖိတ်ခေါ်ထားသူများမဟုတ်ရင် ခန်းမထဲက ထွက်ပေးခြင်းဖြင့် ကူညီရာလည်းရောက်မယ်။ အဲဒီလို မလုပ်နိုင်တော့ ခန်းမထဲက လူအုပ်ကြီးကို အော်ဟစ်ဖယ်ရှားခိုင်းနေရတာကလည်း အမြင်မတော်လှပါ။
ကျွန်တော်ခေတ္တနေထိုင်ရာဒေသမှာ ဒီလိုဆယ်လီတွေရဲ့ နောက်ဆုံးခရီးက ပို့ချင်သလို ပို့လို့မရ။ Public viewing အချိန်ပဲ တန်းစီပြီး ငြိမ်သက်စွာ ကြည့်လို့ရမယ်။ ဂုဏ်ပြုလို့ရမယ်။ နောက်ဆုံးခရီးပို့ချင်ရင်တော့ လမ်းမှာတန်းစီပြီးစောင့်။ ကိုယ့်ရှေ့က ဖြတ်သွားတဲ့အချိန် အရိုအသေပေး။ ဒီလောက်ပဲရတယ်။ နောက်ဆုံးခရီးကို သက်ဆိုင်သူတွေသာ ပို့ဆောင်ခွင့်ရှိတယ်။ အဲဒါလေးနဲ့ယှဉ်ပြီး တွေးမိတာမို့ ဒီစာလေးရေးမိပါတယ်။ လွန်တာရှိ ဝန္တာမိပါဗျာ။

နာတာရှည်မဲ့ ငွေဈေးကြခြင်းရောဂါ
နာတာရှည်မဲ့ ငွေဈေးကျခြင်းရောဂါ
မနက်က သတင်းမှာတွေ့မိတယ်။ ထရန့်နဲ့စီတို့ ကုန်သွယ်ရေးစစ်ပွဲအတွက် ဆွေးနွေးဖို့ တွေ့ကြမယ်တဲ့။ ဒါပေမဲ့ အခုမဟုတ်။ G20 ဆွေးနွေးပွဲလုပ်မဲ့ နိုဝင်ဘာလမှတဲ့။ နောက်ထပ် သုံးလတောင် လိုသေး။ ဒေါ်လာက နောက်ထပ်သုံးလ ပန်းပန်ဦးမဲ့သဘော။
သူတို့နှစ်ဖက်လုံးက လိုချင်တာတွေတောင်းဆိုဖို့အတွက် အချက်အလက်တွေရှာဖွေစုဆောင်းရဦးမယ်။ လာခဲ့။ အခုပြောမယ်လို့ လုပ်လို့မရ။ ဘယ်ဟာကိုတိုး၊ ဘယ်ဟာကိုလျှော့လုပ်ဖို့ အချိန်လိုတယ်။ သူတို့က လူချမ်းသာတွေမို့ အချိန်စောင့်နိုင်တယ်။ ကိုယ်ခံစွမ်းအားတောင့်တော့ H1N1 ကြက်တုတ်ကွေးလောက်ကို ပါရာစီတမော့လောက်သောက်ရင်း တောင့်ခံနိုင်ကြတယ်။
ကိုယ်ခံစွမ်းအားက ဒီနေရာမှာ စကားစပြောပြီ။ တစ်သက်လုံး နည်းမှန်လမ်းမှန်ကြိုးစားခဲ့ကြတော့ အောင်မြင်လာကြတယ်။ စုမိဆောင်းမိရှိကြတယ်။ ပြည်သူတွေကလည်း စုတ်ပြတ်သတ်နေသူက အနည်းစုလေးမို့ စိတ်ပူစရာမလိုကြ။
ကိုယ်တွေက ကိုယ်ခံစွမ်းအားမကောင်း။ AIDS ဝေဒနာသည်မဟုတ်သည့်တိုင် ရှုနာရှိုက်ကုန်းအဆင့်သာသာ အခြေအနေ။ တစ်သက်လုံး သူခိုးကြီး၊ သူခိုးလေးတွေတက်တက်လာပြီး နှိတ်စက်လိုက်တာ ရှိသမျှပြောင်။ သူတို့တွေပဲချမ်းသာကြတာ။ ပြည်သူတွေက စုတ်ပြတ်သတ်နေသူအများစု။ H1N1 ကြက်တုတ်ကွေးလို ရောဂါကို ပါရာစီတမောနဲ့ ပျောက်မဲ့အဆင့်မဟုတ်။ နာတာရှည်ဖြစ်လို့ မသက်သာပဲ အသက်ပါ ပါသွားနိုင်သေးတယ်။
ဒေါ်လာက ဆက်လက်ပန်းပန်ဖို့ သုံးလကြာဦးမယ်ဆိုတော့ ဒီငွေဈေးက နောက်ထပ်သုံးလအထိ ပြန်တက်ဖို့မလွယ်။ စီးပွားရေး နာတာရှည်ရောဂါရနိုင်တဲ့ ကိုယ်တွေအတွက် အခြေအနေကိုမထိမ်းနိုင်ရင် အသက်ပါ ငင်မဲ့သဘော။
ကောင်းသတင်းကတော့ မြန်မာငွေဈေးကျချိန်မှာ လယ်ယာထွက်ကုန်ကောင်းကောင်းလေးတွေ ဈေးချိုချိုနဲ့ နိုင်ငံခြားပို့ပြီး ဈေးကွက်သစ်ရှာနိုင်ရင်တော့ နောင်နှစ်ပို့ကုန်အတွက် စိတ်အေးရမယ်။
ဆိုးသတင်းကတော့ ဒေါ်လာမှောင်ခိုဈေးကွက်ကပိုကြီးလာ။ လူတွေကလည်း ဒေါ်လာမြတ်တယ်တဲ့ ဆိုပြီး အဲဒီဈေးကွက်ထဲ ခြေစုံပစ်ဝင်လာပြီး ဈေးကစားကြမယ်ဆိုရင်တော့ အသက်ငင်ရုံမကပဲ အသက်ပါထွက်သွားနိုင်တဲ့ အခြေအနေထိ စိုးရိမ်ရတယ်။
ရည်တိုမှာ ဗဟိုဘဏ်က ငွေထုတ်ရောင်းပေးတဲ့ ဆေးမီးတိုနဲ့ကုနေသလိုပဲ ရည်ရှည်မှာ ပို့ကုန်တိုးရေး၊သွင်းကုန်လျှော့ရေးအတွက် နယ်ပယ်အသီးသီးက ဆရာကြီး၊ ဆရာလေးတွေ ဆွေးနွေးညှိနှိုင်းတိုင်ပင်နိုင်ကြပါမှ ကိုယ်တို့လူနာ မြန်မာပြည်ကြီး အသက်မငင်မှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ သတိပေးအပ်ပါတယ်ဗျာ။

သဘာဝအလှတရား ဘစ်ဆားခရီးစဉ်
သဘာဝအလှတရာများနဲ့ ဘစ်ဆား(Big Sur)ခရီး
ဘစ်ဆား၊ ဘစ်ဆားနှင့် ပြောသံကြားနေတာတော့ကြာပြီ။ အလွန်လှတဲ့ဘစ်ဆားရှုခင်းတွေနှင့်အတူ အမှတ်(၁)အဝေးပြေးလမ်း(Highway one)ကလည်း အလွန်နာမည်ကြီးသည်။ သို့ပါသော်လည်း အမှတ်(၁)လမ်းမကြီး၏ ကားပိတ်(Traffic jam)ချက်ကလည်း နာမည်ကျော်မို့ မရောက်ဖြစ်ခဲ့။ ခုတော့ အများပြောတဲ့ ဘစ်ဆား(Big Sur)ကို ရောက်ခဲ့ပါပြီ။
ပထမစီစဉ်သည်က ကယ်လီဖိုးနီးယားအလယ်ပိုင်းရှိ ဖရက်စနို(Fresno)နှင့် မနီးမဝေးရှိ ဂစ်ဇလီရေတံခွန်(grizzly falls)။ ဟော်တယ်လည်းငှားပြီးပြီ။ ခရီးထွက်ရန် ရက်နီးလာသည့်တိုင် ယိုစမ်းမတီတောမီး(Yosemite Fire)က မငြိမ်းသေး။ မီးခိုးတွေက ထိုခရီးဆီမှာ။ ဖရက်စနိုမြို့ အပူချိန်ကလည်း (၁၀၄)ဒီဂရီဖာရင်ဟိုက်ကမကျ။ ဆန်ဖရန်ဗေးဧရိယာ အအေးဓါတ်နဲ့ နေသားကြနေတဲ့သူတွေမို့ အပျော်ခရီးကို ပူပူလောင်လောင်နှင့် သွားရမှာကိုကြောက်ကြသည်။ ဒီလိုနှင့် ဟော်တယ်ဘွတ်ကင်ဖျက်။ ခရီးစဉ်ပြောင်းကာ နှစ်ရက်၊ တစ်ညအိပ်နှင့် အဆင်ပြေမည့် ဘစ်ဆားခရီးစဉ် ဖြစ်ခဲ့၏။
နှစ်ရက်၊တစ်ညအိပ်ခရီးက အချိန်တိုလည်ပတ်လိုသူတွေအတွက် အိုကေလှ၏။ ဒီအချိန်က နွေရာသီကျောင်းပိတ်ရက်မို့ ခရီးသွားရာသီ။ ဘစ်ဆားခရီးအတွက် ဟော်တယ်တွေ ကြိုတင်၍ ဘွတ်ကင်(booking)မလုပ်မိထားတဲ့ မောင်လူပေတို့အတွက်တော့ သိပ်မအိုကေလှ။ ပင်လယ်ကမ်းစပ်မြို့တွေမှာ တစ်ညတာအိပ်စက်ဖို့ ဟော်တယ်ခန်းတစ်ခုငှားခက လေး၊ငါးရာမှ နှစ်ထောင်၊ သုံးထောင် ဖြစ်နေပြီ။ တောစခန်း(Camping ground)တွေကလည်း ဘွတ်ကင်အပြည့်။ ရွေးစရာလမ်းသိပ်မရှိ။ သည်သို့နှင့် ပင်လယ်နှင့်သိပ်မဝေးလှသည့် ဆလိနာ့(Salinas)မှာ အွန်လိုင်းပေါ်ကကြိုက်ဈေးတောင်းသမျှပေးပြီး တစ်ညနားဖို့ အခန်းရ။
ပထမနေ့မှာ နာမည်ကျော် ကာမဲလ်(Carmel)ကမ်းခြေသို့ ချီတက်ကြ၏။ ကာမဲလ်မြို့ကား နယ်နယ်ရရမဟုတ်။ ကောင်းဘွိုင်မင်းသားကြီးကလင့်အိဝုဒ်(Clint Eastwood)နေတဲ့မြို့။ သူပိုင်တဲ့ ဟော်တယ်နှင့်စားသောက်ဆိုင်ကြီးလည်း အဲဒီမြို့မှာ ဟီးထလို့။ (ဈေးကြီးတဲ့ သူ့ဟော်တယ်မှာလည်း ဘွတ်ကင်အပြည့်မို့ ကြိုတင် ဘွတ်ကင်မလုပ်ထားရင် တည်းခိုဖို့မလွယ်လှ။) အိမ်မှမနက်စောစောထွက်ခဲ့ကြသော်လည်း မနက်ဆယ်နာရီနီးပါးမှ ရောက်သွားလေတော့ ပင်လယ်ဘေးက ကာမဲလ်မြို့လေး(Carmel by-the-sea)ရဲ့ မြွေလိမ်မြွေကောက်လမ်းလေးတွေထဲမှာ အလည်လာကြသူတွေရဲ့ ကားတွေပြည့်နေပြီ။ တစ်ဘီးခြင်းလှိမ့်နေရပြီ။ ကာမဲလ်ကမ်းခြေ(Carmel beach)က ကားရပ်ဖို့နေရာ ရှားလှသဖြင့် ကမ်းခြေမရောက်မှီ နှစ်မိုင်ကွာလောက်လိုသေးသော်လည်း တစ်ဘီးလှိမ့် ငါးမိနစ်ရပ်ဖြစ်နေသည်။ သည်လိုနှင့် အနီးဆုံးမှာရှိတဲ့ ကာမဲလ်မြစ်နှင့်ပင်လယ်ဆုံရာကမ်းခြေ(Carmel River state beach ) သို့ ခရီးစဉ်ပြောင်း။ ဒီနေရာလေးကလည်း နတ်ဘုံလေးတစ်မျှ သာယာလှပါသည်။ ပင်လယ်ကွေ့လေးကသိပ်မကျယ်လှသော်လည်း ခရီးသွားသိပ်မများ၍ အိုကေသည်။ကျောက်ဆောင်တွေက လှသည်။ ဓါတ်ပုံသမားတွေအကြိုက်။ လူသိပ်မသိသေးသော နေရာလေး။
ထိုနေရာမှတဆင့် မွန်တရေး(Monterey)သို့ပြန်၊ နေ့လည်စာစား၊ ထို့နောက် ခြေလျှင်တောင်တက်ခရီးအတွက် ကာမဲလ်တောထဲဝင်။ တောထဲမှာ တစ်နာရီလောက်လမ်းလျှောက်။ ညနေစောင်းတော့ ဆလိနာ့ပြန်။ ဟော်တယ်ဝင်။ ဆလိနာ့မြို့ဟောင်းကိုသွားလည်။ နား။
နောက်နေ့မနက်စာစားပြီး မွန်တရေး(Monterey)ရဲ့ နာမည်ကျော် (၁၇)မိုင်လမ်း(17 miles Drive)သို့ရောက်။ ဒီ(၁၇)မိုင်လမ်းကို နှစ်ပတ်ကျော်အတွင်း နှစ်ကြိမ်ရောက်ခဲ့ခြင်းဖြစ်၏။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ သူငယ်ချင်းတစ်ဦးရဲ့မိသားစုကိုလိုက်ပို့ရင်း တစ်ခေါက် ရောက်ခဲ့သေး။ ပင်လယ်ဖျံတွေကြည့်၊ အထီးကျန်ဆိုက်ပရပ်ပင်ကြီးကြည့်၊ ကမ်းစပ်ကသဲဖြူတွေနင်း( ရာဇမတ်တော့ မကာခဲ့ပါ။)
သဲဖြူနင်းရင်း စဉ်းစားမိသေးရဲ့။ ဗမာဘုရင်တွေ သဲဖြူနင်းတာ ဒီသဲတွေလောက်ဖြူမယ်မထင်။ ဒီ(၁၇)မိုင်လမ်း စပိန်ကမ်းခြေသဲတွေက ဆွတ်ဆွတ်ဖြူတွေ။ သဲဖြူနင်းတိုင်းသာ ရှင်ဘုရင်ဖြစ်ရရင် ရှင်ဘုရင်တွေနည်းမည်မထင်။ ဒီကမ်းခြေရောက်လာသူက တစ်ရက်ထောင်သောင်းချီပဲ။
မွန်တရေး(၁၇)မိုင်လမ်း(Monterey 17 miles drive)မှတဆင့် အမှတ်(၁)အဝေးပြေးလမ်းမကြီး( Highway 1)အတိုင်း တောင်ဖက် ဘစ်ဆား(Big Sur)သို့နောက်ထပ် မိုင်ခြောက်ဆယ်လောက်မောင်းခဲ့သည်။ ရှုမျှော်ခင်းများကား ရင်သတ်ရှုမော။
အမှတ်(၁)အဝေးပြေးလမ်းမကြီး(Highway 1)က ကျဉ်းကျဉ်းလေး။ တစ်ဖက်လျှင် ကားတစ်စီးသာ မောင်းလို့ရသည်။ မွန်တရေးကထွက်သည်နှင့် ကာမဲလ်တောင်ပေါ်မြို့(Carmel highland) ကိုရောက်၏။ ကာမဲလ်ကို ပင်လယ်ကမ်းစပ်မြို့နှင့် တောင်ပေါ်မြို့ဟူ၍ နှစ်ပိုင်းခွဲထားသည်။
ကာမဲလ်တောင်ပေါ်မြို့ဟူသည့်အတိုင်း လမ်းက တောတောင်တွေထဲမှာ မြွေလိမ်မြွေကောက်။ ထိုတောအုပ်ကြီးမှလွန်သည်နှင့် ပစိဖိတ်သမုဒ္ဒရာကြီးဘေးရောက်သွားတော့၏။ ကားလမ်းကို ပင်လယ်နှင့်အပြိုင်ဖေါက်ထားသဖြင့် မြင်ကွင်းတွေက ရေးမပြတတ်အောင် လှလွန်းပေစွ။ ပင်လယ်က ကားလမ်းနှင့်တပြေးညီဖြစ်လိုက်။ ကားလမ်းက တောင်ပေါ်တက်သွားသဖြင့် ပင်လယ်က အောက်ရောက်သွားလိုက်၊ ပင်လယ်ရဲ့မြူခိုးတွေက ကိုယ့်အောက်ရောက်လိုက်၊ ကိုယ်က မြူခိုးအောက်ရောက်လိုက်။
အမှတ်(၁)လမ်းမကြီးနှင့်ဘစ်ဆားက ခွဲမရ။ ဒီလမ်းမကြီး၏ မိုင်ခုနှစ်ဆယ်လောက်ကို ဘစ်ဆားဟု အမည်တွင်သည်။ တောတွေထဲရောက်လိုက် ပင်လယ်ဘေးပြန်ရောက်လိုက်နှင့် သည်လမ်းမကြီး၏ အလှအပတွေကြောင့် နာမည်ကျော် ယိုစမ်းမတီ(Yosemite)နှင့်အပြိုင် ခရီးသွားတွေလာလည်ကြသည်။ လမ်းဘေးမှာ ကားရပ်ပြီးရှုခင်းကြည့်သူတွေများတော့ တချို့နေရာမှာ အတော်ကားပိတ်နေ၏။
သည်လမ်းတစ်လျှောက် ပင်လယ်ရှုခင်းတွေက အလွန်ရှည်လျှားသလို အလွန်လှသဖြင့် ကမ္ဘာ့အလှဆုံး သဘာဝပင်လယ်ကမ်းခြေများ စာရင်း၏ ထိပ်ဆုံးမှာ ဘစ်ဆား ပါနေခြင်းပင်။ ထို့အပြင် ဒီပင်လယ်ကမ်းခြေတလျှောက်၏ လေးပုံသုံးပုံလောက်က ဗဟိုအစိုးရပိုင်ဖြစ်၏။ ဒီဒေသကား မဖွံ့ ဖြိုးစေပဲ သဘာဝအတိုင်းသာ ရှိနေစေသည့် ပင်လယ်ကမ်းခြေကြီး ဖြစ်သည်။ ထို့ကြောင့် လမ်းတစ်လျှောက် ဟော်တယ်မရှိ၊ ဈေးဆိုင်မရှိ၊ ကိုယ်ပိုင်အိမ်အနည်းငယ် ရှိသည်မှအပ ဘာဆိုဘာမျှမရှိပဲ သဘာဝကမ်းခြေကြီးက တောင်တွေနှင့်အလျှားလိုက်။ ပင်လယ်အော်သံမှလွဲ၍ အခြားအသံများမရှိ။
မြန်မာပြည်က ပင်လယ်ကမ်းခြေတွေဆိုလျှင်တော့ ကမ်းခြေမှာ ဟော်တယ်တွေအပြည့်။ ဈေးတန်းတွေအပြည့်။ ခေါင်းရွက်ဗြတ်ထိုးဈေးသည်လေးတွေ၏ "ငါးကင်ရမယ်။ ပုဇွန်ကင်ရမယ်။" ဆိုသည့် အသံစာစာလေးတွေကြားရမည်။
ပင်လယ်ရှုခင်းကောင်းလျှင် ကားရပ်၊ ဓါတ်ပုံရိုက်။ တံတားကြီးတွေလှလျှင် ခဏရပ်၊ တံတားနှင့်အမှတ်တရပုံတွေရိုက်ကြ၏။
အမှတ်(၁)အဝေးပြေးလမ်းမကြီး၏ ထူးခြားချက်များတွင် ထိုတံတားများလည်း အပါအဝင်။ အလွန်သွားလာရေးခက်လှသော ဘစ်ဆားနှင့် ဆန်ဖရန်ဒေသကို ဒီတံတားတွေနှင့်ဆက်ပေးခဲ့တာ ၁၉၃၀ကျော်နှစ်များထဲကမို့ နှစ်ပေါင်းရှစ်ဆယ်ကျော် ရှိခဲ့ပြီ။ ဂငယ်ပုံကွန်ကရိအောက်ခံပေါ်က တံတားများက ပင်လယ်၏ရာသီဥတုမျိုးစုံကို ကြံ့ကြံ့ခံရင်း ယခုတိုင် အသုံးတော်ခံနေဆဲ။ ဆောင်းအခါ မိုးကောင်းပါက တောင်ပြိုသဖြင့် လမ်းပိတ်တာကလွဲ၍ တံတားပြသနာဖြစ်တာ မရှိခဲ့သေး။ သမိုင်းဝင်တံတားများ(Historic Bridge) တွေဘဝ ရောက်နေကြပြီမို့ တံတားဖိုးဖိုးကြီးတွေပေါ့။ ခုထိ သန်တုန်းမြန်တုန်း ဖိုးဖိုးကြီးတွေ။ ကားတွေလူတွေရဲ့အလေးချိန်ပေါင်းများစွာကို ထမ်းပိုးအသုံးတော်ခံနေဆဲ။
ပင်လယ်နှင့်အပြိုင် မိုင်သုံးဆယ်လောက်မောင်းပြီးတော့ တောအုပ်ကြီးထဲရောက်သွားပြန်၏။ ဘစ်ဆားတောအုပ်ကြီးကား မှိုငိးညှို့နေသည်။ ဒီတောအုပ်ထဲရောက်မှ စားသောက်ဆိုင်လေးတွေ အနည်းငယ်တွေ့ရသည်။ ဓါတ်ဆီဆိုင်လေးတွေ့သည်။
ဘစ်ဆားတောစခန်း(Camping ground) တွေကလည်း လူအပြည့်မို့ ခေတ္တခဏနားဖို့နေရာတောင် အတော်ရှာလိုက်ရ၏။ ထို တောစခန်းလေးထဲမှာ စမ်းချောင်းကလေးလည်းးရှိ၍ စမ်းချောင်းထဲမှာ လမ်းလျှောက်ကြသည်။ တောစခန်းမှအပြန်တွင် ဘစ်ဆားကမ်းခြေဆင်းဖို့ ကြိုးစားခဲ့သေးသော်လည်း ကမ်းခြေမှာ ကားရပ်စရာမရှိသောကြောင့် ပြန်ကွေ့ပါဟု ညွှန်ကြားခံရသဖြင့် မရောက်ခဲ့။
ဘစ်ဆားမှ အပြန်ခရီးကလည်း နေဝင်ချိန်အလှနှင့် ရင်သတ်ရှုမောပါပဲ။ မြူတွေဆိုင်းနေတဲ့ ပင်လယ်ရဲ့နေဝင်ချိန်ပေါ့။ ငှက်ကလေးတွေကလည်း အိပ်တန်းတက်ဖို့ ပြန်နေကြပြီ။ မောင်လူပေတို့လည်း အိမ်ပြန်နားဖို့အတွက် ပိတ်နေတဲ့ကားတန်းကြီးနှင့်အတူ ပြန်ခဲ့ကြပါ၏။
တစ်ညအိပ် နှစ်ရက်ခရီးတို သွားချင်သူများအတွက် အဆင်ပြေလှသည့် ဘစ်ဆားခရီးစဉ်( မွန်တရေး၊ ဆလိနာ့၊ ကာမဲလ်၊ ဘစ်ဆား) အကြောင်း မိတ်ဆွေသူငယ်ချင်းများကို ဖေါက်သည်ချအပ်ပါသည်ခင်ဗျား။

ဂျွန်စတိုင်းဘတ်ရဲ့ မွေးရပ်ဆီသို့
ဂျွန်စတိုင်းဘတ်ခ်(John Steinbeck)ရဲ့ မွေးရပ်မြေ ဆလိနာ့(Salinas, CA)ဆီသို့
အမေရီကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ်ခ် လို့ပြောလိုက်ရင် စာပေဝါသနာရှင်တွေ မသိသူမရှိသလောက်။ အလွန်ထင်ရှားခဲ့တဲ့ နိုဘယ်လ်ဆုရ စာရေးဆရာကြီးပါ။ မောင်လူပေငယ်ငယ်က သူ့စာတွေကို စွဲလမ်းခဲ့ဘူးတယ်။
ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်လက်ရာ "တို့ပိုင်တဲ့မြေ" တဲ့။ သိပ်ကောင်းတဲ့ဝတ္တုပါ။ လန်နီနဲ့ ဂျော့ခ်ျဆိုတဲ့သူငယ်ချင်းနှစ်ဦးရှိတယ်။ လန်နီက ယုန်လေးတွေကို ချစ်တတ်သူ ကျပ်မပြည့်ရှာတဲ့လူထွားကြီး၊ သူ့သူငယ်ချင်းဂျော့ခ်ျကိုလည်း သိပ်ယုံတဲ့သူ။ သူတို့ရဲ့ ရည်မှန်းချက်က ငွေလေးစုပြီး ကိုယ်ပိုင်ယာခင်းလေးတစ်ခုထူထောင်မယ်၊ လန်နီချစ်တဲ့ ယုန်လေးတွေမွေးမယ်ပေါ့။ လန်နီကြောင့် ခဏခဏ ပြသနာတက် ထွက်ပြေးခဲ့ရတယ်။ သူများယာခင်းမှာ အလုပ်လုပ်ရတော့ စုနေတဲ့ငွေက မပြည့်နိုင်ကြရှာ။ ဒီအခေါက်လည်း ယာခင်းရှင်ရဲ့မိန်းမကို လန်နီက မတော်တဆသတ်မိသွားတဲ့အခါ သူတို့နှစ်ယောက် ထွက်ပြေးကြရပြန်တယ်။ ယာခင်းရှင်က ခပ်ဆိုးဆိုးမို့ လန်နီကို ချက်ခြင်းမသတ်ပဲ မသေမရှင်ထားပြီးနှိပ်စက်မှာ သေချာတယ်။ ထွက်ပြေးနေရတဲ့ဘဝကိုလည်း ဂျော့ခ်ျက ငြီးငွေ့လှပြီ။ ဒါကြောင့် လန်နီနဲ့သူတို့နှစ်ယောက် ထိုင်နေကြတုန်း ဂျော့ခ်ျက သူ့တို့အိပ်မက်ထဲက သူတို့ပိုင်တဲ့ယာမြေကွက်လေးအကြောင်း ပြောပြတယ်။ အရင်ကလည်း လန်နီက ဒီမြေကွက်လေးအကြောင်း ခဏခဏ ပြောပြခိုင်းတတ်တယ်။ ယာခင်းလေးထဲမှာ စားပင်တွေစိုက်မယ်၊ လန်နီချစ်တဲ့ ယုန်လေးတွေမွေးမယ်၊ အိမ်လေးက ဘယ်လိုဆောက်ထားမယ်နဲ့ ပြောပြနေတာ နားထောင်ရင်း လန်နီက စိတ်ကူးနဲ့ပျော်နေရှာတယ်။ သူ့ယုန်လေးသေနေတာ မသိတဲ့လန်နီက ယုန်သေလေးကို တင်းတင်းကိုင်လို့တဲ့။ စိတ်ကူးနဲ့ပျော်နေတဲ့လန်နီကို အဲဒီနေရာမှာပဲ ဂျော့ခ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်။ သူများနှိတ်စက်ခံပြီးမှ သေရမဲ့အတူ သူ့စိတ်ကူးနဲ့သူပျော်နေတုန်း သတ်ပေးလိုက်တဲ့သဘော။ အဲဒီဝတ္ထုမူရင်း (of Mice and Men) ဟာ ဂျွန်စတိုင်းဘတ်ခ်ရဲ့လက်ရာပေါ့။
သူ့ခေတ်က အမေရိကားစီးပွားပျက်ကပ်ကြီး(Great Depression)မှာ ရှိခဲ့ကြတဲ့ လူအမျိုးမျိုးရဲ့ဘဝတွေ၊ စိတ်နေစိတ်ထားတွေ၊ အဖြစ်အပျက်တွေကို အရှိအတိုင်းဖေါ်ပြနိုင်ခဲ့သူ၊ ခေတ်တစ်ခေတ်ရဲ့ အကောင်းအဆိုးတွေကို မီးမောင်းထိုးနိုင်ခဲ့သူ စာရေးဆရာကြီးပါ။ သူ့စာတွေကို ဒီနေ့ခေတ်ရဲ့ အမေရိကားက အခြေခံကျောင်းတွေမှာ ကျောင်းသုံးအဖြစ်ပြဌာန်းပေးထားတယ်။ အဲဒီခေတ်တွေအကြောင်း လူငယ်တွေ အမှန်အတိုင်းသိစေဖို့ပေါ့။ အရင်ခေတ်တွေရဲ့အမှားတွေကို သင်ခန်းစာယူပြီး အမှန်ဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တဲ့အတွက် ဒီနေ့ခေတ်မှာ အားလုံးကလေးစားအားကျရတဲ့ အမေရိကန်ပြည်ထောင်စုဖြစ်လာခဲ့တယ်။
(မောင်လူပေတို့ မြန်မာပြည်ကအခြေခံကျောင်းသုံးစာအုပ်တွေကို သင်ရိုးညွှန်းတန်းအသစ်တွေ ပြန်လည်ရေးဆွဲပြဌာန်းနေပြီလို့သိရပါတယ်။ ခေတ်တစ်ခုကို မီးမောင်းထိုးပြတဲ့ စာအုပ်တွေပြဌာန်းစာအုပ်စာရင်းတွေထဲမှာ ပါလာမယ်လို့မျှော်လင့်ပါတယ်။ ဒါမှလည်း ကျောင်းသားတွေနဲ့ဆရာတွေပူးပေါင်းပြီး အဲဒီခေတ်ရဲ့ အားသာချက် အားနည်းချက်တွေ စုပေါင်းဆွေးနွေးအဖြေရှာရင်း အနာဂတ်မြန်မာပြည်ကို တည်ဆောက်နိုင်ကြမှာပါ။)
ဂျွန်စတိုင်းဘတ်ရဲ့လက်ရာကောင်းတွေဖြစ်တဲ့ (The Grapes of Wrath, East of Eden) တို့လည်း ဘာသာပြန်စာအုပ်တွေအဖြစ် ရင်းနှီးခဲ့ဖူးတယ်။ ဆလိနာ့မြို့ကိုအခြေခံတဲ့ East of Eden ဆိုရင် ရုပ်ရှင်အထိ ရှာကြည့်ခဲ့တယ်။ ငယ်ငယ်လေးနဲ့ဆုံးပါးခဲ့ရတဲ့ လူငယ်မင်းသားချော ဂျိန်းဒင်း(James Dean) ရဲ့ ရှားပါးရုပ်ရှင်လေးပဲ။ The Grapes of Wrath ကတော့ စာပေဆိုင်ရာနိုဗယ်လ်ဆုအထိ ရစေခဲ့တဲ့ ဝတ္ထုစာအုပ်ကြီးပါ။
ဂျွန်စတိုင်းဘတ်ခ် ခရေစီ(Crazy) ဖြစ်သူမောင်လူပေက အခုတော့ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆလိနာ့(Salinas) မြို့လေးကို အလည်အပတ်ရောက်ခဲ့ပြီ။
တကယ်တော့ ဒီမြို့လေးက မောင်လူပေခေတ္တရောက်ရှိနေထိုင်ရာ ဆန်ဖရန်စစ္စကိုမြို့ရဲ့တောင်ဖက် မိုင်တစ်ရာကျော်လောက်မှာ ရှိတာ။ နီးရက်နဲ့ဝေးဖြစ်ပြီး မရောက်ဖြစ်။ သူ့မြို့နားက ဖြတ်ဖြတ်သွားဖြစ်ပေမဲ့ တကူးတက ဝင်မလည်ဖြစ်ခဲ့ဘူး။ ဒီမြို့လေးက ဟင်းသီးဟင်းရွက်တွေ အများအပြားစိုက်တဲ့အတွက်လည်း 'ကမ္ဘာ့ဟင်းရွက်အိုးကြီး' (Salad bowl of the world)လို့ တင်စားခံရတဲ့မြို့ပါ။
ဂျွန်စတိုင်းဘတ်ခ်ရဲ့ဝတ္ထုတွေထဲက ဟင်းရွက်စိုက်တဲ့ယာခင်းကြီးတွေက မျက်စိတစ်ဆုံးလို မြို့ကိုပတ်ထားတဲ့အတွက် ရှမ်းပြည်က ပင်လောင်းဖက်ကို ပြန်ရောက်နေသလိုတောင် ခံစားမိသေးရဲ့။ လယ်ယာစိုက်ခင်းတွေမှာ အဓိက အားထားကြရတဲ့ လယ်လုပ်သားမက္ကဆီကန်တွေ အများစုနေထိုင်ရာမြို့။ လူဖြူတွေကတော့ မူလယာခင်းရှင်တွေအနည်းစုပဲ နေထိုင်ကြတယ်။
တောမြို့လေးရောက်သွားတော့ တောမြို့ဟောင်းလေးရဲ့မြင်ကွင်းတွေပေါ့။ ရှေးဟောင်းပုံအိမ်တွေ၊ အဆောက်အဦတွေအပြည့်နဲ့ ဆလိနာ့မြို့ဟောင်းက ကြိုဆိုနေတယ်။ ဂျွန်စတိုင်းဘတ်ခ်ရဲ့အိမ်ကြီးကိုတော့ ပြတိုက်အဖြစ်မွန်းမံထားလေရဲ့။ ဆလိနာ့မြို့က ခေတ်တွေပြောင်းတော့ အကျယ်ကြီးဖြစ်နေခဲ့ပြီ။ လူတွေလည်း အရမ်းစည်ကားနေပြီ။ ဒါပေမဲ့ ဂျွန်စတိုင်းဘတ်ခ်တို့ခေတ်က မြို့လေးကို မြို့ဟောင်း(old town)ဆိုပြီး ရှေးမူမပျက် ထိမ်းသိမ်းထားတယ်။ မောင်လူပေတို့လို စာရေးဆရာကြီးရဲ့ပရိတ်သတ်ကတော့ မြို့ဟောင်းဆီချီတက်မှာပေါ့။ (မြို့ကိုတိုးချဲ့ကြတဲ့အခါ ရှေးမူမပျက်စေဖို့အတွက် မြို့ဟောင်းကို နဂိုအတိုင်းထားခဲ့ပြီး တိုးချဲ့စေတာကလည်း နည်းယူစရာတစ်ခုပဲ လို့မြင်မိတယ်။ ရန်ကုန်မြို့လယ်က ကိုလိုနီခေတ်အဆောက်အဦတွေလို ရှေးဟောင်းအဆောက်အဦအဖြစ်တစ်လုံးစီသတ်မှတ်နေရတာမျိုးမဟုတ်တော့ပဲ တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးက အဟောင်းကြီးတွေအဖြစ် ပြုပြင်မွန်းမံထားတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။)
ဆလိနာ့မြို့ဟောင်း(Salinas old town)မှာ မိန်းလမ်း(Main Street) ကမြို့လယ်ပါ။ စာရေးဆရာကြီးနာမည်နဲ့ ဂျွန်လမ်း(John Street)လည်းရှိတယ်။ မိန်းလမ်းတစ်ခုလုံးကို ခရီးသွားစိတ်ဝင်စားအောင် ရှေးဟောင်းမီးတိုင်တွေ၊ ရှေးဟောင်းပုံစံ မျက်နှာစာမြင်ကွင်းတွေနဲ့ ပြုပြင်ထားတယ်။
ဆလိနာ့မြို့ဟောင်းက မိန်းလမ်းကလေးရဲ့မြင်ကွင်းတွေကို ဂျွန်စတိုင်းဘတ်ခ်လက်ထက်ကအတိုင်း ရှုမြင်နိုင်ကြပါပြီ။ ဓါတ်ပုံအက်ဆေး(Photo essay) လိုဖြစ်အောင် တင်ပြလိုက်ပါတယ်။ ညနေစောင်းမို့ အလင်းရောင်မလုံလောက်တာရယ်၊ ဖုန်းနဲ့ရိုက်ခဲ့ရတာမို့ ကြည်လင်မှု အားနည်းတာရယ်ရှိခဲ့ရင် တောင်းပန်ပါတယ်ဗျာ။

အာကာသ တပ်မတော်
အာကာသတပ်မတော်(Space Force)
အမေရိကန်တပ်ပေါင်းစုမှာ အဓိကစစ်တပ်ကြီးငါးခုရှိတယ်။ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိမ်းတပ် နဲ့ ကမ်းခြေစောင့်တပ် တွေဖြစ်ပြီး သီးခြားစီရပ်တည်ကြတယ်။ မကြာမီ ၂၀၂၀အရောက်မှာ တပ်အသစ်တိုးလာတော့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာလိုက်တယ်။ အဲဒီတပ်မတော်အသစ်ကို "အာကာသတပ်မတော်"လို့ အမည်ပေးထားတယ်။
"အာကာသတပ်မတော်"ဟာ ဘယ်တပ်တွေရဲ့လက်အောက်မှာမှမရှိတဲ့ သီးခြားတပ်မတော်သစ်တစ်ခုဖြစ်လာမယ်။ ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ဦးဆောင်မှုအောက်မှာ ဒီတပ်သစ်က တည်ရှိမယ်။
"အမေရိကန်အာကာသတပ်မတော်ဌာနချုပ်" အုပ်ချုပ်ရေးပိုင်းအတွက် ဒုတိယကာကွယ်ရေးဝန်ကြီးတစ်ပါးလည်း ထပ်မံ ခန့်ထားမှာဖြစ်တယ်။
ဒီအစီအစဉ်ကို လူသိရှင်ကြားထုတ်ဖေါ်ပြောကြားလိုက်သူကတော့ ဒုတိယသမ္မတ မိုက်ပန်းဖြစ်ပြီး ဂျွန်လတုန်းက ကာကွယ်ရေးဝန်ကြီးဌာနတွင်းက အကြီးအကဲတွေကို အာကာသတပ်ဖွဲ့အတွက် နည်းလမ်းရှာကြဖို့ အကြံပေးခဲ့တဲ့ သမ္မတထရန့်ရဲ့မိန့်ခွန်းအတိုင်းလိုက်နာ အကောင်အထည်ဖေါ်တာလည်း ဖြစ်ပါတယ်။
တပ်မတော်အသစ်တစ်ခုကို ထပ်မံဖွဲ့စည်းတာ လွယ်ကူတဲ့အလုပ်မဟုတ်။ ဒီတပ်မတော်သစ်ကို အဆင့်လေးဆင့်နဲ့ လုပ်ဆောင်မယ်လို့ ဆိုတယ်။
(၁)အာကာသတပ်မတော်ကို သီးခြားတပ်မတော်အဖြစ်ဖွဲ့စည်းခြင်း၊
(၂)အတော်ဆုံး(elite)လူတွေပါဝင်မဲ့ အာကာသအရာရှိများ(Space Officer) နဲ့ အာကာသစစ်ဆင်ရေးတပ်များ( Space Operations Force) ဖွဲ့စည်းခြင်း၊
(၃)အာကာသဖွံ့ဖြိုးရေးအေဂျင်စီတည်ထောင်ပြီး အာကာသအတွက် လိုအပ်မဲ့ လက်နက်၊ ပစ္စည်းများ တည်ထွင်ဖေါ်ထုတ်ခြင်း၊
(၄)အာကာသတပ်မတော်ဌာနချုပ်ကို အုပ်ချုပ်ကွပ်ကဲဖို့ အရပ်သားဖြစ်သူ ဒုတိယကာကွယ်ရေးဝန်ကြီးခန့်ထားခြင်း တို့ကို အဆင့်ဆင့်ဖေါ်ဆောင်မှာဖြစ်ပြီး ၂၀၂၀နှစ်ဦးပိုင်းလောက်မှာ ဒီတပ်မတော်ကြီးကို တရားဝင်ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ဒုတိယသမ္မတက ဆိုတယ်။
အာကာသထဲမှာရှိတဲ့ အမေရိကန်အစိုးရပိုင်ဆိုင်သော အရပ်ဖက်သုံး၊ စစ်ရေးသုံး ပစ္စည်းအဝဝရဲ့ တန်ဖိုးတွေဟာ ထရီလီယံပေါင်းများစွာတန်သလို စစ်ရေးအတွက်လည်း အသက်သွေးကြောတွေဖြစ်တယ်။ ဒီပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ကွန်ဂရက်မှာ တောင်းဆိုနေကြတာကြာပြီ။ အသုံးစားရိတ်အရမ်းများမှာမို့ အထက်၊ အောက်လွှတ်တော်နှစ်ရပ်က အကြိမ်ကြိမ်ပယ်ချခဲ့တယ်။ အခုအစီအစဉ်ကိုလည်း ကွန်ဂရက်လွှတ်တော်ကသာ ဖွဲ့စည်းပုံ ပုဒ်မ(၁၀)ကိုပြင်ဆင်ပြီး ခွင့်ပြုနိုင်တယ်။ ကွန်ဂရက်က ရီဗာဗလစ်ကင်အမတ်တွေလက်ထဲမှာမို့ ဖြစ်နိုင်တယ်လို့ယူဆကြတယ်။ (လာမဲ့နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့တွေအရေးနိမ့်ရင်တော့ လွှတ်တော်မှာ အခြေအတင်ငြင်းခုံကြရလိမ့်မယ်။)
အာကာသကို အရင်က အမေရိကားနဲ့ရုရှားပဲ ကြီးစိုးခဲ့ရာက အခုတော့ ချိုင်းနားကပါ ကြီးစိုးလာခဲ့ပြီ။ ရုရှားက တည်ထွင်နေတဲ့ အာကာသမှာသုံးမဲ့ လေဆာရောင်ချည်လက်နက်တွေကိုလည်းအမေရိကန်တွေက စိတ်ပူနေတယ်။ ရုရှားနဲ့ချိုင်းနားပူးပေါင်းပြီး အမေရိကန်ပိုင်ဆိုင်သမျှ အာကာသယာဉ်တွေ၊ထောက်လှမ်းရေး ဆက်သွယ်ရေး ဂြိုလ်တုတွေကို ဖျက်ဆီးမှာ၊ ဒါမှမဟုတ်ရင် နှောက်ယှက်ဟန့်တားလာမှာကို ကာကွယ်ဖို့ ဒီလိုတပ်မတော်လိုအပ်လို့ ဖွဲ့စည်းရတာဖြစ်တယ်လို့ဆိုတယ်။ ၂၀၀၇ခုနှစ်က ဂြိုလ်တုဖျက်ဒုံးကျည်ကို ချိုင်းနိစ်တွေ စမ်းသပ်ခဲ့တာကို ထောက်ပြတယ်။ "သူတို့လုပ်နေတဲ့ပုံကြည့်ရင်သိသာပါတယ်။ အာကာကကို ကြီးစိုးဖို့ လုပ်နေတာပဲ။ အာကာသမှာ စစ်ဖြစ်လာနိုင်တဲ့အရေးကို ရှောင်လို့မရနိုင်တော့ဘူး။ ဒါပေမဲ့ ရှင်းအောင်ပြောလိုက်မယ်။ အမေရိကန်တွေရဲ့ အာကာသကိုလွှမ်းမိုးထားနိုင်မှု အင်အားတွေကတော့ သေးငယ်သွားမှာမဟုတ်ပါဘူး။ " လို့ ဒုတိယသမ္မတက ဆိုပါသေးတယ်။
အာကာသတပ်မတော်ပေါ်ပေါက်လာရင် အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဥရောပနဲ့အာရှနိုင်ငံတွေကလည်း အာကာသထဲမှာ သူတို့တွေပိုင်ဆိုင်သမျှတွေကို ကာကွယ်ပေးဖို့ အခကြေးငွေနဲ့ ငှားရမ်းအသုံးပြုနိုင်မယ်လို့ ယုံကြည်ကြတယ်။
အမေရိကန်ရဲ့ အာကာသတပ်မတော်ကို ယှဉ်ပြိုင်နိုင်မဲ့ အခြားနိုင်ငံတွေတော့ လောလောဆယ်မရှိသေးဘူး။ ရုရှားကလည်း ငွေအခက်အခဲကြောင့် မလုပ်နိုင်သေးသလို ချိုင်းနားကလည်း နည်းပညာအခက်အခဲတွေရှိနေသေးတယ်။ သူတို့နှစ်ဦးပေါင်းပြီး လုပ်ကြမှ ဖြစ်နိုင်မဲ့သဘောရှိတယ်။ ဒါပေမဲ့ မတူတဲ့နိုင်ငံနှစ်ခုပေါင်းတဲ့ အာကာသတပ်မတော်ဆိုတာ ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။ သူတို့နှစ်နိုင်ငံရဲ့ ဂြိုလ်တုတွေအပါအဝင် အာကာသမှာရှိတဲ့ ပိုင်ဆိုင်မှုစုစုပေါင်းကတော့ အမေရိကန်ပြည်ထောင်စုပိုင်ဆိုင်သမျှတွေနီးပါးလောက် ရှိပါသတဲ့။
အာရှရဲ့ စစ်အင်အားကြီးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော်ကြီးလည်း ကြည်း၊ရေ၊လေ တပ်သုံးတပ်အပြင် အာကာသတပ်ပါထပ်ချဲ့နိုင်ခဲ့ရင်တော့ တပ်မတော်(အာကာသ) လို့ ခေါ်မလား၊ ဒါမှမဟုတ် အတိုကောက်ပဲ ကက(အာ) လို့ခေါ်မလား စဉ်းစားနေမိတယ်။
ကက(အာ)ပေါ်လာရင်တော့ ဖေ့ဘုတ်ပေါ်မှာ ငြင်းခုန် စစ်ခင်းနေကြတဲ့ ကီးဘုတ်တပ်သားတွေအားနဲ့ အတော်အလုပ်ဖြစ်မှာ။ သူတို့ကိုအရံအင်အားထားရမှာပေါ့။ ကက(အာ)ချုပ်ကိုတော့ အာကောင်းတဲ့ အာသန်တဲ့ အာအဘတစ်ယောက်ကို တပ်ချုပ်ကြီးက ရွေးပေးမှာပဲ။
မြန်မာ့ကက(အာ)ကာကွယ်ပေးဖို့ အာကာသပိုင်ဆိုင်မှုတွေတော့ လောလောဆယ်မရှိသေးဘူးပေါ့။မြန်မာပိုင် ဂြိုလ်တု(လျှက်ဆား)ပဲရှိသေးတာ။ နောက်မှ ဘာလွှတ်တင်မယ်ဆိုတာ စဉ်းစားကြတာပေါ့။ ကက(အာ) အရင်ဖွဲ့ဖို့ ခုထဲက စီစဉ်ကြပါစို့။ ဒါမှ အာကာသတွင်း ပူးပေါင်းစစ်ဆင်ရေးတွေ ဘာတွေ လုပ်တဲ့အခါ အဆင်သင့်ဖြစ်နေမှာလေ။ ဘတ်ဂျက်လည်း ပိုတောင်းလို့ကောင်းတာပေါ့။ တိန်။

ထရန့်ရဲ့ယောက္ခမတွေအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ယောက္ခမတွေ အမေရိကန်နိုင်ငံသား ခံယူလိုက်တယ်လို့ ဒီနေ့အမေရိကား(USA today)သတင်းစာက ဆိုပါတယ်။
အမေရိကားကို ကမ္ဘာအရပ်ရပ်က ပြောင်းရွှေ့အခြေချကြတဲ့သူ(Immigrant)တွေကို တိုက်ခိုက်တဲ့စကားတွေ မကြာခဏပြောတတ်သူ၊ ဒီလူတွေရဲ့ဆွေမျိုးတွေကလည်း ချိန်းကြိုးဆက်လို တစ်ယောက်ပြီးတစ်ယောက် နိုင်ငံသားခံယူနေကြတာမို့ ချိန်းကြိုးဆက်ကိုဖြတ်ဖို့ ဥပဒေပြင်မယ်လို့ ပြောကြားထားသူ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်ရဲ့ ယောက္ခမစုံတွဲကတော့ သူပြောတဲ့ ချိန်းကြိုးဆက်နိယာမအရ အမေရိကန်နိုင်ငံသားတွေ ဖြစ်သွားကြပါပြီ။ သူတို့သားမက်လေးက ချိန်းကြိုးဆက်ကို မဖြတ်ခင် အခွင့်ရှိတုန်းအချိန်မှာ နိုင်ငံသားအဖြစ် အမြန်ယူလိုက်ကြပုံပဲ။
သမက်လေးလို့ပြောရပေမဲ့ ဒေါ်နယ်ထရန့်က ယောက္ခထီးကြီးထက် (၂)နှစ်ပဲငယ်သလို ယောက္ခမကြီးထက်လည်း (၁)နှစ်သာငယ်သူမို့ သူငယ်ချင်းအရွယ်တွေပါ။
ဒေါ်နယ်ထရန့်ရဲ့ယောက္ခမတွေက အမြဲတန်းနေထိုင်ခွင့်(Green Card)နဲ့နေကြသူတွေ။ သူတို့သမီးကလည်း ဒေါ်နယ်ထရန့်နဲ့ ၂၀၀၅မှာ လက်ထပ်ကြပြီးနောက် ၂၀၀၆ရောက်မှ အမေရိကန်နိုင်ငံသားခံယူခဲ့တယ်။ အမေရိကန်နိုင်ငံသားရဲ့ မိဘတွေမို့ အမေရိကန်နိုင်ငံသားခံယူခွင့်ရခဲ့ကြတယ်။
ထရန့်ရဲ့ယောက္ခမနှစ်ဦးလုံးက ဆလိုဗေးနီးယား( ယခင် ယူဂိုဆလားဗီးယား) နိုင်ငံသားတွေပါ။ ကွန်မြူနစ်နိုင်ငံသားတွေမို့ ကွန်မြူနစ်တွေလည်းဖြစ်ခဲ့ကြသေးတယ်။ အခုလို အမေရိကန်နိုင်ငံသား ခံယူချိန်မှာတော့ ကွန်မြူနစ်တာဝန်တွေ မယူတော့တာ(၂၅)နှစ်ကျော်ပြီမို့ ကင်းလွတ်ခွင့်ရခဲ့ကြတယ်။ သူတို့ရဲ့သမီးနှစ်ဦးကိုလည်း အဲဒီနိုင်ငံမှာပဲမွေးခဲ့ကြတယ်။ အခုတော့ သူတို့လည်း ပြောင်းရွှေ့အခြေချ၍ အမြဲနေထိုင်သူဘဝကနေ အမေရိကန်နိုင်ငံသားတွေ ဖြစ်သွားကြပါပြီ။
ထရန့်ရဲ့ဇနီး မယ်လာနီယာ ရဲ့ မိဘတွေပဲ ချိန်းကြိုးဆက်ရဲ့အကျိုးကို ခံစားခဲ့ရတာတော့မဟုတ်။ ထရန့်ရဲ့ အဖိုးနဲ့အမေကလည်း နယူးယော့ခ်မှာနေထိုင်တဲ့ သူတို့ရဲ့မောင်နှမတွေကခေါ်လို့ ဂျာမဏီနဲ့ စကော့တလန်တို့ကနေ ပြောင်းရွှေ့ဝင်ရောက်လာခဲ့တဲ့ ချိန်းကြိုးဆက် အခြေချသူတွေပါပဲ။
အမှန်ကတော့ ပြောင်းရွှေ့အခြေချသူတွေရဲ့ အမျိုးအနွယ်ချိန်းကြိုးဆက်တွေကို အမေရိကန်ကို ခေါ်ယူခွင့်ပေးထားတဲ့ အမေရိကန်နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်ပြင်ဆင်စေဖို့ ကြိုးစားနေသူတွေက ရှေးရိုးစွဲ ရီဗာဗလစ်ကန်ပါတီရဲ့ လက်ယာစွန်းအုပ်စုဝင်တွေပါ။ သူတို့ရဲ့ အကြံဉာဏ်တွေကို ထရန့်က လက်တွေ့ဖြစ်အောင် အကောင်အထည်ဖေါ်ပေးနေရတာပဲ။
လက်ယာစွန်းတွေက ငွေရှိတဲ့၊ ပညာတတ်တဲ့သူတွေကိုပဲ အသစ်ပြောင်းလာသူတွေအဖြစ် လက်ခံချင်တယ်။ အမေရိကားဟာ ဒုက္ခသည်စခန်းမဟုတ်ဘူးလို့ မကြာခဏပြောလေ့ရှိတယ်။ သူများတွေဒုက္ခက ငါတို့နဲ့မဆိုင်ဘူးလို့ငြင်းတယ်။ ဒုက္ခရောက်သူတွေကို ကူညီပြီး ကမ္ဘာကို ဦးဆောင်နေတဲ့ အမေရိကန်ပုံရိပ်ထက် အမေရိကားဟာ အမေရိကန်(လူဖြူ)တွေအတွက်ပဲ ဖြစ်ရမယ်ဆိုတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒကို တွန်းတင်ပေးတယ်။ ဒီအတွေးအခေါ်တွေကို အဓိက ပုံဖေါ်ပေးရသူက ဒေါ်နယ်ထရန့်ပဲ။ ဒါကြောင့် အလယ်အလတ်ဝါဒရှိသူ ရီဗာဗလစ်ကန်ပါတီဝင်တွေနဲ့ လက်ယာစွန်း ရီဗာဗလစ်ကန်ပါတီဝင်တွေလည်း ပါတီတူပေမဲ့ အတွေးအခေါ် အယူအဆ မတူကြလို့ မကြာခဏ ငြင်းခုန်ရန်ဖြစ်ကြရတယ်။ ဒေါ်နယ်ထရန့်ရဲ့ လက်ယာစွန်းဝါဒတွေကို မကြာခဏ ဝင်ရောက်ဖြေရှင်းပေးနေရသူတွေကတော့ အောက်လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ (Speaker of the House) ဖြစ်တဲ့ ပေါလ် ရိုင်ရန်နဲ့ အထက်လွှတ်တော်ရဲ့ လူများစုခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်လ်တို့ပဲ။
ဒီမိုကရက်ပါတီကလည်း ဒီလိုရှေးရိုးစွဲဝါဒီတွေရဲ့ အစွန်းရောက် အမျိုးသားရေး အကြံဉာဏ်တွေ အကောင်အထည်မပေါ်လာရေးအတွက် အပြင်းအထန်ဆန့်ကျင်နေကြလေတယ်။
အမေရိကားကိုပြောင်းရွှေ့အခြေချသူများရဲ့ ဆွေမျိုးသားချင်းတွေ အမေရိကားကို ခေါ်ယူခွင့်ပေးထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေက ချိန်းကြိုးဆက်အခွင့်အရေးတွေကို ကန့်သတ်မဲ့ အစီအစဉ် အကောင်အထည်ပေါ်မပေါ်ကတော့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပေတော့။ လောလောဆယ်တော့ ဒီလိုချိန်းကြိုးဆက်အခွင့်အရေးကြောင့်ပဲ သူ့ယောက္ခမနှစ်ဦးကတော့ အမေရိကန်နိုင်ငံသား အသစ်စက်စက်တွေ ဖြစ်လာကြပြီ ဖြစ်ပါကြောင်း။

မြေစာပင်
ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင်
မြေစာပင်ဆိုတာ အရင်ကတော့ မမြင်ဖူးခဲ့ဘူး။ ခုမှမြင်ဖူးတာ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်ကတော့မဟုတ်။ လင်းယုန်ကြီးနဲ့မြွေနဂါးကြားက မြေစာပင်။
ကုန်သွယ်ရေးစစ်ပွဲကိုခုခံဖိုအတွက် ချိုင်းနိစ်မြွေနဂါးကြီးက ယွမ်တန်ဘိုးတွေချတိုင်း နောက်ကနေ ကျပ်ငွေတန်ဖိုးလိုက်ချနေရတာ တစ်ဒေါ်လာကို တစ်ထောင့်ငါးရာနားကပ်လာနေပြီ။ သခင်မျိုးဟေ့ တို့ဗမာတွေ သခင်ဘဝကဆင်းပြီး ဆယ်စုနှစ်များစွာ ချိုင်းနိစ်ရဲ့ တပည့်ကြီးဘဝနဲ့ သူပြုသမျှနုခဲ့ရလေတော့ ဆရာလည်းကျ၊ တပည့်လည်းကျ။
ဟိုကမြွေနဂါးကြီးမို့ သူ့ဟာသူဆွဲချတာ ပြသနာမဟုတ်ပေမဲ့ ကိုယ်တွေမှာဒုက္ခ။ ကုန်ဈေးနှုန်းတွေက လိုက်တက်လာပြီ။ အစိုးရမင်းများ တိုးပေးထားတဲ့လစာလေးက ငွေဈေးကျတဲ့အထဲ ရောကြိုခံလိုက်ရတော့ အရင်အတိုင်း။
တကယ်တော့ အမေရိကန်နဲ့ချိုင်းနိစ်ဆိုတာ အကျိုးစီးပွားပတ်လည်ရိုက်နေကြတဲ့နိုင်ငံတွေ။ အမေရိကန်တစ်ယောက်က ချိုင်းနိစ်က သွင်းတဲ့ ပစ္စည်းတစ်ခုကို ဒေါ်လာတစ်ရာနဲ့ဝယ်တယ် ဆိုပါတော့။ ပစ္စည်းတန်ဖိုး၊ ပို့ဆောင်ခ ဘာညာနှုတ်ပြီးကျန်တဲ့ငွေ တစ်ဆယ်လောက် ချိုင်းနိစ်ကမြတ်တယ်ထား။ အဲဒီငွေကို ချိုင်းနိစ်လုပ်ငန်းရှင်က ပုဂ္ဂလိကဘဏ်ထဲထည့်။ အဲဒီဘဏ်ကလည်း ဒီငွေကို ချိုင်းနိစ်ဗဟိုဘဏ်ထဲ ပြန်ထည့်။ ချိုင်းနိစ်ဗဟိုဘဏ်ကလည်း ဒီငွေတွေနဲ့ အမေရိကန်ငွေချေးစာချုပ်တွေပြန်ဝယ်။ ဒီလိုနဲ့ အဲဒီငွေက အမေရိကန်ပြည်သူတွေဆီ ပြန်ဝင်နေတယ်။ အမေရိကန်တွေက ပြန်သုံးတယ်။ သူတို့အချင်းချင်း ငွေပတ်လည်ရိုက်နေတယ်။ ကိုယ်တွေမှာတော့ ပတ်လည်ရိုက်စရာ အကြွေးပဲရှိတယ်။
စဉ်းစားကြည့်။ အမေရိကန်ဒေါ်လာဆိုတာ စက္ကူစုပ်လေးတွေပါ။ အမေရိကန်ဗဟိုဘဏ်ကြီးက စိန်ပေါင်၊ရွှေပေါင်ထားပြီး ထုတ်ထားတာမဟုတ်ဘူး။ အဲဒီစက္ကူမှာ ဖရန်ကလင် ဘင်ဂျာမင်ခေါင်းတပ်လိုက်ရင် တစ်ရာဖြစ်တယ်။ ဂျော့ခ်ျ ဝါရှင်တန်ခေါင်းတပ်လိုက်ရင် တစ်ကျပ်ဖြစ်တယ်။ မြန်မာငွေစက္ကူလည်း စက္ကူစုပ်ပဲ။ ချိုင်းနိစ်ငွေလည်း စက္ကူစုပ်ပဲ။ စက္ကူခြင်းအတူတူ ချိုင်းနိစ်က ဘာလို့ အမေရိကန်ငွေချေးစာချုပ်တွေ လာဝယ်ထားတာလဲ။
ရှင်းပါတယ်။ အမေရိကန်စီးပွားရေးအင်အားကိုယုံကြည်လို့ပေါ့။ ချိုင်းနိစ်ကြီးဝယ်ထားတဲ့ အမေရိကန် ငွေချေးစာချုပ်တွေ ၁.၁၇ထရီလီယံထိ ရှိတယ်။ ဒီငွေချေးစာချုပ်တွေ ရောင်းထုတ်ပြီး ကုန်သွယ်ရေးစစ်ပွဲကို နိုင်အောင်တိုက်ပါလား။ သူ့အကြွေးတွေ ကိုယ့်မှာရှိရက်နဲ့ ဘာလို့ ကိုယ့်ငွေတန်ဖိုးကို ဆွဲချနေရတာလဲ။
အဖြေကတော့ အမေရိကန်ငွေချေးစာချုပ်တွေကို မထုတ်ရောင်းရဲလို့ပေါ့။ သူပိုင်တဲ့ အမေရိကန်ငွေချေးစာချုပ်တွေရောင်းထုတ်လိုက်ရင် အောက်ဈေးနဲ့ရောင်းရမှာမို့ ရှုံးမယ်။ သူ့ရဲ့နိုင်ငံခြားအရံငွေလျှော့လာမယ်။ အမေရိကန်အတွက်က ဘဏ်တိုးတွေတက်လာမယ်။ ဒေါ်လာဈေးကျမယ်။ အမေရိကန်ကုန်တွေ ဈေးပေါလာမယ်။ ချိုင်းနိစ်ယွမ်ငွေ ပိုခိုင်မာလာမယ်။ သူ့ပစ္စည်းတွေ ဈေးတက်လာမယ်။ ကုန်ပစ္စည်းရောင်းရနှုန်းကျဆင်းလာမယ်။ ဒါကို အဖြစ်မခံနိုင်ဘူး။ ချိုင်းနိစ်ကြီးကလည်း စီးပွားရေးနှေးကွေးနေတဲ့အချိန်။ ပြီးခဲ့တဲ့ငါးနှစ်လောက်က အမေရိကန်ငွေချေးစာချုပ် (၁.၆)ထရီလီယံအထိ ဝယ်ခဲ့တယ်။ ငါးနှစ်အတွင်းဈေးကွက်ထဲကို ထရီလီယံတစ်ဝက်(ဘီလီယံငါးရာ)လောက် ပြန်ချလိုက်ပြီးပြီ။ ဒါပေမဲ့ အမေရိကန်အတိုးနှုန်းက ထင်သလောက်တက်မလာဘူး။ အမေရိကန်ဗဟိုဘဏ်က သူချရောင်းတဲ့ဘီလီယံငါးရာလောက်ကို ပြန်သိမ်းလိုက်တဲ့သဘောပဲ။ ချိုင်းနိစ်ကြီးဆီက ချေးထားတဲ့ ဒေါ်လာ တစ်ထရီလီယံဆိုတာလည်း အမေရိကားအကြွေးတွေရဲ့ ငါးရာခိုင်နှုန်းလောက်ပဲမို့ ငွေနဲ့ပေါက်ပြီး နိုင်စရာလည်းအကြောင်းမမြင်။
ပြီးတော့ အမေရိကန်ငွေချေးစာချုပ်တွေ ချရောင်းပြီးရင် ဘာလုပ်ရမလဲ။ တခြားခိုင်မာတဲ့ငွေချေးစာချုပ်တွေပြန်ဝယ်ရမယ်။ အဲဒီစာချုပ်တွေက အမေရိကန်ငွေချေးစာချုပ်လိုမခိုင်မာဘူး။ စိတ်မချရဘူး။ သူတို့လုပ်နေတဲ့ Made in China 2025 မတိုင်ခင် မသေချာတဲ့ ရင်းနှီးမြှုတ်နှံမှုတွေနဲ့ စွန့်စားဖို့ ခက်နေတယ်။ အလွန်ဆုံးလုပ်နိုင်တာက နောက်ထပ်ငွေချေးစာချုပ်မဝယ်ပဲ ပညာပေးရုံလောက်ပဲ။ ဒါတောင် အမေရိကန်ငွေချေးစာချုပ်က ခိုင်မာလေတော့ သူမဝယ်လည်း သူများဝယ်မှာမို့ အမေရိကားကို ထိခိုက်ဖို့လမ်းစနည်းတယ်။
(တလောက အမေရိကန်ငွေချေးစာချုပ်တွေ ချိုင်းနိစ်က ထပ်မဝယ်တော့ဘူးလို့ သတင်းတစ်ခုထွက်လာသေးတယ်။ မကြာပါဘူး၊ ချိုင်းနိစ်ဗဟိုဘဏ်က ဒီသတင်းဟာ သတင်းမှားပါလို့ ထွက်ရှင်းပါတယ်။ ဆိုလိုတာကတော့ အမေရိကန်အကြွေးတွေကို သူကတော့ ထုတ်ရောင်းဖို့မရှိသေး။ ရရင်ထပ်ဝယ်မယ်ဆိုတဲ့သဘောပေါ့။)
ဒါနဲ့ပဲ ကုန်သွယ်ရေးစစ်ပွဲအတွင်း သူ့ရောင်းကုန်တွေ ရောင်းအားမကျရေးအတွက် ချိုင်းနိစ်ကြီးက သူ့ငွေဈေးကို ဆွဲချပြီး ခုခံဖို့လုပ်နေတာပဲ။ သူနဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကစားတာက ခုတော့ ငွေကြေးစစ်ပွဲဖက်ကို ရွှေ့လာနေသလိုဖြစ်လာနေတယ်။ ချိုင်းနိစ်နဲ့အဓိကကုန်သွယ်ရတဲ့နိုင်ငံအတော်များများရဲ့ ငွေကြေးတွေအားလုံးလိုလို ထိုးဆင်းနေကြတယ်။ ဒေါ်လာကို တောင့်ခံနိုင်တာ ဂျပန်လောက်ပဲ ရှိတော့တယ်။
ဆိုတော့... ချိုင်းနိစ်ရဲ့ ငွေဈေးဆွဲချတဲ့ ငွေကစားပွဲထဲမှာ မြန်မာက ကြားညပ်နေတယ်။ သူ့ငွေချတိုင်း မြန်မာငွေက ပိုကျတယ်။ အခု ၁၄၇၀ပဲထား။ ၁၃၂၀လောက်ကနေ ၁၅၀လောက်တက်သွားတော့ ကျပ်ငွေဈေးက၁၁.၃၆%ထိ ဆင်းသွားရတာ။ ယွမ်က ၈%လောက်ပဲ ဆွဲချထားတာ။ စီးပွားရေးခိုင်မာသူက တစ်ဆဆင်းရင် ကိုယ်က တစ်ဆခွဲလောက်လိုက်ဆင်းနေရတဲ့ဘဝ။
ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြည်တွင်းက နစ်နာသူတွေကို အမေရိကန်အစိုးရက ထောက်ပံ့မယ်။ ချိုင်းနိစ်အစိုးရကလည်း သူ့ပြည်သူတွေကို ထောက်ပံ့မယ်။ သူတို့က အင်အားကြီးတွေမို့ထောက်ပံ့နိုင်ပေမဲ့ လေဘေး ရေဘေးတွေနဲ့တိုင်ပတ်နေတဲ့ တို့ပြည်တို့အစိုးရက မထောက်ပံ့နိုင်။ မြေစာပင်တော့ ဖြစ်နေကြပြီ။ ဒီတော့ ဘာလုပ်ကြမလဲ။ အစိုးရကို အပြစ်ပြော၊ အချင်းချင်းတွေ ရန်ဖြစ်နေမဲ့အစား တိုင်းပြည်စီးပွားတိုးတက်ဖို့အတွက် အားလုံးဝိုင်းစဉ်းစား၊ ပါဝင်ကူညီကြရအောင်။

ရှစ်လေးလုံးနှစ်သုံးဆယ်(၂)
ရှစ်လေးလုံးနှစ်သုံးဆယ်(၂)
၁၉၆၂မှာစစ်အစိုးရတက်လာပြီးနောက် ဖိနှိပ်မှုပေါင်းများစွာ၊ ခွဲခြားဆက်ဆံရေးပေါင်းများစွာ ကြုံတွေ့ရတဲ့အခါ လူတန်းစွာအလွှာအသီးသီးက ဆန့်ကျင်ကန့်ကွက်မှုတွေလည်း အနည်းနဲ့အများရှိခဲ့ကြတယ်။
7th July ကျောင်းသားအရေးအခင်း၊ စစ်တွေဆန်လုယက်မှုအရေးအခင်း၊ ကျောင်းသားတွေဦးဆောင်တဲ့ ဦးသန့်အရေးအခင်း၊ ရန်ကုန်သဘောင်္ကျင်းလုပ်သားများဦးဆောင်တဲ့ အလုပ်သမားအရေးအခင်း၊ ကျောင်းသားတွေနဲ့ ပြည်သူအချို့ဦးဆောင်တဲ့ မှိုင်းရာပြည့်အရေးအခင်းစသည်တို့ဟာ ၁၉၆၂၊ ၁၉၆၈၊ ၁၉၇၄/၇၅/၇၆ တွေမှာ ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအဖြစ်နဲ့သာ ပြီးဆုံးခဲ့ရတယ်။
အောင်မြင်နေတဲ့ စီးပွားရေးတွေကို ပြည်သူပိုင်သိမ်းပြီး ဖျက်ခဲ့သလို စစ်အစိုးရတဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ လွဲမှားတဲ့စီးပွားရေးစီမံကိန်းတွေချမှတ်အကောင်အထည်ဖေါ်ခဲ့တဲ့အတွက် နိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဆိုတဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် ခံယူခဲ့ရတယ်။ ပြည်သူတွေစီးပွားရေးအကျပ်အတည်းနဲ့တွေ့နေတဲ့အချိန် ၁၉၈၇ စက်တင်ဘာလမှာ နိုင်ငံရဲ့ငွေကြေးစနစ်ထဲက ၇၅/၃၅/၂၅ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြေညာပြီး ဖျက်သိမ်းခဲ့ပြန်တယ်။ ပြည်သူအားလုံးရဲ့ ချွေးနည်းစာနဲ့ရှာထားတဲ့ ငွေစက္ကူတွေ ဆုံးရှုံးခဲ့ရတယ်။
အဲဒီအချိန်ဟာ တက္ကသိုလ်တွေမှာ အတန်းတင်စာမေးပွဲဖြေဆိုနေဆဲအချိန်မို့ စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေအတွက်ပါ အခက်အခဲတွေနဲ့ တွေ့ခဲ့ရတယ်။ ဒါကြောင့် စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေဦးဆောင်တဲ့ ငွေစက္ကူအရေးအခင်းဖြစ်ခဲ့ပြန်တယ်။ ဆန္ဒပြကျောင်းသားတွေတောင်းဆိုတာက ကျောင်းသားတွေရဲ့ ဆုံးရှုံးသွားရတဲ့ ငွေစက္ကူတွေကို စာမေးပွဲပြီးတဲ့အထိ သုံးနိုင်ဖို့ တရားဝင်ငွေနဲ့ပြန်လဲပေးဖို့ ပါ။ ဒါပေမဲ့ အာဏာပိုင်တွေက လက်မခံပဲ တစ်ပြည်လုံးက တက္ကသိုလ်ကောလိပ်အားလုံးကို ပိတ်လိုက်ပြီး နောက်နေ့မှာ အဆောင်နေကျောင်းသားအားလုံးကို အိမ်ပြန်ခိုင်းခဲ့ကြတယ်။ နိုဝင်ဘာလရောက်မှ ကျောင်းပြန်ဖွင့်ပြီး ကျန်ရှိတဲ့ ဘာသာရပ်တွေကို ဖြေဆိုစေခဲ့တယ်။
၁၉၈၈ မတ်လ(၁၂)ရက်မှာ အနောက်ကြို့ကုန်းထဲက စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားတစ်စုနဲ့ ရပ်ကွက်ထဲကလူငယ်တွေ ကက်ဆက်ခွေဖွင့်ခိုင်းတဲ့ပြသနာနဲ့ ရိုက်ပွဲဖြစ်တယ်။ ကျောင်းသားတွေအရိုက်ခံရတယ်။ ကျောင်းသားတွေက ရဲစခန်းမှာအမှုဖွင့်လို့ ရဲက ရိုက်လိုက်တဲ့လူငယ်ကို ဖမ်းတယ်။ နောက်တစ်နေ့မတ်လ(၁၃)ရက်နေ့မှာ အဲဒီလူငယ်ပြန်လွတ်လာတယ်။ သူ့အဖေက ရပ်ကွက်ကောင်စီလူကြီးမို့ ရဲက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုတယ်။ ဒါကို မကြေနပ်တဲ့ကျောင်းသားတွေနဲ့ ရပ်ကွက်လူငယ်တွေ အဲဒီညမှာ ရန်ဖြစ်ကြပြန်တယ်။ ရပ်ကွက်လူငယ်တွေက ကျောင်းသားတွေကို ဓါးနဲ့ခုတ်၊ ခဲနဲထုကြတဲ့အတွက် ကျောင်းသားအုပ်စုဟာ စက်မှုတက္ကသိုလ်ဆီ ပြန်ဆုတ်ခဲ့ကြတယ်။
မကြာမီ သန်းကောင်ယံနီးပါးမှာ လုံထိမ်းတပ်ဖွဲ့ရောက်လာပြီး ကျောင်းသားတွေကို ရေပိုက်နဲ့ထိုး၊ မျက်ရည်ယိုဗုံးနဲ့ထုတဲ့အပြင် သေနတ်နဲ့ပစ်လိုက်တဲ့အတွက် ကျောင်းသားကိုဖုန်းမော်သေဆုံးခဲ့ပြီး ကိုစိုးနိုင်(ရရှိဒါဏ်ရာနဲ့ ဆးရုံတွင်ကွယ်လွန်ခဲ့ရ)၊ ကိုမြင့်ဦးတို့ ဒါဏ်ရာပြင်းထန်စွာ ရရှိသွားရတဲ့အတွက် ကျောင်းသားထုရဲ့မကြေနပ်မှုက အမြင့်ဆုံးကို ရောက်ခဲ့ရတယ်။ မတ်လ(၁၅)ရက်မှာတော့ စက်မှုတက္ကသိုလ် အဆောင်နေကျောင်းသားအားလုံးကို အပြင်ထွက်ခိုင်းပြီး ကျောင်းသား(၆၀)ကျော်ကို ဖမ်းဆီးခဲ့ပြန်တယ်။ ဒါကို ဖုန်းမော်အရေးအခင်းလို့ ခေါ်ကြတယ်။
မတ်လ(၁၆)မှာတော့ ရန်ကုန်တက္ကသိုလ်(RASU)ကျောင်းသားတွေက တက္ကသိုလ်ဝင်းအတွင်း စက်မှုတက္ကသိုလ်ကျောင်းသားများအတွက် ဆန္ဒပြခဲ့ကြတယ်။ ကိုဖုန်းမော်အတွက် ဝမ်းနည်းကြောင်းတွေပြောကြတယ်၊ ရက်စက်တဲ့အစိုးရကို ဝေဖန်ကြတယ်။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) RC(2) နဲ့ပူးပေါင်းပြီး စက်မှုတက္ကသိုလ်ကို ချီတက်ကြဖို့ ပြည်လမ်းဖက်ထွက်လာကြတဲ့ ကျောင်းသားအုပ်စုကို လုံထိမ်းရဲတွေက အင်လျှားကန်ဘောင်အနီးမှာ ရိုက်နှက်ဖမ်းဆီးခဲ့ပြန်တဲ့အတွက် ကျောင်းသားတွေ ဒါဏ်ရာရဖမ်းဆီးခြင်း ခံခဲ့ရပြန်တယ်။ တံတားဖြူအနီးဖြစ်ခဲ့တာမို့ တံတားဖြူအရေးအခင်းလို့ ခေါ်တယ်။
မတ်လ(၁၈)ရက်နေ့မှာတော့ ရန်ကုန်မြို့ထဲအထိ ဆန္ဒပြမှုတွေကူးစက်သွားခဲ့တယ်။ သိမ်ကြီးဈေးတစ်ဝိုက်မှာ အပြင်းထန်ဆုံးပဲ။ လမ်းတွေပိတ်ပြီး လမ်းပေါ်ကတွေ့သမျှလူတွေကို ရရာကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြတယ်။ အချုပ်ကားပေါ်မှာ လူတွေအများကြီးဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့အတွက် ကားထဲမှာ အသက်ရှူကျပ်ပြီး အဖမ်းခံရတဲ့ပြည်သူ(၄၃)ဦး သေဆုံးခဲ့ရတယ်။ အစိုးရက သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ မစီစစ်ပဲ ညတွင်းခြင်းမှာ ကြံတောပို့ပြီး အလောင်းတွေကို မီးရှို့ခဲ့ကြတယ်။
အထွေထွေမကြေနပ်မှုတွေနဲ့ ပြည့်နေပြီဖြစ်တဲ့ ကျောင်းသားတွေဟာ ၁၉၈၈ ဇွန်လကျောင်းပြန်ဖွင့်တဲ့အခါ အစိုးရဆန့်ကျင်ရေးတွေ ဆက်တိုက်ဖန်တည်းခဲ့ကြပြန်တယ်။ RASU ထဲကနေ မြို့ထဲဆီကို ချီတက်လာတဲ့ကျောင်းသားတွေကို မြေနီကုန်းမှာ ပိတ်ပြီးဖမ်းဆီးတဲ့အတွက် ကျောင်းသားတွေကို ဝန်းရံပေးတဲ့ ပြည်သူတွေနဲ့ ရဲတွေ ရိုက်ပွဲဖြစ်ကြပြီး နှစ်ဖက်လုံးသေကြေခဲ့ရတဲ့ မြေနီကုန်းအရေးအခင်း ဖြစ်ခဲ့ရတယ်။ဒါကြောင့် တက္ကသိုလ်ကောလိပ်ကျောင်းတွေကို ပြန်ပိတ်လိုက်ရပြန်တယ်။
အစိုးရဆန့်ကျင်ရေးအတွက် ကျောင်းသားတွေလှုပ်ရှားနေတာကို အာရုံလွှဲဖို့အတွက် ကုလားဗမာရိုက်ပွဲတွေ ဖန်တည်းဖို့ အစိုးရက ကြိုးစားခဲ့တယ်။ ပြည်၊ ရွှေတောင်၊ ပဲခူး စသည်တို့မှာ အနည်းငယ်ဖြစ်တယ်။ ဒါပေမဲ့ ပြည်သူက ရိပ်မိတဲ့အတွက် သူတို့ဆင်တဲ့ဂွင်ထဲကို မဝင်ခဲ့ကြဘူး။
၁၉၈၈ ဂျူလိုင်(၇)ရက်နေ့မှာတော့ မတ်လအရေးအခင်းတွေကြောင့် အဖမ်းခံထားရတဲ့ကျောင်းသား(၁၄၁)ဦးကို ထောင်ကပြန်လွှတ်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အရေးပေါ်ပါတီညီလာခံမှာ သမိုင်းဝင်မဲ့ ' စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဖူး၊ ပစ်ရင်တည့်တည့်ပစ်တယ်။ နောင်ကို ဆူဆူပူပူလုပ်သူတွေ မသက်သာဘူးသာ မှတ်ပေတော့။' လို့ ပစ်သတ်တောာ့မယ်ဆိုပြီး အတိအလင်း ချိမ်းခြောက်တဲ့ မိန့်ခွန်းပြောခဲ့တယ်။ သူလည်း နှုတ်ထွက်သွားတယ်။
တစ်ပါတီအာဏာရှင်စနစ်ကိုပဲဆက်လက်သွားဖို့ ရွေးချယ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)က ပါတီဥက္ကဌနဲ့နိုင်ငံတော်သမ္မတအဖြစ် သားသတ်သမားလို့ နာမည်ရတဲ့ ဗိုလ်ချုပ်စိန်လွင်ကို ခန့်အပ်ခဲ့တယ်။ ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းမှာ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့လူကို သမ္မတခန့်လိုက်တာဟာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို စိမ်ခေါ်လိုက်တာပဲ။
အဲဒီအချိန်က ဆိုရှယ်မီဒီယာတွေ မရှိသေးတဲ့အတွက် ပြည်သူတွေ သတင်းမှန်သိရဖို့ ပြည်ပရေဒီယိုတွေဖြစ်တဲ့ BBC/VOA တွေကို အားထားနေရချိန်ပါ။ BBC သတင်းထောက် ခရစ်စတိုဖာဂါးနက် က အဖမ်းခံခဲ့ရသူ ကိုဌေးကြွယ်အပါအဝင် ကျောင်းသားတစ်စုကို ဆက်သွယ်ပြီး တွေ့ဆုံမေးမြန်းမှုတွေလုပ်တယ်။ အသံလွှင့်တယ်။ အာဏာပိုင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြည်သူတွေပိုသိလာကြတယ်။
BBC ကနေပြီး ၁၉၈၈ခု၊ သြဂုတ်လ(၈)ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဆင်နွှဲကြဖို့ ဆော်သြပေးတယ်။ ဒါဟာလည်း ရှစ်လေးလုံးနေ့ဖြစ်ပေါ်လာဖို့ အဓိက အရေးပါခဲ့တယ်။ ကျောင်းသားတွေ ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေမို့ တစ်နေရာနဲ့တစ်နေရာ ဆက်စပ်မှု အားနည်းတယ်။ ဆက်သွယ်ဖို့ အခက်အခဲရှိတယ်။ သတင်းရောက်ဖို့ ခဲယဉ်းတယ်။ ဒါကြောင့် BBC/VOA တို့ကို အားကိုးခဲ့ရတယ်။
၁၉၈၈ သြဂုတ်လ(၈)ရက်နေ့(၈/၈/၈၈) မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်လာတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တယ်။ သံမဏိလို မာကြောစွာအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို ပြည်သူအပေါင်းက ညီညွတ်စွာ ဆန့်ကျင်ခဲ့ကြတဲ့ နေ့ဖြစ်ခဲ့တယ်။ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြပြီး အစိုးရနှုတ်ထွက်ပေးရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ရရှိရေးအတွက် တောင်းဆိုခဲ့ကြတယ်။
ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေရဲ့အစမှာတော့ မျက်နှာတွေမှာ လက်ကိုင်ပုဝါတွေစီးထာားတဲ့ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂအလံဖြစ်တဲ့ ခွပ်ဒေါင်းအလံနီကို ဝှေ့ယမ်းချီတက်ကြပြီး ဝန်းရံပေးတဲ့ပြည်သူတွေက ဘေးမှာပါဝင်ခဲ့တယ်။ တဖြည်းဖြည်း အရှိန်ရလာတဲ့အခါ ရဟန်းရှင်လူ ပြည်သူအပေါင်း ပါဝင်လာကြပြီး နေ့တိုင်းလိုလို အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ မြို့ကြီးတိုင်းလိုလိုမှာ ဖြစ်ပေါ်ခဲ့တယ်။
အထွေထွေမကြေနပ်မှုတွေကြောင့် ဒေါသထွက်နေတဲ့လူအုပ်စုအချို့က စစ်ကိုင်းအပါအဝင် မြို့နှစ်မြို့မှာ ရဲစခန်းကိုဝင်စီးတဲ့အတွက် ရဲကခုခံပစ်ခတ်ခဲ့လို့ လူအချို့သေခဲ့တာကလွဲရင်နယ်မြို့တွေမှာ ဆန္ဒပြပွဲတွေဟာ အေးချမ်းစွာနဲ့ပြီးဆုံးခဲ့တယ်။
ရန်ကုန်မှာတော့ ရှစ်လေးလုံးနေ့ညနေပိုင်း မြို့တော်ခန်းမရှေ့မှာစုနေကြတဲ့ လူအုပ်စုကို ပစ်ခတ်ခဲ့တဲ့အတွက် လူအချို့သေဆုံးခဲ့ရတယ်။ သေနပ်ဒါဏ်ရာရသူများလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးမလုံလောက်တဲ့အတွက် ဆေးရုံဝန်ထမ်းသူနာပြု ဆရာဝန်တွေက ပစ်ခပ်နေမှု ရပ်တန့်ပေးဖို့ ဆန္ဒပြတဲ့အခါ သူတို့ပါ ပစ်ခပ်ခံခဲ့ရတယ်။ နောက်ပိုင်းရက်တွေမှာတော့ အိမ်ရှင်မတွေ၊ အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားလေးတွေအပါအဝင် ရဟန်းရှင်လူပြည်သူအပေါင်း ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အလုပ်သမားတွေက သမဂ္ဂတွေဖွဲ့ပြီးပါဝင်လာတယ်။ ရေတပ်နဲ့လေတပ်က ကျွမ်းကြင်အဆင့်အရာရှိနဲ့တပ်သားအချို့ ပါဝင်ပူးပေါင်းကြတယ်။
အစိုးရက ဗိုလ်ချုပ်စိန်လွင်ကို နှုတ်ထွက်စေပြီး သမ္မတအဖြစ် အရပ်သားဖြစ်တဲ့ဒေါက်တာမောင်မောင်ကို တင်ပြီး အခြေအနေငြိမ်သက်သွားအောင်မျက်လှည့်ပြတယ်။ တဖက်ကလည်း ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးပုံပျက်အောင် ဆောင်ရွက်တယ်။ထောင်ဖွင့်ပေးတယ်။ အစိုးရပိုင်ဂိုထောင်ကြီးတွေကိုဖွင့်ပေးတယ်။ ဂိုထောင်ကြီးတွေထဲက ပစ္စည်းတွေကို ဝင်ရောက်လုယက်ကြအောင်ဖန်တည်းပြီး ပစ်သတ်တယ်။ အပျက်အစီးတွေဖြစ်လာတဲ့အခါ နိုင်ငံတော်တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူ ဆူပူသောင်းကျန်းသူများလို့ တံဆိပ်ကပ်တယ်။
စစ်ထောက်လှန်းရေးရဲ့ တန်ပြန်အဖွဲ့ကလည်း ဆန္ဒပြသူများအနေနဲ့ ဝင်ရောက်ပူးပေါင်ပြီး အဖျက်လုပ်ငန်းတွေလုပ်ဆောင်တယ်။ အခြေအနေမဲ့တွေကို စည်းရုံးပြီး ဆေးခပ်၊ အဆိပ်ခပ်ခိုင်းတယ်။ဒေါသထွက်နေတဲ့လူအုပ်က ဒီလူတွေကို မိတဲ့အခါ သူတို့ကပဲဦးဆောင်ပြီး ခေါင်းဖြတ်သတ်ကြတယ်။ ခေါင်းပြတ်တွေ ချိတ်ဆွဲပြီး မင်းမဲ့စရိုက်တွေဖြစ်နေပြီလို့ ပုံဖေါ်တယ်။ အစိုးရယန္တယားရပ်ဆိုင်းနေပြီမို့ ပြည်သူတွေက ကိုယ့်ရပ်ကွက်နဲ့ကိုယ် လုံခြုံရေးယူကြတယ်။ ကြီးမားတဲ့ လုယက်ဖျက်ဆီးမှုတွေ ရပ်ကွက်ထဲမှာ မရှိခဲ့ပါ။
ငြိမ်းချမ်းစွာဆန္ဒပြပြီး ဒီမိုကရေစီတောင်းဆိုနေတဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးကို အစိုးရက မင်းမဲ့စရိုက်လို့ပုံဖေါ်နေစဉ်မှာပဲ ကုန်သွယ်ရေးဝန်ကြီးရုံးကိုစောင့်နေတဲ့ တပ်ဖွဲ့တွေကို လူအုပ်စုတစ်ခုကဝိုင်းပြီး သေနပ်လုယက်မှုတစ်ခုဖြစ်ခဲ့ပေမဲ့ ပြည်သူအများကပဲ တပ်မတော်သားတွေကို ဝင်ရောက်ကယ်တင်ပြီး ထိမ်းလိုက်တဲ့အတွက် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့တယ်။ ဆူပူအောင်လှုံ့ ဆော်နေကြတာဟာ အရပ်သားအသွင်ယူထားတဲ့ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ လက်ချက်တွေက အများစုပဲ။
ပြည်သူအများက ကိုယ့်အုပ်စုနဲ့ကိုယ် ဆန့်ကျင်ဆန္ဒပြနေကြပေမဲ့ အဲဒီအချိန်မှာတိကျတဲ့လုပ်ငန်းစဉ်တွေချမှတ်နိုင်မဲ့ အဖွဲ့အစည်းမရှိခဲ့ကြဘူး။ ပြည်သူအားလုံးကို ခေါင်းဆောင်မှုပေးနိုင်မဲ့လူ မရှိခဲ့ဘူး။ ဒါကြောင့် ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့ လူလေးဦးကို ကြီးလေးကြီး(နောက်ပိုင်းကြီးငါးကြီး) အဖြစ်သတ်မှတ်ပြီး ကျောင်းသားအစုအဖွဲ့တွေက သွားယောက်တွေ့ဆုံပြီး ကြီးလေးကြီးပူးပေါင်းကြဖို့ စီစဉ်ခဲ့တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးအောင်ကြီးနဲ့ အမေနေမကောင်းလို့ ပြုစုဖို့အတွက် အင်္ဂလန်ကနေပြန်ရောက်နေတဲ့ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြီးလေးကြီးအဖြစ် စုပေါင်းဦးဆောင်ကြဖို့ ကျောင်းသားတွေရဲ့ ကြိုးစားမှုက မအောင်မြင်ခဲ့ဘူး။
ဆန္ဒပြနေ့ရက်တွေ ရှည်လျှားလာပေမဲ့ အစိုးရက တစ်စုံတစ်ရာ လိုက်လျှောမဲ့ အရိပ်အရောင်မရှိခဲ့။ ဒါပေမဲ့ အစိုးရယန္တယားကြီးကတော့ လုံးဝရပ်ဆိုင်းသွားခဲ့တယ်။ အဲဒီအခါမှာတော့ အားလုံးတောင်းဆိုနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သူတို့ကပဲ ဦးဆောင်ကျင်းပပေးမယ်၊ အစိုးရကတော့ မနှုတ်ထွက်ပေးနိုင်ဘူးလို့ တုန့်ပြန်လာတယ်။ အာဏာသိမ်းစစ်ကောင်စီက ဗုန်းခွဲဖျက်ဆီးခဲ့တဲ့ တကသ သမဂ္ဂအဆောက်အဦကြီးကို ပြန်ဆောက်ပေးမယ်လို့ ကျောင်းသားတွေကို ဂတိပေးတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေ အရှိန်ရနေပြီဖြစ်တဲ့ ကျောင်းသားပြည်သူတွေက လက်မခံပဲ မဆလအစိုးရနှုတ်ထွက်ပေးရေးနဲ့ ပြည်သူတွေ ယုံကြည်အားကိုးသူတွေပါဝင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရေးကိုသာ ဆက်လက်တောင်းဆိုခဲ့ကြတယ်။
ဆန္ဒပြပွဲတွေမှာ လေတပ်နဲ့ရေတပ်က ကျွမ်းကျင်အဆင့်တပ်သားအချို့အပြင် ကြည်းတပ်က အရာရှိငယ်အချို့နဲ့ တပ်သားအချို့ပါ ဒီမိုကရေစီတောင်းဆိုမှုအတွက် ပူးပေါင်းပါဝင်လာကြတဲ့အခါ တပ်မတော်ဖက်က အာဏာလက်လွှတ်ရမှာ စိုးရိမ်မှုတွေဖြစ်လာပြီး စက်တင်ဘာလ(၁၈)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာခဲ့တယ်။နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်းတယ်။ စစ်အုပ်ချုပ်ရေးအရ ညမထွက်ရအမိန့်၊ ငါးဦးထက်ပိုပြီး မစုဝေးရအမိန့်တွေ ထုတ်ပြန်တယ်။
အတွင်းသတင်းတွေအရကတော့ အာဏာရှင်ကြီးဦးနေဝင်းက သူ့လူယုံတွေဖြစ်တဲ့ သမ္မတဒေါက်တာမောင်မောင်၊ တပ်ချုပ်ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေးညွှန်မှုးဗိုလ်ချုပ်ခင်ညွန့်တို့ကို သူ့အိမ်တော်မှာ ခေါ်ယူတွေ့ဆုံပြီး အာဏာလွှဲပြောင်းဖို့ စီစဉ်ခဲ့တယ်လို့ သိရတယ်။
တပ်မတော်က အာဏာသိမ်းတဲ့ စက်တင်ဘာ(၁၈)ရက်နေ့ညနေကစပြီး တစ်ပြည်လုံးမှာရှိတဲ့ ဆန္ဒပြပြည်သူအပေါင်းကို ဦးနေဝင်းးရဲ့ ချိမ်းခြောက်မှုမိန့်ခွန်းထဲကအတိုင်း ပစ်ခတ်နှိမ်နှင်းခဲ့တယ်။ ဆန္ဒပြပြည်သူတွေထဲက ထိပ်ဆုံးဖြစ်တဲ့ အခြေခံပညာကျောင်းသားလေးတွေ ကျောင်းဝတ်စုံလေးတွေဝတ်ရင်း ထိခိုက်ကျဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်ဓါတ်ပုံပိုက်ထားရင်း ဆန္ဒပြနေစဉ် အပစ်ခံရလို့ ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးဟာ အသက်(၁၅)နှစ်အရွယ်သာရှိသေးတဲ့(၇)တန်းကျောင်းသူလေးဖြစ်တယ်။
ထွက်ပြေးကြရလို့ မကောက်နိုင်ပဲ ကျန်ခဲ့ရတဲ့ သေဆုံးသူတွေရဲ့အလောင်းတွေကို စစ်တပ်က လိုက်ကောက်ပြီး ကြံတောသင်္ချိုင်းမှာ ညတွင်းခြင်းသဂြိုင်္လ်ခဲ့လို့ စာရင်းအတိအကျမရှိပေမဲ့ ထောင်ဂဏန်းလို့ ယူဆကြတယ်။ ဆေးရုံကြီးမှာလည်း ဒါဏ်ရာရသူတွေ၊ သေနပ်ဒါဏ်ရာပြင်းထန်လို့ ဆေးရုံရောက်မှ သေဆုံးသူတွေ အပြည့်ဖြစ်ခဲ့တယ်။
မြန်မာပြည်အနှံ့က မြို့ကြီးတိုင်းလိုလိုမှာ ပစ်ခတ်နှိမ်နှင်းခဲ့တာဖြစ်လို့ သေကြေဒါဏ်ရာရမှုက မနည်းပါ။ သေဆုံးသူတွေရဲ့အလောင်းတွေကိုလည်း သက်ဆိုင်ရာမိသားစုကို ဖိအားပေးပြီး အမြန်သင်္ဂြိုလ်စေခဲ့တယ်။ ခေါင်းဆောင်လို့ယူဆရသူတွေကို ဖမ်းတယ်။ ဒါကြောင့် တစ်ပြည်လုံးက ကျောင်းသားသောင်းချီပြီး နယ်စပ်တွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို ထွက်ပြေးကြတယ်။
ဒီလိုနဲ့ပဲ ပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွဲခံခဲ့ရတယ်။ တိုင်းပြည်ကလည်း ချောက်ထဲကျနေရာက ပို၍နက်သော ချောက်တစ်ခုထဲကို ထပ်မံကျဆင်းခဲ့ရပါတော့တယ်။

ရှစ်လေးလုံးနှစ်သုံးဆယ်(၁)
ရှစ်လေးလုံးနှစ်သုံးဆယ်(၁)
မြန်မာဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုတွေထဲမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဓိကအခန်းကပါဝင်ခဲ့တယ်။ ဒီအရေးတော်ပုံကြီးဟာ နှစ်သုံးဆယ်ပြည့်ခဲ့ပြီ။
နှစ်သုံးဆယ်ဆိုတာ လူတစ်ယောက်အတွက်ဆိုရင်တော့ လူလတ်ပိုင်းဝင်စ၊ အလုပ်အကိုင်တွေ မိသားစုတွေနဲ့ အခြေကျစ အရွယ်ပဲ။ သားသမီးတွေတောင် ရနေလောက်တဲ့အရွယ်။
အဲဒီရှစ်လေးလုံးကို ကျွန်တော်တို့ဖြတ်သန်းခဲ့ကြတယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အဲဒီသမိုင်းထဲမှာ ကျွန်တော်တို့ပါဝင်ခဲ့ကြတယ်။ အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်ဖြစ်မယ်။ ပန်းရံကိုင်တဲ့လက်လည်း ဖြစ်ချင်ဖြစ်မယ်။ နှစ်သုံးဆယ်ကြာပြီးတဲ့ ယခုအချိန်မှာတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ ရှစ်လေးလုံးကို အပြင်လူတစ်ယောက်လို ပြန်မြင်ကြည့်တတ်ခဲ့ပြီ။
ရှစ်လေးလုံးသမိုင်းကို တန်ဖိုးထားခဲ့သူတွေလည်းရှိတယ်။ တန်ဖိုးဖျက်ချင်သူတွေလည်းရှိတယ်။ စိန်တစ်ပွင့်လိုပေါ့။ တန်ဖိုးမထားတတ်သူအတွက်တော့ ပုလင်းကွဲလို့ မြင်မှာပါပဲ။ ဒါကြောင့် သမိုင်းတန်ဖိုးကိုဖြတ်တဲ့အခါ တန်ဖိုးသိမှ တန်ဖိုးရှိမယ်။ ဒါကြောင့် အဲဒီခေတ်ကိုမမှီခဲ့တဲ့ လူငယ်တွေ သိစေချင်တယ်၊ တန်ဖိုးထားတတ်စေချင်တယ်။ အဲဒီခေတ် ရှစ်လေးလုံးကို ဖြတ်သန်းခဲ့တဲ့လူငယ်တွေရဲ့ မပြီးဆုံးခဲ့သေးတဲ့ သမိုင်းတာဝန်ကို ဒီခေတ်လူငယ်တွေက လက်ဆင့်ကမ်းသယ်ဆောင်ကြရမှာပဲ။
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအကြောင်း ပြောကြမယ်ဆိုရင် အဲဒီခေတ်မတိုင်မှီက ဖြစ်ခဲ့တဲ့ကျောင်းသား၊ပြည်သူ၊ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘဝတွေပါမယ်။ ဒီလူတွေရဲ့ လှုပ်ရှားမှုသမိုင်းကြောင်းတွေလည်းပါမယ်။
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တပ်မတော်က ပြည်သူတွေရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရဖြစ်တဲ့ ဦးနုအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်တာ ၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့။ အာဏာသိမ်းရခြင်းအကြောင်းကတော့ 'တိုင်းပြည်ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမို့ ကယ်တင်လိုက်ရပါတယ်' တဲ့။ အမှန်ကတော့'အဲဒီနေ့ကစပြီး အာရှမှာအချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကြီးဟာ ချောက်ထဲကို လုံးလုံးလျှားလျှားကျရောက်သွားခဲ့ရတာ'ပါပဲ။

မြန်မာအမေရိကန်တို့အကြောင်း
မြန်မာ အမေရိကန်တို့အကြောင်း
အမေရိကားရောက်နေတဲ့ မြန်မာတွေကို မြန်မာအမေရိကန်တွေလို့ ခေါ်ကြတယ်။ မြန်မာပြည်မှာမွေးကြတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံဟာ မြန်မာ အမေရိကန်တွေပါပဲ။ ဘိုဆန်ဆန်ပြောရင်တော့ Burmese American တွေဆိုပါတော့။
မိုင်ပေါင်းသောင်းချီဝေးတဲ့ ဒီဒေသကိုရောက်နေကြတဲ့မြန်မာပြည်ဖွားအပေါင်းကလည်း အမေရိကားရဲ့ ၂၀၁၀ တရားဝင် သန်းကောင်စာရင်းအရ တစ်သိန်းနဲ့နှစ်ရာ စာရင်းပေါက်တယ်။ အခု၂၀၁၈ဆိုတော့ တွေးသာကြည့်ပေတော့။ ၂၀၂၀မှာကောက်မဲ့ သန်းကောင်စာရင်းမှာဆိုရင်တော့ ခန့်မှန်းကြည့်တာ သုံးသိန်းလောက် စာရင်းပေါက်မယ်ထင်တယ်။
မြန်မာအမေရိကန်တွေထဲမှာ အများဆုံးကတော့ တရုတ်လို့ မြန်မာတွေခေါ်ကြတဲ့ မြန်မာပြည်ဖွားချိုင်းနိစ်တွေပါ။ မြန်မာစစ်စစ်တွေလိုပဲ မြန်မာစကားပြောတယ်။ မြန်မာပြည်ကိုချစ်တယ်။ မြန်မာဘုန်းကြီးကျောင်းတွေထောင်တယ်။ မြန်မာအစားအစာတွေကို ကြိုက်တယ်။ မြန်မာသီချင်းဆိုတယ်။ မြန်မာအက ကကြတယ်။ ဥပမာပြောရရင် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့က ရပ်ကွက်ကွန်မြူနီတီစင်တာတစ်ခုမှာလုပ်တဲ့ ဘုန်းကြီးကျောင်းသင်္ကြန်ပွဲကို ၁၉၉၉ က ရောက်သွားတော့ မြန်မာသင်္ကြန်သီချင်းတွေကို ဆိုနေသူရော က,နေသူရော ရွှေပွဲလာပရိတ်သတ်တွေရော အားလုံးရဲ့ ရာခိုင်နှုန်းကိုးဆယ်ကိုးလောက်ဟာ မြန်မာချိုင်းနိစ်တွေချည်း ဖြစ်နေတာ သတိထားမိတယ်။ ပေါက်ဖေါ်တွေပေမဲ့ မြန်မာစကားပြောရမှ အားရတဲ့ မြန်မာနိုင်ငံသားစစ်စစ်ကြီးတွေမို့ အမေရိကန်ရောက်တော့လည်း မြန်မာသင်္ကြန်သီချင်းတွေကို အားပါးတရ သီဆိုနေကြတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာတွေရော အခြားတိုင်းရင်းသားတွေပါ အများအပြား ရောက်ရှိနေကြပါပြီ။
အမေရိကားကို ပထမဆုံးရောက်လာတဲ့ မြန်မာလူမျိုးလို့ သတ်မှတ်ခံရသူက ၁၈၅၈မှာရောက်လာခဲ့သူ ဒေါက်တာရှောလူး တဲ့။ ပင်ဆာဗေးနီးယားပြည်နယ်က လူးဝစ္စဘတ်ခ်ျတက္ကသိုလ်(ယခုဘပ်ဂ်နဲတက္ကသိုလ်)ကနေ ဆရာဝန်ဘွဲ့ကို ၁၈၆၇မှာယူပြီး နောက်နှစ်မှာ မြန်မာပြည်ပြန်သွားပါသတဲ့။ (အခုခေတ်ဆိုရင်တော့ အမေရိကားမှာပဲ အထူးကုဆရာဝန်လုပ်ပြီး နေခဲ့မယ်ထင်တယ်။)
အမေရိကားကို မြန်မာတွေ အလုံးအရင်းနဲ့ ပထမဆုံးပြောင်းရွှေ့ခဲ့ကြတာက ၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းက စပါတယ်။ ပြည်သူပိုင်သိမ်းတယ်၊ တရုတ်ဗမာရိုက်ပွဲဖြစ်တယ်။ အဲဒီလိုနဲ့ မြန်မာပြည်ဖွား ချိုင်းနိစ်များအတွက် မလုံခြုံတော့တဲ့အခါ မြန်မာပြည်ကို စွန့်ခွာဖို့ ဖြစ်လာခဲ့ရတယ်။ ၆၀ခုနှစ်နှောင်းပိုင်းကနေ ၇၀ခုနှစ်နှောင်းပိုင်းများအထိ အမေရိကားကို ရောက်လာခဲ့ကြတဲ့ မြန်မာအမေရိကန်တွေဟာ ချိုင်းနိစ်နွယ်ဖွားတွေချည်းများတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို အမေရိကားမှာ စတင်မိတ်ဆက်ပေးခဲ့တာလည်း သူတို့ပဲ။ မြန်မာချိုင်းနိစ်တွေဟာ ပညာတတ်တွေ၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေများကြတယ်။ အိန္ဒိယသွေးနှောတဲ့ မြန်မာကပြားတွေလည်း အနည်းငယ်ပါရှိခဲ့တယ်။
မြန်မာအမေရိကန်တွေ ဒုတိယလှိုင်းအနေနဲ့ အမေရိကားကို ရောက်ရှိလာကြတာကတော့ ၁၉၈ဂပြည်သူ့အရေးတော်ပုံကြီး(ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး) နောက်ပိုင်းမှာပါ။ အဲဒီဒုတိယလှိုင်းနဲ့ ရောက်လာသူအစုထဲမှာ မြန်မာနဲ့ အတူ ကရင်၊ ကချင်၊ ချင်းစတဲ့တိုင်းရင်းသားမျိုးစုံ ပါလာခဲ့ပြီ။ ရှစ်လေးလုံးနောက်ပိုင်းကနေ ၂၀၀၀ခုနှစ်အတွင်း လူနှစ်သောင်းခွဲကျော် ရောက်လာခဲ့ကြပါသတဲ့။ နိုင်ငံရေးဒုက္ခသည်တွေအများစုဖြစ်တဲ့ ဒီအသုတ်မှာပါတဲ့ မြန်မာခြောက်ထောင်ကျော်က အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ အခြေချကြတယ်။
၂၀၀၆ကနေ နောက်ပိုင်းမှာ တတိယလှိုင်းနဲ့ရောက်လာခဲ့ကြသူတွေကတော့ ထိုင်းမြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံပါပဲ။ ကရင်လူမျိုးအများစုပါ။ ၂၀၀၆ခုနှစ် အောက်တိုဘာလကနေ ၂၀၀၇ခုနှစ် သြဂုတ်လအထိ ဆယ့်တစ်လအတွင်းမှာပဲ ကရင်ဒုက္ခသည်ပေါင်း တစ်သောင်းနှစ်ထောင့်ရှစ်ရာအထိ အမေရိကားကို ရောက်လာခဲ့တယ်။ အခုနောက်ဆုံးစာရင်းတွေအရ တတိယလှိုင်းနဲ့ ဝင်လာကြတဲ့မြန်မာအမေရိကန်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ရှိတာကြောင့် (၂၀၀၇-၂၀၁၇)ဆယ်နှစ်တာအတွင်းအမေရိကန်ရောက် တကမ္ဘာလုံးက စစ်ပြေးဒုက္ခသည်စာရင်းမှာ မြန်မာခရစ်ယာန်(ကရင်လူမျိုးအများစု) တွေက နံပါတ်တစ်စာရင်း ဝင်သွားပါတယ်။
အရင်ရောက်နှင့်ပြီးဖြစ်တဲ့ မြန်မာအမေရိကန်မိသားစုဝင်တွေက တရားဝင်ခေါ်ယူကြတဲ့အခါ မိဘ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ ညီအကို၊ မောင်နှမ တွေ ရောက်ရှိလာကြတယ်။ ဒါ့အပြင် ဒီဗွီမဲလို့ အတိုခေါ်ကြတဲ့ Diversity Visa Program အရ မဲပေါက်ပြီးရောက်လာကြသူကလည်း နှစ်စဉ်လိုလိုမနည်းလှပါ။
စစ်အစိုးရအဆက်ဆက်ရဲ့ ကျေးဇူးတော်အဖုံဖုံကြောင့် ရောက်ရှိလာကြတဲ့ မြန်မာအမေရိကန်စာရင်းဟာ တိုးပြီးရင်းတိုးပါပဲ။ ဆယ်နှစ်တစ်ခါကောက်တဲ့ အမေရိကန်သန်းကောင်စာရင်းအရပြောရရင် ၂၀၀၀ခုနှစ်စာရင်းအရ မြန်မာဦးရေ (၁၆,၇၂၀)ပဲရှိရာက ၂၀၁၀စာရင်းမှာ (၁၀၀,၂၀၀)ဖြစ်သွားလို့ တိုးနှုန်းက ၄၉၉%ပါတဲ့။ ဆယ်နှစ်အတွင်း ငါးဆနီးပါး တက်လာတယ်။ အရင်က သန်းကောင်စာရင်းမှာ 'အခြားအာရှလူမျိုးများ'လို့ ဖြည့်ခဲ့ကြရပေမဲ့ အခုလာမဲ့ ၂၀၂၀သန်းကောင်စာရင်းမှာတော့ 'မြန်မာ-အမေရိကန်'လို့ ကိုယ့်လူမျိုးအမှန်အတိုင်း ဖြည့်ခွင့်ရတော့မယ် ထင်ပါရဲ့။
မြန်မာအမေရိကန်တွေအများဆုံးနေထိုင်တဲ့ မြို့တွေကတော့
(၁)မင်နီဆိုးတားပြည်နယ်၊ မင်နီယားပူးလစ်( Minneapolis, Minnesota) မှာ မြန်မာနွယ်ဖွား တစ်သောင်းနီးပါးရှိတယ်။ ကရင်နွယ်တွေ နှစ်ထောင့်ငါးရာကျော်အပါအဝင် တိုင်းရင်းသားပေါင်းစုံပဲ။
(၂)အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့(Fort Wayne, Indiana)မှာ မြန်မာပြည်က နိုင်ငံရေးဒုက္ခသည်အများအပြားအပါအဝင် မြန်မာခြောက်ထောင်ကျော်နေတယ်။
(၃)နယူးယော့ခ်ပြည်နယ်၊ နယူးယော့ခ်( New York, New York) တစ်ဝိုက်မှာ မြန်မာချိုင်းနိစ်နွယ်အများစုဖြစ်ပြီး ခုနှစ်ထောင်ကျော်နေတယ်။
(၄)ကယ်လီဖိုးနီးယားမြောက်ပိုင်း၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာ( San Francisco Bay Area, California) တစ်ဝိုက်မှာလည်း ချိုင်းနိစ်နွယ်ဖွားအများစုဖြစ်တဲ့ မြန်မာတွေ ခြောက်ထောင်ကျော်လောက် ရှိကြတယ်။
(၅)ကယ်လီဖိုးနီးယားတောင်ပိုင်း၊ လော့စ်အိန်ဂျလိစ္စမြို့( Los Angeles, California) တစ်ဝိုက်မှာလည်း ချိုင်းနိစ်နွယ်ဖွားအများစုဖြစ်ပြီး မြန်မာခြောက်ထောင်နီးပါးရှိတယ်။
(၆)တက္ကဆက်ပြည်နယ်၊ဒါးလက်စ်၊ ဟူစတန်တဝိုက်( Dallas, Texas) မှာလည်း မြန်မာငါးထောင်နီးပါးရှိတယ်။
(၇)ဥက္ကလာဟိုးမားပြည်နယ်၊ တူလ်ဆာ(Tulsa, Oklahoma) တစ်ဝိုက်မှာ ချင်းလူမျိုး ငါးထောင်ကျော် နေတယ်။
(၈)အင်ဒီယားနားပူးလိ(Indianapolis)၊ ဘတ်ဖလိုး( Buffalo)၊ ဝါရှင်တန်(Washington) တစ်ဝိုက်တွေမှာလည်း လေးထောင်ခန့်ဆီ ရှိကြတယ်။
(၉) မြန်မာအမေရိကန်တွေ အများစုနေကြတဲ့ နောက်ထက်မြို့ကြီးတွေကတော့ ချီကာဂို၊ဆန်ဒီယေးဂို၊ဘော့စတွန်၊ ဖလော်ရီဒါ စတဲ့မြို့တွေပါပဲ။ မြို့ကြီးတွေအများစုမှလိုလို မြန်မာတွေနေကြပါတယ်ပေါ့ဗျာ။
အခုလို အမေရိကားပြည်နယ်အနှံ့က မြို့ကြီးတွေကို မြန်မာတွေ ပျံ့နှံ့သွားရခြင်း နောက်ထပ်အကြောင်းတစ်ခုကတော့ ဆူရှီ(Sushi) လို့ခေါ်တဲ့ ဂျပန်ထမင်းလိပ်နဲ့ငါးထမင်းကပ် လုပ်ငန်းကြောင့်ပါပဲ။ 'သခင်မျိုးဟေ့ ဘီရုမာ' တွေဟာ အမေရိကားရောက်တဲ့အခါ 'နိပွန်'တွေဖြစ်ကုန်ကြပြီး ဆူရှီဆိုင်တွေ ထောင်ကြပါတယ်။ ဂျပန်အစားအစာရောင်းရင်း အသက်မွေးကြတဲ့ မြန်မာအမေရိကန်က အများစုပါ။ဆူရှီလုပ်ငန်းစုတစ်ခုကို ထူထောင်ခဲ့တဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးဆိုရင် သမ္မတအိုဘားမားရဲ့ မိန့်ခွန်းပြောပွဲအခမ်းအနားကို ဖိတ်ကြားခံခဲ့ရဖူးတယ်။
ဒီလိုထူးချွန်ထက်မြက်တဲ့ မြန်မာအမေရိကန်တွေလည်း အများကြီးပါပဲ။ ဆရာဝန်တွေ၊ တက္ကသိုလ်က ပရော်ဖက်ဆာတွေ၊ နာဆာအဖွဲ့ကြီးက ပညာရှင်တွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ ရေးပြရရင် ကုန်နိုင်စရာမရှိ။ နိုင်ငံကျော်အနုပညာရှင်တွေထဲကဆိုရင်တော့ ဂန္ဓဝင်အဆိုတော်ကြီးအန်တီဒေါ်မာမာအေး၊ အန်ကယ်နိုး(သိန်းတန်၊မြန်မာပြည်)၊ မေယု၊မေဆွိ၊ မေဝင်းမောင်၊ နီနီဝင်းရွှေ၊ မီမီဝင်းဖေ၊ရတနာဦး။ (ကွယ်လွန်သွားပြီဖြစ်ကြတဲ့ ဒါရိုက်တာဦးကြီးမြင့်၊ စာရေးဆရာတင်မိုး၊ ကြေးမုံဦးသောင်း၊ မောင်သာရ၊ နေရှင်းဦးလောရုံ၊ မယ်ဗမာနော်လွီဇာဗင်ဆင်) တို့အပြင် ဒါရိုက်တာဦးဝင်းဖေ၊ ဆရာမောင်စွမ်းရည်၊ မေငြိမ်း၊ ခက်မာ တို့ဟာ အမေရိကန်အခြေစိုက် မြန်မာတွေပါ။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုထဲမှာကိုပဲ လူငယ်သတင်းအယ်ဒီတာတွေဖြစ်တဲ့ ကိုခိုင်ဘွား( မြန်မာဂေဇက်)၊ ကိုရစ်( မိုးမခမီဒီယာ)၊ ကိုထိန်လင်း( ဧရာဝတီသတင်းဌာန အယ်ဒီတာဟောင်း) တို့အခြေစိုက်ပြီး မြန်မာအမေရိကန်သတင်းသမားတွေအဖြစ် ရှိနေကြတယ်။ မြန်မာပြည်အတွက် မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်ပေးနေကြတယ်။
အခြားထင်ရှားတဲ့ မြန်မာသွေးပါကြသူ မြန်မာအမေရိကန်မိသားစုဝင်တွေကတော့
▪ Julie Chen: television personality
▪ Rich Cho: sports executive
▪ Wendy Law-Yone: writer
▪ Kyaw Kyaw Naing: hsaing waing musician
▪ Natalise: singer
▪ Aung San Oo: brother of Aung San Suu Kyi
▪ Abraham Sofaer: actor, of Burmese Jewish origin
▪ Ezra Solomon: economist
▪ Alex Wagner: television anchor
▪ Patrick Wang: actor and writer
▪ Moe Z. Win: professor at Massachusetts Institute of Technology
▪ Adrian Zaw: actor တို့ ဖြစ်ကြတယ်။
မြန်မာအမေရိကန်တွေအကြောင်း သိချင်သူများအတွက် အနည်းငယ်သော သိသင့်သမျှကို အင်တာနက်ကြီးထဲမှာတွေ့သမျှ ဝေမျှ လိုက်တဲ့သဘောပေါ့။ အကျယ်သိချင်သူများအတွက်ကတော့ Wikipedia ထဲဝင်ဖတ်ချင်ဖတ်၊ ဒါမှမဟုတ် ဂူဂဲလ်(Google)ထဲသာ ဝင်မွှေကြပါတော့လို့။

Subscribe to:
Posts (Atom)