Friday, September 21, 2018

ဆန်ဖရန်ဗေးဧရိယာ စာပေဟောပြောပွဲ(၂၀၁၈)

ဆန်ဖရန်စစ္စကိုဗေးဧရိယာရဲ့ မြန်မာစာပေစောပြောပွဲ(၂၀၁၈)

ဆန်ဖရန်စစ္စကို ဗေးဧရိယာမှာ မြန်မာပြည်ဖွားတွေအများအပြားနေကြတယ်။ စာပေချစ်သူတွေလည်း မနည်းလှ။ ကိုယ့်နိုင်ငံနဲ့ဝေးနေကြပေမဲ့ မြန်မာစာပေနဲ့ အဆက်မပြတ်သွားကြဘူး။ စာရေးဆရာတွေကို နှစ်စဉ်ဖိတ်ကြားပြီး စာပေဟောပြောပွဲတွေ ဆက်တိုက်ကျင်းပနိုင်ခဲ့ကြတယ်။

ပထမဆုံးစာပေဟောပြောပွဲက ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာစာဆိုကြီး ဆရာတင်မိုးနဲ့စခဲ့ကြတာ။ ၂၀၀ဝပြည့်နှစ်မှာ စခဲ့ကြတာ နှစ်စဉ်ပါပဲ။ တစ်နှစ်မှ မပျက်ခဲ့ဘူး။ အမေရိကန်အခြေစိုက် စာရေးဆရာတွေကို အားကိုးခဲ့ကြရတယ်။ (၁၈)နှစ်ခရီးမှာ ဟောပြောပေးခဲ့ကြသူ စာရေးဆရာတွေကို မှတ်မိသလောက် မှတ်တမ်းတင်ရရင် ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာမောင်သာရ၊ ဒါရိုက်တာ ဆရာဦးဝင်းဖေ၊ ကြေးမုံဦးသောင်း တို့က ပင်တိုင်။ စာရေးကောင်းတဲ့ ဆရာတော်တွေဖြစ်တဲ့ ဉာဏ်ဦးမောင်( မုဒိတာရွှေကျောင်းဆရာတော်)၊ ဆရာတော်ကံထွန်းသစ် တို့လည်း ပါဝင်ဟောပြောခဲ့ဖူးတယ်။ ဆရာခင်မောင်ညို( ဒေါက်တာခင်မောင်ညို)၊ ညီလေးနေဘုန်းလတ်၊ ဆရာညို( မောင်သစ်ဆင်း)၊ ဆရာဆောင်း(ဆောင်းဝင်းလတ်)၊ ဆရာမ မေငြိမ်း၊ ဆရာမ ခက်မာ၊ ဆရာညီ(ညီမင်းညို)၊ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဘုန်း(ကိုဘုန်း(ဓါတု))၊  ဆရာချစ်(ချစ်ဦးညို)၊ ဆရာမဂျူး၊ ဆရာထင်(ထင်လင်းဦး)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာကြည်မင်း၊ ဆရာမ မိချမ်းဝေ တို့အပြင် ဖို့ဝိန်းအခြေစိုက် စာရေးဆရာတွေလည်း ပါခဲ့ကြတယ်။ နာမည်မေ့နေလို့ ကျန်ရစ်ခဲ့တဲ့ စာရေးဆရာတွေလည်း အများကြီးပါ။

မြန်မာစာပေဟောပြောပွဲကို နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ပဲ ကျင်းပနိုင်တဲ့ အမေရိကားက မြို့ကိုပြပါဆိုရင်လည်း ဆန်ဖရန်စစ္စကိုပဲ ရှိပါလိမ့်မယ်။ ဒီလိုကျင်းပနိုင်တာ မြို့ခံစာပေချစ်သူများရဲ့ အားပေးကူညီမှုတွေကြောင့်ပါပဲ။ ဒါကြောင့် ဆန်ဖရန်အခြေစိုက် စာပေချစ်သူများကို ကျေးဇူးတင်ကြောင်းမှတ်တမ်းတင်ပါရစေ။

မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေကလည်း စာပေဟောပြောပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတယ်။ သွားဆရာဝန်တွေ၊ စားသောက်ဆိုင်တွေ၊ ပန်းအရောင်းဆိုင်တွေ၊ ကားပြင်တဲ့ဆိုင်တွေ စတဲ့ မြန်မာပိုင်ဆိုင်တွေကလည်း နှစ်စဉ်ပဲ ကူညီပေးကြပါတယ်။ မြန်မာပိုင်ဆိုင်ကြောင်းသိဖို့ ဂုဏ်ယူစွာနဲ့ မြန်မာအလံလွှင့်ထူထားတဲ့ Napa အခြေစိုက် iNapa winery ကလည်း စာရေးဆရာတွေအတွက် လက်ဆောင်အဖြစ် premium wine  တွေ လှူဒါန်းပေးခဲ့တာ နှစ်စဉ်ပါ။ တစ်ဦးချင်းစီ ဒေါ်လာတစ်ရာ၊ ငါးဆယ် စသည်နဲ့ နှစ်စဉ်လှူသူတွေလည်း ရှိပါတယ်။ သူတို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်ခွင့်ပြုပါ။

ဒီနှစ် ၂၀၁၈ စာပေဟောပြောပွဲမှာ ဟောပြောပေးမဲ့ စာရေးဆရာတွေကတော့ နိုင်ငံကျော်တွေဖြစ်တဲ့ ဆရာအော်ပီကျယ်နဲ့ ကိုမင်းကိုနိုင်တို့ပါပဲ။

ဆရာအော်ပီကျယ်ဆိုရင် ကာတွန်းရုပ်ပြောင်တွေနဲ့ ခေတ်ကိုသရော်တဲ့နေရာမှာ သူမတူအောင်ထူးချွန်လှသူမို့ နိုင်ငံကျော်ကာတွန်းဆရာအဖြစ် အားလုံးကသိပြီးမို့ မိတ်ဆက်ပေးစရာတောင်မလိုတော့။ ဆရာက ကာတွန်းရုပ်ပြောင်လေးတွေ အရေးကောင်းသလို ပညာပေးစာလေးတွေကိုလည်း ကာတွန်းရုပ်လေးတွေနဲ့ မှတ်မိလွယ်အောင် ရေးသားနေပါတယ်။

မင်းကိုနိုင်ဆိုရင်လည်း ၈၈ကျောင်းသားခေါင်းဆောင်အဖြစ် အားလုံးသိကြမှာပဲ။ ပန်းချီဆရာကြီးဦးသက်ညွန့်ရဲ့သားပီပီ ပန်းချီလည်းအရေးကောင်းသူ၊ ကဗျာအရေးတော်သူ၊ စာရေးကောင်းသူတစ်ဦးပါ။ နောက်ကြည့်မှန်အပါအဝင် ဝတ္ထုကောင်းတွေ အများအပြားရေးသားထုတ်ဝေထားပါတယ်။

အဲဒီဆရာနှစ်ဦးရဲ့ စာပေဟောပြောပွဲကို ယခုလာမဲ့စနေနေ့ညနေ(၅)နာရီမှ(၉)နာရီအထိ Newark မြို့ Swiss Park မှာကျင်းပကြပါမယ်။အစဉ်အလာမပျက် မြန်မာထမင်းဟင်းများနဲ့လည်း ဧည့်ခံပါ့မယ်။ မြန်မာစာပေချစ်သူတွေရဲ့ မေးခွန်းများကိုလည်း ဆရာများက ဖြေကြားကြပါလိမ့်မယ်။ ဆရာတွေရဲ့ ဟောပြောချက်တွေကို နားထောင်ကြဖို့ မြန်မာစာပေဟောပြောပွဲကို ကြွခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

No comments:

Post a Comment