သဘာဝအလှတရာများနဲ့ ဘစ်ဆား(Big Sur)ခရီး
ဘစ်ဆား၊ ဘစ်ဆားနှင့် ပြောသံကြားနေတာတော့ကြာပြီ။ အလွန်လှတဲ့ဘစ်ဆားရှုခင်းတွေနှင့်အတူ အမှတ်(၁)အဝေးပြေးလမ်း(Highway one)ကလည်း အလွန်နာမည်ကြီးသည်။ သို့ပါသော်လည်း အမှတ်(၁)လမ်းမကြီး၏ ကားပိတ်(Traffic jam)ချက်ကလည်း နာမည်ကျော်မို့ မရောက်ဖြစ်ခဲ့။ ခုတော့ အများပြောတဲ့ ဘစ်ဆား(Big Sur)ကို ရောက်ခဲ့ပါပြီ။
ပထမစီစဉ်သည်က ကယ်လီဖိုးနီးယားအလယ်ပိုင်းရှိ ဖရက်စနို(Fresno)နှင့် မနီးမဝေးရှိ ဂစ်ဇလီရေတံခွန်(grizzly falls)။ ဟော်တယ်လည်းငှားပြီးပြီ။ ခရီးထွက်ရန် ရက်နီးလာသည့်တိုင် ယိုစမ်းမတီတောမီး(Yosemite Fire)က မငြိမ်းသေး။ မီးခိုးတွေက ထိုခရီးဆီမှာ။ ဖရက်စနိုမြို့ အပူချိန်ကလည်း (၁၀၄)ဒီဂရီဖာရင်ဟိုက်ကမကျ။ ဆန်ဖရန်ဗေးဧရိယာ အအေးဓါတ်နဲ့ နေသားကြနေတဲ့သူတွေမို့ အပျော်ခရီးကို ပူပူလောင်လောင်နှင့် သွားရမှာကိုကြောက်ကြသည်။ ဒီလိုနှင့် ဟော်တယ်ဘွတ်ကင်ဖျက်။ ခရီးစဉ်ပြောင်းကာ နှစ်ရက်၊ တစ်ညအိပ်နှင့် အဆင်ပြေမည့် ဘစ်ဆားခရီးစဉ် ဖြစ်ခဲ့၏။
နှစ်ရက်၊တစ်ညအိပ်ခရီးက အချိန်တိုလည်ပတ်လိုသူတွေအတွက် အိုကေလှ၏။ ဒီအချိန်က နွေရာသီကျောင်းပိတ်ရက်မို့ ခရီးသွားရာသီ။ ဘစ်ဆားခရီးအတွက် ဟော်တယ်တွေ ကြိုတင်၍ ဘွတ်ကင်(booking)မလုပ်မိထားတဲ့ မောင်လူပေတို့အတွက်တော့ သိပ်မအိုကေလှ။ ပင်လယ်ကမ်းစပ်မြို့တွေမှာ တစ်ညတာအိပ်စက်ဖို့ ဟော်တယ်ခန်းတစ်ခုငှားခက လေး၊ငါးရာမှ နှစ်ထောင်၊ သုံးထောင် ဖြစ်နေပြီ။ တောစခန်း(Camping ground)တွေကလည်း ဘွတ်ကင်အပြည့်။ ရွေးစရာလမ်းသိပ်မရှိ။ သည်သို့နှင့် ပင်လယ်နှင့်သိပ်မဝေးလှသည့် ဆလိနာ့(Salinas)မှာ အွန်လိုင်းပေါ်ကကြိုက်ဈေးတောင်းသမျှပေးပြီး တစ်ညနားဖို့ အခန်းရ။
ပထမနေ့မှာ နာမည်ကျော် ကာမဲလ်(Carmel)ကမ်းခြေသို့ ချီတက်ကြ၏။ ကာမဲလ်မြို့ကား နယ်နယ်ရရမဟုတ်။ ကောင်းဘွိုင်မင်းသားကြီးကလင့်အိဝုဒ်(Clint Eastwood)နေတဲ့မြို့။ သူပိုင်တဲ့ ဟော်တယ်နှင့်စားသောက်ဆိုင်ကြီးလည်း အဲဒီမြို့မှာ ဟီးထလို့။ (ဈေးကြီးတဲ့ သူ့ဟော်တယ်မှာလည်း ဘွတ်ကင်အပြည့်မို့ ကြိုတင် ဘွတ်ကင်မလုပ်ထားရင် တည်းခိုဖို့မလွယ်လှ။) အိမ်မှမနက်စောစောထွက်ခဲ့ကြသော်လည်း မနက်ဆယ်နာရီနီးပါးမှ ရောက်သွားလေတော့ ပင်လယ်ဘေးက ကာမဲလ်မြို့လေး(Carmel by-the-sea)ရဲ့ မြွေလိမ်မြွေကောက်လမ်းလေးတွေထဲမှာ အလည်လာကြသူတွေရဲ့ ကားတွေပြည့်နေပြီ။ တစ်ဘီးခြင်းလှိမ့်နေရပြီ။ ကာမဲလ်ကမ်းခြေ(Carmel beach)က ကားရပ်ဖို့နေရာ ရှားလှသဖြင့် ကမ်းခြေမရောက်မှီ နှစ်မိုင်ကွာလောက်လိုသေးသော်လည်း တစ်ဘီးလှိမ့် ငါးမိနစ်ရပ်ဖြစ်နေသည်။ သည်လိုနှင့် အနီးဆုံးမှာရှိတဲ့ ကာမဲလ်မြစ်နှင့်ပင်လယ်ဆုံရာကမ်းခြေ(Carmel River state beach ) သို့ ခရီးစဉ်ပြောင်း။ ဒီနေရာလေးကလည်း နတ်ဘုံလေးတစ်မျှ သာယာလှပါသည်။ ပင်လယ်ကွေ့လေးကသိပ်မကျယ်လှသော်လည်း ခရီးသွားသိပ်မများ၍ အိုကေသည်။ကျောက်ဆောင်တွေက လှသည်။ ဓါတ်ပုံသမားတွေအကြိုက်။ လူသိပ်မသိသေးသော နေရာလေး။
ထိုနေရာမှတဆင့် မွန်တရေး(Monterey)သို့ပြန်၊ နေ့လည်စာစား၊ ထို့နောက် ခြေလျှင်တောင်တက်ခရီးအတွက် ကာမဲလ်တောထဲဝင်။ တောထဲမှာ တစ်နာရီလောက်လမ်းလျှောက်။ ညနေစောင်းတော့ ဆလိနာ့ပြန်။ ဟော်တယ်ဝင်။ ဆလိနာ့မြို့ဟောင်းကိုသွားလည်။ နား။
နောက်နေ့မနက်စာစားပြီး မွန်တရေး(Monterey)ရဲ့ နာမည်ကျော် (၁၇)မိုင်လမ်း(17 miles Drive)သို့ရောက်။ ဒီ(၁၇)မိုင်လမ်းကို နှစ်ပတ်ကျော်အတွင်း နှစ်ကြိမ်ရောက်ခဲ့ခြင်းဖြစ်၏။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ သူငယ်ချင်းတစ်ဦးရဲ့မိသားစုကိုလိုက်ပို့ရင်း တစ်ခေါက် ရောက်ခဲ့သေး။ ပင်လယ်ဖျံတွေကြည့်၊ အထီးကျန်ဆိုက်ပရပ်ပင်ကြီးကြည့်၊ ကမ်းစပ်ကသဲဖြူတွေနင်း( ရာဇမတ်တော့ မကာခဲ့ပါ။)
သဲဖြူနင်းရင်း စဉ်းစားမိသေးရဲ့။ ဗမာဘုရင်တွေ သဲဖြူနင်းတာ ဒီသဲတွေလောက်ဖြူမယ်မထင်။ ဒီ(၁၇)မိုင်လမ်း စပိန်ကမ်းခြေသဲတွေက ဆွတ်ဆွတ်ဖြူတွေ။ သဲဖြူနင်းတိုင်းသာ ရှင်ဘုရင်ဖြစ်ရရင် ရှင်ဘုရင်တွေနည်းမည်မထင်။ ဒီကမ်းခြေရောက်လာသူက တစ်ရက်ထောင်သောင်းချီပဲ။
မွန်တရေး(၁၇)မိုင်လမ်း(Monterey 17 miles drive)မှတဆင့် အမှတ်(၁)အဝေးပြေးလမ်းမကြီး( Highway 1)အတိုင်း တောင်ဖက် ဘစ်ဆား(Big Sur)သို့နောက်ထပ် မိုင်ခြောက်ဆယ်လောက်မောင်းခဲ့သည်။ ရှုမျှော်ခင်းများကား ရင်သတ်ရှုမော။
အမှတ်(၁)အဝေးပြေးလမ်းမကြီး(Highway 1)က ကျဉ်းကျဉ်းလေး။ တစ်ဖက်လျှင် ကားတစ်စီးသာ မောင်းလို့ရသည်။ မွန်တရေးကထွက်သည်နှင့် ကာမဲလ်တောင်ပေါ်မြို့(Carmel highland) ကိုရောက်၏။ ကာမဲလ်ကို ပင်လယ်ကမ်းစပ်မြို့နှင့် တောင်ပေါ်မြို့ဟူ၍ နှစ်ပိုင်းခွဲထားသည်။
ကာမဲလ်တောင်ပေါ်မြို့ဟူသည့်အတိုင်း လမ်းက တောတောင်တွေထဲမှာ မြွေလိမ်မြွေကောက်။ ထိုတောအုပ်ကြီးမှလွန်သည်နှင့် ပစိဖိတ်သမုဒ္ဒရာကြီးဘေးရောက်သွားတော့၏။ ကားလမ်းကို ပင်လယ်နှင့်အပြိုင်ဖေါက်ထားသဖြင့် မြင်ကွင်းတွေက ရေးမပြတတ်အောင် လှလွန်းပေစွ။ ပင်လယ်က ကားလမ်းနှင့်တပြေးညီဖြစ်လိုက်။ ကားလမ်းက တောင်ပေါ်တက်သွားသဖြင့် ပင်လယ်က အောက်ရောက်သွားလိုက်၊ ပင်လယ်ရဲ့မြူခိုးတွေက ကိုယ့်အောက်ရောက်လိုက်၊ ကိုယ်က မြူခိုးအောက်ရောက်လိုက်။
အမှတ်(၁)လမ်းမကြီးနှင့်ဘစ်ဆားက ခွဲမရ။ ဒီလမ်းမကြီး၏ မိုင်ခုနှစ်ဆယ်လောက်ကို ဘစ်ဆားဟု အမည်တွင်သည်။ တောတွေထဲရောက်လိုက် ပင်လယ်ဘေးပြန်ရောက်လိုက်နှင့် သည်လမ်းမကြီး၏ အလှအပတွေကြောင့် နာမည်ကျော် ယိုစမ်းမတီ(Yosemite)နှင့်အပြိုင် ခရီးသွားတွေလာလည်ကြသည်။ လမ်းဘေးမှာ ကားရပ်ပြီးရှုခင်းကြည့်သူတွေများတော့ တချို့နေရာမှာ အတော်ကားပိတ်နေ၏။
သည်လမ်းတစ်လျှောက် ပင်လယ်ရှုခင်းတွေက အလွန်ရှည်လျှားသလို အလွန်လှသဖြင့် ကမ္ဘာ့အလှဆုံး သဘာဝပင်လယ်ကမ်းခြေများ စာရင်း၏ ထိပ်ဆုံးမှာ ဘစ်ဆား ပါနေခြင်းပင်။ ထို့အပြင် ဒီပင်လယ်ကမ်းခြေတလျှောက်၏ လေးပုံသုံးပုံလောက်က ဗဟိုအစိုးရပိုင်ဖြစ်၏။ ဒီဒေသကား မဖွံ့ ဖြိုးစေပဲ သဘာဝအတိုင်းသာ ရှိနေစေသည့် ပင်လယ်ကမ်းခြေကြီး ဖြစ်သည်။ ထို့ကြောင့် လမ်းတစ်လျှောက် ဟော်တယ်မရှိ၊ ဈေးဆိုင်မရှိ၊ ကိုယ်ပိုင်အိမ်အနည်းငယ် ရှိသည်မှအပ ဘာဆိုဘာမျှမရှိပဲ သဘာဝကမ်းခြေကြီးက တောင်တွေနှင့်အလျှားလိုက်။ ပင်လယ်အော်သံမှလွဲ၍ အခြားအသံများမရှိ။
မြန်မာပြည်က ပင်လယ်ကမ်းခြေတွေဆိုလျှင်တော့ ကမ်းခြေမှာ ဟော်တယ်တွေအပြည့်။ ဈေးတန်းတွေအပြည့်။ ခေါင်းရွက်ဗြတ်ထိုးဈေးသည်လေးတွေ၏ "ငါးကင်ရမယ်။ ပုဇွန်ကင်ရမယ်။" ဆိုသည့် အသံစာစာလေးတွေကြားရမည်။
ပင်လယ်ရှုခင်းကောင်းလျှင် ကားရပ်၊ ဓါတ်ပုံရိုက်။ တံတားကြီးတွေလှလျှင် ခဏရပ်၊ တံတားနှင့်အမှတ်တရပုံတွေရိုက်ကြ၏။
အမှတ်(၁)အဝေးပြေးလမ်းမကြီး၏ ထူးခြားချက်များတွင် ထိုတံတားများလည်း အပါအဝင်။ အလွန်သွားလာရေးခက်လှသော ဘစ်ဆားနှင့် ဆန်ဖရန်ဒေသကို ဒီတံတားတွေနှင့်ဆက်ပေးခဲ့တာ ၁၉၃၀ကျော်နှစ်များထဲကမို့ နှစ်ပေါင်းရှစ်ဆယ်ကျော် ရှိခဲ့ပြီ။ ဂငယ်ပုံကွန်ကရိအောက်ခံပေါ်က တံတားများက ပင်လယ်၏ရာသီဥတုမျိုးစုံကို ကြံ့ကြံ့ခံရင်း ယခုတိုင် အသုံးတော်ခံနေဆဲ။ ဆောင်းအခါ မိုးကောင်းပါက တောင်ပြိုသဖြင့် လမ်းပိတ်တာကလွဲ၍ တံတားပြသနာဖြစ်တာ မရှိခဲ့သေး။ သမိုင်းဝင်တံတားများ(Historic Bridge) တွေဘဝ ရောက်နေကြပြီမို့ တံတားဖိုးဖိုးကြီးတွေပေါ့။ ခုထိ သန်တုန်းမြန်တုန်း ဖိုးဖိုးကြီးတွေ။ ကားတွေလူတွေရဲ့အလေးချိန်ပေါင်းများစွာကို ထမ်းပိုးအသုံးတော်ခံနေဆဲ။
ပင်လယ်နှင့်အပြိုင် မိုင်သုံးဆယ်လောက်မောင်းပြီးတော့ တောအုပ်ကြီးထဲရောက်သွားပြန်၏။ ဘစ်ဆားတောအုပ်ကြီးကား မှိုငိးညှို့နေသည်။ ဒီတောအုပ်ထဲရောက်မှ စားသောက်ဆိုင်လေးတွေ အနည်းငယ်တွေ့ရသည်။ ဓါတ်ဆီဆိုင်လေးတွေ့သည်။
ဘစ်ဆားတောစခန်း(Camping ground) တွေကလည်း လူအပြည့်မို့ ခေတ္တခဏနားဖို့နေရာတောင် အတော်ရှာလိုက်ရ၏။ ထို တောစခန်းလေးထဲမှာ စမ်းချောင်းကလေးလည်းးရှိ၍ စမ်းချောင်းထဲမှာ လမ်းလျှောက်ကြသည်။ တောစခန်းမှအပြန်တွင် ဘစ်ဆားကမ်းခြေဆင်းဖို့ ကြိုးစားခဲ့သေးသော်လည်း ကမ်းခြေမှာ ကားရပ်စရာမရှိသောကြောင့် ပြန်ကွေ့ပါဟု ညွှန်ကြားခံရသဖြင့် မရောက်ခဲ့။
ဘစ်ဆားမှ အပြန်ခရီးကလည်း နေဝင်ချိန်အလှနှင့် ရင်သတ်ရှုမောပါပဲ။ မြူတွေဆိုင်းနေတဲ့ ပင်လယ်ရဲ့နေဝင်ချိန်ပေါ့။ ငှက်ကလေးတွေကလည်း အိပ်တန်းတက်ဖို့ ပြန်နေကြပြီ။ မောင်လူပေတို့လည်း အိမ်ပြန်နားဖို့အတွက် ပိတ်နေတဲ့ကားတန်းကြီးနှင့်အတူ ပြန်ခဲ့ကြပါ၏။
တစ်ညအိပ် နှစ်ရက်ခရီးတို သွားချင်သူများအတွက် အဆင်ပြေလှသည့် ဘစ်ဆားခရီးစဉ်( မွန်တရေး၊ ဆလိနာ့၊ ကာမဲလ်၊ ဘစ်ဆား) အကြောင်း မိတ်ဆွေသူငယ်ချင်းများကို ဖေါက်သည်ချအပ်ပါသည်ခင်ဗျား။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment