Tuesday, September 11, 2018

ရှစ်လေးလုံးနှစ်သုံးဆယ်(၁)

ရှစ်လေးလုံးနှစ်သုံးဆယ်(၁)

မြန်မာဒီမိုကရေစီရေးအတွက် လှုပ်ရှားမှုတွေထဲမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဓိကအခန်းကပါဝင်ခဲ့တယ်။ ဒီအရေးတော်ပုံကြီးဟာ နှစ်သုံးဆယ်ပြည့်ခဲ့ပြီ။

နှစ်သုံးဆယ်ဆိုတာ လူတစ်ယောက်အတွက်ဆိုရင်တော့ လူလတ်ပိုင်းဝင်စ၊ အလုပ်အကိုင်တွေ မိသားစုတွေနဲ့ အခြေကျစ အရွယ်ပဲ။ သားသမီးတွေတောင် ရနေလောက်တဲ့အရွယ်။

အဲဒီရှစ်လေးလုံးကို ကျွန်တော်တို့ဖြတ်သန်းခဲ့ကြတယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အဲဒီသမိုင်းထဲမှာ ကျွန်တော်တို့ပါဝင်ခဲ့ကြတယ်။ အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ချင်ဖြစ်မယ်။ ပန်းရံကိုင်တဲ့လက်လည်း ဖြစ်ချင်ဖြစ်မယ်။ နှစ်သုံးဆယ်ကြာပြီးတဲ့ ယခုအချိန်မှာတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ ရှစ်လေးလုံးကို အပြင်လူတစ်ယောက်လို ပြန်မြင်ကြည့်တတ်ခဲ့ပြီ။

ရှစ်လေးလုံးသမိုင်းကို တန်ဖိုးထားခဲ့သူတွေလည်းရှိတယ်။ တန်ဖိုးဖျက်ချင်သူတွေလည်းရှိတယ်။ စိန်တစ်ပွင့်လိုပေါ့။ တန်ဖိုးမထားတတ်သူအတွက်တော့ ပုလင်းကွဲလို့  မြင်မှာပါပဲ။ ဒါကြောင့် သမိုင်းတန်ဖိုးကိုဖြတ်တဲ့အခါ တန်ဖိုးသိမှ တန်ဖိုးရှိမယ်။ ဒါကြောင့် အဲဒီခေတ်ကိုမမှီခဲ့တဲ့ လူငယ်တွေ သိစေချင်တယ်၊ တန်ဖိုးထားတတ်စေချင်တယ်။ အဲဒီခေတ် ရှစ်လေးလုံးကို ဖြတ်သန်းခဲ့တဲ့လူငယ်တွေရဲ့ မပြီးဆုံးခဲ့သေးတဲ့ သမိုင်းတာဝန်ကို ဒီခေတ်လူငယ်တွေက လက်ဆင့်ကမ်းသယ်ဆောင်ကြရမှာပဲ။

ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးအကြောင်း ပြောကြမယ်ဆိုရင် အဲဒီခေတ်မတိုင်မှီက ဖြစ်ခဲ့တဲ့ကျောင်းသား၊ပြည်သူ၊ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘဝတွေပါမယ်။ ဒီလူတွေရဲ့ လှုပ်ရှားမှုသမိုင်းကြောင်းတွေလည်းပါမယ်။

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တပ်မတော်က ပြည်သူတွေရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရဖြစ်တဲ့ ဦးနုအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်တာ ၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့။ အာဏာသိမ်းရခြင်းအကြောင်းကတော့ 'တိုင်းပြည်ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမို့ ကယ်တင်လိုက်ရပါတယ်' တဲ့။ အမှန်ကတော့'အဲဒီနေ့ကစပြီး အာရှမှာအချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကြီးဟာ ချောက်ထဲကို လုံးလုံးလျှားလျှားကျရောက်သွားခဲ့ရတာ'ပါပဲ။

ချစ်တဲ့

မောင်လူပေ

No comments:

Post a Comment