ရှစ်လေးလုံးနှစ်သုံးဆယ်(၂)
၁၉၆၂မှာစစ်အစိုးရတက်လာပြီးနောက် ဖိနှိပ်မှုပေါင်းများစွာ၊ ခွဲခြားဆက်ဆံရေးပေါင်းများစွာ ကြုံတွေ့ရတဲ့အခါ လူတန်းစွာအလွှာအသီးသီးက ဆန့်ကျင်ကန့်ကွက်မှုတွေလည်း အနည်းနဲ့အများရှိခဲ့ကြတယ်။
7th July ကျောင်းသားအရေးအခင်း၊ စစ်တွေဆန်လုယက်မှုအရေးအခင်း၊ ကျောင်းသားတွေဦးဆောင်တဲ့ ဦးသန့်အရေးအခင်း၊ ရန်ကုန်သဘောင်္ကျင်းလုပ်သားများဦးဆောင်တဲ့ အလုပ်သမားအရေးအခင်း၊ ကျောင်းသားတွေနဲ့ ပြည်သူအချို့ဦးဆောင်တဲ့ မှိုင်းရာပြည့်အရေးအခင်းစသည်တို့ဟာ ၁၉၆၂၊ ၁၉၆၈၊ ၁၉၇၄/၇၅/၇၆ တွေမှာ ဖြစ်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေအဖြစ်နဲ့သာ ပြီးဆုံးခဲ့ရတယ်။
အောင်မြင်နေတဲ့ စီးပွားရေးတွေကို ပြည်သူပိုင်သိမ်းပြီး ဖျက်ခဲ့သလို စစ်အစိုးရတဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ လွဲမှားတဲ့စီးပွားရေးစီမံကိန်းတွေချမှတ်အကောင်အထည်ဖေါ်ခဲ့တဲ့အတွက် နိုင်ငံက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဆိုတဲ့ အဆင်းရဲဆုံးနိုင်ငံအဖြစ် ခံယူခဲ့ရတယ်။ ပြည်သူတွေစီးပွားရေးအကျပ်အတည်းနဲ့တွေ့နေတဲ့အချိန် ၁၉၈၇ စက်တင်ဘာလမှာ နိုင်ငံရဲ့ငွေကြေးစနစ်ထဲက ၇၅/၃၅/၂၅ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြေညာပြီး ဖျက်သိမ်းခဲ့ပြန်တယ်။ ပြည်သူအားလုံးရဲ့ ချွေးနည်းစာနဲ့ရှာထားတဲ့ ငွေစက္ကူတွေ ဆုံးရှုံးခဲ့ရတယ်။
အဲဒီအချိန်ဟာ တက္ကသိုလ်တွေမှာ အတန်းတင်စာမေးပွဲဖြေဆိုနေဆဲအချိန်မို့ စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေအတွက်ပါ အခက်အခဲတွေနဲ့ တွေ့ခဲ့ရတယ်။ ဒါကြောင့် စက်မှုတက္ကသိုလ်(RIT)ကျောင်းသားတွေဦးဆောင်တဲ့ ငွေစက္ကူအရေးအခင်းဖြစ်ခဲ့ပြန်တယ်။ ဆန္ဒပြကျောင်းသားတွေတောင်းဆိုတာက ကျောင်းသားတွေရဲ့ ဆုံးရှုံးသွားရတဲ့ ငွေစက္ကူတွေကို စာမေးပွဲပြီးတဲ့အထိ သုံးနိုင်ဖို့ တရားဝင်ငွေနဲ့ပြန်လဲပေးဖို့ ပါ။ ဒါပေမဲ့ အာဏာပိုင်တွေက လက်မခံပဲ တစ်ပြည်လုံးက တက္ကသိုလ်ကောလိပ်အားလုံးကို ပိတ်လိုက်ပြီး နောက်နေ့မှာ အဆောင်နေကျောင်းသားအားလုံးကို အိမ်ပြန်ခိုင်းခဲ့ကြတယ်။ နိုဝင်ဘာလရောက်မှ ကျောင်းပြန်ဖွင့်ပြီး ကျန်ရှိတဲ့ ဘာသာရပ်တွေကို ဖြေဆိုစေခဲ့တယ်။
၁၉၈၈ မတ်လ(၁၂)ရက်မှာ အနောက်ကြို့ကုန်းထဲက စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားတစ်စုနဲ့ ရပ်ကွက်ထဲကလူငယ်တွေ ကက်ဆက်ခွေဖွင့်ခိုင်းတဲ့ပြသနာနဲ့ ရိုက်ပွဲဖြစ်တယ်။ ကျောင်းသားတွေအရိုက်ခံရတယ်။ ကျောင်းသားတွေက ရဲစခန်းမှာအမှုဖွင့်လို့ ရဲက ရိုက်လိုက်တဲ့လူငယ်ကို ဖမ်းတယ်။ နောက်တစ်နေ့မတ်လ(၁၃)ရက်နေ့မှာ အဲဒီလူငယ်ပြန်လွတ်လာတယ်။ သူ့အဖေက ရပ်ကွက်ကောင်စီလူကြီးမို့ ရဲက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုတယ်။ ဒါကို မကြေနပ်တဲ့ကျောင်းသားတွေနဲ့ ရပ်ကွက်လူငယ်တွေ အဲဒီညမှာ ရန်ဖြစ်ကြပြန်တယ်။ ရပ်ကွက်လူငယ်တွေက ကျောင်းသားတွေကို ဓါးနဲ့ခုတ်၊ ခဲနဲထုကြတဲ့အတွက် ကျောင်းသားအုပ်စုဟာ စက်မှုတက္ကသိုလ်ဆီ ပြန်ဆုတ်ခဲ့ကြတယ်။
မကြာမီ သန်းကောင်ယံနီးပါးမှာ လုံထိမ်းတပ်ဖွဲ့ရောက်လာပြီး ကျောင်းသားတွေကို ရေပိုက်နဲ့ထိုး၊ မျက်ရည်ယိုဗုံးနဲ့ထုတဲ့အပြင် သေနတ်နဲ့ပစ်လိုက်တဲ့အတွက် ကျောင်းသားကိုဖုန်းမော်သေဆုံးခဲ့ပြီး ကိုစိုးနိုင်(ရရှိဒါဏ်ရာနဲ့ ဆးရုံတွင်ကွယ်လွန်ခဲ့ရ)၊ ကိုမြင့်ဦးတို့ ဒါဏ်ရာပြင်းထန်စွာ ရရှိသွားရတဲ့အတွက် ကျောင်းသားထုရဲ့မကြေနပ်မှုက အမြင့်ဆုံးကို ရောက်ခဲ့ရတယ်။ မတ်လ(၁၅)ရက်မှာတော့ စက်မှုတက္ကသိုလ် အဆောင်နေကျောင်းသားအားလုံးကို အပြင်ထွက်ခိုင်းပြီး ကျောင်းသား(၆၀)ကျော်ကို ဖမ်းဆီးခဲ့ပြန်တယ်။ ဒါကို ဖုန်းမော်အရေးအခင်းလို့ ခေါ်ကြတယ်။
မတ်လ(၁၆)မှာတော့ ရန်ကုန်တက္ကသိုလ်(RASU)ကျောင်းသားတွေက တက္ကသိုလ်ဝင်းအတွင်း စက်မှုတက္ကသိုလ်ကျောင်းသားများအတွက် ဆန္ဒပြခဲ့ကြတယ်။ ကိုဖုန်းမော်အတွက် ဝမ်းနည်းကြောင်းတွေပြောကြတယ်၊ ရက်စက်တဲ့အစိုးရကို ဝေဖန်ကြတယ်။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) RC(2) နဲ့ပူးပေါင်းပြီး စက်မှုတက္ကသိုလ်ကို ချီတက်ကြဖို့ ပြည်လမ်းဖက်ထွက်လာကြတဲ့ ကျောင်းသားအုပ်စုကို လုံထိမ်းရဲတွေက အင်လျှားကန်ဘောင်အနီးမှာ ရိုက်နှက်ဖမ်းဆီးခဲ့ပြန်တဲ့အတွက် ကျောင်းသားတွေ ဒါဏ်ရာရဖမ်းဆီးခြင်း ခံခဲ့ရပြန်တယ်။ တံတားဖြူအနီးဖြစ်ခဲ့တာမို့ တံတားဖြူအရေးအခင်းလို့ ခေါ်တယ်။
မတ်လ(၁၈)ရက်နေ့မှာတော့ ရန်ကုန်မြို့ထဲအထိ ဆန္ဒပြမှုတွေကူးစက်သွားခဲ့တယ်။ သိမ်ကြီးဈေးတစ်ဝိုက်မှာ အပြင်းထန်ဆုံးပဲ။ လမ်းတွေပိတ်ပြီး လမ်းပေါ်ကတွေ့သမျှလူတွေကို ရရာကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြတယ်။ အချုပ်ကားပေါ်မှာ လူတွေအများကြီးဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့အတွက် ကားထဲမှာ အသက်ရှူကျပ်ပြီး အဖမ်းခံရတဲ့ပြည်သူ(၄၃)ဦး သေဆုံးခဲ့ရတယ်။ အစိုးရက သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ မစီစစ်ပဲ ညတွင်းခြင်းမှာ ကြံတောပို့ပြီး အလောင်းတွေကို မီးရှို့ခဲ့ကြတယ်။
အထွေထွေမကြေနပ်မှုတွေနဲ့ ပြည့်နေပြီဖြစ်တဲ့ ကျောင်းသားတွေဟာ ၁၉၈၈ ဇွန်လကျောင်းပြန်ဖွင့်တဲ့အခါ အစိုးရဆန့်ကျင်ရေးတွေ ဆက်တိုက်ဖန်တည်းခဲ့ကြပြန်တယ်။ RASU ထဲကနေ မြို့ထဲဆီကို ချီတက်လာတဲ့ကျောင်းသားတွေကို မြေနီကုန်းမှာ ပိတ်ပြီးဖမ်းဆီးတဲ့အတွက် ကျောင်းသားတွေကို ဝန်းရံပေးတဲ့ ပြည်သူတွေနဲ့ ရဲတွေ ရိုက်ပွဲဖြစ်ကြပြီး နှစ်ဖက်လုံးသေကြေခဲ့ရတဲ့ မြေနီကုန်းအရေးအခင်း ဖြစ်ခဲ့ရတယ်။ဒါကြောင့် တက္ကသိုလ်ကောလိပ်ကျောင်းတွေကို ပြန်ပိတ်လိုက်ရပြန်တယ်။
အစိုးရဆန့်ကျင်ရေးအတွက် ကျောင်းသားတွေလှုပ်ရှားနေတာကို အာရုံလွှဲဖို့အတွက် ကုလားဗမာရိုက်ပွဲတွေ ဖန်တည်းဖို့ အစိုးရက ကြိုးစားခဲ့တယ်။ ပြည်၊ ရွှေတောင်၊ ပဲခူး စသည်တို့မှာ အနည်းငယ်ဖြစ်တယ်။ ဒါပေမဲ့ ပြည်သူက ရိပ်မိတဲ့အတွက် သူတို့ဆင်တဲ့ဂွင်ထဲကို မဝင်ခဲ့ကြဘူး။
၁၉၈၈ ဂျူလိုင်(၇)ရက်နေ့မှာတော့ မတ်လအရေးအခင်းတွေကြောင့် အဖမ်းခံထားရတဲ့ကျောင်းသား(၁၄၁)ဦးကို ထောင်ကပြန်လွှတ်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက အရေးပေါ်ပါတီညီလာခံမှာ သမိုင်းဝင်မဲ့ ' စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဖူး၊ ပစ်ရင်တည့်တည့်ပစ်တယ်။ နောင်ကို ဆူဆူပူပူလုပ်သူတွေ မသက်သာဘူးသာ မှတ်ပေတော့။' လို့ ပစ်သတ်တောာ့မယ်ဆိုပြီး အတိအလင်း ချိမ်းခြောက်တဲ့ မိန့်ခွန်းပြောခဲ့တယ်။ သူလည်း နှုတ်ထွက်သွားတယ်။
တစ်ပါတီအာဏာရှင်စနစ်ကိုပဲဆက်လက်သွားဖို့ ရွေးချယ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)က ပါတီဥက္ကဌနဲ့နိုင်ငံတော်သမ္မတအဖြစ် သားသတ်သမားလို့ နာမည်ရတဲ့ ဗိုလ်ချုပ်စိန်လွင်ကို ခန့်အပ်ခဲ့တယ်။ ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းမှာ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့လူကို သမ္မတခန့်လိုက်တာဟာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို စိမ်ခေါ်လိုက်တာပဲ။
အဲဒီအချိန်က ဆိုရှယ်မီဒီယာတွေ မရှိသေးတဲ့အတွက် ပြည်သူတွေ သတင်းမှန်သိရဖို့ ပြည်ပရေဒီယိုတွေဖြစ်တဲ့ BBC/VOA တွေကို အားထားနေရချိန်ပါ။ BBC သတင်းထောက် ခရစ်စတိုဖာဂါးနက် က အဖမ်းခံခဲ့ရသူ ကိုဌေးကြွယ်အပါအဝင် ကျောင်းသားတစ်စုကို ဆက်သွယ်ပြီး တွေ့ဆုံမေးမြန်းမှုတွေလုပ်တယ်။ အသံလွှင့်တယ်။ အာဏာပိုင်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ပြည်သူတွေပိုသိလာကြတယ်။
BBC ကနေပြီး ၁၉၈၈ခု၊ သြဂုတ်လ(၈)ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဆင်နွှဲကြဖို့ ဆော်သြပေးတယ်။ ဒါဟာလည်း ရှစ်လေးလုံးနေ့ဖြစ်ပေါ်လာဖို့ အဓိက အရေးပါခဲ့တယ်။ ကျောင်းသားတွေ ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေမို့ တစ်နေရာနဲ့တစ်နေရာ ဆက်စပ်မှု အားနည်းတယ်။ ဆက်သွယ်ဖို့ အခက်အခဲရှိတယ်။ သတင်းရောက်ဖို့ ခဲယဉ်းတယ်။ ဒါကြောင့် BBC/VOA တို့ကို အားကိုးခဲ့ရတယ်။
၁၉၈၈ သြဂုတ်လ(၈)ရက်နေ့(၈/၈/၈၈) မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်လာတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တယ်။ သံမဏိလို မာကြောစွာအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို ပြည်သူအပေါင်းက ညီညွတ်စွာ ဆန့်ကျင်ခဲ့ကြတဲ့ နေ့ဖြစ်ခဲ့တယ်။ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြပြီး အစိုးရနှုတ်ထွက်ပေးရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ရရှိရေးအတွက် တောင်းဆိုခဲ့ကြတယ်။
ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေရဲ့အစမှာတော့ မျက်နှာတွေမှာ လက်ကိုင်ပုဝါတွေစီးထာားတဲ့ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂအလံဖြစ်တဲ့ ခွပ်ဒေါင်းအလံနီကို ဝှေ့ယမ်းချီတက်ကြပြီး ဝန်းရံပေးတဲ့ပြည်သူတွေက ဘေးမှာပါဝင်ခဲ့တယ်။ တဖြည်းဖြည်း အရှိန်ရလာတဲ့အခါ ရဟန်းရှင်လူ ပြည်သူအပေါင်း ပါဝင်လာကြပြီး နေ့တိုင်းလိုလို အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ မြို့ကြီးတိုင်းလိုလိုမှာ ဖြစ်ပေါ်ခဲ့တယ်။
အထွေထွေမကြေနပ်မှုတွေကြောင့် ဒေါသထွက်နေတဲ့လူအုပ်စုအချို့က စစ်ကိုင်းအပါအဝင် မြို့နှစ်မြို့မှာ ရဲစခန်းကိုဝင်စီးတဲ့အတွက် ရဲကခုခံပစ်ခတ်ခဲ့လို့ လူအချို့သေခဲ့တာကလွဲရင်နယ်မြို့တွေမှာ ဆန္ဒပြပွဲတွေဟာ အေးချမ်းစွာနဲ့ပြီးဆုံးခဲ့တယ်။
ရန်ကုန်မှာတော့ ရှစ်လေးလုံးနေ့ညနေပိုင်း မြို့တော်ခန်းမရှေ့မှာစုနေကြတဲ့ လူအုပ်စုကို ပစ်ခတ်ခဲ့တဲ့အတွက် လူအချို့သေဆုံးခဲ့ရတယ်။ သေနပ်ဒါဏ်ရာရသူများလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးမလုံလောက်တဲ့အတွက် ဆေးရုံဝန်ထမ်းသူနာပြု ဆရာဝန်တွေက ပစ်ခပ်နေမှု ရပ်တန့်ပေးဖို့ ဆန္ဒပြတဲ့အခါ သူတို့ပါ ပစ်ခပ်ခံခဲ့ရတယ်။ နောက်ပိုင်းရက်တွေမှာတော့ အိမ်ရှင်မတွေ၊ အခြေခံပညာကျောင်းပေါင်းစုံက ကျောင်းသားလေးတွေအပါအဝင် ရဟန်းရှင်လူပြည်သူအပေါင်း ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အလုပ်သမားတွေက သမဂ္ဂတွေဖွဲ့ပြီးပါဝင်လာတယ်။ ရေတပ်နဲ့လေတပ်က ကျွမ်းကြင်အဆင့်အရာရှိနဲ့တပ်သားအချို့ ပါဝင်ပူးပေါင်းကြတယ်။
အစိုးရက ဗိုလ်ချုပ်စိန်လွင်ကို နှုတ်ထွက်စေပြီး သမ္မတအဖြစ် အရပ်သားဖြစ်တဲ့ဒေါက်တာမောင်မောင်ကို တင်ပြီး အခြေအနေငြိမ်သက်သွားအောင်မျက်လှည့်ပြတယ်။ တဖက်ကလည်း ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးပုံပျက်အောင် ဆောင်ရွက်တယ်။ထောင်ဖွင့်ပေးတယ်။ အစိုးရပိုင်ဂိုထောင်ကြီးတွေကိုဖွင့်ပေးတယ်။ ဂိုထောင်ကြီးတွေထဲက ပစ္စည်းတွေကို ဝင်ရောက်လုယက်ကြအောင်ဖန်တည်းပြီး ပစ်သတ်တယ်။ အပျက်အစီးတွေဖြစ်လာတဲ့အခါ နိုင်ငံတော်တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူ ဆူပူသောင်းကျန်းသူများလို့ တံဆိပ်ကပ်တယ်။
စစ်ထောက်လှန်းရေးရဲ့ တန်ပြန်အဖွဲ့ကလည်း ဆန္ဒပြသူများအနေနဲ့ ဝင်ရောက်ပူးပေါင်ပြီး အဖျက်လုပ်ငန်းတွေလုပ်ဆောင်တယ်။ အခြေအနေမဲ့တွေကို စည်းရုံးပြီး ဆေးခပ်၊ အဆိပ်ခပ်ခိုင်းတယ်။ဒေါသထွက်နေတဲ့လူအုပ်က ဒီလူတွေကို မိတဲ့အခါ သူတို့ကပဲဦးဆောင်ပြီး ခေါင်းဖြတ်သတ်ကြတယ်။ ခေါင်းပြတ်တွေ ချိတ်ဆွဲပြီး မင်းမဲ့စရိုက်တွေဖြစ်နေပြီလို့ ပုံဖေါ်တယ်။ အစိုးရယန္တယားရပ်ဆိုင်းနေပြီမို့ ပြည်သူတွေက ကိုယ့်ရပ်ကွက်နဲ့ကိုယ် လုံခြုံရေးယူကြတယ်။ ကြီးမားတဲ့ လုယက်ဖျက်ဆီးမှုတွေ ရပ်ကွက်ထဲမှာ မရှိခဲ့ပါ။
ငြိမ်းချမ်းစွာဆန္ဒပြပြီး ဒီမိုကရေစီတောင်းဆိုနေတဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးကို အစိုးရက မင်းမဲ့စရိုက်လို့ပုံဖေါ်နေစဉ်မှာပဲ ကုန်သွယ်ရေးဝန်ကြီးရုံးကိုစောင့်နေတဲ့ တပ်ဖွဲ့တွေကို လူအုပ်စုတစ်ခုကဝိုင်းပြီး သေနပ်လုယက်မှုတစ်ခုဖြစ်ခဲ့ပေမဲ့ ပြည်သူအများကပဲ တပ်မတော်သားတွေကို ဝင်ရောက်ကယ်တင်ပြီး ထိမ်းလိုက်တဲ့အတွက် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့တယ်။ ဆူပူအောင်လှုံ့ ဆော်နေကြတာဟာ အရပ်သားအသွင်ယူထားတဲ့ တန်ပြန်ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ လက်ချက်တွေက အများစုပဲ။
ပြည်သူအများက ကိုယ့်အုပ်စုနဲ့ကိုယ် ဆန့်ကျင်ဆန္ဒပြနေကြပေမဲ့ အဲဒီအချိန်မှာတိကျတဲ့လုပ်ငန်းစဉ်တွေချမှတ်နိုင်မဲ့ အဖွဲ့အစည်းမရှိခဲ့ကြဘူး။ ပြည်သူအားလုံးကို ခေါင်းဆောင်မှုပေးနိုင်မဲ့လူ မရှိခဲ့ဘူး။ ဒါကြောင့် ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ယူဆကြတဲ့ လူလေးဦးကို ကြီးလေးကြီး(နောက်ပိုင်းကြီးငါးကြီး) အဖြစ်သတ်မှတ်ပြီး ကျောင်းသားအစုအဖွဲ့တွေက သွားယောက်တွေ့ဆုံပြီး ကြီးလေးကြီးပူးပေါင်းကြဖို့ စီစဉ်ခဲ့တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးအောင်ကြီးနဲ့ အမေနေမကောင်းလို့ ပြုစုဖို့အတွက် အင်္ဂလန်ကနေပြန်ရောက်နေတဲ့ ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြီးလေးကြီးအဖြစ် စုပေါင်းဦးဆောင်ကြဖို့ ကျောင်းသားတွေရဲ့ ကြိုးစားမှုက မအောင်မြင်ခဲ့ဘူး။
ဆန္ဒပြနေ့ရက်တွေ ရှည်လျှားလာပေမဲ့ အစိုးရက တစ်စုံတစ်ရာ လိုက်လျှောမဲ့ အရိပ်အရောင်မရှိခဲ့။ ဒါပေမဲ့ အစိုးရယန္တယားကြီးကတော့ လုံးဝရပ်ဆိုင်းသွားခဲ့တယ်။ အဲဒီအခါမှာတော့ အားလုံးတောင်းဆိုနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သူတို့ကပဲ ဦးဆောင်ကျင်းပပေးမယ်၊ အစိုးရကတော့ မနှုတ်ထွက်ပေးနိုင်ဘူးလို့ တုန့်ပြန်လာတယ်။ အာဏာသိမ်းစစ်ကောင်စီက ဗုန်းခွဲဖျက်ဆီးခဲ့တဲ့ တကသ သမဂ္ဂအဆောက်အဦကြီးကို ပြန်ဆောက်ပေးမယ်လို့ ကျောင်းသားတွေကို ဂတိပေးတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေ အရှိန်ရနေပြီဖြစ်တဲ့ ကျောင်းသားပြည်သူတွေက လက်မခံပဲ မဆလအစိုးရနှုတ်ထွက်ပေးရေးနဲ့ ပြည်သူတွေ ယုံကြည်အားကိုးသူတွေပါဝင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရေးကိုသာ ဆက်လက်တောင်းဆိုခဲ့ကြတယ်။
ဆန္ဒပြပွဲတွေမှာ လေတပ်နဲ့ရေတပ်က ကျွမ်းကျင်အဆင့်တပ်သားအချို့အပြင် ကြည်းတပ်က အရာရှိငယ်အချို့နဲ့ တပ်သားအချို့ပါ ဒီမိုကရေစီတောင်းဆိုမှုအတွက် ပူးပေါင်းပါဝင်လာကြတဲ့အခါ တပ်မတော်ဖက်က အာဏာလက်လွှတ်ရမှာ စိုးရိမ်မှုတွေဖြစ်လာပြီး စက်တင်ဘာလ(၁၈)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်တဲ့ တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာခဲ့တယ်။နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်းတယ်။ စစ်အုပ်ချုပ်ရေးအရ ညမထွက်ရအမိန့်၊ ငါးဦးထက်ပိုပြီး မစုဝေးရအမိန့်တွေ ထုတ်ပြန်တယ်။
အတွင်းသတင်းတွေအရကတော့ အာဏာရှင်ကြီးဦးနေဝင်းက သူ့လူယုံတွေဖြစ်တဲ့ သမ္မတဒေါက်တာမောင်မောင်၊ တပ်ချုပ်ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေးညွှန်မှုးဗိုလ်ချုပ်ခင်ညွန့်တို့ကို သူ့အိမ်တော်မှာ ခေါ်ယူတွေ့ဆုံပြီး အာဏာလွှဲပြောင်းဖို့ စီစဉ်ခဲ့တယ်လို့ သိရတယ်။
တပ်မတော်က အာဏာသိမ်းတဲ့ စက်တင်ဘာ(၁၈)ရက်နေ့ညနေကစပြီး တစ်ပြည်လုံးမှာရှိတဲ့ ဆန္ဒပြပြည်သူအပေါင်းကို ဦးနေဝင်းးရဲ့ ချိမ်းခြောက်မှုမိန့်ခွန်းထဲကအတိုင်း ပစ်ခတ်နှိမ်နှင်းခဲ့တယ်။ ဆန္ဒပြပြည်သူတွေထဲက ထိပ်ဆုံးဖြစ်တဲ့ အခြေခံပညာကျောင်းသားလေးတွေ ကျောင်းဝတ်စုံလေးတွေဝတ်ရင်း ထိခိုက်ကျဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်ဓါတ်ပုံပိုက်ထားရင်း ဆန္ဒပြနေစဉ် အပစ်ခံရလို့ ကျဆုံးခဲ့ရတဲ့ မဝင်းမော်ဦးဟာ အသက်(၁၅)နှစ်အရွယ်သာရှိသေးတဲ့(၇)တန်းကျောင်းသူလေးဖြစ်တယ်။
ထွက်ပြေးကြရလို့ မကောက်နိုင်ပဲ ကျန်ခဲ့ရတဲ့ သေဆုံးသူတွေရဲ့အလောင်းတွေကို စစ်တပ်က လိုက်ကောက်ပြီး ကြံတောသင်္ချိုင်းမှာ ညတွင်းခြင်းသဂြိုင်္လ်ခဲ့လို့ စာရင်းအတိအကျမရှိပေမဲ့ ထောင်ဂဏန်းလို့ ယူဆကြတယ်။ ဆေးရုံကြီးမှာလည်း ဒါဏ်ရာရသူတွေ၊ သေနပ်ဒါဏ်ရာပြင်းထန်လို့ ဆေးရုံရောက်မှ သေဆုံးသူတွေ အပြည့်ဖြစ်ခဲ့တယ်။
မြန်မာပြည်အနှံ့က မြို့ကြီးတိုင်းလိုလိုမှာ ပစ်ခတ်နှိမ်နှင်းခဲ့တာဖြစ်လို့ သေကြေဒါဏ်ရာရမှုက မနည်းပါ။ သေဆုံးသူတွေရဲ့အလောင်းတွေကိုလည်း သက်ဆိုင်ရာမိသားစုကို ဖိအားပေးပြီး အမြန်သင်္ဂြိုလ်စေခဲ့တယ်။ ခေါင်းဆောင်လို့ယူဆရသူတွေကို ဖမ်းတယ်။ ဒါကြောင့် တစ်ပြည်လုံးက ကျောင်းသားသောင်းချီပြီး နယ်စပ်တွေမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို ထွက်ပြေးကြတယ်။
ဒီလိုနဲ့ပဲ ပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွဲခံခဲ့ရတယ်။ တိုင်းပြည်ကလည်း ချောက်ထဲကျနေရာက ပို၍နက်သော ချောက်တစ်ခုထဲကို ထပ်မံကျဆင်းခဲ့ရပါတော့တယ်။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment