ဂျွန်စတိုင်းဘတ်ခ်(John Steinbeck)ရဲ့ မွေးရပ်မြေ ဆလိနာ့(Salinas, CA)ဆီသို့
အမေရီကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ်ခ် လို့ပြောလိုက်ရင် စာပေဝါသနာရှင်တွေ မသိသူမရှိသလောက်။ အလွန်ထင်ရှားခဲ့တဲ့ နိုဘယ်လ်ဆုရ စာရေးဆရာကြီးပါ။ မောင်လူပေငယ်ငယ်က သူ့စာတွေကို စွဲလမ်းခဲ့ဘူးတယ်။
ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်လက်ရာ "တို့ပိုင်တဲ့မြေ" တဲ့။ သိပ်ကောင်းတဲ့ဝတ္တုပါ။ လန်နီနဲ့ ဂျော့ခ်ျဆိုတဲ့သူငယ်ချင်းနှစ်ဦးရှိတယ်။ လန်နီက ယုန်လေးတွေကို ချစ်တတ်သူ ကျပ်မပြည့်ရှာတဲ့လူထွားကြီး၊ သူ့သူငယ်ချင်းဂျော့ခ်ျကိုလည်း သိပ်ယုံတဲ့သူ။ သူတို့ရဲ့ ရည်မှန်းချက်က ငွေလေးစုပြီး ကိုယ်ပိုင်ယာခင်းလေးတစ်ခုထူထောင်မယ်၊ လန်နီချစ်တဲ့ ယုန်လေးတွေမွေးမယ်ပေါ့။ လန်နီကြောင့် ခဏခဏ ပြသနာတက် ထွက်ပြေးခဲ့ရတယ်။ သူများယာခင်းမှာ အလုပ်လုပ်ရတော့ စုနေတဲ့ငွေက မပြည့်နိုင်ကြရှာ။ ဒီအခေါက်လည်း ယာခင်းရှင်ရဲ့မိန်းမကို လန်နီက မတော်တဆသတ်မိသွားတဲ့အခါ သူတို့နှစ်ယောက် ထွက်ပြေးကြရပြန်တယ်။ ယာခင်းရှင်က ခပ်ဆိုးဆိုးမို့ လန်နီကို ချက်ခြင်းမသတ်ပဲ မသေမရှင်ထားပြီးနှိပ်စက်မှာ သေချာတယ်။ ထွက်ပြေးနေရတဲ့ဘဝကိုလည်း ဂျော့ခ်ျက ငြီးငွေ့လှပြီ။ ဒါကြောင့် လန်နီနဲ့သူတို့နှစ်ယောက် ထိုင်နေကြတုန်း ဂျော့ခ်ျက သူ့တို့အိပ်မက်ထဲက သူတို့ပိုင်တဲ့ယာမြေကွက်လေးအကြောင်း ပြောပြတယ်။ အရင်ကလည်း လန်နီက ဒီမြေကွက်လေးအကြောင်း ခဏခဏ ပြောပြခိုင်းတတ်တယ်။ ယာခင်းလေးထဲမှာ စားပင်တွေစိုက်မယ်၊ လန်နီချစ်တဲ့ ယုန်လေးတွေမွေးမယ်၊ အိမ်လေးက ဘယ်လိုဆောက်ထားမယ်နဲ့ ပြောပြနေတာ နားထောင်ရင်း လန်နီက စိတ်ကူးနဲ့ပျော်နေရှာတယ်။ သူ့ယုန်လေးသေနေတာ မသိတဲ့လန်နီက ယုန်သေလေးကို တင်းတင်းကိုင်လို့တဲ့။ စိတ်ကူးနဲ့ပျော်နေတဲ့လန်နီကို အဲဒီနေရာမှာပဲ ဂျော့ခ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်။ သူများနှိတ်စက်ခံပြီးမှ သေရမဲ့အတူ သူ့စိတ်ကူးနဲ့သူပျော်နေတုန်း သတ်ပေးလိုက်တဲ့သဘော။ အဲဒီဝတ္ထုမူရင်း (of Mice and Men) ဟာ ဂျွန်စတိုင်းဘတ်ခ်ရဲ့လက်ရာပေါ့။
သူ့ခေတ်က အမေရိကားစီးပွားပျက်ကပ်ကြီး(Great Depression)မှာ ရှိခဲ့ကြတဲ့ လူအမျိုးမျိုးရဲ့ဘဝတွေ၊ စိတ်နေစိတ်ထားတွေ၊ အဖြစ်အပျက်တွေကို အရှိအတိုင်းဖေါ်ပြနိုင်ခဲ့သူ၊ ခေတ်တစ်ခေတ်ရဲ့ အကောင်းအဆိုးတွေကို မီးမောင်းထိုးနိုင်ခဲ့သူ စာရေးဆရာကြီးပါ။ သူ့စာတွေကို ဒီနေ့ခေတ်ရဲ့ အမေရိကားက အခြေခံကျောင်းတွေမှာ ကျောင်းသုံးအဖြစ်ပြဌာန်းပေးထားတယ်။ အဲဒီခေတ်တွေအကြောင်း လူငယ်တွေ အမှန်အတိုင်းသိစေဖို့ပေါ့။ အရင်ခေတ်တွေရဲ့အမှားတွေကို သင်ခန်းစာယူပြီး အမှန်ဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တဲ့အတွက် ဒီနေ့ခေတ်မှာ အားလုံးကလေးစားအားကျရတဲ့ အမေရိကန်ပြည်ထောင်စုဖြစ်လာခဲ့တယ်။
(မောင်လူပေတို့ မြန်မာပြည်ကအခြေခံကျောင်းသုံးစာအုပ်တွေကို သင်ရိုးညွှန်းတန်းအသစ်တွေ ပြန်လည်ရေးဆွဲပြဌာန်းနေပြီလို့သိရပါတယ်။ ခေတ်တစ်ခုကို မီးမောင်းထိုးပြတဲ့ စာအုပ်တွေပြဌာန်းစာအုပ်စာရင်းတွေထဲမှာ ပါလာမယ်လို့မျှော်လင့်ပါတယ်။ ဒါမှလည်း ကျောင်းသားတွေနဲ့ဆရာတွေပူးပေါင်းပြီး အဲဒီခေတ်ရဲ့ အားသာချက် အားနည်းချက်တွေ စုပေါင်းဆွေးနွေးအဖြေရှာရင်း အနာဂတ်မြန်မာပြည်ကို တည်ဆောက်နိုင်ကြမှာပါ။)
ဂျွန်စတိုင်းဘတ်ရဲ့လက်ရာကောင်းတွေဖြစ်တဲ့ (The Grapes of Wrath, East of Eden) တို့လည်း ဘာသာပြန်စာအုပ်တွေအဖြစ် ရင်းနှီးခဲ့ဖူးတယ်။ ဆလိနာ့မြို့ကိုအခြေခံတဲ့ East of Eden ဆိုရင် ရုပ်ရှင်အထိ ရှာကြည့်ခဲ့တယ်။ ငယ်ငယ်လေးနဲ့ဆုံးပါးခဲ့ရတဲ့ လူငယ်မင်းသားချော ဂျိန်းဒင်း(James Dean) ရဲ့ ရှားပါးရုပ်ရှင်လေးပဲ။ The Grapes of Wrath ကတော့ စာပေဆိုင်ရာနိုဗယ်လ်ဆုအထိ ရစေခဲ့တဲ့ ဝတ္ထုစာအုပ်ကြီးပါ။
ဂျွန်စတိုင်းဘတ်ခ် ခရေစီ(Crazy) ဖြစ်သူမောင်လူပေက အခုတော့ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဆလိနာ့(Salinas) မြို့လေးကို အလည်အပတ်ရောက်ခဲ့ပြီ။
တကယ်တော့ ဒီမြို့လေးက မောင်လူပေခေတ္တရောက်ရှိနေထိုင်ရာ ဆန်ဖရန်စစ္စကိုမြို့ရဲ့တောင်ဖက် မိုင်တစ်ရာကျော်လောက်မှာ ရှိတာ။ နီးရက်နဲ့ဝေးဖြစ်ပြီး မရောက်ဖြစ်။ သူ့မြို့နားက ဖြတ်ဖြတ်သွားဖြစ်ပေမဲ့ တကူးတက ဝင်မလည်ဖြစ်ခဲ့ဘူး။ ဒီမြို့လေးက ဟင်းသီးဟင်းရွက်တွေ အများအပြားစိုက်တဲ့အတွက်လည်း 'ကမ္ဘာ့ဟင်းရွက်အိုးကြီး' (Salad bowl of the world)လို့ တင်စားခံရတဲ့မြို့ပါ။
ဂျွန်စတိုင်းဘတ်ခ်ရဲ့ဝတ္ထုတွေထဲက ဟင်းရွက်စိုက်တဲ့ယာခင်းကြီးတွေက မျက်စိတစ်ဆုံးလို မြို့ကိုပတ်ထားတဲ့အတွက် ရှမ်းပြည်က ပင်လောင်းဖက်ကို ပြန်ရောက်နေသလိုတောင် ခံစားမိသေးရဲ့။ လယ်ယာစိုက်ခင်းတွေမှာ အဓိက အားထားကြရတဲ့ လယ်လုပ်သားမက္ကဆီကန်တွေ အများစုနေထိုင်ရာမြို့။ လူဖြူတွေကတော့ မူလယာခင်းရှင်တွေအနည်းစုပဲ နေထိုင်ကြတယ်။
တောမြို့လေးရောက်သွားတော့ တောမြို့ဟောင်းလေးရဲ့မြင်ကွင်းတွေပေါ့။ ရှေးဟောင်းပုံအိမ်တွေ၊ အဆောက်အဦတွေအပြည့်နဲ့ ဆလိနာ့မြို့ဟောင်းက ကြိုဆိုနေတယ်။ ဂျွန်စတိုင်းဘတ်ခ်ရဲ့အိမ်ကြီးကိုတော့ ပြတိုက်အဖြစ်မွန်းမံထားလေရဲ့။ ဆလိနာ့မြို့က ခေတ်တွေပြောင်းတော့ အကျယ်ကြီးဖြစ်နေခဲ့ပြီ။ လူတွေလည်း အရမ်းစည်ကားနေပြီ။ ဒါပေမဲ့ ဂျွန်စတိုင်းဘတ်ခ်တို့ခေတ်က မြို့လေးကို မြို့ဟောင်း(old town)ဆိုပြီး ရှေးမူမပျက် ထိမ်းသိမ်းထားတယ်။ မောင်လူပေတို့လို စာရေးဆရာကြီးရဲ့ပရိတ်သတ်ကတော့ မြို့ဟောင်းဆီချီတက်မှာပေါ့။ (မြို့ကိုတိုးချဲ့ကြတဲ့အခါ ရှေးမူမပျက်စေဖို့အတွက် မြို့ဟောင်းကို နဂိုအတိုင်းထားခဲ့ပြီး တိုးချဲ့စေတာကလည်း နည်းယူစရာတစ်ခုပဲ လို့မြင်မိတယ်။ ရန်ကုန်မြို့လယ်က ကိုလိုနီခေတ်အဆောက်အဦတွေလို ရှေးဟောင်းအဆောက်အဦအဖြစ်တစ်လုံးစီသတ်မှတ်နေရတာမျိုးမဟုတ်တော့ပဲ တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးက အဟောင်းကြီးတွေအဖြစ် ပြုပြင်မွန်းမံထားတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်။)
ဆလိနာ့မြို့ဟောင်း(Salinas old town)မှာ မိန်းလမ်း(Main Street) ကမြို့လယ်ပါ။ စာရေးဆရာကြီးနာမည်နဲ့ ဂျွန်လမ်း(John Street)လည်းရှိတယ်။ မိန်းလမ်းတစ်ခုလုံးကို ခရီးသွားစိတ်ဝင်စားအောင် ရှေးဟောင်းမီးတိုင်တွေ၊ ရှေးဟောင်းပုံစံ မျက်နှာစာမြင်ကွင်းတွေနဲ့ ပြုပြင်ထားတယ်။
ဆလိနာ့မြို့ဟောင်းက မိန်းလမ်းကလေးရဲ့မြင်ကွင်းတွေကို ဂျွန်စတိုင်းဘတ်ခ်လက်ထက်ကအတိုင်း ရှုမြင်နိုင်ကြပါပြီ။ ဓါတ်ပုံအက်ဆေး(Photo essay) လိုဖြစ်အောင် တင်ပြလိုက်ပါတယ်။ ညနေစောင်းမို့ အလင်းရောင်မလုံလောက်တာရယ်၊ ဖုန်းနဲ့ရိုက်ခဲ့ရတာမို့ ကြည်လင်မှု အားနည်းတာရယ်ရှိခဲ့ရင် တောင်းပန်ပါတယ်ဗျာ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment