မြန်မာ့ မူးယစ်ရာဇာ(၃)
မြန်မာပြည်၏ မူးယစ်ရာဇာများစာရင်းတွင် အမှတ်စဉ်(၃)အဖြစ် မှတ်တမ်းဝင်သူက ဝပြည်တပ်မတော်၏ စစ်ရေးတာဝန်ခံ ဒုတိယတပ်ချုပ်ကြီး ဝေရှောက်ခမ်း ဖြစ်သည်။
ရှမ်းပြည်နယ်ထဲရှိ ဝတိုင်းရင်းသားတို့နေထိုင်ရာ ဝဒေသကား တောတောင်ထူထပ်လှသဖြင့် နိုင်ငံတော်အစိုးရ၏ ချုပ်ကိုင်မှုအောက်တွင် မရှိခဲ့။ ဗကပတို့၏ ထိန်းချုပ်မှုအောက်တွင် ၁၉၈၉အထိရှိခဲ့ပြီး ဗကပမှ ခွဲထွက်ခဲ့သည့် ဝပြည်တပ်မတော်ထိမ်းချုပ်မှုအောက်တွင် ယခုတိုင် တည်ရှိနေသည်။ UWSA ခေါ် ဝပြည်တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့သည့် ခေါင်းဆောင်များထဲတွင် ဦးဝေရှောက်ခမ်းလည်း ပါဝင်သည်။ ဝတပ်မတော်၏ အမြဲတန်း တပ်သားအင်အားမှာ သုံးသောင်းခန့်ရှိပြီး လိုအပ်ပါက အရံတပ်များပါ အားဖြည့်လျှင် ငါးသောင်းခန့်အထိ ရှိသည်ဟု ဆိုသည်။
(ဝပြည်တပ်မတော် UWSA ၏ ဥက္ကဌကြီးနှင့် တပ်ချုပ်ကြီး ဦးပေါက်ယူချမ်းသည်လည်း ဒေသအခြေအနေကြောင့် မူးယစ်ရာဇာဖြစ်ခဲ့၏။ မူးယစ်ငွေကြေးတို့ဖြင့် တပ်ကိုတည်ထောင်ခဲ့ကြရ၏။ သို့သော် ၂၀၀၅မှစ၍ ဝပြည်နယ်ကို မူးယစ်ကင်းစင်ဒေသကြေညာ၍ စီးပွားရေးလုပ်ငန်းများတည်ထောင်ကာ ဦးစီးနေသည်။ အနည်းငယ်မျှသော ဘိန်းစိုက်တောင်သူတွေ ရှိသေးသော်လည်း အများအားဖြင့် ကင်းစင်ပြီဟု ဆိုသည်။)
ဦးဝေရှောက်ခမ်းသည် ဘိန်းဘုရင်ကြီး ဦးခွန်ဆာဦးစီးသည့် မော်ထိုင်းအာမီတပ်မှ တပ်မှူးတစ်ဦးဖြစ်ခဲ့ပြီး UWSA တည်ထောင်ပြီး၍ မော်ထိုင်းအာမီမှ ထွက်ခဲ့သည့်တိုင် ကောင်းမွန်သော ဆက်သွယ်ရေးတွေ ရှိခဲ့ကြ၏။ ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဖြန့်ချီရာ အင်ပါယာကြီးတွင် ကိုယ့်ဒေသနှင့်ကိုယ် ဦးစီးကြရာ၌ ဒေသခေါင်းဆောင်ဖြစ်သော ဝေရှောက်ခမ်းသည်လည်း ကမ္ဘာကျော်တစ်ယောက်ပါ။ သူ့အားဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူအား အမေရိကန်မူးယစ်အထူးဌာနမှ ဆုငွေဒေါ်လာ နှစ်သန်းပေးမည်ဟု ကြေညာခံခဲ့ရသည်။
ဦးဝေရှောက်ခမ်း၏ ဝပြည်တပ်မတော်သည် မူးယစ်ဆေး ဖြန့်ချီရေး လမ်းကြောင်းများ ထိမ်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ရှမ်းတပ်နှင့်တိုက်ပွဲဖြစ်ကာ ရှမ်းတပ်ထိမ်းချုပ်နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ဝပြည်တပ်မတော်(တောင်ပိုင်းဒေသ)အမည်ဖြင့် အခြေချခဲ့သည်မှာ ယနေ့အထိ။
မြန်မာ့တပ်မတော်၏ အစီအစဉ်ဖြင့် ဗကပမှ ခွဲထွက်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်တစ်လျှောက် ဝပြည်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ရာ ဝတပ်၏ဒုချုပ်ကြီးဝေရှောက်ခမ်းသည် ရှမ်းပြည်မြို့တော် လားရှိုးအထိ ဆက်ဆံရေးရုံးဖွင့်နိုင်ပြီး ဝဒေသမြို့တော်ပန်ဆမ်းတွင် အေးချမ်းစွာ နေထိုင်ခဲ့သည်။
ဦးဝေရှောက်ခမ်းသည် မြန်မာ့တပ်မတော်နှင့် အပစ်ရပ်သဘောတူပြီးနောက် ၁၉၉၈တွင် ဟုန်ပန်းစီးပွားရေးအုပ်စုကြီးတည်ထောင်၍ များစွာသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည်။ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ကျောက်မျက်၊ သတ္ထု၊ ရေနံ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေသန့်၊ ရှော့ပင်စင်တာ စသည့် လုပ်ငန်းမျိုးစုံမှာ မူးယစ်ဝင်ငွေတို့၏ အသီးအပွင့်များပင်။
ယခင်က မူးယစ်ဝင်ငွေများကို နိုင်ငံခြားဘဏ်များတွင် ထားရှိခဲ့ရာမှ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ဒါဏ်ခတ်ပိတ်ဆို့မှုများကြောင့် ထိုငွေများသည် ပြည်တွင်းသို့ ပြန်လည်စီးဆင်းဝင်ရောက်လာခြင်းဖြစ်၏။
ဦးဝေရှောက်ခမ်းပိုင်ဆိုင်သော ကုမ္ပဏီကြီးငါးခုက ဖားကန့်ကျောက်စိမ်းလုပ်ကွက်များစွာကိုလည်း ရရှိထားသည်။ ဖားကန်းမှ ထွက်သမျှကျောက်စိမ်းတို့၏ လေးပုံသုံးပုံခန့်ကလည်း တရုတ်ပြည်သို့ မှောင်ခိုလမ်းကြောင်းမျိုးစုံဖြင့် ရောက်ရှိသွားကြ၏။ ကျောက်စိမ်းလုပ်ကွက်များစွာကို မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးများနှင့်ပူးပေါင်း၍ အကျိုးတူ ဖေါ်ဆောင်နေသော အေးရှားဝေါအပါအဝင် မူးယစ်ကုမ္ပဏီကြီးများသာ အကျိုးအမြတ်များစွာ ခံစားခဲ့ရသည်။ ပြည်သူများအတွက်တော့ ကျောက်မြေစာပုံများပြိုကျသဖြင့် ရေမဆေးကျောက်ရှာသူတွေ အစုလိုက်အပြုံလိုက် သေဆုံးနေရခြင်း၊ မူးယစ်သားကောင်တွေ ဖြစ်ကြရခြင်းသာ အမြတ်ရှိသည်။
ပန်ဆမ်းတွင် ၂၀၀၉၌ မီးအကြီးအကျယ်လောင်ကာ အကြီးဆုံးဓါတ်ဆီဆိုင်ကြီးနှင့် ကျွန်းသစ်တန်ပေါင်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ရာ အားလုံးမှာ ဦးဝေရှောက်ခမ်းပိုင်သည်ဟု ဆိုကြသည်။
အမေရိကန်၏ ဆုငွေဒေါ်လာနှစ်သန်း ထုတ်ခံရပြီးနောက်တွင် ဝပြည်တပ်မတော်စစ်ရေးတာဝန်ခံကြီး ဦးဝေရှောက်ခမ်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး ပုန်းလျှိုးနေထိုင်လျှက်ရှိသည်။ ဝပြည်တပ်မတော်ထိမ်းချုပ်ဒေသတွင် အေးချမ်းစွာနေထိုင်နေသည်။ သူပိုင်ဆိုင်သော စီးပွားရေးအင်ပါယာကြီးကိုလည်း ယုံကြည်စိတ်ချရသော တပည့်များနှင့် လွဲကာ နောက်ကွယ်မှ ဆက်လက်ဦးစီးနေသည်ဟု ယူဆကြသည်။
No comments:
Post a Comment