ဘောင်
လောကကြီးကို ဘောင်ခတ်ပြီးကြည့်ခဲ့ရတာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပြီ။ မျက်မှန်သမားဖြစ်ထဲကပေါ့။ မျက်မှန်ဘောင် လေးထောင့်ထဲမှ မြင်သမျှသာ။
ငယ်ငယ်ကတော့ မျက်မှန်သမားတွေကို လေးလုံး၊ ခြောက်လုံး၊ လောကကို ဘောင်ခတ်ကြည့်တဲ့သူ စသည်ဖြင့် ခေါ်ခဲ့ဖူး၏။ ဝဋ်ဆိုတာ နောက်ဘဝထိ မကူးလေတော့ လေးဆယ်ကျော်သည်နှင့် ကိုယ်လည်း လောကကြီးကို ဘောင်ခတ်ကြည့်သူ ဖြစ်တော့သည်။
လေးထိပ်စီးနောက်ပိုင်းနဲ့ ငါးထိပ်စီးရှေ့ပိုင်းလို အရွယ်တွေကတော့ လူတိုင်းလိုလို ကိုယ့်ဘောင်နှင့်ကိုယ်။ ဇရာကိုမမှုပဲ ငယ်ဟန်ဆောင်သူအချို့ကတော့ မျက်မှန်မတတ်ပဲဟန်လုပ်ဆဲ။ သို့သော် သူတို့လည်း စာလုံးသေးတွေ သဲကွဲစွာမြင်ကြသည်မဟုတ်၍ စာကြည့်မျက်မှန်တော့ လိုမည်သာ။ ဘောင်ခတ်ကြည့်ရသည်သာ။ မျက်မှန်ဘောင်ကအမျိုးစုံ။ အဝိုင်း၊ လေးထောင့်၊ ဘဲဥ၊ ခြောက်ထောင့်။ ဘောင်ထဲကမြင်သမျှ။
ဘောင်တစ်ခုဖြစ်သော လူ့ဘောင်မှာလည်း ဘောင်အမျိုးစုံ။ သူ့ဘောင်၊ ကိုယ့်ဘောင်မတူကြ။ မြင်ကွင်းစုံ။ ရှုထောင့်စုံ။ ငြင်းကြခုန်ကြ။ ရန်ဖြစ်ကြ။ ပြန်ချစ်ကြ။ တစ်နေရာထဲမှာနေသူနှင့် နေရာစုံမှာနေသူ ဘောင်မတူ။ နိုင်ငံတကာမှာနေသူတွေတောင် ကိုယ်နေတဲ့နိုင်ငံအလိုက် ဘောင်ကွဲသေး၏။ ဘောင်သည် ပညာနှင့်တွဲကာ အမျိုးစုံလည်း ဖြစ်နိုင်သည်။ အရွယ်နှင့်လည်းဆိုင်၏။ နိုင်ငံယဉ်ကျေးမှု၊ ကိုးကွယ်မှုအလိုက် ဘောင်မတူ။ ရှေးရိုးစွဲ၊ အလယ်အလတ်၊ လွတ်လပ်စွာတွေးခေါ်သူ။ ဘောင်ပေါင်းစုံ။
ဘောင်ထဲမှာဖေါက်ထွက်ဖို့မလွယ်။ အများက အလွယ်တကူလက်ခံပေးကြဖို့လည်းမလွယ်။ ဖေါက်ထွက်သူတို့ကား အတိုက်အခိုက်ပေါင်းစုံကို မမှုသူတို့တည်း။ ထိုသူတို့ကြောင့်လည်း ဘောင်ဟောင်းကိုဖျက်ကာ ဘောင်သစ်ဆီသို့ ရောက်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေးဘောင်ကြောင့် စစ်အစိုးရသက်ဆိုးရှည်။ ထိုစစ်အစိုးရကို အကြမ်းမဖက်ပဲ ဆန့်ကျင်ဆန္ဒပြသည့်ဘောင်ဖြင့် ဒီနေ့ဒီအချိန်ကိုရောက်ခဲ့၏။ နှစ်သုံးဆယ်ကျော်ပေးဆပ်မှုပေါင်းများစွာအောက်မှ ရရှိခဲ့သော အသီးအပွင့်။ သုံးမတ်အရပ်သားအစိုးရ။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဆွေးနွေး။
ဒီရလာဒ်ကောင်းတွေမှ အသီးအပွင့်မဝေမှီ လက်နက်ကိုင်ဘောင်ဟောင်းကြီးထဲ ပြန်တိုးဝင်ကြသူများလည်းရှိ၏။ ကွန်ဖက်ဒရေးရှင်းတဲ့၊ လွတ်လပ်သောတိုင်းပြည်တဲ့။ လက်နက်ကိုင်ဘောင်ကြီးနှစ်(၇၀)မှာ ဘာမှဖြစ်မလာပဲ ပြည်သူတွေသာ ဒုက္ခပင်လယ်ဝေကြသဖြင့် ငြိမ်းချမ်းရေးဘောင်ပြောင်းဖို့ စည်းဝေးနေသူများအတွက် စိတ်မသက်သာဖွယ်။ လက်နက်ကိုင်ဘောင်ဆိုတာ စစ်အစိုးရအကြိုက်ဘောင်။ ဒီဘောင်ထဲက ဆက်သွားမယ်ဆိုလျှင်တော့ နောင် နှစ်တစ်ရာလည်း အေးချမ်းစရာမမြင်။ ဘောင်မတူသူတွေ ဘောင်ညှိဖို့ အချိန်တန်နေပြီ။
ကျွန်တော်ကတော့ စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးဘောင်ကိုသာ ယုံကြည်သည်။ တပ်မတော်အပါအဝင် လက်နက်ကိုင်အားလုံး မြန်မာပြည်တဝှမ်းတွင် အပစ်ရပ်စေချင်သည်။ ညီအကိုတွေ လက်နက်ကိုင်ဘောင်ကြီးကို ရိုက်ချိုးဖို့အချိန်တန်ပြီ။ အကြမ်းမဖက် ငြိမ်းချမ်းသောဘောင်ဖြင့်သာ နှစ်ဦးနှစ်ဖက်ဖြေရှင်းမှ အဖြေမှန်ရမည်။ ဒီဘောင်သည်သာ အနာဂတ်မြန်မာနိုင်ငံအတွက် သင့်တော်သောဘောင်ဖြစ်၍ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့လူ့ဘောင်ဖြစ်စေမည်ဟု အကြွင်းမဲ့ လက်ခံသည်။
မကြာမီကြရောက်တော့မဲ့ ပြည်ထောင်စုနေ့မှာ ၂၁ရာစု ဒုတိယပင်လုံညီလာခံကြီးနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကြီးပြုလုပ်ပြီး ညီနောင်တစ်စု တည်ထောင်ပြုမဲ့ ပြည်ထောင်စုကြီးအတွက် ဆွေးနွေးညှိနိုင်းအဖြေရှာနိုင်ကြလျှင်ဟု စိတ်ကူးနေမိပါ၏။ နတ်လူသာဓုခေါ်ကြမည်အမှန်။
အမိမြန်မာပြည် ငြိမ်းချမ်းပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment