Friday, February 15, 2019

ကိုရွှေဘရဲ့ မရိုးနိုင်တဲ့ ပုံပြင်

ကိုရွှေဘရဲ့ မရိုးနိုင်တဲ့ပုံပြင်

သာယာကုန်းတဲ့။ အညာရွာလေးတစ်ရွာ။ မြို့နဲ့မနီးမဝေး၊ မြေသြဇာလေးလည်း အထိုက်အလျှောက်ကောင်းတော့ ပဲနှမ်းလေးစိုက်ပြီး မြို့ပေါ်ပို့ရင်း အသက်မွေးကြတယ်။ မိုးရေမှန်ရင် အကြွေးမရှိပေမဲ့ မိုးခေါင်ရင် အကြွေးပတ်လည်နဲ့ ရွာကလေးပါ။

တချိန်ကတော့ သာယာစည်ပင်ခဲ့ပုံရှိရဲ့။ ရွာထိပ်ကရွာဦးစေတီက ဟီးထလို့ရယ်။ ရွာကျောင်းကြီးကလည်း ရေနံချေးတွေမဲနက်နေပေမဲ့ ဟန့်ထည်တုန်းပဲ။ ဒါကြောင့် ရွာသားတွေက တချိန်ကရွှေထီးဆောင်းခဲ့ကြတာကို ပုံပြင်သဖွယ်ပြောပြတတ်တယ်။ ရွာဘေးကဖြတ်စီးနေတဲ့ မယောချောင်းက ရွှေထွက်ခဲ့တော့ ရွှေသီးခဲ့ကြသတဲ့။ ခုတော့ ရွှေဆိုတာ ပေါင်နှံစားဖို့တောင် အနိုင်နိုင် ရှိကြတာပါ။ မယောချောင်းက ရွှေမရတာကြာပြီ။ ဝမ်းစာရေးအတွက် ချောင်းထဲမှာ ဖား၊ငါးတောင် အနိုင်နိုင်ရှာနေကြရလေတယ်။

ဒီရွာမှာကြီးစိုးတာက ကာလသားခေါင်းကိုရွှေဘပေါ့။ လူပုံက မိုက်တိမိုက်ကမ်း။ လက်ရဲဇက်ရဲ။ သူ့အဖေကိုရွှေသန်းက ကာလသားခေါင်းမို့ သူလည်းကာလသားခေါင်းဖြစ်လာတာတဲ့။ သူ့အဖေကလည်း သူ့ခေတ်က ကာလသားခေါင်းကို ခေါင်းရိုက်ခွဲပြီး ပြိုင်သူမရှိ ကာလသားခေါင်းဖြစ်ခဲ့တယ်လို့ဆိုတယ်။ အဖေတူသားပေါ့လေ။ သူနဲ့ အသွေးအမွေးတူတဲ့ ၁၀၉၊ ၁၁၀ ကာလသားလေးတွေစု၊ လက်ရဲလာအောင်မြှောက်ပေးပြီး တပည့်မွေး၊ လူအုပ်နဲ့မိုက်ကြတော့ ကိုရွှေဘတို့ဆိုရင် ရွာသားတွေကြောက်ကြပါတယ်။ ရွံကြောက်တွေပေါ့။

ကိုရွှေဘက ရွာရဲ့ကာကွယ်ရေးခေါင်းဆောင်ယောင်ယောင်လည်း ပုံဖမ်းထားသေးတာ။ ဘယ်သူမှမတင်ပဲ ဖြစ်လာတဲ့ခေါင်းဆောင်ဆိုတော့ သူအရေးပါကြောင်းလည်း မကြာမကြာကြွားတတ်သေးတယ်။ ဒီရွာမှာ ရွှေဘတို့မရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ၊ ဟဲဟဲဟဲ နဲ့ မြူအိုးမမပြီး ပြောရတာအမော။ ထန်းတဲပိုင်ရှင်ကလည်း သူ့ကြောက်ရတော့ ဘာပြောပြောမကြားချင်ယောင် ဆောင်ရရှာပါတယ်။ တကယ်ကတော့ သူမရှိလည်း ဘာမှမဖြစ်ပါဘူး။ ရွာဘေးမှာလည်း လူဆိုးလူမိုက်ဆိုတာ မရှိသလောက်ရယ်ပါ။ အခြားရွာတွေကလည်း လူမိုက်တွေနဲ့ တုပပြီး ရန်မဖြစ်ချင်ကြတော့ ရန်စဲအောင် သင်းတို့နဲ့ခပ်ဝေးဝေးနေကြတယ်။ ဒါကို အကောင်းထင်ပြီး ဆောင့်ကြွားကြွားဖြစ်နေတာ။

ကိုရွှေဘတို့က ကာလသားဆိုတဲ့နာမည်နဲ့ နေရာတကာပါတယ်။ ရွာဦးစေတီထုံးသုတ်လည်း သူတို့ပဲ။ ရွာကျောင်းကြီးပြုပြင်လည်း သူတို့ပဲ။ အလကားတော့ ဘယ်ဟုတ်မလဲ။ ထုံးသုတ်၊ ရေနံချေးသုတ်ဆို ဘယ်လောက်ကုန်တာဆိုပြီး ရွာသားတွေစုထည့်၊ သူတို့ကစီမံပေါ့။ စာရင်းလည်း တခါမှမရှင်းပါဘူး။ ဘယ်သူမှလည်း စာရင်းသွားမတောင်းရဲကြဘူး။ ရိုက်လွှတ်မှာကြောက်တာကိုး။ မြို့ပေါ်ပွဲရုံက အကြွေးယူလာပြီး ပြန်မဆပ်လို့ ရွာလာအကြွေးတောင်းခံရမှ ထုံးဖိုး၊ ရေနံဖိုးကို ရွာကစိုက်ရှင်းရတာလည်းအခါခါပါ။

ကိုရွှေဘကို ကာလသားခေါင်းရာထူးက ဖယ်ရှားဖို့ ရွာသားတွေအကြိမ်ကြိမ်ကြိုးစားဖူးတယ်။ အစည်းအဝေးခေါ်ရင် သူ့အဖွဲ့က ကန့်ကွက်တယ်။ သူတို့ကန့်ကွက်နေတဲ့ကြားက ဆက်ဆွေးနွေးနေရင်တော့  ခေါင်းပေါက်၊ ထိပ်ကွဲဖြစ်တာ အဖတ်တင်ကြသတဲ့။ သူ့အဖွဲ့က ရိုက်လွှတ်တာကိုး။ နောက်တော့လည်း ရွာရဲ့သာရေးနာရေး၊ ဘာအရေးဖြစ်ဖြစ် ကိုရွှေဘတို့ ထိပ်ကပါဝင်ရမယ်ဆိုတဲ့ နှုတ်ကတိနဲ့ ကြေအေးကြရတယ်ဆိုကြတယ်။ ကိုရွှေဘကိုဖယ်ထုတ်ဖို့ဆွေးနွေးတိုင်း ရွာမှာ ဆူညံပူညံဖြစ်နေကြပါ။

ခေတ်ကပြောင်းလာတော့ ရွာမှာလည်း လက်ကိုင်ဖုန်းလေးတွေကိုယ်စီဖြစ်လာတယ်။ ဖေ့ဘုလေးပွတ်ရင်းသတင်းစုံကြားလာကြတယ်။ ဘယ်မှာဘယ်လိုပေါ့။ နိုင်ငံမှာလည်း ဒီမိုအစိုးရတက်ဖို့ဆိုပြီး ရွာသားတွေလည်း လက်သန်းမှင်စွန်းခံပြီး မဲပေးကြတာဆိုတော့ အတွေးအမြင်လေးတွေပွင့်လင်းလာပြီ။ ကိုရွှေဘကတော့ ကာလသားခေါင်းရာထူးက မဆင်းသေး။ ခေတ်မကလို့ ဘာပဲပြောင်းပြောင်း ခေါင်းမာမာနဲ့ မဖယ်ရေးချမဖယ်သေး။ အရင်ထက်တော့ လိမ္မာလာတဲ့ပုံဖမ်း၊ စကားချိုချိုလေးတွေပြောရင်း နေရာတကာပါမြဲပဲတဲ့။ ဒီတော့ ပြောင်းလည်းမှုကို လိုလားသူတွေ ရွာကျောင်းမှာစုပြီး ကိုရွှေဘကို ကာလသားခေါင်းရာထူးကဖယ်ရှားဖို့ အတွက် ကျေးရွာကော်မတီလေးဖွဲ့ဖို့ ဆွေးနွေးကြတယ်။

အစည်းအဝေးမှာ ကိုရွှေဘရဲ့အုပ်စုကလူနည်းစုပါ။ ဒါပေမဲ့ ထုံးစံအတိုင်း ဒီကိစ္စကို ကန့်ကွက်ကြဆဲပဲတဲ့။ ဝိုင်းထိုင်စည်းဝေးနေရာက ထပြီး လက်သီးလက်မောင်းတွေတောင် တန်းကြသတဲ့၊ ရွာသူကြီးက မနည်းတားယူရဆိုပဲ။ ကိုရွှေဘကို နေရာစုံမှာ ထိပ်ကထားဖို့ပေးထားတဲ့ နှုတ်ကတိကိုဖျက်ရဲဖျက်ကြည့်၊ သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင်ဖြစ်သွားမယ်၊ ဘာညာပေါ့လေ။ တကယ်တန်းဖယ်ရှားဖို့က အဝေးကြီး။ အကြံထုတ်ဖို့ ကော်မတီတောင် ဖွဲ့မရအောင် ကန့်ကွက်နေကြတာ မြင်မကောင်းဖူးဆိုပဲ။ ဒီတခါတော့ ရွာသားတွေက အများစုအားနဲ့ သူတို့ကန့်ကွက်တဲ့ကြားက ကော်မတီဖွဲ့ဖို့ သဘောတူခဲ့တယ်လို့ကြားရတယ်။

ပုံပြင်ဟောင်းတွေအရဆိုရင်တော့ နောက်ပိုင်းမှာ ရွှေဘကြမ်းပြမယ်။ မိုက်ပြမယ်။ အဲဒီလို ကလင်ဒါကျလာရင် စုပေါင်းအားနဲ့ ရွှေဘတို့အုပ်စုကို တွန်းလှန်ကြဖို့ ဆော်သြနေသူလည်းရှိရဲ့။ ကိုရွှေဘရဲ့ မရိုးနိုင်တဲ့ ပုံပြင်အဆုံးသတ်ကိုတော့ ပိတ်ကားမှာသာ စောင့်ကြည့်ကြပါစို့ရဲ့။

ချစ်တဲ့

မောင်လူပေ

(ကာတွန်းခရက်ဒစ် ကိုကျော်သူရိန်)

1 comment:

  1. Casinos and Slot Machines in Maryland | JTAH Hub
    The Maryland Lottery, a nonprofit advocacy group, and 통영 출장안마 the Baltimore 파주 출장마사지 Lottery (BLS) Baltimore 울산광역 출장마사지 This week the 세종특별자치 출장샵 lottery 하남 출장마사지 was launched in November

    ReplyDelete