Sunday, February 24, 2019

စမတ်ကျတဲ့ဘဝ

စမတ်ကျတဲ့ဘဝ

စမတ်ကျသတဲ့။ အနေအထိုင်၊ အဝတ်အစား၊ အပြောအဆို၊ အသုံးအဆောင် ပစ္စည်းတို့မှာ သုံးလေ့ရှိတဲ့စကား။ စမတ်ကျသူတွေတွေ့ရင် သဘောကြရတယ်။ အတုခိုးရတယ်။ ခုတော့ ကျွန်တော်တို့အားလုံး စမတ်ကျတဲ့ဘဝမှာ နေထိုင်နေကြရပြီ။

မနက်မိုးလင်းကနေ ညအိပ်ချိန်အထိ စမတ်ကျပဲ။ စမတ်နဲ့မကင်းဘူး။ မနက်မိုးလင်းတာနဲ့ လှမ်းဆွဲမိတဲ့ဖုန်းက စမတ်ဖုန်း၊ ညမအိပ်ခင် ဖေ့ဘုပွတ်တာလည်း စမတ်ဖုန်း။ စမတ်ဖုန်းနဲ့ဝေးရာမှာ နေရမဲ့ဘဝတောင် မတွေးရဲဘူး။ ဖုန်းပွတ်လို့ အတော်ကြာရင် စမတ်တီဗီဆီရောက်။ တီဗီဖွင့်။ ယူကျူ့ကြည့်။ နက်ဖလက်ထဲက ရုပ်ရှင်ကြည့်။ စမတ်နာရီ၊ စမတ်လုံခြုံရေးကင်မရာ၊ စမတ်ထမင်းအိုး၊ စမတ်အဝတ်လျှော်စက်၊ စမတ်အခြောက်ခံစက်၊ စမတ်ဖုန်စုတ်စက်၊ စမတ်..၊ စမတ်...နဲ့ စမတ်ကမ္ဘာထဲမှ မထွက်နိုင်ကြတော့။

စမတ်တဲ့။ ကျွန်တော်တို့လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင်နေကြတယ်။ ဘယ်သူ့ကိုဖုန်းခေါ်သလဲ။ ဘယ်သူနဲ့စကားပြောလဲ။ ဘယ်သွားလဲ။ ဘာလုပ်လဲ။ ဘာရှာနေသလဲ။ ဘာကြိုက်တတ်လဲ။ ဘာဝါသနာပါလဲ။ ဘယ်မှာနေလဲ။ သားသမီး ဘယ်နှစ်ယောက်လဲ။ အသက်ဘယ်လောက်ရှိလဲ။ ကျား၊မ၊ အခြောက်အစို၊ အရပ်အမောင်း ကိုယ်အလေးချိန်၊ သူငယ်ချင်းမိတ်ဆွေမကျန် မှတ်တမ်းတင်နေတဲ့ စမတ်တွေ။ စမတ်ကျကျနေဖို့မလိုတော့ဘူး။ အလိုလို စမတ်နေတာ။ ဘယ်မှာလဲ လျှို့ဝှက်ချက်၊ ဘယ်မှာလဲ ကိုယ့်ဘဝ။ အားလုံးသော အချက်အလက်တွေကို စမတ်တွေ သိသွားကြပြီ။

ဒီအချက်အလက်တွေကို ကာယကံရှင်မသိအောင်တမျိုး၊ သိအောင်တမျိုး ရယူပြီးတဲ့အခါ ဈေးကွက်အတွက်ရောင်းစားကြတယ်။ ကိုယ့်အကြိုက်ကို ကိုယ်တောင်မရိပ်မိခင် ကြော်ငြာတွေက တပြုံကြီးဝင်လာပြီ။ တီဗီဈေးလေး သိချင်လို့ လေ့လာမိရင် တီဗီကြော်ငြာတွေတလှေကြီးဝင်လာတာ၊ အလုပ်အကြောင်း ဝင်ကြည့်မိရင် အလုပ်ကြော်ငြာတွေ ဝင်လာတာ၊ ဘာမှကို ဝင်မကြည့်ရဲအောင် ဖြစ်ရတဲ့အထိ။ တန်ခိုးရှင်စမတ်က တန်ခိုးပြချက်က လက်လံတယ်။ သူမသိအောင် ဘာမှ လုပ်မရတဲ့အထိ။

ကဲ.... ကျချင်အုန်းဟဲ့ စမတ်။

No comments:

Post a Comment