ကမ္ဘာ့ပထမဆုရယူဖို့ ၂၀၃၅မှ ဖြစ်နိုင်မဲ့ တရုတ်ပြည်
တရုတ်ပြည်မကြီးရဲ့ စီးပွားရေးတိုးတက်မှုက အရှိန်အဟုန်နဲ့ ကြီးထွားနေတာမို့ မကြာခင်မှာ အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်ပြီး အကြီးမားဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်မယ်လို့ ပြောကြတယ်။ အင်္ဂလန်အခြေစိုက် စတန်းဒတ်ချာတာဘဏ် (Standard Chartered Bank) ကြီးကဆိုရင် ရှေ့နှစ်ဖြစ်တဲ့ ၂၀၂၀မှာ အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းထားတယ်။
ဒါပေမဲ့ အဲဒီခန့်မှန်းချက်တွေဟာ လက်တွေ့မှာ မဖြစ်နိုင်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုသည်သာ ၂၀၃၅အထိ တစ်ခုတည်းသောကမ္ဘာ့စီးပွားရေးအင်အားကြီး စူပါပါဝါနိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေဦးမှာပါလို့ DRC လို့ခေါ်တဲ့ ဘေဂျင်းအခြေစိုက်တရုတ်အစိုးရရဲ့ ဖွံ့ဖြိုးမှုလေ့လာရေးစင်တာ ( Development Research Center of the State Council) ကသုံးသတ်ပြောဆိုလိုက်တယ်။ တရုတ်ပြည်ဟာ အမေရိကန်ပြည်ထောင်စုကိုမှီဖို့ နောက်ထပ် အနှစ်နှစ်ဆယ်လောက်ကြာအောင် ကြိုးစားရဦးမယ်လို့ ဆိုတယ်။ တရုတ်ပြည်သူတွေရဲ့ မြင့်မားနေတဲ့မျှော်မှန်းချက်တွေကို လျှော့ချဖို့ ဆော်သြတဲ့သဘောလည်းဖြစ်တယ်။ တရုတ်အစိုးရပိုင် စီးပွားရေးနေ့စဉ်သတင်းစာ ( Economic Daily) ရဲ့ အင်္ဂါနေ့ထုတ်မှာ ဒီသတင်းပါလာခဲ့တယ်။ တရုတ်အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားချဲ့ထွင်မှုကို ဆန့်ကျင်မှုတွေနဲ့ရင်ဆိုင်နေရချိန်၊ ဝါရှင်တန်နဲ့ဆက်ဆံရေးတင်းမာနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အချိန်လည်းဖြစ်တယ်။
တရုတ်ပြည်ဟာ ၂၀၃၅မှာ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်လာစေရမယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ (၁၉)ကြိမ်မြောက်အမျိုးသားကွန်ကရက်အစည်းအဝေးမှာ သမ္မတစီက ပြောခဲ့ဖူးတယ်။ အဲဒီရည်မှန်းချက်ကို ထပ်မံအတည်ပြုတာပါ။ ၂၀၃၅မှာ တရုတ်ရဲ့ ဂျီဒီပီ (GDP)မျှော်မှန်းချက်အတိအကျ မထုတ်ပြန်ပေမဲ့ အဲဒီနှစ်မှာ အမေရိကန်ပြည်ထောင်စုကိုကျော်လွန်ဖို့ ရည်မှန်းကြိုးစားနေတာ ထင်ရှားပါတယ်။
DRC ရဲ့အဆိုအရ တရုတ်စီးပွားရေးဟာ လာမဲ့ဆယ်စုနှစ်နှစ်ခုထိ တိုးတက်နေမှာဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့နောက်မှာပဲ ရှိနေဦးမယ်။ အမေရိကားရဲ့ အနာဂတ် ဂျီဒီပီတိုးနှုန်းကို (၂%)သာ ခန့်မှန်းထားသည့်တိုင် ၂၀၃၅အထိ မမှီနိုင်သေးဘူး။ တရုတ်ရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့နှစ်က ၁၃.၁ ထရီလီယံအထိ တိုးတက်ခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုဂျီဒီပီရဲ့ သုံးပုံနှစ်ပုံပဲ ရှိပါတယ်။
၂၀၃၅ခုနှစ်မှာ ဥရောပနဲ့ဂျပန်ရဲ့စီးပွားရေးဟာ အားပျော့သွားပြီး ဂျပန်က စီးပွားရေးအင်အားကြီးအဆင့်(၃)မှ(၅)သို့လျှောကျသွားမယ်။ စီးပွားရေးအင်အားကြီး(၇)နိုင်ငံ (G 7 groups) မှာ ဥရောပတိုက်ကိုယ်စားပြုအနေနဲ့ ဂျာမဦတစ်နိုင်ငံသာ ပါဝင်လိမ့်မယ်။ ကမ္ဘာ့စီးပွားရေးအင်အားစုဟာ အမေရိကားနဲ့ ဥရောပကိုဗဟိုပြုခဲ့ရာက အာရှတိုက်ကို ရွှေ့လျှားသွားမှာဖြစ်ပါသတဲ့။
၂၀၃၅ အထိ တရုတ်ယွမ်ငွေကလည်း အမေရိကန်ဒေါ်လာငွေရဲ့ ကမ္ဘာ့ဈေးကွက်ချုပ်ကိုင်မှုကို စိမ်ခေါ်နိုင်မှာ မဟုတ်သေးသလိုပဲ ရှန်ဟိုင်းကလည်း နယူးယော့ခ်၊ လန်ဒန်တို့လို ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုသော့ချက်မြို့တွေနေရာမှာ အစားထိုးနိုင်ဦးမှာ မဟုတ်ဘူးလို့ DRC စစ်တမ်းက ဆိုတယ်။ ဒီစစ်တမ်းမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ကြောင့် တရုတ်ပြည်အနေနဲ့ ဘယ်လိုထိခိုက်မှုရှိတယ်ဆိုတာ မပါရှိဘူး။
အကျယ်ဖတ်လိုသူများအတွက်
https://amp.scmp.com/economy/china-economy/article/2185865/united-states-remain-sole-global-economic-superpower-until
No comments:
Post a Comment