Friday, January 30, 2015

ဒေါင်းအို နှစ်ကောင်ရဲ့  ကျောင်းသားသပိတ်အပေါ် ပြောကြားချက်များ

ဆရာဟောင်း-

 

 ကျောင်းသားဟောင်း-   ကျောင်းသားတွေတောင်းတဲ့ ၁၁ချက်မှာ အဓိကကတော့ နည်းဥပဒေတွေရေးရင် ကျောင်းသား ဆရာ ကွန်ယက်တို့နဲ့ ဆွေးနွေးဖို့၊ လွတ်လပ်တဲ့ ကျောင်းသား/ဆရာ သမဂ္ဂတွေ ဖွဲ့ခွင့်ပေးဖို့ ၊ ပညာရေးကောင်စီဘာညာတွေက လမ်းညွှန်မှုဆိုတာတွေ မပါတဲ့ သီးခြားတက္ကသိုလ်တွေ ဖွဲ့ခွင့်ရဖို့၊ မသန်မစွမ်းတွေအတွက် လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပေးပြီး တက္ကသိုလ်တက်နိုင်ဖို့၊ နိုင်ငံရေးမှုတွေနဲ့ အထုတ်ခံရသူတွေ ပြန်လက်ခံဖို့၊ ပညာရေးကို သင်ကြားမှုစနစ်ပြောင်းဖို့၊ စာမေးပွဲစနစ်ပြောင်းဖို့ စတာတွေပဲ။

ခုတော့ ဒီမောင်တွေ ကျောက်ပန်တောင်း ရောက်ပြီ။ နိုင်ငံရေးမှာ ထိုးစစ်ပြတော့ အဘတွေရဲ့ အမာခံ ကျောက်ဆယ်တို့ တောင်သာတို့ပါ ထောက်ခံကြတာ အမြတ်ပေါ့ကွာ။

ရှေ့လဆန်းတရက် ဆွေးနွေးပွဲစရင် ခဏ ရပ်နားမယ်တဲ့။ ကောင်းပါတယ်။ ဒီချာတိတ်တွေက ဒို့တွေထက်နပ်တယ်ကွ။ နားရမဲ့အချိန်ကိုသိတယ်။

ငါတို့တုန်းက သမဂ္ဂဆောက်ပေးပါ့မယ် ဆိုတာကို နားမထောင်မိလို့ ဘူးလက်ပဲ ရခဲ့တာလေကွာ။ အပြေးမြန်လို့သာ မသာမဖြစ်တာ။



ဆရာဟောင်း-    ငါ DVB video clip ကြည့်လိုက်ရတယ်၊ media guy က နဲနဲအောက်တန်းကျသလားလို့၊ bias ဖြစ်တယ်၊ it looks like a debate, ပညာရှင်တွေအပေါ်စကားအတင်းဖြတ်ပစ်တယ်၊ ငါ့ဆရာဆရာမတွေမို့ပြောတာမဟုတ်ပါဘူး၊  

 ညိုညိုသင်းလဲငါ့ညီမသူငယ်ချင်းပါ၊julyပြန်တုံးကတောင်တွေ့ခဲ့စကားပြောခဲ့သေးတယ်၊မေဦးနဲ့၃နာရီလောက်ဆွေးနွေးကြတာ၊ငါဘာမှဘက်လိုက်ပြောစရာမရှိပါဘူး၊ ကျောင်းသားလေးတွေကတက္ကသိုလ်အသီးသီးရဲ့ပညာရေးဘုတ်မှာသူတို့သင်ဘို့စာကိုသူတို့ဝင်ရေးဆွဲကြမှာလား၊သီးခြားတက္ကသိုလ်တွေပေးတာတော့ဟုတ်ပြီ၊ ဘယ်ငွေနဲ့ run မှာလဲ၊ ပြည်သူပိုင်မြေတွေအဆောက်အဦးတွေ ပြည်သူ့ဝန်ထမ်းတွေindividual private school တွေဖြစ်လာရင် ရပ်တည်ဘို့administrstive staffs တွေ၊ technicianတွေ၊ qualify Academic Faculty တွေကြီးကြပ်ရမဲ့တက္ကသိုလ်ဘုတ်အဖွဲ့တွေမှာစာသင်ဆဲကလေးတွေကဝင်ပြီးခန့်ခွဲကြမှာလား၊ 

သူတို့တွေတောင်းမှာကတော့၊လူစုပြီးသမဂ္ဂကိစ္စတွေလုပ်ဖို့နေရာ၊အဆောက်အဦ၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ပေါ့၊နောက်မတရားတဲ့ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်တွေကိုအရေးယူဘို့တောင်းဆိုခွင့်၊အဆောင်တွေမှာလွတ်လပ်စွာနေထိုင်လိုမှု၊ကျောင်းလခအဆောင်လခနဲပြီးထိုက်တန်တဲ့အခွင့်အရေးတွေရလိုမှုစတာတွေရရင်ဘဲကောင်းလှပြီ၊သင်ကြားမှုနဲ့အုပ်ချုပ်ရေးကိုရောဝင် စွက်ကြမှာလားမပြောတတ်၊နိုင်ငံတကာကျောင်းသားတွေ၊ဆရာဆရာမတွေနဲ့၊နိင်ငံတကာတက္ကသိုလ်တွေနဲ့ဆက်သွယ်ခွင့် တွေကိုမင်း ပြောတဲ့အစိုးရမပါတဲ့ student cabinetတွေကrunသင့်တာပေါ့၊ကျောင်းတွေထိန်းသိမ်းဘို့၊ဝန်ထမ်းတွေလစာပေးဘို့၊လူမှုဖူလုံရေးကိစ္စတွေအထိတော့သူတို့ဝင်မလုပ်နိုင်ပါဘူး၊ ဒို့ရွှေတွေကအကုန်ဝင်ပါတတ်တယ်၊ငါတောင်ခုဝင်လျှာရှည်နေပြီ၊ တို့လူမျိုးက fighting ကောင်းတယ်၊ maintainace ညံ့တယ်၊ NLD ကိုဆဲမလား၊ ဗိုလ်သိန်းစိန်ကိုဆဲမလားနည်းမျိုးစုံရတယ်၊ ဦးနေဝင်းမိသားစုဆိုကနေ့ထိခေါင်းမဖော်ရဲအောင်ဆဲကြတာဘဲ၊ UN ကိုလဲဘုန်းကြီးကဆဲတာဘဲ၊ ဒေါ်စုလဲရစရာကိုမရိတော့ဘူး၊ ကြံ့ဖွံ့ဆိုမြောင်းထဲမှာ၊ တောင်ငူကဦးသုဝေတို့ဆိုစာရင်းတောင်မရှိဘူး၊မင်းကိုနိင်ရောမင်တို့ရဲ့ဂုဏ်ထူးဆောင်fremont မြို့သား ကိုကိုကြီးရော ဆဲခံကြရတာဘဲ၊

်တော်တော်နိင်ငံရေးရေချိန်မြင့်တဲ့သူတွေပါဘဲ Filippine မှာ Marcos သားရောသမီးရော elected senators တွေ၊ အားလုံးဝိုင်းလုပ်နေကြတာ၊Gen. Sukano သမီးလဲ Indonesiaသမတဖြစ်ခဲ့တာဘဲ၊ညံ့ရင်ဆင်းပေါ့၊ဒို့ဆီမှာကနာကျည်းလို့မဆုံးဘူး၊ငါလဲပါတာဘဲ၊စစ်အုပ်ချုပ်ရေးဆိုတာနဲ့အ သက်ရှုကြပ်လာတာဘဲ၊ ဒီfbဖတ်နေတဲ့မင်းသူငယ်ချင်းငါ့သူငယ်ချင်းတွေထဲမှာလဲစစ်ဗိုလ်ချုပ်တွေ၊လူ ကြီးကတော်တွေပါနေမှာဘဲ၊အားတော့နာပါရဲ့၊ ဒီ စစ်သားအမတ်တွေlegislateဝင်မလုပ်နိုင်တဲ့အခါကောင်းလာမယ်ထင်တာဘဲ၊လောလောဆယ်တော့သမဂ္ဂအ ဆောက်အဦးနေရာမှာကြီးလာရင်ခုတ်ရောင်းဘို့ကျွန်းပင်တွေအပြည့်စိုက်ထားတယ်၊ ကျောင်းထဲမှာ plastic bag နဲ့ trash တွေအပြည့်ဘဲ။


 ကျေင်းသားဟောင်း-   ဗမာဆိုတော့လည်း ဂလောက်တော့ ရှိမပေါ့။ ခလေးတွေကလည်း အကုန် တောင်းတိုင်းရမယ် မပြောပါဘူး။ ညှိရင် အဖြေရမှာပါ။ ခုဟာက ဂရုကို မစိုက်ခဲ့လို့ ဒါတွေ ဖြစ်လာတာ။ ကျောင်းအုပ်ချုပ်ရေးမှာ သမဂ္ဂအဖွဲ့ဝင်တွေက တင်ပြခွင့် အရေးဆိုခွင့် တွေကို တောင်းတာပါ။ အကုန် လိုက်ပါမယ် မဟုတ်ပါဘူး။ ကလေးတွေ တောင်းတာ တဝက်လောက် ရရင်တောင် ဒီကလေးတွေ ကြေနပ်မှာပါ။

ဆုံးဖြတ်ချက် အားလုံးကို အဘတွေကပဲ ပေးပြီး ဆရာတွေက ပုတ်သင်ညိုလုပ်ရတဲ့ စနစ်၊ ကျောင်းကို အမဲရောင်နယ်လို သတ်မှတ်ပြီး ဆက်ဆံတဲ့စနစ်၊ ပညာရေးစနစ်ကို လိုသလို စမ်းသပ်နေတဲ့ စနစ်၊ credit system, credit transfer system , teaching methods အားလုံး ပြင်ဖို့ လိုနေတဲ့ စနစ် ပြင်ချင်တာ။

အဘတွေက စနစ်တကျ နေရာယူပြီးမှ ပေးတဲ့ ဒီဥပဒေဆိုတာတွေကို လက်ခံလိုက်ရင် နောင် နှစ် ၂၀လည်း ပြင်ဖို့ မလွယ်ပဲ။ နေရာတိုင်းမှာ သူ့မျက်နှာ။ သူတို့ မရှိတဲ့ ဌာနပြပါဆို ရေဝေးတို့ ထိန်ပင်တို့ပဲကျန်မယ်။

လွှတ်တော်ထဲအထိ ဘူစီဘောင်းကြီးနဲ့ ခပ်တည်တည် ဝင်ထိုင်နေတဲ့ စနစ်ကို ကျောင်းသားတွေကရော ပြည်သူကပါ မထောက်ခံဘူး ဆိုတာ ပါးပါးလေး ပြလိုက်တာပဲ။

အမျိုးသားရေးဝါဒီဆိုပြီး သင်္ကန်းကြီးနဲ့ စင်ပေါ်မှာ ဆဲဆိုပြနေတာကို လွှတ်ပေးထားမှတော့ ပြည်သူတွေ ဆဲတာ နည်းတောင်နေသေး။ သူတို့လည်း ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲနေကြရတာကိုး။

မေတ္တာရှင်တောင် လူထွက်သွားပြီးကွ။ ဒေါသအိုးကွဲတွေပဲ ကျန်တော့တာ။ မင်းပြောသလို ငါတို့တွေ အဝေးရောက်နေတာလည်း အကုသိုလ် ကင်းတာပေါ့။

အထဲမှာဆို အဆင်မပြေမှုတွေ မတရားမှုတွေနဲ့ ပတ်လည်ရိုက်နေတော့ နေ့တိုင်း ဆဲမိနေလို့ အကုသိုလ်တွေ အပုံလိုက် စုမိနေလောက်ပြီ။

Wednesday, January 28, 2015

ကျောင်းသားသပိတ် ကိုင်တွယ်ပုံလှတယ်

အကဲဆပ်လှတဲ့ ကျောင်းသားအရေးမို့ မီးမတောက်အောင် ထိမ်းပေးလိုက်တဲ့အကွက်လှတယ်။

ကျောင်းသားတွေကိုထိရင် စွန်းမဲ့ အမည်းကွက်ကို မလိုချင်ဘူး။ ၂၀၁၅ လည်း ဖြစ်နေတယ်။ နဂိုကမှ ချဉ်ဖတ်ဖြစ်နေတဲ့အထဲကို သံပရာသီးတွေ အကွင်းလိုက်ထည့်မိမဲ့အရေးက ရှောင်သွားတာပါပဲ။

ကျောင်းသားတွေကလည်း ပါးနပ်တယ်။ နိုင်ငံရေးကစားတာ မခံဘူး။ အမျိုးသားပညာရေး ဥပဒေ တစ်ခုကိုပဲ ပြင်ပေးဖို့ တောင်းဆိုတယ်။ သူတို့ကိုလည်း လေးစားတယ်။

ကျောင်းသား အရေးပေါ်အစည်းအဝေးကို နေရာပေးခဲ့တဲ့ ခုလို အခြေအနေအထိ လိုက်ကူညီနေတဲ့ ကိုကျော်သူနဲ့ ဝိုင်းရံပေးကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်။

အဖက်ဖက်က နိမ့်ကျနေတဲ့ ပညာရေးစနစ်ကို ပြောင်းလည်းဖို့ ကိုယ်ကျိုးမဖက်ပဲ ကြိုးစားနေသူ အပေါင်းကိုလည်း ဒီနေရာက ဦးညွှတ်ပါတယ်။

ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နဲ့ ပညာရေးကွန်ယက်တို့ တွေ့ဆုံညှိနှိုင်းကြပြီး နိုင်ငံအတွက် အရေးကြီးတဲ့ ပညာရေးဥပဒေကို ပြင်ဆင်နိုင်ကြပါစေ။ ကျောင်းသားတွေလည်း ဘေးရန်ကင်းပါစေ။

(ရက် ၆၀ စောင့်ခဲ့ပေမဲ့ တောင်းဆိုတာတွေ မရခဲ့လို့ တိုက်ပွဲဝင်နေတဲ့ ခွတ်ဒေါင်းပျိုများအတွက် ဒေါင်းအိုကြီးတစ်ကောင်ရဲ့ အားပေမှု သဲတစ်ပွင့်ပေါ့။)

Saturday, January 24, 2015

သာဂိတို့ ရပ်ကွက်ထဲမှာဗျာ (၃)

သာဂိတို့ ရပ်ကွက်ထဲမှာဗျာ (၃)

သာဂိအကြောင်း ပြောပြရဦးမယ်။ သူက လူလည်မဟုတ်လား။

 လူတွေချစ်အောင်လည်း နေပြတတ်သေးတယ်။ ဆိုက်ကားစီးပြတာမျိုး၊ လမ်းဘေးမှာ စားပြတာမျိုး ပေါ့။ သူ့  အိမ်မှာ ထားစရာမရှိ ချမ်းသာတာတွေ လူသိမခံချင်တော့ ဒါမျိုးလေးတွေ လုပ်ပြရတာရှိတယ်။ စကားပြောရင်လည်း လေပြေထိုးလေးနဲ့ ။ ဦးဦး ဒေါ်ဒေါ်များ ခင်ဗျား.. ဘာညာပေါ့။ ပြီးမှ သူလုပ်ချင်တာ လုပ်တဲ့သူ။

ရပ်ကွက်ထဲက ကလေးအုပ်က သူ့ ကို သိပ်မကြည်တော့ပဲ စာဥမှ စာဥ ဖြစ်နေကြတော့ ကြံရဖန်ရပြန်တယ်။

သူ့ ရဲ့  လက်ရုံး ဂွကိုင် မျက်မှေးကို လောက်စာပစ်တာ ထိမ်းပါ၊ တွေ့ ရာ ရှောက်မပစ်ရဘူး ဘာညာနဲ့  ကလေးတွေကြားအောင် ပြောတယ်။ ဒါပေမဲ့ ပြောမရတဲ့ ကလေးတွေကို ဂွကိုင်ချုပ် မျက်မှေးက ဆက်ပစ်နေတာပဲ။ အဲတော့ ကလေးတွေကြားမှာ သာဂိက ပြောရှာပါတယ်။ မျက်မှေးက နားမထောင်လို့ တို့  ဘာတို့  ဖြစ်လာတော့တယ်။

သူမြှောက်ပေးပြီးထားတဲ့ မွတ်တားတို့  ကလေးအုပ်နဲ့  တခြား ကလေးအုပ်ကို ပြန်ရန်တိုက်ပေးတယ်။ မွတ်တားတို့ ကို ပြန်နှိပ်ကွပ်ပြပြီး မွတ်တားတို့ ရန်ကို ကာကွယ်နေတာ သူပဲလို့  လုပ်ပြပြန်တယ်။ သူမရှိရင် ကလေးတွေ ဒုက္ခရောက်မှာမို့  သူဟာ မရှိမဖြစ်သာဂိပါ ဘာညာပေါ့။

နောက်အကွက်က ပိုတောင်လှသေး။ သူ့ လက်ထောက် ရွှေမိုးကို စာဥနဲ့  ရင်းနှီးအောင် လုပ်ခိုင်းလိုက်တယ်။ စာဥနဲ့ ရွှေမိုး ခင်သွားတော့ ရွှေမိုးကို သာဂွဝေဖန်ရေးတွေ ပြောခိုင်း။ ဒီတော့ ကလေးအုပ်က သာဂိနဲ့  ရွှေမိုး ကွဲနေကြပြီ။ ဘာညာနဲ့  ပြောကြပြန်ရော။ သာဂိက အမာ၊ ရွှေမိုးက အပျော့ နဲ့  ကလေးတွေကြားမှာ ဆူညံပူညံ ပြောနေဖြစ်တော့ စာဥအကြောင်းက နောက်တန်းရောက်သွားအောင်ပေါ့။

မြစ်ထဲမှာ ကုန်သယ်ရင်းနဲ့ လမ်းထိပ်က ကိုမွန်ကြီးကျခဲ့တယ်ဆိုတဲ့ သကြားလုံးထည့်တဲ့ ပန်းအိုးကြီးကို မြစ်ထဲကနေ ပြန်ဆယ်ပေးမယ်။ ပြီးရင် ကလေးအားလုံးကိုဝေမယ်နဲ့ လည်း လန်ကြုတ်ဇာတ်တွေ လုပ်ပြရသေးရဲ့။ ကိုမွန်ကြီးကတော့ သူ့ ပန်းအိုးကြီး ရေထဲကျတယ် မကျဖူးတောင် မသေချာပါလို့  ပြောရှာရဲ့ ။ ဒါပေမဲ့ ယုံတဲ့ ကလေးကတော့ ယုံတာပဲ။

ဂလိုတွေ ဇာတ်မျိုးစုံခင်းပြနေတဲ့ ကြားမှာ ကလေးအုပ်က စာဥမှစာဥပဲ အော်နေကြတော့မှ စာဥနဲ့  တွေ့ ဖို့  လက်ခံမယ်ဖြစ်တာ။ ဒါတောင် လူအရေအတွက်က ခုထိညှိလို့ မရသေးဘူး သာဂိက လူများပွဲမစည်ဖြစ်စေချင်တာလေ။ တွေ့ ချင်တာမှ မဟုတ်။

ဒီလိုပုံတွေနဲ့ ပဲ သာဂိတို့ ရပ်ကွယ်ထဲမှာ မိုးကြီးချုပ်နေတာ ကြာလှပေါ့။

သာဂီကတော့ သူဆင်တဲ့ အကွက်တွေထဲမှာ မြောနေတဲ့ ကလေးအုပ်ကို ကြည့်ပြီး ပြုံးလို့ ရွှင်လို့ ။

Friday, January 23, 2015

ပါးစပ်ရာဇဝင်များနှင့် မြန်မာ

မနေ့က ပါးစပ်ရာဇဝင်တစ်ခုကို ရေးရင်း စဉ်းစားမိတယ်။

မောင်လူပေတို့ မြန်မာရာဇဝင်မှာ ပါးစပ်ရာဇဝင်တွေ အတော်များတာပဲ လို့။
မှတ်တမ်းတိကျမှုမရှိပဲ ပုံပြင်လို ပြောခဲ့ကြတာတွေများတယ်။

ဒါကြောင့် သမိုင်းပညာရှင်တွေက မြန်မာရာဇဝင် တချို့ဟာ အခြေအမြစ်မရှိလို့ လက်မခံခဲ့ဘူး။
မြန်မာတွေက ဗုဒ္ဓဘာသာဝင်တွေမို့ ဘုရားနဲ့ အမျိုးတော်ချင်တယ်။ ဒီတော့ မင်းလိုလိုက် မင်းကြိုက်ရေးရတဲ့ ပညာရှိတွေက သကျသာကီမျိုးတွေ ဘာညာနဲ့ ရေးခဲ့တယ်။ ပါးစပ်ရာဇဝင်က ကြာလာတော့ အမှန်လို ဖြစ်လာတယ်။

ဘာသာဗေဒ ပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေက လုံးဝ လက်မခံဘူး။ ဘာသာဗေဒအရ မြန်မာစကားဟာ တိဘက်တိုဘားမင်း အုပ်စုထဲမှာ ရှိတယ်။ မြန်မာဖြစ်လာမဲ့ ပရိုတို မြန်မာတွေက အုပ်ချုပ်သူကို မင်းလို့ခေါ်ကြောင်း ယခု ယူနန်ပြည်နယ်မှာ ၆ရာစုလောက်က တန်ခိုးထွားခဲ့တဲ့ နန်ကျောင်အင်ပါရာတပ်မှာ စစ်မှုထမ်းခဲ့ကြတယ်သူတို့ကို မန်းမန်လို့ခေါ်တယ်လို့ တရုတ်မှတ်တမ်းတွေမှာရှိတယ်။

နန်ကျောင်တွေ သရေခေတ္တရာပျူမြို့နဲ့ မုတ္တမမွန်မြို့တွေကို ၉ရာစုမှာ ဝင်ဖျက်စီးခဲ့တော့ မန်းမန်တပ်တွေပါတယ်။ မန်းမန်တွေဟာ တိဘက်ကုန်းမြင့်မှာ နေတဲ့ အစုအဖွဲ့လူမျိုးပဲ။ နန်ကျောင်အင်ပါရာအောက်မှာ အမှုထမ်းရင်း နန်ကျောင်တွေရဲ့ဖိနှိပ်မှုကြောင့် နယ်သစ်ပြောင်းလာတာ။
သူတို့ ရောက်ဖူးပြီး ဖြစ်တဲ့ ဧရာဝတီမြစ်ဝှမ်းကို ကျောက်ဆည်ဖက်က ဖြတ်ဆင်းလာပြီး မိုးနည်းတဲ့ အညာက ပုဂံကို ဗဟိုပြုပြီး မြို့ရွာတွေ တည်ထောင်ခဲ့တာ။ အောက်ပြည်က မိုးများပြီး ရောဂါထူလို့ မနေဝန့်ခဲ့တာ လို့ သမိုင်းပညာရှင်တွေက ဆိုခဲ့ကြတယ်။

အဲဒီအချိန်မှာ ပထမ မြန်မာနိုင်ငံတော်လို့ ခေါ်သင့်တဲ့ သရေခေတ္တရာ ပျူနိုင်ငံကလည်း နန်ကျောင်ဖျက်လို့ ပျက်နေပြီ။ မွန်ကလည်း အင်အားမရှိ။ တခြား တိဘက်တိုဘားမင်း အုပ်စုဝင် ချင်း၊ ပလောင်၊ သက်၊ ကန်းယမ်စတဲ့ တိုင်းရင်းသားတွေက အရင်ဝင်နေခဲ့သူတွေ ဖြစ်ပေမဲ့ မျိုးနွယ်စုလေးတွေ။ ဒီလိုအခြေအနေတွေကို ကြိုသိထားလို့ အလွယ်တကူပဲ နယ်အားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကလည်း ဆိုခဲ့ပါတယ်။

ကျွန်တော့ အမြင်ကတော့ မြန်မာဟာ သာကီဖြစ်ဖြစ် မန်းမန်ဖြစ်ဖြစ် လူသားဆန်တဲ့ လူကိုလူလိုတန်ဖိုးထားတဲ့ လူ့တန်ဖိုးကို နားလည်တဲ့ လူမျိုးပဲ ဖြစ်စေချင်ပါတယ်။

ချစ်တဲ့
မောင်လူပေ။

ပန်ထွာ ဘုရင်မ

ကားဖူးကြလား။

ဗမာ ပါးစပ်ရာဇဝင်မှာ ပန်ထွာဘုရင်မဆိုတာ ရှိတယ်။
ဗိသနိုးနယ်ကို အပိုင်စားရတဲ့ ဘုရင်မဆိုပဲ။

သူပိုင်စားတဲ့ မြို့ကို ရောက်ဖို့ ချောင်းပြင်ကြီး တစ်ခုကို ဖြတ်ရတယ်။
ဒီတော့သူက ချောင်းအထက်မှာ ရေကာတာကြီး တည်ဆောက်တယ်။ ရေတံခါးကို လုံခြုံစွာ စောင့်စေတယ်။
မြို့အဝင်မှာ မျှော်စင်တည်ပြီး အလွန်အသံအောင်တဲ့ စည်တော်ကြီးတစ်လုံး တတ်ဆင်ထားတယ်။

သူပိုင်စိုးတဲ့ တိုင်းပြည်ကို တိုက်ခိုက်ဖို့ ရန်သူတွေ လာပြီဆိုရင် စည်တော်ကြီးကို တီးလိုက်ရုံပဲ။
စည်သံကြားတာနဲ့ မြို့အထက်က ရေတံခါးကို ဖွင့်ချလိုက်ရော။ ချောင်းကို ဖြတ်နေကြတဲ့ ရန်သူတွေ ရေထဲမှာ အတုံးအရုံး မျောပါ ကျဆုံးကြရတယ်။

ဒီလို စီမံထားတဲ့ ဗိသနိုးမြို့ နိုင်ငံကို ဘယ်ရန်သူကမှ မသိမ်းပိုက်နိုင်ခဲ့ဘူး။

ဗိသနိုးဟာ ဆန်ရေစပါး ပေါများကြွယ်ဝတဲ့အပြင် ပန်ထွာဘုရင်မရဲ့ တုနှိုင်းမယှဉ်သာတဲ့ အလှဂုဏ်သတင်းကလည်း တခြားတိုင်းနိုင်ငံတွေအထိ ကျော်ကြားတယ်။

ပန်ထွာဘုရင်မကို လိုချင်တဲ့ သရေခေတ္တရာပြည့်ရှင် ဒွတ်ဒဘောင်မင်းကြီးက ဗိသနိုးကို ရအောင်တိုက်နိုင်သူကို ဆုလာဒ်ကောင်းပေးမယ်လို့ ကြေညာလိုက်တယ်။

သူ့လက်အောက်က တပ်မှူးတစ်ဦးက သူတောင်းတာပေးမယ်ဆိုရင် ရအောင်တိုက်ပေးမယ်လို့ ဘုရင်ကို အာမခံတယ်။ ပန်ထွာဘုရင်မကိုရရင် ဘုရင်ရဲ့ မိဘုရားငယ်တစ်ပါးကမွေးတဲ့ သမီးတော်ကို ပေးရမယ်လို့ တောင်းတယ်။
ဒွတ်ဒဘောင်မင်းကလည်း ပန်ထွာကို ရရင် ပေးမယ်လို့ အာမခံတယ်။

ဒီတော့ တပ်မှူးက မုတ်ဆိပ်ဆံပင်တွေ ရိတ်ပြီး သင်္ကန်းဝတ်လိုက်တယ်။ လူယုံတစ်ဦးကို ခေါ်ပြီး ဗိသနိုးကိုကြွသွားတော့တယ်။

ဗိသနိုးရောက်တော့ တပ်မှူးက သူတတ်ကြွမ်းတဲ့ မျက်လှည့် လက်လှဲ့ ပညာတွေနဲ့ ပြသပြီး နာမည်ကျော်အောင်လုပ်တယ်။ နာမည်ကျော်လာတော့ ပန်ထွာဘုရင်မက နန်းထဲပင့်ပြီး ကိုးကွယ်တော့တယ်။

ဘုရင်မက သူ့ကို ကိုးကွယ်တော့မှ ဘုရင်မကို ဗိသနိုးပြည်ဟာ ဘေးဆိုးကြီးတစ်ခုကြရောက်မှာ သူမြင်ကြောင်း၊ ယတယာအနေနဲ့ စည်တော်ကြီးက သားရေကို အစီအမံများနဲ့ လဲလှည်ရမည်ဖြစ်ကြောင်း အယုံသွင်းတော့တယ်။

ဒီသင်္ကန်းဝတ်ကို ယုံကြည်နေတဲ့ ဘုရင်မကလည်း စည်တော်ကြီး သားရေ လဲလှည်ရေးအတွက် သူ့ကိုပဲ တာဝန်ပေးပါသတဲ့။
ဒီတော့မှ စည်တော်က သားရေအကောင်းစားတွေကို ထိုးခွဲစေပြီး အသံမမည်မဲ့ ခွေးသားရေတွေနဲ့ လဲလှည်စေတယ်။
သူ့လူယုံကိုလည်း ဗိသနိုးကို သိမ်းဖို့ အချိန်ကြပြီဖြစ်ကြောင်း ဒွတ်ဒဘောင်ဘုရင်ထံ သတင်းပို့စေလိုက်တယ်။

ချီတက်လာတဲ့ ဒွတ်ဒဘောင်မင်းရဲ့တပ်တွေ ဗိသနိုးမြို့ဝင် ချောင်းကို ဖြတ်ချိန်မှာ စည်တော်တီးပြီး အချက်ပေးပါတယ်။ ဒါပေမဲ့ စည်တော်က အ နေပြီး အသံမမည်တော့တာမို့ ရေတံခါးစောင့်တွေ မကြားလို့ ရေမလွှတ်နိုင်ခဲ့ဘူး။ အိပ်မောကြနေတဲ့ မြို့စောင့်တပ်ကိုလည်း မနိုးနိုင်ခဲ့ဘူး။
ဒါကြောင့် ဒွတ်ဒဘောင်ရဲ့တပ်ဟာ ဗိသနိုးကို ခဏလေးသိမ်းနိုင်ခဲ့ပြီး ပန်ထွာဘုရင်မကိုလည်း ဖမ်းနိုင်ခဲ့တယ်။

ဇာတ်လမ်းချုပ်တော့ ပန်ထွာဘုရင်မကို ဒွတ်ဒဘောင်မင်းက မိဘုရားမြှောက်တယ်။ သင်္ကန်းဝတ် တပ်မှုးက သူလိုချင်တဲ့ ဘုရင့်သမီးကိုရတယ်။ ဗိသနိုးပြည်ကတော့ ပျက်ရတယ်ပေါ့။
တောင်တွင်းကြီးမြို့အနားမှာ ရန်ပယ်ချောင်းရော ဗိသနိုးမြို့ဟောင်းကို ရှေးဟောင်းသုတေသနက ပြန်ဖေါ်ထားတာရော ဒီနေ့တိုင် တွေ့နိုင်ပါတယ်။
ပုဂံမတိုင်ခင် ပျူရာဇဝင်ထဲက ဗိသနိုးမြို့ ပျက်ရခြင်းအကြောင်းကတော့ ဒါပါပဲ။

ပါးစပ်ရာဇဝင်မို တချို့ မူကွဲတွေလည်း ရှိသေးတယ်။ သင်္ကန်းဝတ်ကြောင့် စည်တော် သားရေလဲ ရတာတော့ တူညီတယ်။

သင်္ကန်းဝတ်ထားတိုင်း သံဃာမဟုတ်ဘူးဆိုတဲ့ ပန်ထွာဘုရင်မဇာတ်ကြောင်းက သိထားရင် အကျိုးရှိမယ်ထင်လို့ ဒီစာကို ရေးပါတယ်။

သံဃာတော် အစစ်အမှန်များကို အစဉ်လေးစား ကြည်ညိုလျှက်ပါ။
အားလုံးကို လေးစားပါတယ်။

ချစ်တဲ့
မောင်လူပေ

(ငယ်ငယ်ကကြားဖူးတဲ့ ပါးစပ်ရာဇဝင်ကို ကြားဖူးတဲ့အတိုင်းရေးပါတယ်။ ဗိသနိုးမြို့ ဟောင်းဟာ သရေခေတ္တရာ ပျူတွေဖျက်လို့  ၅ရာစုလောက်မှာ ပျက်တယ်လို့  ဆိုကြတယ်။ ရန်ပယ်ချောင်းက အခုအခေါ်ပါ။ ဗိသနိုးမြို့ ဟောင်းဟာ တောင်တွင်းကြီးရဲ့အနောက်တောင် ၁၂မိုင်အကွာမှာ ရှိပါတယ်။ ဒွတ္တဘောင်က သရေခေတ္တရာရဲ့ မင်း။ ပြည်မြို့  မှော်ဇာအရပ်နားမှာ ရှိတယ်။)

Wednesday, January 21, 2015

တပို့ တွဲ

တပို့ တွဲ ပေါက်လဲရယ်တဲ့ ငုံစီ.............. တဲ့။
ရှေးက စာဆိုတွေ ဖွဲ့ ခဲ့တာ။
အော်..... တပို့ တွဲလတောင် ရောက်ပြန်ပေါ့လား။

တပို့ တွဲကို ရှေးက တပိုဝ်တွဲလို့  ရေးကြတယ်။ တပိုဝ်ဆိုတာ ထန်းဖူးကို ရည်ညွှန်းတာ။ တွဲကတော့ တွဲလောင်းကျတယ်ပေါ့။ ထန်းဖူးမှာ အရည်တွေနဲ့  ပြည့်ပြီး အခိုင်လိုက် တွဲလောင်းကျနေသောလ လို့  အဓိပ္ပာယ် ရပါသတဲ့။

ရှေးမြန်မာကြီးတွေက ထန်းပင်ကို ပဒေသာပင်လို့  ခေါ်ခဲ့ကြတယ်။ တပင်လုံး အသုံးဝင်လို့ တဲ့လေ။ ထန်းပင်ကိုလည်း မသတ်ကြဘူး။ နှစ်ရာချီ သက်တန်း
ရှိတဲ့ ထန်းပင်တွေကို တောလိုဖြစ်အောင်ထားပြီး ထတောလို့ ခေါ်တယ်။ ထတောမှာ အသက်နဲ့  ရင်းပြီး လှေကားထောင် တက်ရလို့  ရင်းထောင်တယ်၊ မြူအိုးဆွဲတာကို ရင်းဆွဲတယ် ခေါ်ကြတယ်။ ထန်းလှီးတဲ့ ဓါးကို ခါးကြားထိုးပြီး တရက်ကို အပင် လေးငါးဆယ် ထန်းလှီးတယ် လို့  ထန်းတက်တာကို ဆိုကြတယ်။

ဒီ တပို့ တွဲရဲ့  အထိမ်းအမှတ်ပန်းက ပေါက်ပန်း။ ပေါက်ပန်းဖြူက ပြုတ်ပြီး သုတ်လည်း စားလို့ ရတယ်။ ပေါက်ပန်းနီ ဆိုတာလည်း ရှိသေးတယ်။ ပေါက်ပန်းက ဆွဲလည်းလေးနဲ့  တူတယ်လို့  တင်စားကြသေးရဲ့။

တပို့ တွဲလ ထမင်းနှဲပွဲ (ထမနှဲပွဲ) အတွက်ုကြိုးစားကြ ဦးစို့ ရဲ့ လေ။ ပျော်ပျော်ပါးပါးပေါ့။

ချစ်သော
မောင်လူပေ

Saturday, January 17, 2015

ဗိုလ်ချုပ်ရာပြည့် အမှတ်တရ(၁)

ဗိုလ်ချုပ်ရာပြည့် အမှတ်တရ (၁)

ဗိုလ်ချုပ်ရာပြည့်မှာ သူ့ ကို ချစ်တဲ့ ပြည်သူတစ်ဦးအနေနဲ့  သူ့ အကြောင်းတွေ ဖတ်ဖူးသမျှတွေထဲက သိခဲ့ မှတ်ခဲ့ ဖူးတာလေးတွေ ပြန်ပြောပြချင်တယ်။ မဖတ်ဖူးသေးတဲ့ သူတွေအတွက် အသစ်၊ ဖတ်ဖူးခဲ့သူတွေ အတွက်လည်း ပြန်လည် အမှတ်ရစရာလေးတွေပေါ့။

ဗိုလ်ချုပ်ရဲ့  ပီအေ ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း) ရေးခဲ့တဲ့ ဆောင်းပါးလေးတွေထဲက အကြောင်းလေးတွေပါ။

ရိုးသားမှုကို တန်ဖိုးထားတဲ့ ဗိုလ်ချုပ်က သူ ဝန်ကြီးချုပ်ဖြစ်တော့ သူ့ ပီအေကို ...

" ဒီနေ့ ကစပြီး ငါဟာ ဝန်ကြီးဖြစ်ပြီ။ မင်းလည်း ပီအေဖြစ်ပြီ။ ငါတို့ မှာ အဆောင်အယောင် အခွင့်အရေးတွေ ရလာတော့မယ်။ အာဏာရတာနဲ့  ငါတို့ ကို ချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ်။ ဒီတော့ င့ါဆွေမျိုးတွေ၊ ငါ့မိန်းမဖက်က အမျိုးတွေ၊ မင်းနဲ့  ပတ်သက်တဲ့ အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ ကိုမှ မတရား အခွင့်အရေး မပေးရဘူး။ သူတို့  အကူအညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့  ငါတို့ ကလည်း ဘယ်သူ့ ဆီကမှ အကူအညီ မယူရဘူး။ အိမ်မှာလည်း အားလုံးကို ပြောထားလိုက်။ ငါ ပြောတဲ့ အတိုင်း မလိုက်နာရင် မင်းနဲ့ ငါနဲ့ အသိပဲ။ " လို့  ပြောပါသတဲ့။

ဒီလိုပြောခဲ့တဲ့ အတိုင်းလည်း သူကိုယ်တိုင် အတိအကျ လိုက်နာ ကျင့်သုံး နေထိုင် သွားခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်ကို လွတ်လပ်ရေးအတွက် အရေးဆိုဖို့ သွားတော့ ဝတ်စရာ ကောင်းကောင်းမရှိရှာတဲ့ သူ့ ကို အိန္ဒိယဝန်ကြီးချုပ် နေရူးက ကုပ်အင်္ကျီတစ်ထည် ဝယ်ပေးလိုက်ရတာပါ။ သူ့ ပုံတွေထဲက ကုတ်အင်္ကျီဖားဖားကြီးပေါ့။ သူ့ မှာ ကွယ်လွန်ချိန်အထိ အင်္ကျီ သုံးလေးစုံပဲ ရှိပါတယ်။ နေစရာ အိမ်လည်း စစ်အတွင်းက ပိုင်ရှင် စွန့် သွားလို့  ဝင်နေခဲ့တဲ့ တာဝါလိန်းလမ်းက အိမ်တစ်လုံး၊ စီးစရာကားဆိုလည်း ဝန်ကြီးချုပ် အဆောင်အယောင်အဖြစ် နိုင်ငံတော်က ပေးထားတဲ့ကားတစ်စီး ဒါပဲ ရှိခဲ့သူပါ။

တရက်မှာလည်း သူ့ ပီအေကို ပလေဒီယံရုံ ( ယခု ကုန်သည်ကြီးများဟော်တယ်) မှာ ပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်ပြောလို့  သူ့ ပီအေက ရုံမန်နေဂျာဆီမှာ လက်မှတ်တောင်းမယ် လုပ်တော့ တားပါသတဲ့။ စီးပွားရေးသမားဆိုတာ အကူအညီ တစ်ခါတောင်းမိရင် ဆယ်ဆလောက်ပြန်ပေးရတတ်တာမို့  လက်မှတ်ဝယ်ကြည့်မယ်ဆိုပြီး ငါးမူးတန်းက ကြည့်ပါတယ်။ ရောက်တာ နောက်ကြလို့  ငါးမူးတန်းရှေ့ ဆုံး မှာပဲ ကြည့်ရတယ်။ ငါးမူးတန်းရှေ့ ဆုံးက ကြည့်နေတဲ့ ဗိုလ်ချုပ်ကို တမတ်တန်းရဲ့  နောက်ဆုံးတန်းကလူတွေ သတိထားမိကုန်တော့ ရုပ်ရှင် မကြည့်ကြတော့ပဲ ဗိုလ်ချုပ်ကို လှည့်ကြည့်နေကြတယ်။ လူတွေ သိကုန်တော့ မန်နေဂျာက သူ့ ပီအေကိုခေါ်ပြီး အပေါ်ဆုံးထပ်မှာ ထိုင်ခုံတွေအားပါတယ်။ ဗိုလ်ချုပ်ဆီကလည်း ဘာ အခွင့်အရေးမှ မတောင်းပါဘူး။ ပြောပေးပါ ဆိုမှ အပေါ်ထပ်ကို ပြောင်းကြည့်ပါတယ်တဲ့။

ဒီလို ရိုးသားဂုဏ်နဲ့  ပြည့်စုံတဲ့ဗိုလ်ချုပ်လို လူကိုမှ မကြည်ညို မရှုစိမ့်နိုင်ပဲ နှစ်နှစ်ဆယ်ကျော်လောက် သမိုင်းထဲက ဖျောက်ဖို့  ကြိုးစားခဲ့တဲ့ သူတွေကိုတော့ ရိုးသားတဲ့ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိနေသေးရင် ဘာပြောလေမလဲ သိချင်လှပါတယ်။

ဗိုလ်ချုပ်ကိုတော့ နှစ်ရာပြည့်အထိ ပြည်သူတွေ မမေ့နိုင်ပဲ ရင်ထဲ အသည်းထဲက ချစ်မြတ်နိုးနေကြဆဲပါ။

Wednesday, January 14, 2015

ရေနံဈေး အကြောင်း

ရေနံဈေးတွေ အရမ်းကျနေတဲ့ အကြောင်း ရေးခဲ့တာ တစ်လလောက်ရှိပြီ။

အဲဒီတုန်းက တစ်ပီပါ ဒေါ်လာ၆၀ လောက် ရှိသေးတယ်။ ခုတော့ ၄၅ ဒေါ်လာပဲ ရှိပါတော့တယ်။

ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ ဓါတ်ဆီတွေ ဒီဇယ်တွေ လက်ဝါးကြီး အုပ်ထားသူများက ဝါးကောင်းနေတုန်း။

တစ်ဂါလံကို နှစ်ဒေါ်လာပဲတန်တော့တဲ့ ဓါတ်ဆီက လေးလီတာနှုန်းနဲ့တွက်ရင် ဆင့်ငါးဆယ်ပဲ တန်တာ။ ၅၀၀ ကျပ်ပေါ့။

အခုထိ မှိန်းစားကောင်းနေတဲ့ ဆရာများကိုလည်း အံ့ပါရဲ့။

ဓါတ်ဆီဈေး ချပေးရင် သယ်ယူစရိတ်ကျ။ ကုန်ဈေးနှုန်းကျမှာမို့ ကျဆိုတာ မမြင်ချင်တဲ့ ဆရာများက တက်ပြီးသားအတိုင်း ထားလိုက်ပါ လို့ အမိန့်ပေးထားသလား မသိ။

အစစဈေးတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ ဓါတ်ဆီ အော့တိန်းကို ၅၀၀ လောက် ချပေးလိုက်ရင် ပြည်သူအများ ဝမ်းသာကြမှာမို့ ဆုတောင်းပေးလိုက်ပါတယ်။

မယုံ ရေးချ မယုံ

မောင်လူပေက ခပ်အအ ရယ်ပါ။

သူများပြောရင်လည်း ယုံလွယ်တတ်သေး။

နှစ် နှစ်ဆယ်လောက်က တည်ဆောက်ပြုပြင် မြန်ပြည်တခွင်နဲ့ အိပ်ထဲထည့်နေကြချိန် သတင်းစာထဲမှာ လူကြီးတစ်ဦးက ဒီလို နိုင်ငံတော်ကို တည်ဆောက်မှု မျိုးနဲ့ဆိုရင် နောက်ငါးနှစ်မှာ စင်္ကာပူကို ကျော်နိုင်မယ်လို့ ပြောကြောင်း ဖတ်ခဲ့ရတော့လည်း ယုံခဲ့တာပဲ။

၂၄နာရီ မီးလင်းရေး စီမံချက်တွေနဲ့ နေ့မနား ညမအား တည်ဆောက်နေတာမို့ သက္ကရာဇ် ၂၀၀၀ မှာ တပြည်လုံး မီးလင်းစေရမယ် ကြားခဲ့ရတော့လည်း ယုံခဲ့တာပဲ။

ပြည်သူအများစုကြီးအတွက် ခေါင်းဆောင်ကြီးတွေက အမျှော်အမြင်ကြီးစွာနဲ့ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်ပေးပြီးရင် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ရောက်တော့မယ် ဆိုပြန်တော့လည်း ယုံခဲ့တာပါပဲ။

ခုလည်း ပြောနေကြပြန်ပြီ။
ဧရာ ဝန်ကြီးချုပ်ကြီးက နောက်ထပ် ငါးနှစ်အချိန်ရရင် စင်္ကာပူကို မှီအောင် လုပ်ပေးမယ်တဲ့။ ဓါတ်ပြားဟောင်း ပြန်ဖွင့်သလိုပဲ။

ပုံလာလာပြောတိုင်း ယုံတတ်တဲ့သူပေမဲ့ ဒီတခါတော့ မယုံရေးချ မယုံတော့ဘူး ဗျိုး။

(စက်ရပ်သတင်း
ယုံစရာ သတင်းတခု ရတယ်။
ကြီးလေးကြီး တွေ့နေပြီတဲ့။
ဘယ်မှာလည်းဆိုတော့ မြန်မာစာ သင်ပုန်းကြီးထဲမှာတဲ့။
ကကြီးရယ်၊ ဃကြီးရယ်၊ ဏကြီးရယ်၊ဠကြီးရယ် ကြီးလေးကြီး တွေ့နေကြတာပါတဲ့။
ဟုတ်သားပဲနော်။
ယုံလိုက်တော့မယ်။)

သာဂိတို့  ရပ်ကွက်ထဲမှာ.. ဗျာ (၂)

သာဂိတို့ ရပ်ကွက်ထဲမှာ.. ဗျာ။ (၂)

တလောက သာဂိ ချယ်ဂါလီပေါ်က ပြုတ်ကြခဲ့တယ်။ ခုတော့ ကလေး ခေါင်းဆောင် ရာထူးကပါ ဆင်းပေးရဖို့ ဖြစ်လာပြန်တယ်။ ဖြစ်ပုံက ဒီလို။

သာဂိက ဥက္ကဌသားပီပီ သူ့ဘေးမှာ လေးဂွကိုင် အဖွဲ့ထားတယ်။ သူ့ကို အာခံတဲ့ ကလေးတွေကို ပစ်ဖို့ပဲ။ လေးဂွကိုင်အဖွဲ့ မှာ မျက်မှေးက ခေါင်းဆောင်။

ဒီလို သောင်းကြမ်းနေတဲ့ သာဂိတို့ကို ကလေးအများစုက မကြည်ဘူး။ သာဂိကြောင့် မုန့်မှန်မှန်စားရပြီး ဝဖီးနေတဲ့ သာဂိအဖွဲ့ကိုလည်း ကြောက်ရတယ်။ ဒီတော့ အရင်ဥက္ကဌဟောင်းရဲ့သမီး စာဥကို အားကိုးကြတယ်။

စာဥက စာတော်တယ်။ ရဲရင့်တယ်။ အမှန်လည်း ပြောရဲတယ်။ သာဂိတို့ကိုလည်း မကြောက်ဖူး။ ဒီတော့ ကလေးတွေက စာဥကို ခေါင်းဆောင်တင်ချင်တယ်။ ဒါကြောင့် သာဂိရယ်၊ဂွကိုင်မျက်မှေးရယ်၊ စာဥရယ် သုံးပွင့်ဆိုင်ကြဖို့ သွားပြောကြတယ်။

သာဂိက လူလည်ပဲ။ စာဥနောက်မှာ ကလေးအများစုရှိပေမဲ့ သူ့နောက်က ဂွကိုင်မျက်မှေးတို့ရဲ့ လောက်စာကို ကြောက်တာ သိတာပေါ့။ ဒီတော့ အများဆန္ဒအရ တွေ့မယ်။ ဒါပေမဲ့ ကလေးအားလုံးပါဝင်နိုင်ရေး အတွက်ဆိုပြီး သူ့မုန်ုစားရင်း သူခိုင်းတာလုပ်ရတဲ့ မိညှက်တို့ တရုတ်လေးတို့ တီတီးတို့ မာမွတ်တို့ ပါဝင်တဲ့ ခုနှစ်ပွင့် တွေ့မယ်လို့ အကြောင်း ပြန်တယ်။ ဒါကိုမှ မကြေနပ်သေးရင် သူပေးတဲ့ အဝတ်ဟောင်းတွေနဲ့ ကောင်းစားနေတဲ့ ဘုတ်ဆုံတို့ ထိပ်ပေါက်တို့ ပိန်မတို့ ထပ်ထဲ့ပြီး ဆယ်ပွင့်ဆိုင် တိုးပြီးတွေ့မယ်လို့ လေသံပစ်တယ်။

စာဥကတော့ ကလေးတွေက အရမ်းတွေ့စေချင်လို့ တွေ့ပါရဲ့။ မချောတစ်ယောက် ကိုယ်ခြောက်ယောက်မို့ သာဂိလူတွေနဲ့ မုန့်ထိုင်စား ပြန်ခဲ့ရတာပေါ့။ နောက်အခေါက် ဆယ်ပွင့်ဆိုင် ဆိုရင်တော့ စာဥမှာ ရွာတောင် ပြန်ရောက်ပါ့မလား။

ဂွကိုင် မျက်မှေးက သူ့ဖက်မှာမို့ သာဂိတို့ကတော့ မကြောက်ရေးချ မကြောက် ထဲကပဲ။ မကြေနပ်ရင် ကြိုက်တဲ့ကောင် သွားတိုင်။ အိမ်မပိုင်ပဲ ဂေါ်လီ မလုပ်ဖူးဆိုတဲ့ သာဂိ။ ခုထိတော့ ပန်းပန်လျှက်။

ချစ်ချင်းအားဖြင့်

မောင်လူပေ

Friday, January 9, 2015

သာဂိတို့  ရပ်ကွက်ထဲမှာဗျာ

သာဂိတို့ ရပ်ကွက်ထဲမှာ..ဗျာ။

ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကိုတင့် နာမည်ကျော်သလို လူပေတို့ ရပ်ကွက်ထဲမှာလည်း သာဂိက နာမည်ကျော်ပဲ။

ကိုတင့်လို လူကြီးတော့ မဟုတ်ဘူး။ သာဂိဆိုတာ ဆယ်နှစ်ကျော်လောက်ပဲရှိမဲ့ ကလေးလေး။

ကလေးဆိုပေမဲ့ အထင်မသေးနဲ့။ သူ့အဖေက လမ်းလူမိုက်။ ခုတော့ ခြင်္သေ့စီးပြီး အုပ်ချုပ်ရေးမှူး။ ဒီတော့ သာဂိက ဥက္ကဌသားမို့ အလိုလိုမျက်နှာပွင့်တယ်။ လမ်းထဲက ကလေးအုပ်ရဲ့ ခေါင်းဆောင်လည်း သူပဲ။
ဘမျိုးဘိုးတူ လက်ကလည်းတည့်။ ခဲတစ်လုံး ငှက်တစ်ကောင်ပဲ။ ထစ်ကနဲဆို သာဂိလား မေးဖို့မလိုထဲက။ ကလေးအုပ်ကလည်း သူ့ကြောက်ရတော့ သာဂိလိုအပ်တာ လုပ်ပေးကြရတယ်။

ဒီနေ့လည်း ဓါတ်ရှင်သေတ္တာထဲကလို ဘိုကြည့်ခံ လှည့်တန်း ကစားချင်တယ်ဆိုလို့ ကလေးတွေ အလုပ်ရှုပ်ပြီ။

ချက်စူနဲ့ ဘိုက်ပူက သူတို့ဂွေလှိမ့်နေကြ သံချေးတွေလိမ်းနေတဲ့ ဂွေစုတ်ကြီးကို ဂွေစလွယ်ဖြစ်အောင် လုပ်ရမယ်တဲ့။ နောက်ဆုံးတော့ သူတို့အမေ မငွေရဲ့ နနွင့်မှုန့်တွေသွားခိုးပြီး ဂွေမှာ ရေနဲ့ဖျော်ပြီး သုတ်ကြလေတယ်။ သာဂိရဲ့ ဂွေစလွယ်ရပြီ။

ထိပ်ပေါက်တို့ တစ်စုကတော့ စီးတော်ယဉ်အတွက် ရေသန့်ရောင်းတဲ့ ကိုပုအိမ်ရှေ့က ချယ်ဂါလီ သွားတွန်းလာတယ်။ ကိုပုတို့မိသားစုက စကာင်္ပူ(ဘုန်းကြီးကျောင်း) သွားနေတော့ ဆူမဲ့သူမရှိပေါ့။

ချီတက်အလေးပြုမဲ့ အော်ကြီးတို့ ကလေးအုပ်ကလည်း ကျိုက်ထီးရိုးသေနပ်ကိုယ်စီနဲ့။ ပိန်မတို့ မိန်းကလေးတွေကလည်း အိမ်က ယူလာကြတဲ့ ငရုတ်ကျည်ပွေ့ကိုယ်စီနဲ့။ သာဂိကို အလေးပြုဖို့ အဆင်သင့်။

သာဂိ ကြွချီလာပါပြီ။ လမ်းထဲက မြီးတိုမ ခွေးနှစ်ကောင်ဆွဲတဲ့ ချယ်ဂါလီလှည်းပေါ်မှာ နနွင်းသုတ် ဂွေစလွယ်နဲ့။ ချီးတွေပေရေနေတဲ့ မျက်နှာကြီးက ပြုံးရွှင်လို့။

ချယ်ဂါလီနောက်မှာ နို့ဆီခွက်တွေ ကြိုးနဲ့သီပြီး စီချထားလေတော့ ဂလုံဂလွမ် သံစုံတီးဝိုင်းကြီးနဲ့။
လမ်းဘေးမှာ အားပေးနေကြတဲ့ နံရိုးအပြိုင်းပြိုင်း နှပ်ချေးတွဲလောင်း အောက်ပိုင်းဗလာနဲ့ ကလေးအုပ်ကလည်း အပြည့်ဆိုတော့ သာဂိက မျက်နှာတည်လိုက်တယ်။

အလေးပြုမဲ့ အော်ကြီးတို့ ပိန်မတို့ ရှေ့ရောက်မှ ပြသနာက စတာ။ နို့ဆီခွက်တေးသံသာကို မခံနိုင်ရှာတဲ့ ရပ်ကွက်ထဲက ခွေးအုပ်က သာဂိလှည်းဆီ ပြေးလာကြတော့တယ်။

ချယ်ဂါလီဆွဲလာတဲ့ မြီးတိုမခွေးနှစ်ကောင်ရော၊ ကလေးအုပ်ပါ ဒရောသောပါး ထွက်ပြေးကြတော့ ချယ်ဂါလီပေါ်က ဘိုကြည့်ခံနေတဲ့ သာဂိလည်း မြေကြီးပေါ် ဒလိမ့်ခေါက်ခွေး ပြုတ်ကြ။ ထိပ်ပေါက် ဒူးကွဲပေါ့။ လွယ်ထားတဲ့ ဂွေစလွယ်ကြောင့် နံရိုးတွေပါနာသွားလို့ တစ်ပတ်လောက် မကစားနိုင်ဖြစ်ရရှာတယ်။

တကယ်က သာဂိတို့ ကစားတာ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး။ နနွင်းမှုန့်နည်းနည်းပဲ ကုန်တာပါ။ အဲဒီလို မဟုတ်ပဲ သူ့အဖေငွေတွေ ဒါမှမဟုတ် ရပ်ကွက် ရံပုံငွေတွေ ဆိုရင်တော့ တမျိုးပေါ့လေ။

သာဂိက ကလေးကိုး။ ဘယ်သုံးတတ်ဦးမလဲ။ သူကြီးလာရင်သာ နိုင်ငံခေါင်းဆောင်ကြီးတို့ ဘာတို့ ဖြစ်မလာဘူးလို့လည်း ဘယ်သူမှ မသိနိုင်လေတော့....,,။

(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ပါ။)


ချစ်ခြင်းအားဖြင့်

မောင်လူပေ

ပြာသို နဲ့  ခွာညို

ဒီနှစ် လွတ်လပ်ရေးနေ့က ပြာသိုလပြည့်နေ့နဲ့ တိုက်ဆိုင်တယ်။

ရှေးကတော့ ပြာသိုကို ပျာသိုဝ် လို့ ရေးတယ်။ပျာဆိုတာက ပျား။ သိုဝ်က သိုလှောင်တာ။ ပျားရည် ပျားဖယောင်း သိုလှောင်တဲ့လ ပေါ့။

မြန်မာကြီးတွေက ပျားရည်ရနံ့ ပါတဲ့ မုန့်တွေ ကြိုက်တယ်။ပျားရည်က ဆေးဘက်ဝင်တယ်လို့လည်း ယုံကြည်တယ်။ ပျားဖယောင်းကို မီးထွန်းတဲ့နေရာမှာ သုံးတယ်။ ဒီတော့ ပျားရည်သိုလှောင်တဲ့ ဒီလမှာ တောတောင်ထဲသွားပြီး ပျားဖွတ်ကြ စုဆောင်းကြပါသတဲ့။

ပြာသိုလရဲ့ ရာသီပန်းက ခွာညိုပါ။ နတ်တော်လရဲ့ ရာသီပန်းဖြစ်တဲ့ သဇင်လို တော်မဝင်ပေမဲ့ ခွာညိုက သင်းသင်းလေးမွှေးသလို လူတိုင်းခေါင်းမှာ ပန်စရာရအောင် ပွင့်ပေးပါသတဲ့။

ခွာညိုပန်းကို မြင်ဘူးကြလား။ အညာဖက်မှာရှိတဲ့ ဒေသပန်းလေးပါ။
ခွာညိုပန်းရနံ့ သင်းလေးနဲ့ အေးချမ်းသာယာတဲ့ ပြာသိုလလေးမှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။