ကားဖူးကြလား။
ဗမာ ပါးစပ်ရာဇဝင်မှာ ပန်ထွာဘုရင်မဆိုတာ ရှိတယ်။
ဗိသနိုးနယ်ကို အပိုင်စားရတဲ့ ဘုရင်မဆိုပဲ။
သူပိုင်စားတဲ့ မြို့ကို ရောက်ဖို့ ချောင်းပြင်ကြီး တစ်ခုကို ဖြတ်ရတယ်။
ဒီတော့သူက ချောင်းအထက်မှာ ရေကာတာကြီး တည်ဆောက်တယ်။ ရေတံခါးကို လုံခြုံစွာ စောင့်စေတယ်။
မြို့အဝင်မှာ မျှော်စင်တည်ပြီး အလွန်အသံအောင်တဲ့ စည်တော်ကြီးတစ်လုံး တတ်ဆင်ထားတယ်။
သူပိုင်စိုးတဲ့ တိုင်းပြည်ကို တိုက်ခိုက်ဖို့ ရန်သူတွေ လာပြီဆိုရင် စည်တော်ကြီးကို တီးလိုက်ရုံပဲ။
စည်သံကြားတာနဲ့ မြို့အထက်က ရေတံခါးကို ဖွင့်ချလိုက်ရော။ ချောင်းကို ဖြတ်နေကြတဲ့ ရန်သူတွေ ရေထဲမှာ အတုံးအရုံး မျောပါ ကျဆုံးကြရတယ်။
ဒီလို စီမံထားတဲ့ ဗိသနိုးမြို့ နိုင်ငံကို ဘယ်ရန်သူကမှ မသိမ်းပိုက်နိုင်ခဲ့ဘူး။
ဗိသနိုးဟာ ဆန်ရေစပါး ပေါများကြွယ်ဝတဲ့အပြင် ပန်ထွာဘုရင်မရဲ့
တုနှိုင်းမယှဉ်သာတဲ့ အလှဂုဏ်သတင်းကလည်း တခြားတိုင်းနိုင်ငံတွေအထိ
ကျော်ကြားတယ်။
ပန်ထွာဘုရင်မကို လိုချင်တဲ့ သရေခေတ္တရာပြည့်ရှင်
ဒွတ်ဒဘောင်မင်းကြီးက ဗိသနိုးကို ရအောင်တိုက်နိုင်သူကို
ဆုလာဒ်ကောင်းပေးမယ်လို့ ကြေညာလိုက်တယ်။
သူ့လက်အောက်က တပ်မှူးတစ်ဦးက
သူတောင်းတာပေးမယ်ဆိုရင် ရအောင်တိုက်ပေးမယ်လို့ ဘုရင်ကို အာမခံတယ်။
ပန်ထွာဘုရင်မကိုရရင် ဘုရင်ရဲ့ မိဘုရားငယ်တစ်ပါးကမွေးတဲ့ သမီးတော်ကို ပေးရမယ်လို့
တောင်းတယ်။
ဒွတ်ဒဘောင်မင်းကလည်း ပန်ထွာကို ရရင် ပေးမယ်လို့ အာမခံတယ်။
ဒီတော့ တပ်မှူးက မုတ်ဆိပ်ဆံပင်တွေ ရိတ်ပြီး သင်္ကန်းဝတ်လိုက်တယ်။ လူယုံတစ်ဦးကို ခေါ်ပြီး ဗိသနိုးကိုကြွသွားတော့တယ်။
ဗိသနိုးရောက်တော့ တပ်မှူးက သူတတ်ကြွမ်းတဲ့ မျက်လှည့် လက်လှဲ့ ပညာတွေနဲ့
ပြသပြီး နာမည်ကျော်အောင်လုပ်တယ်။ နာမည်ကျော်လာတော့ ပန်ထွာဘုရင်မက
နန်းထဲပင့်ပြီး ကိုးကွယ်တော့တယ်။
ဘုရင်မက သူ့ကို ကိုးကွယ်တော့မှ
ဘုရင်မကို ဗိသနိုးပြည်ဟာ ဘေးဆိုးကြီးတစ်ခုကြရောက်မှာ သူမြင်ကြောင်း၊ ယတယာအနေနဲ့ စည်တော်ကြီးက သားရေကို အစီအမံများနဲ့ လဲလှည်ရမည်ဖြစ်ကြောင်း
အယုံသွင်းတော့တယ်။
ဒီသင်္ကန်းဝတ်ကို ယုံကြည်နေတဲ့ ဘုရင်မကလည်း စည်တော်ကြီး သားရေ လဲလှည်ရေးအတွက် သူ့ကိုပဲ တာဝန်ပေးပါသတဲ့။
ဒီတော့မှ စည်တော်က သားရေအကောင်းစားတွေကို ထိုးခွဲစေပြီး အသံမမည်မဲ့ ခွေးသားရေတွေနဲ့ လဲလှည်စေတယ်။
သူ့လူယုံကိုလည်း ဗိသနိုးကို သိမ်းဖို့ အချိန်ကြပြီဖြစ်ကြောင်း ဒွတ်ဒဘောင်ဘုရင်ထံ သတင်းပို့စေလိုက်တယ်။
ချီတက်လာတဲ့ ဒွတ်ဒဘောင်မင်းရဲ့တပ်တွေ ဗိသနိုးမြို့ဝင် ချောင်းကို
ဖြတ်ချိန်မှာ စည်တော်တီးပြီး အချက်ပေးပါတယ်။ ဒါပေမဲ့ စည်တော်က အ နေပြီး
အသံမမည်တော့တာမို့ ရေတံခါးစောင့်တွေ မကြားလို့ ရေမလွှတ်နိုင်ခဲ့ဘူး။
အိပ်မောကြနေတဲ့ မြို့စောင့်တပ်ကိုလည်း မနိုးနိုင်ခဲ့ဘူး။
ဒါကြောင့် ဒွတ်ဒဘောင်ရဲ့တပ်ဟာ ဗိသနိုးကို ခဏလေးသိမ်းနိုင်ခဲ့ပြီး ပန်ထွာဘုရင်မကိုလည်း ဖမ်းနိုင်ခဲ့တယ်။
ဇာတ်လမ်းချုပ်တော့ ပန်ထွာဘုရင်မကို ဒွတ်ဒဘောင်မင်းက မိဘုရားမြှောက်တယ်။
သင်္ကန်းဝတ် တပ်မှုးက သူလိုချင်တဲ့ ဘုရင့်သမီးကိုရတယ်။ ဗိသနိုးပြည်ကတော့
ပျက်ရတယ်ပေါ့။
တောင်တွင်းကြီးမြို့အနားမှာ ရန်ပယ်ချောင်းရော ဗိသနိုးမြို့ဟောင်းကို ရှေးဟောင်းသုတေသနက ပြန်ဖေါ်ထားတာရော ဒီနေ့တိုင် တွေ့နိုင်ပါတယ်။
ပုဂံမတိုင်ခင် ပျူရာဇဝင်ထဲက ဗိသနိုးမြို့ ပျက်ရခြင်းအကြောင်းကတော့ ဒါပါပဲ။
ပါးစပ်ရာဇဝင်မို တချို့ မူကွဲတွေလည်း ရှိသေးတယ်။ သင်္ကန်းဝတ်ကြောင့် စည်တော် သားရေလဲ ရတာတော့ တူညီတယ်။
သင်္ကန်းဝတ်ထားတိုင်း သံဃာမဟုတ်ဘူးဆိုတဲ့ ပန်ထွာဘုရင်မဇာတ်ကြောင်းက သိထားရင် အကျိုးရှိမယ်ထင်လို့ ဒီစာကို ရေးပါတယ်။
သံဃာတော် အစစ်အမှန်များကို အစဉ်လေးစား ကြည်ညိုလျှက်ပါ။
အားလုံးကို လေးစားပါတယ်။
ချစ်တဲ့
မောင်လူပေ
(ငယ်ငယ်ကကြားဖူးတဲ့ ပါးစပ်ရာဇဝင်ကို ကြားဖူးတဲ့အတိုင်းရေးပါတယ်။ ဗိသနိုးမြို
့ဟောင်းဟာ သရေခေတ္တရာ ပျူတွေဖျက်လို့  ၅ရာစုလောက်မှာ ပျက်တယ်လို့  ဆိုကြတယ်။
ရန်ပယ်ချောင်းက အခုအခေါ်ပါ။ ဗိသနိုးမြို့ ဟောင်းဟာ
တောင်တွင်းကြီးရဲ့အနောက်တောင် ၁၂မိုင်အကွာမှာ ရှိပါတယ်။ ဒွတ္တဘောင်က
သရေခေတ္တရာရဲ့ မင်း။ ပြည်မြို့  မှော်ဇာအရပ်နားမှာ ရှိတယ်။)
No comments:
Post a Comment