ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကိုတင့် နာမည်ကျော်သလို လူပေတို့ ရပ်ကွက်ထဲမှာလည်း သာဂိက နာမည်ကျော်ပဲ။
ကိုတင့်လို လူကြီးတော့ မဟုတ်ဘူး။ သာဂိဆိုတာ ဆယ်နှစ်ကျော်လောက်ပဲရှိမဲ့ ကလေးလေး။
ကလေးဆိုပေမဲ့ အထင်မသေးနဲ့။ သူ့အဖေက လမ်းလူမိုက်။ ခုတော့ ခြင်္သေ့စီးပြီး
အုပ်ချုပ်ရေးမှူး။ ဒီတော့ သာဂိက ဥက္ကဌသားမို့ အလိုလိုမျက်နှာပွင့်တယ်။
လမ်းထဲက ကလေးအုပ်ရဲ့ ခေါင်းဆောင်လည်း သူပဲ။
ဘမျိုးဘိုးတူ လက်ကလည်းတည့်။ ခဲတစ်လုံး ငှက်တစ်ကောင်ပဲ။ ထစ်ကနဲဆို သာဂိလား မေးဖို့မလိုထဲက။ ကလေးအုပ်ကလည်း သူ့ကြောက်ရတော့ သာဂိလိုအပ်တာ လုပ်ပေးကြရတယ်။
ဒီနေ့လည်း ဓါတ်ရှင်သေတ္တာထဲကလို ဘိုကြည့်ခံ လှည့်တန်း ကစားချင်တယ်ဆိုလို့ ကလေးတွေ အလုပ်ရှုပ်ပြီ။
ချက်စူနဲ့ ဘိုက်ပူက သူတို့ဂွေလှိမ့်နေကြ သံချေးတွေလိမ်းနေတဲ့ ဂွေစုတ်ကြီးကို ဂွေစလွယ်ဖြစ်အောင် လုပ်ရမယ်တဲ့။ နောက်ဆုံးတော့ သူတို့အမေ မငွေရဲ့ နနွင့်မှုန့်တွေသွားခိုးပြီး ဂွေမှာ ရေနဲ့ဖျော်ပြီး သုတ်ကြလေတယ်။ သာဂိရဲ့ ဂွေစလွယ်ရပြီ။
ထိပ်ပေါက်တို့ တစ်စုကတော့ စီးတော်ယဉ်အတွက် ရေသန့်ရောင်းတဲ့ ကိုပုအိမ်ရှေ့က ချယ်ဂါလီ သွားတွန်းလာတယ်။ ကိုပုတို့မိသားစုက စကာင်္ပူ(ဘုန်းကြီးကျောင်း) သွားနေတော့ ဆူမဲ့သူမရှိပေါ့။
ချီတက်အလေးပြုမဲ့ အော်ကြီးတို့ ကလေးအုပ်ကလည်း ကျိုက်ထီးရိုးသေနပ်ကိုယ်စီနဲ့။ ပိန်မတို့ မိန်းကလေးတွေကလည်း အိမ်က ယူလာကြတဲ့ ငရုတ်ကျည်ပွေ့ကိုယ်စီနဲ့။ သာဂိကို အလေးပြုဖို့ အဆင်သင့်။
သာဂိ ကြွချီလာပါပြီ။ လမ်းထဲက မြီးတိုမ ခွေးနှစ်ကောင်ဆွဲတဲ့ ချယ်ဂါလီလှည်းပေါ်မှာ နနွင်းသုတ် ဂွေစလွယ်နဲ့။ ချီးတွေပေရေနေတဲ့ မျက်နှာကြီးက ပြုံးရွှင်လို့။
ချယ်ဂါလီနောက်မှာ နို့ဆီခွက်တွေ ကြိုးနဲ့သီပြီး စီချထားလေတော့ ဂလုံဂလွမ် သံစုံတီးဝိုင်းကြီးနဲ့။
လမ်းဘေးမှာ အားပေးနေကြတဲ့ နံရိုးအပြိုင်းပြိုင်း နှပ်ချေးတွဲလောင်း အောက်ပိုင်းဗလာနဲ့ ကလေးအုပ်ကလည်း အပြည့်ဆိုတော့ သာဂိက မျက်နှာတည်လိုက်တယ်။
အလေးပြုမဲ့ အော်ကြီးတို့ ပိန်မတို့ ရှေ့ရောက်မှ ပြသနာက စတာ။ နို့ဆီခွက်တေးသံသာကို မခံနိုင်ရှာတဲ့ ရပ်ကွက်ထဲက ခွေးအုပ်က သာဂိလှည်းဆီ ပြေးလာကြတော့တယ်။
ချယ်ဂါလီဆွဲလာတဲ့ မြီးတိုမခွေးနှစ်ကောင်ရော၊ ကလေးအုပ်ပါ ဒရောသောပါး ထွက်ပြေးကြတော့ ချယ်ဂါလီပေါ်က ဘိုကြည့်ခံနေတဲ့ သာဂိလည်း မြေကြီးပေါ် ဒလိမ့်ခေါက်ခွေး ပြုတ်ကြ။ ထိပ်ပေါက် ဒူးကွဲပေါ့။ လွယ်ထားတဲ့ ဂွေစလွယ်ကြောင့် နံရိုးတွေပါနာသွားလို့ တစ်ပတ်လောက် မကစားနိုင်ဖြစ်ရရှာတယ်။
တကယ်က သာဂိတို့ ကစားတာ ဘယ်သူ့ကိုမှမထိခိုက်ပါဘူး။ နနွင်းမှုန့်နည်းနည်းပဲ ကုန်တာပါ။ အဲဒီလို မဟုတ်ပဲ သူ့အဖေငွေတွေ ဒါမှမဟုတ် ရပ်ကွက် ရံပုံငွေတွေ ဆိုရင်တော့ တမျိုးပေါ့လေ။
သာဂိက ကလေးကိုး။ ဘယ်သုံးတတ်ဦးမလဲ။ သူကြီးလာရင်သာ နိုင်ငံခေါင်းဆောင်ကြီးတို့ ဘာတို့ ဖြစ်မလာဘူးလို့လည်း ဘယ်သူမှ မသိနိုင်လေတော့....,,။
(မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်ပါ။)
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment