Thursday, November 17, 2016

ဒေါ်နယ်ထရန့်


ကြိုက်ကြိုက်မကြိုက်ကြိုက် ဒေါ်နယ်ထရန့် သမ္မတအဖြစ်ရွေးကောက်ခံရပြီဆိုတာ အမှန်တရားပဲ။

ဒီမိုကရေစီအခြေခံကောင်းတဲ့နိုင်ငံပီပီ ရှုံးသူက နိုင်သူကို ချီးမွမ်းတယ်။ ဝမ်းသာကြောင်းစကားပါးတယ်။ နိုင်သူကလည်း ရှုံးသူကို ပြန်လည်ချီးမွမ်းတယ်။ နှုတ်ဆက်ထွက်ခွာတယ်။ မနက်ဖြန်က ခုမှစမှာ။

ဒေါ်နယ်ထရန့် အိမ်ဖြူတော်ရောက်ရင် ဘာဖြစ်လာမလဲ။ သူ့လက်ထဲမှာ နြူကလီးယားထိပ်ဖူးတပ် ဒုန်းကျည်တွေကို ထိမ်းချုပ်ပစ်လွှတ်နိုင်တဲ့ သေတ္တာနက်ရဲ့ လျို့ဝှက်နံပါတ်တွေရောက်သွားရင် စိတ်ချရပါ့မလား။ အားလုံးသိချင်နေကြတယ်။

ကျွန်တော်ကတော့ ရိုးရိုးပဲတွေးပါတယ်။ အခုအခြေအနေက လွှတ်တော်နှစ်ရပ်ပေါင်းရော၊ သမ္မတပါ ရီဗာဘလီကန်ပါတီက ဖြစ်သွားတဲ့အခြေအနေမို့ သူတို့လုပ်ချင်တာ လုပ်နိုင်တဲ့အခွင့်အရေးရသွားတဲ့အခြေအနေ၊ ဒါကြောင့် သူတို့မကြိုက်တဲ့ Obama care လို့ခေါ်တဲ့ အစိုးရကျန်းမာရေးအာမခံစနစ်ကို ဖျက်သိမ်းမယ်။ အခွန်စနစ်ကို သူဌေးအားလုံး ၁၅% ဆိုပြီးပြင်မယ်။ free trade agreement တွေကို ပြန်စီစစ်မယ်။ ဒါကပထမဆုံး လုပ်မဲ့အလုပ်တွေပေါ့။

တရားမဝင်နေထိုင်နေတဲ့ စပိန်နွယ်ဖွားတွေအပါအဝင် illegal immigrants တွေကိစ္စကတော့ လောလောဆယ် အရေးယူဖို့မလွယ်ဘူး။ ရာဇဝတ်မှုကျူးလွန်သူတွေကိုပဲ ဖမ်းဆီးနိုင်မယ်။ အောက်ခြေအလုပ်တွေက သူတို့ကို မှီခိုနေရတာ။ သူ့ရဲ့ Trump Tower တွေကို ဆောက်ပေးခဲ့တဲ့ အလုပ်သမားအများစုကလည်း ဒီလူတွေပဲ။ သူဌေးကြီးက သူ့အတွက် အသုံးဝင်တဲ့သူတွေကို အားလုံးပြန်ပို့ဖို့လက်တွေ့မဖြစ်နိုင်။ ဒါပေမဲ့ ဒီလူတွေ ခုလောက်ဆို မျက်ခုံးလှုပ်နေလောက်ပြီ။ ရေဂင်ခေတ်ကလို စက်ရုံတွေပိတ်ဖမ်းတာမျိုး ပြန်ဖြစ်မလာဘူးလို့ မပြောနိုင်။ ဂျပန်မှာလို ဘူတာထိပ်၊ ကားဂိတ်ကနေ လိုက်မဖမ်းဘူးလို့လည်း တထစ်ချ မပြောနိုင်။

မက္ကဆီကိုနယ်ခြားမှာ တံတိုင်းကာမယ်ဆိုတာ ဖြစ်နိုင်တယ်။ ငွေအား လူအား ရှိပြီးသား။ မက္ကဆီကိုဖက်ကတော့ ကုန်ကြငွေကို ပေးမှာမဟုတ်။ ပေးစရာလည်း ငွေမရှိ။ ထရန့်ကတော့ သူ့ဂတိအတိုင်း လုပ်မှာပဲ။ ခုလည်း သံစည်းရိုးက ရှိပြီးသားပါ။ အုတ်နဲ့အခိုင်အမာလုပ်ရင်လည်း မြေကျင်းတူးပြီး ဝင်မှာပဲ။ ငွေကုန်ပြီး အဖတ်မတင်မဲ့စီမံကိန်း ဖြစ်လာမယ်။ နယ်ခြားစောင့်ရဲတွေ ထပ်တိုးချဲ့မယ်။ ပိုဖမ်းမယ်။ ပြန်ပို့မယ်။ ပြန်ဝင်လာမယ်။ ဒီသံသရာက မက္ကဆီကိုနိုင်ငံ ဆင်းရဲတွင်းကမလွတ်သရွေ့ ပြီးမယ်မထင်။
 
  ဒေါ်နယ်ကြီးသမ္မတဖြစ်လာတဲ့အတွက် ကောင်းတဲ့ဖက်ကိုညွှန်ပြပါဆိုရင်တော့ ရုရှားနဲ့ဆက်ဆံရေး ကောင်းလာမယ်။ သူက ရုရှားကို မျက်စိကြနေသူ။ ကျဆုံးလုနီးနီးဖြစ်နေတဲ့ ရုရှားစီးပွားရေးဈေးကွက်မှာ အောက်ဈေးနဲ့ရမဲ့ပစ္စည်းတွေနဲ့အမြတ်ထွက်မှာ ကြိုမြင်ထားသူ။ ပူတင်ကလည်း သူနဲ့ပုံစံတူ အမျိုးသားရေးဝါဒီ ထရန့်ကို ကြိုက်ပြီးသားမို့ ပူတင်နဲ့အဆင်ပြေမှာအသေအချာ။ ရုရှားနဲ့တတိယကမ္ဘာစစ်ဖြစ်မှာ လောလောဆယ်မပူရတော့ဘူးပေါ့။

သူတို့နှစ်ဦးပေါင်းပြီး isis တွေကို ချေမှုန်းမယ်။ ဆီးရီးယားသမ္မတအာဆတ်ကိုဆန့်ကျင်နေတဲ့ ဆီးရီးယားက ဆွန်နီမွတ်စလင်သူပုန်တွေကို ရုရှားက isis နာမည်တတ်ပြီး တီးနေတာကြာပြီ။ သူ့အကျိုးစီးပွားတွေက ဆီးရီးယားမှာ တပုံတပင်မို့ အာဆတ်ကို ရုရှားက အပြုတ်ခံမှာမဟုတ်။ အမေရိကားက ကန့်လန့်လုပ်နေလို့ သူပုန်တွေကို တိုက်လို့ မပြတ်တာ။ အီရပ်နဲ့ဆီးရီးယားက အစွန်းရောက် ဆွန်နီသူပုန်တွေအတွက် သတင်းဆိုးပဲ။

မွတ်စလင်ကမ္ဘာက မညီညွတ်။ ဆွန်နီနဲ့ရှီယားက ကမ္ဘာ့ရန်သူတွေ။ အမေရိကန်က ဆွန်နီတွေရဲ့မဟာမိတ်။ ဆော်ဒီခေါင်းဆောင်တဲ့ ဆွန်နီတွေဖက်က အမြဲရပ်တည်ခဲ့တယ်။ မကြာမီက ရှီယားမွတ်စလင်တွေရဲ့ခေါင်းဆောင် အီရန်ကို အမေရိကန်က ဒေါ်လာဘီလီယံပေါင်း ၁၄၀လောက် နြူကလီးယားသဘောတူချက်နဲ့ ပြန်ပေးလိုက်တဲ့ကိစ္စကို ဆော်ဒီက လုံးဝမကြေနပ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းနဲ့ မိတ်ပျက်လုဆဲဆဲဖြစ်နေတယ်။ အခု ထရန့်တက်လာတော့ အရင်အတိုင်း ဆော်ဒီဦးဆောင်တဲ့ ဆွန်နီတွေဖက်က ပြန်ရပ်တည်လိမ့်မယ်။ အီရန်အတွက် သတင်းဆိုး။

တရုတ်ဘီလျှံနာသူဌေးကြီးတွေက ကြိုဆိုနေကြပြီ။ ဘီလျှံနာတွေ တိုင်ပင်စီးပွားရှာကြတော့ နှစ်ဖက်လုံးအိုကေပေါ့။ တရုတ်နဲ့အမေရိကန်ဆိုတာ နိုင်ငံရေးအရ ရန်ဖြစ်ပြနေကြပေမဲ့ စီးပွားရေးမှာ လင်မယားပဲ။ တရုတ်ရဲ့အဓိကဈေးကွက်က အမေရိကန်။ စီးပွားရေးအရ အရင်လိုပဲ ချစ်ပြ။ နိုင်ငံရေးအရ ဝေဖန်ပြ။ ဒီအတိုင်းသွားမှာပဲ။ တရုတ်က ကုန်စည်တွေကို အခွန်တွေတိုးကောက်မယ်လို့ ပြောထားပေမဲ့ လက်တွေ့ဖြစ်နိုင်မလားတော့ မသေချာသေး။

နေတိုးအဖွဲ့တို့ ဂျပန်နဲ့ကိုးရီးယားတို့ကလည်း ကာကွယ်ရေးစားရိတ်တွေ တိုးပေးပါ့မယ်လို့ အာမခံပြီးသားမို့ ထူးမယ်မထင်။

အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးကတော့ အိုဘားမားလို တက်ကြွမယ်မထင်။ ထရန့်က ကမ္ဘာ့ခေါင်းဆောင်မလုပ်ချင်ဘူးလို့ ပြောပြီးသား။ အမေရိကန်ကိုအရင်လိုသိပ်မှီခိုဖို့မလွယ်တော့။ မြန်မာပြည်ကတော့ မှီခိုမှုမရှိခဲ့တာမို့ မထူးလှပါ။

အမေရိကန်နြူကလီးယားခလုပ်ဆိုတာလည်း သူနှိပ်ချင်တိုင်း နှိပ်မရပါ။ စစ်ကြေညာဖို့တောင် လွှတ်တော်နှစ်ရပ်လုံးရဲ့ ထောက်ခံချက်လိုတယ်။ ခလုပ်နှိပ်ဖို့ အဝေးကြီးပါ။ ဘီလျှံနာကြီးက စစ်တိုက်ဖို့ထက် စီးပွားရှာဖို့ပဲ စိတ်ဝင်စားမှာပါ။

ပြည်နယ်အလိုက် သူ့ဥပဒေနဲ့သူ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရတွေကိုလည်း ထရန့်အနေနဲ့ သြဇာပေးလို့မရ။ ဖက်ဒရယ်အစိုးရက ခန့်ထားသူတွေမဟုတ်ကြ။ စီးပွားရေးကျဆင်းနေတဲ့ပြည်နယ်တွေက အလုပ်အကိုင် အခွင့်အရေးတွေ ပြန်ရလာအောင် လုပ်ပေးမယ်။ ဒီလောက်ပါပဲ။ ကယ်လီဖိုးနီးယားလို အချမ်းသာဆုံးပြည်နယ်ကြီးကတော့ သူ့မူ သူ့လူနဲ့ဆက်ချီတက်နေမှာပဲ။

အချုပ်အားဖြင့်ပြောရရင်တော့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာမယ် မထင်ပါဘူးဗျာ။ မဲဆွယ်ချိန်က လူတွေစိတ်ဝင်စားအောင် ပြောခဲ့တ်ာလို့ပဲ ယူဆပါကြောင်း။
 
 

Sunday, November 6, 2016

"ပြောကြည့်လိုက်လေ ရင်ထဲပေါ့သွားအောင်ပေါ့။"

"ပြောကြည့်လိုက်လေ ရင်ထဲပေါ့သွားအောင်ပေါ့။"

ညီလာခံကြီးအပြီးတွေးမိတာလေးပါ။ မပြောရလို့ တင်းကျပ်နေတဲ့ရင်တွေကို စင်ပေါ်တက်ပြီး ဖွင့်ပြခွင့်တော့ ရခဲ့ပြီ။ အနည်းနဲ့အများတော့ ရင်ထဲမှာ ပေါ့သွားကြမှာပဲ။

တပ်က တင်ပြတာတွေကတော့ ဖန်တရာကျေကြားနေကြစကားလုံးတွေပါ။ကိုယ်စားလှယ်တာဝန်ယူရတဲ့ ဗမကများလည်း တာဝန်ပေးလို့ တက်ဖတ်ပြသွားရတဲ့ပုံပါပဲ။ သူတို့တွေက သားအကြီးကောင်နဲ့တူသဗျ။ အဖေမရှိလို့ အဖေနေရာဝင်ယူရာက အခွင့်ထူးခံဖြစ်တဲ့ သားကြီးမျိုးပေါ့။ ရှိသမျှကို လက်ဝါးကြီးအုပ်ချင်လာတယ်။ ညီငယ်တွေကို မခွဲပေးချင်တော့ဘူး။ သူ့သဘောအတိုင်း စည်းကမ်းတွေထုတ်တယ်။ ဒီစည်းကမ်းတွေကို လိုက်နာကြ။ မလိုက်နာသူ သူ့ရန်သူပဲ။ ဒီသဘောအတိုင်း ဆက်ရပ်တည်တယ်။ ဒါကြောင့် ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့ ဝါဒဖြစ်တဲ့ ' စည်းကမ်းပြည့်ဝသော ဖက်ဒရယ်' ကြီးနဲ့ ချီတက်ကြမယ်။ ထုံးစံအတိုင်းပဲသွားမယ်။ 

တိုင်းရင်းသားတွေတင်ပြကြတာတွေကို ရိုးရိုးပဲခံစားကြည့်တော့ အရင်ကတောင်းဆိုခဲ့သလိုပဲ သာတူညီမျှမှုလိုချင်တယ်။ စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာကိုလိုချင်တယ်။ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ စောဘဦးကြီးတို့ စတောင်းဆိုခဲ့တာ။ ဗိုလ်ချုပ်တို့ပင်လုံလည်း ဒါပဲတောင်းဆိုခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲတောင်းတယ်။ သူတို့က အကိုကြီးဖိနှိပ်တာမခံနိုင်လို့ ရန်ရှာနေကြတဲ့ ညီငယ်တွေနဲ့တူပြန်ရော။ ညီငယ်တွေထဲမှာ သွေးထိုးပေးနိုင်ခဲ့တဲ့အတွက် ညီငယ်အနည်းစုက အကိုကြီးဖက်မှာရပ်တယ်။ အများစုကတော့ အကိုကြီးကို ဆန့်ကျင်တယ်။

ညီတွေအချင်းချင်း သွေးကွဲအောင် ခွဲခြားဆက်ဆံခဲ့တဲ့အတွက်လည်း အကိုကြီးက အိမ်ရဲ့ဦးစီးအဖြစ်အခုထိ အခွင့်ထူးခံ ဖြစ်နေဆဲ။ ငါမရှိရင် မဖြစ်ပါဘူးကွာဆိုတဲ့ အချိုးနဲ့ ခပ်တင်းတင်းပဲ။
အကိုကြီးရဲ့ စီမံမှုကြောင့်အဝေးရောက်နေတဲ့ အမေက အခု အိမ်ပေါ်ပြန်ရောက်လာပြီ။ မချစ်သော်လည်း အမေ့အရှိန်အဝါကြောင့် အကိုကြီးက အလေးထားပြရပြီ။ ညီအကိုတွေ သွေးကွဲနေတာ ပြန်တည့်အောင် အကုန်ခေါ်လိုက်ပြီ။ ဘာမကြေနပ်တာရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောကြလို့ ခွင့်ပေးလို့ ရင်ဖွင့်ပွဲလေး လုပ်ခွင့်ရသလိုမျိုး။

နောက်ပိုင်းဇာတ်လမ်းကတော့ ပိတ်ကားပေါ်မှာ ရှုကြပါတော့။
အမေရှိတုန်းမှာ ပြသနာတွေပြေလည်အောင် အလျှော့အတင်းလုပ်ကြပြီး အကိုကြီးနဲ့ ညီငယ်တွေ ချစ်ကြည်ရေးပြန်ရလေမလား။ အမေလည်းဂရုမစိုက်ဘူးကွာ ဆိုပြီး ဆက်လက်မိုက်ကြလေမလားပေါ့။ မိသားစုဝင်တွေကတော့ မျှော်လင့်ချက်တွေရင်မှာပိုက်ကြီး စောင့်နေကြပါကြောင်း အကိုကြီးနဲ့ညီငယ်များ သိစေရန် ရင်ဖွင့်လိုက်ပါတယ်ဗျာ။

မြန်မာမှန် ပုဂံကိုချစ်


မြန်မာမှန် ပုဂံကိုချစ်သတဲ့။ မောင်လူပေက နည်းနည်းပိုမည်။ ပုဂံတင်မကပဲ ဇလုံရော ခွက်ရော ဇွန်းရော ချစ်သည်။ ပိုသည်မဆိုပါနှင့်။ ပုဂံကဝယ်ထားသော ယွန်းခွက်တွေ ယွန်းဇွန်းတွေ၊ ယွန်းလင်ပန်းတွေ အိမ်မှာတပုံတပင်။

ငလျှင်ကြောင့် ပျက်စီးသွားသောရှေးဟောင်းစေတီပုထိုးများအတွက်လည်း စိတ်မကောင်း။ ယူနက်စကိုကြီးနဲ့ ပူးတွဲဆောင်ရွက်မည်ဆိုသည့်အတွက်တော့ အတန် စိတ်အေးရသား။ အန်တီစုကလည်း ညွှန်ကြားထားသတဲ့။ သမ္မတကြီး ပုဆိုးမပြီး ပုဂံဘုရားကြားမှာ ခြေဗလာဖြင့် လိုက်လံစစ်ဆေးနေပုံများလည်း တွေ့ရသည်။

ပုဂံရောက်တိုင်း ပုဂံသားတို့နှင့် မိတ်ဆွေဖွဲ့ကာ စကားတမည်ပြောကြတိုင်း ကြားခဲ့ရသည့်စကားတခုကို ပြန်လည် အမှတ်ရ၏။ ပုဂံက အပျိုရည်ပျက်ခဲ့တာ ကြာပါပြီတဲ့။ ခေတ်အဆက်ဆက် ပုဂံကို ဖျက်ခဲ့ကြတာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် သွင်းလို့မရနိုင်တော့သည်အထိပေါ့။ ဘုရားတဆူခြင်း ကိုသာ ဒီစာရင်းဝင်ရန် စီမံနေကြရပါသတဲ့။

နေဝင်ချိန်ကို ရွှေဆံတော်ပေါ်က စောင့်မျှော်ကြည့်တော့ အပျိုရည်ပျက်တဲ့ပုဂံဆိုတာ တယ်မှန်ပါလားဟု ခံစားရသည်။ ခေတ်သစ်လက်ရာရွှေထီးတွေတပြောင်ပြောင် ရွှေရောင်ဝင်းနေသည့် စေတီတချို့က ရှေးဟောင်းဘုရားပုထိုးများကြားမှာ ဆွမ်းဆံထဲကြက်ချေးရောသလို ပြောင်လက်လက်။ နန်းမြို့မျှော်စင်အသစ်ကြီးက ထိုးထိုးထောင်ထောင်။ ပုဂံပြတိုက်ကြီးရဲ့ သစ်လွင်တဲ့စုလစ်မွန်းချွန်တွေက အမိုးသစ်ကြီးနဲ့ အပြိုင် မိုးထိုးမယောင်။ ကင်မရာရိုက်ကွင်းထဲကို ဒီလက်ရာတွေရောက်မလာအောင် အတော်ကြိုးစားခဲ့ရ၏။

ပုဂံပြတိုက်ကြီးကိုရောက်တော့လည်း မောင်စပ်စုမို့ ပြတိုက်တာဝန်ရှိသူနှင့် မိတ်ဖွဲ့စပ်စုခဲ့သည်။ ပြတိုက်ကြီးကား အိမ်အိုဟောင်းကြီးနှင့်တူလေစွ။ ကြမ်းခင်းပါကေးတွေကြွ၊ ဆေးတွေကွာ၊ အနံ့အသက်ကလည်းမကောင်း။ အဲကွန်းတွေက မလည်ပတ်တော့။ မေးကြည့်တော့ ထရန်စဖေါ်မာမနိုင်လို့ ပိတ်ထားပါသတဲ့။ ထရန်စဖေါ်မာကိုလဲလိုက်ပါလားလို့ ပြောတော့ ဘတ်ဂျက်မရှိပါတဲ့။ လာကြည့်သူလည်း လေးငါးယောက်ထက်ပိုမည်မထင်။ ပြတိုက်ကြီးကို ဟီးထအောင်တည်ဆောက်ခဲ့ပြီး ပြုပြင်စားရိတ်မရှိဘူးဆိုတော့ ဘာပြောရမည်လည်း မသိတော့။ ပုဂံခေတ်ထဲက ဆန်စပါးစိုက်မရခဲ့တဲ့မြေကို ရေသွင်းစိုက်ဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးတယောက်အကြောင်း၊ မြစ်ရေတင်စီမံကိန်းတွေ အလုပ်မဖြစ်လို့ ရပ်တန့်လိုက်ရတဲ့အကြောင်းတွေပြောဖြစ်ခဲ့သည်။

ပုဂံမြေကား မိုးခေါင်ရေရှားမို့ ဖုန်းဆိုးမြေသာသာ။ ယာလုပ်ငန်းကလည်း မိုးမရလျှင်မအောင်မြင်။ ထန်းပင်ထန်းတော လွမ်းမောစရာကလွဲလျှင် ဘာစီးပွားရေးမှမရှိ။ လာလည်မဲ့ဧည့်သည်မျှော်ရင်း ပုဂံသားတွေမြို့သစ်မှာ ဒုက္ခမျိုးစုံနှင့် လုံးခြာလည်လျှက်။ ရှေးဟောင်းယဉ်ကျေးမှုဇုံဖေါ်ဆောင်မည်ဆို၍ ဘုရားကြားကနေထွက်ပေးလိုက်ကြရသောပုဂံသားများ၏ ရင်ထဲမှာလည်း မကြေနပ်ချက်ပေါင်းများစွာ။ သူတို့ထွက်ပေးလိုက်ရသောမြေထဲမှာ ဟော်တယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေအလျှိုအလျှို ပေါ်လာမှတော့ ကြေနပ်နိုင်ပါ့မလား။ လူနေခွင့်မရှိတဲ့ ရှေးဟောင်းဇုံထဲက ဟော်တယ်တွေ ၊ လူတွေအကြောင်း သောင်းပြောင်းထွေလာတွေကလည်း ပုဂံရာဇဝင်လို ပြောမကုန်နိုင်။

ပုဂံကိုတည်ဆောက်ခဲ့ကြသည်။ ဖျက်မှန်းမသိ ပြင်ရင်းဖျက်ခဲ့ကြသည်။ နံရံဆေးရေးတွေအပေါ်မှာဆေးသုတ်၊ အပေါစားပန်းရံဆရာရဲ့မညီမညာဘိလပ်မြေလက်ရာများ၊ ရွှေထီးမတင်ခဲ့တဲ့ခေတ်ရဲ့ လက်ရာတွေမှာ ရွှေထီးတွေတဝင်းဝင်း၊ ရွှေရောင်တပြောင်ပြောင်၊ ရှေးဟောင်းဇုံထဲက ခေတ်လက်ရာပြတိုက်ကြီးနဲ့မျှော်စင်။ ဒါတွေကြောင့်လည်း ဆရာကြီးဒေါက်တာသန်းထွန်းက" ခေတ်အဆက်ဆက်ကတည်ဆောက်ခဲ့တာမို့ ပုဂံကိုဘယ်သူတည်ခဲ့တယ်လို့ အတိအကျမပြောနိုင်ဘူး။ ဘယ်သူဖျက်ဆီးခဲ့တယ်ဆိုတာတော့ ပြောနိုင်တယ်။ " ဟူ၍ နာနာကြည်းကြည်း ပြောခဲ့ခြင်းဖြစ်မည်။ " အပျိုရည်ပျက်ရုံမျှမက မုဒိန်းအကြိမ်ကြိမ်အကျင့်ခံခဲ့ရတဲ့ပုဂံမြေပါ။ " ဟူသော ပုဂံသားတွေရဲ့ ရင်ထဲကအသံကို ထပ်တူနားလည်ခံစားခဲ့ရသည်။

ဒီတခေါက်တော့ တတ်သိပညာရှင်များဦးဆောင်ကာ ယူနက်စကိုရဲ့ကူညီမှုဖြင့် ပုဂံကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းကြမည် ဆိုပါသဖြင့် "သာဓုပါဗျာ" ဟူ၍ ပြောရုံမှတပါး အခြားစကားလုံး ရှာမတွေ့တော့ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ဧရာမနဂါးကြီးနဲ့ခွတ်ဒေါင်းတို့တွေ့ဆုံပွဲလေးပေါ့


ဧရာမနဂါးကြီးနဲ့ခွတ်ဒေါင်းတို့တွေ့ဆုံပွဲလေးပေါ့။

မြန်မာပြည်တည်ငြိမ်ရေးကို သူတို့လိုလားတယ်။ ရင်းနှီးမြှုတ်နှံထားတာ ဒေါ်လာ ဘီလီယံပေါင်းသုံးဆယ်ကျော်။ အိန္ဒိယသမုဒ္ဒရာကြီးရဲ့ ထွက်ပေါက်အဖြစ်လည်း သုံးချင်တယ်။ ကူမင်းကျောက်ဖြူရထားလမ်း ကားလမ်းပြီးရင် နေ့တဝက်နဲ့ ရောက်နိုင်ပြီ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးပြီးသွားရင် မလက္ကာရေလက်ကြားကို မေ့ထားလိုက်ယုံပဲ။ တောင်တရုတ်ပင်လယ်က အိမ်ရှေ့ပေါက်ကိုအပိတ်ခံရလည်း မှုဖို့မလိုတော့။

အာဖရိကနဲ့တိုးချဲ့ထားတဲ့စီးပွားရေးကြောင့် ကုန်စည်တွေ လှိမ့်ဝင်လာတော့မယ်။ တိုးပို့ရတော့မယ်။ ကျောက်ဖြူကပို့ရင် လမ်းတဝက် သက်သာနေပြီ။ မြန်မာနဲ့အိန္ဒိယလား နားထား။ သူတို့ရဲ့အပုံတရာပုံတပုံတောင် ကုန်သွယ်မှုမရှိ။ ရှေ့မှာ လက်ဦးမှုယူပြီးသား။

အမေရိကန်၊ ဂျပန်၊ ဥရောပတွေက ခုမှ ဝင်ဖို့လေ့လာတုန်း။ သူက အစောကြီးထဲက ဖျာခင်းထားတာ။ မှီလာစရာမရှိသေး။

အနေမတတ်ရင် နောက်ကြောကနေ အန်ကယ်ဆမ်က တံခါးခေါက်လာမှာကြိုသိလို့ အန်ကယ်ဆမ်မလာခင် ကြိုရောက်နှင့်ထားတာ ။ ပြီးရော။

မြန်မာဟာ တရုတ်အတွက်အလွန်အရေးကြီးသလို တရုတ်ဟာ အိမ်နီးချင်းနိုင်ငံကြီးမို့ မြန်မာအတွက်လည်း အလွန်အရေးကြီးပါတယ်။ ဘယ်သူကမှ မိတ်ဖက်ကနေ မိတ်ပျက်ခံကြမယ်မဟုတ်။

ကြိုဆိုပါတယ်။

မြစ်ဆုံဆည်အကြောင်းရေးသားနေကြ


မြစ်ဆုံဆည်အကြောင်းရေးသားနေကြတာတွေဖတ်ရင်း ဆောက်သင့်တယ် မဆောက်သင့်ဘူး အငြင်းမပွားခင် အမေရိကားက Hoover Dam လို့ လူသိများတဲ့ဆည်ကြီးတခုအကြောင်း ပြောချင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ထဲအထိ ဖြတ်စီးနေတဲ့ ကော်လော်ရာဒိုမြစ်ကြီးဆိုတာ အာရီးဇိုးနား ၊ နီဗားဒါးစတဲ့ပြည်နယ်တွေကိုဖြတ်စီးလာတဲ့မြစ်ရှည်ကြီးပေါ့။ ဒီမြစ်ကြီးကြောင့် ရေကြီးမှုတွေခဏခဏဖြစ်ကြတယ်။ စိုက်ပျိုးထားသမျှ ဆုံးရှုံးတယ်။ နွေကြတော့ ဒီမြစ်က ရေနည်းလို့ သွားမရပြန်ဘူး။ ဒီဒုက္ခတွေ ကင်းဝေးရေးအတွက် ဆည်တခုတည်ဆောက်ဖို့ ကြိုးစားကြရာက ပေါ်လာခဲ့တဲ့ ဧရာမဆည်ကြီးပါ။

အမေရိကားမှာ စီးပွားပျက်ကပ်ကြီးဖြစ်နေချိန်မှာ ဒီစီမံကိန်းကြီးကြောင့်လည်း လူအများအလုပ်ရခဲ့ကြတယ်။ ၁၉၃၁ ကနေ ၁၉၃၆ ထိ ငါးနှစ်ကြာအောင်တည်ဆောက်ခဲ့ရတဲ့ ဒီဆည်ကြီးဟာ အဲဒီအချိန်က အကြီးဆုံးဆည်ကြီးတခု ဖြစ်ခဲ့ပါတယ်။

ဆယ်အမြင့်ပေ ၁၂၀၀ကျော်၊ အကျယ် ပေ၁၂၀၀ကျော်၊ အောက်ခြေထု ပေ၆၀၀ ကျော် ရှိတဲ့ ဒီဆည်ကြီးဟာ ရေသန်းပေါင်း ၃.၂၅ကုဗကိုက် ထိ သိုလှောင်နိုင်ပြီး တစက္ကန့်ကို ကုဗပေလေးသိန်းထိ ရေလွှတ်အားပေးနိုင်တယ်။ ရေလှောင်ကန်ကြီးထဲမှာ ရေကုဗပေပေါင်း ၂၈.၅ သန်းထိ သိုလှောင်အားရှိတယ်။ ရေအားလျှပ်စစ်တာဘိုင်တွေကနေ မဂ္ဂါဝပ် နှစ်ထောင်ကျော်ထိ ထုတ်ယူနေပြီး အနီးက ပြည်နယ်တွေကို လျှပ်စစ်အား ပေးနေပါတယ်။

နှစ်စဉ်ဖြစ်နေကြ ရေကြီးမှုတွေကို ကာကွယ်နိုင်ယုံမကပဲ နွေအချိန် ရေနည်းရင် ရေလွှတ်ပေးနိုင်လို့ ဒီမြစ်ကြီးကို အကျိုးရှိစွာသုံးနိုင်ခဲ့တယ်။ အခုဆို ဒီဆည်ကြီးရဲ့အသက်ဟာ နှစ်ရှစ်ဆယ်တောင် ရှိခဲ့ပါပြီ။ အဖိုးကြီးဘဝပေါ့။ ဒါပေမဲ့ တာဝန်ကြေဆဲ ဆည်ကြီးတခုဖြစ်နေဆဲ။ အနီးက လပ်စ်ဗေးဂပ်မြို့နဲ့လည်း မိုင်သုံးဆယ်ပဲဝေးတာမို့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လည်ပတ်စရာနေရာအဖြစ်နဲ့ ဝင်ငွေတွေ ရနေဆဲပါ။

ကျွန်တော်တို့ဆီက မိုးတွင်းတိုင်းရေကြီးနေတဲ့ ဧရာမြစ်ကြီးအတွက်လည်း ဒီလိုဆည်ကြီးတခုရှိရင် မကောင်းပေဘူးလား။ ရေကြီးတာတွေ ကာကွယ်နိုင်မယ်။ စိုက်ခင်းတွေ လယ်ကွင်းတွေ ဒုက္ခမတွေတော့ဘူး။ နွေအခါ ရေလွှတ်ပေးရင် ဧရာမြစ်ကြီးတိမ်ကောမဲ့အရေးကတောင် ကာကွယ်နိုင်လိမ့်မယ်။

အခုမြစ်ဆုံဆည်ကြီးကို ဆက်ဆောက်ဖို့ လော်ဘီလုပ်နေတာမဟုတ်။ တရုတ်ကြီးအတွက်လျှပ်စစ်ထုတ်ဖို့ဆောက်ခဲ့တာမို့ သဘောမတူခဲ့တာ အစအထဲကပါ။

မြန်မာအင်/ယာတွေဆွဲထားတဲ့ မြစ်ဆုံဘက်စုံစီမံကိန်းဆိုတာရှိပြီးသားလို့ကြားဖူးတယ်။ ဒီဟာကြီးကို ဒေသခံတွေချပြ။ ကိုယ်တိုင်မလုပ်နိုင်ရင် နိုင်ငံခြားက ပညာရှင်တွေငှားပြီးတည်ဆောက်ကြရင် မြန်မာပြည်အတွက် ရာနှုန်းတရာပြည့် အကျိုးရှိမဲ့ ဆည်ကြီးတခု ဖြစ်လာမှာပဲ။ ကြာချငိသလောက်ကြာပါစေ။ ဇွဲနဲ့တည်ဆောက်ကြရင် ဖြစ်လာမှာပါ။ ကမ္ဘာ့အဆင့်မှီ ငလျှင်ဒါဏ်ခံ မြန်မာပိုင် ဧရာဆည်ကြီးကို မြင်ချင်စမ်းပါဘိဗျာ။

အချိန်ထဲကလူသား


အချိန်ထဲကလူသား

မနေ့က သမီးကပြောတယ်။ ဒီနှစ်ကိုးတန်းတက်မဲ့ကလေးတွေက Nine Eleven လို့ခေါ်ကြတဲ့ World Trade Center ကိုလေယာဉ်တိုက်မှုဖြစ်ချိန်မှာ မမွေးသေးဘူး တဲ့။ သူတို့တွေက Nine Eleven ဖြစ်စဉ်ကို သေချာသိကြမှာမဟုတ်ဘူးတဲ့။

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးနဲ့ လူအသေအပျောက်အများဆုံး အကြမ်းဖက်ခံရမှုဖြစ်စဉ်က စက်တင်ဘာ (၁၁) ရက်နေ့မှာ ဖြစ်ခဲ့တာမို့ Nine Eleven လို့ပဲ ဒီက လူတွေ မှတ်ထားပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့တာမို့ အခုဆို (၁၅)နှစ်တောင်ကြာခဲ့ပြီပေါ့။ ဒီဖြစ်စဉ်ပြီးမှ မွေးကြတဲ့ကလေးတွေတောင် ကိုးတန်းတွေရောက်ကုန်ပြီ။

ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်လေးလုံးဖြစ်စဉ်က ၁၉၈၈ မှာဖြစ်ခဲ့တာမို့ အဲဒီဖြစ်စဉ်ပြီးမှ မွေးခဲ့ကြသူတွေတောင် (၂၈) နှစ်ထဲရောက်နေကြပြီ။ တချို့ဆို အိမ်ထောင်တွေကြလို့ ကလေးတွဲလောင်း ဖြစ်နေပြီ။ ကိုယ်တိုင်တောင်မမှီခဲ့တဲ့ ဖြစ်စဉ်တခုမို့ သူတို့သားသမီးတွေကို ရှင်းပြဖို့အတော်ခက်ပေလိမ့်မယ်။ ဒီအရေးအခင်းမှာစီးမြောခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင်တော့ ဒီမိုကရေစီအရေးအတွက် ဘာမျှော်ကိုးချက်မှမထားပဲ ပါဝင်ခဲ့ကြတဲ့ ပြည်သူအများစုကြီးထဲမှာ သဲတပွင့်အဖြစ်ပါဝင်ခဲ့ရတာကိုပဲ ဂုဏ်ယူမဆုံးဖြစ်နေဆဲ။ ဒီမိုကရေစီတော်လှန်ရေးရဲ့အစကနေ ယနေ့အချိန်ထိ ယုံကြည်ချက်ကို စွဲကိုင်ရင်း အသက်ပေးခဲ့ကြသူတွေကိုလည်း အလေးပြုမဆုံးရှိနေဆဲ။ လူငယ်တွေကိုလည်း ရှစ်လေးလုံးရဲ့အနှစ်သာရတွေကို လက်ဆင့်ကမ်းပေးချင်နေဆဲပါ။ ဒါကတော့ ကိုယ့်အမြင်ပေါ့။

တလောက ဒီဖြစ်စဉ်အကြောင်း သိမှီခဲ့သူတွေက သူတို့မှတ်မိသလောက်ပြန်ရေးကြတာ ဖတ်ရတယ်။ သူတို့ဖြတ်သန်းခဲ့တဲ့အရွယ်မှာ မှတ်မိသလောက်ရေးတာမို့ အနည်းအများတော့ အမှားကင်းမှာမဟုတ်။ ပြန်ရေးကြတာကိုပဲ ကြိုဆိုပါတယ်။ အမြင်တွေလည်းမတူကြ။ အဲဒီအချိန်မှာ ပါတီကောင်စီတွေနဲ့ပတ်သက်သူတွေက မကောင်းမြင်ကြလိမ့်မယ်။ ကြောက်တတ်သူတွေက မင်းမဲ့စရိုက်လို့ မြင်ကြမယ်။ နိုင်ငံရေးစိတ်ဓါတ်နိုးကြားခဲ့သူတွေက ဒီမိုတိုက်ပွဲရဲ့အစလို့ မြင်ကြမယ်။ အခြေခံမတူလို့ အမြင်မတူကြတာ သဘာဝမို့ ဘာမှ မပြောလိုပါ။ နဝတ နအဖ ခေတ်က ဝါဒဖြန့်စာတွေဖတ်ပြီးကြီးခဲ့တဲ့လူငယ်တချို့ဆိုရင်တော့ တပ်မတော်ကို ကယ်တင်ရှင်အဖြစ် မြင်နိုင်သေးတယ်။

အမြင်ခြင်းမတူကြတာတွေကို လက်ခံပြီး ဘုံဖြစ်အောင်ဆွေးနွေးအဖြေရှာတာ ဒီမိုကရေစီရဲ့အနှစ်သာရ။ မတူတာတွေပေါင်းပြီး ခွန်အားတခုကို တည်ဆောက်ရတဲ့သဘော။ မတူတဲ့အမြင်တွေရှိမှာသဘာဝ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတခုနဲ့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့အမြင်ကို ဖြစ်ပေါ်စေခဲ့တာလေ။

ဒီအရေးအခင်းကြီးအပြီးမှာ ဗမက(ငြိမ်း) ဖြစ်တဲ့ ဦးကြီးက ဆန္ဒပြတဲ့သူတွေကို အရူးတွေလို့ဝေဖန်ခဲ့လို့ သူ့တူတော်မောင် အသက်နှစ်ဆယ်ကျော်ကျောင်းသားနဲ့ အပြန်အလှန် စကားများခဲ့သေးတယ်။ သူ့အိမ်ပေါ်မှာခဏတည်းနေရာက စိတ်ဆိုးပြီး အိမ်ပြောင်းခဲ့ဖူးတယ်။ အခုပြန်တွေးတော့ သူလည်းသူ့အမြင်၊ ကိုယ်လည်းကိုယ့်အမြင် မတူကြတာကို ညှိဖို့ မကြိုးစားခဲ့မိတဲ့အပြစ်လို့ပဲ မြင်မိတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီးထဲကနေ အန်တီစုကို မွေးဖွားပေးနိုင်ခဲ့သလို မဆလကိုဖြုတ်ချနိုင်ခဲ့တယ်။ အာဏာရှင်စနစ်ကိုတော့ မတော်လှန်နိုင်ခဲ့ဘူး။ ခေါင်းဆောင်ကောင်းတွေလည်းအများအပြားပေါ်ထွက်ခဲ့တယ်။ ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ ကိုယ်ကျိုးရှာသမားတွေလည်း ထွက်ပေါ်ခဲ့တာပဲ။ ဒီလူတွေက ဒီမိုသမားဘဝကနေ စစ်အာဏာရှင်တွေရဲ့ဒေါက်တိုင်တွေဘဝကို အခွင့်အရေးတွေအတွက် အရှင်လတ်လတ် ဘဝပြောင်းသွားကြလေရဲ့။

သက်ရှိလူသားတွေရဲ့ အကောင်းအကျိုး အကောင်းအဆိုးတွေကို အဆုံးအဖြတ်ပေးမဲ့တရားသူကြီးကတော့အချိန်ပါပဲ။ အချိန်တွေထဲမှာဖြတ်သန်းရင်း ကိုယ့်သမိုင်းကိုယ်ရေးနေကြလေရဲ့။ အမှန်တရားဖက်က ရပ်တည်ခဲ့သူတွေ၊ လုပ်စားခွင်ထဲမှာ ကြီးပွားခဲ့သူတွေ၊ ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ရသူတွေ၊ ဘယ်သူကဘာဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။ အချိန်ထဲက လူသားတွေကို အချိန်က ဆုံးဖြတ်ပေးတဲ့ဆုံးဖြတ်ချက်တွေကို ကြေနပ်စွာခံယူကြပါစို့လား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

အန်တီစုရဲ့ တရုတ်ခရီးစဉ်

ဒီနေ့ အန်တီစုရဲ့ တရုတ်ခရီးစဉ်စပြီ။ နိုင်ငံတော်အကြီးအကဲအနေနဲ့တရားဝင်ခရီးဖြစ်ပြီး ငါးရက်ကြာမယ်တဲ့။

ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးဆိုတဲ့ နာမည်လှလှလေးအောက်မှာ စီးပွားရေးအကျိုးစီးပွားတွေအတွက် ဗမာပြည်ကို တပည့်မွေးပြီး အိပ်ထဲထည့်ခဲ့တဲ့ တရုတ်ပြည်။ စစ်အစိုးရရဲ့တရုတ်ကြောက်မူဝါဒကို နင်းပြီး ပြည်သူတွေကို မျက်ကွယ်ပြုကာ ရသမျှကိုဈေးပေါပေါနဲ့ထုတ်ယူခွင့်ရခဲ့တဲ့ တရုတ်ပြည်။ ဗမာ့စစ်အစိုးရ သက်ဆိုးရှည်ဖို့ ဗီတိုကြီးတပြပြနဲ့ လာသမျှ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကို ပယ်ချပေးခဲ့တဲ့တရုတ်ပြည်။ အန်တီစုကို အနောက်မျှော်မဲ့သူလို့သတ်မှတ်ပြီး သူတပါးအိမ်တွင်းရေးမို့ ဝင်မစွက်ပါဆိုတဲ့စကားလှလှလေးသုံးကာ ဗမာစစ်အစိုးရရဲ့ အန်တီအပေါ်မတရားလုပ်မှုအပေါင်းကို မသိချင်ယောင်ဆောင် ပေးခဲ့တဲ့တရုတ်ပြည်။ အဲဒီပြည်ကြီးက ၂၀၁၂ မှာ အန်တီစုကို ကောဇောနီခင်းပြီးကြိုခဲ့ဘူးတယ်။ သိပ်ချစ်လို့တော့မဟုတ်။ တချိန်မှာ ဒီမိန်းမ အာဏာရလာနိုင်တယ်ဆိုတာ ကြိုသိခဲ့လို့ပဲ။

အခုလည်း အန်တီစုကို ကောဇောနီနဲ့ကြိုကြပေဦးမယ်။ အာဏာရအစိုးရရဲ့ ခေါင်းဆောင်ပေကိုး။ မကြာခင်က လာသွားတဲ့ CCP က ဝန်ကြီးတပါးကလည်း နောက်ကွယ်ကလက်မည်းကြီးလို့ လူတွေသိထားတဲ့ စာဖတ်နေသူကြီးနဲ့ တွေ့သွားလေရဲ့။ သူ့တပည့်တွေနိမ့်ပါးနေတာကို မမေ့ထားပါဘူးဆိုတဲ့သဘော။ အလွန်လည်လှတဲ့ စီးပွားရေးသမားကြီးမို့ ဘယ်အကောင်တက်တက် ဒေါင်းမှာပဲဆိုတဲ့ ဖဲသမားစကားဟာ သူတို့အတွက် ဒက်ထိပေါ့။

တရုတ်ကြီးအတွက် ခုအချိန်က အခက်တွေများနေချိန်။ တရုတ်စီးပွားရေးနှေးကွေးနေတယ်။ ဗမာပြည်ဖြတ်တဲ့ ပိုးလမ်းမကြီး ပြန်ဆောက်ချင်တယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်ဝမ်တို့နဲ့ ပြသနာတက်နေတယ်။ တရုတ်ဖက်မှာရပ်တည်ပေးနေကြ ဗမာပြည်ကလည်း အာဆီယံမှာ ကြားနေဘဝပြောင်းလိုက်လို့ သူ့ဖက်မှာ လာအိုနဲ့ကမ္ဘောဒီးယားလောက်ပဲ ရှိတော့တယ်။ ဗမာပြည်ကို အနောက်နဲ့နီးစပ်သွားမှာ စိုးရိမ်နေတယ်။ ဗမာပြည်သူတွေရဲ့ဆန့်ကျင်မှုတွေ ကြုံတွေ့နေရတယ်။

တဂူထဲမှာခြင်္သေ့နှစ်ကောင်အောင်းနေရတဲ့ ဗမာပြည်ဆိုပေမဲ့ ဘယ်သူက တကယ့်ခြင်္သေ့ဆိုတာသိတဲ့ တပ်ချုပ်ခြင်္သေ့ကြီးက အသာလျှိုပေးထား (အန်တီရဲ့ စည်းလုံးရေးစွမ်းရည်) ချိန်။ အန်တီစုရဲ့ ပါးနပ်လိမ္မာတဲ့ သံတမန်ရေးဆက်ဆံတတ်မှု။ ဒါတွေကြောင့် မလာခင်ထဲက မြစ်ဆုံကို ရှေ့တန်းမတင်ပါဘူးလို့ တရုတ်ဖက်က ကြေညာရတဲ့အထိ။ တရုတ်နိုင်ငံ ခရီးစဉ်က ထူးခြားမှုတွေအပြည့်။

အန်တီရဲ့အပြန်ခရီးကတော့ ပန်းခင်းသောလမ်းတခုဖြစ်မှာ အသေအချာ။

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်တဲ့။ ဟုတ်ကဲ့။ သွားလေသူအဘတွေရဲ့အမျှော်အမြင်ကြီးမားမှုနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်ထဲက စခဲ့တာပါ။ ဂီတ၊ ရုပ်ရှင်အဖွဲ့တွေကလည်း တီဗွီဖန်သားပြင်မှာ အုပ်စုလိုက်တွေ သီဆိုပြကြ။ ရေးတဲ့တေးရေးတွေရော ဆိုတဲ့သူတွေရော အဲဒီအချိန်ကရွှေထက်တန်ဖိုးရှိတဲ့ ဟန်းဖုန်းပါမစ်တွေရကြသတဲ့။ ငွေတော့လွှမ်းတာသေချာတယ်။ သိန်းသုံးလေးဆယ် တန်ပေတာကိုး။

အားကစားကတော့ ခုထိ ဘာကိုလွှမ်းနေပြီလည်းမသိန်ုင်သေး။ ကမ္ဘာ့အိုလံပစ်ပွဲကြီးရဲ့ ရလာဒ်တွေ ဒီနေ့ဝင်ကြည့်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းက ရွှေငွေကြေး ၂/၁/၁ နဲ့ ဦးဆောင်နေတယ်။ 
အကိုကာလသားများအကြိုက် ငုရင်လေးရဲ့နိုင်ငံ ဗီယက်နမ်က ရွှေ ၁ ၊ ငွေ ၁ ပါတဲ့။ မြန်မာတွေပျော်တဲ့ခြင်္သေ့နိုင်ငံလေး စင်ကြားပူကလည်း ရွှေ ၁ ။ အင်ဒိုနီးရှားကြီးက ငွေ ၂ ။ မလေးရှားက ငွေ ၁ ၊ ဖိလစ်ပိုင်က ငွေ ၁ စသည်ဖြင့် အသီးသီး ဆွတ်ခူးရရှိထားပါတယ်။ 

ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ မြန်မာအားကစားအဖွဲ့ကတော့ ဘဲဥမကွဲသေးရှာပါ။ မြှားပစ်က သမီးငယ်လေးကတော့ အဆင့်၁၆ ရပါသတဲ့။ နောက်ဆုံး ရှစ်ဦးထဲထိ မပါခဲ့ရှာ။ ရေကူးမောင်လေးကလည်း လူရှစ်ဆယ်မှာ အဆင့် ၇၀ ပါတဲ့။ ပြေးခုန်ပစ်ကတော့ မပြိုင်ကြရသေး။

မြန်မာပြည်အားကစားလောကမှာ လူအားပေးမှုအရဆုံးဘောလုံးကတော့ ခြေစစ်ပွဲမအောင်ခဲ့လို့ ဒီပွဲကို မရောက်လာခဲ့။ ပွဲရှုံးရင် တွေ့ကရာနဲ့ပေါက်၊ ခုံတွေဖျက်ဆီးနဲ့ လုပ်တတ်ကြတဲ့ ပရိတ်သတ်တချို့ကြောင့်လည်း လျှော်ရပေါင်းမနည်းလှတော့။

ပွဲတွေအပိတ်ခံရ၊ လျှော်ရတာထက် မြန်မာတွေရိုင်းလိုက်တာလို့ ကမ္ဘာ့အမြင်မှာ လွှမ်းသွားတာတော့ အသေအချာ။

အဘတို့ရဲ့ မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆောင်ပုဒ်ကတော့ အပြောနဲ့အလုပ်မညီလေသလား။ စီမံကွပ်ကဲမှုတွေ ပံ့ပိုးမှုတွေ ညံ့လေသလား။ လားပေါင်းများစွာ။

Thursday, June 9, 2016

ရွာသာယာ

မြူနှင်းတွေဝေနေတတ်လို့ နှင်းမြူမြို့တော် ( Fog City) လို့ နာမည်ကျော်တဲ့ သာဂိတို့ရွာလေးက ဒီရာသီမှာ အလှဆုံး။

တောင်တန်းပြာကြီးလည်း မဝေးလှ။ ပင်လယ်ပြင်ကြီးကလည်း တမျှော်တခေါ်။ ထန်းပင်တန်းနဲ့ လွမ်းဖွယ်။

သဘာဝတရားကြီးက ခုလိုတော့လည်း ချစ်ဖို့ကောင်းတာရယ်။ တီရှပ်ပါးပါးလေးနဲ့ ဘောင်းဘီတိုဝတ်။ ရှာထိုးဖိနပ်လေးစီးပြီး ပင်လယ်ကမ်းမှာ လမ်းလျှောက်။ စူပုံ့ပုံ့ ဘိုက်ကလေးကို အသာရှပ်ထား။ အပြေးလေ့ကျင့်နေတဲ့ ရွှေဝါဆံပင်ရှင်လေးတွေကိုတွေ့ရင် မျက်စိအားတိုးဆေးကျွေး။ တိုးရစ်ကြီးလို ရယ်ပြပြုံးပြ။ နည်းနည်းမောလာရင် ရေဆာပြေအောင် ဗျစ်ရည်လေးမြုံ့။ ဂွတ်ထ ဂွတ်ထ ဂွတ်ထ။

အဲ့ဂလို အတွေးထဲမှာ အရသာခံရင်း လက်တွေ့ဘဝထဲကို ပြန်ရောက်။ လုပ်စရာအလုပ်ရှိတဲ့နေရာကို ကားဆက်မောင်းခဲ့ရ။ အဲ့ဒါ ဘဝ ဘဝ ဘဝ။

အချိန်ပိုရှိလို့ အားလပ်ရက်မှာ အပန်းဖြေမဲ့ဘော်ဒါတွေရှိရင် သာဂိတို့ ရွာသာယာကို လှမ်းခဲ့ကြဖို့ မိတ်မှန်သမျှကို ဖိတ်မန္တက ပြုအပ်ပါတယ်ဗျား။

( ရွာသာယာက ကယ်လီဖိုးရီးယားနိုင်ငံမှာနော်။ မသိရင် Sky Net ကိုသာ မေးကြပေရော့။ တိန်။ )


 

သာဂိတို့ ရပ်ကွက်ထဲမှာဗျာ။ (၆)

သာဂိတို့ ရပ်ကွက်ထဲမှာဗျာ။ (၆)

သာဂိဆိုတဲ့ကလေးခေါင်းဆောင်လေးဟာ လေးဂွတပ်ပိုင်ရှင် မျက်မှေးတို့အုပ်စုအားကိုးနဲ့ ကလေးအုပ်စုကို အနိုင်ကျင့် ဗိုလ်ကျခဲ့တာတွေ ရေးခဲ့တာ အပိုင်း(၅) ထိ ရောက်ခဲ့တယ်။ သာဂိတို့က အမြဲဗိုလ်ကျ၊ စာဥတို့က အမြဲခံဖက်က။ ဒါ သာဂိတို့ရွာရဲ့ ရာဇဝင်ပဲ။

ဒါပေမဲ့ ရာဇဝင်ဆိုတာ အမြဲမမှန်ဘူးဆိုတဲ့ သီအိုရီအတိုင်း ကြမ္မာရဟတ် တပတ်လည်ချိန် ရောက်ခဲ့ပြီ။ ကလေးအုပ်ထဲမှာ စာတတ်တဲ့ကလေးတွေက သာဂိတို့ကို အမြဲအာခံခဲ့လေတော့ သာဂိက ရွာတကာမှာခေတ်စားတဲ့ ရွေးကောက်ပွဲကစားနည်းနဲ့ ကစားကြမယ် နိုင်တဲ့သူက ကလေးခေါင်းဆောင်လုပ်ကြပေါ့လို့  ဒီကလေးတွေကို လေချိုသွေးလာတယ်။ ဂွကိုင်မျက်မှေးတို့ဆီက 'တွေ့သမျှလူ လေးဂွစာကျွေးရတာ လူမုန်းများတယ်၊ လောက်စာကုန်တယ် ' ဘာညာနဲ့ အသံထွက်လာတာလည်း တကြောင်းပေါ့။

လူလည်သာဂိပဲ။ တကယ်ဆို အစစ ပြင်ဆင်ပြီးသား။ ကစားနည်းစနစ်ကစပြီး ပြင်ထားတာ။ ဒိုင်လုပ်ပေးမဲ့သူ အေးတင်က သာဂိနဲ့ ဂွပစ်ဖက် ငယ်ပေါင်း။ ဘာလိုသေးလဲ။ ပြီးတော့ ကလေးအုပ်က သူ့ကို ငယ်ကြောက်မို့ မလှန်ရဲဘူးလို့ တွက်ထားတယ်။ ဂွကိုင်မျက်မှေးအုပ်စုကလည်း သူ့ကိုပဲ မဲပေးကြမှာ သေခြာလေတော့ မဲတွေရဲ့ လေးပုံတပုံက အလိုလို ရပြီးပြီလေ။ ဒိထက်သေခြာတာ ဘာရှိမလဲ။

ဒါပေမဲ့ ပေါ့လေ။ သူနဲ့ယှဉ်မဲ့ စာဥဆိုတာက အရင်သူကြီးရဲ့သမီး။ ရွာရဲ့အချစ်တော်။ သူဘယ်လို နှိုပ်ကွပ်ခဲ့ပေမဲ့ မဖြုံခဲ့တဲ့သူ။ ကလေးအုပ်စုက ခံခဲ့ရတဲ့ စာဥလေးကို ဂရုဏာတွေပွားနေကြတာ သူမသိ။ စာဥကို အမျိုးမျိုးတိုက်ခိုက်လေတိုင်း စာဥကိုမထိပဲ သူ့ကိုပဲ ပြန်ထိတယ်လို့  မထင်ခဲ့တဲ့အတွက် ဒီရွေးကောက်ပွဲကို ကျင်းပခဲ့တာ။

ရွေးကောက်ပွဲနေ့ ညောင်ပင်အောက်က မဲရွေးပွဲမှာတော့ မကြောက်တရားတွေနဲ့ ရဲရင့်လာတဲ့ကလေးအုပ်က သာဂိဖက်က မရပ်တည်တော့ပဲ စာဥဖက်မှာ ရဲဝင့်စွာ ရပ်တည်လေတယ်။ အပြောကြီးခဲ့တဲ့သာဂိ ဒီတခါတော့ ဘယ်လိုမှ မငြင်းနိုင်တဲ့အဆုံး စာဥလက်ထဲကို ကလေးအုပ်ခေါင်းဆောင်ဘွဲ့ကို အပ်လိုက်ရပြီပေါ့။

ဒါပေမဲ့ နောက်ဆုံးအချိန်ထိ သာဂိက စာဥခေါင်းဆောင်မဖြစ်ရေးအတွက် ဆန့်ကျင်ခဲ့တယ်။ နောက်ဆုံးမှပဲ သူ့ဂတိအတိုင်း ကလေးခေါင်းဆောင်ရာထူးကို ပေးခဲ့တာ။ ဒါတောင် မိန်းကလေးဖြစ်နေတယ်ဆိုပြီး တင်းခံနေလို့ ဉာဏ်ကောင်းတဲ့စာဥက သူ့ကိုအမြဲထောက်ခံခဲ့တဲ့ ကျော်ထင်လေးကို ခေါင်းဆောင်ခန့်ပေးရသေးရဲ့။ ရုပ်ပြပေါ့လေ။ ကလေးအုပ်စုကတော့ ဘယ်သူက တကယ်ခေါင်းဆောင်ဆိုတာ သိပြီးသားပါ။

အစက ပြောခဲ့သလိုပေါ့။ သေချာပြင်ဆင်ခဲ့တဲ့ ညောင်ပင်အောက်ရွေးကောက်ပွဲက သာဂိထင်သလို မဖြစ်လာတော့ ဖြစ်သလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ စာဥခေါင်းဆောင်ဆိုပေမဲ့ ဂွကိုင်မျက်မှေးတို့က စာဥကို ထောက်ခဲ့တာမဟုတ်လေတော့ ကလေးအစည်းအဝေးတွေမှာ ဆန့်ကျင်ကြ၊ ကန့်ကွက်ကြတယ်ပေါ့။ ဒါတွေဟာ ဂွကိုင်မျက်မှေးက သူ့ဆရာသာဂိကို တဖက်လှည့်နဲ့ ထောက်ခံပြတဲ့သဘော။ စောဖေ နောကျေတယ်ဆိုသလိုပဲ စာဥကလည်း သိသပေါ့။ သူခေါင်းဆောင်တာ မြဲဖို့အတွက် မျင်မှေးတို့ဂွတပ်ကို လိုအပ်တယ်လေ။ ဒါကြောင့် မျက်မှေးတို့ကို အခွင့်ရတိုင်း စည်းရုံးရေးဆင်းတယ်။

စာဥရဲ့မလျှော့တဲ့ဇွဲကြောင့် အခုတော့ စာဥနဲ့ ဂွကိုင်မျက်မှေးတို့ သဘောတူချက်ရပြီ။ စာဥကို ထောက်ခံတော့မတဲ့။သာဂိရင်ထဲမှာတော့ ဒေါသတွေ တလိပ်လိပ် လောင်မြိုက်လို့ရယ်။
ခေါင်းဆောင်ပြုတ်သာဂိက ရွေးကောက်ပွဲပြီးရင် သင်္ကန်းစည်းမဟဲ့လို့ ပြောခဲ့တာမို့ ဂတိအတိုင်း ကိုရင်ဝတ်တယ်။ တပတ်ပေါ့လေ။ ကတုံးတောင် မချောက်သေးခင် ရှင်လိင်ပြန်လာတယ်။ သူ့ကိုထောက်ခံနေဆဲ အနည်းငယ်သော ကလေးအုပ်ကို စည်းရုံးပြီး စာဥတို့သိက္ခာကျ အရှက်ရအောင် ကြံစည်တော့တယ်။

စာဥတို့ရဲ့ ရက်တရာကလေးဖွံ့ဖြိုးရေးတို့ ဘာတို့စတဲ့ လှုပ်ရှားမှုတွေ သေးသိမ်အောင် ရွာထဲမှာတမျိုး အွန်လိုင်းကတသွယ် တနေ့တမျိုးမရိုးအောင် အပုတ်ချပွဲ ဆင်နွဲနေလေရဲ့။ ဒါပေမဲ့သူတို့ချတဲ့အပုတ်က သူတို့ကိုပဲ ပြန်မှန်နေတယ်ဆိုတာ သိဟန်မတူ။
သာဂိရေ။ နောက်တပွဲနွဲဖို့ ကြံရင်တော့ နည်းသစ်သုံးကွာ။ ဒီအကွက်တွေက ရိုးနေပြီမို့ ကလေးတွေက မယုံရေးချမယုံ။

Sunday, May 8, 2016

မိုးချုပ်နေတဲ့အိမ်

အတုယူကြပါ အတုယူကြပါဆိုလို့ ငယ်ငယ်ထဲက အတုယူလာတာ ခုထိပဲ။ တခါမှ အစစ်နဲ့ မတွေ့ဖူးသေးဘူး။

တကယ်ပါ။ သုံညထဲက ကိုးနှုတ်ဖို့ မနှုတ်နိုင် တဆယ်ချေးနဲ့ လက်ရော ခြေပါ မအားရတဲ့ဘဝ။

ရေအိုင်ငယ်ကို ပင်လယ်ထင်ခဲ့တဲ့ ပုံပြင်ထဲက ဖားသူငယ်ကို ခုမှ မှန်ထဲမှာ မြင်ဖူးတာ။ အတော်တောင်အသက်ရနေပြီပဲ။ ဖားဦးလေးကြီးပေါ့လေ။

ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည်တဲ့။ ဆိုင်းပုဒ်တောင် နာဂစ်နှိတ်စက်လို့ မရှိရှာတော့ဘူး။ ရွှေရတုသာ ကျော်ဖြတ်လာတယ်။ ကိုယ့်ဟာကိုယ်တောင် တည်ဆောက်လို့ မပြီးနိုင်သေး။ နိုင်ငံတည်ဆောက်ဖို့ ဝေလာဝေး။

အူမတောင့်မှ သီလစောင့်သတဲ့လား။ အူမမတောင့်ပဲ စောင့်ခဲ့ရတဲ့သီလတွေကို ကတ္တားနဲ့ ချိန်ပြမယ်။ ချိန်ခွင်နဲ့ မဆန့်လို့။ အူမတောင့်တဲ့သူတွေ စောင့်တဲ့သီလက ကေတီဗီနဲ့ မာဆပ်မှာ အိပ်မောကြနေကြတယ်။

ဟိုမရောက်ဒီမရောက်အဆင့်လောက်သာတတ်ခဲ့တဲ့ လောကဓါတ်ပညာကို ရွှေအိုးထင်ပြီး ဖွင့်စားလိုက်တာ။ ရွှေအိုးက ဖင်ပေါက်နေတဲ့ ရွှေရေစိမ်ဒန်အိုးပဲဆိုတာ ခုမှသိ။အဝင်နဲ့အထွက်က အမြဲ ညီမျှနေတယ်။ အနှုတ်မပြတာကိုပဲ ကြံဖန် ကျေးဇူးတင်နေရသေး။

အခုလူငယ်နောင်ခါလူကြီး တဲ့။ အခုလူကြီးနောင်ခါလူငယ်လို့ ပြောင်းလိုက်ချင်တာ။ ဝသုံန္ဒရေ ကို တိုင်တယ်ပါတယ်။ နတ်ရေကန်လေးများရှိရင် အကြောင်းကြားပေးပါ။ ဆယ့်ခြောက်နှစ်ကို နှစ်နဲ့မြှောက်လောက်ဆို တော်ပါပြီ။

ကောင်မလေးရေ။ မုတ်သုန်က စိတ်ကောက်လို့အရောက် နောက်ကျလိမ့်မယ်။ တို့တတွေရဲ့ ဖြတ်သန်းမှုတွေကို ကဗ္ဗည်းတင်ကြရအောင်။ အို... ကောင်မလေးတောင် ဆံပင်တွေ ဖြူရှာပါပေါ့လား။

( ပို့စ်မော်ဒန်ပေါ့ဗျာ။ palace of fine arts ကြီးကို ကြည့်ပြီး ခံစားမိတာ အဲဒါပါပဲ။ ရင်ဘတ်တွေမတူရင် ဆောရီးပါ။ )


 

Tuesday, April 12, 2016

ကျေးဇူးပါ

ကျေးဇူးတင်လိုက်တာဗျာ။

အစိုးရအသစ်ကြီး တက်လာထဲက ရေးချင်တာ။ ခုမှရေးဖြစ်တယ်။

တခုခုကောင်းတာလေးများ ဖြစ်ခဲ့ရင် ကျေးဇူးတင်ရတာ လူ့ယဉ်ကျေးမှုမဟုတ်လား။ ဒီတော့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ရတာလည်း မင်္ဂလာပဲပေါ့။

မောင်လူပေတို့ နိုင်ငံတော်ကြီးမှာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ သုံးမတ်သားလွှတ်တော်ကြီးလည်း ဖြစ်ပေါ်ခဲ့ပြီ။ အရပ်သားစစ်စစ် သမ္မတကြီးလည်း ပေါ်ထွန်းခဲ့ပြီ။ ကာလုံကြီးတို့၊ တမတ်သားတို့ ရှိနေသေးတယ်ဆိုပေမဲ့ ပြည်သူအများစုရဲ့ အိပ်မက်တွေ လေးချိုးသုံးချိုးလောက်တော့ အကောင်အထည် ဖြစ်ထွန်းလာခဲ့ပြီပဲ။

သို့ဂလို ဖြစ်ထွန်းလာခဲ့ဖို့ နှစ်သုံးဆယ်နီးပါး အချိန်တွေ ဘဝတွေ ပေးဆပ်ခဲ့ရတာမို့ စစ်အာဏာသိမ်းတဲ့အချိန်က လူပျိုလေး မောင်လူပေတောင် အခုဆိုဦးလေးကြီးလူပေ ဘဝရောက်နေခဲ့ပြီ။

အဲဒီ နှစ်ပေါင်းများစွာထဲမှာ ဘဝတွေ၊ အသက်တွေ ပေးဆပ်ခဲ့ကြတဲ့ အမည်မသိပြည်သူများ အမည်သိပြီး ပြည်သူများ မည်သူမဆို ပထမဆုံး ကျေးဇူးတင်ပါတယ်။

၁၉၆၂ ကစပြီးပြောရရင် ဆလိုင်းခင်မောင်ဦးတို့ကစပြီး ဗကအုန်းကျော်မြင့်၊ မဝင်းမော်ဦး၊ ရှစ်လေးလုံးအတွင်း ပေးခဲ့ရတဲ့ အသက်များစွာ၊ NLD အဖွဲ့ဝင်တွေ အမတ်တွေ ထောင်ထဲရောက် နှိပ်စက်ခံရ၊ သေကြရတာလည်း မနည်းမနော။ ဘဝပျက်ခဲ့ရသူတွေလည်း ထောင်သောင်းချီ။ ဒီလို unsung heroes တွေကို ပထမဆုံး ကျေးဇူးတင်ရတာပါ။

အကြောက်တရားနဲ့အုပ်ချုပ်လိုက်လို့ တနိုင်ငံလုံး ပိပြားနေချိန်မှာ အခွင့်အရေးရတိုင်း ထထပြီး စစ်အစိုးရကို ဝေဖန်ထောက်ပြခဲ့ကြတဲ့ မကြောက်တရားပိုင်ရှင်တွေလည်း ပေါ်ထွန်းခဲ့တယ်။ ကိုဇာဂနာတို့လို အနုပညာရှင်တွေ၊ တကိုယ်တော် လှုပ်ရှားသူတွေ၊ ရှစ်ပူးက ရောင်းရင်းတွေ၊ ဝိုင်းရံပေးခဲ့ကြတဲ့ ရဟန်းရှင်လူတွေလည်း မနည်းလှ။ သစ်ခုတ်သမားတွေဆိုတဲ့ ဒီသစ်ခုတ်သမားတွေကြောင့် ပန်းပုထုဖို့ သစ်လုံးကြီး ရခဲ့ကြပြီ။ သူတို့တွေလည်း unsung heroes တွေပါပဲ။

ဒုတိယ ကျေးဇူးတင်ရမဲ့ပုဂ္ဂိုလ်တွေကတော့ အရှင်ထွက် ထွက်သွားကြတဲ့ အာဏာရှင်အပေါင်းတွေပါပဲ။ ဒီကလပ်နဲ့ မန်ဒရဲလားတို့ တောင်အာဖရိကမှာ ပြေလည်မှုရကြတော့ သမ္မတဟောင်းဒီကလပ်ကို ကျေးဇူးတင်ကြသလိုမျိုးပေါ့။ အရှင်ထွက် ထွက်ကြဖို့ ညှိနှိုင်းသဘောတူထားတဲ့အတိုင်း ထွက်ပေးသွားလို့ ကျေးဇူးတင်ကြရတယ်။ စားပြီးထားတာအားလုံးကို ပိုင်ဆိုင်ခွင့်ပေးတယ်။ နောက်ကြောင်းပြန်အရေးမယူပါဘူးလို့ အာမခံတယ်။ ရင်ကြားစေ့ဖို့ သဘောတူတယ်။ ဒီကလပ်လည်း ဒီလိုထွက်ခဲ့။ ကျွန်တော်တို့ အဘတွေလည်း ဒီလိုထွက်ခဲ့။

အဝေးမြေတနေရာကနေ အစိုးရဆန့်ကျင်ရေး လုပ်ရတာလည်း ထင်သလောက်မလွယ်။ လူနှစ်ဆယ်လောက်နဲ့ ဆန့်ကျင်ပွဲလေးဖြစ်ဖို့ အတော်လုပ်ခဲ့ရ။ ကိုယ့်အိပ်စိုက်၊ အလုပ်တွေပျက်၊ နိုင်ငံရေးလုပ်တဲ့လူတွေဆိုပြီး ကြောက်လို့ မခေါ်မပြော ဖြစ်ကြတာကရှိသေး။ နှစ်တွေကြာတော့ လူတွေလည်း ပင်ပန်းကြပြီ။ တခါလာလည်း ဒီမျက်နှာ။ ကူငွေကောက်လည်း ဒီလူတွေချည်း။ အလှူခံရလွန်းလို့ မျက်နှာတောင် ထားစရာမရှိခဲ့။ ဘေးပေါင်းစုံအတွက် လှူလိုက်ရတာ ဖတ်ဖတ်မော။ နေ့ပေါင်းစုံအတွက် အော်လိုက်ရတာ အသံတွေပြာ။ အခုတော့ ဒါတွေ သိပ်လုပ်စရာမလိုတော့။ အရင်က ရှောင်နေတဲ့သူတွေလည်း စင်ပေါ်ရောက်နေကြပြီ။ ကိုယ်တွေက သစ်ခုတ်သမားတွေပဲ။ ပန်းပုဆရာတွေ တက်လာပြီမို့ ကြေနပ်စွာာ နောင်ကနေ လက်ခုပ်တီးပေးဖို့သာ လိုတော့တယ်။ လူစုရင်နှစ်ဆယ်မပြည့်တဲ့အချိန်မဟုတ်တော့။ ရာကျော်ဖို့ လွယ်သွားပြီ။ ဒီလို ကိုယ်တွေသက်သာအောင် လုပ်ပေးတဲ့အရှင်ထွက်များကို ကျေးဇူးအထူး တင်ရပါတယ်။

နောက်ဆုံးကျေးဇူးတင်ရသမဲ့သူတွေကတော့ ၂၀၁၂, ၂၀၁၅ ရဲ့ ရွေးကောက်ပွဲတွေမှာ အမှန်တရားဖက်ကရပ်တည်ပြီး NLD ကို တခဲနက် မဲပေးခဲ့ကြတဲ့ ပြည်သူအပေါင်းပါပဲ။ နိုင်ငံရေးအသိတွေ နိုးကြားဖို့ အွန်လိုင်းကနေတမျိုး စာစောင်တွေကတဖုံ မီဒီယာတိုက်ပွဲတွေနဲ့ ဆင်နွဲပြီး အမာခံ ကြံ့ခိုင်ရေးကို ဖြိုခဲ့ကြတာလေ။ ကျေးဇူးပါ ပြည်သူများခင်ဗျား။

NLD အစိုးရကြီးက တက်စမို့ သည်းခံစောင့်ကြည့်နေပါတယ်။ တလွဲတွေ တချော်တွေ ကင်းစွာ လုပ်ကိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ အကြံဉာဏ်တွေလည်း ပေးရင်း ဝေဖန်ရေးလည်း လုပ်ပါ့မယ်။ မျှော်လင့်ချက်များစွာနဲ့ စောင့်မျှော်နေတဲ့ ပြည်သူများအကျိုးစီးပွားကို သယ်ပိုးနိုင်ကြပါစေ။ တလွဲတွေ တွေ့ရင်လည်း ဆက်လက်ဝေဖန်နေမှာဖြစ်ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Tuesday, March 22, 2016

အဘတို့ ရဲ့ ဂုဏ်ရည်

မြန်မာ့ဗိုလ်ချုပ်များ၏ ထူးခြားသောဂုဏ်ရည်များမှာ

(၁) လာဒ်မစားပဲ ထူးခြားစွာပင် သိန်းထောင်သောင်းချီ ချမ်းသာကြခြင်း။

(၂) နေစရာအိမ်ဂေဟာ၊ စီးစရာ ကားမဟာများကလည်း အလိုအလျှောက် မြေမှပေါ်ထွက်လာ၍ အမည်ပေါက်ပြီး ဖြစ်ရခြင်း။

(၃) ရတနာရွှေငွေများစွာက အိမ်ပေါ်သို့ အလိုအလျှောက် တက်လာကာ ဝင်လာမစဲ တသဲသဲ ဖြစ်ရခြင်း။

(၄) မမွေးမကြွေးရပါလျှက်နှင့် အဘဟု ခေါ်ကြမည့်သားအဖြစ် ခံယူလိုသူ ကိတ္တိမသား ကိတ္တိမသမီးများစွာကို ရရှိခြင်း။

(၅) အကယ်၍ တစုံတဦးမှ အကျင့်ပျက်ခြစားပါသည်ဟု ထိရောက်စွာအတိုင်ခံရပါကလည်း သိန်းသောင်းချီသော ရတနာများစွာနှင့် အငြိမ်းစားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရခြင်း။

(၆) အရပ်ဖက်ရှိ ဌာနဆိုင်ရာများသို့ ပြောင်းရွှေ့ရာတွင်လည်း ထိုဌာနများ၏ ပညာမှန်သမျှ သင်စရာမလို အလိုလို တတ်မြောက်ကြပြီး၍ လိုအပ်သည်များကို မှာကြားတတ်ခြင်း။

(၇) အရာရာကို တတ်စွမ်းကြသည့် အဌာရသတဆယ့်ရှစ်ရပ်ပညာကျော်များ ဖြစ်ကြသောကြောင့် ပညာရှင်ဆိုသူများ၏ စကားကို နားထောင်စရာမလိုပဲ ပညာရှင်ဆိုသူများကသာ ခေါင်းလေးငုံ့၍ နာခံကြရခြင်း။

(၈) ဦးစီးရသော ဌာနများက အရှုံးပြကာ ဆက်မလည်ပတ်နိုင်ပါသော်လည်း ဘာစည်သူ ညာစည်သူ ဘွဲ့ပေါင်းစုံဖြင့် ပွဲလယ်တင့်ကြခြင်း။

(၉) မည်သည့်အကြောင်းဖြင့်ဖြစ်စေ သူ့နာမည်သုံးလိုက်ယုံဖြင့် ပြစ်မှုမှန်သမျှ ပိန်းကြာဖက်တွင် ရေမတင်သကဲ့သို့ ကင်းစင်လွင့်ပျောက်နိုင်ခြင်း။

(၁၀) ရွေးကောက်ပွဲဝင်စရာမလိုပဲ အမတ်ထိုင်ခုံအလိုလို ပေါ်ပေါက်နိုင်ခြင်း။

(ဘုန်းတော်ဘွဲ့လေးတခုလောက်တော့ မဆင်းကြခင်ချီးမြှင့်မှ သင့်တော်မယ်ဟု ထင်မြင်ပါသဖြင့် )j


 

Wednesday, March 2, 2016

တောင်သူလယ်သမားနေ့  ဆိုလို့ 

တောင်သူလယ်သမား ဦးကြီးတွေကို ဂုဏ်ပြုပါတယ်။

ဆန်ရေစပါး တိုးပွားကြပါစေ။

အဆင်ပြေ အောင်မြင်ကြပါစေ။

သဘာဝဘေးရန်များမှ လည်း ကင်းဝေးကြပါစေ။

ထော်လာဂျီ ဂွမ်ဒေါင်း တဖေါင်းဖေါင်း စီးနိုင်ကြပါစေ။

အမတော်ကြေး ဟိုအကြွေးတို့မှလည်း ကင်းရှင်းကြပါစေ။

ထမင်းရည်ချောင်းစီး အလှူကြီးများလည်း ပေးနိုင်ကြပါစေ။

ကိုယ်ပိုင်မီးစက် ဓါတ်စက်အကောင်းစားတွေနဲ့ ငြိမ့်နိုင်ပါစေ။

အိမ်ကြီးရခိုင် မီးမြိုင်မြိုင်ဖြင့်လည်း တင့်တယ်ကြပါစေ။

----------------------------------- စေ။


( ဘယ်က နှစ်ကျပ်ကွက်တွေနဲ့ အိုဗာတင်းရောင်းနေတာလဲ။ နင့်အဘတွေ သိမ်းသွားလို့ လုပ်စားဖို့မရှိ။ လယ်အငှားလိုက်နေရတာ ကြာလှပေါ့မောင်ရယ်။ ဖေါရှောတွေနဲ့ လုပ်မနေနဲ့တော့ ဆေးထိုးလို့လည်း မရတော့ဘူး။ ပုလင်းလိုက်ချိတ်မှ ရမဲ့ခေတ်။ အားလုံးအထာပေါက်ကုန်ကြပြီ မောင်ရင်။ အသိမ်းမခံရတဲ့သူတွေလည်း ဈေးကောင်းလို့ ရောင်းစားပြီး ထိုင်စားတာနဲ့ ကုန်ကြပြီ။ မကြာခင် စပါးကို တရုတ်က သွင်းရတော့မှာ မောင်ရင်ရေ..... တဲ့။ ဂျီးတော်မြက မကြားတကြား ပြောသွားလေရဲ့။ )

( အာဏာသိမ်းနေ့ထူးနေ့မြတ်ကို တောင်သူလယ်သမားနေ့ရယ်လို့ ခပ်တည်တည် မျက်နှာပြောင်ခဲ့တဲ့ တော်လှန်ရေးကောင်စီက မြန်မာပြည်ကို ဖွံ့ ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC ဘဝရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ ခပေါင်း၊ ဒူးယား၊ အုန်းတောတွေလည်း အတိတ်မှာ။ လယ်သမားတွေလည်း တာဝန်ကျေစပါးမသွင်းနိုင်လို့ ခဏခဏ ဒုက္ခတွေရောက်။

သူ့နောက်က လိုက်လာတဲ့ ငြိမ်ပိကောင်စီတို့ အေးယာကောင်စီတို့ကလည်း ဧက သန်းချီ တိုင်ပတ်လိုက်ကြတာ ခုထိ မြေယာပြသနာတွေ ရှင်းမကုန်။

ထိုထိုသောအကြောင်းများကြောင့် တောင်သူလယ်သမားနေ့ကို ဆရာစံ သူပုန်ထခဲ့တဲ့နေ့ဖြစ်ဖြစ်၊ ကြိုးပေးခံရတဲ့နေ့ဖြစ်ဖြစ် ပြန်လည် သတ်မှတ်တာကမှ သဘာဝကျမယ် ထင်တာပါပဲ။)

Monday, February 29, 2016

ဆရာကန်တော့ပွဲတဲ့


ရွှေနိုင်ငံ ရွှေစက်မှုကျောင်းတော်ရဲ့ ၁၉၈၇-၉၁ ကျောင်းဆင်းများရဲ့ ဆရာကန်တော့ပွဲကို ရွှေရတုအသက်ပတ်လည် သူငယ်ချင်းများနွှဲကြတော့မည်

ဆယ်ကျော်သက်က ကျွမ်းခဲ့ရသော ငယ်ကျွမ်းဆွေထဲမှာ ရွှေကျောင်းတော်ကြီးလည်း ပါသည်။ သူ့ထံပါးမှာ ခစားရင်း ငယ်ကကျွမ်းကို လွမ်းခဲ့ရသည်။ ကျောင်းသားတို့ တတ်အပ်သော အဌာရသ တစ်ဆယ့်ရှစ်ရပ်ကို တတ်မြောက်ခဲ့သည်။ ရင့်ကျက်သော လူကြီးဘဝသို့ ပြောင်းလည်းခဲ့သည်။

ပညာရေးစနစ်တွေ အပြောင်းမှာ ပဲခူးကောလိပ် ( အရင်က ဒေသကောလိပ်ပါပဲ။ ၁၉၈၃မှာ ပဲခူးကောလိပ်ဟု ပြန်ပြောင်းခဲ့။) မှ ဒုတိယတန်းအောင်ပြီးနောက် စက်မှု ရွှေကျောင်းကြီးသို့ တတိယတန်းမှ ဖြတ်တက်ခဲ့ရသောကြောင့် သူ့ရင်ခွင်မှာ လေးနှစ်သာ ခိုခဲ့ရပါသည်။

မောင်လူပေတို့ ဒေသကောလိပ် last batch သမားတွေက သနားဖို့လည်းကောင်းခဲ့သေးသည်။ ကိုယ့်နောက်က သူတွေက ကျောင်းကို တန်းဝင်ပြီး ဒုတိယတန်းတက်ချိန်မှာ ကိုယ်က တတိယတန်းက ဖြတ်တက်လာပြီး အင်ဂျင်နီယာ ဘာသာတွေ တစ်ခုမှ မသင်ရသေး။

ဒီတော့ မေဂျာပေါင်းစုံကို တစ်နှစ်ထဲမှာ ပေါင်းသင်ရသောကြောင့် အစွမ်းကုန် ကြိုးစားကြရသည်။
နောက်ဆုံးတော့ ထုံးစံအတိုင်း အိမ်ကို ငွေထပ်မှာကာ ကျူရှင်ဆရာဆီမှာ တိုးတက်ကြရတော့သည်။Mechanical drawing ကို နှစ်နှစ်စာ တခါထဲ သင်ကြရသည်။ နောက်နှစ်မှ ကျောင်းရောက်သူတွေက တန်းဝင်သူတွေက သင်ပြီးကြပြီတဲ့။ ကိုယ်တွေကတော့ အိမ်စာပုံတွေဆွဲနေရလို့ သန်းကောင်ကျော်ကို ညနက်သည် မထင်နိင်သေး။

သချာင်္ဂုဏ်ထူး သုံးနှစ်ဆက်တိုက် ရခဲ့ဖူး၍ အတော်ဟုတ်တဲ့ငါဟု ထင်တစ်လုံးဖြစ်နေချိန်မှာ Engineering advance calculus နဲ့တွေ့ရတော့ ထိုင်ငိုချင်စိတ်တောင် ပေါက်မိသေး၏။ အဲဒီစာအုပ်ကြီးကို ရေးခဲ့တဲ့ မဟာသချာင်္ပညာရှင်တွေကိုလည်း စိတ်တိုသည်။ ဒစ်ဖရင်ရှိတ်တို့ အင်ဒီဂရိတ်တို့ကတော့ ကျောင်းမှာ ထားခဲ့တာ ကြာပြီမို့ မေ့နေပြီ။

တတိယတန်း နယ်ကျောင်းသားတွေက ပုပ္ပါး၊ ဒူးယား၊ အုန်းတော စတဲ့ အဆောင်တွေမှာ နေရပြီး ကျောင်းသူတွေက သဇင်ဆောင်မှာ နေရာချပေးထားသည်။

မောင်လူပေက ဒူးယားထွက်။ ဒူးယားစီးကရက် နပ်မမှန်ခဲ့ပေမဲ့ ဒူးယားနှင့် ရေဆက်ဆုံခဲ့သည်။ ကျောင်းလာတက်ကြတဲ့ ကျောင်းသားခြင်း ခဏနှင့်ပင် အဖွဲ့ကြကုန်သည်။
ပထမဆုံး လာမိတ်ဖွဲ့သူက ထားဝယ်ကျော်ကျော်။ သူ့ရဲ့ ထားဝယ်သံဝဲဝဲလေးက နားထဲမှာ ဆန်းသလို မော်လမြိုင်ဝင်းထိန်ရဲ့ မွန်သံဝဲဝဲနဲ့ စကားပြောမြန်ပုံကလည်း ထူးနေသည်။

ကျောင်းကို တီစကွဲ တကိုင်ကိုင်နှင့် ကားတွယ်စီးတတ်ဖို့ကလည်း အလေ့အကျင့်လိုသည်။ ပြုတ်ကျလျှင်ဖြင့် မချောင်။ ဆလိုက် ရူးထိုးနည်းကလည်း အထူးအဆန်း။ မကြာခင် ကက်ဆီယို သိပ္ပံ ဂဏန်းပေါင်းစက်လေးတွေ ပေးပြန်တော့ ပေါင်နံစရာတွေ ပေါလာလေပြီ။

အဆောင်မှာလည်း အပေါင်းအဖေါ် တသင်းနဲ့ ဂဏန်းတွက်တတ်နေပြီ။ အဆောင်မှူးတို့ ဟောကျူတာတို့ မသိအောင်ပေါ့။ သိရင်တော့ အဆောင်ပြုတ်ကိန်းရှိသည်။

သမိုင်းကန်တင်းကလည်း စားစရာပေါလေတော့ စားရေးအတွက် မပူရ။ သမိုင်း ကန်တင်းရှိ မေဆွိတို့ဆိုင်( အဆိုတော် မင်းသမီးမေဆွိမဟုတ်ပါ။ သွားလေး သိပ်မလှသည့် ဆိုင်ရှင့်သမီး အထက်တန်းကျောင်းသူလေးကို နာမည်ပြောင် ပေးထားခြင်းဖြစ်။)မှ ပဲပြုတ်နှင့်ထမင်းပူလေးကို နှမ်းဆီရွှဲရွှဲလေးဖြင့် သုတ်ထားသောပဲထမင်းကို ကြက်သွန်ဖြူလေးနှင့် လွေးလိုက်လျှင် နတ်သုဒ္ဓာ အလား ထင်မှတ်မှားရမည်။

ပုပ္ပါးအဆောင်မှုး ဦးစိုးလွင်ရဲ့ ကန်သာယာဆိုင်က ထမင်းကြော်ဆိုလျှင်လည်း တရုတ်ဆိုင်တွေ ငိုခြင်းချရလောက်အောင် ကောင်းလေသည်။ သမိုင်းဝန်းကန်တင်းထဲက လက်ဖက်ရည်ဆိုင်ကလည်း ရသာမျိုးစုံကို မှာသူအကြိုက် ဖျော်ပေးနိုင်သည်။

သည်လိုနှင့် အဆောင်ထမင်းမကောင်းရင် ကန်တင်းပြေး၊ ထမင်းစားပြီး အချဉ်ပြေ ဂျိုးသိန်းခဲရင်း ပေါ့ကျတခွက်ကို ကိုထီးရဲ့ တစ်ယောက်ရှိတယ်နဲ့ ငြိမ့်။ သဇင်ဆောင်ရှေ့မှာ ကိုရဲလွင်ရဲ့ သဇင်ညနဲ့ ဂစ်တာငှားပြီး မတောက်တခေါက် အော်တတ်လာသည်။ ကီးမမှန်တဲ့ အသံပြာကို သဇင်သူတွေကတော့ ခြင်ထောင်ထဲကနေ ကြိမ်ဆဲနေမည် ထင်ပါသည်။

ရင်ခွင်ထဲမှေးမှိတ်ကာ နားထောင်စေချင် သံစဉ်ကြား တေးအရိပ်မှာ ချော့သိပ်နေမယ် ဘာညာနှင့် အော်လို့ကလည်း ကောင်း။ သဇင်သူတွေကတော့ သိရှာမည်မထင်။ ကိုယ်တွေကလည်း ခြုံတွေကြားက အော်ခဲ့တဲ့ ခြုံတိုးခြင်ကိုက်ခံ အဆိုကျော်တွေအဆင့်သာ ဖြစ်မြောက်ခဲ့သည်ပဲ။

ညံ့ခဲ့သည့် အကြောင်းတွေ ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တွေလည်း ရှိခဲ့ပါသည်။
ကျောင်းကိုအသွား ဘတ်စကားပေါ် ပါလာတဲ့ ခရမ်းသုံးခွဘက်က ဒုတိယနှစ်ကျောင်းသူ သဇင်သူညိုချောလေးကိုတွေ့တော့ သူငယ်ချင်းက ဒီကောင်မလေးနာမည်က အမူထွေးလို့ ပြောတာကို တကယ်ထင်ခဲ့သည်။ တကယ်က နှုတ်ခမ်းမွှေးရေးရေးဖြင့် အမွေးထူမလေးမို့ အမူထွေးဟု သူကပြောတာ။

ကျောင်းမှာလည်း ရန်ကုန်သူအုပ်စုကို နာမည်ပြောင်တွေ ပေးကြသည်။ နဲနဲလေးဝတဲ့ သူလေးတွေကို ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယနွယ်ဖွားကို လက်ချမီး စသည်ဖြင့်။ သူတို့ အုပ်စုက မောင်လူပေကို သတ်ချင်အောင် မုန်းကြတော့သည်။

သဇင်သူလေးတွေလည်း နာမည်ပြောင်တတ်ခံရခြင်းမှ မလွတ်ခဲ့။ မျက်မှန်သမားကို လေးလုံး။ နှစ်ယောက်ဆိုတော့ မြို့နှင့်ခွဲခေါ်။ မိတ္ထီလာလေးလုံး၊တောင်ငူလေးလုံးစသည်။( ခုတော့ ကိုယ်ကိုတိုင် လေးလုံး ဖြစ်နေပါပြီ။) နဲနဲသေးညှက်သူကို ညှပ်စိ။ သူကြီးကြိုက်ခံရသူကို သူကြီးသမီး စသည်ဖြင့် စခဲ့နောက်ခဲ့ကြသော်လည်း စိတ်အကြာကြီး မဆိုးကြပဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကုန်ကြတော့သည်။

နောက်နှစ်ကြတော့ ကျောင်းဝန်းထဲရောက်။ ကုလားကားကြည့်ကောင်းနေ၍ မနက် ရှစ်နာရီ အတန်းဆို မတက်ဖြစ်တာ ခပ်များများ။ tutorial ဆိုလည်း ပျက်တချက် ရောက်တရက်။ ဆရာများရဲ့ ကျေးဇူးကြောင့်သာ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရ၏။ တပည့်တွေကို ညှာညှာတာတာ စာစစ်ပေးခဲ့လို့ပေါ့။ အတန်းစဉ်မှာ ငါးတန်းကလည်း ခက်ခက်ကိုမှ လိုချင်သူများအတွက် ကွက်တိ။

Refrigeration and Air Conditioning project အတွက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သို့လည်း အကြိမ်ကြိမ်ရောက်ရသေးသည်။ အဲဒီစာကြည့်တိုက်ကြီးကို စိတ်ကူးဖြင့် လေအေးပေးစက်တတ်ရမည်တဲ့။ project ပြီးမှ ရင်ထဲက အလုံးကြီး ကျရတဲ့အဖြစ်။

မှတ်မိတာတွေ ရေးနေရင် ကုန်မည်မထင်။ ခပ်ချာချာ တောသားမို့ မိန်းကလေးသူငယ်ချင်း သိပ်မရှိ။ ဂျပ်ဆင်ရယ် သစ်ပုတ်ပင်ရယ်နဲ့ ကားခတွေ ကုန်ခဲ့သော်လည်း ကံ့ကော်တောက စွယ်တော်ရိပ်လောက် ပျော်ဖွယ်မရှိဟု ထင်ခဲ့လေသည်။ စွယ်တော်မြေကား လွမ်းဖွယ်အတိ။

တခါကလည်း ဘယ်သူ စသည့် ဇာတ်လို့တော့မသိ။ book store မှာ ကလစ်ဓါးပေးနေသည်ဟု ပြောကြတော့ မေးတဲ့သူကလည်း စတိုးက ကုလားကြီးကို ကလစ်ဓါးရှိလား သွားမေးကြသည်။ ဒီလိုအမေးခံရတိုင်းလည်း တာဝန်ကျ ကုလားကြီးက မရှိပါဟုသာ ပြုံးပြုံုးကြီး ဖြေလေသည်။ သွားမေးမိတဲ့ မိန်းကလေးတွေလည်း အဓိပ္ပါယ် စဉ်းစားမိတော့မှ ရှက်ကြပြီး book store ရှေ့မှ ဖြတ်မလျှောက်ရဲကြတော့။

ဒီလို ပျော်ခဲ့ရတဲ့ အချိန်တွေကို တွေးမိတော့ မနေ့တနေ့ကလိုပင် ခံစားရဆဲ ဖြစ်နေပေသည်။
ရွှေရတုရဲ့ ရွှေနှစ်တွေထဲမှာ လွင့်မြောစီးနင်းခဲ့ကြသော သူငယ်ချင်းအပေါင်း ကျန်းမာကြပါစေ။ ဆရာများလည်း သက်ရှည်ကျန်းမာကြပါစေ။

ထုံးစံအတိုင်း မနောဖြင့်သာ တက်မည် ဖြစ်ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( မနှစ်က ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖြည့်စွက်ပြီး တင်ပြပါတယ်။)
 
 

အစိမ်းရောင်သိုဏ်းဂိုဏ်းကြီး

ငယ်တုန်းက သိုင်းစာအုပ်တွေ သိပ်ကြိုက်တာ။

ဘုန်းကြွယ်၊ ဝင်းကြွယ်၊ နေလင်းအောင်၊ မောင်နှင်းဆွေ အကုန် ဖတ်တာပဲ။

သိုင်းလောကသားတွေက သူတို့ဂိုဏ်းဝင်အချင်းချင်း ညီရင်းအကိုတွေလို အကိုကြီး ညီလေး စသည်ဖြင့် ခေါ်ကြရတယ်။ သွေးသောက်ညီအကိုတွေပေါ့။

ညီက အကူအညီလိုရင် အကိုကြီးကို အကူအညီတောင်း။ အကိုကြီးက အကူအညီလိုရင် ညီကိုတောင်း။

ဂိုဏ်းရဲ့ အကြီးတန်းအကိုကြီးလောက် ဖြစ်ဖို့ အဆင့်ဆင့် သင်ယူရတယ်။ သိုင်းကျမ်းကြီးတွေကို အားလုံးသင်ပြီးရင်တောင် လျှို့ဝှက် သိုင်းကျမ်းဆိုတာတွေ ရှိသေးတာမို့မလွယ်လှဘူး။ ပင်ကိုယ်တော်တွေကို ဆရာတွေက စိတ်ကြိုက်ဖြစ်မှ သင်ပေးကြတာ။ ဒါကြောင့် ဆရာ့စိတ်ကြိုက်ဖြစ်အောင် ဝတ်ကြီးဝတ်ငယ် ပြုစုရင်း နေကြရတယ်။ ဆရာနဲ့ ဆွေမျိုးတော်ရင်တော့ ပိုကောင်းတာပေါ့။

သိုင်းဂိုဏ်းကြီးမှာ ဂိုဏ်းချုပ်ကြီးက ပေးတဲ့အမိန့်ကို အဆင့်ဆင့် နာခံရတယ်။ ပြန်ပြောခွင့်မပေးဘူး။ အမိန့်မနာခံရင် သေမိန့်ပဲ။

သိုင်းဂိုဏ်းကြီးတွေက ရှောင်လင်၊ ဝူတန်း၊ ဝါဆန်း၊ သူတောင်းစား စသည် ကိုးခုလောက်ရှိလေတော့ သိုင်းလောကကို စိုးမိုးနိုင်ရေးအတွက် အစွမ်းကုန် တိုက်ခိုက်ကြ၊ ပညာပြိုင်ကြတယ်။

ရှောင်လင်က အဝါရောင် ဝတ်စုံ၊ ဝူတန်းရသေ့တွေက မီးခိုးရောင် ဝတ်စုံ၊ ဝါဆန်းက အဖြူရောင်၊ သူတောင်းစားတွေက ဖြတ်ညှပ်ကပ် စသည်ဖြင့် ဝတ်စုံကိုကြည့်ရင် ဘယ်ဂိုဏ်းက ဆိုတာ သိနိုင်တယ်။

သိုင်းလောကသားတွေကို သာမန်ပြည်သူတွေက ကြောက်ရတယ်။ သူတို့တွေလို သိုင်းပညာ မတတ်၊ လက်နက်လည်းမရှိဆိုတော့ မြင်တာနဲ့ အရိုအသေပြုရတယ်။ တောင်းတာပေးရတယ်။ သိုင်းလောကသားတွေဟာ ကိုယ့်နယ်မှာ ကိုယ်ဘုရင်ပဲ။

ဒါကြောင့်လည်း သိုင်းလောကကြီးကို စိုးမိုးနိုင်ဖို့ အချင်းချင်း ပညာပြိုင်ကြတဲ့အခါ ဂိုဏ်းသားတွေက ညီညွတ်စွာ ခုခံကြတယ်။ ဂိုဏ်းချုပ်ကြီးက သေဆိုသေ ရှင်ဆိုရှင်။ ကိုယ်စိုးမိုးထားတဲ့နယ်ကို အစွမ်းကုန် ကာကွယ်ဖို့အတွက် တယောက်မတ်တတ်ရပ်ရင် အားလုံးရပ်ပြီးသားပဲ။

ဒီလို ဂိုဏ်းကြီးတစ်ဂိုဏ်း မြန်မာပြည်မှာ ရှိတာ ကြာလှပေါ့။ သူတို့က အစိမ်းရောင် ဝတ်ကြတယ်။



 

တို့ မြန်မာပြည်


မနေ့ကဆောင်း ဒီနေ့နွေ
အဲဒါ မြန်မာပြည် (ပြေ)။

နေရာတိုင်းမှာ ပထမ
နောက်က ပြန်ရေမှ။

နေ့တိုင်းကြားရ သတင်းတွေ
ကောင်းတာ နည်းလှပေ။

ဒါပေမဲ့လေ နေ့တိုင်းပဲ
စောင့်ကာ ဖတ်ရမြဲ။

မီးပျက် ရေမလာ သတင်းဟာ
အဟောင်းနွမ်းကြီးပါ။

ဒါပေမဲ့လေ မရိုးနိုင်သေး
ယနေ့တိုင် မှန်လို့လေး။

မျှော်ရတာလည်း မောလှတယ်
ဒီမို ကရေစီရယ်။

တပ်ချုပ်ကြီးက သဘောတူမှ
သမ္မတဖြစ်မှာဗျ။

တူလိုက်ပါတော့ တပ်ချုပ်ရယ်
ကြာလှပါပြီကွယ်။

တပ်နဲ့ပြည်သူ ကြည်ဖြူကြ
ဒေါ်စု သမ္မတ။

( မဖြစ်နိုင်မှန်းသိပါရက်နဲ့ သူ့ကိုပင်၊ သမ္မတကြီးအဖြစ်နဲ့ ကိုယ်က မြင်ချင်။ )
 
 
 

Thursday, February 18, 2016

တရုတ်ပြည်သူ့ သမ္မတမြန်မာနိုင်ငံ တဲ့။

အိမ်သာနက်ထဲက တွေ့တဲ့ ၂၀၁၅ရဲ့ ရှစ်တန်းပထဝီမေးခွန်း။

"တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ " တဲ့။

မေးခွန်းထုတ်တဲ့ဆရာက မှားရေးတာလား။ မစစ်မဆေးပဲ စာစီ စာရိုက်လုပ်လိုက်တာလား။ မှားသလိုနဲ့ တမင်ပဲ အမှန်ကို ဖေါ်ပြလိုက်တာလား တော့မသိ။

(ပုံပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်။)


 

Friday, February 12, 2016

အဘမွေးနေ့ 

အဘရေ။ ၁၀၁ တောင် ရှိပြီတဲ့လား။ အတော် အသက်ရှည်တဲ့အဘ။ ခုထိ နုပျိုနေဆဲ။

ဟက်ပီဘတ်ဒေး လုပ်ပေးနေကြတာလည်း တနိုင်ငံလုံး။

ခဏခဏ လုပ်ကြံခံရပြီး ဘယ်တော့မှ မသေတဲ့ အဘ။

လွတ်လပ်ရေးအတွက် စွန့်ပြီးမစားသွားရတဲ့အဘ။ အဘပေးတဲ့အမွေနဲ့ မစွန့်ပဲစားနေကြတဲ့ ဝမ်းမနာသားတွေကိုမြင်ရင် ငါနဲ့ကိုင်တုတ်လေမလား။

အဘရုပ်ပုံတွေဖြုတ်ချခံရ၊ နာမည်ပါဆင်ဆာဖြတ်ခံခဲ့ရတဲ့ ဆယ်စုနှစ်နှစ်စုအကြောင်းကို ပြန်ပြောပြရင် ဘာကိုမှ မမက်ခဲ့တဲ့ အဘမို့ အပြုံးမပျက် တုန့်ပြန်လေမလား။

တသက်လုံးမှ ဝတ်စုံသုံးစုံပဲ ရှိခဲ့တဲ့အဘ။ တက္ကသိုလ်ကျောင်းကို ခုံဖိနပ်စီးပြီး တက်ခဲ့တဲ့အဘ။ ရုပ်ရှင်ကို ငါးမူးတန်းကပဲ ကြည့်ခဲ့တဲ့အဘ။ အစိုးရက ပေးထားတဲ့ကားကိုတောင် ရုံးတက်ရုံးဆင်းပဲ စီးခဲ့တဲ့အဘ။ သက်တော်စောင့်မထားပဲ လွတ်လပ်စွာ နေခဲ့တဲ့အဘ။
မြန်မာပြည်သားတွေ ရင်ထဲမှာ ဘယ်တော့မှ မသေတဲ့ အဘဗိုလ်ချုပ်။

ထာဝရ ရှင်သန်နေမှပါ။


 

ပြည်ထောင်စုနေ့ 

ညီနောင်တစု တည်ထောင်မှုပြုခဲ့တဲ့ (၆၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

ပြည်ထောင်စုသားအားလုံး အေးချမ်းသာယာစွာဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဒုတိယပင်လုံညီလာခံကြီးကိုလည်း မကြာခင် အကောင်အထည်ဖေါ်နိုင်မည်ဟု ရိုးသားစွာ ယုံကြည် မျှော်လင့်ပါသည်။

ပြည်ထောင်စုနေ့မှာ မြန်မာပြည်သား မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။


 

အင်ယာ လစာ

ကျော်တို့ ရွှေပြည်ကြီးမှာ အင်/ယာတွေ ငြင်းခုံနေကြတာဖတ်ပြီး ကျော်ကိုယ်တိုင်လည်း အင်/ယာပေမို့ ဂူဂဲကြီးပေါ်တက်ပြီး ကိုယ့်လုပ်ငန်း စက်မှုအတွက် ရှာကြည့်တယ်။ စက်မှုအင်ယာက ပျမ်းမျှ တနှစ်ဝင်ငွေ ၈သောင်း၃ထောင်ပါတဲ့။ တလ ၇ထောင်လောက်ပေါ့။

သာမန်လိုင်းက သင်းဘောသီးစက်ချုပ်လစာနဲ့ နီးစပ်တယ်။ လိုင်းကောင်းရင် သောင်းကျော်ပေမို့ လိုင်းကောင်းက စက်ချုပ်နဲ့တော့ မယှဉ်နိုင်သေး။

စက်မှုနဲ့ မြို့ပြ ပေးတဲ့လစာ သိပ်မကွာ။ အတူတူနီးပါး။

အလုပ်ဖြစ်မဲ့မူဘောင် မချနိုင်သေးပဲ ဖမ်းမယ်ချည်းအော်နေရင် ဘရိန်းတွေဒရိန်းနေကြတာ ရပ်မယ်မထင်။



 

Monday, February 8, 2016

မျောက်နှစ်သစ်ကို ကြိုဆိုကြစို့ 

တရုတ်ရိုးရာအရ ဒီနှစ်သစ်ဟာ မျောက်နှစ်ဖြစ်ပါသတဲ့။

တရုတ်ရိုးရာအရ နှစ်တွေကို အကောင်တွေနဲ့ ခွဲခြားထားပြီး အကောင် ၁၂ ကောင်ရှိပါတယ်။ ဒါကြောင့် ကိုယ်မွေးနှစ်ရဲ့အကောင်နှစ်ကို ပြန်ရောက်တိုင်း အသက် ၁၂ နှစ်ကြီးသွားပြီလို့ ပြောလို့ရတယ်။

မနှစ်က ဆိတ်နှစ်ဟာ ဒီနေ့တနင်္ဂနွေမှာ ကုန်ဆုံးပြီး တနလာင်္နေ့မှာ မျောက်နှစ်သစ်ကို ရောက်မယ်။

တရုတ်ရိုးရာဗေဒင်ပညာဟာ ၂ရာစုလောက်ထဲက တည်ရှိနေခဲ့တာပါတဲ့။ အကောင်တွေနဲ့ ခွဲထားတာကတော့ မှတ်လို့လွယ်အောင် တည်ထွင်ခဲ့ပုံပါပဲ။

တရုတ်ရိုးရာဗေဒင်မှာ အဓိက ဂြိုလ်ငါးလုံးရှိတယ်။ အဲဒီကနေ ဓါတ်သဘောတွေ သက်ရောက်တယ်။ ရေ၊ မီး၊ သစ်သား၊ မြေ၊ သံ ဆိုတဲ့ဓါတ်တွေပါ။ အဲဒီဟာတွေအပြင် ယင်နဲ့ယန်ဆိုတဲ့ အားနှစ်မျိုးလည်းရှိသေးရဲ့။ အပျော့နဲ့အမာလို့ သာမန်ခေါ်လို့ရမယ်ထင်ရဲ့။ အဲဒီသဘောတရားအားတွေကို ညီမျှအောင် အသုံးချတတ်မှ အောင်မြင်မယ်လို့ ဆိုတယ်။ ဖန်းရွှေ ကို လေ့လာတဲ့သူတွေ ပိုသိပါလိမ့်မယ်။ ကျွန်တော်က သဘောလောက်ပဲ သိတဲ့သူပါ။

အဲဒီအကောင်တွေမှာလည်း တည့်တဲ့အကောင်နဲ့ မတည့်တဲ့အကောင်ရယ်လို့ ခွဲသေးတယ်။ မြန်မာတွေ နေ့နံတည့်မတည့်နဲ့ ခပ်ဆင်ဆင်။ ဇယားလေးကို ဗဟုသုတ ထည့်ပေးလိုက်တယ်။

Rat
(Best Match-Ox, Dragon, Monkey)
Match-Dog, Pig, Rat, Goat, Tiger, Snake (No Match. Horse, Rabbit, Rooster)

Ox
(Best Match-Rat, Rooster, Snake) Match- Pig, Tiger, Ox, Dragon,
Rabbit, Dog, Monkey (No Match. Goat, Horse)

Tiger
(Best Match-Pig, Horse, Dog) Match-Rooster, Goat,Tiger,
Rabbit, Ox, Dragon, Rat (No Match. Monkey, Snake)

Rabbit
(Best Match-Dog, Pig, Goat) Match- Monkey, Snake, Tiger, Ox,
Horse, Rabbit, Dragon (No Match. Rooster, Rat)

Dragon
(Best Match-Rooster, Monkey, Rat)
Match-Horse, Pig, Snake,
Rabbit, Tiger, Dragon, Ox (No Match. Dog, Goat )

Snake
(Best Match-Monkey, Rooster, Ox )
Match-Rabbit, Dog, Horse,
Dragon, Snake, Rat, Goat (No Match. Pig, Tiger)

Horse
(Best Match-Goat, Dog, Tiger) Match-Dragon, Rabbit,
Snake,Pig, Monkey, Horse,
Rooster (No Match. Rat, Ox)

Goat
(Best Match-Horse, Rabbit, Pig )
Match- Snake, Monkey, Goat,
Rooster, Rat, Tiger (No Match. Ox, Dragon, Dog)

Monkey
(Best Match-Snake, Dragon, Rat )
Match- Goat, Monkey, Ox,
Horse, Rooster, Dog,
Rabbit (No Match. Tiger, Pig)

Rooster
(Best Match-Dragon, Ox, Snake) Match- Tiger, Pig, Rooster,
Goat, Dog, Monkey,
Horse (No Match. Rabbit, Rat)

Dog
(Best Match-Rabbit, Horse, Tiger) Match-Rat, Snake, Dog,
Rooster, Monkey,
Ox, Pig (No Match. Dragon, Goat)

Pig
(Best Match- Tiger, Rabbit, Goat). Match-Ox,Rat, Pig, Horse,
Rooster, Dragon, Dog.
(No Match. Snake,Monkey)

ဒီဇယားအရ မျောက်နဲ့အကောင်းဆုံးအတွဲက မြွေ၊ နဂါး၊ ကြွက် တို့ဖြစ်ပါတယ်။ အကောင်းဆုံးမဟုတ်ပေမဲ့ တွဲလို့ရတဲ့ အကောင်တွေကတော့ ဆိတ်၊ မျောက်၊ နွား၊ မြင်း၊ ကြက်ဖ၊ ခွေး ယုန် တို့ ဖြစ်ပါသတဲ့။ တွဲလို့ မသင့်တော်တာကတော့ ကျားနဲ့ ဝက်လို့ ဆိုတယ်။ မြွေကို မျောက်နဲ့ မသင့်တော်ဘူးလို့ ယူဆတဲ့အဆိုတခုလည်း ရှိတယ်။

ဒီနှစ်မျောက်နှစ်မှာ ယန်အားကောင်းမယ်။ ပြောင်းလည်းနိုင်မှုကို ကိုယ်စားပြုတယ်။ အသိနဲ့ယှဉ်နဲ့ပြောင်းလည်းမှုကို လုပ်နိုင်ရင် အကျိုးရှိမယ်တဲ့။ မြန်မာပြည်နဲ့တော့ အံကိုက်ပဲ။

ချစ်သူတွေအတွက်ကတော့ တွဲလို့မသင့်တော်တာကို တွဲမိရင် ခဏခဏ တကျက်ကျက် ရန်ဖြစ်တတ်လို့ ရန်ဖြစ်ပြန်ချစ် ပေါ့လေ။ တွဲလို့ သင့်တော်တာ တွဲမိရင်တော့ အစစ အဆင်ပြေမယ်လို့ ယုံကြတယ်။

ဗဟုသုတအနေနဲ့ တင်ပြတာပါ။ စိတ်ဝင်စားရင် ဇယားဖတ်ကြည့်ပြီး ကိုယ်နဲ့သင့်တော်သူကို ရှာနိုင်ပါတယ်။

ကျွန်တော်ကတော့ အရာရာကို အကောင်းမြင်တတ်သူမို့ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့ တရုတ်ရိုးရာ မင်္ဂလာနှစ်သစ်မှာ သူငယ်ချင်း မိတ်ဆွေအပေါင်း အစစအဆင်ပြေပြီး စီးပွားတိုးတက် ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

၅၉စ ကို ဆိုင်းငံ့ရေး

၅၉စ ကို ခေတ္တဆိုင်းငံ့ရေးကိစ္စကို တပ်က ထောက်ခံလိုက်ရင် တပ်အပေါ်မှာ ပြည်သူတွေရဲ့အမြင် ကြည်လင်လာမယ်။

တပ်နဲ့ပြည်သူ သွေးကွဲနေတာ ကြာခဲ့ပြီ။ ဒီအခွင့်အရေးကိုအမိအရ အသုံးချသင့်တယ်။

ဒေါ်စုကို သမ္မတဖြစ်စေချင်တဲ့ ပြည်သူရဲ့အလိုကို ဖြည့်ပေးလိုက်ရုံနဲ့ ပြည်သူ့တပ်မတော် ပြန်ဖြစ်မယ်။

ဒေါ်စုကိုသမ္မတလုပ်ခွင့်ပေးလိုက်ပေမဲ့ အရေးကြီးတဲ့ ကာကွယ်ရေး ပြည်ထဲရေး နယ်လုံစတဲ့ လက်နက်ကိုင်အဖွဲ့တွေက တပ်ချုပ်လက်ထဲမှာပဲမို့ ဘာမှ ပူစရာမလို။

သမ္မတလုပ်ခွင့်မရခဲ့ရင် ရုပ်ပြသမ္မတကို ဘယ်နိုင်ငံကမှ အရေးထားမှာမဟုတ်လို့ နိုင်ငံရဲ့သိက္ခာပါ ကျဆင်းစေလိမ့်မယ်။ ဒေါ်စုရဲ့ နိုင်ငံရေးသိက္ခာဟာ ပြည်တွင်းထက် ပြည်ပမှာ အလွန်သြဇာကြီးလှပါတယ်။ သူ့ကို သမ္မတ ဖြစ်ခွင့်ပေးမှသာ နိုင်ငံတကာရဲ့အလယ်မှာ မြန်မာဟာ မျက်နှာပမ်းလှပါလိမ့်မယ်။ သူ့မျက်နှာနဲ့မှ အဆင်းရဲဆုံးနိုင်ငံအဆင့်က ရုန်းထွက်နိုင်ရေးအတွက် အကူအညီတွေ အများကြီး ဝင်လာမှာ။

နာဂစ်ခြေဥကြီးထဲမှာ ၅၉စကို ဒေါ်စုသမ္မတမဖြစ်ရေးအတွက် ထည့်ခဲ့တာ ကလေးရောခွေးပါသိတဲ့ ကိစ္စပါ။

ပြည်သူတွေမကြိုက်တဲ့ အဲဒီခြေဥကြီးကို တပ်က အသက်နဲ့လဲပြီး ကာကွယ်နေမယ်ဆိုရင်တော့ တပ်ရဲ့ပုံရိပ်ဟာ အဘတွေဆိုးပေးခဲ့တဲ့ မဲညစ်ညစ်အရောင်ထဲက ရုန်းထွက်ဖို့ ခက်ပါလိမ့်မယ်။

တပ်နဲ့ပြည်သူ ကြည်ဖြူဖို့အရေး ၅၉စ ကို ဆိုင်းငံ့ဖို့မှတပါး အခြားမရှိပါ ခင်ဗျား။



 

သမ္မတဒေါ်စု ဖြစ်မှာလား

မနေ့က CCTV America မှာ မြန်မာပြည်ရဲ့ လွှတ်တော်သစ်နဲ့ နိုင်ငံရေးတိုးတက်မှုတွေအကြောင်း talk show လေးကြည့်ရတယ်။ တရုတ်နိုင်ငံရေးပရော်ဖက်ဆာနှစ်ဦးရယ်။ ကုလားနိုင်ငံရေးပရော်ဖက်ဆာတဦးရယ်ပါတယ်။ တင်ဆက်သူက မေးတယ်။ သူတို့က ဖြေတယ်။

အားလုံးသိကြတဲ့အတိုင်း CCTV က တရုတ်အစိုးရရဲ့ အာဘော်လို့ ပြောလို့ရတာမို့ စောင့်ကြည့်ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့အပေါ် တရုတ်ရဲ့သဘောထားက ရှင်းပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုကို မျှော်လင့်တယ်။ တရုတ်ကုမ္ပဏီတွေနဲ့အရင်အစိုးရတို့ စာချုပ်ထားတဲ့ လုပ်ငန်းတွေကို ပြန်လုပ်ချင်တယ်။ ဒေါ်စုနဲ့လည်း ပြေလည်ချင်တယ် ဒါပါပဲ။

မြစ်ဆုံပရောဂျက်ကို အပြီးရပ်ဆိုင်းမယ်လို့ မမျှော်လင့်ထားဘူး။ ဒေသခံတွေရဲ့ဘဝတွေ တိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းမှုကို ပိုဆောင်ရွက်မယ်လို့ဆိုတယ်။

ကချင်၊ ကိုးကန့်၊ ဝ စတဲ့ လူနည်းစု တိုင်းရင်းသားအရေးမှာ တရုတ်အနေနဲ့ အဓိကနေရာက ကစားမှာမဟုတ်ဘူးတဲ့။ တရုတ်၊ ကုလား၊ မြန်မာ နိုင်ငံတွေရဲ့တည်ငြိမ်ရေးနဲ့ အချုပ်အချာအာဏာ တည်မြဲရေးအတွက် ပူးပေါင်းကြရမယ်လို့ဆိုတယ်။ ပြည်နယ်ခွဲထွက်ရေးကို လုံးဝ မထောက်ခံပါဘူးတဲ့။

မြန်မာပြည်ဟာ အမေရိကန်နောက်ကို အပြီးပါသွားမယ်လို့ မယုံကြည်ဘူး။ ဒေါ်စုက တရုတ်နဲ့အမေရိကန်ကြားမှာ ဘက်မလိုက်ပဲ နေသွားမယ်လို့ ယုံကြည်တယ်လို့ ပြောတယ်။

ဒေါ်စုကို တောင်အာဖရိကခေါင်းဆောင် နယ်ဆင် မန်ဒရဲလားနဲ့ နိုင်းယှဉ်ပြီးလည်း ပြောသွားတယ်။ နှစ်ငါးဆယ်ကျော် တပ်ရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုတွေကြောင့် မြန်မာဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတာလို့လည်း ပြောသွားတယ်။

ဒေါ်စုကို မြန်မာပြည်သူအများစုက ထောက်ခံတာကို သူတို့လက်ခံတယ်။ ၅၉စ လို ဥပဒေနဲ့ ဒေါ်စု သမ္မတမဖြစ်အောင် တားဆီးထားတာဟာ မဖြစ်သင့်ဘူး။ ပြည်သူအများစုရဲ့ဆန္ဒကို တပ်က မျက်ကွယ်မပြုသင့်ဘူး။ ဒေါ်စု သမ္မတဖြစ်ရေးအတွက် တပ်က လိုလိုလားလား ကူညီသင့်တယ်။ ဒါဟာ ပကဓိအခြေအနေမှန်ပဲ။ ဆင်းရဲတွင်းက ရုန်းထွက်ရေးအတွက် သူမကို အသုံးချသင့်ပါတယ်တဲ့။

တရုတ်ကတော့ သမ္မတဒေါ်စုကို မီးစိမ်းပြလိုက်ပြီလို့ ထင်ပါကြောင်း။


 

ဟုတ်ကဲ့

ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။

မောင်လူပေတို့တတွေက ဒီစကားလုံးနဲ့ ကြီးလာခဲ့ကြသူတွေ။ လူကြီးသူမတို့ ဆရာသမားတို့ကို ရိုသေသမှုနဲ့ ဘာပြောပြော ဟုတ်ကဲ့ခဲ့ကြတာပါပဲ။

လုပ်ငန်းခွင်ထဲရောက်တော့ ပိုဆိုးသေးရဲ့။ အထက်ကအမိန့်ဆိုတဲ့ အာဏာအောက်မှာ ဟုတ်ဟုတ်မဟုတ်ဟုတ် ဟုတ်ကဲ့တာ အကောင်းဆုံးဆိုပြီး ခေါက်ရိုးကျိုးသွားရော။

ဒီလိုနဲ့ ဟုတ်ကဲ့ ယဉ်ကျေးမှုအောက်မှာ စီးမြောခဲ့ကြရင်း မဟုတ်ဘူးဆိုတာတောင် မပြောတတ်ကြတော့ဘူး။ အထက်အရာရှိဆိုတဲ့ မိုးကျရွှေကိုယ်တွေ ပြောသမျှကို ပညာရှင်ဆိုတဲ့သူတွေက မှတ်စုစာအုပ်လေးတွေ ရှေ့ချပြီး ပြောသမျှ လိုက်မှတ်။ အဟမ်းအဟမ်းတို့ ဟွတ်ဟွတ်တို့ ပါမချန်တော့။

ပညာရှင်တွေက လိုအပ်သည်များကို တင်ပြရမဲ့အစား လူကြီးဆိုသူတွေက လိုအပ်သည်များ မှာကြားနေတာကို ပညာရှင်ဆိုသူတွေက ခေါင်းလေးညိမ့်ပြီး ဟုတ်ကဲ့ခဲ့ကြလို့ တိုင်းပြည်ရဲ့ အခြေအနေတွေ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောဖို့မလို။

အခုတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ကြီးစိုးတဲ့ လွှတ်တော်တွေ ပေါ်လာခဲ့ပြီ။ မကြာခင် အစိုးရအဖွဲ့ဝင်စာရင်းတွေ သိရတော့မယ်။ အစိုးရအသစ်တရပ် ဖြစ်လာတော့မယ်။

အဲဒီအစိုးရသစ်ရဲ့ လက်ထက်မှာတော့ ဟုတ်ဘူးလို့ ပြောရဲသူတွေ ပေါ်လာကောင်းပါရဲ့။

ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကြည့်ပြီး ဖြစ်ပေါ်လာတဲ့အတွေးလေးတွေကို ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ မျှဝေတဲ့သဘောပါ။

ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( စကားမစပ် ကိုယ်ရည်သွေးလိုက်ဦးမယ်။

မောင်လူပေကတော့ သင်ပုန်းကြီးတောင် မကြေခဲ့သူမို့ ခပ်ညံ့ညံ့။

သူငယ်တန်းသင်ပုန်းကြီးထဲက ဝ နှစ်လုံးပူးကို ဝပူးလို့မခေါ်ပဲ ဘာလို့ ထဆင်ထူးလို့ ခေါ်တာလဲ။

ကကြီးပြီးရင် ဘာလို့ ကလေးမလာတာလဲ။

ကကို ပက်လက်လှန်ထားတဲ့ ကပက်လက်ကို ယပက်လက်လို့ ခေါ်တာ မှားတယ်။

ဂငယ် ဃကြီး၊ နငယ် ဏကြီး ခေါ်ပြီး လငယ် ဠကြီး ခေါ်သင့်ပေမဲ့ လလို့ပဲခေါ်တာ မှားနေတယ်။

ဂငယ်ပက်လက်ကို ဂငယ်ပက်လက်မခေါ်ပဲ ပစောက်ခေါ်တာလည်း မှားတယ်။

ဂငယ်နှစ်လုံးပူးကို ဂပူးခေါ်သင့်တာမို့ ကကြီးမခေါ်သင့်ပါ။

စသည်ဖြင့် ဆရာမကို ကွန်ပလိမ်းတွေ တက်ခဲ့တာမို့ ခဏခဏ ခေါင်းခေါက်ခံရတဲ့သူ။

မဟာပညာရှိလေး နင်သာ ပညာရေးဌာနရောက်ရင် မြန်မာစာတွေ ပျက်ရချည်ရဲ့လို့ ချီးမြှင့်မြောက်စားခံရသူ။ )


 

Sunday, January 31, 2016

သမ္မတကြီးကို ချစ်ပါတယ် (၃)

သမ္မတကြီးကို ချစ်ပါတယ် (၃)

ဘူတွေဘယ်လိုဝုန်းဝုန်း များတို့ကတော့ ပြောင်ပြောင်ပဲ။

ခုဆို သူက သွားတော့မှာ။ လက်ကလေးပြလို့ လွမ်းစရာ။ မိဘပြည်သူများခင်ဗျာဆိုတဲ့ လေပြေထိုးလေးနဲ့ ဝေးပြီပေါ့။ ထားခဲ့ပြီလား သမ္မတကြီးရဲ့ ဟီး ရွှတ်ရွှတ် ဖတ်။

ဘာပြောပြော သူတတ်သလောက် မှတ်သလောက် နိုင်ငံအတွက်အများကြီး ဝုန်းပေးသွား ဟုတ်ပေါင်ယောင်လို့ လုပ်ပေးသွားရှာတာပါ။ ဆင်းကပ်ထောင့်ငါးရာဆိုတာ သူ့စေတနာ။ ၁၅သိန်းဆင်းကပ်တို့ သိန်း ၂၀ ဆင်းကပ်တို့ မိသွားတဲ့ ပြည်သူအပေါင်းကိုတော့ အားနာပါရဲ့။ အဲဒါ ဟိုအဘချုပ်ကြီးရဲ့ဂွင်ရိုက်ချက်။
( ဘာ သမ္မတကြီးက အဲဒီအဘကြီးနဲ့ တဖွဲ့ထဲက ဟုတ်လား။ ယူနီဖောင်းချွတ်ပြီး ခေါင်းပေါင်းပေါင်းပြနေမှတော့ တဖွဲ့ထည်း ဟုတ်တော့ဘူးလေ။ သငယ်လေးတွေတော့ နာတော့မှာပဲ။ ထစ်ကနဲရှိ သမ္မတကြီးအပြစ်။ သူ့ကြောင့် နင်တို့ဖုန်းပွတ်ရတာ မှတ်ထား။
ဘာ သူများနိုင်ငံတွေမှာ အလကားပေးတာ ကြာလှပြီ ဟုတ်စ။ အာ့ဆိုလည်း အဲဒီမှာသွားနေပါလား။ ဒါ မြန်မာပြည်။ ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေတဲ့။ သူတို့ပိုင်တဲ့မြေ။ ဘာလုပ်လုပ် လုပ်ခွင့်ရှိတယ်။ )

ဟိုကျော်ဒီခွနဲ့ သွားနေရတဲ့ အိမ်သာနက် ဟုတ်ပေါင်ယောင်လို့ အင်တာနက်ကို ဆင်ဆာဖွင့်ပေးတာလည်း သမ္မတကြီးရဲ့စေတနာ။ စတုတ္ထမဏ္ဍိုင် မြဲခိုင်ဖို့ စေတနာ။ ခုတော့ ဆဲချင်တိုင်းဆဲ ဖွချင်တိုင်းဖွနဲ့ ထားခဲ့ပြီလား အဘရဲ့ ဟီးဟီးရွှတ်။
( ဘာ သူတို့ဝါဒဖြန့်ဖို့။ ဟုတ်စ။ မြန်မာအိတ်စပရက်တို့ ဒေါက်တိုဆိတ်ဖွားတို့က သူနဲ့မဆိုင်။ ရုရှပြန်တွေ ဖွနေတာပါ။ ဒို့ရဲ့သမ္မတကြီးက သူပြောချင်တာလေးတွေကို မှူးဇော်တို့ အူးထ္ဂွဋ်တို့နဲ့ ပြောခိုင်းတာလေးပဲ ရှိတာ။ ခုတော့ ဖာရေးထေးခွင့် ဖုံးရေးကွယ်ခွင့် ရှိသူတွေကိုပါ ထားခဲ့ပြီလား သမ္မတကြီးရဲ့။ ဟီးဟီး ရွှတ်။ )

ဘာလုပ်လုပ် အကောင်းပြောမခံရရှာတဲ့သမ္မတကြီးပါ။ ကားဈေးချပေးတော့လည်း ပါမစ်ကိုင်လုပ်စားနေတဲ့ သူ့အဖွဲ့သားတွေရဲ့အမုန်းခံရ။ လမ်းပေါ်မှာ ကားတွေကြပ်တော့ ပြည်သူတွေရဲ့ ပြစ်တင်မှုခံရ။ သနားစရာ သမ္မတကြီး။
( ဘာ ကားတင်သွင်းမှု ဥပဒေက အမျိုးမျိုး ဟုတ်စ။ ဥပဒေဆိုတာ နှစ်မျိုးပဲရှိတယ်။ ခုတမျိုးရယ် တော်ကြာတမျိုးရယ်။ ဒါပဲမှတ်ထား။ များတို့က အာရာဖတ်လေး ဝယ်စီးမလား စဉ်းစားနေတာ။ ပါ့ကင် မြေကွက်မဝယ်ရသေးလို့ ငှင်းငှင်း။ )

လယ်တောက စံအိမ်တော်ကြီးကိုလည်း ခွင့်ပြုရင် သွားလည်ချင်တယ်။ သမ္မတကြီးရဲ့ မွင်းခါးဆိုင်လည်း အဲ့မှာပဲ ဖွင့်လိုက် ပြီးရော။ အခြားမှာဖွင့်လည်း အစောင့်အရှောက်တွေထားရမဲ့အတူ လယ်တောစံအိမ်တော်က သမ္မတကြီးရဲ့မွင်းခါးဆိုင် ဆိုပြီး လုပ်ချလိုက်ရင်ကမ္ဘာကျော်နိုင်တယ်။ ဘယ်အငြိမ်းစားသမ္မတမှ စံအိမ်တော်မှာ မွင်းခါးမရောင်းဘူးသေးဘူး။

မွင်းခါးဆိုင်ဘေးမှာ နွားနို့ဆိုင်ပါတွဲလိုက်။ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ အရက်ဖြတ်ပြီး နို့သောက်မဲ့သူတွေအတွက်ပေါ့။ သမ္မတလူကြမ်းအဖွဲ့က ပါးရိုက်မယ်ဆိုတဲ့သူတို့ နှစ်ထောင်နဲ့လောက်တယ်ဆိုတဲ့သူတို့ စတဲ့ သူတွေကိုတော့ ဆိုင်မလာစေနဲ့။ မွင်းခါးလာစားမဲ့ မိဘပြည်သူတွေ ကြောက်ပြီး ထွက်ပြေးကုန်မှာ စိုးရိမ်လို့။

ဂွတ်ဘိုင်ပါ သမ္မတကြီး။




စာကြည့်တိုက်


အလိမ္မာ စာမှာရှိတဲ့။ စာကရော ဘယ်မှာရှိလည်းမေးရင် စာအုပ်ဆိုင်မှာ ရှိပါတယ်လို့ ဖြေရမှာပဲ။

ငယ်ငယ်က နေခဲ့တဲ့ ခရိုင်မြို့မှာ ပြန်ကြားရေးစာကြည့်တိုက်ဆိုတာ တခုရှိဖူးတယ်။ ပြန်ကြားရေးက ထုတ်ဝေတဲ့ ဝါဒဖြန့်စာစောင်တွေနဲ့ အစိုးရသတင်းစာပဲရှိတယ်။ ကက်သလော့ ( Catalog) ထဲက စာအုပ်လေးနည်းနည်းပါးပါးကလည်း ပျောက်တာနဲ့ စုတ်ပြဲပျက်စီးနဲ့မို့ မေးလိုက်တိုင်း မရှိတာချည်းပဲ။ စာအုပ်သစ်ကတော့ ဝေလာဝေး။ စာပေဗိမာန်က ထုတ်တဲ့ စာအုပ်လေးတွေတောင် စုံအောင်မရှိ။ မြို့ရဲ့တခုထဲရှိတဲ့ စာကြည့်တိုက်က ထိုင်ခုံတောင် လေးငါးလုံးပဲ ရှိတဲ့ အဆောက်အဦလေးပါ။ နောက်ပိုင်းကာလမှာတော့ အပြီးတိုင် ပိတ်သိမ်းသွားခဲ့တယ်။

အထက်တန်းကျောင်းစာကြည့်တိုက်မှာတော့ စာအုပ်နည်းနည်းစုံတယ်။ အမြဲလိုပိတ်ထားတတ်တဲ့စာကြည့်တိုက်လေးပေါ့။ တပတ်တရက် ဖွင့်ချိန်တိုလေးမှာ စာအုပ်သွားငှားတဲ့ ကျောင်းသားကလည်း တစ်ရာမှာ တယောက်လောက်ပဲ ရှိမယ် ထင်ရဲ့။

စက်မှုကျောင်းကြီး ရောက်ပြန်တော့လည်း ထိုနည်းလည်းကောင်း။ သင်ထောက်ကူ စာအုပ်ဆိုတာ စာကြည့်တိုက်မှာ ရွှေလိုရှာရတာမို့ လမ်းဘေးမိတ္တူဆိုင်က မိတ္တူကူးပြီးရောင်းတဲ့ ကော်ပီစာအုပ်မှုန်ဝါးဝါးလေးတွေကို မီးမှိန်မှိန်အောက်မှာ ဖတ်ရင်း ဖြတ်သန်းခဲ့ရတာပါပဲ။

မောင်လူပေ့ငယ်သူငယ်ချင်းက မျက်စိအားနည်းရှာတာမို့ သူ့ကို မူရင်းစာအုပ် လာရောင်းတဲ့သူကို ဘုရားကပို့ပေးလိုက်တယ်တောင် ထင်ရှာသတဲ့။ မူရင်းစာအုပ်ဆိုတာ ဈေးကြီးတဲ့အပြင် လိုချင်ရင်တောင် ဘယ်သွားရှာရမှန်းမသိ ဖြစ်ခဲ့ရတဲ့ မှောင်ခိုခေတ်မှာ လူဖြစ်ခဲ့ရတဲ့သူတွေဆိုရင် ပိုနားလည်နိုင်မယ် ထင်ပါတယ်။

၈၈ အရေးတော်ပုံကြီးပြီးလို့ ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက်လုပ်အပြီး တပြည်လုံးမှာ တက္ကသိုလ်တွေမှိုလိုပေါက်အောင်ဖွင့်ခဲ့ပေမဲ့ သင်ထောက်ကူစာအုပ်မရှိတဲ့ ကျောင်းစာကြည့်တိုက်တွေဟာ ဘီဒိုဟောင်းလောင်းပါပဲ။

အနောက်နိုင်ငံတက္ကသိုလ်ကြီးတခုက သင်ထောက်စာအုပ်တွေကို လှူဖို့ ကမ်းလှမ်းတော့ စာအုပ်တွေထားဖို့ စာအုပ်ဘီဒို လုံလောက်အောင်မရှိလို့ လှူသမျှ လက်မခံခဲ့တဲ့အဖြစ်၊ လှူထားတဲ့ စာအုပ်တွေကို အမျိုးအစားခွဲ ၊ ကတ်သလော့( Catalog) သွင်းနဲ့ စနစ်တကျ စာကြည့်တိုက်ပညာ တတ်တဲ့သူမရှိလို့ စာအုပ်တွေကို စက္ကူပုန်းထဲက မထုတ်ရပဲ ဖုန်တက်ခံရတဲ့အဖြစ်တွေကို ဒီကိုလာလည်တဲ့ ဆရာတဦးက ပြောပြတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဖြစ်ရသေးတယ်။

အခုတော့ တနိုင်တပိုင် ကြိုးစားကြရင်းနဲ့ တပြည်လုံးမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ ဖွင့်နေကြတာ မြင်နေကြားနေရလို့ ဝမ်းသာမိပါရဲ့။ ဒီကနေ စာအုပ်တွေ လှူချင်ပေမဲ့လည်း ဆင်ဖိုးထက် ချွန်းဖိုးကကြီး ဆိုသလို တပေပတ်လည် ဒေါ်လာလေးဆယ်ဆိုတဲ့ ပို့ခက ထောင်းနေတာမို့ တခါတရံမှပဲ ပို့ဖြစ်ပါတယ်။

စာပေကို တန်ဖိုးထားတဲ့ အစိုးရတရပ် ဖြစ်လာရင်တော့ တပြည်လုံးမှာ အစိုးရ စာကြည့်တိုက်လေးတွေ ပြန်ပေါ်လာမှာပါ။ မကြာတော့ဘူးလို့ မျှော်လင့်နေပါတယ် ခင်ဗျား။

ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောငိလူပေ
 
 

Thursday, January 7, 2016

live together

အစဉ်အမြဲ ရာသီဥတုကြီးက သာသာယာယာဆိုရင် ကန္တာရတွေ ဖြစ်ကုန်မှာပေါ့။

ဒါကြောင့်တခါတခါ မိုးသက်မုန်တိုင်းလေးလည်းလိုအပ်တယ်။ လေပြင်းလေးလည်း လိုအပ်တယ်။

နေမထွက်ရင် အသက်မရှင်နိုင်သလို နေမဝင်ရင်လည်း အသက်ရှင်နိုင်ဘွယ်မရှိ။

ဒါကြောင့် လောကကြီးက ဆန့်ကျင်ဘက်တွေနဲ့ ပေါင်းစည်းပြီး လှနေတာနေမှာ။

ဆန့်ကျင်ဘက်တွေ ဟာမိုနီဖြစ်နေဖို့သာအဓိကပါပဲလေ။

( learning to live together အကြောင်းစဉ်းစားရင်း မတူတာတွေ ယှဉ်တွဲမှုကို တွေးမိလို့ပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပညာရေးစနစ်သစ်မှာ အခြေခံပညာရေးကစပြီး ဒီအချက်ကို ထည့်သွင်းသင်ကြားပေးရင် အခုဖြစ်နေတဲ့ လူမျိုးရေးမုန်းတီးမှုတွေ တဖြည်းဖြည်း နည်းလာမယ်လို့ ထင်မိပါကြောင်း။ )

တရုတ်ရှယ်ယာတွေအကြောင်း

၂၀၁၆ နှစ်ဆန်းဟာ တရုတ်စတော့ဈေးကွက်အတွက် အခက်အခဲတွေနဲ့ စတဲ့နှစ်သစ်ပါ။

ခြောက်ရက်ဆက်တိုက်ကျနေတဲ့ရှန်ဟိုင်းစတော့အညွှန်းကိန်းဟာ ကြာသာပတေးနေ့မှာတော့ ဈေးကွက်ဖွင့်ပြီး နာရီဝက်မတိုင်မီ ၇% အထိ ဒုတိယအကြိမ်မြောက် ထိုးကျသွားလို့ ဈေးကွက်ပိတ်လိုက်ရပါတယ်။ ရှန်ဟိုင်းစတော့ဈေးကွက်ရဲ့သမိုင်းမှာ အတိုဆုံးဈေးဖွင့်ချိန်အဖြစ် မှတ်တမ်းတင်သွားပြီ။

လျှပ်စစ်တွေ ခံနိုင်ဝန်ထက်ပိုသုံးရင် ဓါတ်အားကိုဖြတ်တောက်ပေးတဲ့ breaker လိုမျိုး စတော့ဈေးကွက်မှာရှိတယ်။ လက်ရှိအညွှန်းကိန်းရဲ့ ၅% ကျဆင်းခဲ့ရင် ရောင်းဝယ်မှု အလိုအလျှောက် ရပ်သွားတယ်။ ခဏနားပြီး ဈေးကွက်ပြန်ဖွင့်ပေးတယ်။ ၂% ထပ်ကျဆင်းရင် အဲဒီနေ့အတွက် ဈေးကွက်ကို ရပ်ဆိုင်းလိုက်တယ်။ တရက်ကို ၇% အထိပဲ အကျခံတဲ့သဘောပါပဲ။

ပြီးခဲ့တဲ့ နှစ်ရက်က ပထမအကြိမ် ၇% ကျဆင်းလို့ ဈေးပိတ်လိုက်ရချိန်က နောက်နေ့တွေမှာ ပြန်တက်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ပိုဆိုးလာတဲ့အခြေအနေတွေနဲ့သာ ကြုံတွေ့ခဲ့တယ်။

ကမ္ဘာ့စီးပွားရေးကြီးက မီးရထားကြီးတစင်းလို ဆက်သွယ်နေတာမို့ ဥရောပ၊ အာရှ၊ အမေရိကား စတော့ဈေးကွက်တွေလည်း အကျတွေနဲ့သာ ရင်ဆိုင်ခဲ့ကြရတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှု၊ ပြည်ပက ဝယ်လိုအား ကျဆင်းနေမှု၊ ထုတ်ကုန်တွေ ဈေးကွက်ထဲမှာ အလျှံပယ် ရောက်ရှိနေမှု၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကြောင့် ဝယ်လက်တွေ အရှိန်တန့်ကုန်မှု စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်ရတယ်လို့ ဆိုတယ်။

တရုတ်အစိုးရကလည်း သူ့ရဲ့ယွမ်ငွေဈေးကို ထပ်ချလိုက်တယ်။ ငွေဈေးချတော့ တရုတ်ကုန်ပစ္စည်းတွေ ပိုဈေးပေါလာပြီး ပိုရောင်းရမယ်လို့ မျှော်လင့်တယ်။ တရုတ်ယွမ်နဲ့အတူ စကာင်္ပူ၊ တောင်ကိုးရီးယား ၊ မလေးရှား စတဲ့ အာရှက အမာခံငွေတွေလည်း ဈေးကျသွားတယ်။

အဲဒီထဲက ထူးထူးခြားခြား ဈေးပြန်တက်လာတဲ့ငွေက ဂျပန်ယန်းပါ။ တရုတ်ငွေ ကိုင်ထားသူတွေက ပြန်ရောင်းထုတ်ပြီး ပိုသေချာမဲ့ဂျပန်ယန်းငွေကို ပြောင်းကိုင်ကြလို့ ဖြစ်မယ်လို့ဆိုကြတယ်။

ဒီနှစ်ဆန်းမှာ အကျနဲ့ပဲ ရင်ဆိုင်နေရတဲ့ နောက်ဈေးကွက်ကတော့ ရေနံဈေးကွက်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ရေနံစိမ်း တပီပါကို ၄၅ ဒေါ်လာလောက် ဈေးပေါက်ခဲ့ပေမဲ့ အခုတော့ ၃၃ ဒေါ်လာထိ ကျဆင်းသွားပါတယ်။ အရှေ့အလယ်ပိုင်းက အာရတ်ဆွတ်နီ မွတ်စလင်တွေ အများစုနေထိုင်တဲ့ ဆော်ဒီနဲ့ ဖာရစီရှီယား မွတ်စလင်တွေအများစုနေထိုင်တဲ့ အီရန်တို့ အပြိုင်အဆိုင် ရေနံတွေ ထုတ်နေကြတာမို့ တက်ရိပ်မမြင်ပါလို့ ဆိုတယ်။ ဆွတ်နီနဲ့ရှီယားတို့ရဲ့ ရန်ကြွေးပြသနာက ဆော်ဒီမှာ ရှီယားခေါင်းဆောင်တဦး သေဒါဏ်ပေးခံလိုက်ရတော့ အထွဋ်အထိပ် ရောက်သွားပါတယ်။ ဆော်ဒီသံရုံး အီရန်မှာမီးရှို့ခံရတော့ ဆော်ဒီက အီရန်နဲ့ သံတမန်အဆက်အသွယ်ဖြတ်။ ဆော်ဒီရဲ့ အပေါင်းအပါ ဆွတ်နီအာရပ်နိုင်ငံအများစုက အီရန်နဲ့ သံတမန်ရေးတွေ လျှော့ချနဲ့ ဖြစ်ကုန်တယ်။ ရီမင်နဲ့ဆီးရီးယားအရေးတွေ ဖြေရှင်းဖို့ ပိုဝေးသွားတယ်။ အဲဒီ ပြသနာတွေကလည်း စတော့ဈေးကွက်ကို ရိုက်ခတ်တယ်လို့ ဆိုတယ်။

မြောက်ကိုးရီးယားရဲ့ ဟိုက်ဒြိုဂျင်ဗုန်း စမ်းသပ်မှုကလည်း အကြောင်းတခုအနေနဲ့ ပါဝင်ပါသတဲ့။ အမေရိကန်ကတော့ ဖြစ်နိုင်ပါ့မလားလို့ စီစစ်ဆဲပါတဲ့။ ကုလရဲ့ လုံခြုံရေးကောင်စီကတော့ တညီတညွတ်ထည်း ရှုံ့ချပြီး အရေးယူ ဒါဏ်ခပ်မှုတွေ ထပ်လုပ်မယ်လို့ဆိုတယ်။ တရုတ်ရဲ့ထောက်ပံ့မှုအပြည့်ရထားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင်လေး ကင်ဂျုံအွန်ကတော့ မှုမယ်မထင်။

တရုတ်ရဲ့စီးပွားရေးက အကြီးကြီးမို့ ဒီစတော့ဈေးကွက် ကိစ္စဟာ သိပ်ပြီးထိခိုက်ဖို့မရှိဘူး။ မကြာခင်တည်ငြိမ်သွားမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ