Tuesday, July 31, 2018

အမှတ်တရ ဦးတင်ထွဋ်

အမှတ်တရ ဦးတင်ထွဋ်

အာဇာနည်ဗိမ္မာန်ကို အာဇာနည်ကုန်းလို့လည်း ခေါ်ပါတယ်။ အရင်က ဇရပ်ပုံစံ အမိုးအကာနဲ့ အဆောက်အဦကြီးဖြစ်ပြီး အထဲမှာ ဗိုလ်ချုပ်ဂူကို အလည်မှာထားတဲ့ အုတ်ဂူကိုးလုံး အစီအရီ ရှိတယ်။

ဒီအာဇာနည်ဗိမာန်အနီးမှာ အခြားအုတ်ဂူနှစ်လုံးရှိခဲ့တယ်။ သူတို့နှစ်ဦးကတော့ လွတ်လပ်ရေးရပြီးမကြာမီမှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသူ နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ကုန်းမှာ အာဇာနည်တွေနဲ့အတူ ဂုဏ်ပြုမြှုတ်နှံခဲ့ကြရတဲ့ ဗိုလ်စိန်မှန်နဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်တို့ဖြစ်ပါတယ်။

ဗိုလ်မှူးစိန်မှန်က လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တယ်။ ပြည်တွင်းသောင်းကြမ်းမှုတွေ နှိမ်နှင်းနေစဉ် လေယာဉ်မှာ ဗုန်းထောင်ခံခဲ့ရတယ်။ ဦးတင်ထွဋ်ကလည်း ရန်ကုန်မြို့ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)မှာ သူစီးတဲ့ကား ဗုန်းပေါက်ကွဲပြီး အသက်ဆုံးခဲ့ရတယ်။ သူတို့နှစ်ဦးလုံးဟာ ဗိုလ်ချုပ်အလွန်အားကိုးရတဲ့ ရဲဘော်ရဲဘက်တွေချည်းပါပဲ။ သူတို့တွေ လုပ်ကြံခံခဲ့ရပေမဲ့ ယနေ့ချိန်အထိ လက်သည်မပေါ်ခဲ့သေးပါ။

ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး အိုင်စီအက်စ်လည်းဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်အကြောင်းက လူမသိ၊ သူမသိနဲ့ ပျောက်ကွယ်နေတာကြာပါပြီ။ သူ့အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေလည်း မဖတ်ခဲ့ဖူးပါ။

အာဇာနည်နေ့အမှတ်တရအနေနဲ့ မောင်လူပေတို့ရဲ့နောင်တော်ကြီးတစ်ဦးဖြစ်တဲ့ ဆရာဦးလှမင်းက ဦးတင်ထွဋ်အတွက်မှတ်စုကြမ်း
 trivia တပုဒ်ရေးပါတယ်။ သူရေးတဲ့အထဲက ဦးတင်ထွဋ်အကြောင်းလေးကို ဘာသာပြန်ပြီးတင်ဆက်လိုက်ပါတယ်။

" ၁၉၄၇ခုနှစ် ဂျူလိုင်(၁၉)ရက်နေ့ အစည်းအဝေးကို ဦးကျော်ငြိမ်းနဲ့ ဦးတင်ထွဋ် မတက်ရောက်ခဲ့တဲ့အတွက် အသက်ဘေးက လွတ်သွားခဲ့တယ်။ ဒါပေမဲ့ ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့မှာတော့ ဦးတင်ထွဋ်ဟာ လုပ်ကြံခံရတဲ့ဘေးက မလွတ်ခဲ့ပါဘူး။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ကံမကောင်းခြင်းတွေရဲ့ အစပထမဆိုလည်းမမှားပါ။

ဦးတင်ထွဋ်ဟာ ဦးကျော်မြင့်၊ ဦးမြင့်သိန်းနဲ့ ဒေါက်တာထင်အောင်တို့ရဲ့ အကြီးဆုံးအကိုကြီးဖြစ်တယ်။ အိုင်စီအက်စ်(ICS)ရာထူးကို ဖိတ်ခေါ်ပြီး ချီးမြှင့်ခံရတဲ့ ပထမဆုံး မြန်မာလည်းဖြစ်တယ်။ သူစီးနေကြကားရဲ့ ကြမ်းအောက်နဲ့အိတ်ဇော့ပိုက်ကြားမှာ ထောင်ထားတဲ့ဗုန်းက သူ့ရုံးရှိရာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)ရှေ့မှာ ပေါက်ကွဲရာက ရရှိတဲ့ဒါဏ်ရာနဲ့ကွယ်လွန်ခဲ့ရတယ်။

သူ့ရဲ့လုပ်ကြံခံရမှုဟာ ယနေ့အထိ လက်သည်မပေါ်ခဲ့။"

(ဒေါက်တာသိန်းအုပ်ကျော်မြင့်ရဲ့ သူ့ဘကြီး ဦးတင်ထွဋ်အကြောင်းရေးထားတာလေးကိုလည်း သူ့ရဲ့ပို့ဒ်ကနေ ကူးယူတင်ပြပါရစေ။)

"အတွင်းမှာ ဘာမှမရှိတဲ့အုတ်ဂူ"
ရေးသူ-ဒေါက်တာ သိန်းအုပ်ကျော်မြင့်"

" မနေ့က ဂျူလိုင်(၁၉)က မြန်မာပြည်ရဲ့အာဇာနည်နေ့။ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေ အာဇာနည်နေ့အမှတ်တရ ကျင်းပကြတယ်။

ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ အာဇာနည်ဗိမာန်ကြီးက တောင်ကိုးရီးယားသမ္မတချွန်ဒူးဝှမ်တို့ကို မြောက်ကိုးရီးယားရဲ့ လုပ်ကြံဗုန်းခွဲမှုဖြစ်ပြီးမှ ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ထားတာဖြစ်တယ်။

မူလအုတ်ဂူတွေ(ဗိုလ်ချုပ်အုတ်ဂူကို အလယ်မှာထားတဲ့ အုတ်ဂူတွေ) ပြန်လည်မတည်ဆောက်တော့ပဲ မူလဗိမာန်နေရာမှာရှိခဲ့တဲ့ ရုပ်ကြွင်းတွေထည့်ထားသော အထိမ်းအမှတ်တစ်ခုအဖြစ် ပြောင်းလည်းခဲ့တယ်။

အာဇာနည်တွေရဲ့ဂူတွေနဲ့အတူ အနီးမှာတည်ရှိခဲ့ဖူးတဲ့ နောက်တိုးအုတ်ဂူနှစ်လုံးအကြောင်းကို နှောင်းလူတွေသိပါ့မလားလို့ စဉ်းစားမိတယ်။

အုတ်ဂူတစ်လုံးက ဗိုလ်စိန်မှန်ရဲ့ဂူ၊ နောက်အုတ်ဂူက ကျွန်တော့ဖခင်ရဲ့အကိုကြီးဖြစ်သူဦးတင်ထွဋ်တို့ပါ။ နှစ်ယောက်လုံးဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူတွေဖြစ်ပြီး တစ်ဦးက ဝေဟင်မှာ၊ တစ်ဦးက မြေပြင်မှာ အသတ်ခံခဲ့ရတယ်။

ဗိုလ်စိန်မှန်ရဲ့ရုပ်ကြွင်းနဲ့အုတ်ဂူက ညာဖက်ကဖြစ်ပြီး ဦးတင်ထွဋ်ဂူကတော့ ဂူနှစ်လုံးရဲ့ ဘယ်ဖက်မှာ ဖြစ်တယ်။

ဘယ်ဖက်က ဦးတင်ထွဋ်အုတ်ဂူဟာ အတွင်းမှာဗလာပါ။ သူဟာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်းရှိ သူ့ရဲ့အလုပ်ခန်း(New Time of Burma press) တည်ရှိရာရှေ့မှာပဲ ကားဗုန်းထောင် လုပ်ကြံခံခဲ့ရတယ်။

ကျွန်တော်တို့မိသားစုဝင်တွေရဲ့ထုံးစံအတိုင်း ကွယ်လွန်သူကို မီးသင်္ဂြိုလ်ပြီး အရိုးပြာကို အနီးဆုံးမြစ်ထဲကို မျှောခဲ့ကြတယ်။

(ဦးထွဋ်ကျော်ဝင်းရဲ့ အဆိုအရ ဦးတင်ထွဋ်ဟာ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ အဲဒီတပ်ဖွဲ့ဟာ ဗမာ့တပ်မတော်လက်အောက်မှာ မရှိသေးဘူး။ လက်ယာ-ဖရီးမန်းသဘောတူညီချက်အရ အင်္ဂလိပ်စစ်တပ် ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ သူကွယ်လွန်ပြီးနောက်မှ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အဲဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။)

စစ်အခန်းအနားနဲ့ဂုဏ်ပြုပြီးနောက်မှာ ဦးတင်ထွဋ်ရဲ့အလောင်းကို မီးသင်္ဂြိုလ်ခဲ့ကြတယ်။ ကြံတောသုသန်ထဲမှာ ဦးတင်ထွဋ်ကို မီးသင်္ဂြိုလ်ဖို့အတွက်လည်း မီးသင်္ဂြိုလ်စက်လေးတစ်ခု တည်ဆောက်ခဲ့ကြတယ်။ အဲဒီအရင်ကတော့ အလောင်းကို မြေမြှုတ်တာပဲ ရှိခဲ့တာပါ။

အဖေပြောပြတာကတော့ ဦးတင်ထွဋ်အတွက် ဂူလုပ်ဖို့ မရှိခဲ့ဘူး။ ဝန်ကြီးချုပ်(ဦးနု)က ဦးတင်ထွဋ်ကို နှောင်းလူတွေအမှတ်ရစေဖို့ဆိုပြီး အာဇာနည်ကုန်းမှာ အုတ်ဂူတည်ဆောက်ခဲ့တာ။

အခေါင်းလွတ်တစ်ခုထဲမှာ ဦးတင်ထွဋ်ရဲ့ ဗိုလ်မှူးချုပ်ဝတ်စုံ( အရပ်သားထဲမှာ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ရာထူးပထမဆုံး ခန့်အပ်ခံရသူ)ထည့်ပြီး ဂူသွင်းခဲ့တယ်။ အခေါင်းလွတ်ကိုဂူသွင်းခဲ့တာမို့  မိသားစုဝင်တွေက ဦးတင်ထွဋ်သေဆုံးတဲ့နှစ်ပတ်လည်တွေမှာ ဒီအုတ်ဂူကို မသွားခဲ့ကြဘူး။

ကလေးဆေးရုံကြီးမှာ ကလေးအထူးကုအဖြစ်တာဝန်ထမ်းနေစဉ်တစ်နေ့မှာ ဗိုလ်မှူးကြီးစိုးညွန့်(ထီလာစစ်သူ)က ကျွန်တော့ကိုဖုန်းဆက်တယ်။ မြောက်ကိုးရီးယားဗုန်းခွဲမှုအပြီး အာဇာနည်ဗိမာန်မှာ အာဇာနည်တွေကိုပဲ ထားရှိဖို့အတွက် ဦးတင်ထွဋ်ဂူနဲ့ ဗိုလ်မှူးစိန်မှန်တို့ရဲ့ဂူတွေကို ကြံတောကိုရွှေ့ပြီး အုတ်ဂူနှစ်လုံးတည်ဆောက်ပေးမယ်လို့ ဆုံးဖြတ်ကြတယ်လို့ ပြောလာတယ်။

ဗိုလ်စိန်မှန်ရဲ့မိန်းမက သူ့ယောကျာင်္းရုပ်ကြွင်းတွေကို အာဇာနည်တွေရဲ့ရုပ်ကြွင်းတွေနဲ့အတူ မြှုတ်နှံပေးဖို့ တောင်းဆိုတယ်လို့သိရတယ်။ ဒါကြောင့် ဒီလိုပဲ လုပ်ပေးခဲ့တယ်လို့ နောက်ပိုင်းမှာသိရတယ်။

အုတ်ဂူထဲမှာ ဘာမှမရှိတာကြောင့် ကြံတောကိုပြောင်းပေးဖို့မလိုပါဘူးလို့ ကျွန်တော်တို့မိသားစုက အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးတင်ထွဋ်အတွက် အုတ်ဂူကို ကြံတောမှာ အစိုးရက စီစဉ်ခဲ့ပြန်တယ်။

ဒါနဲ့ပဲ နောက်ထပ်ခေါင်းတစ်ခုနဲ့ ဦးတင်ထွဋ်ရဲ့ မိတ္တူဓါတ်ပုံကြီးဟာ အသုဘယာဉ်နဲ့အတူ ကြံတောဆီကို သွားခဲ့ရပြန်တယ်။ ခေါင်းအထဲမှာတော့ ဘာမှမပါ။

တစ်ခါတစ်လေမှာ ကျွန်တော်စဉ်းစားမိတာကတော့ ဦးတင်ထွဋ်ကို လုပ်ကြံဖို့စီစဉ်ခဲ့သူတွေဟာ သူတို့မှာ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဦးတင်ထွဋ်အတွက် အုပ်ဂူနှစ်လုံးတည်ဆောက်ပေးခဲ့လေသလား ဆိုတာပါပဲ။

ကြံတောကနေ ရေဝေးကို သင်္ချိုင်းတွေရွှေ့ကြတဲ့အခါမှာ အုတ်ဂူတွေကို ရွှေ့ပြောင်းရေးအတွက် အခြား မိသားစုဝင်တွေကို အကြောင်းကြားပါတယ်။

အဲဒီကြမှပဲ စိတ်သက်သာရာရတော့တယ်။ ဦးတင်ထွဋ်ရဲ့ဗလာအုပ်ဂူကို တတိယအကြိမ်ရွှေ့ပြောင်းဖို့ မပြောတော့လို့ပါ။

ဦးတင်ထွဋ်ကို လုပ်ကြံခဲ့တာ ဘယ်သူလဲဆိုတဲ့အဖြေကတော့ ဒီနေ့အထိ မပေါ်ပေါက်ခဲ့။

ပုလိပ်အဖွဲ့ရဲ့ကော်မရှင်နာမင်းကြီးဦးဘအေးရေးတဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိမှာ ဦးတင်ထွဋ်အကြောင်း အနည်းငယ်ပါဝင်တယ်။ ဦးဘအေးက ၁၉၄၈ခုနှစ်မှာ လက်ထောက်ကော်မရှင်နာဖြစ်ပြီး ကော်မရှင်နာမင်းကြီးကတော့ ဦးအောင်ချိန်(ပါမောက္ခဦးသန်းအောင်၏ဖခင်) ဖြစ်ပါတယ်။

ဦးဘအေးက သူဟာ ဒီလုပ်ကြံခံရမှုကိုအဓိက စုံစမ်းရသူဖြစ်တဲ့အတွက် ဦးအောင်ချိန်က သူ့ကို သတိနဲ့ဆောင်ရွက်ဖို့ပြောတယ်လို့ ရေးသားခဲ့တယ်။ ဒါဆိုရင် ကော်မရှင်နာမင်းကြီးကိုယ်တိုင်က ဒီလုပ်ကြံမှုရဲ့တရားခံ သို့မဟုတ် နောက်ကွယ်ကလူကိုသိနေသလားလို့ စဉ်းစားစရာပါ။

ကျွန်တော်တို့ကတော့ ဘယ်တော့မှ သိနိုင်တော့မှာမဟုတ်။

အဲဒီအချိန်က ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသံအမတ်ကြီးအနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့နီးနေပြီလည်း ဖြစ်တယ်။

(ဦးတင်ထွဋ်ရဲ့သမီး မမြစောရှင်(ဒေါ်မော်လီတင်ထွဋ်)ရဲ့ စာတစ်စောင်ကိုလည်း ပူးတွဲတင်ပြပါရစေ။)

"ကိုဂျွန်နီ

အခုရေးထားတဲ့ပို့စ်အတွက်အရမ်းကျေးဇူးတင်တယ်။ ကျွန်မအဖေ အသတ်ခံရမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲလို့ တရားဝင် မဖြေမထွက်ပေမဲ့ ဘယ်သူတွေဆိုတာ အသိသာကြီးပါလို့ ကျွန်မထင်တယ်။ ရှင်ရေးတဲ့ပို့စ်ထဲက အမှားသေးသေးလေးတွေကို ပြင်ဆင်ခွင့်ပြုပါ။ (၁)စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)က နယူးတိုင်းရုံးခန်းရှေ့မှာရပ်ထားတဲ့ အဖေ့ကားရဲ့ကြမ်းခင်းအောက်ထဲမှာ ဗုန်းထောင်ခဲ့ကြတယ်။(၂)အဖေလုပ်ကြံခံရတဲ့နေ့က ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက် ဖြစ်တယ်။(၃)ကျွန်မအမေဒေါ်သန်းရင်နဲ့ အမကြီး မခင်ညွန့်ရင်(ကက်သရင်း)တို့ ရန်ကုန်မှာ ရှိနေခဲ့တယ်။ အမလတ် မစောလှခင်(ပဂ္ဂီ)နဲ့ ကျွန်မတို့ကတော့ အင်္ဂလန်က ဂလုစတာရှိင်းယားကျောင်းမှာ အဆောင်နေကျောင်းသူတွေအဖြစ် ရှိနေခဲ့တယ်။ ဓါတ်ပုံကတော့ ပဂ္ဂီနဲ့ကျွန်မက ဒီဖြစ်ရပ်တွေဖြစ်ပြီး ရက်အနည်းငယ်အကြာ လေဆိပ်မှာ အမေနဲ့တွေ့နေစဉ်ဖြစ်တယ်။ ကျွန်မတို့က ကျောင်းဝတ်စုံလေးတွေ ဝတ်ထားတာ။

သူ(ဦးတင်ထွဋ်)က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီး၊ နောက်ပိုင်း လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး စတဲ့တာဝန်တွေထမ်းဆောင်ခဲ့ပေမဲ့ နိုင်ငံရေးသမား မဟုတ်ခဲ့ပါ။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူ(ဦးတင်ထွဋ်)က ဗိုလ်မှူးချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် မနာလိုသူတွေလည်း ရှိခဲ့တယ်။ ကွန်မြူနစ်တွေတောခိုခဲ့တော့ နောက်ကလိုက်ပြီး နှိမ်နှင်းခဲ့တာလည်း သူနဲ့သူ့အဖွဲ့ပဲ။

ကျွန်မတို့ ထင်မြင်ချက်ကတော့ လုပ်ကြံမှုနောက်ကွယ်ကလူဟာ တပ်မတော်ထဲက သူ့ထက်ရာထူးတစ်ဆင့်ငယ်သူလည်းဖြစ်ပြီး အရင်က ကွန်မြူနစ်ဟောင်းလည်း ဖြစ်ခဲ့သူပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ (အတိအကျမသိလို့)ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။

အချိန်တွေကြာလာတဲ့အခါမှာတော့ ဦးတင်ထွဋ်အသတ်ခံရမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့ မရှိတော့ဘူးဆိုတာ ကျွန်မတို့မိသားစုက လက်ခံလိုက်ရပါတယ်။"

ကျွန်တော်တို့ကတော့ ကိုယ့်ဘဝတွေအတွက် ဆက်လက်ချီတက်နေရဆဲပါ။

"ဒေါက်တာသိန်းအုပ်ကျော်မြင့်"

(စာကြွင်း-လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်မှာ အရေးပါတဲ့အခန်းတွေက တာဝန်ထမ်းဆောင်ခဲ့ရသူ ဦးတင်ထွဋ်ရဲ့သမိုင်းက မြန်မာ့သမိုင်းမှာ မှေးမှိန်ပျောက်ကွယ်နေလို့ ဖေါ်ထုတ်လိုက်တဲ့သဘောပါ။ ဦးတင်ထွဋ်ဟာ အစိုးရအဖွဲ့ရဲ့အတွင်းဝန်ရာထူးကို အချိန်အကြာကြီးထမ်းဆောင်ခဲ့တဲ့အတွက် နန်းရင်းဝန်ဦးစောရဲ့ အင်္ဂလန်ခရီးစဉ်မှာရော၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်္ဂလန်ခရီးစဉ်မှာပါ လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစောနဲ့ခရီးစဉ်ကအပြန်မှာ ပါလက်စတိုင်း(အစ္စရေး)မှာ အဖမ်းခံရပြီး အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကိုအပို့ခံထားရတာ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိပါပဲ။ ဦးစောကိုတော့ အင်္ဂလိပ်အစိုးရက ယူဂမ်ဒါနိုင်ငံကို ပို့ခဲ့တယ်။

ဦးတင်ထွဋ်ဟာ အင်္ဂလိပ်တွေရဲ့ ထုံးတမ်းစဉ်လာတွေကို အသေးစိတ်သိသူဖြစ်လို့ အင်္ဂလန်ရောက်ရင် ဆောင်ရန် ရှောင်ရန်တွေကို သူ့ဆီကနေပြီး မြန်မာခေါင်းဆောင်တွေက လေ့လာသင်ယူရတယ်လို့ သိရတယ်။ ခေါင်းဆောင်တွေရဲ့ ယုံကြည်စိတ်ချရသူ၊ အားကိုးရသူ ညာလက်ရုံး အတွင်းဝန်လည်း ဖြစ်ခဲ့တယ်။

ဦးတင်ထွဋ်လုပ်ကြံခံရမှုဟာ ကွန်မြူနစ်တွေရဲ့လက်ချက်လိုလို၊ တပ်မတော်ရဲ့ လက်ချက်လိုလို၊ အင်္ဂလိပ်အလိုတော်ရိတွေရဲ့ လက်ချက်လိုလိုနဲ့ အစဖျောက်ခံခဲ့ရတယ်။

ဒီနှစ်ဟာ ဦးတင်ထွဋ်ကွယ်လွန်ခြင်း နှစ်(၇၀)ပြည့်လည်းဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဦးတင်ထွဋ်အကြောင်း အင်္ဂလိပ်လိုရေးထားတာတွေ့သမျှကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။

ချစ်တဲ့

မောင်လူပေ

(Credit to Sayar U Hla Min, Dr Thane Oke Kyaw-Myint )

အခွန်ကြောင့် သူဌေးပြေးတဲ့ ကယ်လီဖိုးနီးယား

သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား

စတန်းဖို့ဒ်စင်တာရဲ့ ဆင်းရဲမှုနဲ့မညီမျှမှုလေ့လာရေးအဖွဲ့(Stanford Center for Poverty and Inequity) မှ ချားလ်ဗာနာ(Charles Varner) ရဲ့ လေ့လာတွေ့ရှိမှုအရ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိတဲ့ ဝင်ငွေမြင့်မားသူ သန်းကြွယ်သူဌေးတွေထဲက (၁၃၈)ဦးဟာ ပြည်နယ်ဝင်ငွေခွန်ကိုတိုးကောက်ဖို့ ပြောင်းလဲပြဌာန်းခဲ့တဲ့ ဥပဒေအမှတ်(၃၀)အရ ပြည်နယ်ခွန်တိုးမြှင့်ခြင်းကြောင့် ပြောင်းရွှေ့သွားခဲ့ပါသတဲ့။

၂၀၁၂မှာ မဲဆန္ဒရှင်တွေအတည်ပြုခဲ့တဲ့ ပြည်နယ်ရဲ့ ပြောင်းလည်းထားတဲ့ အခွန်ဥပဒေအရ ဝင်ငွေခွန်နှုန်းကို ၃%ထပ်တိုးလိုက်တဲ့အတွက် ၁၀.၃ ကနေ ၁၃.၃%အထိ ဖြစ်သွားတယ်။ ဒါကြောင့် ဒီပြည်နယ်ထဲက ထိပ်ဆုံးဝင်ငွေခွန်နှုန်းက ၂၉%အထိ ဖြစ်သွားပါတယ်။ ဒီနှုန်းဟာ အမေရိကားရဲ့ ပြည်နယ်များထဲမှာ အမြင့်ဆုံးပါပဲ။ ဒီပြင်ဆင်မှုဥပဒေနံပါတ်(၃၀)အရ တစ်နှစ်ဝင်ငွေဒေါ်လာသုံးသိန်းကနေငါးသိန်းအထိ ဝင်ငွေရှိသူတွေအတွက် ၂%တက်သွားတဲ့အတွက် ၂၁.၅%ထိတက်သွားပါတယ်။ ပိုလို့ဝင်ငွေများတဲ့ ဒေါ်လာငါးသိန်းကနေ တစ်သန်းအထိ တစ်နှစ်ဝင်ငွေရှိသူများက ၃%တက်သွားတဲ့အတွက် ၃၂%ကျော်အထိ ပေးဆောင်ကြရပါ့မယ်။ ဒီလိုအခွန်နှုန်းပြောင်းလဲမှုကလည်း ၂၀၁၉မှာသက်တန်းကုန်ဆုံးရမဲ့အစား၂၀၃၀အထိ တိုးမြှငိ့လိုက်တယ်။ ၂၀၃၀ကုန်ရင်တောင် နောက်ထပ် သက်တန်းတိုးမဲ့ အရိပ်အရောင်တွေရှိနေသေးရဲ့။

သူဌေးကြီးတွေအချို့ အခွန်တိုးလို့ပြောင်းရွေ့သွားသလို ဒီအခွန်နှုန်းတို့မြှင့်မှုကြောင့် ပြည်နယ်ထဲကိုပြောင်းရွှေ့ဝင်လာကြတဲ့နှုန်းကလည်း လျှော့ကြခဲ့တယ်။ ဒီလေ့လာမှုအရ ပြောရရင် အခွန်နှုန်းတိုးမြှင့်ခြင်းဟာ လူသစ်ပြောင်းလာမှုကို လျှော့ကျစေတယ်။

ပြည်နယ်ရဲ့လိုငွေအတွက် သူဌေးတွေဆီက ငွေတွေညှစ်ထုတ်ရတာ အထူးအဆန်းတော့မဟုတ်။ မေရီလန်းပြည်နယ်(Maryland)မှာဆိုရင် ၂၀၀၈ခုနှစ်မှာ သူဌေးတွေရဲ့ဝင်ငွေကို ၆.၂၅%တိုးမြှင့်ကောက်ခံခဲ့တဲ့အတွက် ပြည်နယ်ထဲက သန်းကြွယ်သူဌေးသုံးပုံတစ်ပုံလောက်လျှော့ကျသွားခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ သန်းကြွယ်သူဌေးသုံထောင်ကျော် အခွန်ဆောင်ခဲ့ပြီး ၂၀၁၇မှာတော့ နှစ်ထောင်ကျော်ပဲ ဆောင်ခဲ့ကြတယ်။ အခွန်တိုးမြှင့်စဉ်က ဒေါ်လာ(၁၀၆)သန်းတိုးပြီးရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ သူဌေးတွေပြောင်းရွှေ့သွားတဲ့အတွက် ပြည်နယ်အခွန်ဒေါ်လာသန်းတစ်ရာတောင်ထပ်မံကျဆင်းခဲ့ရတယ်။ ဒါကြောင့် ပြည်နယ်က ပိုသုံးခဲ့တဲ့ လိုအပ်ငွေကို အလယ်အလတ်ဝင်ငွေရှိသူတွေကပဲ ပေးဆပ်ခဲ့ရတယ်။

ပြည်နယ်တွင်းကလူတွေ အခြားပြည်နယ်ကိုပြောင်းရွှေ့မှူမြင့်မားလာခြင်းဟာ အိမ်ခြံမြေဈေးအလွန်မြင့်မားနေမှုနဲ့လည်း သက်ဆိုင်တယ်။  ပြည်နယ်ဝင်ငွေအခွန်နှုန်းကြီးမြင့်မှုကြောင့်သန်းကြွယ်သူဌေးတွေပြောင်းရွှေ့မှုတွေဖြစ်လာတဲ့အခါ ပြည်နယ်ရဲ့ အိမ်ခြံမြေဈေးထိခိုက်ပြီး ပြည်နယ်စီးပွားရေးနဲ့ လူမှုအကျိုးစီးပွားတွေအထိ ထိခိုက်မှုရှိလာနိုင်ပါတယ်။

ဒါကတော့ ငယ်သူငယ်ချင်းတစ်ဦးပို့လာတဲ့ (Millionaires Flee California Due to Tax by Alex Gluzman) ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ခဲ့တာပါ။

(စာကြွင်း-အမေရိကားဟာ ဖက်ဒရယ်ပြည်ထောင်စုမို့ ကိုယ့်ပြည်နယ်ရဲ့ဥပဒေနဲ့ကိုယ် ရပ်တည်ကြတဲ့အတွက် ပြည်နယ်ဝင်ငွေခွန်နှုန်းတွေလည်း မတူကြဘူး။ ပြည်နယ်ဝင်ငွေခွန်မပေးဆောင်ရတဲ့ ပြည်နယ်တွေလည်းရှိတယ်။ ဒါပေမဲ့ အစိုးရဆိုတာ အခွန်နဲ့လည်ပတ်ရတာဖြစ်လို့ ပြည်နယ်ဝင်ငွေခွန်မပေးဆောင်ရပေမဲ့ အိမ်ခြံမြေခွန်၊ ရောင်းဝယ်ခွန်စသည်တို့က အခြားပြည်နယ်တွေနဲ့နှိုင်းစာရင် များပါတယ်။ ပြီးတော့ ပြည်နယ်ခွန်မပေးဆောင်ရတဲ့ဒေသတွေမှာနေထိုင်သူတွေဟာ ပြည်နယ်အစိုးရဆီက ရပိုင်ခွင့်တောင်းဆိုနိုင်မှုလည်း အလွန်နည်းပါတယ်။

ကယ်လီဖိုးနီးယား၊ နယူးယော့ခ်စတဲ့ ပြည်နယ်တွေမှာ ဝင်ငွေခွန်မြင့်မားစွာပေးရသလို ပြည်နယ်အစိုးရရဲ့ ပြည်သူ့အပေါ်ပြန်လည်ကြည့်ရှုမှုကလည်း အများကြီးပါ။ နိုင်ငံသားခံယူဖို့မလိုပဲ ပြည်နယ်ရဲ့ရပိုင်ခွင့်တွေတောင်းဆိုနိုင်ပါတယ်။

မြန်မာပြည်မှာလည်း အစိုးရက အခွန်နှုန်းတိုးဖို့လုပ်တဲ့အခါ ဆန့်ကျင်မှုတွေနဲ့တွေ့နေရဆဲပါ။ တိုင်ကွန်းကြီးတွေအပါအဝင် စီးပွားရေးသမားကြီး အတော်များများထဲမှာ အမှန်အကန်အခွန်ပေးဆောင်သူကနည်းပြီး မဆောင်သူကများနေတာလည်းတွေ့ရတယ်။ အခွန်ဦးစီးဌာနရဲ့ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ညှိပြီး နိုင်ငံတော်ကိုပေးဆောင်ရမဲ့ငွေတွေကို ရှောင်ပြေးကြတယ်။ စီးပွားရေးလုပ်ငန်းရှိသမျှအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားတဲ့ တပ်မတော်ပိုင်ဆိုတဲ့ ဦးပိုင်လုပ်ငန်းစုကြီးတွေကလည်း အထူးအခွန်ကင်းလွတ်ခွင့်တွေယူပြီး အခွန်ရှောင်ခဲ့ကြတာ မနည်းလှသောအချိန်တွေပါ။ ပြည်သူတွေအပေါ်မှာလည်း အခွန်ဥပဒေက မသက်ရောက်သေး။ အများစုက အခွန်ယဉ်ကျေးမှုနဲ့မနီးစပ်ကြသေးပါ။ ဒါပေမဲ့ အစိုးရက ဒါမလုပ်ပေးဘူး၊ ဟိုဟာမလုပ်ပေးဘူးနဲ့တော့ ဝေဖန်တိုက်ခိုက်နေကြလေတယ်။

ပေးသလောက်ပဲရတယ်(As pay as you get) ဆိုတဲ့စကားအတိုင်းပဲမို့ မြန်မာပြည်သားများဖက်ကလည်း ပေးဆောင်သင့်တဲ့ ဝင်ငွေခွန်နှုန်းနဲ့အညီ အစိုးရကို အခွန်များများပေးဆောင်ကြမှသာ အစိုးရကလည်း ပြည်သူများရဲ့လိုအပ်ချက်အဝဝကို ပြန်လည်ဖြည့်ဆီးပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာတိုင်ကွန်းများကလည်း အခွန်များများပေးဆောင်ရမဲ့ အမေရိကားအပါအဝင် အနောက်နိုင်ငံတွေကို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပြောင်းရွှေ့မယ်မထင်။ အခွန်ရှောင် ဒါမှမဟုတ်ရင် ညှိလို့ရတဲ့တိုင်းပြည်မှာပဲ လုပ်စားနေကြဦးမှာလည်း မလွဲပါ။ မိုးထိမိုးမိလို ရွှေထွက်ကောင်းတဲ့လုပ်ကွက်ကြီးကို လက်ဝါးကြီးအုပ်ပြီးရယူ၊ နိုင်ငံတော်ကို ပေးသွင်းရမဲ့ရွှေတွေကြတော့ အကျေမသွင်းပဲ နည်းမျိုးစုံနဲ့ ညှိနှိုင်း၊ ပတ်ပြေးနေတဲ့ သူဌေးတွေ၊ ဟော်တယ်တွေလက်ဝါးကြီးအုပ်ထားပြီး အခွန်ရှောင်လို့ ဥပဒေအရအရေးယူဖို့ လုပ်ရတဲ့အခါ မီဒီယာတွေခုတုံးလုပ်ပြီး မျက်နှာပြောင်တိုက်နေတဲ့သူဌေးတွေ၊ နိုင်ငံတော်သူဌေးစာရင်းမှာ ထိပ်ဆုံးကပါပြီး ရှိသမျှ လက်ထဲထည့်ခဲ့ပေမဲ့ အခွန်ဆောင်သူထိပ်ဆုံးစာရင်းမှာမပါတဲ့ သူဌေးတွေ ကတော့ အမေရိကားမှာဆိုရင် ထောင်ထဲကထွက်ရတော့မှာမဟုတ်။ မြန်မာပြည်မှာတော့ အပြင်မှာပဲ ခပ်တည်တည်နဲ့ လုပ်စားနေကြတုန်းပဲ။)

မိတ်ဆွေသူငယ်ချင်းအပေါင်းကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

Friday, July 27, 2018

ပန်းပန်နေဆဲ ကိုဒေါ်လာ။

ပန်းပန်နေဆဲ ကိုဒေါ်လာ

ဒေါ်လာကတော့ ပန်းပန်လျှက်ပါဆိုပြီး ရေးခဲ့တာ တစ်လပြည့်တော့မယ်။ မြန်မာငွေဈေးထိုးကျသွားပြီး တစ်ဒေါ်လာကို ၁၄၀ဝဖြစ်သွားချိန်မှာရေးခဲ့တာပါ။ တစ်လနီးပါးဖြစ်လာတဲ့ အခုအချိန်မှာတော့ မြန်မာငွေဈေးက ၁၄၂၀တဲ့။ ဒေါ်လာက ဆက်ပန်းပန်နေပြီး တရုတ်ယွမ်က ဆက်ပြီးကျနေလို့ပေါ့။

တရုတ်ယွမ်က ဒေါ်လာတို့ ယူရိုတို့လို နှုန်းရှင်သတ်မှတ်ထားတာမဟုတ်ဘူးဗျ။ တရုတ်ဗဟိုဘဏ်က ဈေးသတ်မှတ်ပေးတာ။ ဆိုတော့ တရုတ်ဗဟိုဘဏ်သတ်မှတ်ဈေးဟာ ပေါက်ဈေးပဲ။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်သမ္မတထရန့်က တရုတ်ပို့ကုန်အားလုံး ဒေါ်လာ (၅၀၅)ဘီလီယံဖိုးကို သီးခြားအခွန်ကောက်မယ်လို့ ချိမ်းခြောက်ထားတယ်။ ဒါကြောင့် အမေရိကားမှာ သူပစ္စည်းတွေ အရမ်းဈေးမတက်အောင် ငွေဈေးကိုဆွဲချထားပုံရတယ်။

တရုတ်ငွေဈေးကြတာ တရုတ်ကုန်တွေ ဈေးပေါပေါနဲ့ရောင်းနိုင်တဲ့အမြတ်ထွက်တယ်။ ဒါပေမဲ့ တရုတ်ငွေကိုင်ထားသူတွေက ရောင်းထုတ်ပြီးပြေးကြမှာမို့ နိုင်ငံထဲကငွေတွေထွက်သွားမဲ့အရှုံးလည်းရှိတယ်။ ဈေးဆက်ချထားရင် ဖြစ်လာမဲ့ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတယ်။

အမေရိကန်ဒေါ်လာဈေးတက်တော့ အမေရိကန်ပို့ကုန်တွေဈေးကြီးမယ်။ အဲဒါကြောင့် ထရန့်က အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတက်တာကိုမကြိုက်ဘူး။ ဗဟိုဘဏ်က သီးခြားရပ်တည်နေတာမို့ ဘာမှလည်း ဝင်စွက်ဖက်လို့မရဘူး။ အဲဒါကြောင့် တွီတာကပဲ တရုတ်နဲ့ဥရောပက စီးပွားရေးအမြတ်ထုတ်နေပါတယ် ဘာညာနဲ့အော်လိုက်၊ ဗဟိုဘဏ်ကို အပြစ်တင်လိုက် လုပ်နေရရှာတယ်။ သူ့ရဲ့တွီတာကတွိတွေကြောင့် ဒေါ်လာနည်းနည်းလေးအားပျော့လာပေမဲ့ ခိုင်မာမှုကို လက်လျှော့မဲ့အရိပ်အရောင်မတွေ့သေး။

အမေရိကန်သမ္မတထရန့်ကသာ  ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့တိုင်ပတ်နေပေမဲ့ အမေရိကန်ဒေါ်လာက ပန်းပန်နေတာ အဲဒီနိုင်ငံရဲ့ ငွေကြေးစနစ်ရဲ့စနစ်ကောင်းမှုနဲ့ ခိုင်မာမှုကို လူတွေယုံကြည်နေကြဆဲမို့ပါ။ အမေရိကန်သမ္မတဘယ်သူတက်တက် စနစ်ကောင်းရှိနေတဲ့အတွက် စီးပွားရေးခိုင်မာမှုရှိနေဆဲ။

ရေရှည်မှာတော့ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ ဘယ်သူမှမသိ။ တရုတ်ယွမ်ကတော့ ဂျွမ်းထိုးဆင်းပြီး ကုန်သွယ်ရေးစစ်ပွဲကိုအသာစီးရဖို့ ကျိုးစားနေပြီ။ ကြားညှပ်တာကတော့ မြန်မာပေါ့လေ။ တရုတ်ကြီးနဲ့ အဓိကကုန်သွယ်ရလေတော့ ယွမ်ဈေးကျရင် မြန်မာငွေဈေးလည်း လိုက်ကျနေမှာပဲ။

ဒါကြောင့်မို့ မြန်မာငွေဈေးပြန်တက်ဖို့အတွက် တရုတ်ယွမ်ငွေပန်းပန်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ပြောင်းကြမလား၊ အမေရိကား

ပြောင်းကြမလား အမေရိကား

အမေရိကားကို ကမ္ဘာအရပ်ရပ်ကလူတွေ ပြောင်းရွေ့အခြေချကြတဲ့အထဲမှာ မြန်မာတွေလည်း မနည်းလှ။ ၁၉၈၈နောက်ပိုင်းမှာ စစ်အစိုးရအဆက်ဆက်ရဲ့ ကျေးဇူးတော်တွေကြောင့် ရောက်လာခဲ့သူက အများစုပေါ့။

အမေရိကားဆိုတာ အိမ်မက်တောင်မမက်ဖူးကြပဲ ရောက်ခဲ့တာဆိုတော့ အခက်အခဲပေါင်းစုံက ရေးလို့တောင်ကုန်ဖွယ်မမြင်။ အခက်အခဲပေါင်းစုံထဲမှာ ပထမဆုံးအခက်အခဲကတော့ နေရေးပြသနာပဲ။ စား၊ဝတ်၊နေရေး လို့အသုံးရှိပေမဲ့ အမေရိကားမှာ စားနဲ့ဝတ်က ပြသနာမရှိ။ အစားအသောက်၊ အဝတ်အစားပေါတဲ့နိုင်ငံပေမဲ့ နေရေးကတော့ ခက်ကြတယ်။

မြန်မာတွေကြိုက်ကြတဲ့ ဆန်ဖရန်(San Francisco)၊ နယူးယော့ခ်(New York )၊ ဘော့စတွန်(Boston)၊ ဆန်ဟိုဆေး(San Jose) နဲ့ လော့စ်အိမ်ဂျလစ္စ(Los Angeles)တို့မှာဆို နေရေးအတွက် ပိုခက်ပါတယ်။ ဒီမြို့တွေက အိမ်ခန်းငှားခဈေးကြီးတဲ့ အမေရိကားမြို့ကြီးတွေစာရင်းမှာ တစ်ကနေငါးအထိ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

အမေရိကားရဲ့ မြို့ကြီး (၂၅)မြို့က အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းတစ်ခုရဲ့ ပျမ်းမျှတစ်လစာအငှားပေါက်ဈေးကို အခြေခံပြီးတွက်ထားတဲ့  Business Insider Inc အဖွဲ့ရဲ့ စာရင်းတွေအရ ကယ်လီဖိုးနီးယားပြည်နယ်ထဲက နာမည်ကျော် ဆန်ဖရန်စစ္စကိုမြို့က ဈေးအကြီးဆုံးဖြစ်ပြီး တန်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့(Memphis ,Tennessee)က ဈေးအသက်သာဆုံးဖြစ်တယ်။

သူတို့အဖွဲ့က အိမ်ငှားခငွေကို စုစုပေါင်းဝင်ငွေရဲ့ ၂၈%ထက် မကျော်လွန်စေပဲ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့လိုအပ်မဲ့ တစ်နှစ်စာဝင်ငွေကိုပါ တွက်ပေးထားတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်ခုအတွက် အိမ်ငှားခနှုန်းထားတွေမှာ နယူးယော့ခ်(New York)က ကော်လိုရာဒိုပြည်နယ်ရဲ့ ဒန်ဗာမြို့( Denver, Colorado) ထက် နှစ်ဆဈေးများတယ်။ ဒါကိုကြည့်ရင် အမေရိကားမှာ နေထိုင်ကြသူတွေရဲ့ ဝင်ငွေအစိတ်အပိုင်း အများစုဟာ နေရေးအတွက် သုံးလိုက်ကြရတာကိုမြင်နိုင်ပါတယ်။

(၁) အမေရိကား အနောက်ဖက်ကမ်းရဲ့ နာမည်ကျော် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ဆန်ဖရန်စစ္စကိုမြို့က အိမ်ခန်းငှားခ ဈေးအလွန်ကြီးတဲ့ နယူးယော့ခ်ကို ကျော်ပြီး နံပါတ်တစ်စွဲသွားပါတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်လုံးရဲ့ ပျမ်းမျှအငှားဈေးနှုန်းက တစ်လကိုဒေါ်လာ(၄၃၈၂)ပါ။ ဒါကြောင့် တစ်နှစ်စာဝင်ငွေစုစုပေါင်းဒေါ်လာ(၁၈၇,၂၀၀) ရှိမှ အဆင်ပြေပြေ နေထိုင်နိုင်ပါလိမ့်မယ်။ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းရှစ်သောင်း ခုနှစ်ထောင် ဆိုတာ အတော်များတဲ့ ဝင်ငွေပါ။ မောင်လူပေဆိုရင် နှစ်ကိုယ်ခွဲလုပ်မှ ရမဲ့ဝင်ငွေမျိုးပေါ့။

(၂) မြန်မာတွေကြိုက်တဲ့ နယူးယော့ခ်မြို့ကြီးကတော့ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်ခုအတွက် ပျမ်းမျှငှားခက တစ်လကိုဒေါ်လာ(၃၇၈၉)နဲ့ ဒုတိယလိုက်တယ်။ ဒါကြောင့်တစ်နှစ်ဝင်ငွေဒေါ်လာ(၁၆၂,၃၈၆)ရှိရင် အဆင်ပြေပြေနေနိုင်ပါ့မယ်။

(၃)အမေရိကား အရှေ့ဖက်ကမ်းမှာ နယူးယော့ခ်ပြီးရင် မြန်မာတွေကြိုက်ကြတာက ဘော့စတွန်ပါ။ မန်စတာချူးဆက်ပြည်နည်မှာ တည်ရှိပါတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းငှားခ ပျမ်းမျှ ဒေါ်လာ(၃,၃၅၆)ရှိပါတယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ(၁၄၃,၈၂၉)လိုပါ့မယ်။

(၄)ကမ္ဘာကြီးရဲ့ နည်းပညာဈေးကွက်ကို ကြီးစိုးထားတဲ့ ဆီလီကွန်တောင်ကြားတည်ရှိရာ ဆန်ဟိုဆေးမြို့တဝိုက်က ဆန်ဖရန်စစ္စကိုမြို့နဲ့ မိုင်ငါးဆယ်လောက်ပဲဝေးတယ်။ တစ်နာရီလောက် ကားမောင်းရင်ရောက်ပြီပေါ့။ ဆန်ဟိုဆေးမြို့ရဲ့ အိပ်ခန်းနှစ်ခန်းပါအိမ်ခန်းငှားခက တစ်လကိုပျမ်းမျှ(၂,၈၇၈)ဒေါ်လာ ကျသင့်ပါတယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေ(၁၂၃,၃၄၃)ရှိရင် ရပါပြီ။

(၅)ဟောလိဝုဒ်ဆိုလူတိုင်းသိ။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာရှိတယ်။ လော့စ် အိန်ဂျလစ္စမြို့တစ်ဝိုက်ပေါ့။ ဒီမြို့ကြီးက မြန်မာပြည်ရာသီဥတုနဲ့တူလို့ မြန်မာတွေကြိုက်ကြတယ်။ အိမ်ခန်းငှားခ တစ်လပျမ်းမျှ(၂,၇၇၃)လောက်ပေးနိုင်ရင် ရပြီ။ ဒါကြောင့်  တစ်နှစ်ဝင်ငွေဒေါ်လာ(၁၁၈,၈၄၃)လောက် လိုအပ်ပါ့မယ်။

ဒါကတော့ အမေရိကားမှာ လူအများကြိုက်လို့ နေစားရိတ်ကြီးတဲ့ မြို့ငါးမြို့စာရင်းပါ။ မြို့ပေါင်း (၂၅)မြို့ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ နေစားရိတ်သက်သာတဲ့ မြို့တွေလည်းရှိပါသေးတယ်။ နံပါတ်အောက်ဆုံးကမြို့တွေပေါ့။

(၂၁) အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့(Phoenix, Arizona) ကတော့ အိမ်ငှားခ(၁၀,၄၀)။ လိုအပ်မဲ့တစ်နှစ်ဝင်ငွေ(၄၄,၅၇၁)ပါ။

(၂၂)အိုဟိုင်းယိုးပြည်နယ်၊ ကိုလံဘတ်မြို့(Columbus,Ohio)မှာဆိုရင် အိမ်ငှားခ(၉၁၇)ပဲကြသင့်လို့ တစ်နှစ်ဝင်ငွေ(၃၉,၃၀၀)ဆိုရပြီ။

(၂၃)အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပူးလိစ်မြို့(Indianapolis,Indiana)မှာ အိမ်ငှားခ(၈၅၁)ပဲ။ တစ်နှစ်ဝင်ငွေ(၃၆,၅၁၄)ပဲလိုမယ်။

(၂၄)တက္ကဆက်ပြည်နယ်၊ အယ်လ်ပါဆိုမြို့(El Paso,Texas )မှာ အိမ်ငှားခ(၇၇၃)ပဲမို့ တစ်နှစ်ဝင်ငွေ(၃၃,၁၂၉)ဆိုရပါပြီ။

(၂၅)မြို့ကြီးတွေစာရင်းမှာ အသက်သာဆုံးအိမ်ငှားနိုင်မဲ့မြို့ကတော့ တန်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့( Memphis,Tennessee)ပါ။ အခန်းနှစ်ခန်းပါ အိမ်ခန်းငှားခ(၇၆၉)ပဲကြသင့်မယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေဒေါ်လာ(၃၂,၉၅၇)ပဲ လိုအပ်ပါ့မယ်။

ဒီတော့ တတ်နိုင်ရင်တတ်နိုင်သလောက်နဲ့ နေလို့ရမဲ့မြို့တွေရွေးလို့ရလောက်ပြီပေါ့။ အမေရိကားမှာပြောင်းရွှေ့အခြေချကြမဲ့ မောင်လူပေရဲ့မိတ်ဆွေများအတွက် သတင်းဖလှယ်တဲ့သဘောပါ။(For your information)

ငွေထုတ်ကိုင်ပြီးဝင်လာ၊ ရောက်တာနဲ့အိမ်ဝယ်လိုသူတွေအတွက်လည်း သတင်းကောင်းပါးချင်သေးတယ်။ မိုးပေါ်တက်နေတဲ့အိမ်ဈေးတွေ ငြိမ်သွားပါပြီ။ မကြာမီ အနည်းငယ်ပြန်ကျဖို့ ရှိပါကြောင်း။ အဲဒီအချိန်စောင့်ပြီး စိတ်ကြိုက် ဝယ်ယူနိုင်ကြပါတယ်လို့စ်။

(အိမ်ပွဲစား မဟုတ်ဘူးနော်။ အိမ်မရှာခိုင်းကြနဲ့ဦး။ 😄)

ချစ်တဲ့

မောင်လူပေ

Monday, July 16, 2018

ဗိုလ်ချုပ်ကို ဘယ်သူသတ်ခဲ့သလဲ။

ဗိုလ်ချုပ်ကို ဘယ်သူသတ်ခဲ့သလဲ။

ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရသည်မှာ ယခုဆိုလျှင်(၇၁)နှစ်ရှိခဲ့ပြီ။ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကို လုပ်ကြံခဲ့သည့်သူတွေကတော့ မျိုးချစ်ပါတီခေါင်းဆောင်ကြီးဂဠုန်ဦးစော၏တပည့်များပင်။ ထို့ကြောင့် ဗိုလ်ချုပ်ကို မျိုးချစ်တွေသတ်ခဲ့သည်ဟုပြောလျှင်လည်း မှားမည်မထင်။

ဗိုလ်ချုပ်နှင့်အာဇာနည်များအကြောင်းကတော့ အများသိပြီးဖြစ်၍ အကျယ်ချဲ့ပြီး ရေးဖို့မလိုတော့။ သူတို့ကို လုပ်ကြံခိုင်းခဲ့သော အဓိကတရားခံ ဦးစောအကြောင်းကိုတော့ သိသူနည်းနေသေးပါ၏။ သင်ခန်းစာယူစရာအပြည့်ုဖြစ်သော သူ့ဘဝကို လေ့လာမိသမျှထဲမှ ဖေါက်သည်ချပါရစေ။

ဦးစောကို ၁၉၀ဝပြည့်နှစ်တွင် ကိုင်းကြီးရွာ၊ အုတ်ဖိုမြို့တွင် မွေးဖွားခဲ့ပြီး ခရစ်ယာန်သာသနာပြုကျောင်း၌ (၇)တန်းအထိ ပညာသင်ခဲ့သည်။ အင်္ဂလိပ်စာကို အိန္ဒိယနိုင်ငံ ကာလတ္ကတားမြို့သို့သွားရောက်လေ့လာခဲ့ပြီး ရှေ့နေလိုင်စင်ယူကာ ရှေ့နေဖြစ်လာ၏။ သာယာဝတီမြို့မဝံသာနုအသင်းအတွင်းရေးမှူး ဖြစ်သည်။ ဂျီစီဘီအေအကွဲတွင် (၂၁)ဦးပါတီဖက်မှပါဝင်ခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးအတွက် ၁၉၂၅တွင်ပထမအကြိမ်ရွေးကောက်ပွဲဝင်ကာ ရှုံးနိမ့်ပြီး ၁၉၂၇ဒုတိယအကြိမ်မှ သာယာဝတီမဲဆန္ဒနယ်မှ မင်းတိုင်ပင်အမတ်အဖြစ် အရွေးခံရ၏။ ၁၉၂၉တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီဦးပုကို နိုင်ကာ အမတ်အဖြစ်ဆက်လက်အရွေးခံရပြန်၏။

ဦးစောအမတ်ဖြစ်နေစဉ်ကာလ၌ သာယာဝတီနယ်မှ ဆရာစံဦးဆောင်သော တောင်သူလယ်သမား ဂဠုန်တပ်များက စုပေါင်း၍ အင်္ဂလိပ်အစိုးရကိုတော်လှန်ရာ လက်နက်အင်အားမမျှသဖြင့် ရက်စက်စွာချေမှုန်းခံရပြီး ဆရာစံလည်းအဖမ်းခံရသည်။ ဆရာစံဖက်မှ ရှေ့နေအဖွဲ့မှာ ဦးစောလည်းပါဝင်၏။ အင်္ဂလိပ်အစိုးရ၏ ရက်စက်မှုများကို လွှတ်တော်တွင် ပြင်းထန်စွာဝေဖန်ခဲ့သဖြင့် ထိုစဉ်က အင်္ဂလိပ်ပြည်ထဲရေးအတွင်းဝန်က မောင်စောလည်း ဂဠုန်ဖြစ်လာပြီဟု ပြောခဲ့ရာမှ ဂဠုန်ဦးစောဟု နာမည်တွင်လာခဲ့သည်။ (အင်္ဂလိပ်ကိုတော်လှန်ခဲ့သည့် လယ်သမားတို့၏ ဂဠုန်တပ်ဖွဲ့ဝင်တစ်ယောက် မဟုတ်ပါ။)

ဦးစောရာဇဝင်ကို ဆက်ရလျှင် နိုင်ငံရေးသမားဘဝမှ သူရိယသတင်းစာ၏ ရှယ်ယာများဝယ်ယူပြီး သူရိယသတင်းစာဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာသည်။ လက်ကိုင်သတင်းစာဖြစ်စေရန် သတင်းစာမူဝါဒကို သူ့စိတ်ကြိုက် ပြောင်းလည်းခဲ့၏။ သူ့စိတ်ကြိုက်ကား အမျိုး၊ ဘာသာအတွက် သူဘယ်မျှ စွမ်းဆောင်နေသည်ကို လူသိစေရန် ဝါဒဖြန့်စေခြင်းပင်။

သူ့ရည်ရွယ်ချက်က နိုင်ငံ့ခေါင်းဆောင်ကြီးဖြစ်ရေးမို့ နောက်လိုက်တွေအများကြီးလိုသည်။ ဂဠုန်ဆရာစံ အသတ်ခံရပြီးနောက်ပိုင်းတွင် လယ်သမားထုကြီးမှာလည်း ခေါင်းဆောင်ကင်းမဲ့နေသည်။ သူ့ကိုလည်း ဂဠုန်စောအဖြစ် လူသိနေကြပြီ။ ထို့ကြောင့်လည်း ၁၉၃၆တွင် ဂဠုန်စစ်သူကြီးအဖြစ်ခံယူကာ ဂဠုန်တပ်၏ ဗိုလ်ချုပ်ဖြစ်လာ၏။ (ဂဠုန်တပ်ချုပ်ကြီးပေါ့။)

၁၉၃၆တွင် ကိုအောင်ဆန်းနှင့်ကိုနုတို့ကျောင်းထုတ်ခံရရာမှ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်လာခဲ့ရာ ကျောင်းသားများနှင့် ရင်းနှီးမှုရရေးအတွက် ကျောင်းသားခေါင်းဆောင်များကို အိမ်သို့ဖိတ်ပြီး အပျော်အပါးများဖြင့် ဆွဲဆောင်ခဲ့ရာ ကိုအောင်ဆန်းတို့က လက်မခံခဲ့။ (ဗိုလ်ချုပ်ကြီးနေဝင်း၏ အဓိကနိုင်ငံရေးဆရာ သခင်ဗစိန်တစ်ဦးသာလျှင် ဦးစောဖက်သို့ ယိမ်းခဲ့သည်။)

၁၉၃၈ခုနှစ်တွင် ပြည်သူအများကို ဆွဲဆောင်နိုင်မည့်အမည်ဖြစ်သော မျိုးချစ်ပါတီကိုဖွဲ့စည်း၍ ဌာနချုပ်ကို ဦးစော၏အိမ်ရှိရာ အမှတ်(၄) အေဒီလမ်း၊ မရမ်းကုန်းမြို့နယ်သို့ ထားရှိခဲ့၏။ (ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်တော်လည်း အေဒီလမ်းအတွင်းမှာပဲ တည်ရှိပါသည်။) ထိုစဉ်က နာမည်ကြီးနိုင်ငံရေးသမားကြီးများဖြစ်သော ဝတ်လုံတော်ရဦးအေး၊ ဖျာပုံသူဌေးဦးအုန်းခင်၊ ဟသာင်္တဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့လည်းပါဝင်ခဲ့သည်။

၁၉၃၉ခုနှစ်တွင် ဒေါက်တာဗမော်ညွန့်ပေါင်းအစိုးရပြုတ်ကျပြီး ဦးပုအစိုးရတက်လာရမှ လယ်ယာနှင့်သစ်တောဝန်ကြီး ဖြစ်လာလေသည်။ လွှတ်တော်တွင်းရှိအမတ်အပေါင်းအား သူ့ဖက်ပါအောင် လူမျိုးရေး၊ ငွေ၊ မိန်းမ၊ အရက်မျိုးစုံဖြင့် စည်းရုံးနိုင်ခဲ့သည်။ နောင် တစ်နှစ်အကြာ ၁၉၄၀တွင် နန်းရင်းဝန် ရွှေကျင်ဦးပုအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းဖြုတ်ချခဲ့ကာ သူကိုယ်တိုင် နန်းရင်းးဝန်ဖြစ်လာခဲ့လေ၏။ သူ့ရည်ရွယ်ချက်အတိုင်း အစိုးရခေါင်းဆောင်ကြီး ဖြစ်လာခဲ့ပြီ။

နန်းရင်းဝန်ဦးစော၏ အမျိုးဘာသာကာကွယ်ရေးလုပ်ရပ်အဖြစ် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန်ဟုဆိုကာ မျိုးစောင့်ဥပဒေတစ်ခုပြဌာန်းခဲ့ပါ၏။ ' ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခွင့်ဥပဒေ' ဟုအမည်ရပြီး ယခုတိုင် အသက်ဝင်ဆဲ။ (မျိုးစောင့်ဥပဒေအစ ဦးစောကဟု ခေါ်သင့်ပါသည်။)

ထိုနှစ်အတွင်းမှာပင် ဂျပန်နိုင်ငံမှ ဗိုလ်မှူးကြီးဆူဇူကီး(ဗိုလ်မိုးကြိုး)ရောက်လာသဖြင့် ခေါ်ယူတွေ့ဆုံပြီး မြန်မာပြည်ကို ဂျပန်မှကူညီပေးရန်တောင်းဆိုခဲ့သေးသည်။ (ဗိုလ်ချုပ်တို့လို့ စစ်ပညာသင်ရန်တော့ အကြံရခဲ့ပုံမရှိ။)

၁၉၄၁ခုနှစ် အောက်တိုဘာလတွင် အိုင်စီအက်စ်ဦးတင်ထွဋ္ဋ်( ဗိုလ်ချုပ်တို့ကျဆုံးပြီးမကြာမှီ လုပ်ကြံခံရသူ) ခေါင်းဆောင်သောအဖွဲ့နှင့်လိုက်ပါကာ အင်္ဂလန်တွင် ဝန်ကြီးချုပ်အက်တလီနှင့်တွေ့ဆုံ၍ စစ်ကြီးပြီးလျှင် မြန်မာပြည်အား ဒိုမေနီယန်အုပ်ချုပ်ရေးပေးရန် တောင်းဆိုသော်လည်း မရခဲ့။ အင်္ဂလန်မှ အပြန်တွင် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ရှိ ဂျပန်သံအမတ်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံသို့ ဂျပန်များဝင်ရောက်လာပါက အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။ ထိုသတင်းကို အင်္ဂလိပ်စုံထောက်များ သိရှိသွားရာက ဂျပန်သံရုံးနှင့် ဆက်သွယ်မှုဖြင့် ပါလက်စတိုင်းပြည်နယ်(ယခုအစ္စရေး) တွင်အဖမ်းခံရပြီး မျိုးချစ်ခေါင်းဆောင်ကြီးမှာ မြန်မာပြည်ပြန်ခွင့်အပိတ်ခံရပြီး အာဖရိကရှိ ယူဂမ်ဒါနိုင်ငံသို့ ပြည်နှင်ဒါဏ်ပို့ခြင်း ခံခဲ့ရ၏။ နောင်ငါးနှစ်အကြာ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ခုနှစ်ဦးပိုင်းရောက်မှ မြန်မာပြည်သို့ ပြန်ရောက်ခဲ့ရသည်။

နန်းရင်းဝန်ဟောင်းဦးစော မြန်မာပြည်သို့ပြန်ရောက်ချိန်တွင် မြန်မာ့နိုင်ငံရေးအခြေအနေက များစွာပြောင်းသွားပြီဖြစ်၏။ နိုင်ငံရေးသမားတွေနေရာတွင် ကျောင်းသားခေါင်းဆောင်တွေ နေရာယူနေကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ကြီးက နေရာယူခဲ့ပြီ။ ဦးစောအတွက် နေရာမရှိတော့။

သူ့အတွက် ဗိုလ်ချုပ်တို့က နိုင်ငံရေးတွင် ချာတိတ်အဆင့်။ သူသာအမျိုးကိုချစ်သူ၊ တကယ့်နိုင်ငံရေးကို နားလည်သူဟု ယူဆသည်။ ထို့ကြောင့် မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းပြီး ၁၉၄၆ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံချုပ် ဆာဟူးဘတ်ရန့်နှင့်တွေ့ဆုံကာ သူသာလျှင် နန်ရင်းဝန်မို့ အာဏာကို ပြန်ပေးဖို့တောင်းဆိုခဲ့၏။ ဘုရင်ခံချုပ်က လက်မခံ။ အာဏာရလိုလျှင် ရွေးကောက်ပွဲဝင်ပါဟူသော အဖြေသာလျှင်ရခဲ့သည်။

နန်းရင်းဝန်ဦးစောက အာဏာပြန်အပ်ဖို့ တောင်းဆိုသည်ကို မကြိုက်သည့် ပြည်သူ့ရဲဘော်အဖွဲ့မှ လူတစ်ချို့(စာရေးဆရာရန်ကုန်ဗဆွေနှင့် ပေဖူးလွှာအယ်ဒီတာချုပ်ဦးမြလှိုင် ဟု သိရ)က စက်တင်ဘာ(၂၁)ရက်နေ့တွင် အထက(၂) စမ်းချောင်း( စိန့်ဖလိုမီနာကျောင်း) ရှေ့မှာ ပစ်ခတ်ခဲ့သဖြင့် မျက်လုံးတွင် ရှပ်မှန်ဒါဏ်ရာရခဲ့သည်ကို ဗိုလ်ချုပ်ကိုယ်တိုင် ခိုင်းစေသည်ဟု အထင်မှားကာ ဗိုလ်ချုပ်ကို အညိုးထားခဲ့လေသည်။

ဘုရင်ခံချုပ်ကို အာဏာတောင်းခဲ့သည်ကတော့ အလဟသ မဖြစ်ခဲ့။ စက်တင်ဘာ(၂၆)ရက်နေ့၌ ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ပညာရေးဝန်ကြီးအဖြစ် ဘုရင်ခံမှ တာဝန်ပေးခြင်းခံရ၏။ သို့သော် သူဖြစ်လိုသည်က ပညာရေးဝန်မဟုတ်။ နန်းရင်းဝန်ခေါ် ဝန်ကြီးချုပ်ရာထူးဖြစ်၏။ ထိုရာထူးပြန်ရရေးအတွက် ဗိုလ်ချုပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်လေတော့သည်။

၁၉၄၇ ဇန်နဝါရီ(၉)ရက်တွင် အင်္ဂလိပ်အစိုးရဖိတ်ကြားချက်အရ မြန်မာ့လွတ်လပ်ရေးဆွေးနွေးရန် ဗိုလ်ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားပြီး 'အောင်ဆန်း၊ အက်တလီစာချုပ်'ကို သူနှင့် သခင်ဗစိန်(သူ့ဖက်ကို ၁၉၃၆ခုနှစ်ထဲက ပါခဲ့သူ)က ကန့်ကွက်ကာ လက်မှတ်မထိုးခဲ့။ မြန်မာပြည်ပြန်ရောက်ပြီး ဖေဖေါ်ဝါရီ(၁၉)ရက်တွင် သခင်ဗစိန်နှင့်အတူ အစိုးရအဖွဲ့မှ နှုတ်ထွက်ကြသည်။ သခင်ဗစိန်၊ ဒေါက်တာဗမော်တို့နှင့်အတူ ' မဟာဗမာ' ဟူသော အဖွဲ့ကြီးတည်ထောင်ပြီး ဗိုလ်ချုပ်ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ်ကို ပြင်းထန်စွာဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ထို မဟာဗမာအဖွဲ့ကို သတင်းစာများက 'စောစိန်မော်ဂိုဏ်း' ဟုသာ ကင်ပွန်းတတ်ခဲ့လေ၏။ အထွေထွေရွေးကောက်ပွဲကြီး၌မူ ဗိုလ်ချုပ်ဦးဆောင်သော ဗဆပလအဖွဲ့ချုပ်အား အကြီးအကျယ် ရှုံးနိမ့်ခဲ့လေသည်။

ထိုအခါ မျိုးချစ်ပါတီခေါင်းဆောင်ကြီးဦးစော၏ ကိုယ်ပိုင် လက်ကိုင်တုတ်တပ်ဖြစ်သော ဂဠုန်တပ်မတော်ကို တပည့်ကြီးစောရန်နိုင်အား တပ်ဗိုလ်ချုပ်အဖြစ် ဦးစီးစေ၏။ သူ့တပည့်အပေါင်းကလည်း အမျိုးဘာသာအတွက် တပည့်ခံကြသူများကအနည်းစုဖြစ်ပြီး အာဏာနှင့်ငွေကြေးအတွက် တပည့်ခံသူက အများစုဖြစ်ရကား သူခိုင်းလျှင် ဘာမဆိုလုပ်မည့်သူက အများစု။ တိုင်းပြည်လူမျိုးအတွက်ထက် ငါသာအာဏာရရေးအတွက်သာ စဉ်းစားနေသူ ဦးစောကား အမျိုးဘာသာရှေ့တန်းတင်ရင်း ပြည်ဖျက်ရန်အကြံကို ကြံစည်တော့သည်။

ဗိုလ်ချုပ်တို့ကိုသတ်ပြီးလျှင် ဘုရင်ခံချုပ်က သူ့ကိုခေါ်ပြီး အစိုးရအဖွဲ့ကို ဦးဆောင်စေမည်ဟု ယူဆခဲ့၏။ သူထင်သလိုကားမဖြစ်ခဲ့။ ဘုရင်ခံချုပ်က ရွေးကောက်ပွဲအနိုင်ရ ဖဆပလအဖွဲ့၏ ဒုတိယဥက္ကဌ ဦးနုကိုသာခေါ်ယူပြီး ဦးဆောင်စေခဲ့သည်။

ဗိုလ်ချုပ်တို့ကို လုပ်ကြံအပြီး ဇူလိုင်(၁၉)ရက် ညနေမှာပင် မြန်မာပြည်ရာဇဝတ်မင်းကြီးဦးလှထွန်းအောင်သည် သောင်းကျန်းမှုနှိုမ်နှင်းရေးပုလိပ်အဖွဲ့ကိုဦးစီးကာ ပြည်လမ်း (၇)မိုင် အေဒီလမ်းရှိ မျိုးချစ်ပါတီခေါင်းဆောင်ကြီးဂဠုန်ဦးစောအိမ်သို့ ဖမ်းဝရမ်းဖြင့်သွားရောက်ကြရာ အိမ်အတွင်းမှ တပည့်များက အဖမ်းးမခံပဲ ပြန်လည်ခုခံကြသဖြင့် ပုလိပ်များနှငိ့ အပြန်အလှန်ပစ်ခတ်ကြရင်း ဦးစော၏ တပည့်ကျော် ဂဠုန်တပ်ဗိုလ်ချုပ်စောရန်နောင် ထွက်ပြေးလွတ်မြောက်( နောက်ပိုင်းမှာ အသေဖမ်းဆီးရရှိ)ကာ တပည့်သုံးဦးဒါဏ်ရာရသည်။ အခြေအနေကို အကဲခတ်မိသူ ဦးစောက ဆက်လက်မခုခံတော့ပဲ အဖမ်းခံသည်။

ဗိုလ်ချုပ်တို့အသက်ကို အလွယ်တကူလုပ်ကြံခဲ့သူ မျိုးချစ်ခေါင်းဆောင်ကြီးကား သူ့အသက်အတွက်မှာတော့ အင်္ဂလန်မှ ဝတ်လုံများငှားကာ ခုခံခဲ့သည်။ သူ၏ အဆက်အသွယ်များကြောင့် အမှုမှ အလွယ်တကူလွတ်မည်ဟုလည်း ယူဆခဲ့သည်။ သို့သော် သူထင်သလိုဖြစ်မလာခဲ့။ သေဒါဏ်စီရင်ခြင်းခံရသည်။ အယူခံလည်း ရှုံးနိမ့်သည်။

စစ်ဝတ်စုံများဝတ်ထားပြီး စစ်ကားဖြင့် အတွင်းဝန်ရုံးအတွင်းဝင်ရောက်ကာ ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့သည့် အဓိကတပည့်များဖြစ်သော ရန်ကြီးအောင်၊  မောင်သိန်း(ခ)စိန်ကြီး၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီး တို့လည်း ဦးစောနှင့်အတူ သေဒါဏ်ပေးခံခဲ့ရ၏။

အမျိုး ဘာသာနာမည်ခံပြီး မျိုးချစ်ပါတီတည်ထောင်ခဲ့သူ နန်ရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ ဘဝကား ဤသို့အဆုံးသတ်ခဲ့ရသည်။ ဦးစော၏ သားမြေးမြစ်များတိုင် ခေါင်းမဖေါ်နိုင်ပဲ ပြည်သူ့အမုန်းဒါဏ် ခံယူနေကြရဆဲ။ ယနေ့တိုင် မည်သူမျှ ဦးစော၏ အမျိုးဖြစ်ကြောင်း ထုတ်ဖေါ်မပြောရဲခဲ့ကြ။ (ဦးစော၏မြေးဖြစ်သူ မင်းသားငယ်လေးတစ်ယောက် ပေါ်ပေါက်ခဲ့ဖူးသော်လည်း ဦးစော၏မြေးတော်စပ်ကြောင်း ထုတ်ဖေါ်မပြောရဲခဲ့ရှာ။ သူနှင့်ဘာမျှမပတ်သက်ခဲ့သော သမိုင်းအမွေဆိုးဒါဏ်ကို ခံခဲ့ရရှာသည်။)

ယခုလို အာဇာနည်နေ့ရောက်တိုင်း မျိုးချစ်ခေါင်းဆောင်ကြီးဦးစော၏ အမျိုးများမှာ အနေအထိုင် အသွားအလာ အပြောအဆို ဆင်ခြင်ကြရသည်ဟု ကြားသိဖူး၏။ ဦးစော၏ မိုက်ပြစ်ကို မဆိုင်သူတွေအထိ ပေးဆပ်နေကြဆဲ။

ဦးစောသည် နိုင်ငံရေးနယ်ထဲဝင်ရောက်ပြီး အောင်မြင်လာသောအခါ ရလာသောအခွင့်အရေး၊ ငွေကြေး၊ အာဏာတို့၏ ဒါဏ်ကို မတွန်းလှန်နိုင်တော့ပဲ အမှားအမှန်မသိဖြစ်ခဲ့ရခြင်းပင်။ အာဏာရရှိရေးအတွက် နိုင်ငံကို ဖျက်ဆီးဖို့လည်းဝန်မလေးတော့။ ဗိုလ်ချုပ်တို့လို ပြည်သူ့အချစ်တော် ခေါင်းဆောင်များကို အမုန်းကြီးမုန်းပြီး မျိုးချစ်မျက်နှာဖုံးကွာကျကာ လုပ်ကြံခဲ့သည်။

ယခုခေတ်တွင်လည်း အမျိုးဘာသာဟူသော ပြည်သူ့အကြိုက်ဆောင်ပုဒ်များ ရှေ့တန်းတင်ရင်း မိမိတို့စွန့်လွှတ်ခဲ့ရသော အာဏာကို ပြန်လည်ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်ကို တွေ့နေရဆဲ။ တရားသောနည်းနှင့်မရနိုင်လျှင် မတရားသောနည်းဖြင့် ရယူရန်လည်း ဝန်လေးကြမည်မဟုတ်။ တိုင်းပြည်ပျက်မှ ဖျာဝင်ခင်းရန် အခွင့်ရမည်မို့ တိုင်းပြည်ပျက်ရန်စောင့်နေကြသည်မှာ မနည်းလှ။ အမျိုးဘာသာအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသူများပင် ထိုထို အမည်ခံပုဂ္ဂိုလ်တို့ကြောင့် နာမည်ပျက်ပြီး ဘေးရောက်ကုန်ကြသည်အထိ တွေ့ရသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့သည့်အမည်ခံမျိးချစ်တို့၏ လုပ်ရပ်ကို သင်ခန်းစာယူပြီး နောက်နောင် ဒီလိုအဖြစ်ဆိုးများမှ ကင်းဝေးရေးအတွက် ပြည်သူအများမှ ကာကွယ်ရေးသတိဖြင့် အမြဲရှိနေဖို့ လိုအပ်မည်ဖြစ်ပါကြောင်း။

ချစ်တဲ့

မောင်လူပေ

(Credit- ဝီကီပီးဒီးယား၊ သန်းဝင်းလှိုင်၏ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့များ၊ ဦးစောကို လုပ်ကြံရန် ကြိုးစားခဲ့သူ ရန်ကုန်ဗဆွေ)

ဟုတ်လား။

ဟုတ်လားဆိုတော့ မဟုတ်သေးဘူး။

တပ်ချုပ်ကြီးရဲ့ တပ်မတော်ကပြည်သူကိုယ် ကိုယ်စားပြုတယ်ဆိုတဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ငြင်းကြခုန်ကြလုပ်လေကြတာ တွေ့ရတယ်။ တကယ်တော့ ဓါတ်ပြားဟောင်းကြီးကို ပြန်ရွတ်ပြသွားတာပါ။

တပ်မတော်အစိုးရအာဏာသိမ်းပြီး ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နဲ့ ပိပြားနေအောင် အုပ်ချုပ်ခဲ့တဲ့အချိန်ထဲက ရွတ်ပြနေကြစာတွေပဲ။ တစ်လုံးမှမလွဲဘူး။ တို့အဖေကြီးကိုကာကွယ်ဖို့အတွက် ဘယ်သူတက်တက် ပြောနေကြပဲ။ ဖန်တစ်ရာတေတောင်မကဘူး။ ဖန်တစ်သိန်း၊ ဖန်တစ်သန်းတေ။

ပြည်သူတွေကြားကပေါက်ဖွားတဲ့ ပြည်သူ့တပ်မတော်၊ ဒါကြောင့် ပြည်သူတွေကို ကိုယ်စားပြုတယ်။ နိုင်ငံရေးပါတီတွေက အာဏာလိုချင်လို့ ပါတီနိုင်ငံရေးလုပ်နေတာ။ တပ်မတော်က ပြည်သူအတွက် အမျိုးသားနိုင်ငံရေးကိုလုပ်နေတယ်။ ပါတီတွေဆိုတာ သူတို့ကိုထောက်ခံသူတွေကိုပဲ ကိုယ်စားပြုတယ် စတဲ့ စာသားတွေ ခဏခဏရွတ်ပြလေ့ရှိတော့ တို့တာဝန်အရေးသုံးပါးလိုပဲ ပြည်သူတွေက ဒီစကားလုံးတွေကို သောက်ညင့်ကပ်လာတဲ့အထိ။

တပ်မတော်သာအမိ တပ်မတော်သာအဖ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းရုံးမည်။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြဆိုတဲ့ ဆိုင်းပုဒ်အနီရောင်ကြီးတွေကလည်း နေရာတိုင်းမှာပြူးတူးပြဲတဲ မြင်ခဲ့ကြရတယ်။

ပြည်သူတွေကို ကိုယ်စားပြုတယ်လည်းဆိုသေးရဲ့။ သူတို့အမိအဖကြတော့ တပ်မတော်တဲ့။

တပ်ဆိုတာအမိန့်နာခံမှုနဲ့ဖွဲ့ထားတဲ့အဖွဲ့။ ဒါကြောင့် အထက်အမိန့်ကိုပေးနိုင်တဲ့ တပ်ချုပ်ကြီးဟာ တပ်မတော်ပဲ။  သူပေးတဲ့အမိန့်အတိုင်း တပ်မတော်ကြီးတစ်ခုလုံးက လိုက်နာဆောင်ရွက်ကြရတာ။ ၂၀၀၈ခြေဥအရ လွှတ်တော်ထဲမှာ မိန့်မိန့်ကြီးထိုင်နေကြတဲ့ တစ်မတ်သားလည်း သူ့အမိန့်အတိုင်းပဲ လိုက်နာရတယ်။ လူတစ်ဦးထဲက အားလုံးကို အမိန့်ပေးနိုင်တာကြောင့် တပ်ချုပ်ကြီးက တပ်မတော်ပဲ။ အခုတပ်ချုပ်ကြီးကို စာဖတ်နေတဲ့တပ်ချုပ်ကြီးကခန့်ခဲ့တယ်။

ပါတီနိုင်ငံရေးမလုပ်ဖူး၊ အမျိုးသားနိုင်ငံရေးပဲလုပ်တယ်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေက နောက်ပိုင်းမှာ မသိချင်ယောင်ဆောင်ပြီး အမျိုးသားရေးအဖွဲ့ဆိုတဲ့ ပြည်ခိုင်ဖြိုးကြီးကို ပါတီပြောင်း။ ဘောင်းဘီချွတ်ပြီး အမတ်တွေလုပ်ကြလေတယ်။

ဒါကြောင့် တပ်မတော်ဟာ တပ်ချုပ်ကြီးဖြစ်တယ်။ တပ်ချုပ်ကြီးက အရင်တပ်ချုပ်ဟောင်းကို ကိုယ်စားပြုတယ်။အရင်တပ်ချုပ်ဟောင်းက ပါတီထောင်ခဲ့လေတော့ အဲဒီပါတီကိုသာ ကိုယ်စားပြုတယ်လို့ပြောရင်တော့ မှန်တယ်။ ပြည်သူကို ကိုယ်စားပြုတယ်ဆိုတာကတော့ ဟုတ်လားဆိုရင် မဟုတ်သေးဘူးလို့သာ ပြောချင်ပါကြောင်း။

Tuesday, July 10, 2018

ဈေးရောင်းခြင်းအနုပညာ

ဈေးရောင်းခြင်း အနုပညာ

ဈေးရောင်းတာလား။ လူတိုင်းရောင်းတတ်တာပေါ့လို့ ထင်ကြမှာပဲ။ ဟုတ်ကဲ့။ လူတိုင်းရောင်းတတ်ပေမဲ့ ဝယ်သူစိတ်ဝင်စားအောင် ဆွဲဆောင်မှုကတော့ ကွာမှာပေါ့။

ဈေးကွက်စီးပွားရေးခေတ်မှာ အပြိုင်အဆိုင် ရောင်းကြရတော့ ကိုယ့်ပစ္စည်းနာမည်ရအောင် နည်းမျိုးစုံသုံးပြီး ရောင်းနေကြရဲ့။ အမှန်အကန်ပြောရောင်းတယ်၊ မလှိမ့်တပတ်နဲ့ရောင်းတယ်။ ကုန်ပစ္စည်းအတွက် လူစိတ်ဝင်စားမယ်ထင်တဲ့ပုံစံမျိုးစုံလုပ်တယ်။ ပစ္စည်းကြော်ငြာအတွက် ငွေတွေအများကြီးပေး၊ အကုန်ခံပြီး ကြော်ငြာမော်ဒယ်ငှားသူရှိသလို သူများတွေရဲ့ ဓါတ်ပုံလှလှလေးတွေကို ကာယကံရှင်မသိအောင် ခိုးသုံးသူလည်းမနည်း။ ပြည်သူတွေရဲ့အသည်း၊ အလွန်ချစ်ဖို့ကောင်းလှတဲ့ ကလေးအမွှာလေး ခေတ်နဲ့သစ်ရဲ့ပုံတောင် အလွတ်မပေး။ ကလေးပုံလေးတွေနဲ့ ဖေ့ဘုတ်မှာ ပေ့ခ်ျထောင်ပြီး ဈေးရောင်းနေလို့ သူတို့ဒယ်ဒီကိုလင်းလင်း ပေါက်ကွဲတာလည်း မဆန်း။

တကယ်တော့ ကိုယ့်ကုန်ပစ္စည်းကို အရောင်းသွက်အောင် ကြော်ငြာရတာ အနုပညာတစ်မျိုးပါပဲ။ ဈေးရောင်းခြင်းအနုပညာပေါ့။ ဈေးရောင်းပွဲတော်မျိုးစုံလုပ်ကြတဲ့အခါ ဘယ်လိုဆွဲဆောင်ကြတယ်ဆိုတာ သူငယ်ချင်း မြင်ဖူးမှာပါ။ စူပါမတ်ကက်တွေ ရှော့ပင်မောလ်ကြီးတွေထဲမှာမှ ဈေးရောင်းပွဲတော်လုပ်လို့ရတာတော့ မဟုတ်ဘူး။ ဈေးရောင်းခြင်းအနုပညာတတ်ရင် လယ်သမား၊ ယာသမားတွေကတောင်မှ သူတို့လယ်ထဲ၊ယာထဲအထိ လူလာအောင် လုပ်လို့ရတယ်။ ဥပမာဆိုရရင် အိမ်ရှင်မတွေလက်စွဲဖြစ်ပြီး အစိမ်းစားရင် အလွန်အနံ့ပြင်းတဲ့ ကြက်သွန်ဖြူလို မီးဖိုချောင်သုံးပစ္စည်းမျိုးကိုတောင် ပွဲတော်လုပ်လို့ရသေး။

ဟုတ်ပါတယ် သူငယ်ချင်း။ ကမ္ဘာကျော်ပွဲတော်တွေထဲက တစ်ခုပါ။ ကြက်သွန်ဖြူပွဲတော်တဲ့။ ဂေရွိုင်းဆိုတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက မြို့ခံ ကြက်သွန်စိုက်တောင်သူတွေ ဦးစီးကျင်းပတာမို့ Gilroy Garlic Festival လို့ ခေါ်တယ်။ ၁၉၇၉ခုနှစ်ကနေစပြီး နှစ်စဉ်နွေရာသီရောက်တိုင်း ကျင်းပနေတာ။ ဒီနှစ်အတွက်ကတော့ ဂျူလိုင်နောက်ဆုံးအပတ်မှာကျင်းပလိမ့်မယ်။ ဒီပွဲတော်အကြောင်းကြားသိမိသူ ကမ္ဘာအနှံ့က food lovers တွေ ဆုံစည်းရာနေရာလေးတစ်ခုဆိုလည်းမမှားဘူး။

ဂေရွိုင်းဆိုတဲ့မြို့လေးက ဆန်ဖရန်စစ္စကိုမြို့ရဲ့တောင်ဖက် မိုင်(၇၀)နီးပါးမှာရှိတဲ့တောမြို့လေးပါ။ ယာသမားတွေနေတဲ့မြို့။ သူတို့ရဲ့အဓိကထွက်ကုန်က ကြက်သွန်ဖြူ။နွေရာသီ ဖုန်ထူထူ နေပူပူမှာ အရိပ်မရှိတဲ့ယာထဲကိုင်းထဲကို လူတွေသိန်းချီဝင်လာအောင် လုပ်တတ်တဲ့ ဒီလူတွေကိုမှ ဈေးရောင်းခြင်းအနုပညာတတ်ကျွမ်းသူလို့မခေါ်ရင် ဘယ်သူ့ကို ခေါ်ရမလဲ။ ရှော့ပင်မောလ်ထဲ လေအေးပေးစက်အောက်မှာ နာမည်ကြီးတံဆိပ်တတ်ထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းတာမဟုတ်ဘူးလေ။ ဘယ်ကုန်စုံဆိုင်မှာမဆို အလွယ်တကူဝယ်လို့ရတဲ့ ကြက်သွန်ဖြူတွေ ရောင်းနေတာ။

အဲဒီလို ဈေးရောင်းခြင်းအနုပညာရှင် ကြက်သွန်ဖြူစိုက်တဲ့ တောင်သူဦးကြီးတွေကြောင့် ဒီပွဲတော်က ဒေသပွဲတော်အဆင့်ကနေ အခုဆိုရင် ကမ္ဘာ့အစားအသောက်ပွဲတော်တွေထဲမှာ နေရာရတဲ့ပွဲတော်တစ်ခု ဖြစ်နေပြီ။အရောင်းမြှင့်တင်ရေးမှာ အလွန်တော်တဲ့ တောင်သူတွေရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။

ကြက်သွန်ဖြူတောင်သူတွေက အစတော့ ရိုးရိုးပဲရောင်းကြတာပါ။ ကုန်သည်ကဈေးနှိမ်၊ ရောင်းအားမကောင်းတော့ တွက်ခြေမကိုက်ရာက ဆေးဘက်ဝင်သလို အရသာရှိလို့ အိမ်ရှင်မတွေအတွက် ဟင်းချက်ရာမှာ မရှိမဖြစ်တဲ့ ကြက်သွန်ဖြူတွေ သူတို့ဒေသမှာ ထွက်တယ်ဆိုတာလည်းလူသိအောင်၊ ဈေးကောင်းလည်းရအောင်၊ လတ်လတ်ဆပ်ဆပ် ကြက်သွန်ဖြူတွေကို အလွယ်တကူဝယ်နိုင်အောင် အရောင်းမြှင့်တင်ရေးအတွက် ကြက်သွန်ဖြူပွဲတော်လုပ်ဖို့ ကော်မတီဖွဲ့တယ်။ လုပ်အားပေးတွေရှာတယ်။ အကြိမ်ကြိမ်စည်းဝေးတယ်။ နေရာအတွက် ကွင်းပြင်ကြီးတစ်ခုရတယ်။ အဲဒီကွင်းကြီးကို ခြံခတ်ပြီး ဝင်လာသမျှကို ဝင်ကြေးကောက်တယ်။ လူကြီး ၂၀၊ လူငယ်နဲ့သက်ကြီးပိုင်း ၁၀၊ အွန်လိုင်းကဝယ်ရင် ၂ဒေါ်လာလျှော့ဈေး။ ဒီလောက်လုပ်ရုံနဲ့တော့ လူလာဖို့ ဘယ်သေချာဦးမလဲ။ ဒီတော့ ဖျော်ဖြေရေး၊ စားသောက်ရေး၊ ပြိုင်ပွဲ၊ ကလေးကစားကွင်း အကုန်စီစဉ်ရပြီပေါ့။ ဆယ်လီတွေလည်းလိုတယ်။ သူတို့အားနဲ့ ဆွဲဆောင်ရမှာ။ ဆယ်လီဆိုတာလည်း ကိုယ်ရောင်းမဲ့ပစ္စည်းနဲ့သင့်တော်တဲ့ဆယ်လီမျိုးဖြစ်တဲ့ တီဗီထဲက နာမည်ကျော်ထမင်းချက်တွေ ဖိတ်ခေါ်တယ်။ ဒီလို celebrity chefs တွေက ပွဲတော်လာကြသူတွေ စိတ်ဝင်စားအောင် ကြက်သွန်ဖြူနဲ့ချက်တဲ့ ဟင်းမျိုးစုံချက်ပြတယ်။ ကြက်သွန်ဖြူအသားပေး အသားကင်ပြိုင်ပွဲ၊ ဟင်းချက်ပြိုင်ပွဲတောင်ပါသေး။ ဒီလိုနဲ့ တစ်စတစ်စ နာမည်ရလာခဲ့ရာက အခုတော့ ကြော်ငြာစရာတောင်မလိုအောင် ပွဲတော်အချိန်ဆို လူတွေရောက်လာကြပြီ။

ပွဲတော်လာပြည်သူတွေ စားသောက်ရေးကတော့ ဆိုင်ပေါင်းစုံမှာ ကြက်သွန်ဖြူအရသာအသားပေးတဲ့ အစားအသောက်တွေ ဝယ်စားပေရော့။ တီထွင်ချက်ကတော့ အံ့မခန်း။ ကလေး၊ လူကြီးကြိုက်တဲ့ ရေခဲမုန့်တောင် ကြက်သွန်ဖြူအရသာနဲ့ထွင်ထားတယ်။ကြက်သွန်ဖြူအရသာ ကွတ်ကီးမုန့်၊ ကရေကရာမုန့်ဘာညာ မုန့်မျိုးစုံက ကလေးတွေအတွက် အဆင်ပြေသလို ကြက်သွန်ဖြူအရသာ အသားညှပ်ပေါင်မုန့်၊ ဘာဂါအစုံက လူကြီးကြိုက်။ အစားအစာမျိုးစုံက ကြက်သွန်ဖြူအရသာနဲ့ မလွတ်စေရ။ ကြက်သွန်ဖြူ အနံ့မစူး၊ အရသာပြေပြေလေးရအောင် ဖန်တည်းထားတဲ့ အစားအသာတွေမို့ အတော်ရောင်းရတယ်။

ထူးထူးခြားခြားအစားအသောက်တွေအပြင် လက်မှုအနုပညာအနေနဲ့လည်း အမှတ်တရတီရှပ်တို့ ဦးထုတ်တို့ လက်ဆွဲအိပ်တို့ ရမယ်။ ကြက်သွန်ဖြူနဲ့ဖန်တည်းထားတဲ့ အရုပ်လေးတွေ၊ ကြက်သွန်ဖြူဦးထုတ်၊ ကြက်သွန်ဖြူလည်ဆွဲ၊ ကြက်သွန်ဖြူပန်းချီကား၊ ကြက်သွန်ဖြူလက်ကောက်၊ ကြက်သွန်ဖြူခါးပတ် စသည်နဲ့ စိတ်ကူးကောင်းကောင်းနဲ့ ပုံဖေါ်ရောင်းကြသေးရဲ့။ ပုံစံလှလှလေးတွေ ပွဲထဲမှာဝတ်၊ အိမ်ရောက်ရင် ဟင်းချက်စား၊ အိမ်ရှင်မတွေအတွက် အဆင်ကိုပြေလို့။

ပွဲတော်ထဲမှာ ဒေသထွက်နာမည်ကျော် ဝိုင်အရက်မျိုးစုံကိုလည်း စိတ်ကြိုက်မြည်းခွင့်ရှိတယ်။ ဝိုင်သောက်လိုက် စားလိုက်၊ ဘိုက်ခြောင်အောင် ပွဲခင်းထဲလမ်းလျှောက်လိုက်၊ အချက်အပြုတ်စိတ်ဝင်စားသူက ဆယ်လီထမင်းချက်တွေ ချက်ပြတဲ့ ဟင်းချက်နည်းတွေလေ့လာ၊ ကိုယ်တိုင်မြည်းစမ်းပေါ့။ အလှအပကြိုက်သူတွေက ကြက်သွန်ဖြူပွဲတော် အလှမယ်ရွေးပွဲမှာ အလှမယ်လေးတွေကို မျက်စိအရသာခံလို့ရတယ်။ ကိုယ်ကြိုက်တဲ့အလှမယ်ကို မဲပေးလို့ရတယ်။ ကြက်သွန်ဖြူအရသာကဲတဲ့ အသားကင်ပြိုင်ပွဲတွေ ကြည့်ရတာလည်း စိတ်လှုပ်ရှားလိုသူတွေအတွက် ကွက်တိ။ ပန်းချီသမားတွေအတွက် ကြက်သွန်ဖြူပွဲတော် ပိုစတာပြိုင်ပွဲ၊ ကလေးတွေအတွက် ကစားကွင်းထဲမှာ ကြက်သွန်ဖြူအရုပ်တွေနဲ့ဆော့ကစား။ ပွဲတော်လာကြသူတိုင်း မောအောင်ပျော်ပြီးမှ ကြက်သွန်ဖြူတောင်သူတွေဆီက လတ်ဆတ်လှတဲ့ ကြက်သွန်ဖြူတွေဝယ်ပြီး အိမ်ပြန်ကြတယ်။

အခုရေးပြနေတာ ဂေရွိုင်းကြက်သွန်ဖြူပွဲတော်ကို ကြော်ငြာပေးနေတာမဟုတ်ပါဘူး။ မောင်လူပေလည်း ကြက်သွန်ဖြူမစိုက်။ မြန်မာပြည်က တောင်သူဦးကြီးတွေလည်း ဒီလိုအနုပညာတွေဖန်တည်းပြီး သူတို့ယာတောထဲကို လူတွေရောက်လာအောင် ဖန်တည်းနိုင်တယ်ဆိုတာ ပြောပြချင်လို့။ တောင်ကြီးက မိုဟာမက်ဆီမလာရင် မိုဟာမက်က တောင်ကြီးဆီသွားရမယ်' ဆိုတဲ့ အာရပ်စကားပုံလိုပဲ ယာတောထဲကလယ်ယာဦးကြီးတွေလည်း ဈေးဝယ်လိုသူ အိမ်ရှင်မတွေ ယာတောထဲအထိ တိုက်ရိုက်ဆင်းလာပြီး ဝယ်လို့ရအောင် ဖန်တည်းနိုင်တဲ့ ဈေးရောင်းခြင်းအနုညာတစ်ခုအကြောင်း ဖေါက်သည်ချတဲ့သဘော။

ကိုယ့်ဒေသထွက်ကုန်တွေကို ရာသီအလိုက်ရောင်းကြဝယ်ကြတဲ့အခါ ဖန်တည်းနိုင်မှုစွမ်းအားအလျှောက် လူစိတ်ဝင်စားမှုကောင်းရင် ဈေးကောင်းရကြတယ်။ ရောင်းကုန်ပစ္စည်းရဲ့ သန့်ရှင်းမှု၊ လတ်ဆတ်မှု၊ မျိုးကောင်းမှု၊ အရသာရှိမှုတွေ တူနေရင်တောင် ထွက်တဲ့ဒေသနာမည်အလျှောက် ဈေးမတူကြဘူး။ ဒါကြောင့် ဒီလိုလုပ်ပေးနိုင်ရင် ကိုယ့်ဒေသနာမည်လည်း အမြဲပရိုမိုးရှင်းလုပ်ပြီး ဖြစ်နေတာပေါ့။

မြန်မာပြည်မှာလည်း ကြက်သွန်ဖြူစိုက်တဲ့ဒေသတွေ တောင်သူတွေမနည်းလှ။ အထူးသဖြင့် ချင်းတွင်းမြစ်တလျှောက်နဲ့ ဧရာဝတီမြစ်ကြောက မြေနုကျွန်းတွေမှာ ကြက်သွန်ဖြူနဲ့ ဆေးရွက်ကြီးတွေ စိုက်ကြတယ်။ မြစ်ထဲက စိုက်ခင်းတွေမှာ ပြည်သူတွေအလွယ်တကူလာနိုင်အောင်နေရာဖန်တည်းပေးပြီး ပွဲတော်တွေဖန်တည်းပေးနိုင်ရင် ဒေသလည်းနာမည်ရ၊ ထွက်ကုန်လည်းရောင်းရ။ ဒေသအခြေပြု ခရီးသွားလုပ်ငန်းတွေလည်း အဆင်ပြေမယ်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ အညာဒေသအတွက် အိုးမကွာအိမ်မကွာဖန်တည်းနိုင်မဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာမယ်လို့ တွေးမိပါတယ်။ ပိုပြီးနာမည်ရလာရင် ပြည်တွင်းခရီးသွားတွေသာမကပဲ အာဆီယံခရီးသွားတွေ၊ ဥရောပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့အထိ ဖြစ်လာမှာပဲ။ ဒေသဘုရားပွဲတွေအပြင် ခရီးသွားတွေ စိတ်ဝင်စားမဲ့ ပျော်စရာဈေးရောင်းပွဲတော်လေးတွေ လုပ်ပေးနိုင်ဖို့ အဝေးကနေ တွေးမိသမျှဝေမျှပါတယ်။ ချစ်စရာအညာဒေသထွက်ကုန်တွေကို ရာသီအလိုက်၊ ဒေသအလိုက် ဈေးရောင်းပွဲတော်လေးတွေလုပ်ပြီး ရောင်းအားမြှင့်ပေးနိုင်ရင် အဲဒီဒေသကတောင်သူတွေ အတော်အဆင်ပြေကြမှာပဲ။ စွမ်းနိုင်သူတွေ ဦးဆောင်ကြပါ။ ဒေသကိုချစ်တဲ့သူတွေ စဉ်းစားကြပါလို့ အကြံပေးလိုက်ပါကြောင်း။

မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သားမိတ်ဆွေ သူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

(Photo credit to original up-loaders.)

ကုန်သွယ်ရေးစစ်ပွဲနဲ့ ပဲပိစပ်

ကုန်သွယ်ရေးစစ်ပွဲနဲ့ ပဲပိစပ်

Soy beans ကို မြန်မာလို ပဲပိစပ်လို့ခေါ်တယ်ထင်ပါရဲ့။ ပဲပိစပ်ကို ကမ္ဘာ့နိုင်ငံတိုင်းမှာ စိုက်ကြတယ်။ အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံက အမေရိကားဖြစ်ပြီး အများဆုံး တင်သွင်းတဲ့နိုင်ငံက တရုတ်ပြည်ပါ။ ဈေးချိုတဲ့ အမေရိကားရဲ့ ပဲပိစပ်ကို မနှစ်က ဒေါ်လာ(၁၄)ဘီလီယံဖိုးအထိ တရုတ်က ဝယ်ခဲ့တယ်။

ပဲပိစပ်ကို စားသုံးဖို့၊ ဆီထုတ်ဖို့နဲ့ ဝက်ကျွေးဖို့ အဓိက သုံးတယ်။ ကမ္ဘာ့ဝက်မွေးမှုရဲ့ ထက်ဝက်ကလည်း တရုတ်ပြည်မှာပဲ။ ဒါလည်းမလောက်လို့ အမေရိကားက ဝက်သားတွေ မှာယူတင်သွင်းနေရတယ်။

အမေရိကားပဲပိစပ်ဈေးကို တရုတ်လယ်သမားတွေမယှဉ်နိုင်လို့ ပဲပိစပ်စိုက်ပျိုးမှုက ဧကပေါင်းတစ်သန်းခွဲကျော်ပဲရှိတယ်။ အခုတော့ တရုတ်က ပဲပိစပ်စိုက်ပျိုးရေးကို ဧကပေါင်း(၂၁)သန်းအထိ တိုးချဲ့ဖို့လုပ်ဆောင်နေတယ်။ လယ်သမားတွေကို အစိုးရစိုက်ငွေအဖြစ် တစ်ဧကကို ဒေါ်လာ၂၀၀နီးပါးကနေ ၃၀၀ကျော်ထိ ထောက်ပံ့တယ်။ အရင်က ဒေါ်လာ၁၅၀ပဲထောက်ပံ့ခဲ့တာနဲ့နှိုင်းယှဉ်ရင် နှစ်ဆတိုးလိုက်တာပါ။

ပဲပိစပ်စီမံကိန်းက နိုင်ငံတော်စီမံကိန်းတစ်ခုဆိုလည်းမမှား။ လယ်သမားတွေရဲ့အားနဲ့ စိုက်ပျိုးနိုင်လို့ ပဲပိစပ်တင်သွင်းရမှုကိုလျှော့ချနိုင်ရင် နိုင်ငံရဲ့ ပြည်ပထွက်ငွေတွေ သက်သာစေမယ်။ လောလောဆယ်မှာတော့ လိုအပ်မှုကို ဖြည့်ဖို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ စတဲ့ အာရှနိုင်ငံတွေက ပဲပိစပ်တွေကို အခွန်မကောက်ပဲ တင်သွင်းနေတယ်။ ဒါပေမဲ့ လိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ဆည်းဖို့ မရှိသေးလို့ ဝက်စာကို အခြားအစားထိုးဖို့ ပြင်ဆင်နေကြလေရဲ့။

(တရုတ်ရဲ့ ပဲပိစပ်စိုက်ပျိုးရေး နိုင်ငံတော်စီမံကိန်းကတော့ တကယ်အကျိုးဖြစ်မဲ့ စီမံကိန်းပါ။ မြန်မာပြည်က ဗိုလ်ချုပ်ကြီးတွေ စိတ်ကူးယဉ်ခဲ့တဲ့ လောင်စာဆီအစားထိုးမဲ့ 'ကြက်ဆူပင်စိုက်ပျိုးရေး စီမံကိန်း' ကြီးလို အကျိုးမရှိပဲ နိုင်ငံတော်ဘဏ္ဍာတွေ ဖြုံးတီးမယ်မဟုတ်။ ကြက်ဆူပင်စီမံကိန်းကြောင့် နိုင်ငံတော်မှာ ဘယ်လောက်ဆုံးရှုံးခဲ့တယ်၊ နစ်နာခဲ့တယ်ဆိုတဲ့ အစီရင်ခံစာလည်း ဒီနေ့အထိ မဖတ်ရသေး။ ဘယ်သူကမှလည်း တာဝန်ရှိကြောင်း တာဝန်မခံကြ။)

ဒီတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အလုပ်ဖြစ်မဲ့သူကို ပြပါဆိုရင် ပဲပိစပ်စိုက်ပျိုးတဲ့တောင်သူနဲ့ ကုန်သည်တွေပဲ၊ မြန်မာပြည်က ပဲပိစပ်တွေလည်း နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်ပြည်ထဲ လှိမ့်ဝင်သွားဖို့အလားအလာကောင်းနေတယ်။ ပဲပိစပ်ဈေးကောင်းရဖို့ အခြေအနေပေးနေတယ်။

အမေရိကားဖက် ပြန်ကြည့်ရင်တော့ ပဲပိစပ်တောင်သူတွေ ဒုက္ခတွေ့။ ဝက်မွေးသူတွေလည်း ဈေးတွေထိုးကြလို့အလုပ်မဖြစ်။ အမေရိကားရဲ့ Mid West လို့ခေါ်တဲ့ အမေရိကားအလယ်ပိုင်းရဲ့အနောက်ခြမ်းကပြည်နယ်တွေက အဓိကခံစားနေရတယ်။ ကုန်သွယ်ရေးစစ်ပွဲကို ကနေဒါ၊ မက္ကဆီကို၊ ဥရောပတို့နဲ့ပါ တပြိုင်ထဲ စစ်မျက်နှာဖွင့်ထားတာ။ သံနဲ့ ဒန်ပစ္စည်းတွေ တင်သွင်းမှုကို ၂၅%နဲ့၁၀%ဆိုပြီး ထရန့်က သီးခြားအခွန်သတ်မှတ်တယ်။ အဲဒီနိုင်ငံအားလုံးက အမေရိကန်တွေပို့တဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ခဲ စတာတွေကို အထူးအခွန်ပြန်ပြီး သတ်မှတ်တယ်။ ဒီလိုနဲ့ အစစဈေးကြီးကုန်ပြီး မရောင်းရတော့။

အဲဒီလယ်သမားအားကောင်းတဲ့ ပြည်နယ်တွေက ထရန့်ရဲ့အမာခံပြည်နယ်တွေဗျ။ သူတို့အားနဲ့ ဒီလူကြီးက သမ္မတဖြစ်လာတာ။ ထရန့်က ဒီလို ကုန်သွယ်ရေးစစ်ပွဲဆင်နွဲတာလည်း အဲဒီ လယ်သမားတွေရဲ့ထွက်ကုန်တွေ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် အခြားနိုင်ငံတွေကို ဖိအားပေးနေတာတဲ့။

ဒီတော့ ဒီတော့ပေါ့လေ။ အခုအချိန်အထိတော့ ဒီလယ်သမားတွေက ထရန့်ကြီးကို ဆက်လက်ထောက်ခံနေဆဲပါပဲ။ အနာမခံရရင် အသာမစံရဘူး။ ခဏဒုက္ခရောက်တာကို ရင်ဆိုင်မယ်၊ ဒါမှ မျှတတဲ့ကုန်သွယ်ရေးသဘောတူညီချက်ရမယ်။ သူတို့ထုတ်ကုန်တွေ ပိုလို့တင်ပို့နိုင်မယ်လို့ ဆိုကြတယ်။ ထရန့်ကို ပုံလို့ ယုံနေကြဆဲပဲ။

ထင်သလိုဖြစ်မလာရင်တော့ ဒီလယ်သမားတွေ ဒုက္ခပင်လယ်ဝေမယ်။ ဒီလူတွေ စိုက်ပျိုးရေးပုံစံပြောင်းပြီး အခြားသီးနှံစိုက်၊ ဒါမှမဟုတ်ရင် လယ်ယာဆုံးမယ်။ အမေရိကားမှာ ဗဟိုအစိုးရက အဲဒီလိုဖြစ်ရင် ဝင်ကူညီလေ့ရှိတယ်။ လူမှုရေးရံပုံငွေက ငွေထောက်ပံ့တယ်။ စားစရာမရှိအောင် မွဲသွားဖွယ်တော့မရှိ။ နောက်တကြိမ်ရွေးကောက်ပွဲ ၂၀၂၀ရောက်ရင်တော့ ထရန့်ကို မဲပေးကြမှာမဟုတ်တော့။ (အစထဲက ဒီပြည်နယ်တွေက အလှူခံပြည်နယ်တွေအဖြစ်နာမည်ကြီးတာ။အမေရိက ပြည်နယ်ငါးဆယ်မှာ ကယ်လီဖိုးနီးယား၊ နယူးယော့ခ်စတဲ့ ပြည်နယ်တွေက အလှူရှင်ပြည်နယ်တွေလို့ခေါ်တယ်။ ဗဟိုအစိုးရကို အခွန်ပေးရတဲ့အချိုးနဲ့ ပြန်သုံးတဲ့အချိုးကြည့်ပြီး ဒီလိုသတ်မှတ်တာပါ။ အခွန်အများကြီးပေးပြီး ပြန်သုံးတာနည်းရင် အလှူရှင်ပြည်နယ်ပေါ့။ သူတို့ပြည်နယ်တွေကတော့ အခွန်နည်းနည်းပေးပြီး များများပြန်သုံးတဲ့ပြည်နယ်မို့ အလှူခံပြည်နယ်လို့ ခေါ်တယ်။ ဖက်ဒရယ်စနစ်အရ ခွဲဝေသုံးစွဲရတာပါ။)

အမေရိကားရဲ့ နိုင်ငံခြားပို့ကုန်အချိုးအစားနဲ့ယှဉ်ရင်တော့ လယ်ယာစိုက်ပျိုးရေးပို့ကုန်က အလွန်နည်းပါတယ်။ ဆယ်ရာခိုင်နှုန်းအောက်မှာပဲရှိပါသတဲ့။ ပဲပိစပ်ထွက်ကုန်တစ်ခုထဲနဲ့တော့ နိုင်ငံအတွက် ဒုက္ခရောက်ဖို့အထိ မဖြစ်နိုင်။

တရုတ်၊ ပဲပိစပ်နဲ့ အမေရိကန်လယ်သမားတွေအကြောင်းက စိတ်ဝင်စားစရာဖြစ်လို့ သူငယ်ချင်းမိတ်ဆွေတွေကို ဝေမျှတာပါ။ မြန်မာ့တောင်သူတွေကိုတော့ တရုတ်ပို့ဖို့ ပဲပိစပ်ပိုစိုက်ပါလို့ အကြံမပေးရဲသေး။ ထရန့်နဲ့ သမ္မတစီတို့ လက်ဆွဲနှုတ်ဆက်ပြီး အမေရိကားပဲပိစပ်တွေ ပြန်ဝင်လာရင် မြန်မာ့ပဲပိစပ်တွေ ဒုက္ခတွေ့မဲ့အရေးလည်း တွေးရသေးရဲ့။ အိန္ဒိယက ပဲတင်သွင်းခွင့်ပိတ်လိုက်လို့ တောင်သူတွေဒုက္ခရောက်တာတောင်မကြာလှသေး။ မြန်မာကလည်း ပဲပြုတ်ကလွဲရင် အဲဒီပဲတွေ မစားတတ်ကြ။ မြန်မာတွေ ပဲပိုစားတတ်အောင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ ပဲစားပွဲတော်တွေ ခဏခဏလုပ်ကြရမယ်ထင်ပါရဲ့နော်။

မိတ်ဆွေ သူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

ကုန်သွယ်ရေးစစ်ပွဲ စပြီလား

ကုန်သွယ်ရေးစစ်ပွဲ စပြီလား။

အမေရိကန်သမ္မတ ထရန့်ရဲ့ တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ကုန်သွယ်ရေးစစ်ပွဲကို အားလုံးက စိုးရိမ်တကြီးစောင့်ကြည့်နေကြတယ်။ ဒီနေ့တော့ တရုတ်က တင်သွင်းနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ လေယာဉ်အပိုပစ္စည်းတွေ အပါအဝင် ပစ္စည်းတွေ တင်ပို့မှုကို ၂၅%အခွန်သီးခြားကောက်ဖို့ ညွှန်ကြားချက်ထွက်လာပြီ။ ဒေါ်လာ(၃၄)ဘီလီယံဖိုးရှိမယ်တဲ့။ ကုန်သွယ်ရေးစစ်ပွဲ စဖို့ တာစူလိုက်ပြီ။ ဒါက ပထမဆုံး ပြသလိုက်တဲ့ ခြိမ်းခြောက်မှု။

အမေရိကန်က တရုတ်ကိုသွင်းနေတဲ့ ပဲပိစပ်၊ ကား စတဲ့ပစ္စည်းတွေကိုလည်း (၃၄)ဘီလီယံဖိုး အခွန်သီးခြားကန့်သတ်မယ်လို့ တရုတ်ကလည်း ပြန်ကြေညာတယ်။ ပါးကိုက်ရင် နားကိုက်မယ်ပေါ့။

ပြသနာက တရုတ်နဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးမညီမျှမှုပါ။ တရုတ်ရဲ့ အမေရိကန်ကိုသွင်းကုန်က လေးဆ ပိုများပါတယ်။ ဒါကြောင့် ထရန့်ကလည်း ကျန်တဲ့ပို့ကုန်တွေလည်း အခွန်ကောက်ဖို့ မကြာမီလာမယ်လို့ ခြိမ်းခြောက်ထားတယ်။ နောက်နှစ်ပတ်ကြာရင် ဒေါ်လာ(၁၆)ဘီလီယံဖိုးလာမယ်။ ညှိလို့မပြေလည်ရင် နောက်လမှာ ဘီလီယံ(၄၀၀)ကျော်ဖိုးလာမယ်တဲ့။ တရုတ်ပို့ကုန်ဘီလီယံ(၅၀၀)ကို အကုန်လုံးအခွန်တိုးကောက်မဲ့သဘော။ တရုတ်က အမေရိကန်ပို့ကုန်အားလုံးကို အခွန်တိုးကောက်မယ်ဆိုရင်တောင် ဒေါ်လာဘီလီယံ(၁၃၀)ကျော်ပဲရှိမယ်တဲ့။

ဒီလိုအပြန်အလှန် ဖြစ်ကြမဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ နှစ်ဖက်လုံးက လျှော့မယ့်ပုံမမြင်ရသေး။ တရုတ်ကလည်း သူနိုင်မယ်ထင်သလို အမေရိကန်ကလည်း သူနိုင်မယ်ထင်နေတယ်။ အဆုံးသတ်က ဘယ်လိုရှိနိုင်မလဲလို့ စီးပွားရေးပညာရှင်တွေ တွက်နေကြတယ်။

တရုတ်ရဲ့ပို့ကုန်တွေအခွန်တိုးကောက်ရင် တရုတ်လုပ်ပစ္စည်းတွေက အရင်လိုဈေးပေါပေါနဲ့ ဝယ်လို့မရတော့ဘူး။ အမေရိကန်တွေ ဈေးကြီးပေးသုံးရမယ်။ ဒါပေမဲ့ အမေရိကန်တွေဆီမှာ တရုတ်ပစ္စည်းတွေ တောင်လိုပုံနေပြီ။ ပေါပေါရ၊ ပေါပေါဝယ်၊ ပေါပေါသုံး၊ နည်းနည်းဟောင်းရင်လွှင့်ပြစ်နဲ့ အိမ်တိုင်းမှာ အသုံးမလိုတော့လို့ မသုံးဖြစ်တော့တဲ့ ပစ္စည်းတွေနဲ့အပြည့်။ ဒါကြောင့် အမေရိကန်တွေအတွက် သိပ်ထိခိုက်စရာမရှိ။ စီးပွားရေးကလည်းကောင်းနေတော့ ဖြုံမယ်မထင်။ ကုန်သွယ်ရေးစစ်ပွဲစကြောင်း ကြေညာတဲ့ ဒီနေ့မှာတောင် စတော့ရှယ်ယာတွေက ထိုးမကျသွားပဲ ထပ်တက်နေတယ်။ ဒေါ်လာဈေးပဲနည်းနည်းကျတယ်။ ဒါကြောင့် ဒီစစ်ပွဲကို အမေရိကန်ဈေးကွက်က ကြောက်မက်ဖွယ်လို့ မသတ်မှတ်သေး။ တရုတ်မှာတော့ ရှန်ဟိုင်းအညွှန်းကိန်းက နှစ်ပတ်အတွင်း (၁၀)ရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့တယ်။

ဒီလိုအခြေအနေကိုကြည့်ပြီး ရေရှည်မှာ တရုတ်ကိုဆိုးဝါးစွာ ထိခိုက်မယ်လို့ ပညာရှင်တချို့က ဆိုနေကြပြီ။ တရုတ်စီးပွားရေးပညာရှင်တစ်ဦးကလည်း ရှန်ဟိုင်းတက္ကသိုလ်ဟောပြောပွဲမှာ "တရုတ်အစိုးရထဲက ကုန်သွယ်ရေးစစ်ပွဲမှာ ကိုယ်ပဲအသာရမယ် မှန်းထားသူတွေဟာ လက်တွေ့နဲ့ကင်းကွာပြီး အထင်တစ်လုံးနဲ့ နေသူတွေဖြစ်နေပြီ။ ဒါကြောင့် အဆိုးဆုံးကိုရင်ဆိုင်ဖို့ ခုထဲကပြင်ထားသင့်တယ်။" လို့သတိပေးသွားလေတယ်။

တရုတ်ပိုးလမ်းမစီမံကိန်းက အကောင်အထည်ဖေါ်ဆဲ၊ သမ္မတစီကျင်းပင်ကလည်း ထာဝရသမ္မတလုပ်ဖို့ ပြင်ဆင်ထားချိန်မှာ ပြသနာဖြစ်ချင်ပုံမရ။ တရုတ်ကြီးဖက်က လျှော့ပေးမယ်လို့ မှန်းကြပေမဲ့ ခုထိတော့ မလျှော့သေး။

တရုတ်ပြည်က စီးပွားရေးလုပ်ငန်းရှင် ဒေါ်လာငွေ အနည်းဆုံး(၄.၅)သန်း လုပ်ငန်းရှိသူ သန်းကြွယ်သူဌေး အယောက်နှစ်ရာကျော်ကို စစ်တမ်းကောက်ရာမှာတော့ ၂၀%ကပဲ တရုတ်က ကုန်သွယ်ရေးစစ်ပွဲကို နိုင်မယ်လို့ ဖြေကြသတဲ့။ ၄၀%ရာနှုန်းက ညှိရင်းပြီးမယ်လို့ဖြေတယ်။ ကျန်တဲ့၄၀%က အမေရိကားနိုင်မယ်လို့ ဖြေတယ်။

ဒီသူဌေးတွေရဲ့လေးပုံသုံးပုံက ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုခုကို ပြောင်းမယ်လို့ ဖြေကြတယ်။ သူတို့ပြောင်းချင်တဲ့နိုင်ငံတွေထဲမှာ အမေရိကားက ပထမ၊ အင်္ဂလန်က ဒုတိယ၊ ကနေဒါက တတိယ။ အမေရိကားမြို့တွေထဲမှာ L.A, Seattle, San Francisco နဲ့ New York တို့ကို အစဉ်လိုက်ရွေးကြတယ်။ တရုတ်ပြည်မှာ လေထု၊ရေထု ညစ်ညမ်းမှုနဲ့ ပညာရေးနိမ့်ပါးမှုကြောင့် ပြောင်းချင်တာလို့ ဖြေကြတယ်။ အမေရိကားဟာ တက္ကသိုလ်ပညာရေးမှာ ထိပ်ဆုံးကရှိနေမြဲမို့ ပိုစိတ်ဝင်စားကြတယ်။ ဒေါ်လာငါးသိန်းကျော် ရင်းနှီးမြှုတ်နှံပြီးရင် အမြဲတမ်းနေထိုင်ခွင့်လျှောက်လို့ရတဲ့ အမေရိကားကို ပထမရွေးတာ မထူးဆန်းပါ။

သူတို့တွေက ပိုင်ဆိုင်မှုတွေရဲ့ (၁၅)%ကိုလည်း Overseas တွေမှာ ရွှေ့ထားကြပါသတဲ့။ တရုတ်ယွမ်ငွေ ဆက်တိုက်ကျဆင်းမှုကြောင့် အကျိုးအမြတ်အရမ်းနည်းတဲ့အတွက် ပိုင်ဆိုင်မှု ရွှေ့ပြောင်းတဲ့အခါ အဆင်သင့်ပေါ့။

တရုတ်တွေသာမကပါဘူး။ ကုလားပြည်က သူဌေးတွေလည်း အမေရိကန်ကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေကြတယ်။ ပိုင်ဆိုင်မှုတွေ ရွှေ့လာကြတယ်။ ဒါကြောင့် အာရှ အမေရိကန်တွေရဲ့တိုးနှုန်းကလည်း အမေရိကားမှာ အမြင့်ဆုံးပဲ။ ဒီနှုန်းအတိုင်းတိုးတက်နေရင် ၂၀၅၀အကျော်မှာ အာရှသားတွေက အမေရိကားမှာ အများဆုံး လူဦးရေပိုင်ရှင်တွေဖြစ်သွားမှာ။ စပိန်နွယ်တွေက ဒုတိယအများဆုံး။ လူဖြူတွေက တတိယဖြစ်မယ်။ ဒါကြောင့် လူဖြူလက်ယာစွန်းထရန့်က လူဝင်မှုကြီးကြပ်ရေးဥပဒေတွေ တင်းကျပ်၊ ကမ္ဘာနဲ့ရန်ဖြစ်ဖို့ စဉ်းစားထားပုံပဲ။

တကယ်ကတော့ ကုန်သွယ်ရေးစစ်ပွဲသာ အရှိန်အဟုန်နဲ့ ဖြစ်လာခဲ့ရင် နှစ်ဖက်လုံးက ပြည်သူတွေပဲ အထိနာကြမှာ။ ဈေးကြီးပေးပြီး ဝယ်သုံးရမယ်။ ရောင်းအားကျရင် စက်ရုံတွေပိတ်ရမယ်။ ကျွဲနှစ်ကောင်ကြားက မြေစာပင်။ ကမ္ဘာကြီးရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်မယ်လို့ မှန်းသူလည်းရှိရဲ့။ စတော့ဈေးတွေအရမ်းတက်ထားတော့ ပုံမှန်ရှိသင့်တဲ့ဈေးကို ပြန်ဆင်းမဲ့ correction ဖြစ်မှာတော့ အမှန်။

ဒီကုန်သွယ်ရေးစစ်ပွဲမှာ အမြတ်ရမဲ့နိုင်ငံတွေက အရှေ့တောင်အာရှနိုင်ငံတွေပဲ။ Made in China တံဆိပ်တွေခွာပြီး Made in Asian နာမည်တွေနဲ့ အမေရိကားကို ပို့ကြလိမ့်မယ်။ ဒါက တရုတ်ကြီးလုပ်နေကြအလုပ်မို့ မခက်ခဲ။ မြန်မာအစိုးရလည်း လုပ်စားတတ်ရင် အလုပ်ဖြစ်မဲ့သဘော။

တရုတ်ယွမ်ငွေ ဈေးကျနေတာရယ်၊ လုပ်ခလစာ ကြီးမြင့်တာရယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေ တင်းကျပ်တာရယ် စတဲ့အကြောင်းစုံကြောင့် ဂျပန်အပါအဝင် တောင်ကိုးရီးယား၊ တိုင်ဝမ် စတဲ့ အာရှသူဌေးလုပ်ငန်းရှင်တွေက စက်ရုံတွေကို ဗီယက်နမ်ဆီ ရွှေ့နေကြပြီ။ မြန်မာကတော့ အလုပ်သမားပြသနာတွေ၊ ဥပဒေမခိုင်မာမှုတွေ၊ လျှပ်စစ်၊ ရေ၊ မီး၊ သယ်ယူပို့ဆောင်ရေး အားနည်းမှုတွေ၊ ခုထိ အမြစ်တွယ်နေဆဲ အကျင့်ပျက်ခြစားမှုတွေကြောင့် လုပ်ငန်းရှင်တွေ လက်ရှောင်နေဆဲမို့ အရမ်းကိုနစ်နာတယ်။ တရုတ်အခက်၊ မြန်မာအချက်ဆိုပြီး လုပ်စားတတ်ရင် အခွင့်ကောင်းအခါကောင်းပဲ။

မြန်မာ့စီးပွားရေးအတွက် Trade War ဟာ ကောင်းသောလာခြင်းဖြစ်ပါစေဟု မျှော်လင့်လျှက်ပါ။

ချစ်တဲ့

မောင်လူပေ

သွေးစွန်းခဲ့သော ဆဲဗင်းဂျူလိုင်

သွေးစွန်းခဲ့သော ဆဲဗင်း ဂျူလိုင်

ဒီနေ့ခေတ်ရဲ့ တက္ကသိုလ်ကျောင်းသားလေးတွေကို သတင်းဌာနတစ်ခုက ဆဲဗင်းဂျူလိုင်အကြောင်း လိုက်မေးနေတဲ့ အင်တာဗျူးအစီအစဉ်ကို တွေ့မိတယ်။ ကျောင်းသားလေးတွေအများစုက မသိကြ။ ကြားတောင်မကြားဘူးသူတွေချည်း။ အစိုးရအဆက်ဆက်က အမှောင်ချခဲ့တဲ့အတွက် သူတို့လေးတွေမသိတာ မပြစ်မရှိ။ သူတို့လေးတွေသိလာအောင် ပြောပြပေးဖို့ပဲ လိုပါ့မယ်။

"မအ,အောင် သမိုင်းသင်တယ်။" လို့ ဒေါက်တာသန်းထွန်းက ပြောခဲ့တယ်။ သမိုင်းမှန်ကို လူငယ်လေးတွေသိအောင်၊ နားလည်လာအောင် လုပ်ပေးဖို့က လူကြီးတွေရဲ့တာဝန်။ နိုင်ငံရေးဆိုကြောက်တတ်ကြတဲ့ လူကြီးအချို့ကိုလည်း ပြောပြချင်တယ်။ ဒီလူကြီးတွေက အကြောက်တရားနဲ့ ကြီးလာကြတော့ သိအောင် မကြိုးစားခဲ့ကြဘူး။ ဒီလိုနဲ့ သမိုင်းမှန်တွေက ဖုံးရင်းနဲ့ ပျောက်ကွယ်ခဲ့ကြတာမနည်းလှ။

ဆဲဗင်းဂျူလိုင်ဆိုရင် ၁၉၆၂ခုက ဖြစ်ခဲ့တာဆိုတော့ (၅၆)နှစ်ရှိပြီ။ ဒီအဖြစ်အပျက်ကိုမှီခဲ့သူ၊ ပါဝင်ခဲ့သူတွေဟာ အသက်(၇၀)ကျော်တော့ အနည်းဆုံးရှိနေကြပြီ။ သူတို့တွေကလည်း ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ရေးသားနေကြပါတယ်။ အရင်ခေတ်က ဆင်ဆာကြောင့် ပါမလာနိုင်ခဲ့ပေမဲ့ အခုလို လွတ်လပ်လာတဲ့ခေတ်မှာ ဆဲဗင်းဂျူလိုင်ရဲ့ အဖြစ်မှန် သမိုင်းကို အခုခေတ်လူငယ်တွေအပါအဝင် မသိသေးတဲ့လူတွေအတွက် ရည်စူးပြီး လေ့လာမိသမျှထဲက အကျဉ်းချုပ်လေး ပြောပြချင်ပါတယ်။

၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီး တော်လှန်ရေးကောင်စီဆိုတဲ့နာမည်နဲ့ စစ်ကောင်စီဖွဲ့အုပ်ချုပ်တဲ့အခါ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရကို ကျောင်းသားသပိတ်တွေဆင်နွှဲတောင်းဆိုလို့ ရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မေလ(၉)ရက်နေ့မှာ  ပယ်ဖျက်လိုက်တယ်။ တက္ကသိုလ်ကျောင်းဆောင်စည်းကမ်းတွေတင်းကျပ်လိုက်တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ကန့်သတ်တယ်ပေါ့။ (ကျောင်းသားဆိုတာ စာပဲသင်ရမယ်၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ မပါရဘူး။ သမဂ္ဂအဖွဲ့ ဖွဲ့စည်းခွင့်မရှိဘူး။ ဖေါက်ဖျက်ရင်ကျောင်းထုတ်ခံရမယ်ဆိုတဲ့ ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ မောင်လူပေတို့ခေတ်ရဲ့ ခေတ်ဦးပိုင်းကာလတွေပေါ့။)

ဒီလိုလုပ်ရခြင်းအကြောင်းကတော့ ၁၉၅၈ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရတက်လာထဲက ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့ကြတာ တကသ(တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)အဖွဲ့ဝင်တွေပါ။ ပြည်သူ့ဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို အတင်းဖိအားပေးပြီး ခေတ္တဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် စစ်ခေါင်းဆောင်တွေရဲ့အမြင်မှာ ဒီကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေဟာ သူတို့ကိုဒုက္ခပေးနိုင်သူတွေပဲ။ ဒါကြောင့် သမဂ္ဂခေါင်းဆောင်တွေကိုဖမ်းပြီး ကိုကိုးကျွန်းအကျဉ်းထောင်(ယခုဖျက်သိမ်းပြီး)ကိုပို့တဲ့အထိ အရေးယူခဲ့တယ်။ ခေါင်းဆောင်အချို့ကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။

ဒါကြောင့် ၁၉၆၂မှာ ပြည်သူ့အစိုးရကို ဖမ်းဆီးထောင်ချပြီး စစ်အစိုးရစစ်စစ်အနေနဲ့ တက်လာလာခြင်းမှာပဲ တကသဆိုတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ကြီး ကျဆုံးရေးအတွက် ဗျူဟာချလိုက်တဲ့သဘောအနေနဲ့ ကျောင်းဆောင်စည်းကမ်းတွေတင်းကျပ်၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်လိုက်တာပဲ။ ကျောင်းသားတွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို စည်းခြားပြီး သူတို့အလိုကျ အုပ်ချုပ်ဖို့ အစပျိုးခြင်းပါ။ တက္ကသိုလ်နဲ့ပတ်သက်မှုမှန်သမျှကို သူတို့လက်ထဲထည့်လိုက်တဲ့အတွက် ရန်ကုန်တက္ကသိုလ် အဓိပတိ( ဂုဏ်ထူးဆောင် ပါမောက္ခချုပ်) ဟာ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဖြစ်သွားလေတယ်။

ဇူလိုင် (၇)ရက်နေ့မှာ အာဏာသိမ်းတော်လှန်ရေးကောင်စီရဲ့ တရားမမျှတတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ဖို့အတွက် ကျောင်းသားများကို အစည်းအဝေး ခေါ်ပြီး သမဂ္ဂအဆောက်အအုံ အတွင်း ကျင်းပခဲ့ကြတယ်။ ကျောင်းသားတွေ အစည်းအဝေးကျင်းပ နေစဉ် အစည်းအဝေးအတွင်းမှာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြသလို သမဂ္ဂအဆောက်အအုံ ကိုလည်း ‘ဒီမိုကရက်တစ်တပ်ဦး’ ဟုအမည်ပေးခဲ့ကြတယ်။  ဆန္ဒပြမှုတွေကြောင့် ကျောင်းသားခေါင်းဆောင်တချို့ကို ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ကြောင်း သိသွားတဲ့အခါ ကျောင်းသားတွေက သမဂ္ဂအဆောက်အဦရှေ့မှာ ဆန္ဒပြ ကြွေးကြော်ခဲ့ကြပြန်တယ်။ မတရားတဲ့ဥပဒေတွေကို ဆန့်ကျင်ကြဖို့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ တကသအလံကိုင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြတယ်။ နယ်ချဲ့ကို တော်လှန်ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်အောင်ကျော်နေ့ကို သတ်မှတ်ဖို့ သဘောတူပြီး ကျောင်းအဝင်တံခါးဝမှာ ဗိုလ်အောင်ကျော်ကို ပန်းခွေချအလေးပြုကြတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းတို့၊ ကိုအောင်ကျော်တို့ ကိုအောင်ဆန်းတို့ ကိုနုတို့ ကိုရာရှစ်တို့ ကိုညီပိတ်တို့ကို မွေးဖွားပေးခဲ့ရာ ဘူမိနက်သံဖြစ်တဲ့ တကသအဆောက်အဦကြီးထဲမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့အဆိုတွေတင်သွင်းကြ၊ ထောက်ခံကြ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ကြနဲ့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ အလုပ်များတဲ့နေ့။

ရန်ကုနါတက္ကသိုလ်အပြင်မှာတော့ လုံထိမ်းတပ်ကတစ်ထပ်၊ စစ်တပ်က တစ်ထပ်ဝိုင်းထားလိုက်ပါပြီ။ ဒီစစ်ဆင်ရေးကြီးကို ဦးဆောင်ခဲ့သူက ဗိုလ်မှူးစိန်လွင်( နောင် သမ္မတဗိုလ်ချုပ်အငြိမ်းစား)။ သူက ကရင်ခေါင်းဆောင် စောဘဦးကြီးကို အသေပစ်ဖမ်းပြီး နာမည်တက်လာသူ။ လက်ရဲဇက်ရဲ ရှိတယ်လို့ နာမည်ရတဲ့ စစ်ခေါင်းဆောင်မျိုးဆက်သစ်။ ဒါကြောင့် သူ့ကို တာဝန်ပေးတယ်။ အတွင်းကကျောင်းသားတွေကတော့ ကြောက်လန့်ခြင်းကင်းတဲ့ကျောင်းသားစိတ်ဓါတ်အပြည့်နဲ့ စစ်အစိုးရဆန့်ကျင်ရေးတရားတွေကို မကြောက်တန်း ဟောပြောလျှက်ပါပဲ။

အဲဒီ ဂျူလိုင်(၇)ရက်နေ့ညမှာပဲ အာဏာသိမ်းစစ်ကောင်စီက မာရှယ်လောကြေညာပြီး စစ်သားတွေ၊ လုံထိန်းရဲတွေက ကျောင်းတံခါးကိုရိုက်ချိုးဝင်လာကာ မျက်ရည်ယိုဗုန်းနဲ့ပစ်၊ တွေ့သမျှကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ ပြန်လည်ခုခံတဲ့ကျောင်းသားတွေကတော့ သွေးသံရဲရဲနဲ့ ပါသွားခဲ့ပြီး ကျောင်းသားအများစုက တကသအဆောက်အဦကြီးထဲဝင်ပြေးကြတယ်။ အပြင်က ထွက်လာဖို့အမိန့်ပေးပေမဲ့ ထွက်မလာကြဘူး။ အဒီအချိန်မှာ မြန်မာ့အသံဝင်းထဲ တပ်စွဲထားတဲ့ တော်လှန်ရေးကောင်စီဝင်ဗိုလ်ချုပ်တွေက တကသအဆောက်အဦကြီးကို သူပုန်ဌာချုပ်လို့ သပ်မှတ်တာမို့ ဖျက်ဆီးလိုက်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် ညတွင်းချင်းပဲ ဂျီအီးတပ်ကို ဒိုင်းနမိုက်တွေလိုက်ကပ်ဖို့ အမိန့်ပေးပြီး နောက်နေ့ ဂျူလိုင်လ(၈)ရက်နေ့မနက် လင်းအားကြီးအချိန်(၄)နာရီလောက်မှာ ဖေါက်ခွဲဖျက်ဆီးလိုက်ကြပါတော့တယ်။

ရန်ကုန်တမြို့လုံး ပေါက်ကွဲသံကြီးကြောင့် လန့်နိုးခဲ့ကြပြီး မကြာခင်မှာပဲ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး ဖျက်စီးခံလိုက်ရကြောင်း သိခဲ့ကြရတယ်။ ဖေါက်ခွဲဖျက်စီးချိန်မှာ သမဂ္ဂအဆောက်အဦအတွင်း ကျောင်းသားတွေရှိနေတာကြောင့် ကျောင်းသားရာချီပြီး သေဆုံးခဲ့ရတယ်လို့လည်း သတင်းတွေထွက်လာခဲ့တယ်။ သမဂ္ဂအဆောက်အဦထဲကထွက်လာကြဖို့ ပြောပေမဲ့ ဘယ်သူမှထွက်မလာလို့ လူမရှိဘူးလို့သတ်မှတ်ပြီး ဖေါက်ခွဲလိုက်ကြတယ်လို့လည်း ပြောကြတယ်။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ နိုင်ငံခေါင်းဆောင်တွေ မွေးဖွားပေးခဲ့တဲ့ သမိုင်းဝင် တကသအဆောက်အဦကြီး မြေခခဲ့ရပါတော့တယ်။ နှစ်ထပ်တိုက်အဆောက်အဦကြီးတစ်ခုလုံး မြေပေါ်မှာ တစစီဖြစ်သွားစေတဲ့ ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်တဲ့မိုင်းတွေရဲ့အားကြောင့်ဆိုတာ သိသာပါတယ်။ အတွင်းမှာရှိနေမဲ့ကျောင်းသားတွေလည်း အမှုန်ဘဝပြောင်းသွားမှာပါ။

ကျွန်တော်မှတ်သားမိသမျှ ဆဲဗင်းဂျူလိုင်အကြောင်းကို အကျဉ်းမျှ တင်ပြခဲ့ပါပြီ။ ပါဝင်ခဲ့ကြတဲ့ သက်ရှိထင်ရှားရှိနေဆဲကျောင်းသားဟောင်းတွေရဲ့ ပြောပြရေးသားချက်တွေကို မှီငြမ်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်ကြီးကို ကိုးကားပါတယ်။ ဒီစာအုပ်ကြီးကို အချိန်ယူပြုစုပေးခဲ့တဲ့ ကုလားကြီးခေါ် ကိုအောင်ထွန်းအားလည်း ကျေးဇူးတင်ကြောင်း ပြောကြားခွင့်ပြုပါ။

မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မတရားမှုမှန်သမျှကို ရှေ့ဆုံးကဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်များရဲ့သွေးတွေ ဒီနေ့အထိ စွန်းထင်းနေဆဲမို့ သူရဲကောင်း အညတရကျောင်းသားအပေါင်းကိုလည်း လေးစားစွာ အလေးပြုအပ်ပါတယ်။

ဆဲဗင်းဂျူလိုင်လို အဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးကြပါစေ။

ချစ်တဲ့

မောင်လူပေ

အမေရိကားရဲ့ လွတ်လပ်ရေးနေ့

အမေရိကားရဲ့ လွတ်လပ်ရေးနေ့

ဒီနေ့ July 4th က အမေရိကားရဲ့လွတ်လပ်ရေးနေ့ပါ။ လွန်ခဲ့တဲ့(၂၄၂)နှစ်ခန့်က ၁၇၇၆ခုနှစ် ဂျူလိုင်လ(၄)ရက်နေ့မှာပေါ့။ အင်္ဂလိပ်ပိုင် ကိုလိုနီပြည်နယ်(၁၃)ခု စုပေါင်းပြီး 'အမေရိကန်ပြည်ထောင်စု' ဆိုတဲ့ နိုင်ငံသစ်တစ်ခုတည်ထောင်ကြောင်း ပြည်ထောင်စုလွှတ်တော်က လွတ်လပ်ရေးကြေညာစာတမ်းနဲ့ တရားဝင် ကြေညာခဲ့တယ်။ ဒါကြောင့် တရားဝင် လွတ်လပ်ရေးနေ့အဖြစ် ဒီနေ့ရောက်တိုင်း အမေရိကန်တွေဟာ မီးရှူးတွေဖေါက်၊ ချီတက်ပွဲတွေလုပ်၊ ပျော်ပွဲတွေကျင်းပပေါ့။ အသားကင်ကြိုက်တဲ့လူမျိုးတွေမို့ BBQ တွေလုပ်ကြတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ ပြန်ဆုံကြတယ်။ သူတို့ကြိုက်တဲ့ ဘေ့စ်ဘော(Baseball)အားကစားနည်း ကစားသူလည်းရှိရဲ့။ အားပေးသူလည်းရှိရဲ့။

အမေရိကားကို တည်ထောင်သူဖခင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သောမတ်ဂျက်ဖာဆင်(Thomas Jefferson)အပါအဝင် ငါးဦးသောကော်မတီဝင်တွေရေးထားတဲ့ 'လွတ်လပ်ရေးကြေညာစာတမ်း’ (Declaration of Independence)ကို လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာကတော့ ဂျူလိုင်(၂)ရက်နေ့။ တရားဝင်ထုတ်ပြန်ကြေညာတာက ဂျူလိုင်(၄)ရက်နေ့မှပေါ့။

တကယ်တော့ အမေရိကားကို မူလပထမအခြေချသူတွေက အာရှသားတွေပါ။ လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းခွဲရောက်ထဲက ရောက်ခဲ့ကြတယ်။သူတို့ကို အင်ဒီးယန်း(Indian)၊ အိန္ဒိယနိုင်ငံသားတွေရယ်လို့ ၁၄၉၃မှာမှ ရောက်လာခဲ့သူ ကိုလံဘတ်ဆိုတဲ့ လူဖြူကြီးက ထင်ခဲ့လေတော့ အခုထိ သူတို့ကို ဌာနေအင်ဒီးယန်း(Native Indian) လို့ပဲ ခေါ်ကြလေတယ်။ ကိုလံဘတ်ကောင်းမှုနဲ့ စပိန်တွေရောက်လာ။ မကြာခင် ပြင်သစ်တွေအခြေချ၊ အင်္ဂလိပ်တွေရောက်ပေါ့။ ဥရောပမှာ ကက်သလစ်ဘုန်းတော်ကြီးတွေ ကြီးစိုးထားမှုကို မကြိုက်တဲ့ ခရစ်ယာန်ဘာသာရေးလွတ်လပ်မှုလိုလားသူ အများစုပါပဲ။

ရောက်စမှာ ဌာနေအင်ဒီးယန်းတွေရဲ့အကူအညီနဲ့ ထွန်ယက်စိုက်ပျိုးနေထိုင်ကြတယ်။ ဥရောပကပြောင်းလာသူတွေ တဖြည်းဖြည်းများလာတော့ ဌာနေအင်ဒီးယန်းတွေနဲ့တိုက်ပွဲဖြစ်ကြတယ်။ နောက်တော့ အင်္ဂလိပ်က နယ်ချဲ့လာရင်း ကိုလိုနီပြည်နယ်(၁၃)ခုဟာ အင်္ဂလိပ်လက်အောက်ရောက်သွားပါရော။  အဲဒီအချိန်က လူဦးရေနှစ်သန်းပိုပိုလေး(၂.၁သန်း)ပဲရှိတယ်။ လူဦးရေသုံးပုံတစ်ပုံက အင်္ဂလိပ်တွေပဲ။ ဒါပေမဲ့ သူတို့က အုပ်ချုပ်သူအင်္ဂလိပ်တွေနဲ့ ခပ်ကင်းကင်းနေတယ်။ အင်္ဂလိပ်ဘုရင်က အခွန်ပေးဖို့တောင်းတဲ့အခါမှာ သူတို့လည်းအင်္ဂလိပ်တွေပဲမို့ ဥပဒေပြုရေးအမတ်နေရာမရရင် အခွန်မပေးနိုင်ဘူးလို့ ငြင်းဆန်ရာက အင်္ဂလိပ်နဲ့စစ်ဖြစ်တော့တယ်။

၁၇၇၆ခုနှစ်ထဲက လွတ်လပ်ရေးကြေညာခဲ့ပေမဲ့ အင်္ဂလိပ်နဲ့စစ်ပြီးစီးကြောင်းစာချုပ်ကို ခုနှစ်နှစ်အကြာ ၁၇၈၃ ရောက်မှရေးထိုးနိုင်ခဲ့တာပါ။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၇မှာ စတင်ရေးဆွဲခဲ့တယ်။ အခြေခံဥပဒေအရ အာဏာကို သမ္မတဆီမှာတစ်ပိုင်း၊ အထက်လွှတ်တော်မှာတစ်ပိုင်းနဲ့ အောက်လွှတ်တော်မှာ တစ်ပိုင်းဆိုကာ သုံးပိုင်းခွဲလိုက်ပြီး အချင်းချင်း အပြန်အလှန်ထိမ်းကြောင်းစေတယ်။

အမေရိကားလွတ်လပ်ရေးစစ်ပွဲမှာ စစ်တပ်ကြီးကိုဦးဆောင်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျော့ခ်ျ ဝါရှင်တန်ဆိုတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးပေါ့။ အင်္ဂလိပ်နဲ့ စစ်ပြီးဆုံးသွားတဲ့အခါ သူ့ကို ဘုရင်လုပ်ဖို့ ဝိုင်းပြီးတိုက်တွန်းကြသတဲ့။ အာဏာရှင်လုပ်ဖို့ တိုက်တွန်းမှုကို လက်မခံလိုတဲ့ စစ်ဗိုလ်ချုပ်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစေပြီး ရွေးကောက်ခံသမ္မတပဲလုပ်ဖို့ လက်ခံခဲ့တယ်။ သမ္မတသက်တန်းကိုလည်း လေးနှစ်သက်တမ်းနှစ်ကြိမ်၊ (၈)နှစ်အထိသာ ခွင့်ပြုစေခဲ့တယ်။ ဒါကြောင့် အမေရိကန်စစ်ဗိုလ်ချုပ်ကြီးက အာဏာရှင်ကြီး မဖြစ်လာခဲ့။ (အမေရိကန်တွေ ကံကောင်းခဲ့လေတယ်။)

ပြည်နယ်(၁၃)ခုနဲ့ စတင်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုဟာ အခုအချိန်မှာတော့ ပြည်နယ်(၅၀)အထိရောက်ရှိလာခဲ့ပြီ။ လူဦးရေကလည်း နှစ်သန်းကနေ သန်းသုံးရာကျော်ခဲ့ပြီ။ ကမ္ဘာ့နံပါတ်တစ် နေရာများစွာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ စီးပွားရေး၊ စစ်ရေးမှာ အကြီးဆုံးနိုင်ငံမို့ ကမ္ဘာ့နိုင်ငံများရဲ့ လေးစားအားကိုးရာ နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီ။ ပြည်သူတွေ လွတ်လပ်ရေးရဲ့အသီးအပွင့်တွေ ခံစားရင်း နိုင်ငံလည်း တိုးတက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ။

အမေရိကားရဲ့ မတူညီသူအားလုံးကို စုစည်းထားနိုင်မှုသော့ချက်ကတော့ ' အမေရိကန်အိပ်မက်(American dreams)' ကို တန်းတူမက်ခွင့်ပြုခြင်းပါပဲ။ ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် ခွဲခြားမှုရှိနေသေးပေမဲ့ ဥပဒေနဲ့တင်းကြပ်ထားမှုကြောင့် အလွန်အကျွံဖြစ်မလာခဲ့။ လူဖြူလက်ယာစွန်းဖြစ်တဲ့ ရီဗာဗလစ်ကင် သမ္မတထရန့်လိုလူရဲ့ လက်ထက်မှာတောင် တရားဥပဒေစိုးမိုးမှုအဆင့်ဆင့်ရဲ့ အားနဲ့ မတရားမှုအစုံစုံကို လစ်ဘရယ်ဒီမိုကရက်အုပ်စုက တန်ပြန်ဆန့်ကျင်နေကြတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို Americanization အရ အမေရိကန်နိုင်ငံသားတွေမို့ အခွင့်အရေးအတူတူ ရရှိစေတယ်။ မြန်မာ အမေရိကန်(Burmese American) တွေကတော့ ပထမမျိုးဆက်တွေက အများစုပါ။ ဒုတိယမျိုးဆက်တွေက အခုဆိုရင် အသက်နှစ်ဆယ်ကျော်သုံးဆယ်အရွယ်တွေ။ ပညာတတ်လူငယ်မျိုးဆက်တွေပေါ့။ မြန်မာ အမေရိကန် ဒုတိယမျိုးဆက်တစ်ခုထဲမှာပဲ လူငယ်သောင်းချီရှိမယ်။

ကျွန်တော်တို့ရဲ့ မြန်မာပြည် ရွှေပြည်ကြီးမှာတော့ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုပေါင်းစုံလက်အောက်မှာ ခါးစီးခံခဲ့ရလို့ ခုထိ နလံမထနိုင်သေး။ လွတ်လပ်ရေးရပြီးဆယ်နှစ်ကျော်မှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းခြင်း ခံခဲ့ရတယ်။ အခုလို ပြည်သူ့အစိုးရခေတ်မှာတောင် စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေက သူတို့အဘတွေပြန်လာရေးကို ခုထိကြိုးစားနေကြတုန်း။ ဒီမိုကရေစီအစိုးရဆိုပေမဲ့ စစ်အာဏာရှင်အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ခြေဥကြီးအောက်မှာ ကပြအသုံးတော်ခံနေရတဲ့ အနေအထား။  တပ်မတော်နဲ့အစိုးရကလည်း ယခုတိုင် အစီးမကပ်သေး။

အမေရိကားကြီး အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးကြေညာတဲ့ ၁၇၇၆ခုနှစ်ဝန်းကျင်ဟာ မြန်မာပြည်အတွက် ရွှေခေတ်တွေပါ။ အလောင်းဘုရားက ကုန်းဘောင်မင်းဆက်တည်ထောင်ပြီး တတိယမြန်မာနိုင်ငံကြီးတည်ထောင်ပြီးချိန်၊ သားတော်တင်ဖြူရှင်မင်းလက်ထက်မှာ တရုတ် မြန်မာစစ်ပွဲလေးကြိမ်တိတိကို အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်။ ယိုးဒယားပြည်တစ်ခုလုံးနီးပါး၊ အာသံ၊ မဏိပူရအထိ ပိုင်ဆိုင် နယ်ချဲ့နိုင်ခဲ့ကြတယ်။ မြန်မာနယ်ချဲ့ခေတ်ကောင်းနေချိန်ပေါ့။

အဲဒီနယ်ချဲ့မြန်မာအင်ပါယာကြီးဟာ နှစ်ပေါင်းတစ်ရာကျော်အတွင်း တစစနဲ့ အားအင်ချိနဲ့ရင်း ၁၈၈၆မှာတော့ အင်္ဂလိပ်နယ်ချဲ့အောက်ရောက်သွားလေတယ်။ ကိုယ်က အင်အားကောင်းချိန်မှာ သူများကို နယ်ချဲ့ခဲ့လေတော့ ကိုယ်တိုင်အင်အားညံ့ချိန်မှာ သူများရဲ့ နယ်ချဲ့ခြင်းခံရတဲ့သဘောပါပဲ။ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရခဲ့တာ နှစ်(၇၀)ရှိခဲ့ပေမဲ့ စစ်အာဏာရှင်ကြီးတွေ အဆက်ဆက်ရဲ့ လွဲမှားတဲ့ အာဏာတည်ဆောက်ရေးအောက်မှာ ပြည်သူတွေနဲ့ သဘောထားတွေကွဲကြ၊ တိုင်းရင်းသားတွေနဲ့တိုက်နေကြတဲ့ ပြည်တွင်းစစ်မီးကြီးကလည်း ခုထိ မငြိမ်းနိုင်သေး။

စစ်အစိုးရအဆက်ဆက်မှာ မြန်မာပြည်ကြီးကို နိုင်ငံတကာနဲ့အဆက်ဖြတ်ခဲ့တဲ့ အကျိုးဆက်ကတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝ ရောက်ခဲ့ရခြင်းပါပဲ။ ခုထိလည်း ဥပဒေအမျိုးမျိုးအောက်မှာ ပြည်သူတွေ ဒုက္ခပင်လယ်။ လွတ်လပ်ရေးရဲ့အသီးအပွင့်ကို စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဦးပိုင်၊ စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီအုပ်စုကသာ တင်းပြည့်ကျပ်ပြည့်ခံစားခွင့်ရနေတဲ့အဖြစ်။ တပ်ကလည်း အာဏာအရပ်ရပ်မှာ လက်ဝါးကြီးအုပ်ထားဆဲ။

အမေရိကားရဲ့ လွတ်လပ်ရေးနေ့ရောက်တိုင်းလည်း မြန်မာပြည်ကြီး အမှန်တကယ် အေးချမ်း၊ လွတ်လပ်ပါစေကြောင်း ဆုတောင်းမိတာ အခါခါ။ မြန်မာပြည်သားအပေါင်းကလည်း ၂၀၀၈ခြေဥကြီးအောက်က လွတ်မြောက်တဲ့ လွတ်လပ်ရေးနေ့ကို စောင့်မျှော်နေမှာ မလွဲ။

မြန်မာပြည် ငြိမ်းချမ်းသာယာပါစေကြောင်း ဆုတောင်းလျှက်ပါ။

ချစ်တဲ့

မောင်လူပေ

မင်္ဂလာပါတိုင်းပြည်

မင်္ဂလာပါ.. တိုင်းပြည်သို့တစ်ခေါက်

" မင်္ဂလာပါရှင်၊ လူကြီးမင်းများ စီးနင်းလိုက်ပါလာသော မြန်မာ့လေကြောင်းပိုင် Airbus A380 လေယာဉ်ကြီးဟာ မကြာမှီအချိန်အတွင်း ဒလအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ ဆင်းသက်တော့မှာဖြစ်ပါတယ်။ ထိုင်ခုံခါးပတ်များပတ်ထားခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။"

လေယာဉ်မယ်လေး၏ ချိုသာသောအသံက အိပ်ပျော်နေသူ မောင်လူပေကို လှုပ်နိုးလိုက်သည်။ ဆန်ဖရန်၊ရန်ကုန်တိုက်ရိုက်ပျံသန်းနေပြီဖြစ်သော မြန်မာ့လေကြောင်းဖြင့် ဆယ့်သုံးနာရီကျော်စီးနင်းခဲ့ရင်း ပင်ပန်းလှ၍ ခေတ္တအိပ်ပျော်သွားရမှ နိုးလာခဲ့လေပြီ။ လေယာဉ်ကြီးကား ရန်ကုန်မြို့တော်သစ်ကြီးပေါ်တွင် ပျံဝဲနေလေ၏။ အထပ်ပေါင်းရာချီမြင့်သည့် မိုးမျှော်တိုက်ကြီးတွေအစီအရီဖြင့် ရန်ကုန်မြို့သစ်ကြီးကားခန့်ညားပေစွ။ မီးရောင်စုံတွေထိန်ညီးလို့။ နိုင်ငံတကာမြို့တော်များနှင့်အပြိုင် လှပသာယာလျှက်။

ဒလဆေလိပ်ကြီးက အရှေ့တောင်အာရှ၏ အကြီးဆုံးလေဆိပ်ကြီးပီသစွာ လေယာဉ်တွေ ပျားပန်းခပ်မျှ ဝင်ထွက်နေကြလေသည်။ လေယာဉ်ပြေးလမ်းဆယ်ခုကျော်တွင် လေယာဉ်များစွာ ပျံတက်ရန်စောင့်သူစောင့်၊ ဆင်းသက်ရန်စောင့်သူစောင့်နှင့် ကြည့်လို့ပင်လှသေး။ အမေရိကား၏ နာမည်ကျော် ဆန်ဖရန်လေဆိပ်ထက်ပင် စည်ကားပေစွ။

" ဒလလေဆိပ်ကြီးက အရမ်းလှသလို အရမ်းကြီးတယ်အကို၊ Terminals တွေအများကြီးပဲ။ sky train တွေနဲ့မို့သာ အလွယ်တကူသွားလို့ရတာ။ ရန်ကုန်မြို့ဟောင်းကိုလည်း မြေအောက်ရထားနဲ့ အခမဲ့ပို့ပေးသေးတယ်။ အကိုက ရန်ကုန်မြို့ဟောင်းကိုသွားမှာမို့ အဆင်ပြေမှာပါ။ " ဟု ဘေးမှ အတူပါလာသည့် မြန်မာလူငယ်လေးက မောင်လူပေကို လမ်းညွှန်သည်။ Airbus ကြီး တစ်စီးလုံးလည်း မြန်မာတွေချည်း။ နိုင်ငံခြားသားအနည်းငယ်သာပါ၏။

" နိုင်ငံခြားသားတွေက ဈေးပေါတဲ့ လေကြောင်းလောက်ပဲ စီးနိုင်ကြတယ်လေ။ မြန်မာတွေကတော့ ကိုယ့်လေကြောင်းပဲအားပေးတာ။ မြန်မာတိုးရစ်တွေက လေးငါးသန်းလောက်အမြဲခရီးသွားနေတော့ မြန်မာ့လေကြောင်းက Airbus တွေရော၊ Boring တွေရော အစီးရာကျော်လည်း မလောက်ဘူး။ နောက်ထပ်အစီးငါးဆယ်ကျော် ထပ်မှာထားရသတဲ့။"

ထိုလူငယ်လေးက တောသားမောင်လူပေကို ဆက်ပြောပြနေပြန်၏။ ဟုတ်ပါသည်။ မောင်လူပေက တောသားပေကိုး။ ဆန်ဖရန်ဆိုတဲ့တောမှာနေတော့ ခေတ်မှီမြို့တော်ကြီးရန်ကုန်မြို့သစ်နှင့် စိမ်းလှသည်။ ရသည့်လခနှင့် ရုန်းကန်နေရသဖြင့် ခရီးမထွက်နိုင်။ အခုလိုထွက်လာဖို့ပင် ငါးနှစ်ကျော်စုခဲ့ရသည်မဟုတ်လား။

" မြန်မာတွေကတော့ အရမ်းကို ခရီးသွားကြတာအကိုရေ။ ခေတ်မှီ ITတို့ AI တို့ရဲ့ ရုံးချုပ်တွေက ရန်ကုန်မြို့သစ်မှာမဟုတ်လား။ အာရှတိုက်တစ်ခုလုံးကို Service ပေးနေရတာ။ customers တွေကလည်း တိုးတိုးလာတော့ လုပ်ငန်းတွေမှာ  မြန်မာတွေနဲ့မလောက်တော့လို့ အိမ်နီးချင်း အိန္ဒိယတို့တရုတ်တို့က ပညာရှင်တွေခေါ်သုံးနေရတာ။ သူတို့က လာချင်သူများလို့ အရမ်းတော်သူပဲလက်ခံရတယ်။"

လူငယ်လေးက ဆက်ပြောနေပြန်သည်။ သူပြောမှစဉ်းစားမိ၏။ အခုတလော အိန္ဒိယမှ IT ပညာရှင်တွေ အမေရိကားကို အလာနည်းတာ ဒါကြောင့်ဖြစ်မှာပါ။ မြန်မာက အိမ်နီးချင်းနိုင်ငံမို့ သွားလာရနီးသည်။ လခလည်းပိုရသည်။ သည်တော့ သူတို့တွေ အမေရိကားလာဖို့ စိတ်ဝင်စားပုံမရတော့။ မြန်မာသို့ ဝင်ခွင့်မရသော ကျန်သူလောက်သာ အမေရိကားသို့ ရောက်လာပုံပေါ်၏။

မြန်မာပြည်၏ တိုးတက်မှုကားအံ့မခန်း။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါလှသဖြင့် အခြေခံအလုပ်တွေကို မြန်မာတွေမလုပ်ကြတော့။ လယ်ယာစိုက်ပျိုးရေးတို့ စက်ရုံ အလုပ်ရုံတို့မှာ အလုပ်လုပ်ဖို့ အိမ်နီးချင်း ထိုင်း၊ လာအို၊ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဆယ်သန်းကျော်လောက် ရောက်နေကြသတဲ့။ ဒါကြောင့် အကြော်သည်အဒေါ်ကြီးတို့ ကွမ်းယာသည်ကြီးတို့ ဆိုက်ကားဆရာကြီးတို့တောင် ကမ္ဘာပတ်နေလေပြီ။

လေယာဉ်ပြေးလမ်းရှည်ကြီးကို ပြေးနေရသောလေယာဉ်ကြီးကား  Arrival သို့ ဆိုက်ရောက်ပေပြီ။ ပြွန်ရှည်ကြီးမှ ထွက်လိုက်သည်နှင့် ပိတောက်ရနံ့တွေ လွှတ်ပေးထားသဖြင့် မွှေးကြိုင်အေးမြနေသော ဒလလေဆိပ်၏ လျှောက်လမ်းကြီးကိုတွေ့ရ၏။ လေယာဉ်ကွင်းအမှုထမ်းများကလည်း "မင်္ဂလာပါ၊ မင်္ဂလာပါ" နှင့် ယဉ်ကျေးပျူငှာစွာ ဖြင့် ကြိုနေကြလေသည်။

လမ်းညွှန်ဆိုင်းပုဒ်တွေက ဘာသာပေါင်းစုံဖြင့် ရေးထားသလို လေယာဉ်ကွင်းမှ ဧည့်ကြိုများကလည်း ဘာသာပေါင်းစုံပြောနိုင်သူတွေမို့ လာသမျှခရီးသွားများဖြင့် အဆင်ပြေနေကြသည်ကို တွေ့ရ၏။ ဒါကြောင့်လည်း ကမ္ဘာ့ခရီးသွားမဂ္ဂဇင်းကြီး၏ ' ခရီးသွားများအကြိုက်ဆုံးလေဆိပ်ကြီးဆယ်ခု' စာရင်းတွင်နံပါတ်တစ်ဖြစ်နေခြင်းပင်။ အမေရိကားလေဆိပ်တွေပင် ဒီစာရင်းမှာမပါဝင်။

ဆိုက်ရောက်ဗီဇာယူရန် ကွန်ပြူတာတွေရာချီရှိနေသည်။ ကိုယ့်ပတ်စပို့ကို scan ဆွဲ၍ ထည့်လိုက်သည်နှင့် ဗီဇာစာရွက်ငယ်ထွက်လာ၏။ လွယ်ပါဘိခြင်း။ မည်သည့် immigration officer ကိုမျှ ဖြတ်ရန်မလို။ သူတို့က လိုအပ်သည်ကိုကူညီနိုင်ရန်သာ ဘေးမှာစောင့်နေကြလေသည်။

Custom ဖြတ်တာလည်း အလွန်လွယ်သည်။ ကိုယ့်မှာပါလာသည့် အိပ်စာရင်းကို ကွန်ပြူတာမှာ scan လုပ်လိုက်သည်နှင့်မကြာမှီ ကိုယ့်အိပ်တွေက ကိုယ့်ရှေ့သို့ရောက်လာ၏။ တွန်းလှည်းပေါ်တင်ပြီးသား။ AI တွန်းလှည်းမို့ ကိုယ်သွားသည့်နောက်လိုက်နေမည်သာ။ တွန်းရန်လည်းမလိုတော့။ ပါလာသည့်ဒေါ်လာကိုလည်းလဲရန်မလို။ မြန်မာကျပ်ငွေက ဒေါ်လာနှင့် ညီမျှသည်။ မြန်မာတစ်ကျပ်၊ တစ်ဒေါ်လာနှုန်းမို့ မြန်မာပြည်တွင် ဒေါ်လာငွေရော မြန်မာငွေပါ နှစ်မျိုးသုံးနိုင်ပါ၏။

လေယာဉ်ပေါ်မှလူငယ်လေး လမ်းညွှန်သည့်အတိုင်းလေဆိပ်မြေအောက်သို့ဆင်းလိုက်သည်နှင့် မြေအောက်ရထားကွန်ယက်ကြီးကိုတွေ့ရလေသည်။ နိုင်ငံအနှံ့သို့ ကျည်ဆံရထားများနှင့် သွားနိုင်ပါသေး၏။ မန်းလေးသို့သွားလိုလျှင်(၂)နာရီသာကြာမည်။ မြစ်ဆုံအထိသွားပါမှ (၄)နာရီသာကြာမြင့်ပေ၏။ မမဟု အတိုကောက်ခေါ်သော မြန်မာ့မီးရထားပိုင် ကျည်ဆံရထားအသစ်စက်စက်ကြီးတွေကား တစ်စီးပြီးတစ်စီး သက်ဆိုင်ရာဘူတာများသို့ဝင်ထွက်လျှက်။

ရန်ကုန်မြို့သစ်မှ မြို့ဟောင်းသို့ပို့ဆောင်မည့် မြေအောက်ရထားကလည်း သန့်ရှင်းလျှက်။ အခမဲ့ရထားဆိုသော်လည်း ဝန်ထမ်းတွေက ဧည့်ဝတ်ကျေလှသည်။ ရထားအတွင်းမှာ လေအေးစက်ကြောင့်အေးစိမ့်လှ၍ ခရီးဆောင်အိပ်တွင်းမှ အနွေးထည်ပင် ယူဝတ်လိုက်ရသေး၏။

မြေအောက်ရထားဟုဆို
သော်လည်း ဒလလေဆိပ်မှထွက်သည်နှင့် မြေပေါ်တက်သွားသည်။ ရန်ကုန်မြို့သစ်ကြီး၏ အလှကို ရထားစီးရင်းခဏတာ ခံစားနိုင်ဖို့ စီမံပေးထားခြင်းပင်။ ဒလမြို့သားများက နောက်ဆုံးပေါ်မာစီးဒီး၊ ဘီအမ်ဒဘလျှူ၊ အော်ဒီစသည့် ကားများဖြင့် သွားလာနေကြသည်။ ထိုကားကုမ္ပဏီများကိုလည်း ဥရောပစီးပွားပျက်ချိန်တွင် မြန်မာပြည်မှ အပြီးပြတ်ဝယ်ထားပြီဖြစ်၍ မြန်မာပိုင်ကားတွေဖြစ်နေလေပြီ။ မြန်မာပြည်၏ မူလပထမကားကုမ္ပဏီဖြစ်သော ဗိုလ်အုန်းသီးတံဆိပ်ကားအမျိုးအစားသာလျှင် ခေတ်မှီဇိမ်ခံကားဖြစ်သောကြောင့် ငွေအကြေပေး၍မှာသူရှိမှသာ ထုတ်လုပ်ပေးသည်။ ဒေါ်လာသန်းချီတန်ဖိုးရှိသော ဗိုလ်အုန်းသီးကားကို အင်္ဂလန်ဘုရင်မကြီး၊ ဂျပန်ဘုရင်ကြီး၊ အမေရိကန်သမ္မတကြီးတို့မှ မှာယူရာတွင် ကျည်ကာမှန်များ၊ ဗုန်းဒါဏ်ခံသတ္တုများ၊ ရွှေထိုင်ခုံများထည့်ပေးရသည်ဟု ကြားသိရ၏။ Custom made Bo Ohn Tee Car ဟူသည် ဆယ်လီများနှင့် ဘီလီယံနာများ အတွက်သာ။

တိုယိုတာ၊ ဟွန်ဒါ၊ ဟွန်ဒိုင်း၊ ကီယာ စသော ကားများကို လက်လုပ်လက်စားအနည်းစုနှင့် ရွှေ့ပြောင်းအလုပ်သမား နိုင်ငံခြားသားများသာ စီးကြပါ၏။ မြန်မာများကား အလုပ်အကိုင်ကောင်းကြသဖြင့် မြန်မာပိုင်ကားများကိုစီးနိုင်ကြပေ၏။ လမ်းများကလည်း တောက်ပြောင်သန့်ရှင်းလျှက်။ အလွန်စည်းကမ်းရှိလှသော လူမျိုးများဟု ကမ္ဘာက လေးစားလောက်ပေသည်။ ကားတွေများလှသော်လည်း ဟွန်းသံမကြားရ။ မိုးပျံလမ်းတွေပေါ်မှာ စည်းကမ်းတကျ မောင်းနှင်နေကြပါသည်။

ဒလမှရန်ကုန်မြို့ဟောင်းသို့ မိုးပျံရထားလမ်း၊ ကားလမ်းများဖြင့် ဆက်သွယ်ထား၏။ တချိန်က ကိုးရီးယားအကူအညီဖြင့် ဆောက်ခဲ့ရသည်ဆိုသော ဒလတံတားအိုကြီးကိုလည်း မလှမ်းမကမ်းမှာတွေ့နေရပါ၏။ ရှေးဟောင်းတံတားကြီးအဖြစ် ပြသထားဟန်ရှိသည်။ အခုအခါမှာတော့ မြန်မာအင်ဂျင်နီယာများက ကိုးရီးယားသို့သွား၍ တံတားသစ်တွေဆောက်ပေးနေလေပြီပေါ့။ တချိန်က ကိုယ့်နိုင်ငံကို ကူညီခဲ့ဖူးသဖြင့် သူ့ကျေးဇူးသိသည့် မြန်မာတွေပါ။

အဝေးတွင် ကွန်တိမ်နာဆိပ်ကြီးကိုလည်း မြင်နေရ၏။ ပေလေးဆယ်ကွန်တိမ်နာတင်ချပေးမည့် ကရိမ်းတွေက ရာချီလျှက် အလုပ်ဝင်နေကြသည်။ မြန်မာပြည်တွင် စက်ရုံများသောင်းချီသိန်းချီ တည်ထားပြီးဖြစ်၍ ကမ္ဘာ့နိုင်ငံများသို့ Made in Myanmar တံဆိပ်ပါ ကုန်ပစ္စည်းများ ပို့ဆောင်ရေးတွင် ဒီဆိပ်ကမ်းကြီးက အသုံးဝင်လှပါ၏။ မြန်မာပြည်အနှံ့ စက်မှုဇုန်တွေအပြည့်၊ ခေတ်မှီလယ်ယာတွေ မျက်စိတဆုံး။ နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်ထားသော စားသောက်ကုန်များကလည်း လူကြိုက်များလှသဖြင့် ကမ္ဘာက မှာသလောက်ပင် မပို့နိုင်သေးပါ။ မြန်မာ့ပိတောက်ဆန်သည် ယိုးဒယား၏ စပယ်ဆန်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို အုပ်စီးနိုင်ခဲ့တာ ကြာခဲ့ပါပေါ့။ လယ်ယာမြေတွေ ရွှေသီးတော့ လယ်ယာဦးကြီးတွေ ကမ္ဘာလှည့်နိုင်ကြတာ မဆန်းလှပါ။

Kpop နေရာတွင် Mpop တွေ နေရာယူခဲ့ရာမှ အာရှတလွှား Mpop fever ဟုပင် ခေါ်ရသည်အထိ မြန်မာလူငယ်မျိုးဆက်များ၏ အနုပညာအရည်အသွေးကား တောက်ပြောင်ပေစွ။ Mpop musics, moves, TV series စသည်ဖြင့် မြန်မာပြည်၏ ထုတ်ကုန်သစ်များမှ ရသသည့် ဝင်ငွေကပင် နှစ်စဉ်မနည်းလှ။ ကမ္ဘာ့လူငယ်တွေရဲ့နှလုံးသားမှာ Mpop တို့ရဲ့ မင်္ဂလာပါတွေ ရောက်ရှိခဲ့ပြီပေါ့။

အလွန်တိုးတက်ပြီး ခေတ်မှီခန့်ညားလှသော မြန်မာပြည်ကြီးကား ကမ္ဘာ့အလယ်တွင် တင့်တယ်လွန်းစွ။ မြန်မာပတ်စပို့ကိုင်သူများကိုလည်း လူတိုင်းက အားကြစွာကြည့်ကြရသဖြင့် ထိုသူတွေမှာ ဂုဏ်ရှိပေစွ။ ဘယ်နိုင်ငံရောက်ရောက် မြန်မာပတ်စပို့ ပြလိုက်သည်နှင့် အားလုံးက တလေးတစားဆက်ဆံကြသည်၊ မင်္ဂလာပါဟု ပြန်လည်နှုတ်ဆက်ကြသည်။ မြန်မာပတ်စပို့အနီလေး၏ ပါဝါကားကြီးပေစွ။

ထိုမြန်မာနိုင်ငံဟူသည်မှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုလည်းဖြစ်၊ အယဉ်ကျေးဆုံး ၊အသန့်ရှင်းဆုံး စည်းကမ်းအရှိဆုံး လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာ့အလယ် ထည်ဝါခဲ့ပြီ ဖြစ်လေရာ မြန်မာဖြစ်ရတာ ဂုဏ်ယူစရာပင်။ မင်္ဂလာရှိသောလူမျိုး၊ မင်္ဂလာရှိသောတိုင်းပြည်၊ မင်္ဂလာတိုင်း....... တိုင်း...... တိုင်း........ ။

"ကလူပေ၊ ကလူပေ။ ထ..ထ။ နေ့ခင်းကြီးအိပ်နေရသလား။ "

မဒန်ပေက လာနှိုးမှပဲ တကယ်နိုးပေပြီပေါ့။ ယူကျူ့မှာ မြန်မာအိုင်ဒေါမှ မောင်ချိုကို အားပေးရင်း မျက်စိညောင်းကာ အိပ်ပျော်နေခြင်းပင်။ အိပ်မက်ထဲမှာ မင်္ဂလာပါ တိုင်းပြည်သို့ အလည်သွားနေမိခြင်းဖြစ်ပါ၏။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ နောာင်လာမဲ့နှစ်ငါးဆယ်လောက်ကို ကြိုပြီးအိပ်မက်နေတယ်ပဲဆိုဆို၊ မဖြစ်လာဘူးလို့ မည်သူပြောနိုင်သနည်း။  အခုတောင် စင်ကာပူကို မှီရန်မဝေးတော့ပြီတဲ့။ သတင်းထဲမှာတွေ့သည်။  ဒါကြောင့်မို့ နောင်နှစ်ငါးဆယ်မှာ မြန်မာပြည်ကြီး ဒီလိုတိုးတက်နေမှာ သေချာပါသည်ဟု မောင်လူပေ၏ အိပ်မက်မှ နမိတ်ပေးနေပါကြောင်း။

ချစ်တဲ့

မောင်လူပေ

(နောင်နှစ်ငါးဆယ်မှာ မဖြစ်လာတော့လည်း ဆဲကြပေါ့ဗျာ။ အဲဒီအချိန်ဆို မောင်လူပေလည်းသေပြီ။ ဆဲလည်း ဂရုမစိုက်။ တိန်..)

ဝင်ငွေနည်းကြသူများ

ဝင်ငွေနည်းကြသူများ

ဒေါ်လာတွေဈေးတက်တော့ ဝင်ငွေနည်းသူတွေဒုက္ခတွေ့မှာပဲလို့ ပူမိတယ်။ ကုန်ဈေးနှုန်းက ထပ်ချပ်မကွာ လိုက်တက်တော့မှာကိုး။ ဝင်ငွေနည်းတဲ့ဒုက္ခပေါ့လေ။

အဲ့ဂလို ဝင်ငွေနည်းသူတွေအတွက် ပူပန်နေတုန်း သတင်းတစ်ခုဖတ်ရတယ်။  မောင်လူပေတို့နေတဲ့ Bay Area မှာ တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်း တစ်သောင်း ခုနှစ်ထောင့်လေးရာ ( $ 117400.00) ရသူက ဝင်ငွေနည်းသူဖြစ်ပါသတဲ့။ အဲဒီသတင်းဖတ်ရမှပဲ ကိုယ်ကိုယ်တိုင်ကလည်း ဝင်ငွေနည်းသူ ဖြစ်နေတာ ပြန်သတိရတယ်။ မေ့နေတာ။

အမေရိကန်ဒေါ်လာတစ်သိန်းကျော်၊ ဂဏန်းခြောက်လုံးဝင်ငွေရှိရင် (six figures) ဆိုပြီး အရင်ကသိပ်အထင်ကြီးခဲ့ရတာ။ ကိုယ်တိုင်က ဝင်ငွေ ဂဏန်းငါးလုံးပဲရှိတော့ အားကြရတာပေါ့လေ။ ခုတော့ သူတို့လည်း ကိုယ်တွေလို ဝင်ငွေနည်းသူတွေပါပဲကလား။

ဒေါ်လာဈေးတက်ပေမဲ့ ရောင်းစရာဒေါ်လာတွေ ဘဏ်ထဲမှာများများစားစားမရှိ။ ဘဏ်ကိုပြန်ဆပ်ရမဲ့အကြွေးပေါင်းစုံက ဘဏ်မှာရှိတာထက်ပိုများတဲ့အကြောင်း ကိုယ့်ဟာကိုယ်မေ့နေတာ။ ဘဏ်ထဲက ဖွတ်ကလိဒဂါင်္း တစ်ပဲခြောက်ပြားနဲ့ မာန်တွေတက်လို့။ လက်ထဲရှိတာနှစ်ပြား၊  ပြန်ဆပ်ရန် အကြွေးခြောက်ကျပ်ဘဝကို မေ့နေတဲ့ မောင်လူပေပေါ့။

ခေတ္တအမေရိကားဆိုတဲ့ လူတွေရဲ့ဘဝပေါ့လေ။ အကြွေးတွေရတိုင်းဝယ်ပြီး မာန်တွေတက်။ နောက်ဆုံးပေါ်ကားသစ်တွေစီး၊ ဖုန်းသစ်တွေကိုင်၊ ဖက်ရှင်ဆန်းတွေဝတ်။ အိမ်ဝယ်ထားတော့ အိမ်ပိုင်ရှင်ဆိုပြီး မြောက်ကြွကြွ၊ တကယ်က အကြွေးမကြေသေးလို့ ဘဏ်ပိုင်တဲ့အိမ်။ အဲဒါကို ငါ့အိမ်ထင်နေသေး။ ဆရာတော်တွေ တရားဟောသလိုပေါ့ဗျာ။ ဘာကိုမှ ငါမပိုင်။ ငါ့ဟာမဟုတ်။ ငါ မရှိ။  (အားလုံးဟာ ဘဏ်ပိုင်။)

မြန်မာပြည်က ကိုယ့်ဆရာတွေကမှ တကယ်ချမ်းသာကြတာပါ။ အိမ်က သိန်းသောင်းချီတန်။ အကြွေးလည်း ဝယ်မရတော့ အိမ်ဖိုးက အကြေပေးပြီးသား။ ကားတွေ၊ အိမ်ဖေါ်တွေနဲ့။ ခြံတံခါးတောင် ဆင်းဖွင့်ဖို့မလို။ ညောင်းညာရင် နှိပ်ပေးမဲ့သူနဲ့။ ကားမောင်းပို့မဲ့သူနဲ့။ အားရင် ဂေါက်လေးရိုက်၊ ဘီယာလေးမြုံ့၊ ပျင်းရင် ကာရာအိုကေသွားမလား၊ ကလပ်တက်မလား၊ ..... လား။

အမေရိကားရောက် မောင်လူပေဘဝကတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်။ အိမ်ဖေါ်ခေါ်ဖို့ ဒရိုင်ဘာငှားဖို့ဆိုတာ စိတ်ကူးတောင်မယဉ်ရဲတဲ့ဘဝ။ အားလုံး ကိုယ်ထူကိုယ်ထ။ ဂေါက်ရိုက်ဖို့၊ ဘီယာမြုံ့ဖို့ သူငယ်ချင်းတွေကို ခေါ်ချင်ပေမဲ့ သူတို့လည်းကိုယ့်လိုမအားကြ။ ကာရာအိုကေ၊ ကလပ်ဝေးလို့ တီဗီတောင် မှန်မှန်မကြည့်အားတဲ့ဘဝ။ အချိန်ပိုတွေလှိမ့်ဆင်းနေရလို့ အိမ်ပြန်ရောက်ရင် ဒေါင်းပြီပဲ။

ကဲ...။ ဒေါ်လာဈေးတက်လို့ ဝင်ငွေနည်းသူတွေကိုသနားရရင် ကိုယ်တိုင်လည်း ဝင်ငွေနည်းသူမို့ ကိုယ့်ကိုယ်ကိုပဲ သနားပါတော့မယ်။ ( ရွှေမန်းဦးတင်မောင် နှစ်ပါးခွင်သီချင်းထဲကလိုပေါ့။ " မင်းတို့ကိုလည်း အပြစ်မမြင်၊ မောင်တင်.. ကိုယ့်ကိုယ်ကိုသာ သနားလှချည်ရဲ့...။ )

တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းတစ်သောင်းကျော်မရတဲ့ ကိုယ်တွေဘဝက ပိုလို့ သနားစရာပါ။ တကယ်ကြတော့ သနားမဲ့သူမရှိ။ ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ သနားရပါကြောင်း။

တိန်....။

ဒေါ်လာကတော့ ပန်းပန်နေဆဲ

ဒေါ်လာကတော့ ပန်းပန်လျှက်ပါ။

အခုတလော အွန်လိုင်းမှာတွေ့မိသမျှက မြန်မာပြည်မှာ ဒေါ်လာဈေးတွေတက်နေတဲ့အကြောင်းတွေချည်း ဖြစ်နေတယ်။ ၁၃၂၀နဲ့၁၃၅ဝကြားမှာ ရှိနေရာက ၁၃၈ဝဖြစ်သွားသတဲ့။ ဒေါ်လာကိုင်ထားသူတွေ ရွှေဖြစ်နေပြီပေါ့။ တချို့ကလည်း ဘာမှန်းမသိကြတော့ အစိုးရကိုအပြစ်တင်ကြတယ်။ သူတို့တွေ မေ့နေကြတာက မြန်မာပြည်မှာ ဒေါ်လာပေါက်ဈေးကို ကမ္ဘာ့ဈေးကွက်နဲ့အညီအရှင်လုပ်ထားတယ် ဆိုတာပဲ။

ဒေါ်လာဈေးတက်တာ မြန်မာပြည်တစ်ခုထဲမဟုတ်။ ကမ္ဘာသုံးငွေကြေးတစ်ခုပီပီ အဝယ်လိုက်နေတဲ့အတွက် တကမ္ဘာလုံးမှာဈေးတက်နေတာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဟာ လောလောဆယ်အခြေအနေအရ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝရောက်နေလေတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကုန်သွယ်ရေးမညီမျှမှုကို အကြောင်းပြပြီး ပြည်ပသွင်းကုန်တွေကို အထူးအခွန်ကောက်မယ်လို့ ကြေညာထားတော့ ကျန်တဲ့နိုင်ငံတွေကလည်း တန်ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ကုန်တွေကို အခွန်တိုးကောက်မယ်လို့တုန့်ပြန်တယ်။ ဒီလိုဖြစ်လာရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပြီး အားလုံးအထိနာကြမှာပဲ။ အစစ အရာရာ ဈေးကြီးတော့မယ်သဘော။ ဖြစ်မလာသေးပေမဲ့ ရင်းနှီးမြှုတ်နှံသူတွေ ကြောက်နေကြပြီ။

ကမ္ဘာ့စီးပွားရေးမှာ အင်အားကြီးတစ်နဲ့နှစ်က အမေရိကန်နဲ့ တရုတ်။ သူတို့ပြိုင်ဆိုင်ကြရင် ဘယ်သူနိုင်မှာလည်းလို့ တွက်ကြတယ်။ လောလောဆယ်အခြေအနေအရ တရုတ်စီးပွားရေး နှေးကွေးနေတယ်။ ထုတ်လုပ်မှုအားရော၊ ရင်းနှီးမြှုတ်နှံမှုရော ကျဆင်းနေတယ်။ အဆင်းဘီးတပ်ပေးသလို ဖြစ်ရတာက ကုန်သွယ်ရေးစစ်ပွဲကို အကြောက်လွန်မှု။ တရုတ် စီးပွားရေးရဲ့အဓိက စတော့အညွှန်းကိန်းတွေက ပြီးခဲ့တဲ့(၆)လ အမြင့်ဆုံးဈေးနဲ့နှိုင်းရင် (၂၀)% အထိ ထိုးဆင်းသွားပြီ။ ဒါဟာ စတော့ဈေးကွက်အခေါ်အရ ဈေးကွက်ပျက်( Bear Market)တယ်လို့ ခေါ်တယ်။ စီးပွားရေးမတည်ငြိမ်မှုကြောင့် မျှော်လင့်ချက်နည်းပြီး ဈေးတွေထိုးကျတဲ့သဘော။ တရုတ်ယွမ်ငွေကလည်း အမေရိကန်ဒေါ်လာနဲ့ယှဉ်တဲ့အခါ တစ်ရက်ထဲမှာ(၅)% အထိ ကျဆင်းသွားရတယ်။

စီးပွားရေးနိုင်ငံရေးမတည်ငြိမ်တဲ့အခါ ရွှေဟာ ခိုင်မာမှုအရှိဆုံးပဲ။ လူတွေက ရွှေဝယ်စုထားတတ်ကြလေတယ်။ ဒါပေမဲ့ အခုက ပြောင်းပြန်။ စီးပွားရေးမတည်ငြိမ်ပေမဲ့ ရွှေဈေးကလည်း ကျပြီးရင်းကျပဲ။ ပြီးခဲ့တဲ့(၆)လက ဈေးနဲ့ယှဉ်ရင် ရွှေကလည်း အနိမ့်ဆုံးဈေးဖြစ်နေရတယ်။

ဥရောပငွေကြေးဖြစ်တဲ့ယူရိုတို့၊ အင်္ဂလန်ရဲ့စတာလင်ပေါင်တို့ကလည်း ဥရောပရဲ့ပြသနာပေါင်းသောင်းခြောက်ထောင်ကြောင့် အောက်ဆုံးက မတက်နိုင်တာကြာလှပြီ။ ဂျပန်စီးပွားရေးနှေးကွေးမှုကြောင့် ယန်းငွေတန်ဖိုးကျ။ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးနှေးကွေးမှုဒါဏ် ခံနေရချိန်ပါ။

အမေရိကန်စီးပွားရေးကတော့ စတော့တွေ ပန်းပန်နေလေရဲ့။ ဒါကို စတော့ဈေးကွက်အခေါ်အဝေါ်အရ  bull market တဲ့။ မျှော်လင့်ချက်တွေရှိတယ်၊ ဈေးကွက်က ကျွဲတစ်ကောင်လို တရှိန်ထိုး တက်တယ်ပေါ့။ တစ်နိုင်ငံလုံး အလုပ်လက်မဲ့နှုန်းက နှစ်နှစ်ဆယ်ကျော်မှာ အနိမ့်ဆုံးဖြစ်လို့။ ငွေဖေါင်းပွမှုကလည်း ထင်သလောက်မရှိ။ ဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေ ဆက်မြှင့်မယ်လို့ကြေညာထားတယ်။ အဲဒါကြောင့်မို့ အမေရိကန်ငွေဈေးကွက်ထဲကို ရင်းနှီးမြှုတ်နှံမှုတွေ လှိမ့်ဝင်လာရော။ ဧပြီလကနေ မေလအထိ နှစ်လအတွင်းမှာပဲ အမေရိကားရဲ့ equity funds ထဲကို ဒေါ်လာဘီလီယံ(၄၀)နဲ့ loan funds ထဲကို ဒေါ်လာ(၈)ဘီလီယံအထိ ရင်းနှီးငွေတွေ ဝင်ရောက်လာခဲ့ပါသတဲ့။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတက်မယ် ကြေညာပေမဲ့ တရုတ်ဗဟိုဘဏ်ကတော့ အတိုးနှုန်းကို မတက်တော့ပဲ ထိန်းထားမယ်လို့ကြေညာခဲ့တယ်။ တရုတ်ဗဟိုဘဏ်ကြီးက အတိုးနှုန်းထပ်တက်ပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ယွမ်တွေဝယ်ထားသူတွေအဖို့ အတော်အထိနာချက်ပဲ။ ဈေးကျလို့ရှုံးတာက အတိုးနှုန်းတက်မှ ကာမိမှာမို့ မတက်တော့ဘူးလို့ သိလိုက်ကြတဲ့အခါ ယွမ်တွေရောင်း၊ သေချာတဲ့ဒေါ်လာတွေ လိုက်ဝယ်ပြီးစုကြလေတယ်။

မြန်မာပြည်ရဲ့အဓိကကုန်သွယ်ရေးက တရုတ်ပြည်မှာ။ တရုတ်ငွေနဲ့ရောင်းဝယ်ကြတယ်။ ကုန်သည်ကြီးတွေက တရုတ်ငွေယွမ်တွေ ကိုင်ထားတာပါ။ ယွမ်ဈေးကျတဲ့အခါ လိုသလောက်ပဲထားပြီး ဒေါ်လာနဲ့လဲကြပါတယ်။ သူတို့တွေဝယ်အားမြင့်တဲ့အခါ ဒေါ်လာက ပြည်တွင်းမှာရှားသွားပြီး ဈေးတက်ပေါ့။ အရင်ကတော့ ဘိန်းပေါ်ရင် ဒေါ်လာဈေးတက်လေ့ရှိတာပါ။ ဘိန်းသမားတွေလိုက်ဝယ်ပြီလေ။ အခုတော့ ယွမ်ဈေးကြရင်ဒေါ်လာတက်တဲ့ခေတ်ရောက်ပြီပေါ့။

ဒါကြောင့်မို့ ဒေါ်လာဈေးတက်ပြီး ပန်းပန်နေတာဟာ အစိုးရနဲ့မဆိုင်ပဲ ကုန်သွယ်ရေးစစ်ပွဲကို မဖြစ်ခင်ထဲက ကြောက်နေကြတဲ့ အကြောင်းတရားကြောင့်သာ ဖြစ်ပါကြောင်း။

ချစ်တဲ့

မောင်လူပေ

အဖေ

အဖေ

အဖေနေ့ရောက်ပြန်ပြီပေါ့။ အဖေနေ့ဆိုတော့ အဖေတွေကိုဂုဏ်ပြုရတဲ့နေ့။ အဖေဆိုတာ မိသားစုရဲ့အိမ်ထောင်ဦးစီး။ နွေးထွေးမှုကိုပေးစွမ်းနိုင်သူ။ အရိပ်ကြီးတစ်ခု။ အဖေဘွဲ့ကဗျာတွေ အဖေ့မေတ္တာဘွဲ့ ဝတ္ထုတွေ တွေ့ရခဲပေမဲ့ အဖေ့မေတ္တာကို လူတိုင်းနားလည်ကြပါလိမ့်မယ်။ အဖေ့မေတ္တာဆိုတာ အမေ့မေတ္တာလို ထုတ်ပြတဲ့မေတ္တာမျိုးမဟုတ်တော့ မြင်ရခဲတာလည်းပါမယ်။ ရင်ထဲကပဲ ချစ်တတ်ကြတဲ့အဖေတွေများကြလေတယ်။

အဖေ့ကျေးဇူးတွေ ထိုင်ရေးမယ်ဆိုရင် ကုန်နိုင်စရာမရှိပါဘူး။ အဖေလို့ ခေါ်လိုက်ရတာနဲ့ ရင်ထဲမှာ အလိုလိုအားရှိသွားတာတစ်ခုကိုကြည့်ရင်ပဲ အဖေ့တန်ဖိုးကို မှန်းဆလို့ရနေပြီလေ။

အဖေနေ့မှာ အဖေ့အကြောင်း အမှတ်တရ ရေးခွင့်ပြုပါ။ ကျွန်တော်တို့မောင်နှမကတော့ အဖေ့ကို 'ပါပါး' လို့ ခေါ်ကြတယ်။ အဖေက တရုတ်သွေးအစစ်တော့မဟုတ်။ ပြီးတော့ ရန်ကုန်သားစစ်စစ်။ အရွယ်ရောက်တော့ တောင်ငူမှာစီးပွားရှာရာက တောင်ငူသားဖြစ်သွားလေတယ်။ ကျွန်တော်တို့လည်း တောင်ငူသားတွေဖြစ်ပေါ့။ ( နေရာခြင်းတော့မလဲပါဘူး။ တောင်ငူသားတစ်ယောက်ဖြစ်ရတာ၊ ဂုဏ်ယူပါတယ်ဗျာ။)

အဖေ့အကြောင်းတွေးမိရင် အဖေဆုံးမခဲ့တာတွေ ပထမဆုံးသတိရတယ်။ ဆုံးမတယ်ဆိုပေမဲ့ အဖေက လက်မပါပဲဆုံးမခဲ့တာ။ ပညာရှိဆုံးမနည်းမျိုးလို့ ခေါ်ရမလားပဲ။ သူက ဘယ်ကလေးကိုမှ မရိုက်ဖူး။ အမေကရိုက်ရင်လည်း မကြိုက်ဖူး။ သူများမိဘတွေက ကလေးကို ရိုက်နေတာတွေ့ရင်တောင် ဝင်ပြီးတားမြစ်တတ်တဲ့သူ။ ကလေးကိုရိုက်တာ ဆုံးမနည်းမှားတယ်လို့ ခံယူထားသူ။ သူ့ဆုံးမနည်းက လက်တွေ့ဆန်တယ်။ မီးကိုပူတယ်လို့ပြောထားတယ်၊ မယုံရင်ကိုင်ကြည့်ဆိုတာမျိုးပေါ့။ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မယ်လို့ ငယ်စဉ်ထဲက ခေါင်းထဲထည့်ပေးတယ်။ အမှန်တရားဖက်ကရှိစေတယ်။ ရန်ဖြစ်တာမကြိုက်၊ ကျောင်းမှာကိုယ့်ကိုမတရားလုပ်ရင် ပြန်မလုပ်ရဘူး။ ဆရာမကိုတိုင်ခိုင်းတယ်။ ဆရာမက အရေးမယူရင် သူကိုယ်တိုင်ကျောင်းလိုက်လာပြီးဆရာမနဲ့ ပြောပေးတယ်။ မိဘဆရာအသင်းဆိုလည်း အစည်းအဝေးတိုင်းသူတက်တယ်။ မိဘတွေရဲ့အမြင်ကို ကိုယ်စားတင်ပြတယ်၊ ဆွေးနွေးတယ်။ ဒီပလိုမေစီနည်းနဲ့ သွားတာကိုပဲသဘောကြတဲ့အဖေပါ။

ရိုးသားမှုကို အလွန်မြတ်နိုးသလို သူ့လိုရိုးသားဖို့လည်း အမြဲပဲသွန်သင်ပေးခဲ့တယ်။ အလုပ်မှာ တစ်ကျပ်တစ်ပြားကအစ မကွာစေရဘူး။ အလွန်တိကျသူ။ သူနဲ့အလုပ်တွဲလုပ်ဖူးသူတိုင်းက သူ့ကို ငွေကိုင်၊ စာရင်းကိုင် နေရာမှာထားကြတယ်။ စိတ်ချရလို့တဲ့။ သူနဲ့သိသူတွေက ကျွန်တော့ကို အဖေ့သားမှန်းသိရင် " မင်းအဖေက အရမ်းရိုးသားတဲ့သူ။" လို့ ပြောနေကြတုန်းပါပဲ။

တကယ်တော့ အဖေက ဘဝကိုသုညက စခဲ့ရသူပါ။ ဘဝကြမ်းကြမ်းကို ရိုးသားမှုနဲ့ဖြတ်သန်းခဲ့သူမို့ ရိုးသားမှုက သူ့ဘဝကိုအမြင့်ကိုရောက်စေခဲ့တာလို့ ခံယူခဲ့တယ်။ ပညာဆိုလည်း အတန်းပညာသေသေချာချာ မသင်ခဲ့ရပေမဲ့ သူ့ဟာသူလေ့လာလိုက်စားရင်း မြန်မာစာတတ်ခဲ့ရသတဲ့။ လက်ရေးတွေက ဝိုင်းဝိုင်းလေးတွေ၊ ကျွန်တော့လက်ရေးက အလွန်ဆိုးတယ်လို့ ပြောဖူးတယ်။ သူ့လက်ရေးတွေက ဘုန်းကြီးလက်ရေးလိုဝိုင်းနေတာမို့ ကျွန်တော့လက်ရေးပဲပင်ပေါက်တွေကို ကြည့်မရဖြစ်နေဟန်တူပါရဲ့။ မှတ်မှတ်ရရပါပဲ၊ ကျွန်တော် ဆယ်တန်းအရောက်မှာ လက်ရေးလှစာအုပ်သွားဝယ်ခိုင်းပြီး ဝလုံးဝိုင်းစေခဲ့ပါတယ်။ ဆယ်တန်းရောက်မှ လက်ရေးလှစာအုပ်နဲ့ ဝလုံးအရေးသင်ရသူကလည်း မြန်မာပြည်မှာ ကျွန်တော်တစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့။ သူကိုယ်တိုင်လည်း လက်ရေးလှစာအုပ်တွေဝယ်ပြီး ဝလုံးအဝိုင်းကျင့်ခဲ့ရသတဲ့။

တကယ်တော့အဖေက မြန်မာကျောင်းမနေခဲ့ဘူးသူပါ။  တရုတ်ကျောင်းမှာပဲငယ်ငယ်က နေခဲ့ဖူးလို့ မြန်မာစာ မသင်ခဲ့ဖူးဘူးတဲ့။ မြန်မာစာမသင်ခဲ့ဘူးသူရဲ့ လက်ရေးဆိုတာ ကြိမ်ပြောမှယုံကြလိမ့်မယ်။ သတ်ပုံလည်းမှန်တယ်။ ဝါကျလည်းမှန်တယ်။ သတင်းစာထဲက စာကြောင်းတွေတွေ့ရင် အကုန်လုံးကို ၏၊သည်၊၍ မလွဲကူးရေးခဲ့တယ်လို့ ပြောပြဖူးတယ်။ အလွန်ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ခဲ့သူပါပဲ။

သူဇွဲကောင်းသလောက် ကျွန်တော်က အပြင်းထူပါတယ်။ ဇွဲမရှိလို့ လက်ရေးလှသင်တန်းလည်းပျက်ပါတယ်။ အကျိုးတော့ရှိခဲ့ပါရဲ့။ လက်ရေးပဲပင်ပေါက်ဘဝကနေ လက်ရေးကြောင်ခြစ်ဘဝလောက်တော့ တိုးတက်ခဲ့လို့ပါပဲ။

အဖေက အရက်လည်းမသောက်၊ ဖဲလည်းမရိုက်။ စိတ်ညစ်ရင် ရုပ်ရှင်ကြည့်တယ်။ ကုလားကားရော၊ အင်္ဂလိပ်ကားရော အကုန်ကြည့်တယ်။ နားလည်သင့်သလောက် နားလည်တဲ့သူမို့ ကျွန်တော့ကို ဘာသာပြန်ပေးတယ်။ အဖေ့အဖေါ်က ကျွန်တော်လေ။ အဖေက အင်္ဂလိပ်စကားပြော၊ ဟိန္နူစတန်နီစကားပြောတို့ကို တကယ်ကို အထိုက်အလျှောက်ပြောနိုင်သူပါ။ self studying လုပ်ခဲ့သတဲ့။ ကွန်ဗင့်ကျောင်းက သီလရှင်တွေကလည်း ဘိုလိုပြောတတ်တဲ့သူ့ကို ခင်မင်ကြတယ်။ ဟိန္နူစတန်နီစကားပြောတတ်တဲ့သူမို့ ဟိန္နူတွေကလည်း သူ့ကိုခင်တယ်။ မုတ်ဆိပ်ဖွားဖွားနဲ့ ဗလီဆရာက ဆလံလုပ်ရင်လည်း ပြန်ပြီးဆလံလုပ်တတ်တဲ့အဖေ့မှာ ဘာသာစုံ၊ လူမျိုးစုံ အသိမိတ်ဆွေတွေ ပေါမှပေါ။

အဖေငယ်ငယ်က သူ့အဖေ(ကျွန်တော့အဖိုး) ကခေါ်လို့ ကက်သလစ်ဘုရားကျောင်း တက်ဖူးသတဲ့။ (အဖိုးက ကက်သလစ်ဘာသာဝင်ပါ။) သူကစိတ်မပါလို့ နောက်လည်း မလိုက်သွားတော့ဘူးတဲ့။ အမေနဲ့ရပြီးနောက်မှာမှ အမေ့ကောင်းမှုနဲ့ ဗုဒ္ဓစာပေတွေလေ့လာရင်း ရာသက်ပန်ဥပုဒ်သည် ဗုဒ္ဓဘာသာဝင် ဖြစ်သွားခဲ့သူ။ ဘုန်းကြီးကျောင်းကို ဥပုဒ်နေ့တိုင်း ဝါတွင်းဝါပ သွားတယ်။ နေ့လည်တရားနာပြီးညနေမှ အိမ်ပြန်တယ်။ ကျွန်တော်ကတော့ မနက်သီလယူပြီးတာနဲ့ သူငယ်ချင်းတွေနဲ့လည်ဖို့ အကြောင်းအမျိုးမျိုးပြပြီး လစ်တတ်သူမို့ အဖေ့လို ဘာသာတရားကိုင်းရှိုင်းသူ မဖြစ်ခဲ့။

အဖေက ဘာသာစကားမျိုးစုံပြောနိုင်တယ်။ တရုတ်ဘာသာစကားကို လေးမျိုးလောက်ရတယ်။ အသံပါ ပီသအောင် ပြောနိုင်လေတော့ လူမျိုးမတူတဲ့ အဖေ့ကို သူတို့လူမျိုးလို့ ထင်ကြတယ်။ သူတို့ပြည်နယ်သားလို့ အသိအမှတ်ပြုတယ်။ အဖေက ရန်ကုန်မှာမွေးတာပါလို့ ပြောရင်တောင်မယုံကြဘူး။ အဲဒီလူမျိုးတွေက သူတို့လူမျိုးလို့သတ်မှတ်တဲ့အတွက် အဖေက တရုတ်လူမျိုးအသင်းစုံရဲ့ အဖွဲ့ဝင်ဖြစ်သွားတဲ့အထိ။ အသင်းလူကြီးတွေဘာတွေတောင်ဖြစ်လို့။

အဖေ့သားကျွန်တော်ကတော့ ဘာသာဗေဒမှာ သုည။ မြန်မာစာ၊ မြန်မာစကားကလွဲရင် ဘာမှမတတ်။ ဒါပေမဲ့အဖေသွားတဲ့နေရာမှာ ပါလေရာငပိချက်မို့ သူတို့တွေက ကျွန်တော့ကို သူတို့စကားတတ်တယ်ထင်ပြီး လာပြောကြတဲ့အခါမှ ဒုက္ခတွေ့ရတယ်။  " မင်းရဲ့သားကို ငါတို့စကားသင်ပေးဦး။ ဒီကောင်လေးက တစ်လုံးမှ နားမလည်ဘူး။ ကိုယ့်လူမျိုးစကားမှ မတတ်ရင် ဘယ်ကောင်းမလဲ။ " လို့ လာပြောကြသတဲ့။ အဖေက ရယ်လို့ပဲ တုန့်ပြန်ပါတယ်။ သူတို့တွေက သူတို့လူမျိုးမဟုတ်မှန်းသိရက်နဲ့ အဖေ့ကို သူတို့လူမျိုးလို့ သတ်မှတ်ထားတာကို အဖေက ဂုဏ်ယူတယ်။

အဖေ့ခံယူချက်ကရှင်းပါတယ်။ အဖေတွေကြောင့်  သူတို့ရဲ့ သားသမီးတွေ ဂုဏ်မငယ်စေရဘူးတဲ့။ သူပြောတဲ့ဂုဏ်ဆိုတာ စာရိတ္တပိုင်းကိုဆိုလိုတာပါ။ ဘယ်သူဘယ်ဝါ အရမ်းချမ်းသာတယ်ဆိုပေမဲ့ အစိုးရနဲ့ပေါင်းစားလို့၊ သူများပစ္စည်းတွေ မတရားယူပြီးချမ်းသာလို့ ဆိုတဲ့သူတွေရဲ့ သားသမီးဆိုတာ သူတို့အဖေနာမည်ပြောဖို့ ရှက်တတ်ကြသတဲ့။ လူတွေက ငွေရှိလို့ခေါ်ပြောကြပေမဲ့၊ နောက်ကွယ်မှာနှာခေါင်းရှုံ့ ကြမှာကိုး။ ဒါကြောင့် ရိုးသားမှုဟာ  ဂုဏ်မငယ်ဘူး၊ ရိုးရိုးသားသားကျိုးစားရင် မချမ်းသာပေမဲ့ ထမင်းမငတ်ဘူး၊ ခေါင်းပြားပြားအိပ်ရတယ်၊ နောင်ဘဝအတွက်လည်း ပူစရာမလိုဘူးတဲ့။သားသမီးတွေလည်း သူတို့အဖေ့နာမည်ကို ခေါင်းမော့ပြီးပြောရဲသတဲ့။  ဒါဟာ သူ့ရဲ့ ခံယူချက်ပါ။

အခုတော့အဖေလည်း လူ့လောကမှာ အဖေတစ်ယောက်ရှိသင့်တဲ့တာဝန်တွေယူပြီးတဲ့အတွက် အနားယူဖို့ ထွက်ခွာသွားခဲ့ပါပြီ။ အဖေလို့ခေါ်ခြင်ပေမဲ့ ခေါ်ခွင့်မရှိတော့။ အဖေရှိဦးမယ်ဆိုရင် အဖေ့အသက်ဟာ(၈၁)နှစ်ပြည့်မှာ။ နေမယ်ဆို နေလို့ရသေးတာပေါ့။

အဖေက သူများအဖေတွေထက်မသာရင်တောင် တန်းတူထက်မလျှော့တဲ့ ချစ်မေတ္တာတွေပေးခဲ့သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့သားသမီးတွေကို အဖေ့တာဝန်ကျေစွာနဲ့ ချစ်မေတ္တာတွေ ဝေမျှကြပါစို့။ သားသမီးတွေကလည်း နောင်လာမဲ့မျိုးဆက်တွေကို အဖေ့မေတ္တာဆိုတဲ့နွေးထွေးမှုတွေပေးရင်းနဲ့အဖေပီသစွာ ဆက်လက် အသက်ရှင်နေထိုင်သွားကြမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ အဖေ့မေတ္တာငတ်နေတဲ့ ကလေးငယ်တွေ အလွန်နည်းပါးသွားမှာ အမှန်ပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ အဖေ့တာဝန်ကျေပြွန်ကြသူ အဖေအပေါင်းကို ဒီနေရာကနေပြီး ဦးညွှတ်အလေးပြုပါတယ်။

Happy Fathers Day.....!!!!!!!!!!!👨

ချစ်တဲ့

မောင်လူပေ

ဆန်ဖရန်ရဲ့ ပထမဆုံးအမျိုးသမီးမြို့တော်ဝန်

ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် လန်ဒန်ဘရိ( London Breed) ပါ။ မဲရေတွက်မှုအပြီးမှာ သူမက ပြိုင်ဖက်ဖြစ်တဲ့ မတ်ခ်လီနိုကို အနိုင်ရသွားပါတယ်။

သူမဟာ ငယ်စဉ်က ဆန်ဖရန်စစ္စကို မြို့တော်ခန်းမနဲ့ မနီးမဝေးက ဝင်ငွေနည်းသူတွေကိုပေးတဲ့အစိုးရအိမ်ရာစီမံကိန်း ( Government low income housing project) မှာ အဖွားဖြစ်သူနဲ့အတူနေရင်းကြီးပြင်းခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ညီမဖြစ်သူက မူးယစ်ဆေးအသုံးလွန်ပြီးဆုံးခဲ့ရသလို၊ မောင်ဖြစ်သူကလည်း ပြစ်မှုတစ်ခုကြောင့်အကျဉ်းထောင်ထဲမှာပါ။ သူမကတော့ အဖွားဖြစ်သူရဲ့စကားကိုနားထောင်ပြီး ပညာကိုပဲ ကြိုးစားခဲ့သူမို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် ( UC Davis) ကနေ နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရခဲ့တယ်။ သမီးငယ်လေးနှစ်ယောက်ရှိတဲ့သူမဟာ လေးဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဆုံး အာရှနွယ်ဖွား တရုတ်သွေးဖြစ်သူ မြို့တော်ဝန် အက်ဒ်လီး (Mayor Ed Lee) နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ခေတ္တမြို့တော်ဝန်ဖြစ်ခဲ့သေးတယ်။ ရပ်ကွက်လူကြီးခေါင်းဆောင်(President of board of Supervisors ) အလုပ်နဲ့ နှစ်ခုဖြစ်နေလို့ အာဏာတွေများနေတယ်ဆိုတဲ့ စွတ်စွဲမှုနဲ့ ခေတ္တမြို့တော်ဝန်ရာထူးက ဖယိရှားခံရတယ်။ ခုတော့ ရွေးကောက်ပွဲမှာ တရားဝင်နိုင်တဲ့အတွက် မြို့တော်ဝန်ဖြစ်သွားပြီ။

သူမဟာ အမေရိကား မြို့ကြီးဆယ့်ငါးမြို့ရဲ့မြို့တော်ဝန်တွေထဲက ထူးခြားစွာပဲ တစ်ဦးထဲသော အမျိုးသမီး။ ပြီးတော့ လူမဲဖြစ်နေပါသေးတယ်။ ကျန်မြို့တော်ဝန်အားလုံးက လူုဖြူတွေချည်းပါပဲ။ သူမကို အဓိကထောက်ခံကြတဲ့ ဆန်ဖရန်မြို့သားတွေကလည်း လူဖြူအများစုပါ။သူမနောက်မှာ မြို့တော်င်္ဖွ့ဖြိုးရေးလုပ်သူ၊ ရင်းနှီးမြှုတ်နှံသူ (city developers, investors ) တွေရပ်တည်နေကြတယ်။ ဆန်ဖရန်မှာ လိုအပ်နေတဲ့ အိမ်ရာအသစ်တွေ၊ အထူးသဖြင့် မြို့လယ်မှာမိုးမျှော်ကွန်ဒိုတွေ တည်ဆောက်ပါလိမ့်မယ်။

ဆန်ဖရန်မြို့လယ်မှာ ကြီးစိုးနေကြတဲ့ အိမ်ရာမဲ့တွေ၊ ညစ်ပတ်နေတဲ့လမ်းတွေကို ရှင်းထုတ်ဖို့လည်း သူမမှာ တာဝန်ရှိနေလေရဲ့။ အိမ်ရာစီမံကိန်းအသစ်တွေကြောင့် မြို့တော်ကြီးဖြစ်သွားပြီး နယူးယော့ခ်မြို့လယ်ခေါင်လို သန်းကြွယ်သူဌေးသာနေနိုင်မဲ့အဖြစ်မျိုး ဆန်ဖရန်မြို့လယ်က ဖြစ်လာမှာ မလိုလားသူလည်းရှိတယ်။ ဝင်ငွေနည်းတွေအတွက် အိမ်ရာတွေဖေါ်ဆောင်ပေမဲ့ ဆင်ပါးစပ်နှမ်းပက်သလိုပါပဲ။ မလောက်ငှ။

ဆန်ဖရန်ရဲ့လူဦးရေမှာ လူမဲက ငါးရာခိုင်နှုန်းပဲရှိပါတယ်။ အများစုက ဆင်းရဲကြတယ်၊ ထောင်ကျနေသူလည်းမနည်း။ ဒီထဲက ထူးချွန်စွာ မြို့တော်ဝန်ဖြစ်လာတဲ့လူမဲအမျိုးသမီးပေါ့။ မောင်လူပေက ဝန်ထမ်းမို့ ကိုယ့်ဘော့စ်သစ်ကို ကြိုဆိုပါတယ်။

(Welcome my new mayor of San Francisco London Breed. Wishing you all the best.)