မင်္ဂလာပါ.. တိုင်းပြည်သို့တစ်ခေါက်
" မင်္ဂလာပါရှင်၊ လူကြီးမင်းများ စီးနင်းလိုက်ပါလာသော မြန်မာ့လေကြောင်းပိုင် Airbus A380 လေယာဉ်ကြီးဟာ မကြာမှီအချိန်အတွင်း ဒလအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ ဆင်းသက်တော့မှာဖြစ်ပါတယ်။ ထိုင်ခုံခါးပတ်များပတ်ထားခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။"
လေယာဉ်မယ်လေး၏ ချိုသာသောအသံက အိပ်ပျော်နေသူ မောင်လူပေကို လှုပ်နိုးလိုက်သည်။ ဆန်ဖရန်၊ရန်ကုန်တိုက်ရိုက်ပျံသန်းနေပြီဖြစ်သော မြန်မာ့လေကြောင်းဖြင့် ဆယ့်သုံးနာရီကျော်စီးနင်းခဲ့ရင်း ပင်ပန်းလှ၍ ခေတ္တအိပ်ပျော်သွားရမှ နိုးလာခဲ့လေပြီ။ လေယာဉ်ကြီးကား ရန်ကုန်မြို့တော်သစ်ကြီးပေါ်တွင် ပျံဝဲနေလေ၏။ အထပ်ပေါင်းရာချီမြင့်သည့် မိုးမျှော်တိုက်ကြီးတွေအစီအရီဖြင့် ရန်ကုန်မြို့သစ်ကြီးကားခန့်ညားပေစွ။ မီးရောင်စုံတွေထိန်ညီးလို့။ နိုင်ငံတကာမြို့တော်များနှင့်အပြိုင် လှပသာယာလျှက်။
ဒလဆေလိပ်ကြီးက အရှေ့တောင်အာရှ၏ အကြီးဆုံးလေဆိပ်ကြီးပီသစွာ လေယာဉ်တွေ ပျားပန်းခပ်မျှ ဝင်ထွက်နေကြလေသည်။ လေယာဉ်ပြေးလမ်းဆယ်ခုကျော်တွင် လေယာဉ်များစွာ ပျံတက်ရန်စောင့်သူစောင့်၊ ဆင်းသက်ရန်စောင့်သူစောင့်နှင့် ကြည့်လို့ပင်လှသေး။ အမေရိကား၏ နာမည်ကျော် ဆန်ဖရန်လေဆိပ်ထက်ပင် စည်ကားပေစွ။
" ဒလလေဆိပ်ကြီးက အရမ်းလှသလို အရမ်းကြီးတယ်အကို၊ Terminals တွေအများကြီးပဲ။ sky train တွေနဲ့မို့သာ အလွယ်တကူသွားလို့ရတာ။ ရန်ကုန်မြို့ဟောင်းကိုလည်း မြေအောက်ရထားနဲ့ အခမဲ့ပို့ပေးသေးတယ်။ အကိုက ရန်ကုန်မြို့ဟောင်းကိုသွားမှာမို့ အဆင်ပြေမှာပါ။ " ဟု ဘေးမှ အတူပါလာသည့် မြန်မာလူငယ်လေးက မောင်လူပေကို လမ်းညွှန်သည်။ Airbus ကြီး တစ်စီးလုံးလည်း မြန်မာတွေချည်း။ နိုင်ငံခြားသားအနည်းငယ်သာပါ၏။
" နိုင်ငံခြားသားတွေက ဈေးပေါတဲ့ လေကြောင်းလောက်ပဲ စီးနိုင်ကြတယ်လေ။ မြန်မာတွေကတော့ ကိုယ့်လေကြောင်းပဲအားပေးတာ။ မြန်မာတိုးရစ်တွေက လေးငါးသန်းလောက်အမြဲခရီးသွားနေတော့ မြန်မာ့လေကြောင်းက Airbus တွေရော၊ Boring တွေရော အစီးရာကျော်လည်း မလောက်ဘူး။ နောက်ထပ်အစီးငါးဆယ်ကျော် ထပ်မှာထားရသတဲ့။"
ထိုလူငယ်လေးက တောသားမောင်လူပေကို ဆက်ပြောပြနေပြန်၏။ ဟုတ်ပါသည်။ မောင်လူပေက တောသားပေကိုး။ ဆန်ဖရန်ဆိုတဲ့တောမှာနေတော့ ခေတ်မှီမြို့တော်ကြီးရန်ကုန်မြို့သစ်နှင့် စိမ်းလှသည်။ ရသည့်လခနှင့် ရုန်းကန်နေရသဖြင့် ခရီးမထွက်နိုင်။ အခုလိုထွက်လာဖို့ပင် ငါးနှစ်ကျော်စုခဲ့ရသည်မဟုတ်လား။
" မြန်မာတွေကတော့ အရမ်းကို ခရီးသွားကြတာအကိုရေ။ ခေတ်မှီ ITတို့ AI တို့ရဲ့ ရုံးချုပ်တွေက ရန်ကုန်မြို့သစ်မှာမဟုတ်လား။ အာရှတိုက်တစ်ခုလုံးကို Service ပေးနေရတာ။ customers တွေကလည်း တိုးတိုးလာတော့ လုပ်ငန်းတွေမှာ မြန်မာတွေနဲ့မလောက်တော့လို့ အိမ်နီးချင်း အိန္ဒိယတို့တရုတ်တို့က ပညာရှင်တွေခေါ်သုံးနေရတာ။ သူတို့က လာချင်သူများလို့ အရမ်းတော်သူပဲလက်ခံရတယ်။"
လူငယ်လေးက ဆက်ပြောနေပြန်သည်။ သူပြောမှစဉ်းစားမိ၏။ အခုတလော အိန္ဒိယမှ IT ပညာရှင်တွေ အမေရိကားကို အလာနည်းတာ ဒါကြောင့်ဖြစ်မှာပါ။ မြန်မာက အိမ်နီးချင်းနိုင်ငံမို့ သွားလာရနီးသည်။ လခလည်းပိုရသည်။ သည်တော့ သူတို့တွေ အမေရိကားလာဖို့ စိတ်ဝင်စားပုံမရတော့။ မြန်မာသို့ ဝင်ခွင့်မရသော ကျန်သူလောက်သာ အမေရိကားသို့ ရောက်လာပုံပေါ်၏။
မြန်မာပြည်၏ တိုးတက်မှုကားအံ့မခန်း။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါလှသဖြင့် အခြေခံအလုပ်တွေကို မြန်မာတွေမလုပ်ကြတော့။ လယ်ယာစိုက်ပျိုးရေးတို့ စက်ရုံ အလုပ်ရုံတို့မှာ အလုပ်လုပ်ဖို့ အိမ်နီးချင်း ထိုင်း၊ လာအို၊ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဆယ်သန်းကျော်လောက် ရောက်နေကြသတဲ့။ ဒါကြောင့် အကြော်သည်အဒေါ်ကြီးတို့ ကွမ်းယာသည်ကြီးတို့ ဆိုက်ကားဆရာကြီးတို့တောင် ကမ္ဘာပတ်နေလေပြီ။
လေယာဉ်ပြေးလမ်းရှည်ကြီးကို ပြေးနေရသောလေယာဉ်ကြီးကား Arrival သို့ ဆိုက်ရောက်ပေပြီ။ ပြွန်ရှည်ကြီးမှ ထွက်လိုက်သည်နှင့် ပိတောက်ရနံ့တွေ လွှတ်ပေးထားသဖြင့် မွှေးကြိုင်အေးမြနေသော ဒလလေဆိပ်၏ လျှောက်လမ်းကြီးကိုတွေ့ရ၏။ လေယာဉ်ကွင်းအမှုထမ်းများကလည်း "မင်္ဂလာပါ၊ မင်္ဂလာပါ" နှင့် ယဉ်ကျေးပျူငှာစွာ ဖြင့် ကြိုနေကြလေသည်။
လမ်းညွှန်ဆိုင်းပုဒ်တွေက ဘာသာပေါင်းစုံဖြင့် ရေးထားသလို လေယာဉ်ကွင်းမှ ဧည့်ကြိုများကလည်း ဘာသာပေါင်းစုံပြောနိုင်သူတွေမို့ လာသမျှခရီးသွားများဖြင့် အဆင်ပြေနေကြသည်ကို တွေ့ရ၏။ ဒါကြောင့်လည်း ကမ္ဘာ့ခရီးသွားမဂ္ဂဇင်းကြီး၏ ' ခရီးသွားများအကြိုက်ဆုံးလေဆိပ်ကြီးဆယ်ခု' စာရင်းတွင်နံပါတ်တစ်ဖြစ်နေခြင်းပင်။ အမေရိကားလေဆိပ်တွေပင် ဒီစာရင်းမှာမပါဝင်။
ဆိုက်ရောက်ဗီဇာယူရန် ကွန်ပြူတာတွေရာချီရှိနေသည်။ ကိုယ့်ပတ်စပို့ကို scan ဆွဲ၍ ထည့်လိုက်သည်နှင့် ဗီဇာစာရွက်ငယ်ထွက်လာ၏။ လွယ်ပါဘိခြင်း။ မည်သည့် immigration officer ကိုမျှ ဖြတ်ရန်မလို။ သူတို့က လိုအပ်သည်ကိုကူညီနိုင်ရန်သာ ဘေးမှာစောင့်နေကြလေသည်။
Custom ဖြတ်တာလည်း အလွန်လွယ်သည်။ ကိုယ့်မှာပါလာသည့် အိပ်စာရင်းကို ကွန်ပြူတာမှာ scan လုပ်လိုက်သည်နှင့်မကြာမှီ ကိုယ့်အိပ်တွေက ကိုယ့်ရှေ့သို့ရောက်လာ၏။ တွန်းလှည်းပေါ်တင်ပြီးသား။ AI တွန်းလှည်းမို့ ကိုယ်သွားသည့်နောက်လိုက်နေမည်သာ။ တွန်းရန်လည်းမလိုတော့။ ပါလာသည့်ဒေါ်လာကိုလည်းလဲရန်မလို။ မြန်မာကျပ်ငွေက ဒေါ်လာနှင့် ညီမျှသည်။ မြန်မာတစ်ကျပ်၊ တစ်ဒေါ်လာနှုန်းမို့ မြန်မာပြည်တွင် ဒေါ်လာငွေရော မြန်မာငွေပါ နှစ်မျိုးသုံးနိုင်ပါ၏။
လေယာဉ်ပေါ်မှလူငယ်လေး လမ်းညွှန်သည့်အတိုင်းလေဆိပ်မြေအောက်သို့ဆင်းလိုက်သည်နှင့် မြေအောက်ရထားကွန်ယက်ကြီးကိုတွေ့ရလေသည်။ နိုင်ငံအနှံ့သို့ ကျည်ဆံရထားများနှင့် သွားနိုင်ပါသေး၏။ မန်းလေးသို့သွားလိုလျှင်(၂)နာရီသာကြာမည်။ မြစ်ဆုံအထိသွားပါမှ (၄)နာရီသာကြာမြင့်ပေ၏။ မမဟု အတိုကောက်ခေါ်သော မြန်မာ့မီးရထားပိုင် ကျည်ဆံရထားအသစ်စက်စက်ကြီးတွေကား တစ်စီးပြီးတစ်စီး သက်ဆိုင်ရာဘူတာများသို့ဝင်ထွက်လျှက်။
ရန်ကုန်မြို့သစ်မှ မြို့ဟောင်းသို့ပို့ဆောင်မည့် မြေအောက်ရထားကလည်း သန့်ရှင်းလျှက်။ အခမဲ့ရထားဆိုသော်လည်း ဝန်ထမ်းတွေက ဧည့်ဝတ်ကျေလှသည်။ ရထားအတွင်းမှာ လေအေးစက်ကြောင့်အေးစိမ့်လှ၍ ခရီးဆောင်အိပ်တွင်းမှ အနွေးထည်ပင် ယူဝတ်လိုက်ရသေး၏။
မြေအောက်ရထားဟုဆို
သော်လည်း ဒလလေဆိပ်မှထွက်သည်နှင့် မြေပေါ်တက်သွားသည်။ ရန်ကုန်မြို့သစ်ကြီး၏ အလှကို ရထားစီးရင်းခဏတာ ခံစားနိုင်ဖို့ စီမံပေးထားခြင်းပင်။ ဒလမြို့သားများက နောက်ဆုံးပေါ်မာစီးဒီး၊ ဘီအမ်ဒဘလျှူ၊ အော်ဒီစသည့် ကားများဖြင့် သွားလာနေကြသည်။ ထိုကားကုမ္ပဏီများကိုလည်း ဥရောပစီးပွားပျက်ချိန်တွင် မြန်မာပြည်မှ အပြီးပြတ်ဝယ်ထားပြီဖြစ်၍ မြန်မာပိုင်ကားတွေဖြစ်နေလေပြီ။ မြန်မာပြည်၏ မူလပထမကားကုမ္ပဏီဖြစ်သော ဗိုလ်အုန်းသီးတံဆိပ်ကားအမျိုးအစားသာလျှင် ခေတ်မှီဇိမ်ခံကားဖြစ်သောကြောင့် ငွေအကြေပေး၍မှာသူရှိမှသာ ထုတ်လုပ်ပေးသည်။ ဒေါ်လာသန်းချီတန်ဖိုးရှိသော ဗိုလ်အုန်းသီးကားကို အင်္ဂလန်ဘုရင်မကြီး၊ ဂျပန်ဘုရင်ကြီး၊ အမေရိကန်သမ္မတကြီးတို့မှ မှာယူရာတွင် ကျည်ကာမှန်များ၊ ဗုန်းဒါဏ်ခံသတ္တုများ၊ ရွှေထိုင်ခုံများထည့်ပေးရသည်ဟု ကြားသိရ၏။ Custom made Bo Ohn Tee Car ဟူသည် ဆယ်လီများနှင့် ဘီလီယံနာများ အတွက်သာ။
တိုယိုတာ၊ ဟွန်ဒါ၊ ဟွန်ဒိုင်း၊ ကီယာ စသော ကားများကို လက်လုပ်လက်စားအနည်းစုနှင့် ရွှေ့ပြောင်းအလုပ်သမား နိုင်ငံခြားသားများသာ စီးကြပါ၏။ မြန်မာများကား အလုပ်အကိုင်ကောင်းကြသဖြင့် မြန်မာပိုင်ကားများကိုစီးနိုင်ကြပေ၏။ လမ်းများကလည်း တောက်ပြောင်သန့်ရှင်းလျှက်။ အလွန်စည်းကမ်းရှိလှသော လူမျိုးများဟု ကမ္ဘာက လေးစားလောက်ပေသည်။ ကားတွေများလှသော်လည်း ဟွန်းသံမကြားရ။ မိုးပျံလမ်းတွေပေါ်မှာ စည်းကမ်းတကျ မောင်းနှင်နေကြပါသည်။
ဒလမှရန်ကုန်မြို့ဟောင်းသို့ မိုးပျံရထားလမ်း၊ ကားလမ်းများဖြင့် ဆက်သွယ်ထား၏။ တချိန်က ကိုးရီးယားအကူအညီဖြင့် ဆောက်ခဲ့ရသည်ဆိုသော ဒလတံတားအိုကြီးကိုလည်း မလှမ်းမကမ်းမှာတွေ့နေရပါ၏။ ရှေးဟောင်းတံတားကြီးအဖြစ် ပြသထားဟန်ရှိသည်။ အခုအခါမှာတော့ မြန်မာအင်ဂျင်နီယာများက ကိုးရီးယားသို့သွား၍ တံတားသစ်တွေဆောက်ပေးနေလေပြီပေါ့။ တချိန်က ကိုယ့်နိုင်ငံကို ကူညီခဲ့ဖူးသဖြင့် သူ့ကျေးဇူးသိသည့် မြန်မာတွေပါ။
အဝေးတွင် ကွန်တိမ်နာဆိပ်ကြီးကိုလည်း မြင်နေရ၏။ ပေလေးဆယ်ကွန်တိမ်နာတင်ချပေးမည့် ကရိမ်းတွေက ရာချီလျှက် အလုပ်ဝင်နေကြသည်။ မြန်မာပြည်တွင် စက်ရုံများသောင်းချီသိန်းချီ တည်ထားပြီးဖြစ်၍ ကမ္ဘာ့နိုင်ငံများသို့ Made in Myanmar တံဆိပ်ပါ ကုန်ပစ္စည်းများ ပို့ဆောင်ရေးတွင် ဒီဆိပ်ကမ်းကြီးက အသုံးဝင်လှပါ၏။ မြန်မာပြည်အနှံ့ စက်မှုဇုန်တွေအပြည့်၊ ခေတ်မှီလယ်ယာတွေ မျက်စိတဆုံး။ နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်ထားသော စားသောက်ကုန်များကလည်း လူကြိုက်များလှသဖြင့် ကမ္ဘာက မှာသလောက်ပင် မပို့နိုင်သေးပါ။ မြန်မာ့ပိတောက်ဆန်သည် ယိုးဒယား၏ စပယ်ဆန်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို အုပ်စီးနိုင်ခဲ့တာ ကြာခဲ့ပါပေါ့။ လယ်ယာမြေတွေ ရွှေသီးတော့ လယ်ယာဦးကြီးတွေ ကမ္ဘာလှည့်နိုင်ကြတာ မဆန်းလှပါ။
Kpop နေရာတွင် Mpop တွေ နေရာယူခဲ့ရာမှ အာရှတလွှား Mpop fever ဟုပင် ခေါ်ရသည်အထိ မြန်မာလူငယ်မျိုးဆက်များ၏ အနုပညာအရည်အသွေးကား တောက်ပြောင်ပေစွ။ Mpop musics, moves, TV series စသည်ဖြင့် မြန်မာပြည်၏ ထုတ်ကုန်သစ်များမှ ရသသည့် ဝင်ငွေကပင် နှစ်စဉ်မနည်းလှ။ ကမ္ဘာ့လူငယ်တွေရဲ့နှလုံးသားမှာ Mpop တို့ရဲ့ မင်္ဂလာပါတွေ ရောက်ရှိခဲ့ပြီပေါ့။
အလွန်တိုးတက်ပြီး ခေတ်မှီခန့်ညားလှသော မြန်မာပြည်ကြီးကား ကမ္ဘာ့အလယ်တွင် တင့်တယ်လွန်းစွ။ မြန်မာပတ်စပို့ကိုင်သူများကိုလည်း လူတိုင်းက အားကြစွာကြည့်ကြရသဖြင့် ထိုသူတွေမှာ ဂုဏ်ရှိပေစွ။ ဘယ်နိုင်ငံရောက်ရောက် မြန်မာပတ်စပို့ ပြလိုက်သည်နှင့် အားလုံးက တလေးတစားဆက်ဆံကြသည်၊ မင်္ဂလာပါဟု ပြန်လည်နှုတ်ဆက်ကြသည်။ မြန်မာပတ်စပို့အနီလေး၏ ပါဝါကားကြီးပေစွ။
ထိုမြန်မာနိုင်ငံဟူသည်မှာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုလည်းဖြစ်၊ အယဉ်ကျေးဆုံး ၊အသန့်ရှင်းဆုံး စည်းကမ်းအရှိဆုံး လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာ့အလယ် ထည်ဝါခဲ့ပြီ ဖြစ်လေရာ မြန်မာဖြစ်ရတာ ဂုဏ်ယူစရာပင်။ မင်္ဂလာရှိသောလူမျိုး၊ မင်္ဂလာရှိသောတိုင်းပြည်၊ မင်္ဂလာတိုင်း....... တိုင်း...... တိုင်း........ ။
"ကလူပေ၊ ကလူပေ။ ထ..ထ။ နေ့ခင်းကြီးအိပ်နေရသလား။ "
မဒန်ပေက လာနှိုးမှပဲ တကယ်နိုးပေပြီပေါ့။ ယူကျူ့မှာ မြန်မာအိုင်ဒေါမှ မောင်ချိုကို အားပေးရင်း မျက်စိညောင်းကာ အိပ်ပျော်နေခြင်းပင်။ အိပ်မက်ထဲမှာ မင်္ဂလာပါ တိုင်းပြည်သို့ အလည်သွားနေမိခြင်းဖြစ်ပါ၏။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ နောာင်လာမဲ့နှစ်ငါးဆယ်လောက်ကို ကြိုပြီးအိပ်မက်နေတယ်ပဲဆိုဆို၊ မဖြစ်လာဘူးလို့ မည်သူပြောနိုင်သနည်း။ အခုတောင် စင်ကာပူကို မှီရန်မဝေးတော့ပြီတဲ့။ သတင်းထဲမှာတွေ့သည်။ ဒါကြောင့်မို့ နောင်နှစ်ငါးဆယ်မှာ မြန်မာပြည်ကြီး ဒီလိုတိုးတက်နေမှာ သေချာပါသည်ဟု မောင်လူပေ၏ အိပ်မက်မှ နမိတ်ပေးနေပါကြောင်း။
ချစ်တဲ့
မောင်လူပေ
(နောင်နှစ်ငါးဆယ်မှာ မဖြစ်လာတော့လည်း ဆဲကြပေါ့ဗျာ။ အဲဒီအချိန်ဆို မောင်လူပေလည်းသေပြီ။ ဆဲလည်း ဂရုမစိုက်။ တိန်..)
No comments:
Post a Comment