ဝင်ငွေနည်းကြသူများ
ဒေါ်လာတွေဈေးတက်တော့ ဝင်ငွေနည်းသူတွေဒုက္ခတွေ့မှာပဲလို့ ပူမိတယ်။ ကုန်ဈေးနှုန်းက ထပ်ချပ်မကွာ လိုက်တက်တော့မှာကိုး။ ဝင်ငွေနည်းတဲ့ဒုက္ခပေါ့လေ။
အဲ့ဂလို ဝင်ငွေနည်းသူတွေအတွက် ပူပန်နေတုန်း သတင်းတစ်ခုဖတ်ရတယ်။ မောင်လူပေတို့နေတဲ့ Bay Area မှာ တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်း တစ်သောင်း ခုနှစ်ထောင့်လေးရာ ( $ 117400.00) ရသူက ဝင်ငွေနည်းသူဖြစ်ပါသတဲ့။ အဲဒီသတင်းဖတ်ရမှပဲ ကိုယ်ကိုယ်တိုင်ကလည်း ဝင်ငွေနည်းသူ ဖြစ်နေတာ ပြန်သတိရတယ်။ မေ့နေတာ။
အမေရိကန်ဒေါ်လာတစ်သိန်းကျော်၊ ဂဏန်းခြောက်လုံးဝင်ငွေရှိရင် (six figures) ဆိုပြီး အရင်ကသိပ်အထင်ကြီးခဲ့ရတာ။ ကိုယ်တိုင်က ဝင်ငွေ ဂဏန်းငါးလုံးပဲရှိတော့ အားကြရတာပေါ့လေ။ ခုတော့ သူတို့လည်း ကိုယ်တွေလို ဝင်ငွေနည်းသူတွေပါပဲကလား။
ဒေါ်လာဈေးတက်ပေမဲ့ ရောင်းစရာဒေါ်လာတွေ ဘဏ်ထဲမှာများများစားစားမရှိ။ ဘဏ်ကိုပြန်ဆပ်ရမဲ့အကြွေးပေါင်းစုံက ဘဏ်မှာရှိတာထက်ပိုများတဲ့အကြောင်း ကိုယ့်ဟာကိုယ်မေ့နေတာ။ ဘဏ်ထဲက ဖွတ်ကလိဒဂါင်္း တစ်ပဲခြောက်ပြားနဲ့ မာန်တွေတက်လို့။ လက်ထဲရှိတာနှစ်ပြား၊ ပြန်ဆပ်ရန် အကြွေးခြောက်ကျပ်ဘဝကို မေ့နေတဲ့ မောင်လူပေပေါ့။
ခေတ္တအမေရိကားဆိုတဲ့ လူတွေရဲ့ဘဝပေါ့လေ။ အကြွေးတွေရတိုင်းဝယ်ပြီး မာန်တွေတက်။ နောက်ဆုံးပေါ်ကားသစ်တွေစီး၊ ဖုန်းသစ်တွေကိုင်၊ ဖက်ရှင်ဆန်းတွေဝတ်။ အိမ်ဝယ်ထားတော့ အိမ်ပိုင်ရှင်ဆိုပြီး မြောက်ကြွကြွ၊ တကယ်က အကြွေးမကြေသေးလို့ ဘဏ်ပိုင်တဲ့အိမ်။ အဲဒါကို ငါ့အိမ်ထင်နေသေး။ ဆရာတော်တွေ တရားဟောသလိုပေါ့ဗျာ။ ဘာကိုမှ ငါမပိုင်။ ငါ့ဟာမဟုတ်။ ငါ မရှိ။ (အားလုံးဟာ ဘဏ်ပိုင်။)
မြန်မာပြည်က ကိုယ့်ဆရာတွေကမှ တကယ်ချမ်းသာကြတာပါ။ အိမ်က သိန်းသောင်းချီတန်။ အကြွေးလည်း ဝယ်မရတော့ အိမ်ဖိုးက အကြေပေးပြီးသား။ ကားတွေ၊ အိမ်ဖေါ်တွေနဲ့။ ခြံတံခါးတောင် ဆင်းဖွင့်ဖို့မလို။ ညောင်းညာရင် နှိပ်ပေးမဲ့သူနဲ့။ ကားမောင်းပို့မဲ့သူနဲ့။ အားရင် ဂေါက်လေးရိုက်၊ ဘီယာလေးမြုံ့၊ ပျင်းရင် ကာရာအိုကေသွားမလား၊ ကလပ်တက်မလား၊ ..... လား။
အမေရိကားရောက် မောင်လူပေဘဝကတော့ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်။ အိမ်ဖေါ်ခေါ်ဖို့ ဒရိုင်ဘာငှားဖို့ဆိုတာ စိတ်ကူးတောင်မယဉ်ရဲတဲ့ဘဝ။ အားလုံး ကိုယ်ထူကိုယ်ထ။ ဂေါက်ရိုက်ဖို့၊ ဘီယာမြုံ့ဖို့ သူငယ်ချင်းတွေကို ခေါ်ချင်ပေမဲ့ သူတို့လည်းကိုယ့်လိုမအားကြ။ ကာရာအိုကေ၊ ကလပ်ဝေးလို့ တီဗီတောင် မှန်မှန်မကြည့်အားတဲ့ဘဝ။ အချိန်ပိုတွေလှိမ့်ဆင်းနေရလို့ အိမ်ပြန်ရောက်ရင် ဒေါင်းပြီပဲ။
ကဲ...။ ဒေါ်လာဈေးတက်လို့ ဝင်ငွေနည်းသူတွေကိုသနားရရင် ကိုယ်တိုင်လည်း ဝင်ငွေနည်းသူမို့ ကိုယ့်ကိုယ်ကိုပဲ သနားပါတော့မယ်။ ( ရွှေမန်းဦးတင်မောင် နှစ်ပါးခွင်သီချင်းထဲကလိုပေါ့။ " မင်းတို့ကိုလည်း အပြစ်မမြင်၊ မောင်တင်.. ကိုယ့်ကိုယ်ကိုသာ သနားလှချည်ရဲ့...။ )
တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းတစ်သောင်းကျော်မရတဲ့ ကိုယ်တွေဘဝက ပိုလို့ သနားစရာပါ။ တကယ်ကြတော့ သနားမဲ့သူမရှိ။ ဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ သနားရပါကြောင်း။
တိန်....။
No comments:
Post a Comment