အဖေ
အဖေနေ့ရောက်ပြန်ပြီပေါ့။ အဖေနေ့ဆိုတော့ အဖေတွေကိုဂုဏ်ပြုရတဲ့နေ့။ အဖေဆိုတာ မိသားစုရဲ့အိမ်ထောင်ဦးစီး။ နွေးထွေးမှုကိုပေးစွမ်းနိုင်သူ။ အရိပ်ကြီးတစ်ခု။ အဖေဘွဲ့ကဗျာတွေ အဖေ့မေတ္တာဘွဲ့ ဝတ္ထုတွေ တွေ့ရခဲပေမဲ့ အဖေ့မေတ္တာကို လူတိုင်းနားလည်ကြပါလိမ့်မယ်။ အဖေ့မေတ္တာဆိုတာ အမေ့မေတ္တာလို ထုတ်ပြတဲ့မေတ္တာမျိုးမဟုတ်တော့ မြင်ရခဲတာလည်းပါမယ်။ ရင်ထဲကပဲ ချစ်တတ်ကြတဲ့အဖေတွေများကြလေတယ်။
အဖေ့ကျေးဇူးတွေ ထိုင်ရေးမယ်ဆိုရင် ကုန်နိုင်စရာမရှိပါဘူး။ အဖေလို့ ခေါ်လိုက်ရတာနဲ့ ရင်ထဲမှာ အလိုလိုအားရှိသွားတာတစ်ခုကိုကြည့်ရင်ပဲ အဖေ့တန်ဖိုးကို မှန်းဆလို့ရနေပြီလေ။
အဖေနေ့မှာ အဖေ့အကြောင်း အမှတ်တရ ရေးခွင့်ပြုပါ။ ကျွန်တော်တို့မောင်နှမကတော့ အဖေ့ကို 'ပါပါး' လို့ ခေါ်ကြတယ်။ အဖေက တရုတ်သွေးအစစ်တော့မဟုတ်။ ပြီးတော့ ရန်ကုန်သားစစ်စစ်။ အရွယ်ရောက်တော့ တောင်ငူမှာစီးပွားရှာရာက တောင်ငူသားဖြစ်သွားလေတယ်။ ကျွန်တော်တို့လည်း တောင်ငူသားတွေဖြစ်ပေါ့။ ( နေရာခြင်းတော့မလဲပါဘူး။ တောင်ငူသားတစ်ယောက်ဖြစ်ရတာ၊ ဂုဏ်ယူပါတယ်ဗျာ။)
အဖေ့အကြောင်းတွေးမိရင် အဖေဆုံးမခဲ့တာတွေ ပထမဆုံးသတိရတယ်။ ဆုံးမတယ်ဆိုပေမဲ့ အဖေက လက်မပါပဲဆုံးမခဲ့တာ။ ပညာရှိဆုံးမနည်းမျိုးလို့ ခေါ်ရမလားပဲ။ သူက ဘယ်ကလေးကိုမှ မရိုက်ဖူး။ အမေကရိုက်ရင်လည်း မကြိုက်ဖူး။ သူများမိဘတွေက ကလေးကို ရိုက်နေတာတွေ့ရင်တောင် ဝင်ပြီးတားမြစ်တတ်တဲ့သူ။ ကလေးကိုရိုက်တာ ဆုံးမနည်းမှားတယ်လို့ ခံယူထားသူ။ သူ့ဆုံးမနည်းက လက်တွေ့ဆန်တယ်။ မီးကိုပူတယ်လို့ပြောထားတယ်၊ မယုံရင်ကိုင်ကြည့်ဆိုတာမျိုးပေါ့။ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မယ်လို့ ငယ်စဉ်ထဲက ခေါင်းထဲထည့်ပေးတယ်။ အမှန်တရားဖက်ကရှိစေတယ်။ ရန်ဖြစ်တာမကြိုက်၊ ကျောင်းမှာကိုယ့်ကိုမတရားလုပ်ရင် ပြန်မလုပ်ရဘူး။ ဆရာမကိုတိုင်ခိုင်းတယ်။ ဆရာမက အရေးမယူရင် သူကိုယ်တိုင်ကျောင်းလိုက်လာပြီးဆရာမနဲ့ ပြောပေးတယ်။ မိဘဆရာအသင်းဆိုလည်း အစည်းအဝေးတိုင်းသူတက်တယ်။ မိဘတွေရဲ့အမြင်ကို ကိုယ်စားတင်ပြတယ်၊ ဆွေးနွေးတယ်။ ဒီပလိုမေစီနည်းနဲ့ သွားတာကိုပဲသဘောကြတဲ့အဖေပါ။
ရိုးသားမှုကို အလွန်မြတ်နိုးသလို သူ့လိုရိုးသားဖို့လည်း အမြဲပဲသွန်သင်ပေးခဲ့တယ်။ အလုပ်မှာ တစ်ကျပ်တစ်ပြားကအစ မကွာစေရဘူး။ အလွန်တိကျသူ။ သူနဲ့အလုပ်တွဲလုပ်ဖူးသူတိုင်းက သူ့ကို ငွေကိုင်၊ စာရင်းကိုင် နေရာမှာထားကြတယ်။ စိတ်ချရလို့တဲ့။ သူနဲ့သိသူတွေက ကျွန်တော့ကို အဖေ့သားမှန်းသိရင် " မင်းအဖေက အရမ်းရိုးသားတဲ့သူ။" လို့ ပြောနေကြတုန်းပါပဲ။
တကယ်တော့ အဖေက ဘဝကိုသုညက စခဲ့ရသူပါ။ ဘဝကြမ်းကြမ်းကို ရိုးသားမှုနဲ့ဖြတ်သန်းခဲ့သူမို့ ရိုးသားမှုက သူ့ဘဝကိုအမြင့်ကိုရောက်စေခဲ့တာလို့ ခံယူခဲ့တယ်။ ပညာဆိုလည်း အတန်းပညာသေသေချာချာ မသင်ခဲ့ရပေမဲ့ သူ့ဟာသူလေ့လာလိုက်စားရင်း မြန်မာစာတတ်ခဲ့ရသတဲ့။ လက်ရေးတွေက ဝိုင်းဝိုင်းလေးတွေ၊ ကျွန်တော့လက်ရေးက အလွန်ဆိုးတယ်လို့ ပြောဖူးတယ်။ သူ့လက်ရေးတွေက ဘုန်းကြီးလက်ရေးလိုဝိုင်းနေတာမို့ ကျွန်တော့လက်ရေးပဲပင်ပေါက်တွေကို ကြည့်မရဖြစ်နေဟန်တူပါရဲ့။ မှတ်မှတ်ရရပါပဲ၊ ကျွန်တော် ဆယ်တန်းအရောက်မှာ လက်ရေးလှစာအုပ်သွားဝယ်ခိုင်းပြီး ဝလုံးဝိုင်းစေခဲ့ပါတယ်။ ဆယ်တန်းရောက်မှ လက်ရေးလှစာအုပ်နဲ့ ဝလုံးအရေးသင်ရသူကလည်း မြန်မာပြည်မှာ ကျွန်တော်တစ်ယောက်ပဲ ရှိမယ်ထင်ပါရဲ့။ သူကိုယ်တိုင်လည်း လက်ရေးလှစာအုပ်တွေဝယ်ပြီး ဝလုံးအဝိုင်းကျင့်ခဲ့ရသတဲ့။
တကယ်တော့အဖေက မြန်မာကျောင်းမနေခဲ့ဘူးသူပါ။ တရုတ်ကျောင်းမှာပဲငယ်ငယ်က နေခဲ့ဖူးလို့ မြန်မာစာ မသင်ခဲ့ဖူးဘူးတဲ့။ မြန်မာစာမသင်ခဲ့ဘူးသူရဲ့ လက်ရေးဆိုတာ ကြိမ်ပြောမှယုံကြလိမ့်မယ်။ သတ်ပုံလည်းမှန်တယ်။ ဝါကျလည်းမှန်တယ်။ သတင်းစာထဲက စာကြောင်းတွေတွေ့ရင် အကုန်လုံးကို ၏၊သည်၊၍ မလွဲကူးရေးခဲ့တယ်လို့ ပြောပြဖူးတယ်။ အလွန်ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ခဲ့သူပါပဲ။
သူဇွဲကောင်းသလောက် ကျွန်တော်က အပြင်းထူပါတယ်။ ဇွဲမရှိလို့ လက်ရေးလှသင်တန်းလည်းပျက်ပါတယ်။ အကျိုးတော့ရှိခဲ့ပါရဲ့။ လက်ရေးပဲပင်ပေါက်ဘဝကနေ လက်ရေးကြောင်ခြစ်ဘဝလောက်တော့ တိုးတက်ခဲ့လို့ပါပဲ။
အဖေက အရက်လည်းမသောက်၊ ဖဲလည်းမရိုက်။ စိတ်ညစ်ရင် ရုပ်ရှင်ကြည့်တယ်။ ကုလားကားရော၊ အင်္ဂလိပ်ကားရော အကုန်ကြည့်တယ်။ နားလည်သင့်သလောက် နားလည်တဲ့သူမို့ ကျွန်တော့ကို ဘာသာပြန်ပေးတယ်။ အဖေ့အဖေါ်က ကျွန်တော်လေ။ အဖေက အင်္ဂလိပ်စကားပြော၊ ဟိန္နူစတန်နီစကားပြောတို့ကို တကယ်ကို အထိုက်အလျှောက်ပြောနိုင်သူပါ။ self studying လုပ်ခဲ့သတဲ့။ ကွန်ဗင့်ကျောင်းက သီလရှင်တွေကလည်း ဘိုလိုပြောတတ်တဲ့သူ့ကို ခင်မင်ကြတယ်။ ဟိန္နူစတန်နီစကားပြောတတ်တဲ့သူမို့ ဟိန္နူတွေကလည်း သူ့ကိုခင်တယ်။ မုတ်ဆိပ်ဖွားဖွားနဲ့ ဗလီဆရာက ဆလံလုပ်ရင်လည်း ပြန်ပြီးဆလံလုပ်တတ်တဲ့အဖေ့မှာ ဘာသာစုံ၊ လူမျိုးစုံ အသိမိတ်ဆွေတွေ ပေါမှပေါ။
အဖေငယ်ငယ်က သူ့အဖေ(ကျွန်တော့အဖိုး) ကခေါ်လို့ ကက်သလစ်ဘုရားကျောင်း တက်ဖူးသတဲ့။ (အဖိုးက ကက်သလစ်ဘာသာဝင်ပါ။) သူကစိတ်မပါလို့ နောက်လည်း မလိုက်သွားတော့ဘူးတဲ့။ အမေနဲ့ရပြီးနောက်မှာမှ အမေ့ကောင်းမှုနဲ့ ဗုဒ္ဓစာပေတွေလေ့လာရင်း ရာသက်ပန်ဥပုဒ်သည် ဗုဒ္ဓဘာသာဝင် ဖြစ်သွားခဲ့သူ။ ဘုန်းကြီးကျောင်းကို ဥပုဒ်နေ့တိုင်း ဝါတွင်းဝါပ သွားတယ်။ နေ့လည်တရားနာပြီးညနေမှ အိမ်ပြန်တယ်။ ကျွန်တော်ကတော့ မနက်သီလယူပြီးတာနဲ့ သူငယ်ချင်းတွေနဲ့လည်ဖို့ အကြောင်းအမျိုးမျိုးပြပြီး လစ်တတ်သူမို့ အဖေ့လို ဘာသာတရားကိုင်းရှိုင်းသူ မဖြစ်ခဲ့။
အဖေက ဘာသာစကားမျိုးစုံပြောနိုင်တယ်။ တရုတ်ဘာသာစကားကို လေးမျိုးလောက်ရတယ်။ အသံပါ ပီသအောင် ပြောနိုင်လေတော့ လူမျိုးမတူတဲ့ အဖေ့ကို သူတို့လူမျိုးလို့ ထင်ကြတယ်။ သူတို့ပြည်နယ်သားလို့ အသိအမှတ်ပြုတယ်။ အဖေက ရန်ကုန်မှာမွေးတာပါလို့ ပြောရင်တောင်မယုံကြဘူး။ အဲဒီလူမျိုးတွေက သူတို့လူမျိုးလို့သတ်မှတ်တဲ့အတွက် အဖေက တရုတ်လူမျိုးအသင်းစုံရဲ့ အဖွဲ့ဝင်ဖြစ်သွားတဲ့အထိ။ အသင်းလူကြီးတွေဘာတွေတောင်ဖြစ်လို့။
အဖေ့သားကျွန်တော်ကတော့ ဘာသာဗေဒမှာ သုည။ မြန်မာစာ၊ မြန်မာစကားကလွဲရင် ဘာမှမတတ်။ ဒါပေမဲ့အဖေသွားတဲ့နေရာမှာ ပါလေရာငပိချက်မို့ သူတို့တွေက ကျွန်တော့ကို သူတို့စကားတတ်တယ်ထင်ပြီး လာပြောကြတဲ့အခါမှ ဒုက္ခတွေ့ရတယ်။ " မင်းရဲ့သားကို ငါတို့စကားသင်ပေးဦး။ ဒီကောင်လေးက တစ်လုံးမှ နားမလည်ဘူး။ ကိုယ့်လူမျိုးစကားမှ မတတ်ရင် ဘယ်ကောင်းမလဲ။ " လို့ လာပြောကြသတဲ့။ အဖေက ရယ်လို့ပဲ တုန့်ပြန်ပါတယ်။ သူတို့တွေက သူတို့လူမျိုးမဟုတ်မှန်းသိရက်နဲ့ အဖေ့ကို သူတို့လူမျိုးလို့ သတ်မှတ်ထားတာကို အဖေက ဂုဏ်ယူတယ်။
အဖေ့ခံယူချက်ကရှင်းပါတယ်။ အဖေတွေကြောင့် သူတို့ရဲ့ သားသမီးတွေ ဂုဏ်မငယ်စေရဘူးတဲ့။ သူပြောတဲ့ဂုဏ်ဆိုတာ စာရိတ္တပိုင်းကိုဆိုလိုတာပါ။ ဘယ်သူဘယ်ဝါ အရမ်းချမ်းသာတယ်ဆိုပေမဲ့ အစိုးရနဲ့ပေါင်းစားလို့၊ သူများပစ္စည်းတွေ မတရားယူပြီးချမ်းသာလို့ ဆိုတဲ့သူတွေရဲ့ သားသမီးဆိုတာ သူတို့အဖေနာမည်ပြောဖို့ ရှက်တတ်ကြသတဲ့။ လူတွေက ငွေရှိလို့ခေါ်ပြောကြပေမဲ့၊ နောက်ကွယ်မှာနှာခေါင်းရှုံ့ ကြမှာကိုး။ ဒါကြောင့် ရိုးသားမှုဟာ ဂုဏ်မငယ်ဘူး၊ ရိုးရိုးသားသားကျိုးစားရင် မချမ်းသာပေမဲ့ ထမင်းမငတ်ဘူး၊ ခေါင်းပြားပြားအိပ်ရတယ်၊ နောင်ဘဝအတွက်လည်း ပူစရာမလိုဘူးတဲ့။သားသမီးတွေလည်း သူတို့အဖေ့နာမည်ကို ခေါင်းမော့ပြီးပြောရဲသတဲ့။ ဒါဟာ သူ့ရဲ့ ခံယူချက်ပါ။
အခုတော့အဖေလည်း လူ့လောကမှာ အဖေတစ်ယောက်ရှိသင့်တဲ့တာဝန်တွေယူပြီးတဲ့အတွက် အနားယူဖို့ ထွက်ခွာသွားခဲ့ပါပြီ။ အဖေလို့ခေါ်ခြင်ပေမဲ့ ခေါ်ခွင့်မရှိတော့။ အဖေရှိဦးမယ်ဆိုရင် အဖေ့အသက်ဟာ(၈၁)နှစ်ပြည့်မှာ။ နေမယ်ဆို နေလို့ရသေးတာပေါ့။
အဖေက သူများအဖေတွေထက်မသာရင်တောင် တန်းတူထက်မလျှော့တဲ့ ချစ်မေတ္တာတွေပေးခဲ့သလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့သားသမီးတွေကို အဖေ့တာဝန်ကျေစွာနဲ့ ချစ်မေတ္တာတွေ ဝေမျှကြပါစို့။ သားသမီးတွေကလည်း နောင်လာမဲ့မျိုးဆက်တွေကို အဖေ့မေတ္တာဆိုတဲ့နွေးထွေးမှုတွေပေးရင်းနဲ့အဖေပီသစွာ ဆက်လက် အသက်ရှင်နေထိုင်သွားကြမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ အဖေ့မေတ္တာငတ်နေတဲ့ ကလေးငယ်တွေ အလွန်နည်းပါးသွားမှာ အမှန်ပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ အဖေ့တာဝန်ကျေပြွန်ကြသူ အဖေအပေါင်းကို ဒီနေရာကနေပြီး ဦးညွှတ်အလေးပြုပါတယ်။
Happy Fathers Day.....!!!!!!!!!!!👨
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment