သွေးစွန်းခဲ့သော ဆဲဗင်း ဂျူလိုင်
ဒီနေ့ခေတ်ရဲ့ တက္ကသိုလ်ကျောင်းသားလေးတွေကို သတင်းဌာနတစ်ခုက ဆဲဗင်းဂျူလိုင်အကြောင်း လိုက်မေးနေတဲ့ အင်တာဗျူးအစီအစဉ်ကို တွေ့မိတယ်။ ကျောင်းသားလေးတွေအများစုက မသိကြ။ ကြားတောင်မကြားဘူးသူတွေချည်း။ အစိုးရအဆက်ဆက်က အမှောင်ချခဲ့တဲ့အတွက် သူတို့လေးတွေမသိတာ မပြစ်မရှိ။ သူတို့လေးတွေသိလာအောင် ပြောပြပေးဖို့ပဲ လိုပါ့မယ်။
"မအ,အောင် သမိုင်းသင်တယ်။" လို့ ဒေါက်တာသန်းထွန်းက ပြောခဲ့တယ်။ သမိုင်းမှန်ကို လူငယ်လေးတွေသိအောင်၊ နားလည်လာအောင် လုပ်ပေးဖို့က လူကြီးတွေရဲ့တာဝန်။ နိုင်ငံရေးဆိုကြောက်တတ်ကြတဲ့ လူကြီးအချို့ကိုလည်း ပြောပြချင်တယ်။ ဒီလူကြီးတွေက အကြောက်တရားနဲ့ ကြီးလာကြတော့ သိအောင် မကြိုးစားခဲ့ကြဘူး။ ဒီလိုနဲ့ သမိုင်းမှန်တွေက ဖုံးရင်းနဲ့ ပျောက်ကွယ်ခဲ့ကြတာမနည်းလှ။
ဆဲဗင်းဂျူလိုင်ဆိုရင် ၁၉၆၂ခုက ဖြစ်ခဲ့တာဆိုတော့ (၅၆)နှစ်ရှိပြီ။ ဒီအဖြစ်အပျက်ကိုမှီခဲ့သူ၊ ပါဝင်ခဲ့သူတွေဟာ အသက်(၇၀)ကျော်တော့ အနည်းဆုံးရှိနေကြပြီ။ သူတို့တွေကလည်း ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ရေးသားနေကြပါတယ်။ အရင်ခေတ်က ဆင်ဆာကြောင့် ပါမလာနိုင်ခဲ့ပေမဲ့ အခုလို လွတ်လပ်လာတဲ့ခေတ်မှာ ဆဲဗင်းဂျူလိုင်ရဲ့ အဖြစ်မှန် သမိုင်းကို အခုခေတ်လူငယ်တွေအပါအဝင် မသိသေးတဲ့လူတွေအတွက် ရည်စူးပြီး လေ့လာမိသမျှထဲက အကျဉ်းချုပ်လေး ပြောပြချင်ပါတယ်။
၁၉၆၂ခုနှစ်မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီး တော်လှန်ရေးကောင်စီဆိုတဲ့နာမည်နဲ့ စစ်ကောင်စီဖွဲ့အုပ်ချုပ်တဲ့အခါ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရကို ကျောင်းသားသပိတ်တွေဆင်နွှဲတောင်းဆိုလို့ ရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မေလ(၉)ရက်နေ့မှာ ပယ်ဖျက်လိုက်တယ်။ တက္ကသိုလ်ကျောင်းဆောင်စည်းကမ်းတွေတင်းကျပ်လိုက်တယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ကန့်သတ်တယ်ပေါ့။ (ကျောင်းသားဆိုတာ စာပဲသင်ရမယ်၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ မပါရဘူး။ သမဂ္ဂအဖွဲ့ ဖွဲ့စည်းခွင့်မရှိဘူး။ ဖေါက်ဖျက်ရင်ကျောင်းထုတ်ခံရမယ်ဆိုတဲ့ ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ မောင်လူပေတို့ခေတ်ရဲ့ ခေတ်ဦးပိုင်းကာလတွေပေါ့။)
ဒီလိုလုပ်ရခြင်းအကြောင်းကတော့ ၁၉၅၈ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ အိမ်စောင့်အစိုးရတက်လာထဲက ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့ကြတာ တကသ(တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)အဖွဲ့ဝင်တွေပါ။ ပြည်သူ့ဆန္ဒနဲ့ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို အတင်းဖိအားပေးပြီး ခေတ္တဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် စစ်ခေါင်းဆောင်တွေရဲ့အမြင်မှာ ဒီကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေဟာ သူတို့ကိုဒုက္ခပေးနိုင်သူတွေပဲ။ ဒါကြောင့် သမဂ္ဂခေါင်းဆောင်တွေကိုဖမ်းပြီး ကိုကိုးကျွန်းအကျဉ်းထောင်(ယခုဖျက်သိမ်းပြီး)ကိုပို့တဲ့အထိ အရေးယူခဲ့တယ်။ ခေါင်းဆောင်အချို့ကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။
ဒါကြောင့် ၁၉၆၂မှာ ပြည်သူ့အစိုးရကို ဖမ်းဆီးထောင်ချပြီး စစ်အစိုးရစစ်စစ်အနေနဲ့ တက်လာလာခြင်းမှာပဲ တကသဆိုတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ကြီး ကျဆုံးရေးအတွက် ဗျူဟာချလိုက်တဲ့သဘောအနေနဲ့ ကျောင်းဆောင်စည်းကမ်းတွေတင်းကျပ်၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်လိုက်တာပဲ။ ကျောင်းသားတွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို စည်းခြားပြီး သူတို့အလိုကျ အုပ်ချုပ်ဖို့ အစပျိုးခြင်းပါ။ တက္ကသိုလ်နဲ့ပတ်သက်မှုမှန်သမျှကို သူတို့လက်ထဲထည့်လိုက်တဲ့အတွက် ရန်ကုန်တက္ကသိုလ် အဓိပတိ( ဂုဏ်ထူးဆောင် ပါမောက္ခချုပ်) ဟာ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ဖြစ်သွားလေတယ်။
ဇူလိုင် (၇)ရက်နေ့မှာ အာဏာသိမ်းတော်လှန်ရေးကောင်စီရဲ့ တရားမမျှတတဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက်ဖို့အတွက် ကျောင်းသားများကို အစည်းအဝေး ခေါ်ပြီး သမဂ္ဂအဆောက်အအုံ အတွင်း ကျင်းပခဲ့ကြတယ်။ ကျောင်းသားတွေ အစည်းအဝေးကျင်းပ နေစဉ် အစည်းအဝေးအတွင်းမှာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြသလို သမဂ္ဂအဆောက်အအုံ ကိုလည်း ‘ဒီမိုကရက်တစ်တပ်ဦး’ ဟုအမည်ပေးခဲ့ကြတယ်။ ဆန္ဒပြမှုတွေကြောင့် ကျောင်းသားခေါင်းဆောင်တချို့ကို ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ကြောင်း သိသွားတဲ့အခါ ကျောင်းသားတွေက သမဂ္ဂအဆောက်အဦရှေ့မှာ ဆန္ဒပြ ကြွေးကြော်ခဲ့ကြပြန်တယ်။ မတရားတဲ့ဥပဒေတွေကို ဆန့်ကျင်ကြဖို့ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ တကသအလံကိုင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြတယ်။ နယ်ချဲ့ကို တော်လှန်ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်အောင်ကျော်နေ့ကို သတ်မှတ်ဖို့ သဘောတူပြီး ကျောင်းအဝင်တံခါးဝမှာ ဗိုလ်အောင်ကျော်ကို ပန်းခွေချအလေးပြုကြတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းတို့၊ ကိုအောင်ကျော်တို့ ကိုအောင်ဆန်းတို့ ကိုနုတို့ ကိုရာရှစ်တို့ ကိုညီပိတ်တို့ကို မွေးဖွားပေးခဲ့ရာ ဘူမိနက်သံဖြစ်တဲ့ တကသအဆောက်အဦကြီးထဲမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့အဆိုတွေတင်သွင်းကြ၊ ထောက်ခံကြ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ကြနဲ့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ အလုပ်များတဲ့နေ့။
ရန်ကုနါတက္ကသိုလ်အပြင်မှာတော့ လုံထိမ်းတပ်ကတစ်ထပ်၊ စစ်တပ်က တစ်ထပ်ဝိုင်းထားလိုက်ပါပြီ။ ဒီစစ်ဆင်ရေးကြီးကို ဦးဆောင်ခဲ့သူက ဗိုလ်မှူးစိန်လွင်( နောင် သမ္မတဗိုလ်ချုပ်အငြိမ်းစား)။ သူက ကရင်ခေါင်းဆောင် စောဘဦးကြီးကို အသေပစ်ဖမ်းပြီး နာမည်တက်လာသူ။ လက်ရဲဇက်ရဲ ရှိတယ်လို့ နာမည်ရတဲ့ စစ်ခေါင်းဆောင်မျိုးဆက်သစ်။ ဒါကြောင့် သူ့ကို တာဝန်ပေးတယ်။ အတွင်းကကျောင်းသားတွေကတော့ ကြောက်လန့်ခြင်းကင်းတဲ့ကျောင်းသားစိတ်ဓါတ်အပြည့်နဲ့ စစ်အစိုးရဆန့်ကျင်ရေးတရားတွေကို မကြောက်တန်း ဟောပြောလျှက်ပါပဲ။
အဲဒီ ဂျူလိုင်(၇)ရက်နေ့ညမှာပဲ အာဏာသိမ်းစစ်ကောင်စီက မာရှယ်လောကြေညာပြီး စစ်သားတွေ၊ လုံထိန်းရဲတွေက ကျောင်းတံခါးကိုရိုက်ချိုးဝင်လာကာ မျက်ရည်ယိုဗုန်းနဲ့ပစ်၊ တွေ့သမျှကို ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ ပြန်လည်ခုခံတဲ့ကျောင်းသားတွေကတော့ သွေးသံရဲရဲနဲ့ ပါသွားခဲ့ပြီး ကျောင်းသားအများစုက တကသအဆောက်အဦကြီးထဲဝင်ပြေးကြတယ်။ အပြင်က ထွက်လာဖို့အမိန့်ပေးပေမဲ့ ထွက်မလာကြဘူး။ အဒီအချိန်မှာ မြန်မာ့အသံဝင်းထဲ တပ်စွဲထားတဲ့ တော်လှန်ရေးကောင်စီဝင်ဗိုလ်ချုပ်တွေက တကသအဆောက်အဦကြီးကို သူပုန်ဌာချုပ်လို့ သပ်မှတ်တာမို့ ဖျက်ဆီးလိုက်ဖို့ အမိန့်ပေးလိုက်တဲ့အတွက် ညတွင်းချင်းပဲ ဂျီအီးတပ်ကို ဒိုင်းနမိုက်တွေလိုက်ကပ်ဖို့ အမိန့်ပေးပြီး နောက်နေ့ ဂျူလိုင်လ(၈)ရက်နေ့မနက် လင်းအားကြီးအချိန်(၄)နာရီလောက်မှာ ဖေါက်ခွဲဖျက်ဆီးလိုက်ကြပါတော့တယ်။
ရန်ကုန်တမြို့လုံး ပေါက်ကွဲသံကြီးကြောင့် လန့်နိုးခဲ့ကြပြီး မကြာခင်မှာပဲ ကျောင်းသားသမဂ္ဂအဆောက်အဦကြီး ဖျက်စီးခံလိုက်ရကြောင်း သိခဲ့ကြရတယ်။ ဖေါက်ခွဲဖျက်စီးချိန်မှာ သမဂ္ဂအဆောက်အဦအတွင်း ကျောင်းသားတွေရှိနေတာကြောင့် ကျောင်းသားရာချီပြီး သေဆုံးခဲ့ရတယ်လို့လည်း သတင်းတွေထွက်လာခဲ့တယ်။ သမဂ္ဂအဆောက်အဦထဲကထွက်လာကြဖို့ ပြောပေမဲ့ ဘယ်သူမှထွက်မလာလို့ လူမရှိဘူးလို့သတ်မှတ်ပြီး ဖေါက်ခွဲလိုက်ကြတယ်လို့လည်း ပြောကြတယ်။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ နိုင်ငံခေါင်းဆောင်တွေ မွေးဖွားပေးခဲ့တဲ့ သမိုင်းဝင် တကသအဆောက်အဦကြီး မြေခခဲ့ရပါတော့တယ်။ နှစ်ထပ်တိုက်အဆောက်အဦကြီးတစ်ခုလုံး မြေပေါ်မှာ တစစီဖြစ်သွားစေတဲ့ ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်တဲ့မိုင်းတွေရဲ့အားကြောင့်ဆိုတာ သိသာပါတယ်။ အတွင်းမှာရှိနေမဲ့ကျောင်းသားတွေလည်း အမှုန်ဘဝပြောင်းသွားမှာပါ။
ကျွန်တော်မှတ်သားမိသမျှ ဆဲဗင်းဂျူလိုင်အကြောင်းကို အကျဉ်းမျှ တင်ပြခဲ့ပါပြီ။ ပါဝင်ခဲ့ကြတဲ့ သက်ရှိထင်ရှားရှိနေဆဲကျောင်းသားဟောင်းတွေရဲ့ ပြောပြရေးသားချက်တွေကို မှီငြမ်းပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်ကြီးကို ကိုးကားပါတယ်။ ဒီစာအုပ်ကြီးကို အချိန်ယူပြုစုပေးခဲ့တဲ့ ကုလားကြီးခေါ် ကိုအောင်ထွန်းအားလည်း ကျေးဇူးတင်ကြောင်း ပြောကြားခွင့်ပြုပါ။
မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မတရားမှုမှန်သမျှကို ရှေ့ဆုံးကဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်များရဲ့သွေးတွေ ဒီနေ့အထိ စွန်းထင်းနေဆဲမို့ သူရဲကောင်း အညတရကျောင်းသားအပေါင်းကိုလည်း လေးစားစွာ အလေးပြုအပ်ပါတယ်။
ဆဲဗင်းဂျူလိုင်လို အဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးကြပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment