ဈေးရောင်းခြင်း အနုပညာ
ဈေးရောင်းတာလား။ လူတိုင်းရောင်းတတ်တာပေါ့လို့ ထင်ကြမှာပဲ။ ဟုတ်ကဲ့။ လူတိုင်းရောင်းတတ်ပေမဲ့ ဝယ်သူစိတ်ဝင်စားအောင် ဆွဲဆောင်မှုကတော့ ကွာမှာပေါ့။
ဈေးကွက်စီးပွားရေးခေတ်မှာ အပြိုင်အဆိုင် ရောင်းကြရတော့ ကိုယ့်ပစ္စည်းနာမည်ရအောင် နည်းမျိုးစုံသုံးပြီး ရောင်းနေကြရဲ့။ အမှန်အကန်ပြောရောင်းတယ်၊ မလှိမ့်တပတ်နဲ့ရောင်းတယ်။ ကုန်ပစ္စည်းအတွက် လူစိတ်ဝင်စားမယ်ထင်တဲ့ပုံစံမျိုးစုံလုပ်တယ်။ ပစ္စည်းကြော်ငြာအတွက် ငွေတွေအများကြီးပေး၊ အကုန်ခံပြီး ကြော်ငြာမော်ဒယ်ငှားသူရှိသလို သူများတွေရဲ့ ဓါတ်ပုံလှလှလေးတွေကို ကာယကံရှင်မသိအောင် ခိုးသုံးသူလည်းမနည်း။ ပြည်သူတွေရဲ့အသည်း၊ အလွန်ချစ်ဖို့ကောင်းလှတဲ့ ကလေးအမွှာလေး ခေတ်နဲ့သစ်ရဲ့ပုံတောင် အလွတ်မပေး။ ကလေးပုံလေးတွေနဲ့ ဖေ့ဘုတ်မှာ ပေ့ခ်ျထောင်ပြီး ဈေးရောင်းနေလို့ သူတို့ဒယ်ဒီကိုလင်းလင်း ပေါက်ကွဲတာလည်း မဆန်း။
တကယ်တော့ ကိုယ့်ကုန်ပစ္စည်းကို အရောင်းသွက်အောင် ကြော်ငြာရတာ အနုပညာတစ်မျိုးပါပဲ။ ဈေးရောင်းခြင်းအနုပညာပေါ့။ ဈေးရောင်းပွဲတော်မျိုးစုံလုပ်ကြတဲ့အခါ ဘယ်လိုဆွဲဆောင်ကြတယ်ဆိုတာ သူငယ်ချင်း မြင်ဖူးမှာပါ။ စူပါမတ်ကက်တွေ ရှော့ပင်မောလ်ကြီးတွေထဲမှာမှ ဈေးရောင်းပွဲတော်လုပ်လို့ရတာတော့ မဟုတ်ဘူး။ ဈေးရောင်းခြင်းအနုပညာတတ်ရင် လယ်သမား၊ ယာသမားတွေကတောင်မှ သူတို့လယ်ထဲ၊ယာထဲအထိ လူလာအောင် လုပ်လို့ရတယ်။ ဥပမာဆိုရရင် အိမ်ရှင်မတွေလက်စွဲဖြစ်ပြီး အစိမ်းစားရင် အလွန်အနံ့ပြင်းတဲ့ ကြက်သွန်ဖြူလို မီးဖိုချောင်သုံးပစ္စည်းမျိုးကိုတောင် ပွဲတော်လုပ်လို့ရသေး။
ဟုတ်ပါတယ် သူငယ်ချင်း။ ကမ္ဘာကျော်ပွဲတော်တွေထဲက တစ်ခုပါ။ ကြက်သွန်ဖြူပွဲတော်တဲ့။ ဂေရွိုင်းဆိုတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက မြို့ခံ ကြက်သွန်စိုက်တောင်သူတွေ ဦးစီးကျင်းပတာမို့ Gilroy Garlic Festival လို့ ခေါ်တယ်။ ၁၉၇၉ခုနှစ်ကနေစပြီး နှစ်စဉ်နွေရာသီရောက်တိုင်း ကျင်းပနေတာ။ ဒီနှစ်အတွက်ကတော့ ဂျူလိုင်နောက်ဆုံးအပတ်မှာကျင်းပလိမ့်မယ်။ ဒီပွဲတော်အကြောင်းကြားသိမိသူ ကမ္ဘာအနှံ့က food lovers တွေ ဆုံစည်းရာနေရာလေးတစ်ခုဆိုလည်းမမှားဘူး။
ဂေရွိုင်းဆိုတဲ့မြို့လေးက ဆန်ဖရန်စစ္စကိုမြို့ရဲ့တောင်ဖက် မိုင်(၇၀)နီးပါးမှာရှိတဲ့တောမြို့လေးပါ။ ယာသမားတွေနေတဲ့မြို့။ သူတို့ရဲ့အဓိကထွက်ကုန်က ကြက်သွန်ဖြူ။နွေရာသီ ဖုန်ထူထူ နေပူပူမှာ အရိပ်မရှိတဲ့ယာထဲကိုင်းထဲကို လူတွေသိန်းချီဝင်လာအောင် လုပ်တတ်တဲ့ ဒီလူတွေကိုမှ ဈေးရောင်းခြင်းအနုပညာတတ်ကျွမ်းသူလို့မခေါ်ရင် ဘယ်သူ့ကို ခေါ်ရမလဲ။ ရှော့ပင်မောလ်ထဲ လေအေးပေးစက်အောက်မှာ နာမည်ကြီးတံဆိပ်တတ်ထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းတာမဟုတ်ဘူးလေ။ ဘယ်ကုန်စုံဆိုင်မှာမဆို အလွယ်တကူဝယ်လို့ရတဲ့ ကြက်သွန်ဖြူတွေ ရောင်းနေတာ။
အဲဒီလို ဈေးရောင်းခြင်းအနုပညာရှင် ကြက်သွန်ဖြူစိုက်တဲ့ တောင်သူဦးကြီးတွေကြောင့် ဒီပွဲတော်က ဒေသပွဲတော်အဆင့်ကနေ အခုဆိုရင် ကမ္ဘာ့အစားအသောက်ပွဲတော်တွေထဲမှာ နေရာရတဲ့ပွဲတော်တစ်ခု ဖြစ်နေပြီ။အရောင်းမြှင့်တင်ရေးမှာ အလွန်တော်တဲ့ တောင်သူတွေရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။
ကြက်သွန်ဖြူတောင်သူတွေက အစတော့ ရိုးရိုးပဲရောင်းကြတာပါ။ ကုန်သည်ကဈေးနှိမ်၊ ရောင်းအားမကောင်းတော့ တွက်ခြေမကိုက်ရာက ဆေးဘက်ဝင်သလို အရသာရှိလို့ အိမ်ရှင်မတွေအတွက် ဟင်းချက်ရာမှာ မရှိမဖြစ်တဲ့ ကြက်သွန်ဖြူတွေ သူတို့ဒေသမှာ ထွက်တယ်ဆိုတာလည်းလူသိအောင်၊ ဈေးကောင်းလည်းရအောင်၊ လတ်လတ်ဆပ်ဆပ် ကြက်သွန်ဖြူတွေကို အလွယ်တကူဝယ်နိုင်အောင် အရောင်းမြှင့်တင်ရေးအတွက် ကြက်သွန်ဖြူပွဲတော်လုပ်ဖို့ ကော်မတီဖွဲ့တယ်။ လုပ်အားပေးတွေရှာတယ်။ အကြိမ်ကြိမ်စည်းဝေးတယ်။ နေရာအတွက် ကွင်းပြင်ကြီးတစ်ခုရတယ်။ အဲဒီကွင်းကြီးကို ခြံခတ်ပြီး ဝင်လာသမျှကို ဝင်ကြေးကောက်တယ်။ လူကြီး ၂၀၊ လူငယ်နဲ့သက်ကြီးပိုင်း ၁၀၊ အွန်လိုင်းကဝယ်ရင် ၂ဒေါ်လာလျှော့ဈေး။ ဒီလောက်လုပ်ရုံနဲ့တော့ လူလာဖို့ ဘယ်သေချာဦးမလဲ။ ဒီတော့ ဖျော်ဖြေရေး၊ စားသောက်ရေး၊ ပြိုင်ပွဲ၊ ကလေးကစားကွင်း အကုန်စီစဉ်ရပြီပေါ့။ ဆယ်လီတွေလည်းလိုတယ်။ သူတို့အားနဲ့ ဆွဲဆောင်ရမှာ။ ဆယ်လီဆိုတာလည်း ကိုယ်ရောင်းမဲ့ပစ္စည်းနဲ့သင့်တော်တဲ့ဆယ်လီမျိုးဖြစ်တဲ့ တီဗီထဲက နာမည်ကျော်ထမင်းချက်တွေ ဖိတ်ခေါ်တယ်။ ဒီလို celebrity chefs တွေက ပွဲတော်လာကြသူတွေ စိတ်ဝင်စားအောင် ကြက်သွန်ဖြူနဲ့ချက်တဲ့ ဟင်းမျိုးစုံချက်ပြတယ်။ ကြက်သွန်ဖြူအသားပေး အသားကင်ပြိုင်ပွဲ၊ ဟင်းချက်ပြိုင်ပွဲတောင်ပါသေး။ ဒီလိုနဲ့ တစ်စတစ်စ နာမည်ရလာခဲ့ရာက အခုတော့ ကြော်ငြာစရာတောင်မလိုအောင် ပွဲတော်အချိန်ဆို လူတွေရောက်လာကြပြီ။
ပွဲတော်လာပြည်သူတွေ စားသောက်ရေးကတော့ ဆိုင်ပေါင်းစုံမှာ ကြက်သွန်ဖြူအရသာအသားပေးတဲ့ အစားအသောက်တွေ ဝယ်စားပေရော့။ တီထွင်ချက်ကတော့ အံ့မခန်း။ ကလေး၊ လူကြီးကြိုက်တဲ့ ရေခဲမုန့်တောင် ကြက်သွန်ဖြူအရသာနဲ့ထွင်ထားတယ်။ကြက်သွန်ဖြူအရသာ ကွတ်ကီးမုန့်၊ ကရေကရာမုန့်ဘာညာ မုန့်မျိုးစုံက ကလေးတွေအတွက် အဆင်ပြေသလို ကြက်သွန်ဖြူအရသာ အသားညှပ်ပေါင်မုန့်၊ ဘာဂါအစုံက လူကြီးကြိုက်။ အစားအစာမျိုးစုံက ကြက်သွန်ဖြူအရသာနဲ့ မလွတ်စေရ။ ကြက်သွန်ဖြူ အနံ့မစူး၊ အရသာပြေပြေလေးရအောင် ဖန်တည်းထားတဲ့ အစားအသာတွေမို့ အတော်ရောင်းရတယ်။
ထူးထူးခြားခြားအစားအသောက်တွေအပြင် လက်မှုအနုပညာအနေနဲ့လည်း အမှတ်တရတီရှပ်တို့ ဦးထုတ်တို့ လက်ဆွဲအိပ်တို့ ရမယ်။ ကြက်သွန်ဖြူနဲ့ဖန်တည်းထားတဲ့ အရုပ်လေးတွေ၊ ကြက်သွန်ဖြူဦးထုတ်၊ ကြက်သွန်ဖြူလည်ဆွဲ၊ ကြက်သွန်ဖြူပန်းချီကား၊ ကြက်သွန်ဖြူလက်ကောက်၊ ကြက်သွန်ဖြူခါးပတ် စသည်နဲ့ စိတ်ကူးကောင်းကောင်းနဲ့ ပုံဖေါ်ရောင်းကြသေးရဲ့။ ပုံစံလှလှလေးတွေ ပွဲထဲမှာဝတ်၊ အိမ်ရောက်ရင် ဟင်းချက်စား၊ အိမ်ရှင်မတွေအတွက် အဆင်ကိုပြေလို့။
ပွဲတော်ထဲမှာ ဒေသထွက်နာမည်ကျော် ဝိုင်အရက်မျိုးစုံကိုလည်း စိတ်ကြိုက်မြည်းခွင့်ရှိတယ်။ ဝိုင်သောက်လိုက် စားလိုက်၊ ဘိုက်ခြောင်အောင် ပွဲခင်းထဲလမ်းလျှောက်လိုက်၊ အချက်အပြုတ်စိတ်ဝင်စားသူက ဆယ်လီထမင်းချက်တွေ ချက်ပြတဲ့ ဟင်းချက်နည်းတွေလေ့လာ၊ ကိုယ်တိုင်မြည်းစမ်းပေါ့။ အလှအပကြိုက်သူတွေက ကြက်သွန်ဖြူပွဲတော် အလှမယ်ရွေးပွဲမှာ အလှမယ်လေးတွေကို မျက်စိအရသာခံလို့ရတယ်။ ကိုယ်ကြိုက်တဲ့အလှမယ်ကို မဲပေးလို့ရတယ်။ ကြက်သွန်ဖြူအရသာကဲတဲ့ အသားကင်ပြိုင်ပွဲတွေ ကြည့်ရတာလည်း စိတ်လှုပ်ရှားလိုသူတွေအတွက် ကွက်တိ။ ပန်းချီသမားတွေအတွက် ကြက်သွန်ဖြူပွဲတော် ပိုစတာပြိုင်ပွဲ၊ ကလေးတွေအတွက် ကစားကွင်းထဲမှာ ကြက်သွန်ဖြူအရုပ်တွေနဲ့ဆော့ကစား။ ပွဲတော်လာကြသူတိုင်း မောအောင်ပျော်ပြီးမှ ကြက်သွန်ဖြူတောင်သူတွေဆီက လတ်ဆတ်လှတဲ့ ကြက်သွန်ဖြူတွေဝယ်ပြီး အိမ်ပြန်ကြတယ်။
အခုရေးပြနေတာ ဂေရွိုင်းကြက်သွန်ဖြူပွဲတော်ကို ကြော်ငြာပေးနေတာမဟုတ်ပါဘူး။ မောင်လူပေလည်း ကြက်သွန်ဖြူမစိုက်။ မြန်မာပြည်က တောင်သူဦးကြီးတွေလည်း ဒီလိုအနုပညာတွေဖန်တည်းပြီး သူတို့ယာတောထဲကို လူတွေရောက်လာအောင် ဖန်တည်းနိုင်တယ်ဆိုတာ ပြောပြချင်လို့။ တောင်ကြီးက မိုဟာမက်ဆီမလာရင် မိုဟာမက်က တောင်ကြီးဆီသွားရမယ်' ဆိုတဲ့ အာရပ်စကားပုံလိုပဲ ယာတောထဲကလယ်ယာဦးကြီးတွေလည်း ဈေးဝယ်လိုသူ အိမ်ရှင်မတွေ ယာတောထဲအထိ တိုက်ရိုက်ဆင်းလာပြီး ဝယ်လို့ရအောင် ဖန်တည်းနိုင်တဲ့ ဈေးရောင်းခြင်းအနုညာတစ်ခုအကြောင်း ဖေါက်သည်ချတဲ့သဘော။
ကိုယ့်ဒေသထွက်ကုန်တွေကို ရာသီအလိုက်ရောင်းကြဝယ်ကြတဲ့အခါ ဖန်တည်းနိုင်မှုစွမ်းအားအလျှောက် လူစိတ်ဝင်စားမှုကောင်းရင် ဈေးကောင်းရကြတယ်။ ရောင်းကုန်ပစ္စည်းရဲ့ သန့်ရှင်းမှု၊ လတ်ဆတ်မှု၊ မျိုးကောင်းမှု၊ အရသာရှိမှုတွေ တူနေရင်တောင် ထွက်တဲ့ဒေသနာမည်အလျှောက် ဈေးမတူကြဘူး။ ဒါကြောင့် ဒီလိုလုပ်ပေးနိုင်ရင် ကိုယ့်ဒေသနာမည်လည်း အမြဲပရိုမိုးရှင်းလုပ်ပြီး ဖြစ်နေတာပေါ့။
မြန်မာပြည်မှာလည်း ကြက်သွန်ဖြူစိုက်တဲ့ဒေသတွေ တောင်သူတွေမနည်းလှ။ အထူးသဖြင့် ချင်းတွင်းမြစ်တလျှောက်နဲ့ ဧရာဝတီမြစ်ကြောက မြေနုကျွန်းတွေမှာ ကြက်သွန်ဖြူနဲ့ ဆေးရွက်ကြီးတွေ စိုက်ကြတယ်။ မြစ်ထဲက စိုက်ခင်းတွေမှာ ပြည်သူတွေအလွယ်တကူလာနိုင်အောင်နေရာဖန်တည်းပေးပြီး ပွဲတော်တွေဖန်တည်းပေးနိုင်ရင် ဒေသလည်းနာမည်ရ၊ ထွက်ကုန်လည်းရောင်းရ။ ဒေသအခြေပြု ခရီးသွားလုပ်ငန်းတွေလည်း အဆင်ပြေမယ်။ အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ အညာဒေသအတွက် အိုးမကွာအိမ်မကွာဖန်တည်းနိုင်မဲ့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာမယ်လို့ တွေးမိပါတယ်။ ပိုပြီးနာမည်ရလာရင် ပြည်တွင်းခရီးသွားတွေသာမကပဲ အာဆီယံခရီးသွားတွေ၊ ဥရောပခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့အထိ ဖြစ်လာမှာပဲ။ ဒေသဘုရားပွဲတွေအပြင် ခရီးသွားတွေ စိတ်ဝင်စားမဲ့ ပျော်စရာဈေးရောင်းပွဲတော်လေးတွေ လုပ်ပေးနိုင်ဖို့ အဝေးကနေ တွေးမိသမျှဝေမျှပါတယ်။ ချစ်စရာအညာဒေသထွက်ကုန်တွေကို ရာသီအလိုက်၊ ဒေသအလိုက် ဈေးရောင်းပွဲတော်လေးတွေလုပ်ပြီး ရောင်းအားမြှင့်ပေးနိုင်ရင် အဲဒီဒေသကတောင်သူတွေ အတော်အဆင်ပြေကြမှာပဲ။ စွမ်းနိုင်သူတွေ ဦးဆောင်ကြပါ။ ဒေသကိုချစ်တဲ့သူတွေ စဉ်းစားကြပါလို့ အကြံပေးလိုက်ပါကြောင်း။
မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သားမိတ်ဆွေ သူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
(Photo credit to original up-loaders.)
No comments:
Post a Comment