ကုန်သွယ်ရေးစစ်ပွဲနဲ့ ပဲပိစပ်
Soy beans ကို မြန်မာလို ပဲပိစပ်လို့ခေါ်တယ်ထင်ပါရဲ့။ ပဲပိစပ်ကို ကမ္ဘာ့နိုင်ငံတိုင်းမှာ စိုက်ကြတယ်။ အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံက အမေရိကားဖြစ်ပြီး အများဆုံး တင်သွင်းတဲ့နိုင်ငံက တရုတ်ပြည်ပါ။ ဈေးချိုတဲ့ အမေရိကားရဲ့ ပဲပိစပ်ကို မနှစ်က ဒေါ်လာ(၁၄)ဘီလီယံဖိုးအထိ တရုတ်က ဝယ်ခဲ့တယ်။
ပဲပိစပ်ကို စားသုံးဖို့၊ ဆီထုတ်ဖို့နဲ့ ဝက်ကျွေးဖို့ အဓိက သုံးတယ်။ ကမ္ဘာ့ဝက်မွေးမှုရဲ့ ထက်ဝက်ကလည်း တရုတ်ပြည်မှာပဲ။ ဒါလည်းမလောက်လို့ အမေရိကားက ဝက်သားတွေ မှာယူတင်သွင်းနေရတယ်။
အမေရိကားပဲပိစပ်ဈေးကို တရုတ်လယ်သမားတွေမယှဉ်နိုင်လို့ ပဲပိစပ်စိုက်ပျိုးမှုက ဧကပေါင်းတစ်သန်းခွဲကျော်ပဲရှိတယ်။ အခုတော့ တရုတ်က ပဲပိစပ်စိုက်ပျိုးရေးကို ဧကပေါင်း(၂၁)သန်းအထိ တိုးချဲ့ဖို့လုပ်ဆောင်နေတယ်။ လယ်သမားတွေကို အစိုးရစိုက်ငွေအဖြစ် တစ်ဧကကို ဒေါ်လာ၂၀၀နီးပါးကနေ ၃၀၀ကျော်ထိ ထောက်ပံ့တယ်။ အရင်က ဒေါ်လာ၁၅၀ပဲထောက်ပံ့ခဲ့တာနဲ့နှိုင်းယှဉ်ရင် နှစ်ဆတိုးလိုက်တာပါ။
ပဲပိစပ်စီမံကိန်းက နိုင်ငံတော်စီမံကိန်းတစ်ခုဆိုလည်းမမှား။ လယ်သမားတွေရဲ့အားနဲ့ စိုက်ပျိုးနိုင်လို့ ပဲပိစပ်တင်သွင်းရမှုကိုလျှော့ချနိုင်ရင် နိုင်ငံရဲ့ ပြည်ပထွက်ငွေတွေ သက်သာစေမယ်။ လောလောဆယ်မှာတော့ လိုအပ်မှုကို ဖြည့်ဖို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ စတဲ့ အာရှနိုင်ငံတွေက ပဲပိစပ်တွေကို အခွန်မကောက်ပဲ တင်သွင်းနေတယ်။ ဒါပေမဲ့ လိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ဆည်းဖို့ မရှိသေးလို့ ဝက်စာကို အခြားအစားထိုးဖို့ ပြင်ဆင်နေကြလေရဲ့။
(တရုတ်ရဲ့ ပဲပိစပ်စိုက်ပျိုးရေး နိုင်ငံတော်စီမံကိန်းကတော့ တကယ်အကျိုးဖြစ်မဲ့ စီမံကိန်းပါ။ မြန်မာပြည်က ဗိုလ်ချုပ်ကြီးတွေ စိတ်ကူးယဉ်ခဲ့တဲ့ လောင်စာဆီအစားထိုးမဲ့ 'ကြက်ဆူပင်စိုက်ပျိုးရေး စီမံကိန်း' ကြီးလို အကျိုးမရှိပဲ နိုင်ငံတော်ဘဏ္ဍာတွေ ဖြုံးတီးမယ်မဟုတ်။ ကြက်ဆူပင်စီမံကိန်းကြောင့် နိုင်ငံတော်မှာ ဘယ်လောက်ဆုံးရှုံးခဲ့တယ်၊ နစ်နာခဲ့တယ်ဆိုတဲ့ အစီရင်ခံစာလည်း ဒီနေ့အထိ မဖတ်ရသေး။ ဘယ်သူကမှလည်း တာဝန်ရှိကြောင်း တာဝန်မခံကြ။)
ဒီတော့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အလုပ်ဖြစ်မဲ့သူကို ပြပါဆိုရင် ပဲပိစပ်စိုက်ပျိုးတဲ့တောင်သူနဲ့ ကုန်သည်တွေပဲ၊ မြန်မာပြည်က ပဲပိစပ်တွေလည်း နယ်စပ်ကုန်သွယ်ရေးကတဆင့် တရုတ်ပြည်ထဲ လှိမ့်ဝင်သွားဖို့အလားအလာကောင်းနေတယ်။ ပဲပိစပ်ဈေးကောင်းရဖို့ အခြေအနေပေးနေတယ်။
အမေရိကားဖက် ပြန်ကြည့်ရင်တော့ ပဲပိစပ်တောင်သူတွေ ဒုက္ခတွေ့။ ဝက်မွေးသူတွေလည်း ဈေးတွေထိုးကြလို့အလုပ်မဖြစ်။ အမေရိကားရဲ့ Mid West လို့ခေါ်တဲ့ အမေရိကားအလယ်ပိုင်းရဲ့အနောက်ခြမ်းကပြည်နယ်တွေက အဓိကခံစားနေရတယ်။ ကုန်သွယ်ရေးစစ်ပွဲကို ကနေဒါ၊ မက္ကဆီကို၊ ဥရောပတို့နဲ့ပါ တပြိုင်ထဲ စစ်မျက်နှာဖွင့်ထားတာ။ သံနဲ့ ဒန်ပစ္စည်းတွေ တင်သွင်းမှုကို ၂၅%နဲ့၁၀%ဆိုပြီး ထရန့်က သီးခြားအခွန်သတ်မှတ်တယ်။ အဲဒီနိုင်ငံအားလုံးက အမေရိကန်တွေပို့တဲ့ နို့ထွက်ပစ္စည်း၊ ဒိန်ခဲ စတာတွေကို အထူးအခွန်ပြန်ပြီး သတ်မှတ်တယ်။ ဒီလိုနဲ့ အစစဈေးကြီးကုန်ပြီး မရောင်းရတော့။
အဲဒီလယ်သမားအားကောင်းတဲ့ ပြည်နယ်တွေက ထရန့်ရဲ့အမာခံပြည်နယ်တွေဗျ။ သူတို့အားနဲ့ ဒီလူကြီးက သမ္မတဖြစ်လာတာ။ ထရန့်က ဒီလို ကုန်သွယ်ရေးစစ်ပွဲဆင်နွဲတာလည်း အဲဒီ လယ်သမားတွေရဲ့ထွက်ကုန်တွေ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် အခြားနိုင်ငံတွေကို ဖိအားပေးနေတာတဲ့။
ဒီတော့ ဒီတော့ပေါ့လေ။ အခုအချိန်အထိတော့ ဒီလယ်သမားတွေက ထရန့်ကြီးကို ဆက်လက်ထောက်ခံနေဆဲပါပဲ။ အနာမခံရရင် အသာမစံရဘူး။ ခဏဒုက္ခရောက်တာကို ရင်ဆိုင်မယ်၊ ဒါမှ မျှတတဲ့ကုန်သွယ်ရေးသဘောတူညီချက်ရမယ်။ သူတို့ထုတ်ကုန်တွေ ပိုလို့တင်ပို့နိုင်မယ်လို့ ဆိုကြတယ်။ ထရန့်ကို ပုံလို့ ယုံနေကြဆဲပဲ။
ထင်သလိုဖြစ်မလာရင်တော့ ဒီလယ်သမားတွေ ဒုက္ခပင်လယ်ဝေမယ်။ ဒီလူတွေ စိုက်ပျိုးရေးပုံစံပြောင်းပြီး အခြားသီးနှံစိုက်၊ ဒါမှမဟုတ်ရင် လယ်ယာဆုံးမယ်။ အမေရိကားမှာ ဗဟိုအစိုးရက အဲဒီလိုဖြစ်ရင် ဝင်ကူညီလေ့ရှိတယ်။ လူမှုရေးရံပုံငွေက ငွေထောက်ပံ့တယ်။ စားစရာမရှိအောင် မွဲသွားဖွယ်တော့မရှိ။ နောက်တကြိမ်ရွေးကောက်ပွဲ ၂၀၂၀ရောက်ရင်တော့ ထရန့်ကို မဲပေးကြမှာမဟုတ်တော့။ (အစထဲက ဒီပြည်နယ်တွေက အလှူခံပြည်နယ်တွေအဖြစ်နာမည်ကြီးတာ။အမေရိက ပြည်နယ်ငါးဆယ်မှာ ကယ်လီဖိုးနီးယား၊ နယူးယော့ခ်စတဲ့ ပြည်နယ်တွေက အလှူရှင်ပြည်နယ်တွေလို့ခေါ်တယ်။ ဗဟိုအစိုးရကို အခွန်ပေးရတဲ့အချိုးနဲ့ ပြန်သုံးတဲ့အချိုးကြည့်ပြီး ဒီလိုသတ်မှတ်တာပါ။ အခွန်အများကြီးပေးပြီး ပြန်သုံးတာနည်းရင် အလှူရှင်ပြည်နယ်ပေါ့။ သူတို့ပြည်နယ်တွေကတော့ အခွန်နည်းနည်းပေးပြီး များများပြန်သုံးတဲ့ပြည်နယ်မို့ အလှူခံပြည်နယ်လို့ ခေါ်တယ်။ ဖက်ဒရယ်စနစ်အရ ခွဲဝေသုံးစွဲရတာပါ။)
အမေရိကားရဲ့ နိုင်ငံခြားပို့ကုန်အချိုးအစားနဲ့ယှဉ်ရင်တော့ လယ်ယာစိုက်ပျိုးရေးပို့ကုန်က အလွန်နည်းပါတယ်။ ဆယ်ရာခိုင်နှုန်းအောက်မှာပဲရှိပါသတဲ့။ ပဲပိစပ်ထွက်ကုန်တစ်ခုထဲနဲ့တော့ နိုင်ငံအတွက် ဒုက္ခရောက်ဖို့အထိ မဖြစ်နိုင်။
တရုတ်၊ ပဲပိစပ်နဲ့ အမေရိကန်လယ်သမားတွေအကြောင်းက စိတ်ဝင်စားစရာဖြစ်လို့ သူငယ်ချင်းမိတ်ဆွေတွေကို ဝေမျှတာပါ။ မြန်မာ့တောင်သူတွေကိုတော့ တရုတ်ပို့ဖို့ ပဲပိစပ်ပိုစိုက်ပါလို့ အကြံမပေးရဲသေး။ ထရန့်နဲ့ သမ္မတစီတို့ လက်ဆွဲနှုတ်ဆက်ပြီး အမေရိကားပဲပိစပ်တွေ ပြန်ဝင်လာရင် မြန်မာ့ပဲပိစပ်တွေ ဒုက္ခတွေ့မဲ့အရေးလည်း တွေးရသေးရဲ့။ အိန္ဒိယက ပဲတင်သွင်းခွင့်ပိတ်လိုက်လို့ တောင်သူတွေဒုက္ခရောက်တာတောင်မကြာလှသေး။ မြန်မာကလည်း ပဲပြုတ်ကလွဲရင် အဲဒီပဲတွေ မစားတတ်ကြ။ မြန်မာတွေ ပဲပိုစားတတ်အောင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ ပဲစားပွဲတော်တွေ ခဏခဏလုပ်ကြရမယ်ထင်ပါရဲ့နော်။
မိတ်ဆွေ သူငယ်ချင်းတွေ ကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment