ပြောင်းကြမလား အမေရိကား
အမေရိကားကို ကမ္ဘာအရပ်ရပ်ကလူတွေ ပြောင်းရွေ့အခြေချကြတဲ့အထဲမှာ မြန်မာတွေလည်း မနည်းလှ။ ၁၉၈၈နောက်ပိုင်းမှာ စစ်အစိုးရအဆက်ဆက်ရဲ့ ကျေးဇူးတော်တွေကြောင့် ရောက်လာခဲ့သူက အများစုပေါ့။
အမေရိကားဆိုတာ အိမ်မက်တောင်မမက်ဖူးကြပဲ ရောက်ခဲ့တာဆိုတော့ အခက်အခဲပေါင်းစုံက ရေးလို့တောင်ကုန်ဖွယ်မမြင်။ အခက်အခဲပေါင်းစုံထဲမှာ ပထမဆုံးအခက်အခဲကတော့ နေရေးပြသနာပဲ။ စား၊ဝတ်၊နေရေး လို့အသုံးရှိပေမဲ့ အမေရိကားမှာ စားနဲ့ဝတ်က ပြသနာမရှိ။ အစားအသောက်၊ အဝတ်အစားပေါတဲ့နိုင်ငံပေမဲ့ နေရေးကတော့ ခက်ကြတယ်။
မြန်မာတွေကြိုက်ကြတဲ့ ဆန်ဖရန်(San Francisco)၊ နယူးယော့ခ်(New York )၊ ဘော့စတွန်(Boston)၊ ဆန်ဟိုဆေး(San Jose) နဲ့ လော့စ်အိမ်ဂျလစ္စ(Los Angeles)တို့မှာဆို နေရေးအတွက် ပိုခက်ပါတယ်။ ဒီမြို့တွေက အိမ်ခန်းငှားခဈေးကြီးတဲ့ အမေရိကားမြို့ကြီးတွေစာရင်းမှာ တစ်ကနေငါးအထိ အစဉ်လိုက်ရပ်တည်နေကြပါတယ်။
အမေရိကားရဲ့ မြို့ကြီး (၂၅)မြို့က အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်ခန်းတစ်ခုရဲ့ ပျမ်းမျှတစ်လစာအငှားပေါက်ဈေးကို အခြေခံပြီးတွက်ထားတဲ့ Business Insider Inc အဖွဲ့ရဲ့ စာရင်းတွေအရ ကယ်လီဖိုးနီးယားပြည်နယ်ထဲက နာမည်ကျော် ဆန်ဖရန်စစ္စကိုမြို့က ဈေးအကြီးဆုံးဖြစ်ပြီး တန်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့(Memphis ,Tennessee)က ဈေးအသက်သာဆုံးဖြစ်တယ်။
သူတို့အဖွဲ့က အိမ်ငှားခငွေကို စုစုပေါင်းဝင်ငွေရဲ့ ၂၈%ထက် မကျော်လွန်စေပဲ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့လိုအပ်မဲ့ တစ်နှစ်စာဝင်ငွေကိုပါ တွက်ပေးထားတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်ခုအတွက် အိမ်ငှားခနှုန်းထားတွေမှာ နယူးယော့ခ်(New York)က ကော်လိုရာဒိုပြည်နယ်ရဲ့ ဒန်ဗာမြို့( Denver, Colorado) ထက် နှစ်ဆဈေးများတယ်။ ဒါကိုကြည့်ရင် အမေရိကားမှာ နေထိုင်ကြသူတွေရဲ့ ဝင်ငွေအစိတ်အပိုင်း အများစုဟာ နေရေးအတွက် သုံးလိုက်ကြရတာကိုမြင်နိုင်ပါတယ်။
(၁) အမေရိကား အနောက်ဖက်ကမ်းရဲ့ နာမည်ကျော် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ဆန်ဖရန်စစ္စကိုမြို့က အိမ်ခန်းငှားခ ဈေးအလွန်ကြီးတဲ့ နယူးယော့ခ်ကို ကျော်ပြီး နံပါတ်တစ်စွဲသွားပါတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်လုံးရဲ့ ပျမ်းမျှအငှားဈေးနှုန်းက တစ်လကိုဒေါ်လာ(၄၃၈၂)ပါ။ ဒါကြောင့် တစ်နှစ်စာဝင်ငွေစုစုပေါင်းဒေါ်လာ(၁၈၇,၂၀၀) ရှိမှ အဆင်ပြေပြေ နေထိုင်နိုင်ပါလိမ့်မယ်။ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းရှစ်သောင်း ခုနှစ်ထောင် ဆိုတာ အတော်များတဲ့ ဝင်ငွေပါ။ မောင်လူပေဆိုရင် နှစ်ကိုယ်ခွဲလုပ်မှ ရမဲ့ဝင်ငွေမျိုးပေါ့။
(၂) မြန်မာတွေကြိုက်တဲ့ နယူးယော့ခ်မြို့ကြီးကတော့ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းတစ်ခုအတွက် ပျမ်းမျှငှားခက တစ်လကိုဒေါ်လာ(၃၇၈၉)နဲ့ ဒုတိယလိုက်တယ်။ ဒါကြောင့်တစ်နှစ်ဝင်ငွေဒေါ်လာ(၁၆၂,၃၈၆)ရှိရင် အဆင်ပြေပြေနေနိုင်ပါ့မယ်။
(၃)အမေရိကား အရှေ့ဖက်ကမ်းမှာ နယူးယော့ခ်ပြီးရင် မြန်မာတွေကြိုက်ကြတာက ဘော့စတွန်ပါ။ မန်စတာချူးဆက်ပြည်နည်မှာ တည်ရှိပါတယ်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ခန်းငှားခ ပျမ်းမျှ ဒေါ်လာ(၃,၃၅၆)ရှိပါတယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ(၁၄၃,၈၂၉)လိုပါ့မယ်။
(၄)ကမ္ဘာကြီးရဲ့ နည်းပညာဈေးကွက်ကို ကြီးစိုးထားတဲ့ ဆီလီကွန်တောင်ကြားတည်ရှိရာ ဆန်ဟိုဆေးမြို့တဝိုက်က ဆန်ဖရန်စစ္စကိုမြို့နဲ့ မိုင်ငါးဆယ်လောက်ပဲဝေးတယ်။ တစ်နာရီလောက် ကားမောင်းရင်ရောက်ပြီပေါ့။ ဆန်ဟိုဆေးမြို့ရဲ့ အိပ်ခန်းနှစ်ခန်းပါအိမ်ခန်းငှားခက တစ်လကိုပျမ်းမျှ(၂,၈၇၈)ဒေါ်လာ ကျသင့်ပါတယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေ(၁၂၃,၃၄၃)ရှိရင် ရပါပြီ။
(၅)ဟောလိဝုဒ်ဆိုလူတိုင်းသိ။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာရှိတယ်။ လော့စ် အိန်ဂျလစ္စမြို့တစ်ဝိုက်ပေါ့။ ဒီမြို့ကြီးက မြန်မာပြည်ရာသီဥတုနဲ့တူလို့ မြန်မာတွေကြိုက်ကြတယ်။ အိမ်ခန်းငှားခ တစ်လပျမ်းမျှ(၂,၇၇၃)လောက်ပေးနိုင်ရင် ရပြီ။ ဒါကြောင့် တစ်နှစ်ဝင်ငွေဒေါ်လာ(၁၁၈,၈၄၃)လောက် လိုအပ်ပါ့မယ်။
ဒါကတော့ အမေရိကားမှာ လူအများကြိုက်လို့ နေစားရိတ်ကြီးတဲ့ မြို့ငါးမြို့စာရင်းပါ။ မြို့ပေါင်း (၂၅)မြို့ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ နေစားရိတ်သက်သာတဲ့ မြို့တွေလည်းရှိပါသေးတယ်။ နံပါတ်အောက်ဆုံးကမြို့တွေပေါ့။
(၂၁) အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့(Phoenix, Arizona) ကတော့ အိမ်ငှားခ(၁၀,၄၀)။ လိုအပ်မဲ့တစ်နှစ်ဝင်ငွေ(၄၄,၅၇၁)ပါ။
(၂၂)အိုဟိုင်းယိုးပြည်နယ်၊ ကိုလံဘတ်မြို့(Columbus,Ohio)မှာဆိုရင် အိမ်ငှားခ(၉၁၇)ပဲကြသင့်လို့ တစ်နှစ်ဝင်ငွေ(၃၉,၃၀၀)ဆိုရပြီ။
(၂၃)အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပူးလိစ်မြို့(Indianapolis,Indiana)မှာ အိမ်ငှားခ(၈၅၁)ပဲ။ တစ်နှစ်ဝင်ငွေ(၃၆,၅၁၄)ပဲလိုမယ်။
(၂၄)တက္ကဆက်ပြည်နယ်၊ အယ်လ်ပါဆိုမြို့(El Paso,Texas )မှာ အိမ်ငှားခ(၇၇၃)ပဲမို့ တစ်နှစ်ဝင်ငွေ(၃၃,၁၂၉)ဆိုရပါပြီ။
(၂၅)မြို့ကြီးတွေစာရင်းမှာ အသက်သာဆုံးအိမ်ငှားနိုင်မဲ့မြို့ကတော့ တန်နက်ဆီပြည်နယ်၊ မန်းဖစ်မြို့( Memphis,Tennessee)ပါ။ အခန်းနှစ်ခန်းပါ အိမ်ခန်းငှားခ(၇၆၉)ပဲကြသင့်မယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေဒေါ်လာ(၃၂,၉၅၇)ပဲ လိုအပ်ပါ့မယ်။
ဒီတော့ တတ်နိုင်ရင်တတ်နိုင်သလောက်နဲ့ နေလို့ရမဲ့မြို့တွေရွေးလို့ရလောက်ပြီပေါ့။ အမေရိကားမှာပြောင်းရွှေ့အခြေချကြမဲ့ မောင်လူပေရဲ့မိတ်ဆွေများအတွက် သတင်းဖလှယ်တဲ့သဘောပါ။(For your information)
ငွေထုတ်ကိုင်ပြီးဝင်လာ၊ ရောက်တာနဲ့အိမ်ဝယ်လိုသူတွေအတွက်လည်း သတင်းကောင်းပါးချင်သေးတယ်။ မိုးပေါ်တက်နေတဲ့အိမ်ဈေးတွေ ငြိမ်သွားပါပြီ။ မကြာမီ အနည်းငယ်ပြန်ကျဖို့ ရှိပါကြောင်း။ အဲဒီအချိန်စောင့်ပြီး စိတ်ကြိုက် ဝယ်ယူနိုင်ကြပါတယ်လို့စ်။
(အိမ်ပွဲစား မဟုတ်ဘူးနော်။ အိမ်မရှာခိုင်းကြနဲ့ဦး။ 😄)
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment