Wednesday, August 6, 2014

ရေပို့ ကုန်လုပ်ငန်း

ငယ်သယ်ချင်း ကိုကိုသန့် ရွာကပြန်ရောက်တော့ ရွာမှာ ဖလန်းခဲ့ပုံတွေ ဖေါက်သည်ချသည်။ ဘင်ခရာတီးဝိုင်း ခေါင်းဆောင်ကြီးက သူ့ ဘင်ခရာအဖွဲ့ဝင်ဟောင်းများကို ဦးဆောင်ကာ စီးပွားရေးဘင်ခရာအဖွဲ့သစ်ကြီးကို ဆက်လက်ဦးဆောင်နေပုံမှစပြီး တောဂေါ်လီ ခရိုနီကိုကိုနှင့် မည်သူမျှမကင်းနိုင်ပုံအဆုံး ပြောပြသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးမှာ ခြင်ကိုက်၊ ညစ်ပတ်လှပြီး ရေကြီးမှုကြောင့် မြောင်းရေများ စိမ့်ဝင်ကာ ရေနံတွေလာသဖြင့် သူုသမီးချောလေး ရေသန့်ဝယ်ရေချိုးရကြောင်းလည်းပါသည်။ ဒါတောင် သိန်းထောင်သောင်းချီပေးရသော ခေတ်မှီအိမ်ရာသစ်တွေမှာ တည်းခဲ့ခြင်းဖြစ်သည်။

2NE1 လို့ နာမည်ကြီးတဲ့ KPOP အဖွဲ့မှ အဆိုတော်မလေးများလည်း မြန်မာပြည်ဖျော်ဖြေပွဲ ခရီးစဉ်အတွင်း ပြည်တွင်းမှရေကို မသောက်မချိုးသဖြင့် နိုင်ငံခြားမှ ရေတင်ပို့ပေးရသည်ဟု သတင်းကြီးနေသည်။

သိန်းထောင်သောင်းချီတန်သည်ဆိုသော အိမ်များတွင်နေထိုင်ရင်း ရေဘေးဒုက္ခတွေ့နေကြရသည့် သန်းကြွယ်သူဌေးများအတွက် အမေရိကားမှ ရေများကို စည်သွတ်ကာ Made in U.S.A ရေသန့်အဖြစ် ရွာသို့ တင်ပို့ကာ ချိုးရေ၊ သုံးရေ တင်ပို့သူအဖြစ် လုပ်ငန်းရှင်ဘွဲ့ ခံယူရင်ကောင်းမလာဟု တွေးမိပါသဖြင့် စိတ်ပါဝင်စားသူ မိတ်ဆွေများ မောင်လူပေထံ ဆက်သွယ်နိုင်ပါကြောင်း ကြေညာမောင်းခတ်လိုက်ရပါသည် ခင်ဗျား။. ။

" အင်းယျားကရေကိုယူ မီးရထားနဲ့ တင်ဖို့ကြံတယ် တန်ဆာခက သုံးရာလောက်တော့ ယူမှာ ဧကံ ။ ကြံကြံဖန်ဖန်ရန်ကုန်သူ မန္ဓလာမြင့်တို့ ရန်ကုန်သူရယ် မန်းလေးသွားလို့ အသားမဲပြန်သတဲ့ ဆူ။ "
(နန်းတော်ရှေ့ဆရာတင်၏ ရွှေဘိုသနပ်ခါး သီချင်းမှ)

No comments:

Post a Comment