သမီး ခုနှစ်ယောက်နှင့် ရင်တွင်းဖြစ်အတွေးများ
မနေ့ညက ဆန်ဖရန်တဝိုက်က မိတ်ဆွေသူငယ်ချင်းများရဲ့ သမီးတွေ Reunion
လုပ်ကြတယ်။ ဒီသမီးတွေက ကလေးတွေဘဝထဲက အတူသွား အတူလာ မြန်မာစာအတူသင်
မြန်မာအကအတူကနဲ့ ရင်းနှီးချစ်ခင်စွာ ကြီးပြင်းလာကြ။ ဝါသနာမတူကြပေမဲ့ ညီအမတွေလို
အမြဲတတွဲတွဲ။ ခုတော့ သူတို့တွေ အပျိုမတွေဖြစ်။ အရွယ်တွေရောက်။
အကြီးဆုံးကနေ အငယ်ဆုံးထိ အစဉ်လိုက် ဝဲမှယာ ယှဉ်ရပ်နေတဲ့ ဒုတိယ ပုံလေးထဲက
အကြီးဆုံးသုံးယောက်က ကောလိပ်ကျောင်းသူ။ အလတ်သုံးယောက်က ၁၂တန်း။ အငယ်ဆုံးက
၁၁တန်း။ ဗမာမိဘတွေကမွေး နိုင်ငံခြားမှာကြီးတဲ့ ကလေးတွေပေမဲ့ ဗမာ့ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေနဲ့ မကင်းဝေးအောင် မိဘတွေက ပျိုးထောင်ပေးနိုင်ခဲ့။
ဘယ်နိုင်ငံမှာနေနေ ဗမာပဲဆိုတဲ့ အတွေးအခေါ်လေးတွေ သူတို့ရင်ထဲ အမြစ်တွယ်
ပေးခဲ့ပြီ။ ပထမမျိုးဆက်ဖြစ်တဲ့ မိဘတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကြားက
ပျိုးထောင်ခဲ့တဲ့ ဒုတိယမျိုးဆက် ပန်းပွင့်လေးတွေ ပွင့်လန်းလာခဲ့ပြီ။
ပညာတတ်လူငယ်လေးတွေ ဖြစ်လာတဲ့အခါ သမီးလိမ္မာလေးတွေအဖြစ်နဲ့
မိခင်နိုင်ငံဖြစ်တဲ့ ဗမာပြည်အတွက် တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီ
အားဖြည့်နိုင်မဲ့ လူရည်ချွန်လေးတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းပါတယ်။
ဒီလိုဖြစ်လာအောင်လည်း မိဘတယောက်အနေနဲ့ ဆက်လက်ပျိုးထောင်ပေးပါ့မယ်။
No comments:
Post a Comment