Wednesday, September 10, 2014

အမေတို့ ရွာ (နောက်ဆုံးပိုင်း)

အမေတို့ ရွာ (နောက်ဆုံးပိုင်း)

အမေတို့ ရွာမှာ နှစ်ပတ်နေခဲ့စဉ် ခင်ခဲ့ရသော ရွယ်တူ ကာလသားများက အကိုဟု ရိုသေစွာ ခေါ်ကြသည်။ သူတို့ ဆီမှာ ဆယ်တန်းအောင်သူလည်း မရှိသလောက်ရှားလှသည်။ ရွာမှာ မူလတန်းကျောင်းလေးသာရှိပြီး ဘုန်းကြီးကျောင်းနှင့်တွဲရက်ဖြစ်သော ဒီကျောင်းလေးမှာ ဆရာ မလာသည်ကများလေသည်မို့  ကလေးတွေမှာ ကျောင်းတက်ချိန်တွင် ဆော့ကစားရင်းသာ အချိန်ကုန်ကြရသည်။

မူလတန်းအောင်လျှင် ရွာနှင့် နှစ်မိုင်ကျော်ဝေးသော ရွှေပန်းတောရွာ အလယ်တန်းကျောင်းသို့  သွားရသည်။ ထို အလယ်တန်းကျောင်းလောက် ဆက်တက်သူပင် ခပ်ရှားရှား။ အလယ်တန်းကျောင်းနှင့်တွဲဖွင့်ထားသည့် တွဲဖက် အထက်တန်းကျောင်းလေးမှာတော့ ရွာနီးချုပ်စပ်မှ လာတက်သည့် ကျောင်းသား အနည်းငယ်သာရှိသည်။ သူတို့ ဆီမှာတော့ နဲနဲ အရွယ်ရောက်ပြီဆိုလျှင် နွားကျောင်း၊ လယ်ထဲဆင်း၊ ထင်းခွေ၊ နွားနိုင်ပြီဆိုလျှင် လယ်ထွန်ပြီး လယ်သမားလုပ်ရတော့သည်သာ။

သေစာရှင်စာဖတ်တတ် တော်ရောပေါ့။ စာရေးစာချီ လုပ်မှာမှမဟုတ်တာ။ ကျောင်းထားရင် ကုန်မဲ့ငွေကို နွားမလေးဝယ်မွေးတောင် နွားနို့ သောက်ရ၊ နွားသားပေါက်ရနဲ့  ဟန်ကြသေးဟု ပညာရေးကို နားမလည် အားမပေးတတ်သည့် တွေးခေါ်မှုဟောင်းတွေကလည်း အားကောင်းဆဲပင်။ ပညာကို အားပေးသော အဖိုးကြောင့်သာ ဦးလေးနှစ်ဦး ထူးချွန်ခဲ့သော်လည်း သူတို့ ခြေရာ နင်းနိုင်သူ မပေါ်ထွက်သေး။

ကာလသားလေးများထဲတွင် လိမ္မာသော လူငယ်များလည်း ရှိသည်။ အများစုက ညနေဆိုလျှင် ထန်းရည်ဆိုင် အရက်ပုန်းဆိုင်တို့ တွင် အချိန်ဖြုံးကြသော်လည်း သူတို့ က ရွာဦးကျောင်းတွင် လုပ်အားပေးကြသည်။ ဘုန်းကြီးကျောင်းအတွက် ထင်းခွေ၊ရေခပ်၊အမှိုက်လှဲ၊မြက်ခုတ်နှင့် လုပ်ကြတော့ ဝိုင်းကူရင်း ကုသိုလ် ယူခဲ့သည်။ သူတို့ က သင်္ကြန်ကို ရွာပြန်လာစေချင်သည်။ ရွာ သင်္ကြန်က ပျော်စရာကောင်းသည်တဲ့။ ရေလောင်းချင်တဲ့ အပျိုအိမ် သွားခွင့်ပန်ပြီး လောင်းကြသည်။ ပျော်စရာ အကောင်းဆုံးမို့  ပြန်ခဲ့စေချင်သော်လည်း နောက်ထပ် မပြန်ဖြစ်တော့။

ရွာနားရှိ ငါးရက်တစ်ဈေးဖြစ်သော ရွှေပန်းတောဈေးကတော့ မနက်ခင်းလေးသာ စည်ကားသော ဈေးလေးဖြစ်သည်။ ကုန်စုံဆိုင်လေးတွေလည်း ရောင်းကောင်းပုံမရ။ သူတို့ ဒေသ မုန့် ဟင်းခါးကတော့ ပဲဟင်းနှင့်စားရသော အညာဒေသ မုန့် ဟင်းခါးမျိုးပင်။ ငါးရှားသည့်ဒေသ မဟုတ်လား။ ငါးပိ ငါးခြောက်တို့ ကိုသာ အားထားကြရသည်။

မြေလတ်ဒေသဆိုသော်လည်း သစ်ပင်ကြီးတွေက ခေတ်အဆက်ဆက် ခုတ်ခဲ့ကြသည်မို့  ပူပြင်းခြောက်သွေ့ ရာဒေသလေး။ ခုတော့လည်း ခေတ်အပြောင်းမှာ ထော်လာဂျီ ပိုင်ရှင် တောဂေါ်လီများက သယ်ယူပို့ ဆောင်ရေး နေရာယူကြပြီ။ မြို့ လှချောင်းကို ကိုယ်ထူကိုယ်ထ သစ်သားတံတားထိုးထားသော်လည်း ရေတိုက်စားမှုကြောင့် မကြာခဏ ကျိုးပျက်မြဲပင်။ တရုတ်ဆိုင်ကယ် တဖုံးဖုံးနှင့် သွားလာနိုင်ပြီ ဆိုသော်လည်း နွားလှည်းက်ုလည်း လက်မလွှတ်နိုင်သေး။နွားနှင့်သာ လယ်ထွန်နေရဆဲ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့  ဆိုသည့် ဆောင်ပုဒ်မှာလည်း ရာဇဝင်ထဲတွင် ကျန်နေဆဲ။ ရွာသူရွာသားမှားလည်း ဆင်းရဲတွင်းမှ ရုံးမထွက်နိုင်သေးပဲ တဝဲလည်လည် ဖြစ်နေကြဆဲပင်။

ခေတ်ပြောင်းချိန် တစ်ခုမှာတော့ အမေတို့ ရွာလို ခေတ်နောက်ကျကျန်ရစ်ခဲ့တဲ့ရွာတွေ တိုးတက်လာမည် ထင်ပါသည်။ ထိုအချိန်တွင် ခေတ်မှီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သစ်နဲ့ အညီ အမေတို့ ရွာလေးကို လျှပ်စစ်မီးတွေ တထိန်ထိန်မှာ စည်ဗျောသံတွေဝေတဲ့ ထမင်းရေချောင်းစီး အလှူကြီးတွေနဲ့ မြင်ရပါလိမ့်မည်။ ရေတွေဖောသီပြီး တရွာလုံးလည်းသန့် ရှင်းလို့ 
။ ဒါဆိုလျှင် ကျွန်းလုံးခံတပ်ကို ကမ္ဘာကိုပင် ကြွားနိုင်ပေမည်။ တနေ့ နေ့ ပေါ့လေ။ တနေ့ နေ့ ပေါ့။

(စာရေးမကျွမ်းမှုအပြင် အချိန်နည်းပါးမှု၊မျက်လုံးအားနည်းမှုများကြောင့် အခန်းများစွာ ၁၀ပိုင်းထိတိုင် ဖြစ်သွားခဲ့ရသော ကျွန်တော့ရဲ့  အမေတို့ ရွာကို စောင့်စားဖတ်ရှု ဝေဖန်မှုများပေးခဲ့ကြသည့် ချစ်သူငယ်ချင်းများအား ကျေးဇူးတင်ရှိပါသည်။ တနေ့ နေ့ တွင် အမေတို့ ရွာလို ဖွံ့ ဖြိုးတိုးတက်မှု နောက်ကြနေသော ရွာကလေးများမှ လူငယ်ကလေးများထဲက မြန်မာနိုင်ငံ သမ္မတကြီး မပေါ်နိုင်ဟု မည်သူပြောနိုင်မည်နည်း။ ထိုကဲ့သို့ ရွာကလေးများ တိုးတက်စေကြောင်း ရည်ရွယ်ပြီး ဒီစာစုလေးကို အချိန်ယူ ရေးသားခြင်းဖြစ်ပါကြောင်း။)

ချစိခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment