အမေတို့ရွာ(၇)
အဖွားလေးညီမငယ်က ရေနွေးကြမ်း၊ထန်းညက်ခဲဖြင့် ဧည့်ခံသည်။ သူ့မြေးတော်မောင်
ဒုတိယနှစ် ကောလိပ်ကျောင်းသားက ချည်ကြမ်းလုံချည်တိုတိုဖြင့်
တောသားပုံပေါက်နေသည်ကိုလည်း သဘောကြသည်။ မြို့က ကောလိပ်ကျောင်းသား
ရောက်နေသည်ဟူသော သတင်းလည်း တစ်ရွာလုံး ပျံ့နေပြီမို့ အပျိုချောများက မသိမသာ
လာကြည့်ကြသည်။ သို့သော် မြို့သားက သူတို့ ကြည့်ဘူးသော ဓါတ်ရှင်တွေထဲကလို
စမတ်မကျပဲ တောပုံပေါက်နေသဖြင့် ကောလိပ်ကျောင်းသားကလည်း တို့တောသားလိုပဲဟု ပြောကာ ပြန်သွားကြသည်ဟု အဖွားလေးက ပြောပြသည်။
အဖိုးလေးတော်သူ ပြင်ဦးလွင် ဆရာတော်ကြီးက ပြောဖူးသည်။ ဒို့ နယ်က
ဆင်းရဲတော့ ရွာသူလေးတွေလည်း မတိုးတက်ဘူး။ မင်း ဦးလေးနှစ်ယောက်ကလည်း
မစွန်ဘူးကွ။ ကိုယ့်ရွာသူကို ပြန်ပြီး မချီးမြောက်ဘူး။ တခြား အရပ်သူတွေပဲ
ယူကြတယ်။ ကိုယ့်အရပ်သူကို ကိုယ်မှ မချီးမြောက်ရင် ဘယ်သူလာချီးမြောက်မလဲ။
ငါ့မြေးကြရင် ကိုယ့်ရွာသူ ပြန်ယူကွာ။ ဒါမှ ကိုယ့်ရွာသားတွေ မြို့ရောက်ပြီး
တိုးတက်မယ် တဲ့။ ဆရာတော်ကြီးကို ကြောက်သောကြောင့် မှန်ပါ့ဘုရားလုပ်ခဲ့ရသည်။
သို့သော် ခုတော့ ရွာသူကလေးများ၏ စိတ်ဝင်စားမှုကိုပင် မခံရတော့။
ဆိုးလိုက်တဲ့ကံ။
အဖွားလေးကတော့ သူ့မြေးပုံတုံးကာ
တောပုံဖမ်းထားသည်ကို ဂုဏ်ယူသည်။ ဒီလို ရိုးရိုးသားသားဝတ်စားရတယ်ဆိုကာ
ဦးလေး၏ ချည်ကြမ်းပုဆိုး တစ်ထပ်ကြီးကို ထုတ်ပေးလေသည်။ မကြာမီပင် ဦးလေးလည်း
ထင်းခွေရာမှ ပြန်လာသည်။ သူ့လှည်းပေါ်တွင် သူ့မိသားစုလည်းပါ၏။
ထင်းခွေရာတောစပ်သို့ လိုက်သွားကြခြင်းပင်။ သူ့ဇနီးက ညိုချောလေး။
ကလေးတွေကတော့ ဦးလေးနှင့်တူကာ ဖြူကြသည်။ မိန်းကလေးတွေချည်းဖြစ်၏။ ကျီးကန်းက
ဗျိုင်း ချီထားတာလေဟု ညိုသောအမေက ဖြူသောသမီးငယ်ကို ချီပိုးထားသော
မြင်ကွင်းအားကြည့်ုပြီး အဖွားလေးက ရယ်ရွှင်ဖွယ်ပြောသည်။
တောမှာ
အသားဖြူသူ ရှားပါးသော်လည်း အမေ့အမျိုးတွေက ဖြူသူများသည်။ အမေတို့ အဖိုးက
ရှမ်းသမားတော်ကြီး ဆရာမောင်တဲ့။ ရှမ်းပြည်မှ ဆေးလာကုရင်း ရွာသူနဲ့
အကြောင်းပါခဲ့သည်။ အမေကြီးရော အမေပါ တရုပ်မလားမေးရအောင် ဖြူဖွေးနေခြင်းမှာ
ထိုသွေးကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့်လည်း အမေတစ်ယောက် တရုပ်သွေးပါသော
အဖေနှင့် အကြောင်းပါခဲ့ပါခြင်းဖြစ်မည်။
ခလေးနှစ်ယောက်ရဲ့ ငယ်နာမည်တွေကလည်း တရုပ်မနဲ့ ဖြူလုံးတဲ့။ ချစ်စရာလေးတွေ။ မြေအိုးပုတ်လေးတွေနှင့် ဆော့နေလေသည်။
မြို့ပေါ်က အမျိုးလာလည်တော့ ထုံးစံအတိုင်း အိမ်တွေက ထမင်းစားဖိတ်ကြလေသည်။
နေခဲ့သောရက်အပြည့် ထမင်းစားအိမ်အပြည့်ပင်။ အိမ်ပေါ်တက်မှ အမျိးစပ်ပြပြီး
ထမင်းကြွေးကြသည်။ ဟင်းကလည်း ဘယ်အိမ်သွားသွား ကြက်သားဟင်းပင်။ မွေးထားသော
ကြက်လေးများကို ရိုက်သတ်ပြီး ဧည့်သည်ကို ဟင်းကောင်းကြွေးခြင်း ဖြစ်သော်လည်း
မြိုမကျချင်။ မနက်ကပင် ပြေးလွှားနေသေးသော ကြက်ငယ်များ ဟင်းဖြစ်ရှာပြီ။
ဦးလေးက ကြက်လိုက်ဖမ်းနေသည်ကို တားသေးသော်လည်း ကြက်က ညနေကျတော့
ဟင်းစားဖြစ်သည်ပင်။ နေခဲ့သော ရက်အတွင်း ကြက်ဘယ်နှစ်ကောင်
ဘဝပြောင်းခဲ့ရသည်မသိ။
(ဆက်ပါဦးမည်။)
No comments:
Post a Comment