အမေတို့ ရွာ(၆)
ကြက်တို့က မိုးမသောက်မီကပင် တွန်နေကြပြီ။ ရောင်နီပျိုးစကပင် အိပ်မရတော့။
ခြင်ထောင်မပါသော်လည်း ဒီအရပ်က ခြင်တော့ သိပ်မကိုက်လှ သဖြင့် ညဦးက
အိပ်ပျော်ခဲ့သဖြင့် အိပ်ရေးလည်းဝပြီ။ ဦးကြီးကား အစောကြီးအိပ်ရာထကာ
နွားစာစင်းတောင်ပြီးနေပြီ။ သူ့သမီးပြင်ပေးသော ထမင်းကြမ်းကျော်ဝါဝါလေးက
ဆနွင်းနံ့ သင်းသင်းနှင့်မို့ တမျိုးစားကောင်းသည်။ တောစပ်တွင် တစ်ဆောင်းစာ
ထင်းခွေစရာရှိသော ဦးကြီးက စောစောပင် ဇိန့်သို့ လိုက်ပို့လေသည်။
ပြင်ထောင်နှင့် ဇိန့်ကား တစ်မိုင်သာသာခရီးမို့ လှည်းမကောက်ပဲ ခြေလျှင်
သွားကြသည်။ တစ်ညလုံးရွာခဲ့သည့်မိုးကြောင့် မြေလမ်းကား
ရွံလမ်းအသွင်ပြောင်းချေပြီ။ ဖိနပ်လက်မှာကိုင်ပြီး ခြေဗလာနှင့်
စီးပိုင်နေသော ရွံ့ထဲ ရုံးရသည်မှာ ခရီးမတွင်လှ။ ချော်လဲမှာလည်းစိုးရသေးသည်။
ဇိန့်ရွာကိုတော့ ကျွန်းလုံးခံတပ်အပြည့်ဖြင့် လှမ်းမြင်နေရ၏။
အနားကရွာများနှင့်မတူ တမူထူးကာ ရွာစည်းရိုးခပ်ထားသည်က ဒီရွာလေး၏
ထူးခြားမှုပင်။
တစ်မိုင်ခရီးကို တစ်နာရီနီးမျှ လယ်တောလမ်းမှ
ရွံ့များကို နင်းဖြတ်အပြီးမှာတော့ ဇိန့်ရွာဝင်ပေါက်ကိုရောက်သည်။
ကွေ့ကောက်ကာတည်ဆောက်ထားသော အိမ်များကို ကွေ့ပတ်အပြီးမှ
ဦးလေးဝင်းမြင့်တို့၏ ခြေတံရှည်ပျဉ်ထောင်အိမ်လေးကို တွေ့ရလေသည်။
အိမ်ထဲမှာတော့ ဦးလေး၏အမေ အဖွားလေး ညီမငယ်သာ ရှိသည်။ ဦးလေးကား တောစပ်သို့
ထင်းခွေ ဆင်းနှင့်ပြီ။
အဖွားလေးက ဝမ်းပန်းတသာ ဆီးကြိုသည်။
လိုက်ပို့သော ဦးကြီးက အဖွားလေး၏ ညီမအငယ်ဆုံးရဲ့ ခင်ပွန်း။
ဒါကြောင့်ဦးလေးဝင်းမြင့်ကို ငါ့တူဟု ခေါ်ခြင်းပင်။ သူ့ဇနီးကတော့
ဆုံးရှာလေပြီ။ အဖွားလေးညီမငယ်က အမေကြီး၏ အငယ်ဆုံးမောင်နှင့်
အိမ်ထောင်ကြသည်။ ခင်ပွန်းသည် ဆုံးတော့ အဖွားလေးက ခတ်ငယ်ငယ်သာ
ရှိသေးသော်လည်း နောက်အိမ်ထောင်မပြုတော့။ ဦးလေးဝင်းမြင့်က
တစ်ဦးတည်းသောသားမို့  တုန်နေအောင် ချစ်ရှာသည်။ ဦးလေးက တောင်ငူတွင်
ပျော်သည်။ နေချင်သည်။ သို့ သော် သူ့ မိခင်က သူ့ ယောကျာ်းခေါင်းချရာမှ
မခွာချင်။ ထို့ ကြောင့် အမေ့စကားနားထောင်ကာ ရွာမှ အမေပေးစားသူနှင့်
အိမ်ထောင်ပြုသည်။ ကလေးပင် နှစ်ယောက်ရနေလေပြီ။
(ဆက်ရေးပါ့မယ်။)
No comments:
Post a Comment