Tuesday, September 9, 2014

အမေတို့ ရွာ (၈)

အမေတို့ရွာ(၈)

အိမ်လည်ထမင်းစားကြွရာတွင် အိမ်ပေါ်မတက်ခင် ခြေဆေးရသော ဒုက္ခကလည်း မသေးလှ။ မိုးဒါဏ်ကြောင့် ရွှံလမ်းတွေဖြစ်နေလေရာ ခြေမျက်စိမြုတ်သော ရွှံ့တွေကို သာမန်ဆေးလို့မရ။ သေသေခြာခြာ လက်ဖြင့် ပွတ်တိုက်ရသည်။ ခြေချောင်းတွေကြားမှ ရွှံ့များကလည်း စီးကပ်နေသဖြင့် တော်တော်နဲ့ ချွတ်မရ။ တို့တောသားတွေက ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်မှ ထမင်းစားရတာကွဟု ဦးလေးက ရယ်ပွဲဖွဲ့ရှာသည်။ ဖင်လှန်ကြည့်လို့ ဖင် ရွှံ့ပေမှ တောသားစစ်သတဲ့လေ။

အကြီးမားဆုံးဒုက္ခကား အိမ်သာတက်ရန်ခက်ခဲလှခြင်းပင်။ ရွာထဲမှာ လူချမ်းသာ စာရင်းဝင်သော ဦးလေးတို့ ကျွန်းအိမ်ကြီးမှာ ဟီးထနေသော်လည်း အိမ်သာကြတော့ ညံ့လှသည်။ ကျင်းလေးတူး၊ ပျဉ်လေးပစ်ကာ ဝါးတိုင်စိုက်၊ ယိုင်ဖတ်ကာနှင့် ယိုင်နဲ့နဲ့ အိမ်သာစုတ်လေးသာရှိသည်။ ဒီလို အိမ်သာစုတ်လေးတောင် တစ်ရွာလုံးမှ လေးငါးလုံးမျှသာရှိသည်။ ဒီလို အိမ်သာမရှိပဲဘယ်လိုနေကြလည်းမေးတော့ မရှိရင် တောထိုင်တာပေါ့တဲ့။ အိမ်သာတက်မယ်ဆို တောထိုင်ဦးမယ် ဆိုကာ ရွာပြင် ခင်တန်းညို့ညို့ဆီ ပြေးကြလေသည်။ ဦးလေးအိမ်က အိမ်သာက အပေါ့လောက်သာ သွားလို့အဆင်ပြေပြီး အလေးကြ သွားမရ။ သို့နှင့်ပင် ရွာဦးကျောင်းဆရာတော်ထံ ခွင့်ပန်ပြီး သူ့ကုဋီကို ရှယ်ရလေသည်။ နေ့တိုင်း ဘုန်းကြီးကျောင်းပြေးရသော ဒုက္ခကလည်း မသေးလှ။ ရွာကျောင်းဆရာတော်က ဗာရာဏသီဆရာတော်၏ တပည့်ဖြစ်သောကြောင့်သာ သူ့ငယ်ဆရာတော်၏ မြေးမို့ မျက်နှာသာပေးခြင်းဖြစ်သည်။ နို့မို့ဆို အဆူခံရလောက်၏။

တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းမှာပဲ ရေလောင်းအိမ်သာရှိခြင်း၏ အကြောင်းတခုကား ရေရှားပါးသောကြောင့်ဖြစ်သည်။ ချိုးရေသုံးရေအတွက် ခပ်စရာရေတွင်းက ဘုန်းကြီးကျောင်းအောက်တွင်းနှင့် လယ်ကြီးတွင်း နှစ်တွင်းသာရှိရာ ရေခပ်ရသောဒုက္ခက မသေးလှပေ။ ထို့ကြောင့်လည်း ရေလောင်းအိမ်သာကို စိတ်မဝင်စားကြပဲ ခင်တန်းကလေးတွင်သာ တောထိုင်ကြခြင်းပင်။

နွေရောက်လျှင် ကျောင်းတွင်းကရေ ခန်းသောကြောင့် အမေတို့ လှူထားသော လယ်ကြီးတွင်းကိုသာ အားကိုးကြရသည်။ ဦးလေးသယ်ပေးသောရေကို အခန့်သား မချိုးချင်သောကြောင့် လယ်ကြီးကွင်းမှရေကို သယ်ကြည့်ရာ ရွာကကုန်းမြင့်ပေါ်တွင်ရှိပြီး ရေတွင်းက အနိမ့်ပိုင်းမို့ မလွယ်လှပေ။

ရွာမှာ ရေလောင်းအိမ်သာ ယင်လုံအိမ်သာတည်ဆောက်ရေး တရားဟောခဲ့သော်လည်း မည်သူမျှ စိတ်ဝင်စားပုံမပြကြ။ သူတို့အခေါ် ၁၂တန်းကျောင်းသားက မိကျောင်းမင်း ရေခင်းပြသည် ထင်လေသည်မသိပေ။ ရေလောင်းအိမ်သာဆောက်ရန် ရေပေါဖို့လိုသည်။ ဒီအရပ်က ရေတူးတိုင်းလည်း တွေ့သည်မဟုတ်။ အဝီစိတွင်းတူးကြဆိုတော့ ရေစုတ်စက်လည်ရန် လျှပ်စစ်မီးမရှိပြန်။ ဒီဇယ်မီးစက်ဖိုး၊ ဒီဇယ်ဖိုးတွေ မည်သူပေးမည်နည်း။ ထိုထိုသော အကြောင်းများကြောင့် ရေလောင်းအိမ်သာနှင့်ဝေးကာ ယင် တလောင်းလောင်းနှင့် ယင်လောင်းအိမ်သာဖြင့်သာ နှစ်ပါးသွားနေရသော ရွာသားများအတွက် စိတ်မကောင်း။ ကိုယ်ကလည်း ဘာမှမဟုတ်သူမို့  ဘာမှ လုပ်မပေးနိုင်ခဲ့။ အမေတို့ မောင်နှမတွေ စုပေါင်းပြီး ရေတွင်းတူးကာ ရေတွင်းမြေကိုပါ အများအတွက် လှူခဲ့သည်ကိုပင် ကျေးဇူးတင်လို့ မဆုံးကြ။

လျှပ်စစ်၏ အခန်းဂဏ္ဍကား အရေးပါလှလေသည်။ ကျေးရွာပေါင်း ၈၀% ကျော် လျှပ်စစ်မရသေးသောနိုင်ငံတွင်းရှိ ရွာလေးကား မီးအိမ် မီးခွက်လေးများဖြင့်သာ အိပ်မောကြဆဲ ရှိလေသည်။

No comments:

Post a Comment