Thursday, September 4, 2014

ခေါင်းလောင်းတလုံး

ခေါင်းလောင်းသံတွေ ညံနေချိန်မှာ ခေါင်းလောင်းသံတစ်ခုအကြောင်း ပြောချင်တယ်။ အဲတာက ဘုန်းကြီးကျောင်းက ခေါင်းလောင်းသံပါ။

ကျွန်တော်ငယ်စဉ်က စပြီးမှတ်မိတဲ့အသံပေါ့။ အရမ်းသာယာတဲ့ ဘုရားဆွဲလဲသံတွေကြားက ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံ။ လူတစ်ဦးဦးက ကုသိုလ်ပြုပြီးလို့ အမျှဝေရင်း ထိုးလိုက်တဲ့ ခေါင်းလောင်းသံလေးပါ။ ခုထိ ကြားယောင်နေဆဲ။

ကျွန်တော့မိဘတွေက ဝါတွင်းရော ဝါပပါ ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းတက်တာ။ ။ဥပုဒ်မတိုင်ခင် အဖိတ်နေ့ထဲက အမေတယောက် ဆွမ်းချက်ရင်း အလုပ်များနေပြီ။ ဥပုဒ်နေ့မနက်တိုင်း ဆွမ်းဂျိုင့် ထမင်းချိုင့် ခြင်းတောင်းတွေ စက်ဘီးမှာချိတ်ပြီး အိမ်နဲ့ သုံးမိုင်လောက်ဝေးမဲ့ မြို့ အရှေ့ဖျား မဟာဝိသုဓ္ဓာရုံ သိမ်ဥူးကျောင်းကို မိသားစု ချီတက်မြဲ။

အဲဒီကျောင်းက အမေ့ရဲ့ ဦးကြီးဆရာတော်ရဲ့ကျောင်းမို့ ဆွေကျောင်းမျိုးကျောင်း။ ရွှေကျင်ကျောင်းမို့ စည်းကမ်းကလည်းကြီး။ ကျောင်းကြီးကလည်း ဟီးနေတာပါ။

ကျောင်းရောက်ရင် ကိုယ်နဲ့ရွယ်တူက သိပ်မရှိတော့ ကိုရင်လေးတွေနဲ့ သူငယ်ချင်းလုပ်ရတယ်။ ဆရာတော်ဆူမှာစိုးလို့ သိပ်မဆော့ရဲဘူး။ မနက်တရားကို ဆွမ်းစားကျောင်းမှာပဲ နာရတယ်။ နေ့လည်တရားကြမှ ဓမ္မာရုံကြီးမှာ တရားပေးပါတယ်။

ဥပုဒ်သည်တချို့က မနက်တရားနာပြီးရင် ကျောင်းဘေးက ညီနောင်စေတီမှာ သန့်ရှင်းရေးလုပ်၊ ပန်းတို့ ရေချမ်းတို့ ဘုရားကပ်ပြီရင် အမျှဝေပြီး ခေါင်းလောင်းထိုးတယ်။ ခေါင်းလောင်းက ရာဝင်အိုးအရွယ်သာသာပါ။ အသံကတော့ ရှယ်ပဲ။ ကြည်ပြီးပီသတဲ့ ခေါင်းလောင်းသံကြားရရင် စိတ်ကို ကြည်နူးလို့။

နဲနဲ ကြီးလာတော့ ကျောင်းရောက်တိုင်း ခေါင်းလောင်းဆီ မရောက်ရောက်အောင်သွားပြီး ကိုယ်တိုင်ထိုးတယ်။ ခေါင်းလောင်းထိုးတဲ့ တုတ်တံက အဖြားတွေဖွာလို့။ အားစိုက်ထိုးလိုက်လို့ ထွက်လာတဲ့ အသံကြားပြီး ကိုယ့်ဟာကိုယ် ပီတိဖြစ်နေတာ။ အနားက တောပန်းလေးတွေခူး ဘုရားမှာကပ် ရှိခိုးအမျှဝေပြီး ခေါင်းလောင်းထိုးပါတယ်။

နောက်ပိုင်းကြီးလာတော့ ကြီးမိုက်ဖြစ်လာတယ်။ မြို့နဲ့ဝေးလာတယ်။ ဘုန်းကြီးကျောင်းလည်း အရောက်နည်းလာ။ ခေါင်းလောင်းဆီလည်း မရောက်ဖြစ်တော့။ အခြားဘုရားကျောင်းကန်တွေမှာ ခေါင်းလောင်းတွေထိုးဘူးပေမဲ့ ငယ်ခေါင်းလောင်းလို အသံချိုတယ် မထင်တော့။

တောင်ငူငလျှင်ဒါဏ်ကြောင့် ညီနောင်စေတီနှစ်ဆူ ငှက်ပြောဖူးက ကျိုးကျပျက်စီး။ခါင်းလောင်းလည်းတိုင်တွေကွဲအက်ပြီး ပြုတ်ကျရှာပါတယ်။ အဲဒီနောက်တော့ ကွဲအက်သွားတဲ့ ခေါင်းလောင်းကို ပြုပြင်ရန်ဆိုပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က သယ်သွားတာ ခုထိပြန်မလာတော့ဘူးလို့ ကြားမိရဲ့။ ပြင်မရလို့ ချောင်ထိုးထားရင်း ပျောက်ကွယ်သွားဟန်တူပါရဲ့။ ညီနောင်နှစ်ဆူမှာ နောက်လူတွေ အသစ်တည်ထားတဲ့ ခေါင်းလောင်းသစ်က အရင်ခေါင်းလောင်းလို အသံမသာပါ။

ဘာပဲဖြစ်ဖြစ် အစွဲအလမ်းကြီးတဲ့ ကျွန်တော်ကတော့ ငယ်ငယ်က တောပန်းလေးတွေကပ်ရင်း ထိုးခဲ့တဲ့ တောကျောင်းလေးဘေးက တောဘုရားစေတီလေးရဲ့ ခေါင်းလောင်းသံသာကို အမှတ်ရနေဆဲပါ။ ရှေး ခေါင်းလောင်းအိုကြီးကို နိုင်ငံရပ်ခြားမှာ ရှေးဟောင်းပစ္စည်း အဖြစ်နဲ့ မတော်တဆ ပြန်တွေ့ခဲ့ရင် ခေါင်းလောင်းသံသာ နားဆင်လိုပါကြောင်း တောင်းဆုပြုချင်ပါသေးတယ်။ မိတ်ဆွေ သူငယ်ချင်းအပေါင်းလည်း ခေါင်းလောင်းသံသာလို သာယာကြည်လင်တဲ့ ဘဝတွေ ရနိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment