Tuesday, September 23, 2014

ပညာအလှူ

ဒီအိမ်ကြီးက နာမည်ကျော် Stanford University ကြီးကို လှူခဲ့တဲ့ Stanford တို့ ဇနီးမောင်နှံနေခဲ့တဲ့ အိမ်ပါ။ Mr Stanford က ကယ်လီဖိုးနီးယားကနေ အမေရိကတိုက်ကို ဖြတ်ဖေါက်ထားတဲ့ မီးရထားလမ်းဖေါက် ကံထရိုက်တာ သန်းကြွယ်သူဌေးပါ။ ကယ်လီဖိုးနီးယားရဲ့ အုပ်ချုပ်ရေးမှူး၊ အမေရီကန် ဆီးနတ်အမတ်တွေလည်း လုပ်ခဲ့တယ်။ တဦးတည်းသားလေး ကွယ်လွန်သွားတော့ ဆင်းရဲတဲ့ ပြည်နယ်သားတွေ အခမဲ့ ပညာသင်နိုင်ရေးအတွက် Stanford University ကြီး တည်ထောင်ခဲ့တယ်။ ပိုင်ဆိုင်သမျှ အားလုံးလိုကို လှူခဲ့တယ်။ ဒီအိမ်ကြီးက အခန်း ၄၄ခန်းရှိတဲ့ လေးထပ်အိမ်ကြီး။ ဒီအိမ်ကြီးကိုပါ သာသနာပြုသီလရှင်တွေကို လှူခဲ့တာ။ နှစ်တွေကြာပြီး သူတို့တွေ မထိမ်းသိမ်းနိုင်တော့မှ ပြည်နယ်အစိုးရက ပြန်ဝယ်၊ ဒေါ်လာ ၂၂ သန်းကျော်အကုန်ခံပြီး မူလလက်ရာအတိုင်းပြင်၊ ပြတိုက်လုပ်ထားတယ်။
ဒီအိမ်ကြီးထဲ တိုးရစ်အနေနဲ့ ဝင်ကြည့်ခဲ့ရတယ်။ ဝင်ကြေးအခမဲ့ပါ။ အဲဒီခေတ်က (၁၈၇၀-၁၈၉၀) သန်းကြွယ်သူဌေးကြီးရဲ့ နေထိုင်မှုဘဝကို မြင်ခဲ့ရ၊ သိခဲ့ရ၊ အတွေးတွေ ပွားခဲ့ရပါတယ်။
Mr Stanford က သူ့ခေတ်မှာ နိုင်ငံတော်သူဌေးစာရင်းဝင်ခဲ့သူ၊ နိုင်ငံအတွက်လည်း သူတတ်သမျှ တာဝန်ယူခဲ့သူ၊ မသေခင်မှာ ချမ်းသာသမျှကို အကျိုးပြုမဲ့ နေရာတွေကို ဝေမျှပြီး လှူခဲ့သူလေ။ အခုသူလှူခဲ့တဲ့ Stanford University ဟာ နာမည်ကျော် တက္ကသိုလ်ကြီးအဖြစ် ရပ်တည်နေဆဲ။ တကယ်တော်တဲ့ ကျောင်းသားသာဖြစ်ပါစေ၊ ငွေကြေးမတတ်နိုင်ရင် အပြည့်အဝ ထောက်ပံ့နိုင်တဲ့ ရံပုံငွေတွေ အပြည့်။
ကျွန်တော်တို့နိုင်ငံက နိုင်ငံတော်သူဌေးကြီးတွေလည်း သူ့ကိုအားကြပြီး တက္ကသိုလ်ကြီးတစ်ခု ဆောက်လုပ်လှူတန်း၊ ရံပုံငွေတွေ ထည့်ဝင်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေအတွက် ကျောင်းစရိတ်အခမဲ့ တက်နိုင်အောင် ဆောင်ရွက်ပေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကိုယ်မတတ်နိုင်ပေမဲ့ သူတို့က တတ်နိုင်မယ်လေ။
မိတ်ဆွေတို့လည်း ဒီပို့စ်လေးကို များများရှယ်ပေးရင်းနဲ့ သူတို့ထဲက တစ်ယောက်လောက်က ဖတ်မိပြီး လှူချင်စိတ်တွေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလည်း။ သူတို့ ခေတ်သစ် မြန်မာ့သန်းကြွယ်သူဌေးတွေထဲမှာလည်း ဒီလို လူတွေပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment