Monday, December 28, 2015

ဆန္ဒပြချင်ကြတယ်ဆို

ဒီနေ့ အွန်လိုင်းမှာ ဗီဒီယိုတခု ကြည့်ရတယ်။ ဒေါ်စုအိမ်ရှေ့မှာ ရဟန်းဝတ်တပါးကို ရှေ့မှာထားပြီး လူအုပ်စုတစုက ဆန္ဒပြနေပုံပဲ။ ဦးဝင်းထိန်နဲ့ အခြေအတင် ပြောနေကြတယ်။

ထိုင်းပြသနာဟာ ဒေါ်စုနဲ့မဆိုင်ပါဘူး။ ဒေါ်စုကလည်း ကယ်တင်ရှင် မဟုတ်ပါဘူး။ နိုဘယ်ဆုရှင်ဆိုတာ တန်ခိုးရှင် အာဏာရှင် မဟုတ်ပါဘူး။ အာဏာလက်ထဲရှိမှ ပြောရေးဆိုခွင့်ရှိတယ်ဆိုတာ လောက်တောင် နားမလည်တဲ့ ဒီလူစုကိုကြည့်ပြီး မြန်မာပြည်နိုင်ငံရေး တည်ငြိမ်မှုမရှိအောင် မြှောက်ပေးနေတဲ့ သင်းကွဲတွေ ရှိနေတယ်ဆိုတာ သတိထားမိတယ်။

အာဏာရှိမှ ပြောခွင့်ဆိုခွင့် လုပ်ကိုင်ခွင့် ရမှာမို့ အာဏာရအောင် ဒေါ်စု ကြိုးစားနေတယ်။ သူ့လက်ထဲ အာဏာရောက်တဲ့အထိ သူနဲ့အတူ ဝိုင်းရံပေးရမယ် ဆိုတာလောက်တော့ မြန်မာပြည်သူအများစုက နားလည်ကြပါစေလို့ ဆုတောင်းပါတယ်။

ခုလောလောဆယ် ဆန္ဒပြချင်ရင် နေပြည်တော်က အစိုးရဆိုသူတွေရဲ့ အိမ်ရှေ့မှာသာ သွားပြကြပါ။ လက်ရှိအာဏာပိုင်တွေရဲ့ အသုံးမကျမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရှုတ်ထုတ်တွေ တခုပြီးတခုကို ဘာမဆိုင် ညာမဆိုင် ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ပြီး ဒေါ်စုအပုတ်ချရေး ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်ပါတယ်။
ထိုင်းကိစ္စကို ဖိအားပေးနိုင်တဲ့သူတွေက နေပြည်တော်က အဘတွေပါ။
 ထိုင်းအာဏာသိမ်းဗိုလ်ချုပ်ကြီးဘဝကနေ ဘောင်းဘီချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ကြီးရဲ့ အပေါင်းအသင်း အရင်းခေါက်ခေါက်ကြီးတွေ ဖြစ်တဲ့ ဘောင်းဘီချွတ်သမ္မတနဲ့ အပေါင်းအပါတွေပါ။ သူတို့တွေက ပုလင်းတူ ဘူးဆို့တွေပါ။

Wednesday, December 16, 2015

နတ်တော်လ

နတ်တော်လတောင် ရောက်ပြီတဲ့။

ရှေးကတော့ နတ်တဝ်လို့ ခေါ်ပါတယ်။ တဝ်ဆိုတာ မြတ်တယ်လို့ အဓိပ္ပါယ်ရတယ်။ နတ်ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာ မရောက်ခင်ထဲက ရှိခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတော့လည်း မိရိုးဖလာဆိုပြီး ဆက်သယ်ဆောင်လာကြတာ ယနေ့တိုင်။

ဒီလမှာ ကောက်ကြီးစပါးတွေ ရိတ်သိမ်းကြလို့ အထွက်တိုးအောင် နတ်တင်တဲ့လလို့ ဆိုကြတယ်။ နတ်တွေက ပုဂံခေတ်မှာ ဒီလောက်မများခဲ့ပေမဲ့ ခေတ်အဆက်ဆက် ထပ်တိုးခဲ့ကြလို့ တရားဝင် အတွင်းအပြင် သုံးဆယ့်ခုနှစ်မင်းစီ ဖြစ်နေကြပြီ။ သုံးဆယ့်ခုနှစ်မင်း စာရင်းထဲမှာ မပါတဲ့ ဒေသနတ်တို့ ရိုးရာနတ်တို့ပေါင်းရင် ရာချီ ရှိမယ်။

နတ်တွေထဲမှာ စူပါစတားနတ်တွေကတော့ အိမ်တွင်းနတ် ကိုတင့်တယ်တို့ မင်းကြီးမင်းလေးတို့ ကိုကြီးကျော်တို့ပေါ့လေ။ ကိုကြီးကျော်က အကဲဆုံး။ ဝိဉာဏ်လှတယ်ဆိုပြီး လူသားမိန်းမတွေကိုလည်း လင်ရှိရှိ မရှိရှိ တော်ကောက်တတ်တယ်။ သူ့ကိုတော့ မျိုးစောင့်ဥပဒေနဲ့ တရားစွဲလို့မရ။ သူ့ရဲ့ ကူနီနန်းကြီးကနေ ခဏခဏ ခရီးထွက်ပြီး မိန်းမယူနေပေမဲ့ ဧည့်စာရင်းလည်း တိုင်ပုံမရ။ သူကတော့ သန်းကောင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာဆိုတဲ့ နတ်ချင်းထဲကအတိုင်း ကဲလို့ကောင်းတုန်း။

မင်းကြီးမင်းလေး ညီနောင်ရဲ့ တောင်ပြုံးဆိုလည်း နတ်ကိုးသူတွေ မေ့ထားလို့ မရ။ ချိုးရေတော်သုံးတို့ ထိန်ခုတ်တို့ စတဲ့ ပွဲတွေအမှီ နန်းကြီးကို ကိုယ်တော်တွေ စိတ်မငြိုအောင် အပြေးဆက်ကြရတယ်။ စပွန်ဆာကိစ္စ၊ ရာထူးကိစ္စ၊ စီးပွားကိစ္စ၊ စတဲ့ ကိစ္စများမြောင် အဆင်ပြေအောင် ကိုယ်တော်တွေကို ဆက်ကြရတာ။ ဒါပေမဲ့ လဝက အရာရှိတွေက မှတ်ပုံတင် စစ်ခွင့်မရှိခဲ့လို့ ဘင်ဂါလီ ဟုတ်တယ် မဟုတ်ဘူး ဘယ်သူမှ သိခွင့်မရတဲ့ ကိုယ်တော်တွေ။

အိမ်တွင်းနတ် ကိုတင့်တယ်ကတော့ အိမ်မှာအုန်းသီးဆွဲထားရတယ်။ ညမှာ လိုက်ကာချပေးရတယ်။ မီးကြောက်လို့တဲ့။ မီးသတ်ဦးစီးရာထူး ခန့်သင့်တာပါ။ သူသာ မီးသတ်ဦးစီးဖြစ်ရင် မီးကြောက်သူမို့ မီးမလောင်အောင် တားပေးမှာပဲ။

သူ့သမီး မမနှဲတို့ အမေဂျမ်းတို့ အမေရေယဉ်တို့က မိန်းမ စူပါစတားနတ်တွေပေါ့။

ဦးရှင်ကြီးတို့ မြင်းဖြူရှင်တို့ လည်း မြန်မာတွေရဲ့ အချစ်တော်နတ်တွေပါပဲ။ အတွင်းအပြင်ပေါင်း ခုနှစ်ဆယ့်လေးမင်းဆိုပေမဲ့ အခြားနတ်တွေက သိပ်ပြီး လူမသိကြပါ။ ဘိုးတော်သကြားမင်းတောင် နတ်စာရင်းထဲပါသေးရဲ့။

ဘုရင်နတ်တွေများပါတယ်။ မင်းရဲကျော်စွာတောင် နတ်စာရင်းမှာ တွေ့မိတယ်။ နတ်စင်တရာ ဆရာတော်ကတော့ ပိုသိမယ်ထင်ရဲ့။ သူ့ကျောင်းထဲမှာ နတ်စင်တွေအပြည့်ပဲတဲ့။ နတ်တွေပူဇော်ပြီး ဖေါ်မယ်ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး ကိစ္စမှာ ဦးဆောင်သူပေါ့။ နဂါးမင်းကကျူးကျော်နေလို့ ဖယ်မရဘူးဆိုလားပါပဲ။ နဂါးမင်းကို စည်ပင်ဥပဒေနဲ့အရေးယူလို့ရမှပဲ အဲဒီနတ်နဂါးစောင့်တယ်ဆိုတဲ့ ခေါင်းလောင်းကြီး ရှာတွေ့လောက်တယ်။ ခုတော့ လူတွေတောင် မေ့နေကြပါပြီ။ ဗုဒ္ဓဘာသာမှာ အဲဒီလို ဓါတ်နတ်ဘုန်းကြီးတွေ ရှိနေပေမဲ့ နိုင်ငံရေးလုပ်တာ မဟုတ်လို့ မဟနကလည်း အရေးမယူပါဘူး။ နိုင်ငံရေးပြောတဲ့ ဘုန်းကြီးတွေသာ တရားဟောခွင့် အပိတ်ခံရတာပါ။ နတ်ဆရာ ဓါတ်ဆရာ ဘိုးတော်လုပ်စားပြီး ကြီးပွားနေကြတဲ့ လူတွေလည်း မနည်းလှ။

နတ်တော်လအကြောင်းရေးရင်း ဘယ်တွေရောက်ကုန်တယ်မသိ။

နတ်တော်လစာဆိုပွဲလို့ ဆိုရိုးရှိတယ်။ နတ်တော်လဆန်းတရက်နေ့ဟာ စာဆိုတော်နေ့ပါပဲ။ စာပေမြင့်မှ လူမျိုးတင့်မှာမို့ နတ်တော်လမှာပဲ စာပေဟောပြောပွဲတွေ အများဆုံးကျင်းပတတ်ပါတယ်။

နတ်တော်လရဲ့ ရာသီပန်းကတော့ ပင်မြင့်မှာ ပွင့်တတ်တဲ့ တော်ဝင် သဇင်ပန်းပါ။ သဇင်ပန်းရဲ့ သင်းပျံ့ပျံ့ရနံ့လေးကိုတောင် လွမ်းမိပါရဲ့။

မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

ပုဂံပြတိုက်နဲ့  ဆီးသီးဗန်းမှောက်ခြင်း


မရေးတော့ဘူးဆိုပြီး ထားခဲ့တဲ့အကြောင်းလေးတစ်ခုပါ။ ခုတော့ မနေနိုင်လို့ ရေးပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းမှာ ပုဂံရောက်တယ်။ တပြည်လုံးမိုးများပြီး ရေတွေကြီးနေပေမဲ့ ပုဂံက သူနဲ့ လားလားမှမဆိုင်သလို နေတွေပူလို့ပါပဲ။ မိုးခေါင်တာ ပုဂံဘုရင်တွေ လက်ထက်ထဲကဆိုတော့ ပုဂံသားတွေ နေသားကြနေပါပြီ။ ဘုရားစုံသွားပြီးတော့ နာမည်ကျော် ပုဂံပြတိုက် ရောက်ဖြစ်တယ်။ အရင်အခေါက်တွေက မဝင်ဖြစ်ခဲ့ဘူး။ ဒါကြောင့် အနုအလှတွေ ခံစားမယ် စိတ်ကူးကအပြည့်။

ပြတိုက်ကြီးက ရွှေရောင်တဝင်းဝင်းနဲ့ တောက်ပလို့။ ရောက်နေတာက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ။ ရှေးဟောင်းနယ်ထဲမှာ ရွှေရောင်ဝင်းနေတဲ့စေတီတွေ ဖူးရတာ ဆွမ်းဆန်ထဲမှာ အဝှာရောနေသလို ခံစားရတဲ့ ခံစားမှုက ရင်ထင် ပြန်ဝင်လာတယ်။ တိုင်လုံးဖြူကြီးတွေနေရာမှာ ပုဂံစတိုင် အုပ်တိုင်ကြီးတွေနဲ့အစားထိုးခဲ့ရင်၊ ရွှေမချပဲ အုပ်မြေအရောင် မံခဲ့ရင်၊ ... ရင် ဆိုတဲ့ ရင်တွေ တထွေးကြီး တွေးမိတယ်။ ရှေးဟောင်းအဆောက်အဦပုံစံ အပြင်က မြင်ရပြီး အတွင်းမှာ ခေတ်မှီ ပြခန်းတွေနဲ့ မွန်းမံခဲ့ရင် သိပ်ကောင်းမယ်ပေါ့။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဒီအတိုင်းဆောက်ဖို့ တင်ပြကြမှာပဲ။ ဗိသုကာတွေကလည်း မညံ့ကြ။ အထက်ကဆိုတဲ့ အမိန့်အောက်မှာ တောက်ပြောင်တဲ့ အဆောက်အဦကြီးတခု မလိုက်ဖက်ပဲ ရှေးဟောင်းနယ်ထဲ ရောက်လာတယ်။

အဆောက်အဦကြီး ရှေ့တည့်တည့်က ပြူစောထီး ပုံကြီးကလည်း ပုဂံနဲ့ လားလားမှ မဆိုင်သလို လေးကြီးပစ်တော့မဲ့ဟန်။ တကယ်ဆို ပုဂံလက်ရာတခုခုကို အမိုးအကာအပြည့်နဲ့ ရှိနေသင့်တာ။

အထဲဝင်ဖို့ ပစ္စည်းတွေ သိမ်းပြီး အဝမှာစောင့်နေတဲ့ ရှေးဟောင်းသုတေသနက အရာရှိနဲ့ ရင်ထဲရှိသမျှတွေ ပြောပြဖြစ်တယ်။ သူကလည်း ကိုယ်နဲ့ထပ်တူ။ ရင်ဘတ်ခြင်းတွေတူ။ ပုဂံခေတ်ထဲက စိုက်မရခဲ့တဲ့စပါးကို ပုဂံမှာအတင်းစိုက်ခိုင်းခဲ့တဲ့ လယ်ဆည်ဝန်ကြီးတို့၊ တွင်းတစ်နဲ့ပေါင်းစားပြီး ရိုက်စားလုပ်ခဲ့တဲ့ ဒီပြတိုက်ကြီးအကြောင်းတို့ ပြောမကုန်။

ပြတိုက်ကြီးက ဟီးထနေပေမဲ့ အလယ်က ဟောင်းလောင်းကြီးပါ။ ပုဂံလက်ရာတွေနဲ့ ခေတ်သစ်လက်ရာတွေ ရောပြထားတာကလည်း ရောကျော် ဖြစ်နေသလိုပါ။ ဘေးအခန်းတွေက ပြကွက်တွေကတော့ အတော်စိတ်ဝင်စားစရာမို့ အချိန်ယူ လေ့လာဖြစ်ခဲ့တယ်။

လျှပ်စစ်မနိုင်လို့ဆိုပြီး လေအေးပေးစက် မလည်တော့ အသက်ရှုမဝ။ ခဏခဏ အပြင်ထွက်ပြီး လေရှူရတယ်။ အလုံပိတ်ပြတိုက်က လေအေးမပေးထားတော့ အနံ့ကလည်းမကောင်းလှ။ မီးတွေလည်း ပိတ်ထားတော့ မှောင်နဲ့မဲမဲ။

ထရန်စဖေါ်မှာ ခဏခဏ လောင်လို့ လေအေးပေးစက်မလည်တာ ကြာပါပြီတဲ့။ ပါကေးခင်းတွေကလည်း အတော်ကြွတက်နေကြပြီ။ ပြုပြင်မွန်းမံစရိတ် လုံလောက်အောင်မရှိပါတဲ့။ အဲဒီနေ့က ပြတိုက်ထဲမှာ လူဆယ်ဦးတောင် ပြည့်မယ်မထင်။ နိုင်ငံခြားသား နှစ်ဦးပဲ တွေ့ခဲ့တယ်။ ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဒီပြတိုက်ကြီး တိုးတက်အောင် လည်ပတ်မလဲ မတွေးတတ်။

ပြတိုက်ကြီးကို ရုပ်ပြဆောက် နာမည်ယူသွားတဲ့ ဆရာတွေကတော့ ထားစရာမရှိအောင် ချမ်းသာနေကြမှာပါ။ ပြတိုက်ကြီးကတော့ အိုမင်းစွာ ဟောင်းလောင်း။ အဲဒါ ပကတိအခြေအနေမှန်ပါ။ ဇီးသီးဗန်းကတော့ မှောက်ခဲ့ပြီးပြီ။

ရန်ကုန်ရွှေမြို့တော်က ဂုံးကျော်တံတားစီမံကိန်းတွေ အကြောင်းကြားရတော့ လမ်းဘေးဈေးသည်တွေ၊ ပလက်ဖေါင်းပေါ်က မီးစက်တွေ၊ စည်းကမ်းမဲ့ယဉ်တွေ အရေးယူရမဲ့အစား ဇီးသီးဗန်းမှောက်ဖို့ကြိုးစားနေကြတာပဲ တွေ့နေရတယ်လို့ ခံစားရတယ်။ အဲဒီအလွဲတွေနဲ့ နိုင်ငံကြီးကို အန်တီက ပြန်တည့်ပေးရမှာ။

ဘာမဆိုင် ညာမဆိုင်နဲ့ ပုဂံပြတိုက်ကြီးက မျက်စိထဲ ပြန်မြင်လာလို့ ရေးလိုက်တဲ့အကြောင်းလေး ဆိုပါတော့။

ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
— in Bagan.

 

Wednesday, December 9, 2015

အမှိုက်

မြန်မာပြည်တွင် အကုန်ရှားပေမဲ့ ပေါတာက အမှိုက်တွေပါ။ နေရာတကာမှာ အဆင်ပြေသလို အမှိုက်ပုံကြတာ အစဉ်အလာတောင် ဖြစ်နေပေါ့။

အဲဒီ အမှိုက်ပုံ နားမှာပဲ နေကြ ထိုင်ကြ စားကြ သောက်ကြနဲ့မို့ အမှိုက်ပုံရနံ့ ယဉ်ကျေးမှုက သာမန် ဆင်းရဲသားတွေအတွက် အသားကြနေကြပြီ။ ရပ်ကွက်ဈေးဆိုတာလည်း အမှိုက်တွေနဲ့ ညစ်ပတ်ပေရေနေမှ ဈေးလို့ ထင်ကြတော့တယ်။ သန့်ရှင်းသတ်ရပ် လှပနေရင် ဈေးထဲမဝင်ရဲတော့ဘူး။ ဈေးကြီးမယ် ရိတ်တော့မယ်ပဲ ထင်ကြတော့တယ်။

စုတ်စုတ်ဖတ်ဖတ် ယဉ်ကျေးမှုက ကြီးစိုးလာတော့ နေရာတကာ ယင်တလောင်းလောင်း။ ဖုန်တွေ ကားမီးခိုးမှုန်တွေ လိမ်းကျန်နေတဲ့ ဆိုင်တန်းတွေမှာ ယင်တွေအုံနေတာကို လက်နဲ့ဝှေ့ယမ်းရင်း ငါးတွေလတ်တယ်နော်လို့ ငါးသည်က ပြောတာလည်း လက်ခံကြတာပါပဲ။ ရေခဲရိုက်ဖို့ ဝေးလို့ ရေတောင်အနိုင်နိုင်ဆေးထားရတဲ့ ဒီအသားငါးတွေကို ယင်ဘယ်နစ်ကောင်နားသွားတယ်ဆိုတာ ဘယ်သူကမှလည်း အလုပ်ရှုပ်ခံပြီး သူ့တေသန မပြုကြပါ။ ဗက်တီးရီးယားတွေ ဘယ်လောက်ပေါက်ဖွားနေပြီလည်းလို့ ဘယ်သူမှ ဓါတ်ခွဲစမ်းသပ်မှု မပြုကြပါ။

တနေ့တာဝမ်းရေးအတွက် လမ်းပေါ်ကဈေး၊ လမ်းဘေးကဈေး၊ သက်သာမဲ့ ထင်ရတဲ့ ဈေးကိုသွား အလေးမခိုးဖို့ ဈေးသည်ကိုပြောရင်း အပြေးအလွှားဝယ်ယူနေကြတဲ့ အိမ်ရှင်မကလည်း အမှိုက်တွေနဲ့ ယင်ကောင်တွေကို ဂရုမပြုအားကြပါ။ ရုံးအမီကျာင်းအမီ အချိန်မီ ချက်ပြုတ်ဖို့သာ အာရုံရှိကြပါတယ်။

အမှိုက်တွေ စနစ်တကျ ပစ်ဖို့ကလည်း အမှိုက်ပုံး လုံလောက်စွာမရှိ။ အမှိုက်ကား အချိန်မှီမလာ။ အမှိုက်ပုံ စနစ်တကျမရှိ။ အများစုက အထပ်မြင့် တိုက်ခန်းတွေကနေ ဆင်းပစ်ဖို့ အချိန်မရှိ။ တိုက်မှာလည်း အမှိုက်သိမ်း စနစ်မရှိ။ ထိုသို့သော အကြောင်းများကြောင့် ပိုက်ဆံယူကာ အမှိုက်ပစ်တဲ့အလုပ်ကို လုပ်ကိုင်ကြသော လူတန်းစားတရပ်ပင် ပေါ်လာသေးရဲ့။ သူတို့ကိုခေါ်ကာ အမှိုက်ပစ်ခိုင်းသည်ကလည်း ပိုက်ဆံပေးရသည်မို့ မပေးချင်။

ဤသို့သော အကြောင်းများက နောက်ဖေးလမ်းကြားအမှိုက်ပစ်ချတတ်သော အလေ့အထကို တိုးပွားစေကာ အိမ်နောက်ဖေး ဈေးဆိုင်မတည်နိုင်ပဲ အမှိုက်ပုံတည် ကြပါတော့တယ်။ အောက်ထပ်နေသူများကား နောက်ဖေးလမ်းကြားအမှိုက်ပုံ၏ ရနံ့မျိုးစုံအပြင် ကြွက် ခြင် ယင် ပေါင်းစုံရဲ့ သောင်းကျန်းမှု ဒါဏ်ကို အလူးအလဲ ခံစားရသူများပင်။

ယခုလာမဲ့ သတင်းပတ်ကတော့ အမှိုက်ကောက်မဲ့သတင်းပတ်တဲ့။ NLD အမတ်များက ဦးစီးကာ လူမှုရေး အသင်းအဖွဲ့ပေါင်းစုံ ပါဝင်ပြီး လှုပ်ရှားကြမယ်တဲ့။ အားရစရာ။

အမှိုက်ကောက်ကြမဲ့ လုပ်အားပေးများက လက်အိပ် ပါးစပ်ကာ တံမျက်စီး ဂေါ်ပြား အမှိုက်အိပ် စသည့် အမှိုက်သိမ်းကရိယာ စုံလင်စွာဖြင့် အမှိုက်ကောက်ကြဖို့လည်း အကြံပြုပါတယ်။ ချွန်ထက်သည့်အရာများကို သတိထားကြပါ။ တခါသုံး ဆေးထိုးအပ်များကို သီးခြားခွဲထားပါ။ လက်ဖြင့် မကိုင်မိပါစေနင့်။

ကောက်ထားသောအမှိုက်များကို ပစ်ရန်လည်း စနစ်ကြသည့် အမှိုက်ပုံ လိုပါမယ်။ အမှိုက်ကားအခေါက်ရေများများသယ်နိုင်ရေးအတွက်လည်း ဓါတ်ဆီ ဒီဇယ်စတဲ့ လောင်စာဆီတွေ လိုမယ်။ ဒီနေ့အမှိုက်ကောက်ပြီး နက်ဖြန် ပြန်ပွ မဖြစ်အောင် အမှိုက်ပုံးတွေ စနစ်တကျ ထားပေးဖို့လည်း လိုမယ်။ စည်ပင်က စနစ်တကျ အမှိုက်သိမ်းကြဖို့လည်း လိုမယ်။ အမှိုက်ကို တွေ့ကရာ နေရာမှာ စွန့်ပစ်တတ်တဲ့ အလေ့ကိုလည်း ပြင်ကြဖို့လိုမယ်။ အမှိုက်မပုံရဆိုင်းပုဒ်မြုတ်အောင် အမှိုက်ပုံထားတာတွေ ကွမ်းတံတွေး မထွေးရဆိုင်းပုဒ်ကို ပေရေနေအောင် ကွမ်းတံတွေးထွေးကြတာတွေ စတဲ့ စည်းကမ်းမဲ့မှုတွေကိုလည်း ပြင်ဖို့လိုမယ်။ အလေ့အကျင့်ဆိုတာ တဖြေးဖြေး ပြင်ကြရင် ရပါတယ်။ စည်းကမ်းသတ်မှတ်ထားပြီး မလိုက်နာရင် တိတိကျကျ အရေးယူပေးပေါ့။

လိုအပ်ချက်တွေများ အမှိုက်တွေပေါတဲ့နိုင်ငံမှာ တပိုင်တနိုင် အမှိုက်ကောက်ကြဖို့ ဆော်သြပေးတဲ့ အန်တီကိုလည်း ကျေးဇူးတင်ပါတယ်။

အမှိုက်ကင်းစင် မြန်ပြည်တခွင်ဖြစ်စေဖို့ အမှိုက်ကောက်ကြပါစို့။

ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ



 

Sunday, December 6, 2015

အမျိုးသားနေ့ 

အမျိုးသားနေ့ ရောက်ပြီ။

မြန်မာအမျိုးသားနေ့ကလည်း ပျင်းစရာ ကောင်းလှပါလား။
အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ ဘာပို့စ်မှလည်း ရေးမတင်ကြ။

ဘာလှုပ်ရှားမှုမှလည်း မရှိ။

National day celebrations လုပ်ကြဖို့ မေ့ကုန်ကြပြီလား။ တနင်္ဂနွေနဲ့တိုက်သွားတော့ ရုံးပိတ်ရက် ကျောင်းပိတ်ရက် မဟုတ်လို့ မေ့ထားကြလေသလား။

အမျိုးသားနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲတို့ ဟောပြောပွဲတို့ရော ကျောင်းတွေမှာ ကျင်းပကြသေးရဲ့လား မသိ။

တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့သည် မြန်မာနိုင်ငံ၏ အမျိုးသားနေ့ ဖြစ်သည် ဘာညာနဲ့တော့ ကလေးတွေရဲ့ သင်ပုန်းကြီး စာအုပ်ထဲမှာ မပျောက်မပျက် ရှိနေကောင်းပါရဲ့။

ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ဖို့ ဦးဆောင်ခဲ့တဲ့ သပိတ်မှောက်ကျောင်းသားကြီးတွေကို အားနာတယ်ဗျာ။ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ခဲ့တဲ့ အဖိုးတို့ရဲ့ မျိုးဆက်သစ် သပိတ်မှောက်ကျောင်းသားတွေကတော့ သာယာဝတီထောင်ထဲက မထွက်ကြရသေး။

 

သူများတွေ လှူတယ်ကြားလို့ 

မတ် ဇူကာဘတ်နဲ့  သူ့ ဇနီး တရုတ်ဆရာဝန်မလေး ပရက်စီလာ ချမ်း တို့ က သူတို့ ပိုင်ဆိုင်တဲ့ ဖေ့ဘွတ်ရှယ်ယာတွေရဲ့  ၉၉% ကို လှူမယ်လို့  ကြေညာလိုက်တယ်။ လွန်ခဲ့တဲ့ တပတ်ကျော်က မွေးခဲ့တဲ့ သူတို့ ရဲ့  သမီးဦးလေး မက် အတွက် လှူ မဲ့ အဲဒီအလှူ ဟာ လက်ရှိဈေးနဲ့ တွက်ရင် ဒေါ်လာ ၄၅ ဘီလီယံကျော် ရှိပါသတဲ့။

လေးစားပါတယ် ဇူကာဘတ်ရယ်။ ဂိတ်ဖေါင်ဒေးရှင်းလို ဖေါင်ဒေးရှင်းကြီးတခု ပေါ်လာပြီး ကမ္ဘာကြီးရဲ့  လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ကြမဲ့ အသက်သုံးဆယ်ကျော် ဇနီးမောင်နှံနဲ့  သူတို့ သမီးဦးလေးကို ကမ္ဘာကြီးက ကောင်းချီးတွေ ပေးနေကြလေရဲ့ ။

မြန်မာပြည်မှာလည်း သူတို့ လောက်မချမ်းသာပေမဲ့ သူတို့ တဝက်လောက်တော့ ချမ်းသာလောက်တဲ့ သူဌေးကြီးတွေ ရှိတယ်။ နိုင်ငံရဲ့  သယံဇာတတွေကို သူတို့  ဘိုးဘွားပိုင်လို သဘောထားပြီး အိပ်ထဲထည့်၊ စီးပွားရေးတွေ လက်ဝါးကြီးအုပ်ရင်း ချမ်းသာနေကြတာပေါ့။ ကျောက်စိမ်းတွေ ရွှေကျောတွေ သစ်တောတွေတော့ ကုန်သွားတာပေါ့။

တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပိုင်ဆိုင်မှုတွေရဲ့ ၉၉% မဟုတ်တောင် တဝက်လောက်ကို လှူမယ်လို့  အဲဒီ နိုင်ငံတော်သူဌေးကြီးတွက ကြေညာခဲ့မယ်ဆိုရင် သိပ်ကောင်းမယ်လို့  တွေးမိတယ်။ပညာရေး ကျန်းမာရေး လူမှုဘဝတွေ အားလုံး အောက်ဆုံးရောက်နေရတဲ့  တိုင်းပြည်တစ်ခု ပြန်လည်တည်ဆောက်ဖို့  ငွေတွေ အများကြီးလိုမှာလေ။

ဒီ ဆရာတွေ အဘတွေက လောဘတွေနဲ့  ရှာခဲ့တဲ့ ငွေတွေရဲ့  တဝက်လောက်ကို လှူ ဖို့ ဆိုတာရဲ့  ဖြစ်နိုင်ခြေကတော့ သုံည။

Sunday, November 29, 2015

တောင်ငူရာဇဝင်

သမိုင်းကို မအအောင် သင်တယ်လို့ ဒေါက်တာ သန်းထွန်းက ပြောဖူးတယ်။ သမိုင်းမှာ ဂုဏ်တက်စရာတွေ ရှိသလို ဂုဏ်ပျက်စရာတွေလည်း ရှိတယ်။ အဲဒီသမိုင်းတွေထဲမှာ မွေးရပ်မြေ တောင်ငူကလည်း တစိတ်တပိုင်း ပါဝင်နေလေရဲ့။

ငယ်ငယ်က စာသင်ဖူးတဲ့ တီတီစီကျောင်းဝန်းကြီးဟာ မြို့ရိုးကြီးပြိုကြသွားလို့ ဖြစ်နေတဲ့ ကုန်းပေါ်မှာ ရှိနေတယ်ဆိုတာ၊ ကျုံးတွကို ကြည့်ပြီး မြို့ရဲ့ အကျယ်ကို မှန်းဆနိုင်တယ်ဆိုတာ၊ မန်းရပ်ဆိုတာ မင်းတွေနေတဲ့ မင်းရပ်က လာတယ်ဆိုတာ၊ ရခိုင်စု၊ ကသည်းစု၊ ယိုးဒယားတန်း ရပ်ကွက်တွေက စစ်သုံ့ပန်းတွေကို ထားခဲ့တဲ့ နေရာတွေဆိုတာ၊ တိုက်တန်းဆိုတာ ကြေးတိုက်တန်းကို ခေါ်တယ်ဆိုတာ၊ ငွေလှံတော်တွေ သွန်းရလို့ ငွေလှံ၊ အိုးသည်တွေ နေကြလို့ အိုးကုန်း စသည်ဖြင့် ခေါ်ခဲ့ကြတာတွေကို လူငယ်အများစု မသိကြတော့။ တီကိုးတီ ကုန်းကိုးကုန်းနဲ့ တည်ခဲ့တဲ့မြို့။ တောင်ငူလေး၊ တောင်ငူကြီး၊ မြို့ကြီး၊ ကေတုမတီအဖြစ် အဆင့်ဆင့် ပြောင်းလည်းခဲ့တဲ့မြို့လေ။

ကေတုမတီကို မင်းကြီးညိုက ၁၅၁၀ မှာ တည်ခဲ့သတဲ့။ အင်းဝကို ရှမ်းတွေက ၁၅၂၇မှာ သိမ်းပိုက်ခဲ့လို့ မြန်မာတွေ တောင်ငူဖက်ဆုတ်လာကြရင်း တောင်ငူဟာ စည်ကားလာတယ်။ ပုဂံပျက်တဲ့ ၁၂၈၇ထဲက ပြန်လည်မစုစည်းနိုင်တဲ့ နိုင်ငံကို မင်းကြီးညိုရဲ့သား တပင်ရွှေထီးက စုစည်းဖို့ ကြိုးစားခဲ့တယ်။

မင်းပျိုမင်းလွင် တပင်ရွှေထီးဟာ လူငယ်ပီပီ အလွန်ခက်ထန်ပြီး ဒေါသလည်းကြီးသတဲ့။ သေရည်လည်း အလွန်ကြိုက်ဆိုပဲ။ သူစပြီးတိုက်ခဲ့တာက မွန်နေပြည်တော် ဟံသာဝတီပဲခူး။ ၁၅၄၄မှာ ပဲခူးကိုနိုင်တော့ ပုဂံသွားပြီး မြန်မာပြည်ရဲ့ဘုရင်အဖြစ် ခံယူတော်မူခဲ့ပါသတဲ့။ မြို့တော်ကို တောင်ငူကနေ ပဲခူးကို ရွှေ့သွားပြီး ရခိုင်ပြည်ကို တိုက်ပြန်တယ်။ ပြည်လောက်ထိပဲ သိမ်းနိုင်တယ်။ ရခိုင်မင်းက ကြံ့ကြံ့ခံ တွန်းလှန်ခဲ့လို့ ရခိုင်ကို မရခဲ့ဘူးတဲ့။

ရခိုင်က ဆုတ်လာတဲ့ တပ်တွေ ပြန်စုပြီး ယိုးဒယားကို ၁၅၄၇ ကနေ ၁၅၄၉ ထိ တိုက်ပြန်တယ်။ အယုဒ္ဒရကို ရတော့ မြို့ကို ဖျက်ဆီးလိုက်တာ ရစရာမရှိအောင်ပဲ။ စစ်သုံ့ပန်းတွေကိုလည်း နည်းပေါင်းစုံနဲ့ နှိပ်စက်ပြန်သတဲ့။ ဒါကြောင့် တပင်ရွှေထီးဟာ ယိုးဒယားရာဇဝင်မှာ မြန်မာမင်းဆိုးမင်းညစ်အဖြစ် ဗီလိန်ဖြစ်နေရတယ်။

တပင်ရွှေထီးလုပ်ကြံခံရတော့ သူ့အမတော် အတုလသီရိကို ယူထားတဲ့ ဘုရင့်နောင်ကို ၁၅၅၀မှာ ဘုရင်အဖြစ် နန်းတင်ကြတယ်။ ဘုရင့်နောင်က မင်းမျိုးမဟုတ်ပေမဲ့ အလွန်တော်တဲ့ စစ်သူကြီး။ ဒါကြောင့် မင်းကြီးညိုက သမီးနဲ့ ပေးစားခဲ့ပုံပဲ။ နောင်ရိုးတိုက်ပွဲမှာ ဖေါင်ဖျက်ပြီး တိုက်ပြခဲ့တဲ့သူမို့ အားလုံးက လေးစားခံရသူ။ အလွန်တည်ကြည်ပြီး စဉ်းစားတွေးခေါ်တတ်တဲ့ ဘုရင်လို့ ဆိုကြတယ်။

အာသံမဏိပူရကို ၁၅၆၀မှာ သိမ်းတယ်။ ပြန်ခုခံလို့ အယုဒ္ဒယကို ၁၅၆၄ မှာ ပြန်သိမ်းပိုက်ပြန်တယ်။ ဘုရင့်နောင်က ယိုးဒယားဘုရင့်သားကို ကျောင်းထားပေးမယ် အကြောင်းပြပြီး ခေါ်လာတယ်။ စာသင်ပေးတယ်။ ယိုးဒယားကိုလည်း ပြန်လည်တည်ဆောက်ပေးတယ်။ ဒါကြောင့် ယိုးဒယားရာဇဝင်မှာ ကျော်ထင်နော်ရထာအဖြစ် လေးစားကြည်ညိုမှု ခံရတယ်။ ယိုးဒယားကို ရှေ့နဲ့နောက် ဝင်သိမ်းခဲ့တဲ့ ဘုရင်နှစ်ပါးရဲ့ ကွာခြားမှုကို မြင်ရတာ သံဝေဂယူစရာ။

ဘုရင့်နောင်ဟာ ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့သူ။ သူတည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးက အာသံ၊ မဏိပူရ၊ လာအို၊ ထိုင်း၊ တရုတ်ပြည်တစိတ်တပိုင်း၊ ဗီယက်နမ်တစိတ်တပိုင်းထိ ပါခဲ့ပေမဲ့ သူသေဆုံးတဲ့ ၁၅၈၁ နောက်ပိုင်းမှာ ယိုးဒယားက တဖန် ပုံကန်ပြန်လို့ လာအိုနဲ့ ယိုးဒယား ဗီယက်နမ်ပိုင်းတွေ ပြန်ဆုံးရှုံးရပါသတဲ့။ သူဆုံးခါနီးမှာ ရခိုင်ကို ထပ်တိုက်ပေမဲ့ မရခဲ့ဘူးလို့ ဆိုတယ်။

သူ့ရဲ့သား နန္ဒဘုရင်လက်ထက်မှာ အင်းဝကို မြို့တော် ပြန်ရွှေ့သွားပြီး ညောင်ရမ်းမင်းဆက် တက်လာတယ်။ တောင်ငူမင်းဆက်တွေပါပဲ။ အနောက်ဖက်လွန်မင်းက ပုန်ကန်မှုတွေကို ပြန်စုစည်းဖို့ ကြိုးစားခဲ့ရပြန်တယ်။ တောင်ငူဘုရင် နတ်ရှင်နောင်ကို ပေါ်တူဂီနဲ့ပေါင်းလို့ဆိုပြီး သတ်လိုက်ထဲက တောင်ငူမြို့မှာ ဘုရင်မရှိခဲ့တာ ခုတိုင်အောင်ပေါ့လေ။

နတ်ရှင်နောင်အဖြစ်ကလည်း သနားစရာပါ။ ၁၄နှစ်သားလောက်ထဲက တိတ်တခိုး စွဲလမ်းခဲ့ရသူက ဘုရင့်နောင်ရဲ့သမီးတော် ရာဇ ဓါတုကလျှာ။ ဓါတုကလျှာရဲ့ ခင်ပွန်းသည် ယိုးဒယားချီတိုက်ပွဲမှာ ကျဆုံးခဲ့ရတာကို သွားလျှောက်ထားရာက အသနားတွေပို ချစ်ခဲ့ရတာပါတဲ့။ ဓါတုကလျှာက နတ်ရှင်နောင်ထက် ၁၈ နှစ်ကြီးတာမို့ ၃၂နှစ် လောက်အရွယ်ပေါ့။ အစွမ်းကုန်အလှပန်းပွင့်နေတဲ့ ဓါတုကလျှာက ဘုရင့်သမီးမုဆိုးမလေးလည်းဖြစ် အဒေါ်လည်း တော်ပါတယ်။ သူ့ထက်အများကြီးငယ်တဲ့ ချာတိတ်လေး နတ်ရှင်နောင်ကို စိတ်ဝင်စားပုံမပေါ်။ ဒါနဲ့ပဲ နတ်ရှင်နောင်လည်း ရတုတွေစေရင်း မိန်းမပိုးခန်းကို နှစ်ရှည်လများ ကြိုးစားခဲ့ရတယ်။ နတ်ရှင်သူ့ကြောင့် တရေးနှောင့်ရတဲ့ ဓါတုကလျှာမင်းသမီးလည်း အသည်း မမာနိုင်တော့ပဲ ချစ်ခွင့်ပန်မှုကို လိုက်လျှောခဲ့ရတယ်။ ဒါပေမဲ့ လက်ဆက်လို့မရသေး။ နတ်ရှင်နောင် ဘုရင်ဖြစ်တဲ့ထိ စောင့်ရပြန်တာမို့ ဆယ်နှစ်ကျော်တယ်လို့ ဆိုတယ်။

နတ်ရှင်နောင်ဘုရင်ဖြစ်တော့မှ မိဘုရားကြီးအဖြစ်တင်မြှောက်ရတာမို့ အဲဒီအချိန်မှာ ဓါတုကလျှာဟာ ၄၀ကျော်နေခဲ့ပြီ။ မိဘုရားဖြစ်ပြီး ခြောက်လအကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမြတ်နိုးလွန်းလို့ အနှစ်နှစ်အလလ စောင့်စားခဲ့ရတဲ့ ချစ်သူနဲ့ ခြောက်လပဲ ပေါင်းဖက်လိုက်ရတဲ့ နတ်ရှင်နောင်ဟာ အသည်းကွဲဘုရင်လေးပေါ့။ အသက်က ၂၆ ပဲ ရှိသေးတာပါတဲ့။ အင်းဝရဲ့ ဘုရင်ခံဘဝကနေ ဘုရင်အစစ်ဖြစ်ဖို့အရေးအတွက် ပေါ်တူဂီလူမျိုး ဒီဗရစ်တိုရဲ့ အကူအညီယူခဲ့ရာက သံလျှင်ကို ပြောင်းရွှေ့သွား။ အနောက်ဖက်လွန်က သံလျှင်ကို သိမ်းတော့ အဖမ်းခံရ။ " မင်းလည်းဘုရင် ငါလည်းဘုရင် အသနားမခံနိုင်ဘူး သတ်ချင်ရင်သတ်။ " လို့ တောင်းပန်ခိုင်းတာကို ရဲဝံ့စွာပဲ ငြင်းပယ်ခဲ့သတဲ့။ အနောက်ဖက်လွန်က စိတ်ဆိုးပြီး သတ်လိုက်တယ်။ သူ့အလောင်းကို သံလျှင်ကျိုက်ခေါက်ဘုရား စောင်းတန်းဘေးမှာ မြုတ်ခဲ့တယ်။ သူချစ်တဲ့ ရာဇ ဓါတုကလျှာနောက်ကို လိုက်သွားခဲ့တဲ့ နတ်ရှင်နောင်ဟာ ၂၈ နှစ်ပဲ ရှိသေးတယ်။

အနောက်ဖက်လွန်လက်ထက်ထိ စစ်ပန်းနေတဲ့နိုင်ငံကို သာလွန်မင်းလက်ထက်မှပဲ တည်ဆောက်ရေးတွေ ပြန်လုပ်နိုင်ခဲ့တာပါ။ သာလွန်မင်းလက်ထက်မှာ စစ်မရှိလို့ တိုင်းပြည် အေးချမ်းပြီး တိုးတက်ခဲ့သတဲ့။ သန်းကောင်စာရင်း ကောက်ခဲ့တဲ့ စစ်တမ်းတွေအရ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ မြန်မာ ၂သန်းထိ နေခဲ့တယ်လို့ သိရတယ်။

တောင်ငူမင်းဆက်မှာ စနေမင်း၊ တနင်္ဂနွေမင်းဆိုတဲ့ နေ့နာမည်နဲ့ မင်းတွေလည်း တွေ့ရတယ်။ မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် ၁၇၅၂ မှာ အင်းဝကို မွန်တွေဝင်သိမ်းလို့ တောင်ငူမင်းဆက် ပျက်ခဲ့တာမို့ ၁၅၁၀- ၁၇၅၂ နှစ်နှစ်ရာကျော် ရှည်ခဲ့တဲ့ မင်းဆက်ပါပဲ။

တောင်ငူဟာ ၁၅၁၀-၁၅၃၉ နဲ့ ၁၅၅၁-၁၅၅၂ နစ်ကြိမ်ပဲ မင်းနေပြည်တော်ဖြစ်ခဲ့ပေမဲ့ တောင်ငူက ပေါ်ထွန်းခဲ့တဲ့ မင်းဆက်ကတော့ နှစ်နှစ်ရာကျော် ကြာရှည်ခဲ့တယ်။ ရှမ်း၊ မွန်၊ ရခိုင်စတဲ့ တိုင်းရင်းသားတွေနဲ့ စစ်တွေ တိုက်ခဲ့ကြတယ်။

ပြည်ထောင်စုကြီးက စစ်ပွဲတွေနဲ့ စခဲ့ကြတော့ စစ်ပွဲတွေက မဆုံးနိုင်သေး။ ဒုတိယမြန်မာနိုင်ငံ တောင်ငူခေတ်ပြီးတော့ တတိယ မြန်မာနိုင်ငံကုန်းဘောင်ခေတ်။ ပြီးတော့ ကျွန်ခေတ်။ ဗိုလ်ချုပ်တို့ ရယူပေးခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ်။ စစ်အစိုးရခေတ်။ ခေတ်တွေစနစ်တွေ အမျိုးမျိုးပြောင်းခဲ့ပြီ။ စစ်တွေကတော့ မငြိမ်းသေး။

အေးချမ်းသာယာတဲ့ မြန်မာပြည်ကြီးကို မကြာခင် ဖေါ်ဆောင်နိုင်ရင်တော့ ပဉ္စမမြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာလိမ့်မယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ကြဖို့ အားလုံးသွေးစည်းကြရအောင်။ အန်တီကတော့ ဒုတိယပင်လုံတဲ့။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမဲ့နေ့ကို မျှော်လင့်လျှက်။

ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Monday, November 23, 2015

တန်ဆောင်မုန်း

သီတင်းကျွတ်ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင် တဲ့။

အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး တဲ့။

ငယ်ငယ်က ကြားဖူးခဲ့တာတွေ။ တန်ဆောင်မုန်းတောင် ရောက်ပါပေါ့လား။

ကထိန်ရာသီ၊ မသိုးသင်္ကန်းကပ်ပွဲ၊ ဆေးပေါင်းခတဲ့ည၊ သာမညဖလအခါတော်နေ့ ပြီးတော့ အမျိုးသားနေ့တွေက ဒီလထဲမှာ အထင်ကရ။

ကထိန်သင်္ကန်းကို သံဃာအား ကပ်လှူပြီး သံဃာတော်တွေက ကထိန်ခင်းကြရတယ်။ ပဒေသာပင်တွေသီးပြီး ထမ်းပိုးကြ၊ အိုးစည်ဗုံမောင်းတွေတီးခတ်ရင်း အလှူပစ္စည်းတွေနဲ့ လှည့်လေ့လည်း ရှိတယ်။

ရွှေတိဂုံဘုရားက မသိုးသင်္ကန်းကပ်ပွဲကတော့ တညလုံး ယက္ကန်းခပ်သံတွေ ဆူညံလို့။ အားပေးကြတဲ့သူတွေရဲ့ ဒိုးပတ်သံတွေကလည်း ချိမ့်သည်းလို့။ ဘုရားအလောင်းတောထွက်တော့ မယ်တော်မိနတ်သားက ညတွင်းချင်းအပြီး သင်္ကန်းယက်လုပ်လှူဒါန်းမှုကို အကြောင်းပြုပြီး မသိုးသင်္ကန်းယက်ပွဲတွေ ဖြစ်လာတယ်လို့လဲ ယုံကြည်ကြတယ်။

အဇာတသတ်မင်းကိုအကြောင်းပြုပြီးဟောတဲ့ သာမညဖလသုတ်ဟာ တန်ဆောင်းမုန်းလပြည့်နေ့မှာ ဟောတာမို့ သာမညဖလအခါတော်နေ့လို့လည်း ခေါ်ပါသတဲ့။ မင်းကြီးလည်း ရဟန်းပြုရခြင်း အကျိုးတရားတွေကို ဟောပြခဲ့တဲ့သုတ္တံကို နာကြားပြီး ခေါင်းကိုက်ဝေဒနာ ပျောက်ကင်းရတယ်လို့ ဆိုတယ်။

ရှေးက တန်ဆောင်မုန်းလပြည့်ဟာ နက္ခတ်ပွဲသဘင် ဆင်ယင်တဲ့နေ့လို့လည်း ဖတ်ဖူးတယ်။ ကောင်းကင်က ကြည်လင်ပြီး တောက်ပနေတဲ့ နက္ခတ်တာရာတွေကို ဆီမီးတွေထွန်းပြီး ပူဇော်ကြတဲ့ပွဲ။ အဲဒီအစဉ်အလာကြောင်း တန်ဆောင်မုန်းလပြည့်နေ့မှာ မီးထွန်းပွဲကျင်းပကြတာတဲ့။ဆီမီး တန်ဆောင်တွေနဲ့ ချယ်မှုန်းတဲ့လမို့ တန်ဆောင်မှုန်းလို့ ခေါ်ကြရာက တန်ဆောင်မုန်း ဖြစ်လာတာပါတဲ့။ ဒီလရဲ့ညအခါက နှင်းမြူဆိုင်းတတ်လို့ ဆီမီးတန်ဆောင်တွေ မုန်းလောက်အောင် လက်မှာဆွဲသွားကြရလို့ တန်ဆောင်မုန်းဖြစ်လာတယ်လို့ ဆိုတဲ့သူလည်း ရှိရဲ့။

နက္ခတ်တာရာတွေစုံတဲ့ တန်ဆောင်မုန်းလပြည့်ညက ဆေးပေါင်းခတဲ့ညလို့ အစဉ်အဆက် ယုံကြည်ကြတယ်။ နက္ခတ်တာရာတွေကို နတ်သားတွေလို့ ထင်မြင်ကြလေတော့ နက္ခတ်စုံတဲ့ အဲဒီညဟာ နတ်သဘင် အစည်းအဝေးကြီး ကျင်းပတဲ့ညလို့ ယူဆခဲ့ကြတယ်။ အဲဒီ ကြယ်ရောင်လရောင်တွေခတဲ့ညမှာ မယ်ဇလီဖူးတွေသုတ်စားရင် ဆေးဖက်ဝင်လို့ အသက်ရှည်သတဲ့လေ။ အမေကတော့ အဲဒီညဆို မယ်ဇလီဖူးသုတ်ပြီ။ တောမှာတော့ လရောင်ခတဲ့ ညကြမှ ခူးပြီး သုတ်စားလေ့ရှိတယ်။ မြို့မှာကတော့ ကြိုဝယ်ထားရမှာပေါ့။ မယ်ဇလီဖူးသုတ်က ခါးသက်သက်လေးနဲ့ဆိမ့်တဲ့အရသာကို ပေးစွမ်းတယ်။ နတ်ပြည်က မဉ္ဇူသကတော်ဝင်နတ်ပန်းနဲ့ ဆင်တူလို့ မယ်ဇလီဖူးသုတ်စားကြတာလို့လည်း ပြောကြတယ်။

တန်ဆောင်မုန်းလပြည့်ညပြီးရင် နောက်နေ့ညက စောရနက္ခတ်တွေ ထွက်ပေါ်တာကြောင့်ဆိုပြီး ကျီးမနိုးပွဲလုပ်တဲ့အလေ့လည်း ရှိတယ်။ ကြည်စားတဲ့အနေနဲ့ ပစ္စည်းတွေသွားရွှေ့ထားတတ်ကြတယ်။ အပျိုကြီးအိမ်ရှေ့မှာ ကုန်စုံဆိုင်က အထူးလျှော့ဈေးဆိုတဲ့ဆိုင်းဘုတ် သွားထားတာမျိုးပေါ့။ လူပျိုကာလသားတွေက သူတို့ ကြည်စားချင်သူကို အဲဒီညမှာ ကြည်စားကြတယ်။ ကြည်စားခံရသူလည်း စိတ်မဆိုးရဘူးတဲ့။

ရာသီပန်းက ခဝဲပန်းတဲ့။ ကုမုဒြာကြာပန်းကလည်း လရောင်ဆန်းပြီး ပွင့်လန်းလေ့ရှိသတဲ့။ ပန်းပေါင်းဝေဆာတဲ့ လပေါ့။

အခုခေတ်မှာ တိမ်ကောစပြုလာတာက အမျိုးသားနေ့ပါ။ အရင်ကတော့ အမျိုးသားနေ့ချီတက်ပွဲဆိုပြီး လုပ်လေ့ရှိပေမဲ့ အခုတော့ သာမန် ရုံးပိတ်ရက်တခုထက်မပိုတော့။ ကျောင်းသားတွေက မတရားတဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို စတင်သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ။ မြန်မာအမျိုးသားများ အမျိုးသားစိတ်ဓါတ်တွေ စတင် ရှင်သန်ခဲ့တဲ့နေ့၊ ပထမကျောင်းသားသပိတ်ကြီး စတင် ဖြစ်တည်ခဲ့တဲ့နေ့။ ကိုဖိုးကွန်းတို့ ကိုညီပိတ်တို့ကျောင်းသားကြီးတွေ ရွှေတိဂုံဘုရားထောင့်မှာ စည်းဝေးခဲ့ကြတဲ့နေရာမှာ အမျိုးသားနေ့သပိတ်မော်ကွန်းကျောက်တိုင်ရှိတယ်။ သံကြိုးခတ်ပြီး ခဏခဏ တားမြစ်ခံရတဲ့နေရာလည်း ဖြစ်တယ်။ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသားတွေလည်း သာယာဝတီထောင်ထဲမှာ မထွက်ကြရသေး။ ရုံးတွေခဏခဏထုတ်၊ ပြစ်မှုတွေထပ်တိုးနဲ့ လွတ်လမ်းမမြင်သေး။ တလောက ကိုအောင်မှိုင်းဆန်းတို့တွေ အစာငတ်ခံကြလို့ အန်တီက မေတ္တာရပ်ခံခဲ့ရတယ်။

အန်တီဦးဆောင်တဲ့ ပြည်သူ့အစိုးရတရပ်ပေါ်ထွန်းလာရင်တော့ သူတို့တွေ လွတ်ကြမှာပါ။ အဲဒီကြရင်တော့ ရွှေတိဂုံကုန်းတော်က အမျိုးသားနေ့မော်ကွန်းကျောက်တိုင်ကြီးလည်း တားမြစ်နယ်မြေဘဝက အပြီးတိုင် ကင်းလွတ်ကောင်းပါရဲ့။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း အမျိုးသားစိတ်ဓါတ်တွေအပြည့်နဲ့ အမျိုးသားနေ့ ချီတက်ပွဲကြီးကိုလည်း ပျော်ရွှင်စွာ ချီတက်နိုင်ပါလိမ့်မယ်။ အဲဒီကြရင် အိုးစည်ဗုံပေါင်းတွေတီးခတ်ကြမယ်။ ဦးရွှေရိုးနဲ့ မယ်မိုးကကြမယ်။ မြန်မာအမျိုးသားဝတ်စုံအစစ်ဖြစ်တဲ့ ပင်နီတိုက်ပုံနဲ့ ချည်ကြမ်းလုံချည် ဝတ်ကြမယ်။ ကချင်လုံချည် ဝတ်တဲ့သူလည်း ရှိမယ်ပေါ့။ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်ကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Wednesday, November 18, 2015

အုံ့ ပုန်း

မချစ်ဝံ့ဝံ့၊ ချစ်ဝံ့ဝံ့နှင့်
နှုတ်ဆွံ့ အအ၊ ချစ်သမျှကို
ဖွင့်ဟဖို့ လည်း၊ နှုတ်မရဲခဲ့။

ဆူးဝန်းရံခ၊ နှင်းဆီလှသို့ 
သူမဘဝတွင်
ခူးချင်သူများ၊ လွန်များပြားခဲ့။

သီတေးဖွဲ့ လာ၊ တေးကဗျာအား
လကာင်္တွေဖွဲ့ ၊ မေတ္တာဘွဲ့ နှင့်
ဖွဲ့ နွဲ့ ဖို့လည်း၊ စိတ်မရဲခဲ့။

ချစ်စကားလွှာ၊ ပြောချင်ပါလည်း
ပညာအတွေး၊ အလေးထားလျှက်
ပြောရခက်တဲ့ စကားတွေ။

(နှစ်သုံးဆယ်က မရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ အိပ်မက်ဟောင်းလေး ပြန်မက်ခြင်း။)

Image result for secret love


Tuesday, November 17, 2015

နှစ်သီးစား

တက်ပြီးရင် ပြန်မဆင်းတာ အစိုးရနဲ့ ကုန်ဈေးနှုန်းတဲ့။

အစိုးရက ရငွေနဲ့ သုံးငွေ မျှအောင် မလုပ်နိုင်တော့ ငွေတွေဖေါင်းပွ။ ကုန်ဈေးနှုန်းတွေတက်။

ဝန်ထမ်းတွေ လစာတိုးလိုက်။ ကုန်ဈေးနှုန်းတက်လိုက်နဲ့ လုံးခြာလည်နေခဲ့တာကြာပေါ့။

ဝန်ထမ်းတွေကလည်း နေရာကောင်းရရေးအတွက် ဝင်ရထွက်ရ ဂါရတာတွေနဲ့ ကာမိအောင် ပြန်ရှာကြတဲ့ သူတွေကြောင့် နာမည်ပျက်။ ရတဲ့လစာနဲ့မလောက်လို့ အောက်ဆိုဒ်ရှာကြရင်း နာမည်ပျက်နဲ့ သံသရာလည်ကြတယ်။

ဗီဇအရ လာဒ်ပေးလာဒ်ယူလုပ်ချင်သူ မရှိပါ။ အရှက်တရားက ကာဆီးနေတာကိုး။ လခကိုသာ ထိုက်တန်အောင်ပေးရင် လာဒ်ပေးလာဒ်ယူ နည်းသွားမှာ သေချာသပေါ့။

အဲဒီလို ထိုက်တန်အောင် ပေးနိုင်ဖို့ ဝန်ထမ်းတွေရဲ့အသုံးစားရိတ်တွေကို အသေအချာ စီစစ်ကြရမယ်။ အပိုသုံးတွေ လျှော့ရမယ်။ ဝန်ထမ်းဘဝတခုက အငြိမ်းစားယူပြီး အရပ်ဖက်ကို တဆင့်တိုးနဲ့ပြောင်းလာတဲ့ နှစ်သီးစားတွေကလည်း ဌာနတွေမှာ မနည်းလှ။

ဝန်ကြီးဌာနနှစ်ဆယ်မှာ လူလေးရာရှိတယ်ထားဦးတော့ တစ်လနှစ်သိန်းလောက်နဲ့ ပျှမ်းမျှတွက်ရင်တောင် တစ်လသိန်းရှစ်ရာ တစ်နှစ်ကို သိန်းပေါင်း ကိုးထောင့်ခြောက်ရာကျော် နှစ်သီးစားတွေကို ပင်စင်ငွေပေးရတယ်။ အနှီ နှစ်သီးစားများကလည်း ဌာနဆိုင်ရာရဲ့ ထိပ်ပိုင်းနေရာတွေပဲ လက်ဝါးကြီးအုပ်ထားတာမို့ ဌာနတွင်းက အောက်ခြေဝန်ထမ်းတွေ တက်လမ်းပိတ်နေတာ ကြာခဲ့ပေါ့။

ဝန်ထမ်းစည်းမျဉ်းမှာ ဌာနတခုက ပင်စင်ယူပြီး နောက်ဌာနတခုမှာ ဆက်လုပ်ခွင့်ရှိသတဲ့လား။ သူတို့လည်း နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေ ဖြစ်ခဲ့ကြတာပဲ။

ဌာနဆိုင်ရာ အကြီးအကဲတွေက နှစ်သီးစားတွေဆိုတော့ သူတို့ဌာနတွေက ဌာမှူးတွေလည်း သူ့တပည့် နှစ်သီးစားတွေ ဝင်လာကြ။ ဒီလိုနဲ့ နိုင်ငံတော်ပိုင် အစိုးရဝန်ကြီးဌာနတွေရဲ့ ထိပ်ပိုင်းနေရာကောင်းတွေက နှစ်သီးစားတို့ရဲ့ စားကျက်ကြီးဖြစ်နေခဲ့တာ ကြာခဲ့ပေါ့။

အစိုးရ အပြောင်းအလည်း ဖြစ်ခဲ့ရင်တောင် တက်လာမဲ့ ဝန်ကြီးဝန်လေးတွေက နှစ်သီးစားတို့နဲ့ ဆက်ဆံရင်း ရှေ့ခရီးဆက်ရမယ်။ နိုင်ငံတော်အတွက် အရှုံးပေါ်နေတဲ့ ဌာနအချို့ကို ပိတ်သိမ်းရမဲ့နည်းတူ နှစ်သီးစားတွေရဲ့ အခွင့်ထူးခံမှုတွေကိုလည်း စစ်ဆေးသင့်တယ်။ ဝန်ထမ်းဘဝမှာ ရှိနေသရွေ့ ပင်စင်လစာ ခံစားခွင့်ကို မပေးသင့်ပဲ အပြီးတိုင် ပင်စင်ယူတဲ့အချိန်မှသာ ခံစားစေသင့်တယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ ပင်စင်လစာဆိုတာ တကယ်ပင်စင်ယူမှ ပေးတာပါ။

ဒီလို အပိုကုန်ငွေတွေကို သေချာစွာစီစစ်ကြမယ်၊ အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေကို ဖေါ်ထုတ်အရေးယူပြီး အခွန်ဆောင်စေမယ်၊ မျှတတဲ့အခွန်ငွေကို မှန်ကန်စွာ ကောက်ခံနိုင်မယ်ဆိုရင် ငွေဖေါင်းပွမှုနည်းမဲ့ ဝန်ထမ်းလစာ တိုးမြှင့်မှုတွေ အနှေးနဲ့အမြန် ဖြစ်လာမှာပါပဲ။ ထိုက်တန်စွာ လစာရတဲ့အခါ ဝန်ထမ်းတွေလည်း အလုပ်ပိုကြိုးစားမယ်။ အကျင့်ပျက်ခြစားမှုတွေလည်း နည်းလာကြမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ ဖြစ်လာမယ်။

တက်ပြီးရင် ပြန်မဆင်းတဲ့အစိုးရကိုတော့ ပြည်သူ့အားနဲ့ ဖြုတ်ချနိုင်တော့မယ်။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဝင်ငွေတိုးလို့ သုံးငွေလျှော့အောင် အလုပ်နဲ့ သက်သေပြကြပါစို့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ



 

Monday, November 16, 2015

ဘင်ခရာနဲ့ နိုင်ငံရေး


ကိုလူပေရေ မာရဲ့နော်။

သတိရတယ်ဗျာ။ ငယ်ဘဝတွေကိုပေါ့။

ကျုပ်တို့က ကျောင်းဘင်ခရာအဖွဲ့မှာ အတော်ကြာတွဲခဲ့တဲ့သူတွေမို့ အခုလို အချိန်မျိုးမှာ ပိုပြီး သတိရတယ်။

ဘာဆိုင်လို့လည်းလို့ ခင်ဗျားမေးချင်နေတာ ကျုပ်သိပါတယ်။ ဒီလိုဗျို့ ဒီလို။

ကျောင်းပိတ်လို့ ပြန်ဖွင့်ရင် ဘင်ခရာအဖွဲ့ ပြန်ဖွဲ့ဖို့ ပြန်ပြီး ကြိုးစားကြရသလို အခုလည်း အစိုးရသစ်ဖွဲ့ဖို့ ကြိုးစားရတာနဲ့ တွဲပြီး တွေးမိလို့ပါ။

ဘင်ခရာဆိုလို့ ရီစရာပြောရဦးမယ်။ ဘင်ခရာအဖွဲ့ထဲ ဝင်ဖြစ်ခဲ့ပုံ အကြောင်းလေးပါ။ ကျုပ်က အနုပညာအခြေခံ သိပ်ညံ့တာ။ သီချင်းတောင် ကီးမှန်အောင် ဆိုတတ်တာ မဟုတ်ဘူး။ တပုဒ်လုံးလည်း မရဘူး။ ဘာမှမသိပေမဲ့ သိတာလေးတော့ ရှိသဗျ။ ကျိတ်ပိုးနေတဲ့ မဒီလေးက အဲဒီအဖွဲ့ထဲမှာဗျို့။ ဒါနဲ့ပဲ သူလေးနဲ့ နီးရဖို့အရေး ဘင်ခရာအဖွဲ့ဝင် ဖြစ်လာတော့တာပါပဲ။ ဖြစ်ချင်တော့ ဘင်ခရာအဖွဲ့ထဲကို ကျုပ်ဝင်လာတဲ့နှစ်မှာပဲ သူက ထွက်သွားသဗျ။ ကျုပ်လာမယ်ကြိုသိလို့ ထွက်သွားသလားတော့မသိ။ ကံမကောင်းချက်က အဲဒီလို။ ဒါနဲ့ပဲ မထူးဇတ်ခင်းရင်း ဘင်ခရာထဲ ကျန်ခဲ့ရာက ခင်ဗျားတို့နဲ့ ခင်တာပါပဲဗျာ။

ဘာမှမသိတဲ့ကျုပ်တို့လို လူသစ်တွေ အများကြီးလည်း ဘင်ခရာထဲရောက်မှ ဘယ်ညာဘယ်ညာတွေသင်၊ ဂီတအခြေခံတွေသင်ရင်း တဖြည်းဖြည်း စကြရတာ။ အစကတော့အမှားအယွင်းလေးတွေအပြည့်ပေါ့။ ရှေ့က ကျိုင်းကိုင်တဲ့ ကိုချစ်က ပြချင်တာပြ။ နောက်က လူတွေက မှုတ်ချင်တာမှုတ်။ ကိုချစ်လည်း နောက်ပြန်လှည့်လှည့်ပြီး အော်ရတာအမောပေါ့။ ဘယ်ညာကလည်း ခဏခဏမှားလေတော့ လူရီစရာဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ ပြွဲကည့်ပရိတ်သတ်က အသစ်လေးတွေမို့ သည်းခံကြည့်ကြပါတယ်။

နောက်ပိုင်းအတော်ကြာတော့မှ အတွေ့အကြုံတွေရလာပြီး ကျိုင်းကိုင်တဲ့သူ ပြတဲ့အတိုင်း သေသေချာချာ တီးတတ် မှုတ်တတ် ဖြစ်လာကြတယ်။ အဲဒီတော့လည်း ဘင်ခရာအဖွဲ့ဆို အမှတ်တစ်ကျောင်းမှ ကောင်းတာတို့ဘာတို့ ဖြစ်လာကြတယ်လေ။ ဖိတ်တိုင်းတောင် လက်မခံနိုင်အောင် တီးကြမှုတ်ကြရတယ်။

အခုလည်း ဒီလိုပါပဲဗျာ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ နိုင်ငံရေးသမားလုပ်မယ်လို့ ကြိုးစားခဲ့ကြတာ မဟုတ်ကြပါဘူး။ အဲသည်တော့လည်း နိုင်ငံရေးနဲ့စိမ်းကြလေတာပေါ့။

ဒါပေမဲ့ သူတို့တွေက ခံယူချက်မှန်သူတွေ။ လူကောင်းတွေ။ သူတို့ကို အန်တီက ရွေးချယ်ပြီး ကိုယ်စားလှယ်ခန့်တော့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာ။ အခုတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဖြစ်နေကြပြီဗျို့။ ပြည်သူ့ ကိုယ်စားလှယ်တွေ ပေါ့ဗျာ။

ပြည်သူ့အကျိုးကို သယ်ပိုးကြမဲ့သူတို့တွေ လွှတ်တော်ထဲရောက်ရင် ကျုပ်တို့နိုင်ငံ လိုအပ်ချက်တွေ အများအပြားကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျုပ်ကတော့ ယုံသဗျ။ သူတို့ လေ့လာသင်ယူချိန်လေးတော့ လိုပေမပေါ့။ ပြီးတာနဲ့ ချက်ခြင်းကို လုပ်စရာတွေ လုပ်ကြမဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ရယ်ပါ။

အစိုးရအဖွဲ့လည်း ဒီအတိုင်းပဲ။ အန်တီက သင့်တော်တဲ့သူတွေကို သူ့နေရာနဲ့သူ ခန့်ထားပြီး နိုင်ငံအစိုးရတရပ် ပီပြင်စွာ ဖြစ်တည်လာမှာ အသေအချာပါပဲ။ လေ့လာသင်ယူရင်း တတ်သွားတဲ့သူချည်းပါပဲ။

အစိုးရတောင် မဖွဲ့ရသေးခင်မှာ ဖြစ်ပါ့မလား ဘာညာနဲ့ ဝေဖန်ရေးလုပ်နေသူတွေကို ကျုပ်ကတော့ သိပ်မုန်းတာပဲ။ ဝိုင်းပြီး အားပေးရမဲ့အစား အားလျှော့အောင် ပြောနေကြလို့ပေါ့။ ကျုပ်တို့ ပြည်သူဖက်ကလည်း နှစ်များစွာ အကျင့်ပါနေတဲ့ စည်းကမ်းမရှိမှုတွေကို ပြင်ကြရမှာပေါ့။ စည်းမဲ့ကမ်းမဲ့ ရေးကြပြောကြတာတွေ ဆင်ချင်။ လမ်းစည်းကမ်းတွေ လိုက်နာ။ ယဉ်စည်းကမ်းတွေလိုက်နာ။ ကွမ်းတံတွေးတွေ ထွေးချင်ရာထွေး။ ဆေးလိပ်တွေ သောက်ချင်တဲ့နေရာသောက်။ အမှိုက်တွေ ပစ်ချင်တဲ့နေရာပစ်စတဲ့ အသေးစိတ်လေးတွေကစပြီး ပြင်ကြဖို့တော့ လိုမယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ တိုင်းပြည်တခုဟာ သူနဲ့တန်တဲ့အစိုးရကိုပဲရတယ်ဆိုတဲ့ ဆိုရိုးတခု ကြားဖူးတယ်ဗျ။ အခုလည်း ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီလမ်းကို ချီတက်သွားနိုင်မဲ့ NLD ဦးဆောင်တဲ့ အစိုးရသစ်တရပ် မကြာခင် ပေါ်လာတော့မှာပါ။ အဖျက်အမှောင့်တွေ မပေါ်လာပဲ အမျိုးသားရင်ကြားစေ့ရေးတိုးတက်အောင်မြင်ပြီး အာဏာလွှဲပြောင်းမှု ချောမွေ့ပါစေလို့ပဲ မျှော်လင့်ပါတယ်။

အဲဒီပေါ်လာတဲ့အစိုးရကို အားပေးကြရအောင်ဗျာ။ အစမှာ အမှားအယွင်းလေးတွေ ရှိခဲ့ရင်လည်း အပြစ်မမြင်ပဲ ချစ်ခင်စိတ်နဲ့ နားလည် ပေးကြတာပေါ့။ ကျုပ်တို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အသွင်ပြောင်းအစိုးရတွေ ထက်တော့ အပုံကြီးသာမှာ အသေအချာပဲလေ။ ပိုင်ဆိုင်မှုတွေ တင်ပြရဲတဲ့သူတွေ၊ အမှားကို တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့သူတွေ တက်လာကြမှာ မြေကြီးလက်ခပ်မလွဲပါပဲ။

အဲဒီအစိုးရသစ်ကြီးကို ကျုပ်ကတော့ ဘင်ခရာအဖွဲ့ကြီးနဲ့ တင်စားချင်တာပါပဲ။ အန်တီက ရှေ့က ကျိုင်းကိုင်မယ်။ ကိုချစ်တို့လို လွှတ်တော်အမတ်တွေက အချက်ပြတဲ့အတိုင်း ဘယ်ညာညီစွာ နောက်က တီးမှုတ်ကြမယ်။ ဂီတသံတွေ ပီပီသသ နားဝင်ချိုစွာ သာသာယာယာ။

သင့်ရဲ့

--------------

( လက်ခံရရှိတဲ့ စာတစောင်ကို မူရင်းအတိုင်း တင်ပြပါတယ်။ စာရေးသူအမည်အား
မဖေါ်ပြနိုင်သည်ကို နားလည်ပေးကြပါ။ )

ချစ်ခြင်းအားဖြင့်
 
 
 

ရှုံးခြင်းအကြောင်း

မန်မာပြည် ၂၀၁၅ ရွေးကောက်ပွဲကြီးရဲ့  အဖြေတွေက အားရစရာ။

အားလုံးမျှော်လင့်ထားတဲ့အတိုင်း ပြည်သူ့ ပါတီကြီးက အပြတ်နိုင်။

လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီကြီးက မရှုမလှရှုံး။

ငွေအား အာဏာအား ပုံအောတဲ့ အပြင် ဘာသာရေးပါ ဆေးထိုးခဲ့တဲ့ကြားက ကြံ့ခိုင်ရေးကြီး ဒီဘဝရောက်ရတယ်ဆိုတာ လူတိုင်းသိချင်နေကြတယ်။

သူတို့ ကိုယ်တိုင်လည်း မယုံနိုင်အောင် ဖြစ်နေကြရပါသတဲ့။

မည်သူမပြု မိမိမှု ဆိုသလို ကြံ့ခိုင်ရေးကို ကျရှုံးစေခဲ့တာ ကြံ့ခိုင်ရေး ခေါင်းဆောင်တွေ ကိုယ်တိုင်ပါပဲ။ ရီစရာတွေ သိပ်ပြောတာကိုး။

ဒီအထဲ ဘူးလက်ကြီးက ၂၆%ပဲ နိုင်ဖို့ လိုတယ်တို့  ဘာတို့ အမှန်တွေ ပြောလေတော့ ပြည်သူတွေ ပိုပြီး စည်းရုံးလာကြ။

ထောင့်ငါးရာတန် ဖုန်းကျေးဇူးနဲ့  အင်တာနက်က သတင်းတွေဖတ်နိုင်နေတဲ့ ပြည်သူ အများစုကလည်း အရင်လို ပုံလာလာပြောတိုင်းမယုံကြ။

ဒီအထဲ ပါတီဥက္ကဌလုပွဲဖြစ်ပြီး အာဏာသိမ်း။ ဦးရွှေမန်းပြုတ်။ အကွဲအပြဲတွေကြောင့် ပို နာမည်ပျက်။
လူကိုမကြည့်နဲ့  ပါတီအလံကို ကြည့်ပြီး မဲပေးပါ။ သူ့ လူတွေကို သူတာဝန်ယူပါတယ်လို့  အန်တီ အာမခံလိုက်လေတော့ တပြည်လုံးမှာ အန်တီနဲ့  ပြိုင်ရသလို ဖြစ်သွား။

နောက်ငါးနှစ် စောင့်ပါလေဦး ကြံ့ခိုင်ရေး ရေ။ ( ကံမကောင်းရင် နောက်ငါးနှစ်တောင် ခံပါဦးမလား။ )

Tuesday, November 10, 2015

ရွေးကောက်ပွဲပြီးတော့ တွေးမိသမျှ

မြန်မာပြည်သား အများစုရဲ့ လိုလားချက် ဆန္ဒကို ဖေါ်ထုတ်ပြသပြီးခဲ့ပြီ။

အေးချမ်းစွာ ပြီးဆုံးခဲ့တာကလည်း ဝမ်းသာစရာ။

ဒီအဖြေတွေထဲမှာ ထင်ရှားစွာ မြင်နေရတာကတော့ တပ်နဲ့ပြည်သူ သဘောထားကွဲနေမှုဟာ ထင်တာထက် ပိုနက်ရှိုင်းနေတယ် ဆိုတာပါပဲ။

တပ်က အပြည့်အဝ ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးက ထိပ်တန်းခေါင်းဆောင်တွေ အကုန်လိုလို ရှုံးကြတယ်။
ပြည်ခိုင်ဖြိုးဆိုတာ တပ်ကထွက်ရင် အာဏာအတွက် အသက်ဆက်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီ။

 ဒီပါတီကြီးကို ပြည်သူက မလိုလားဖူး။ တပ်ကတော့ အလွန်လိုလားတယ်။ တပ်မြေတွေက ကြိုတင်မဲတွေ၊ မဲရလာဒ်တွေကြည့်ရင် ၉၉% ကျော်လောက် ပြည်ခိုင်ဖြိုးမဲတွေ ဖြစ်နေတယ်။

ပြည်သူတွေလိုလားတဲ့ပါတီကို တပ်ကမလိုလားဖူးဆိုတာ ပိုပြီး ထင်ရှားစွာ ပြသနေသလိုပါပဲ။

တပ်က လွှတ်တော်တွေရဲ့ ၂၅% ကို အာဏာသိမ်းပြီးသားအပြင် အရေးကြီးလှတဲ့ ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်လုံ လို ဌာနတွေကို တပ်ချုပ်က တိုက်ရိုက်ခန့်မဲ့ ဝန်ကြီးတွေ လာမယ်။ ကာလုံအဖွဲ့ကြီးထဲမှာ ခြောက်ဦးတိတိ ထိမ်းချုပ်ထားတယ်။ ဒီလို အခင်းအကျင်းတွေနဲ့ အာဏာကို ဝေမျှရမှာ။

တပ်က တင်သွင်းတဲ့ သမ္မတလောင်းတစ်ဦးကလည်း အနည်းဆုံး ဒုတိယ သမ္မတတော့ ဖြစ်မှာ အသေအချာ။

အန်တီကတော့ သမ္မတ မဖြစ်နိုင်လို့ သမ္မတရဲ့အပေါ်မှာ သူရှိမယ်လို့ ပေါ်တင်ပဲ ပြောခဲ့ပြီးပြီ။
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတာ လောလောဆယ်ကတော့ တပ်နဲ့ အန်တီတို့ရဲ့ ရင်ကြားစေ့ရေးပါပဲ။

တပ်ထဲက ခေါင်းဆောင်တွေကို အန်တီ စည်းရုံးနိုင်ပါ့မလားလို့ တွေးပူနေသူတွေအများကြီးပဲ။ အန်တီကတော့ အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောထားပြီးသား။ ဒါကြောင့် နောက် တပတ် နှစ်ပတ်အတွင်း အန်တီတို့ရဲ့ ရှေ့ဆက်မဲ့ လမ်းပြမြေပုံအခြေခံကို သိရပါတော့မယ်။

ဂုဏ်သိက္ခာရှိတဲ့ အခင်းအကျင်းတခု ပေါ်လာပြီး တပ်အနေနဲ့ နိုင်ငံရေးကနေ တဖြေးဖြေးချင်း နောက်ဆုတ်သွားဖို့ အလှမ်းဝေးနေသေးပေမဲ့ လက်ရှိအခြေအနေပေါ်မှာ အကောင်းဆုံး ဖြစ်စေမဲ့ အဖြေတခုတော့ ရှာနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

(လက်ရှိ အစိုးရဌာနအသီးသီးမှာတော့ မိုးကျရွှေကိုတွေ အပိုင်သိမ်းထားပြီးသားမို့ တက်လာတဲ့သူ ဘယ်သူမဆို သူတို့နဲ့ အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်ရင်း နိုင်ငံတော်ရဲ့ ပြသနာပေါင်းစုံတွေကို ဖြေရှင်းနိုင်ကြပါစေ။)

Saturday, November 7, 2015

တရားမျှတမယ်တဲ့လား

ရွေးကောက်ပွဲကြီး နီးလာတော့ လူတိုင်းသိချင်နေတဲ့ မေးခွန်းရှိတယ်။

ရွေးကောက်ပွဲက တရားမျှတပါ့မလား တဲ့။

အစထဲက မမျှတတာ အထင်အရှား။ လွှတ်တော်ထဲက တမတ်သားက သူတို့လူ။ တပ်ထဲက ဗိုလ်ချုပ်ကြီးတွေက ယူနီဖောင်းတွေလဲပြီး ပြည်ခိုင်ဖြိုးထဲဝင်။ သူတို့က ပြေးလမ်းရဲ့ လေးပုံတပုံကို ပြေးနှင့်ပြီးသား။

အာဏာရပါတီလည်းဖြစ်၊ အရင်က စိတ်ကြိုက် စီမံထားတဲ့ ငွေပုံကြီးလည်းရှိ။ အသင်းကနေ ပါတီပြောင်းတော့ ခပ်တည်တည်နဲ့ နိုင်ငံတော်ပိုင် ငွေတွေ၊ အဆောက်အဦတွေ ပါတီပိုင်ဖြစ်။ ရန်ပုံငွေဆိုပြီး ချပေးထားတဲ့ မြေတွေ အဆောက်အဦတွေကလည်း ရာထောင်ချီလို့။ ခရိုနီ ခရိုဝါတို့ ဝိုင်းရံခနေတဲ့ အခြေအနေ။

ငွေကို ရေလိုသုံးပြီး မဲဆွယ်နိုင်တယ်။ ဗီနိုင်းတွေ တီရှပ်တွေ ဦးထုတ်တွေ အလံတွေ အလကားပေးနိုင်တယ်။ ထမင်းကျွေး ငွေပေးနိုင်တယ်။ ဘာလိုချင်လဲ။ လုပ်ပေးနိုင်တယ်။

အတိုက်အခံဆိုတဲ့ NLD က ပြာပုံက စလာတာ။ ပါတီကို ရိုက်ချိုးထားတာ ညက်ညက်ကျေလို့။ လူတွေလည်း ထောင်ထဲကို ဝင်လိုက်ထွက်လိုက်။ ဘဝတွေပျက်။ သေသူသေ။ ခုလို နလံထူလာတာ လေးနှစ်တောင် မရှိသေး။ ပါတီရန်ပုံငွေ မရှိလို့ ပွဲသွင်းရတာ ခဏခဏ။ ရုံးချုပ်မြေတောင် လှူတဲ့သူရှိခဲ့လို့။ အဆောက်အဦအတွက် အလှူခံရဆဲ။

ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုလည်း ထောက်ခံသူတွေ စုပေါင်းအလှူ။ အရပ်ကူလို့ လူလုံးလှရရှာသူ။ ပါတီတံဆိပ်၊ အင်္ကျီ၊ ဦးထုတ်၊ အလံ၊ ခေါင်းစီး အားလုံး ဝယ်ကြပဲ။ ကိုယ့်အိပ်စိုက်နဲ့ ကူကြပါဦး လမ်းပေါ်မှာ သွားနေရတဲ့ပါတီ။

ရွေးကောက်ပွဲကော်မရှင်ကလည်း ယုံစားဖို့ခက်။ ရွေးကော် ဥက္ကဌကြီးက သမ္မတကြီးနဲ့ တပတ်စဉ်ထဲဆင်းတဲ့ ဗိုလ်ချုပ်ကြီးဟောင်း။ အဖွဲ့ဝင်တွေ ခပ်များများက မိုးကျရွှေကိုယ် တွေ။ မဲစာရင်း အမှားကလည်း ပြင်လိုက်မှားလိုက်။ ဒိုင်လုပ်မဲ့သူတွေကိုလည်း ယုံရန်ခက်လှ။

ဒီလိုအခြေအနေ အခင်းအကျင်းတွေအပြင် ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတွေကလည်း တိုက်ထားသေးရဲ့။ အမြဲပါတဲ့ လက်စွဲတော် ဒေါသထွက်နေသော လူအုပ်ကြီးဆိုတဲ့ စွမ်းအားရှင် လူမိုက်တွေကလည်း အံ့သြဖွယ် ကိုယ်ရောင်ဖျောက်ထားသေးတော့ ဘယ်နေ့ ဘာဖြစ်မယ် နဲ့ကောလာဟာလ လှိုင်းတွေကြားမှာ ပြည်သူတွေက အထိပ်တလန့်။

၂၀၀၈ ခြေဥအောက်က ပြိုင်ရမဲ့ မမျှတတဲ့ ရွေးကောက်ပွဲကို မတတ်သာလို့ ဝင်ပြိုင်နေရတဲ့ NLD အမတ်လောင်းတွေကို ပြည်သူအများစုရဲ့ ထောက်ခံမှုကတော့ အားရစရာ။

အနီရောင် ပင်လယ်လှိုင်းလုံးတွေက နေရာအနှံ့ ။ မြို့နယ်အနှံ့ ။ တပြည်လုံးအနှံ့ ။

NLD ကသာ ပြောင်းလည်းမှုတခုကို လုပ်ပေးနိုင်မယ်လို့ တပြည်လုံးက ပြည်သူတွေ မျှော်လင့်နေကြပါပြီ။

မတရားတဲ့ ရွေးကောက်ပွဲမှာ တပြည်လုံး လိုလားနေတာကို ပြောပါဆိုရင်တော့......

"တပ်ကို သိက္ခာရှိတဲ့တပ်အဖြစ် မြင်လိုပါတယ်။ ပြည်ခိုင်ဖြိုးအပါအဝင် ဘယ် နိုင်ငံရေးပါတီနဲ့မှ မပတ်သက်တဲ့ ပြည်သူ့တပ်မတော်အဖြစ်သာ မြင်ချင်ကြပါတယ်။ " ..... လို့ ပြောချင်ပါတယ်။

မွတ်ခြင်္သေ့

လူတွေ လူတွေ။

NLD ကို မွတ်ဒေါင်းဘာညာနဲ့ အပုတ်ချနေတဲ့ ပါတီက မွတ်ခြင်္သေ့ ဖြစ်နေပါပေါ့လား။

ခုကြတော့လည်း မြန်မာနိုင်ငံသားမှန်ရင် ပါတီဝင် ဖြစ်လို့ရတယ် ဖြစ်ကြပြန်ရော။

အဲဒါဆိုလည်း အစ္စလမ်ကိုးကွယ်တဲ့ မွတ်တွေကို ဘာလို့ တိုက်ခိုက်နေတာလဲ။ မဆီမဆိုင် NLD ကို ဘာလို့ ဆွဲထဲ့လဲ။

မဲရဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရလေ ဖြစ်နေရပြီလား။

လုံးတီးမယ်တွေ စင်ပေါ်ရောက်။ မွတ်တွေ အလံအောက်ရောက်။

အပြစ်ပြောတတ်ကြတဲ့ အွန်လိုင်းက လူတု ( ပရိုဖိုင်ပုံမပါ။ ) တွေ၊ ဖါးကိုကိုတွေက ခုကြတော့လည်း အသံတွေတိတ်လို့။

မြန်မာပြည်ထဲမှာ မွေးဖွားကြီးပြင်းကြတဲ့ မြန်မာနိုင်ငံသားတွေ ဘာလူမျိုး ဘာဘာသာဝင် ဖြစ်ဖြစ် မြန်မာပါပဲ။ ဘယ်ရောက်ရောက် မြန်မာပါပဲ။

အဲဒီ မြန်မာတွေက ဘယ်တော့မှ သူ့တိုင်းပြည်ကို သစ္စာမဖေါက်ဘူး။ ( သစ္စာဖေါက်ရှိရင်လည်း လက်မခံဘူး။ )



မွတ်သူငယ်ချင်းတယောက်နဲ့ စကားပြောဖူးတယ်။ မွတ်အကြမ်းဖက်သမားဟာ မွတ်မဟုတ်ဘူး။ မွတ်ကို နာမည်ပျက်အောင် လုပ်နေသူမို့ တဲ့။

ပြန်ပြောလိုက်တယ်။ မေတ္တာကို ရင်ဝယ်ထားတဲ့ ဗုဒ္ဓဘာသာဝင်ဆိုပြီး သူတပါးပိုင်ဆိုင်မှုတွေကို ဖျက်ဆီးနေရင်၊ သူတပါးကို ဆဲဆိုနေရင်၊ သူတပါးကို သတ်ဖြတ်နေရင် ဗုဒ္ဓဘာသာဝင် မဟုတ်ဘူး။ ဗုဒ္ဓဘာသာကို နာမည်ပျက်အောင် လုပ်နေသူပဲ လို့။

ပြောင်းလည်းချိန်တန်နေတာ ကြာနေပြီပဲ။

( ကော့သောင်မှာ မဲဆွယ်နေတဲ့ပုံကို ဧရာဝတီသတင်းက ယူပါတယ်။ )


မဲရုံသွားကြစို့။

မဲရုံ မဲရုံကိုသွား
တပြည်လုံး မဲဆန္ဒနဲ့
ပျော်ပျော်ရွှင်ရွှင်
ကြည်ကြည်သာသာ
တိုင်းနဲ့ပြည်လုံး
မဲပေးကြပါ
မဲရုံကို မဲရုံကို
လာကြလာကြ
မဲသွားပေးမယ်ကွာ။

အောင်ကိုလတ်က ဒီ မဲရုံသွားကြစို့ သီချင်းနဲ့ နာမည်ကြီးလာသတဲ့။

အခုလည်း မဲရုံသွားဖို့ လေးငါးရက်ပဲလိုတော့တယ်။

ဘယ်သူ့ကို မဲပေးမှာလဲ။ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲ ရတယ်တဲ့။

ကိုယ့်နိုင်ငံအတွက် ကိုယ့်အတွက်စဉ်းစားကြရပြီ။

အမျိုး ဘာသာ သာသနာကို မြန်မာ ဗုဒ္ဓဘာသာမှန်ရင် စောင့်ရှောက်ပြီးသားပဲ။

ဘယ်သူကမှ စောင့်ရှောက်နိုင်မယ်ဆိုတဲ့ ဝါဒဖြန့်ချက်တွေကို ယုံစားနေဦးမှာလား။

အရှေ့တောင်အာရှမှာတောင် နောက်ဆုံးပိတ် ဖြစ်နေတဲ့အခြေအနေ။

နိုင်ငံတကာမှာ ခေါင်းမဖေါ်နိုင်တဲ့ အခြေအနေ။

စီးပွားရေး ချွတ်ချုံကြပြီး သယံဇာတတွေ ခေါင်းပါးလာတဲ့ အခြေအနေ။

စီးပွားရေးတွေအများစုကို လူတစုက လက်ဝါးကြီးအုပ် ခံထားရတဲ့အခြေအနေ။

ထားစရာမရှိသူနဲ့ စားစရာမရှိသူ လူတန်းစားတွေ ဖြစ်တည်နေတဲ့ အခြေအနေ။

မိုးကျရွှေကိုတွေ နေရာတကာ ဝင်ရောက်ချယ်လှယ်နေတဲ့ အခြေအနေ။

လာဒ်ပေးလာဒ်ယူတွေ အကျင့်ပျက်မှုတွေ လှိုင်ဘောလည်နေတဲ့ အခြေအနေ။

ဒီအခြေအနေတွေက ပြောင်းလဲနိုင်ဖို့။

လုပ်သမျှ အကျိုးခံစားရအောင် ပြောင်းလဲနိုင်ဖို့။

ကမ္ဘာ့အလည်မှာ မျက်နှာပန်း ပြန်လှလာစေဖို့။

ကျွန်တော်တို့ရွေးစရာ တခုပဲရှိပါသည်။

အဲဒါ NLD.

လုံးတီးမဲဆွယ်ပွဲ

ရခိုင်မှာ ဇွန်သဉ္ဇာတို့ ဇာဇာထက်တို့ဆိုတဲ့ လုံးတီးမော်ဒယ်တွေက ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ပေးတာကို လူတွေက အပြစ်တွေပြောနေကြတယ်။

အမျိုးဘာသာ သာသနာကို လုံးတီးမယ်တွေနဲ့ စောင့်ရှောက်မှာလား ဘာညာပေါ့လေ။

ဒီကိစ္စကို ပြည်ခိုင်ဖြိုးက ဘာမှ မဖြေရှင်းဘူး။ ကြားထဲက ကျွန်တော်ပဲ ဖြေရှင်းပါရစေ။

ဇွန်သဉ္ဇာတို့ ဇာဇာထက်တို့ လုံးတီးပုံတွေရိုက်ပြီးတင်တာ အနုပညာဖန်တည်းတာပါ။ လုံးတီးအနုပညာပေါ့။ သူတို့လည်း နာမည်ကြီးဖို့အရေး အမေပေးတဲ့ အမွေကို အရှိကိုအရှိအတိုင်း ဖေါ်ချွတ်ပြရတယ်။ အခမဲ့ ပြကြရရှာတယ်။ အပြကောင်းတော့ လုံးတီးမယ်တွေအဖြစ် နာမည်ရလာတယ်။ ဆလယ်ဘရစ်တီ ဖြစ်လာတယ်။

မဲဆွယ်ပွဲအတွက် နာမည်ကြီး ဆလယ်ဘရစ်တီ ငှားရတာ မလွယ်ပါ။ အထူးသဖြင့် ပြည်ခိုင်ဖြိုးလိုပါတီအတွက် ပိုခက်ပါတယ်။ တခြားနာမည်ကြီးတွေက ပြည်သူ့ချဉ်ဖတ် အဖြစ်ခံရဖို့ ရာနှုန်းပြည့်သေချာတာမို့ မလိုက်ရဲကြ။

သူတို့နဲ့မကင်းကြောင်းတွေဖြစ်တဲ့ သူတွေလည်း ပြည်ခိုင်ဖြိုးအတွက်မဲဆွယ်ပေးရင်း ပြည်သူ့ချဉ်ဖတ်တွေဖြစ်လာကြပြီ။ တနိုင်ငံလုံးမှာ နေရာအနှံ့မဲဆွယ်နေကြရလို့ မအားကြ။

ဒီလိုဒီနှယ် အကြောင်းတွေကြောင့် ခေါ်ရင်လိုက်မဲ့ လုံးတီးမယ် ဆလယ်ဘရစ်တီ တွေနဲ့သာ ရခိုင်မှာ ပြည်ခိုင်ဖြိုးမဲဆွယ်ပွဲကို နွဲလိုက်ရပါသည်။ ကာရာအိုကေဘားတွေ တခုပြီးတခု တိုးချဲ့ကာ စီးပွားကောင်းနေတဲ့ သူတွေလည်း ကြိုက်။ အိုးကောင်းရွေးတတ်တဲ့ အဘတွေလည်းကြိုက်။

အမျိုး ဘာသာ သာသနာကတော့ နောက်မှပဲ စောင့်ရှောက်တော့မယ်။ အခုကတော့ မဲဆွယ်ဖို့အဓိက။



Saturday, October 31, 2015

သရဲနေ့ အကြောင်း

ကမ္ဘာရွာကြီးက အင်တာနက်တန်ခိုးနဲ့ ဖွံ့ဖြိုးတိုးတက်လာလို့ ယဉ်ကျေးမှုတွေလည်း ကူးလူးရောထွေးကြတယ်။ အဲဒီထဲမှာ Halloween လို့ခေါ်တဲ့ ပွဲလည်း ပါလာတယ်။

မြန်မာလို အနည်းစပ်ဆုံးအသံထွက်ရမယ်ဆိုရင် ဟဲလိုးဝင်း ပေါ့။ သရဲနေ့တို့ တစ္ဆေပွဲတို့လည်း ခေါ်တတ်ကြတယ်။

မြန်မာတွေက အတိတ်တို့ နမိတ်တို့ သိပ်စွဲကြတယ်။ သေစကားမပြောရတို့ နမိတ်မကောင်းဘူးတို့ကို သိပ်ယုံတယ်။ ဒါကြောင့် ဒီပွဲကို ကျက်သရေမရှိတဲ့ပွဲလို့ ထင်တဲ့လူလည်း ရှိရဲ့။

ရှေးကလူတွေက ဝိဉာဉ်တွေကို ကြောက်လန့်ကြတယ်။ ဝိဉာဉ်တွေဟာ တနှစ်မှာတရက် ကမ္ဘာမြေကို ပြန်လာကြတယ်လို့ အစဉ်အဆက် လက်ခံခဲ့ကြတယ်။

နိုဝင်ဘာ တရက်နေ့က All Saints Day သို့မဟုတ် All Hallow Day လို့ သတ်မှတ်တယ်။ ဒါကြောင့် Ave of the All Hallow Day ကို Halloween Day လို့ သတ်မှတ်ပြီး ပွဲတော် လုပ်ကြတာပါပဲတဲ့။

အိုင်ယာလန်ဖက်က စခဲ့တဲ့ ဒီအစဉ်အလာဟာ အင်္ဂလန်ရောက်။ နောက်တော့ ကမ္ဘာပြန့်သွားပြီး အခုတော့ နေရာအများစုမှာ ပျော်ပွဲအနေနဲ့ ကျင်းပကြတာပါ။ စီးပွားရေးလည်း ပါသပေါ့။ ပွဲလုပ်မှ ဈေးသည်က ဈေးရောင်းရမှာကိုး။

ဒီပွဲကို မက္ကဆီကိုဖက်ကြတော့ Day of the Dead ဆိုပြီး သေဆုံးခဲ့သူများကို ဂုဏ်ပြုကြတယ်။ သူတို့ကြတော့ သုံးရက်တောင် ကျင်းပသတဲ့။

ဒီပွဲမရောက်ခင် ဖရုံသီးတွေဝယ်ကြတယ်။ အိမ်တွေမှာ ထားကြတယ်။ ဖရုံးသီးကို ထွင်းပြီး မီးအိမ်လုပ်ကြတယ်။ အိမ်ရှေ့မှာ အရိုးခေါင်းတို့ အုပ်ဂူတို့ မှတ်တိုင်လေးတွေတို့ သရဲရုပ်တို့ စိတ်ကူးပေါက်သလို ပြင်ဆင်ပြီး အလှဆင်ကြတယ်။ တချို့ရပ်ကွက်ဆို အိမ်တိုင်းမှာ လုပ်ထားတာ စိတ်ဝင်စားဖွယ်မို့ သွားကြည့်ကြရတယ်။ ညကြတော့ မီးအလှဆင်ထားပေါ့။ သတင်းကျွတ် မီးထွန်းပွဲဆန်ဆန်ပါပဲ။

မီးထွန်းကြတာက ဝိဉာဉ်တွေ ကြောက်လန့်အောင်တဲ့။ မီးပုံပွဲလည်း လုပ်တတ်ကြတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ဆိုပေမဲ့ မတိုင်ခင် တပတ်လောက်ထဲက လုပ်ထားကြပြီးပြီ။

အဲဒီနေ့ကြရင် လူတွေကလည်း အဆန်းထွင် ဝတ်ကြသေးရဲ့။ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို လိုက်ဝတ်ကြတာ များပါတယ်။ ကလေးရောလူကြီးပါ ဝတ်ကြတာမို့ ဆိုင်တွေမှာ အတော်ရောင်းရသတဲ့။ ကြံဖန်ပြီး စီးပွားရှာကြတာပေါ့။ သကြားလုံး၊ ချော့ကလက်တွေလည်း ဝယ်ထားရသေးရဲ့။ ညကြရင် trick-or-treat လုပ်မဲ့ ကလေးအုပ်ကို ပေးဖို့ပါပဲ။

ကလေးတွေက ညနေစောင်းတာနဲ့ ဖရုံသီးပုံ ခွက်လေးတွေကိုင်ပြီး ထွက်ကြပြီ။ ရပ်ကွက်ထဲပတ်ပြီး တအိမ်တက်ဆင်း trick-or-treat လို့အော်ပြီး တံခါးခေါက်ကြပြီ။ လူကြီးတွေက ဘေးက လိုက်ကြရင်း ဝိုင်းအော်ကြတယ်။ trick-or-treat ဆိုတာကတော့ ဧည့်မခံရင် ခြောက်လှန့်မယ်ဆိုတဲ့သဘော။ ဒီတော့ ကလေးတွေအကြိုက် သကြားလုံးနဲ့ ဧည့်ခံရတယ်။

ရပ်ကွက်တပတ်ပြည့်ရင် ဖရုံသီးပုံ ပလတ်စတစ်ခွက် ပြည့်တာပါပဲ။ လူတွေလည်း မောကြပြီ။ အိမ်ပြန်ပြီး နားကြရပြီ။ ကလေးတွေကတော့ သူတို့စားချင်တဲ့ သကြားလုံးတွေ ချော့ကလက်တွေရတော့ ပျော်ကြတာပေါ့။ ကြောက်စရာပွဲ မဟုတ်တော့တဲ့ ပျော်ပွဲတမျိုး ဖြစ်နေပါပြီ။

အနောက်တိုင်း ယဉ်ကျေးမှုဆိုပေမဲ့ ကမ္ဘာအနှံ့ပြန့်နေပြီဖြစ်တဲ့ ဒီပွဲတော်မှာ ပျော်ရွှင်စွာ ဆင်နွှဲကြမဲ့ လူငယ်တွေကို အပြစ်မမြင် ချစ်ခင်ကြပါ။ ကိုယ်တွေလည်း ငယ်ရာက ကြီးလာတာမဟုတ်လား။ ရွေးကောက်ပွဲနီးနေပြီဆိုတော့ မဲဆွယ်ပွဲတွေနဲ့ ရောလုပ်ကြမယ်ထင်ရဲ့။

မြန်မာပြည်သူပြည်သား မိတ်ဆွေ သူငယ်ချင်းများ ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။

ချစ်တဲ့

မောင်လူပေ


 

သီတင်းကျွတ်ပြီ

သီတင်းကျွတ်ပြီဆိုရင် စုံတွဲတွေ ပျော်ကြတယ်။ လူပျိုကြီး အပျိုကြီးအပျိုကြီးတွေ စိတ်ညစ်ကြတယ်။ မင်္ဂလာဆောင်ဖိတ်စာတွေ တလှေကြီးလာမယ်။

ရှေးကတော့ သန်တူလ လို့ ခေါ်ကြသတဲ့။ နောက်တော့ သီတင်းဝါလကျွတ်ချိန်မို့ သီတင်းကျွတ်ဖြစ်လာတယ်လို့ ဆိုကြတယ်။

ဗုဒ္ဓမြတ်စွာ ခုနှစ်ဝါမြောက်မှာ ဝါတွင်းသုံးလလုံး တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ပြန်ကြွတော့ ဆီမီးထွန်းညှိ ပူဇော်ရာက သီတင်းကျွတ်မီးထွန်းပွဲ ဖြစ်လာတယ်လို့ ယုံကြည်ကြတယ်။ တာဝတိံဘုံဖျားက စူလာမဏိ စေတီကို ရည်စူးပြီးလည်း မီးပုံးပျံတွေ လွှတ်တင်တဲ့အလေ့ရှိတယ်။ ဒီနှစ်တော့ သတင်းကျွတ်လပြည့်မှာ လွှတ်တင်တဲ့ ပြည်ခိုင်ဖြိုးမီးပုံးပျံ မီးလောင်ပြုတ်ကြရာက တပြည်လုံးနီးပါး မီးပျက်တယ်ဆိုတဲ့ သတင်းထူးလည်း ကြားမိရဲ့။

ရာသီက တူရာသီ ပါတဲ့။ အဿဝတီကြယ်နဲ့လမင်းကလည်း စန်းယှဉ်ပြီး မွန်းတည့်ကြသတဲ့။ အဲဒီလို မှတ်သားဖူးတယ်။ ရာသီပန်းကတော့ ကြာဖြူပန်းပါတဲ့။

သီတင်းကျွတ်ရင် ဝါထွက်ပြီမို့ ရဟန်းတော်တွေလည်း ခရီးရှည်တွေ ထွက်ခွင့်ရကြပြီ။ လယ်ယာဦးကြီးတွေလည်း ရွှေရောင်လွှမ်းနေတဲ့ လယ်ကွင်းတွေကြည့်ပြီး ပျော်နေကြပြီ။ မောင်ကမယ့်ကို တင်တောင်းရတော့မယ့်အချိန်လည်း ရောက်ပြီ။ တူနှစ်ကိုယ်စီးဖို့ လှည်းယဉ်ကျော့လည်း ဆင်နေပြီပေါ့။

ဝါကျွတ်ရင် အမေက ဝါထွက် နတ်တင်လေ့ရှိတယ်။ ထုံးစံအတိုင်း မြင်းဖြူရှင်၊ ကိုးမြို့ရှင်၊ မြို့စောင့်ရွာစောင့် နတ်တွေကို ပင့်ဖိတ်ပြီး မုန့်ဖြူ မုန့်နီတွေနဲ့ တင်လေ့ရှိတယ်။ သူတင်ပြီဆို အလွန်ပျော်ပေါ့။ မုန့်ဆီကျော်စားရတော့မှာလေ။နတ်က အငွေ့စားပြီး တကယ်တီးတာက အီဖေကိုပါပဲ။

အင်းလေးရေပြင်က ဖေါင်တော်ဦးပွဲလည်း ဒီ သီတင်းကျွတ်ထဲမှာ ဘုရားပွဲ လှည့်တယ်။ သီတင်းကျွတ်လပြည့်နေ့ကတော့ ဘုရားကျောင်းကန်တွေမှာ လူတွေ ကြိတ်ကြိတ်တိုး စီကားလို့ပေါ့။

မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့တခုကတော့ သီတင်းကျွတ်မှာ လူကြီးသူမတွေကို ကန်တော့ကြတဲ့ အလေ့အထလေးပါ။ သီတင်းကျွတ်ပြီဆိုရင် မုန့်ဆိုင်တွေမှာလည်း မုန့်ပုံးတွေ အကုန်လုံးနီးပါး ရောင်းလို့ကုန်ပြီ။ မုန့်တွေဝယ်ပြီးကန်တော့ကြတော့ လူကြီးသူမတွေအပြင် အလုပ်က လူကြီးတို့ ဟိုဌာနက လူကြီးတို့ မကင်းရာမကင်းကြောင်းတို့လည်း ပါလာပြီပေါ့။ လူကြီးတွေကို ဝင်ဖို့ထွက်ဖို့ အကောင်းဆုံးအချိန်ကို ပြပါဆိုရင် ဒီရာသီပါပဲ။

မုန့်ပုံးထဲမှာ ရွှေချောင်းတွေ သောင်းတန်အုပ်တွေထည့်ပြီး ကန်တော့ကြတော့ အန္တရာယ်ကင်း ဘေးရှင်းလို့ လိုရာဆန္ဒလည်း ပြည့်ဝကြသတဲ့။ လာဒ်ပေးလာဒ်ယူကို လက်တလုံးခြား လုပ်ကြတဲ့ရာသီ ဖြစ်မှန်းမသိ ဖြစ်နေကြတာ ကြာပေါ့။ စာရိတ္တတွေ ပျက်နေတဲ့နိုင်ငံမှာ ဆရာမွေး တပည့်မွေးနဲ့ လုပ်စားတတ်ရင် ချမ်းသာကြပေတာကိုး။ လက်ဆောင်ခြင်းတွေအမျိုးမျိုးထဲက နိုင်ငံခြားဖြစ်အရက်မျိုးစုံကိုတွေ့ရတော့ သီတင်းကျွတ်ရဲ့ ရသတွေပျက်နေပါပေါ့လားလို့ တွေးမိပါတယ်။

မြန်မာပြည်သား မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေ ပါ။

ချစ်တဲ့

မောင်လူပေ


 

Friday, October 30, 2015

RIT ကျောင်းသားတို့ ရဲ့  ရဲရဲတောက် သမိုင်း

မနေ့က ဒေါက်တာအောင်ကြီးကို ဂုဏ်ပြုတဲ့စာတပုဒ်ရေးလိုက်တာ ဝိုင်းပြီးမှတ်ချက်တွေပေးကြလို့ ဝမ်းသာရတယ်။ ကျွန်တော်တို့မသိမှီခဲ့တဲ့ ဖြစ်ရပ်မို့ သူများပြောပြထားတာ မှတ်မိသလောက် ရေးရတာဆိုတော့ အမှားပါနိုင်တာကိုး။ ဝန်ကြီးနာမည် မှားသွားလို့ ပြန်ပြင်လိုက်ပါတယ်။ ဝန်ကြီးက ဒေါက်တာ ခင်မောင်ဝင်းပါ။

အဖြစ်အပျက်ကိုရေးဖို့ မှီငြမ်းစာအုပ်ရပြီ။ မောင်ကိုမှိုင်းရဲ့ မေ့နိုင်ပါ့မလား အာအိုင်တီ။ ဒီစာအုပ်ကို ချစ်သူငယ်ချင်းတယောက်က လက်ဆောင်ပေးထားတာ။ အသိမ်းလွန်ပြီး ပျောက်နေလို့ မနည်း ပြန်ရှာရတယ်။

အဖြစ်အပျက်က ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။အဲဒီအချိန်က အရေးအခင်းတွေ တန်းစီ ဖြစ်နေချိန်။ ၁၉၇၄မှာ ဦးသန့်အရေးအခင်း။ ၁၉၇၅မှာ အလုပ်သမားအရေးအခင်းနဲ့။ ဒီအဖြစ်အပျက်ဖြစ်တဲ့နှစ် ၁၉၇၆ မှာ မှိုင်းရာပြည့် အရေးအခင်းတွေ ဖြစ်နေကြတယ်။ ကျောင်းသားတွေက နိုင်ငံရေးရေချိန်တက်နေကြပြီ။ တိုင်းပြည်စီးပွားရေးကလည်း မကောင်းတော့ ကုန်ဈေးနှုန်းတွေတက်။

ဒီလိုအခြေအနေတွေကြောင့် အစိုးရက ကျောင်းသားတွေကို ချွေးသိပ်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံတိုးတက်ရေးအတွက် ကျောင်းသားများရဲ့အသံကို နားထောင်ဆွေးနွေးမယ် ဆိုပြီး လုပ်လာတာ။

ပထမဆုံး တိ/မွေးကုကျောင်းကို သွားကြတယ်။ အောင်မြင်ခဲ့တယ်။ ဒုတိယမြောက်အနေနဲ့ အာအိုင်တီကို ရောက်လာတာပါပဲတဲ့။

လာတဲ့သူတွေက ပညာရေးဝန်ကြီးဒေါက်တာခင်မောင်ဝင်း၊ နိုင်ငံတော်ကောင်စီဝင်ဦးလှဟန်၊ ဦးလှမိုး၊ ဦးသက်ဆွေလေးနဲ့ ဦးတင်ထွဋ္ဋ်တို့ ပါတယ်။ ကျောင်းအပေါ်ထပ်က စက်မှုခန်းမမှာ ကျင်းပတယ်။

ကျောင်းက လမ်းစဉ်လူငယ်တွေနဲ့ကြိုတင် ဇာတ်တိုက်ထားတာကို သိသွားတဲ့ ကျောင်းသားတွေက ဆွေးနွေးပွဲမှာ အတင်းဝင်ပြီးဆွေးနွေးကြတယ်တဲ့။

ဒုတိယမြောက် ဝင်ပြီး ဆွေးနွေးတဲ့ ပခုက္ကူက ကိုခင်အောင်က
" ခင်ဗျားတို့ အခု ကုလားထိုင်ပေါ်က ဆင်းသွားကြပါ။ တိုင်းပြည်ကောင်းစားလိမ့်မယ်။

ပွင့်ပွင့်လင်းလင်း မေးပါဆိုလို့ မေးရဦးမယ်။ ကျွန်တော်တို့ဆီ ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ။

MI တွေလည်း တော်တော်များများ ပါမှာပေါ့။ ကျွန်တော်က ကြောက်တတ်တယ်ဗျာ။ ကျွန်တော်ပြောမှာတွေက RIT ကျောင်းသားတယောက် ပြောမယ့်စကားတွေမဟုတ်ဘူး။ ပြည်သူ့ရင်ထဲမှာ ပြည့်သိပ်နေတဲ့စကားတွေကို ပြည်သူ့ကိုယ်စား ပြောမှာ။

အဖမ်းခံရမှာ ကြောက်ပေမဲ့ ပြည်သူ့အတွက် ကျွန်တော်အဖမ်းခံရဲပါတယ်။

နိုင်ငံရေးလှည့်ကွက်တွေကို မယုံဘူး။ ၁၉၆၇ တရုတ်ဗမာ အရေးအခင်းကို ကြည့်ရင် သိတာပဲ။ ဒီနေ့ အလုပ်သမား အရေးအခင်းဖြစ်တာ တနှစ်ပြည့်ပြီ။ ဒီနေ့မှာ ကျောင်းသားတွေ ပြောချင်တာ ပြောဆိုပြီး လာထိုင်ကြည့်နေတာလား။

ကျွန်တော်တို့ပြောတဲ့စကားသံတွေ ဒီခန်းမထဲမှာပဲ ပျောက်ကွယ်မှာစိုးတယ်။ ပြောချင်တာ ပြောရရင် တထောင့်တည ပြောမကုန်ဘူး။

ပြောမကုန်တဲ့စကားတွေ ပြောနိုင်အောင် အခုနနောင်တော်ကြီး ပြောသွားသလို ကျောင်းသားသမဂ္ဂဖွဲ့ခွင့်ပေးပါ။ "

စန္ဒာဝင်းခိုင် ဆိုတဲ့ ကျောင်းသူက
" ကျွန်မကတော့ ဒီနေ့လွတ်လပ်ရေးနေ့လို့ သတ်မှတ်ပါတယ်။ ကျွန်မတို့ဆီမှာ စာပေလွတ်လပ်ခွင့်မရှိပဲ ဒီနေ့မှာမှ အကိုကျောင်းသားများ ပြောတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရလို့ပဲ။

အရေးအခင်းဖြစ်တိုင်း သေနပ်သုံးပြီး မဖြေရှင်းကြပါနဲ့။

အဲဒါလည်း ကြောက်လို့မဟုတ်ပါဘူး။ တဗိုလ်ကျရင် တဗိုလ်တက်မှာပဲ။

အဖမ်းခံကျောင်းသားများကို ပြန်လွှတ်ပေးပါ။ ခုဆိုရင် စာမေးပွဲ နီးနေပါပြီ။
အလကားနေရင်းနစ်နာပါတယ်။

ဒီလိုအခွင့်အရေးမျိုးတွေ တောင်းဆိုပေးမဲ့ ကျောင်းသားသမဂ္ဂဖွဲ့ပေးပါ။ "

ရှမ်းလူမျိုး ကျောင်းသား တဦးက
" ကျွန်တော်ဒီနေ့ နိုင်ငံခေါင်းဆောင် ဖြစ်ချင်တယ်။ စစ်ထဲဝင်ရင် ကောင်းမလား စဉ်းစားနေတယ်။

ပညာရေးဝန်ကြီး ဖြစ်ချင်တယ်။ ပညာရေးတက္ကသိုလ်သွားရမလား။ စစ်ထဲဝင်ရမလား။

ကျန်းမာရေးဝန်ကြီး ဖြစ်ချင်တယ်။ ဆေးတက္ကသိုလ်သွားရမှာလား။ စစ်ထဲဝင်ရမလား။ ရွေးချယ်ပေးကြပါ။ "

စစ်ဗိုလ်တဦးရဲ့ သားဖြစ်သူ ကျောင်းသားက
" ကျွန်တော်ပြောချင်တာက ၇၄ ဒီဇင်ဘာ ၁၁ ရက်က ဦးသန့်အရေးအခင်းနဲ့ ပတ်သက်လို့ပါ။ တက္ကသိုလ်နယ်မြေမှာရှိတဲ့ ဦးသန့်အလောင်းကို သိမ်းရာမှာ သွေးထွက်သံယိုမရှိ ဆိုတဲ့သတင်း လွှတ်တော်မှာတင်တယ်။

တက္ကသိုလ်နယ်မြေနဲ့ ကျွန်တော့အိမ်က လမ်းပဲခြားပါတယ်။ အဲဒီနေ့ညကကျွန်တော် တညလုံး ထိုင်ကြည့်နေတယ်။ အလောင်းလုရာမှာ စစ်သားတွေက အဆစ်ပိတ်ဝါးလုံးတွေနဲ့ လိုက်ရိုက်လို့ နဖူးကွဲ သွေးရဲရဲနဲ့ ပြေးလာသူတွေကို ကျွန်တော်ကိုယ်တိုင်တွေ့တယ်

သွေးထွက်သံယို မဖြစ်ဘူးဆိုတဲ့ သတင်းကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရင် သိနိုင်ပါတယ်။

ကျွန်တော်ဟာ တပ်မတော်က အမှုထမ်းတယောက်ရဲ့သားပါ။ ရှေ့တန်းတပ်စခန်းချတဲ့ နေရာတွေကို လိုက်ဖူးတယ်။

တပ်သား၊ အကြပ်၊ အရာခံဗိုလ်ကစပြီး တပ်ရင်းမှူးထိ ဒီအစိုးရကို မကြည်ဘူး။

ဘယ်တပ်ရင်းကလို့တော့ မပြောပါရစေနဲ့။ တနေ့ သေနပ်ပြောင်းဝက သူတို့ဘက်လှည့်လာနိုင်လို့ပါ။

ဒီနေ့လူဝတ်လဲ ( အရပ်ဖက်သို့ပြောင်း) တဲ့ စစ်ဗိုလ်တယောက်ဟာ ရွှေတွင်းထဲ ကျသွားတာပါပဲ။

ဒါကြောင့် အဖေနဲ့ကျွန်တော်နဲ့ မတည့်တာပါ ခင်ဗျား။ "

မြစ်ဝကျွန်းပေါ်က ကျောင်းသားက
" ကျွန်တော်တို့မြို့နယ်က ရေလုပ်ငန်းနဲ့အသက်မွေးပါတယ်။ ဒါကို စိုက်ပျိုးဧရိယာ သတ်မှတ်ပြီး အမတော်ကြေး ထုတ်ချေးပါတယ်။

ဒီငွေတွေကို ရေလုပ်ငန်းမှာသာ ရင်းနှီးမြှုပ်နှံပြီး အမြတ်ပိုရအောင် ရှာနိုင်ပါတယ်။ဒါကြောင့်စပါးမစိုက်ကြပါဘူး။ စပါးမအပ်နိုင်တဲ့လူတွေကို ဖမ်းဆီးအရေးယူတယ်။

တနေ့တနေ့ ၉မိုင်ဝေးတဲ့ ရဲဌာနကို သွားချည်ပြန်ချည်လမ်းလျှောက်ပြီး ခံဝန်လက်မှတ် ထိုးနေရတယ်။ "

တောင်သူတယောက်ရဲ့သား ကျောင်းသားက
" ကျွန်တော်လည်း တောင်သူတယောက်ရဲ့သား တောသားပါ။ ကျွန်တော်တို့ဆီမှာလည်း သူ့ရာသီနဲ့ကိုက်တဲ့သီးနှံ မစိုက်ရပါဘူး။ သူတို့ညွှန်ကြားတဲ့သီးနှံစိုက်ရလို့ အရှုးံပေါ်ကြတယ်။ "

အခြားကျောင်းသားတွေက
" ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးပြီးရင် ဘာရှိလဲ။ လမ်းဆုံးမှာ ကွန်မြူနစ်ပဲရှိတယ်။ တောထဲက ကွန်မြူနစ်တွေ သွားခေါ်ပြီး အုပ်ချုပ်ခိုင်းလိုက်။

သက်ငယ်ရိုး ( သက်ကယ်ရိုး) နဲ့ခေါင်းလောင်းထိုးလို့မရဘူး။ သစ်သားတံနဲ့ထိုးရတယ်။ သူ့နေရာနဲ့သူ မနေပဲ နေရာတကာ ဝင်ပါလို့မရဘူး။

ကျွန်တော်တို့ ထမင်းတနပ်လျှော့စားပေးမယ်။ ခင်ဗျားတို့လည်း ကားတစီးပဲစီး။ လာတာက လူနည်းနည်း ၊ ကားတွေက အများကြီး၊ နိုင်ငံတော်ငွေတွေ အလကား ကုန်တယ်။ "

အလုပ်ခန့်တာ ပါတီဝင်မှ ခန့်တာလား။ ပါတီနဲ့ အစိုးရအလုပ်နဲ့ဘာဆိုင်လဲ။ ပါတီမဝင်ရင် အလုပ်မရတော့ဘူးလား။ "

စသည်နဲ့ ကျောင်းသားကျောင်းသူ နှစ်ဆယ်လောက် ဝင်ဆွေးနွေးကြပါတယ်တဲ့။

ကျောင်းသားတွေရဲ့ မေးခွန်းတွေကို မဖြေနိုင်တဲ့ ဝန်ကြီးနဲ့အဖွဲ့လည်း အကြံပြုဆွေးနွေးပွဲကြီး အမြန်ရပ်၊ စက်မှုခန်းမပေါ်ကနေဆင်းပြေးရတာပါပဲ။

အောက်ရောက်တော့ ကျောင်းသားတွေထဲက ပျော်တတ်တဲ့သူတွေက ဆူးပန်းလေးတွေ ပန်းခွေလုပ်ပြီး ကားတံဆိပ်မှာ သွားချိတ်ထားကြ။ သစ်ရွက်ခြောက်တွေ ကြဲပေးထားပြီး ကားတွေကိုပါ ဝိုင်းထားလို့ ပြန်ထွက်လို့ မရအောင် ဖြစ်ခဲ့တယ်။

ဖယ်ပေးပါလို့ ပြောတာကို ဒေါက်တာအောင်ကြီးစကားကိုပဲ နားထောင်တယ်လို့ ပြောလို့ ဆရာကြီးက ဖယ်ပေးလိုက်ပါ သားတို့ရယ်လို့ ပြောမှ ဖယ်ပေးကြတယ်လို့ သိရတယ်။

နောက်ပိုင်းမှာ မှိုင်းရာပြည့်အရေးအခင်း ထပ်ဖြစ်ပြီး ကျောင်းပိတ်ရပြန်ပါတယ်။

(အဲဒါတွေဟာ မောင်ကိုမှိုင်း စာအုပ်လေးထဲကနဲ့ ကွန်မန်ု့ရေးကြတဲ့ အကိုကြီးတွေ ပြောပြသမျှ အဖြစ်အပျက်အစုံပါပဲ။

ကျန်သေးရင် ထပ်ထည့်ပေးကြပါဦးဗျာ။ အသေးစိတ်သိရတော့ ပိုကောင်းတာပေါ့။ ရဲရဲတောက် ဆွေးနွေးခဲ့ကြတဲ့ အာအိုင်တီ ကျောင်းသားကျောင်းသူများအား ဦးညွှတ်လျှက်။ )

ချစ်ခြင်းအားဖြင့်

မောင်လူပေ



 

RIT က ပါချုပ်တွေထဲက ကျောင်းသားတွေချစ်တဲ့သူ


ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းကြီးရဲ့မူလအမည် RIT ပါတဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ်မှာ မနည်း ရှာယူရတယ်။ အာဏာရှင်တွေက သူပုန်ကျောင်းမို့ နာမည်ပြောင်းစေလိုက်တာ YIT, YTU ဖြစ်နေပြီလေ။ နာမည်တွေ ဘယ်လိုပြောင်းပေမဲ့ ကျွန်တော်တို့ ရင်ထဲမှာတော့ ထာဝရ RIT ပါပဲ။

ပါမောက္ခချုပ်တွေလည်း ခဏခဏ ပြောင်းတယ်။ ဦးရုံးမိုတို့ ဒေါက်တာအောင်ကြီးတို့ကို မမှီခဲ့။ ကျွန်တော်ကျောင်းရောက်တော့ ဦးခင်အောင်ကြည် ဖြစ်နေပြီ။ ၈၈ နောက်ပိုင်းရောက်တော့ ဦးအောင်သန်း၊ ဦးမောင်မောင်သန်း စသည်ဖြင့် ပါချုပ်တွေ ပြောင်းတယ်။

အခုအချိန် ကျောင်းသားဟောင်းတွေ ပြန်ဆုံတဲ့အခါ ပါချုပ်တွေထဲက ကျောင်းသားတွေအချစ်ဆုံးပါချုပ်ဟာ ဒေါက်တာအောင်ကြီး ဖြစ်နေတာ သတိထားမိပါတယ်။

ဆရာကြီးဦးခင်အောင်ကြည်ကတော့ လူကြီးတွေအကြိုက် လိုက်လုပ်ပေးတတ်သူ၊ ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်းက ဂေါက်ရိုက်ချင်တယ်ဆိုလို့ RIT ကျောင်းဝန်းထဲမှာ ဂေါက်ကွင်းငယ်တခု ဖေါ်ပေးခဲ့သူ၊ ဦးနေဝင်း ပြည်ပခရီးဆိုပြီး ဂျာမန်က လုသန်ဆာလေယဉ်ကြီးနဲ့ ဘယ်မှန်းမသိ ကြွချီတော်မူတိုင်း နောက်တော်ပါးကနေ ခစားလိုက်ပါရသူ၊ ၇၅ ကျပ်တန်အရေးအခင်း၊ ဖုန်းမော်အရေးအခင်းတွေမှာ ကျောင်းသားတွေဖက်က မရပ်တည်ပေးသူအဖြစ် အမှတ်ရကြတယ်။

ဦးမောင်မောင်သန်းကိုတော့ ကျောင်းရဲ့ လမ်းစဉ်လူငယ်အသင်းဥက္ကဌ။ ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်း ဂေါက်ရိုက်ချိန်မှာ ဘေးကွင်းက ဘောလုံးကန်နေတဲ့ကျောင်းသားတွေကြောင့် အနှောက်အယှက်ဖြစ်တယ်ဆိုကာ ဝန်ကြီးဂေါက်ရိုက်နေရင် ဘောလုံးမကန်ရလို့ ဘာမှမဆိုင်ပဲ တားမြစ်တတ်သူ။ ဝန်ကြီးနဲ့အဖေါ်ရအောင် ဂေါက်တံတချောင်းကိုင်ပြီး ဟန်ရေးပြပေးတတ်သူ။ ဝန်ကြီးကို အပျင်းတော်ပြေအောင် ဧည့်ခံပေးသူ။ အနေနဲ့ သတိရကြတယ်။ အဲဒီလို ကြိုးစားမှုတွေကြောင့်ပဲ ပါချုပ်ဖြစ် ညွှန်ချုပ်ဖြစ်ခဲ့ပုံ ပါပဲ။

ဒေါက်တာအောင်ကြီးကိုတော့ ကျောင်းသားတွေဖက်က ရပ်တည်ပေးတဲ့ ပါချုပ်တယောက်အနေနဲ့ သူ့ကို သိမှီခဲ့တဲ့ အကိုကြီးတွေ ဆရာတွေက တညီတညွတ်ထဲ ပြောပြတယ်။

အထူးသဖြင့် သူတို့ ပြောကြတာက အာဏာသိမ်း တော်လှန်ရေးကောင်စီကနေ မဆလပါတီဆိုတဲ့နာမည်သစ်နဲ့ တပ်ကအာဏာပြောင်းကာစအချိန် ကျောင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကိုပါပဲ။ တိတိကျကျ ပြောရရင် ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့ပါတဲ့။

အဲဒီအချိန်က ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ နိုင်ငံတော်ကောင်စီဝင် တပ်မှူးကြီးအချို့ အစောင့်ကားတွေအများကြီးနဲ့ ကျောင်းကိုရောက်လာပြီး ကျောင်းသားတွေရဲ့အကြံဉာဏ်ကို လာရောက်လက်ခံတယ်ဆိုတဲ့ပွဲ ကျင်းပကြသတဲ့။

သူတို့စီစဉ်မှုက လှတယ်။ အစိုးရက တိုင်းပြည်တိုးတက်ရေးအတွက် ပညာတတ်ကျောင်းသားတွေရဲ့ အကြံပြုချက်တွေ လာနားထောင်တယ်လို့ နာမည်ပေးထားပေးမဲ့ အားလုံးစည်းဝါးရိုက်ပြီးသား
ကျောင်းက လမ်းစဉ်လူငယ်အဖွဲ့ဝင်တွေကို အကြံပြုချက်စာရွက်ဆိုတာတွေ ကြိုပေးထားတယ်။ လူကြီးတွေက အကြံပြုကြပါဆိုရင် စာရွက်ထဲကအတိုင်း ၏သည်၍ မလွဲအောင် ဖတ်ပြရုံပါပဲ။

အဲဒါကို ကြိုသိနေတဲ့ ကျောင်းသားတွေက လူကြီးတွေက အကြံပြုကြပါလည်းဆိုရော လမ်းစဉ်ဘူငယ်တွေ မထရသေးခင် တယောက်ပြီးတယောက် ဝင်ပြီး မနားတမ်း အကြံပြုကြပါတော့တယ်။

ကျောင်းသားတယောက်က တိုင်းပြည်တိုးတက်ရေးအတွက် ကျောင်းသားတွေက ခြွေတာတဲ့အနေနဲ့ ထမင်းတနပ်လျှော့စားပေးပါ့မယ်။ လူကြီးတို့လည်း ကားတစီးပဲ စီးကြပါ။ အခုလာကြတာက လူနည်းနည်း ကားတွေ အများကြီးမို့ နိုင်ငံတော်ပိုက်ဆံတွေ ကုန်လှပါတယ်လို့ အကြံပြုသတဲ့။

နောက်တယောက်ကလည်း တိုင်းပြည်အမြန်တိုးတက်ချင်ရင် လွယ်လွယ်လေးပါ။ ခင်ဗျားတို့တဖွဲ့လုံး ဆင်းပေးလိုက်။ လူမှန်နေရာမှန်တွေ တက်လာရင် ချက်ခြင်းတိုးတက်မှာပါလို့ အကြံပြုသတဲ့။

အဲဒီလို တယောက်တပေါက် ဝင်ပြီး မနားတန်း အကြံပြုကြလို့ စီစဉ်ထားတဲ့ လမ်းစဉ်လူငယ်တွေ တလုံးမှ မပြောလိုက်ရတော့ဘူး။

ကျောင်းလမ်းမပေါ်မှာလည်း လူကြီးတွေစီးလာတဲ့ကားတန်းကြီးအစီအရီရပ်ထားတာကို မျက်စိနောက်ကြတဲ့ ကျောင်းသားအချို့က ရရာ သစ်ရွက်တွေ ပန်းတွေခူး ပန်းခွေတွေလုပ်ပြီး ကားတိုင်းကို ပန်းခွေတွေ သွားချပေးထားကြပြီး သစ်ရွက်ချောက်တွေပါ ကြဲပေးလိုက်သေးဆိုပဲ။

အပေါ်က အခန်းမှာ ကျောင်းသားတွေကို မထိန်းနိုင်လို့ ပွဲရပ်ပြီး ဆင်းပြေးလာတဲ့ တပ်မှူးတွေနဲ့ ပညာရေးဝန်ကြီးလည်း ကားပေါ်တက်မယ်လုပ်တော့ ပန်းခွေတွေဖယ်ရ၊ သစ်ရွက်တွေရှင်းရနဲ့ အတော်အရှက်ကွဲကြပါရောပေါ့။ ကျောင်းလမ်းမအပြည့် ဘေးဝဲယာမှာလည်း ရပ်ကြည့်အားပေးရင်း တဝါးဝါးနဲ့ ပွဲကြနေပါသေးသတဲ့။ အစောင့်တွေကလည်း ကျောင်းသားတွေကို မနိုင်လို့ စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်ရတာပါတဲ့။

ဖြစ်စဉ်တခုလုံးကို ဒေါက်တာအောင်ကြီး မတားမြစ်ခဲ့ဘူး။ ကျောင်းသားတွေနဲ့အတူ ရပ်တည်ခဲ့တယ်။ အဲဒီလိုဖြစ်အောင် ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားတွေကို အရေးယူပြီး ကျောင်းထုတ်ဖို့တွေ လုပ်တော့လည်း သူပဲမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့လို့ ဘယ်သူမှ အရေးယူ မခံခဲ့ရပါဘူးတဲ့လေ။ အဲဒီအကြောင်းတွေကြောင့်ပဲ ဆရာကြီး ဒေါက်တာအောင်ကြီးတယောက် ပါချုပ်ရာထူးမှာ အကြာကြီးမနေရပဲ ဦးခင်အောင်ကြည် တက်လာပါတော့တယ်။

ဒါကြောင့်လည်း ဒေါက်တာအောင်ကြီးကို သူ့ခေတ်က ကျောင်းသားတွေ အရမ်းချစ်ခင်ခဲ့ပုံ ရတယ်။ သူ့အကြောင်းကို သူ့အား သိမှီလိုက်တဲ့ ကျောင်းသားတွေက ပြန်ရေးကြရင် သိပ်ကောင်းမယ်။ ( ဆရာဦးတင်မြင့်လို စာရေးကောင်းတဲ့ သူ့တပည့်ကျောင်းသားတွေက သူ့အကြောင်းတွေပြန်ရေးစေချင်လိုက်တာ။ ဖတ်ချင်လို့။ )

ဆရာကြီးက ကျန်းမာစွာနဲ့ သက်ရှိထင်ရှား ရှိနေဆဲပါ။နားလေးနေတာကလွဲရင် ဖြတ်လတ်တက်ကြွနေတာပဲ။ ကျောင်းကနေ ၁၉၅၅မှာ ဘွဲ့ရခဲ့သူပါ။ RIT reunion L.A ပွဲလာတက်ရင်း အခုတော့ ဆန်ဖရန် ရောက်နေတယ်။ ကျွန်တော်တို့ မြောက်ပိုင်းကယ်ဘီဖိုးနီးယား အာအိုင်တီကျောင်းသားဟောင်းများအဖွဲ့နဲ့ တနင်္ဂနွေနေ့မှာ တွေ့ကြမယ်။

ဆရာတပည့် မဖြစ်ခဲ့ဘူးပေမဲ့၊ ဆရာ့ကို မမှီခဲ့ပေမဲ့ ဆရာ့ဂုဏ်သတင်းတွေကို ကြားဖူးသမျှ ဖေါက်သည်ချလိုက်ပါတယ်။ မှားနေတာ တွေ့ရင်လည်း ပြင်ပေးနိုင်ပါကြောင်း။ ။

(ဘယ်ဆရာတွေကိုမှ သာစေနာစေဆိုတဲ့ စိတ်နဲ့ ရေးတာမဟုတ်ပါ။ စာသမားတဦးအနေနဲ့ အမှန်တရားဖက်က ရပ်တည်ရင်း ရေးပါတယ်။)

မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
 
 
 
 
 
 
 

Thursday, October 15, 2015

အပစ်ရပ်ပါတယ်ဗျ

ဟုတ်ကဲ့ပါခင်ဗျား။

အများမျှော်လင့်နေတဲ့အတိုင်းပဲ တပြည်လုံးအပစ်ရပ် လက်မှတ်ထိုးပါပြီ။

ဗျာ။ ပြည်တဝက်ပဲဟုတ်လား။ အဲလိုဆိုလည်း ရသပေါ့လေ။ ၁၆ဖွဲ့မှာ ၈ဖွဲ့ပဲလာထိုးကြတာကိုး။ သို့ပေမဲ့ စာလုံးတွေက ကြိုတင်မဲ ဟုတ်ပေါင် ကြိုတင် ရိုက်ထားပြီးပြီမို့ တပြည်လုံးပဲ ထားလိုက်ပါတော့။

ဟုတ်ကဲ့။ ပစ်နေကြတာနဲ့ စာရင်တော့ အပစ်ရပ်တာ မကောင်းလားဗျ။ တဝက်လောက်ဆိုလည်း အောင်မှတ်တော့ ပေးရမှာပေါ့။

ဗျာ။ ငမြတို့ ဂျော်နီငပွေးတို့ဆိုတာ ဟိုအရင် မတည့်တဲ့အချိန်က ခေါ်ခဲ့တာပါ။ ခုတော့လည်း ဗိုလ်ချုပ်ကြီးစောဂျော်နီပေါ့လေ။ KNU တဖွဲ့ထည်း ရှိတုန်းကလည်း မနိုင်။ အခုလို အစိတ်စိတ်ကွဲနေတဲ့အချိန်လည်းမနိုင်မို့ မနိုင် မဲ့အတူတူတော့ အပစ်ရပ်ရေးမှတပါး အခြားမရှိပါ။ မာနယ်ပလောရတယ်တို့ ဝမ်ခရတယ်တို့ဆိုတာလည်း DKBA က လမ်းပြပေးလို့။ အဲဒီဆရာတွေကလည်း ထိန်းလို့မလွယ်။ ပြောမကောင်းဆိုမကောင်းတွေရယ်။ ပြီးတော့ KNU နယ်ထဲက ရွှေကြောကြီးလည်း ဟီးထနေတာ။ ဝေလုတို့တာင် လုပ်စားနေပြီ။ ဒီနည်းပဲ ကောင်းပါတယ်လေ။ ဝေစားကြတာပေါ့။

ရှမ်းလည်းအတူတူပဲ။ ဗိုလ်ချုပ်ကြီးရွက်ဆစ်က သိပ်သဘောကောင်း။

ဗျာ။ ဘိန်းဓားပြရွက်ဆစ်။ ခွန်ဆာ့တပည့် ဘိန်းဘုရင်။ ပြောပါတယ်။ မတည့်တုန်းက ခေါ်ခဲ့တာ ဗွေမယူပါနဲ့ဆို။ ခုတည့်ပြီ။ သူလည်း လွတ်လပ်စွာ စိုက်ခွင့်ရ။ ကိုယ်လည်း ဆက်ကြေးရ။ လိုက်တိုက်နေရတာနဲ့စာရင် အပစ်ရပ်တာ ကောင်းပါတယ်။

ဟုတ်ကဲ့။ ABSDF လည်း ပါတယ် ခင်ဗျ။ ကျောင်းသားလေးတွေ ဗွေမယူပါဘူး။

ဗျာ။ အကုန် နိုင်ငံခြားရောက်ကုန်ပြီ။ ဟုတ်ကဲ့ အတော်များများတော့ ဟုတ်ပါတယ်။ တတိယနိုင်ငံ ပေါ့လေ။ နည်းနည်းတော့ ကျန်ပါသေးတယ်။ ကိုသံဒုတ်လည်း သူ့လူတွေ ထိန်းနေရတာ ပင်ပန်းလို့ အပစ်ရပ်ပုံရတယ်။ တတိယနိုင်ငံမသွားပဲ ကျန်ခဲ့တဲ့လူတွေလည်း ငှက်ဖျားနှိပ်စက်၊ ရာသီနှိပ်စက်၊ လူတွေအသက်ကြီးနဲ့မို့ ရွေးလိုက်ရပုံပဲ။ တရားမဝင်တို့ အကြမ်းဖက်တို့ ပယ်လိုက်တော့ တရားဝင်အဖွဲ့လည်း ဖြစ်လာတာပေါ့။ အထက်ပိုင်းက အေဘီကတော့ KIO ထိန်းချုပ်နယ်ထဲမှာမို့ တရားမဝင့်တဝင်ပေါ့။ တရားဝင်ဖြစ်သွားလို့ တရားမဝင်တဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ရင် တည်ဆဲဥပဒေတွေနဲ့ တွေ့မှာပေါ့။ လုပ်ရဲလုပ်ကြည့် ငှင်းငှင်း။

ဟုတ်ကဲ့ KIA တို့ မွန်ပြည်သစ်တို့လည်း မကြာမှီလာမည်ပေါ့လေ။

ဗျာ။ ကချင်ထဲက မနောကွင်းအကြောင်း။ ဂွမ်မော်အကြောင်း။ မသိရပါဗျာ။ လက်မှတ်မထိုးလို့ ဂွမ်မော်ပြန်ခေါ်ပါတယ်။ ဒါပါပဲ။

ဝကိစ္စ။ ဒါလည်း တရုတ်ပြည်သာ သွားမေးကြပါ။ ဝပြည်တောင်းထားတာ တရားဝင်မပေးရသေးတာကလွဲရင် ငွေရော၊ စကားရော၊ ပစ္စည်းတွေရော အားလုံး တရုတ်ပဲ တရားဝင်သုံးထားတဲ့အတွက် မသိပါဘူး။ သူတို့က နာမည်ပဲ ဗမာပြည်ထဲမှာကျန်တော့တာ။ ကျန်တာတော့ တရုတ်ပြည်ထဲ ရောက်နေပါပြီ။ ကြောက်ပါရဲ့ မမေးကြပါနဲ့။

ပြေးပြီဗျို့။

(ပျံဝံအသစ် မောင်လေပူအား အင်တာဗျူးနေတုန်း မီးပျက်သွားကာ အိပ်ရာမှနိုးလာပါကြောင်း သူတော်ကောင်းအပေါင်းတို့။

အပစ်ရပ်ဖဲချပ်။ ရှိုး။ သိသားပဲ။ ဒီဖဲကြီး တက်တော့မယ်ဆိုတာ။


 

Wednesday, October 14, 2015

ရခိုင်ပြည် ငြိမ်းချမ်းပါစေ

ရခိုင်ဆိုတာ တချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့ လူမျိုးပါ။

ရှေးရခိုင်ပြည်ဟာ ဘင်္ဂလားနယ်တခုလုံးအထိ ကျယ်ပြန့်ခဲ့တယ်။

ဘကြီးတော်မင်း လက်ထက်မှာ မြန်မာဘုရင် ဘကြီးတော်က ရခိုင်ပြည်ကို သိမ်းပိုက်လိုက်တယ်။ ရခိုင်တွေ အမြတ်တနိုး ကိုးကွယ်ထားတဲ့ မဟာမုနိဘုရားကြီးကိုပါ မန်းလေးထိ သယ်ဆောင်သွားတယ်။

ရခိုင်တွေရဲ့အသည်းကို ဆပ်ဆပ်တုန် နာစေခဲ့လို့ မဟာမုနိဘုရားကြီး ရခိုင်ပြန်ရောက်မှ သွေးကျွေးကြေမယ်လို့ တချို့ရခိုင်တွေက ပြောနေကြတုန်းပဲ။

ရခိုင်တွေကိုလည်း အတော်နှိမ်ထားခဲ့တာပါ။ စကားပုံထုတ်ပြီးတောင် နှိမ်ထားခဲ့တာ။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲလေတော့ ရခိုင်ပြည်ဟာ အခုအချိန်ထိ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးပြည်နယ်တခု ဖြစ်နေဆဲ။

ရခိုင်ရဲ့ ဘဂါင်္လီ ပြသနာကို အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ခဲ့ဘူး။ မူဂျာဟစ်သူပုန်တွေက မောင်တောတဝိုက်မှာ ရခိုင်တွေကို သောင်းချီ သတ်ခဲ့တာမို့ ရခိုင်နဲ့ ဘဂါင်္လီတွေကြားက ပြသနာက မီးတောက်ဖို့ သိပ်လွယ်တယ်။

အဲဒါကို သိတဲ့ လူတွေက လူမျိုးရေးမုန်းတီးမှုကို အခြေခံတဲ့ အဓိကရုဏ်းတွေ ဖြစ်လာအောင် ဖန်တည်းပြီး ရိုးသားတဲ့ ရခိုင်တွေကို အသုံးချတယ်။

တရားဥပဒေစိုးမိုးရေးကို မျှော့ကြိုးလို အသုံးချရင်းနဲ့ မဖြစ်သင့်တဲ့ လူမျိုးရေးပြသနာတွေ ပိုဖြစ်လာတယ်။ အဲဒါကို အကြောင်းပြပြီး အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရခိုင်တွေကို သွေးခွဲခဲ့တယ်။

ရိုးသားပြီး ရှေးရိုးဆွဲဆန်တဲ့ ရခိုင်အနည်းစုက ဒေါ်စုကို မုန်းလာကြတော့ နောက်ကနေ မြှောက်ပေးပြီး အမှတ်ဝင်ယူကြတယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်။ ပညာရှိပီပီ စကားကို ထိန်းသိမ်းပြီးပြောရတယ်။ အဲဒါကို လိုသလိုဆွဲယူ ဝါဒတွေ ဖြန့်။ ဒေါ်စုပုံတွေ ဖြတ်ညှပ်ကပ်လုပ်။ ဒေါ်စုမပြောတာတွေကို ပြောသယောင် အတုတွေလုပ်။ အဲဒါတွေကို အခု ဒေါ်စုရဲ့ ရခိုင်ခရီးစဉ်မတိုင်ခင် အချိန်ကိုက်ပြီး အွန်လိုင်းပေါ်ကနေ ပြန်သုံး တိုက်ခိုက်နေကြပြန်တယ်။ ရခိုင်တွေ လုပ်နေတာ မဟုတ်။ ရခိုင်တွေက ဒီလို အောက်တန်းကြတဲ့ တိုက်ခိုက်မှုမျိုးမလုပ်။

ပညာတတ်ပြီး စဉ်းစားတတ်တဲ့ရခိုင်လူထုကြီးက အမှားအမှန်ကို စဉ်းစားတတ်တယ်။ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဒေါက်တာအေးမောင် ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတာ ကြည့်ရင် သိနိုင်ပါတယ်။

တောင်ကုတ်လူသတ်ပွဲကို စွမ်းအားရှင်ဆိုင်ကယ်အဖွဲ့တခုက လုပ်သွားတယ်။ တောင်ကုတ်သားတွေမဟုတ်။ ရခိုင်ပြည်သွေးချောင်းစီးအောင် ရန်စခဲ့တာ ရခိုင်သားတွေ မဟုတ်။

အခုလည်း ဒီလို စွမ်းအားရှင်တွေ ပြန်ထုတ်လာပြီး မီးတောက်အောင် မလုပ်ဘူးလို့ မပြောနိုင်။ ဒီပဲယင်းမှာ အသေသတ်ဖို့လုပ်ခဲ့တာကိုကြည့်။ ဒါကြောင့်မို့ အန်တီရဲ့ လုံခြုံရေးကို အထူးသတိထားပေးကြပါ။

NLD ပြင်ပက ထောက်ခံသူတွေကပါ ဝိုင်းရံစောင့်ရှောက်ပေးကြပါ။ ရခိုင်ပြည်သမိုင်း မရိုင်းရရေးအတွက် ပြည်သူအားလုံးပါဝင် စောင့်ရှောက်ကြပါ ခင်ဗျား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Saturday, October 3, 2015

လူကြမ်းတွေကြောင့်


အိပ်ချုပ်ဆိုပြီး
အိမ်ထဲမှာ ထည့်ထား
ထောက်ခံမှု ရပ်မသွား။

မသွားရ မလာရ
လမ်းမှာတား
ရထားတွဲဖြုတ်ထား
ထောက်ခံမှု ရပ်မသွား။

သေခါနီးလင် မလာရ
တားမြစ်ဟန့်တား
ထောက်ခံမှု ရပ်မသွား။

အမျိုး ဘာသာ သာသနာ
ဘာညာ ဖြစ်မယ်
လေလုံးတွေထွား
ထောက်ခံမှု ရပ်မသွား။

မနောကွင်းကြီး
သော့ခပ်ထား
ထောက်ခံမှု ရပ်မသွား။

လူကြမ်းမင်းသား
များများနှိပ်စက်ပြ
မြင်ရသူ မျက်ရည်ကျ
မင်းသမီးကို ဝိုင်းချစ်ကြ။

(လူကြမ်းမှာ
ပုံသဏ္ဍာန်ပေါ်လေလေ
လူတွေချဉ်လေလေ။

လူကြမ်းမှာ
အမူအရာပိုင်လေလေ
လူတွေချဉ်လေလေ
ဖြစ်ရတယ်။ .... ကိုထီး သီချင်း။ )
 
 

Wednesday, September 30, 2015

စာရေးဆရာတဲ့လား


စာရေးဆရာ ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြတာ ကြားဖူးတယ်။

ဗမာပြည်မှာ အရင်ကတော့ စာပေနဲ့စာနယ်ဇင်းအဖွဲ့ဝင်ဖြစ်ဖို့ ဝတ္ထု ဘယ်နှစ်အုပ်တို့ ကဗျာပေါင်းချုပ်ဘယ်နှစ်အုပ်တို့ ထုတ်ဝေဘူးဖို့ လိုအပ်တယ်။

ခုလို အွန်လိုင်းခေတ်မှာတော့ ကိုယ်တွေလို မနေနိုင်လို့ စာထထရေးနေတဲ့သူတွေ ဒုနဲ့ဒေးပဲ။ စာအုပ်တော့ တစ်အုပ်မှ မထွက်ခဲ့ဘူးကြ။

စာပေနဲ့စာနယ်ဇင်းအဖွဲ့ဝင် မဖြစ်နိင်ကြတဲ့ စာရေးသူတွေပေါ့။ အွန်လိုင်းမှာ အလကား အားနေလို့ ကီးဘုတ်ရိုက်နေသူတွေပါလို့ တချို့ ကတော့ ကောင်းချီးပေးကြလေရဲ့။

နိုင်ငံတကာမှာတော့ PEN International ဆိုတာရှိတယ်။ PEN ရဲ့ အရှည်ကတော့ Poets, Essayists, Novelists ပေါ့။ ကဗျာ၊ ဆောင်းပါး ( ရသ စာတန်း ) ၊ ဝတ္ထု ရေးသူများ အဖွဲ့ ဆိုပါတော့။

သူတို့အားလုံးကို စာရေးသူများ (ကလောင်ရှင်များ) လို့ သတ်မှတ်ပါတယ်။ ဒစ်ဂျစ်တယ်ရှင်များလည်းပါသပေါ့။

စာတပုဒ်ဟာ စေတနာပါမယ်။ အရေးအသားကောင်းမယ်ဆိုရင် စာဖတ်သူရင်ထဲ ရောက်ကြတာပါပဲ။ Art for Art sake. တို့ Art for People sake. တို့ ငြင်းကြရမဲ့ခေတ်မှ မဟုတ်တော့တာပဲ။

ဆရာတင်မိုးကတော့ မနေနိုင်လို့ စာရေးနေသူအားလုံးဟာ စာရေးဆရာတွေပဲလို့ ပြောဖူးတယ်။ သူပြောတဲ့အထဲမှာ မြန့်မာ့အားကစား အဟွာလွှမ်းစေရမည်တို့ဘာတို့ရေးတဲ့ သူတွေတော့ ပါမယ်မထင်။ သူတို့က မနေနိုင်လို့ရေးတာမဟုတ်။ ဖားဘို့ ရေးကြတာကိုး။

ဘာပဲဖြစ်ဖြစ် အကျိုးမဲ့မဖြစ်မဲ့စာတွေ ရေးနေကြတဲ့ သူအပေါင်းကတော့ စာရေးသူနဲ့ စာဖတ်သူ အကြိုက်တူနေကြရင်း စာတွေ ဆက်ရေးနေမိမှာ အသေအချာပါပဲဗျာ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
 
 

Thursday, September 24, 2015

မတူပါဘူး

မတူပါဘူး။

ဟုတ်ကဲ့။ သမ္မတကြီးနဲ့ အရင်စစ်အစိုးရ မတူပါဘူးတဲ့ခင်ဗျ။

ဦးဝင်းတင်၊ မင်းကိုနိုင်၊ ဇာဂနာ အစရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို မတရား ဖမ်းဆီးထောင်ချခဲ့တာ အရင်အစိုးရပါ။ မတူပါဘူး ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ နေအိမ်အကျယ်ချုပ် ထားခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူး ခင်ဗျ။

နိုင်ငံရေး လှုပ်ရှားမှုမျိုးစုံကို မလုပ်နိုင်အောင် စာပေကင်ပေတိုင်ရုံးကြီးထား။ ဒီမိုကရေစီဆိုတဲ့ စာသားတောင်ခွင့်မပြုပဲ ဆင်ဆာဖြတ်ခဲ့တာ အရင်အစိုးရပါ။ မတူပါဘူးခင်ဗျ။

ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ တွေ့ရင်တောင် နိုင်ငံရေးသမားဆိုပြီး ပုဒ်မအစုံတတ် ဖမ်းဆီးထောင်ချ။ ငွေစက္ကူထဲက ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ဖြုတ်ပြီး ခြင်္သေ့တွေ ဆင်တွေနဲ့အစားထိုး။ တနိုင်ငံလုံးက ဗိုလ်ချုပ်အောင်ဆန်းပုံတွေဖြုတ်၊ ပန်းခြံတောင် သော့ခပ်ခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူး ခင်ဗျ။

မိုဘိုင်ဖုန်းတွေကို သိန်းသုံးဆယ်လောက် ပေါက်ဈေး ဖြစ်အောင် လုပ်ခဲ့တာလည်း အရင်အစိုးရပါ မတူပါဘူး ခင်ဗျ။

မော်တော်ကာစုတ်တွေကို သိန်းထောင်ချီ ဖြစ်အောင် လုပ်ခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူး ခင်ဗျ။

ရွှေဝါရောင်တော်လှန်ရေးမှာ ငွေကြာယံ၊ မဂ္ဂင်စတဲ့ ဘုန်းကြီးကျောင်းတွေ ဝင်စီး၊ သံဃာတွေကို ရိုက်ခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူးခင်ဗျ။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖေါ်ဖို့ လက်မှတ်ထိုးခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူး ခင်ဗျ။

ဘင်ဂါလီ ၆ သိန်းကျော်ကို တရားဝင်ဖြစ်ပြီး မဲပေးနိုင်အောင် လုပ်ပေးခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူးခင်ဗျ။

ရှိသမျှ သယံဇာတတွေကို အောက်ဈေးနဲ့ထိုးရောင်း၊ သစ်တွေခိုးထုတ်နဲ့ ထင်တိုင်းလုပ်ခဲ့တာလည်း အရင်အစိုးရပါ မတူပါဘူး ခင်ဗျ။

ပြည်သူတွေ ဆင်းရဲတွင်းထဲမှာ နစ်နေအောင် ငွေဖေါင်းပွမှုတွေ မျိုးစုံဖြစ်အောင် လုပ်ဆောင်ခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူးခင်ဗျ။

တိုင်းရင်းသားတွေကို အကြောင်းအမျိုးမျိုးပြ ဖိနှိုပ်ထားခဲ့ပြီး ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုကာ ဝါဒဖြန်.၊ ပြည်တွင်းစစ် သက်ဆိုးရှည်အောင် လုပ်ယူရင်း တိုင်းပြည်ဘဏ္ဍာငွေတွေရဲ့ ရှစ်ဆယ်ရာနှုန်းကျော်ကို စစ်အသုံးစရိတ် သုံးခဲ့လို့ ပညာရေး ကျန်းမာရေး လူမှုရေးတွေ ဂဏ္ဍအသီးသီးက နိမ့်ပါးပြီး အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံဘဝရောက်ခဲ့အောင် ပြုလုပ်ခဲ့တာလည်း အရင်အစိုးရပါ။ မတူပါဘူးခင်ဗျ။

ဟုတ်ကဲ့။ မတူအောင်ကို ဘောင်းဘီချွတ်၊ ချိတ်လုံချည်ဝတ်ပြီး ခေါင်းပေါင်းပေါင်းပြခဲ့တာ ငါးနှစ်တောင် ရှိခဲ့ပြီပဲ။ မိတ်ဆွေ တီဗွီမကြည့်ဘူးနဲ့တူရဲ့။

ချစ်ခြင်းအားဖြင့်

ဖာရေးထေးခွင့်၊ ဖုံးရေးကွယ်ခွင့် (မရှိ) သူ

မောင်လူပေ


 

အိုင်ပက်ပွတ်နေတယ်


စာဖတ်နေသလိုလိုနဲ့ တွင်းအောင်း အနာကုပ်ရင်း အိုင်ပက်ပွတ်နေသူကြီး မဟုတ်ဘူးနော်။

ဂေါ်ရခါးတပ်ဝိုင်းရံထားရင်း ဟုတ်ပေါင်ယောင်လို့ ဂေါ်ရခါးသီးတွေ ဝိုင်ရံထားရင်း အိုင်ပက်နဲ့ ဒီမိုကရေစီအရေးလုပ်နေတာ ဒါဗျဲ။

သွားလေသူတပ်ချုပ်ကြီးရဲ့ မြေးတော်လေးက အငြိမ်းစားတပ်ချုပ်ကြီးကို ပြောလိုက်တာများ ပက်ပက်စက်စက်။ အင်းလေ။ ဟိုကလည်း သူတို့ကို ရက်စက်ခဲ့တာကိုး။

အတွင်းစကားတွေအရသိရတာက စားခွက်လုကြတာပါပဲ။

အဲဒီခေတ်က ၁၅သိန်းတန် မိုဘိုင်းဖုန်းကိစ္စမှာ မြေးတော်တွေဂွင်ကို ဝင်ဖျက်ရာက အာဏာသိမ်းဖို့ကြံစည်တဲ့ထိ ဖြစ်ကြသတဲ့။

စကော်ပီယံဂိုဏ်းထောင်ထားတဲ့မြေးတော်တွေက သူတို့ပိုင်တဲ့ တိုင်းမှုးတွေကိုခေါ်ပြီးတိုင်ပင်ကြတယ်။ တပ်မတော်နေ့ချီတက်ပွဲလာမဲ့ ပဲခူးတပ်မ၇၇ ရဲ့တပ်မမှူး က သူတို့လူယုံ။ တပ်ချုပ်ဟောင်းဗခကကျော်ထင်ရဲ့ ပီအေဘဝမှာ သူတို့နဲ့ ရင်းနှီးခဲ့သူ။ သူ့အားကိုးနဲ့ အာဏာသိမ်းမယ်ပေါ့။

ဒါပေမဲ့ ထင်သလိုမဖြစ်တာက အဲဒီလူ လူရိုးလူဖြောင့်ကိုယ်တိုင် ဖေါ်လိုက်တဲ့အတွက် အကုန်ပေါ်။ တြိဂံတိုင်းမှုး၊ ကမ်းရိုးတန်းတိုင်းမှူးတွေပြုတ်။ သူတို့လည်း ထောင်နန်းစံ။ သူတို့အားကိုးတဲ့ ထောက်ချုပ်ကြီးကလည်း မကယ်နိုင်ခဲ့။ အဲဒီ ဖေါ်ကောင်လုပ်ခဲ့တဲ့ တပ်မမှူးလည်း တပ်ချုပ်ကြီးရဲ့ မြှောက်စားမှုမရပါဘူး။ စွမ်းအင်ဒုဝန်ကြီးဘဝနဲ့ချောင်ထိုးထားတာအကြာကြီး။ နောက်မှ ဝန်ကြီးရရှာတာ။ စွမ်းအင်ကနေ ရထားပြောင်း။ ခုတော့ ဝန်ကြီးကနေ အသွင်ပြောင်းပြီး ကြံ့ခိုင်ရေးဥက္ကဌအပြောင်းအလဲအပြီးမှာ ပါတီဗဟိုကော်မတီဝင် ဖြစ်နေလေရဲ့။

သေဒါဏ်ကနေ တသက်တကျွန်း။ နောက်မှ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ မြေးတော်လေးတွေကတော့ ဖေါ်ကောင်ဆရာကို အမှုန့်ကြိပ်ပစ်ချင်နေလိမ့်မယ်။ တပ်ချုပ်ကြီးကိုတော့ အဲဒီထက်ပိုမယ်။

( ဧဝံ ဤသို့ မေ ကျနုပ်သည် သုတံ ကြားခဲ့ဘူးပါကြောင်း။ )
 

တရုတ် အမေရိကန် တွေ့ ကြမယ်

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးနှစ်ခုရဲ့ သမ္မတတွေ မကြာမီ တွေ့ကြတော့မယ်။

ဝါရှင်တန်ခရီးစဉ်ဟာ တရုတ်သမ္မတစီအတွက် အရေးပါတယ်။ သူသမ္မတဖြစ်ထဲက အမေရိကန်ကို ပထမဆုံးလည်ပတ်တာ ဖြစ်သလို တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးကျဆင်းနေတဲ့အချိန်လည်း ဖြစ်နေတယ်။

တရုတ်နဲ့အမေရိကန်ဆက်ဆံရေးမှာ အဖုအထစ်တွေအများကြီးပါ။ တောင်တရုတ်ပင်လယ်စိုးမိုးမှုကိစ္စ၊ အွန်လိုင်းပေါ်က အမေရိကန်ရဲ့အချက်အလက်တွေ ခိုးယူဖေါက်ထွင်းခံရမှုကိစ္စ၊ လူ့အခွင့်အရေးကိစ္စ စတဲ့အချက်တွေ အများကြီးကို သမ္မတနှစ်ဦး တွေ့တဲ့အခါ ဆွေးနွေးကြပါလိမ့်မယ်။

အမေရိကန်သမ္မတကလည်း အိမ်ဖြူတော်မှာ သောကြာနေ့တရားဝင် တွေ့ကြတဲ့အခါ သေနပ်ဖေါက်ကြိုဆိုပြီး ညစာစားပွဲနဲ့ တည်ခင်းပါ့မယ်။ အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတွေ့ဆုံပြီးရင် နောက်ကပါလာတဲ့ အဖွဲ့တွေ ဆွေးနွေးကြမယ်။ အဓိကကတော့ စီးပွားရေးကိစ္စပေါ့။

တရုတ်နိုင်ငံကြီးက စီးပွားရေးဒုတိယအင်အားကြီးနိုင်ငံ ဖြစ်လာပြီးနောက်ပိုင်း နိုင်ငံခြားအရန်ငွေတွေ အရမ်းပိုလျှံလာတယ်။ သတင်းတပုဒ်အဆိုအရ ဒေါ်လာ ၂၃ ထြီလီယံကျော် ရှိပါသတဲ့။ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာလည်း လစဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ပိုငွေပြနေဆဲပါ။

အခုလို တရုတ်စီးပွားရေးကျဆင်းမှုကြောင့် စတော့တွေ ဈေးကွက်ပျက်ရတဲ့အချိန်မျိုးမှာ အဲဒီပိုငွေတွေကို အမေရိကန်က စီးပွားရေးထဲ ထည့်စေချင်တယ်။ တရုတ်က ထိမ်းပြီး နည်းနည်းစီပဲ ထည့်တယ်။ တရုတ်ယွမ်ငွေကိုလည်း ရှိရမဲ့တန်ဖိုးထက် ပိုချထားတယ်။ အမေရိကန်ဒေါ်လာက ဈေးတက်နေလေတော့ တရုတ်ပစ္စည်းက ပိုပေါလာပြီး အမေရိကန်ပစ္စည်းက ပိုဈေးကြီးလာတယ်။

တရုတ်က စီးပွားရေးကျဆင်းမှုကြောင့်ဆိုပြီး အမေရိကန်ရဲ့ပို့ကုန်တွေကို ဖြတ်တောက်မှာယူမှုတွေလည်း လုပ်လာတော့ ကုန်သွယ်ရေးမညီမျှမှုက ပိုဆိုးလာပါတယ်တဲ့။

အမေရိကန်ကွန်ဂရက်ထဲမှာလည်း တရုတ်ရဲ့တဖက်စောင်းနင်းလုပ်မှုတွေကို မကြာခဏ ဝေဖန်လေ့ရှိတယ်။ သူတို့က သမ္မတအိုဘားမားကို ဖိအားတွေပေးနေတယ်။ ဒါကြောင့် သမ္မတနှစ်ဦးတွေ့ကြတဲ့အခါ ဆွေးနွေးပြောဆိုစရာတွေ အများကြီး ဇြစ်နေပါသတဲ့။

မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့လွှမ်းမိုးမှုကလည်း ခေါင်းဆောင်သစ် ကင်ရဲ့ လက်ထက်မှာ မကြုံဘူးအောင်ကျဆင်းနေတယ်။ အရင်တရုတ်သမ္မတတွေ လုပ်လေ့ရှိတဲ့ ခြောက်နိုင်ငံ ဆွေးနွေးရေးလည်း ခုထိ မလုပ်နိုင်သေး။ စစ်ကို လိုလားတဲ့ မြောက်ကိုးရီးယားနဲ့ဆက်ဆံရေးကလည်း ခုထိ သောင်မတင်ရေမကျပါပဲတဲ့။ အမေရိကန်က မြောက်ကိုရီးယားကို ဆက်ဆံချင်ရင် တရုတ်ကို ကြားခံထား ဆက်ဆံရတာလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်ကတော့ win win အခြေအနေတရပ်ကို ဖန်တည်းယူပါလိမ့်မယ်။ တလောကပဲ ပြီးဆုံးသွားတဲ့ အမေရိကန်တရုတ် ဖန်လုံအိမ်ဓါတ်ငွေ့ဆွေးနွေးပွဲမှာ ပထမဆုံးအနေနဲ့ သဘောတူညီချက်တွေ ရခဲ့ကြတယ်။ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ ကမ္ဘာ့စီးပွားရေးကို အများကြီး ရိုက်ခတ်နိုင်တာမို့ နိုင်ငံ နှစ်ခုလုံးက အထိအခိုက်ခံမယ် မထင်ရပါဘူး။

တရုတ်သမ္မတကြီးစီ အနေနဲ့လည်း အရေးကြီးတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်။ သူ့ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်မှုကို ဆန့်ကျင်တဲ့ပါတီခေါင်းဆောင်တွေ ရှိနေတယ်။ သူတို့က အချင်းချင်း ဖြုတ်ထုတ်သတ် မလုပ်ချင်ကြဘူး။ သမ္မတစီရဲ့ စီးပွားရေးပြုပြင်ပြောင်းလည်းမှု ပထမအဆင့်ကလည်း စီးပွားရေးနှေးကွေးမှုကြောင့် ထင်တာထက် ကြာမယ်လို့ ခန့်မှန်းကြတယ်။

အမေရိကန်သမ္မတအိုဘားမားအတွက်ကလည်း သူ့ရဲ့ နောက်ဆုံးသက်တန်း ဖြစ်နေတယ်။တရုတ်ကို မကြေနပ်တဲ့ ကွန်ကရက်အတွက် ပြောသင့်တာ ပြောရလိမ့်မယ်။ နောက်တက်မဲ့သမ္မတသစ်ဟာ ဘယ်သူလည်း မသိနိုင်ပေမဲ့ တရုတ်နဲ့ဆက်ဆံရေးမှာတော့ ထုံးစံအတိုင်း ပြောပြောဆိုဆိုနဲ့ပဲ စီးပွားရေးခြင်း ပူးပေါင်းကြပါလိမ့်မယ်။ လူဦးရေ ၁.၃ ဘီလီယံကျော်ရှိတဲ့တရုတ်နိုင်ငံကြီး မတည်မငြိမ်ဖြစ်တာကို ဘယ်သူကမှ လိုလားကြမယ် မထင်ပါဘူး။

ကျွန်တော်တို့ မြန်မာအစိုးရကတော့ တရုတ်အားထား တရားအားထုတ်နေရာကနေ တရုတ်နဲ့ အနည်းငယ် ခွာပြဲစ ပြုလာတာ တွေ့နေရပြီ။ အမေရိကန်နဲ့ကလည်း ဝေးလွန်းတော့ အားကိုးဖို့ မဖြစ်နိုင်သေး။ လိမ္မာပါးနပ်စွာ ကစားတတ်ရင်တော့ အဲဒီနိုင်ငံကြီးနှစ်ခုရဲ့ ကူညီမှုတွေယူပြီး နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ပါလိမ့်မယ်။

မြန်မာပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

လုပ်သလို ဖြစ်ကြသူများ

သံချောင်းပါတီ ငှက်ကထလည်းဖြစ် တမဒကြီးလည်း ဖြစ်သူက ရေဘေးကြောင့် နေစရာတောင်မရှိလို့ ဒုက္ခသည်ဖြစ်နေတဲ့ သူတွေကို ဘုရားတွေလှူတော့လည်း..... ဘာမှမဖြစ်။ ဒုက္ခသည်တွေကို သနားလို့ပါတဲ့။ (ဘုရားတွေ တော့ အိမ်ခြေမဲ့ ဖြစ်တာပေါ့ )

သံချောင်းပါတီ ထောက်ခံပွဲကို ကြွရောက်ကြဖို့ ငွေတွေပေး။ ကြာဆံကြော်တွေကျွေးတော့လည်း ဘာမှ မဖြစ်။ ထောက်ခံသူတွေ ပေးသွားတာပါ။ ပြည်သူတွေ ဘိုက်ဆာနေလို့ ကျွေးတာပါတဲ့။ ( အလုပ်အကိုင်မဲ့တွေတော့ နေ့တွက်ကိုက်တာပေါ့။ )

သံချောင်းပါတီ မဲဆွယ်ပွဲအတွက် ရွာတွေမှာ တအိမ်နှစ်သိန်း အတိုးနည်းနည်းလေးနဲ့ ချေးပေးတာတို့၊ ဆိုလာပြားတွေ ဝေတာတို့လည်း ဘာမှမဖြစ်။ ပြည်သူတွေ ဆင်းရဲတာမို့ ကူညီတာပါတဲ့။ ( ရွာသားတွေတော့ ခဏတာ အဆင်ပြေကြတာပေါ့။ )

သံချောင်းပါတီက နိုင်ငံတော်ပိုင် အဆောက်အဦတွေ၊ ငွေကြေးတွေကို သူတို့ပါတီပိုင်လို ခပ်တည်တည်နဲ့ ထင်သလို သုံးဖြုံးပြီး မဲဝယ်ဖို့ လုပ်နေတာလည်း ဘာမှမဖြစ်။ အရင်အစိုးရဆိုတဲ့ ဘောင်းဘီဝတ်ထားစဉ်ကထဲက အမည်ပေါက်အောင် ပြောင်းပြီးပြီမို့ တရားဝင်သတဲ့။ ( ပြည်သူပိုင်ပစ္စည်းတွေကတော့ ပလုံစွပ်ပေါ့။ )

သံချောင်းက ၂၆% ပဲနိုင်ဖို့လိုတယ်။ တပ်က ၂၅% နဲ့ပေါင်းပြီး အစိုးရဖွဲ့လို့ရပြီ။ ခွပ်ဒေါင်းကြယ်တွေ အစိုးရဖွဲ့ဖို့ စိတ်ကူးမယဉ်နဲ့ လို့ တမတ်သားကို အိပ်ထဲထည့်ပြီး ပြေးလမ်းရဲ့ လေးပုံတပုံ အသာစီးက ပြိုင်ရတဲ့ ပါတီဝင်ကြီးက ပြောတော့လည်း ဘာမှမဖြစ်။ သူပြောတာ အမှန်တွေချည်းပဲလေ။ ( ပြည်သူ့အားကိုးရတဲ့ ခွပ်ဒေါင်းကြယ်ကြီးကတော့ အတော်မွဲစွာ မဲဆွယ်လှုပ်ရှားနေရတဲ့အထဲ နောက်ကလိုက်ပြေးရမယ်ပေါ့။ )

သံချောင်းပါတီရဲ့ ဝတ်စုံဝတ်ပြီး ဘုရားထီးတင်၊ ကန်တူးပြ။ ပြီးတော့ ကောင်းကင်ကနေ ငွေစက္ကူတွေ တလှေကြီးကြဲချ တာလည်း ဘာမှမဖြစ်။ ထီးတင်လို့ ငွေကျဲတာပါတဲ့။ ( ဘုရားထီးတင်ပွဲလာတဲ့ လူတွေတော့ ငွေတွေလုရင်း ချွေးတွေရွှဲမှာပေါ့။ )

ဟုတ်ကဲ့။ အခုလို အခြေအနေမျိုးကို ခွပ်ဒေါင်းကြယ်ပါတီဝင်တွေ လုပ်မိခဲ့ရင် ဘာဖြစ်လာမယ် ထင်ပါသလဲ။ ( နိုင်ငံတော်ပိုင် ပစ္စည်းများ အလွဲသုံးမှုတို့၊ ဘာသာရေးကို နိုင်ငံရေးတွင် ခုတုံးလုပ်မှုတို့ဆိုတဲ့ တည်ဆဲဥပဒေတွေနဲ့ ဖမ်းလိုက်မှာပေါ့ကွယ်။ )

အဲဒါ တရားမျှတတယ် ထင်လားဟင်။ ( လူကလေး သိပ်အတာပဲ။ နောက်ကို အဲလိုဖြစ်ချင်ရင် ငါ့လို ဘောင်းဘီချွတ်ပြီး သူငယ်ချင်းကို ရွေးကော် ငှက်ကထ ခန့်ပါလေ.... တဲ့။

Sunday, September 20, 2015

တော်သလင်းလအကြောင်း

လတော်သလင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြန်ပေါ့။

ရှေးကတော့ ဒီလကို သစ်ဆင်းလလို့ ခေါ်ကြပါတယ်။ ဆရာဇော်ဂျီရဲ့ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်းဆိုတာ ဒီလဖွားတဲ့ သူ့ညီကို ရည်ညွှန်းပြီး ရေးဟန်ဖွဲ့ခဲ့ပုံရတယ်။

ဆယ့်နှစ်လရာသီပွဲတော်တွေထဲမှာ တော်သလင်းလ လှေပြိုင်ပွဲလို့ ငယ်ငယ်က ကြားဖူးတယ်။ မုတ်သုန်ဆုတ်ချိန်မို့ ရာသီက ကြည်လင်ပြီးသာယာချိန်။ တော်သလင်း မြစ်တွင်းသင်ဖြူးခင်း လို့တောင် တင်စားခဲ့ကြသေးရဲ့။

သာယာလှတဲ့ရာသီ တည်ငြိမ်တဲ့ရေပြင်မှာ ရှေးမြန်မာကြီးတွေ လှေသဘင်ပွဲတွေ ခြိမ့်ခြိမ့်သည်း ကျင်းပကြပုံတွေကို မဟာဂီတဦးပြုံးချိုက

" သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှေတက်သံလှေပြိုင်ပွဲငယ်၊
နွဲပျော်ကြရှာ...။ "

ရယ်လို့ ရေးဖွဲ့ခဲ့တာ မှတ်သားဖူးတယ်။

ကန်ရာသီ တော်သလင်းလရဲ့ လှေပွဲသဘင်ကို ကင်းဝန်မင်းကြီးကလည်း

" တော်သလင်းလဆီ၊ ကန်ရာသီ၊ ထွန်းခြီဘဒြ၊ ရင်းမာလှိုင်မြဲ၊ ခိုင်လုံးဆွဲ၊ လှေပွဲသဘင်က။ "

ရယ်လို့ ရေးဖွဲ့ထားသေးရဲ့။

ရာသီပန်းက ရင်းမာ ( ယင်းမာ ) ပေါ့။ ပင်လုံးဝေနေတဲ့ ယင်းမာတွေကို မြန်မာသူ ပျိုဖြူချောတို့ ခေါင်းလုံးဝေအောင်ပန်ဆင်ပြီး ချစ်တဲ့သူ လူညိုထွားတို့ရဲ့ လှေပွဲသဘင်ကို အားပေးကြပေလိမ့်မယ်။

" ခါးသေးချီ ရင်အုပ်ထွားနဲ့ ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာငယ် ထွားကြိုင်းတဲ့ဗမာလူငယ်။ တော်စမ်းဟယ် ကောင်မရယ်၊ ညီးလူကြီးကို ညီးဘာသာယူပေါ့တဲ့..."

ရယ်လို့ ရေချိုးဆိပ်သီချင်းမှာ ဆရာငြိမ်းရးဖွဲ့ခဲ့သလို မြစ်ဆိပ်မှာ ရေချိုးနေကြတဲ့ လုံမပျိုများကလည်း လှေပွဲအတွက် လေ့ကျင့်နေကြတဲ့ ရောင်ကြီးဘွေတွေကို ကြည့်ရင်း ကလူကြည်စယ် နေကြမလားပဲ။

လှေပွဲဆိုတာ တဦးကောင်းမဟုတ်။ ညီညွတ်မှုကို ပြကြရတာမဟုတ်လား။ သန်မာထွားကြိုင်း ခွန်အားရှိဖို့လည်း လိုအပ်သေးတယ်။ လေ့ကျင့်မှုလည်း များရမယ်။ ဘုရင်ကိုယ်တိုင် အားပေးတဲ့ လှေပွဲကို အနိုင်မခံ အရျှံးမပေးပဲ လှေခွက်ကြည့်ကျန် အလှံမလဲ ပြိုင်ပွဲ ဝင်ကြပေမပေါ့။

ရှေးမြန်မာတို့ရဲ့ ရေကြောင်းချီနည်းကလည်း မညံ့ခဲ့ကြ။ ဆင်ဖြူရှင်လက်ထက်မှာ တရုတ်ကို လေးကြိမ်တိုင် ခုခံနိုင်ခဲ့တာလည်း ဒီရေကြောင်းချီတတ်ကြွမ်းမှုက အဓိက အထောက်အကူ ပြုခဲ့တာပဲ။ ဧရာမြစ်ကြောမှာ မြန်မာ့ရေတပ်က လှေတွေ အပြည့်နဲ့ ခုခံနိုင်ခဲ့ကြပါသတဲ့။

တော်သလင်းဟာ ဝါတွင်းသုံးလရဲ့ နောက်ဆုံးလ ဖြစ်တာကြောင့်လည်း ဝါဆိုကြတဲ့ သံဃာတော်တွေ ဝါထွက်ဖို့ နီးပြီမို့ ပျော်ကြပေလိမ့်မယ်။ ချစ်သူစုံတွဲတွေလည်း ဝါကျွတ်မှာ နီးကြဖို့အရေး အခုထဲက လိုအပ်တာတွေ စုဆောင်းရင်း ကြိုတင်ပြင်ဆင် နေကြရော့မယ်။ လယ်ယာဦးကြီးများကတော့ မြေကြီးက ရွှေသီးလာတာတွေ ကြည့်ရင်း သားရှင်ပြုအလှူမင်္ဂလာကို ဝါကျွတ်ရင် နွဲနိုင်ပြီကွဲ့ရယ်လို့ လက်ခမောင်းခတ် ကျွေးကျော်နေမယ်။ ချစ်သူနဲ့ ဝေးနေရတဲ့ လုံမပျိုများကတော့ ကန်ရာသီ တော်သလင်းလမှာ မျှော်ရင်းကျမကတော့ လွမ်းရပါသည် ဆိုတဲ့ ဗိုလ်အောင်ဒင်ရဲ့ မေမေဝင်း ဘဝရယ်ပေါ့။

တော်သလင်းလမြတ်မှာ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာလို့ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

Thursday, September 17, 2015

ငြိမ်းချမ်းရေး

စက်တင်ဘာ ၁၈ တဲ့လား။ မှတ်မိတာပေါ့။

တပြည်လုံးကပြည်သူတွေ
ဆူပူသောင်းကြမ်းသူစာရင်း
ဝင်သွားခဲ့တဲ့နေ့။

ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဆိုတဲ့နာမည်သစ်နဲ့
စစ်အစိုးရ အာဏာသိမ်းတဲ့နေ့။
တညနေလုံး စစ်ချီတေးတွေ လွှင့်နေတဲ့နေ့။
၁၉၈၈ ရဲ့ ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြိုခွင်းခံရတဲ့နေ့။

နောက်နေ့မနက်ပိုင်းမှာတော့ ဆူပူသောင်းကျန်းသူတွေဆိုတဲ့ နာမည်တတ်ပြီး မဲမဲမြင်ရာ ပစ်လိုက်ကြလို့ သေသူသေ၊ ဒါဏ်ရာရသူရ။
ခွင့်လွှတ်ပါတယ်။ သင်ပုန်းလည်း ချေပါတယ်။ ပြီးခဲ့တာတွေ ပြီးခဲ့ပြီပဲ။

ဟုတ်ကဲ့။ မေ့တော့မမေ့နိုင်သေးဘူးဗျာ။
အဲဒီနေ့က ပုံရိပ်တွေကို။ သွေးကွက်တွေကို။
အလောင်းတွေကို။
မျက်ရည်တွေကို။
ငိုကြွေးသံတွေကို။
ကြောက်လန့်တကြား အော်သံတွေကို။
ကမ္ဘာပျက်မတတ် ပြေးလွှားနေကြတဲ့ လူတွေကို။
အံကြိတ်သံတွေကို။
တောက်ခေါက်သံတွေကို။
-------------- တွေကို။

တကြော့ပြန် မမြင်ချင်ဆုံး
မကြားချင်ဆုံး
မကြုံချင်ဆုံး
အဲဒီနေ့မျိုး နဲ့
မြန်မာပြည်သူ ပြည်သားတွေ
အစဉ်ထာဝရ ဝေးကွာကြပါစေ။

( ငြိမ်းချမ်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲနည်းလမ်းဖြင့် နိုင်ငံရေးအာဏာ လွှဲပြောင်းနိုင်ရေးအား မျှော်လင့်နေပါကြောင်း။)

ချစ်ခြင်းအားဖြင့်

မောင်လူပေ