Monday, August 31, 2015

ဆုတစ်ဆုအကြောင်း


ဆုတစ်ခုအကြောင်း

ပရဟိတကာချုပ်ကြီး ကိုကျော်သူ Ramon Magsaysay ဆုယူတဲ့ ပုံလေးပါ။

အာရှတိုက်ရဲ့  နိုဗယ်လ်ဆုလို့  တင်စားခံရတဲ့ ဆုလည်း ဖြစ်ပါတယ်။

ဒီလိုအမြင့်ဆုံးဆုတစ်ခုကို ရရှိခဲ့တဲ့ ကိုကျော်သူအတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့  များစွာ ဂုဏ်ယူမိပါတယ်။

ကိုကျော်သူပြောဖူးတယ်။ သူ ပရဟိတအလုပ်တွေ လုပ်နေတာ နိုင်ငံတော်က အသိအမှတ်မပြုတဲ့အပြင် အနှောက်အယှက်တွေပေးနေတဲ့ အချိန်မှာ ပြည်ပက နိုင်ငံရေးတက်ကြွသူတွေပေးအပ်တဲ့  နိုင်ငံ့ဂုဏ်ရည်ဆုကို ဦးဦးဖျားဖျား ရလိုက်တော့ ဝမ်းသာလွန်းလို့  အိပ်တောင်မပျော်ဖူးတဲ့ ။ ဆုလိုချင်လို့  ပရဟိတတွေ လုပ်နေတာ မဟုတ်ပေမဲ့ ပုထုဇဉ်ပီပီ သူ့ကို အသိအမှတ်ပြုတာကို ဝမ်းသာရှာမှာပေါ့။

အခုတော့ ပိုကြီးမြင့်တဲ့ ဆုကိုရရှိလိုက်တဲ့အတွက် ပို ဝမ်းသာနေရှာမယ်။

နိုင်ငံတော်ကတော့ ဒီလိုလူမျိုးကို ဘာဆုမှ ပေးတာ မကြားမိသေး။ သူကလည်း ပြည်သူတွေက အသိအမှတ်ပြုတာနဲ့ ပဲ ကြေနပ်နေတဲ့သူ။

ပြည်သူချစ်တဲ့  ကိုကျော်သူ(ခ) ကိုကျော်ဝင်း(ခ) မောင်မောင် ပရဟိတအလုပ်များ ဆက်လက်သယ်ပိုးလျှက် ကျမ်းမာချမ်းသာပါစေ။

( ဆုဆိုတိုင်းလည်း သူလိုချင်မည် မဟုတ်ပါ။ အခုအချိန်မှာ သမ္မတကြီးရဲ့  ဂုဏ်ပြုဆုတို့ ၊ စာဖတ်နေသူကြီး နာမည်နဲ့  ပေးမဲ့ ဂုဏ်ပြုဆု တို့ လို ဆုတစ်ခုခု ပေးမယ်ဆိုရင် ကိုကျော်သူ လိုချင်မည်မထင်။ )
 
 
 

Sunday, August 30, 2015

ဆရာတော်ဥူးဗုဓ် အမှတ်တရ

" မင်းနဲ့တူအောင်ကျင့်က ငါတို့ သြဝါဒပေးရန်မလို။ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နဲ့မဆိုင်။ အဝီစိနဲ့သာ ဆိုင်သည်။ "
ဆရာတော်ဥူးဗုဓ်

အဝမြို့ဟောင်းက မယ်နုအုတ်ကျောင်းကြီးကို ရေစက်ချတဲ့နေ့က မင်းနဲ့မိဘုရားကြီးတို့က သြဝါဒပေးဖို့ လျှောက်ထားလို့ ပေးရတဲ့ သြဝါဒကထာလို့ မှတ်သားဖူးတယ်။
ခုခေတ်မှာလည်း ဒီလိုဆရာတော်ကြီးတွေ ရှိစေချင်စမ်းပါတယ်ဗျာ။ ။

ကြားနေရမယ်တဲ့လား

အနုပညာသမားအချို့ NLD အတွက်မဲဆွယ်ပေးတော့ မကြေနပ်သူအချို့က အွန်လိုင်းမှာ ပေါက်ကရ အော်ကြတယ်။ ပြည်သူ့အနုပညာရှင်ဆိုတာ ကြားနေရမတဲ့။ ဘယ်ချောင်မှာ သွားအိပ်ပျော်နေတဲ့ သူတွေလည်းမသိ။ ခုမှ အလန့်ထညက် ထအော်။ ဂျိုးပြောမိုးပြော။

သူတို့အဘတွေက တက်လာထဲက အဲဒီအနုပညာရှင်တွေကို အသုံးချနေတာ။ ဝါဒဖြန့်ကားတွေမှ တလှေကြီး။ ပါပီမ၊ တိန်ကော့နော်ဂျာ၊ ဘာညာဘာညာ တလှေကြီး။ နိုင်ငံတော်ကားဆိုပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခဲ့တာ နှစ်ပေါင်းများစွာ။ လူထုကို ဝါဒမှိုင်းတွေ တိုက်ပြီး ကယ်တင်ရှင် ဝင်လုပ်သွားတဲ့ အဘတွေက အဲဒီအနုပညာရှင်တွေကို အသုံးချပြီး မြေကွက်လေးချပေးလိုက်၊ ဖုန်းလေးချပေးလိုက်၊ အကယ်ဒမီလေး ပေးလိုက်နဲ့ လုပ်နေတုန်းက အိပ်ပျော်နေပြီး အခုမှ အာရုံနောက်အောင် ကန့်ကွက်နေတယ်။

ပြည်သူ့အနုပညာရှင်တဲ့လား။ ဟုတ်တယ်။ သူတို့တွေ ပြည်သူအများစုဖက်က ရပ်တည်နေတဲ့ ပြည်သူ့ အနုပညာရှင် စစ်စစ်တွေ။ ပြည်သူအများစုကြီး ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခတွေကို ကြည့်နေမြင်နေရတာ စိတ်မချမ်းသာလို့ ပြောင်းလည်းချိန်တန်ပြီ ဆိုပြီး ရှေ့ထွက်ရပ်ပြတာ။

အနုပညာရှင်တွေ ကြားနေရမယ်တို့၊ ဂျာနယ်လစ်တွေ ကြားနေရမယ်တို့ဆိုတာ ဝါဒဖြန့်လှိုင်းတွေနဲ့ လုပ်စားနေတဲ့ သူတွေပဲ ပြောကြတာ။ တကယ် ဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတိုင်းမှာ ဘယ်အနုပညာရှင်၊ ဘယ် ဂျာနယ်လစ်မှ ကြားမနေဘူး။ ကိုယ်ကြိုက်တဲ့သူ၊ ကိုယ်ကြိုက်တဲ့ပါတီကို လွတ်လပ်စွာ မဲဆွယ်ခွင့်ရှိတယ်။

အမေရိကန်မှာ ချာလီ ချက်ပလင်တို့ အသံတိတ် မင်းသားတွေ ခေတ်ကစပြီး နိုင်ငံရေးလုပ်တယ်။ မဲဆွယ်တယ်။ အခုလည်း ရွေးကောက်ပွဲနီးရင် ဘယ်မင်းသား၊ ဘယ်အဆိုတော်က ဘယ်ပါတီအတွက် မဲဆွယ်တယ် ဆိုတာ တွေ့ရလိမ့်မယ်။ ကောင်းဘွိုင်မင်းသားကြီး ကလင့်အိဝုဒ်တောင် စင်ပေါ်မှာ လူမရှိတဲ့ခုံကြီးတင်ပြီး အိုဘားမားကို လှောင်သွားသေးတယ်။ ကြည့်ချင်ရင် ယူကျူ့မှာ ရှာကြည့်။ သတင်းစာတွေကလည်း သူတို့ထောက်ခံတဲ့ ပါတီ၊ အမတ်လောင်းကို ရွေးကောက်ပွဲနီးရင် ဘယ်သူ့ကို ထောက်ခံကြောင်း ထည့်ပေးတယ်။ ဘယ်ဂျာနယ်၊ သတင်းစာမှ ကြားမနေဘူး။

ဟိုလူကြားနေသင့်တယ်။ ဒီလူ ကြားနေသင့်တယ်ဆိုတာ တောမှာသွားပြော။


 

Tuesday, August 25, 2015

မယ်နုအုပ်ကျောင်းနဲ့  အတွေးများ

ဒီတခေါက် ရွာပြန်တော့ အင်းဝ (အဝ)ကို ရောက်ခဲ့တယ်။ နာမည်ကျော် မယ်နုအုပ်ကျောင်းကြီးကိုလည်း တွေ့ခဲ့တယ်။ အတွေးတွေလည်း အများကြီး ပွားခဲ့တယ်။

မယ်နုဆိုတာ အထင်ကရ မိဘုရားကြီးပါ။ ဘကြီးတော်မင်းလို့ခေါ်ကြတဲ့ စစ်ကိုင်းမင်း အိမ်ရှေ့စံဘဝမှာ တော်ကောက်တယ်လို့ သိရတယ်။ နောက် ဘုရင်ဖြစ်လာတော့ မိဘုရားခေါင်ကြီး ဖြစ်လာတယ်ပေါ့။

မယ်နုငယ်စဉ် မြစ်ဆိပ်မှာရေချိုးနေတုန်း ချွတ်ထားတဲ့ထမီကို စွန်ချီပြီး နန်းတော်မှန်ကင်းမှာ သွားထားရာက ထူးခြားတယ်ဆိုပြီး တော်ကောက်တယ်လို့ ပြောကြတယ်။ အဒေါ်ဖြစ်သူမပုက နန်းတော်ထဲက အပျိုတော်မို့ အဒေါ်ခေါ်လို့ နန်းတော်ထဲမှာ အပျိုတော်ဖြစ်လာ။ ရုပ်ရည်ချောမောလှပတဲ့ အပျိုတော်မယ်နုကို ဘကြီးတော်ကတွေ့ပြီး မိဘုရားမြှောက်တယ်လို့လည်း ဆိုကြတယ်။ ဘယ်ဟာမှန်တယ်တော့ မသိ။

သေချာတာကတော့ မယ်နုဟာ တောသူပါ။ ရွှေဘိုနယ် ( ဖလံခုံရွာ ) ဇာတိပါတဲ့။ သူမိသုရားမဖြစ်ခင် ဘကြီးတော်မှာ အိမ်ရှေ့မိဘုရားဆင်ဖြူမယ်ရှိတယ်။ (သားတော်အိမ်ရှေ့မင်း ကံကုန်လို့ မြေးဖြစ်တဲ့ စစ်ကိုင်းမင်းသားခေါ် ဘကြီးတော်နဲ့ ကျန်ရစ်သူမုဆိုးမဆင်ဖြူမယ်ကို ပေးစားပြီး အိမ်ရှေ့အရာပေးတယ်။ ဘကြီးတော်ဟာ အဖိုးဖြစ်သူ ဘိုးတော်ဘုရားက သူ့အဒေါ်လောက်ရှိတဲ့ ဆင်ဖြူမယ်နဲ့ ပေးစားလို့ ညားခဲ့ရတာ။) ဆင်ဖြူမယ်ဟာ စကြာင်္မင်းလေး ကိုမွေးပြီး ကံကုန်ရှာတယ်။ ဒါကြောင့်ကလေးအဖေ တခုလပ် အိမ်ရှေ့မင်းကို ရှစ်နှစ်သမီးသာရှိသေးတဲ့ ပဒေါင်းမင်းသမီးလေးနဲ့ပေးစားပြီး အိမ်ရှေ့မိဘုရား မြှောက်ပြန်ပါတယ်။ကလေးအရွယ်မို့ မပေါင်းဖက်ရ။ အရွယ်ရောက်မှ ပေါင်းရမှာ။ အဲဒီလို ချစ်ကံခေလှတဲ့ အိမ်ရှေ့စားဟာ ငယ်ငယ်ချောချော မိနုလေးကိုတွေ့ပြီး တန်းတန်းစွဲချစ်မိသွားရာက မိဘုရားအရာ ပေးပါတော့တယ်။

မယ်နုကို မိဘုရားမြှောက်တော့ နန်းတော်တခုလုံး ပွက်လောရိုက်ပေါ့။ မဟာဆီမဟာသွေးမဟုတ်တဲ့ တောသူမကို ' ကြက်မှာအရိုး လူမှာအမျိုး' ဆိုတဲ့ ဆောင်ပုဒ် ဖျက်ပြီးယူတာပဲလို့ ကဲ့ရဲ့ကြတော့ မယ်နုက ' ကြက်မှာအမြစ် လူမှာအချစ် ' လို့ ပြန်ပြောပါသတဲ့။
ဘကြီးတော် ဘုရင်ဖြစ်တဲ့အချိန်ဟာ အာဏာလုပွဲအတွက် လွန်ဆွဲနေတဲ့အချိန်ပါ။

 ဘုရင်ရဲ့အချစ်တော်မိဘုရားကြီးနဲ့ သူ့မောင်တော် စလင်းစားမင်းသားကြီး မောင်အို၊ သူတို့ လွှမ်းမိုးထားတဲ့ လွှတ်တော်ကအမတ်တွေက တဖက် (အမ ရှင်ဘုရင်ကတော်ဖြစ်တော့ သူ့မောင်လည်း မင်းသားဖြစ်တာ မဆန်းလှပါ။) ။ ဘကြီးတော်ရဲ့ညီအရင်း သာယာဝတီမင်းသားနဲ့ တပ်က တဖက်။ ( ညီတော် သာယာဝတီ မင်းသားက တိုက်ရည်ခိုက်ရည်ကောင်းပြီး သြဇာလည်းကြီးလှလို့ တပ်က သူ့ဖက်က ထောက်ခံတယ်။) သားတော်စကြာင်္မင်းလေးနဲ့ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေက တဖက်။ ( စကြာင်္မင်းလေးကို မွေးဖွားချိန်က ထူးခြားတဲ့အတိတ်နမိတ်တွေ ပြခဲ့လို့ အလွန် ဘုံးတန်ခိုးကြီးမဲ့ စကြာင်္မင်းလောင်းလေးလို့ ပြည်သူက ယူဆခဲ့ကြတယ်။) အင်အားတွေ ပြိုင်နေချိန်။
တပ်ထောက်ခံတဲ့ သာယာဝတီမင်းသားက ပြည်သူထောက်ခံတဲ့ စကြာင်္မင်းလေးကို မကြောက်ပေမဲ့ ( ပြည်သူက ထောက်ခံသူကို ဂရုမစိုက် ခဲ့တာလည်း အဲဒီခေတ်ထဲက။) လွှတ်တော်ကိုပိုင်တဲ့ မယ်နုတို့ မောင်နှမကိုတော့ ကြောက်ဟန်တူပါတယ်။ ( ပြည်သူ၊ လွှတ်တော်၊ တပ် တို့ လွန်ဆွဲခဲ့တာ သူတို့ခေတ်က စတာ။ ခုမှမဟုတ်ဖူး။)

ဒါကြောင့် မယ်နုတို့ မောင်နှမဟာ အရင်းမဟုတ်ဘူး။ ညားနေကြတဲ့ ဘင်္ဂလားမောင်နှမ ဘာညာနဲ့ သူ့လူတွေကို သတင်းမှားတွေ လွှင့်စေပါတယ်။ မယ်နုတို့ဖက်ကလည်း သာယာဝတီမင်းသားဟာ တပ်ကိုအသုံးချပြီး ပုန်ကန်ဖို့ လက်နက်တွေစုဆောင်းနေတယ်လို့ သတင်းပြန်လွှင့်ပါတယ်တဲ့။ ( ကဲ ကြည့်။ သတင်းမှား ကောလာဟာလတွေ လွှင့်ပြီး ပြည်သူတွေ ခြောက်ခြားအောင် လုပ်ခဲ့တာလည်း ခုမှမဟုတ်။ အဲဒီခေတ်ထဲက။)

နန်းတော်ထဲမှာ ကွဲကြလေတော့ ဘုန်းကြီးတွေပါ ကွဲကြပါတယ်။ မိဘုရားကြီးရဲ့ကိုယ်တော်၊ သာယာဝတီမင်းသားရဲ့ကိုယ်တော် စသည်ဖြင့်ကွဲကြတဲ့အပြင် သူ့ကျောင်းက ပထမကျော်ထွက်တယ်။ ငါ့ကျောင်းက ပထမကျော် ထွက်တယ်အထိ အပြိုင်ကျဲလို့ ကိုရင်လုပွဲတွေအထိ ဖြစ်ကြပေမဲ့ သုဓမ္မာဆရာတော်ကြီးတွေက ဝင်မစွက်ရဲကြဘူး။ ( ဘုန်းကြီးတွေ ကွဲကြတာ။ အာဏာရှိသူကို ကြောက်ရတာလည်း အဲဒီ ခေတ်ထဲက။)

မိဘုရားကြီးက တန်ခိုးထက်လေတော့ ဘုရင်ကို ဝင်ချင်ရင် သူ့မောင် မောင်အိုဆီဝင်၊ မိဘုရားဆီဝင် ပြီးမှ ဘုရင်ဆီ ဝင်ကြရတယ်။ မိဘုရားကြီးစကားက အတည်ပဲတဲ့။ စီးပွားရေးသမားတွေက မယ်နုဆီ ချည်းကပ်ပြီး အခွင့်အရေးတွေ အပြည့်တောင်းကြတယ်။ မယ်နုက ပွဲခ ပြန်ရတယ်။ ရှယ်ယာတဝက်ထိ ရတယ်။ မိဘုရားကြီး အရမ်း ချမ်းသာတယ်။ ဘယ်လောက် ချမ်းသာလည်းဆိုရင် ပထမအင်္ဂလိပ် မြန်မာစစ်မှာ စစ်လျှော်ကြေး တကုဋ္ဋေပေးဖို့ တိုင်းပြည်မှာ ပိုက်ဆံမရှိလို့ မယ်နုကပဲ စိုက်ပေးခဲ့ရပါသတဲ့။ အခုလည်း တိုင်းပြည်ကမွဲပေမဲ့ ချမ်းသာတဲ့သူတွေက ထားစရာမရှိ။ ( ဒါကြောင့် ပြောတာပေါ့။ ခရိုနီတွေ အိပ်ထဲထည့်ပြီး အဘချုပ်ကြီးတို့ ချမ်းသာတယ်ဆိုတာ မယ်နုက လမ်းပြခဲ့တာပါလို့။ အခု တိုင်းပြည်ရဲ့အကြွေးတွေပါ စိုက်လျှော်ပေးရင် သိပ်ကောင်းမှာ။)

အင်္ဂလိပ်နဲ့ စစ်ဖြစ်တော့ မဟာဗန္ဓုလကို ရခိုင်ပို့ထားချိန်မှာ သာယာဝတီမင်းသားကရန်ကုန်သွားပြီး ခုခံပေးပါမယ်လို့ လျှောက်ပေမဲ့ ရန်ကုန်ကို တပ်သားသောင်းကျော်နဲ့သွားမဲ့ မင်းသားကို မယုံလို့ မလွှတ်စေဘူးတဲ့။ ဒါကြောင့် ရန်ကုန်တိုက်ပွဲမှာ ရှုံးရတယ်လို့ လည်း ဆိုကြတယ်။ နောက်ဆုံးတော့ သာယာဝတီမင်းဟာ ရွှေဘိုထွက်ပြီး သူ့တပ်နဲ့ ပုန်ကန်တာမို့ ဘကြီးတော်က ဘုရင်အဖြစ်က ဆင်းပေးရပါတယ်။ ( တပ်ကို ပိုင်တဲ့သူ ဘုရင် ဖြစ်တာလည်း သူ့ခေတ်မှာထဲကပါ။ ဒါကြောင့်လည်း တပ်ကိုပိုင်တဲ့သူတွေက မော်ကြ ပျော်ကြတာ နေမှာ။ )

သာယာဝတီမင်းသားက ရွှေဘိုမင်းအမည်နဲ့ ဘုရင်ဖြစ်တော့ အကိုဖြစ်သူ ဘကြီးတော်ကို မဖမ်းပေမဲ့ မိဘုရားမယ်နု၊ မောင်အိုနဲ့ လွှတ်တော်က မြဝတီမင်းကြီးဦးစ အပါအဝင် အပေါင်းအပါတွေကို အရာချပြီး ဖမ်းပါတယ်။ ( ဒါကြောင့် လွှတ်တော်ဥက္ကဌ ပြုတ်တော့ သူ့ အပေါင်းအဖေါ်တွေပါ ပြုတ်တာနေမှာ။)
နောက်တော့ ပုန်ကန်ဖို့ ကြံစည်တယ် အကြောင်းပြပြီး တအုပ်စုလုံး အသတ်ခံကြရပါတယ်။ မြဝတီမင်းကြီးကတော့ ထောင်မတူလို့ အသတ်မခံရတာပါ။

လွှတ်တော်ကို ရှင်းလိုက်တဲ့အချိန်မှာ ပြည်သူကထောက်ခံတဲ့ စကြာင်္မင်းသားလေးလည်း ကြံရာပါဆိုပြီး ဆွဲထည့် ကွပ်မျက်ခံရရှာတယ်။ မင်းသားလေးက ငယ်တော့ မိဘုရားကြီးရဲ့ အစီအမံနဲ့ပဲ နေရရှာတာပါတဲ့။ အာဏာကို ထိပါးလာမဲ့ မည်သူကိုမဆို အရှင်မထား ကွပ်မျက်ခဲ့တာဟာလည်း အဲဒီခေတ်ထဲက။ ပြည်သူကိုတော့ ဘိုးဘိုးအောင်က စကြာင်္မင်းလေးကို မသတ်ခင် လာကယ်သွားတယ် ဘာညာနဲ့ ညာထားရသတဲ့။ ဒါကြောင့် ထွက်ရာပေါက်ဆိုတဲ့ ဘိုးတော်စာရင်းမှာ ပြည်သူ့အချစ်တော် စကြာင်္မင်းလေးက ဘာမှမဆိုင်ပဲ ပါနေရဟန် ရှိတယ်။ ( လွှတ်တော်က ထောက်ခံသူကို ရှင်းပြီးရင် ပြည်သူက ထောက်ခံသူ အရှင်းခံရတာ သူတို့ ခေတ်က။ ဒီခေတ်မှာ...။ ဖွဟဲ့ လွဲပါစေ။ဖယ်ပါစေ။ မတွေးကောင်းတာတွေ မရေးတော့ပါ။ )

သစ်ရွက်နုတာကိုတောင် ထွဋ်တယ်လို့ ပြင်ပြောပေးရတဲ့အထိ တန်ခိုးကြီးခဲ့တဲ့ မိဘုရားကြီးမယ်နုက ဆရာတော်ဥူးဗုဓ်ကို အုတ်ကျောင်းကြီး ဆောက်လှူခဲ့တာ ဧရာမကျောင်းကြီးပါ။ အုတ်တိုင် အုတ်မိုး ကျောင်းကြီးရဲ့ ခန်းနားမှုက စာနဲ့ ရေးပြလို့တောင် ကုန်မယ်မထင်။ သံကူကွန်ကရစ်ခေတ် မတိုင်မှီက ဗိသုကာလက်ရာ ကျောင်းကြီး။ ဒီလောက်ကြီးတဲ့ ကျောင်းတော်ကြီးကို မြေပြင်က လူတရပ်ကျော် မြောက်နေအောင် အုတ်တိုင်ကြီးတွေနဲ့ မ ထားတာကလည်း အံ့မခန်း။ သစ်သားတံခါးကြီးတွေကလည်း ကျွန်းတပင်တည်းကို အချပ်လိုက် လှီးဖြတ်ထားတာ။ အဆက်မရှိတဲ့ တပြားတည်း တံခါးရွက်ကြီးတွေ။ မိဘုရားမယ်နုရဲ့ သြဇာကို ဒီကျောင်းကြီးက သက်သေခံနေတာပါပဲ။
ကျောင်းထိပ်က ဘုရားဆောင်မှာ ကျောက်ဆင်းတု ကိုယ်တော်ကြီးကည်း အဝလက်ရာမို့ သူ့ခေတ်ထဲက ရှိခဲ့တဲ့ ဆင်းတုလို့ ယူဆရပါတယ်။

ဘုရားရှိခိုး အာရုံပြုရင်းက နန်းကျမိဘုရားကြီးကို အမျှပေးဝေဖြစ်ခဲ့တယ်။ ရေချကွပ်မျက်ဖို့ အသွား သူ့ကျောင်းကြီးဝင်ပြီး ဆရာတော်ဦးဗုဓ်ကို ဦးချလျှောက်ထားချိန်မှာ ဆရာတော်က "မယ်နု။ သူ့ကြွေးရှိက ဆပ်ရပေလိမ့်မယ်။ " လို့ မိန့်ပါတယ်တဲ့။ကျောင်းကြီးလှူချိန်ကတောင် သူ့နာမည်မခေါ်တဲ့ ဆရာတော်က အခုမှ သူ့နာမည်ခေါ်ပြီး စေ့စေ့ကြည့် မိန့်ကြားတယ်ဆိုပြီး ဝမ်းသာရှာတယ်။ ခေါ်ရာနောက်ကို အသာတကြည် လိုက်ပါတယ်လို့ မှတ်သားရပါတယ်။

မယ်နုရဲ့ သမီး ဆင်ဖြူမရှင်ဟာ မင်းတုန်းမင်းရဲ့  မိဘုရား ဖြစ်ရသလို ( အမေကိုသတ်သူရဲ့သားနဲ့ ပြန်ဖူးစာဆုံရတာပါ။ ) မယ်နုရဲ့မြေး ဆင်ဖြူမရှင်ရဲ့သမီးဖြစ်တဲ့ စုဖရားလတ် ဟာ သီပေါဘုရင်ရဲ့ မိဘုရား ဖြစ်ခဲ့တာမို့ အဖွား၊ အမေ၊ သမီး မျိုးဆက်သုံးခုလုံး မိဘုရားတွေ ဖြစ်ခဲ့ရတာဟာလည်း ထူးခြားပါတယ်။ ပြီးတော့ သူတို့သုံးယောက်လုံးဟာ ဘုရင်တွေအပေါ် သြဇာညောင်းခဲ့ကြတာလည်း ထူးခြားတယ်။

အဝ (အင်းဝ) ကို သွားလည်ရင်း မယ်နုအုတ်ကျောင်းကြီးမှာ တွေးခဲ့ရတဲ့ အတွေးတွေကို သူငယ်ချင်း မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။


ချစ်ခြင်းအားဖြင့်

မောင်လူပေ

 

Friday, August 21, 2015

ရွေးကောက်ပွဲ နဲ့  ငွေ


ဘူးလက်ကြီးက တပ်အားကိုးနဲ့ ၂၆% ရရင် အစိုးရဖွဲ့နိုင်တယ်တို့ ဇေကမ္ဘာသူဌေးကြီးက ငွေတွေပေးပြီး မဲဆွယ်နေတယ်တို့ ကြားရတော့ အမေပြောဖူးတာလေး အမှတ်ရတယ်။

ခုနှစ်က ၁၉၆၀။ အိမ်စောင့်အစိုးရနာမည်နဲ့ တပ်က အာဏာရယူထားတဲ့အချိန်မှာလုပ်ပေးတဲ့ အထွေထွေရွေးကောက်ပွဲ။ အဲဒီအချိန် ဖဆပလကြီးက တည်မြဲနဲ့ သန့်ရှင်းဆိုပြီးကွဲကြတယ်။ ဦးနုက သန့်ရှင်း၊ ဦးဗဆွေ ဦးကျော်ငြိမ်းက တည်မြဲ။

အဲဒီအကွဲမှာ တပ်က တည်မြဲဖက်မှာ ရပ်ခဲ့တယ်။ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းက တပ်ကို ကြားနေရမယ်လို့ တရားဝင် ပြောထားပေမဲ့ တည်မြဲနိုင်ဖို့ တပ်မှူးကြီးတွေ ကြိုးပမ်းနေတာကို မတားခဲ့ဘူး။ တည်မြဲခေါင်းဆောင်တွေက သူ့ဆရာတွေ ဖြစ်နေတာကိုး။ သူကိုယ်တိုင်ကလည်း ဆိုရှယ်လစ်။ ဒါကြောင့် ဆိုရှယ်လစ်ခေါင်းဆောင်တွေ နိုင်ဖို့ တပ်က အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။

အဲဒီတုန်းက အမေတို့ နေတဲ့ တောင်ငူမှာ တပ်မဟာ တခုရှိတယ်။ ( အမှတ်မမှားရင် တပ်မဟာ၃ လို့ ထင်ပါတယ်။) တပ်မဟာမှူးက ဗိုလ်မှူးကြီးစိန်ဝင်း (နောင် နိုင်ငံတော်ဝန်ကြီးချုပ်) ။ယခု အထက၅ နေရာမှာ တပ်စွဲတယ်။ အဲဒီတပ်မှာ တပ်ခွဲမှူးတွေက အမေပြောပြသလောက် ဗိုလ်ကြီးစောမောင် (နောင် ဗိုလ်ချုပ်မှူးကြီး ) နဲ့ ဗိုလ်ကြီးစံသိမ်း ( အမေ့အကိုကြီး) တို့ရှိကြတယ်။ အမေတို့က တပ်မိသားစုတွေ ဆိုပါတော့။

တပ်က တိုင်းမှူးတွေ ကိုယ်တိုင်ဦးစီးပြီး တည်မြဲနိုင်ရေး ဟောပြောပွဲတွေလုပ်ခိုင်း၊ သရုပ်ပြပွဲတွေလုပ်ခိုင်းနဲ့ အတော်ပွဲတွေ တက်ခဲ့ရသတဲ့။ တည်မြဲရဲ့ အရောင်က အနီရောင်။ ရဲရင့်တဲ့အရောင် ဘာညာမှတ်ထားရသပေါ့။

မဲပေးမဲ့နေ့ရောက်တော့ တပ်မိသားစုတွေကို တပ်ကကားနဲ့ မဲရုံအရောက် လိုက်ပို့တယ်။ ထမင်းထုတ်ဝေတယ်။ ပိုက်ဆံ ငါးကျပ်ပေးတယ်။ (အဲဒီခေတ်က ငွေငါးကျပ်ဆိုတာ ဒီခေတ်ငွေနဲ့ သောင်းချီတန်မယ်။) ပုဝါစ အနီရောင်လေးတောင် ပေးသေးဆိုပဲ။ အနီရောင်ပုံးထဲ ထည့်ဖို့ မေ့နေမှာစိုးလို့ပေါ့။

အမေတို့က ပေးတာယူ၊ ကျွေးတာစားပြီး မဲရုံထဲရောက်တော့ သန့်ရှင်းဖဆပလရဲ့ အဝါပုံးထဲပဲ ထည့်ခဲ့ကြပါသတဲ့။ ဘာလို့လည်းလို့ အမေ့ကို မေးတော့ ဦးနုကိုယုံလို့ပါတဲ့လေ။ (အဲဒီခေတ်က မဲပြားကို ကိုယ်ထောက်ခံတဲ့ မဲပုံးထဲ ထည့်ရတဲ့ခေတ်။)

ရွေးကောက်ပွဲပြီးတော့ ရတဲ့အဖြေ မေးရန်မလို။ တပ်က ထောက်ခံတဲ့တည်မြဲ ဖဆပလကြီး ခွက်ခွက်လန်ရှုံးတယ်။ ပြည်သူထောက်ခံတဲ့ သန့်ရှင်းဖဆပလက အပြတ်နိုင်တယ်။

တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းလည်း ရှက်ရှက်နဲ့ တပ်မှူးကြီးအများစုကို ဖြုတ်ပြစ်ပါတယ်။ အကြောင်းပြချက်ကတော့ တပ်မှူးတွေ ဘက်လိုက်လို့ပေါ့။ တကယ်ကတော့ တည်မြဲကို နိုင်အောင် မလုပ်ပေးနိုင်ခဲ့လို့။

အခုလည်း ရွေးကောက်ပွဲပြီးရင် ကျွေးတားစား ပေးတာယူပြီး ယုံတဲ့သူကိုပဲ မဲပေးခဲ့တဲ့လူထုကြောင့် တပ်ရော ကြံ့ခိုင်ရေးပါ ငွေကုန်လူပန်းနဲ့ အကြီးအကျယ် အထိနာမဲ့အရေး ပြေးမြင်နေမိပါကြောင်း။
 
 

ဒီမိုကရေစီ မရသေးပါ

တခါတခါ သတင်းတွေ ဖတ်ရတာ ပြုံးချင်စရာ။

ဘာတဲ့။ ပြည်ခိုင်ဖြိုး ဥက္ကဌလဲတာ ဒီမိုကရေစီနဲ့ မညီဘူးတဲ့။

ကြည့်လဲပြောကြပါ ဆရာတို့ရယ်။ အဲဒီ ပြည်ခိုင်ဖြိုးဆိုတာ ဘောင်းဘီချွတ်တွေ ဦးစီးတာ။ ပါတီနိုင်ငံရေးမလုပ်ဘူး၊ အမျိုးသားနိုင်ငံရေးလုပ်မယ် ဆိုပြီး တပ်က ဗိုလ်ချုပ်တွေ ဦးစီးဖွဲ့ထားတာ။ နောက်မှ အာဏာအတွက် ရူးချင်ရာဆောင်ပြီး ခပ်တည်တည်နဲ့ ပါတီပြောင်းလိုက်ကြတာ မဟုတ်ဘူးလား။ တပ်က ပြောင်းလာတဲ့ ဘောင်းဘီချွတ်တွေမို့ ဒီမိုကရေစီ ရှိပ့ါမလား။ တပ်ဆိုတာ အမိန့်နာခံတတ်ဖို့ပဲ သင်ပေးတာ။ အခုလည်း အထက်က အမိန့်ပေးတာ နာခံပြီး ပြောင်းလိုက်တယ်။ ဒါပဲ။

ဦးရွှေမန်း ဥက္ကဌနေရာက ပြုတ်တာနဲ့ ဒီမိုကရေစီနဲ့ ဘာဆိုင်လို့လဲ။ စစ်တပ်နဲ့ ကြံ့ခိုင်ရေးဆိုတာ အဖေနဲ့သား။ အစကလည်း ညီညွတ်တယ်။ အခုလည်း ညီညွတ်တယ်။

အာဏာကို ခဏခဏ မသိမ်းချင်လို့ လွှတ်တော်ထဲမှာ စောစောစီးစီး လေးပုံတပုံကြိုထိုင်ပြီး သိမ်းထားတာ။ အဲဒါ ၂၀၀၈ သဘောတူညီချက်။ ကြိုက်ရင်လာခဲ့။ မကြိုက်ရင် မလာနဲ့။ အဲဒါဟာ လွှတ်တော်ရဲ့ အဖြေ။
ဒီမိုကရေစီလား။ အခုမရသေးဘူး။ ရဖို့ ကြိုးစားနေကြတယ်။

အရင်ထက်စာရင် ပွင့်လင်းလာတယ်။ လွတိလပ်လာတယ်။ ပြောလို့ရတယ်။ ရေးလို့ရတယ်။ အဲဒါ ကြံ့ခိုင်ရေးအစိုးရက လုပ်ပေးထားတာ။ သူတို့ကို ခရက်ဒစ်ပေးရမယ်။

အဲဒါကလွဲရင် ဘာဒီမိုကရေစီမှ မရသေးဘူး။

ကြားဖူးတာလေး

ကြားဖူးတာလေး ပြောပြမလို့။

မဆလပါတီထောင်ပြီး မကြာမီ ပါတီညီလာခံလုပ်ကြတော့ ဗဟိုကော်မတီဝင်တွေကို ခေါင်းဆောင်စာရင်း တင်ခိုင်းသတဲ့။ ရလာတဲ့ ခေါင်းဆောင် စာရင်းက ဦးစန်းယုက ဥက္ကဌတဲ့။ ဦးနေဝင်းက နံပါတ် ၅ ဆိုလား ဖြစ်သွားပါသတဲ့။

ဒီစာရင်းဖတ်ပြီး ဒေါသအိုးကွဲသွားတဲ့ ဦးနေဝင်းကြီးက ခါးကဗျောက်ကြီး စားပွဲပေါ်တင်ပြ။ ပြီးတော့ ပြန်မဲပေးကြလို့ ခိုင်းသတဲ့။ အဲဒီအခါမှပဲ ဥက္ကဌနေရာမှာ ဦးနေဝင်း ပြန်ဖြစ်လာရတယ် ဆိုပဲ။

နောက်တနေ့မှာတော့ ပါတီသန့်စင်ရေးဆိုပြီး သု့ကို မဲမပေးကြတဲ့ ဗဟိုကော်မတီဝင်တွေကို တန်းစီပြီး ဖမ်းလိုက်တာ အတော်ပြုတ်ကုန်ကြတယ်။ ထောင်ထဲမှာ အတော်ကြာ နားလိုက်ကြရတဲ့ ဗဟိုကော်မတီတွေ အသက်ရှိထင်ရှားရှိသေးရင် မေးကြည့်ကြပါလား။

ပျံဝံနဲ့  အင်တာဗျူးး

ဘယ်လို ပြောရမလည်းပေါ့နော်။ ဥက္ကဌနဲ့အထွေထွေအတွင်းရေးမှူးကို ညတွင်းချင်းဖြုတ်တာ ပါတီတွင်းအာဏာသိမ်းတာတော့ မဟုတ်ဘူးပေါ့နော်။

သမ္မတကြီးက စိတ်ဆိုးနေတာလည်း မဟုတ်ဘူးပေါ့နော်။ သူလည်း ညက မလာပါဘူးပေါ့နော်။ စာဖတ်နေသူကြီးနဲ့လည်း မဆိုင်ပါဘူးပေါ့နော်။

သူရဦးအောင်ကိုကြီးလည်း ဗဟိုကော်မတီထဲမှာ မပါတော့ဘူးပေါ့နော်။ အဲဒါတွေဟာ ကောင်မလေးနဲ့ရင်းနှီးကြလို့ ဖြုတ်ပစ်တာလည်း မဟုတ်ဘူးပေါ့နော်။

ပါတီစည်းရုံးရေးအတွက်ပါတီညီလာခံကို လူမစုံပဲ ညသန်းခေါင်ကြီး ရဲဝိုင်းပြီး လုပ်ရတာလည်း အရေးပေါ်လို့ပေါ့နော်။ တခြားနိုင်ငံတွေမှာလည်း ရဲဆိုတာ လုံခြုံရေးတောင်းရင် ဒီလိုပဲ သွားရတာပဲပေါ့နော်။

ပါတီဥက္ကဌက ဦးရွှေမန်းမဟုတ်ဘူးပေါ့နော်။ သမ္မတကြီးက ပါတီဥက္ကဌပါပဲပေါ့နော်။ အခြေအနေအရ ပါတီတာဝန် မထမ်းဆောင်နိုင်လို့ ဦးရွှေမန်းကို ခဏတာဝန်ပေးတာပေါ့နော်။ ဒါကို သူက ပါတီတွင်းမှာ ဂိုဏ်းတွေဖြစ်အောင်လုပ်လာလို့ သမ္မတကြီးက လူစားထိုးရတာပါပေါ့နော်။

ဟုတ်ကဲ့ပါပေါ့နော်။ အသစ်တက်မဲ့ပါတီဗဟိုစာရင်းကတော့ စာရွက်ထဲကအတိုင်းပါပေါ့နော်

ကာလုံလည်းမခေါ်ပါဘူးပေါ့နော်။ ရာသီဥတုကတော့ တိမ်အသင့်အတင့်ရှိပေမဲ့ သာသာယာယာပဲ ရှိနေပါတယ်ပေါ့နော်။

ကျွန်တော်က အဲဒီပါတီက မဟုတ်လို့ သိပ်မသိပါဘူးပေါ့နော်။ သာမန်ပြည်သူအနေနဲ့လောက်ပဲ သိတာပါပေါ့နော်။

( ပျံဝံအသစ် အူးရဲပေ၏ သတင်းဌာနများကို ဖြေကြားချက်)

 ဘယ်လို ပြောရမလည်းပေါ့နော်။ ဥက္ကဌနဲ့အထွေထွေအတွင်းရေးမှူးကို ညတွင်းချင်းဖြုတ်တာ ပါတီတွင်းအာဏာသိမ်းတာတော့ မဟုတ်ဘူးပေါ့နော်။

သမ္မတကြီးက စိတ်ဆိုးနေတာလည်း မဟုတ်ဘူးပေါ့နော်။ သူလည်း ညက မလာပါဘူးပေါ့နော်။ စာဖတ်နေသူကြီးနဲ့လည်း မဆိုင်ပါဘူးပေါ့နော်။

သူရဦးအောင်ကိုကြီးလည်း ဗဟိုကော်မတီထဲမှာ မပါတော့ဘူးပေါ့နော်။ အဲဒါတွေဟာ ကောင်မလေးနဲ့ရင်းနှီးကြလို့ ဖြုတ်ပစ်တာလည်း မဟုတ်ဘူးပေါ့နော်။

ပါတီစည်းရုံးရေးအတွက်ပါတီညီလာခံကို လူမစုံပဲ ညသန်းခေါင်ကြီး ရဲဝိုင်းပြီး လုပ်ရတာလည်း အရေးပေါ်လို့ပေါ့နော်။ တခြားနိုင်ငံတွေမှာလည်း ရဲဆိုတာ လုံခြုံရေးတောင်းရင် ဒီလိုပဲ သွားရတာပဲပေါ့နော်။

ပါတီဥက္ကဌက ဦးရွှေမန်းမဟုတ်ဘူးပေါ့နော်။ သမ္မတကြီးက ပါတီဥက္ကဌပါပဲပေါ့နော်။ အခြေအနေအရ ပါတီတာဝန် မထမ်းဆောင်နိုင်လို့ ဦးရွှေမန်းကို ခဏတာဝန်ပေးတာပေါ့နော်။ ဒါကို သူက ပါတီတွင်းမှာ ဂိုဏ်းတွေဖြစ်အောင်လုပ်လာလို့ သမ္မတကြီးက လူစားထိုးရတာပါပေါ့နော်။

ဟုတ်ကဲ့ပါပေါ့နော်။ အသစ်တက်မဲ့ပါတီဗဟိုစာရင်းကတော့ စာရွက်ထဲကအတိုင်းပါပေါ့နော်

ကာလုံလည်းမခေါ်ပါဘူးပေါ့နော်။ ရာသီဥတုကတော့ တိမ်အသင့်အတင့်ရှိပေမဲ့ သာသာယာယာပဲ ရှိနေပါတယ်ပေါ့နော်။

ကျွန်တော်က အဲဒီပါတီက မဟုတ်လို့ သိပ်မသိပါဘူးပေါ့နော်။ သာမန်ပြည်သူအနေနဲ့လောက်ပဲ သိတာပါပေါ့နော်။

( ပျံဝံအသစ် အူးရဲပေ၏ သတင်းဌာနများကို ဖြေကြားချက်)


 

Sunday, August 16, 2015

( ၁ )

သမတဂျီးက ရွှေးကောက်ပွဲမဝင်ဟု ဆိုကြောင်း ပြည်ခိုင်ဖြိုးက သတင်းစာရှင်းလင်းပွဲလုပ်ပြီးမကြာမီ ပြည်ခိုင်ဖြိုးရုံးချုပ်ကို ရဲကဝိုင်းကာ ဦးရွှေမန်းကို ဖမ်းသွားတယ်လို့ ပြောနေကြတယ်။ တရုတ်နဲ့ ဆက်ဆံရေး ချို့ယွင်းလာမှုကြောင့် အရေးယူသတဲ့။ ဖေ့ဘုတ်ထဲက 7days ရော ဘီဘီစီရော တင်ကြတယ်။

တကယ် ဟုတ်မဟုတ် မသိပေမဲ့ တကယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးရဲ့ ဖြုတ်ထုတ်သတ်က အသုတ်လိုက် လာဖို့ ရှိတယ်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ကျော်ဘတို့ မြင့်အောင်တို့ အသုတ်လိုက်ကို ဖြုတ်တာကတော့ စာဖတ်နေသူကြီးပဲ။ အခုလည်း ကောင်မလေးနဲ့ ရင်းနှီးတဲ့ သူတွေကို စာဖတ်နေသူကြီးက ကြည့်မရတော့လို့ ဖြုတ်လေသလား စောင့်ကြည့်ကြစို့။


( ၂ )

 ဘယ်လို ပြောရမလည်းပေါ့နော်။ ဥက္ကဌနဲ့အထွေထွေအတွင်းရေးမှူးကို ညတွင်းချင်းဖြုတ်တာ ပါတီတွင်းအာဏာသိမ်းတာတော့ မဟုတ်ဘူးပေါ့နော်။

သမ္မတကြီးက စိတ်ဆိုးနေတာလည်း မဟုတ်ဘူးပေါ့နော်။ သူလည်း ညက မလာပါဘူးပေါ့နော်။ စာဖတ်နေသူကြီးနဲ့လည်း မဆိုင်ပါဘူးပေါ့နော်။

သူရဦးအောင်ကိုကြီးလည်း ဗဟိုကော်မတီထဲမှာ မပါတော့ဘူးပေါ့နော်။ အဲဒါတွေဟာ ကောင်မလေးနဲ့ရင်းနှီးကြလို့ ဖြုတ်ပစ်တာလည်း မဟုတ်ဘူးပေါ့နော်။

ပါတီစည်းရုံးရေးအတွက်ပါတီညီလာခံကို လူမစုံပဲ ညသန်းခေါင်ကြီး ရဲဝိုင်းပြီး လုပ်ရတာလည်း အရေးပေါ်လို့ပေါ့နော်။ တခြားနိုင်ငံတွေမှာလည်း ရဲဆိုတာ လုံခြုံရေးတောင်းရင် ဒီလိုပဲ သွားရတာပဲပေါ့နော်။

ပါတီဥက္ကဌက ဦးရွှေမန်းမဟုတ်ဘူးပေါ့နော်။ သမ္မတကြီးက ပါတီဥက္ကဌပါပဲပေါ့နော်။ အခြေအနေအရ ပါတီတာဝန် မထမ်းဆောင်နိုင်လို့ ဦးရွှေမန်းကို ခဏတာဝန်ပေးတာပေါ့နော်။ ဒါကို သူက ပါတီတွင်းမှာ ဂိုဏ်းတွေဖြစ်အောင်လုပ်လာလို့ သမ္မတကြီးက လူစားထိုးရတာပါပေါ့နော်။

ဟုတ်ကဲ့ပါပေါ့နော်။ အသစ်တက်မဲ့ပါတီဗဟိုစာရင်းကတော့ စာရွက်ထဲကအတိုင်းပါပေါ့နော်

ကာလုံလည်းမခေါ်ပါဘူးပေါ့နော်။ ရာသီဥတုကတော့ တိမ်အသင့်အတင့်ရှိပေမဲ့ သာသာယာယာပဲ ရှိနေပါတယ်ပေါ့နော်။

ကျွန်တော်က အဲဒီပါတီက မဟုတ်လို့ သိပ်မသိပါဘူးပေါ့နော်။ သာမန်ပြည်သူအနေနဲ့လောက်ပဲ သိတာပါပေါ့နော်။

( ပျံဝံအသစ် အူးရဲပေ၏ သတင်းဌာနများကို ဖြေကြားချက်)


 

Wednesday, August 12, 2015

ဇေယျာသီရိ မိဘမဲ့ မိန်းကလေးများ ဂေဟာ


မွေးရပ်မြေ ရောက်တုန်းမှာ မွေးရပ်မြေရဲ့ လိုအပ်ချက်လေးတွေကို အုပ်တချပ်သဲတပွင့် ဖြည့်ခဲ့တဲ့အထဲမှာ ဒီကျောင်းကလေးလည်း ပါခဲ့တယ်။

ဇေယျာသီရိ သီလရှင်စာသင်တိုက်နဲ့ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ဂေဟာဆိုတာ ပေါ်ပေါက်လာခဲ့တာ ကြာပါပြီ။ သီလရှင် ဆရာကြီးတွေ ဦးစီးတဲ့ မိဘမဲ့မိန်းကလေးများ စောင့်ရှောက်ရေးဂေဟာလေးပါ။

အစိုးရရဲ့ မိဘမဲ့ဂေဟာက လူဦးရေအကန့်အသတ်နဲ့ပဲ လက်ခံနိုင်ပါတယ်။ လာအပ်ရင်လည်း အမိအဖတွေရဲ့ နာမည်၊ မှတ်ပုံတင်၊ နေရပ်၊ အုပ်ထိန်းသူရဲ့ အချက်အလက်စုံ၊ ထောက်ခံစာ စသည်ဖြင့် ပြည့်စုံစွာပါမှ လက်ခံပါတယ်။ တောနယ်တွေ၊ တိုင်းရင်းသားနယ်တွေက မိဘမဲ့ကလေးတွေ အချက်အလက်မစုံနိုင်ကြလေတော့ သီလရှင်တွေ ဦးစီးတဲ့ ဒီကျောင်းလေးကို ရောက်ရတာပါပဲ။

ဒီကျောင်းမှာ စောင့်ရှောက်ထားတဲ့ မိန်းကလေးငယ်ပေါင်း လောလောဆယ် အချိန်မှာ ၇၈ယောက် ရှိတယ်။ ကျောင်းမနေရသေးတဲ့ မူကြိုအရွယ် ကလေး သုံးယောက်အပါအဝင် မူလတန်းကနေ အထက်တန်း၊ ကောလိပ်အထိ အရွယ်စုံပါ။ တချို့က စကားမပြောတတ်ကြဘူး။

ကျွန်တော်ရောက်သွားတော့ မူကြိုအရွယ်ကလေးလေး တယောက် နေမကောင်းဖြစ်နေရှာတယ်။ အဲဒီနေ့ မတိုင်ခင် သူငယ်ချင်းတစု မွေးနေ့အလှူ လာလှူကြတော့ သီလရှင် ငယ်ငယ်လေးတစ်ပါးပဲ ကျောင်းမှာရှိတယ်။ နောက်တနေ့မှ သူ့ရဲ့အမ သီလရှင်လေးနဲ့တွေ့လို့ မေးကြည့်တော့ သူငယ်ချင်းတွေ လာလှူတဲ့ နေ့က ကလေးကို ဆေးရုံသွားပြနေရလို့ မရှိတာပါလို့ ရှင်းပြတယ်။ သွေးလွန်တုပ်ကွေးတွေက တမြို့လုံးက ကလေးအများစုမှာ ဖြစ်နေတဲ့အချိန်မို့ စိတ်ပူရှာမှာပေါ့။

ကျွန်တော်သွားလှူတဲ့ နေ့မှာတော့ အဲဒီသီလရှင်အမနဲ့ သူ့ညီမ သီလရှင်လေးနှစ်ပါးကို တွေ့တယ်။ အကြောင်းစုံကို မေးကြည့်တော့ စိတ်မကောင်းစရာ။

သီလရှင်တွေမို့ မိန်းကလေးကိုပဲ လက်ခံနိုင်ပါတယ်။ ဒီကျောင်းလေးဟာ သက်တန်းရှည်လာတာနဲ့အမျှ ဦးစီးတဲ့ သီလရှင်ကြီးတွေလည်း အိုမင်းလာကြတော့ နေရပ်ကို ပြန်ကြ၊ နောက်ဆုံးကျန်တဲ့ သီလရှင်ဆရာကြီးကလည်း နေမကောင်းလို့ နောက်ဆုံးအချိန်ကို ရောက်နေရှာပြီ။ ဦးစီးမဲ့သူ မျိုးဆက်ပြတ်မလို ဖြစ်နေပြီ။

အဲဒီအချိန်မှာ တောင်ငူ နည်းပညာကောလိပ်မှာ ဒုတိယနှစ်တက်နေတဲ့ အမကျောင်းသူလေးနဲ့ ဆယ်တန်းတက်နေတဲ့ သူ့ညီမကျောင်းသူလေး နှစ်ယောက်က ကျောင်းကထွက်လိုက်ကြပြီး သီလရှင် ဘဝကို ခံယူရင်း ဒီကျောင်းလေးရဲ့ လိုအပ်ချက်ကို ဝင်ဖြည့်လိုက်ကြပါတယ်။

ဒီညီအမ နှစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာ ခံမှုကတော့ စာနဲ့ရေးပြလို့တောင် ကုန်မယ်မထင်။ သူတို့နဲ့ဘဝတူ ကလေးငယ်တွေအတွက် သူတို့ရဲ့ တက်လမ်းတွေပွင့်နေတဲ့ဘဝကို လဲရဲတဲ့ သတ္တိ။ ပြီးတော့ ညီအမ နှစ်ယောက်လုံး ငယ်ငယ်ချောချောလေးတွေ။ အသက်နှစ်ဆယ်တောင် ပြည့်ဦးမည် မထင်။ မင်းသမီး လုပ်လို့ရလောက်တဲ့ ရုပ်ရည်လေးတွေနဲ့ ငယ်ငယ်ချောချော သီလရှင် ညီအမရဲ့ စွန့်လွှတ်မှုအတွက် သာဓုအကြိမ်ကြိမ်လည်း ခေါ်ခဲ့ရပါတယ်။

သီလရှင်တွေ ဦးစီးတဲ့ မိဘမဲ့ကျောင်းမို့ ဆင်းရဲရှာတယ်။ ကျောင်းရဲ့အဓိကဝင်ငွေက ထင်းရောင်းတယ်။ ဒီကျောင်းက ထွက်သွားတဲ့ အမတယောက်က ထင်းတွေ သစ်စက်ကနေ လေလံဆွဲ။ ခုတ်ထစ်ပြီး ပြန်ရောင်း ရတဲ့ငွေလေးနဲ့ စားနေကြတာ။ အလှူရှင်ရှိရင် ဟင်းကောင်းစားရပေမဲ့ အလှူရှင် မရှိတဲ့ရက်မှာတော့ ကန်စွန်းရွက်ပြုတ်ကို ငန်ပြာရည်နဲ့တို့တဲ့ ဟင်းပဲ စားကြရရှာတယ်။ ထင်းရောင်းလို့ ရတဲ့ အမြတ်ငွေလေးက ကျောင်းသူ ၇၈ ယောက်အတွက် ဒီလောက်ပဲ ရပေမပေါ့။ ကျွန်တော့ညီရဲ့ မိန်းမကတော့ ကလေးတွေ ဖြစ်သလို နေ့လည်စာ စားနေရတာကြည့်ပြီး စိတ်မကောင်း ဖြစ်လို့ မျက်ရည်ကျခဲ့ရှာတယ်။

၂၀၁၀ နောက်ပိုင်း အလှူရှင်တွေ လာတာစိတ်လို့ အထိုက်အလျှောက်တော့ အဆင်ပြေပါသတဲ့။ အဲဒီနှစ်တွေအရင်ကတော့ အဆင်မပြေပါဘူးတဲ့။

အဆင်ပြေပါတယ်ဆိုတဲ့ ခုလိုအချိန်တောင် အလှူရှင်မရှိရင် ဆန်ကြမ်းနဲ့ ကန်စွန်းရွက်ပြုတ်။ မပြေဘူးဆိုတဲ့ ထိုနှစ်တွေအတွက် မတွေးရဲလို့ မမေးခဲ့ပါဘူး။ သီသရှင် ဆရာလေးတွေကလည်း အေးမှအေးမို့ တခွန်းမေးမှ တခွန်းဖြေ။

ကလေးတွေက အရွယ်စုံမို့ အဝတ်အထည်တွေလည်း အရွယ်စုံ လိုအပ်မှာပဲ။ မြင့်မြတ်စတိုးပိုင်ရှင်ကတော့ လိုအပ်တဲ့ အဝတ်အထည်လေးတွေ သူတတ်နိုင်သလောက် လာလှူထားတာ တွေ့ခဲ့တယ်။ ဒီလို အလှူရှင်တွေ အများကြီး လိုအပ်နေတဲ့ နေရာလေးပေါ့။

ကျောင်းသွားတဲ့ကလေးတွေကို နေ့လည်စာ အလှူရှင်ရှိလို့ ကျောင်းက ပြန်ခေါ်လာပြီး နေ့လည်စာကျွေးဖို့ ပြင်နေကြတယ်။ ထမင်းဆောင်အဝင်မှာတော့ အီတလီနိုင်ငံမှ အလှူရှင်က ဒီထမင်းစားဆောင်လေးကို ပြန်လည်ပြုပြင်ပေးသည်လို့ ရေးထားတယ်။ တခြားအဆောင်တွေလည်း ပျဉ်ထောင်ဆောင်တွေမို့ အိုနေကြပြီ။ မကြာခင် ပြင်ဖို့ လိုလာတော့မယ်။

သီလရှင် ညီမငယ်လေးနဲ့ စကားမပြာတတ်ရှာတဲ့ ကလေးမလေးတယောက်က ဟင်းတွေ ထမင်းတွေ ပုံစံခွက်တွေထဲထည့်နေကြလေရဲ့။ ကျွန်တော်တို့လည်း ဝိုင်းကူခဲ့ပါတယ်။ ပုံစံခွက်လေးတွေကို ယင်လုံဇကာလေးတွေ လိုက်အုပ်ပေးတာမျိုးပေါ့။ ကလေးတွေကတော့ အပြင်မှာ လက်ကလေးတွေပိုက်ရင်း တန်းစီလို့။

အလှူရှင် မရှိတဲ့ ကျောင်းတက်ရတဲ့ နေ့လည်တွေဆို ဒီကလေးမလေးတွေ နေ့လည်စာတောင် စားရရဲ့လားမသိ။ တွေးရင်းတွေးရင်း ရင်ထဲမှာမချိ။

နေမကောင်းတဲ့ မူကြိုအရွယ်ကလေးမလေးက သုံးနှစ်တဲ့။ ဗမာစကားမပြောတတ်တဲ့ ပအို့ဝ်မလေး။ ချစ်စရာအရွယ် မိဘရင်ခွင်ထဲမှာ နေရမဲ့အရွယ်။ ခုတော့ ခုံတန်းလေးပေါ်မှာ ထိုင်လို့။ သူငြိမ်အောင် tablet လေးထဲမှာ ကာတွန်းကားလေးဖွင့်ပြထားတော့ အဲဒီကားလေးထဲ အာရုံရောက်နေရှာရဲ့။ ချစ်စရာ ပီဘိ ကလေးငယ်လေး။ နှာရည်တွေလည်း ထွက်လို့။ ဒီကလေးတွေကို စောင့်ရှောက်နေတဲ့ သီလရှင် ညီအမကလည်း ကလေးသာသာ။

ဘုန်းကြီးကျောင်းတွေလို အလှူအတန်းမပေါလို့ ဆင်းရဲပေမဲ့ ယနေ့ထိ ကြံ့ကြံ့ခံရင်း ရပ်တည်နေတဲ့ အဲဒီ သီလရှင်ကျောင်းလေးကို ဝိုင်းပြီး လှူကြတန်းကြပါလို့ ဒီနေရာကနေ နှိုးဆော်ပါရစေ။ ရေများတဲ့နေရာ ရေလှူတာထက် ရေရှားတဲ့ နေရာကို ရေလှူရတာ အကျိုးများပါတယ်။

တောင်ငူမြို့က မိဘမဲ့မိန်းကလေးငယ်များကို စောင့်ရှောက်နေတဲ့ ဇေယျာသီရိ သီလရှင်ကျောင်းလေး အဓွန့်ရှည်ပါစေ။
 
 
 

NLD ကို ဝန်းရန်ကြ

ခုတလော ပြောနေကြတဲ့ အန်တီနဲ့ ရှစ်ပူးတို့ရဲ့ ကတ္တီပါလမ်းခွဲ ကိစ္စက ရွေးကောက်ပွဲလောက် အရေးမကြီးဘူး ထင်ပါတယ်။

အန်တီနဲ့ ကျောင်းသားတချို့ သဘောထားကွဲကြတာ ရှစ်လေးလုံးဖြစ်ထဲက။ အန်တီရော ကျောင်းသားခေါင်းဆောင် တွေရော ဒီကိစ္စတွေကို ရှေ့တန်းမတင်ခဲ့ကြ။ အရေးကြုံရင် အန်တီနဲ့ NLD ကိုပဲ ဝန်းရံခဲ့ကြ။

ဘုံရန်သူကို လက်ရည်တူ အန်တုနိုင်မဲ့သူ၊ ပြည်သူက ထောက်ခံတဲ့သူ၊ ကမ္ဘာက အားပေးမဲ့သူဟာ အန်တီပဲ ရှိတယ်လို့ လက်ခံခဲ့လို့ပဲ။ ကျောင်းသားခေါင်းဆောင်တွေ အရည်အချင်း ရှိတာ ပြောစရာမလို။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ သြဇာရှိမှုမှာ ယှဉ်မရ။ သူ့လို သြဇာရှိတဲ့လည်း မပေါ်သေး။ ဒါကြောင့် ကေကျူ့တို့ ကိုယ်တိုင် တသီးပုဂ္ဂလ ဝင်မပြိုင်တော့ဘူး လို့ ပြောတာဟာ မဲမကွဲရေး တနည်းအားဖြင့် NLD ဝန်းရံရေး။

အဘ ဟံသာဝတီ ဦးဝင်းတင်ကြီး ပြောသလို သူ့လို မစွမ်းရင် သူ့ကို ထောက်ခံဖို့ပဲ ရှိတယ်။ သူချော်ရင် ဝိုင်းတည့်ပေးရမယ်။ အမှားကိုမှားမှန်းသိလျှက် လုပ်မည့်သူ မဟုတ်။ လောလောဆယ် အခြေအနေအရ သူ့သြဇာ နာခံမဲ့သူကို ရွေးတာ သူ့ အပိုင်း။ သူ့ကစားကွက်။ ဒီမိုကရေစီက အခုမရသေး။ ရဖို့ တိုက်ပွဲဝင်ဆဲ။
သူဟာ တိုင်းပြည်နဲ့လူထုကို ဘယ်တော့မှ သစ္စာမဖေါက်ဘူးလို့ ယုံတယ်။

 သူရွေးထားတဲ့လူတွေ ပေါက်ကရ ဖြစ်ရင် သူတာဝန်ယူလိမ့်မယ်။ လောလောဆယ်က ၂၀၁၅ အလွန် စစ်အာဏာရှင်တွေနဲ့ အာဏာခွဲဝေရေးအတွက် NLD အပြတ်နိုင်မှ ဖြစ်နိုင်မယ်။

 အာဏာခွဲဝေရေး အောင်မြင်မှ ခြေဥပြင် ဖြစ်နိုင်မယ်။ အပြတ်နိုင်တဲ့ ပါတီကို တပ်ကလည်း ဆန့်ကျင်မယ် မထင်။ ( တပ်ကို ဆဲနေတာထက် တပ်ထဲက အလယ်အလတ် အတွေးအခေါ်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အတွေးအခေါ်တွေ ဖလှယ်ကြရင်း တယောက်နဲ့တယောက် နားလည်မှုရလာတာကနေ ပြည်သူ့တပ်မတော် ပြန်ဖြစ်လာမှာပါ။ မကောင်းပြော ခံရတာကို တပ်သားတွေ မခံစားလိုပါဘူး။ )

၂၀၁၅အလွန်မှာ NLD အာဏာရပြီးမှ ပေါက်ကရဖြစ်ရင်လည်း နောက်ငါးနှစ်ပဲ အာဏာရှိမယ်။ ရှစ်ပူးတို့လိုအဖွဲ့တွေက ပါတီထောင်ပြီး အဆင်သင့် ဖြစ်နေပြီ။ ပြည်သူလက်မခံရင် ပြုတ်စော်နံမယ်။ အန်တီလည်း ကယ်နိုင်တော့မှာ မဟုတ်။

လောလောဆယ် အခြေအနေအရလည်း လူထုအုံကြွမှုကြီး ဖြစ်ရန်မရှိ။ ဖြစ်လာရင်လည်း ဘူးလက်စာမိယုံမက နောက် နှစ်နှစ်ဆယ် နောက်ပြန် ပြေးကိန်းရှိတယ်။

သွေးနီတွေ ကျဲကုန်ပြီ ဆိုဆို၊ အဝါရောင်စာတွေ ရေးတယ် ပြောပြော NLD ကို သာ ဝန်းရံကြရမယ်။


( စစ်အာဏာရှင် အသွင်ပြောင်းတွေကို အန်တုဖို့ အန်တီစုကိုပဲ ဝန်းရံကြစို့။ )

Sunday, August 9, 2015

ပညာဒါန စာသင်ဝိုင်းလေး

ဒီနေရာလေးဟာ စာသင်ခန်းလေးပါ။ ကျောင်းဝန်းထဲမှာတော့ မဟုတ်။ ဘုရားရင်ပြင်တော်ပေါ်က တန်ဆောင်းကြီးထဲမှာ။ ကျောင်းသားကျောင်းသူ နှစ်ရာကျော်လောက် စာတွေသင်နေကြတယ်။

ဒီစာသင်ခန်းလေးရဲ့ နာမည်က ပညာဒါန repeater သီးသန့်စာသင်ခန်းပါတဲ့။ တောင်ငူမြို့ ငွေလှံရပ်မှာရပ်မှာရှိတဲ့ ချမ်းသာကြီးဘုရားတန်ဆောင်းထဲမှာ သင်ကြားနေကြတာပါ။

ပညာဒါနစာသင်ခန်းတွေ ရှိပေမဲ့ လောလောဆယ်ကျောင်းတက်နေတဲ့ ကလေးတွေအတွက်ပဲ ရှိတယ်။ repeaters ကလေးတွေ စာမေးပွဲထပ်ကျတော့ အပြင်ရောက်၊ ကျောင်းမတက်ရတော့ စိတ်တွေလေနဲ့ ပေါက်ကရဖြစ်ကုန်တာ မြင်တွေ့ရလို့ ဒီစာသင်ခန်းလေး လုပ်ဖြစ်တာလို့ စာသင်ခန်းကို ဦးစီးနေတဲ့ ဦးဇင်းရန်ကုန်က ပြောပြတယ်။ ရန်ကုနိသားကိုရင်မို့ ကိုရင်ရန်ကုန်လို့ ခေါ်ကြရာက ဦးဇင်းရန်ကုန် ဖြစ်သွားပါသတဲ့။ သူ့ရဲ့ဦးဆောင်မှုနဲ့ လုပ်အားပေးဆရာတွေစုပေါင်းပြီး ဒီစာသင်ဝိုင်းလေး ဖြစ်ပေါ်ခဲ့ပါတယ်။

စပြီးသင်တဲ့နှစ်တွေကတော့ ဒုက္ခပေါင်းစုံပေါ့။ သင်စရာနေရာမရှိတော့ ငွေလှံသင်္ချိုင်းထဲက ဇရပ်ပေါ်မှာ စ ခဲ့ရတယ်။ ကျောင်းသားသုံးဆယ်လောက်ပဲ ရှိတယ်။ ကျောင်းသားတွေက ခင်းထိုင်ဖို့ ဂုံနီအိပ်တွေ သယ်လာကြတယ်။ မသာချတဲ့နေ့ဆို စာသင်ဝိုင်းပျက်ပဲ။ ဇရပ်ကလည်း မိုးတွေယိုတော့ မိုးတွင်းဆို စိုရွှဲပေါ့။ လို့ ဦးဇင်းရန်ကုန်က ပြောပြပါတယ်။

ဘွဲ့ရပညာတတ် ဦးဇင်းရန်ကုန်က လုပ်အားပေးဆရာတွေ မအားလို့ မလာနိုင်ရင် ဝင်သင်ပေးပါတယ်။ ဒီလိုနဲ့ နှစ်ကုန်တော့ ကျောင်းသားတဝက်ကျော် အောင်ကြတယ်။ ဒီတွေလည်း ထွက်ကြတယ်။ နောက်နှစ်တွေမှာ တဆင့်စကား တဆင့်နားနဲ့ ကျောင်းသားတွေများလာတော့ သင်္ချိုင်းဇရပ်မှာ မဆန့်တော့ဘူး။ ဒါနဲ့ပဲ ရွှေနှင်းဆီ ဒေါ်အုန်းခင်ကြီးဆီမှာ ခွင့်တောင်းပြီး သူလှူထားတဲ့ ဘုရားဇရပ်ထဲ ပြောင်းလာခဲ့ကြတာပါ လို့သိရတယ်။

ခုတော့ ကျောင်းသားကျောင်းသူ နှစ်ရာကျော် ရှိနေလို့ ဘုရားတန်ဆောင်းကြီးလည်း အပြည့်ဖြစ်နေပါပြီ။ ဒိထက်များလာရင် ဘယ်ပြောင်းရမယ်တောင်မသိတော့ဘူးလို့ ဦးဇင်းက ငြီးရှာပါတယ်။

တနင်္လာကနေ သောကြာအထိ ကျောင်းတက်ချိန်အတိုင်း ဖွင့်တဲ့ စာသင်ခန်းတခုကို ဦးစီးထားရတဲ့ ဦးဇင်းကလည်း ခပ်ပိန်ပိန်လေး။ သူ့ရှေ့က စားပွဲပေါ်မှာတော့ ဓါတ်ဘူးတလုံး၊ ကော်ဖီမစ်ထုတ်အနည်းငယ်၊ ချိုချဉ်သကြားလုံးလေး နည်းနည်း၊ ပြီးတော့ ပါရာစီတမော ကပ်လေးနှစ်ခု တွေ့တယ်။

ကော်ဖီမစ်က လုပ်အားပေးဆရာတွေ ဆာရင် သောက်ရအောင် ထားတာ။ သကြားလုံးက ကလေးတွေအတွက်၊ ပါရာစီတမော ကတော့ နေမကောင်းတဲ့သူအတွက်ပေါ့တဲ့

ဦးဇင်းတို့က ဆရာတွေကို ခုမှ ကော်ဖီမစ်တိုက်နိုင်တာ။ အစကတော့ ရေတောင်အနိုင်နိုင် လို့ ဦးဇင်းက ရယ်ပြီး ပြောပြတယ်။ ဘုရားတန်ဆောင်းထဲရောက်မှ စာသင်ခုံတွေ တဖြည်းဖြည်းအလှူခံပြီး ထည့်ခဲ့တာပါတဲ့။ ခုတော့ စာသင်ခုံအပြည့် ကျောင်းသားအပြည့် ပါပဲ။

မနှစ်က သုံးဘာသာဂုဏ်ထူးရှင်တွေအပါအဝင် ကျောင်းသားတဝက်ကျော် အောင်မြင်ခဲ့ပါတယ်။ အောင်မြင်လာတော့ ကျောင်းသားတွေတိုးလာ၊ နေရာတွေပိုကျပ်လာပေါ့။ စာသင်ခန်းမရှိပဲ ဘုရားတန်ဆောင်းထဲမှာ သင်ရတော့ ဆူတယ်ဆိုပြီး ရပ်ကွက်လူကြီးတွေက လာပြော၊ ထောက်လှမ်းရေးက လာစုံစမ်းနဲ့ ပြသနာတွေလည်း ဖြေရှင်းပေးရပါသေးတယ်တဲ့။ ဆရာမလုံလောက်တာကလည်း ပြသနာတခု။ သင်မယ်လို့ စာရင်းပေးပြီးမှ အကြောင်းကြောင်းကြောင့် မသင်ဖြစ်ရင် ဦးဇင်းရန်ကုန် ကိုယ်တိုင်ဝင်သင်ရပါတယ်။

ဆရာစံဝေ ( ကျွန်တော့ညီ ) နဲ့ သူ့မိန်းမ ဆရာမသဇင်တို့က သိပ် စာသင်ကောင်းတာ။ သူတို့တွေ ရန်ကုန်ပြောင်းတော့ ဦးဇင်းမှာ လက်မောင်းပြုတ်သလိုပဲတဲ့။ ကျွန်တော့ ညီတော်မောင်လင်မယားက ကိုယ်ပိုင်စာသင်ဝိုင်း ထောင်ထားရာက စာသင်ဝိုင်းဖြုတ်ပြီး ဦးဇင်းရဲ့ ပညာဒါနမှာ အချိန်ပြည့် ကူညီခဲ့ကြတာပါ။ အခုတော့ သူတို့လည်း လုပ်ငန်းအခြေအနေအရ ရန်ကုန်ပြောင်းရပါတယ်။ ဒီစာသင်ခန်းလေးကိုလည်း သူခေါ်လာလို့ ရောက်ခဲ့ရတာပါ။

ဘုရားတန်ဆောင်းထဲမှာမို့ ဖိနပ်မစီးရတော့ တန်ဆောင်းခြေရင်းမှာ ဖိနပ်လေးတွေ ညီညီညာညာ စီတန်းချွတ်ထားကြတာ တွေ့ခဲ့တယ်။ စက်ဘီးလေးတွေလည်း ညီညီညာရပ်လို့။ အများစုက ခြေလျှင်တက်ကြသူတွေ။ ကျောင်းသားအများစုက ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားကြသူတွေ။ ဆင်းရဲတော့ ကျူရှင်မတက်နိုင်ခဲ့ကြ။ နှစ်ခါကျတော့ ကျောင်းထွက်ရ။ အပြင်ရောက်ပြီး လမ်းစပျောက်နေရာက ဦးဇင်းနဲ့ လုပ်အားပေးဆရာတွေ ကျေးဇူးကြောင့် အထက်တန်းစာမေးပွဲဆိုတဲ့ တောင်ကြီးကို ကျော်နိုင်ခဲ့ကြတာပါ။ ဒါကြောင့် ဦးဇင်းနဲ့ဆရာတွေကို ကျေးဇူးတင်ကြတယ်။ သူတို့တွေ အလုပ်ရတဲ့အခါ စာသင်ခန်းလေးရဲ့ လိုအပ်ချက် ဖြစ်တဲ့ စာရွက်တွေ ဝယ်လှူကြပါတယ်။

စာသင်ခန်းက စာတွေကို ဘာသာအလိုက် စာအုပ်လေးတွေချုပ်ပြီး ဝေတာမို့ A4 side တို့ အပြည့်ဆိုက်တို့ စာရွက်ပုံးတွေ အများကြီးလိုတယ်၊ အခုဆို အေဖိုးတောင် တပုံးကို နှစ်သောင်းကျော်နေပြီ။ ပုံနှိပ်ခကတော့ အကြွေးပေါ့။ အလှူခံပြီးရမှ ပြန်ပေးတယ်။ ဦးဇင်းအလှူခံရသမျှကတော့ ဒီစာရွက်ဖိုးတွေ ပုံနှိပ်ခတွေနဲ့ ကုန်တာပါပဲ။ အကြွေးတွေလည်း ပုံလို့ပဲ တဲ့။ အထောက်အပံ့ နည်းရှာတဲ့ စေတနာစာသင်ခန်းလေးကို ကျွန်တော်လည်း တတ်နိုင်သရွှေ့ အလှူငွေ ထည့်ခဲ့ပါတယ်။

ကျွန်တော့ မိတ်ဆွေတွေလည်း စိတ်ဝင်စားလို့ လှူချင်တယ်ဆိုရင် တောင်ငူမြို့ ငွေလှံရပ် ချမ်းသာကြီးဘုရား တန်ဆောင်းထဲမှာ ရှိတဲ့ ပညာဒါန repeater သီးသန့် စာသင်ခန်းလေးမှာ ကိုယ်တိုင်သွားရောက် ကြည့်ရှုရင်း လှူဒါန်းနိုင်ကြပါတယ်ဆိုတဲ့အကြောင်း နိုးဆော်အပ်ပါတယ် ခင်ဗျား။


 

Saturday, August 8, 2015

မိုးကျရွှေကိုယ်များ


ဘက်စုံထူးချွန်ပါသော ဒေါ်စိန်အေးကျောင်းဆင်းများ ကျန်းမာရေးဦးစီးသို့ ပြောင်းရွှေ့လာသဖြင့် ဆရာဝန်များ ဒေါပွနေကြလေ၏။ အနှီ ယူနီဖေါင်းဝတ်များကား ခေတ်အဆက်ဆက် ဘောင်းဘီချွတ်ကာ လာသည်မှကွယ် ဇာတ်ကားများစွာ ရိုက်ကူး သရုပ်ဆောင်ခဲ့သည်မှာ အဆန်းမဟုတ်ခဲ့သော်လည်း အခုလို ဒီမိုကရေစီခေတ်ပါဟူ၍ ကုန်းပြီးအော်နေသော ခေတ်ကာလအထိ အသွင်ပြောင်း ကားများ ရိုက်မဆုံး ဖြစ်နေသည်ကတော့ အမြင်မတော် ဆင်တော်နှင့် ခလောက် ဖြစ်လှချေသည်။

အနှီ ကိုယ်တော်များကား ဘယ်ခေတ်ရောက်ရောက် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကြ၏။ ညွှန်ကြားရေးမှုးများအဖြစ် မိုးပေါ်က ကြလာကြ၏။ ဌာနဆိုင်ရာများစွာတို့တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ကြသည့် အရပ်ဖက်ဝန်ထမ်းများကား ထိုသူတို့၏ ညွှန်ကြားချက်မှန်သမျှကို ပြားပြားဝတ် နာခံရ၏။ မနာခံသူကား မျက်မာန်တော်ထိကာ ဝေးရာသို့ လွင့်ကြရ၏။

အကုန်သိ အကုန်တတ်အောင် သင်ပေးတတ်သော နေရာမှရောက်လာသည့် ကိုတတ်ပများကား မြန်မာနိုင်ငံတဝှမ်းရှိ အရပ်ဘက် ဌာနဆိုင်ရာများစွာတွင် လက်ညှိုးထိုး၍ မလွဲ။ ထိပ်ပိုင်းဖြစ်သော နေရာဌာနများကား သူတို့အတွက် သီးသန့်ချန်ထားရမည့် နေရာများပင်။ အနူလက်နှင့် ရွှေခွက်နိုက်ခွင့်မရှိသည့်အလားတူလှ၏။

ထိုဆရာပေါင်းစုံ၏ လုပ်ဆောင်ချက် ပီပြင်မှုများကား မေးစရာမလို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှား။ နိုင်ငံကား အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပြီ။

ယခု ၂၀၁၅ တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးကို ကြီးကြပ်ကွပ်ကဲပေးမည့် ရွေး/ကော်၏ ဥက္ကဌကြီးမှစ၍ ကော်မရှင် လူကြီးမင်းများစွာသည်လည်း အနှီ အသွင်ပြောင်းများပင် ဖြစ်လေရာ ထိုသူတို့နှင့် ပလဲနှံပတ် မသင့်လှသော အတိုက်အခံပါတီကြီးအတွက် ဒိုင်က အနီကပ်တွေ တန်းစီကိုင်ပြီး တသင်းလုံး အထုတ်ခံရမည့်ဘေးကိုပါ ရင်ဆိုင် နေရသေး၏။

ကျန်းမာရေး ပညာရေး စက်မှု လက်မှု လယ်ယာ အလုပ်သမား လှူမှုဝန်ထမ်း ပို့ဆောင်ရေး ဘဏ္ဏာရေး ဘယ်မှာမှ မလွတ်အောင် တာဝန်ယူပြီး ဖြစ်ကြသော ထိုဆရာများသည်ကား အနာဂတ်နိုင်ငံတော်၏ ဒီမိုကရေစီဖေါ်ဆောင်ရေးတွင် အရေးပါသောနေရာအခန်းဂဏ္ဍ များစွာမှာ ဆက်လက် ပါဝင်ဆောင်ရွက်နေမည်မှာ အသေအချာပင်။

( Road Map မှာ နိုင်ငံတော်ရဲ့ အနာဂတ်ဦးဆောင်မှုတွင် တပ်မတော်အနေဖြင့် အရေးပါသော အခန်းဂဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရေး လို့ အတိအလင်း ရေးထားတာမို့ ဒီဇာတ်ညွှန်းအတိုင်း ရိုက်နေကြတာပါလို့သာ မှတ်ကြပါလော့။ )
 
 

Wednesday, August 5, 2015

သင်ခန်းစာက ယူလို့ မပြီး

ဟိုတခါ ၂၀၀၈ နာဂစ်ဖြစ်တော့ မိုးဇလက ဦးထွန်းလွင်ကြီးကို မေတ္တာတွေပို့ကြဖူးတယ်။ မိုင်၁၂၀ လေတိုက်နှုန်းကို မိုင်၄၀လို့ သတင်းပေးလို့ပေါ့။

ဆရာဦးထွန်းလွင်ကြီးခမျာလည်း ပင်စင်ယူမှပဲ အမှန်ကို ထုတ်ဖေါ်ပြောတယ်။ နာဂစ်မတိုင်ခင် တပတ်လောက်အလိုထဲက လူကြီးတွေဆီ သတင်းပို့ပေမဲ့ ပြည်သူတွေထိတ်လန့်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံရတဲ့အကြောင်း။ သက်ဆိုင်ရာဝန်ကြီးအားလုံးထံ တင်ပြခဲ့တဲ့အကြောင်း၊ နောက်ဆုံး နှစ်ရက်အလိုမှာ နံပါတ်နှစ်ဖြစ်တဲ့ ဗခမကမောင်အေးထံအထိ ကျိုးစားတင်ပြပေမဲ့ အရာမရောက်ခဲ့ရတဲ့ အကြောင်းတွေ သိခဲ့ရ။ ဒီလိုနဲ့ပဲ ပြည်သူတွေမှာ ထိတ်လန့်ချိန်မရလိုက်ပဲ အသက်ပေါင်းများစွာပေးခဲ့ကြရ။ နာဂစ်ကို သင်ခန်းစာယူမည်တဲ့။

ခုတခါ လာပြန်ပါပြီ။ ရေဘေး။ ဆည်တွေက ရေများတော့ ရေလွှဲပေါက်က ဖေါက်ချရ။ ဆည်မြောင်းကို အပြစ်ပြောတော့ မိုး/ဇလ လွှဲချ။ မိုး/ဇလ က လူမှု ကယ်/ပြန်ကို လွှဲချ။ ကယ်/ပြန်က ပြည်ထဲရေး လွှဲချ။ ပြည်ထဲရေးက ပြန်/ဆက်ကို လွှဲချ။

ထို ဝန်ကြီးဌာနပေါင်းစုံ စုပေါင်းထားတဲ့ သဘာဝဘေးဆိုးများ တားဆီးကာကွယ်ရေး အဖွဲ့ဆိုသည်ကလည်း ဖိုင်တွဲထဲမှာပဲ ရှိပါသောကြောင့် ပြည်သူတွေ ပြောင်းရွှေ့မိန့်ကို မည်သူက ပေးရမည်ကို မသိကြပါဆိုပဲ။ တော်လိုက်ကြတဲ့ အုပ်ချုပ်သူတွေ။ ထွေ/အုပ်တွေကို စားဖို့ဝါးဖို့ ခန့်ထားတယ်များ ထင်မှတ်နေသည်မသိ။

အထက်ကရေ အောက်ရောက်တော့ ဧရာဝတီတိုင်းလည်း ဘုရားတနေရလေပြီ။ မြန်မာနိုင်ငံ၏ စပါးကျည်ကြီးသာ ရေလွှမ်းခံရလျှင် အငတ်ဘေးနှင့်တိုးဖို့သာပဲ ရှိတော့သည်။

မိုး/ဇလက ဆရာဦးထွန်းလွင်က ယခုရေလွှမ်းမှုသည် မိုးလယ်ကာလသာရှိသေးသဖြင့် မိုးနှောင်းကာလ မုန်တိုင်းပြသနာနှင့် ရေကြီးမှုက စောင့်နေပါသေးသတဲ့။ ရေနစ်သူကိုဝါးကူထိုးမဲ့အဖြစ်။

ခုလည်း သင်ခန်းစာယူမည်ဆိုပြန်၏။ တာဝန်ယူမည် မပြောပဲ သင်ခန်းစာချည်း ယူနေတတ်သူများပါပဲ။ ပြည်သူတွေ အထိတ်တလန့် မဖြစ်ပါစေနဲ့လို့ မှာကြားချက်ရှိပါသောကြောင့် နိုင်နင်းစွာ ကိုင်တွယ်နေပါကြောင်း ဓါတ်ပြားဟောင်းအောက်က ရုန်းမထွက်နိုင်ကြသေး။

ရေနစ်ကြတာတော့ အတူတူ။ ဗမာ၊ ကုလား၊ တရုတ် အကုန်နစ်ကြသည်။ တပ်တွေရော ရဲတွေရော မီးသတ်ရော မည်သူမျှ မလွတ်ကြ။ ဒီကြားထဲ အချင်းချင်းတွေ ပတ်ဆဲနေတာလည်း ဖတ်ရသေး၏။ စနစ်ဆိုးအောက်မှာ မည်သို့ဆဲဆဲ အမုန်းသာ အဖတ်တင်မည်။

ချင်းတောင်မှစ၍ မြန်မာပြည်အလယ်ပိုင်း အောက်ပိုင်း နေရာဒေသများစွာ ထိခိုက်ခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျငွေများမှာ ဒေါ်လာသန်းပေါင်းများစွာ။ နိုင်ငံတော်က လိုငွေများစွာ။

ဒီလို အဖြစ်ဆိုးတွေနဲ့ ဝေးကြပါစေဟု ဆုတောင်းရုံမှတပါး...။

Sunday, August 2, 2015

စစ်ရေးအမြင်

တခါက စိနဆိုတဲ့ နိုင်ငံကြီးဘေးက ဂိနဆိုတဲ့ နိုင်ငံမှာ ရေဘေးကြီးနဲ့  ကြုံပါသတဲ့။

အဲဒီနိုင်ငံက ပြည်သူတွေက ထုံးစံအတိုင်း အင်တိုက်အားတိုက် လှူကြပါရဲ့။ နို့ ပေမဲ့ ပြည်သူတွေက တတ်နိုင်သမျှလေး လုပ်၇တာမို့  အရာမရောက်။ အစိုးရမင်းများကလည်း ကြိုတင် ပြင်ဆင်မှု မရှိတော့ နေရာနည်းနည်းမှာပဲ ကူနိုင်ပါသတဲ့။

အဲဒီနိုင်ငံက ဆင်းရဲပေမဲ့ တပ်ကြီးကတော့ ဟီးထနေတာပါပံတဲ့။ ဒါကြောင့် ဘီဘီကွီ သတင်းထောက် မောင်ပေါက်ကျိုင်းဆိုသူက ဂိနနိုင်ငံသမတကြီး ဂိုင်စီပြောင်ဆိုသူကို ရေကြီးလို့  အဆက်အသွယ်ပြတ်နေတဲ့ နေရာတွေဆီ တပ်မတော်လေရဲ့ လေယဉ်တွေနဲ့  ရိက္ခာတွေ မချပေးတာ ဘာကြောင့်လဲလို့  မေးပါသတဲ့။

သမတကြီး ဂိုင်စီပြောင်ရဲ့  အဖြေကတော့ "စစ်ရေးအမြင်ရှိလို့ ပါ " တဲ့။ " လေတပ်ဆိုတာ တိုင်းရင်းသားသူပုန်တွေကို အချိန်မရွေး ဗုန်းကျဲနိုင်အောင် အဆင်သင့် ပြင်ထားရပါတယ်။ ရေကြီးတာကို အခွင့်ကောင်းယူပြီး တိုက်လာရင် ဗုန်းစာကျွေးဖို့  အသင့်ပြင်ထားရလို့ ပါ။ ပြည်သူတွေအတွက် မသုံးနိုင်သေးတာ နားလည်ပေးသင့်ပါတယ်။ ရေကြီးလို့ ပြည်သူတွေ သေတော့လည်း ဆင်းရဲသားပပျောက်ရေုး လုပ်ရတာ သက်သာတာပေါ့ " တဲ့။

စစ်ရေးအမြင်ရှိမှ သမတလုပ်ရမယ်ဆိုတာ အဲဒါကြောင့်ပြောတာနေမှာ။

Saturday, August 1, 2015

ရွာပြန်မှတ်တမ်း

မောင်စံရွာမှ ပြန်ပါပြီ။

ဒီတခါ ရွာပြန်တော့ ငယ်သူငယ်ချင်း ရောင်းရင်းတွေ တလှေကြီးနဲ့ ပြန်ဆုံတွေ့ရသည်။ ငယ်ဘဝက ဆုံခဲ့ရပြီး ပြန်မတွေ့တော့တာ နှစ်ပေါင်းများစွာ။ ခုလို ပြန်ဆုံကြတော့လည်း အရင်ကအတိုင်း ခင်မင်ဆဲ။

ငယ်ဘဝက ဖြူစင်စွာ ခင်ခဲ့ကြတဲ့သူတွေ။ သူဘယ်သူလည်း ကိုယ်မသိ။ ကိုယ်ဘယ်သူလည်း သူမသိ။ ဘာအရောင်မှ မဆိုးခဲ့ကြ။ ဒါကြောင့်လည်း ခုလို ပြန်ဆုံကြတော့ အရင်အတိုင်း မပြောင်းလည်းကြ။

တောင်ငူမှာ တွဲခဲ့တဲ့ ငယ်သူငယ်ချင်းတွေထဲက ကျော်ဝင်း၊ ဝဏ္ဏ၊ အောင်စိုး၊ သိန်းဝင်း၊ အောင်မြင့်သန်း၊ ဝင်းစိုးဦး၊ အောင်မိုး၊ မောင်လတ်၊ ကျော်လင်း၊ ခင်မောင်သန်း၊ စိန်မောင်၊ ကိုကိုသန့်၊ ရီသန့်၊ တင်မောင်မောင်၊ ပေါက်ကြီး၊ ထွန်းလှဦး၊ စိုးလွင်၊ စွီဟုန်း၊ ဇော်မင်း၊ မျိုးကြည်၊ ကျော်သူလတ်၊ မင်းဦး၊ ချွင်းထောင်၊ မြင့်ဦး၊ အားကီ၊ ကျော်ဝင်း ( ဆန်ဖရန် )၊ စည်သူမြတ်၊ မူမူအေး၊ ကင်းတီ၊ မော်မော်ဝင်း၊ ခင်စန်းဝင်း၊ နုနုမော်၊ ခင်ဌေး၊ မွှေးမွှေး၊ ဥမ္မာ၊ သီတာ၊ ကြင်ယု၊ နှင်းဆီလတ်၊ စပယ်လတ်တို့နှင့် ပြန်ဆုံရသည်။

ပဲခူးကောလိပ်မှာ ခင်ခဲ့တဲ့ အောင်မြင့်သန်းနဲ့ စိုးဦးတို့ကိုလည်း ပဲခူးဝင်၍ နှုတ်ဆက်ခဲ့ရသည်။
ပဲခူးကောလိပ်မှ အာအိုင်တီထိ တွဲခဲ့သော သူငယ်ချင်းများ ဆုံတွေ့ပွဲကိုတော့ ကျော်မင်းစီစဉ်မှုဖြင့် စမိုင်းတွင် ဆုံကြသည်။ သန်းအောင်၊ ကြည်ဝင်း၊ တင်မောင်နိုင်၊ စိုးနိုင်၊ ဌေးအောင်၊ မြင့်လွင်တို့အပြင် အမေရိကားမှ ကိုညွန့်သန်း၊ တောင်ကြီးသား နိုင်နိုင်ကို၊ မုံရွာသားတို့ အားဖြည့်ကြသည်။ ဒီပွဲကို မလာနိုင်တဲ့ ညီညီ ကို တောင်ငူမှာ၊ ရဲနိုင်ကို မန်းလေးမှာ ဆုံခဲ့သည်။

အာအိုင်တီ ဘော်ဒါတွေထဲက အောင်ကြည်စိန်၊ ကျင်မောင်ထွန်း၊ ဝင်းနိုင်( တိုက်ကြီး )၊ စိုးစိုး၊ မျိုးမျိုး၊ ခင်မောင်လွင်၊ မြင့်ဇော်၊ ကျော်ကျော်( ထားဝယ် )၊ ကျော်ကျော် ( ရေနံချောင်း )၊ သန်းနိုင်၊ တင်မောင်စိုး၊ကိုဝင်းနိုင် ( မန်းလေး )၊ သောင်းဟန်၊ ဝင်းရွှေ၊ တင်မောင်ထွန်း၊ ဝင်းအောင်၊ ရွှေသွင်၊ ထင်လင်းအောင်၊ ရန်ရှင်း၊ ဇော်မင်း၊ နေဝင်း၊ ယုယုလှိုင်၊ ဌေးဌေးဝင်း၊ ထူးထူးအောင် စသည်ဖြင့် ဆုံကြသည်။ တချို့တွေလည်း နာမည် မမှတ်မိတော့။ စလေစံလင်း၊ ကျော်မြထွေး၊ မောင်မောင်နိုင်တို့နဲ့က ဖုန်းဆက်ပြောဖြစ်သည်။ အေးအေးမာ ခိုင်ခိုင်အေးတို့နဲ့ တွေ့ဖို့ စီစဉ်သော်လည်း အထ မမြောက်ခဲ့။
အမှတ်ရသလောက် နာမည်တွေ ရေးရသဖြင့် တချို့တွေ နာမည် ကျန်ခဲ့ရသည်။ မှတ်ဉာဏ်အားနည်းလှတဲ့ ကိုယ့်ကိုကိုယ်လည်း အားမရ။

သူငယ်ချင်းတွေ အားလုံး သူ့နေရာနဲ့သူ အောင်မြင်နေကြတာ တွေ့ရတော့ မုဒိတာပွားရပါသည်။ သူတို့တွေရဲ့ ဧည့်ဝတ်ကျေမှုကလည်း အံ့မခန်း။ ရောက်သည်မှ ပြန်သည်အထိ သုံးပတ်နဲ့လေးရက်မှာ အပြင်မှာချည်း ဧည့်ခံပွဲတွေနွှဲနေရသဖြင့် ပေါင်တွေတောင် တက်လာပေသည်။

အာအိုင်တီမှ ဆရာဦးတင်မြင့်ကလည်း ဂျပန်ဆိုင်မှာ လိုက်ကျွေးတော့ ဆူရှီကြိုက်သူမို့ ခေါင်းမဖေါ်နိုင်။ ဟော်တယ် ပိုင်ရှင် ဖိုးတိုးက သူ့ဟော်တယ်သစ်ကြီးရဲ့ ဆွိခန်းမှာ အိပ်ဖို့ပြောလို့ အက်ဖ်အိုစီနဲ့ တည နှပ်ရသေး။

ရောက်စ အစားစုံပြီး ပန်းကိုကိုဖြစ်တာ ဖျားတာကလွဲလို့ ကျန်တာ အကုန် အဆင်ပြေလှသော သည်ခရီးရဲ့ ဘုရားဖူးက ပုဂံ၊ မန်းလေး၊ ပြင်ဦးလွင်။ ပေါက္ကံပြည်ရဲ့ နေဝင်ချိန်ကို ရွှေဆံတော် အထက် ပစ္စယံမှ ကြည့်ရတဲ့ မြင်ကွင်းက အံ့မခန်း၊ မြစေတီ ကျောက်စာသွားကြည့်ရင်း အနားက ဂူပြောက်ကြီးထဲက လက်ကျန် နံရံဆေးရေးပန်းချီတွေ လေ့လာရတာ ရင်တသိမ့်သိမ့်။ မနူဟာဘုရားကြီးရဲ့ မွန်းကျပ်မှုကို ဖူးရတော့ မြန်မာဘုရင်တွေ ပါတော်မူတာ မနူဟာကို ပုဂံမှာ ထားခဲ့လို့ ဝဋ်လည်လေသလား ထင်မှတ်မိ။ ထိုင်းဘုရင်လည်း အမရပူရမှာ သေခဲ့ရတာမို့ ဝဋ်မှာ အမြဲဆိုတာ ဟုတ်မှာ ဘာညာ တွေးမိသေး။

မန်းလေးရောက်တော့ စစ်ကိုင်းတောင် ဥမှင်သုံးဆယ်၊ ဆွမ်းဦးပုညရှင်တို့ပေါ်က ရှုခင်းအလှက ရင်သတ်ရှုမော။ အင်းဝမြို့ဟောင်းသွားကြ။ မယ်နုအုတ်ကျောင်းကြီးနဲ့ ဗားကရာကျောင်းတိုက်၊ နန်းမြို့မျော်စင်၊ မြို့ရိုးကြီးတွေ ထိမ်းသိန်းမှု အားနည်းလှတဲ့ အမေ့ခံ မြို့တော်ဟောင်း။ ရွှေမှန်ကင်းက ထင်းတွေဖြစ်ပါပေါ့လား။ ငယ်ကထဲက သမိုင်းထဲမှာ ရင်းနှီးခဲ့တဲ့မြို့ကြီးက ရွာကြီးသာသာ ဟောင်နွမ်းမှုတွေနဲ့ အသားကျလို့။

ပင်းယ အင်းဝ (အဝ) ရဲ့ ရာဇဝင်က အရှည်သား။ မြစ်ငယ်နဲ့ ဧရာဆုံတွေ့ရာအရပ်က မြေ။ သတိုးမင်းဖျား တည်ခဲ့တဲ့ပြေ။ မင်းခေါင်နဲ့ ရာဇာဒရစ်တို့ နှစ်လေးဆယ် မွန်မြန်မာ စစ်ခင်းခဲ့တဲ့ အခြေ။ မင်းရဲကျော်စွာနဲ့ လဂွန်းအိမ်တို့ ကျဆုံးခဲ့တဲ့ မြေ။ ဘကြီးတော်ရဲ့ မိဘုရားခေါင် နန်းမတော်မယ်နုရဲ့ အုတ်ကျောင်းကြီးကတော့ ခုထိ အကောင်းပကတိ တည်ရှိနေဆဲ။ ရေချ ကွပ်မျက်ဖို့ အသွား အုတ်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဗုဒ်ကို ဝင်ဖူးတော့ မယ်နု၊ သူ့ကျွေးရှိက ဆပ်ရပေလိမ့်မည် ဟုသာ မိန့်ပါသတဲ့။ သူနဲ့အတူ အမရပူရမြို့ဝန် ဘိုင်ဆပ်၊ မြို့စာရေးမောင်ပိန်စတဲ့ ခရိုနီတွေပါ အသတ်ခံကြရသတဲ့။ ငယ်ငယ်က ဖတ်ဖူးတာတွေ အမှတ်ရ။

ဗားဂရာကျောင်းကြီးမှာတော့ သံဃာဆယ်ပါးလောက် ခုထိ သီတင်းသုံးနေတာ တွေ့ခဲ့ရ။ ရာဇဝင်ထဲက အင်းဝက ရှေးဟောင်းအတိုင်း ကျန်နေသေးတာမို့ ဗမာမှန်ရင် အင်းဝကို သွားလေ့လာကြပါလို့ ရောင်းရင်းတွေကို ပြောချင်တာပါပဲ။

မေမြို့ကတော့ ပြင်ဦးလွင်ခဲ့ပြီ။ မိုးနဲ့အတူသွား မိုးနဲ့အတူပြန်။ ရွာလိုက်တဲ့မိုးက သည်းလေတော့ မန်းလေးမြို့ကြီးရေတွေကြီး။ ပြင်ဦးလွင်ကလည်း ရေလွင်ပြင်။ ရေနှုတ်မြောင်းတွေ မြေဖို့ရောင်းတဲ့ အုပ်ချုပ်သူတွေ ကျေးဇူးတော်ကြောင့် ရေတွေကြီးနေကြတာ ကြည့်မကောင်း။ မဟာရန်ကုန် ရွှေမြို့တော်ကြီးကလည်း ရေကြီးမှ လမ်းတွေပိတ်ခါ မြောင်းဖေါ်နေလရဲ့။

လေဆိပ်မှာ ပိုက်ပိုက်မရလို့ ညစ်တွန်းတွန်းပြီး ရှိသမျှအိပ်တွေ ဖွင့်ပြခိုင်းတဲ့ ကိုကိုအကောက်ခွန် မမအကောက်ခွန်များကိုလည်း သတိတရပါပဲ။ ( တကယ်က လှည်းတွန်းတဲ့ ကောင်လေးတွေကို ဒေါ်လာလေးဆယ် ပေးလိုက်တာပါ။ အကောက်ခွန်ကိုကိုများက အမေရိကားက အချဉ်တွေ ပြန်လာပြီဆိုပြီး ပိုက်ဆံရမယ်ထင်ထားပေမဲ့ မရလို့ ညစ်တာပါ။လူကြုံအိပ်တွေ ဒါးနဲ့ခွဲ၊ ထင်သမျှကြဲပေမဲ့ ဘာမှ မတွေ့လို့ ရပါပြီပြောတော့ တစစီကောက်ပြီး သိမ်းရတာ အကြာကြီး။ )
ထုံးစံအတိုင်း ပေးလိုက်ရင် ပြီးမယ်မှန်းသိပေမဲ့ ပြောင်းလည်းနေပါပြီဆိုတဲ့ ကာစတန်က ကိုကိုမမတွေကို တကယ်ပြောင်းမပြောင်း သိချင်လို့ ကြည်စားကြည့်တာပါ။

ထိုနည်းလည်းကောင်း မပြောင်းလည်းကြသေးပါသဖြင့် နောက်နောင် ပြည်တော်ပြန်ကြပါက ထုံးစံအတိုင်း ပေးကမ်းစွန့်ကျဲ ကြပါရန် အသိပေးရင်း ပြည်တော်ပြန်မှတ်တမ်းရှည်ကို ကလောင်သွေးလိုက်ရပါကြောင်း။