Wednesday, August 12, 2015

ဇေယျာသီရိ မိဘမဲ့ မိန်းကလေးများ ဂေဟာ


မွေးရပ်မြေ ရောက်တုန်းမှာ မွေးရပ်မြေရဲ့ လိုအပ်ချက်လေးတွေကို အုပ်တချပ်သဲတပွင့် ဖြည့်ခဲ့တဲ့အထဲမှာ ဒီကျောင်းကလေးလည်း ပါခဲ့တယ်။

ဇေယျာသီရိ သီလရှင်စာသင်တိုက်နဲ့ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ဂေဟာဆိုတာ ပေါ်ပေါက်လာခဲ့တာ ကြာပါပြီ။ သီလရှင် ဆရာကြီးတွေ ဦးစီးတဲ့ မိဘမဲ့မိန်းကလေးများ စောင့်ရှောက်ရေးဂေဟာလေးပါ။

အစိုးရရဲ့ မိဘမဲ့ဂေဟာက လူဦးရေအကန့်အသတ်နဲ့ပဲ လက်ခံနိုင်ပါတယ်။ လာအပ်ရင်လည်း အမိအဖတွေရဲ့ နာမည်၊ မှတ်ပုံတင်၊ နေရပ်၊ အုပ်ထိန်းသူရဲ့ အချက်အလက်စုံ၊ ထောက်ခံစာ စသည်ဖြင့် ပြည့်စုံစွာပါမှ လက်ခံပါတယ်။ တောနယ်တွေ၊ တိုင်းရင်းသားနယ်တွေက မိဘမဲ့ကလေးတွေ အချက်အလက်မစုံနိုင်ကြလေတော့ သီလရှင်တွေ ဦးစီးတဲ့ ဒီကျောင်းလေးကို ရောက်ရတာပါပဲ။

ဒီကျောင်းမှာ စောင့်ရှောက်ထားတဲ့ မိန်းကလေးငယ်ပေါင်း လောလောဆယ် အချိန်မှာ ၇၈ယောက် ရှိတယ်။ ကျောင်းမနေရသေးတဲ့ မူကြိုအရွယ် ကလေး သုံးယောက်အပါအဝင် မူလတန်းကနေ အထက်တန်း၊ ကောလိပ်အထိ အရွယ်စုံပါ။ တချို့က စကားမပြောတတ်ကြဘူး။

ကျွန်တော်ရောက်သွားတော့ မူကြိုအရွယ်ကလေးလေး တယောက် နေမကောင်းဖြစ်နေရှာတယ်။ အဲဒီနေ့ မတိုင်ခင် သူငယ်ချင်းတစု မွေးနေ့အလှူ လာလှူကြတော့ သီလရှင် ငယ်ငယ်လေးတစ်ပါးပဲ ကျောင်းမှာရှိတယ်။ နောက်တနေ့မှ သူ့ရဲ့အမ သီလရှင်လေးနဲ့တွေ့လို့ မေးကြည့်တော့ သူငယ်ချင်းတွေ လာလှူတဲ့ နေ့က ကလေးကို ဆေးရုံသွားပြနေရလို့ မရှိတာပါလို့ ရှင်းပြတယ်။ သွေးလွန်တုပ်ကွေးတွေက တမြို့လုံးက ကလေးအများစုမှာ ဖြစ်နေတဲ့အချိန်မို့ စိတ်ပူရှာမှာပေါ့။

ကျွန်တော်သွားလှူတဲ့ နေ့မှာတော့ အဲဒီသီလရှင်အမနဲ့ သူ့ညီမ သီလရှင်လေးနှစ်ပါးကို တွေ့တယ်။ အကြောင်းစုံကို မေးကြည့်တော့ စိတ်မကောင်းစရာ။

သီလရှင်တွေမို့ မိန်းကလေးကိုပဲ လက်ခံနိုင်ပါတယ်။ ဒီကျောင်းလေးဟာ သက်တန်းရှည်လာတာနဲ့အမျှ ဦးစီးတဲ့ သီလရှင်ကြီးတွေလည်း အိုမင်းလာကြတော့ နေရပ်ကို ပြန်ကြ၊ နောက်ဆုံးကျန်တဲ့ သီလရှင်ဆရာကြီးကလည်း နေမကောင်းလို့ နောက်ဆုံးအချိန်ကို ရောက်နေရှာပြီ။ ဦးစီးမဲ့သူ မျိုးဆက်ပြတ်မလို ဖြစ်နေပြီ။

အဲဒီအချိန်မှာ တောင်ငူ နည်းပညာကောလိပ်မှာ ဒုတိယနှစ်တက်နေတဲ့ အမကျောင်းသူလေးနဲ့ ဆယ်တန်းတက်နေတဲ့ သူ့ညီမကျောင်းသူလေး နှစ်ယောက်က ကျောင်းကထွက်လိုက်ကြပြီး သီလရှင် ဘဝကို ခံယူရင်း ဒီကျောင်းလေးရဲ့ လိုအပ်ချက်ကို ဝင်ဖြည့်လိုက်ကြပါတယ်။

ဒီညီအမ နှစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာ ခံမှုကတော့ စာနဲ့ရေးပြလို့တောင် ကုန်မယ်မထင်။ သူတို့နဲ့ဘဝတူ ကလေးငယ်တွေအတွက် သူတို့ရဲ့ တက်လမ်းတွေပွင့်နေတဲ့ဘဝကို လဲရဲတဲ့ သတ္တိ။ ပြီးတော့ ညီအမ နှစ်ယောက်လုံး ငယ်ငယ်ချောချောလေးတွေ။ အသက်နှစ်ဆယ်တောင် ပြည့်ဦးမည် မထင်။ မင်းသမီး လုပ်လို့ရလောက်တဲ့ ရုပ်ရည်လေးတွေနဲ့ ငယ်ငယ်ချောချော သီလရှင် ညီအမရဲ့ စွန့်လွှတ်မှုအတွက် သာဓုအကြိမ်ကြိမ်လည်း ခေါ်ခဲ့ရပါတယ်။

သီလရှင်တွေ ဦးစီးတဲ့ မိဘမဲ့ကျောင်းမို့ ဆင်းရဲရှာတယ်။ ကျောင်းရဲ့အဓိကဝင်ငွေက ထင်းရောင်းတယ်။ ဒီကျောင်းက ထွက်သွားတဲ့ အမတယောက်က ထင်းတွေ သစ်စက်ကနေ လေလံဆွဲ။ ခုတ်ထစ်ပြီး ပြန်ရောင်း ရတဲ့ငွေလေးနဲ့ စားနေကြတာ။ အလှူရှင်ရှိရင် ဟင်းကောင်းစားရပေမဲ့ အလှူရှင် မရှိတဲ့ရက်မှာတော့ ကန်စွန်းရွက်ပြုတ်ကို ငန်ပြာရည်နဲ့တို့တဲ့ ဟင်းပဲ စားကြရရှာတယ်။ ထင်းရောင်းလို့ ရတဲ့ အမြတ်ငွေလေးက ကျောင်းသူ ၇၈ ယောက်အတွက် ဒီလောက်ပဲ ရပေမပေါ့။ ကျွန်တော့ညီရဲ့ မိန်းမကတော့ ကလေးတွေ ဖြစ်သလို နေ့လည်စာ စားနေရတာကြည့်ပြီး စိတ်မကောင်း ဖြစ်လို့ မျက်ရည်ကျခဲ့ရှာတယ်။

၂၀၁၀ နောက်ပိုင်း အလှူရှင်တွေ လာတာစိတ်လို့ အထိုက်အလျှောက်တော့ အဆင်ပြေပါသတဲ့။ အဲဒီနှစ်တွေအရင်ကတော့ အဆင်မပြေပါဘူးတဲ့။

အဆင်ပြေပါတယ်ဆိုတဲ့ ခုလိုအချိန်တောင် အလှူရှင်မရှိရင် ဆန်ကြမ်းနဲ့ ကန်စွန်းရွက်ပြုတ်။ မပြေဘူးဆိုတဲ့ ထိုနှစ်တွေအတွက် မတွေးရဲလို့ မမေးခဲ့ပါဘူး။ သီသရှင် ဆရာလေးတွေကလည်း အေးမှအေးမို့ တခွန်းမေးမှ တခွန်းဖြေ။

ကလေးတွေက အရွယ်စုံမို့ အဝတ်အထည်တွေလည်း အရွယ်စုံ လိုအပ်မှာပဲ။ မြင့်မြတ်စတိုးပိုင်ရှင်ကတော့ လိုအပ်တဲ့ အဝတ်အထည်လေးတွေ သူတတ်နိုင်သလောက် လာလှူထားတာ တွေ့ခဲ့တယ်။ ဒီလို အလှူရှင်တွေ အများကြီး လိုအပ်နေတဲ့ နေရာလေးပေါ့။

ကျောင်းသွားတဲ့ကလေးတွေကို နေ့လည်စာ အလှူရှင်ရှိလို့ ကျောင်းက ပြန်ခေါ်လာပြီး နေ့လည်စာကျွေးဖို့ ပြင်နေကြတယ်။ ထမင်းဆောင်အဝင်မှာတော့ အီတလီနိုင်ငံမှ အလှူရှင်က ဒီထမင်းစားဆောင်လေးကို ပြန်လည်ပြုပြင်ပေးသည်လို့ ရေးထားတယ်။ တခြားအဆောင်တွေလည်း ပျဉ်ထောင်ဆောင်တွေမို့ အိုနေကြပြီ။ မကြာခင် ပြင်ဖို့ လိုလာတော့မယ်။

သီလရှင် ညီမငယ်လေးနဲ့ စကားမပြာတတ်ရှာတဲ့ ကလေးမလေးတယောက်က ဟင်းတွေ ထမင်းတွေ ပုံစံခွက်တွေထဲထည့်နေကြလေရဲ့။ ကျွန်တော်တို့လည်း ဝိုင်းကူခဲ့ပါတယ်။ ပုံစံခွက်လေးတွေကို ယင်လုံဇကာလေးတွေ လိုက်အုပ်ပေးတာမျိုးပေါ့။ ကလေးတွေကတော့ အပြင်မှာ လက်ကလေးတွေပိုက်ရင်း တန်းစီလို့။

အလှူရှင် မရှိတဲ့ ကျောင်းတက်ရတဲ့ နေ့လည်တွေဆို ဒီကလေးမလေးတွေ နေ့လည်စာတောင် စားရရဲ့လားမသိ။ တွေးရင်းတွေးရင်း ရင်ထဲမှာမချိ။

နေမကောင်းတဲ့ မူကြိုအရွယ်ကလေးမလေးက သုံးနှစ်တဲ့။ ဗမာစကားမပြောတတ်တဲ့ ပအို့ဝ်မလေး။ ချစ်စရာအရွယ် မိဘရင်ခွင်ထဲမှာ နေရမဲ့အရွယ်။ ခုတော့ ခုံတန်းလေးပေါ်မှာ ထိုင်လို့။ သူငြိမ်အောင် tablet လေးထဲမှာ ကာတွန်းကားလေးဖွင့်ပြထားတော့ အဲဒီကားလေးထဲ အာရုံရောက်နေရှာရဲ့။ ချစ်စရာ ပီဘိ ကလေးငယ်လေး။ နှာရည်တွေလည်း ထွက်လို့။ ဒီကလေးတွေကို စောင့်ရှောက်နေတဲ့ သီလရှင် ညီအမကလည်း ကလေးသာသာ။

ဘုန်းကြီးကျောင်းတွေလို အလှူအတန်းမပေါလို့ ဆင်းရဲပေမဲ့ ယနေ့ထိ ကြံ့ကြံ့ခံရင်း ရပ်တည်နေတဲ့ အဲဒီ သီလရှင်ကျောင်းလေးကို ဝိုင်းပြီး လှူကြတန်းကြပါလို့ ဒီနေရာကနေ နှိုးဆော်ပါရစေ။ ရေများတဲ့နေရာ ရေလှူတာထက် ရေရှားတဲ့ နေရာကို ရေလှူရတာ အကျိုးများပါတယ်။

တောင်ငူမြို့က မိဘမဲ့မိန်းကလေးငယ်များကို စောင့်ရှောက်နေတဲ့ ဇေယျာသီရိ သီလရှင်ကျောင်းလေး အဓွန့်ရှည်ပါစေ။
 
 
 

No comments:

Post a Comment