မယ်နုဆိုတာ အထင်ကရ မိဘုရားကြီးပါ။ ဘကြီးတော်မင်းလို့ခေါ်ကြတဲ့ စစ်ကိုင်းမင်း အိမ်ရှေ့စံဘဝမှာ တော်ကောက်တယ်လို့ သိရတယ်။ နောက် ဘုရင်ဖြစ်လာတော့ မိဘုရားခေါင်ကြီး ဖြစ်လာတယ်ပေါ့။
မယ်နုငယ်စဉ် မြစ်ဆိပ်မှာရေချိုးနေတုန်း ချွတ်ထားတဲ့ထမီကို စွန်ချီပြီး နန်းတော်မှန်ကင်းမှာ သွားထားရာက ထူးခြားတယ်ဆိုပြီး တော်ကောက်တယ်လို့ ပြောကြတယ်။ အဒေါ်ဖြစ်သူမပုက နန်းတော်ထဲက အပျိုတော်မို့ အဒေါ်ခေါ်လို့ နန်းတော်ထဲမှာ အပျိုတော်ဖြစ်လာ။ ရုပ်ရည်ချောမောလှပတဲ့ အပျိုတော်မယ်နုကို ဘကြီးတော်ကတွေ့ပြီး မိဘုရားမြှောက်တယ်လို့လည်း ဆိုကြတယ်။ ဘယ်ဟာမှန်တယ်တော့ မသိ။
သေချာတာကတော့ မယ်နုဟာ တောသူပါ။ ရွှေဘိုနယ် ( ဖလံခုံရွာ ) ဇာတိပါတဲ့။ သူမိသုရားမဖြစ်ခင် ဘကြီးတော်မှာ အိမ်ရှေ့မိဘုရားဆင်ဖြူမယ်ရှိတယ်။ (သားတော်အိမ်ရှေ့မင်း ကံကုန်လို့ မြေးဖြစ်တဲ့ စစ်ကိုင်းမင်းသားခေါ် ဘကြီးတော်နဲ့ ကျန်ရစ်သူမုဆိုးမဆင်ဖြူမယ်ကို ပေးစားပြီး အိမ်ရှေ့အရာပေးတယ်။ ဘကြီးတော်ဟာ အဖိုးဖြစ်သူ ဘိုးတော်ဘုရားက သူ့အဒေါ်လောက်ရှိတဲ့ ဆင်ဖြူမယ်နဲ့ ပေးစားလို့ ညားခဲ့ရတာ။) ဆင်ဖြူမယ်ဟာ စကြာင်္မင်းလေး ကိုမွေးပြီး ကံကုန်ရှာတယ်။ ဒါကြောင့်ကလေးအဖေ တခုလပ် အိမ်ရှေ့မင်းကို ရှစ်နှစ်သမီးသာရှိသေးတဲ့ ပဒေါင်းမင်းသမီးလေးနဲ့ပေးစားပြီး အိမ်ရှေ့မိဘုရား မြှောက်ပြန်ပါတယ်။ကလေးအရွယ်မို့ မပေါင်းဖက်ရ။ အရွယ်ရောက်မှ ပေါင်းရမှာ။ အဲဒီလို ချစ်ကံခေလှတဲ့ အိမ်ရှေ့စားဟာ ငယ်ငယ်ချောချော မိနုလေးကိုတွေ့ပြီး တန်းတန်းစွဲချစ်မိသွားရာက မိဘုရားအရာ ပေးပါတော့တယ်။
မယ်နုကို မိဘုရားမြှောက်တော့ နန်းတော်တခုလုံး ပွက်လောရိုက်ပေါ့။ မဟာဆီမဟာသွေးမဟုတ်တဲ့ တောသူမကို ' ကြက်မှာအရိုး လူမှာအမျိုး' ဆိုတဲ့ ဆောင်ပုဒ် ဖျက်ပြီးယူတာပဲလို့ ကဲ့ရဲ့ကြတော့ မယ်နုက ' ကြက်မှာအမြစ် လူမှာအချစ် ' လို့ ပြန်ပြောပါသတဲ့။
ဘကြီးတော် ဘုရင်ဖြစ်တဲ့အချိန်ဟာ အာဏာလုပွဲအတွက် လွန်ဆွဲနေတဲ့အချိန်ပါ။
ဘုရင်ရဲ့အချစ်တော်မိဘုရားကြီးနဲ့ သူ့မောင်တော် စလင်းစားမင်းသားကြီး မောင်အို၊ သူတို့ လွှမ်းမိုးထားတဲ့ လွှတ်တော်ကအမတ်တွေက တဖက် (အမ ရှင်ဘုရင်ကတော်ဖြစ်တော့ သူ့မောင်လည်း မင်းသားဖြစ်တာ မဆန်းလှပါ။) ။ ဘကြီးတော်ရဲ့ညီအရင်း သာယာဝတီမင်းသားနဲ့ တပ်က တဖက်။ ( ညီတော် သာယာဝတီ မင်းသားက တိုက်ရည်ခိုက်ရည်ကောင်းပြီး သြဇာလည်းကြီးလှလို့ တပ်က သူ့ဖက်က ထောက်ခံတယ်။) သားတော်စကြာင်္မင်းလေးနဲ့ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေက တဖက်။ ( စကြာင်္မင်းလေးကို မွေးဖွားချိန်က ထူးခြားတဲ့အတိတ်နမိတ်တွေ ပြခဲ့လို့ အလွန် ဘုံးတန်ခိုးကြီးမဲ့ စကြာင်္မင်းလောင်းလေးလို့ ပြည်သူက ယူဆခဲ့ကြတယ်။) အင်အားတွေ ပြိုင်နေချိန်။
တပ်ထောက်ခံတဲ့ သာယာဝတီမင်းသားက ပြည်သူထောက်ခံတဲ့ စကြာင်္မင်းလေးကို မကြောက်ပေမဲ့ ( ပြည်သူက ထောက်ခံသူကို ဂရုမစိုက် ခဲ့တာလည်း အဲဒီခေတ်ထဲက။) လွှတ်တော်ကိုပိုင်တဲ့ မယ်နုတို့ မောင်နှမကိုတော့ ကြောက်ဟန်တူပါတယ်။ ( ပြည်သူ၊ လွှတ်တော်၊ တပ် တို့ လွန်ဆွဲခဲ့တာ သူတို့ခေတ်က စတာ။ ခုမှမဟုတ်ဖူး။)
ဒါကြောင့် မယ်နုတို့ မောင်နှမဟာ အရင်းမဟုတ်ဘူး။ ညားနေကြတဲ့ ဘင်္ဂလားမောင်နှမ ဘာညာနဲ့ သူ့လူတွေကို သတင်းမှားတွေ လွှင့်စေပါတယ်။ မယ်နုတို့ဖက်ကလည်း သာယာဝတီမင်းသားဟာ တပ်ကိုအသုံးချပြီး ပုန်ကန်ဖို့ လက်နက်တွေစုဆောင်းနေတယ်လို့ သတင်းပြန်လွှင့်ပါတယ်တဲ့။ ( ကဲ ကြည့်။ သတင်းမှား ကောလာဟာလတွေ လွှင့်ပြီး ပြည်သူတွေ ခြောက်ခြားအောင် လုပ်ခဲ့တာလည်း ခုမှမဟုတ်။ အဲဒီခေတ်ထဲက။)
နန်းတော်ထဲမှာ ကွဲကြလေတော့ ဘုန်းကြီးတွေပါ ကွဲကြပါတယ်။ မိဘုရားကြီးရဲ့ကိုယ်တော်၊ သာယာဝတီမင်းသားရဲ့ကိုယ်တော် စသည်ဖြင့်ကွဲကြတဲ့အပြင် သူ့ကျောင်းက ပထမကျော်ထွက်တယ်။ ငါ့ကျောင်းက ပထမကျော် ထွက်တယ်အထိ အပြိုင်ကျဲလို့ ကိုရင်လုပွဲတွေအထိ ဖြစ်ကြပေမဲ့ သုဓမ္မာဆရာတော်ကြီးတွေက ဝင်မစွက်ရဲကြဘူး။ ( ဘုန်းကြီးတွေ ကွဲကြတာ။ အာဏာရှိသူကို ကြောက်ရတာလည်း အဲဒီ ခေတ်ထဲက။)
မိဘုရားကြီးက တန်ခိုးထက်လေတော့ ဘုရင်ကို ဝင်ချင်ရင် သူ့မောင် မောင်အိုဆီဝင်၊ မိဘုရားဆီဝင် ပြီးမှ ဘုရင်ဆီ ဝင်ကြရတယ်။ မိဘုရားကြီးစကားက အတည်ပဲတဲ့။ စီးပွားရေးသမားတွေက မယ်နုဆီ ချည်းကပ်ပြီး အခွင့်အရေးတွေ အပြည့်တောင်းကြတယ်။ မယ်နုက ပွဲခ ပြန်ရတယ်။ ရှယ်ယာတဝက်ထိ ရတယ်။ မိဘုရားကြီး အရမ်း ချမ်းသာတယ်။ ဘယ်လောက် ချမ်းသာလည်းဆိုရင် ပထမအင်္ဂလိပ် မြန်မာစစ်မှာ စစ်လျှော်ကြေး တကုဋ္ဋေပေးဖို့ တိုင်းပြည်မှာ ပိုက်ဆံမရှိလို့ မယ်နုကပဲ စိုက်ပေးခဲ့ရပါသတဲ့။ အခုလည်း တိုင်းပြည်ကမွဲပေမဲ့ ချမ်းသာတဲ့သူတွေက ထားစရာမရှိ။ ( ဒါကြောင့် ပြောတာပေါ့။ ခရိုနီတွေ အိပ်ထဲထည့်ပြီး အဘချုပ်ကြီးတို့ ချမ်းသာတယ်ဆိုတာ မယ်နုက လမ်းပြခဲ့တာပါလို့။ အခု တိုင်းပြည်ရဲ့အကြွေးတွေပါ စိုက်လျှော်ပေးရင် သိပ်ကောင်းမှာ။)
အင်္ဂလိပ်နဲ့ စစ်ဖြစ်တော့ မဟာဗန္ဓုလကို ရခိုင်ပို့ထားချိန်မှာ သာယာဝတီမင်းသားကရန်ကုန်သွားပြီး ခုခံပေးပါမယ်လို့ လျှောက်ပေမဲ့ ရန်ကုန်ကို တပ်သားသောင်းကျော်နဲ့သွားမဲ့ မင်းသားကို မယုံလို့ မလွှတ်စေဘူးတဲ့။ ဒါကြောင့် ရန်ကုန်တိုက်ပွဲမှာ ရှုံးရတယ်လို့ လည်း ဆိုကြတယ်။ နောက်ဆုံးတော့ သာယာဝတီမင်းဟာ ရွှေဘိုထွက်ပြီး သူ့တပ်နဲ့ ပုန်ကန်တာမို့ ဘကြီးတော်က ဘုရင်အဖြစ်က ဆင်းပေးရပါတယ်။ ( တပ်ကို ပိုင်တဲ့သူ ဘုရင် ဖြစ်တာလည်း သူ့ခေတ်မှာထဲကပါ။ ဒါကြောင့်လည်း တပ်ကိုပိုင်တဲ့သူတွေက မော်ကြ ပျော်ကြတာ နေမှာ။ )
သာယာဝတီမင်းသားက ရွှေဘိုမင်းအမည်နဲ့ ဘုရင်ဖြစ်တော့ အကိုဖြစ်သူ ဘကြီးတော်ကို မဖမ်းပေမဲ့ မိဘုရားမယ်နု၊ မောင်အိုနဲ့ လွှတ်တော်က မြဝတီမင်းကြီးဦးစ အပါအဝင် အပေါင်းအပါတွေကို အရာချပြီး ဖမ်းပါတယ်။ ( ဒါကြောင့် လွှတ်တော်ဥက္ကဌ ပြုတ်တော့ သူ့ အပေါင်းအဖေါ်တွေပါ ပြုတ်တာနေမှာ။)
နောက်တော့ ပုန်ကန်ဖို့ ကြံစည်တယ် အကြောင်းပြပြီး တအုပ်စုလုံး အသတ်ခံကြရပါတယ်။ မြဝတီမင်းကြီးကတော့ ထောင်မတူလို့ အသတ်မခံရတာပါ။
လွှတ်တော်ကို ရှင်းလိုက်တဲ့အချိန်မှာ ပြည်သူကထောက်ခံတဲ့ စကြာင်္မင်းသားလေးလည်း ကြံရာပါဆိုပြီး ဆွဲထည့် ကွပ်မျက်ခံရရှာတယ်။ မင်းသားလေးက ငယ်တော့ မိဘုရားကြီးရဲ့ အစီအမံနဲ့ပဲ နေရရှာတာပါတဲ့။ အာဏာကို ထိပါးလာမဲ့ မည်သူကိုမဆို အရှင်မထား ကွပ်မျက်ခဲ့တာဟာလည်း အဲဒီခေတ်ထဲက။ ပြည်သူကိုတော့ ဘိုးဘိုးအောင်က စကြာင်္မင်းလေးကို မသတ်ခင် လာကယ်သွားတယ် ဘာညာနဲ့ ညာထားရသတဲ့။ ဒါကြောင့် ထွက်ရာပေါက်ဆိုတဲ့ ဘိုးတော်စာရင်းမှာ ပြည်သူ့အချစ်တော် စကြာင်္မင်းလေးက ဘာမှမဆိုင်ပဲ ပါနေရဟန် ရှိတယ်။ ( လွှတ်တော်က ထောက်ခံသူကို ရှင်းပြီးရင် ပြည်သူက ထောက်ခံသူ အရှင်းခံရတာ သူတို့ ခေတ်က။ ဒီခေတ်မှာ...။ ဖွဟဲ့ လွဲပါစေ။ဖယ်ပါစေ။ မတွေးကောင်းတာတွေ မရေးတော့ပါ။ )
သစ်ရွက်နုတာကိုတောင် ထွဋ်တယ်လို့ ပြင်ပြောပေးရတဲ့အထိ တန်ခိုးကြီးခဲ့တဲ့ မိဘုရားကြီးမယ်နုက ဆရာတော်ဥူးဗုဓ်ကို အုတ်ကျောင်းကြီး ဆောက်လှူခဲ့တာ ဧရာမကျောင်းကြီးပါ။ အုတ်တိုင် အုတ်မိုး ကျောင်းကြီးရဲ့ ခန်းနားမှုက စာနဲ့ ရေးပြလို့တောင် ကုန်မယ်မထင်။ သံကူကွန်ကရစ်ခေတ် မတိုင်မှီက ဗိသုကာလက်ရာ ကျောင်းကြီး။ ဒီလောက်ကြီးတဲ့ ကျောင်းတော်ကြီးကို မြေပြင်က လူတရပ်ကျော် မြောက်နေအောင် အုတ်တိုင်ကြီးတွေနဲ့ မ ထားတာကလည်း အံ့မခန်း။ သစ်သားတံခါးကြီးတွေကလည်း ကျွန်းတပင်တည်းကို အချပ်လိုက် လှီးဖြတ်ထားတာ။ အဆက်မရှိတဲ့ တပြားတည်း တံခါးရွက်ကြီးတွေ။ မိဘုရားမယ်နုရဲ့ သြဇာကို ဒီကျောင်းကြီးက သက်သေခံနေတာပါပဲ။
ကျောင်းထိပ်က ဘုရားဆောင်မှာ ကျောက်ဆင်းတု ကိုယ်တော်ကြီးကည်း အဝလက်ရာမို့ သူ့ခေတ်ထဲက ရှိခဲ့တဲ့ ဆင်းတုလို့ ယူဆရပါတယ်။
ဘုရားရှိခိုး အာရုံပြုရင်းက နန်းကျမိဘုရားကြီးကို အမျှပေးဝေဖြစ်ခဲ့တယ်။ ရေချကွပ်မျက်ဖို့ အသွား သူ့ကျောင်းကြီးဝင်ပြီး ဆရာတော်ဦးဗုဓ်ကို ဦးချလျှောက်ထားချိန်မှာ ဆရာတော်က "မယ်နု။ သူ့ကြွေးရှိက ဆပ်ရပေလိမ့်မယ်။ " လို့ မိန့်ပါတယ်တဲ့။ကျောင်းကြီးလှူချိန်ကတောင် သူ့နာမည်မခေါ်တဲ့ ဆရာတော်က အခုမှ သူ့နာမည်ခေါ်ပြီး စေ့စေ့ကြည့် မိန့်ကြားတယ်ဆိုပြီး ဝမ်းသာရှာတယ်။ ခေါ်ရာနောက်ကို အသာတကြည် လိုက်ပါတယ်လို့ မှတ်သားရပါတယ်။
မယ်နုရဲ့ သမီး ဆင်ဖြူမရှင်ဟာ မင်းတုန်းမင်းရဲ့  မိဘုရား ဖြစ်ရသလို ( အမေကိုသတ်သူရဲ့သားနဲ့ ပြန်ဖူးစာဆုံရတာပါ။ ) မယ်နုရဲ့မြေး ဆင်ဖြူမရှင်ရဲ့သမီးဖြစ်တဲ့ စုဖရားလတ် ဟာ သီပေါဘုရင်ရဲ့ မိဘုရား ဖြစ်ခဲ့တာမို့ အဖွား၊ အမေ၊ သမီး မျိုးဆက်သုံးခုလုံး မိဘုရားတွေ ဖြစ်ခဲ့ရတာဟာလည်း ထူးခြားပါတယ်။ ပြီးတော့ သူတို့သုံးယောက်လုံးဟာ ဘုရင်တွေအပေါ် သြဇာညောင်းခဲ့ကြတာလည်း ထူးခြားတယ်။
အဝ (အင်းဝ) ကို သွားလည်ရင်း မယ်နုအုတ်ကျောင်းကြီးမှာ တွေးခဲ့ရတဲ့ အတွေးတွေကို သူငယ်ချင်း မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။
ကျွန်တော် မောင်လူပေ ပါ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

No comments:
Post a Comment