မောင်စံရွာမှ ပြန်ပါပြီ။
ဒီတခါ ရွာပြန်တော့ ငယ်သူငယ်ချင်း ရောင်းရင်းတွေ တလှေကြီးနဲ့ ပြန်ဆုံတွေ့ရသည်။ ငယ်ဘဝက ဆုံခဲ့ရပြီး ပြန်မတွေ့တော့တာ နှစ်ပေါင်းများစွာ။ ခုလို ပြန်ဆုံကြတော့လည်း အရင်ကအတိုင်း ခင်မင်ဆဲ။
ငယ်ဘဝက ဖြူစင်စွာ ခင်ခဲ့ကြတဲ့သူတွေ။ သူဘယ်သူလည်း ကိုယ်မသိ။ ကိုယ်ဘယ်သူလည်း သူမသိ။ ဘာအရောင်မှ မဆိုးခဲ့ကြ။ ဒါကြောင့်လည်း ခုလို ပြန်ဆုံကြတော့ အရင်အတိုင်း မပြောင်းလည်းကြ။
တောင်ငူမှာ တွဲခဲ့တဲ့ ငယ်သူငယ်ချင်းတွေထဲက ကျော်ဝင်း၊ ဝဏ္ဏ၊ အောင်စိုး၊ သိန်းဝင်း၊ အောင်မြင့်သန်း၊ ဝင်းစိုးဦး၊ အောင်မိုး၊ မောင်လတ်၊ ကျော်လင်း၊ ခင်မောင်သန်း၊ စိန်မောင်၊ ကိုကိုသန့်၊ ရီသန့်၊ တင်မောင်မောင်၊ ပေါက်ကြီး၊ ထွန်းလှဦး၊ စိုးလွင်၊ စွီဟုန်း၊ ဇော်မင်း၊ မျိုးကြည်၊ ကျော်သူလတ်၊ မင်းဦး၊ ချွင်းထောင်၊ မြင့်ဦး၊ အားကီ၊ ကျော်ဝင်း ( ဆန်ဖရန် )၊ စည်သူမြတ်၊ မူမူအေး၊ ကင်းတီ၊ မော်မော်ဝင်း၊ ခင်စန်းဝင်း၊ နုနုမော်၊ ခင်ဌေး၊ မွှေးမွှေး၊ ဥမ္မာ၊ သီတာ၊ ကြင်ယု၊ နှင်းဆီလတ်၊ စပယ်လတ်တို့နှင့် ပြန်ဆုံရသည်။
ပဲခူးကောလိပ်မှာ ခင်ခဲ့တဲ့ အောင်မြင့်သန်းနဲ့ စိုးဦးတို့ကိုလည်း ပဲခူးဝင်၍ နှုတ်ဆက်ခဲ့ရသည်။
ပဲခူးကောလိပ်မှ အာအိုင်တီထိ တွဲခဲ့သော သူငယ်ချင်းများ ဆုံတွေ့ပွဲကိုတော့ ကျော်မင်းစီစဉ်မှုဖြင့် စမိုင်းတွင် ဆုံကြသည်။ သန်းအောင်၊ ကြည်ဝင်း၊ တင်မောင်နိုင်၊ စိုးနိုင်၊ ဌေးအောင်၊ မြင့်လွင်တို့အပြင် အမေရိကားမှ ကိုညွန့်သန်း၊ တောင်ကြီးသား နိုင်နိုင်ကို၊ မုံရွာသားတို့ အားဖြည့်ကြသည်။ ဒီပွဲကို မလာနိုင်တဲ့ ညီညီ ကို တောင်ငူမှာ၊ ရဲနိုင်ကို မန်းလေးမှာ ဆုံခဲ့သည်။
အာအိုင်တီ ဘော်ဒါတွေထဲက အောင်ကြည်စိန်၊ ကျင်မောင်ထွန်း၊ ဝင်းနိုင်( တိုက်ကြီး )၊ စိုးစိုး၊ မျိုးမျိုး၊ ခင်မောင်လွင်၊ မြင့်ဇော်၊ ကျော်ကျော်( ထားဝယ် )၊ ကျော်ကျော် ( ရေနံချောင်း )၊ သန်းနိုင်၊ တင်မောင်စိုး၊ကိုဝင်းနိုင် ( မန်းလေး )၊ သောင်းဟန်၊ ဝင်းရွှေ၊ တင်မောင်ထွန်း၊ ဝင်းအောင်၊ ရွှေသွင်၊ ထင်လင်းအောင်၊ ရန်ရှင်း၊ ဇော်မင်း၊ နေဝင်း၊ ယုယုလှိုင်၊ ဌေးဌေးဝင်း၊ ထူးထူးအောင် စသည်ဖြင့် ဆုံကြသည်။ တချို့တွေလည်း နာမည် မမှတ်မိတော့။ စလေစံလင်း၊ ကျော်မြထွေး၊ မောင်မောင်နိုင်တို့နဲ့က ဖုန်းဆက်ပြောဖြစ်သည်။ အေးအေးမာ ခိုင်ခိုင်အေးတို့နဲ့ တွေ့ဖို့ စီစဉ်သော်လည်း အထ မမြောက်ခဲ့။
အမှတ်ရသလောက် နာမည်တွေ ရေးရသဖြင့် တချို့တွေ နာမည် ကျန်ခဲ့ရသည်။ မှတ်ဉာဏ်အားနည်းလှတဲ့ ကိုယ့်ကိုကိုယ်လည်း အားမရ။
သူငယ်ချင်းတွေ အားလုံး သူ့နေရာနဲ့သူ အောင်မြင်နေကြတာ တွေ့ရတော့ မုဒိတာပွားရပါသည်။ သူတို့တွေရဲ့ ဧည့်ဝတ်ကျေမှုကလည်း အံ့မခန်း။ ရောက်သည်မှ ပြန်သည်အထိ သုံးပတ်နဲ့လေးရက်မှာ အပြင်မှာချည်း ဧည့်ခံပွဲတွေနွှဲနေရသဖြင့် ပေါင်တွေတောင် တက်လာပေသည်။
အာအိုင်တီမှ ဆရာဦးတင်မြင့်ကလည်း ဂျပန်ဆိုင်မှာ လိုက်ကျွေးတော့ ဆူရှီကြိုက်သူမို့ ခေါင်းမဖေါ်နိုင်။ ဟော်တယ် ပိုင်ရှင် ဖိုးတိုးက သူ့ဟော်တယ်သစ်ကြီးရဲ့ ဆွိခန်းမှာ အိပ်ဖို့ပြောလို့ အက်ဖ်အိုစီနဲ့ တည နှပ်ရသေး။
ရောက်စ အစားစုံပြီး ပန်းကိုကိုဖြစ်တာ ဖျားတာကလွဲလို့ ကျန်တာ အကုန် အဆင်ပြေလှသော သည်ခရီးရဲ့ ဘုရားဖူးက ပုဂံ၊ မန်းလေး၊ ပြင်ဦးလွင်။ ပေါက္ကံပြည်ရဲ့ နေဝင်ချိန်ကို ရွှေဆံတော် အထက် ပစ္စယံမှ ကြည့်ရတဲ့ မြင်ကွင်းက အံ့မခန်း၊ မြစေတီ ကျောက်စာသွားကြည့်ရင်း အနားက ဂူပြောက်ကြီးထဲက လက်ကျန် နံရံဆေးရေးပန်းချီတွေ လေ့လာရတာ ရင်တသိမ့်သိမ့်။ မနူဟာဘုရားကြီးရဲ့ မွန်းကျပ်မှုကို ဖူးရတော့ မြန်မာဘုရင်တွေ ပါတော်မူတာ မနူဟာကို ပုဂံမှာ ထားခဲ့လို့ ဝဋ်လည်လေသလား ထင်မှတ်မိ။ ထိုင်းဘုရင်လည်း အမရပူရမှာ သေခဲ့ရတာမို့ ဝဋ်မှာ အမြဲဆိုတာ ဟုတ်မှာ ဘာညာ တွေးမိသေး။
မန်းလေးရောက်တော့ စစ်ကိုင်းတောင် ဥမှင်သုံးဆယ်၊ ဆွမ်းဦးပုညရှင်တို့ပေါ်က ရှုခင်းအလှက ရင်သတ်ရှုမော။ အင်းဝမြို့ဟောင်းသွားကြ။ မယ်နုအုတ်ကျောင်းကြီးနဲ့ ဗားကရာကျောင်းတိုက်၊ နန်းမြို့မျော်စင်၊ မြို့ရိုးကြီးတွေ ထိမ်းသိန်းမှု အားနည်းလှတဲ့ အမေ့ခံ မြို့တော်ဟောင်း။ ရွှေမှန်ကင်းက ထင်းတွေဖြစ်ပါပေါ့လား။ ငယ်ကထဲက သမိုင်းထဲမှာ ရင်းနှီးခဲ့တဲ့မြို့ကြီးက ရွာကြီးသာသာ ဟောင်နွမ်းမှုတွေနဲ့ အသားကျလို့။
ပင်းယ အင်းဝ (အဝ) ရဲ့ ရာဇဝင်က အရှည်သား။ မြစ်ငယ်နဲ့ ဧရာဆုံတွေ့ရာအရပ်က မြေ။ သတိုးမင်းဖျား တည်ခဲ့တဲ့ပြေ။ မင်းခေါင်နဲ့ ရာဇာဒရစ်တို့ နှစ်လေးဆယ် မွန်မြန်မာ စစ်ခင်းခဲ့တဲ့ အခြေ။ မင်းရဲကျော်စွာနဲ့ လဂွန်းအိမ်တို့ ကျဆုံးခဲ့တဲ့ မြေ။ ဘကြီးတော်ရဲ့ မိဘုရားခေါင် နန်းမတော်မယ်နုရဲ့ အုတ်ကျောင်းကြီးကတော့ ခုထိ အကောင်းပကတိ တည်ရှိနေဆဲ။ ရေချ ကွပ်မျက်ဖို့ အသွား အုတ်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဗုဒ်ကို ဝင်ဖူးတော့ မယ်နု၊ သူ့ကျွေးရှိက ဆပ်ရပေလိမ့်မည် ဟုသာ မိန့်ပါသတဲ့။ သူနဲ့အတူ အမရပူရမြို့ဝန် ဘိုင်ဆပ်၊ မြို့စာရေးမောင်ပိန်စတဲ့ ခရိုနီတွေပါ အသတ်ခံကြရသတဲ့။ ငယ်ငယ်က ဖတ်ဖူးတာတွေ အမှတ်ရ။
ဗားဂရာကျောင်းကြီးမှာတော့ သံဃာဆယ်ပါးလောက် ခုထိ သီတင်းသုံးနေတာ တွေ့ခဲ့ရ။ ရာဇဝင်ထဲက အင်းဝက ရှေးဟောင်းအတိုင်း ကျန်နေသေးတာမို့ ဗမာမှန်ရင် အင်းဝကို သွားလေ့လာကြပါလို့ ရောင်းရင်းတွေကို ပြောချင်တာပါပဲ။
မေမြို့ကတော့ ပြင်ဦးလွင်ခဲ့ပြီ။ မိုးနဲ့အတူသွား မိုးနဲ့အတူပြန်။ ရွာလိုက်တဲ့မိုးက သည်းလေတော့ မန်းလေးမြို့ကြီးရေတွေကြီး။ ပြင်ဦးလွင်ကလည်း ရေလွင်ပြင်။ ရေနှုတ်မြောင်းတွေ မြေဖို့ရောင်းတဲ့ အုပ်ချုပ်သူတွေ ကျေးဇူးတော်ကြောင့် ရေတွေကြီးနေကြတာ ကြည့်မကောင်း။ မဟာရန်ကုန် ရွှေမြို့တော်ကြီးကလည်း ရေကြီးမှ လမ်းတွေပိတ်ခါ မြောင်းဖေါ်နေလရဲ့။
လေဆိပ်မှာ ပိုက်ပိုက်မရလို့ ညစ်တွန်းတွန်းပြီး ရှိသမျှအိပ်တွေ ဖွင့်ပြခိုင်းတဲ့ ကိုကိုအကောက်ခွန် မမအကောက်ခွန်များကိုလည်း သတိတရပါပဲ။ ( တကယ်က လှည်းတွန်းတဲ့ ကောင်လေးတွေကို ဒေါ်လာလေးဆယ် ပေးလိုက်တာပါ။ အကောက်ခွန်ကိုကိုများက အမေရိကားက အချဉ်တွေ ပြန်လာပြီဆိုပြီး ပိုက်ဆံရမယ်ထင်ထားပေမဲ့ မရလို့ ညစ်တာပါ။လူကြုံအိပ်တွေ ဒါးနဲ့ခွဲ၊ ထင်သမျှကြဲပေမဲ့ ဘာမှ မတွေ့လို့ ရပါပြီပြောတော့ တစစီကောက်ပြီး သိမ်းရတာ အကြာကြီး။ )
ထုံးစံအတိုင်း ပေးလိုက်ရင် ပြီးမယ်မှန်းသိပေမဲ့ ပြောင်းလည်းနေပါပြီဆိုတဲ့ ကာစတန်က ကိုကိုမမတွေကို တကယ်ပြောင်းမပြောင်း သိချင်လို့ ကြည်စားကြည့်တာပါ။
ထိုနည်းလည်းကောင်း မပြောင်းလည်းကြသေးပါသဖြင့် နောက်နောင် ပြည်တော်ပြန်ကြပါက ထုံးစံအတိုင်း ပေးကမ်းစွန့်ကျဲ ကြပါရန် အသိပေးရင်း ပြည်တော်ပြန်မှတ်တမ်းရှည်ကို ကလောင်သွေးလိုက်ရပါကြောင်း။

No comments:
Post a Comment