Monday, May 28, 2018

အမှတ်တရနေ့

အမှတ်တရနေ့

အမေရိကားမှာ မေလရဲ့နောက်ဆုံးပတ် တနလာင်္နေ့က  Memorial Day လို့သတ်မှတ်တယ်။ မြန်မာလို အောင့်မေ့သောနေ့၊ သတိရသောနေ့၊ အမှတ်တရနေ့ နဲ့အမျိုးစုံ ဘာသာပြန်ကြလေတော့ ဘယ်ဟာကို အမှန်ယူရမည်မသိ။ သေချာတာကတော့ ဒီရက်မှာ တရားဝင်ရုံးပိတ်ရက်ရတယ်။

အမေရိကားရဲ့ဖြတ်သန်းခဲ့ရတဲ့သမိုင်းတလျှောက်မှာ ပြည်တွင်းစစ်မီးတွေ၊ ကမ္ဘာစစ်မီးတွေစတဲ့ စစ်တွေဖြတ်သန်းရင်း ကျဆုံးခဲ့ရတဲ့စစ်သည်တွေကိုအမှတ်တရဖြစ်အောင် သတ်မှတ်ခဲ့တဲ့နေ့ပေါ့။ ဒီနေ့ရောက်ရင် စစ်သင်္ချိုင်းတွေမှာ ကျဆုံးခဲ့ပြီးသော စစ်သည်အပေါင်းတွေဆီကို ကျန်ရစ်သူဆွေမျိုးမိတ်ဆွေတွေက သွားရောက်နှုတ်ဆက်ကြ၊ ပန်းတွေထိုးကြ၊ လွမ်းဆွတ်ကြတယ်။ကျဆုံးစစ်သည်တွေအတွက် အမှတ်ရဖို့ဆိုပေမဲ့ အခုခေတ်တော့ အရပ်သားတွေကလည်း ကိုယ့်ဆွေမျိုး၊ မိတ်ဆွေတွေရဲ့သင်္ချိုင်းမြေကို အလည်ရောက်ကြတယ်။ အရပ်သင်္ချိုင်းရော စစ်သင်္ချိုင်းတွေမှာ လူတွေစည်ကားတဲ့နေ့။

နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ ကျဆုံးစစ်သည်တဲ့။ မသေသင့်ပဲ သေခဲ့ကြတဲ့သူတွေ။ အရွယ်မတိုင်ပဲ ကြွေခဲ့ရတဲ့ ကြယ်ပွင့်တွေ အများကြီး။ အရင်ကလည်းအများကြီးရှိခဲ့တယ်။ အခုထိလည်း ဒီလိုကြယ်ပွင့်တွေ ကြွေနေကြတုန်း။ နိုင်ငံအတွက်၊ လူမျိုးအတွက်ဆိုပေမဲ့ အခြားနိုင်ငံတစ်ခုနဲ့စစ်တိုက်ရလို့သေရတာအကြောင်းမဟုတ်ပေမဲ့ ကိုယ့်အချင်းချင်းတွေ ပြန်သတ်နေကြတဲ့ ပြည်တွင်းစစ်မီးကြောင့် သေကြရသူတွေက ကမ္ဘာ့မြင်ကွင်းမှာ အများဆုံး။

အရှေ့အလည်ပိုင်းဒေသမှာ၊ လက်တင်အမေရိကမှာ၊ အရှေ့တောင်အာရှမှာ၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ။ ပြည်တွင်းစစ်မီးက မငြိမ်းသေး။ နှစ်ဖက်လုံးက မရပ်ချင်တဲ့အတွက် ဆက်ဖြစ်နေတယ်လို့ပဲ မြင်ပါတယ်။ နှစ်ဖက်လုံးက ဘုံသဘောတူညီချက်ရအောင်မညှိပဲ လက်နက်အားကိုးနဲ့ မိုက်ပြနေသ၍တော့ အသက်တွေပေးနေကြရဦးမှာပါပဲ။

လက်ခုတ်လို နှစ်ဖက်တီးမှမြည်တဲ့စစ်၊ ဘယ်ဘက်ကသေသေ ကိုယ့်နိုင်ငံသားတွေချည်း။ အရွယ်ကောင်းတွေချည်း။ နိုင်ငံအတွက် အသုံးကြတဲ့ လူတွေချည်း။ ဆုံးရှုံးရတာက မိသားစုတွေ၊ ဆွေမျိုးတွေ၊ တိုင်းပြည်ရဲ့ရတနာတွေ။ ဒီစစ်မီးငြိမ်းအောင် မကြိုးစားပဲ တဖက်ဖက်ကိုအပြစ်ဖို့လိုက်၊ ဆီလောင်းပေးလိုက်နဲ့ လုပ်နေကြသူတွေကလည်းမနည်း။

သေတော့သေကြရမဲ့သူတွေချည်းပါပဲ။ မွေးဖွားလာတာ သေဖို့။ အခုမှာတော့ တိုင်းပြည်အတွက် အသုံးဝင်တဲ့ သားကောင်းတွေက ဓါးစာခံ။ အယူဝါဒ၊ ခံယူချက်၊ အဖွဲ့၊ လူမျိုး မတူကြလို့ ဆိုပေမဲ့ တိုင်းရင်းသားညီအကိုတွေမို့  နားလည်မှုနဲ့ ပြောကြဆိုကြမယ်ဆိုရင် ဖြေရှင်းလို့မရနိုင်တာ မရှိနိုင်။ ကိုယ်ကျိုးစီးပွားရေးတွေ ကာကွယ်ဖို့  အာဏာတည်မြဲဖို့ ဆက်ပြီး တိုက်နေကြဦးမယ်ဆိုရင်တော့ အသက်တွေအများကြီး စတေးနေရဦးမှာပဲ။

မြန်မာပြည်မှာတော့ ကျဆုံးစစ်သည်တွေအတွက်အမှတ်တရနေ့ရယ်လို့ မရှိသေး။ အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးခဲ့ပြီးသော ခေါင်းဆောင်ကြီးများနဲ့ စစ်သည်အပေါင်းကို ပြည်သူတွေက အမှတ်တရ အလေးပြုကြပါတယ်။

ပြည်သူတွေက တပ်မတော်သားစစ်စစ်တွေကို ချစ်ကြပါတယ်။ တိုင်းပြည်အတွက် သူတို့ရဲ့စွန့်လွှတ်စွန့်စားခဲ့မှုတွေကိုလည်း ကျေးဇူးတင်လျှက်ပါ။ တပ်တွေကို အသုံးချပြီး အာဏာတည်ဆောက်နေတဲ့ အာဏာရှင်တွေကိုတော့ တကမ္ဘာလုံးက မုန်းတည်းကြပါတယ်။ သူတို့သေရင်လည်း အမှတ်တရရှိနေကြမယ်မဟုတ်ပါကြောင်း။

ချစ်တဲ့

မောင်လူပေ

လယ်တောကအပြန်

လယ်တောကအပြန်

အမှတ်တရနေ့မှာ လယ်တောသို့ရောက်ခဲ့သည်။

လယ်တောကား အိမ်နှင့်သိပ်မဝေးလှ။ မိုင်လေးဆယ်နီးပါးမျှသာ။ ရန်ကုန်နှင့်ပဲခူးလောက်တောင်မဝေး။ လယ်တောမှာ ချယ်ရီသီးခူးဖို့သွားခဲ့ခြင်းပင်။

လယ်တောမှာ ချယ်ရီပင်တွေဘေးတွင် ကြက်သွန်ခင်းကြီးကမျက်စိတစ်ဆုံး၊ ခရမ်းချဉ်သီးခင်းကြီးက အလျှားလိုက်။ အလယ်မှာ လယ်တောပိုင်ရှင်၏အိမ်။

သူတို့လယ်တောကား သာယာလှပေစွ။ စက်မှုလယ်ယာ၏ အကျိုးတွေ ခံစားနေကြ၏။ လယ်ထွန်စက်တွေပဲရှိသည်။ အပျော်စီးဖို့မြင်းတွေရှိသည်။ လယ်တောပိုင်ရှင်၏ ကားပျက်များက နောက်မှာအပုံလိုက်။

လယ်စောင့်တဲလေးခြေတံရှည်မဟုတ်။ လယ်ကွင်းထဲကအိမ်ကြီးက ဟီးထလို့။ ကြက်သွန်စိုက်၊ ခရမ်းချဉ်စိုက်စားတဲ့ တောင်သူ၏အိမ်ကိုကြည့်ပြီး ကိုယ့်တိုင်းပြည်က တောင်သူလယ်သမားတွေအတွက် စိတ်မကောင်း။

ချယ်ရီပင်အောက် နောက်တစ်ခေါက်အရောက် ခံစားချက်လေးတွေက လယ်တောက တောင်သူဦးကြီး၏ လယ်စောင့်တဲမဟုတ်သော အိမ်များစွာကြားမှာ လူးလာခေါက်တုန့်။

မြန်မာ့လယ်ယာဦးကြီးတွေလည်း ဒီကလယ်တောအိမ်တွေလိုပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်တဲ့

မောင်လူပေ

ဝီလျှံနဲ့ကိတ်

ဝီလျှံနဲ့ကိတ်(သို့မဟုတ်)တော်ဝင်စုံတွဲ

ဘုရင့်မျိုးနွယ်တွေ မင်္ဂလာပွဲမို့ တော်ဝင်မင်္ဂလာပွဲလို့ ပြောကြရပေမဲ့ အောင်မြင်တဲ့အိမ်ထောင်တွေရှိသလို မအောင်မြင်တဲ့အိမ်ထောင်ရေးတွေလည်း ဒုနဲ့ဒေး။ မအောင်မြင်တဲ့တော်ဝင် အိမ်ထောင်ရေးတွေထဲမှာ အင်္ဂလန်အိမ်ရှေ့မင်းသားချားလ်နဲ့ လေဒီဒိုင်ယာနာတို့လည်း ပါခဲ့တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့သားကြီးဖြစ်တဲ့မင်းသားဝီလျှံနဲ့ ကြင်ယာတော်ကိတ်တို့ရဲ့ အိမ်ထောင်ရေးလေးကတော့ ခုထိ အောင်မြင်နေဆဲပါ။

မင်းသားဝီလျှံဆိုရင် မကြာခင်လေးင်္ဂလာဆောင်ခဲ့တဲ့ မင်းသားလေးဟယ်ရီရဲ့အကိုကြီး၊  အင်္ဂလန်ဘုရင်မကြီးအဲလစ်ဇဘက်ရဲ့ မြေးကြီး၊ ဘုရင်ဖြစ်မဲ့စာရင်းမှာ ဒုတိယနေရာရှိသူအဖြစ် တကမ္ဘာလုံးက သိပြီးသားမို့ မိတ်ဆက်ပေးဖို့ မလို။ အခုဆိုရင် ဝီလျှံတို့မိသားစုလေးမှာ ချစ်စရာ သားသမီးသုံးဦးတောင် ပွားစည်နေခဲ့ပြီ။

ဒီလိုသာယာတဲ့ အိမ်ထောင်လေးအတွက် အိမ်ရှင်မဖြစ်သူကိတ်ကိုလည်း အမှတ်ပြည့်ပေးရမယ်။ ကိတ်ရဲ့နာမည်အရှည်က ကက်သရင်း အဲလိဇဘက် 'ကိတ်' မက်ဒယ်တင်( Catherine Elizabeth ‘Kate’ Middleton ) ပါ။ သူ့ယောက်ျားဖြစ်သူ မင်းသားဝီလျှံက အနာဂတ်မှာ ဘုရင်ဖြစ်ဖို့ သေချာနေတာမို့ သူမကလည်း ဘုရင်ကတော်ဖြစ်ဖို့ သေချာနေသူပေါ့။

ကိတ်ကို ၁၉၈၂မှာမွေးခဲ့တော့ အခုမှ (၃၆)နှစ်ပဲရှိသေးတယ်။ အခုဆို သားကြီးဂျော့ခ်ျ၊ သမီးရှားလော့နဲ့၊ သားငယ်လေး လူးဝစ်လို့ခေါ်တဲ့ သားသမီးသုံးဦးပွားစည်ခဲ့ပြီ။ သမီးဖြစ်တဲ့ ရှားလော့မင်းသမီးလေးက ဦးလေးဟယ်ရီနဲ့မေဂင်တို့မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ခဲ့တယ်။ သားကြီးဂျော့ခ်ျလည်း သတို့သားအရံပဲ။ ( ဟယ်ရီနဲ့မေဂင်မင်္ဂလာပွဲမှာ နှစ်ယောက်လုံးက သတို့သားအရံ၊ သတို့သမီးအရံတွေ ရွေးပေးဖို့ ငြင်းခဲ့လို့ ကလေးတွေက အရံလုပ်ပေးခဲ့ရတာ။)သားအငယ်ဆုံးလေးကတော့ ဧပြီလကမှ မွေးခဲ့တဲ့ လသားလေးမို့ ငယ်လွန်းတာကြောင့် ပါမလာခဲ့ဘူး။ တကယ်ဆိုရင် ကလေးမွေးပြီးစမို့ မွေးဖွားခွင့်ခြောက်လအထိရလို့ အခမ်းအနားတွေကို တက်စရာမလိုဘူး။ သူမမတ်ကလေးရဲ့မင်္ဂလာပွဲမို့ တက်ရောက်ခဲ့တာ။

မင်းသားဝီလျှံက ငယ်ငယ်ထဲက အေးဆေးတည်ငြိမ်သူ။ ဆော့ကစားရင်တောင် လူကြီးလေးလို ကစားတတ်သူ။ လူကြီးပြောစကားလည်း နားထောင်တယ်။ ဒါကြောင့် သူခရီးထွက်နေရတဲ့အချိန်တွေမှာ သူ့အတွက်မပူပါဘူး၊ သားငယ်ဟယ်ရီကိုပဲ ပူတယ်လို့ အင်တာဗျူးတစ်ခုမှာ အမေဖြစ်သူ ဒိုင်ယာနာကပြောဖူးရဲ့။ အကိုဝီလျှံက အမေမရှိတော့တဲ့နောက်ပိုင်းလည်း အကိုကြီးတစ်ယောက်ပီသစွာ ညီလေးဟယ်ရီကို စောင့်ရှောက်ခဲ့တယ်။ သူတို့ညီအကိုတွေ ရန်ဖြစ်တာ မမြင်ဘူးသလောက်ပဲလို့ နီးစပ်သူတွေကလည်းထောက်ခံကြပါတယ်။

ဝီလျှံမင်းသားငယ်စဉ်(၇)နှစ်သားလောက်က "ကျွန်တော်ကြီးလာရင် ရဲကြီးလုပ်ပြီး အမေ့ကိုအကာအကွယ်ပေးမယ်" လို့ပြောလို့ အမေလုပ်သူက လူကြီးဆန်ဆန်တွေးတတ်တဲ့သူ့သားအတွက် ဝမ်းသာလို့ ရယ်နေသတဲ့။ (၅)နှစ်သားအရွယ် အငယ်ဖြစ်တဲ့ဟယ်ရီက ကြားသွားတော့ " အကိုက ရဲမလုပ်ရဘူးလေ၊ ဘုရင်လုပ်ရမှာ။" လို့ ဝင်ပြောဖူးတယ်လို့ ဆိုတယ်။ ညီအကိုနှစ်ယောက်ရဲ့ ချစ်မေတ္တာက ကလေးအရွယ်ထဲက ခိုင်မြဲနေခဲ့ပြီ။

ဝီလျှံရဲ့ကြင်ယာတော်ကိတ်က သူ့ယောက်ျားထက် ခြောက်လကြီးတယ်။ မေဂင်နဲ့ အသက်အတူတူပဲ။ သူမကလည်း အိမ်မှာ သမီးကြီးပီပီ အနေအေးသူ။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးးနဲ့ အဝတ်အစားလည်း စတိုင်ကြစွာဝတ်တတ်သူ။ မင်းသားဝီလျှံရဲ့ကြင်ယာအဖြစ် နာမည်ကျော်သလို သူမရဲ့  အဝတ်အစားဖက်ရှင်ကြောင့်လည်း နာမည်ရတယ်။ ပြည်သူတွေက သူမဝတ်တဲ့စတိုင်တွေလိုက်ဝတ်ကြလို့ ကိတ်မစ်ဒယ်တန်သက်ရောက်မှု (Kate Middleton effect) လို့ မီဒီယာတွေက နာမည်တတ်ရတဲ့အထိ ဖြစ်ခဲ့တယ်။ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတွေမှာလည်း သူမပုံတွေ မကြာခဏဖေါ်ပြခံရလေ့ရှိတယ်။

သူမရဲ့မိဘတွေက လူလတ်တန်းစားအထက်လွှာ( Upper Middle Class)တွေ။ သူမနဲ့ဝီလျှံမင်းသားတို့က စိန့်အင်ဒရူးတက္ကသိုလ်မှာ သမိုင်းမေဂျာနဲ့ တက်ရင်းတွေ့ခဲ့ကြတယ်။  မဟာဆန်ဆန်လှတဲ ကိတ်ကို ဝီလျှံက သဘောကြတယ်။ ၂၀၀၃ခုနှစ်မှာ ကိတ်ရဲ့ပထမရီးစားနဲ့ကွဲသွားတဲ့အချိန်ကစပြီး သူတို့တွဲခဲ့ကြတယ်။ သမီးရီးစားတွေထုံးစံအတိုင်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်။ ၂၀၀၇မှာ ငယ်သူတို့သဘာဝအတိုင်း အယူအဆတွေမတူကြလို့ စကားများကြရာက ခဏပြတ်သွားခဲ့ပေမဲ့ မကြာမှီ၂၀၀၈အရောက်မှာ ပြန်တွဲကြပြန်တယ်။ ချစ်သူသက်တန်း ခုနှစ်မြောက်ဖြစ်တဲ့ ၂၀၁၀မှာစေ့စပ်ကြပြီး ရှစ်နှစ်မြောက်တဲ့ ၂၀၁၁မှာ လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ချိန်မှာ နှစ်ဦးလုံး (၂၉)နှစ်အရွယ်တွေမို့ စဉ်းစားတွေးခေါ်နိုင်မှု ပြည့်ဝတဲ့အရွယ်ရောက်ခဲ့ကြပြီ။

သူတို့နှစ်ယောက်လက်ထပ်ပွဲက ရာစုနှစ်တစ်ခုရဲ့ အထူး လက်ထပ်ပွဲတစ်ခုလို့ ဆိုရမယ်။ စေ့စပ်လက်စွပ်က အမေဖြစ်သူဒိုင်ယာနာက ချားလ်မင်းသားနဲ့ စေ့စပ်ခဲ့စဉ်က ဝတ်ခဲ့တဲ့လက်စွပ်။ လန်ဒန်မြို့ရဲ့ ဧရာမဘုရားကျောင်းကြီးဖြစ်တဲ့ ဝက်စ်မင်စတာ ဘုရားကျောင်း( Westminster Abbey )မှာ ဧပြီလ(၂၉)နေ့က ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲကို ကမ္ဘာတဝှမ်းက လူပေါင်းသန်းနှစ်ထောင်ကျော်က နိုင်ငံစံတော်ချိန် အချိန်တွေမတူညီကြပေမဲ့ live လွှင့်ပြီး အားပေးခဲ့ကြတယ်။ တက်ရောက်ကြတဲ့ဧည့်သည်တွေထဲမှာ အမေရိကန်သမ္မတအိုဘားမားတောင် ပါသေးရဲ့။ မင်္ဂလာဧည့်ခံပွဲကို ဘုရင်မကြီးရဲ့နန်းတော် ဘတ်ကင်ဟန်( Buckingham Palace ) မှာပြုလုပ်တယ်။ အင်္ဂလန်နိုင်ငံတစ်ခုလုံးမှာ လမ်းပေါ်ပါတီ( Street Party ) ပေါင်း ငါးထောင်ကျော်ရှိခဲ့တဲ့အထိပဲ။ အဖွားဖြစ်တဲ့ ဘုရင်မကြီးအဲလိဇဘက်စိတ်ကြိုက် ချွေးမလေး ရှာပေးနိုင်ခဲ့တဲ့ အတွက် ဘုရင်မကြီးကလည်း တပြုံးပြုံးနဲ့။

မင်းသားဝီလျှံနဲ့ကိတ်တို့ရဲ့ ပထမဆုံးတော်ဝင်ခရီးစဉ်ကတော့ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ဖက်ဆီ ခရီးနှင်ခဲ့ကြတယ်။ ကယ်လီဖိုးနီးယားရဲ့ ဒစ္စနီမြေကို ဝီလျှံတို့ညီအကို ငယ်စဉ်က အမေဖြစ်သူဒိုင်ယာနာနဲ့ ရောက်ခဲ့ဖူးတာမို့ ဒုတိယအကြိမ် တော်ဝင်ခရီးပေါ့။ တရုတ်ရိုးရာ နဂါးလှေပြိုင်ပွဲ( Dragon boat race) ကောင်းဘွိုင်တွေရဲ့ ကျွဲရိုင်းစီးပြိုင်ပွဲ( Rodeo)တွေ အားပေးခဲ့တဲ့အပြင် အမေရိကန်ကောင်းဘွိုင်တွေစတိုင် ဦးထုတ်ကြီးတွေဆောင်းပြီး ချစ်ကြည်ရေးတွေယူခဲ့ကြတယ်။

၂၀၁၃ဂျူလိုင်မှာ သားအကြီးဆုံးဂျော့ခ်ျ၊ ၂၀၁၅မေမှာ သမီးလေးရှားလော့ခ်၊ ၂၀၁၈ဧပြီမှာ သားအငယ်ဆုံးလေး လူးဝစ်တို့တိုးပွားလာခဲ့တဲ့ သူတို့အိမ်ထောင်ရေးလေးက အခုအထိ အောင်မြင်တဲ့တော်ဝင်အိမ်ထောင်ရေးအဖြစ် အားလုံးက အသိအမှတ်ပြုထားကြတယ်။ ဒီအထဲမှာ အဓိက အမှတ်ပေးရမဲ့သူက ကိတ်ပဲ။

မင်းသားကတော်မို့ တော်ဝင်အခမ်းအနားတွေတက်ရ၊ တော်ဝင်တွေရဲ့ခရီးစဉ်တွေထွက်ရ၊ ပြည်သူတွေနဲ့ထိတွေ့ရနဲ့ တောက်လျှောက်အလုပ်များနေပေမဲ့ မောပန်းပုံမရှိ၊ အမြဲလှပကြော့ရှင်းလျှက်။ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးပြီးသွားသည်အထိ   ခန္ဓာကိုယ်က မပျက်မရွင်း၊ ဘုရင်လောင်းလေးဝီလျှံအတွက် နေရာတိုင်းအားကိုးရသူ၊ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာလည်း ပြည်သူတွေရဲ့အချစ်တော်၊ သားသမီးတွေအတွက်လည်း အမေကောင်း၊ ဘုရင်မကြီးနဲ့ ဆက်ဆံရေးလည်း အကုန်အဆင်ပြေ။

သာယာတဲ့အိမ်ထောင်ရေးအတွက် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ဘက်စုံအရည်အချင်းတွေနဲ့ပြည့်စုံသူကိတ်၊ မိဘတွေအိမ်ထောင်ရေးသင်ခန်းစာကနေ အတွေ့အကြုံတွေယူပြီး မိန်းမကိုဂရုစိုက်ပြီး ချစ်တတ်သူ မင်းသားဝီလျှံ၊ ချစ်စရာ သားသမီးသုံးဦးနဲ့ သာယာတဲ့ တော်ဝင်စုံတွဲလေးအကြောင်း သိချင်ကြမဲ့ သူငယ်ချင်းမိတ်ဆွေများအတွက် သတင်းစုံထဲက မွှေနှောက်ရှာဖွေရင်း တင်ပြလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်တဲ့

မောင်လူပေ

Saturday, May 19, 2018

တော်ဝင်မင်္ဂလာ

တော်ဝင်မင်္ဂလာတဲ့။

ဟုတ်ကဲ့။ လေဒီဒီရဲ့သားငယ်လေး ဟယ်ရီရဲ့မင်္ဂလာပွဲနေ့။ တကမ္ဘာလုံးက သဲသဲလှုပ်နေကြတယ်။ ဘုရင်မကြီးရဲ့မြေးတော်လေး။ ဘုရင်ဖြစ်ဖို့စာရင်းမှာ ခြောက်ဦးမြောက်မင်းသားလေး။ အဖေက ဘုရင်မကြီးရဲ့သားကြီး၊ အမေကလည်း နန်းသွေးအပြည့်ပါတဲ့ မင်းသမီးလေး။ ဒီတော့ မင်းသားလေးဟယ်ရီက တော်ဝင်သွေးအပြည့်ပေါ့။

ရှေးကဆို တော်ဝင်သွေးကို မရောအောင်ဆိုပြီး မောင်နှမအရင်းတွေတောင် ပေးစားကြတယ်။ အဖေတူ အမေကွဲတွေ ယူကြရတယ်။ မင်းဆွေမင်းမျိုးတွေမို့ သွေးနှောမှာကြောက်ကြတာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူကြရတော့ အိမ်ထောင်ရေးတွေက အဆင်ပြေတာလည်းရှိ၊ မပြေတာလည်းရှိ။

မင်းသားလေးဟယ်ရီရဲ့ မိဘတွေလည်း တော်ဝင်သွေးဆိုပေမဲ့ အိမ်ထောင်ရေးကြတော့ တော်မဝင်ကြဘူးရယ်။ ချားလ်မင်းသားရဲ့ ငယ်ရီးစားက အသက်ကြီးကြီး အိမ်ထောင်ကြီးနဲ့မိန်းမ။ အမေဘုရင်မကြီးက ဒိုင်ယာနာမင်းသမီးလေးနဲ့အတင်းပေးစား။ အသက်က ထက်ဝက်လောက်ကွာနေတော့ အတွေးမတူ၊ မယူအဆမတူ။ ဒီလိုနဲ့ သားနှစ်ယောက်မွေးပြီး ကွဲကြလေသတည်း ဖြစ်။ နောက်တော့ လက်သည်မပေါ်တဲ့ ကားမတော်တဆမှုနဲ့ အမေဒိုင်ယာနာဆုံး။ အဖေက သူ့ငယ်ရီးစားနဲ့ ပြန်ပေါင်းထုတ်။ တော်ဝင်မင်းသားလေးတွေရဲ့ ဘဝက မလှပခဲ့။

ဒီလိုတွေဖြစ်ပျက်ပြီးနောက်မှာတော့ တော်ဝင်သွေးတို့၊ အင်္ဂလိပ်သွေးတို့ မစစ်ရင် မကြိုက်တဲ့၊ အလွန်လည်း ကိန်းကြီးခန်းကြီးနိုင်ပြီး ခွဲခြားဆက်ဆံတတ်တဲ့ ဘုရင်မကြီးလည်း နောင်တတွေ ရသွားဟန်ရှိတယ်။ အမျိုးသားရေးစိတ်ဓါတ်အကြောင်းတွေ သိပ်မပြောတော့ဘူး။ လူမျိုးအားလုံးကို ချစ်တတ်လာပုံရတယ်။ လူမှုရေးလုပ်ငန်းတွေမှာပါ တွေ့လာရတယ်။

ဒီတစ်ခါလည်း ဘုရင်မကြီးအတွက်တော့ ကြီးစွာသော စွန့်စားခွင့်လွှတ်ရမှုတစ်ခုနဲ့ ကြုံရပြန်တယ်။ သူ့အချစ်တော်မြေးတော်လေးဟယ်ရီယူတဲ့ မာခဲလ်ဆိုတဲ့အမျိုးသမီးဟာ အဖြူအမဲကပြားဖြစ်တဲ့အပြင် အပျိုမဟုတ်တဲ့ တစ်ခုလပ်၊ ပြီးတော့ အင်္ဂလန်နိုင်ငံသားမဟုတ်တဲ့ အမေရိကန်သူလေး ဖြစ်နေလို့ပဲ။

မေဂင်မာလ်ခဲ(Meghan Markle) ဆိုတဲ့ ချစ်စဖွယ်မိန်းကလေးဟာ အသက်(၃၆)နှစ်ရှိပြီ။ အမေရိကန်ရုပ်ရှင်နဲ့ တီဗွီစီးရီးတွေထဲမှာ သရုပ်ဆောင်ဖူးတယ်။ သူမရဲ့အဖေက အင်္ဂလိပ်သွေးမကင်းတဲ့အဖြူ၊ အမေက အမဲ။ အယ်လ်အေမြို့မှာမွေးတယ်။ သူမခြောက်နှစ်သမီးမှာပဲ လင်မယားကွဲကြလို့ အိမ်ထောင်ပျက်မိသားစုထဲက ကြီးပျင်းခဲ့ရတာတွေဟာ မင်းသားလေးဟယ်ရီနဲ့တူနေတယ်။ ၂၀၁၁ မှာ အိမ်ထောင်ပြုခဲ့ပြီး ၂၀၁၃မှာ အိမ်ထောင်ကွဲခဲ့လို့ တစ်ခုလပ်မလေး။ အတင်းကို အမျိုးစပ်ယူရင်တော့ သူမရဲ့အဖေမှာ အရင်က အင်္ဂလိပ်ဘုရင်တွေရဲ့သွေး ပိစိလေးတော့ ပါသတဲ့။ တစ်စက်လောက်ပေါ့။

သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေက ဘလိုင်းဒိတ်လုပ်ပေးလို့တွေ့ကြရင်း မေတ္တာမျှရာက ခုတော့ မင်္ဂလာပွဲကျင်းပနေကြပြီ။ အင်္ဂလန်သူလည်းမဟုတ်၊ အဖြူသွေးတောင် တဝက်ပဲပါတဲ့ တစ်ခုလပ်မလေးကို သူ့မြေးတော်နဲ့ သဘောတူပါကြောင်းကို တရားဝင်စာထုတ်ပြီး ရေးပေးလိုက်ရတဲ့ဘုရင်မကြီးအတွက်တော့ တော်လှန်ရေးတစ်ခုဆင်နွဲရသလို ဖြစ်နေမှာပဲ။ သဘောတူကြောင်း စာထုတ်ပေးရတာက သူတို့တိုင်းပြည်ရဲ့ဓလေ့အရ ဘုရင်ဖြစ်မဲ့လူတွေ (၆)ယောက်အထိဟာ လက်ထပ်မယ်ဆိုရင် လက်ရှိဘုရင်ရဲ့ သဘောတူကြောင်းစာရွက် လိုအပ်လို့ပါတဲ့။

လက်ရှိဘုရင်မကြီးကလည်း ရာဇာပုလ္လင်ဖင်ကပ်ပါလာသလားတောင် ထင်မှတ်ရသူ။ သူမရဲ့အဖေကဘုရင့်ညီတော်။ ဘုရင်ဖြစ်စရာအကြောင်းသိပ်မရှိ။ ဖြစ်ချင်လာတော့ ဘုရင်က အမေရိကန်သူတစ်ခုလပ်မလေးနဲ့ကြိုက်ကြတယ်၊ ယူတယ်။၊ နန်းစွန့်ခိုင်းတော့ အလွယ်တကူပဲစွန့်လိုက်တယ်။ အချစ်အတွက် ထီးနန်းစွန့်ရဲသူအဖြစ် ရာဇဝင်တွင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ညီဖြစ်သူက ဘုရင်ဖြစ်၊ သူသေတော့ သူ့သမီးကဘုရင်မကြီးဖြစ်လာပေါ့။ ဘုရင်မဖြစ်တာတောင်(၆၆)နှစ်ကျော်ပြီ။ အသက်က (၉၂)ပေမဲ့  ခုထိကျန်းမာရေးကောင်းဆဲ။

ဘုရင်မကြီးရဲ့ဦးကြီးတော်ကတော့ အမေရိကန်သူ တစ်ခုလပ်မကိုယူလို့ ထီးနန်းစွန့်ခဲ့ရတဲ့ခေတ်ကို လွန်ခဲ့ပြီး မြေးဖြစ်သူက အမေရိကန်သူ တခုလပ်မကိုယူတဲ့ ခေတ်သစ်ကိုရောက်ခဲ့ပေါ့။ ကြမ္မာရဟတ် တပတ်လည်တဲ့သဘော။ ပြီးတော့ ဘုရင်မကြီးရဲ့  မြေးတော်စပ်ရမဲ့ကလေးမလေးက အမဲသွေးတောင် တဝက်ပါသေးရဲ့။ ကောင်မလေးရဲ့အမေက ဂျော်ဂျီယာပြည်နယ်ဖက်က ကျွန်ဖြစ်ခဲ့ရတဲ့သူတွေရဲ့အနွယ်မို့ ကျွန်သွေးပါသူလေး။ ဘုရင့်သွေးနဲ့ကျွန်သွေးရောဖို့ဆိုတာ အရင်ကဆို အိပ်မက်တောင် မက်ဖို့မလွယ်။

အခုတော့(၂၁)ရာစုလေ။ ဘုရင်တွေကျွန်တွေခေတ်ကုန်ခဲ့ပြီ။ သူတို့ကြိုက်ရင် ယူလို့ရခဲ့ကြပြီ။ နိုင်ငံမတူလည်း ယူကြပြီ။ တခုလပ်တွေ၊ အပျိုတွေလည်း သိပ်ပြီးအရေးမပါတော့။ လူကိုလူလို့ပဲမြင်ကြတဲ့ခေတ်။ လူမှာ နှစ်မျိုးပဲရှိတယ်။ ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူ။ ဆိုးတဲ့သူတွေကို လူ့ အသိုင်းအဝိုင်းက ရှောင်ကျဉ်ကြတယ်၊ ကောင်းတဲ့သူတွေကို လူ့အသိုင်းအဝိုင်းက ကြိုဆိုကြတယ်။ ကိုယ့်လူမျိုးဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်တွေဟာ သိပ်များလာတဲ့အခါ အဆိပ်အတောက်တွေဖြစ်လာတာကို သိကြတဲ့ခေတ်သစ်တစ်ခု။ မတူညီသူတွေ စုပေါင်းကာ ညီညွတ်မှုနဲ့ နေထိုင်ကြတဲ့ကမ္ဘာသစ်။

ဒီတော့ မင်းသားလေးဟယ်ရီနဲ့ သတို့သမီးလေးမေဂင်မာလ်ခဲတို့လည်း ဘဝတူ၊ အတွေးအခေါ်တူ၊ ခံစားချက်တွေပါ ထပ်တူကြလို့ ယူခဲ့ကြပြီ။ မိဘတွေဆီကလည်း အိမ်ထောင်ရေးသင်ခန်းစာတွေ အများကြီး ရရှိခဲ့ကြပြီ။ အောင်မြင်တဲ့အိမ်ထောင်တစ်ခု ဖြစ်လာမယ်လို့ ယူဆပါတယ်။ ဒီပွဲဟာ ကမ္ဘာသစ်မှာ ခေတ်သစ်တည်ဆောက်တဲ့ မင်္ဂလာပွဲတစ်ခုမို့ ကြိုဆိုပါတယ်လို့စ်။

Thursday, May 17, 2018

သာဂိတို့ရပ်ကွက်ထဲမှာဗျာ။ (၅)

သာဂိတို့ရပ်ကွက်ထဲမှာဗျာ(၅)

( သာဂိတို့ရပ်ကွက်က အဖြစ်တွေကိုရေးခဲ့တာ (၂)နှစ်ကျော်ခဲ့ပြီ။ အပိုင်း(၄)အထိရေးပြီး ဆက်မရေးဖြစ်တော့။ အခုမှ စိတ်ကူးပေါက်လို့ထရေးတော့ အပိုင်း(၅)ပေါ့။

အရင်အပိုင်းတွေကို အတိုချုံးပြီး ပြန်ပြောရရင်တော့ သာဂိတို့ရပ်ကွက်မှာ ကလေးအုပ်စုရှိတယ်။ သာဂိက ကလေးခေါင်းဆောင်။ ဂွပစ်တဲ့နေရာလက်ဖြောင့်တဲ့ မျက်မှေးတို့အုပ်စုက သူ့နောက်လိုက်တွေ။ ကလေးတွေက လောက်စာလုံးရန်ကြောက်ရလို့ ပြန်မပြောရဲကြဘူး။ ကလေးအုပ်စုထဲက အများစုက စာဥကိုထောက်ခံတယ်။ ကလေးအုပ်ခေါင်းဆောင်ခန့်ချင်တယ်။ စာဥက သာဂိတို့အုပ်စုရဲ့ အနိုငိကျင့်မှုအမျိုးမျိုးခံခဲ့ရတယ်။ အပိုင်းလေးအထိကတော့ သာဂိတို့ရဲ့အလွဲတွေ၊ စာဥကို အနိုင်ကျင့်ပုံတွေရေးခဲ့တယ်။

အခုအပိုင်း(၅)ကတော့.....)

အချိန်တွေပြောင်းလာခဲ့ပြီပေါ့။ သာဂိတို့ရွာလေးက ကလေးအုပ်လည်း ခေါင်းဆောင်ပြောင်းခဲ့ပြီ။

ကလေးအုပ်က ညီညီညွတ်ညွတ်နဲ့ ခေါင်းဆောင်သစ်စာဥကို တင်လိုက်ကြပြီ။ ဒါပေမဲ့ ပြသနာက ခုမှ ပိုရှုပ်လာတာ။

စာဥကိုခေါင်းဆောင်တင်လိုက်တယ်ဆိုပေမဲ့ ကလေးအုပ်ရဲ့ သာရေးနာရေးလောက်ပဲ ခေါင်းဆောင်ခွင့်ရနေတဲ့ အခြေအနေမျိုး။ ရွာရဲ့ကလေးဘုတ်အုပ်ကြီးအလိုအရ စာဥက လောက်လေးဂွအုပ်စုကို ခေါင်းဆောင်ခွင့်မရှိဘူး။  ဒီဘုတ်အုပ်ကြီးကို ပြင်ဖို့ကလည်း လောက်လေးဂွအုပ်စုရဲ့ ထောက်ခံမှုလိုနေတယ်။ ဂွအုပ်စုခေါင်းဆောင်မျက်မှေးကတော့ စာဥကို မကြိုက်ဘူး။ သူ့ရဲ့သြဇာတွေကလေးအုပ်အပေါ်သက်ရောက်မှုကို စာဥက ဖယ်ရှားမယ်လို့ သူထင်တယ်။ ဒါကြောင့် ကလေးခေါင်းဆောင်စာဥဖြစ်လာမှာကို တောက်လျှောက် ငြင်းခဲ့တာ။ ခုတော့ သူထောက်ခံတဲ့ ကလေးခေါင်းဆောင်ဟောင်း သာဂိရဲ့ မွေးစားအဖေ ဦးလေးရွှေကိုယ်တိုင်က စာဥကို ခေါင်းဆောင်ခန့်ဖို့ ပြောလို့သာ လက်မခံချင်ပဲ လက်ခံရတဲ့သဘော။ သာဂိကတော့ ခေါင်းဆောင်မလုပ်ရတော့လို့ နွားကျောင်းနေတော့တယ်။

ဒါကြောင့် စာဥခေါင်းဆောင်ဖြစ်လာရင် ပြသနာပေါင်းစုံမီးမွှေးပေးဖို့ ဂွကိုင်မျက်မှေးတို့က အသင့်ပြင်ထားတယ်။ စာဥကတော့ လောက်လေးဂွအဖွဲ့နဲ့ပြန်လည်အဆင်ပြေမှဖြစ်မယ်ဆိုပြီး အရာရာ လိုက်လျှောရှာပါရဲ့။ လောက်လေးဂွအဖွဲ့ကတော့ သူတို့ရဲ့အခြေခံမူဖြစ်တဲ့ သာဂိတို့အဖွဲ့ကို ခေါင်းဆောင်ပြန်တင်ရေးအတွက်ပဲ တောက်လျှောက်ကြိုးစားတယ်။ စာဥလုပ်သမျှ ပျက်အောင် နည်းမျိုးစုံနဲ့ ကြံစည်တယ်။

စာဥတို့ ကလေးအုပ်စုတွေထဲမှာတင် လောက်လေးဂွအုပ်စုရှိတာမဟုတ်ဘူး။ အခြားကလေးအုပ်လေးတွေကလည်း သူ့အုပ်စုနဲ့သူ လောက်လေးဂွအဖွဲ့တွေရှိတယ်။ လောက်စာအားကိုးနဲ့ မိုက်ရဲကြတယ်။ ရွာထိပ်က သရက်ပင်က သရက်သီးလုကြရင်းရန်ဖြစ်၊ မကျည်းရွက်တက်ခူးရင်းရန်ဖြစ်နဲ့ ရန်ဖြစ်လေ့ရှိကြတယ်။ ဒီလို ဂွကိုင်အုပ်စုတွေရန်ဖြစ်ပြီဆို ထိပ်ပေါက်ခေါင်းကွဲ၊ သွေးထွက်သံယိုပေါ့။

ကလေးအုပ်စုတွေ ဂွတိုက်ပွဲရပ်ဖို့ ကြိုးစားနေသူက စာဥ။ သူက ကြားလူလုပ်ပြီး စေ့စပ်ပေးမယ်ပေါ့။ သူဘယ်လိုကြိုးစားပေမဲ့ ဂွကိုင်မျက်မှေးတို့က လောက်စာအား၊ လူအားနဲ့ ဖိပြီးတခြားကလေးဂွအဖွဲ့ကို မထင်ရင်မထင်သလို လုပ်နေလေတော့ စာဥရဲ့ကြိုးစားမှု အရာမထင်။ သာဂိလက်ထက်က ဂွပစ်ရပ်ဖို့သဘောတူခဲ့တဲ့ ကလေးအုပ်စုတွေအပြင် နှစ်ဖွဲ့လောက်ပဲ ထပ်စည်းရုံးနိုင်တယ်။ သာဂိလက်ထက်ကတော့ ဂွကိုင်မျက်မှေးက သူ့လူကိုး။ သူ့စကားအောင်တယ်။ ဂွပစ်ရပ်ဆို ရပ်တယ်။ စာဥကိုသာ ဒုက္ခလှလှတွေ့အောင် ပညာပြထားတာ။ စာဥက လောက်စာအပစ်ရပ်ရေးဆွေးနွေးတော့မယ်ဆိုရင် မျက်မှေးတို့ လောက်လေးဂွအုပ်စုက တခြားအုပ်စုကိုပြသနာရှာပြီပဲ။ စာဥမှာ မျက်နှာပျက်ရပေါင်းများနေပြီ။

ဒီကြားထဲမှာ ကလေးအုပ်စုရဲ့ပြသနာတွေ ထပ်တိုးလာတယ်။ ရခိုင်လေးတို့နဲ့မာမွတ်လေးတို့ပြသနာတက်ကြပြန်ရော။  အိမ်ဝိုင်းထဲမှာနေရာလုကြသတဲ့။ မာမွတ်တို့က လေးဂွနဲ့စပစ်တယ်။ မျက်မှေးတို့ ဂွကိုင်အုပ်စုက အခွင့်သာတုန်းမှာ မာမွတ်တို့ကို လေးဂွစာကောင်းကောင်းလေး ပြန်ကျွေးလိုက်တော့ အတော်အထိနာသွားတယ်။ ထွက်ပြေးကြရတယ်။ သူတို့ကိုနှိတ်စက်ပါတယ်ဆိုပြီး ရွာလူကြီးကို မာမွတ်တို့က သွားတိုင်တယ်။ ဘာပဲဖြစ်ဖြစ် စာဥနာမည်ပျက်ရတယ်။ ကလေးအုပ်ခေါင်းဆောင်မို့ သူတာဝန်ရှိပေတာကိုး။ မာမွတ်တို့က ရခိုင်လေးတို့အိမ်ဝိုင်းကို ဖဲ့တောင်းနေတဲ့ပြသနာက အခုမှဖြစ်တဲ့ပြသနာ မဟုတ်။ အဟောင်းကြီး။ ဘယ်သူမှဖြေရှင်းလို့မရခဲ့တဲ့ပြသနာကို ပိုကြီးအောင် လုပ်ပေးလိုက်တဲ့သဘော။ ရွာသူကြီးက ခေါ်ဆူတာခံရတော့ ကလေးခေါင်းဆောင်စာဥ မျက်နှာပျက်ရပြန်ပေါ့။

စာဥမှာလည်း တချိန်လုံးအနိုင်ကျင့်ခံခဲ့ရတဲ့ဘဝက ခေါင်းဆောင်ဖြစ်လာရတော့ သူ့အုပ်စုကို အချိန်ယူဖွဲ့ခဲ့ရတာမဟုတ်ဘူး။ အဆင်ပြေသလို အမြန်ဖွဲ့ခဲ့ရတဲ့အဖွဲ့။ အတွေ့အကြုံကလည်း မရှိကြတော့ ပြသနာပေါင်းစုံတောနင်းပြီး စခဲ့ရတာ။ ကလေးအုပ်ထဲမှာ သာဂိလူဟောင်းတွေရှိလေတော့ သူတို့ရဲ့ ပညာပြမှုအပေါင်းကို အတော်ခံခဲ့ကြရသေးရဲ့။ အစကဆို စာဥတို့အဖွဲ့ ခြောက်လတောင်ခံပါ့မလားနဲ့ ရင်တမမ။ စာဥမှာလည်း လောက်စာအပစ်ရပ်နဲ့တင် အချိန်ကုန်ပြီး ဘာမှဆက်မလုပ်နိုင်ခဲ့တော့ ကလေးတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့ သကြားလုံးများများရရေး၊ သွားရည်စာဖူလုံရေးစတာတွေ သိပ်မလုပ်နိုင်ခဲ့ဘူး။ ကလေးတွေကလည်း စာဥခေါင်းဆောင်ဖြစ်လာရင် နိုင်ငံခြားဖြစ်သကြားလုံးတွေအဝစားရတော့မယ်လို့ ထင်ထားကြတာမို့ တကယ်ဖြစ်မလာတဲ့အခါမှာ စာဥကို အစာမကြေကြ။ စာဥမှာနာမည်ပျက်ရပြန်ရော။

အပြင်မှာတော့ ကောလာဟာလတွေဖြစ်နေကြလေရဲ့။ မျက်မှေးကပြောသတဲ့။ " ကိုရင်သာဂိတို့ငါတို့တွေ ခေါင်းဆောင်တုန်းက အတော်အပြောအဆိုခံခဲ့ရတာ ။ အတော်အဆဲခံခဲ့ရတာ။ ခေါင်းဆောင်လုပ်ချင်တဲ့ စာဥလည်း အဲဒါတွေ ခံဖူးတယ်ရှိအောင် ပညာပေးထားတာ။" တဲ့။ ကောင်းရော။

Sunday, May 13, 2018

အမေများနေ့ အမှတ်တရ (၂၀၁၈)

အမေများနေ့ အမှတ်တရ(၂၀၁၈)

မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့ဟာ အမေနေ့(Mother’s Day) ပါ။ ဒီနေ့ကိုရောက်တဲ့အခါ အမေ့ရဲ့ တုနိုင်းမမှီတဲ့မေတ္တာတွေကို ပြန်လည်အမှတ်ရကြတယ်။ အမေ့ရဲ့ အေးမြတဲ့ရင်ခွင်ကို ပြန်လည်သတိရကြတယ်။ အမေရှိတဲ့သူရော၊ အမေမရှိတော့တဲ့သူရော အားလုံးဟာ အမေမွေးလို့ လူဖြစ်ခဲ့တဲ့သူတွေပဲ မဟုတ်လား။

အမေ့ကျေးဇူးကို ဘုရားတောင်မှ နို့တစ်လုံးဖိုးပဲကြေအောင် ဆပ်နိုင်ခဲ့တယ်ရယ်လို့ တင်စားကြတယ်။ သားသမီးတွေ မမွေးခင် ကိုယ်ဝန်ရှိပြီဆိုထဲက မွေးလာမဲ့ကလေးအတွက် အစားအသောက် အနေအထိုင်ဆင်ခြင်ခဲ့ရတဲ့အမေ။ မွေးလာမဲ့ကလေးကို စိတ်ကူးနဲ့ချစ်နေခဲ့တဲ့အမေ။ ကိုးလလွယ်ဆယ်လဖွားတဲ့အထိ ကိုယ်ဝန်ဆောင်ခြင်းဒုက္ခကို ခါးစီးခံခဲ့တဲ့အမေ။ မွေးဖွားခြင်းဆိုတဲ့ ဒုက္ခကို အံကြိတ်ရင်ဆိုင်ခဲ့တဲ့အမေ။မွေးပြီးပြန်တော့လည်း ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်နဲ့ နီတာရဲလေးဘဝကနေ လူတစ်လုံးသူတစ်လုံးဖြစ်လာတဲ့ထိ ကိုယ့်ရင်သွေးကို ကိုယ့်ထက်စောင့်ရှောက်ခဲ့တဲ့အမေ။

အမေနေ့ရောက်ရင် အမေ့အကြောင်းတွေပြန်ပြောတတ်ကြတယ်။ အမေ့ကိုလွမ်းကြတယ်။ အမေမရှိတော့ရင်တောင် အမေ့ရဲ့ဖြူစင်တဲ့ချစ်မေတ္တာတွေက သူတို့ရဲ့ သားသမီးတွေဆီမှာ လွှမ်းခြုံနေမြဲပါ။ အမေ့ရဲ့ ဖြူစင်တဲ့ချစ်ခြင်းတရားတွေကို ကုန်စင်အောင် စာဖွဲ့ဖို့က အပုံတစ်သန်းပုံရင် တစ်ပုံတောင်မှီမယ်မထင်။

မောင်လူပေလည်း ဒီနေ့ရောက်ရင် အမေ့ကို ပိုလို့သတိရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးလုံးကို မနက်အိပ်ရာထတိုင်း သတိတရမေတ္တာပို့နေကြပေမဲ့ သူတို့တွေရဲ့မေတ္တာတွေက ကိုယ့်ဆီမှာ အခုအထိ လွှမ်းခြုံအေးမြနေဆဲလို့ ခံစားနေရဆဲပါ။ အထူးသဖြင့် အမေ့ရဲ့မေတ္တာတွေကိုတော့ ပိုလို့(ပိုလို့) မရနိုင်မှန်းသိလေ တောင်းတမိလေပါပဲ။

မောင်လူပေဟာ သားဆိုးသားမိုက်မဟုတ်ပေမဲ့ အမေ့စိတ်ကြိုက်နေထိုင်ကြီးပြင်းခဲ့တဲ့ သားလိမ္မာတစ်ဦးလည်း မဖြစ်ခဲ့ဘူး။ ငယ်ငယ်ထဲက လွတ်လပ်မှုကိုကြိုက်တယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူဘာပြောပြော ဂရုမစိုက်တတ်သူ၊ အပေါင်းအသင်းခုံမင်သူပေါ့။ အမေက တောသူပီပီ အနေရိုးတယ်၊ အတွေးရိုးတယ်၊ သူ့သားသမီးတွေကိုလည်း သူ့အုပ်ထိန်းမှုအောက်မှာ နေစေချင်ခဲ့တယ်။ စည်းကမ်းကြီးတဲ့အမေနဲ့ သူပုန်စိတ်ရှိတဲ့သားတို့ရဲ့ဆက်ဆံမှုဟာ စင်းလုံးချော မဖြစ်ခဲ့။

အမေက စာတော်တဲ့သားဖြစ်စေချင်တယ်။ မောင်လူပေက စာမညံ့ပေမဲ့ ထိပ်ကလည်းမဟုတ်တဲ့ မလယ်အလတ်။ ပြီးတော့ ကျောင်းစာဖတ်ဖို့ကလည်း အပျင်းကြီးသေး။ ကျောင်းစာအုပ်ကလွဲရင် ပြင်ပစာတွေဆို အကုန်စိတ်ဝင်စားခဲ့တယ်။ နည်းနည်းကြီးလာတော့ အလည်လွန်တတ်လာပြီ။ ဒီတော့ အမေက စည်းကမ်းနဲ့အိမ်ပြန်ချိန်သတ်မှတ်တယ်။ မောင်လူပေက အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အိမ်ပြန်ချိန် အမြဲနောက်ကျဆဲ။ ဘဝအဖေါ်လည်း အမေက သူ့စိတ်ကြိုက်ကို ရှာစေချင်တယ်။ မောင်လူပေက ကိုယ့်စိတ်ကြိုက်ကို ရှာခဲ့တယ်။ ဒီလိုဒီလို ပဋိပက္ခလေးတွေ၊ အဖုအထစ်လေးတွေနဲ့ အမေနဲ့သားရဲ့ ဆက်ဆံရေးပေါ့။ အမေ့စိတ်ကြိုက် သားလိမ္မာမဖြစ်ခဲ့တာအတွက် ခွင့်လွတ်ပါ အမေ။

အမေနဲ့သား ပဋိပက္ခဆိုပေမဲ့ သားအတွက်ဆို အမြဲလိုလို အလျှော့ပေးခဲ့တာလည်း အမေပါ။ငယ်ငယ်က ချူချာတဲ့သားကြောင့် အိပ်ရေးပျက်ခဲ့တဲ့အမေဟာ ကြီးလာတော့လည်း အချိန်တန်အိမ်ပြန်မလာတဲ့သားကြောင့် အိပ်ရေးပျက်ခဲ့တာပါပဲ။ အရက်ဆိုင်၊ ဖဲဝိုင်း၊ ပချုပ်ဆိုင်တို့ကိုနေ့တိုင်းမရောက်ပေမဲ့ လက်ဖက်ရည်ဆိုင်ကိုတော့ နေ့တိုင်းရောက်တဲ့သားက အမေအိပ်မပျော်တာမသိခဲ့။ သူငယ်ချင်းတွေနဲ့ပျော်လို့ကောင်းတုန်း။ လူငယ်ပီပီ တောကချက်ကြီးတို့ဂျော်နီလမ်းလျှောက်တို့နဲ့ တခါတရံ အဖေါ်လုပ်ပြီး ပြန်လာတဲ့အခါ အိပ်မပျော်သေးတဲ့အမေက သူ့သားတော်မောင် ဇရက်မင်းစည်းစိမ်ရနေတာ သိပေမဲ့ တစ်ခါတစ်လေပဲဆိုပြီး မသိချင်ယောင်ဆောင်ပေးခဲ့သူပါ။

ကောလိပ်ရောက်ထဲက အိမ်မကပ်တော့တဲ့သား၊ တက္ကသိုလ်ကျောင်းပိတ်ရက်တွေမှာလည်း ကျောင်းပိတ်ပြီဆို ချက်ခြင်းမပြန်ပဲ သူငယ်ချင်းတွေနဲ့လျှောက်လည်တတ်တဲ့သား၊ ဒီသားအတွက် အတော်သည်းငြီးခံခဲ့ရမယ်ဆိုတာ ကိုယ်တိုင်မိဘနေရာရောက်မှပဲ ခံစားတတ်လာတာပါ။ ကိုယ်တွေ့ကြုံမှ ယုံပါသည်ပေါ့။

အလွန်စည်းကမ်းကြီးတဲ့အမေ၊ သားအတွက်ဆိုရင် အမြဲလိုလို စိတ်ပူနေတတ်တဲ့အမေပေမဲ့ အံ့သြစရာကောင်းအောင် သားအတွက်အားပေးဂုဏ်ယူခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုလည်းရှိခဲ့ပါတယ်။ ဒါလေးကို အမေနေ့အမှတ်တရပြောပြခွင့်ပြုပါ။  အဲဒါကတော့ ရှစ်လေးလုံးနေ့မှာ သားတော်မောင်လမ်းပေါ်ထွက်ပြီးဆန္ဒပြခဲ့တာကို မတားမြစ်ပဲ သူကိုယ်တိုင်က လိုလိုလားလားနဲ့ အားပေးခဲ့တဲ့အဖြစ်ပါပဲ။ အဲဒီအချိန်က မဆလပါတီအောက်မှာ တစ်နိုင်ငံလုံးအကြောက်တရားနဲ့ ရောက်ရှိနေချိန်မို့ ရှစ်လေးလုံးနေ့မှာ လမ်းပေါ်ထွက်ကြမယ်လို့ တိုင်ပင်ထားကြပေမဲ့ ချက်ခြင်းကြီးရောက်မလာခဲ့ကြဘူး။ အခြေအနေကိုအကဲခတ်နေကြတုန်းပေါ့။ ထစ်ကနဲဆိုဖမ်းပြီမို့ ကြောက်နေကြဆဲ။

မောင်လူပေကတော့ စာရွက်ဖြူကြီးမှာ ခွတ်ဒေါင်းပုံကြီးဆွဲ၊ ဒီမိုကရေစီကိုထောက်ခံသည်လို့ စာရေးပြီး အိမ်ရှေ့မှာကပ်တယ်။ အမေက မကန့်ကွက်ဘူး။ သားလုပ်တာမှန်သတဲ့။ သားဖြစ်သူ လမ်းပေါ်ထွက်မယ်ဆိုတာလည်း မတားဘူး။  ဂရုစိုက်ပါတဲ့။ ဒီတစ်လုံးပဲ မှာခဲ့တယ်။ ဒီလိုနဲ့ ရှစ်လေးလုံးနေ့မှာ တိုင်ပင်ထားတဲ့သူငယ်ချင်းအချို့နဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖြစ်ခဲ့တယ်။ သူ့သားနဲ့ကျောင်းသားတွေ နိုင်ငံအတွက်လှုပ်ရှားတာမှန်တယ်လို့ ထောက်ခံခဲ့တာ စိုးရိမ်တတ်တဲ့အမေ့အတွက်ကြီးမားတဲ့စွန့်စားမှုကြီးပါ။ အိမ်မှာ တထိပ်ထိပ်နဲ့ စောင့်နေရမဲ့ အမေ့အဖြစ်ကို အခုမှ ကိုယ်ချင်းစာတတ်ခဲ့တယ်။

နိုင်ငံရဲ့လွဲမှားနေတဲ့စနစ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြတာ အမေ့ကိုယ်တွေ့။ ကိုယ်တွေက အဆင်ပြေပေမဲ့ အဆင်မပြေကြသူတွေက အများစု၊ ဒါတွေကြောင့်လည်း မဆလအစိုးရပြုတ်ကြရေးအတွက် ကျောင်းသားတွေ လမ်းပေါ်ထွက်တာကို မတားမြစ်ခဲ့ဘူးထင်ပါတယ်။  ပြောမဲ့သာပြောရတာ။ အမေက သူပုန်မျိုး။ သူ့ရွာက သူပုန်ကြီးစိုးတဲ့အရပ်။ သူ့ဦးလေးက သူပုန်ကြီး။ မောင်လူပေရဲ့ ပုန်ကန်လိုတဲ့အကျင့်က အမေ့သွေးတွေပေါ့။ အမေ့အားပေးမှုနဲ့ မောင်လူပေခေါ် မောင်တက်ကြွက စစ်တပ်ကအာဏာသိမ်းပြီးနောက်တနေ့ဖြစ်တဲ့ စက်တင်ဘာ(၁၉)ရက်အထိ အလံကြီးတကိုင်ကိုင်နဲ့ ဆန္ဒပြလို့ကောင်းနေတုန်း။ ဒီမိုကရေစီအစား ကျည်ဆံတွေပေးလိုက်လို့ အလောင်းတွေလိုက်ကောက်ရမှပဲ လက်လျှော့ခဲ့သူပေါ့။

ရှစ်လေးလုံးမှာ တူတော်မောင်တက်ကြွခဲ့တာကို အစာမကြေသူက မောင်လူပေရဲ့ဦးကြီးဖြစ်သူပါ။ သူက တပ်မတော်မှာဗိုလ်မှူးကြီးအထိ တာာဝန်ယူခဲ့သူ။ ညွှန်မှူးကြီးမို့ အစိုးရရဲ့ကြီးလေးတာဝန်ယူရသူ။ သူ့ရဲ့တူ မောင်လူပေက သူ့အိမ်မှာတည်းပြီး အစိုးရကိုတော်လှန်သူ။ တစ်နေ့တော့ စကားစပ်မိရင်း ရှစ်လေးလုံးမှာလမ်းပေါ်ထွက်ခဲ့တဲ့ မောင်လူပေတို့ကို အရူးတွေလို့ နှိတ်ကွပ်ပါတယ်။ အနားမှာရှိနေတဲ့အမေက သူ့အကိုအရင်းခေါက်ခေါက်ကို မောင်လူပေ့ကိုယ်စားပြန်ပြောလိုက်တာကိုလည်း အခုထိ မမေ့နိုင်သေး။" လမ်းပေါ်ထွက်ဆန္ဒပြမိတာနဲ့ အရူးဆိုရင် တစ်နိုင်ငံလုံးရူးနေတာဖြစ်မယ်အကို။" တဲ့ မှတ်ကရော။

အခုဆို ဒီနှစ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်းနှစ်သုံးဆယ်ပြည့်မဲ့နှစ်ပေါ့။ အမေဆုံးခဲ့တာလည်း နှစ်နှစ်ဆယ်ပြည့်ပါပဲ။ ဒီလိုတိုက်ဆိုင်တဲ့နှစ်ရဲ့ အမေနေ့မှာ အမေ့အကြောင်းလေး အမှတ်တရရေးဖြစ်ပါတယ်။ အမေ့ကိုလည်းလွမ်းရင်းပေါ့။

တကမ္ဘာလုံးက အမေတွေနဲ့ အမေ့ကိုချစ်တဲ့ အမေ့သားသမီးတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

Wednesday, May 9, 2018

ရင်ခွဲရဲသူ

အချစ်အတွက် ရင်ကိုခွဲပြီး အသည်းနှုတ်ယူ ပေးခဲ့ပါပြီ။

သူက ကြက်သည်းကြက်မြစ်ဟင်း ချက်မယ်ပြောလို့။

"တိန်။"

ဆန်ဖရန်သင်္ကြန်

ဆန်ဖရန်စစ္စကိုဗေးဧရိယာ မြန်မာကွန်မြူနတီ သင်္ကြန်ပွဲ

မြန်မာမှန်လျှင် သင်္ကြန်ကိုချစ်သည်။ သင်္ကြန်နှင့်မြန်မာကို ခွဲ၍မရ။ သင်္ကြန်ဟူသည် မြန်မာတို့အတွက် နှစ်ဆန်းချိန်ခါလည်း ဖြစ်ပါ၏။

နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်ကိုပါမသွားစေရေးအတွက် သင်္ကြန်ရေနှင့်ဆေးကြရသည်။ သင်္ကြန်ရေနှင့် ဆေးလိုက်ကြသောကြောင့် နှစ်အကူးမှာ စိတ်သစ်လူသစ်နှင့် ဖြစ်သွားပြီ။

အတာသင်္ကြန်ချိန်ခါတဲ့။ အတာအိုးနှင့် သင်္ကြန်ကိုကြိုဆိုကြရသည်။ အတာအိုးဟုခေါ်သည့်မြေအိုးလေးထဲတွင် စက္ကူဖြင့်လုပ်ထားသည့်မြန်မာ့ရိုးရာ ထီး၊ တံခွန်ကုက္ကားပါမည်၊ သပြေခက်လေးတွေပါမည်။ ငယ်ငယ်ကတော့ သကြားမင်းကြီးကို ကြိုဆိုမှုအဖြစ်သာသိခဲ့ရ၏။ တကယ်ကတော့ နှစ်ဟောင်းအကုန်မှာ ဆင်းသက်လာမည့် တနင်္ဂနွေဂြိုလ်မင်းကို ကြိုဆိုကြခြင်းဖြစ်သည်။ ဗြမ္မာကြီးဦးခေါင်းကို ထမ်းရွက်ထားရသော နတ်သမီးလေးပါးကလည်း ဒီအချိန်ရောက်ပြီဆို လက်ပြောင်းကြသေး၏။ တနင်္ဂနွေဂြိုလ်မင်းက ဘာစီး၍ဆင်းမည်၊ ဘယ်လက်နှင့်ညာလက်က ဘာကိုင်မည် စသည်ဖြင့် ဝေဒပညာရှင်များက ရိုးရာဗေဒင်ပညာအရ တွက်ကြပြီး မည်သည့်သားသမီးက တာစားမည်၊ မိုးဦးမိုးနှေင်းကောင်းမည်၊ ညံ့မည် စသည်ဖြင့်ဟောကြပြောကြ၏။ ထိုသို့သော မြန်မာနှစ်တစ်နှစ်စာဗေဒင်ဟောစာတန်းကို သင်္ကြန်စာဟု ခေါ်ပြီး စိတ်ဝင်စားသူများက ဝယ်ယူဖတ်ရှုကြရ၏။

သင်္ကန္တ၊ ကူးပြောင်းခြင်းဟူသောစကားလုံးမှ သင်္ကြန်ဟူ၍ရွှေ့လျှောလာသည်ဟုဆိုကြ၏။ အတာကူးတဲ့တန်ခူးလသင်္ကြန်ဟုဆိုရသော်လည်း ကဆုန်လထဲရောက်သွားရသော သင်္ကြန်ရက်တွေလည်း ရှိတတ်ပါသည်။ အတာကူးသည်ဆိုသည်မှာလည်း နှစ်သစ်ကိုကူးပြောင်းခြင်းပင်။ ကြို၊ ကျ၊ ကြတ်၊တက် ဟု သင်္ကြန်လေးရက်ရှိသော်လည်း ဝါထပ်ချိန်တွင် အကြတ်နှစ်ရက်ဖြစ်ခါ သင်္ကြန်ငါးရက်လည်း ဖြစ်တတ်သည်။

သင်္ကြန်အလေ့အထသည် ရှေးဟောင်းဟိန္နူအယူအဆမှ ဆင်းသက်လာခြင်းလည်းဖြစ်၏။ မြန်မာပြည်သို့ မည်သည့်အချိန်က စတင်ရောက်ရှိခဲ့သည်ကို သေချာစွာမသိကြသော်လည်း ပုဂံခေတ်၏နောက်ဆုံးမင်းဆက် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်း ခေတ်မှာ သင်္ကြန်ရေကစားမှု ပြုနေကြောင်း သမိုင်းထဲမှာဖတ်ရသည်။ မင်းကြီးကမိဘုရားကို ကြည်စားနောက်ပြောင်လိုသည့်အတွက် ခေါင်းမှစ၍တစ်ကိုယ်လုံးရွှဲအောင် လောင်းလိုက်ရာမှ မိဘုရား၏ဒေါသ၊ ကြိမ်စာ၊ သေဒါဏ်တွေ ဖြစ်ခဲ့ရသည်အထိ။

ပုဂံပျက်ပြီး စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက် သင်္ကြန်က မြန်မာတို့နှင့်ပါလာခဲ့သည်။ ထိုခေတ်တွေကတော့ ငွေဖလားမှာအမွှေးနံ့သာများနှင့်ရေကိုရောကာ သပြေခက်နှင့် ရေပက်ကြသည်ဟုဆို၏။ ဘုရင်ကိုယ်တိုင် ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်တော်ဆင်နွဲခြင်း၊ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဆင်းရဲနွမ်းပါးသူ သက်ကြီးရွယ်အိုများကို အလှူတော်ဆင်နွဲခြင်းများပြုသည်ဟု မှတ်သားဖူးသည်။

မြန်မာဘုရင်ပါတော်မူပြီးနောက် ကိုလိုနီခေတ်တလျှောက်လည်း သင်္ကြန်ပွဲက နွှဲပျာ်လျှက်။ ကိုလိုနီခေတ်က သင်္ကြန်ပွဲဆင်နွှဲနေပုံများကို ရှေးဟောင်းဓါတ်ပုံများတွင်တွေ့ရရာ အုပ်စိုးသူဗြိတိသျှများကိုယ်တိုင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေတာလည်း တွေ့ရ၏။ ထို့နောက် လွတ်လပ်ရေးရသည်မှစ၍ ယခုခေတ်တိုင် သင်္ကြန်ပွဲတော်သည် ပုံစံအမျိုးမျိုးပြောင်းလျှက် မြန်မာတို့ရင်မှာ စွဲထင်ဆဲ။ အခုခေတ်သင်္ကြန်ကတော့ စီးပွားရေးသင်္ကြန်တဲ့။ မဏ္ဍပ်တွေဆောက်ပြီးစီးပွားရှာကြ၊ လက်မှတ်တွေရောင်းကြ၊ ကုမ္ပဏီတွေကလည်းစပွန်ဆာသင်္ကြန်။ ဒါတွေကြောင့် မြန်မာ့ယဉ်ကျေးမှုကိုပြန်လည်ဖေါ်ထုတ်ရန်၊ ဆင်းရဲချမ်းသာမရွေးပါဝင်ဆင်နွှဲနိုင်ရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန်တွေလည်း ပြုလုပ်နေကြ၏။ သပြေခက်နှင့်ရေပက်သည့်သင်္ကြန်မှသည် မီးသတ်ပိုက်နှင့်ရေဖြန်းကြသော သင်္ကြန်ခေတ်၊ ပလတ်စတစ်ပိုက်ဖြင့်ရေပက်သောခေတ်ဖြစ်လို့လာပြီ။

၁၉၈၈နောက်ပိုင်းတွင် မြန်မာပြည်၏နိုင်ငံရေးအခြေအနေကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးသို့ မြန်မာတွေ အလုံးအရင်းဖြင့် ရွှေ့ပြောင်းရင်း ပျံ့နှံ့ရောက်ရှိခဲ့ကြသည်။ ရောက်ရာနိုင်ငံတွေမှာ အခြေချကြသည်။ သားသမီးတွေမွေးဖွားကြသည်။ သည်လိုနှင့် နိုင်ငံရပ်ခြားရောက်မြန်မာအသိုင်းအဝိုင်းတွေက သန်းပေါင်းများစွာထိ တိုးတက်လာကြ၏။ ထိုထိုသောမြန်မာများနှင့်အတူ သင်္ကြန်ယဉ်ကျေးမှုကလည်း တိုင်းတပါးဆီသို့ ထပ်ချပ်မကွာ ပါသွာကြလေသည်။

မောင်လူပေ ခေတ္တနေထိုင်ရာ ဆန်ဖရန်စစ္စကိုဗေးဧရိယာ( San Francisco Bay Area) တဝိုက်တွင်လည်း မြန်မာပြည်မှ ရွှေ့ပြောင်းအခြေချကြသည့် မြန်မာအင်အားစုတွေမနည်းလှ။ အကြောင်းအမျိုးမျိုးဖြင့်ရောက်လာကြသည့် မြန်မာလူမျိုးများမို့ နေရပ်စုံ၊ဒေသစုံ၊ဘာသာလူမျိုးလည်းစုံကြပါ၏။ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္နူ၊ မွတ်စလင်၊ ဆစ်၊ စသည်နှင့် အစုံအလင်။ မြန်မာပြည်မှလာကြသူများပေမို့ မြန်မာဆန်ကြသလို သင်္ကြန်ကိုလည်း ချစ်ကြသူများဖြစ်ကြသည်။

အရင်က သင်္ကြန်ပွဲဟူ၍ ထူးခြားစွာမကျင်းပဖြစ်ခဲ့။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအချို့၏ ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲသင်္ကြန်သာ ရှိခဲ့ကြသည်။ ဘုန်းကြီးကျောင်းပွဲမို့ သည်သင်္ကြန်ကို ဘာသာခြားတွေမလာနိုင်ကြ။ လူမျိုးဘာသာမခွဲလာရောက်ပျော်ပါးနိုင်သော အရောင်မဲ့သင်္ကြန်တစ်ခုလိုအပ်နေသည်။ ထို့အပြင် မြန်မာများစုစည်းနိုင်ဖို့ မြန်မာကွန်မြူနတီစင်တာာတစ်ခုလည်း ဒီဒေသမှာ မရှိသေး။ ထို့ကြောင့် ခေတ်နှင့်အမှီလိုက်ရင်း ပညာရှာနေကြသည့် မြန်မာကျောင်းသားလူငယ်အဖွဲ့က မြန်မာကွန်မြူနတီစင်တာတစ်ခု ထူထောင်နိုင်ဖို့ ရံပုံငွေရှာသည့်အနေဖြင့် အလွှာစုံပါဝင်နိုင်မည့် သင်္ကြန်အထိမ်းအမှတ်ဈေးရောင်းပွဲတစ်ခုကို စတင်ကျင်းပခဲ့ကြပါသည်။ နှစ်အတန်ကြာသော် အားလုံး၏စုပေါင်းအားဖြင့် မြန်မာကွန်မြူနတီစင်တာ ထူထောင်နိုင်တော့ စင်တာရေရှည်ရပ်တည်ရေးအတွက် ကွန်မြူနတီသင်္ကြန်ကို ဆက်လက်ကျင်းပနေပါ၏။

ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင်သာမက အမေရိကားတဝှမ်းရှိမြို့ကြီးများတွင် ပထမဦးဆုံးဖွင့်လှစ်နိုင်ခဲ့သော မြန်မာကွန်မြူနတီစင်တာကိုပြပါဆိုလျှင်လည်းဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီစင်တာကိုသာ ပြရမည်ဖြစ်ပါ၏။ လူမျိုးဘာသာမခွဲ မြန်မာနိုင်ငံသားအားလုံးတို့၏ စုပေါင်းအားဖြင့်ကိုယ့်အားကိုယ်ကိုးတည်ထောင်ခဲ့ကြခြင်းပင်။

မြန်မာကွန်မြူနတီသင်္ကြန်ကို မြန်မာပြည်နှင့်တချိန်ထဲ ကျင်းပလိုပါသော်လည်း ဆန်ဖရန်၏ ဧပြီလက အအေးမလျှော့နိုင်သေးသောကြောင့် အအေးပေါ့ပြီး နွေဦးရာသီပီပြင်လာသည့် မေလကုန်တွင်ကျင်းပရခြင်းလည်းဖြစ်ပါ၏။

ထိုမြန်မာကွန်မြူနတီသင်္ကြန်တွင် မြန်မာပြည်သားအားလုံးလူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပါ၏။ မြန်မာအက၊ မြန်မာသံသီချင်းများ သီဆိုတီးမှုတ်မှု၊ တိုင်းရင်းသားရိုးရာအကအလှများစသည်တို့ပါဝင်မည်။ ထို့ကြောင့်လည်း  မြန်မာပြည်ဖွားတိုင်းရင်းသား ညီအကိုမောင်နှမများစွာ၏ ရိုးရာဝတ်စုံ၊ ယဉ်ကျေးမှုမျိုးစုံကို တထိုင်တည်း မြင်တွေ့ခံစားကြရပါမည်။ မြန်မာမိသားစုများမှလည်း မြန်မာပြည်ဖွား အသက်(၇၅)နှစ်နှင့်အထက် အဖိုးအဖွားတို့ကို စုပေါင်း၍ ကန်တော့ကြမည်။ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံကို သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပြီး ရံပုံငွေရှာကြမည်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ပျော်ရွှင်စွာပြန်ဆုံကြမည်။ ရေပက်လိုက ပက်နိုင်ကြမည်။ ထို့အပြင် မြန်မာကလေးများ လွတ်လပ်စွာ ရေဆော့ကစားနိုင်စေရေးအတွက် သီးခြားနေရာလေးတစ်ခုလည်း ပါဝင်ပါမည်။

ယခု ၂၀၁၈ခုနှစ်အတွက် ဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်ကို မေလ(၂၇)ရက် တနင်္ဂနွေနေ့ မနက် (၁၀)နာရီမှစ၍ ညနေ(၃)နာရီအထိ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပန်းခြံတွင် ကျင်းပကြမည်။ လိပ်စာအပြည့်အစုံမှာ

Charles F Kennedy Park,
1333 Decoto Rd,
Union City, CA 94587    

ဖြစ်ပါသည်။

သို့ပါသောကြောင့် မကြာမှီကျင်းပတော့မည်ဖြစ်သော ဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်ပွဲတော်တို့ မြန်မာပြည်သားအပေါင်းမှ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ကြွရောက်အားပေးချီးမြင့်ကြပါရန် နိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။

မြန်မာကွန်မြူနတီစင်တာနှင့် မြန်မာကွန်မြူနတီသင်္ကြန်တို့ ထာဝစဉ်တည်တံ့စေရန် ဆန်ဖရန်စစ္စကိုဗေးဧရိယာရောက် မြန်မာတစ်ယောက်၏ နိုးဆော်စာ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ထရန့်၊ အီရန်နှင့် အမျိုးသားရေး

ထရန့်၊ အီရန် နှင့် အမျိုးသားရေး

လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီတွေအကြိုက် စကားတွေနဲ့ မဲဆွယ်ပွဲဂတိတွေပေးခဲ့တာ ထရန့်ပါ။ အမျိုးသားရေးဝါဒီပီပီ အသားအရောင်ကွဲသူတွေကို နှိမ်ချတယ်။ အယူဝါဒမတူသူတွေကို တိုက်ခိုက်တယ်။ လူဖြူအစွန်းရောက်တွေ အားကောင်းလာတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ မယုံကြည်မှုတွေ ပိုများလာခဲ့တယ်။

သူ့ရဲ့ဂတိတွေထဲမှာ အီရန်နဲ့ချုပ်ဆိုခဲ့တဲ့ နြူကလီယားစာချုပ်ကို ပြန်ရုပ်သိမ်းမယ်ဆိုတာပါတယ်။ သူ့စကားကို အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီနေ့ပဲ အဲဒီစာချုပ်ကို ဖျက်လိုက်ပါပြီ။ ကိုးရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းဖို့ အရိပ်အယောင်လေးမြင်ရလို့မှမကြာမှီ(တကယ်တောင်မငြိမ်းချမ်းခင်) အရှေ့အလယ်ပိုင်းရဲ့တည်ငြိမ်မှုကို ချိမ်းခြောက်ခံရမှုပဲ။

အီရန်နဲ့ချုပ်ခဲ့တဲ့ ဒီစာချုပ်ဟာ သမ္မတအိုဘားမားလက်ထက်က ချုပ်ခဲ့တဲ့စာချုပ်မို့ အိုဘားမားလက်နဲ့ရေးခဲ့သမျှ သူက ခြေနဲ့ဖျက်တာဆိုလည်းမမှား။အိုဘားမားကလည်း ဒီစာချုပ်ဖျြက်သိမ်းမှုကို မှားယွင်းတဲ့ဆုံးဖြတ်ချက်ပဲလို့ ပြောထားလေရဲ့။ ထရန့်ကတော့ နိုင်ငံတကာက ဒီစာချုပ်ကို မဖျက်ဖို့ မေတ္တာရပ်ခံကြပေမဲ့ဂရုမစိုက်။ သူ့သဘောနဲ့သူ ဖျက်လိုက်တယ်။ သူ့စကားအရတော့ သူနဲ့အတူ အနောက်ကမ္ဘာရဲ့ထိပ်သီးတွေ ဆွေးနွေးပြီးမှ အလိမ်အညာတွေပြည့်နေတဲ့ အညံ့ဆုံးသဘောတူစာချုပ်ကို ဖျက်လိုက်တယ်၊ နောက်စာချုပ်တစ်ခုထပ်ချုပ်မယ်။ အဲဒါကို သဘောမတူရင် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ထပ်လုပ်မယ်။ အီရန်နဲ့ဆက်ဆံသူမှန်သမျှကို အပြစ်ပေးမယ်ဘာညာပေါ့လေ။

သမ္မတထရန့်ဟာ လူအများကြိုက်တဲ့ အမျိုးသားရေးစကားတွေနဲ့ မဲမပေးတဲ့လူုဖြူတွေမဲပေးအောင် စည်းရုံးပြီးတက်လာခဲ့တဲ့ သမ္မတ။ သူမဲဆွယ်စဉ်က ဂတိတွေထဲမှာ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဖျက်မယ်ပြောပေမဲ့ ဒီနေ့အထိ မဖျက်နိုင်တာကလွဲရင် ကျန်တာတွေကို သူ့နည်းသူ့ဟန်နဲ့ရအောင် ကြိုးစားနေတယ်။ အမျိုးသားရေးဝါဒီတွေကလည်း သူ့ကိုထောက်ခံနေဆဲ။ အမေရိကန်ပြည်က ဖက်ဒရယ်ပြည်ထောင်စုမို့ ဒီမိုကရက်တွေကြီးစိုးတဲ့ပြည်နယ်တွေကတော့ သူ့ရဲ့အမျိုးသားရေးဝါဒတွေကို ပြင်းထန်စွာ ဆန့်ကျင်နေကြဆဲပါပဲ။ သူတက်လာမှ အမေရိကားကြီးလည်း အယူအဆမတူသူတွေနှစ်ခြမ်းကွဲပြီး ညှိမရတော့။

တကယ်တော့ ဒီသဘောတူညီချက်စာချုပ်ဆိုတာ အီရန်နဲ့ရော၊ အပြည်ပြည်ဆိုင်ရာအနုမြူအေဂျင်စီနဲ့ပါ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ ရခဲ့တဲ့သဘောတူညီချက်၊ အီရန်ရဲ့ နြူကလီးယားစမ်းသပ်မှုမှန်သမျှက ဒီအေဂျင်စီရဲ့အောက်မှာ လုပ်ဖို့ သဘောတူခဲ့ကြတာ။ဒီစာချုပ်ကို လက်မှတ်ထိုးလို့ အမေရိကားဘဏ်တွေက ထိမ်းချုပ်ထားခဲ့တဲ့ အီရန်ပိုင်ငွေ ဒေါ်လာဘီလီယံပေါင်း(၁၄၀)ကို ပြန်ပေးခဲ့တယ်။စီးပွားရေးပိတ်ဆို့မှုကြောင့် ယိမ်းယိုင်နေတဲ့ အီရန်ရဲ့စီးပွားရေးကို ဒီငွေတွေနဲ့ အသက်ဆက်ခဲ့ရတယ်။ ခုတော့ ထရန့်အလိုအရ သဘောတူညီချက်စာချုပ်မရှိတော့။

အမေရိကားနဲ့အီရန် ဘယ်လိုပတ်သက်ပါသလဲ။ နိုင်ငံခြင်းကလည်းအဝေးကြီး။ အင်အားခြင်းလည်း မမျှ။ စီးပွားရေးဆက်စပ်မှုလည်း မရှိသလောက်။ ဟုတ်ကဲ့။ တိုက်ရိုက်ပတ်သက်မှုမရှိပေမဲ့ နောက်ကွယ်က လက်မဲကြီးတွေက အီရန်နဲ့ အကြီးကြီးကို ပတ်သက်နေပါတယ်။ အဲဒီနောက်ကွယ်က လက်မဲတွေကတော့ ဆော်ဒီနဲ့အစ္စရေးတို့ပါပဲ။

အမေရိကားနဲ့အီရန်ဟာ တချိန်က နွေးထွေးစွာပတ်သက်ခဲ့တာပေါ့။ အီရန်ဘုရင်ရှားရဲ့လက်ထက်မှာ အီရန်ဟာ အရှေ့အလယ်ပိုင်းရဲ့ အနောက်တိုင်းကမ္ဘာလေးပေါ့။ ရှားဘုရင်ပြုတ်ကျပြီး ရှီယားဘာသာရေးခေါင်းဆောင် အယာတိုလာခိုမေနီတက်လာတော့မှ ရန်သူတွေဖြစ်ကုန်ကြတာ။

ဒါတွေအားလုံးရဲ့အဓိက အကြောင်းကတော့ အရှေ့အလယ်ပိုင်းမွတ်စလင်ကမ္ဘာရဲ့ ကျောင်းတော်ကရန်စတွေကြောင့်ပါ။ အီရန်ဟာ ရှီယားမွတ်စလင်ကမ္ဘာရဲ့ခေါင်းဆောင်။ ဒါကြောင့် ရှီယားတွေနဲ့အမေရိကန်ရဲ့ နွေးထွေးတဲ့ဆက်သွယ်မှုကို သဘောမကြတဲ့ ဆွန်နီကမ္ဘာက အီရန်အမျိုးသားရေးအစွန်းရောက်တွေကို နောက်ကွယ်ကမြှောက်ပေးပြီး ရှားဘုရင်ကို ဖြုတ်ချစေခဲ့ကြတယ်။ အဲဒီအချိန်ထဲက အီရန်မှာ အမျိုးသားရေးဝါဒီတွေကြီးစိုးလာတာ ဒီနေ့အထိ။

အီရန်ဟာ အမေရိကားနဲ့ အဆက်အသွယ်ပြတ်သွားပေမဲ့ အာရပ်တွေထင်သလို မပြိုလဲခဲ့ဘူး။ သန်းရှစ်ဆယ်သော ပြည်သူ့အားနဲ့ ဆင်းရဲစွာရုန်းကန်ရင်း အကျပ်အတည်းတွေအောက်မှာ ရှင်သန်နေတာ ဒီနေ့အထိ။ သူ့မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့က အလျှံပယ်။ တရားဝင်ရောင်းလို့မရတော့ မှောင်ခိုထုတ်။ အနီးဆုံးဖြစ်တဲ့ဥရောပနိုင်ငံတွေကလည်း ဈေးပေါပေါနဲ့ရတော့အကြိုက်ပေါ့။ ရေနံဈေးတွေ အောက်ဆုံးရောက်နေစဉ်ကတောင် တောင့်ခံခဲ့ကြလေတယ်။

အီရန်ကိုပြိုလဲသွားမယ်လို့ ထင်ခဲ့ကြတဲ့ ဆော်ဒီခေါင်းဆောင်တဲ့အာရပ်ကမ္ဘာလည်း ထင်တိုင်းမပေါက်ဖြစ်။ ဆွန်နီနဲ့ရှီယားရဲ့သွေးကြွေးကလည်း ကမ္ဘာမကြေဆိုတော့ အီရန်က ဆော်ဒီကို ပိုလို့မုန်း။ ရှီယားအင်အားမကျသွားရေးအတွက် အီရန်က  ဆင်းရဲတဲ့ကြားကနေ သူ့အဖေါ်တွေကို ထောက်ပံ့ခဲ့တယ်။ ပါလက်စတိုင်းက ဟာမတ်၊ လက်ဘနွန်က ဟစ်ဘိုလာတို့၊ အီရပ်နဲ့ ဆီးရီးယားက အစိုးရတွေတို့၊ ယီမင်ပြည်တွင်းစစ်က ဟူသီသူပုန်တွေတို့ကို နောက်ကွယ်က ထောက်ပံ့ရင်း ဆော်ဒီကိုအပြုတ်နှံဖို့ နြူကလီးယားစမ်းသပ်တဲ့အထိ ဖြစ်ကုန်တော့တာပါပဲ။ အီရန်ရဲ့ ဒုံကျည်နည်းပညာကလည်း အတော်ခရီးရောက်နေလေတော့ သူသာ နြူကလီးယားပိုင်သွားရင် မလွယ်ဘူးလို့ စိုးရိမ်နေသူကတော့ သူ့ရဲ့အဓိကရန်သူ ဆော်ဒီအာရေဗျပေါ့။ ဘုရင်စနစ်ပြုတ်မကျရေးအတွက် အာဏာရှင်စနစ်ဆက်လက်လည်ပတ်ဖို့ အမျိုးသားရေးကို အားပေးနေသူ။ ဒီလိုနဲ့ပဲ နိုင်ငံနှစ်ခုလုံးမှာ အမျိုးသားရေးဝါဒီတွေ အားကောင်းနေကြလေရဲ့။

နောက်ထပ်လက်မဲကြီးတစ်ယောက်ကတော့ အစ္စရေး။ သူက အာရပ်ကမ္ဘာအလယ်မှာ တစ်ယောက်ထဲ။ ဒါပေမဲ့ခြင်္သေ့။ ပထမဆုံး အာရပ်တွေနဲ့စစ်ဖြစ်တယ်။ လက်နက်အသာစီးယူကာ အနိုင်နဲ့ပိုင်းတယ်။ မွတ်စလင်ကမ္ဘာရဲ့ ဆွန်နီရှီယားအမုန်းတရားကို လှလှလေးသုံးလိုက်တယ်။ ကြားဝင်စေ့စပ်ပေးတဲ့ အမေရိကန်ရဲ့အကူအညီယူုပြီး စစ်ဖြစ်နေတဲ့ အာရပ်နိုင်ငံတွေနဲ့ တည့်အောင်ပေါင်းလိုက်နိုင်တယ်။ အစ္စရေးကို ဒုက္ခလှလှပေးနိုင်တဲ့နိုင်ငံဆိုလို့ အရင်က လေးနိုင်ငံပဲရှိခဲ့တယ်။ အီဂျစ်၊ဆီးရီးယား၊ အီရပ်နဲ့ အီရန်တို့ပေါ့။ ခုတော့ သုံးနိုင်ငံက သူ့ပြသနာနဲ့သူ ပြုတ်သွားကြပြီ။ နောက်ဆုံးရန်သူဆိုလို့ အီရန်ပဲကျန်တော့တယ်။

အီရန်ကလည်း အစ္စရေးက ဆွန်နီခေါင်းဆောင်ဆော်ဒီနဲ့ မဟာမိတ်ဖွဲ့ပြီး သူ့ကိုရန်ရှာနိုင်တာကြောင့် အစ္စရေးနိုင်ငံ အရှေ့အလယ်ပိုင်းမြေပုံကနေ ပျောက်သွားစေရမယ်လို့ ခဏခဏကြိမ်းဝါးနေသူ။ ဂျူးလူမျိုးတုန်း သတ်ဖြတ်မှုကို လက်မခံသူ။ အစ္စရေးက လူသန်းရှစ်ဆယ်ကျော်ရှိပြီး အင်အားကြီးတဲ့ အီရန်ဟာ တစ်နေ့မှာ သူ့ကို ဒုက္ခလှလှပေးမှာကြောက်တယ်။ ဒါကြောင့် ဒီပြသနာကို အပြတ်ရှင်းချင်တယ်။ အခုတော့ အစ္စရေးမှာလည်း အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်။ သမ္မတအိုဘားမားကို ဆန့်ကျင်သူ။ ထရန့်ကို ကြိုဆိုသူ။ ( အစ္စရေးတပ်ချုပ်ကတော့ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်ရေးအတွက် ဒီစာချုပ်ကို ဆက်လက်ထားရှိဖို့ ပြောခဲ့ပါသေးတယ်။)

အီရန်ကို ဘုံရန်သူအဖြစ် ရှုမြင်ကြတဲ့ လက်မဲနိုင်ငံတွေက အမေရိကန်နဲ့စီးပွားရေးအကျိုးစီးပွားတွေများစွာ ရှိကြတယ်။ သမ္မတအိုဘားမားလက်ထက်မှာ အီရန်နဲ့ ဆက်သွယ်ဖို့ကြိုးစားတဲ့အခါ အပြင်းအထန်ကန့်ကွက်ကြတာလည်း ဆော်ဒီနဲ့အစ္စရေးတို့ပဲ။ အဖြူနဲ့အမဲမှာ တဖက်မှာပဲနေလို့ရမယ်၊ နှစ်ဖက်လုံးနဲ့ ပြေလည်လို့မရဘူး။ ဒါကြောင့် တဖက်ကိုပဲ ပြတ်ပြတ်သားသားရပ်ရမယ်တဲ့။ ကွယ်လွန်သူဆော်ဒီဘုရင်က အမေရိကန်သမ္မတကိုဖုန်းဆက်တဲ့အထဲက လျှို့ဝှက်စကားတွေ ဝီကီလိမှာ ဖတ်ရတော့ "မြွေကို ခေါင်းဖြတ်မှရမယ်၊ အရှင်မထားပါနဲ့။" လို့ ပြောခဲ့တာတွေ့ရပါတယ်။ သူပြောလိုတဲ့မြွေဆိုတာ အီရန်ပေါ့။

ဒီလိုနဲ့ အမျိုးသားရေးဝါဒီတွေအားကောင်းလာတဲ့နိုင်ငံတွေ ရန်စောင်ကြတဲ့အထဲမှာ အင်အားကြီးအမေရိကားကြီးလည်း ပါဝင်ပတ်သက်လာခဲ့တာပါ။ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်ရင် ရေနံဈေးတွေတက်မယ်။ ကုန်ဈေးနှုန်းတွေက်တက်မှာမို့ အမေရိကန်ပြည်သူတွေအတွက်တော့ သတင်းကောင်းလို့မယူဆပါ။ တည်ငြိမ်မှုမရှိပဲ စစ်ရိပ်သန်းရင် စတော့ဈေးတွေ ကမောက်ကမဖြစ်၊ စီးပွားရေးတွေပါထိခိုက်တတ်ပါတယ်။အခုပဲတက်လာတဲ့သတင်းတွေအရ ဘိုးရင်းကုမ္ပဏီတစ်ခထဲကပဲ လေယာဉ်ရောင်းမဲ့အစီအစဉ်ပျက်သွားပြီမို့ ဒေါ်လာဘီလီယံနှစ်ဆယ် နစ်နာခဲ့ပြီ။  အမေရိကန်စစ်လက်နက်တွေကတော့ ပိုရောင်းကောင်းမဲ့သဘောရှိပါတယ်။ မကြာမှီကပဲ ဆော်ဒီအိမ်ရှေ့မင်းသားက အမေရိကားလာလည်ပြီး ဒေါ်လာဘီလီယံရာနဲ့ချီတဲ့ စစ်လက်နက်ပစ္စည်းတွေအပါအဝင် ပစ္စည်းမျိုးစုံ ဝယ်ခဲ့သေးတယ်။ အီရန်ကလည်းလွယ်လွယ်နဲ့တော့ ဖိအားကို လက်ခံမယ်မထင်။

ကျွန်တော့အမြင်ပြောရရင်တော့ အမျိုးသားရေးဆိုတာ သကြားနဲ့တူတယ်။ သကြားဟာ စားလို့ချိုတယ်၊ အရသာရှိတယ်။ လူကြိုက်လွယ်တယ်။ ဒါပေမဲ့များများစားရင် သွေးချိုဆီးချိုဖြစ်ပြီး ရောဂါစုံဝင် ဒုက္ခတွေ့တတ်ပါတယ်။ ဒီလိုပဲ နားဝင်ချိုပြီးလူကြိုက်လွယ်တဲ့ အမျိုးသားရေးဝါဒဟာလည်း အလွန်အကျွံဖြစ်လာတဲ့အခါ ပြသနာပေါင်းစုံဖြစ်တတ်တာပါပဲ။

မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်တွေခေတ်အဆက်ဆက် အာဏာတည်မြဲရေးအတွက် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ခဲ့ကြတယ်။ အာဏာရှင်စနစ်နဲ့ အမျိုးသားရေးဝါဒဟာ ခေတ်ပြိုင်ထွန်းကားခဲ့တာမို့ လူတွေလည်းအများအပြားစုမိခဲ့တယ်။ ဒီလူတွေကလည်း အမျိုးသားရေးခေတ်မှာ လက်ကိုင်တုတ်လုပ်ရင်း ချမ်းသာခဲ့ကြတယ်။ အခုလိုခေတ်မှာတော့ စားခွက်ပျောက်နေကြတဲ့ ဒီအုပ်စုက လက်ရှိအစိုးရကို အမြန်ပြုတ်ကြစေရေးအတွက် စစ်အာဏာရှင်လက်ကျန်တွေနဲ့ပူးပေါင်းပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြလေရဲ့။

ဒါကြောင့် အမျိုးသားရေးဝါဒီတွေ ရှိသင့်တာထက်ပိုအားမကောင်းလာစေရေးအတွက် နိုင်ငံသားတွေအားလုံးက သတိရှိရှိနဲ့ ကာကွယ်နိုင်ကြပါစေလို့ နိုးဆော်အပ်ပါတယ်ဗျာ။

ကမ္ဘာကြီးငြိမ်းချမ်းပါစေ။

ချစ်တဲ့

မောင်လူပေ

အသက်လေးရယ်တဲ့ ရှည်စေလို

အသက်လေးရယ်တဲ့ရှည်စေလို

အသက်လေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို....  တဲ့။ ငယ်ငယ်ကကြားခဲ့ဖူးတယ်။

မန်းလေးတောင်တခိုဟာ ရှေးအခါက တောကြီးတစ်ခုလို စိမ်းစိုခဲ့ဟန်တူပါရဲ့။ဟိုခေတ်ကတော့ တောင်ပေါ်ဆုတောင်းပြည့်ကိုယ်တော်ကြီးကို ဖူးမြှော်ဖို့ဆိုရင်လည်း ခုခေတ်လို စက်လှေခါးတွေ၊ ဓါတ်လှေကားတွေမရှိသေးလေတော့ ရသေ့ကြီးကောင်းမှု တန်ဆောင်းရှည်ကြီးအတိုင်း ခြေလျှင်တက်ကြရတယ်။ မောလိုက်နားလိုက်နဲ့ မြွေကြီးနှစ်ကောင်အထိ။ ငယ်ငယ်တုန်းက မန်းလေးရောက်ရင် ဒီလိုပဲတက်ခဲ့ဖူးတယ်။ သစ်ရိပ်ဝါးရိပ်ကြောင့် ပင်ပန်းလှတယ်မထင်ရ။

ဟိုခေတ် အစားအသောက်တွေကလည်း ခုခေတ်လို ရယ်ဒီမိတ်(ready made)တွေ မဟုတ်သေး။ ဘုရားဖူးပြီးအပြန် လမ်းဘေးက အထမ်းသည်ရဲ့ မုန့်ဟင်းခါးသောက်တဲ့အခါသောက်၊ မုန့်တီစားတဲ့အခါစား။ လမ်းဘေးအစာပေမဲ့ သန့်သန့်ရှင်းရှင်း။ ဓါတုပစ္စည်း အသုံးပြုမှု နည်းသေးတဲ့ခေတ်မို့ အော်ဂဲနစ်(organic )တွေပဲ ဝယ်ချက်ထားတော့ စားကောင်းလှတယ်။ အချိုမှုန့်တောင် တွင်တွင်ကျယ်ကျယ် မသုံးတတ်ကြသေးဘူး။ အညာမုန့်ဟင်းခါးဟာ သဘာဝပဲရဲ့အချိုဓါတ်နဲ့ အရသာအပြည့်။ အိမ်မှာဆိုလည်း သဘာဝအသီးအရွက်၊ အသားငါးတွေပဲ ချက်ပြုတ်စားကြတာများတာမို့ လူတွေလည်း အသက်ရှည်ကြပေါ့။

အဲဒီခေတ်ကလူတွေကို သိမှီလိုက်ဖူးတော့ လူကြီးစကား သက်ငယ်ကြားဖြစ်ခဲ့ရတာလေးတွေလည်း မှတ်မိသေးတယ်။ " မြေးတို့ခေတ်က ဆုတ်ခေတ်ကွ၊ ငယ်ငယ်နဲ့သေကြတာ၊ ရောဂါပေါင်းစုံပဲ။ တို့ခေတ်ကဆို ကူးစက်ရောဂါပဲ ကြားဖူးတာ။ ကိုယ့်အချင်းချင်းသတ်လို့မသေရင် သက်တန်းစေ့ နေကြရတယ်။ " လို့ အမေကြီးက ပြောပြဖူးတယ်။ အမေကြီးတို့အရွယ်တွေ အများအပြားဟာ ရှစ်ဆယ်ကျော် ကိုးဆယ်အရွယ်အထိ နေကြရသူများတာလည်းမှတ်မိရဲ့။

အခုခေတ်တော့ ဆေးပညာတိုးတက်ပြီမို့ ကူးစက်ရောဂါဘေးက ဝေးခဲ့ပြီ။ ဒါပေမဲ့ ကူးစက်ရောဂါထက်ဆိုးတဲ့ နာတာရှည်ရောဂါ(chronic diseases) တွေနဲ့ ပတ်လည်ရိုက်ပြီး သေမင်းဆီကို အချိန်မတိုင်ခင် သွားကြရသူတွေမနည်းလှ။ သက်ရှိအုပ်စုဝင်သတ္တဝါတွေဟာ သဘာဝအတိုင်း အလေးချိန်ထိန်းညှိထားနိုင်ပေမဲ့ အခုခေတ် လူသားအုပ်စုကတော့ လေးဆယ်ကျော်လို့ ငါးဆယ်ရောက်ပြီဆိုရင်တော့ ဝိတ်တွေတက်၊ လူတဝက်လောက်ကနာတာရှည်ဝေဒနာတွေ တန်းစီနေကြပြီ။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် နည်းနည်းစီနှိတ်စက်လို့ ဆေးတွေသောက်နေကြရပြီ။

အထူးသဖြင့် မောင်လူပေတို့အရွယ်သူငယ်ချင်းတွေပေါ့။ မောင်လူပေကိုယ်တိုင်လည်း အိုဗာဝိတ်(over weight)။ ဘယ်လိုပင် ဒိုင်ယက်(diet) ပေမဲ့ ခဏပဲ။ မကြာမှီ အရင်အတိုင်း ပြန်ဖြစ်။ လေရှူတောင် ဝ,တဲ့အမျိုးမို့ မြင်နေလျှက်နဲ့၊ စားချင်လျှက်နဲ့၊ စားလည်းစားနိုင်လျှက်နဲ့ မစားရတဲ့ ပြိတ္တာဘဝကို အရှင်လတ်လတ်ရောက်လို့ရောက်။မနက်ဆို သွေးတိုးကျဆေးသောက်ဖို့မေ့ရင် ခေါင်းက မူးဝေဝေ။ ငယ်ငယ်က သောက်လို့မူးတာ။ ခုတော့ အရက်မသောက်လည်းမူး။ဒီကြားထဲ ကိုလက်စထရော( cholesterol) ကလည်း နည်းနည်းများလို့ အစားအသောက် ဂရုစိုက်ရမယ်တဲ့။ ဂရုစိုက်ရမဲ့ အရာတွေကလည်း ကိုယ့်အကြိုက်တွေချည်းပဲ။

ဆရာဝန်တွေပြောတဲ့ နြူထရေးရှင်း(Nutrition)တွေပြည့်အောင်လည်းစားပါရဲ့။ ဗီတာမင်(vitamin)တွေစုံအောင်လည်း ဖြည့်စွက်(supplement)ဆိုပြီး စားပါရဲ့။ တစ်ရက်ကို အနည်းဆုံး မိနစ်သုံးဆယ်လေးကျင့်ခန်းလုပ်ရမယ်ဆိုလို့ ခြေလှမ်းတစ်သောင်းပြည့်အောင် လမ်းတွေလည်းလျှောက်ပါရဲ့။ ဒီလိုနဲ့ပဲ ဆေးသောက်ရင်း၊ လမ်းလျှောက်ရင်း ထိန်းလို့လာခဲ့တာ ဆယ်နှစ်လောက်တောင်ရှိပါပေါ့လား။ ဒါတောင် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ( medical insurance) ရှိပေလို့။

ဒီလိုဆေးတွေနဲ့ထိမ်းတော့လည်း အဆိုးထဲကမထွက်နိုင်သေး။ ဆေးကြောင့်ဖြစ်မဲ့ ဘေးထွက်ဆိုးကျိုး ကျောက်ကပ်ပျက်စေနိုင်မဲ့အရေးကမသေးလှ။ နှစ်စဉ် ဆီးစစ်၊ သွေးစစ်တိုင်း ရင်တမမ။ ဟိုဟာလေးက နည်းနည်းများတယ်တို့၊ ဒီဟာလေးက နည်းနည်းများတယ်တို့ ဆရာဝန်ဆီကကြားရတာကြာလာတော့ နားယဉ်လာတဲ့အထိ။

မြန်မာပြည်ကြီးခဏပြန်ချိန်မှာ သူငယ်ချင်းတွေအများကြီးနဲ့ တွေ့ခဲ့ရတယ်။ တချို့လည်း မရှိကြတော့။ သူတို့တွေထဲမှာ အများစုက အဆင်ပြေကြသူတွေမို့ ချမ်းသာစွာနေထိုင်နေကြရသူတွေ။ ဝလို့ဖြိုးလို့၊ စိုစိုပြေပြေကြီးတွေ။ တချို့ဆို ကိုယ့်ထက် ဝ,နေကြသေး။ အန်ကယ်၊အန်တီ ခန့်ခန့်ကြီးတွေ။ ပညာတတ်သူတွေမို့ ကျန်းမာရေးဗဟုသုတအပြည့်ရှိသူတွေချည်း။ ခေါင်းလေးကိုက်ရင်တောင် ဘန်ကောက်မှာသွားပြကြတဲ့ အတန်းအစားမျိုး မဟုတ်သေးသည့်တိုင် လူချမ်းသာစာရင်းဝင်တွေပါ။

သူတို့မှာ ငွေကြေးပြည့်စုံကြပေမဲ့ အားလုံးပြည့်စုံကြသည်တော့မဟုတ်။ အစားအသောက်ကိစ္စတွေ ငြီးကြတယ်။ အသားအသောက်တွေ မသန့်ရှင်းတဲ့ကိစ္စက ထိပ်ဆုံး။ ဆီမသန့်၊ အသီးအရွက်တွေမသန့်။ ပိုးသတ်ဆေးတွေအလွန်အကြွံသုံး၊ ဓါတ်မြေသြဇာတွေ အရမ်းထည့်၊ အပင်သန်ဆေးဆိုတဲ့ ဓါတုကွန်ပေါင်းတွေ၊ အမှည့်မြန်ဆေး၊ အရောင်ဆိုးဆေး၊ ကြာရှည်ခံဆေး၊ ဓါတုဗေဒပစ္စည်းတွေ ကြီးစိုးထားတဲ့ခေတ် ရောက်နေပြီတဲ့။ မစားသင့်တဲ့ ဓါတုပစ္စည်းတွေစားတာကြာတော့ ကင်ဆာအဖြစ်ဆုံးနိုင်ငံစာရင်းမှာ ထိပ်ကမဆင်းတော့ဘူးတဲ့။ ဒီလိုနဲ့ သူတို့တွေလည်း အော်ဂဲနစ်ဖက် လှည့်ကြတယ်။ ဝိသမလောဘစီးပွားရေးသမားတွေကို ထိထိရောက်ရောက်အရေးယူနိုင်မှုမရှိသ၍ ပြေလည်ဖို့မလွယ်လှ။ ပြည်သူတွေကို အစားအသောက်အတွက် ပညာပေးအစီအစဉ်တွေလုပ်ပေးရင် အသိပညာတိုးတက်အောင်မနည်းစည်းရုံးနေရတဲ့အခြေ။

မောင်လူပေတို့ဆီမှာလည်း ဗဟုသုတရှိသူတွေက အော်ဂဲနစ်နေတာကြာပါပြီ။ အော်ဂဲနစ်အသီးအရွက်၊ အသားငါးတွေအပြင်၊ အော်ဂဲနစ်ခေါင်းအုံးတို့ အော်ဂဲနစ်မွေ့ရာတို့လို အသုံးအဆောင်တွေပါ အော်ဂဲနစ်နေကြလေတယ်။ သို့ပါသော်လည်း အော်ဂဲနစ်က အော်ဂဲမနစ်တာနဲ့ယှဉ်ရင် နှစ်ဆ၊သုံးဆဈေးပိုတာကြောင့် ဝင်ငွေနည်းသူတွေအတွက် အဆင်မပြေသေး။

ဒါ့အပြင် non GMO ပစ္စည်းတွေလည်း အရောင်းသွက်တယ်။ GMO( Genetically Modified Organism) အစားအသောက်တွေထဲမှာ ပဲပုတ်ပဲ(Soybeans)၊ ပြောင်းဖူး(corn)၊ ကနိုလာ(canola)၊ နေကြာ(sunflower) တွေက ထိပ်ဆုံး။ ဒီဟာတွေနဲ့ဆီထုတ်ကြတာ။ GMO တွေ ဘေးကင်းပါတယ်ဆိုပေမဲ့ ကြောက်တဲ့သူက ကြောက်ကြဆဲ။ သဘာဝထက် ဈေးးချိုသလို အထွက်များတော့ တောင်သူတွေကလည်း ဒါတွေကို လက်မလွတ်နိုင်ကြသေး။

မောင်လူပေက ဆီကြော်တွေကြိုက်တယ်။ ဆရာဝန်က ဆီကြော်ရှောင်ပါတဲ့။ ဆီကြော်တွေရှောင်ဖို့ လေကြော်စက်( air fryer) ဝယ်ဖြစ်တယ်။ ကိုယ်ကြော်ချင်တဲ့ပစ္စည်းကို ဆီသုတ်၊ အရသာထည့်ပြီး အိုးထဲထည့်၊ လေပူနဲ့ မွှေ့၊ ကျက်တဲ့အခါစားပေါ့။ ဆီထဲထည့်ကျော်သလို အရသာမကောင်းလှ။ ဆီနဲ့သုတ်ပြီး အိုဗင်(oven) ထဲထည့်ဖုတ်သလိုအရသာ။ အကြော်စားတာလျှော့လို့ အဖုတ်စားတဲ့ခေတ်ပေါ့။ အာလူးကြော်(fried potato)ထက် အာလူးဖုတ်( (baked potato)ရောင်းကောင်းတဲ့ခေတ်။ ကမ္ဘာဦးလူသားတွေ မီးကိုစတင်တွေ့ရှိတဲ့ခေတ်ကို နာရီတွေနောက်ပြန်လှည့်ပြီး ရောက်နေသလို အဖုတ်စားတဲ့ခေတ်ကို ရောက်နေပြီ။

မြန်မာပြည်မှာ ရှေးအဆင်အဆက်က သဘာဝအတိုင်းစိုက်ပျိုးလို့ထွက်ရှိတဲ့အရာတွေဟာ အော်ဂဲနစ်တွေချည်းပါပဲ။ ဒါတွေကိုပြန်လည်ဖေါ်ထုတ်ပေးဖို့ပဲလိုပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အများစုသောတောင်သူတွေအတွက် အော်ဂဲနစ်စိုက်ခင်း( organic farm) တွေ ဖေါ်ထုတ်ပေးနိုင်ဖို့သာလိုပါမယ်။ ကျေးလက်တောရွာမကျန်၊ မြို့တွေအထိ ဒီလိုဖေါ်ဆောင်နိုင်ရင် လူတွေရဲ့ကျန်းမာရေးသာမက အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ဝင်ငွေတွေပါ တိုးလာမှာအမှန်။

တချို့သော မောင်လူပေရဲ့ သူငယ်ချင်းများကတော့ အိမ်နောက်ဖေးမှာဈေးဆိုင်တည်နေကြလေရဲ့။ အော်ဂဲနစ်ဈေးဆိုင်လေးတွေ။ စားပင်လေးတွေ အစီအရီ။

အညာကို မောင်ကြီးမပြန်နိုင်သေးသူ ချင်းတွင်းဇာတိကိုရင်ချက်ရဲ့မဟေသီကတော့ သူတို့အိမ်ကြီးကို လူငှားတင်ထားဆဲမို့ အဲဒီကို မပြောင်းခင် အခုအိမ်ရှေ့မှာ ပျိုးပင်ဈေးဆိုင်တည်ထားတယ်။ အပင်လေးတွေစုံလို့။ သူမက စိုက်ပျိုးရေး ဝါသနာကြီးသူ။ ကိုရင်ချက်အလုပ်ကပြန်ရောက်ရင် မဟေသီစိုက်ထားတာလေးတွေ ရေလောင်းပေါင်းသင်ပေး။ သူတို့ကလေးကျောင်းပိတ်လို့ အိမ်ပြောင်းပြီးရင် အိမ်နောက်က မြေကွက်ကျယ်ကြီးမှာ စားပင်သီးပင်အပြည့်စိုက်မှာ။ ကိုရင်ချက် လျှာထွက်ပြီသာမှတ်။ ဒါကလည်း ကိုရင်ချက်လေ့ကျင့်ခန်းမှန်မှန်လုပ်ဖြစ်အောင်၊ နေ့တိုင်းအော်ဂဲနစ်တွေစားဖြစ်အောင် လုပ်ပေးမဲ့ မဒန်ချက်ရဲ့ စေတနာ။

စာရေးဆရာ၊ ထုတ်ဝေသူ၊ အယ်ဒီတာကြီး ကိုရင်ရစ်တို့အိမ်မှာလည်း နောက်ဖေးဈေးဆိုင်ကြီးနဲ့ပဲ။ မဒန်ရစ်က ဆိုင်တဖက်နဲ့မို့မအားတော့ လှည့်မကြည့်နိုင်ရှာဘူး။ အလိုက်သိတဲ့ ကိုရင်ရစ်က အလုပ်ကပြန်ရောက်တာနဲ့ ဆိုင်မှာပြေးကူလိုက်၊ ခြံထဲကအပင်တွေ ရေလောင်းပေါင်းသင်လိုက်နဲ့မအားရရှာ။ ခြံကျယ်တော့ ဝါးရုံကြီးပါစိုက်ထားကြသေး။ မြှစ်စို့တွေ ခူးစားလို့ကတော့ တမိုးလုံး စားပေတော့ပဲ။သူ အားတဲ့အချိန်လေး ဝါးရုံတောမှာ အေးအေးဆေးဆေး အနားယူစာဖတ်၊ အိမ်နောက်တောင်ကုန်းက ဆင်းလာတဲ့ သမင်မိသားစုတို့၊ ကြောင်မိသားစုတို့က သူတို့ အော်ဂဲနစ်စိုက်ခင်းကို လာလာဖျက်တော့ စောင့်ကြည့်ပေးပေါ့။ ဒါလည်း မဒန်ရစ်ရဲ့ စေတနာပဲ။ လေ့ကျင့်ခန်းလုပ်ရင်း လတ်ဆတ်တဲ့ခြံထွက်လေးတွေစားရတော့ သူတို့တွေနုပျိုလို့။

မဒန်ပေလား။ ဘယ်နေလိမ့်မလဲ။ သူကလည်း မခေဘူး။ ယူကျူ့(YouTube) ထဲက စိုက်ပျိုးရေးဗီဒီယိုတွေကြည့်ပြီး အကုန်စိုက်တာပဲ။ ပျိုးပင်တွေကတော့ သူ့လို သစ်ပင်စိုက်ဝါသနာသရဲတွေဆီက ရတာပေါ့။ မြေကြီးတို့၊ ပန်းအိုးတို့က အိပ်စိုက်။ မောင်လူပေကတော့ နားရက်ဆို နားချင်တာ။ ဒါပေမဲ့ အိမ်ရှေ့မှာပေါင်းပင်ရှင်းလိုက်၊ အိမ်နောက်မှာပေါင်းပင်ထွင်လိုက်နဲ့ မအားရ။ အဲဒီလို တလှုပ်လှုပ်နဲ့ လုပ်နေရလို့ထင်ရဲ့။ ဝိတ်မကျပေမဲ့ နေလို့ပိုကောင်းလာသလိုပဲ။ ကျားကျားတွေကို အော်ဂဲနစ်စိုက်ခင်းထဲမှာ ခိုင်းထားတာလည်း မဒန်တွေရဲ့ စေတနာတွေ။

သူငယ်ချင်းမိတ်ဆွေတို့ရေ။ အသက်လေးရည်တဲ့ ရှည်စေလိုပါသလား။ မဒန်တွေက နောက်ဖေးမှာ စားပင်တွေစိုက်၊ ချစ်ချစ်တွေစိုက်တဲ့အပင်တွေကို ကိုရင်တို့က ရေလောင်းပေါင်းသင်မြေဆွနဲ့ ခြံထဲမှာအလုပ်များတာလည်း မန်းတောင်ရိပ်ခိုသလို ကျန်းမာစေမှာဖြစ်ပါကြောင်း စေတနာကောင်းနဲ့ နိုးဆော်ပါတယ်။ ငါတို့တွေနားနေကြရတဲ့အချိန်မှာ သူ့ဟာသူအလုပ်များနေတာကို အေးအေးမနေပဲ မနာလိုလို့ ဂျင်းထည့်နေတယ်မှတ်ရင်တော့ ဆောရီးပါဗျာ။

အော်ဂဲနစ်စိုက်ခင်းတွေနဲ့ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ကြပါစို့။

ချစ်တဲ့

မောင်လူပေ

Happy May Day 2018

" မောင်.. တကယ် အလုပ်သမားဆိုရင်
ပျိုကပင် စတင်.. ချစ်  ချစ် ပါရစေ၊(စီ)။
အနားမှာ ပါးချင်းကပ်၍ ပြောချင်ပါသည်၊
တိုင်းပြည်အတွက် ကုန်ပစ္စည်းပိုမိုထွက်အောင်
ဆောင်ရွက်စမ်းပါလို့အတည်။

မောင်ကြိုးစားရင် ကြိုးစားသလောက်ပင်
ခံစားရမယ် တကယ်ယုံကြည်၊
ရပိုခွင့်တွေအသင့်ပါပဲ
အခွင့်သာဆဲ အမြဲအမြဲအမြဲ ရှိပါသည်။

အလုပ်သမားနေ့ကို မမေ့နိုင်ပေါင်အတည်..(လို့)
သူနဲ့ သူနဲ့ တွေ့ရတာ ဝမ်းသာလှသည်
တစ်သက်သာချစ်ဖို့အရေး
အလုပ်သမားထဲက ရွေး ရွေးတော့မည်..။"

မောင်လူပေတို့ငယ်ငယ်အရွယ် မဆလခေတ်က အလုပ်သမားနေ့ဆိုရင် ရေဒီယိုက လာနေကြသီချင်းလေးပါ။ မူရင်းအဆိုရှင်ကတော့ အန်တီဒေါ်မာမာအေးထင်ပါရဲ့။ ဆိုင်းသံလေးတွေနဲ့ မြူးမြူးကြွကြွ။ အငြိမ့်သီချင်းလေး။

မေလ(၁)ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည်။

အဲဒီလို ကျောင်းမှာသင်ခဲ့ဖူးပေမဲ့ အပြင်ဖက်က လက်တွေ့ဘဝမှာတော့ တရားဝင်ရုံးပိတ်ရက်မဟုတ်။

ထို့ကြောင့် အနှီမောင်လူပေခေါ် ရွှေ့ပြောင်း အလုပ်သမားကြီးကား အင်္ကျီပြာကြီးတစ်ကားကားနှင့် အလုပ်ဆင်းပါသည်။

သီချင်းထဲကလို အနားမှာပါးချင်းကပ်ပြီးပြောမည့်သူ လမ်းပေါ်မှာမတွေ့။ ခွေးတစ်ကောင် ကြောင်တမြီးမှမရှိ။ အေးလို့ထင့်။ အလုပ်သမားနေ့မှာ ကိုယ်နဲ့သူနဲ့ တွေ့ရတာ ဝမ်းသာစရာ မမြင်တော့။

အလုပ်မှကားကြီးတစ်ကားကားနှင့် လမ်းသလားနေသော လမ်းပေါ်ကလူ မောင်လူပေက အလုပ်သမားနေ့အမှတ်တရအဖြစ် အလုပ်သမားဝတ်စုံပြည့်ဖြင့် ဓါတ်ပုံရိုက်ခါ တင်လိုက်ပါသည်။

မြန်မာပြည်မှာတော့ မနေ့ကမေဒေး။ ဒီမှာက ဒီနေ့မှ မေဒေး။

Happy May Day ..... ပါ ချစ်ရတဲ့ သူငယ်ချင်း မိတ်ဆွေများခင်ဗျား။

(အလုပ်သမားကြီး ဖိုးဖိုးပေ၊ ဘဘပေ၊ ဦးဦးပေ ပေါ့။ ကြွက်ချောက်ရန်လိုအပ်ပါက လိုအပ်သလို သုံးစွဲနိုင်ပါကြောင်း။ )

လိုက်ကြမလား၊ အီသီယိုးပီးယား

လိုက်ကြမလား အီသီယိုးပီးယား

အီသီယိုးပီးယား တဲ့။

မြန်မာတွေ ဒီနာမည်နဲ့မစိမ်းပါဘူး။ ဒီနာမည်ကြားရင် အစာရေစာပြတ်လတ်မှုကြောင့် အရိုးပေါ်အရေတင်ဖြစ်နေကြတဲ့ ကလေးငယ်ရုပ်ပုံလေးတွေ ပြေးမြင်ကြလိမ့်မယ်။ အစားအသောက်တစ်ခုခုကို အငမ်းမရ စားသောက်မိရင်တောင် အီသီယိုးပီးယားကပြန်လာတာလားလို့ မေးတတ်ကြသေး။ အရှေ့အာဖရိကရဲ့ ကုန်းတွင်းပိတ်နိုင်ငံ။ စားစရာမရှိလို့ ငတ်သေရတဲ့နိုင်ငံ။ အဲဒါ တချိန်က အီသီယိုးပီးယားရဲ့ရုပ်ပုံလွှာ။

အခုအချိန်မှာတော့ အီသီယိုးပီးယားဟာ ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု အလျှင်မြန်ဆုံးနိုင်ငံတစ်ခု ဖြစ်လို့နေပါပြီ။ အာဖရိကတိုက်မှာလည်း သူသာလျှင် ဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးပါပဲ။ ၂၀၀၄ကနေ ၂၀၀၉ အထိ နှစ်စဉ် ၁၀%ကျော် တိုးတက်ခဲ့တယ်။ ဂျီဒီပီတိုးနှုန်းကလည်း ၂၀၀၄ကနေ ၂၀၁၄ ဆယ်နှစ်အတွင်းမှာ ၁၁%နီးပါးရှိတယ်။ အခု၂၀၁၈မှာတောင်၈%နီးပါးမှန်းထားလေရဲ့။

နိုင်ငံထဲကရှိသမျှ ရေနံနဲ့သဘာဝသယံဇာတတွင်းထွက်ပစ္စည်းတွေထုတ်ရောင်းပြီး အခုလိုတိုးတက်လာတာမဟုတ်။ သူတို့နိုင်ငံအတွက် လိုအပ်နေတဲ့ လမ်းတွေဖေါက်၊ တံတားတွေဆောက်၊ အိမ်တွေဆောက်၊ ဆည်တွေဆောက်၊ စိုက်ပျိုးရေးတွေတိုးချဲ့၊ စက်မှုဂဏ္ဍတို့ချဲ့၊ အလုပ်တွေလုပ်ရင်း တိုးတက်နေကြတာ။ သူတို့ကို အဓိကထောက်ပံ့ပေးတာကတော့ ဆွေမျိုးပေါက်ဖေါ်ကြီးပါပဲ။ ပေါက်ဖေါ်ကြီးရဲ့အကူအညီနဲ့ ရှေ့သို့ ချီတက်နေကြတယ်။

ဒီလိုရေးလိုက်တော့ တို့နိုင်ငံနဲ့ တူလိုက်တာလို့ ထင်ကြလေမလားပဲ။ ဟုတ်ကဲ့။ အတော်လေးဆင်တူခဲ့တာပေါ့။ နှစ်လေးသန်းကျော်က ပထမလူသားရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ခဲ့တဲ့နိုင်ငံ၊ လူသားအစ အီသီယိုးပီးယားကတဲ့။ နှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုရှိတယ်။ အရင်ကဘုရင်အုပ်စိုးခဲ့။ နောက်တော့ ဒီမိုကရက်အစိုးရ၊ စစ်တပ်ထောက်ခံတဲ့ဆိုရှယ်လစ်အစိုးရ၊ ခုတော့ ဖက်ဒရယ်ဒီမိုကရက်တစ် အီသီယိုးပီးယားတဲ့။ ဘယ်လိုပင်နာမည်ပြောင်းပေမဲ့ အာဏာရှင်တပိုင်းတွေပဲ အစဉ်အဆက်အုပ်ချုပ်ခဲ့တာ။ သူတို့ကိုယ်ပိုင်ဘာသာစကား၊စာပေ၊ ပြက္ခဒိန်တွေကိုပဲ ရုံးသုံးအဖြစ်သုံးနေတယ်။ ရယ်စရာပြောရရင် မြန်မာနဲ့အီသီယိုးပီးယားတို့ဆင်တူပုံက နိုင်ငံတော်အလံတောင် ခပ်ဆင်ဆင်ရယ်။ သူ့အလံက စိမ်း၊ဝါ၊နီ။ ကိုယ့်အလံက ဝါ၊စိမ်း၊နီ။

တိုးတက်လာမှုကြတော့ မတူဘူးဗျ။ မြန်မာပြည်ကြီးထက်အများကြီး သာသွားတယ်။ တိုင်းပြည်ကို အာဏာရှင်တွေအုပ်ချုပ်သွားတာတူပေမဲ့ သူတို့က အများကြီးရှေ့ရောက်သွားတယ်။ ကိုယ်တွေက နောက်မှာကျန်ခဲ့တယ်။ ဒါဆိုရင် ဘာလို့ဒီလိုဖြစ်ရတာလဲလို့ မေးချင်နေပြီထင်ရဲ့။

သူတို့နိုင်ငံလည်း လူမျိုးရေးပြသနာ၊ ဘာသာရေးပြသနာတွေနဲ့ ပတ်လည်ရိုက်နေတဲ့နိုင်ငံဗျ။ တပ်ကလည်းအလွန်အားကောင်း။ ဌာနဆိုင်ရာအစိုးရအရာရှိကြီးတွေအတော်များများက တပ်ကပြောင်းလာတဲ့ အသွင်ပြောင်းတွေချည်းပဲ။ အစိုးရအဖွဲ့ပဲ အရပ်သားတွေ။ သူတို့လည်း ပေါက်ဖေါ်ကြီးကို အားကိုးရတယ်။ တရားအားထုတ်၊ တရုတ်အားထားရတယ်။

ဒီလို အစစအကုန်တူပေမဲ့ မတူတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တရားဥပဒေစိုးမိုးမှုပဲ။ သူတို့နိုင်ငံက အများစုသောပြည်သူတွေက တရားဥပဒေကို လေးစားလိုက်နာကြတယ်။ ဌာနဆိုင်ရာလူကြီးတွေကလည်း လာဘ်စားမှုအလွန်နည်းပါးတယ်။ အာဏာရှင်နိုင်ငံခြင်းတူပေမဲ့ ဒါတွေကွာခဲ့လေတော့ နိုင်ငံတိုးတက်မှုခြင်း မတူခဲ့ဘူးပေါ့။

အခုဆိုရင် နိုင်ငံအတွက်အဓိကလိုအပ်နေတဲ့ လျှပ်စစ်မီးအတွက် မီဂါဝပ်၆၆၀၀ကျော်ထုတ်ပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံတည်ဖို့  နိုင်းမြစ်ပေါ်မှာ ရေကာတာကြီးတစ်ခု တည်ဆောက်နေတာ ၆၀%ပြီးသွားပြီ။ ပိုလျှံတဲ့ လျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံတွေအတွက်ရောင်းမယ်ဆိုပဲ။ မြန်မာပြည်က မြစ်ဆုံစီမံကိန်းနဲ့ ခပ်ဆင်ဆင်ပေါ့။ ဒါပေမဲ့လုံးဝ(လုံးဝ)မတူဘူးဗျ။ အဲဒီရေကာတာကြီးအတွက်ကုန်ကြမဲ့ငွေ ဒေါ်လာငါးဘီလီယံကို အီသီယိုးပီးယားနိုင်ငံအစိုးရက အကုန်ခံပြီးတည်ဆောက်နေတာ။ ရေကာတာအတွက် ချိုင်းနိစ်ဆောက်လုပ်ရေးကုမ္ပဏီတွေကိုငှားထားတာပဲရှိတယ်။ ကျွမ်းကျင်ပညာရှင်တွေကလွဲရင် အလုပ်သမားတွေအားလုံး သူတို့လူမျိုးတွေချည်းပဲ။ ၁၀၀%အီသီယိုးပီးယားပိုင် ရေကာတာကြီးပေါ့။ ထွက်သမျှလျှပ်စစ်ကို တနိုင်ငံလုံးက လိုအပ်တဲ့နေရာအားလုံးကိုပေးမယ်။ ပိုတာကိုပဲ ရောင်းမှာပါတဲ့။

နိုင်ငံအနှံ့လွမ်းခြုံပြီး အိမ်နီးချင်းနိုင်ငံတွေအထိ ချိတ်ဆက်ပေးမဲ့ မီးရထားလမ်းတွေလည်း ဆောက်နေပြီ။ အတော်တောင်ပြီးနေကြပြီ။ ဒီမီးရထားစီမံကိန်းကြီးကတော့ ချိုင်းနိစ်ကြီးရဲ့ ရင်းနှီးမြှုတ်နှံမှုကအများဆုံးပါ။ မြို့တော်တခွင်က လျှပ်စစ်ရထားစီမံကိန်းတွေလည်း သူတို့လက်ရာ။

နိုင်ငံကြီးတစ်ခုလုံးမှာ စိုက်ပျိုးရေးအတွက် ပလပ်မြေတွေငှားတယ်၊ စက်ရုံသစ်တွေတည်ထောင်တယ်။ စက်မှုဇုံတွေတစ်ခုပြီးတစ်ခုဖေါ်ဆောင်တယ်။လုပ်ငန်းခွင်အတွက် သင်တန်းတွေပေးတယ်။ လိုအပ်ချက်အရ ချိုင်းနားကြီးဆီလည်း ပညာသင်တွေပို့ထားတယ်။ ဒီလိုနဲ့ နိုင်ငံထဲက ပြည်သူတွေသန်းပေါင်းများစွာ အလုပ်ရကြတယ်။ ချိုင်းနိစ်ကြီးနဲ့တွဲပြီး လုပ်ကြတယ်ဆိုပေမဲ့ အဓိကထိပ်ပိုင်းနေရာတွေပဲနေရာပေးတယ်။ ကျန်တဲ့အလုပ်သမားတွေက ပြည်တွင်းကလူတွေ။ အခုဆိုရင် ၁၉၈၀ခုနှစ်လောက်က ချိုင်းနိစ်ကြီးတိုးတက်ခဲ့တဲ့လမ်းကြောင်းပုံစံကိုလိုက်ဖို့ အသင့်အနေအထားရောက်နေပြီ။ လိုအပ်တဲ့ စက်ရုံတွေရှိတယ်၊ အဆောက်အဦ၊ လမ်းတံတား၊ ရေ၊မီး၊ သယ်ယူပို့ဆောင်ရေး၊ တန်ဖိုးနည်းနည်းနဲ့လုပ်ပေးမဲ့ ကျွမ်းကျင်လုပ်သား၊ အားလုံးအဆင်သင့်ပဲ။

ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ဒီလိုပဲ ကိုယ့်အချင်းချင်းတွေ ရန်ဆက်ဖြစ်နေကြမှာလား။ ဘာသာရေး လူမျိုးရေးမုန်းတည်းအောင် သွေးထိုးနေကြမှာလား။ အားလုံးညီညီညွတ်ညွတ်နဲ့ ဥပဒေအတိုင်း လေးစားလိုက်နာ၊ အလုပ်လုပ်ပြီး အီသီယိုးပီးယားနောက် လိုက်ကြမှာလား။

ချစ်တဲ့

မောင်လူပေ

အပူလွန်စီးပွားရေး

အပူလွန် စီးပွားရေး

စီးပွားရေးဈေးကွက်မှာသုံးတဲ့ စကားလုံးတစ်ခုရှိတယ်။ အပူလွန် စီးပွားရေး( Overheating economy ) တဲ့။

စီးပွားရေးဈေးကွက် အေးစက်နေတဲ့အချိန်တွေရှိတယ်။ မြန်မာပြည်မှာ အခုဖြစ်နေတဲ့အခြေအနေမျိုးပေါ့။ ဈေးကွက်ကလည်ပတ်တယ်ဆိုရုံလေး။ အရှိန်မရပဲ နှေးကွေးနေတယ်။ ဒီဈေးကွက်ကို ပြန်လည်နွေးထွေးလာဖို့ ၊ ပိုပြီးအရှိန်ရစွာ လှုပ်ရှားလာဖို့ ဆီလောင်းပေးရမယ်။ ဆီနဲ့တူတဲ့ အရင်းအနှီး ငွေတွေ ထပ်ထည့်လိုက်မှ အေးစက်ရာက ပြန်လည်နိုးထရှင်သန်လာမယ်။

ငွေအရင်းအနှီးတွေတွေဆိုတာ ဗဟိုဘဏ်က ငွေတွေ ရိုက်ထုတ်ဖို့မဟုတ်။ ဈေးကွက်ထဲမရောက်လာတဲ့ငွေမဲတွေကိုဆိုလိုတာပါ။ အရင်စစ်အစိုးရခေတ်က ငွေလိုတိုင်း ရိုက်ထုတ်ခဲ့တဲ့အတွက် မြန်မာငွေတန်ဖိုးက ဆယ့်သုံးဆကျော်ကျဆင်းခဲ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၃၀၀%ရာနှုန်းထိ ငွေဖေါင်းပွခဲ့ရတယ်။ ၁၉၉၀နှစ်ဦးပိုင်းက တစ်ဒေါ်လာကို ငွေကျပ်တစ်ရာနှုန်းလောက်ပဲရှိခဲ့ရာက ၂၀၀ဝပြည့်နှစ်နှောင်းပိုင်းတွေမှာ ငွေကျပ်၁၃၀၀ကျော်နှုန်းတွေဖြစ်ကုန်တော့ ကုန်ဈေးနှုန်းက ဆယ့်သုံးဆတက်လာခဲ့တယ်။ အခြေခံလူတန်းစားတွေမှာ လခတိုးလာပေမဲ့ ဆင်းရဲတွင်းကမတက်နိုင်ဆဲ။

မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှုဝင်ငွေ သိသာစွာမရှိပေမဲ့ သယံဇာတတွေ၊ မူးယစ်ဆေးတွေ မှောင်ခိုထုတ်ရာက ရလာတဲ့ဝင်ငွေတွေ အများကြီးရှိနေသေးတယ်။ ဒါတွေက ဒေါ်လာတွေအဖြစ်အသွင်ပြောင်းပြီး ဈေးကွက်ထဲမဝင်လာနိုင်သေးလို့ ဒီငွေတွေ ဈေးကွက်ထဲ ဝင်လာရေးအတွက် တရားဝင်ဝင်ငွေမတင်ပြနိုင်တဲ့ ငွေတွေအပေါ်မှာ ကောက်ခံတဲ့အခွန်နှုန်းတွေ လျှော့ပေးဖို့ ကြိုးစားနေကြတာပဲ။ ငွေမဲခဝါချမှုတိုက်ဖျက်ရေးနဲ့ငြိမှာ၊ အကြမ်းဖက်သမားတွေရဲ့ငွေတွေဝင်လာမှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ရလို့ ခုထိတော့ လွှတ်တော်က အတည်ပြုသံမကြားရသေး။

ဒီငွေတွေ ဈေးကွက်ထဲဝင်လာရင် အိပ်ပျော်နေတဲ့ သိန်းလေးငါးထောင်တန် ကွန်ဒိုအခန်းသစ်တွေ ရောင်းထွက်မယ်၊ ဆောက်လုပ်ရေးလောက၊ အိမ်ခြံမြေလောက ပြန်လည်ရှင်သန်လာမယ်လို့ တွက်ကြတယ်။ မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးလောကနဲ့ အိမ်ခြံမြေလောကအတွက် စီးပွားရေးက အေးစက်နေလို့ မျှော်လင့်ချက်မဲ့နေဆဲ။

အမေရိကားမှာကတော့ မြန်မာပြည်နဲ့ပြောင်းပြန်ဖြစ်နေပါတယ်။ အမေရိကားစီးပွားရေးက အရမ်းသွက်လက်မြန်ဆန်ပြီး လှုပ်ရှားမှုအားအရမ်းကောင်းနေလို့ အပူလွန်စီးပွားရေး ဖြစ်နေရပါသတဲ့။

စီးပွားရေးကို စက်ယန္တရားကြီးတစ်ခုလိုမြင်ကြည့်ပါ။ အရာအားလုံးဟာ ဆက်စပ်နေပြီး ဟန်ချက်ညီလှုပ်ရှားရတဲ့အခါ နွေးထွေးလာတယ်။ လှုပ်ရှားမှုများပြီး အလွန်လျှင်မြန်လာတဲ့အခါ အပူလွန်မှုဖြစ်လာရပြီပေါ့။ စက်ပစ္စည်းတွေ တုန်ခါပြီး ဟန်ချက်ပျက်လာနိုင်တယ်၊ ယိမ်းယိုင်လာနိုင်တယ်။ အချိန်မှီမထိမ်းနိုင်ရင် တစစီ ပြုတ်ထွက်ကုန်ပြီး ယန္တယားကြီး ပျက်စီးသွားနိုင်တယ်။

မကြာသေးတဲ့ ၂၀၀၈ကနေ ၂၀၁၂ လောက်အထိ အမေရိကန်စီးပွားရေးက အတော်ဆိုးခဲ့တယ်။ အိမ်ဈေးတွေထိုးကျတော့ ဘဏ်တွေပြန်အပ်၊ ဘဏ်တွေမှာငွေမရှိတော့ ဗဟိုအစိုးရကဝင်ကယ်တင်ပေးရ။ စက်ရုံတွေရပ်ကုန်တော့လူတွေအလုပ်ပြုတ်။ ကမ္ဘာ့စီးပွားရေးကို ဦးဆောင်မောင်းနှင်နေတဲ့ အမေရိကားဆိုတဲ့ မီးရထားခေါင်းတွဲကြီးက အရှိန်မရတော့ပဲ ဒီလိုရပ်ဆိုင်းသွားတဲ့အခါ နောက်ကလိုက်နေကြတဲ့ တွဲဆိုင်းကမ္ဘာ့နိုင်ငံတွေ အတော်အထိနာကြရတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုအထိ ဦးတည်ခဲ့ရတယ်။ ဥရောပငွေကြေးဈေးကွက်ပျက်သွားလို့ ယူရိုငွေဈေးတွေထိုးဆင်းသွား၊ စတာလင်ပေါင်ငွေဈေးတွေကျဆင်း။အာရှမှာလည်း မနည်းရုန်းကန်ခဲ့ရတယ်။ ကမ္ဘာ့ကြွေးမြီအလွန်နည်းပါးတဲ့ ချိုင်းနိစ်ကြီးတောင် သူ့စီးပွားရေးရှင်သန်ဖို့ အကြွေးတွေအများကြီးယူပြီး ရပ်တည်ခဲ့ရလို့ အခုဆို ကြွေးထူနိုင်ငံစာရင်းမှာ ထိပ်က ဖြစ်သွားခဲ့ရတဲ့အထိ။

အခုအချိန်မှာတော့ အမေရိကားရဲ့စီးပွားရေးက ပြန်လည်အရှိန်ရလာတဲ့အခြေအနေကလွန်ပြီး အရှိန်များလို့ အပူလွန်စီးပွားရေးအခြေအနေကို ပြန်လည်ရောက်ရှိနေတယ်လို့ ဆိုတယ်။

စီးပွားရေးပြန်လည်ဦးမော့လာတဲ့အကျိုးဆက်က အလုပ်လက်မဲ့နှုန်းတွေလျှော့ကျလာလိုက်တာ ၄.၂ရာနှုန်းပဲ အလုပ်လက်မဲ့ကျန်တော့တဲ့အထိပါပဲ။ လူတိုင်းလိုလို အလုပ်ရှိပါတယ်ပေါ့။

ဒါပေမဲ့ ငွေဖေါင်းပွနှုန်းက နောက်က လိုက်လာနေတယ်။ အိမ်ခြံမြေဈေးတွေ ကြောက်စရာကောင်းအောင် မြင့်တက်နေတယ်။ ကျန်းမာရေးအာမခံဈေးတွေ အရမ်းထိုးတက်လာတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မတက်လာသေးတဲ့အတွက်ပဲ ဝင်ငွေနည်းသူတွေ အသက်ရှူချောင်နေသေးတယ်။

ငွေဖေါင်းပွမှုကိုထိမ်းဖို့ ဗဟိုဘဏ်က အတိုးနှုန်းတွေ တက်လိုက်တယ်။ ၀.၂၅%ကနေ တဖြေးဖြေးဆွဲတင်လာတာ အခုဆိုရင် ၁.၇၅% ရောက်လာပြီ။ ဒီနှစ်ထဲမှာနှစ်ခါ၊ နောက်နှစ်မှာသုံးခါ ထပ်တက်မယ်လို့ဆိုတယ်။ တစ်ခါတက်ရင် ၀.၂၅%တက်တာကြောင့် စုစုပေါင်းငါးခါအတွက် ၁.၂၅%ထပ်တက်ဖို့ရှိတယ်။ နောက်နှစ်၂၀၁၉ကုန်လို့ ၂၀၂၀ရောက်ရင် အတိုးနှုန်း၃% ဖြစ်မယ်ပေါ့။

ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေက ဘဏ်အားလုံးရဲ့ချေးငွေတွေအပေါ်သက်ရောက်တဲ့အတွက် ဘဏ်တိုးတွေမြင့်လာမယ်၊ ထိုးတက်နေတဲ့အိမ်ခြံမြေဈေးကွက် ပြန်ကျလာမယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ အခုလို တက်ဈေးမှာ လိုက်ဝယ်နေကြသူတွေဟာ ငွေလက်ငင်းရှင်းပြီးဝယ်နေကြတဲ့ ငွေထုတ်ကြီးကိုင်ထားနိုင်သူတွေကအများစု ဖြစ်နေကြတဲ့အတွက် အိမ်ခြံမြေဈေးကို ဒီလောက်ထိ သက်ရောက်မှုမရှိနိုင်ဘူးလို့ တွက်သူတွေလည်းရှိတယ်။

ဘဏ်တိုးတွေမြင့်လာရင် ချေးငွေကိုပြန်ဆပ်ဖို့ခက်လာမယ်။ စီးပွားရေးတွေကိုထိခိုက်မယ်။ ဒါကြောင့် ဗဟိုဘဏ်က အတိုးနှုန်းတွေဆွဲတင်နေမှုကို အမြန်ကြီးမလုပ်သင့်ဖူးလို့ ယူဆသူတွေလည်းရှိနေပြန်တယ်။ သူတို့ထောက်ကြတာက အခြေခံကုန်ဈေးနှုန်းတွေမတက်လာတဲ့အတွက် ငွေဖေါင်းပွမှုဟာ ထင်သလောက်မရှိပါဘူးတဲ့။ ဘဏ်တိုးကြောင့်တိုးတက်နေတဲ့ စီးပွားရေးဟာ ကမောက်ကမဖြစ်မှာစိုးရိမ်ကြတယ်။

၁၉၇၀နဲ့၈၀အတွင်း အမေရိကားစီးပွားရေးကမောက်ကမဖြစ်တဲ့အခါ ငွေဖေါင်းပွမှုတစ်ဆယ်ရာနှုန်းကျော်အထိ ဖြစ်ခဲ့တာကို ထောက်ပြပြီးဗဟိုဘဏ်က စိုးရိမ်မှုကို ပြောပြတယ်။ တဖက်က စီးပွားရေးပညာရှင်တွေအမြင်ကတော့ ခေတ်မတူတော့သလို စနစ်တွေလည်းမတူတော့ဘူး။ ဒါကြောင့် စိုးရိမ်စရာမရှိသေးဘူးတဲ့။

ဒါကြောင့် စီးပွားရေးပညာရှင်တွေ နှစ်ဖက်ကွဲပြီး အမြင်နှစ်မျိုးဖြစ်နေတာကို တွေ့ကြရပါတယ်။

တဖက်က ဗဟိုဘဏ်ရဲ့ပညာရှင်တွေ။ သူတို့ယူဆချက်အရပြောရရင် အလုပ်လက်မဲ့နှုန်းဟာ တွက်ချက်မှုထက် အရမ်းနည်းနေတယ်။ အလုပ်သမားရှားပါးတဲ့အတွက် အလုပ်ရှင်တွေက လုပ်ခလစာတွေ တိုးပေးနေရတယ်။ ကြာရင် ငွေဖေါင်းပွမှုကိုဦးတည်မယ်။ အိမ်ခြံမြေတွေက လူလတ်တန်းစားတွေ လက်လှမ်းမမှီတဲ့အခြေအနေဖြစ်နေပြီ။ စတော့ရှယ်ယာဈေးတွေလည်းတက်ထားတာ ထိပ်ရောက်လို့။ ဒါတွေကို ထိမ်းဖို့ အတိုးနှုန်းတွေ မြှင့်ရမယ်။

နောက်တဖက်ကတော့ ကော်ပိုရေးရှင်းကြီးတွေက စီးပွားရေးပညာရှင်တွေနဲ့ ဌာနေဗဟိုဘဏ်တွေရဲ့ ပညာရှင်တွေ။ သူတို့အယူအဆအရ စီးပွားရေးအခြေခံပလက်ဖေါင်းတွေပြောင်းကုန်ပြီ။ ရိုးရိုးကြီးတွေးပြီး ဖေါ်မြူလာတွက် တွက်လို့မရတော့ဘူး။ စီးပွားရေးဈေးကွက်က ခေတ်သစ်တစ်ခုဆီသွားနေတယ်။ ဒီခေတ်သစ်ကိုအမှီလိုက်ဖို့ ဒီအရှိန်အတိုင်းဆက်လက်ချီတက်နေဖို့လိုတယ်။ ဒီနှစ်ရဲ့ ပထမလေးလပတ်အတွက် ဂျီဒီပီတိုးနှုန်းက သုံးရာနှုန်းထိမှန်းခဲ့ပေမဲ့ နှစ်ရာနှုန်းပဲရှိသေးတယ်။ ဒါကြောင့် ဂျီဒီပီမြင့်လာအောင် စီးပွားရေးဈေးကွက်ထဲကို ငွေတွေထပ်ပို့ပေးဖို့လိုတယ်။ သမ္မတထရန့်ရဲ့ အခွန်နှုန်းလျှော့ချပေးတာ၊ ဗဟိုအစိုးရကအသုံးငွေကို တစ်ထရီလီယံထိတိုးပြီးသုံးစွဲမှာတွေကြောင့် ဒီငွေတွေဈေးကွက်ထဲရောက်လာပြီး ဈေးကွက်ပိုပြီးကြီးထွားရှင်သန်လာမှ ဂျီဒီပီသုံးရာနှုန်းလောက်ဖြစ်လာမယ်။ အဲဒီအချိန်လောက်ရောက်မှ ဗဟိုဘဏ်က အတိုးနှုန်းတက်သင့်ပါသတဲ့။

စက်မှုနဲ့ စီးပွားရေးဖွင့်ဖြိုးဆဲဖြစ်တဲ့နိုင်ငံတွေမှာ ဂျီဒီပီတက်ဖို့လွယ်သလောက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဂျီဒီပီတက်ဖို့ အလွန်ခက်လှပါတယ်။ ဘာပဲဖြစ်ဖြစ် ငွေဖေါင်းပွမှုနှုန်းမြင့်လာမှာကိုတော့ နှစ်ဖက်လုံးက မလိုလားကြပါဘူး။ ကမ္ဘာကြီးကလည်း စီးပွားရေးထိပ်သီးနိုင်ငံဖြစ်တဲ့အမေရိကားကြီး စီးပွားပျက်မှာ မလိုလားကြပါဘူး။ ကမ္ဘာ့စီးပွားရေးဆိုတာ သံကွင်းဆက်လို ဆက်ထားတာမို့ ရှေ့ဆုံးကွင်းဆက်ပြုတ်ကျရင် နောက်ကွင်းဆက်တွေပါ အရှိန်နဲ့တွဲပါသွားကြမဲ့အရေးကိုပူကြပါတယ်။ ကမ္ဘာ့တည်ငြိမ်မှုကိုပါ ထိခိုက်လာမဲ့အရေးထိ ဖြစ်လာနိုင်လို့ပါပဲ။

ကျွန်တော်ကတော့ ဘာမှမသိတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်မို့ အနာဂတ်ကို မခန့်မှန်းတတ်ပါ။ မိတ်ဆွေသူငယ်ချင်းများအတွက် ဖတ်မိသမျှထဲက ကောင်းနိုးရာရာလေးတွေ တင်ပြလိုက်ခြင်းသာ ဖြစ်ပါကြောင်း။

ချစ်တဲ့

မောင်လူပေ

လူဝလေးရဲ့ သမိုင်းဝင်ခရီး

လူဝလေးရဲ့ သမိုင်းဝင်ခရီး

တောင်နဲ့မြောက်ကိုးရီးယားတို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှု ဒီနေ့ဖြစ်မြောက်တယ်။ မြောက်ကိုးရီးယားက ဘယ်ခေါင်းဆောင်မှ တောင်ကိုးရီးယားကိုမလာခဲ့ဖူးပါ။ သူတို့တွေ့ဆုံတဲ့အခါ ကြားခံနိုင်ငံဖြစ်တဲ့ ချိုင်းနိစ်ကြီးဆီမှာပဲတွေ့ခဲ့ကြတယ်။

ဒီနေ့တော့ မြောက်ကိုးရီးယားခေါင်းဆောင် လူဝလေးလို့ ချစ်စနိုးခေါ်ကြသူ ကင်ဂျုံအွန်ဟာ တောင်ကိုးရီးယားမြေပေါ်ကိုရောက်လာခဲ့ပြီ။ တောင်ကိုးရီးယားသမ္မတမွန်းနဲ့ တွေ့ဆုံဆွေနွေးကြတယ်။ တောင်နဲ့မြောက်ကိုးရီးယားကြားမှာ တရားဝင်မချုပ်ဆိုရသေးတဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရေး၊ ကိုးရီးယားကျွန်းဆွယ်မှာ နြူကလီးယားလက်နက်တွေ ကင်းစင်ရေးအတွက် ဆွေးနွေးကြတာပါတဲ့။

ဒီသတင်းဟာ ကိုးရီးယားကျွန်းဆွယ်တစ်ခုထဲအတွက်သတင်းကောင်းမဟုတ်။ အနီးက နိုင်ငံတွေဖြစ်တဲ့ ချိုင်းနိစ်၊ ဂျပန်တို့အတွက်သာ သတင်းကောင်းမဟုတ်။ အာရှတိုက်ကြီးနဲ့ကမ္ဘာကြီးအတွက် သတင်းကောင်းတစ်ခုပါပဲ။

အဖေသေလို့သမ္မတဖြစ်လာတဲ့သားငယ်လူဝလေးက သမ္မတဖြစ်လာထဲက သူ့စိတ်ကြိုက်လုပ်ပြခဲ့သူ။ ဒုန်းကျည်တွေစမ်းလိုက်၊ နြူကလီးယားတွေစမ်းလိုက်နဲ့ ကမ္ဘာကို မထေမဲ့မြင်ပြုလုပ်ပြခဲ့သူ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြီးက ဘယ်လိုပင် စီးပွားရေးပိတ်ဆို့မှုတွေလုပ်လုပ်၊ ချိုင်းနိစ်ကြီးအားကိုးနဲ့ မဖြုံခဲ့သူပေါ့။

နောက်ဆုံးတော့ နောက်ကနေထောက်ပံ့နေတဲ့ ချိုင်းနိစ်ကြီးစကားတွေကိုတောင် နားမထောင်တော့လို့ ထောက်ခံသူကိုယ်တိုင်စိတ်ပျက်ရတဲ့အထိ။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုကို အရင်က ဖြေလျှော့ပေးထားခဲ့ပေမဲ့ ခုတော့ထိထိရောက်ရောက်ဖြစ်အောင် လုပ်လာခဲ့တာမကြာသေး။

မကြာမီက တာဝေးပစ်ဒုံးကျည်စမ်းသတ်တာအောင်မြင်ခဲ့တာာရယ်၊ နြူကလီးယားစမ်းသတ်မှုအောင်မြင်ခဲ့တာရယ်ကြောင့် နြူကလီးယားထိပ်ဖူးတွေထုတ်လုပ်ပြီး ဒုံးကျည်မှာတတ်ပြီးလောက်ပြီ လို့ ကမ္ဘာက စိုးရိမ်မကင်းဖြစ်ခဲ့ရတယ်။ သူ့ရန်ကိုကြောက်ရတဲ့ ဂျပန်နဲ့တောင်ကိုးရီးယားက လက်နက်တွေ ထပ်ဝယ်၊ လေယာဉ်တွေဖြည့်တင်းကြလေတော့ ကိုးရီးယားကျွန်းဆွယ်က အချိန်မရွေးထပေါက်နိုင်တဲ့ အချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေလေရဲ့။ ဒီကြားထဲမှာ အမေရိကန်သမ္မတထရန့်က စစ်ရေးနဲ့အရေးယူမယ်နဲ့ ခြိမ်းခြောက်လိုက်၊ လူဝလေးကင်က ပြန်ပြီးခြိမ်းခြောက်လိုက်နဲ့ လေတိုက်ပွဲတွေဆင်ခဲ့ကြသေး။ အကျိုးဆက်ကတော့ ရွှေဈေးတွေတက်၊ စတော့တွေထိုးဆင်း၊ ကမ္ဘာ့စီးပွားရေးတွေမတည်ငြိမ်တော့။

ဒီအဖြစ်ကို မကြိုက်ဆုံးနိုင်ငံကတော့ ချိုင်းနိစ်ကြီးပေါ့။ သူ့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားသာ တကယ်စစ်ဖြစ်ခဲ့ရင် သန်းပေါင်းများစွာသောပြည်သူတွေ ချိုင်းနားထဲရောက်လာကြမှာ။ ဒီလိုဝန်ပိုတွေကိုထမ်းရတဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့မတည်ငြိမ်မှုကြောင့် စီးပွားရေးတွေထိုးဆင်းမဲ့အရေး တွေးပူနေပုံရတယ်။

ပြီးတော့ အမေရိကားရဲ့ ခေတ်မှီလက်နက်တွေက သူ့နိုင်ငံရဲ့ လက်တကမ်းအကွာနိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယား၊ ဂျပန်တို့မှာစုပုံလာတာကိုလည်း လက်မခံနိုင်။ ဒီနိုင်ငံတွေက တရုတ်နဲ့ပြေလည်မှုမရှိခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့မို့ မယုံကြည်ရတဲ့အခြေအနေ။ အမေရိကန်က သူ့ရဲ့နာမည်ကြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တောင်ကိုးရီးယားနဲ့ဂျပန်မှာတတ်ဆင်မယ်ဆိုတဲ့အခါ တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။ ဒီဒုံးကျည်တွေက သူ့နိုင်ငံနဲ့နီးလှတာမို့ သူ့ရဲ့နိုင်ငံတော်လုံခြုံရေးကို ထိခိုက်တယ်လို့ အမြဲပြောနေခဲ့သူ ချိုင်းနိစ်ကြီးပါ။

သူကန့်ကွက်နေတဲ့ကြားကပဲ ရွှေ့လျှားနိုင်တဲ့ ဒုံးခွင်းဒုံးတွေကို တောင်ကိုးရီးယားနိုင်ငံအနှံ့တတ်ဆင်နေတာ ပြီးသလောက်ရှိနေပြီ။ ဂျပန်ကလည်း တတ်ဆင်နေပြီ။ ဒီနိုင်ငံတွေမှာ အပြီးအပြတ်တတ်ဆင်ပြီးသွားရင် အဲဒီနိုင်ငံတွေကနေ ချိုင်းနားဆီကို အချိန်မရွေး ဒီဒုန်းကျည်တွေနဲ့ အချိန်တိုအတွင်း တိုက်ခိုက်လာနိုင်တဲ့အစွမ်း အမေရိကားက ရသွားပြီ။ ချိုင်းနိစ်ကြီးရဲ့ အာရှတိုက်မှာ စစ်ရေးစွမ်းအားကြီးမားလာမှုကို အမေရိကားက ချိန်ခွင်လျှာညှိတဲ့သဘောပေါ့။

စစ်ရိပ်တွေဝေမဲ့အခြေအနေကနေ အခုလိုပြောင်းပြန်လှန်လိုက်နိုင်တာ လူဝလေးအတွက်ရော တောင်ကိုးရီးယားသမ္မတမွန်းအတွက်ရော ကြီးမားတဲ့အောင်မြင်မှုပါပဲ။

လွန်ခဲ့တဲ့တစ်လကျော်လောက်က ချိုင်းနားကိုလျှို့ဝှက်ရထားနဲ့သွားပြီး ဆွေးနွေးခဲ့တဲ့ လူဝလေးကင်ကို ချိုင်းနိစ်သမ္မတကြီးစီကျင်းပင်က နားချနိုင်ခဲ့ပုံရပါတယ်။ တကယ်စစ်ဖြစ်လာခဲ့ရင် အမေရိကန်ထက် သူတို့က အဆပေါင်းများစွာအထိနာမယ်ဆိုတာလည်း တွက်မိသွားပုံလည်းရပါတယ်။ဒါကြောင့် အမဲကနေ အဖြူဖက်ကို ခဏအတွင်းပြောင်းလည်းသွားတယ်ထင်ပါရဲ့။

ချိုင်းနားရဲ့သြဇာသက်ရောက်မှုဟာ မြောက်ကိုးရီးယားခေါင်းဆောင်တွေအပေါ်မှာ အများကြီးရှိခဲ့ပါတယ်။ တကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့ထားတဲ့ကြားက အခုလိုဆက်လက်ရပ်တည်နိုင်တာ ချိုင်းနိစ်ကြီးကြောင့်ပါ။ ဒါ့အပြင် ကမ္ဘာပေါ်က သူနဲ့အဆင်ပြေတဲ့နိုင်ငံတွေမှာလည်း မြောက်ကိုးရီးယားစားသောက်ဆိုင်တွေဖွင့်ပြီး နိုင်ငံခြားဝင်ငွေရအောင် ရှာနေပါသေးတယ်။

ရန်ကုန်မြို့ ဆရာစံကွန်ဒိုဘေးမှာရှိတဲ့ မြောက်ကိုးရီးယားစားသောက်ဆိုင်ဟာ နိုင်ငံအတွက်ဝင်ငွေရှာပေးရာလုပ်ငန်းတစ်ခုပါ။ ညနေပိုင်းဆိုရင် မြောက်ကိုးရီးယားစားသောက်ဆိုင်ကအလုပ်လုပ်တဲ့မိန်းကလေးတွေ ရိုးရာအင်္ကျီလေးတွေဝတ်လို့ လမ်းမပေါ်ထိထွက်ပြီး နေပူမိုးရွာမရှောင် မတ်တတ်ရပ်ရင်း စားသုံးသူကိုဆွဲဆောင်ခေါ်ယူနေကြတာကို မြင်ဖူးကြပါလိမ့်မယ်။ ဒီဆိုင်တွေကရရှိငွေတွေစီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ချိုင်းနိစ်ဘဏ်တွေအထိ ပိတ်ဆို့ဖို့ဆိုတာ ချိုင်းနိစ်ကြီးသဘောတူမှ ဖြစ်နိုင်တာ။

ဒါကြောင့်မို့ အခုတိုးတက်မှုအတွက် အမေရိကန်သမ္မတထရန့်က ချိုင်းနိစ်သမ္မတစီကို ကျေးဇူးတင်စကားပြောတယ်။ တပည့်ကျော်ကို လက်ခံလာအောင်ဆုံးမပေးတဲ့အတွက် ကျေးဇူးပါပဲပေါ့။

အမေရိကန်သမ္မတထရန့်နဲ့ လူဝလေးကင်တို့နှစ်ယောက်က ဒီနှစ်ဇွန်လနောက်ပိုင်းတွေ့နိုင်အောင်စီစဉ်နေကြတယ်။ ချိုင်းနိစ်ကြီးဆီမှာပဲတွေ့ဖို့များတယ်။ အရင်ကတော့ မြောက်ကိုးရီးယားခေါင်းဆောင်က အမေရိကန်သမ္မတနဲ့တိုက်ရိုက်တွေ့ဆုံတာမျိုး မရှိဘူးသေးလို့ တွေ့ဖြစ်ရင်လည်း သမိုင်းဝင်တွေ့ဆုံမှုဖြစ်လာဦးမှာပဲ။

အမေရိကန်ဖက်ကတော့ မြောက်ကိုးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်မှုကို မရုတ်သိမ်းထားဘူး။ တွေ့ဆုံမှုအပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာအရ ပြန်လည်သုံးသတ်မယ် လို့ သမ္မတထရန့်က ပြောပါတယ်။

အခုလို သမိုင်းနဲ့ချီတဲ့ ကိုးရီးယားကျွန်းဆွယ်အရေးအခင်းကို ပြေလည်သွားဖို့အဓိက ဖိအားပေးနိုင်သူ ချိုင်းနိစ်ကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံ အလုံးစုံငြိမ်းချမ်းရေးရဖို့လည်း ကူညီပေးနိုင်သူကြီးပါ။ အခုအထိ အစိုးရစစ်တပ်နဲ့အဆင်မပြေဖြစ်နေကြတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကို နောက်ကွယ်ကထောက်ပံ့နေသူကလည်း သူပါပဲ။

တိုင်းပြည်နယ်စပ်ဒေသ မတည်ငြိမ်မှုကြောင့် နှစ်ဖက်လုံးက စစ်တိုက်ရင်း အမြတ်ထွက်ခဲ့ကြတယ်။ ကျောက်စိမ်း၊ရွှေ၊သစ်၊သတ္တုစတဲ့သဘာဝသယံဇာတတွေခိုးထုတ်၊ ဘိန်းဖြူ၊ရာဘဆေးပြားစတဲ့မူးယစ်ဆေးတွေဖြန့်နဲ့ ရတဲ့ငွေတွေက ချိုင်းနိစ်ကြီးဆီကိုစီးဆင်း။ လိုအပ်တဲ့လက်နက်အပါအဝင် အရာရာအားလုံးကို ပြည်တွင်းကိုပြန်သယ်နဲ့ အသက်ရှင်နေကြတာ နှစ်ဖက်လုံးဖက်မှာ ကြာလှပေါ့။ သယံဇာတ စားခွက်လုရင်း တိုက်နေကြတဲ့ ပြည်တွင်းစစ်။

ချိုင်းနိစ်ကြီးကိုသာ ဗဟိုအစိုးရက မျိုးမျိုးမြက်မြက်အခွင့်အရေးပေးပြီးဆွဲဆောင်နိုင်ရင် ဟိုကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထောက်ပံ့နေတာလျှော့လာမှာပဲ။ ဒါမှလည်း ဒုတိယပင်လုံဆီ အမြန်ချီတက်နိုင်ပါလိမ့်မယ်။

ချိုင်းနိစ်ကြီးအရမ်းလိုအပ်နေတဲ့ မြစ်ဆုံဆည်လိုပရောဂျက်တို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့၊ ရေနံ ဂက်စ်ပိုက်လိုင်းတို့ ပိုးလမ်းမစီမံကိန်းကြီးတို့မှာ မြန်မာနိုင်ငံအစိုးရက လှပစွာကစားနိုင်ရင် ကိုယ်လိုချင်တာတောင်းဆိုခွင့်ရမဲ့အနေအထား။

တရုတ်အားထား တရားအားထုတ်နေရတဲ့ နိုင်ငံရေးအခြေအနေတစ်ခုကနေ ရုန်းထွက်နိုင်မဲ့လမ်းကြောင်း လောလောဆယ်မရှိသေး။ အခုတောင် ကုလလုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံအရေးယူခံရမဲ့အရေးကနေ ကာကွယ်ပေးခဲ့တ မကြာသေးပါဘူး။ နယ်စပ်ခြင်းမိုင်ထောင်ချီထိစပ်နေတဲ့ မြန်မာနိုင်ငံက ချိုင်းနိစ်ကြီးလုံခြုံရေးအတွက်ပါ အလွန်အရေးပါတဲ့အနေအထားမို့ ဒီအခြေအနေကို လှပစွာကစားနိုင်ဖို့ပဲလိုတယ်။

လူဝလေးရဲ့သမိုင်းဝင်ခရီးနေ့လိုပဲ မြန်မာနိုင်ငံ တဝှမ်းလုံး ငြိမ်းချမ်းပါပြီဆိုတဲ့ သမိုင်းဝင်နေ့မျိုးကိုလည်း မျှော်လင့်လျှက်ပါဗျာ။

ချစ်တဲ့

မောင်လူပေ

Photo credit Global news

လွဲချက်က (၉)

လွဲချက်ကတော့(၉)လောက်ရှိတယ်။

သွားတုန်းကတော့ တောထဲမှာရှိတဲ့ ရေတံခွန်ဆီ။ ရောက်သွားတာက ပင်လယ်။

အိမ်ကနေပြီး မဟော်ဂနီတောထဲကို တစ်နာရီကျော်ပဲကားမောင်းရတာ။ နှစ်ထောင်ကျော်သစ်ပင်ကြီးတွေက မိုးထိုးနေတော့ နေပျောက်မထိုးနိုင်ဘူး။

သစ်တောလမ်းညွှန်မြေပုံလည်း အဝင်ဝထဲက ပေးလိုက်တယ်။ သစ်တောမြေပုံကြီးလည်း ဟီးနေအောင်ချိတ်ထားတယ်။ လမ်းတွေအမျိုးမျိုးက ရှုတ်ရှက်ခတ်နေတော့ ကြည့်လေ နားမလည်လေ။ လမ်းပြလည်းမပါ။

ရှိပါစေတော့။ လမ်းညွှန်ဆိုင်းပုဒ်ဖတ်ပြီးသွားတာ ကောင်းပါတယ်ပေါ့။ ဒါနဲ့ တောထဲတိုး။

တစ်မိုင်ကျော်လောက်တောင်တက်လမ်းကို လျှောက်ပြီး လမ်းခွဲတွေ့တယ်။ အဝါရောင်ကြိုးတွေ အနီရောင်ကြိုးတွေနဲ့ ရှုပ်နေတဲ့လမ်းခွဲထဲဝင်။ ကိုယ့်ရှေ့က လူငယ်သုံးယောက်အုပ်စုကလည်း အဲဒီလမ်းထဲဝင်သွားတော့ အဖေါ်ရပြီဆိုပြီး ဆက်လိုက်။ စာတောင်သေချာမဖတ်တော့ဘူး။

အဲဒီမှာစတွေ့တာပဲ။ ကိုဇရာက စကားစပြောပြီ။ နောက်ကလိုက်နေပေမဲ့ ဟိုလူငယ်သုံးယောက်ကို ခြေဖျားတောင်မတွေ့ရတော့ဘူး။ နာရီဝက်ကျော်လောက်လည်း ကြာသွားပြီ။ သစ်ပင်လဲနေတာတွေ့ရင် ကျော်ခွ၊ ကျော်လို့မရရင် အောက်ကလျှိုဝင်။ လမ်းကလည်းကျဉ်း။ တယောက်စာလမ်းလေး။ တဖက်ကချောက်။ ကျသွားရင် သက်သာဖွယ်မမြင်။ တောင်နံရံကိုင်ပြီး ဘုရားတလျှောက်နဲ့ နောက်ဆုံးတော့ သစ်ပင်တွေအများကြီးလဲနေတဲ့ နေရာရောက်။

ဂျူရောဆစ်လို့ခေါ်တဲ့ ဒိုင်နိုဆောကားထဲက မြင်ကွင်း။ ပေလေးငါးရာရှည်တဲ့ သစ်ပင်ကြီးတွေလဲပြိုနေတာ မြင်မကောင်း။ ဒီသစ်ပင်ကြီးတွေဆီက ရေတွေ တတောက်တောက်နဲ့ကျနေရဲ့။ကိုရွှေသစ်ပင်ကြီးတွေက လဲပြိုနေတာတောင် လူတစ်ရပ်ကျော်မြင့်နေသေးတယ်။

ဟိုဖက်ခပ်လှမ်းလှမ်းမှာ လူသွားလမ်းတွေ့တယ်။  အဲဒီလူသွားလမ်းရောက်ဖို့ လဲပြိုနေတဲ့ သစ်ပင်အုပ်ကြီးကို ကျော်ဖြတ်ရမယ်။

'အားလုံးကို ကျော်ဖြတ်ရမယ်။ နွေကန္တာ၊ ခရီကြမ်းတွေ၊ ဆူးခင်းလမ်း၊ ခရောင်းတောနက်တွေ၊ စိတ်တစ္ဆညတွေ....  ' ကိုခိုင်ထူးသီချင်းထဲကလို ကျော်ဖြတ်မယ်ပေါ့လေ။ အတွေးက။

'စိတ်ထဲရှိရှိသမျှဟာ အပြင်ဖက်က လက်တွေ့ဘဝနဲ့ ကွာခြားတယ် ... ' တူးတူးသီချင်းက လက်တွေ့။

သစ်ပင်လုံးပတ်ကြီးဖက်တက် တစ်ဖက်ဆင်း။ သစ်ကိုင်းတွေဆွဲ။ နောက်တစ်ပင်ပေါ်ရောက်။ ရေတွေစိုနေတော့ ချော်နေသေး။ ရွံ့တွေက ခြေချော်။ တစ်ပင်ကျော်လိုက်၊ တစ်ပင်ဆင်းလိုက်။ သို့ပါသော်လည်း ဆက်သွားလို့မရတော့။ ဆူပါမင်းလို မိုးပျံမှပဲ ရောက်တော့မယ်ထင်။

ရှေ့တိုးမရတော့ ဘာဖြစ်လဲ။ နောက်ကြောင်းပြန်ပေါ့။ အောင်မြင်စွာ ဆုပ်ခွာခဲ့သည်ပေါ့။ ဒါနဲ့ပဲ လက်လျှော့ပြီး လမ်းခွဲရောက်အောင် သစ်ပင်တွေကျော်ခွ၊ အောက်ကလျှိုနဲ့ ပြန်ဆုတ်ခဲ့။

လမ်းခွဲရောက်မှ သေချာကြည့်မိ။ ဆိုင်းပုဒ်လေးနဲ့ဗျ။ ' ရှေ့တွင် မိုးဒါဏ်ကြောင့် မြေပြိုပြီးလမ်းပိတ်နေပါသည်။ ဤနေရမှစ၍ ရှေ့ဆက်မသွားပါနှင့်'တဲ့။ ဘုရား၊ဘုရား။ ဒီဆိုင်းပုဒ်ကို မမြင်ပဲ ဆင်ကန်းတောတိုးမိခဲ့တာပါလား။ပလတ်စတစ်ကြိုးနီ၊ ကြိုးဝါတွေကလည်း သတိထားပါ၊ အန္တရာယ်ရှိသည်လို့ စာတွေနဲ့။

လမ်းညွှန်စာတွေ သေသေချာချာ မဖတ်ပဲ ရှေ့ကလူငယ်တွေကိုယုံပြီး လိုက်မိတဲ့အပြစ်ပေါ့။ ဒီလူငယ်တွေကတော့ ဒီသစ်ပင်တွေကို ဘယ်လိုကျော်ခွပြီးဖြတ်သွားခဲ့သည်မသိ။ သူတို့က ပေါ့ပေါ့ပါးပါးပေမင့် ကိုယ်က ဒီလောက်မစွမ်းတော့ပြီလေ။

လမ်းခွဲကနေ လမ်းမှန်တွေ့တော့ စိတ်မလျှော့သေး။ ရောက်အောင်သွားမည်ပေါ့။ သစ်ကိုင်းခြောက်တွေကောက်။ တောင်မွှေးဖြစ်အောင်လုပ်၊ တုတ်ကောက်အားနဲ့တက်မဲ့ ဖိုးဖိုးကြီး။

အတော်လျှောက်မိတော့ လမ်းညွှန်ဆိုင်းပုဒ်တစ်ခုတွေ့ပြန်ရော။ ဒီအခေါက်တော့ မဖတ်ပဲမနေရဲတော့ပါ။ ဘာရေးထားပါလိမ့်။ ဖတ်ဦးမှပေါ့။ ရေးထားတာက ' ဤနေရာမှ ရေတံခွန်ထိ အသွားအပြန်(၆)မိုင်ခရီးရှိသည်။ အတော်မြင့်သည့် တောင်တက်လမ်းများလည်း တွေ့ရမည်။' တဲ့။

လမ်းလျှောက်ခဲ့တာ နှစ်နာရီမကတော့ပြီ။ ဒီနေရာကနေပြီး နောက်ထပ် (၆)မိုင်အသွားအပြန်ဆိုတော့ နှစ်နာရီကျော်ထပ်လျှောက်ရပေဦးတော့မည်။ ကားရပ်ရာဆီသို့ နောက်ထပ်တစ်နာရီတော့အသာလေးလျှောက်ရမည်။ နောက်ထပ်သုံးနာရီကျော်လေးနာရီနီးပါး တောင်တက်လမ်းကို လျှောက်နိုင်တော့မည်မထင်။ စိတ်ရှိသော်လည်း ခန္ဓာက မလိုက်တော့ပြီ။

ကိုယ်ရွေးခဲ့တဲ့လျှောက်လမ်းက အသွားအပြန်(၈)မိုင်။ တကယ်လျှေက်နေတဲ့လမ်းက အသွားအပြန်(၁၁)မိုင်ရှိတဲ့လမ်း။ လမ်းမှားနေတာ(၁)မိုင်ကျော်။ လွဲတတ်တာများသူမို့ လွဲလွဲလေးပဲကောင်းပါတယ်ပေါ့။

စိတ်ကိုလျှော့။ ကားဆီပြန်လျှောက်။ မထူးပါဘူးလေ။ ရေတံခွန်မရောက်တဲ့အတူတော့ နီးရာမှာရှိတဲ 'ရေ'ဆီသွားမယ်ဆိုပြီး ပင်လယ်ပြင်ရှိ သဘာဝတံတားဆီသို့ ရောက်ရှိခဲ့ပါကြောင်း။

(အိမ်မှာဇိမ်နဲ့မနားပဲ တောထဲသွားတဲ့ ဖြစ်ရပ်လေးကို သူငယ်ချင်းတွေကိုပြေပြတာပါ။ ရောက်အောင်သွားခဲ့သူတွေလည်းအများအပြားပါ။ နောက်အခေါက်မှပဲ ဒီရေတံခွန်ဆီကို လမ်းမှန်ကနေ ရောက်အောင်ချီတက်ပါဦးမည်။ )

ချစ်တဲ့

မောင်လူပေ

မြောင်းမြကြိုးတံတားအလွမ်းစာ

မြောင်းမြကြိုးတံတားအလွမ်းစာစု

ကြံ့ခိုင်ရေးမကောင်းလို့ မြောင်းမြကြိုးတံတားကြီး မောင်မြောင်းမြခမျာမှာ အသက်၂၂နှစ်အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြစ်ထဲပြုတ်ကြပြီး အနိစ္စရောက်ခဲ့ရတယ်ကြားတော့ မောင်ပေတို့ရွာထိပ်က ကြိုးတံတားအိုကြီး ဦးရွှေတံတားအတွက် အတော်စိတ်ပူမိတယ်။ ရွာထိပ်က ဦးရွှေတံတားကြီးက အသက်၈၀ကျော်နေပြီဗျ။ မောင်မြောင်းမြထက် အများကြီး အသက်ကြီးတယ်။ အဖိုးအရွယ်ပေါ့။

ဦးရွှေတံတားရဲ့မွေးနေ့က ၁၉၃၇ မေလ(၂၇)ရက်တဲ့။ မြန်မာခုနှစ်ဆိုရင် ၁၂၉၉ ကဆုန်လထဲလောက် ဖြစ်မယ်ထင်တယ်။ မောင်ပေ့အဖေလည်း ရှိမယ်ဆိုရင် ဦးရွှေတံတားနဲအြသက်အတူတူပဲ။ သူလည်း၁၂၉၉မွေးတာတဲ့။ အဖေနဲ့မွေးနှစ်တူတဲ့ အဖိုးကြီးပေါ့။

မောင်မြောင်းမြသတင်းကြားထဲက ရွာထိပ်ကဦးရွှေတံတားကြီးကို သွားကြည့်ချင်တာ။ အလုပ်ရှုပ်နေတာနဲ့ ဒီနေ့မှ ရောက်ဖြစ်တော့တယ်။

မောင်မြောင်းမြနဲ့ ဦးရွှေတံတားက ကြိုးတံတားဆိုတဲ့အုပ်စု(Suspension bride) ထဲမှာ အတူတူပါပေမဲ့ အဖိုးကြီးဦးရွှေတံတားကတော့ ကျန်းကျန်းမာမာ တောင့်တောင့်တင်းတင်းကြီးပဲ ရှိပါသေးတယ်။ နာမကျန်းတဲ့ပုံ မပြသေး။ 'မအိုသေးတဲ့လူ အပျိုလေးနဲ့တူ' တို့ ' နွားပျိုသန်လှ နွားအိုပေါင်ကျ' တို့ ဆိုတဲ့ ဆိုရိုးအတိုင်း ကြံ့ခိုင်တောင့်တင်းလို့။ နှစ်တွေကြာပြီမို့ ခေတ်မှီဒီဇိုင်းမဟုတ်ပေမဲ့ အန်းတိတ်ကြီးက 'ငါမအိုသေး။' တဲ့။

မောင်မြောင်းမြကို ကိုတရုတ်ကြီးက လက်ဆောင်ပေးလို့ ရခဲ့ပေမဲ့ ဦးရွှေတံတားကိုတော့ ရွာသားတွေရဲ့ငွေတွေနဲ့ပဲ ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ကြတာ။ ခေတ်မှီစက်ပစ္စည်းတွေမရှိ၊နည်းပညာတွေ မတိုးတက်သေးတဲ့ခေတ်မို့ လူအားနဲ့ ဆောက်ခဲ့ကြပါသတဲ့။

မောင်ပေတို့ရွာထိပ်က ဦးရွှေတံတား( Golden Gate ) ဆိုတဲ့ တံတားအိုကြီးအကြောင်းက ဒီလိုဗျ။

စုစုပေါင်းအရှည် (၁.၇)မိုင်၊ အကျယ်ပေ(၉၀)ရှိတဲ့ ဒီတံတားကြီးကို အစိုးရက စီးပွားပျက်လို့မွဲနေတဲ့အချိန်မို့ ရွာသားတွေရဲ့ငွေတွေနဲ့တည်ဆောက်ဖို့ ငွေစုစာချုပ်တွေ သန်း(၃၀)ဖိုးထုတ်ရောင်းတာ ပြည်သူတွေဝယ်၊ မကုန်တာကို အမေရိကားဘဏ်သူဌေးက ဆက်ဝယ်လိုက်တော့ လိုတဲ့ငွေရသတဲ့။ ဒီလိုနဲ့ ၁၉၃၃က စပြီးဆောက်လိုက်တာ၁၉၃၇မှပြီးသတဲ့။ လေးနှစ်ကြာဆောက်ခဲ့ရတဲ့တံတားအိုပေါ့။

ခုထိလည်း အန်းတိတ်ကြိုးတံတားကြီးက ပန်းပန်နေဆဲဗျ။ တကမ္ဘာလုံးကလူတွေ ရွာရောက်ရင် ဒီတံတားအိုကြီးဆီပြေးပြီး ဓါတ်ပုံတွေရိုက်ကြတာပဲ။ ဓါတ်ပုံအရိုက်ခံရချက်ကတော့ လက်ဖျားခါလောက်တယ်။ ဆူပါမော်ဒယ်တွေတောင် သူ့လောက် ဓါတ်ပုံအရိုက်ခံရမယ်မထင်ဘူး။ အန်းတိတ်မော်ဒယ်ကြီးကို မနာလိုဘူးဗျာ။

ခုလည်း အန်းတိတ်မော်ဒယ်ကြီးကို ဓါတ်ပုံရိုက်မိပြန်ပေါ့။ ရာသီဥတုကလည်း သာယာချက်။ မြူမှုံဝေးကင်း တိမ်မှေးရှင်း။

အရွယ်မတိုင်ခင် ၂၂နှစ်သားအရွယ် ပျိုရွယ်စဉ်မှာ ကြွေလွင့်ခဲ့ရတဲ့ မြောင်းမြကြိုးတံတားအတွက် စိတ်မကောင်းဘူးဗျာ။

နားထဲမှာတော့ ရေဒီယိုသီချင်းဟောင်းလေးတစ်ပုဒ်ကို ကြားနေမိတယ်။

' တချိန်ကဆို....
ရွာလယ်ချောင်းဖြတ်တံတားအို
လက်တန်းဆွေးမြေ့ ကျိုးပဲ့ပြို
ဘုရားသွားကျောင်းတက် ဒီတံတားမှဖြတ်လျှင်
ကျိုးများကျလေမလား၊ ကျွံများကျွံသွားမလားလို့
စိုးရိမ်စိတ်အမြဲပို
ပြင်သူမရှိ၊ ဆင်သူမရှိ
ဖြတ်ကျော်သွားသူများ
ဥပက္ခာပြုလို့ဖြင့် နေလာခဲ့ကြ
နှစ်လကြာပြီကို..။'

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( ဓါတ်ပုံခရက်ဒစ် ကိုပေ(စက်မှု) )

လောကမှာ မြေ

လောကမှာမြေ...မြေ... မြေ...မြေ

မြေတွေနေလှမ်းရင်း ချမ်းသာတဲ့ခေတ်တစ်ခုရှိခဲ့သဗျ။ ဘာမှအလုပ်လုပ်ဖို့မလိုဘူး။ အလုပ်လုပ်ရင်တောင် အရှုံးပေါ်နိုင်သေးတယ်။ မြေဝယ်ပြီးသာ နေလှမ်းထားလိုက်။ အလိုလိုမြတ်ပြီးသားပဲ။

ဒီလိုနဲ့ မြေတွေဝယ်လိုက် နေလှမ်းလိုက်၊ မြတ်လိုက်၊ ရောင်းလိုက်နဲ့ ချမ်းသာလာတဲ့သူတွေတစ်ပုံကြီးကို တွေ့ခဲ့ဖူးရဲ့။

မြေဆိုတိုင်းတော့မဟုတ်ဖူးပေါ့လေ။ နေရာကောင်းဆိုတဲ့ (location) လေးတော့ ဖြစ်ရမှာ။

အခုတစ်ခါ လာပြန်ချည်သေး။မြေနေလှမ်းရင်း ချမ်းသာမဲ့အကွက်တစ်ခု။ မြန်မာပြည်မှာတော့မဟုတ်။ မောင်လူပေ ခေတ္တအခြေချနေထိုင်ရာ ဆာမိတို့ရွာလို့ တင်စားခေါ်ခဲ့ဖူးတဲ့ ဖရီးမောင့်(Fremont) မြို့လေးမှာပါ။

ဖရီးမောင့်ဆိုတာ တောမြို့လေးပါ။ အထပ်မြင့်တွေမရှိပါဘူး။ အိမ်ဟောင်းလေးတွေ တန်းစီနေပြီး လမ်းတွေက ခြောက်ကပ်ကပ်။ လမ်းလျှောက်သူမမြင်ရတဲ့မြို့။ ဒီမြို့လေးကဆန်ဖရန်စစ္စကိုနဲ့မိုင်သုံးဆယ်ဝေးတယ်။ ဆီလီကွန်တောင်ကြားက ပန်းသီးတို့ ဂူဂဲလ်တို့ရဲ့ ဆန်ဟိုဆေး(San Jose) နဲ့  မိုင်နှစ်ဆယ်ဝေးတယ်။ ဆန်ဖရန်နဲ့ ဆန်ဟိုဆေးရဲ့ကြားက ကြားမြို့လေးပေါ့။

ဒီမြို့ငယ်လေးမှာ ဆာမိတို့တွေလို့ ချစ်စနိုးနဲ့ကြည်စယ်ခေါ်ရတဲ့ အိန္ဒိယနွယ်ဖွားတွေအများစုရှိတယ်။ တကယ်ကတော့ ဖရီးမောင့်မြို့ အပါအဝင်ဖြစ်တဲ့ ဆီလီကွန်တောင်ကြား( Silicon Valley ) မှာ သူတို့တွေက ကြီးစိုးထားကြတာပါ။ အိန္ဒိယက computer software လောကမှာ ပထမ။ ဒီလောကမှာဘယ်နိုင်ငံကမှ သူတို့ကို မယှဉ်နိုင်သေးဘူး။ အဲဒီအိန္ဒိယက အရမ်းတော်တဲ့ ပညာရှင်အဆင့် software engineers တွေသာ ဒီဖက်ကို ရောက်လာနိုင်ကြတယ်။ အလုပ်ဗီဇာနဲ့ရောက်လာကြပြီး ကုမ္မဏီကကြိုက်တော့ အမြဲနေထိုင်ခွင့်ရကြ၊ နောက်တော့ အမေရိကန်တွေဖြစ်ပေါ့။

ဒီမြို့ငယ်လေးက ပြိုကြတော့မဲ့အိမ်ကို ဒေါ်လာတစ်သန်းနဲ့ ဈေးကွက်တင်လိုက်တာ တစ်သန်းနှစ်သိန်းသုံးသောင်းနဲ့ ဝယ်သွားပါသတဲ့။ အိမ်က ဝယ်ပြီးရင်ဖြိုချရမှာမို့ ဘဏ်ကချေးငွေရဖို့ခက်လို့ ငွေသားအပြည့်ပေးနိုင်သူ (Cash only) ကိုသာ ရောင်းလိုက်ပါသတဲ့။

ခေါင်းကလေးတခါခါနဲ့ စကားပြောတတ်တဲ့ ဆာမိတို့အမျိုးထဲကပဲ ဝယ်သွားတာ ဖြစ်ဖို့များတယ်။ ငွေထုတ်ပိုက်ပြီး ရောက်လာကြတာ သူတို့ရယ် ဆွေမျိုးပေါက်ဖေါ်တွေရယ်ပဲ ရှိတာ။ ဆာမိတို့ရွာကတော့ ဆာမိအမျိုးတွေအကြိုက်မို့ ပေါက်ဖေါ်ဖြစ်နိုင်ချေနည်းတယ်။ အခုလိုအိမ်ဈေးတွေမြေဈေးတွေ မိုးပေါ်တက်နေချိန်မှာ ဒေါ်လာသန်းချီကို ငွေသားနဲ့အပြည့်ပေးပြီး ဝယ်နေကြတာမို့ ပေါက်ဖေါ်ဖြစ်ဖြစ် ဆာမိတို့အမျိုးဖြစ်ဖြစ် တကယ့်ကို ချမ်းသာသူတွေပါပဲ။

အိမ်ဈေးတွေကျနေချိန်က ငွေပေါသူတွေ အိမ်ဝယ်ထားကြရင်ဖြင့် အခုတော့ မြေနေလှမ်းရင်း ငွေထုတ်ပိုက်မိနေကြပြီ။ ဆန်ဖရန်မှာ အိမ်တန်ဖိုးက သာမန်အိမ်အစုတ်လေးတောင်မှ ဒေါ်လာတစ်သန်းခြောက်သိန်းထိ ရောက်နေပြီ။ ဆီလီကွန်တောင်ကြားရဲ့အလယ်မြို့ဖြစ်တဲ့ ဆန်နီဗေး(Sunnyvale)မှာ အိမ်စုတ်လေးတစ်လုံးက ဒေါ်လာနှစ်သန်းတဲ့။ ဒါလဲ Cash only နဲ့ ဝယ်သွားပါသတဲ့။

ဒီမြေဈေးတွေက လုပ်ခလစာနဲ့ယှဉ်ရင် မဖြစ်နိုင်တဲ့ဈေးတွေမို့ ဘယ်တော့ပြန်ကျမယ်ဆိုတာ ဘယ်သူမှမသိ။ ပြန်ကျရင်တော့ ဝယ်မိသူတွေ မြေမြိုပြီပဲ။ ဒါပေမဲ့ ဒီနိုင်ငံမှာ မြေနေလှမ်းတဲ့အချိန်မှာ မြေခွန်ပေးရမယ်၊ ဘာခွန်ညာခွန်တွေရှိတယ်။ ရောင်းရင်လည်း ရောင်းခွန်ဆောင်ရဦးမှာပဲ။ ညာလို့မရ။ လိမ်လို့မလွယ်။

လွန်ခဲ့တဲ့ဆယ်နှစ်နီးပါးကာလ ၂၀၀၈-၂၀၀၉ လောက်က မြန်မာပြည်က သူဌေးမောင်နှံလာလည်တော့ အိမ်ဝယ်ထားဖို့ တိုက်တွန်းဖူးတယ်။ အဲဒီအချိန်က စီးပွားပျက်လို့ အိမ်ဈေးတွေထိုးဆင်းနေချိန်ပေါ့။ သူတို့မဝယ်သွားခဲ့ဘူး။

ဒီတစ်ခေါက်ပြန်တော့ သူတို့ကို ဒီကအိမ်တွေဈေးတက်ကြောင်းပြောပြမိတယ်။

သူဌေးက ပြန်ရှင်းပြပါတယ်" ကိုပေတို့ဆီမှာ ၂၀၀၉လောက်မှာ ငွေသုံးလေးသိန်းရင်းထားမှ ဆယ်နှစ်ကြာရင် သုံးဆလောက်တက်တာပါ။ တသန်းလောက်ပေါ့။ကျွန်တော်တို့ဆီမှာ အဲဒီအချိန်က နှစ်တိုင်းလိုလို နှစ်ဆပြန်တက်တာ။ သုံးသိန်းရင်းရင် သုံးသန်းမကဖြစ်နေပြီဗျ။ အခု ခေါက်ချိုးဆင်းဦးတော့၊ တသန်းခွဲတော့တန်သေးတာ။ အခွန်လည်း ရှောင်လို့ရတယ်၊ ဒီမှာ မြေနေလှမ်းရတာ ပိုကိုက်တာပါ။ " တဲ့။ အဲဒီလို ပြန်ရှင်းပြမှပဲ မြန်မာပြည်ဟာ မြေနေလှမ်းရင်း ချမ်းသာတယ်ဆိုတာ ယုံရပါတော့တယ်။ မောင်လူပေတို့ ခေတ္တဆန်ဖရန်က ခုမှ ဈေးတက်ဖို့ပြင်တုန်း။ မြန်မာ့မြေတွေက ရွှေသီးနေတာကြာရောပေါ့တဲ့။ သူငယ်ချင်းမိတ်ဆွေတွေလည်း မြေတွေနေလှမ်းရင်း ချမ်းသာနေကြတာ တွေ့ရတာမို့ မုဒိတာတွေ ပွားရပါတယ်။

မောင်လူပေလား။ နေလှမ်းစရာက ခြုံစောင်ပဲရှိတယ်။ ဒါလေးလည်း ခဏခဏနေလှမ်းရလွန်းလို့ အရောင်တွေတောင်လွင့်နေပါပြီ။

(မြေနေလှမ်းထားတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် ရောင်းချိန်တန်ပြီဖြစ်ကြောင်း သံချောင်းခေါက်လိုက်ရပါတယ်။)

မြန်မာပြည်မှာ မြေမြိုနေသူတွေရှိရင်လည်း မြေကြီးထဲကထွက်နိုင်ကြပါစေ။ မြေကြီးက ရွှေသီးကြပါစေ။

ချစ်တဲ့

မောင်လူပေ

ဆီးရီးယားသို့ ကလေးကြီးရဲ့ လက်ဆောင်

ကလေးဆိုးကြီး ဒေါ်နယ်ထရန့်က ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်အသုံးပြုမှုကို တုန့်ပြန်သောအားဖြင့် အမေရိကားရဲ့ နာမည်ကျော် တမားဟော့ခ်ဒုံးကျည်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ဆီးရီးယားအစိုးရကို ထောက်ပံ့အားပေးနေတဲ့ ရုရှားကလည်း ပစ်ရဲရင်ပစ်။ ဒုံးကျည်ကာကွယ်ရေးစနစ်တတ်ဆင်ပေးထားတာမို့ ပစ်သမျှဒုံးကျည်တွေကို လေထဲမှာပဲ ပစ်ချလိုက်မယ်လို့ တုန့်ပြန်ခဲ့တယ်။ ဘာမှကြောက်ဖို့မလိုဘူးတဲ့။

ဒေါ်နယ်ထရန့်ရဲ့ ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုက တကယ်လက်တွေ့ ဖြစ်ခဲ့ပါရဲ့လား။

ဟုတ်ကဲ့။ ပြောထားတဲ့အတိုင်းပဲ အမေရိကားရဲ့ တမားဟော့ခ်ဒုံးကျည်တွေနဲ့ ဆီးရီးယားကို ပစ်ပါတယ်။ အင်္ဂလိပ်နဲ့ပြင်သစ်လည်း ပူးတွဲပစ်ကြသတဲ့။ လေယာဉ်တွေနဲ့ရော သဘောင်္ပေါ်ကပါ ဒုံးကျည်မိုးရွာပါတယ်။

ဆီးရီးယားနိုင်ငံရဲ့မြိုတော်တဝိုက်က ဓါတုလက်နက်စခန်းလို့ ယူဆရတဲ့နေရာတွေ စိစိကြေသွားပါတယ်။

ရုရှားရဲ့ဒုံးခွင်းဒုံးစနစ်က တမားဟော့ဒုန်းကျည်တစ်လုံးတစ်လေလောက်ကိုပဲ ပစ်ချနိုင်ပုံရတယ်။ ဒုံးကျည်အားလုံးလိုလိုက ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြတယ်။ ရုရှားရဲ့ဒုံးကျည်ကာကွယ်ရေးစနစ် အလုပ်မဖြစ်တာ သေချာသွားပြီ။ ရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်ကလည်း လေယာဉ်တွေကို ပစ်မချနိုင်ခဲ့ပါ။

ဆီးရီးယားမြို့တော်တဝိုက်မှာရှိတဲ့ ရုရှားအကူအညီနဲ့ ငွေတွေအများကြီးအကုန်ခံပြီးတည်ဆောက်ထားခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကြီးက လက်တွေ့အလုပ်မဖြစ်ခဲ့။ ရုရှားစစ်ပစ္စည်းတွေက အမေရိကန်စစ်ပစ္စည်းတွေလောက် အစွမ်းမထက်ဖူးဆိုတာ သက်သေပြလိုက်ပြန်ပြီ။ ( ရုရှားအကူအညီနဲ့ လေကျယ်နေတဲ့နိုင်ငံတွေ သတိပြုဖွယ်။)

အမေရိကန်ရဲ့ တမားဟော့ခ်ဒုံးကျည်ကတော့ ပန်းပန်နေဆဲပါပဲ။

အဝေးရောက်ရထား

အဝေးရောက်ရထား

ရာသီပြောင်းချိန်မှာပေါ့။

အရွယ်ညောင်းနေတဲ့
ရွှေရတုရထား
ငါးဆယ့်သုံးဘူတာမြောက်
ဆိုက်ရောက်တဲ့အချိန်။

ဂိမ္မာန်အခါ
ငုဝါတွေနဲ့အပြိုင်
ပိတောက်တွေလှိုင်လို့
မြို့တိုင်းရွာမကျန်
သင်္ကြန်ပွဲတော်
နွှဲပျော်ကျင်းပ
ပျော်ကြရွှင်ကြ။

ရထားအိုကတော့
အသာ့နှင်ရာ
နောက်ဘူတာခရီး
ဆက်ပြီးသွားရဦးမှာ။

စာဥရေ....
ရထားထွက်တော့မယ်။

ဘယ်ခရီးကိုဘယ်လို
ကြိုမပြောနိုင်အားလို့
ငါးဆယ့်လေးဘူတာမြောက်
မဆိုက်ရောက်ခဲ့ရင်တောင်
နင်(နင့်)ကိုမှာခဲ့ပါရစေ
ရွာကသူငယ်ချင်းတွေကို
ရထားအိုက
လက်ပြနှုတ်ဆက်ခဲ့ပါတယ်.. လို့
ပြောပြပေးပါ..... ကွယ်။  ။

ကလေးဆိုးကြီးဒေါ်နယ်

ကလေးဆိုးကြီး

အမေရိကန်သမ္မတထရန့်ကို ကလေးဆိုးကြီးနဲ့ တင်စားကြသဗျ။ တကယ့်ကလေးဆိုးကြီးလိုပဲ။ သူလုပ်ချင်ရာ လုပ်တဲ့သူ။ သူလိုချင်တာ မရလို့ကတော့ ဘယ်သူဖြစ်ဖြစ်ဖြုတ်မှာ။

ရီဗာပလီကင်ပါတီလို့ခေါ်တဲ့ ရှေးရိုးစွဲဝါဒီတွေကြီးစိုးတဲ့ပါတီက သမ္မတလောင်းဝင်ရွေးပြီး သမ္မတဖြစ်လာတာပေမဲ့ ဒီပါတီက လူကြီးတွေကလည်း သူနဲ့အဆင်ပြေလှတာမဟုတ်။ အခုလည်း သူတို့ပါတီကြီးစိုးထားတဲ့ အောက်လွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ( House Speaker ) ဖြစ်တဲ့ ပေါလ်ရိုင်ရန် ( Paul Ryan ) က လာမဲ့ mid-term ရွေးကောက်ပွဲမှာ ဆက်ပြီးအရွေးမခံတော့ဘူးလို့ ကြေညာပြီး ထရန့်နဲ့ ညောင်ညိုပင်လမ်းခွဲဇာတ်ကို စပါပြီ။

အမေရိကားမှာ အောက်လွှတ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဆိုတာ နံပါတ်သုံးနေရမှာရှိတာဗျ။ မြန်မာပြည်မှာဆိုရင် ဒုတိယသမ္မတ(၂)လိုနေရာမျိုးပဲ။ အောက်လွှတ်တော်အမတ်နေရာက ထွက်ပြီဆိုရင် ဒီနေရာကို ပြန်မရနိုင်တော့ဘူး။

တကယ်တော့ ပေါလ်ကလည်း သမ္မတလောင်းဝင်ရွေးခဲ့သူပဲ။ သမ္မတလောင်းရွေးပွဲမှာ ထရန့်ကို ရှုံးခဲ့သူပေါ့။ ဒါပေမဲ့ သူက ဆက်ဆံရေးညက်တယ်။ တဖက်က ဒီမိုကရက်တွေနဲ့လည်းအဆင်ပြေတယ်။ သမ္မတထရန့်လို့ ပေါက်ပန်းဈေးပါးစပ်နဲ့ တွေ့ကရာလူကို ဝေဖန်တိုက်ခိုက်နေသူမဟုတ်ဘူး။ ဒါကြောင့် ဒီလိုနံပါတ်သုံးနေရာကို ရခဲ့တာ။

ဒီနေရာရပေမဲ့လည်း သူနဲ့ထရန့်က သိပ်ပြီးအဆင်တွေပြေတဲ့သဘောမရှိခဲ့ပါဘူး။ ထရန့်ရဲ့ အပြောမတတ်မှုတွေကြောင့် ပြသနာတက်တိုင်း နောက်ကနေပြီး ဖြေရှင်းနေရတဲ့သူ အဆင့်ပါပဲ။

ထရန့်ကတော့ သူ့ဝသီအတိုင်း သူကောင်းတယ်ထင်ရင် လွှတ်ပြီးချီးမွမ်းမယ်၊ သူမကြိုက်တော့ရင်ဖြုတ်မယ်၊ သူ့ကို ဝေဖန်တိုက်ခိုက်တဲ့ သတင်းဌာနတွေကို ရန်လုပ်မယ်၊ သတင်းတုတွေလို့ တွီတာ(Tweeter)မှာရေးမယ်။ အမေရိကန်သမ္မတတွေထဲမှာ နေ့တိုင်းလိုပဲ ကလေးတစ်ယောက်လို သူ့စိတ်ထဲမှာရှိသမျှကို တွိ(tweets)လုပ်တဲ့ ရှားပါးသမ္မတထရန့်ပေါ့။ တော်သေးရဲ့။ Facebook မသုံးလို့။ နို့မို့ဆို Facebook မှာပါ သူရဲ့ status တွေ ဖတ်နေရမှာ။

ထရန့်ရဲ့ You’re fire. နဲ့မတွေ့ချင်ပဲတွေ့သွားသူတွေ အများကြီးထဲမှာ သူမပါပေမဲ့ အတူတွဲလုပ်ဖို့ စိတ်ကုန်သွားပြီမို့ အစောကြီးထဲက ညောင်ညိုပင်လမ်းခွဲလိုက်တာ။ ပြောင်းလဲချိန်တန်ပြီဆိုတာ အမေရိကားရဲ့ သမ္မတထရန့်ဦးဆောင်တဲ့အစိုးရကြီးမှအစစ်။ ခဏခဏ လူပြောင်းလွန်းလို့ လူသစ်တွေကို မနည်းလိုက်မှတ်နေရတယ်။

အခုလည်း တွိပြန်ပေါ့။ ရုရှားရေ၊ စောင့်နေပေတော့၊ ပိုသစ်ပြီး စွမ်းရည်မြင့်တဲ့ အမေရိကန်ဒုံးပျံတွေ ဆီးရီးယားကို လာမယ်တဲ့။

ဆီးရီးယားပြသနာက ဇာတ်ရှုတ်ကြီးပါ။ ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့သပွတ်အူလိုက်နေတဲ့နိုင်ငံတွေမှာ အာဏာရှင်တွေ ကြာရှည်တတ်ပါတယ်။ မြန်မာပြည်လိုပေါ့။ ဒီလို သပွတ်အူနိုင်ငံထဲမှာ ဆီးရီးယားပါတယ်။

ဆီးရီးယားမှာ ဆွန်နီမွတ်စလင်တွေလူများစုရှိပေမဲ့ လူနည်းစုရှီးယားမွတ်စလင်အစိုးရက အုပ်ချုပ်နေတယ်။ အရှေ့အလယ်ပိုင်းက နှစ်ပေါင်းထောင်ချီ ယဉ်ကျေးမှုတွေနဲ့ပြည့်နေတဲ့နိုင်ငံတစ်ခုပီပီ ဖြေရှင်းမရနိုင်တဲ့ပြသနာပေါင်းစုံကလည်း ထောင်ချီရှိတယ်။ နိုင်ငံရေးပြသနာကသာ ဖြေရှင်းလို့လွယ်နိုင်ပေမဲ့ ဘာသာရေးပြသနာက ဖြေရှင်းဖို့မလွယ်။

အလီအသတ်ခံရဲ့တဲ့ အာဏာလုပွဲကနေ ဆွန်နီ၊ ရှီယားဆိုပြီး မွတ်စလင်တွေကွဲခဲ့ကြတာ ဒီနေ့ခေတ်ထိ မပြီးသေးပါဘူး။ ရှီယားက လူနည်းစုမို့ ပိုစည်းရုံးကြတယ်။ ရှီယားမွတ်စလင်တွေရဲ့ခေါင်းဆောင်က အီရန်၊ ဆွန်နီမွတ်စလင်တွေရဲ့ခေါင်းဆောင်က ဆော်ဒီအာရေဗျ။  သူတို့တွေရဲ့အားပြိုင်ပွဲက ယီမင်ပြည်တွင်းစစ်ရယ်၊ အခုဖြစ်နေတဲ့ ဆီးရီးယား ပြည်တွင်းစစ်ရယ်ပေါ့။

အာဏာရှင် ဆီးရီးယားသမ္မတအာဆတ်ကို ဖြုတ်ချဖို့ ကြိုးစားနေတာ အာရပ်နွေဦးဖြစ်ခဲ့တဲ့အချိန်ကစတယ်။ အခုတော့ ပြည်သူသန်းပေါင်းများစွာ ထွက်ပြေးနေရပြီး ငါးသိန်းကျော်လောက် သေခဲ့ကြပြီးတဲ့အထိ မပြီးနိုင်သေး။

ခွဲထွက်ဖို့လိုလားတဲ့ ဆွန်နီတိုက်ခိုက်ရေးသမားတွေကို အမေရိကားကထောက်ပံ့တယ်။ သူတို့တွေကလည်း အဖွဲ့တွေများစွာရှိသလို အချင်းချင်းမတည့်ကြ။ ဒါပေမဲ့ဆွန်နီမွတ်စလင်တွေမို့ ဆော်ဒီလိုနိုင်ငံတွေ ဝင်ကူညီနေတယ်။ ဆီးရီးယားအစိုးရကိုတော့ ရှီယားခေါင်းဆောင်အီရန်ရယ်၊ ရုရှားရယ်က ထောက်ပံ့နေတယ်။ ဒီအဖွဲ့တွေအပြင် သီးခြားနိုင်ငံထူထောင်ဖို့လိုလားတဲ့ ကတ်သူပုန်တွေလည်း ရှိသေးတယ်။သပွတ်အူ ပြသနာတွေ။

ဆီးရီးယားက ရုရှားရဲ့အကျိုးစီးပွားတွေအများကြီးရှိတဲ့နိုင်ငံ။ ဒါကြောင့် သူ့အကျိုးအတွက် ရုရှားက ဝင်ပါနေမှာပဲ။ ပင်လယ်နက်ရဲ့ထွက်ပေါက်၊ ရေနံသိုက်တွေ၊ စစ်စခန်းတွေ အများကြီး။ အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့သြဇာခံနိုင်ငံဆိုလို့ ဒီနိုင်ငံပဲကျန်တာ။ ဘယ်လျှော့မလဲ။

အခုလည်း ဆီးရီးယားမှာအဆိပ်ငွေ့သုံးတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အမေရိကားက ဒုံကျည်တွေပစ်ပေဦးမယ်။

အရင်နှစ်ကတော့ ရုရှားတွေကို ကြိုတင်အသိပေးရှောင်ခိုင်းပြီး တစ်စင်းကိုဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိတဲ့ တိုမားဟော့(Tomahawk)ဒုံးကျည်ပေါင်း ၅၉စင်းကို မြေထဲပင်လယ်ထဲက စစ်သဘောင်္တွေကနေ ဆီးရီးယားလေတပ်စခန်းတစ်ခုကို ပစ်ခဲ့ဖူးတယ်။

အခုနှစ်မှာတော့ ဆီးရီးယားကို ဒုံးကျည်နဲ့ပစ်ရင် ပစ်ချမယ်လို့ ရုရှားကပြောထားလေရဲ့။ ထရန့်ကတော့ သူပစ်မဲ့ဒုံးကျည်ကို ပစ်ချဖို့အတွက် အသင့်ပြင်ထားတော့လို့ တွိလိုက်ပါပြီ။ တကယ်ပစ်ချနိုင်စွမ်း ရှိမရှိကတော့ မကြာခင် သိရတော့မယ်။

အမေရိကားရဲ့ တိုမာဟော့ဒုံးကျည်ကို ပစ်ချနိုင်ရင် ရုရှားရဲ့ ဒုံးခွင်းဒုံးစနစ်နာမည်ရမယ်။ မပစ်ချနိုင်ရင် အမေရိကန်ဒုံးကျည်က ဆက်လက်ပန်းပန်မယ်။ လက်နက်ဈေးကွက်မှာ ပြိုင်နေတဲ့ နိုင်ငံနှစ်ခုရဲ့ လက်နက်စမ်းသတ်ပွဲဆိုလည်း မမှား။ တကယ်ပစ်ရင်လည်း ကြိုတင်အသိပေးပြီးမှ ပစ်တာမို့ ပြေးချိန်ရလို့ ရုရှားတွေလည်း သေစရာမရှိ။

ကလေးဆိုးကြီးထရန့်ကို နယူးယော့ခ်ကာ မဂ္ဂဇင်းကာဗာမှာ ကလေးပုံနဲ့လှောင်ပြောင်ထားတဲ့ပုံလေးယူသုံးလိုက်တာ။ အမေရိကားနဲ့ ရုရှားတို့ လက်နက်ပြိုင်ပွဲအဖြေကို စောင့်ကြပါစို့

သင်္ကြန်အလွမ်း

အမေရိကားမှာတော့ သင်္ကြန်မကျသေးပါ။ သကြားမင်းလည်း အမေရိကားကို လာဖို့ဗီဇာရသေးဟန်မတူ။ အမျိုးသားရေးသမားကြီး ဒေါ်နယ်ထရန့်ကလည်း ဖိတ်ကြားဟန်မရှိသေး။

ဒေါ်နယ်ထရန့်လည်း သူ့ဒုက္ခနဲ့သူ။ သူ့ရဲ့ အရင်းနှီးဆုံးရှေ့နေကို အမေရိကန်ရဲ့ စသုံးလုံးအဖွဲ့ဖြစ်တဲ့ FBI က ရုံးခန်းတွေအိမ်တွေမှာ ရှောင်တခင် ဝင်စစ်နေ၏။ လွန်ခဲ့သော ၂၀၁၆ရွေးကောက်ပွဲမတိုင်ခင်ကာလက ထရန့်နဲ့ပတ်သက်ခဲ့ဖူးသူအပြာကားသရုပ်ဆောင်မော်ဒယ်ကို ဒေါ်လာတသိန်းကျော်ပေးပြီး ပါးစပ်ပိတ်ခိုင်းခဲ့သူက ထိုရှေ့နေပင်။

၂၀၁၆ရွေးကောက်ပွဲနိုင်ခဲ့အောင် ရုရှားက ပံ့ပိုးသည်ဆိုသောစွတ်စွဲချက်ကို စစ်ဆေးရန်ခန့်ထားသူ အထူးစစ်ဆေးရေးမှူးမူလာ၏အမိန့်ဖြင့် စသုံးလုံးဝင်စစ်ခဲ့သည်ကို ဒေါသတွေထွက်ရင်း အလုပ်များနေရှာသူထရန့်မှာ ဆီးရီးယား၏ဓါတုလက်နက်သုံးမှုကို အရေးယူရန်ဆိုကာ အထူးအစည်းအဝေးကလည်း ရှိနေပြန်သည်။

မကြာခင်ကတော့အသုံးမပြုတော့သည့် ဆီးရီယားလေဆိပ်တစ်ခုကို အမေရိကန်ဒုံးကျည်ဖြင့်ပစ်ခတ်ပြီး အရေးယူခဲ့သေး၏။ ဒီအခေါက်လည်း ထိုကဲ့သို့ဆိုလျှင် ဒုံးကျည်ကုန်တာပဲအဖတ်တင်လိမ့်မည်။ ဒုံးကျည်တွေ တောင်လိုပုံပြီး ထားရန်နေရာမရှိတော့၍ ဖြုံးတီးနေသည်လားမသိ။

ပြသနာပေါင်းသောင်းခြောက်ထောင်ကိုဖြေရှင်းရင်း မီဒီယာကို သတင်းတုတွေဟုစွတ်စွဲရင်း မအားရှာသော သမ္မတကြီးထရန့်ကား မြန်မာပြည်တွင် တနင်္ဂနွေဂြိုလ်မင်း မီးတုတ်ကိုင်ဆင်းမည်ကို ကြားအံ့မထင်။ တနင်္ဂနွေဂြိုလ်မင်း(ဝါ)မြန်မာတို့၏သကြားမင်းက ကျွဲစီးလိုက်၊ နွားစီးလိုက်နှင့် တစ်နှစ်မှတစ်ခါ မြန်မာပြည်သို့ ဆင်းနေရချိန်တွင် စကြာင်္ဝတေးမင်းထရန့်က အဲယားဖို့ဝမ်းကြီးစီးကာ သူဆင်းချင်ရာနေရာ ဆင်းနေပေ၏။

အမေရိကားပြည်၏သင်္ကြန်ကား သကြားမင်းနှင့်မဆိုင်။ သူဆင်းဆင်းမဆင်းဆင်း အကြောင်းမဟုတ်။ ထို့ကြောင့် အတာအိုးလည်း ထိုးရန်မလို။ သင်္ကြန်ကိုအဆင်ပြေသလို ကျ၍ရသည်။ ဘယ်သူမှလည်းတရားလာမစွဲ။ LAသင်္ကြန်က ရှေ့အပတ်၊ SF ကွန်မြူနတီသင်္ကြန်က မေလ(၂၇)ရက်၊ NY သင်္ကြန်က ဂျူလိုင်လ၊ အဆင်ပြေသလို ကြည့်လုပ်ရသော သင်္ကြန်များပါ။ ဘယ်နေ့ပဲ သင်္ကြန်ပွဲလုပ်လုပ် သကြားမင်းဝတ်စုံဝတ်ထားသူက စင်ပေါ်တက်ပြီး သင်္ကြန်ကျပြီလို့ ကြေညာလိုက်လျှင် သင်္ကြန်ကျပြီ။ မြန်မာနှစ်သစ်ကူးပြီ။ အမေရိကန်စတိုင်။

သို့ပါသောကြောင့် အမေရိကားတွင် ခေတ္တရောက်ရှိ အခြေချ၊ ရေမျောကမ်းတင်ဖြစ်နေရသူ မောင်လူပေမှာ ဘယ်သင်္ကြန်ကို ဖောလိုးရမည်မသိ။ ဒီကြားထဲမှာ ဘုန်းကြီးကျောင်းသင်္ကြန်လည်း ရှိသေးသည်။ လာမဲ့ မေလ(၆)ရက်နေ့မှာ မေတ္တာနန္ဒကျောင်း(ယခင် ဖရီးမောင့်ထန်းနှစ်ပင်ကျောင်း) သင်္ကြန်ရှိပါသည်။ ဈေးရောင်းကြပါမည်။ ရေပက်ကြပါမည်။ ကကြခုန်ကြပါမည်။ မိုက်ခဲကိုကို မမတွေ အပြတ်ဟဲကြပါဦးမည်။

ရွှေပြည်ကြီးမှာတော့ သင်္ကြန်နီးလေပြီ။ အိန္ဒိယက ဟိန္ဒြူတို့၏အယူအဆဆိုသည်ကို မည်သူမျှမသိကြတော့ပြီ။ မြန်မာကကော်ပီယူပြီး ဖြတ်ညှပ်ကပ်လုပ်ထားတာ ပုဂံခေတ်တရုတ်ပြေးမင်းလက်ထက်ထဲကဆိုတော့ မြန်မာမှုစစ်စစ်လိုလို ဖြစ်နေပြီ။ မြန်မာ့ယဉ်ကျေးမှုဆိုသည်များကလည်း ကော်ပီတစ်ဝက်မို့ ကော်ပီသင်္ကြန်ဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ပျော်စရာကောင်းလှသည်။

ယိုးဒယားသင်္ကြန်တို့ လာအိုသင်္ကြန်တို့က ဒီလောက်ပျော်စရာမကောင်းလှ။ ဆေးပြားတွေ အရက်တွေ ဘီယာတွေလည်း လှိုင်လှိုင်မပေါ။ ရိုးရာယဉ်ကျေးမှုအဝတ်တွေဝတ်ပြီး အလှပြကားတွေ ပတ်နေသည်ကများသည်။ ရေပက်တာနည်းနည်း။

မြန်မာသင်္ကြန်ကတော့ မြန်မာ့ယဉ်ကျေးမှုတွေဘာတွေကို ဗဟိုမဏ္ဍပ်မှာ ဆုပေးဖို့သာ ထားခဲ့တော့။ ကျန်တာ ကိုယ့်သဘော။ ဆေးပြားတွေ၊ အရက်တွေ၊ဘီယာတွေက မဏ္ဍပ်တိုင်းမှာ လိုသလောက်ရနိုင်သည်။ အလုံပိတ်အခန်းပါ နားနေနိုင်ဖို့ ထည့်ပေးသေးသတဲ့။ ကိုင်း.. ဘာလိုသေးသနည်း။ ပိုက်ဆံများများသာ ရှာပေတော့။ မရလျှင် သားသမီးများ၏ ရန်ရှာမှုကိုခံရပါအံ့။

ဘာအကြောင်းရေးနေမှန်းတောင်မသိတော့ပါ။ ဘာပဲဖြစ်ဖြစ် ရှေးလူကြီးဖြစ်နေသော အန်းတိတ်လူပေကတော့ ငယ်ငယ်က သင်္ကြန်ကိုလွမ်းပါသည်။ လူငယ်ပီပီ အရက်နှင့်မကင်းခဲ့သော်လည်း စည်းကမ်းနဲ့သာ သင်္ကြန်မှာပျော်ခဲ့ပါ၏။ တက္ကသီလာရေကစားမဏ္ဍပ်လုပ်ကြပြီး သူငယ်ချင်းတွေပျော်ခဲ့ကြသည်။ ယခုလည်း ထိုမဏ္ဍပ်က ပြန်လည်ရှင်သန်ခြင်းဖြင့် မွေးရပ်မှာ ပျော်ကြလိမ့်မည်။ လူမလာနိုင်သောကြောင့် စိတ်ဖြင့်သာ ရောက်ပါအံ့။

မကြာခင်ရောက်တော့မည့် မြန်မာနှစ်သစ်မှာ သူငယ်ချင်းရောင်းရင်း မိတ်ဆွေတွေ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

(သင်္ကြန်မရောက်သေး၍ မဗွမ်းသေးတာ ခွင့်လွှတ်ပါ။)

ကုန်သွယ်ရေးစစ်ပွဲတဲ့လား

ကုန်သွယ်ရေးစစ်ပွဲတဲ့လား

အခုတလောသတင်းထဲမှာ ခေတ်အစားဆုံးက ကုန်သွယ်ရေးစစ်ပွဲကိစ္စ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နံပါတ်တစ်နဲ့နံပါတ်နှစ်တို့ကြားက အငြင်းပွားမှု။

အမေရိကန်သမ္မတထရန့်က မဲဆွယ်စဉ်ဂတိပြုချက်ထဲက တစ်ခုဖြစ်တဲ့ တရုတ်နဲ့ကုန်သွယ်ရေးလိုငွေပြတာများနေမှုကို လျှော့ချမယ်ဆိုတဲ့အချက်ကို အကောင်အထည်ဖေါ်ဖို့ကြိုးစားနေတယ်။

၂၀၁၇ကုန်သွယ်မှုစာရင်းအရ တရုတ်ပြည်က အမေရိကားကို ဒေါ်လာ ၅၀၀ဘီလျှံကျော်အထိ တင်ပို့ခဲ့ပြီး၊ အမေရိကားက တရုတ်ပြည်ကို ဒေါ်လာ ၁၃၀ဘီလျှံအထိပဲ တင်ပို့နိုင်ခဲ့တယ်။ ဒါကြောင့်အမေရိကားရဲ့ တရုတ်နဲ့ကုန်သွယ်လိုငွေပြမှုဟာ ကုန်သွယ်မှုရဲ့ လေးပုံသုံးပုံနီးပါး။

တရုတ်ပြည်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက်ဆိုပြီး သွင်းကုန်အတော်များများကို ကန့်သတ်ထားတယ်။ ဒါတွေကို အမေရိကားအနေနဲ့ ဖြေလျှော့စေချင်တယ်။ အမေရိကားကို တရုတ်ပြည်လုပ် Made in China တွေ တောင်လိုပုံအောင် တင်သွင်းနေပေမဲ့ တရုတ်ပြည်အတွက်ကိုတော့သူတို့ လိုအပ်တာလောက်ကိုပဲ ရွေးပြီးတင်သွင်းခွင့်ပြုထားတာ။

ဒါလိုဖြစ်နေတာကြာလှပေါ့။ အခုတော့ ထရန့်က တရုတ်ပြည်ကသွင်းမဲ့ကုန်ပစ္စည်းတွေထဲက ၅၀ဘီလျှံဖိုးကို သီးခြားအခွန်ကောက်ဖို့မှာကြားတယ်။ နောက်နေ့မှာ နောက်ထပ် ဘီလီယံ ၁၀၀ဖိုး အခွန်စီးကြပ်ဖို့ ထပ်ပြောပြန်တယ်။ စုစုပေါင်းဘီလျှံ၁၅၀ ဆိုတာ တရုတ်သွင်းကုန်ရဲ့ လေးပုံတစ်ပုံပဲ။

တရုတ်ကလည်း အားကျမခံ။ အမေရိကားရဲ့ သွင်းကုန်တွေကို တန်ဖိုးထပ်တူအခွန်တိုးကောက်မယ်လို့ ချိမ်းခြောက်တယ်။ အမေရိကားသွင်းကုန်အားလုံးကို အခွန်တိုးကောက်ရမဲ့သဘော။

ဒီလိုကုန်သွယ်ရေးစစ်ပွဲဖြစ်လာရင် ဘာတွေဖြစ်လာနိုင်ပါသလဲ။

အမေရိကားက Made in China ပစ္စည်းတွေဖြစ်တဲ့လျှပ်စစ်ပစ္စည်းတွေအပါအဝင် အတော်များများ ဈေးတက်မှာပေါ့။ အိမ်တွေမှာက ဒီလိုပစ္စည်းတွေစုပုံနေတာမို့ မဝယ်ပဲ အဟောင်းတွေ ဆက်သုံးကြမှာ။

တရုတ်ပြည်ကိုအမေရိကားက အဓိကပို့နေတာက ပဲပိစပ်၊ အမဲသား၊ ဝက်သား၊ လေယာဉ်၊ကား စတာတွေပါတဲ့။ ပဲပိစပ်အဓိကစိုက်တဲ့ပြည်နယ်တွေက ထရန့်ကိုထောက်ခံကြတဲ့ လယ်ယာစိုက်ပျိုးရေးအခြေပြုသူတွေကတော့ အထိနာမဲ့သဘော။ အမေရိကန်တွေကို ပဲပိစပ်ပိုစားဖို့ တိုက်တွန်းပြီး တရုတ်ပြည်မပို့ပဲ ပြည်တွင်းမှာဖြန့်ဖို့ပဲရှိတယ်။ အမေရိကန်တွေက ပဲပိစပ်မစားတတ်ကြတော့ ပဲစားပွဲတော်တွေဘာတွေ လုပ်ရမှာပေါ့လေ။

ဒီသတင်းတွေကြောင့် စတော့တွေလည်းကျ။ DOW အညွှန်းကိန်းဆို ၅၀၀ကျော်ထိ ထိုးဆင်းသွားရော။ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှုမရှိရင် ဖြစ်တတ်တဲ့သဘောတစ်ခု။

တရုတ်ပြည်အတွက်လား။ မပူနဲ့။ သူက နည်းမျိုးစုံသုံးပြီး အမေရိကားကို ပစ္စည်းပို့လို့ရအောင် ကြိုးပမ်းမှာပေါ့။ Made in China ကို အခွန်တိုးကောက်ရင် အဲဒီတံဆိပ်တွေခွာပြီး Made in Thailand တို့ Made in Malaysia တို့နဲ့ပို့ပါလိမ့်မယ်။ သူ့မှာ အဲဒီလို လုပ်နိုင်သူတွေ ရှိတယ်။

မယုံမရှိနဲ့။ တလောက တရုတ်ပြည်ရဲ့ ပျားရည်ခပ်ညံ့ညံ့နဲ့ သကာရေရောပျားရည်တုတွေကို အမေရိကားက သွင်းခွင့်ပိတ်ပြီး အခွန်တိုးကောက်တော့ ဒီနည်းကိုသုံးတာပဲ။ တရုတ်ပျားရည်တွေက ထိုင်းတို့မလေးတို့ရောက်သွားပြီး တံဆိပ်ပြောင်းနဲ့ ပြန်ဝင်လာခဲ့တာပဲ။ အမေရိကန်FDA က သွင်းကုန်အားလုံးရဲ့ နှစ်ရာနှုန်းလောက်ပဲ စစ်နိုင်တော့ မိတာနည်းနည်း လွတ်တာများများပါပဲ။

တရုတ်အစိုးရရဲ့ ကုန်သွယ်ရေးပေါ်လစီကတခြား၊ တရုတ်ကုန်သည်နဲ့စက်ရုံပိုင်ရှင်တွေက တခြား။ အာရှမှာတရုတ်ပိုင်စီးပွားရေးတွေချည်းပဲ။ ပုံပြောင်းရတာ လွယ်လွယ်လေး။

တကယ့်ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ရင်တော့ အဓိက အထိနာမှာတရုတ်ပြည်ပဲ။ အမေရိကားကို အဓိကအားထားပို့နေရတာ။ အမေရိကားကို ထိမယ်ဆိုဦးတော့ ပထမနဲ့ဒုတိယဆိုပေမဲ့ GDPရော PPP ရော အတော်ကွာနေသေးတယ်။ ရှေးသူဌေးနဲ့ ခေတ်ပေါ်သူဌေး ကွာသလိုပေါ့။ ( မြန်မာပြည်က ခေတ်ပေါ်သူဌေးတွေကတော့ ရှေးသူဌေးထက် ပိုချမ်းသာပါတယ်။ သူတို့က လက်ဝါးကြီးအုပ်ခွင့်ရခဲ့လို့။ ဤကားစကားချပ်။)

ကျွန်တော့အထင်ကတော့ ဘယ်နိုင်ငံကမှ စီးပွားရေးထိခိုက်မှာ မလိုလားတဲ့အတွက် မကြာမီအတွင်း နှစ်နိုင်ငံကလူကြီးတွေ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဒီကိစ္စပြေလည်သွားမယ်လို့ ထင်မြင်ပါကြောင်း။

အိမ်ထောင်သက် ၂၅နှစ်ပြည့်တဲ့ သူငယ်ချင်းတို့မောင်နှံအတွက်

သူငယ်ချင်းမိတ်ဆွေကြီး ကိုရင်ချက်တို့စုံတွဲ မင်္ဂလာသက် ၂၅နှစ်ပြည့်တယ်။ အားရဝမ်းသာနဲ့ Congratulations...!!!! 🎉🎈🎊🍾 တွေလုပ်ပေါ့။ ခြင်းထဲမှာ ၂၅နှစ်ကြာနေနိုင်ဖို့ လွယ်တာမှတ်လို့။

ခင်မင်ရတဲ့ လူငယ်စုံတွဲကမေးတယ်။ နှစ်အကြာကြီး အိမ်ထောင်ရေးတည်မြဲအောင် ဘယ်လိုနေထိုင်ရပါလဲ..တဲ့။ ဟိုစပ်စပ် ဒီစပ်စပ်စာတွေရေးတတ်တော့ အတော်သိမယ်ထင်ပြီး အားကိုးတကြီးမေးရှာတယ်။ တကယ်ကတော့ ဘာဘာ..ဘာမှမသိ။

ဆရာနန္ဒသိန်းဇံရေးတဲ့စာလေးအမှတ်ရတယ်။ "အောင်မြင်တဲ့အိမ်ထောင်ရေးဆိုတာ မျက်စိကန်းနေတဲ့မိန်းမနဲ့နားပင်းနေတဲ့ယောက်ျားတို့ကြားက အိမ်ထောင်ရေးမျိုး" တဲ့။ အဲ့လိုနေတတ်ကြရင် အိမ်ထောင်ရေးသာယာပါတယ်လို့ သူများစာတွေငှားပြီး ပြောပြလိုက်တယ်။ နားလည်မှုတည်ဆောက်ပေါ့ ဘာညာနဲ့ အဆစ်ပေးလိုက်တော့ ဟုတ်မှာပဲဆိုပြီး ကျေးဇူးတွေတင်လို့။

တကယ်တော့ ဒီထောင်ကတစ်သက်တစ်ကျွန်း။ ကိုယ့်သဘောနဲ့ကိုယ် လက်မှတ်ထိုးပြီး ဝင်ခဲ့တာ။ ဘယ်သူမှ ရိုက်ပြီးထည့်ထားတာမဟုတ်ဘူး။ ဒီထောင်ထဲဝင်ဖို့လည်း လွယ်ခဲ့တာမဟုတ်။ အတော်ကြိုးစားပြီးမှ ရောက်ခဲ့တာ။

ဂရိပညာရှင်ကြီး ဆိုကရေးတီး(Socrates) အကြောင်းလည်းကြားဖူးရဲ့။ ဒီပုဂ္ဂိုလ်ကြီးက အရမ်းတော်တဲ့ အတွေးအခေါ်ပညာရှင် ဖလော်ဆော်ဖာ( philosopher) ကြီး။ တပည့်တွေလည်းအများကြီးရှိသတဲ့။ သူပြောရင်အကုန်နားထောင်ကြရတယ်။ သူကပြန်ပြီး နားထောင်ရတာ တစ်ယောက်ထဲရှိတာ။ အဲဒါသူ့မိန်းမပေါ့။

သူ့မိန်းမက အလွန်ပွစိပွစိနိုင်သူဆိုပဲ။ ဆိုကရေးတီးကြီးက အလွန်သည်းခံနိုင်သတဲ့။ သူ့ကို ဘာပဲပြောပြော ပြန်မပြောပဲ ငြိမ်နားထောင်နေတတ်သူပေါ့။ ဘာပြောပြောငြိမ်နားထောင်နေတဲ့ ဆိုကရေးတီးကို သူ့မိန်းမက စိတ်တွေတိုလာတဲ့ တစ်နေ့မှာတော့ " ကျုပ်ဘာပြောပြော ဘာမှပြန်မပြောပဲလုပ်နေတာ ကျုပ်ကိုဂရုမစိုက်တဲ့သဘောလား။" ဘာညာနဲ့ သူ့ခေါင်းပေါ်ကို ရေတွေလောင်းချလိုက်ပါရောတဲ့။

အဲဒီတော့မှ ဖလော်ဆော်ဖာကြီးက ဖလော်ဆော်ဖီအသစ်တွေ ထပ်ရပြီး" မိုးချိမ်းပြီးရင် မိုးရွာတတ်တာ ငါသိပြီ။ " လို့ ကျူးရင့်တယ်လို့ဆိုတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ သူ့တပည့်တစ်ယောက်က အိမ်ထဲဝင်လာပြီး 'အိမ်ထောင်ပြုသင့်မပြုသင့်' ကိစ္စလာတိုင်ပင်တယ်။

အဲဒီမှာ ဖလော်ဆော်ဖာကြီး ပြောလိုက်တာက" မိန်းမယူမှာလား။ ရဲရဲသာယူပါကွာ။ အိမ်ထောင်ရေးအောင်မြင်တော့လည်း ပျော်ရတာပေါ့။ အိမ်ထောင်ရေးမအောင်မြင်ခဲ့ရင်တောင် အတွေးအခေါ်ပညာရှင် ဖလော်ဆော်ဖာကောင်းတစ်ယောက်တော့ ဖြစ်နိုင်ပါသေးတယ်။" တဲ့။

အဲ.. မဒန်ပေပါလား။ လက်ထဲမှာလည်း ရေအိုးကြီးနဲ့။
" ကျုပ်လည်း ကန်းချင်ယောင်ဆောင်နေတာကြာပြီ။ ပင်းချင်ယောင်ဆောင်နေတဲ့ ကလူပေ တော့ သိကြရောပေါ့။" ဆိုပြီး လိုက်နေပြီ။

မိုးချိမ်းပြီးရင် မိုးရွာတော့မှာ။ ခေါင်းပေါ်ကို သင်္ကြန်မကျခင် ပြေးပြီဗျို့....... ။ ဝှစ်.....။

(ကိုရင်ချက်တို့ ဇနီးမောင်နှံရဲ့ ၂၅နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ရေးတဲ့စာ။ )

နင်ကလည်းနင်

နင်ကလည်းနင်ပဲ။ ငါကလည်းငါပဲ။ အကယ်ဒမီကလည်း အကယ်ဒမီပဲ။

အကယ်ဒမီပွဲကြီးပြီးလေပြီ။ ရသူတို့ပျော်၍ မရသူတွေ စိတ်ညစ်ကြသည်။ ပရိတ်သတ်ရစေချင်သူတွေ ရသလို၊ မရသူလည်းရှိ။ မောင်လူပေအားပေးတဲ့ မြင့်မြတ်၊ အူဝဲနှင့်နေတိုးရကြသည်။ ကိုပေါက်တို့ ဦးအောင်လွင်တို့အေးမြတ်သူတို့တော့ မရခဲ့ကြ။

အကယ်ဒမီပွဲမှာ စင်ပေါ်ကနေပြီး ပြန်ကြားရေးဝန်ကြီးကို ရင်ဖွင့်ရင်း ပြန်ကြားရေးမှ မိုးကျရွှေကိုယ် ငါးရာကျော် ထွက်ကြပါတော့လို့ တောင်းဆိုသွားသူလည်းရှိ၏။ နှစ်ငါးဆယ်ကျော် ဒုက္ခပေးခဲ့တာ တော်ရောပေါ့တဲ့။  'အသာလုပ်ပါ ဦးဦးစန္ဒယားရယ်၊ နောက်ဆိုရင် ကျေးဇူးတင်စကားပြောခွင့်ပါ ပိတ်လိုက်မှ ဟုတ်ပ ဖြစ်နေပါ့မယ်။' ဟုပြောရမလို။ ဘာပဲပြောပြော ပြည်သူတွေပြောချင်နေတာကို စင်ပေါ်ကပြောပေးသွားသောကြောင့်တော့ ကျေးဇူးတင်ရပါသည်။

ရုပ်ရှင်လောကသားတွေ လူစုံတွေ့ရသော ထိုပွဲကား အမေရိကားအကယ်ဒမီပွဲနှင့် နင်လားငါလားစည်ကားလှ၏။  မတူတာကတော့ အမေရိကားအကယ်ဒမီက အစီအစဉ်တင်ဆက်သူ(presenter) တစ်ဦးထဲ၊ မြန်မာ့အကယ်ဒမီက လူခြောက်ဦးအထိပါ၏။ လူများတော့ အားရှိသည် ထင်မှတ်ပုံရသည်။  အမေရိကားအစီအစဉ်တင်ဆက်သူက ပွဲအစမှ ပွဲအဆုံး အာဝဇ္ဇန်းရွှင်စွာ ဟာသနှောပြောသော်လည်း မြန်မာအစီအစဉ်တင်ဆက်သူများက စာရွက်များဖတ်ကာ ပျင်းရိဖွယ် တင်ဆက်ကြပေ၏။ စာဖတ်ပြနေကြရသော တင်ဆက်သူများအတွက် စိတ်မကောင်း။ ရေးပေးသမျှ ဖတ်ပြရသဖြင့် စာဖတ်သူမျှသာ၊ တင်ဆက်သူ မဖြစ်ကြရရှာ။

ဘာပဲပြောပြော မြန်မာ့အကယ်ဒမီအရုပ်က အတော်အနုပညာမြောက်သည်။ ရွှေမင်းသမီးလေးက ကောင်းကင်ပေါ်ကကြယ်ပွင့်လေးကို မမှီမကမ်း ခြေဖျားထောက်၍ ယူနေရသောပုံကား အကယ်ဒမီ ရွှေစင်ရုပ်ထုဟူ၏။ တကယ့်ရွှေစင်ရုပ်ထုလားဟု မေးလျှင်တော့ နိုးပါဟုသာ ဖြေရလိမ့်မည်။ ရွှေရေစိမ်အရုပ်ပေါ့။ဒီလိုပဲ ခေါ်ခဲ့ကြတာပါပဲ။ အခုနှစ်မှာတော့ ရွှေငါးကျပ်သားပေးပါသတဲ့။ ရွှေဆိုင်ကြော်ငြာအတွက်ပေးပါသတဲ့။ မနှစ်ကတော့ နှစ်ကျပ်သားပေး၏။ရွှေကြယ်ပေါ့လေ။ ရွှေနည်းနည်း ကြေးများများဟုဆိုသည်။ အလကားရသောပစ္စည်းမို့ ပြန်သွင်းလို့မရပါ။

အမေရိကား အကယ်ဒမီရုပ်ထုကား ကတုံးပြောင်ယောက်ျားမတ်တတ်ရပ်နေတဲ့ ပုံတုံးတုံးကြီး။ ရွှေလည်း တစ်ပဲမှ ပါဟန်မရှိ။ ထိုကတုံးရုပ် အော်စကာခေါ် အကယ်ဒမီရုပ်ဆိုးဆိုးကြီးကို ကမ္ဘာသိသော်လည်း မြန်မာက ရွှေစင်အရုပ်မကိုမူ ကမ္ဘာမသိရှာကြသေး။ ကမ္ဘာသိဖို့ ကြိုးစားကြစို့ဟုတော့ လေသံတွေထွက်လာပြီ။ လက်တွေ့တော့ ဖြစ်မလာသေး။ ထုံးစံအတိုင်း ရန်တွေတော့ ဖြစ်နေကြပြီ။ ရွာသား မြို့သားကွဲကြပြီ။

အမေရိကားမှာတော့ တောသားမြို့သားတိုက်ပွဲသံမကြားရ။ စီးပွားရေးလမ်းကြောင်းပေါ်မှရုပ်ရှင်သမား(main stream movie makers )နှင့် လွတ်လပ်သောရုပ်ရှင်သမား( independent film makers)ဟူ၍တော့ ရှိသည်။ သူ့အလုပ်သူလုပ်ကြသည်။ အကယ်ဒမီဘုတ်အဖွဲ့ဝင်တွေကလည်း အများကြီး။ ဆုကို လျှို့ဝှက်ပေးကြသည်။ ဆုရသည့်ကားအများစုအတွက် အငြင်းအခုံဖြစ်စရာသိပ်မရှိ။ လူဖြူ လူမဲပြသနာတွေ အဖြူအော်စကာဟု နာမည်တတ်ခံရတာတွေတော့ ရှိသည်။ အခုနောက်ပိုင်းမှာတော့ လူမဲသရုပ်ဆောင်တွေ အများအပြား ဆုရွေးခံကြရပြီ။ ရုပ်ရှင်ကားတွေရာနှင့်ချီမို့ ဆုရဖို့ မလွယ်။

သို့ရာတွင် အမေရိကားအကယ်ဒမီက ဆုရသူအားလုံးကို တစ်ရုပ်ဆီပေး၏။ လေးယောက်ရှိလျှင် လေးယောက်လုံးရ၏။ ထို့ကြောင့် အိမ်ပြန်ရောက်လျှင် လုကြရန်မလို။ မြန်မာအကယ်ဒမီရုပ်ကား ရှားပါးကုန်ဖြစ်၍ နှစ်ယောက်လည်း တစ်ခုသာ ရရှာ၏။ ကိုကျောက်ဖြူနဲ့ကိုနေဝင်းတို့မှာ ကျားဗိုလ်ဆွဲပြီး ခွဲရမလိုလို၊ နှစ်ပိုင်းဖြတ်ပြီး ခေါင်းပန်းလှန်ရမလိုလို။

အမေရိကားက ကတုံးအော်စကာဆုကား တကယ့်ဆုအစစ်သာ ရဖို့ခက်သော်လည်း ပုံစံတူဆု အော်စကာရုပ်ထုကိုမူ မည်သူမဆို ရနိုင်သည်။ ဟောလိဝုဒ်ရှိ အမှတ်တရပစ္စည်းဆိုင်မှာ တစ်ပုံတစ်ပင်။ အရွယ်အစား အမျိုးမျိုး။ ကိုယ့်နာမည်ထွင်းလိုလျှင် ထွင်းပေးသေး၏။ ကြိုက်သလောက်ဝယ်ပေတော့။ ထပ်ဆင့်အကယ်ဒမီမကလို့ ဆယ်ထပ်ကွမ်း၊ ရာကျော်ကွမ်းအထိ ဝယ်နိုင်သည်။

ကိုယ့်ဟာကိုယ် ချဲ့ထွင်ထားသော ဆုများလည်း ထိုဆိုင်များတွင်ရှိသေး၏။ အကောင်းဆုံးအဖေဆု၊ အကောင်းဆုံးအမေဆု၊ အကောင်းဆုံးချစ်သူဆု၊ အကောင်းဆုံးသူငယ်ချင်းဆု၊ အကောင်းဆုံးအဖိုးအဖွားဆု စသည်ဖြင့် အော်စကာဆုရုပ်ထုတွေ တပုံတပင်ရှိသည်။ ကိုယ့်အကြိုက်ရွေးပြီး ပေးချင်သူကို အော်စကာအကယ်ဒမီရုပ်ကို ပေးနိုင်ကြပါ၏။

ဟောလိဝုဒ်ရှိ နေဝင်လမ်းမကြီး(Sunset Blvd) ပေါ်က စတားကျောက်ပြားလိုချင်သလား။ ကိုယ့်နာမည်ထွင်းထားသော စတားကျောက်ပြားကို ဝယ်ယူနိုင်သေးသည်။ ယခု ချက်ခြင်းစတားဖြစ်လိုသူများအတွက် ဟောလိဝုဒ်က ကူညီနိုင်၏။

ဈေးကွက်စီးပွားရေးကိုသွားနေသော မြန်မာပြည်ကြီးက ရုပ်ရှင်သမားများလည်း ထိုသို့လုပ်ပြီး စီးပွားရှာနိုင်လျှင် ရုပ်ရှင်အစည်းအရုံးကြီး ထောပြီပဲ။ မြန်မာများလည်း အကယ်ဒမီကို ချစ်ကြသည်လေ။ ထို့ကြောင့်လည်းစီးပွားရေးအမြင်ဖြင့် လိုင်စင်ပေးပြီး အကယ်ဒမီအရုပ်တွေကို ထုတ်လုပ်စေပြီး အမှတ်တရပစ္စည်းဆိုင်တွေမှာ တင်ရောင်းယုံသာ။ ကိုယ်ချစ်တဲ့သူတွေကို ပေးချင်တဲ့အကယ်ဒမီဆုတွေ ပေးနိုင်ပါသည်။

မောင်လူပေကတော့ အကယ်ဒမီရုပ်ထုရလျှင် လိုချင်ပါသည်။ အကောင်းဆုံးအလွဲသမားအကယ်ဒမီရုပ်ထုနှင့် ထိုက်တန်သူကား မောင်လူပေမှလွဲ၍ ရှိနိုင်ပါအံ့။ ရုပ်ရှင်အစည်းအရုံးကြီး၏ လိုင်စင်ရ အရုပ်ဆိုင်တွေပေါ်လာလျှင် မဒန်ပေကို တစ်ဆုဝယ်ခိုင်းပြီး အကယ်ဒမီမောင်လူပေ လုပ်ရပေမည်။

မောင်လူပေ၏ အကယ်ဒမီအကြံကို သိလျှင် မဒန်ပေက ဤနှယ်ပြောမည်ထင်၏။ ' တော်ကတော်၊ ကျုပ်ကကျုပ်၊ အကယ်ဒမီက အကယ်ဒမီ။ မဆီမဆိုင်၊ ' ဟူ၍။ ။

တရုတ်အမျိုးသားတို့၏ ခွေးနှစ်သစ်

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုတဝိုက်တွင် မှီတင်းနေထိုင်ကြသော မြန်မာပြည်ဖွားတရုတ်နွယ်များ မနည်းလှ။ ထောင်ချီရှိသည်။ ဒီနယ်တဝိုက်တွင်ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူများ၏ လေးပုံသုံးပုံခန့်လောက်မှာလည်း ဒီလူတွေပါပဲ။

ထိုမြန်မာတရုတ်များက နှစ်စဉ်လိုလိုပင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့သည်မှာ (၇)ကြိမ်အထိရှိခဲ့လေပြီ။ မကြာခင်ကြရောက်တော့မည့် ခွေးနှစ်သစ်ကိုလည်း ထုံးစံအတိုင်း ကျင်းပကြတော့မည်။

အရင်က တရုတ်နှစ်သစ်ကူးပွဲတခုအနေဖြင့် စုပေါင်းမကျင်းပနိုင်ခဲ့ကြ။ မိမိတို့ မိသားစုများ၊ ဆွေမျိုးများဖြင့်သာ သီးခြားစီ ကျင်းပခဲ့ကြသည်။ အခုနောက်ပိုင်းတော့ စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသော ခံယူချက်ကို လက်ကိုင်ထားသော ဆော်သြရေးသမား(organizer) တွေ၏ မလျှော့သော ကြိုးပမ်းမှုတို့ကြောင့် ယခုကဲ့သို့ နှစ်စဉ် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ရောက် မြန်မာများ၏ဘဝက အလုပ်များကာ ပင်ပန်းကြသည်။ များသောအားဖြင့် ပထမမျိုးဆက်များသာ ဖြစ်ရကား ရရာအလုပ်နှင့် ရုန်းကန်နေရသူက အများစု။ ဆရာဝန်၊ အင်ဂျင်နီယာ စသည်ဖြင့် အသက်မွေးသူက လက်ချိုးရေတွက်နိုင်သည်အထိ နည်းသည်။ မြန်မာအမေရိကန်ပထမမျိုးဆက် ဆိုသည်ကား သူတို့၏ ဒုတိယမျိုးဆက်တွေ အတွက် လှုပ်ရှားရုန်းကန်နေရသောအခြေအနေမို့ ပထမအလုပ်ပြီးရင် ဒုတိယအလုပ်ဆိုသည်မှာ မဆန်းလှ။ နားချိန်မရှိ၊ အားချိန်နည်းလှသော ထိုထို မြန်မာနွယ်ဖွားများအတွက် ပျော်စရာဆိုသည်ကား ဘုန်းကြီးကျောင်းရန်ပုံငွေ သင်္ကြန်ပွဲနှင့် မြန်မာပြည်မှ ခေတ္တရောက်လာသူ နာမည်ကျော်အချို့၏ ဖျော်ဖြေပွဲတချို့သာ ရှိသည်။ထို့ကြောင့်လည်း ပွဲငတ်နေသူမြန်မာနွယ်ဖွားများအတွက် ရေငတ်နေတုန်း ရေတွင်းထဲကြသည့်အလား။

မြန်မာပြည်ဖွားတရုတ်အမျိုးသားတွေမို့ မြန်မာပြည်အတွက်ဆို ရှေ့တန်းက ပါဝင်လှူတန်းကြသူတွေဖြစ်၏။ လူမှုရေး၊ ဘုန်းကြီးကျောင်းရေး၊ သဘာဝဘေးကူညီရေး စသည်ဖြင့် ရန်ပုံငွေပွဲတွေ လုပ်လေတိုင်း ရှေ့ဆုံးက ကူညီကြ ဝိုင်းကြဝန်းကြသူတွေကို ကြည့်လျှင်လည်း ဒီလူတွေက အမာခံတွေပါ။

မြန်မာပြည်မှာမွေးတော့ မြန်မာပြည်ကိုချစ်သည်။ မြန်မာစာကြိုက်သည်။ မြန်မာစကားပြောရမှ အားရကြသည်။ ပြီးတော့ မြန်မာသီချင်းဆိုရတာ နားထောင်ရတာကိုလည်း ကြိုက်ကြပါသည်။

ပွဲတခုလုပ်ဖို့အတွက် ငွေအင်အား၊ လူအင်အားစိုက်ထုတ်နိုင်သူ၊ လုပ်အားပေးနိုင်သူ၊ ကမကထပြုနိုင်သူတွေ လိုမည်မှာပြောစရာမလို။ ထိုသူတွေက ဆန်ဖရန်စစ္စကိုတရုတ်နှစ်သစ်ကူးပွဲတော်ကို အောင်မြင်စွာ ကျင်းပနေခြင်းပင်။ အကျွေးအမွေးအလျှံပယ်။ သက်ကြီးပူဇော်ပွဲ၊ ကလေးများဂုဏ်ပြုပွဲပင် ပါလိုက်သေး၊ ဝင်ကြေးကား အခမဲ့။

ဖရီးမောင့်တဝိုက်တွင် ကိုအေးချို၊ မလှလှဝင်းတို့ ဇနီးမောင်နှံကို မသိသူမရှိ။ နတ်ဖက်တဲ့စုံတွဲလို့ ပြောရလောက်အောင် ရှေ့သွားနောက်လိုက်ညီသည့်အပြင် ဂီတဝါသနာကပါ တထပ်တည်းပင်။ ကိုအေးချိုက အတီးသမား၊ သူ့ဇနီးက အဆိုရှင်။ သူတို့မောင်နှံ၏ စင်မြင့်ပေါ်က နှစ်ကိုယ်တူချစ်သမျှ သီချင်းကို အဝေးကသာ ကြားရလျှင် ရန်အောင်နှင့်ဟေမာဟုပင် ထင်ကြလိမ့်မည်။

မြန်မာပြည်မှာရှိစဉ်ထဲက တရုတ်အမျိုးသားတီးဝိုင်းတွင် တီးခဲ့ဆိုခဲ့ကြသည့် သူတို့မောင်နှံက တောင်ငူမြို့ ဟုတ်ဝမ်ဘုရားကျောင်းရာပြည့်ပွဲအထိ လာရောက်ဖျော်ဖြေခဲ့ဖူးကြောင်း သိရသောအခါ တောင်ငူသားနဲ့ရန်ကုန်သား တသားတည်း ဖြစ်သွားတော့သည်။အခုတော့ ဖရီးမောင့်သားတွေဘဝနဲ့ပေါ့။

ကိုအေးချိုတို့လို ဂီတဝါသနာပါကြသူ မြန်မာတရုတ်နွယ်ဖွားများလည်း မနည်းလှပါ။ ကိုဂျိန်းနှင့် မမွှေးတို့ ဆိုလည်း ဝါသနာတူ အတွဲ။ သီချင်းတွေဆိုကြ၊ ကကြ၊ ပျော်ကြ။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်နှယ်။ အားလုံးက အားကျရသည့်အတွဲ။ ဒီလိုအတွဲတွေအများသား။ မမြမြဝင်းတို့ကိုမင်းနိုင်တို့အတွဲ၊ ကိုနန္ဒ မဥမ္မာ၊ မမိမိခိုင်တို့စုံတွဲ၊စသည်နှင့်။ အဆိုကျော်စုံတွဲတွေ ပေါသောအရပ်။

အတီးပညာရှင်ချည်းပင်လည်း တီးဝိုင်းသုံးဝိုင်းစာ ရှိသည်။ အဆိုပညာရှင်မိုက်ခဲများကား ရာချီ။ ထိုထိုသော နယ်ခံ အဆိုကျော်အပေါင်းတို့၏ တေးသံသာများကိုလည်း အခမဲ့ နားသောတ ဆင်နိုင်ကြမည့်ပွဲတခုပါ။

တရုတ်နွယ်ဖွားတွေမို့ သနဲ့တမကွဲတာလေးတော့ ရှိတတ်ပါသည်။ တခါက ဒီအကြောင်းကို တံတာတာတေးတံတာ အမည်ဖြင့် ရေးခဲ့ဖူးသည်။ ချစ်ခြင်းမျက်စိဖြင့် ကြည့်တတ်လျှင်တော့ အပြစ်ဟူသမျှ မြူမှုန်မျှပင် မြင်မည်မထင်ပါ။

ကိုအေးချိုတို့၊ ကိုဂျိမ်း မမွှေးတို့လို အော်ဂနိုက်ဇာတွေကျေးဇူးကြောင့်သာ အောင်မြင်သော တရုတ်နှစ်သစ်ကူးပွဲတော်ကို အားလုံးပျော်ရွှင်စွာ ဆင်နွဲနိုင်ကြခြင်းဖြစ်သောကြောင့် ကိုအေးချိုနှင့်တကွ ပွဲဖြစ်မြောက်ရေးစီစဉ်သူ အော်ဂနိုက်ဇာများအား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။နှစ်စဉ်နှစ်တိုင်းလည်း ဒီလိုနှစ်သစ်ကူးပွဲတော်တွေ ဆက်လက် ဆင်နွဲနိုင်ပါစေကြောင်း တောင်းဆုပြုပါသည်။

ယခုလာမည့် မတ်လ(၁၀)ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်ဖွားတရုတ်အမျိုးသားများ၏ တရုတ်နှစ်သစ်ကူးပွဲတော်သို့လည်း ဘာသာမရွေး လူမျိုးမရွေး အိမ်ဆူးဆို့ ကလေးလက်တို့ ခွေးအို့အို့ ဆိုသည့်နှယ် တပျော်တပါး လာရောက်အားပေးကြပါရန် မိတ်ဆွေသူငယ်ချင်း ရောင်းရင်းအပေါင်းအား ဖိတ်ကြားအပ်ပါသည် ခင်ဗျား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ