အားလည်းနာတယ်(၉)
အမျိုးတွေထဲက ရှမ်းသို့မဟုတ်သျှမ်းတို့အကြောင်း
မောင်လူပေရဲ့အဖွားက ရှမ်းသွေးတဝက်ပါတယ်။ ဒါကြောင့်မောင်လူပေမှာရှမ်းသွေးဆယ်ပြားလောက်တော့ကျန်မယ်ထင်တယ်။ တောင်ပေါ်ရှမ်းလား မြေပြန့်ရှမ်းလားတော့မသိ။ မြေပြန့်ရှမ်းတွေကလည်း မြန်မာပြည်အနှံ့နေထိုင်ကြတာ။ တောင်ငူ၊ ဖြူးတဝိုက်ဆိုရင်လည်း ရှမ်းရွာတွေ လက်ညှိုးထိုးမလွဲ။
မြန်မာပြည်မှာ နှစ်ထောင်ချီပြီးနေခဲ့ကြတဲ့ အမျိုးတွေမို့ အချင်းချင်းတွေ သွေးရောခဲ့ကြမှာပဲ။ အနည်းအများပဲကွာမယ်။ အင်းဝ၊ ဟံသာဝတီနှစ်လေးဆယ်စစ်ပွဲအကြောင်းတွေရေးဖို့ လေ့လာရင်းမှ သိလာရတာတစ်ခုလည်းရှိရဲ့။ အဲဒါကတော့ အင်းဝမင်းဆက်တွေဆိုတာလည်း ရှမ်းအနွယ်ဝင်တွေ ဖြစ်နေခြင်းပါပဲ။
ရှမ်းတွေရဲ့မူလအစက ယူနန်ကုန်းမြင့်ကနေ ထိုင်း၊ လာအိုအထိ အကြီးကြီး။ တချိန်က ပျူနိုင်ငံတွေကို ဖျက်ဆီးခဲ့တဲ့နန်ကျောင်(နန်းစော) အနွယ်တွေပေါ့။ မြန်လူမျိုးတွေက နန်းစောတပ်ထဲက လူတွေ။ သူတို့နှိပ်စက်လို့ ဧရာဝတီလွင်ပြင်ကိုဆင်းလာပြီး နိုင်ငံထူထောင်ရာက မြန်မာနိုင်ငံရယ်လို့ ဖြစ်လာခဲ့တာ။
မြန်မာရယ်၊ နန်ကျောင်ရယ်နိုင်ငံနှစ်ခုကလည်း မွန်ဂိုတာတာတွေဝင်တိုက်လို့ ဆယ့်သုံးရာစုမှာပျက်သွားပါရော။ နန်ကျောင်အပျက်မှာ ရှမ်းတွေဟာ မြန်မာပြည်ထဲကို အလုံးအရင်းနဲ့ဝင်လာခဲ့ကြပါတယ်။
ကချင်ပြည်နယ်ထဲရောက်နေတဲ့ ကသာချိုင့်ဝှမ်းထဲက မိုးညှင်း၊ မိုးကောင်းဆိုရင် တစ်မြို့လုံးရှမ်းတွေဗျ။ သူတို့ကရှမ်းနီတဲ့။ ရှမ်းပြည်ကရှမ်းက တိုင်း(ထိုင်း)လုံလို့ခေါ်တဲ့ရှမ်းကြီးတဲ့။ ရှမ်းက မျိုးကွဲတွေများမှများ။ ဒါကြောင့်လည်း အချင်းချင်းမတည့်ကြတာများတယ်။ ရှမ်းနီကတော့ အလွန်မြန်မာဆန်တဲ့ရှမ်းတွေ၊ သူတို့ရဲ့အဆက်အနွယ်တွေကပဲ အင်းဝခေတ်ကို ထူထောင်ခဲ့ကြတာပဲ။ မြန်မာရှမ်းကပြားဘုရင်တွေပေါ့။
ပုဂံမင်းကျော်စွာကို ရှမ်းညီနောင်တွေနန်းချတယ်။ ပင်းယနဲ့စစ်ကိုင်းထူထောင်တယ်။ နန်ကျောင်ပျက်လို့ပြေးဝင်လာတဲ့ရှမ်းတွေက မိုးကောင်းအခြေပြုပြီးနယ်တွေတည်တယ်။ ပုဂံပိုင်ခဲ့တဲ့ကျောက်ဆည်တဝိုက်ကိုလည်း ရှမ်းညီနောင်သုံးဦးကပဲ အုပ်စိုးထားတာ။ အာသံ၊မဏိပူရအထိ ပိုင်စိုးခဲ့ကြသတဲ့။ ပင်းယဘုရင်လည်း ရှမ်းတွေလက်ထဲကျပြီး မိုးကောင်းကိုပါသွားလို့ ပင်းယပျက်တယ်။ ဒီခေတ်တွေကို ရှမ်းမင်းဆက်များရဲ့နှစ်လို့ခေါ်တယ်။
ပင်းယပျက်ပြီးဆုတ်လာတဲ့မြန်မာတပ်ကိုဦးဆောင်လာသူကလည်းရှမ်းစပ်ပဲ။သတိုးမင်းဖျားတဲ့။ အင်းဝကိုစတည်ခဲ့တဲ့ဘုရင်ပေါ့။ သူ့မိဘုရားစောဥမ္မာဆိုတာလည်း ရှမ်းမလေးပဲ။ မြင်သူရူးလောက်အောင်လှလို့ ဥမ္မာလို့အမည်ရတာ။ ပင်းယပျက်သွားတာလည်း ရှမ်းစော်ဘွား သိုဟန်ဘွားခေတ်မှာပဲ။
ဒုတိယမြန်မာနိုင်ငံထူထောင်ခဲ့တဲ့ ဘုရင့်နောင်လက်ထက်မှပဲ ရှမ်းပြည်တစ်ခုလုံးက မြန်မာလက်အောက်ရောက်သွားတာ။ မိုးကောင်းစော်ဘွားကိုတိုက်ပြီး အနိုင်ရသွားခဲ့တယ်။ အရင်အတိုင်းကိုယ့်နယ်ကိုယ်အုပ်ချုပ်ရတဲ့စော်ဘွားရာထူးတွေဆက်ပေးတယ်။ မြန်မာဘုရင်ကိုအခွန်ဆက်ရတယ်။ စော်ဘွားတွေရဲ့သမီးတွေကို မိဘုရားမြှောက်တယ်။ (ဓါးစာခံခေါ်တဲ့သဘော) မြန်မာဘုရင်တွေနဲ့ရှမ်းမလေးတွေကနေပေါက်ဖွားတဲ့ မြန်မာရှမ်းကပြားလေးတွေလည်းနည်းမယ်မထင်။
မူလနန်ကျောင်ရဲ့အထက်ပိုင်းကယူနန်ပြည်နယ်ဆိုပြီး ဟန်ချိုင်းနိစ်တွေနယ်ထဲရောက်၊ အလယ်ပိုင်းက မြန်မာနယ်ထဲရောက်၊ အောက်ပိုင်းက ထိုင်းနဲ့လာအိုဖြစ်ပေါ့လေ။ မြန်မာနယ်ထဲရောက်နေတဲ့ ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ လေးပုံတစ်ပုံခန့်နီးပါးကျယ်ပါတယ်။ ရှမ်းပြည်ကိုမြန်မာတွေက မောဝ်မြေလို့ခေါ်တယ်။ မောဝ်လူမျိုးစုတွေက လာအိုနယ်ထဲလည်းမနည်းလှ။ တောင်ပေါ်သားတွေများတယ်။
ပုဂံခေတ်မှာတော့ မြန်မာနယ်ထဲမှာ ရှမ်းနည်းနည်းပဲရှိခဲ့ပုံရတယ်။ ဒါပေမဲ့ ရှမ်းမလေးတွေရဲ့အလှဂုဏ်က မနည်းခဲ့ဘူးရယ်။ ပုဂံပြည့်ရှင်အနော်ရထာမင်းရဲ့ မိဘုရားတစ်ပါးဖြစ်တဲ့စောမွန်လှဆိုတာလည်း အလွန်လှတဲ့ရှမ်းမလေးဆိုပဲ။ ပုဂံခေတ်က မြန်မာနဲ့ ရှမ်းရဲ့အချစ်ဇာတ်လမ်းလေးပြောပြချင်တယ်ဗျာ။
ပုဂံပြည့်ရှင်အနော်ရထာက တရုတ်ကိုစစ်ချီပြီးပြန်လာတာတဲ့။ (တရုတ်ဘုရင်ကြီးဦးတီပွားဆီက စွယ်တော်သွားပင့်တာ။ စွယ်တော်က မြန်မာပြည်ကိုမလိုက်ချင်လို့ ပင့်မရဘူးဆိုပဲ။ စွယ်တော်က အဲဒီအချိန်ထဲက မြန်မာပြည်ရဲ့အနာဂတ်ကို ကြိုသိနေပုံ။ ဒါနဲ့စွယ်တော်ပွားဆိုတဲ့လေးဆူပင့်ပြန်လာခဲ့ရတာ။ ပုဂံက စွယ်တော်လေးဆူစေတီပေါ့။ ရွှေဖျင်းညီနောင်လည်း အဲဒီကအပြန်အသတ်ခံရတယ်တဲ့။ အဲ့ဂလိုပါးစပ်ရာဇဝင် ထဲက ဇာတ်လမ်းပေါ့။) မောဝ်တို့မြေအရောက် စောဘွားကြီးသမီးကို ပုဂံမြေသို့မ, လာပြီးမိဘုရားမြှောက်တယ်ပေါ့။ မိုးကောင်းစော်ဘွားသမီးလို့ ပြောကြရဲ့။ စော်ဘွားကြီးက လယ်ယာစိုက်ပျိုးရေးချန်ပီယံရှမ်းတွေပါထည့်ပေးလိုက်သေးတယ်။ ရှမ်းလယ်သမားကြီးတွေက ဆည်ဆောက်တာလည်းအလွန်တော်သတဲ့။ ကျောက်တုံးတွေနဲ့ဆည်ဆောက်၊ ရေသွင်းပြီးလယ်ကွင်းတွေဖေါ်ခဲ့လို့ ကျောက်ဆည်ရယ်လို့ ဖြစ်လာတာ။ ဒီနယ်တွေကို ကြီးစိုးတဲ့ရှမ်းညီနောင်သုံးဦးဆိုတာ သူတို့အနွယ်တွေပဲ။
ရှမ်းညီနောင်သုံးဦးရဲ့အဖေကြီးက ခွန်ဆိုင်ခမ်းဖန်း(သင်္ခဗိုလ်) တဲ့။ သားကြီးက ခွန်အိုက်ဆိုင်ခိုင်(အင်္သခယာ မြင်စိုင်းစား)။ သားလတ်က ခွန်ယီဆိုင်ကမ်( ရာဇသင်္ကြန် မက္ခရာစား) ။ သားငယ်က ခွန်ဆမ်ဆိုင်ဆိုင် (သီဟသူ မြစ်သာစား) တို့ပါပဲ။ တရုတ်ပြေးမင်းလို့နာမည်တွင်တဲ့ နရသီဟပတေ့ရဲ့လူရင်းတွေ။ ငယ်ငယ်က မြင်စိုင်းသားတို့မက္ခရာဓါးတို့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေပေါ့။
မွန်ဂိုတပ်ကို ကျိုင်းတုံအထိသွားခုခံတဲ့မြန်မာတပ်ကိုလည်း ဒီရှမ်းညီအကိုထဲက အကြီးနှစ်ယောက်ဦးဆောင်ရသတဲ့။ မွန်ဂိုတွေပုဂံမရောက်ခင်ကပဲ နရသီဟပတေ့(ခြင်္သေ့ကဲ့သို့ရဲရင့်သူ) လို့အမည်ရတဲ့မြန်မာမင်းက ပြေးနှင့်ပြီ။ ခြင်္သေ့ဆိုရင် တရုတ်ကိုကြောက်ရတာ အဲဒီခေတ်ထဲက။ ပြေးတာမှ မြစ်ဝကျွန်းပေါ်ရောက်သတဲ့။မွန်ဂိုတပ်ကလည်း နောက်ကလိုက်တာ ပင်လယ်ဝ အထိဆိုပဲ။ မြစ်တွေများလို့ ဘယ်ကိုလိုက်ရမှန်းမသိမှ လှည့်ပြန်ကြသတဲ့။ မွန်ဂိုတွေပြန်လှည့်သွားတဲ့အငူကို တရုတ်မြှော်အငူ၊ မွန်ဂိုလိုက်လို့ပြေးရတဲ့မြန်မာမင်းကို တရုတ်ပြေးမင်းလို့ မှတ်တမ်းဝင်သွားတယ်။ (ဆရာထင်လင်းဦးစကား ငှားပြောကြည့်တာ။)
မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတဲ့မြို့တွေတည်ခဲ့တာရှမ်းမျိုးဆက်မင်းတွေပေမဲ့ မြန်မာတွေအများစုနဲ့ရောသွားပြီး ရှမ်းကြာတော့မြန်မာဖြစ်ဆိုတဲ့စကားအတိုင်း ရှမ်းမြန်မာကပြားတွေဖြစ်ကုန်ကြရောပေါ့။
အနော်ရထာအကြောင်းရေးနေရင်း ရှမ်းညီနောင်သုံးဦးဆီရောက်သွားလို့ မူလဇာတ်ကောင် စောမွန်လှဖက်လှည့်ဦးမှ။
စောမွန်လှက ရှမ်းမလေးပီပီ အသားလေးဖြူဝင်းပြီးအလွန်လှသတဲ့။ ရှမ်းမလေးတွေပေါတယ်ချောတယ်၊ အေးချမ်းလှတဲ့ဌာနီဝယ်၊ ပါးကလေးတွေနီမြန်းလို့ရယ်၊ ချစ်စရာကောင်းလှပေတယ်၊ ကြိုက်စရာကောင်းလှပေတယ်ပေါ့ဗျာ။ ချောတဲ့မိန်းမကို မကြိုက်တဲ့သူ ဘယ်သူရှိပါ့မလဲ။ အလွန်လည်း လိမ္မာယဉ်ကျေးသူလေးတဲ့။ ဒါနဲ့ပဲ အနော်ရထာရဲ့အသည်းစွဲဖြစ်သွားရောပေါ့။ ဒီတော့ ကျန်တဲ့မိဘုရားတွေက မနာလို။ ဂုန်းတွေချောပေါ့လေ။ ဒီရှမ်းမက စုန်းမ၊ နားဋောင်းက
မီးလင်းတယ်ဘာညာပြောတော့ အနော်ရထာကစုံစမ်းခိုင်း၊ ဟုတ်နေတယ်ဆိုပဲ။
စောမွန်လှနားဋောင်းက ဘုရားဓါတ်တော်တွေရှိတယ်ဆိုလား။ ကြံကြံဖန်ဖန်ဗျာ။ ထည့်စရာရှားလို့။ နားဋောင်းထဲထည့်ရတယ်လို့နော်။ ဒါကြောင့် ဓါတ်တော်မြူးတာတဲ့။ ပုဂံပုံပြင်ကို ဓါးထမ်းပြောကြရတာနော်။ မယုံရင်ပုံပြင်သာမှတ်။နားဋောင်းကကျောက်ကောင်းလို့ အရောင်လက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့လေ။ ဒါနဲ့ပဲ အနော်ရထာက နှင်ထုတ်လိုက်သတဲ့။ ဒါနဲ့ မန်းလေးမတ္တရာလမ်းဘေးက စမ်းချောင်းနားမှာ နားဋောင်းကကျွတ်၊ မိုးပေါ်မှာ စာပတီးငှက်တွေရံပြီးပျံနေတယ်တဲ့။ ဒါနဲ့ နားဋောင်းကိုဓါပဌာပြီး စာတွေရံလို့ ရွှေစာရံလို့ သမုတ်ခဲ့တာတဲ့။
ဘုရားမုဋ်ဦးကိုရှမ်းပြည်ဖက်လှည့်တည်ထားသတဲ့။ အနော်ရထာက ဘုရားတည်တယ်ကြားတော့ မုဋ်ဦးကို ပုဂံဖက်လှည့်ရင်လွတ်စေ၊ ရှမ်းဖက်လှည့်ရင်သတ်စေဆိုပြီး နောက်ကလိုက်ကြည့်ခိုင်းတာသိလို့ စေမွန်လှကအဓိဌာန်နဲ့မုဋ်ဦးကိုဆွဲလှည့်တာ နယ်နှစ်ဖက်ကြားရောက်မှ အသက်ချမ်းသာတာဆိုပဲ။ (မြန်မာဘုရင်ကို ထိုးဇာတ်တွေနဲ့ လူကြမ်းလုပ်ထားထင်ပါရဲ့ဗျာ။ ဘုရားတည်တာလိုက်ကြည့်ခိုင်းပြီး မုဋ်ဦးလှည့်တာမှားရင်သတ်ဆိုတာ အနော်ရထာလိုဘုရင်က လုပ်မယ်မထင်ပါ။ ) ရှမ်းပြည်ဆက်တက်တော့ ဘုရားတွေတည်သွားတာ ကိုးဆူရှိသတဲ့။ ဘော်ကြိုဘုရားတည်ပြီးမှ ရင်ကွဲနာကျပြီးသေရှာသတဲ့။ (ခရီးပမ်းလို့နေမှာပေါ့ဗျာ။) လာကြိုတဲ့အမွှာမောင်လေးကလည်း သေပြန်လို့သီပေါနားမှာ မောင်နှမကို သင်္ဂြိုလ်ခဲ့ပါသတဲ့။
မြန်မာဘုရင် အနော်ရထာကလည်း စောမွန်လှလေးလမ်းမှာသေရှာတယ်ကြားမှ စိတ်မကောင်းတွေဖြစ်၊ အရင်ကချစ်ခဲ့တာတွေပြန်တွေးပြီး လွမ်းနေမိလို့ လွမ်းစေတီတည်စေတယ်ပေါ့။ ပါးစပ်ရာဇဝင်တွေကြားဖူးတဲ့အတိုင်းပြောပြတာ။ စောမွန်လှဆိုပြီး မြန်မာလိုရေးနေရပေမဲ့တကယ်ကတော့ စော်ဘွားသမီးမို့ စဝ်ပ်လို့ခေါ်ရမှာပါ။
စောမွန်လှရဲ့ရွှေစာရံစေတီနဲ့ နဋောင်းကျချောင်းပုံပြင်လေးက သနားစရာပါ။ ရွှေစာရံဘုရားပွဲကြရင်တော့ဒေသထွက် ထန်းရွက်ပုတီးလေးတွေ ထန်းရွက်ငါးလေးတွေနဲ့ပျော်ချင်ပါသေးတယ်။ ရွှေစာရံမှာ မြန်မာရှမ်းကပြားအမျိုးတွေနဲ့ဆုံတွေ့ရင်းပေါ့။
ချစ်တဲ့အမျိုးတွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
Wednesday, September 27, 2017
Tuesday, September 26, 2017
အားလည်းနာတယ်(၈)
အားလည်းနာတယ် ခင်လည်းခင်တယ် (၈)
တခေတ်အခါက အမျိုးတို့ရဲ့ အချစ်နဲ့အမုန်း
မွန်သမိုင်းမှာအထင်ရှားဆုံးဘုရင်တစ်ပါးဖြစ်တဲ့ ရာဇာဓရာဇ်အကြောင်းဖတ်ရင်း ဒီဇာတ်လမ်းထဲမှာ အချစ်၊အမုန်းတွေ တွေ့မိလို့ အမျိုးဖြစ်တဲ့မွန်တို့အကြောင်းရေး ဆက်ရေးပါရစေ။
ရာဇာဓရာဇ်ရဲ့ငယ်နာမည်က ဗညားနွဲ့တဲ့ဗျ။ သူ့အဖေက ဗညားဦးမို့ ဗညားအငယ်လို့ခေါ်တာ။ မွေးစထဲက အမေသေသွားတော့ သူ့အဖေရဲ့အမဖြစ်တဲ့ အဒေါ်ဖြစ်သူမဟာဒေဝီလက်ထဲမှာကြီးခဲ့ရတယ်။ လူပုံက ခပ်ကြမ်းကြမ်း။ ခပ်ဆိုးဆိုးလေး။ အဖေကလည်းမချစ်ဘူးတဲ့။
မေတ္တာငတ်နေတဲ့သူ့ရဲ့ ပထမဆုံးချစ်သူလေးက အဖေတူအမေကွဲနှမလေးဖြစ်တဲ့တလမေဒေါလေးပါပဲ။ အဖေ့အသည်းကျော်သမီးလေး။ ဘုရင်မျိုးတွေ အမေကွဲရင်ယူလို့ရပေမဲ့ သူ့မှာမလွယ်။ ဒါနဲ့ပဲ ချစ်သူနှစ်ယောက် အဒေါ်ရှိရာ ဒဂုံဖက်ကို ခိုးပြေးကြတယ်။ လမ်းမှာပဲပြန်ဖမ်းမိ။။ သူ့ကိုထောင်ချထားလို့ အဒေါ်မဟာဒေဝီက လိုက်ပြောပေးရသေးတယ်။ အသက်ငယ်ငယ်နဲ့ယူကြတဲ့ခေတ်မို့ ဆယ့်လေးနှစ်သားလောက်ပေါ့။
အိမ်ထောင်ကြပြီးနောက်မှာ ဗောလောကျန်းဒေါဆိုတဲ သားတစ်ယောက်ရတယ်။ နန်းထဲက အရှုပ်တွေနဲ့ရင်ဆိုင်ရတယ်။ လူကြီးဆန်ဆန် သည်းခံလာနိုင်တယ်။ ဒါပေမဲ့ ငယ်ငယ်နဲ့ပြုခဲ့တဲ့အိမ်ထောင်ရေးက မသာယာတော့ဘူး။ တိုတိုပြောရရင် အဖေနေမကောင်းချိန်မှာ နန်းလုဖို့ သူ့ကိုရှင်းတော့မှာသိလို့ ပဲခူးကထွက်သွားပြီး ဒဂုန်(ရန်ကုန်)ရောက်။ ပဲခူးကိုအံတုဖို့ အင်အားစုနေချိန်မှာ ဆီသည်မလေးဒဂုန်သူမွေ့မနိတ်နဲ့တွေ့။ အစွဲကြီးစွဲသွားတော့ တော်ကောက်လိုက်တယ်။ မွေ့သင်ကိုလည်း ထပ်ပြီးတော်ကောက်ပြန်တယ်။
ဒဂုန်ကိုထွက်လာတာ မယားနဲ့သားမပါဘူး။ သူကောက်ယူလိုက်တဲ့ ဒဂုန်သူလေးမွေ့မနိတ်ကလည်း လင်ရှိမယားတဲ့။ ဒါပေမဲ့ ရာဇာဓရာဇ်ဆိုတဲ့လူကြမ်းကြီးရဲ့ အချစ်ဆုံးမိန်းမဖြစ်သွားတယ်။ ပဲခူးကိုရပြီးနန်းတက်ချိန်မှာ ငယ်မယားဖြစ်တဲ့ တလမေဒေါက မိဘုရားခေါင်ကြီး မဖြစ်ပဲ ရန်ကုန်သူမွေ့မနိတ်က ပီရရာဇဒေဝီဆိုပြီး မိဘုရားခေါင် ဖြစ်သွားရော။ မွေ့သင်ကိုတော့ ဒလသုဒ္ဓမာယာဘွဲ့နဲ့ မြှောက်စားတယ်။ နန်းသိမ်းပွဲခံကြတယ်။ သာမန်မိဘုရားအနေနဲ့ သူ့လင်နဲ့ နောက်မိန်းမတို့နန်းသိမ်းပွဲခံနေတာ ကြည့်နေရတဲ့ တလမေဒေါရင်မှာ ဆူပွက်နေမှာပေါ့။ သူကမှ ဘုရင့်သွေးသားအစစ်ကိုး။ ရင်ထဲကအချစ်တွေက အမုန်းမီးတောက်တွေဖြစ်သွားပြီ။
ဒီအချိန်ကစပြီး ပဲခူးနန်းတွင်းမှာ မိဘုရားနှစ်ယောက်ထိပ်တိုက်တိုးကြတာ။ မွေ့မနိတ်မိဘုရားကြီးကို လင်ခိုးမ၊ စုန်းမနဲ့ မကြာခဏတိုက်ခိုက်နေတော့ ရှင်ဘုရင်ကိုတိုင်ပါလေရော။ ရှင်ဘုရင်က စိတ်ဆိုးပြီး မိဘုရားအဆောင်အယောင်တွေပြန်သိမ်းခိုင်းတယ်။ နောက်ဆုံးတော့ တလမေဒေါလည်း မခံစားနိုင်တဲ့အဆုံး အဆိပ်သောက်သေသွားရော။
တလမေဒေါသေသွားတော့ တမမေဒေါအဖွဲ့က သားဖြစ်သူ ဗောလောကျန်းဒေါကို ခေါင်းဆောင်တင်တယ်။ ဘုရင်က သူ့သား ပုန်ကန်မှာကိုကြောက်မှာပဲ။ သူကိုယ်တိုင်လည်း အဖေကိုပုန်ကန်လာတဲ့သူ။ ဒီတော့ သူ့သားကိုပါရှင်းခိုင်းရပါတော့တယ်။ သားဖြစ်သူက " သူ့မှာအပြစ်မရှိပဲအသတ်ခံရတာမို့ နောင်ဘဝမှာ ရန်သူအင်းဝဘုရင်ရဲ့သားဖြစ်ပြီး အဖေနဲ့စစ်ထိုးနိုင်သူ ဖြစ်ရပါစေ။" လို့ မသေခင်ဆုတောင်းသွားသတဲ့။ သေပြီးမကြာခင်ပဲ နောင်ကိုအင်းဝဘုရင်မင်းခေါင်ဖြစ်လာမဲ့သူရဲ့မိဘုရားရှင်မိနောက်က ကိုယ်ဝန်ရတယ်။ အောက်ပြည်ကအစာတွေချဉ်ချင်းတက်တယ်။ နောက်တော့သားလေးမွေးတယ်။ မြန်မာ့သူရဲကောင်း အိမ်ရှေ့မင်းလည်းဖြစ်တဲ့ မင်းရဲကျော်စွာပဲပေါ့။
မင်းရဲကျော်စွာဆိုတာ အင်းဝဘုရင်မင်းခေါင် အလွန်ပဲအားကိုးရတဲ့သားကြီးပါ။ မွန်မြန်မာနှစ်လေးဆယ်တိုက်ပွဲရဲ့နောက်ပိုင်းကာလတွေမှာ လက်စွမ်းပြခဲ့သူပေါ့။ ရာဇာဓရာဇ်က မင်းရဲကျော်စွာရဲ့အဖိုးဖြစ်တဲ့ မင်းကြီးစွာ(စော်ကဲ)နဲ့ မွန်မြန်မာစစ်ပွဲရဲ့ရှေ့ပိုင်းမှာတိုက်၊ အဖေဖြစ်တဲ့ဘုရင်မင်းခေါင်နဲ့အလယ်ပိုင်းလောက်မှာတိုက်ခဲ့ရသလို စစ်ရဲ့နောက်ပိုင်းမှာတော့ သားတော်မင်းရဲကျော်စွာနဲ့တိုက်ခဲ့ရတာမို့ မြန်မာမျိုးဆက်သုံးခုနဲ့တိုက်ပွဲဝင်ခဲ့ရတဲ့မွန်ဘုရင်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
ဗောလောကျန်းဒေါဝင်စားသူလို့ ယုံကြည်ကြတဲ့ မင်းရဲကျော်စွာက ဘဝဟောင်းက အဖေဖြစ်တဲ့ရာဇာဓရာဇ်ကို အလွန်လည်းမုန်းတည်းပါသတဲ့။ ရှေးက စစ်ချီတဲ့အခါ မိဘုရားတွေရောသားသမီးတွေရောဆင်နဲ့တင်ပြီးခေါ်သွားလေ့ရှိတော့ ဘုရင်မင်းခေါင်ရှူံးလို့ ပြေးရတဲ့အခါ မိဘုရားတွေ ကျန်ခဲ့ရင်းက မင်းရဲကျော်စွာရဲ့အမေမိဘုရားရှင်မိနောက်ကို ရာဇာဓရာဇ်က ရသွားပါလေရော။ အသက်သုံးဆယ်ကျော် အလှသွေးကျွယ်ဆဲ သူ့မိခင်ကို ရာဇာဓရာဇ်က မိဘုရားဆက်မြှောက်လိုက်တာကြောင့် ရာဇာဓရာဇ်ရဲ့ မယားပါသားဖြစ်သွားပြီပေါ့။ ဒါကြောင်လည်း ရာဇာဓရာဇ်ကိုပိုမုန်းပြီး အကုန်ဖြိုဖို့ ကျိုးစားပါတယ်။ စစ်ပရိယာယ်လည်းအလွန်ကြွယ်တယ်။ ဒါကြောင့် သူ့ထောင်ချောက်မှာ မွန်သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်တယ်။ မွန်တပ်မှူးကြီးလဂွန်းအိမ်ဘွဲ့ခံ မသံလုံလည်း သူ့ထောင်ချောက်ထဲဝင်မိပြီးဒါဏ်ရာနဲ့ဖမ်းမိရာကသေ၊သမိန်ဗရန်းကိုလည်း အရှင်ဖမ်းမိမို့ ရာဇာဓရာဇ်အတော်အထိနာခဲ့တယ်။
မင်းရဲကျော်စွာဟာ အဲဒီအချိန်က ၁၇-၁၈ အရွယ်ပါတဲ့။ဘုရင့်သား၊လူငယ်၊လူချော၊ဓါးရေးကလည်းထက်တော့ သူ့ကိုယ်သူအတော်အထင်ကြီးပေါ့။ မောင်းမတွေနဲ့ပျော်လိုက်၊သောက်လိုက်၊ စစ်တိုက်လိုက်ပေါ့။အင်းဝရဲ့ထိုးစစ်ကြောင့် ရာဇာဓရာဇ်က သူ့သားကိုပဲခူးအပ်ပြီး မုတ္တမဖက်ဆုတ်သွားတယ်။ ပဲခူးကလည်း အသေခံခုခံလို့ အင်းဝက မသိမ်းနိုင်ဘူးတဲ့။ တိုတိုပြောရရင်တော့ ရာဇာဓရာဇ်က မုတ္တမကပြန်လာတယ်။ ပဲခူးကိုဝိုင်းတိုက်နေတဲ့ အင်းဝတပ်ကိုနောက်ပိုင်းကညှပ်အတိုက်မှာ မင်းရဲကျော်စွာဆင်ပေါ်ကပြုတ်ကျပြီးခါးကျိုးသွားလို့ အဖမ်းခံရပါတော့တယ်။
မင်းရဲကျော်စွာကို ရာဇာဓရာဇ်က ဆေးကုပေးမယ်၊ ဒီမှာနေမယ်ဆိုရင် သမီးနဲ့ပေးစားမယ်၊ အရင်ဘဝက သားဟောင်းမို့ သားလိုပဲသဘောထားပါတယ်လို့ပြောပေမဲ့ လုံးဝလက်မခံဘူး။ သူ့အမေကိုရော အဖေတူအမေကွဲအမကိုပါ စစ်ပွဲမှာဖမ်းမိသွားလို့ မိဘုရားမြှောက်ထားတဲ့ ရာဇာဓရာဇ်ဟာ သူ့ရဲ့ အဖေ၊ယောက်ဖဆိုလည်း မမှားတော့ အလွန်လည်းမုန်းပါသတဲ့။ ဒါကြောင့် ဘာပြောပြော ဆဲလွှတ်နေလို့ ရာဇာဓရာဇ်လည်း လက်လျှော့လိုက်ရတယ်။ ဒါဏ်ရာများတော့ ညမှာပဲ သေဆုံးသွားပါသတဲ့။ အရင်ဘဝရော ယခုဘဝမှာပါ ဘုရင့်သားကြီးဖြစ်ခဲ့ရပေမဲ့ မင်းမဖြစ်လိုက်ရပဲအသက်ငယ်ငယ်နဲ့ သေခဲ့ရတယ်။
ရာဇာဓရာဇ်ဆိုတဲ့မွန်ဘုရင်ကြီးဟာ ၁၆နှစ်သားမှာ မင်းစဖြစ်တယ်။အသက်၂၀ကျော်မှာ မွန်ပြည်နယ်တစ်ခုလုံးကိုအောင်နိုင်တယ်။ ဘုရင်ဖြစ်စထဲက အင်းဝနဲ့စစ်ဖြစ်နေတယ်။ မွန်မြန်မာနှစ်လေးဆယ်စစ်ပွဲနောက်ဆုံးအပိုင်းမှာတော့ သားသေလို့ ဒေါသထွက်နေတဲ့ဘုရင်မင်းခေါင်က လာတိုက်ပေမဲ့ ပဲခူးကိုမရဘူး။ နောက်ဆုံးတိုက်ပွဲတိုက်ပြီး ပြန်မလာတော့လို့ စစ်ပြေငြိမ်းရေးစာချုပ်မရှိပဲ ဒီစစ်ပွဲကြီး ပြီးသွားခဲ့တယ်။ မွန်တွေရော မြန်မာတွေရော သူရဲကောင်းတွေအများကြီးဆုံးရှုံးခဲ့ရတဲ့အချိန်တွေပါ။
အချစ်ဦးရဲ့အချစ်တွေကအမုန်းတွေဖြစ်၊ ကြားထဲက ဓားစာခံသားရဲ့အမုန်းတရားက နောက်ဘဝအထိလိုက်သွားလို့ သားဖြစ်သူနဲ့ နှစ်ဘဝပြန်ဆုံခဲ့ရတဲ့ ရာဇာဓရာဇ်ဆိုတဲ့မွန်ဘုရင်ကြီးနဲ့ မြန်မာသူရဲကောင်း မင်းရဲကျော်စွာတို့အကြောင်းဖတ်ပြီး ' အမုန်းကြောင့် အရှုံးသာရမယ်။' လို့သာ သင်္ခန်းစာယူမိပါတယ်ဗျာ။
ဆရာနိုင်ပန်းလှနဲ့မော်ကင်းလေးတို့ဆီက အချက်အလက်တွေယူပါတယ်။
အမျိုးတို့တွေ အမုန်းကင်းတဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်နိုင်ကြပါစေ။

Monday, September 18, 2017
အားလည်းနာတယ်(၇)
အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၇)
မွန်သူရဲကောင်းအမျိုးတစ်ယောက်
အမျိုးတွေအကြောင်းရေးနေရင်း သတိရမိတဲ့အမျိုးတစ်ယောက်ရှိသဗျ။ မြန်မာရာဇဝင်ထဲမှာ ရှားရှားပါးပါးသူရဲကောင်းတစ်ယောက်ပါ။ မွန်လူမျိုးဖြစ်ပေမဲ့ မြန်မာတစ်ယောက်အနေနဲ့ ကိုယ်စားပြုပြီး မြန်မာပြည်ကို တရုတ်တပ်ကြီးလက်ထဲက ကယ်တင်ခဲ့တဲ့သူ။ သူ့နာမည်ကလည်း ခပ်ဆန်းဆန်း 'သမိန်ဗရမ်း' တဲ့။
အမျိုးတွေထဲမှာ မွန်တွေက အစဦးဆုံးမြန်မာ့မြေမှာနေခဲ့တဲ့အိမ်ရှင်တွေထဲမှာပါတယ်။ သူတို့ဆီကနေ မြန်မာတွေက စိုက်ပျိုးနည်းတွေ၊ ရေသွင်းနည်းတွေ အများကြီး သင်ယူခဲ့ကြရတာ။
မွန်ခမာစကားပြောအုပ်စုထဲမှာ မွန်က ထူးခြားမှုရှိတယ်။ ပုသိမ်မြောင်းမြ၊ ဒလပဲခူး၊ မုတ္တမမော်လမြိုင် ဆိုပြီး နယ်သုံးခု မွန်သုံးစုဖြစ်နေပေမဲ့ စကားက အတူတူပဲတဲ့။ တလိုင်းသုံးရပ်လို့လည်းခေါ်တယ်။ မွန်တွေကတော့ သူတို့ကို တလိုင်းလို့ခေါ်ရင် မကြိုက်ကြဘူး။ တလိုင်းသုံးရပ်မှာမုတ္တမမော်လမြိုင်ဖက်က မွန်တွေက မွန်ညတွေတဲ့။ ဒီနယ်က အခိုင်ခန့်ဆုံး။ မုတ္တမဒေသကို အခြေပြုပြီး နိုင်ငံတည်ကြရတယ်။ ဒါကြောင့်မွန်ညနယ်လို့ခေါ်ရင်း ရာမည ဖြစ်လာတာပါတဲ့။
အစပထမမှာ ကမ်းရိုးတန်းအနီးနေကြတဲ့လူညိုတွေကို မွန်ဂိုအနွယ်မွန်တွေတိုက်ထုတ်လိုက်ပြီး ဝင်နေကြတာလို့ ဆရာကြီးဒေါက်တာသန်းထွန်းက ယူဆတယ်။ မွန်တို့ရဲ့အစပထမနိုင်ငံတော်ဟာ သထုံဖြစ်ပါလိမ့်မယ်။ ခရစ်မပေါ်မှီထဲက သူတို့တွေ နေကြတာ။ ရာဇဝင်ထဲက သုဝဏ္ဏဘုံမိ ဟာ မွန်နေပြည်လို့ ခံယူကြတယ်။
ထိုင်းရောက်တော့လည်း သူတို့ကမှ သုဝဏ္ဏဘုံမိ တဲ့။ ဘန်ကောက်လေဆိပ်ကြီးတောင်မှ သုဝဏ္ဏဘုံမိလေဆိပ်လို့ နာမည်ပေးထားသေးရဲ့။ တကယ်ကတော့ အခုခေတ်ထိုင်းနိုင်ငံဖြစ်လာတဲ့အထိ တည်ထောင်ခဲ့တာလည်း မွန်တွေပါပဲ။ ဒါကြောင့် သုဝဏ္ဏဘုံမိက နှစ်နိုင်ငံလိုဖြစ်နေရတာ။
သီရိဓမ္မာသောကမင်းကြီးရဲ့ ကိုးတိုင်းကိုးဌာန ဗုဒ္ဓသာသနာပြုနေရာတွေထဲက သုဝဏ္ဏဘုံမိဟာ အရှေ့တောင်အာရှတစ်ခုလုံး ဖြစ်ပုံရပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားမှာ ဗောဒေါဗုဓုစေတီကြီး တွေ့ကြရတာပေါ့။
မွန်သမိုင်းထဲက မြို့တွေထဲမှာ ပဲခူးကနောက်ဆုံးမြို့တော်ပါ။ ပဲခူးမြို့ကနေ မွန်သူရဲကောင်းတွေအများကြီးထွက်ပေါ်ခဲ့တာ။ မင်းကံစီ၊ မတ်သံလုံ၊ အမတ်ဒိန်၊အဲမွန်ဒယာ၊ သမိန်သံဗြတ်တို့အပြင် သမိန်ဗရမ်းဆိုတဲ့သူရဲကောင်းလည်းပါခဲ့တယ်။
ပဲခူးကလည်း ပုံပြင်တွေအပြည့်နဲ့မြို့ပဲ။ အဝေးကိုပျံလာတဲ့ဟသာင်္မောင်နှံက အတောင်ညောင်းလို့ နားမယ်ရှာတော့ နားစရာနေရာက ပိစိလေးတွေ့လို့ အဖိုကအရင်နားပြီး ဟသာင်္မက သူ့ကျောပေါ်မှာနားခဲ့ရသတဲ့။ ဟသာင်္ကုန်းဆိုပြီးတောင် ရှိသေး။ မွန်သင်္ကေတကလည်း ဒီဟသာင်္နှစ်ကောင်ထပ်နေပုံပဲယူထားကြတယ်။ ပဲခူးသားတွေ မိန်းမကြောက်ရတာက ဒါကြောင့်ပါပဲလို့ ရယ်စရာအဖြစ် အစဉ်အဆက် ပြောခဲ့ကြတာ။
(ပဲခူးက သူငယ်ချင်းတွေဖတ်မိရင် မောင်လူပေကိုသတ်ကြမလားပဲ။ မောင်လူပေလည်း ပဲခူးသားတစ်ပိုင်းပါ။ ပဲခူးသူပျိုဖြူလေးတွေနဲ့ဖူးစာမဆုံခဲ့ရပေမဲ့ ပဲခူးဒေသကောလိပ်မှာ နှစ်နှစ်တာ ပညာရည်နို့သောက်စို့ရင်း ပဲခူးမြေကို ခိုလှုံဖူးပါတယ်။ ပဲခူးတဝိုက်ကို ပဲခူးသားတစ်ယောက်လို နှံ့ခဲ့ပါတယ်။ ဘော်ဒါတွေလည်း တလှေကြီးပါ။ ဒါကြောင့်လည်း ရေမြေလိုက်ပြီး မိန်းမကြောက်ရတာထင်ပါရဲ့။ ဤကားစကားချပ်။ )
ပထမပဲခူးမြို့တည်တဲ့အကြောင်းက ပုံပြင်တွေများလို့အကျယ်မရေးလိုပါ။ သံမလ ဝိမလညီနောင်တည်ခဲ့တယ်။ ပုဂံထက်စောမယ်။ ကျေးကုလား၊ ကုလားလန်ဘား စသည်ခေါ်ကြတဲ့ တမီးလ်ကုလားတွေကို တိုက်ထုတ်ခဲ့တယ်တဲ့။ ၃၇မင်းနတ်စာရင်းထဲပါမပါမသိတဲ့အမေနံကရိုင်းမယ်တော်ဆိုတဲ့ ကျွဲနတ်ကြီးက မွန်နဲ့ကျေးကုလားစစ်ပွဲထဲက ပေါ်လာတာတဲ့။ မြန်မာတချို့ရော၊ မွန်တချို့ရော နန်ကရိုင်းမယ်တော်နတ်ကို ပသကြတယ်။ ရိုးရာအယူအဆတွေကို မဝေဖန်ရဲလို့ မရေးလိုပါ။
ဒုတိယပဲခူးတည်မင်းတွေထဲမှာ လယ်သမားသားဘဝကနေ မင်းဖြစ်အောင်စွမ်းနိုင်ခဲ့တဲ့ မာဂဒူး( ငယ်ငယ်ကကျောင်းစာအုပ်မှာသင်ရတယ်။ )ရဲ့ ဝါရီရူမင်းဆက်က ထင်ရှားတယ်။ အထင်ရှားဆုံးက ၉ဆက်မြောက်ဖြစ်တဲ့ ဗညာနွဲ့ခေါ် ရာဇာဓရာဇ်မင်းပေါ့။ အင်းဝဘုရင်မင်းခေါင်နဲ့နှစ်လေးဆယ် စစ်ခင်းခဲ့တာလည်း သူပဲ။ ဒီစစ်အတွင်းမှာ အင်းဝအထိတက်လာပြီး သိမ်းဖို့လုပ်ခဲ့သေးတယ်။ စကြိုသူမြတ်လို့ခေါ်တဲ့ ဘုန်းတော်ကြီးက တရားဟောကောင်းလွန်းလို့ မွန်တပ်တွေ အင်းဝကနေ ပြန်လှည့်သွားကြတာ။ နို့မို့ဆိုရင် အဲဒီအချိန်မှာ အင်းဝလည်း မွန်တပ်ကြီးကို ခုခံနိုင်မယ်မထင်ဘူး။ ဘုရင်မင်းခေါင်ရဲ့သားကြီး မြန်မာသူရဲကောင်းအိမ်ရှေ့မင်းသား မင်းရဲကျော်စွာ ကျဆုံးခဲ့တာလည်း ဒီစစ်ကြောင့်ပါပဲ။ ( ကိုကြီးကျော်နတ်သမိုင်းက စည်သူနဲ့ကျော်စွာကလည်း အင်းဝဘုရင်မင်းခေါင်ရဲ့သားတွေပါတဲ့။)
စကားချီးတွေများနေလို့ ရေးချင်တဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းအကြောင်းက အခုမှစရမှာ။ သမိန်ဗရမ်းက မူးမတ်မျိုးရိုးအနွယ်ဝင် ပဲခူးသားဗျ။ လူကလည်းလူချော၊ အဋ္ဌာရသပညာတွေလည်း အလွန်တော်သတဲ့၊ ဒါနဲ့ပဲ သူရဲကောင်းချစ်တဲ့ ရာဇာဓရာဇ်ကသမီးနဲ့ပေးစားပြီး သမက်တော်ခဲ့တာနေမှာပဲ။ ဘုရင့်သမက် စစ်သူကြီးပေါ့ဗျာ။
ဒါပေမဲ့ အဲဒီအချိန်က ပဲခူးမှာ သူရဲကောင်းတွေကများမှများပဲ။ ဒီအထဲမှာ လဂွန်းအိမ်ဘွဲ့ခံ မတ်သံလုံက နာမည်အကြီးဆုံးတပ်မှူးကြီးပဲ။ ဒီခေတ်ဆိုရင်တော့ တပ်ချုပ်ကြီးပေါ့။ လဂွန်းအိမ်အရှိန်အဝါကြီးလွန်းတော့ သမိန်ဗရမ်းနာမည်မထွက်လာခဲ့ဘူး။
မင်းရဲကျော်စွာလက်ချက်နဲ့လဂွန်းအိမ်သေပြီးနောက်ပိုင်းမှာ သမိန်ဗရန်းက ထင်ရှားလာတယ်။ဒါပေမဲ့သိပ်မကြာပဲ မင်းရဲကျော်စွာရဲ့အဖမ်းအဆီးခံရပြီး အင်းဝကိုပါသွားရော။ ရာဇာဓရာဇ်အတွက် လက်မောင်းနှစ်ဖက်ပြုတ်သွားတဲ့သဘောပေါ့။ သူရဲကောင်းမြတ်နိုးတဲ့ခေတ်မို့ အသတ်မခံရဘူး။ သစ္စာခံရင်လွှတ်မယ်ဆိုပေမဲ့ ဘယ်လိုမှပြောမရလို့ ထောင်ထဲမှာပဲနေရသတဲ့။
မွန်မြန်မာစစ်ပွဲနောက်ပိုင်းမှာတော့ မင်းရဲကျော်စွာလည်းကျဆုံး၊ မြန်မာသူရဲကောင်းတွေလည်း သေကြနဲ့ နှစ်လေးဆယ်စစ်ကြီးဒါဏ်ကို နှစ်ဖက်လုံး ခံခဲ့ရတယ်။ ဒီအထဲမှာ ရန်တစ်ခုထပ်တိုးလာတာက တရုတ်ပြည် မင်မင်းဆက်ရဲ့ရန်ပါပဲ။ အင်းဝနားအထိချီတက်လာပြီး အင်းဝကို ဝိုင်းထားလိုက်တယ်။ မြန်မာတွေကို ဟိုအရင်က တိဘက်ကုန်းမြင့်မှာနေခဲ့တဲ့ အရိုင်းအစိုင်းလူရိုင်းတွေပဲလို့ တသက်လုံးထင်ထားခဲ့တဲ့ တရုတ်တွေက တကယ်လက်တွေ့မှာ လူယဉ်ကျေးတွေဖြစ်နေလေတော့ မတိုက်သေးပဲ သံတမန်နည်းနဲ့ချဉ်းကပ်လာတယ်။အများအသက်မသေအောင် နှစ်ဖက်က စစ်သူကြီးချင်း ယှဉ်ပြိုင်မယ်။ ရှုံးသူက အညံ့ခံရမယ်ပေါ့။ ဘုရင်မင်းခေါင်က တစ်ပတ်အချိန်ပေးဖို့ တောင်းလိုက်တယ်။
တရုတ်စစ်သူကြီးနာမည်က ဂါမဏိတဲ့။ ( တရုတ်နာမည်တော့ရှိမှာပေါ့။ မြန်မာလိုကတော့ ဒီလိုပဲရေးထားတာ။ ) အလွန်သန်မာထွားကြိုင်းတယ်။ ခွန်အားကြီးတယ်။ သံချပ်ကာအင်္ကျီတွေ ကိုယ်လုံးပြည့်ဝတ်ထားတယ်။ သူစီးလာတဲ့ မွန်ဂိုမြင်းကြီးကလည်း အကြီးကြီးပဲတဲ့။ ဒါကြောင့် အင်းဝသားတွေထဲမှာ သူ့ကိုယှဉ်ရဲတဲ့သူ တစ်ယောက်မှ ထွက်မလာကြဘူး။
အင်းဝသားတွေထဲက ဒီစစ်သူကြီးကို နိုင်ရင် သမီးတော်နဲ့ပေးစားပြီးသမက်အဖြစ်ချီးမြှင့်မယ်ဆိုပြီးကြေငြာစေတာတောင်မှ တစ်ဦးမှပေါ်မလာဘူး။ သူရဲကောင်းတွေက မင်းရဲကျော်စွာအပါအဝင် မွန်မြန်မာစစ်ပွဲရှည်ကြီးထဲမှာ သေကုန်ကြပြီ။
ဒါကိုကြားတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းက သူယှဉ်မယ်ဆိုပြီး ဘုရင်မင်းခေါင်ကို ပြောခိုင်းလိုက်သတဲ့။ ဒီတော့မှ သူ့ကိုထောင်ကထုတ်ပြီး အင်းဝဘုရင်ရှေ့ပို့ကြတယ်။ သူနိုင်ခဲ့ရင် သူ့ကိုလွှတ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ အင်းဝဘုရင်ကလည်း သဘောတူတယ်။
သမိန်ဗရမ်းက ဘုရင့်ဆီကမြင်းတွေထောင်ချီပေမဲ့ တစ်ကောင်မှမကြိုက်ဖူး။ မြင်းရိုင်းမှ ယှဉ်ရဲမှာဆိုပြီးရှာလိုက်တာ မုဆိုးမအိမ်က မြင်းပေါက်လေးတွေ့မှ စိတ်ကြိုက်မြင်းရပြီလို့ ကြေနပ်သွားသတဲ့။ မြင်းပေါက်လေးက သေးပေမဲ့ အရိုင်းလေးမို့ အရမ်းမြန်ဆိုပဲ။ ဒီမြင်းလေးကိုအကျစီးပြီး ဘုရင်ဆီလာတယ်။ စစ်သူကြီးကို ထိုးသတ်ဖို့ လှံတောင်းတယ်။ တရုတ်စစ်သူကြီးရဲ့ခေါင်းဖြတ်ဖို့ ဓါးကောက်ရယ်၊ ခေါင်းပြတ်ကိုထည့်ဖို့ ခြင်းတစ်လုံးရယ် ထပ်တောင်းတယ်။ အင်းဝသားတွေကတော့ ဒီမွန်က အတော်အပြောကြီးတဲ့အကောင်ပဲလို့ ထင်ကြမယ်။
အချိန်တစ်ပတ်ကြာလို့ နှစ်ဖက်စစ်သူကြီးတွေယှဉ်တဲ့ပွဲက အင်းဝမြို့ပြင်မှာလုပ်တယ်။ နှစ်ဖက်လုံးက စစ်သားတွေရော အင်းဝသားတွေရော ဘုရင်မင်းခေါင်ရော အားပေးကြတဲ့ ပွဲကြီးပွဲကောင်းပေါ့။ သမိန်ဗရမ်းကတော့ သားရေကိုယ်ကျပ်အင်္ကျီလေးပဲဝတ်ထားပါသတဲ့။
သူရဲကောင်းနှစ်ယောက် စီးချင်းမထိုးခင်မှာ နှစ်ဖက်သူရဲကောင်းတွေ ဟန်ရေးပြကြတော့ တရုတ်စစ်သူကြီးရဲ့ သံချပ်ကာအင်္ကျီရဲ့ချိုင်းအောက်မှာ ချုပ်ရိုးတွေလျှော့ရဲနေတာ၊ လည်တဝိုက်မှာ သံအကွတ်တွေပြေနေတာတွေ သမိန်ဗရမ်းက တွေ့လိုက်ရတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသဆိုတော့နေကလည်းပူမယ်။ သံချပ်ကာအင်္ကျီပြည့်ဝတ်ထားရတဲ့ တရုတ်စစ်သူကြီးမှာ သက်သာဖွယ်မမြင်။
စီးချင်းထိုးပွဲစတာနဲ့ တရုတ်စစ်သူကြီးက ပွဲအမြန်ပြီးအောင် အတင်းလိုက်တိုက်တော့ သမိန်ဗရမ်းက မြင်းပိန်လေးနဲ့ကပ်ရှောင်နေသတဲ့။ မွန်ဂိုမြင်းကြီးကသန်ပေမဲ့ ကြီးမားတဲ့စစ်သူကြီးရော သံအင်္ကျီအလေးချိန်ရော ထမ်းပိုးထားရတော့ အမြန်မရွှေ့နိုင်ဘူး။ သမိန်ဗရမ်းရဲ့မြင်းပိန်လေးက အရိုင်းသာသာဆိုတော့ မွန်ဂိုမြင်းကြီးကိုလည်းမကြောက်ဖူး။ မြင်းပေါက်မို့ မြန်လည်းမြန်တော့ ကပ်ရှောင်နိုင်တယ်။
တရုတ်စစ်သူကြီးကိုမောအောင်စစ်မြှူအပြီး ဟန်ချက်အပျက်မှာ ပူးကပ်၊ ချိုင်းအောက်က လျှော့နေတဲ့နေရာကိုလှံနဲ့တစ်ချက်ထဲထိုးထည့်လိုက်တာ တရုတ်စစ်သူကြီးအော်ချိန်တောင်မရဘူးတဲ့။ မြင်းပေါ်က ယိုင်ကြလာတဲ့အလောင်းကို လည်ပင်းကနေပိုင်းချလိုက်တော့ စစ်သူကြီးဂါမဏိရဲ့ဦးခေါင်းက သမိန်ဗရမ်းလက်ထဲရသွားရော။ အသင့်ယူလာတဲ့ခြင်းနဲ့ထဲ့ပြီး အင်းဝဘုရင်မင်းခေါင်ဆီကို ဆက်သလိုက်တယ်။
ဂတိတည်တဲ့တရုတ်တပ်ကြီးက သူတို့စစ်သူကြီးအလောင်းကောက်ပြီး ပြန်လှည့်သွားတယ်။ အင်းဝဘုရင်မင်းခေါင်ကတော့ ဝမ်းတွေသာပြီပေါ့။ ဒီမွန်ကောင်ကို ဂတိအတိုင်း လွှတ်ပေးလိုက်ရင် ငါ့အတွက် အန္တရာယ်ရှိလာမှာပဲလို့ တွက်မိတယ်။ သူရဲကောင်းမို့အဆုံးလည်းမခံနိုင်။ ဒီတော့ ယောကျာင်္းကို မိန်းမနဲ့မျှားတဲ့နည်းက အကောင်းဆုံးလို့တွက်ပြီး သူ့သမီးတော်လေးကိုကွမ်းဆက်ခိုင်းပြီး မျှားစေပါသတဲ့။
အင်းဝဘုရင်မင်းခေါင်ရဲ့သမီးတော်လေးက နယ်နယ်ရရမဟုတ်ဘူး။ မင်းဆက်ငါးဆက်က မိဘုရားခေါင်မြှောက်ခြင်း ခံခဲ့ရတဲ့ ရှင်ဘို့မယ်နဲ့ရထားတာမို့ အမေတူလေးပီပီ အလွန်လှသတဲ့။ မြန်မာဘုရင့်သမီးတော်အလှပဂေးလေး ရာဇဓိတာရဲ့ ကွမ်းဆက်တာခံလိုက်ရတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းလည်း ပဲခူးမှာကျန်ခဲ့တဲ့ ရာဇာဓရာဇ်ရဲ့သမီးတော် သူ့မိန်းမကိုမေ့ပြီး တမ်းတမ်းစွဲသွားရောဆိုပဲ။
အချောအလှလေးတွေရဲ့ ဖျာရောင်းမှု၊ အဲလေ ဖျားယောင်းမှုကို ဘုရားလောင်းတောင် အရှုံးပေးခဲ့ရဖူးတယ်။ သမိန်ဗရမ်းလည်း တရုတ်စစ်သူကြီးကို နိုင်ခဲ့ပေမဲ့ သမီးတော်လေးရဲ့အလှတရားအောက်မှာ လက်နက်ချလိုက်ရပြီ။ စွဲမိပါပေါ့ခင်ရယ် ဖြစ်သွားပြီ။ ဌာနေကိုမောင်ကြီးမပြန်နိုင်တယ်ဖြစ်သွားပြီ။ အင်းဝဘုရင်က ပေးစားမယ်၊ မပြန်နဲ့လို့ပြောတော့ သူ့ကို မွန်ဘုရင်အကြောင်းမမေးပါနဲ့၊ သူ့ကို ကျွန်တလိုင်းလို့မခေါ်ပါနဲ့လို့ တောင်းဆိုသတဲ့။ ဘုရင့်သမက်နှစ်ခါဖြစ်ခဲ့ရတဲ့ မဟာကံထူးရှင်ပဲ။
မယားအသစ်လေးနဲ့အင်းဝမှာဆက်နေရင်း သားတစ်ယောက်ရတယ်။ သူ့မြေးလေးကို အင်းဝဘုရင်မင်းခေါင်ကလည်း အရမ်းချစ်ဆိုပဲ။ တစ်ရက်မှာ နန်းတွင်းထဲက လူပုံအလယ်မှာ အရမ်းဆော့တဲ့ သူ့မြေးလေးကို ဘုရင်မင်းခေါင်က "ကျွန်တလိုင်းပုတ်လေး။အလွန်ကဲ။ မနိုင်တော့ဘူး။ " လို့ ချစ်စနိုးကြည်စယ်တာမို့ အရှက်ရ၊ အင်းဝက မယားနဲ့သားကိုထားခဲ့ပြီး ပဲခူးပြန်သွားတော့သတဲ့။
ပဲခူးပြန်ရောက်တော့လည်း ရာဇာဓရာဇ်က ဝမ်းသာစွာကြိုဆိုတယ်။ သစ္စာရှိတဲ့သမိန်ဗရမ်းက အင်းဝအကြောင်းကို တစ်လုံးမှ မပြောပြဘူးတဲ့။ ရာဇာဓရာဇ်ကလည်း သူ့သားမက်အကြောင်းသိလို့ မမေးတဲ့အပြင် ဒုန်းဝန်းမြို့ကိုပေးပြီး မြို့စားရာထူးပေးလိုက်သေးတယ်။( ဦးကုလားရာဇဝင်မှာ သမိန်ဗရမ်းနဲ့ အင်းဝမှာပေးစားသူဟာ ဘုရင့်သမီးမဟုတ်ပဲ မြို့စားမင်းရဲ့သမီးလို့ ရေးထားတယ်။ အမှန်မသိပါ။)
ရာဇာဓိရာဇ်ဘုရင်နတ်ရွာစံပြီးတော့ သူ့ယောက်ဖ ဗညာကျန်းကဘုရင်ဖြစ်တယ်။ သမီးယောက်ဖအလွန်တည့်ကြတယ်လို့ဆိုတယ်။ သူအပိုင်စားတဲ့ ဒုန်းဝန်းကနေ ပဲခူးကိုမကြာခဏလာတတ်တယ်။
တစ်ရက်မှာ ပဲခူးကအပြန်နောက်ကြလို့ ဒုန်းဝန်းနဲ့ပဲခူးကြားက တောတန်းကိုအဖြတ် ညမှောင်ရီပျိုးစမှာ သူ့နာမည်ကိုအသံနက်ကြီးနဲ့ခေါ်သံကြားလို့လှည့်ကြည့်တော့ လမ်းဘေးမှာ ရင်ခွဲပြီး တံကျင်သီထားတဲ့ဓါးပြတစ်ယောက်ရဲ့အလောင်းကြီး ဖြစ်နေတာတွေ့ရတယ်။ ဒါနဲ့စိတ်ဆိုးပြီး အလောင်းရဲ့ခေါင်းကို ဓါးနဲ့ပိုင်းလိုက်တာ ခေါင်းပြတ်က သူ့ပေါင်ကိုလာကိုက်လို့ သူရဲကောင်းကြီးသမိန်ဗရမ်းဟာ နောက်သုံးရက်အကြာမှာ ကွယ်လွန်သွားရရှာသတဲ့။ ( တွေ့တဲ့အတိုင်းရေးတာနော်။ လာမငြင်းကြေး။)
တချိန်က အမျိုးဖြစ်တဲ့ မွန်သူရဲကောင်းသမိန်ဗရမ်းအကြောင်းကတော့ဒါပါပဲ။ ဆရာနိုင်ပန်းလှရဲ့ ရာဇာဓရာဇ်အရေးတော်ပုံကျမ်း၊ မော်ကင်းလေးရဲ့ မွန်တို့၏ အိပ်ရာဝင်ပုံပြင်များ၊ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ် တွေကို ခရက်ဒစ်ပေးပါတယ်။
မြန်မာနိုင်ငံသားအမျိုးတွေ ကျန်းမာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
(မွန်လူမျိုး ပဲခူးသား ဇာတ်ဆရာကြီးဦးစိန်လှိုင်၏ တောင်းဆိုချက်အရ ရေးလိုက်တဲ့စာ။)

အားလည်းနာတယ်(၆)
အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၆)
အမျိုးတွေဖြစ်တဲ့ ရခိုင်တို့အကြောင်း
မရေးတော့ဘူးလို့ပဲ။ သူငယ်ချင်းစက်ချုပ်က မရေးဘူးလားလို့ ချက်ဘောက်က မေးလာတာနဲ့ ရေးချင်စိတ်ပြန်ဖြစ်လာလို့ ရေးပြီဗျာ။
အမျိုးတို့ရေ။ ရခိုင်မြေကဆူညံပူညံအသံတွေက ကမ္ဘာအနှံ့ရောက်ပြီး ကုလအထိခြေဆန့်လို့ပါလား။ ကိုယ့်အမျိုးတွေက ဒီပလိုမေစီတို့ လော်ဘီတို့ဆိုတာ ခုမှမူကြိုအဆင့်နဲ့လုပ်နေတုန်းရယ်။ ဟိုဖက်က လုပ်နေတာကြာပေါ့။ သူတို့တွေရင်းထားတာတွေကလည်း ဘွဲ့လွန်အဆင့်တောင်မကတော့ဘူး။ ဒါကြောင့်ထစ်ကနဲဆိုရင် ဘယ်သူလွန်လွန် ငပွကြီးပဲ ဖြစ်နေတော့တာ။
အမျိုးတွေဖြစ်တဲ့ရခိုင်တွေဆိုတာ မောင်လူပေတို့နဲ့မစိမ်းပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာမျိုးကွဲတစ်ခုမဟုတ်လား။ သူတို့က ရှေးဟောင်းမြန်မာကြီးတွေရဲ့ စကားတွေ အသံတွေအတိုင်းပြောကြတယ်။ ကိုယ်တွေရဲ့စကားတွေက ခေတ်နဲ့လိုက်ပြောင်းနေတယ်။ တိဘက်တိုဘားမင်းစကားပြောအုပ်စုထဲက မြန်မာအုပ်စုတစ်ခုပေါ့။ မြန်မာအများစုက ဧရာဝတီလွင်ပြင်ကို ဆင်းသွားချိန်မှာ ဒီအုပ်စုက ရခိုင်ကမ်းမြှောင်ကို ဆယ်ရာစုလောက်မှာဆင်းလာပြီး အခြေချနေကြတယ်လို့ သမိုင်းပညာရှင်တွေက လက်ခံကြတယ်။
ရခိုင်သမိုင်းအရကတော့ ဒီထက်စောပါသတဲ့။ ရခိုင်ပြည်ကို ခရစ်တော်မပေါ်မှီ နှစ်သုံးထောင်ကျော်(3325 BC)ထဲက တည်ခဲ့တာပါတဲ့။
ရခိုင်ပြည်ကို လေးကြိမ်တည်ခဲ့ကြရတယ်။ အေဒီလေးရာစုအထိ ဓညဝတီအဖြစ်တည်ရှိခဲ့တယ်။ အေဒီကိုးရာစုအထိက ဝေသာလီပြည်။ အေဒီဆယ့်ငါးရာစုအထိက လေးမြို့။ နောက်ဆုံးဖြစ်တဲ့ မြောက်ဦးကိုတော့ အေဒီဆယ့်ငါးရာစုရဲ့အစပိုင်း ၁၄၃၁ခုနှစ်ကနေ ကုန်းဘောင်မင်းဆက်ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ဘိုးတော်ဘုရားရဲ့သားတော်အိမ်ရှေ့မင်းက သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ခုနှစ် ဆယ့်ရှစ်ရာစုထိ တည်တံ့ခဲ့တဲ့ မင်းနေပြည်တစ်ခုပါတဲ့။
ပထမသုံးမြို့ဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့တို့ရဲ့ မြို့ကွက်ဟောင်းတွေကို ယနေ့တိုင် တွေ့နိုင်သေးတယ်။ ကုလားတန်မြစ်နဲ့လေးမြို့မြစ်ရဲ့ကြားမှာ ရှိကြတယ်။ သက္ကရာဇ်တွေပြောကြတဲ့အခါမှသာ အငြင်းပွားကြတာပါ။ မောင်လူပေက တွေ့သမျှရေးပြနေတာ။ ငြင်းခုန်မဲ့အထဲမပါ။
နောက်ဆုံးတည်ခဲ့တဲ့မြောက်ဦးဟာ ရခိုင်သမိုင်းမှာ အင်အားအတောင့်ဆုံးနဲ့ နယ်မြေအင်အားအများဆုံးပါပဲ။ဒုတိယမြန်မာနိုင်ငံတည် ဘုရင့်နောင်မင်းကြီးက ၁၅၈၁ခုနှစ်မှာ နတ်ရွာစံတော့ သားတော်နန္ဒဘုရင်ဆက်ပြီးဆက်ခံရတယ်။ ဒီဘုရင်က မစွံလှ။ မြန်မာပိုင်ခဲ့တဲ့နယ်တွေဆုံးရှုံးသွားရတာ တစ်ခုပြီးတစ်ခု။ နောက်ဆုံးတော့ ၁၅၉၉ မှာ ဟံသာဝတီနေပြည်တော်ကိုရခိုင်မင်းဖြစ်တဲ့ မင်းရာဇာကြီးက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရွှေနန်းတော်ကြီးကို မီးတင်ရှို့ခဲ့တဲ့အထိ ပါပဲ။
ဘုရင့်နောင်က ယိုးဒယားကိုဝင်တိုက်ပြီး ဆင်ဖြူလေးစီး၊ ရတနာအမြောက်အများ၊ လူတွေထောင်သောင်းချီပြီး ဖမ်းဆီးခေါ်လာခဲ့ဖူးတယ်။ ယိုးဒယားကပါလာတဲ့ ဆင်ဖြူကိစ္စကြောင့်ပဲ ရခိုင်က ပဲခူးနန်းတော်ကို ဝင်သိမ်းတယ်လို့ ယူဆကြတယ်။ ရခိုင်ဘုရင်က ဆင်ဖြူရှင်ဘုရင်ဘွဲ့ခံချင်ကြတာတဲ့။ မြန်မာပိုင်ဖြစ်နေတဲ့ ယိုးဒယားဆင်ဖြူကြီးလည်း ရခိုင်ပါသွားရော။ (ခုတော့ရခိုင်ဆင်ဖြူတွေက မြန်မာပြည်ပြန်ရောက်။) စကြာင်္မင်းရဲ့ရတနာခုနှစ်ပါးမှာ ဆင်ဖြူက တစ်ပါးပါတယ်။ စကြာင်္မင်းဖြစ်ချင်တဲ့ရောဂါက ဘုရင်တိုင်းမှာရှိကြတယ်။ ရတနာခုနှစ်ပါးမရှိရင်တောင်မှ တစ်ပါးရလည်းမနည်းပေါ့လေ။ ဒါကြောင့်လည်း မြန်မာပြည်က အဘချုပ်တွေက ဆင်ဖြူရူးရူးခဲ့ကြတာနေမှာ။
ဒီနေရာမှာ စဉ်းစားမိတာလေးရှိရဲ့။ ဆင်ဖြူက စကြာင်္မင်းရဲ့ရတနာခုနှစ်ပါးထဲမှာ ပါတယ်ဆိုပေမဲ့ ဆင်ဖြူလေးကောင်ရှိတဲ့ ယိုးဒယားက မြန်မာတွေတိုက်လို့ပျက်၊ မြန်မာက ရခိုင်တိုက်လို့ပျက်၊ ရခိုင်လည်း မြန်မာပြန်တိုက်လို့ပျက်နဲ့ ပျက်စီးကြတာပဲတွေ့ရတယ်။ စကြာင်္မင်းနဲ့နည်းနည်းမှ မနီးစပ်ခဲ့ကြဘူး။ ဟိန္နူအယူအဆတွေက ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေထဲမှာ အတော်စိမ့်ဝင်နေတာတွေ့ရတော့ ဒီနိုင်ငံတွေဟာ ဗုဒ္ဓဘာသာမဖြစ်ခင်မှာ ဟိန္နူအယူဝါဒတွေ လက်ခံခဲ့ကြတယ်ဆိုတာ ထင်ရှားမနေဘူးလား။
မြောက်ဦးဟာ ဆန်ရေစပါးအလွန်ထွက်လို့ နိုင်ငံခြားကို ဆန်တွေပို့ရတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်လေတော့ ပေါ်တူဂီ၊ဒတ်ခ်ျ၊ ပြင်သစ်ကုန်သည်တွေ ဝင်ထွက်သွားလာခဲ့ရာမြို့တော်ကြီးတစ်ခုမို့ အလွန်စည်ကားနေမှာ တွေးကြည့်ရင် သိသာပါတယ်။
မြောက်ဦးခေတ်ဘုရင်တွေဟာ စစ်တကောင်းနယ်တစ်ခုလုံးကိုပါသိမ်းပိုက်နိုင်ခဲ့တဲ့အထိ တန်ခိုးကြီးခဲ့ကြတာပါ။ မွတ်စလင်နယ်တွေကိုအုပ်ချုပ်ရာမှာ အဆင်ပြေဖို့အတွက် မွတ်စလင်နာမည်နဲ့ဘွဲ့တွေပါခံခဲ့ကြသေးရဲ့။ ယဉ်ကျေးမှုအနုလက်ရာတွေရော ကြေးခေတ်ကိုပါစောစောရောက်ခဲ့တဲ့ရခိုင်သားတွေဟာ ကြေးသွန်းအနုလက်ရာလည်း အလွန်ထူးချွန်ကြတယ်။ မြန်မာတွေမန်းလေးရောက်ရင် မရောက်မဖြစ်သွားဖူးရတဲ့ ဘုရားကြီးလို့ခေါ်ကြတဲ့ မဟာမုနိကြေးသွန်းရုပ်ပွားတော်ကြီး ( မြန်မာတွေက မြတ်တစ်လုံးအပိုထည့်ထား) ကိုကြည့်ရင် သူတို့ရဲ့ကြေးသွန်းပညာကိုခန့်မှန်းနိုင်ပါတယ်။
မဟာမုနိကို ဘုရားရှင်သက်ရှိထင်ရှားရှိချိန်မှာ ဓညဝတီပြည်ကစန္ဒသူရိယမင်း( နေလမင်း ) ဆီကြွလာလို့တည်ခဲ့တာလို့ အစဉ်အဆက်ယုံကြည်ကြတယ်။ အလွန်လည်း တန်ဖိုးထားတယ်။ ဒါကြောင့် စစ်နိုင်သွားတဲ့ မြန်မာတပ်က အောင်ပွဲခံအထိမ်းအမှတ်အနေနဲ့ မန်းလေးဖက်ကိုယူဆောင်သွားတဲ့အခါ ရခိုင်တွေ ရင်ကွဲပက်လက်ဖြစ်ကြရတာပါ။
ယူဆချက်တစ်ခုကတော့ မြောက်ဦးခေတ်ဦးမှာ ဒီဆင်းတုတော်ကို သွန်းခဲ့လို့ ဘုရားကြီးဟာ မြောက်ဦးနဲ့မိုင်နှစ်ဆယ်အကွာမှာတည်ရှိခဲ့တာလို့ ဆိုတယ်။ ကြေးသွန်းလက်ရာဟာ မြောက်ဦးခေတ်ဦးပိုင်းလက်ရာတွေနဲ့ဆင်တူပါသတဲ့။
ဘိုးတော်ဘုရားရဲ့သားတော်အိမ်ရှေ့မင်းသယ်သွားခဲ့တာ မဟာမုနိဘုရားကြီးတစ်ခုတည်းမဟုတ်ပါ။ စစ်နိုင်ဘုရင်တွေထုံးစံအတိုင်း မင်းမျိုးမင်းနွယ်၊ မူးမတ်တွေ၊ရဟန်းတွေ၊ ပညာသည်တွေ ထောင်ချီပြီးဖမ်းခေါ်သွားခဲ့တာ။ ကြေးသွန်းပညာရှင်ရခိုင်တွေမန်းလေးရောက်ပြီး မြန်မာကြေးသွန်းအနုလက်ရာတွေ ပိုမိုတိုးတက်လာမှာကတော့ မေးဖို့မလို။ ဘိုးတော်ဘုရားရဲ့ ကြီးလေးကြီးကုသိုလ်တွေထဲက မင်းကွန်းခေါင်းလောင်းကြီးသွန်းလုပ်ရာမှာလည်း ရခိုင်ကြေးသွန်းပညာရှင်တွေပါခဲ့တယ်လို့ မှတ်သားဖူးတယ်။
ဒီလိုနဲ့ပဲ ဒုတိယမြန်မာနိုင်ငံရဲ့မြို့တော် ဟံသာဝတီနေပြည်တော်ကို ရခိုင်မင်းတွေဖျက်လို့ပျက်ခဲ့ရသလို၊ ရခိုင်ပြည်ရဲ့နောက်ဆုံးမြို့တော်ဖြစ်တဲ့ မြောက်ဦးဟာလည်း မြန်မာတွေဖျက်လို့ ပျက်သုံးသွားပြီး ရခိုင်မင်းဆက်ပြုတ်၊ မြန်မာအောက်ရောက်၊ ၁၈၂၆ ခု အင်္ဂလိပ်မြန်မာပထမစစ်အပြီးမှာ ရန္တပိုစာချုပ်အရ အင်္ဂလိပ်အောက်ရောက်၊ ၁၉၄၈မှာ လွတ်လပ်ရေးရတော့ မြန်မာ့ပြည်နယ်တစ်ခုအဖြစ် အမျိုးတွေ ပြန်ဆုံကြရပြန်ရော။
အခုပြောခဲ့တဲ့အကြောင်းတွေထဲမှာ ရိုဟင်ဂျာအကြောင်းမပါတာ သတိထားမိပါလိမ့်မယ်။ ဘယ်ပါမလဲ။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာ ရှိမှမရှိခဲ့တာ။ အိန္ဒိယပိုင် စစ်တကောင်းနဲ့ဆက်စပ်နေတဲ့ဒီပြည်နယ်ထဲမှာ စစ်တကောင်းသားတချို့ နေခဲ့ကြမှာကတော့ သေချာပါတယ်။ ထောင်ဂဏန်းလောက်တော့ရှိမယ်။ တောင်ပေါ်သားတွေပေါ့။ ရခိုင်ဖြစ်လာမဲ့ရှေးမြန်မာအုပ်စုက အလုံးအရင်းနဲ့ဝင်လာတော့ သူတို့တွေက ရခိုင်ဘုရင်လက်အောက်မှာ အမှုထမ်းတယ်။ နောက်တော့ မန်းလေးရောက်သွားကြပြီး မြန်မာဘုရင်တွေလက်အောက်မှာအမှုထမ်းကြတယ်။ ဒီလူတွေဟာ မူလရခိုင်ပြည်မှာနေတဲ့ နယ်ခံတွေနဲ့ယှဉ်ရင် နည်းနည်းလေးပါ။ သူတို့တွေကို ကမာန်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတယ်။ မြန်မာပြည်ရဲ့တိုင်းရင်းသားစာရင်းဝင် မွတ်စလင်တွေမို့ သူတို့က မြန်မာမွတ်စလင်လို့ သူတို့ကိုယ်သူတို့ခေါ်ကြပါတယ်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူများပေါ့။
မြန်မာမွတ်စလင်တွေက မြန်မာစိတ်အပြည့်။ မြန်မာ့သမိုင်းမှာလည်း ထင်ရှားတယ်။ မြန်မာပြည်ကိုချစ်ကြတယ်။ ဦးရာဇတ်၊ ဦးရာရှစ်၊ ပထမဆုံးတကသ ဥက္ကဌကိုထွန်းစိန်၊ သမိုင်းပညာရှင်ဗိုလ်မှူးဗရှင်တို့ကစပြီး ဦးကိုနီ၊ ကိုမြအေးတို့အဆုံး အများကြီးပဲ။
မောင်တောဖက်မှာ ပြသနာရှာနေတဲ့ ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ခ်ျကနေဝင်လာကြတဲ့ အထောက်အထားမဲ့ ဘင်္ဂလားလူမျိုးတွေပါပဲ။ ရိုဟင်ဂျာတွေက အာရပ်အနွယ်တွေဆိုပြီး ပြောနေကြတယ်။ သူတို့ရုပ်ရည်တွေကြည့်ရင် အာရပ်လား၊ ဘင်္ဂလားလူမျိုးလားအသိသာကြီးပါ။ အာရပ်တွေကချမ်းသာကြတော့ ငွေချူကောင်းအောင် လုပ်ပြတဲ့သဘောပေါ့။
သမိုင်းပညာရှင်တွေ ဘာသာဗေဒပညာရှင်တွေ လေ့လာချက်တွေအရလည်း ခိုင်လုံတဲ့သမိုင်းအထောက်အထားမတွေ့ရပါလို့ဆိုတယ်။ ပြင်သစ်ပညာရှင် Jacques Leider ကဆိုရင် " ဒီလောက်များတဲ့မွတ်စလင်တွေကိုကြည့်တာနဲ့ သူတို့တွေဟာ ဘင်္ဂလားကနေဝင်လာသူတွေဆိုတာသိသာနေတာပဲ။ ဒီလူတွေရဲ့ ဘိုးဘေးတွေကိုယ်တိုင်လည်း ၁၉၉၀ နှစ်ဆန်းလောက်အထိ ဘဂါင်္လီမဟုတ်ဘူးလို့ မငြင်းခဲ့ကြပါဘူး။ အင်္ဂလိပ်မှတ်တမ်းတွေအရလည်း သိန်းချီပြီး သွင်းလာတဲ့ သူတို့တွေကို စစ်တကောင်းသားတွေလို့ပဲ မှတ်သားထားခဲ့ပါတယ်။ " လို့ ဆိုထားတယ်။
Chris Lewa နဲ့ Andrew Selth တို့ကလည်း " ရိုဟင်ဂျာတွေဟာ တောင်ပိုင်းဘင်္ဂလားနယ်သားတွေပါ။" တဲ့။
Christina Fink လို Anthropologist တွေကိုယ်တိုင်ကလည်း " ရိုဟင်ဂျာဆိုတာ မျိုးနွယ်စုမဟုတ်ပဲ နိုင်ငံရေးကစားကွက်သာဖြစ်တယ်။ " လို့ ရေးထားတာဖတ်ရတယ်။ ပညာရှင်တွေဆိုတာ အထောက်အထားမခိုင်လုံရင် အမှန်လို့မယူဆကြဘူး။ ပုံပြင်တွေပြောပြီး လူသန်းချီ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ချင်ကြတာဟာ အတော်လွဲမှားမှုတစ်ခု၊ နိုင်ငံရေးဘာသာရေး ကစားကွက်တစ်ခုထက်မပိုဘူးလို့ ထင်ပါတယ်။
အိန္ဒိယလက်အောက်အစပိုင်းမှာသောင်းချီ၊ နောက်ပိုင်းမှာသိန်းချီ ရောက်လာကြသူတွေက ခုတော့ သန်းချီနေပြီ။ ရခိုင်ပြည်နယ်ရဲ့သုံးပုံတစ်ပုံ၊ ရခိုင်မြောက်ဖျားရဲ့ ကိုးဆယ်ရာနှုန်းကျော် ရှိနေကြပြီ။ အင်္ဂလိပ်တွေဆုပ်ခွာတဲ့အချိန်မှာ ကိုယ်ပိုင်ပြည်နယ်ပေးမယ်ဆိုပြီး လက်နက်တပ်ပေးခဲ့ ရန်တိုက်ပေးခဲ့တဲ့မီးစကနေ မူဂျာဟစ်သူပုန်တွေဖြစ်လာ။ သူတို့သတ်လို့ ရခိုင်တွေသောင်းချီသေကြ။ မဆလခေတ်မှာ နဂါးမင်းစစ်ဆင်ရေးနဲ့တိုက်ထုတ်။ ဟသာင်္စီမံချက်နဲ့ပြန်လက်ခံခဲ့ရ။ ရိုဟင်ဂျာ အစ္စလာမ်မစ်တပ်ဦးဆိုပြီး ၁၉၇၂လောက်ကနေ သက္ကရာဇ် ၂၀၀၀ လောက်အထိပုန်ကန်။ ခုနောက်ဆုံးပေါ် အာဆာဆိုတဲ့ အဖွဲ့တွေအထိ သောင်းကြမ်းနေကြတုန်း။
အများစုသော ဘဂါင်္လီတွေက အေးချမ်းစွာနေလိုသူတွေပါ။ ဖိနှိပ်မှုတွေ၊ လူတန်းစားခွဲမှုတွေ၊ ကျပ်တည်းမှုတွေ၊ ဘာသာရေးမှိုင်းတွေအောက်မှာ လူတချို့က သောင်းကြမ်းကြတာ။ ဒီဒေသမှာ လူခြောက်သိန်းရှိတော့ ၂%ပဲသောင်းကြမ်းဦးတော့ တစ်သောင်းနှစ်ထောင်ပဲ။ အခုအာဆာလည်း ဒီ၂%ထဲကပေါ့။ သူတို့ကြောင့် ကျန်တဲ့ ၉၈% ဒုက္ခရောက်။ သူတို့နဲ့မပေါင်းရင် အချင်းချင်းလည်း သတ်မှာ။ ဒေသခံတပ်ကိုလည်းကြောက်ရ။ ဒီတော့ တဝက်လောက်က ဘင်္ဂလားကိုပြေးကြရော။
အပြင်လူတွေက ရိုဟင်ဂျာဆိုပြီးမြှောက်ပေးတာကို အဟုတ်ထင်ပြီး သောင်းကြမ်းမှုကြီးဖြစ်တော့ သာမန်ရိုးသားစွာနေလိုကြတဲ့ ဘင်္ဂလားနွယ်ဖွား ဘင်္ဂါလီတွေ၊ ဒေသခံတွေ အားလုံးဒုက္ခရောက်ကြတာကလွဲပြီး ကောင်းမှုဖြစ်လာစရာမမြင်သေး။ မဆလခေတ်တလျှောက်လုံး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကြောင့် နိုင်ငံသားရသွားခဲ့သူသိန်းချီသော မြန်မာပြည်မထဲမှာ နေထိုင်ကြတဲ့ သူတို့အနွယ်ဝင်တွေကတော့ ရိုးရိုးသားသား အေးချမ်းစွာနေထိုင်စားသောက်နေကြသူတွေအများစုပါ။ စုံးပြူးအနည်းငယ်ရှိပေမဲ့ အချင်းချင်းထိမ်းနိုင်ကြပါတယ်။ မြန်မာတွေကလည်း မြန်မာစုံးပြူးတွေကို ပြန်ထိမ်းပါတယ်။ ဒါကြောင့် ပြည်မမှာ ဒီနေ့အထိ ပြသနာကြီးကြီးမားမား (၂၀၁၂ကလို) မဖြစ်တာပဲလို့ယူဆပါတယ်။
စစ်အစိုးရအဆက်ဆက်ရဲ့ ပြစ်ထားမှုခံခဲ့ရတဲ့ပြည်နယ်မို့ အားလုံးမဟုတ်ရင်တောင် နယ်ခံအများစုက မြန်မာကိုမုန်းကြတယ်။ တကယ်ကတော့ မြန်မာလူမျိုးနဲ့မဆိုင်။ အာဏာရှင် စစ်အစိုးရဆိုတာ သူတို့ကိုထောက်ခံရင် ဘယ်သူမဆိုအခွင့်အရေးရပြီး မထောက်ခံရင် နှိပ်ကွပ်တာပါပဲ။ ပြည်နယ်ပြည်မ မခွဲပါဘူး။ ဒါကြောင့်လည်း အနည်းစုသော အထာနပ်သော စစ်အာဏာရှင်တွေဆီမှာ ဝင်ထွက်တတ်တဲ့ ဘဂါင်္လီတွေက အရမ်းချမ်းသာကြတယ်။ စီးပွားရေးတွေ လက်ဝါးကြီးအုပ်နိုင်တယ်။ ဒါကို ဒေသခံတွေက မကြေနပ်။ ဒီလိုနဲ့ အမုန်းစစ်ပွဲတွေ နွှဲနေကြတာပေါ့။
အန်တီဒေါ်အောင်ဆန်းစုကြည်က နေထိုင်မှုအထောက်အထားတွေပြနိုင်ရင် ပြန်လက်ခံမယ်၊ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ အာမခံထားပြီ။ ကော်မရှင်အသီးသီးလည်းဖွဲ့ပြီးပြီ။ ဒီအခွင့်အရေးကို နှစ်ဖက်လုံးက အမိအရလက်ခံကြဖို့ပဲလိုတော့တယ်။
သုံးပုံတပုံသောလူတွေထဲက အေးချမ်းစွာအတူတကွနေလိုကြတဲ့ဘင်္ဂါလီတွေကို နိုင်ငံသားဥပဒေအရစီစစ်ပြီးခွင့်ပြုမှုကို အမျိုးရခိုင်တွေက လက်ခံဖို့လိုသလို၊ ရိုဟင်ဂျာဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုကိုစွန့်ပြီး နိုငိငံသားဖြစ်မှုစီစစ်ရေးကို ပူးပေါင်းပါဝင်ပြီး အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဘဂါင်္လီတွေဖက်ကလည်း လက်ခံဖို့လိုပါတယ်။ နေထိုင်ကြတဲ့နိုင်ငံအစိုးရရဲ့ တည်ဆဲဥပဒေတွေကို နှစ်ဖက်လုံးက လေးစားဖို့လိုပါတယ်။
ဒီလိုမှမဟုတ်ပဲ မြန်မာတပ်ထွက်သွားတို့ ရိုဟင်ဂျာလူမျိုးပဲပေးတို့ ဆက်လုပ်နေကြဦးမယ်ဆိုရင်တော့ အမျိုးတို့ရဲ့ရခိုင်မြေဟာ အေးချမ်းလာဖို့ မမြင်သေးပါဘူးဗျာ။
မြန်မာပြည်သားတွေ အမျိုးတွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
( မောရစ်ကောလစ်ရဲ့စာအုပ်ကို ဦးလှဒင်ဘာသာပြန်တဲ့ ရတနာရွှေမြေ၊ အင်တာနက်ပေါ်မှာ ရှာတွေ့သမျှ ပညာရှင်တွေရေးသားချက်တွေကို ခရက်ဒစ်ပေးပါတယ်။)

ပြောင်းလည်းနေပြီ
ပြောင်းလည်းနေပါပြီ၊ ညီညွတ်ကြပါစို့
၂၀၁၅ရွေးကောက်ပွဲမှာ 'ပြောင်းလည်းချိန်တန်ပြီ' ဆိုတဲ့ခေါင်းစဉ်နဲ့ ပြည်သူ့ပါတီ NLD က တခဲနက်အနိုင်ရခဲ့သည်။ သည်လိုအချိန်ရောက်ဖို့ ၁၉၈၈ ကစပြီးရေတွက်လျှင်ပင်(၂၇)နှစ်တိတိ ကြာမြင့်ခဲ့၏။ ဘဝတွေရင်း အသက်တွေပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ထမ်းတင်ခဲ့ကြရသည်။ ဒီမိုကရေစီတင်းပြည့်မရသေးသည့်တိုင် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေခဲ့ပြီ။ ပြည်သူ့ခေါင်းဆောင် အန်တီဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဦးဆောင်မှုပေးနိုင်ခဲ့ပြီ။
မောင်လူပေ ခေတ္တနေထိုင်ရာ ဆန်ဖရန်စစ္စကိုဧရိယာသို့ မြန်မာသံအမတ်ကြီးဦးအောင်လင်းမှ ဒုတိယအကြိမ် ရောက်လာပြီး ဒေသခံမြန်မာအသိုင်းအဝိုင်းနှင့်တွေ့ဆုံ မိတ်ဆုံစားပွဲလေး ဒီနေ့ညမှာ ကျင်းပခဲ့၏။ သံအမတ်ဖြစ်စ မနှစ်က တစ်ကြိမ်ရောက်လာခဲ့ပြီး တွေ့ဆုံခဲ့ဖူးရာ ဒီအကြိမ်က ဒုတိယအကြိမ်မြောက်။
မောင်လူပေ ဒီဒေသမှာ ရောက်ခဲ့တာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပါပြီ။ အရင်က မြန်မာသံအမတ်များဆိုသည်ကို ဖြူသလား၊ မဲသလားပင် မမြင်တွေ့ခဲ့ဘူးပါ။ သူတို့ကိုတွေ့ဖို့မဆိုထားနှင့် မြန်မာသံရုံးနှင့် ဆက်သွယ်ဖို့ပင် အတော်ခဲယဉ်းခဲ့သည့်အခြေအနေပါ။ အခွန်ဆောင်တာယူဖို့ကလွဲလျှင် ကျန်သည့်ကိစ္စအဝဝကား သူတို့နှင့်မသက်ဆိုင်သည့်အလား။
ပြည်သူ့ပါတီအစိုးရခန့်အပ်သည့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်လင်းကား အရပ်သားစစ်စစ်လည်းဖြစ်သည်။ အရင်ကတော့ အရပ်သားအမည်ခံသံအမတ်တွေသာဖြစ်လေ၏။ အရပ်သားစစ်စစ်သံအမတ်ကြီးက ရောက်လာသည်နှင့် အမေရိကန်အနှံ့သွားပြီး မြန်မာတွေနှင့်တွေ့သည်။ မြန်မာတွေပြောတာနားထောင်သည်။ မေးတာဖြေကြားသည်။ အခုကတော့ တစ်နှစ်မြောက်တွင် ဒုတိယအခေါက်ရောက်လာပြန်ပြီ။ ဒါကြောင့်လည်း ပြောင်းလည်းနေပါပြီ ဟု ဆိုရခြင်းပင်။
မြန်မာ၊အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးအကြောင်း၊ စီးပွားရေးပူးပေါင်းမှုအကြောင်းနှင့် ရခိုင်ဒေသအခြေအနေအကြောင်းတွေပြောပြသည်။ မောင်လူပေတို့ ဆန်ဖရန်ဒေသခံတွေကလည်း မရှင်းလင်းတာတွေ ပြန်မေးသည်။ ဆွေးနွေးသည်။ သံအမတ်ကြီးကလည်း ပွင့်လင်းစွာ ဖြေကြားသည်။
နိုင်ငံတကာမီဒီယာတွေက သတင်းမှားတွေကို မှားကြောင်းထောက်ပြဖို့တွေလည်းပါသည်။ မြန်မာနိုင်ငံမွတ်စလင်အဖွဲ့ချုပ်က မောင်တောအကြမ်းဖက်မှုကိုရှုံ့ချသည့်ကြေညာချက်ထုတ်ပြီး အကြမ်းဖက်ဘဂါင်္လီများနှင့်မပတ်သက်ကြောင်းကြေညာသည့်အကြောင်းလည်းပါသည်။ ဒေသခံများမှ သက်ဆိုင်ရာလွတ်တော်အမတ်များထံ အခြေအနေမှန်များပေးပို့ရေးလည်းပါသည်။ သံရုံးမှလည်း နိုင်ငံခြားရေးဌာနအချင်းချင်း အဖြစ်မှန်များကို သတင်းအထောက်အထားတွေ ပေးပို့အစီရင်ခံနေသည်ဟုသိခဲ့ရသည်။ အခက်အခဲအမျိုးမျိုးကြားမှ ရရှိခဲ့သော ဒီမိုကရေစီလမ်းကြောင်းမှသွေဖီသွားစေမည့် မည်သည့်လုပ်ရပ်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း၊ ပြည်တွင်းပြည်ပမှ မြန်မာများကလည်း အစိုးရနှငိ့တသားတည်း ညီညွတ်စွာ ရပ်တည်ပေးကြပါဟု သံအမတ်ကြီးက ပြောကြာသွားခဲ့သည်။
ဒါကြောင့်လည်း ပြီးခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်ကို အမေရိကန်မှအရင်လို စီးပွားရေးပိတ်ဆို့ဖို့ သတင်းဌာနများမှ ဖိအားပေးမေးခွန်းတွေမေးနေကြသော်လည်း အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးမှ မြန်မာနိုင်ငံဖက်မှရပ်တည်ပြီး ' မြန်မာနိုင်ငံသည် လူမျိုးရာကျော်၊ ဘာသာပေါင်းစုံရှိသည်ဖြစ်ရာ ညီညွတ်အေးချမ်းရေးအတွက် အစွမ်းကုန်ကျိုးပမ်းနေကြောင်း၊ ဒီမိုကရေစီထွန်းကားစနိုင်ငံတစ်ခုဖြစ်၍ စိန်ခေါ်မှုတွေရင်ဆိုင်နေရသည်ကိုနားလည်ကြောင်း၊ နှစ်ဖက်အသိုင်းအဝိုင်းမှ တည်ငြိမ်ရေးအတွက် အစွမ်းကုန်အားထုတ်နေပါကြောင်း' နှင့် လိမ္မာပါးနပ်စွာ ကာကွယ်ပေးသွားခြင်းဖြစ်မည်။ အန်တီဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် အထူးသဖြင့် အမေရိကန်နှင့်ဥရေပနိုင်ငံများအပေါ် နိုင်ငံရေးအရ သြဇာရှိမှုနှင့် ကိုင်တွယ်တတ်မှုကို ဒီနေရာတွင် ထင်းနေအောင်မြင်တွေ့ရသည်။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ အခုလို ပြန်လည်ဦးမော့လာခြင်းမှာလည်း ပြောင်းလည်းနေခြင်းတစ်ခုပါပင်။
မေးခွန်းများမေးကြရာတွင် မောင်လူပေကတော့ မေးခွန်းမဟုတ်ပဲ သံအမတ်ကြီးကို အကြံတစ်ခုပေးခဲ့ပါသည်။ သံအမတ်ကြီးကလည်း အသေအခြာမှတ်သားသွားမည်ဟုဆိုပါသည်။ မောင်လူပေပြောခဲ့သည်ကတော့...
" သံအမတ်ကြီးခင်ဗျား။ ယခုဆိုရင် မောင်တောအကြမ်းဖက်မှုဖြစ်ခဲ့တာ နှစ်ပတ်ကျော်ပါပြီ။ မြန်မာပြည်လည်း နိုင်ငံတကာမှာအတော်သိက္ခာကျရပါသည်။ သတင်းမှားတွေကြောင့်ဖြစ်သည်။
အနောက်နိုင်ငံတွေမှာ တစ်နေရာတွင် အကြမ်းဖက်မှုဖြစ်သည်နှင့် မြို့ကြီးများတွင် လူသိန်းချီသော ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ကျင်းပကြသည်။ ဘာသာပေါင်းစုံပါဝင်သည်။ သတင်းတွေတက်လာသည်။ နိုင်ငံတစ်ခု၏ဂုဏ်သိက္ခာလည်း ဖြစ်ပါသည်။
မြန်မာပြည်ကား နှစ်ပတ်ကျော်လာပြီး နှစ်ဖက်ဆဲရေးနေကြသည်သာတွေ့ရ၏။ မည်သည့်ဆုတောင်းပွဲကြီးတွေကိုမျှ မတွေ့ရ။ ဆုတောင်းပွဲမည်ကာမတ္တဆိုလျှင်လည်းသတင်းမဖြစ်။ အဖွဲ့အစည်းစုံကဦးဆောင်သော ဘာသာစုံမှ ခေါင်းဆောင်တွေတက်ရောက်သော လူသောင်းချီလည်းတက်ရောက်သော ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ မြို့ကြီးတွေမှာ လုပ်နိုင်အောင်ကျိုးစားပါ။ ဒီအထဲမှာ ဆူပူလိုသူတွေပါလျှင်လည်း ထိရောက်စွာအရေးယူပါ။ နိုင်ငံတကာအမြင်တွင် ဘာသာပေါင်းစုံအေးချမ်းစွာချစ်ကြည်နေကြပါသည်ဆိုသောပြယုဒ်တစ်ခုဖြစ်စေရေး အားထုတ်ဖို့အလွန်အရေးကြီးသောအချိန်ဖြစ်နေပါပြီ။ ညီညွတ်ကြဖို့လိုပါပြီ။
ဒီလိုဆုတောင်းပွဲတွေကို နိုင်ငံတော်ပိုင်သတင်းဌာနတွေမှတိုက်ရိုက်လွှင့်ထုတ်ပေးပါ။ နိုင်ငံခြားသတင်းဌာနများ၏သတင်းများကို ငြင်းနေယုံမျှနှင့်မပြီးပါ။ လက်တွေ့ပြဖို့ လိုနေပါပြီ။ " ဟု ဖြစ်ပါသည်။
မြန်မာပြည်ငြိမ်းချမ်းပါစေ။

ရွှေတိဂုံကိုလွမ်းကြသူများ
ရွှေတိဂုံကို လွမ်းသူများ
မြန်မာမှန်လျှင် လူမျိုးမရွေး၊ ဘာသာမရွေး ရွှေတိဂုံကို သိကြပါသည်။ မြန်မာပြည်ကိုရောက်ဖူးကြသူအား
လုံးလည်း သိကြပါသည်။ အဘယ်ကြောင့်မူကား ပဲခူးရိုးမ၏ တောင်ဖက်အစွန်းရှိ ကုန်းမြေပေါ်တွင် လေထဲသို့ ၃၂၆ပေခန့်ထိုးထွက်နေသော ရွှေရောင်တွေဖြာနေသည့် ရွှေစေတီကြီးမို့ ကုန်း၊ရေ၊လေ ဘယ်လမ်းကပဲလာလာ အရင်ဆုံးတွေ့မြင်ကြရမည် ဖြစ်သောကြောင့်ပင်။
ရွှေတိဂုံသည်စေတီတစ်ဆူဟုဆိုရသော်လည်း မြန်မာတို့၏ယဉ်ကျေးမှုပြယုဒ်တစ်ခုဖြစ်သည်။ မြန်မာတို့၏ အားမန်တို့ကို ညွှန်းဆိုရာနေရာတစ်ခုဖြစ်သည်။ မြန်မာတို့၏ အလှူအတန်းရက်ရောမှု၏ သင်္ကေတလည်းဖြစ်ပါသည်။
ထိုစေတီကို မွန်တို့တည်ထားခဲ့သည်။ ပြုပြင်ခဲ့သည်။ မြန်မာတို့က ထပ်ဆင့်မွန်းမံစောင့်ရှောင့်ခဲ့ကြသည်။ ယခုခေတ်မြင်တွေ့ရသည့် လက်ရာသည် မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောဘုရင်မကြီးဖြစ်သည့် ရှင်စောပု ( မွန်ဘုရင်ကြီးရာဇာဓရာဇ်၏သမီးတော်) ၏ သမက်ဖြစ်သူ ဓမ္မစေတီမင်း (ပိဋကပ်သုံးပုံအောင်သောရဟန်းကို လူထွက်စေ၍ မင်းပြုခဲ့ရာမှ ရခဲ့သောဘွဲ့အမည်) လက်ထက်က မူလစေတီကိုငုံကာတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟုဆို၏။ မြန်မာပြည်မှကုန်သည်ညီနောင်သယ်ဆောင်ခဲ့သောဆံတော်ကို ဌာပနာ၍တည်စဉ်က ကိုးတောင်ပြည့်စေတီဟူ၏။ ခေတ်အဆက်ဆက် မင်းတို့က စေတီဟောင်းကို ပြုပြင်ခဲ့သည်ဆိုကြ၏။ မင်းတုန်းမင်းကြီးလက်ထက်တွင် အသပြာနှစ်သိန်းကျော် (ထိုခေတ်ကငွေမို့ ဒီခေတ်ဆိုလျှင် ဒေါ်လာသန်းပေါင်းများစွာ တန်ပါလိမ့်မည်။) အကုန်ခံပြီး ပြန်လည်ပြူပြင်ပြီး ထီးတော်အသစ်ပါ တင်လှူခဲ့သည်။
အင်္ဂလိပ်တို့ သိမ်းပိုက်ထားရာ အောက်ပြည်သို့ မြန်မာမင်းတစ်ပါးဆင်းလာခဲ့သည်မှာ အကြောင်းမဲ့တော့မဟုတ်တန်ရာ။ ဘာသာရေးမို့ လူယဉ်ကျေးအမည်ခံ အင်္ဂလိပ်များအတွက် ငြင်းရခက်ပြီး အောင့်သက်သက်နဲ့ ခွင့်ပြုခဲ့ကြရဟန်တူ၏။ မြန်မာဘုရင်အတွက်ကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ခရီးပါ။ ဘုရင်မဲ့နေသော အောက်ပြည်ရှိ မြန်မာများကို ခွန်အားပေးစေခဲ့သော ခရီးဆိုလည်း မမှားနိုင်ပါ။
မင်းတုန်းမင်းကောင်းမှုဟူသော ထီးတော်ကြီးကို မြန်မာ မြို့ပြအင်ဂျင်နီယာတို့၏ဘိုးအေဟု ခေါ်ထိုက်သည့် မင်းလက်ဝါးကြီးက မျက်လုံးအကြည့်ဖြင့် တင်ခဲ့သည်ဟုဆိုကြသည်။ သူ့မျက်လုံးကား အံ့မခန်း။ ခေတ်မှီပစ္စည်းများနှင့် တိုင်းကြည့်သောအခါ ဆံချည်တစ်မျှင်မျှ မတိမ်းစောင်းပါဟူ၏။
ရွှေတိဂုံစေတီတည်ဆောက်ခဲ့သော ဓမ္မစေတီမင်းလက်ထက်သည် မွန်များအဖို့ စစ်မက်ကင်းသောအချိန်ဖြစ်၏။ ထိုအချိန်မတိုင်မှီက မြန်မာတို့နှင့်မွန်တို့ နှစ်လေးဆယ်ကျော်စစ်ပွဲကြီး ဆင်နွှဲခဲ့ကြရသည်။ စစ်တွေပန်းခဲ့ရသည်။ ပြည်သူတွေသေခဲ့ကြသည်။ ဓမ္မစေတီမင်းလက်ထက်တွင်မှ ငြိမ်းချမ်းမှု၏ အရသာကို တင်းပြည့်ခံစားခဲ့ကြရသည်။ ပြည်သူတွေရဲ့ ခွန်အားတွေကို ဒီစေတီတည်ထားရာမှာ ပြည့်ဝစွာသုံးနိုင်ခဲ့သည်။ ပိသုကာအမြင်အရလည်း စေတီကြီးက အလွန်အချိုးအဆစ်ပြေပြီး လှပသလို ခိုင်ခန့်မှုတွင်လည်း ပြောဖွယ်မရှိ။ အောက်ခြေထုကြီးများအခိုင်အခန့်ဖြင့် တည်ဆောက်ခဲ့လေရာ ခေတ်အဆက်ဆက် ကြီးမားသောငလျှင်ကြီးများရန်မှလည်း လွတ်ကင်းခဲ့သည်။
မြန်မာတို့၏ရင်ထဲမှာ သွေးထဲမှာ ရွှေတိဂုံသည် အမြစ်ဖြစ်၏။ ရှေးမြန်မာတို့လက်ထက်မှသည် ယခုခေတ်တိုင် ခိုင်ခန့်နေကြဆဲ။ ထို့ကြောင့်လည်း နိုင်ငံရပ်ခြားသို့ အခြေချနေထိုင်ပြသော မြန်မာများသည် ရောက်လေရာအရပ်တို့တွင် ရွှေတိဂုံပုံစံတူ စေတီများကိုတည်ထားဖို့ကျိုးစားကြခြင်းဖြစ်၏။ ရွှေတိဂုံကိုမြင်လျှင် ကိုယ့်ပြည်ကိုယ့်မြေဟု ခံစားမိကြသည်မဟုတ်လား။
မောင်လူပေတို့နေထိုင်ရာ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ Sebastopol မြို့ စေတော်ဝင်(၂) ဓမ္မစင်တာအတွင်းတွင်လည်း ဉာဏ်တော် ၁၉ ပေခွဲရှိသော ရွှေတိဂုံပုံစံတူစေတီတည်ဖို့ စီစဉ်နေကြသည်။ ထို့အတွက် စုပေါင်းဈေးရောင်းပွဲတစ်ခု ကျင်းပကြလိမ့်မည်။ ဈေးရောင်းပွဲနေရာမှာ Swiss Perk, 5911 Mowry Ave, Newark, CA 94560 တွင်ဖြစ်၏။ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁)ရက် တနင်္ဂနွေနေ့ နံနက်(၁၀)နာရီမှနေ့လည်(၂)နာရီအထိဟု သိရသည်။
သို့ပါသောကြောင့် ရွှေတိဂုံပုံစံတူစေတီတည်ထားရေး ဈေးရောင်းပွဲတော်သို့ ရွှေတိဂုံကိုလွမ်းကြသူမြန်မာမိသားစုများမှ အင်တိုက်အားတိုက်လာရောက်အားပေးကြပါစို့ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။
" ( ရွှေတိဂုံကိုမြင်လျှင်)၂ ကိုယ့်ပြည်ကိုယ့်မြေ ကိုယ့်ဌာနေတွင် ပြန်ရောက်သည်သို့ စိတ်အားရယ်ပျော်ရွှင်........။" (မြန်မာသီချင်းတစ်ပုဒ်မှ)

အားလည်းနာတယ်(၅)
အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၅)
အမျိုးတို့ရေ။ ဒီလိုပဲခေါ်ပါရစေ။ ချစ်သူ ခင်သူ သူငယ်ချင်း မိတ်ဆွေအပေါင်းဟာ အမျိုးတွေပါပဲ။ တိုင်းရင်းသား ညီအကိုတွေဆိုလည်း အမျိုးတွေပါပဲ။
အခုတလော တက်လာနေတဲ့ သတင်းတွေဖတ်ရင်းနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးအားကိုပိုသိလာတယ်။ တစ်ခုခုကို အခြေပြုပြီး ဆိုရှယ်မီဒီယာမှာ fake news သတင်းတုတွေ ဖန်တည်းလိုက်ရင် အတော်အလုပ်ဖြစ်ကြတာ။ လူအတော်များများက မြင်သမျှအမှန်ထင်တတ်ကြတော့ လှုံ့ ဆော်လို့ သိပ်ကောင်းပဲ။
ဒီနည်းကိုသုံးပြီး ဒေါ်နွယ်ထွန်းကြီးလည်း အမေရိကားမှာ သမ္မတဖြစ်လာတာပဲ။ အမေရိကားမှာတော့ ဆိုရှယ်မီဒီယာမှာ Facebook သိပ်မသုံးကြ။ Tweeter သုံးတာများတယ်။ ဒေါ်နွယ်ထွန်းက tweeterမှာ ပေါက်ကရတွေရေးတယ်။ သူ့ကို ဝေဖန်ထောက်ပြတဲ့ main stream media သတင်းတွေကို fake news တွေလို့ တိုက်ခိုက်တယ်။ တကယ့် fake news တွေနဲ့လုပ်စားနေပြီး သူ့ကိုထောက်ခံတဲ့ Fox လို media တွေကပဲ သတင်းမှန်လို့ ရေးတယ်။ သမ္မတလောင်းတစ်ယောက်အနေနဲ့ရော မီဒီယာကျင့်ဝတ်အနေနဲ့ရော စောင့်ထိမ်းရမဲ့ကျင့်ဝတ်တွေ တစ်ခုမှ မလိုက်နာဘူး။ လူပြိန်းကြိုက်တွေ အကုန်ရေးတာပဲ။ လူပြိန်းတွေသူ့ကိုအရမ်းကြိုက်လာကြပြီး သမ္မတကြီး ဖြစ်လာလေသတည်းပေါ့ဗျာ။
အမေရိကားလိုနေရာမှာတောင် လူပြိန်းတွေ ဒီလောက်များရင် မြန်မာပြည်လိုနေရာမှာ ပြောဖွယ်မရှိတော့ဘူး။ ဖြစ်နေတဲ့အခြေအနေကို လုပ်စားဖို့က ဒီလိုလူပြိန်းတွေက အလွန်အားကိုးရတယ်။ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းသုံးတဲ့မီဒီယာလေ။ ဘယ်သူမှ မီဒီယာသင်တန်းမတက်ထားဘူး။ မီဒီယာကျင့်ဝတ်လည်းမသိဘူး။ မရေးတတ်ရင်တောင် ရှယ်တတ်ကြတော့ မှားလားမှန်လားမခွဲခြားတတ်တော့ပဲ တွေ့သမျှအဟုတ်ထင်ရင်း အကုန်ရှယ်ကြတော့ လုပ်စားဖို့စောင့်နေသူတွေကို အခမဲ့အကျိုးဆောင်ပေးနေသလိုပဲ။
မောင်လူပေတို့ရဲ့ ရွှေပြည်ကြီးမှာ ဒီအဆင်တွေ ဖြစ်နေတာကြာပါပြီ။ ဒါကြောင့်လည်း စာတွေ ရေးခဲ့ပါတယ်။ ရေးပြီးမကြာခင် ဖြစ်ပါတယ်။ ဖြစ်လာတော့လည်း လုပ်စားမဲ့သူတွေဆင်ထားတဲ့ခွင်ထဲကို အများစုက ပြေးဝင်နေကြတာပဲ တွေ့နေရပါတယ်။
အရေးအခင်းတစ်ခုဖန်တည်းဖို့က မီးစကိုစောင့်ရတယ်။ လောင်စာစုရတယ်။ ပြီးရင် အချိန်ကိုက် ဖေါက်ခွဲတတ်ရတယ်။ ဒါဆိုရပြီ။ ဒီခွင်အတိုင်းပဲ အရေးအခင်းကြီးတွေ ဖြစ်လာကြတာ။ အောင်မြင်တာလည်းရှိတယ်။ မအောင်မြင်တာလည်းရှိမယ်။
လုပ်စားစရာခွင်ပြောက်နေတဲ့ လူတွေက အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ မီးစတွေကို ဆွဲဆွဲထုတ်ပြီး မီးမွှေးဖို့ လုပ်နေကြတယ်။ လက်ရှိအခြေအနေကို အသုံးချဖို့ ကျိုးစားနေကြတယ်။ လောလောဆယ် ရခိုင်အရေးမီးစက အဆင်သင့်။ လောင်စာဖြစ်တဲ့ အမုန်းတရားတွေက ရှိနှင့်ပြီးသား။ နှစ်ဖက်လုံးမှာ ခံစားချက်တွေနဲ့အပြည့်။ အချိန်ကိုက် ဖေါက်ခွဲတတ်ရင်ရပြီပဲ။
ဒီအတွက်အသုံးချလာတာက ဆိုရှယ်မီဒီယာတွေကိုပေါ့။ အကြမ်းဖက်အဖွဲ့ကလည်းသုံးတာပဲ။ လူတိုင်းနည်းပါးစမတ်ဖုံးကိုင်တဲ့ခေတ်ကို အကျိုးရှိရှိအသုံးချနေကြလေရဲ့။ နှစ်ဖက်လုံးမှာရှိတဲ့ ရှေးရိုးစွဲ အစွန်းရောက်တွေက အဓိက အခန်းကနေ ပါဝင်နေကြတယ်။ အစွန်းရောက်တာပြသနာမဟုတ်ပေမဲ့ အကြမ်းဖက်လာတာပြသနာ၊ အကြမ်းဖက်မယ်လို့ ကောလဟာလတွေ လွှင့်ပေးနေတာကပြသနာ။
ပြည်တွင်းပြည်ပ သတင်းဌာနတွေကလည်း တကယ့်အဖြစ်အပျက်အမှန်မသိကြပဲ ထင်ရာတွေ ကြားရာတွေရေးကြတာ ဖတ်နေကြားနေရတယ်။ ဇာတ်နာအောင် လုပ်ဇာတ်တွေထည့်လိုက်ကြတာ မနည်းလှ။ စစ်အစိုးရအဆက်ဆက်လုံးခြာလည်နေတဲ့ဇာတ်လမ်း။ အရင်အစိုးရခေတ် ၂၀၁၂မှာတော့ ရခိုင်ကမုဒိန်း၊လူသတ်မှုကို ရာဇဝတ်မှုအနေနဲ့အရေးယူတဲ့ကြားက လက်ပါးတော်စွမ်းအားရှင်တွေလွှတ်ပေးပြီး အမှုနဲ့မသက်ဆိုင်တဲ့ ဗလီဆရာတွေကိုသတ်၊ အလောင်းပုံတွေဖြန့်၊ တပြည်လုံး ပြသနာတက်။ ဒီလိုနဲ့သွေးချောင်းစီး။ အယုံအကြည်တွေပျက်ကြ။ နှစ်ဖက်အတူနေရမတော့ပဲ မုန်းတီးမှုတွေပိုဖြစ်။
ဒီအဖြစ်က အခြေခံရှိခဲ့တော့ ယခုမောင်တောအရေးကိုလည်း ဒီအတိုင်းပဲထင်ပြီး ပြည်ပမီဒီယာတွေမှာရေးနေကြတာ။ သတင်းမှန်လားမှားလား မသိနိုင်တော့ဘူး။ မူဆလင်တွေဆိုတာလည်း ဒါတွေကြားသိရတော့ မခံနိုင်ကြ။ ဆူကြပူကြ ဆန္ဒတွေပြကြ။ ဆိုရှယ်မီဒီယာက fake news တွေမွှေချက်က တကမ္ဘာလုံးဗြောင်းဆန်။
ရခိုင်မီးစကို ပြည်မထဲဆွဲသွင်းဖို့ အသဲအသန်ကျိုးစားနေကြတာမြင်နေရတော့ ရင်မောမိတာအမှန်ပါ။ ကောလဟာလတွေကလည်းပေါင်းစုံပဲ။ အတိုင်ပင်ခံရုံးကတောင် ကြေညာချက်တွေထုတ်ရတဲ့အထိပဲ။ ပြည်ပမှာဗြောင်းဆန်တာလောလောဆယ်ပြသနာမဟုတ်ပေမဲ့ ပြည်မထဲမှာမီးတောက်ရင် ရွှေပြည်ကြီးအတွက် ပြသနာ။ နောက်တခါ လာပြန်ချီသေးဆိုတဲ့ ဘင်သံတွေနဲ့ ပိပြားရေးခေတ်ကို ပြန်ရောက်ပေဦးတော့မယ်။
အထာနပ်နေကြတဲ့ ပြည်သူအများစုက နှစ်ဖက်လုံးကို ထိန်းနိုင်ကြမယ်လို့ ယခုတိုင် ယုံကြည်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ ဖွဲ့စည်းထားကြတဲ့အတွက် ဒီအဖွဲ့တွေကလည်း ထိန်းကြပါလိမ့်မယ်။ ဆိုရှယ်မီဒီယာပေါ်ကနေ ရိုင်းစိုင်းစွာ နှစ်ဖက်လုံးက ရေးသားနေသူတွေအတွက်တော့ ဘာမှပြောစရာမရှိ။ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာပဲ။
လောလောဆယ်မှာ အကြမ်းဖက်သမားတွေကြောင့် ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို တတ်နိုင်သ၍အကူအညီပေးဖို့ပဲ မောင်လူပေတို့ကတော့ လုပ်ပေးနိုင်ပါတယ်။ အမျိုးတို့လည်း ဝိုင်းဝန်းပေးကြပါ။ နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကတော့ အစိုးရရှင်းပါလိမ့်မယ်။ အကြမ်းဖက်မယ်ဆိုတဲ့ ကောလဟာလတွေကြားမှာ တောကြောင်တွေလက်ခမောင်းခတ်မဲ့အရေးကိုပဲ နှစ်ဖက်စလုံးက မြန်မာပြည်သားတွေပီပီ စောင့်ကြည့်ပေးကြပါစို့လို့ နှိုးဆော်အပ်ပါတယ်ဗျာ။
မြန်မာ့ပြည်ကြီး အေးချမ်းပါစေ။

ရခိုင်ဒုက္ခ ကူညီကြ
ရခိုင်ဒုက္ခ ကူညီကြ။
မြန်မာပြည်ကား ဒုက္ခတွေနှင့် ကခုန်နေသော နိုင်ငံတစ်ခုဖြစ်၏။ ထိုထို ဒုက္ခများစွာတွင် ရခိုင်အရေးကလည်း အပါအဝင်။
ရခိုင်တို့ကား ရှေးမြန်မာစကားကိုပြောဆိုသော မြန်မာမျိုးကွဲတစ်ခုဖြစ်သည်။ တစ်ချိန်အခါက ကိုယ့်မင်းကိုယ့်ချင်း နေခဲ့ကြဖူးသည်။ မြန်မာတွေနှင့်အပြန်အလှန် စစ်ပွဲတွေဖြစ်ခဲ့ဖူးသည်။ ဧကရာဇ်နိုင်ငံငယ်တို့၏ ထုံးစံအတိုင်း အင်အားနည်းချိန်မှာ အရှုံးနှင့်ရင်ဆိုင်ကာ မြန်မာလက်အောက် ရောက်သွားခဲ့၏။ ထိုအချိန်မှစ၍ တိုင်းရင်းသားလူမျိုးတစ်ခုအနေဖြင့် ရှိနေခဲ့သည်။
အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်က အိန္ဒိယဘုရင်ခံအုပ်ချုပ်သည့် ပြည်နယ်တစ်ခုအဖြစ်ရောက်ရှိခဲ့ပြန်ရာ ရခိုင်လည်း ထိုနည်းလည်းကောင်း အိန္ဒိယနိုင်ငံအောက်သို့ ရောက်သွားခဲ့သည်။ ဘင်္ဂလားနှင့် နယ်နမိတ်ချင်း ထိစပ်နေရကား လူဦးရေ ထူထပ်လှသော အိန္ဒိယ ဘင်္ဂလားပြည်နယ်( ဘင်္ဂလားဒေ့ခ်ျ မဖြစ်သေး။ ) မှ ဘင်ဂါလီများ၏ တံခါးမရှိ ဓါးမရှိ ဝင်ရောက်ရာ ဒေသဖြစ်ခဲ့ရ၏။
ဒုတိယကမ္ဘာစစ်အစ ဂျပန်အဝင်တွင် ထိုဒေသမှ ဆုတ်ခွာခဲ့သည့် အင်္ဂလိပ်တပ်က ဘင်ဂါလီတွေကို လက်နက်တပ်ပေးပြီး ကြားခံနယ်အဖြစ်ထားရစ်ခဲ့သည်။ မြန်မာနှင့်ရခိုင်တွေက အင်္ဂလိပ်ကို ဆန့်ကျင်သူများမို့ မယုံရ။
ထိုဖြစ်ရပ်မှာ ကိုယ်ပိုင်နယ်ထူထောင်လိုသူ ဘင်ဂါလီများအတွက် ကြီးစွာသောအခွင့်အရေးပင်။ ဘင်ဂါလီတွေမှာ ရခိုင်ဒေသခံများထံတွင် လယ်ကူလီဘဝဖြင့် အနှိမ်ခံနေကြရသူတွေလည်းဖြစ်ပြီး ဘာသာလူမျိုးမတူ။ ယခုတော့ အင်္ဂလိပ်တွေထွက်သွားပြီ။ လက်နက်တွေလည်း ရပြီ။ ဤသို့ဖြင့် နယ်ခံရခိုင်များကို ထိုဘင်ဂါလီလက်နက်ကိုင်များက အလုံးအရင်းဖြင့် လုယက်၊ တိုက်ခိုက်သတ်ဖြတ်ခဲ့ရာ ရခိုင်စုစုပေါင်း ငါးသောင်းကျော်မျှ အသတ်ခံခဲ့ရသည်ဟုဆို၏။ ရခိုင်တွေထွက်ပြေးတော့ သူတို့တွေဝင်ပြီး နေရာယူရာမှ ရခိုင်မြောက်ပိုင်းမှာ သူတို့တွေချည်း ဖြစ်ကုန်ပြီ။
အင်္ဂလိပ်တွေ မွှေးပေးခဲ့သောမီးက အစိုးရအဆက်ဆက် မငြိမ်းနိုင်တော့။ ရခိုင် ဘင်ဂါလီ အမုန်းမီးတွေ လောင်မြိုက်ခဲ့ပြီ။
ပြသနာက မရှင်းနိုင်တော့ပဲ အစိုးရအဆက်ဆက် စစ်ဆင်ရေးတွေလုပ်လိုက်၊ ပြန်လက်ခံလိုက်နှင့် လုံးခြာလည်။ ပြည်နယ်တစ်ခုလုံး၏ သုံးပုံတစ်ပုံ၊ ရခိုင်မြောက်ပိုင်း၏ ကိုးဆယ်ရာနှုန်းမျှအထိ ရှိနေပြီဖြစ်သော ဘင်ဂါလီများကိုလည်း ရိုဟင်ဂျာ( ဘင်ဂါလီဘာသာဖြင့် ရခိုင်ဒေသခံများ) တိုင်းရင်းသားဖြစ်ရေး လှုံ့ဆော်ပေးသူ ထောက်ပံ့သူ၊ သင်တန်းပေးသူတွေက တပုံတပင်။ ပညာအားနည်းသည့်အပြင် ဘာသာရေးမှိုင်းတွေပါ ရိုက်သွင်းခံနေရသူတွေများလာတော့ မှိုင်းတွေဝပြီး အစွန်းရောက်သူတွေ များလာတော့၏။
ကျောင်းတော်က ရန်စကို မီးပြောင်းမှုတ်ပြီး အဓိကရုဏ်းကြီးဖြစ်အောင်အထိ လှုံ့ဆော်ခဲ့သူများကတော့ အရင်အစိုးရပါဟု ပြောပါက လွန်အံ့မထင်ပါ။ ရခိုင်တွင် လူသတ်မှု၊ မဒိန်းမှုဖြစ်သည်။ ကျူးလွန်သူ သုံးဦးကိုလည်း မိသည်။ တရားရေးစနစ်ဖြင့် အရေးယူသည်အထိ မစောင့်နိုင်ပဲ အစိုးရလက်ပါးစေ စွမ်းအားရှင်တွေလွှတ်ပေးခဲ့သည်။ ထိုအမှုနှင့် မည်သို့မျှမပတ်သက်သော ဗလီဆရာဆယ်ဦးကို သတ်ပြီး လူမဆန်သည့်လုပ်ရပ်ကို အွန်လိုင်းမီဒီယာမှာဖြန့်တော့ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်တော့သည်။ မဆီမဆိုင်နှင့် ကြားညှပ်ပြီးခံရသူတွေမနည်း။ သေကြရတော့ မြန်မာပြည်သားတွေချည်းပေါ့။
ရခိုင်နှင့်မြန်မာ၏ ရှေးရန်စကလည်းမသေးလှ။ မဟာမုနိကြီးကို မန်းလေးသို့ ပင့်သွားသောကိစ္စအပါအဝင် ရခိုင်ဘုရင်ခေတ် ပျက်သုံးခဲ့ရသောကိစ္စတွေကို ရှေးရိုးစွဲရခိုင်အချို့က အစာမကြေကြသေး။ AA ပေါ်လာတော့ မြန်မာတပ်ထွက်သွားဘာညာ ဖြစ်ကြသေး၏။ သုံးပွင့်ဆိုင် သပွတ်အူ။
မည်သို့ဖြစ်စေ လက်သည်းဆိတ်က လက်ထိပ်နာကြမြဲမို့ ရခိုင်တွေခံရပြီဆိုလျှင် မြန်မာတွေက မခံနိုင်ကြပါ။ ညီအကိုတွေ ကိုယ့်ဟာကို ရန်ဖြစ်ကြတာ ကိစ္စမရှိ။ ဒီကိစ္စက အကြမ်းဖက်မှူသက်သက်။
အေးချမ်းစွာနေလိုသော ဘင်ဂါလီများလည်း ရှိကြမည်။ သို့သော်လည်း အကြမ်းဖက်သမားများကြောင့် သူတို့လည်းကြောက်လန့်ပြီး တဖက်နိုင်ငံသို့ ပြေးကြလေပြီ။ ထိုနိုင်ငံတွင် နိုင်ငံတကာအကူအညီအပြည့်။ မိုးလုံးပြည့်မုသာဝါဒတွေကလည်း ကမ္ဘာပတ်နေတော့ သူတို့တွေအတွက် ပူစရာမရှိနိုင်။
ပြည်တွင်းရှိဒေသခံတွေမှာသာ ဒုက္ခပတ်လည်ရိုက်နေကြပြီ။ ရခိုင်အပြင် ဟိန္နူဘာသာဝင်တွေ၊ မြိုတွေ၊ သက်တွေပါ ပြေးကြရသည်။ တောရွာတွေမှာပိတ်မိနေသူတွေကို တခေါက်လျှင်ငါးယောက်သာဆန့်သော တပ်ရဟတ်ယဉ်ဖြင့် ကယ်ထုတ်နေရသည့်အခြေအနေ။ စစ်တွေတမြို့ထဲတွင် ဒေသခံဒုက္ခသည်တွေ သုံးသောင်းကျော်ပြီဟုကြားသိရသည်။
မောင်တော၊ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာကြသူများ၊ စစ်တွေရောက် ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီဆိုသည်မှာ မျှော်လင့်စရာမရှိလှ။ မြန်မာပြည်အနှံ့က လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်ဆယ်ရေးအကူအညီများ၊ နိုင်ငံတော် ထောက်ပံ့မှုများကိုသာ မှီခိုနေရသည့်အခြေအနေ။
မောင်လူပေတို့လို နိုင်ငံခြားတွင် ခေတ္တနေထိုင်ကြသူများလည်း သတင်းစုံကြောင့် စိတ်မချမ်းသာကြ။ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ ဒုက္ခပေါင်းစုံဘေး၊ ဘေးပေါင်းစုံဖြစ်တိုင်းလည်း ဈေးရောင်းပွဲတွေလုပ်ကြပြီး ရသမျှလှူနေကြ။
ယခုလာမည့် တနင်္ဂနွေနေ့တွင်လည်း ရခိုင်ဘေးကူညီရေးအတွက် ဈေးရောင်းပွဲကို ဆန်ဖရန်စစ္စကိုရောက် မြန်မာတိုင်းရင်းသားတွေစုပေါင်းပြီး ကျင်းပကြပါမည်။ နယူးဝါခ့်မြို့ရှိ ဆွစ်ပတ်တွင်ဖြစ်၏။ ရသမျှကို အကုန်လှူကြမည်ဖြစ်သည့် ထိုရန်ပုံငွေပွဲကို ဆန်ဖရန်ဧရိယာတဝိုက်ရှိ မြန်မာအပေါင်းကလည်း စည်ကားစွာအားပေးကြမည်ဟု မျှော်လင့်မိပါသည်။
မြန်မာပြည်သားအပေါင်း ဘေးကင်းရန်ကွာ ချမ်းသာလာမည့်နေ့ရောက်လာလျှင်တော့ မောင်လူပေတို့တတွေ ရံပုံငွေရှာဖွေပွဲတွေ လုပ်နေရခြင်းများ နည်းပါးလာမည်ဖြစ်ပါသည်။ ထိုနေ့ကိုသာအမြန်ရောက်ပါစေဟုသာ ဆုတောင်းလျှက်။
ကျန်းမာချမ်းသာကြပါစေ။

အားလည်းနာတယ်(၄)
အားလည်းနာတယ် ခင်လည်းခင်တယ်(၄)
အမျိုးတို့အကြောင်း
မြန်မာပြည်က အမျိုးတို့အကြောင်းပြောချင်တယ်။ တိုင်းရင်းသား ညီရင်းအကို အမျိုးတွေပေါ့။ အမျိုးတွေကလည်း များမှများ။ (၁၃၆)မျိုးဆိုလား။ တူရာစုလိုက်ရင်တောင် (၅၅)မျိုးလောက် ရှိသတဲ့။ အမျိုးတွေက တည့်လည်းမတည့်ကြဘူး။ အလွန်ရန်ဖြစ်ကြတာ။ အရမ်းများလို့ထင်ပါရဲ့။
မောင်လူပေတို့ငယ်ငယ်ကတော့ ကချင်၊ကယား၊ ကရင်၊ချင်း၊မြန်မာ၊မွန်၊ရခိုင်၊ရှမ်းလောက်သိခဲ့တာ။
ဗုဒ္ဓဘာသာဝင်မြန်မာတွေကတော့ ဗုဒ္ဓရဲ့အမျိုးတွေဖြစ်တဲ့ သကျသာကီဝင်တွေကို ဝိဍ္ဍဍ္ဍူပမင်းက လိုက်သတ်လို့ထွက်ပြေးလာသူတွေ ဆင်းသက်လာတာလို့ အစဉ်အဆက်ယုံကြည်ခဲ့ကြတယ်။ ဘုရားနဲ့အမျိုးတော်ချင်ကြတာ ဓမ္မတာ။
သမိုင်းဆိုင်ရာအထောက်အထားတွေနဲ့ သမိုင်းပညာရှင်တွေ၊ ဘာသာဗဒပညာရှင်တွေ လေ့လာတွေ့ရှိချက်ကတော့ တမျိုး။
မြန်မာပြည်ထဲကို ပထဆုံးဝင်လာသူတွေက Austtoasiatic နွယ်ဝင် လူညိုတွေဖြစ်တဲ့ မွန်၊ပလောင်၊ဝတွေဖြစ်ပြီး ဘာသာစကားအရ မွန်ခမာစကားပြောသူတွေဖြစ်တယ်။ ဒုတိယဝင်လာသူတွေက Mongolian နွယ်ဝင် လူဝါတွေဖြစ်တဲ့ ချင်း၊ ကဒူး၊ပျူ၊သက်၊ ရခိုင်၊ကရင်၊ကယား တို့ဖြစ်ပြီး ဘာသာစကားအရ တိဗက်တရုတ်အနွယ်နဲ့တိဗက်မြန်မာအနွယ်တွေ ဖြစ်တယ်။ကဒူးတွေက အရင်သင်းတွဲပြည်(တကောင်း) မှာ ဗဟိုပြုပြီး နေခဲ့ကြတယ်။အေဒီလေးရာစုလောက်ကစပြီး ပျူတွေအားကောင်းလာတော့ ပျူနိုင်ငံ ( ဟန်လင်း၊ သရေခေတ္တရာ၊ပိဿနိုး) တွေဖြစ်လာတယ်။ အေဒီ (၇) ရာစုလောက်မှာ မင်းနိုင်ငံကြီးဖြစ်နေပြီ။ ဒီနိုင်ငံကြီးဟာ နန်ကျောင်( ယခုခေတ်ယူနန်ပြည်နယ်တဝိုက်တွင်တည်ရှိခဲ့သော ဧကရာဇ်နိုင်ငံတစ်ခု) တွေဖျက်လို့ အေဒီကိုးရာစုအလယ်လောက်မှာ ပျက်စီးခဲ့ပါသတဲ့။
မြန်မာဖြစ်လာမဲ့လူတွေက ပျူနိုင်ငံပျက်ပြီးနောက်ပိုင်း အေဒီကိုးရာစုမှာဝင်လာသူတွေပါ။ အအေးပိုင်းဒေသဖြစ်တဲ့ တိဘက်ကုန်းမြင့်က တောင်ပေါ်သားတွေ၊ ခေါင်းဆောင်တွေကို မင်း(မင်းစော) လို့ခေါ်ကြတယ်။ နန်ကျောင်တပ်မှာအမှုထမ်းတယ်။ နန်ကျောင်တွေနဲ့အတူပါခဲ့သူတွေမို့ နယ်မြေကိုသိပြီးဖြစ်တယ်။ ဒါကြောင့် နန်ကျောင်တွေရဲ့ဖိနှိပ်မှုကနေ ဝေးရာကို ရွှေ့ပြောင်းတဲ့အခါမှာ ဧရာဝတီမြစ်ဝှမ်းဒေသ မြန်မာနိုင်ငံအလည်ပိုင်းကို အလုံးအရင်းနဲ့ဆင်းလာနိုင်ခဲ့ခြင်းဟာ နယ်မြေမသိပဲ မဖြစ်နိုင်ဘူးလို့ဆိုတယ်။ အင်အားအလွန်သာတဲ့အတွက် ဒေသခံတွေကို လွယ်လွယ်ပဲ အောင်နိုင်ခဲ့ကြပါတယ်။
ကျောက်ဆည်တဝိုက်ကနေဝင်လာမယ်၊မင်းဘူးဖက်ကိုတိုးချဲ့တယ်။ အေဒီဆယ်ရာစုမှာ အလယ်ဖြစ်တဲ့ပုဂံကိုမြို့သတ်မှတ်တယ်။ အေဒီ(၁၁)ရာစုမှာတော့ မြန်မာနိုင်ငံထူထောင်ပါတယ်။
တိဗက်တရုတ်စကားပြောတဲ့ရှမ်းတွေက အေဒီ(၁၂)မှာ မြောက်ပိုင်းကဝင်လာပြီး (၁၃)ရာစုမှာတော့ တောင်ဘက်ကို အလုံးအရင်းနဲ့ရွှေ့ပြောင်းခဲ့ကြပါတယ်။
တိဗက်မြန်မာစကားပြောတဲ့ ကချင်တွေကတော့ အာသံဖက်ကနေ (၁၆)ရာစုမှာ ဝင်ရောက်လာသူတွေ ဖြစ်ကြပါသတဲ့။
တာတာရုတ် ( မွန်ဂို၊တူရကီတပ်ပေါင်းစု။ မြန်မာတွေကတရုတ်ဟု ခေါ်သူများ ) တွေဖျက်လို့ ပုဂံမင်းဆက်မပျက်ခင်ထဲက မွန်တွေနဲ့တိုက်။ ဒုတိယနဲ့တတိယနိုင်ငံတော်ခေတ်တွေမှလည်း မွန်၊ရခိုင်၊ရှမ်း တို့နဲ့တိုက်။ တလျှောက်လုံး ရန်ဖြစ်နေတဲ့အမျိုးတွေပေါ့ဗျာ။ ခုထိ တိုက်ကောင်းနေကြတုန်းပါ။ သူနိုင်ကိုယ်နိုင်အပြိုင်တိုက်ရင်းနဲ့ပဲ အမျိုးတွေမို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။
အမျိုးတွေအကြောင်း လေ့လာမိသလောက်က ဒါပါပဲ။ အချက်အလက်တွေကို မုံရွေးစာအုပ်တိုက်ထုတ် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံစာအုပ်လေးထဲက ယူပါတယ်။
အမျိုးချစ်တဲ့ မျိုးချစ်တွေထဲမှာ မောင်လူပေလည်းပါတယ်လေ။ ဒါကြောင့်မျိုးချစ်ကြီးလူပေက ကိုယ့်အမျိုးတွေအကြောင်း ခြေရာခံခြင်းလို့သာ ယူဆပေးကြပေါ့ဗျာ။
အမျိုးတွေ ရန်မဖြစ်တော့ပဲ စည်းရုံးကြမဲ့ နေ့သစ်တစ်ခုကိုမျှော်လင့်လျှက်ပါ။
သူငယ်ချင်းမိတ်ဆွေအပေါင်း အမျိုးအပေါင်း ကျန်းမာချမ်းသာကြပါစေ။

စာပေဟောပြောပွဲဆီသို့
စာပေဟောပြောပွဲဆီသို့
'စာပေတင့်မှလူမျိုးမြင့်မည်' တဲ့။ ဟုတ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သူ့ရဲ့စာပေဖွံ့ဖြိုးမှုကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။
မြန်မာစာပေဟာလည်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီ။ တိဘက်မြန်မာအနွယ်ဝင် မြန်မာတွေဟာ တိဘက်ကုန်းမြင့်က ဆင်းသက်လာကြပေမဲ့ စာပေရေးသားမှုကိုရော ယဉ်ကျေးမှုကိုပါ အိန္ဒိယကို မှီငြမ်းခဲ့ကြပါတယ်။ အစောဆုံးမြန်မာစာအဖြစ် မြစေတီကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျောက်စာတွေရေးခဲ့ကြတယ်။ မှင်စာတွေရေးခဲ့ကြတယ်။ ပေစာတွေရေးခဲ့ကြတယ်။ ကဗျာ လကာင်္တွေ သီခဲ့ကြတယ်။ ပျို့၊အဲချင်း၊ အေးချင်း၊အိုင်ချင်း၊တေးထပ်၊ ရတု၊ ရကန်၊ ဘောလယ် စတဲ့ မြန်မာမှုအနုသုခုမတွေကို သီကုံးခဲ့သူ ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့ပါတယ်။
ပုဂံခေတ်က အနန္တသူရိယအမတ်ကြီးကစပြီး ပင်းယခေတ်၊ အင်းဝခေတ်က ပေလေးပင်ရှင်လေးပါး၊ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီး၊ စလေဦးပုည တို့အလယ်၊ ယခုခေတ် စာဆိုတွေဖြစ်တဲ့ ချစ်ဦးညို၊ဂျူး တို့အဆုံး စာဆိုပညာရှင်တွေအများကြီးပေါ်ထွန်းခဲ့တဲ့ နိုင်ငံတစ်ခုဆိုလည်း မမှားနိုင်ပါ။
ဘုရင့်အကြိုက်ရေးရတဲ့ နန်းတွင်းစာဆိုတွေရှိသလို ပြည်သူတွေရဲ့ဘဝတွေကို သီကုံးခဲ့တဲ့စာဆိုတွေလည်းအများကြီးပါပဲ။ ပြည်သူချစ်သော စာဆိုတွေမို့ ခေတ်အဆက်ဆက်မှာ သူတို့ရဲ့စာတွေမတိမ်ကောခဲ့ကြပါ။
ခေတ်ပေါ်မြန်မာဝတ္ထုကတော့ ဂျိမ်းလှကျော်ရဲ့ 'မောင်ရင်မောင်မမယ်မ' က စခဲ့ပါသတဲ့။ အဲဒီနောက်မှာ မကြာမှီပေါ်လာခဲ့တဲ့ စာရေးဆရာ ဦးကြီးရဲ့' ချဉ်ပေါင်ရွက်သည်မောင်မှိုင်း' ဝတ္တုကလည်း အတော်နာမည်ကျော်ခဲ့သတဲ့။ ဂုဏ်သရေရှိလူကြီးလူကောင်းတွေက မစ္စတာတွေ နာမည်ရှေ့တတ်ပြီးဂုဏ်ယူကြတဲ့ခေတ်ကို အမြင်ကပ်နေတဲ့ စာရေးဆရာကြီးဆရာလွန်းက ဝတ္ထုဇာတ်လိုက် ကြာကူလီမောင်မှိုင်းအမည်ကိုယူပြီး မစ္စတာမောင်မှိုင်းအမည်ခံလိုက်လို့ မစ္စတာတွေ တခန်းရပ်ကုန်ကြရပါသတဲ့။ မစ္စတာမောင်မှိုင်းကလောင်က တွင်သွားပြီမို့ ဒို့ဗမာအစည်းအရုံးဝင်ဖြစ်သွားတဲ့အခါအထိ သခင်ကိုယ်တော်မှိုင်းကလောင်အမည်နဲ့ ပြည်သူ့စာဆိုကြီး ဖြစ်ခဲ့ပါသတဲ့။ စာပေသြဇာဟာ ဒီလောက်ထိ ကြီးမားခဲ့ပါတယ်။
ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့ကြသူတွေကတော့ သိပ္ပံမောင်ဝ၊ ဇော်ဂျီနဲ့ မင်းသုဝဏ် (ယခု မြန်မာနိုင်ငံသမ္မတကြီး ဦးထင်ကျော်၏ ဖခင်) တို့ပါပဲ။ စာရှည်ကြီးတွေရေးတဲ့ခေတ်ကနေ လိုရင်းတိုရှင်းရေးတဲ့ခေတ် ရောက်လာပါပြီ။ ကဗျာ၊ စကားပြေခေတ်ဆန်းချိန်ပေါ့။ သာမန်ပြည်သူတွေပါ စာပေတွေရေးသားနိုင်တဲ့ခေတ်ကို ရောက်ခဲ့အောင် ခေတ်အဆက်ဆက် ဖြတ်ခဲ့ကြရတယ်။ ဆရာဒဂုန်တာရာတို့နဲ့ ' စာပေသည်စာပေအတွက်လား၊ စာပေသည် ပြည်သူ့အတွက်လား၊' ဆိုပြီး ငြင်းခုန်ခဲ့ကြတယ်။ ဆရာဒေါင်းနွယ်ဆွေဦးဆောင်တဲ့ ကာရံမဲ့ကဗျာတွေ ခေတ်စားလာတော့ ကဗျာဆိုတာ ကာရံမဲ့သင့် မမဲ့သင့် ငြင်းခုန်ခဲ့ကြတယ်။ ဆရာဇော်ဇော်အောင်တို့အုပ်စုက ပို့မော်ဒန်စာတွေဖန်တည်းကြတယ်။ အနုပညာတွေကို လွတ်လပ်စွာဖန်တည်းနိုင်တဲ့ခေတ်ကို ရောက်လာခဲ့တယ်။ မြန်မာစာပေဟာ ခေတ်တွေကိုဖြတ်သန်းရင်း အဆင့်ဆင့် ပြောင်းလည်းလာခဲ့ပါတယ်။
အခုတော့ ရသစာတွေ တိမ်မြုတ်နေကြတယ်တဲ့။ စာဖတ်သူလူငယ်တွေနည်းလာနေတယ်လို့ အသံတွေကြားနေရတယ်။ လူတွေဆင်းရဲဒုက္ခရောက်နေကြတဲ့ခေတ်မှာ စာမဖတ်နိုင်ကြဘူးလို့လဲ ဆရာမောင်စိန်ဝင်းက ပြောခဲ့ဖူးတာ မှတ်သားဖူးတယ်။ ဒီအခက်အခဲတွေကြားကပဲ ပြည်သူ့ကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ စာရေးဆရာအများစုကတော့ ပြည်သူတွေကိုအသိပညာပေးဖို့အတွက် တနိုင်ငံလုံးအနှံ့သွားပြီး စာပေဟောပြောပွဲတွေ ပြုလုပ်နေကြတာ အားရစရာပါ။
မြန်မာစာပေချစ်သူတွေများတဲ့ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာလည်း သက္ကရာဇ်၂၀၀၀ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း စာပေဟောပြောပွဲတွေ ကျင်းပလာခဲ့တာ ယခုအကြိမ်ဆိုရင် (၁၈)ကြိမ်ရှိခဲ့ပါပြီ။ ဒီနှစ်အတွက် လာရောက်ဟောပြောမဲ့စာရေးဆရာတွေကတော့.......
' ဆရာ ချစ်ဦးညို၊ ဆရာမဂျူးနဲ့ ဆရာထင်လင်းဦး' တို့ ဖြစ်ပါတယ်။
ဆရာချစ်လို့ ချစ်စနိုးခေါ်ကြတဲ့ တကယ်လည်း ချစ်ဖို့ကောင်းလှတဲ့ ဆရာချစ်ဦးညိုကိုတော့ မိတ်ဆက်ပေးရန်မလိုပါ။ မြန်မာမှု မြန်မာ့ယဉ်ကျေးမှု မြန်မာ့သမိုင်းတွေကို ကျွမ်းကျင်လှတဲ့ ဆရာချစ်ဟာ သက်ရှိစာပေဟင်းလေးအိုးကြီးပါပဲ။ အငြိမ့်၊ သဘင်၊ ရုပ်ရှင်စတဲ့အနုသုခုမပညာတွေကိုပါ ပညာရှင်အဆင့် တတ်မြောက်ခဲ့သူဆရာတစ်ဦးပါ။ ရာဇဝင်တွေသမိုင်းတွေကို ဖတ်ကြသူနည်းပေမဲ့ ဆရာချစ်ရဲ့လက်ရာ သမိုင်းရာဇဝင်နောက်ခံဝတ္ထုတွေဟာ အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရပါတယ်။ ဆရာ့လက်ရာ ' လကာင်္ဒီပချစ်သူ' ကြောင့် ရာမ၊ သီတာ၊ဒဿဂီရိတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို သိခဲ့ရတယ်။ 'နှင်းကေသရာချစ်တဲ့သူရဲကောင်း' ကိုဖတ်ရင်း မွန်သူရဲကောင်းလဂွန်းအိမ်ရဲ့သစ္စာတရားကို ရင်းနှီးခဲ့ရတယ်။ 'ရှင်စောပု' နဲ့ ပထမဆုံးမွန်ဘုရင်မကြီးကို ပိုစိတ်ဝင်စားမိခဲ့တယ်။ ငြိမ်းချမ်းရေးမဟာတမန်၊ ရတနာဂီရိအကျဉ်းသား၊ မဟာသေနာပတိ စသည်နဲ့ ဆရာ့စာတွေဖတ်ပြီး သမိုင်းထဲက ဘုရင်တွေ ဇာတ်ကောင်တွေနဲ့ ရင်းနှီးခဲ့ရတာပါ။
ဆရာမဂျူးကလည်း နိုင်ငံကျော် ဘက်ဆဲလ်လားစာရေးဆရာမတစ်ဦးပါပဲ။ ဆရာဝန်အလုပ်ကိုစွန့်ပြီး စာရေးဆရာဘဝကို ခံယူခဲ့တဲ့သူ။ အမျိုးသမီးတွေရဲ့စိတ်ခံစားချက်၊ ခွန်အား၊ မာန၊ ဆရာမဂျူးကလည်း နိုင်ငံကျော် ဘက်ဆဲလ်လားစာရေးဆရာမတစ်ဦးပါပဲ။ 'အမှတ်တရ' ကစပြီး နာမည်ကျော်လာခဲ့ပြီး ဆရာမရေးတဲ့စာအုပ်တွေများစွာဟာ စာအုပ်ဘဝကနေ ရုပ်ရှင်တွေအဖြစ်လည်း ပြောင်းလည်းခဲ့ပါတယ်။ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်၊ မရှိမဖြစ်မိုး၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း၊ကြာတော့သည်လည်း မောင့်စကား၊ နံရံ၏အခြားတဖက်၊ စတဲ့ စာအုပ်ပေါင်းများစွာဟာ ယနေ့ထိတိုင် အကြိမ်ကြိမ် ရိုက်နှိပ်နေရဆဲ ဖြစ်ပါတယ်။
ဆရာထင်လင်းဦးကတော့ ပညာပေးစာတွေရေးသားဟောပြောနေသူ။ ပြည်သူ့ပါတီကြီးရဲ့ အလုပ်အမှုဆောင်ဟောင်းတစ်ဦး။ ဘာသာ၊ သာသနာကို ခုတုံးလုပ်နေတဲ့ အမျိုးသားရေးကိုယ်တော်တွေနဲ့ အစိုးရကို ပြတ်သားစွာ ဝေဖန်ထောက်ပြခဲ့သူ။ ဒါကြောင့်လည်း ဒီလူတွေရဲ့အငြိုးထားမှုခံရပြီး ထောင်ချခံခဲ့ရသူ။ အမှန်တရားရဲ့ဘက်တော်သားတစ်ဦးဆိုလည်း မမှားနိုင်ပါဘူး။
ဒီလိုနာမည်ကြီးစာရေးဆရာသုံးဦးရဲ့ အမေရိကန်နိုင်ငံ စာပေဟောပြောပွဲဟာ ကြုံတောင့်ကြုံခဲပွဲတစ်ခုလို့ဆိုနိုင်ပါတယ်။ သူတို့တွေဟောပြောတာကို တဝကြီးနားထောင်ကြမယ်။ စာရေးသူနဲ့စာဖတ်သူ တွေ့ဆုံမေးမြန်ခန်းလည်း ပါဝင်ပါလိမ့်မယ်။
ကျင်းပမဲ့အချိန်ကတော့ ယခုလာမဲ့ စက်တင်ဘာလ (၂၃)ရက်နေ့ စနေနေ့ညနေမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ညနေ ငါးနာရီခွဲမှ ညဆယ်နာရီအထိပါ။
ကျင်းပမဲ့နေရာကတော့......
Southern Alameda County Buddhist Church (SACBC)
32975 Alvarado Nile Rd,
Union City, CA 94587
ဖြစ်ပါတယ်။ကြွရောက်လာကြတဲ့ စာပေချစ်သူအပေါင်းကို ညနေအဆာပြေ မြန်မာအစားအစာ တစ်မျိုးမျိုးနဲ့ ဧည့်ခံနိုင်ရေးအတွက်လည်းစီစဉ်နေကြပါတယ်။
၂၀၀၀ခုနှစ်မှာ ဆရာတင်မိုးနဲ့စခဲ့ပြီး အခက်အခဲမျိုးစုံကြားကနေ နှစ်စဉ်ကျင်းပနိုင်ခဲ့တာဟာ ဒေသခံစာပေချစ်သူတွေရဲ့ အားပေးမှုကြောင့်ပါပဲ။ စီးပွားရေးလုပ်ငန်းရှင်တွေက စပွန်ဆာပေးဖို့ လက်မတွန့်ကြသလို အားပေးကြတဲ့ပရိတ်သပ်ကလည်း လာဖို့ကို တိုက်တွန်းနေစရာမလိုခဲ့ကြဘူး။ စုပေါင်းအားနဲ့ပဲ မြန်မာစာပေဟောပြောပွဲတွေ ကျင်းပခဲ့ကြပါတယ်။ အမေရိကားမှာ နှစ်စဉ်မှန်မှန် မြန်မာစာပေဟောပြောပွဲကျင်းပနိုင်တဲ့ တစ်ခုတည်းသောမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီမို့ မြန်မာစာပေချစ်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ လေးစားစွာ မှတ်တမ်းတင်ခွင့်ပြုပါ။
မကြာခင်ကျင်းပတော့မဲ့ ဆန်ဖရန်စစ္စကိုဗေးဧရိယာ မြန်မာစာပေဟောပြောပွဲကိုလည်း စာပေချစ်သူတွေအနေနဲ့ ယခင်နှစ်များနည်းတူ တခဲနက်ကြွရောက်အားပေးကြပါဦးလို့ ဒီနေရာကနေပြီး နှိုးဆော်အသိပေးအပ်ပါသည်ခင်ဗျား။
ဆန်ဖရန်စစ္စကိုဗေးဧရိယာ မြန်မာစာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စား
မြန်မာစာကိုချစ်တဲ့

အားလည်းနာတယ်(၃)
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ (၃)
' ရွှေနိုင်ငံ' တဲ့။
ရွှေစေတီတွေဝင်းနေတဲ့ မြန်မာပြည်ကို ရွှေနိုင်ငံဟု တင်စားသည်။ မြန်မာတွေကတော့ သူတို့ကိုယ်သူတို့ 'ရွှေ' တဲ့။ မြန်မာတွေ ရွှေခေတ်မှာ ရွှေထီးဆောင်းနေဆဲဟု သင် ထင်ပါသလား။
မြန်မာတွေမညံ့ပါ။ တချိန်တုန်းကရွှေခေတ်ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာတော့ ခေတ်စနစ်တွေညံ့ခဲ့သည်။ အုပ်ချုပ်သူတွေညံ့ခဲ့သည်။ အထွေထွေညံ့ဖျင်းမှုတွေကြာလာတော့ မြန်မာတွေ လူလုံးမလှ ဖြစ်လာကြသည်။ မြန်မာနှင့် ရွှေခေတ်ကား ကွာလှမ်းခဲ့သည်မှာ အနှစ်ခြောက်ဆယ်နီးပါး ရှိနေပေပြီ။ မြန်မာတွေ ရွှေမဖြစ်တော့သည်မှာ ကြာခဲ့ပြီကော။
ထောက်ချုပ်ပြုတ်ကြီး၏ အင်တာဗျူးတစ်ခု ကြည့်လိုက်ရ၏။ ရှေးဟောင်းပုဂံဘုရားတွေကိစ္စမေးခွန်းတွေဖြေရင်း ' ဘုရားပြင်ရင် ရွှေချရမှာပေါ့၊ တို့က ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ။ ' ဟု ဖြေကြားသွားသည်လည်း ကြားခဲ့ရသည်။ ထေရဝါဒဗုဒ္ဓဘာသာစစ်ဖို့ ဘုရားရွှေချဖို့လိုသည်ဟု ထင်မှတ်နေပုံရ၏။ ဒီမိုး ဒီရေ ဒီလူတွေနှင့် ဒီနိုင်ငံကြီးလည်း ဒီဘဝရောက်ခဲ့ရသည်မှာမဆန်းလှပါ။
ထေရဝါဒဗုဒ္ဓဘာသာသည် ဗုဒ္ဓဟောကြားခဲ့သောလမ်းစဉ်တရားတော်အတိုင်း ထေကြီးဝါကြီးအစဉ်အဆက်က ထိန်းသိမ်းလိုက်နာလာခဲ့သည့်လမ်းစဉ်ဟု ဆိုလို၏။ ဗုဒ္ဓဘာသာသည်ရုပ်ထုကို ကိုးကွယ်သော သာသာမျိုးမဟုတ်။ သက်ရှိထင်ရှားဘုရားကို အာရုံယူရန် အထောက်အပံ့တစ်ခုမျှသာဖြစ်သော အကြင်စေတီ၊ ပုထိုး၊ ရုပ်ပွားတော်တို့သည်ကလည်း ဗုဒ္ဓခေတ်နောက်ပိုင်း နှစ်သုံးရာနီးပါးအကြာ သီရိဓမ္မာသောကမင်းကြီးလက်ထက် အချိန်အထိ မရှိခဲ့သေး။ ဓမ္မစကြာင်္တရားကို ကိုယ်စားပြုသည့် လှည်းဘီးပုံသဏ္ဍာန်ကိုသာ တရားအထိမ်းအမှတ်အဖြစ် ပူဇော်ခဲ့ကြသည်ဟု မှတ်သားဖူးသည်။
'ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်' တဲ့။ မောင်လူပေတို့၏ ရွှေနိုင်ငံကား သည်စကားပုံနှင့် သိပ်မထူးလှ။ အိမ်နည်းချင်းနိုင်ငံများမှာ ရောက်ရှိနေကြပြီးဖြစ်သော ရောက်လာနေဆဲဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများကား နိုင်ငံကိုမချစ်သောကြောင့် နိုင်ငံပြင်ပထွက်ပြီးအလုပ်လုပ်နေကြသည်ဟု ထင်မှတ်ပါသလား။ ရွှေကျောင်းထဲမှာ ဝမ်းခေါင်လှ၍ ဝမ်းရေးကိုဖြေရှင်းရန် ဒုက္ခတွေခါးစည်းခံရင်း သူများနိုင်ငံတွေမှာ သူများမလုပ်ချင်သည့်အလုပ်ကို သူများအနှိမ်ခံပြီး လုပ်နေကြရသူက အများစုဖြစ်သည်ကို ပြောရန်မလိုပါ။ ထိုမြန်မာတွေက 'ရွှေ' တွေဟုဆိုလျှင် အကြင်နိုင်ငံသားများက 'စိန်' တွေဟု ဆိုရန်သာရှိတော့၏။
ရွှေနိုင်ငံကား စေတီပုထိုးတွေပေါ၏။ ဘုရားကျောင်းတွေလည်းပေါ၏။ ပလီတွေလည်းပေါ၏။ ဘာသာရေးလိုက်စားသူလည်းပေါများ၏။ စစ်ပွဲတွေလည်းပေါများ၏။ ရန်ပွဲတွေလည်းပေါများ၏။ အဆဲကလည်း သန်ကြ၏။ ဘာသာရေးမှာရွှေဖြစ်နေသော်လည်း စိတ်ဓါတ်ရေးရာမှာ ရွှေဖြစ်ဖို့လိုနေဟန်တူသည်။
နိုင်ငံရပ်ခြားတွေမှာ အခြေချသူများကို ကြည့်မိသည်။ လူနည်းစဉ်မှာ စည်းရုံးကြသော်လည်း အနည်းငယ်မျှ များလာသည်နှင့် ကွဲကြတော့၏။ ကိုယ်တိုင်က ဦးမဆောင်နိုင်၍ နောက်လိုက်ကောင်းဖြစ်ရန်ကျိုးစားသူက အနည်းစု။ ဘေးထိုင်ဘုပြောသူများလာတော့ ဦးဆောင်သူတွေ နောက်ဆုတ်ကုန်ကြသဖြင့် မြန်မာကွန်မြူနတီတွေမှာ စလုံးရေစ အဆင့်က မတက်နိုင်။ နှစ်ခြောက်ဆယ်နည်းပါး အသင်းအဖွဲ့များဖွဲ့စည်းခွင့်ကို ကန့်သတ်ခံခဲ့ရသူများပီပီ အများနှင့်ပူးပေါင်းလုပ်ဆောင်မှုမှာ အားနည်းကြသည်မို့လည်း အပြစ်ပြောရန်ခက်လှ၏။
ဘာသာရေးကိုဦးစားပေးသောနိုင်ငံတွေ၊ အမျိုးသားရေးကို ဦးစားပေးသောနိုင်ငံတွေကား ဆင်းရဲလှ၏။ လူကို လူလို တန်ဖိုးထားသော နိုင်ငံတွေသာ ထိပ်တန်းရောက်နေကြသည်။ စိတ်ထားတွေ ' ရွှေ' ဖြစ်ခဲ့သဖြင့် နိုင်ငံတွေပါ ရွှေဖြစ်ခဲ့ကြ၏။
အာဏာရှင်တို့သည် သူတို့၏ အကြွင်းမဲ့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဘာသာရေးနှင့် အမျိုးသားရေးကို ခုတုံးလုပ်ခဲ့ကြသည်။ အမျိုးသားရေး၊ ဘာသာရေးတွေ ဆိုသည်ကလည်း လူကြိုက်လွယ်သော လှုံ့ ဆော်ရေးဖြစ်ရကား ထောက်ခံမှုတွေရကြပြီး အာဏာရှင်တွေ ဖြစ်လာကြသည်။ အာဏာက လူကို အကြွင်းမဲ့ဖျက်ဆီးခဲ့လေရကား သူတို့တွေကောင်းမှုဖြင့် ထိုထိုနိုင်ငံတွေလည်း ဆင်းရဲတွင်းက မတက်နိုင်ကြတော့။ နှစ်ပေါင်းတွေကြာလှမှပဲ အဖြစ်မှန်ကို ရိပ်မိကြတော့ နိုင်ငံက fail state ဘဝကို ဦးတည်နေလေပြီ။ ရွှေနိုင်ငံဖြစ်ဖို့ ကျွေးကျော်ရင်း ရွှံ့နိုင်ငံ ဖြစ်မှန်းမသိ ဖြစ်နေလေပြီ။
အမှန်တကယ် ' ရွှေနိုင်ငံ' ဖြစ်ဖို့ မောင်လူပေတို့တွေ စိတ်ထားလေးတွေ ပြင်ဖို့သာလိုပါမည်။ အမျိုးဘာသာမခွဲခြားပဲ လူကိုလူလိုမြင်ဖို့ လိုပါမည်။ အကြမ်းဖက်သူကို အကြမ်းဖက်သူအဖြစ်၊ လူကောင်းကို လူကောင်းအဖြစ် ခွဲခြားမြင်တတ်ဖို့ လိုပါမည်။ အမျိုးဘာသာချီ၍ ဆဲဆိုနေကြခြင်းများသည် အမုန်းတရားတွေ ဝေလာစေဖို့သာရှိရကား ပန်းစကားတွေဝေဖို့လိုပါမည်။ မကောင်းသူကို မကောင်းသလို အပြစ်ပေးသလို ကောင်းသူကိုလည်း ကောင်းသလို ချီးမြှောက်တတ်ဖို့ လိုပါမည်။
ထိုအခါတွင်ကား အများအလယ်တင့်တည်သည့် ' ရွှေ' စိတ်ထားပိုင်ရှင် ' ရွှေနိုင်ငံ' သားတွေ ဖြစ်လာကြမည်မလွဲပါ။ ဘာသာလူမျိုးမခွဲခြားသော မြန်မာနိုင်ငံသားတွေကသာ ရွှေနိုင်ငံကိုတည်ဆောက်နိုင်မည်ဟု ထင်မြင်ယူဆမိပါကြောင်း။
မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။
အမှန်အကန် ရွှေနိုင်ငံဖြစ်ဖို့ မျှော်လင့်နေတဲ့
သင်တို့ရဲ့

အားလည်းနာတယ်(၂)
အားလည်းနာတယ် ခင်လည်းခင်တယ်(၂)
ကိုသူရစကားလုံးလေး ငှားသုံးရတာ နှစ်ခါရှိပါပြီ။ တကယ်ကိုခင်ရသူတွေမို့ အားနာရတာပါ။
မောင်လူပေရဲ့မိတ်ဆွေသူငယ်ချင်းတွေက တကယ်ခင်ဖို့ကောင်းတယ်။ ဒါကြောင့်လည်း တခါတလေ ဆရာကြီးလုပ်မိသလိုတွေ ရေးမိတဲ့အခါ အားနာရတယ်။ ရေးဖို့ဝါသနာပါတာက သရော်စာ။ တွေးပြီး ပြုံးရတဲ့စာတွေ ကြိုက်တယ်။ သရော်စာကလည်း မရေးတတ်ရင် ဆဲသလိုဖြစ်မှာစိုးလို့ သိပ်မရေးဖြစ်။
ခုလည်း ရေးစရာလေးတွေ့လို့ ရေးမိပြန်ပေါ့။ လွန်တာရှိ ဝန္တာမိပါဗျာ။
အနောက်တံခါးဝက ပြသနာကို ပြည်မထဲအထိရောက်လာအောင် မီးထွန်းရှာချင်တဲ့သူတွေ ရှိနေပါတယ်။သတိထားကြပါ။ နှစ်ပေါင်းများစွာကြာနေတဲ့ ဒီပြသနာက ဘာသာရေးနဲ့ဘာမှမဆိုင်။ အိမ်နီးချင်းနိုင်ငံထဲက လျှံလာတဲ့လူတွေရဲ့နယ်လုပွဲသက်သက်။ အရင်နေသူတွေထွက်သွားရင် သူတို့ဝင်ပြီးနေရာယူတယ်။ ဒေသခံတွေ မနေနိုင်အောင် နည်းလမ်းစုံနဲ့ ကြိုးစားနေသူတချို့ကြောင့် အကြမ်းဖက်မှုတွေတိုးလာနေတယ်။
ပြည်မထဲမှာ ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်သူတွေ ရှိနေတယ်။ မီးပွားကိုစောင့်နေကြတယ် ဆိုတာကို သတိထားကြပါ။
တိုးတက်လာတဲ့ခေတ်မို့ ဖေ့ဘွတ်ကြီးမှာ သတင်းတွေက ချက်ခြင်းသိရတယ်။ ပုံတွေတက်လာတယ်။ ဒီတော့ အခြေအနေမှန်မသိပဲနဲ့ ကိုယ့်လူထိရင် နာတတ်ကြတဲ့ ပင်ကိုယ်သဘာဝအရ ပုံဟောင်းတွေနဲ့တွဲပြီးတက်လာတဲ့သတင်းတွေကို အားပါးတရရှယ်ကြပါတယ်။ မှားလား၊မှန်လား မခွဲခြားတော့။
ကိုယ်သန်ရာ ကြိုက်ရာတွေ ရှယ်ကြတဲ့အခါ သွေးထိုးလှုံ့ ဆော်သလို ဖြစ်စေတဲ့ပုံတွေလည်း တလှေကြီးဖြန့်နေကြလေရဲ့။ အစ္စလာမ်ဘာသာဝင်မိတ်ဆွေတချို့က သူတို့သာသာဝင်တွေရဲ့ ဓါတ်ပုံဟောင်းတွေကို အသစ်ထင်ပြီး ရှယ်ကြတယ်။ သွေးကြွနေသူလူငယ်တွေအတွက် ဒေါသအိုးတွေပေါက်ကွဲစေဖို့ မီးထိုးပေးနေသလိုပဲ။ မြန်မာမိတ်ဆွေအချို့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အလောင်းပုံတွေကို လူ့ဂုဏ်သိက္ခာအရသင့်မသင့် မစဉ်းစားပဲ အားပါးတရရှယ်နေကြလေရဲ့။ အဲဒီပုံတွေအောက်မှာ ဘာသာရေးတွေဆွဲသွင်းထားတဲ့ လှုံ့ဆော်စာတွေလည်း အပြည့်။ ( အနည်းစုသော မိတ်ဆွေများကို ဆိုလိုပါတယ်။ အများစုမဟုတ်ပါ။)
နှစ်ဖက်လုံးက လူငယ်လူရွယ်တွေအတွက် စိတ်မထိမ်းနိုင်ပဲ မတော်တဆ ရန်ဖြစ်မိကြရင်တောင် ရိုးရိုးရန်ပွဲကနေ ဘာသာရေးအဓိကရုဏ်းအထိ ဖြစ်မလာဘူးလို့ မည်သူမျှ အာမမခံနိုင်သေးတဲ့ ဒီလိုအချိန်မှာ မြင်မြင်သမျှကို ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် ရှယ်နေကြခြင်းဟာ အလွန်အန္တရာယ်များပါတယ်။
လွန်ခဲ့သောငါးနှစ်က လူသတ်မဒိန်းမှုကနေ သာဘာရေးအဓိကရုဏ်းကြီးတွေအထိ ဖြစ်ခဲ့ကြလို့ သောင်းချီသိန်းချီဒုက္ခရောက်ခဲ့ကြရုံမကပဲ နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ ခင်မင်မှု၊ ယုံကြည်မှုတွေပျောက်ဆုံးခဲ့ကြတာ မကြာသေးပါဘူး။ ခုထိ ဒါဏ်ရာတွေက ကုသဆဲအဆင့်။
လူတစ်ရာထဲမှာ ပြသနာရှာချင်သူ ဆယ်ယောက်လောက်ရှိတာနဲ့ ပြသနာဖြစ်နိုင်တယ်။ ဒီဆယ်ယောက်ကြောင့် ငြိမ်းချမ်းစွာနေလိုသူ ကိုးဆယ်က ဒုက္ခတွေ့ကြရတယ်။
ဟုတ်ပါတယ်။ လူထဲကလူတွေပါပဲ။ ဘယ်သူမှပြသနာမဖြစ်ချင်ကြပါဘူး။ ဒါကအများစုပါ။ သို့ပါသော်လည်း ပြသနာကို မီးထွန်းရှာချင်နေတဲ့ လူနည်းစုလည်း ရှိနေတာကို မမေ့ကြပါနဲ့။
ပြသနာမဖြစ်စေရေးအတွက် ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပြောက်အောင် ဆောင်ရွက်ပေးကြပါ။ ကိုယ့်လူကိုယ်ထိမ်းကြပါ။ ပြသနာတွေက ရာစုချီကြာနေပြီမို့ ဖြေးဖြေးခြင်းပဲ ရှင်းလို့ရပါ့မယ်။ တာဝန်ရှိသူခေါင်းဆောင်အဆက်ဆက် ရှင်းမရခဲ့တဲ့အရှုပ်တော်ပုံက အခုချက်ခြင်း ပြေလည်ရန်လမ်းမရှိ။ ပိုရှုပ်မလာစေဖို့ပဲ ဝိုင်းကူညီပေးကြပါ။ အရေးအခင်းတစ်ခုဖြစ်ဖို့ စောင့်နေသူတွေရဲ့ ခွင်ထဲကို အဝင်မခံကြပါနဲ့။ ဖြစ်လာရင်တော့ ဘယ်ဘက်ကပဲနာနာ မြန်မာပြည်မှာနေသူတွေအတူတူပဲမို့ မြန်မာပြည်အတွက် အဆုံးအရှုံးသာ ဖြစ်မှာပါပဲ။
မောင်လူပေ လေးစားရတဲ့ စာရေးသူတဦးရဲ့စကားလုံးအတိုင်းပြောရရင်တော့ ' ပြသနာတစ်ခုအတွက် အဖြေရှိရင် ဝင်ရှင်းပေးပါ၊ မရှိရင်လည်း အသာလေးပဲ နေပေးပါ။ ပြသနာပိုကြီးလာအောင် ဘေးကနေပြီး မီးထိုးပေးနေခြင်းတော့ မလုပ်ကြပါနဲ့။ '
ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ရဖို့အတွက် အကြမ်းဖက်မှုမှန်သမျှကိုဆန့်ကျင်ပေးကြပါ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပြသနာစုံ ဒုက္ခစုံတဲ့နိုင်ငံမှာ ငြိမ်းချမ်းမှ စီးပွားရေး၊လူမှုရေး၊ပညာရေး အစစ တိုးတက်မှာပဲ။ ဒီလိုမဟုတ်ပဲ ထစ်ကနဲရှိရင် ဘာမယ်ညာမယ်နဲ့ ဖြစ်နေကြဦးမှာဆိုရင်တော့ စစ်ချီတေးတွေ ၂၄နာရီကြားရတဲ့ ငြိမ်ဝတ်ပိပြားမှု ကြက်ခြင်းထဲကို ပြန်သွားကြရဖို့ပဲ ရှိမယ်လို့စ်။
မြန်မာပြည်သားအပေါင်း အေးချမ်းသာယာကြပါစေ။

အားလည်းနာတယ်(၁)
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ (၁)
ခြင်းထဲကကြက်တွေ ခြင်းအပြင်ရောက်တော့ ကြက်ဒုက္ခသည်တွေဖြစ်ပြီး ခြင်းထဲပြန်ဝင်ဖို့ နည်းမျိုးစုံ ကြိုးစားနေကြတယ်တဲ့။ ဒီသတင်းတွေ ကြားလို့ 'ကြက်ဒုက္ခ' ဆောင်းပါးလေး ရေးဖူးပါရဲ့။
ကြက်ဒုက္ခသည်အုပ်စုမှာ တချို့ သော ထောက်လှမ်းရေးဟောင်းတွေ၊ စရဖဟောင်းတွေ၊ သတင်းပေးတွေလည်းပါတယ်။ အခုတော့ ရန်ကုန်နဲ့မန်းလေးမှာ တပြိုင်တည်း စလိုက်တယ်လို့ ကြားမိတယ်။ အစိုးရဖြုတ်ချရေး သပိတ်စခန်းတွေ ဖွင့်လိုက်ပါသတဲ့။
စားပေါက်ချောင်၊ အခွင့်အရေးတွေရ၊ လွယ်လွယ်နဲ့ ငွေတွေဝင်ခဲ့တဲ့ ပန်းပန်ချိန်တွေကို ပြန်သွားချင်နေကြတဲ့သူတွေ ရဲ့ကိုယ်တော်တချို့ကလည်း ကျောင်းတိုက်ထဲမှာ ဝါမဆိုနိုင်ပဲ သပိတ်စခန်းဆိုတဲ့နေရာမှာ ထာက်ခံအားပေးနေလေရဲ့။
ဒီလူတွေ သပိတ်မှောက်ရခြင်းအကြောင်းကတော့ ' တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေသည့်အစိုးရ' ဖြစ်နေလို့ပါတဲ့။
အော် ဒုက္ခ ဒုက္ခ။
တိုင်းပြည်အကျိုးစီးပွားဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်ခဲ့တာ လက်ရှိအစိုးမဟုတ်ဘူးလေ။ ခေတ်အဆက်ဆက် အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့သူတွေ လုပ်ခဲ့ကြတဲ့ အကျိုးဆက်။
လွတ်လပ်ရေးရပြီးစမှာ စီးပွားရေးတွေကတိုးတက်၊ ထုတ်ကုန်တွေနိုင်ငံခြားပို့နဲ့ ခိုင်မာနေတဲ့စီးပွားရေးကို တပြည်လုံးပြည်သူပိုင်သိမ်းပြီး ဖျက်ခဲ့ပြီးထဲက လူအများစုဟာ ကျပ်တည်းမှုနဲ့ လုံးခြာလည်နေခဲ့ကြတာ။
အာဏာသိမ်းအစိုးရရဲ့အသွင်ပြောင်းခဲ့တဲ့ မဆလအစိုးရကြီးကလည်း နှစ်တိုနှစ်ရှည် ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်လိုက်တာ အရင်ရှိပြီးသားတွေကုန်၊ GDP အောက်ဆုံးရောက်၊ တိုင်းပြည်လည်း LDC ဖြစ်၊ မြန်မာပြည်ရဲ့ စီးပွားရေးအခြေခံဖြစ်တဲ့ ကုန်ထုတ်စွမ်းအားစုတွေ အကုန်ပျက်။
နောက်ပေါက် အဘတွေတွေခေတ်မှာတော့ များများဂါနိုင်သူတွေ နီးစပ်ရာတွေကို ဂွင်တွေပေးပြီး စီးပွားရေးတွေ လုပ်ခဲ့တယ်။ သူတို့အခေါ် ဈေးကွက်စီးပွားရေးစနစ်တဲ့။ ဒီခေတ်မှာ GDP တော့ တက်လာတယ်။ ရောင်းလို့ရတာ အကုန်ရောင်းလိုက်တာ သစ်တောတွေပြောင်၊ သတ္တုတွေပြောင်၊ ရတနာတွေပြောင်၊ ဘတ်ဟိုးတွေနဲ့ဖြိုလိုက်ကြတော့ တောင်တွေပါ အလုံးလိုက်ပြောင်။
ခရိုနီစီးပွားရေးဆိုတာ အဘတွေနဲ့တစ်ယောက်တစ်ဝက်စားတဲ့ စီးပွားရေးမို့ သူတို့တွေကို ဘယ်သူမှ မတို့ရဲ၊ မထိရဲကြ။Untouchable တွေမို့ တစ်ယောက်ဆင်းတစ်ယောက်တက်နဲ့ စားရင်းမရှိ အင်းမရှိ ဆီးသီးဗန်းကြီးမှောက်လိုက်တာ လူတွေလည်း အကျင့်စာရိတ္တတွေပျက်။ လူတန်းစားအသစ်တွေပဲ တိုးလာတယ်။ အဘတွေနဲ့ပေါင်းပြီး လုပ်စားတဲ့ ခေတ်ပျက်သူဌေး ' ခရိုနီလူတန်းစား'၊ ခရိုနီတွေနားမှာ ပြာယာခပ်ပြီးပေါင်းစားနေတဲ့ 'ခရိုပြာလူတန်းစား'၊ အရိုးအရင်းလေးစားပြီး အဘတွေအနားမှာ ပြာယာခပ်နေကြတဲ့ ' အနားပြာလူတန်းစား' စသည်။
ဦးပိုင်၊ ဟိုးလ်ဒင်း စတဲ့ နာမည်စုံနဲ့ တိုင်းပြည်စီးပွားရေးမှာ ရှိသမျှ လက်ဝါးကြီးအုပ်၊ အဲဒီ ရှယ်ယာတစ်ဝက်လောက်ကို နောက်ကွယ်ကလက်မဲကြီးနဲ့မိသားစုက ထပ်အုပ်။ They've taken too much. လို့ပြောရင် လွန်မည်မထင်။
ပြည်သူကရွေးချယ်တဲ့ အစိုးရသစ်တက်လာတော့ လူကြီးကိုများများဂါရင် ဂွင်ကောင်းကောင်းမိမဲ့အကွက်တွေပျက်ကုန်တယ်။ စည်းကမ်းတွေတင်းကျပ်ပြီး အသေအချာ စီစစ်လိုက်တော့ ထင်တိုင်းကျဲခဲ့တဲ့ ခြေရာလက်ရာတွေပေါ်လာတယ်။ အပြတ်ဂွမ်းကုန်တယ်။ တချို့တဝက်ပြန်ရတာတောင် သိန်းပေါင်းသောင်းချီပဲ။
ပြည်သူ့အစိုးရသစ်က သယံဇာတတွေ နည်းမျိုးစုံနဲ့ထုတ်ယူနေတာကို စည်းကမ်းတင်းကျပ်တယ်။ သွင်းကုန်တွေကို ထိထိရောက်ရောက် အခွန်ကောက်တယ်။ ပြည်တွင်းမှာလည်း အခွန်ကောက်နိုင်အောင် ကြိုးပမ်းနေတယ်။ လူဦးရေ ၅၂သန်းကျော်ရှိတဲ့နိုင်ငံမှာ ဝင်ငွေခွန်ပေးဆောင်သူက နှစ်သိန်းကျော်ပဲ ရှိပါသတဲ့။ ထိပ်တန်း အခွန်ပေးဆောင်သူ စာရင်းထဲမှာ နာမည်ကြီးလုပ်ငန်းရှင်အနည်းစုပဲတွေ့ရပြီး အများစုက ဒီစာရင်းမှာ မတွေ့ရ။
စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ပြီး အခွင့်ထူးခံခဲ့ကြတော့ အများနဲ့ပြိုင်ဆိုင်လုပ်ရမဲ့ ဈေးကွက်စီးပွားရေးအစစ်ကို သွားဖို့ လက်တွန့်နေတယ်။ နိုင်ငံတကာနဲ့ယှဉ်ဖို့ခဏထား၊ အိမ်နီးချင်းထိုင်းနဲ့ယှဉ်ဖို့တောင် အနှစ်နှစ်ဆယ်လောက် နောက်ကျန်ခဲ့ပြီ။
ပြည်တွင်းမှာ SME တွေမဖေါ်ထုတ်နိုင်တော့ အလုပ်အကိုင်မရှိကြ။ ဒီလိုနဲ့ မြန်မာလေးသန်းကျော်လောက် ထိုင်းမှာ၊ မလေးမှာ၊ စလုံးမှာ၊ ' ' သခင်မျိုးဟေ့ တို့ဗမာ ' ဆိုတာ ကျောင်းသုံးစာအုပ်ထဲမှာပဲ ရှိတော့တဲ့အခြေအနေ။
ဒီအခြေအနေကနေရုန်းထွက်နိုင်ဖို့ ရင်းနှီးမြှုတ်နှံမှုဥပဒေတွေ ပြန်လည်ပြင်ဆင်၊ SME တွေတိုးတက်ဖို့၊ ဘဏ်လုပ်ငန်းကို လူတွေ ပြန်လည်ယုံကြည်လာစေဖို့၊ အလုံးစုံပျက်သုံးနေတဲ့စိတ်ဓါတ်တွေ ပြန်လည်ပြင်ဆင်ဖို့ အစိုးရသစ်ကို အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်။ ပေါ်လစီတွေရဲ့ အားနည်းချက်၊ အကောင်အထည်ဖေါ်နေသူတွေရဲ့ အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ပြည်သူ့အစိုးရဟာ လမ်းမှန်ပေါ်လျှောက်နေတာက အသေအခြာပါပဲ။ အမှားတွေထဲ သင်ခန်းစာယူပြီး ရိုးသားမှုခိုင်ခိုင်မာမာနဲ့ right direction ကို သွားနေတယ်လို့မြင်တယ်။ ရှိသမျှထုတ်ရောင်းစီးပွားရေးကနေ လူသားရင်းမြစ် စီးပွားရေးကို ပြောင်းနေတဲ့ကာလမို့ သည်းခံစောင့်ပြီး အားပေးသင့်တယ်။
အားပေးမှုမလုပ်ပဲ ကန့်လန့်တိုက်ပြီး ဆန့်ကျင်နေသူတွေက တော့ အစိုးရသစ်အနေနဲ့ ငွေတွေမလည်ပတ်နိုင်၊ ငွေစက္ကူတွေထပ်ရိုက်၊ ငွေဈေးကြ၊ ကုန်ပစ္စည်းဈေးတက် စီးပွားပျက်ပြီး failed state ဖြစ်အောင်ထိ ရည်မှန်းထားကြပုံပဲ။
အထွေထွေအကျပ်ရိုက်လာရင် ဘာသာရေး၊ လူမျိုးရေးမှိုင်းလုံးတွေနောက်က လိုက်လာတော့မယ်ဆိုတာကတော့ လူတိုင်းသိပြီးမို့ပြောစရာမလို။ လူအုပ်စုကြီးတွေနဲ့ သတ်ဖြတ်၊ အိမ်တွေဖြို၊ ဆိုင်တွေဖျက်အထိရောက်လာအောင် နောက်ကွယ်က သွေးထိုးပေးနေတဲ့သူတွေမနည်းလှ။ မုန်းတည်းရေးတရားဟောနေတဲ့ ခေါင်းဆောင်တွေလည်း ရှိနေကြတယ်။ သူတို့တွေက မုန်းရမယ်လို့ ပြောနေတဲ့ လူတွေကလည်း ဒီအစိုးသစ်က ခေါ်သွင်းခဲ့တဲ့သူတွေမဟုတ်ပဲ အရင်အစိုးရအဆက်ဆက်လက်ထက်မှာထဲက ဝင်ရောက်လာခဲ့သူတွေ ဖြစ်နေလေရဲ့။ အရင်အစိုးရအဆက်ဆက်လက်ထက်မှာ သပိတ်စခန်းမဖွင့်ပဲ အလွန်နောက်ကျစွာ ခုမှသပိတ်စခန်းဖွင့်ရသလား လို့ပဲ မေးရမလိုပဲ။
ကိုယ့်အချင်းချင်း ရန်ဖြစ်နေရင် ဘယ်သူပဲနာနာ မြန်မာပြည်သားတွေပဲ နစ်နာတယ်လို့ မြင်တတ်နေပြီဖြစ်တဲ့ ပြည်သူတွေကတော့ နပ်နေပြီ။ အပွေးမြင် အပင်သိနေကြပြီ။ ဒီလူတွေရဲ့ထောင်ချောက်ထဲဝင်မဲ့ပုံ မမြင်ရ။ နှစ်ကျပ်ကွက်နဲ့တက်လာလို့ကတော့ တောက်ချလိုက်မယ်ဆိုတဲ့ ပြည်သူတွေဖြစ်နေကြပြီ။ ကြက်ဒုက္ခသည်တွေရဲ့ ကြက်ခြင်းထဲပြန်ဝင်နိုင်ရေး နှစ်ကျပ်ကွက်တွေကတော့ အောင်မြင်ဖို့လမ်းမမြင်ဟုသာ ပြောချင်ပါတယ်ဗျာ။
မြန်မာပြည်သား သူငယ်ချင်း မိတ်ဆွေအပေါင်း အေးချမ်းသာယာကြပါစေ။

ဝက်ဒုက္ခ
ဝက်ဒုက္ခ (ဝက်တုတ်ကွေးအကြောင်း)
ကြက်ဒုက္ခ ရေးပြီးတာမကြာသေး။ အခုတလော မြန်မာ့ဖေ့ဘုတ်သတင်းတွေမှာတော့ H1N1 Pandemic level ဆိုပဲ။ အွန်လိုင်းမှာ ဖွတဲ့သူကဖွ။ မသိသူတွေကလည်း ယုံပေါ့။ တိုင်းသူပြည်သားတွေကို အသိပညာပေးတာမဟုတ်ပဲ ကြောက်လန့်အောင် ရေးသားမှုမျိုးကိုတော့ ရှုံ့ ချပါတယ်။
အစိုးရကို အပြစ်ပုံချသူကချလို့။ ဒီလောက်ဆိုးနေတာတောင် မျက်ကွယ်ပြုထားတယ်။ ဖုံးဖိထားတယ်နဲ့ ကဲ့ရဲ့သူကကဲ့ရဲ့ကြလို့။ သတင်းမှားတွေကို ရှယ်တဲ့သူက ရှယ်။ Pandemic level ဆိုတာက ကူးစက်ရောဂါတစ်ခုခုဟာ ထိန်းမနိုင်သိမ်းမရနဲ့တကမ္ဘာလုံးကို ကူးစက်ပျံ့ပွားသွားနိုင်တဲ့အခြေအနေမျိုးကို ဆိုလိုပါတယ်။
ကျွန်တော် ဆရာဝန်မဟုတ်ပါဘူး။ ဒါပေမဲ့ သိသမျှလေးကို ပြောခွင့်ပြုပါ။ ကမ္ဘာပေါ်မှာ တုတ်ကွေးရောဂါအမျိုးမျိုးရှိပါတယ်။ ဗိုင်းရပ်ပိုး ( Virus) တွေက ကူးစက်တဲ့ရောဂါတွေပေါ့။ ဖြစ်လာရင် ယေဘူယျအားဖြင့် Anti virus ဆေးတွေပေးလေ့ရှိတယ်။ ဆေးပတ်လည်အောင် သောက်ကြရတယ်။ flu season ရောက်ရင် anti flu ထိုးဆေးတွေလည်း နှစ်တိုင်း ထိုးကြတယ်။ နှာခေါင်းကရှူတာလည်းရှိတယ်။ ဒီ flu shot လို့ခေါ်တဲ့ တုတ်ကွေးကာကွယ်ထိုးဆေးတွေဟာ နှစ်စဉ် flu season ရောက်တိုင်း ထိုးကြရတာဖြစ်ပေမဲ့ ဆေးတစ်မျိုးဟာ flu တုတ်ကွေးရောဂါ အားလုံးကို မကာကွယ်နိုင်ပါ။ တချို့ဆေးက ၇၅% တချို့ဆေးက ၆၀% တချို့ဆေးက ဒီရောဂါတစ်ခုတည်း စသည်နဲ့ ကာကွယ်နိုင်မှုတွေမတူကြ။
ဒါကြောင့် flu shot လုပ်ထားပေမဲ့လည်း တုတ်ကွေးမိရင်မိတတ်ပါတယ်။ ထိုးဆေးက မကာကွယ်တဲ့ တုတ်ကွေးမိတာ ဆိုပါတော့။ ကိုယ်ခံစွမ်းအားရဲ့ ခုခံမှုနဲ့ ဆေးတန်ခိုးတွေကြောင့် သုံးလေးရက်ဆိုရင် ပြန်ကောင်းကြတာများပါတယ်။ အသက်ငါးနှစ်အောက် ကလေးတွေ၊ အသက် ၆၅နှစ်အထက်လူကြီးတွေ၊ အခံမူလရောဂါတစ်ခုခု ရှိနေသူတွေ အတွက်သာ စိုးရိမ်ရပါတယ်။
H1N1 ဆိုတာ Swine flu လို့ခေါ်တဲ့ တုတ်ကွေးတစ်မျိုးပါ။ ဝက်တုတ်ကွေးလို့လည်း ခေါ်ကြတယ်။ ဝက်တွေဆီမှာ ဖြစ်တဲ့ရောဂါပိုးက လူတွေကို ကူးစက်ခဲ့တာလို့ဆိုတယ်။ မြန်မာပြည်မှာတော့ ကြက်တုတ်ကွေးနဲ့ မှားနေကြတုန်းပါ။ ကြက်တုတ်ကွေးကို H5N1. Avian influenza (flu) လို့ခေါ်တယ်။ ခွေးတုတ်ကွေး၊ မြင်းတုတ်ကွေး စသည်ဖြင့်လည်း ရှိပါသေးသတဲ့။
H1N1 swine flu ဝက်တုတ်ကွေးရောဂါဟာ ၂၀၀၉ ခုနှစ်မှာ မက္ကဆီကိုက စလိုက်တာ တကမ္ဘာလုံး လန့်ရတဲ့အထိ Pandemic level ဖြစ်ခဲ့ဖူးတယ်။ စုစုပေါင်း လူဦးရေ တစ်သောင်းရှစ်ထောင်ကျော် အသက်ဆုံးခဲ့ရဖူးတယ်။ (တချို့ကလည်း သိန်းချီသေတယ်လို့ ပြောကြတယ်။) ဒီလို အခြေအနေရောက်သွားတဲ့နေရာတွေမှာဆိုရင်တော့ ကျောင်းပိတ်၊ ရုံးပိတ်၊ ဈေးပိတ်၊ ခရီးသွားခွင့်ပိတ်နဲ့ isolated လုပ်ပြီး ထိန်းချုပ်ကြရပါတယ်။ အများဆုံးဖြစ်ပွားရာဒေသတွေက အာဖရိကနဲ့ အရှေ့တောင်အာရှတို့ပါ။
အခုမြန်မာပြည်မှာဖြစ်နေတာက အရေးပေါ်အခြေအနေမဟုတ်သေးတဲ့ ရောဂါပျံ့နှံ့ကာစ အခြေအနေမို့ H1N1 swine flu Outbreak လို့ခေါ်မှ မှန်ပါတယ်။စုစုပေါင်း ခြောက်ဦးသေဆုံးသွားပြီ။ ရောဂါပိုးတွေ့ထားသူ သုံးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတင်းတွေထုတ်ပြန်ပေးတယ်။ ပညာပေးရေးတွေလုပ်နေတယ်။ ပြည်သူတွေကလည်း ကြိုတင်ကာကွယ်နေကြတယ်။ WHO ကိုတောင် အကူအညီတောင်းထားတယ်။ ရောဂါကို ထိန်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေကြတယ်။ ဒီလိုကြောင့်လည်း WHO ရဲ့ ဌာနေကိုယ်စားလည် က " I am generally impressed." လို့ ခြီးမွန်းခဲ့တာ ဖြစ်မယ်။
H1N1 ဝက်တုတ်ကွေးရောဂါကလည်း ဝက်သားစားလို့ကူးစက်တာမဟုတ်ပါ။ လေထဲကနေပြီး အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်မှုကအများဆုံး၊ မသန့်ရှင်းတဲ့ လက်တွေတဆင့် ကူးစက်မှုက ဒုတိယ ပါတဲ့။ ဒါကြောင့် အပြင်ထွက်ရင် ခွဲစိတ်ခန်းသုံး နှာခေါင်းစီး ( surgery mask ) နဲ့သွားပါလို့ဆိုတယ်။ ဈေးကြီးတဲ့ နှာခေါင်းစည်းတွေနဲ့ ခွဲစိတ်ခန်းသုံးနှာခေါင်းစီးဟာ ရောဂါကာကွယ်ရေးမှာ သိမ်မကွာဘူးလို့ဆိုတယ်။ ဒုတိယကတော့ လက်ကိုစင်ကြယ်အောင်ဆေးဖို့ပါပဲ။
လက်ဆေးတဲ့နည်းကလည်း အမျိုးမျိုးရှိသေးရဲ့။ ရေဆေး၊ ဆပ်ပြာတိုက်၊ ရေပြန်ဆေး စုစုပေါင်း စက္ကန့်နှစ်ဆယ်ကြာရမယ်တဲ့။ Happy birthday သီချင်းကို စိတ်ထဲမှာဆိုကြည့်လို့ အစအဆုံးပြီးရင် စက္ကန့်နှစ်ဆယ်ပဲလို့လည်း အချိန်ရေတွက်ပုံကို ညွှန်းကြတယ်။
ကြက်တုတ်ကွေးကသာ ကြက်သားကို မကျက်တကျက် ချက်စားရာက ကူးတတ်တာပါ။ လုံးဝနူးသွားအောင် မီးပြင်းပြင်းနဲ့ ချက်စားလို့ရပါတယ်။ H5N1 ကြက်ငှက်တုတ်ကွေးမဖြစ်လာအောင် တုတ်ကွေးဖြစ်တဲ့ ကြက်ခြံတွေပိတ်၊ ကြက်တွေအကုန်ရှင်းနဲ့ ဆောင်ရွက်နေကြတယ်လို့လည်း သိရတယ်။
ကမ္ဘာရွာကြီးမှာ ရေမြေတွေကျဉ်းသွားပါပြီ။ တကယ်လို့သာ အရေးပေါ်အခြေအနေဖြစ်တဲ့ pandemic level ရောက်နေရင် ဘယ်နိုင်ငံကမှ ကြည့်မနေပါဘူး။ ချက်ခြင်းဝင်ရောက်ကူညီကြမှာပါ။ မြန်မာကနေ ကမ္ဘာကိုကူးစက်မဲ့ဘေးဆိုးကြီးတစ်ခု ဖြစ်လာတဲ့အထိ စောင့်ကြည့်နေကြမှာမဟုတ်။
ကျန်းမာရေးဌာနက တာဝန်ရှိသူဆရာဝန်တွေက ပညာပေးဆောင်းပါးတွေရေးပြီး အသိပညာပေးနေတာတွေ့ရလို့ဝမ်းသာရသလို လူမှုရေးစိတ်ဓါတ်ရှိတဲ့သူတွေ အသင်းအဖွဲ့တွေက နှာခေါင်းစီးတွေအခမဲ့ ဝေငှနေကြတာတွေ အွန်လိုင်းမှာ ဖတ်ရ မြင်ရလို့ နိုင်ငံရှေ့ရေးအတွက် အလွန်အားတက်မိပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံက ဆင်းရဲတဲ့နိုင်ငံတစ်ခုပါ။ ငွေကြေးဆင်းရဲပေမဲ့ စေတနာတွေမဆင်းရဲကြဘူး။ ရိုင်းပင်းကူညီကြဖို့ မဆင်းရဲကြဘူး။ မေတ္တာ စေတနာတွေချမ်းသာကြပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး မြန်မာပြည်မှာမွေးရင် မြန်မာတွေချည်းပါပဲ။
မိတ်ဆွေသူငယ်ချင်းများအပါအဝင် မြန်မာပြည်သူပြည်သားအပေါင်း ရောဂါအမျိုးမျိုး၊ ဘေးရန်အမျိုးမျိုးမှ ကင်းဝေနိုင်ကြပါစေ။

ခရီးသည်
ဒီနေ့ ငယ်သူငယ်ချင်းတယောက် ဆုံးသွားတယ်လို့ ဖေ့ဘုတ်ထဲမှာ ဖတ်ရတယ်။ သူနေမကောင်းဖြစ်နေတဲ့ပုံတွေ တွေ့ပေမဲ့ ဒီလောက်မြန်မယ်မထင်မိ။ သွားနှင့်ပြီပေါ့တယောက်။
ဒီခရီးက လူတိုင်းသွားရမှာပေမဲ့ ပုထုဇဉ်ပီပီ ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေကို နောက်ဆုံးမှ သွားစေချင်ကြတာ သဘာဝ။
ငယ်သူငယ်ချင်းတွေဆိုတာ ဆိုးတူကောင်းဖက် ကြီးလာကြလေတော့ အမှတ်ရစရာတွေများတာမို့ တစ်ယောက်ဆုံးတယ်ကြားရင် စိတ်ထဲမချိ။ နေနိုင်တဲ့အချိန်တွေရှိသေးတာပဲ၊ စောလွန်းတယ်လို့ပဲ ထင်မိတယ်။
သေခြင်းကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြတယ်။ တချို့ကလည်း ခရီးရှည်တစ်ခုကို ထွက်သွားတာတဲ့။ တချို့ကတော့ ငြိမ်းချမ်းစွာ အိပ်စက်အနားယူခြင်းတဲ့။ အမိန့်တော်ခံယူခြင်းတဲ့။ သံသရာကိုယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းခြင်းလို့ လက်ခံထားကြတယ်။
'သင်သေသွားတဲ့အခါ ဒီထက်ထူးခြားတဲ့ အတွေ့အကြုံသစ်တွေကို တွေ့ကြရမယ်' လို့ တွေးတောပြီး သေခြင်းတရားကို ရင်ဆိုင်ခဲ့တဲ့ အတွေးအခေါ်ပညာရှင်တွေလည်းမနည်းလှ။
ကျွန်တော်ကတော့ မကြာခဏ ခရီးသွားသူမို့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုလို မြင်မိတယ်။ ထွက်သွားသူက ထွက်သွားကြသလို အသစ်ဝင်လာကြသူတွေက ဝင်လာနေကြတဲ့ပုံရိပ်တွေ။
တစ်ခုသော မွေးနေ့မှာ ဒီအကြောင်းလေးရေးဖူးပါတယ်။ ကုသိုလ်နဲ့အကုသိုလ်ဆိုတဲ့အထုတ်တွေ ဆွဲပြီး သုံးဆယ့်တစ်ဘုံလေဆိပ်ဝမှာ အစစ်ခံရတဲ့အကြောင်းလေးပေါ့။ လေဆိပ်မှာ စစ်တဲ့သူက " မင်းမှာ ကုသိုလ်အထုတ်လေးနည်းနည်းပိုပါတယ်။ နတ်ပြည်ထိလဲပို့မရ။ ဒါကြောင့် လူ့ပြည်ပတ်စ်ပို့နဲ့ ဝင်ခွင့်ဗီဇာပေးလိုက်မယ် " ဆိုပြီး လူ့ပြည်ဝင်ခွင့်ပေးခဲ့တယ်။ ဆိုက်ရောက်နေ့စွဲတုန်းလေးနဲ့ပေါ့။
မွေးနေ့ဟာ လူ့ပြည်ကိုရောက်တဲ့နေ့စွဲ arrival date ပေါ့။ ပြန်ထွက်ရမဲ့နေ့ expired date သက်တန်းကုန်မဲ့ တံဆိပ်တုံးကတော့ မထုထားသေးဘူး။ လူ့ပြည်မှာနေထိုင်ခွင့် သက်တန်းကုန်မှ ဒီတုံးကို ထုပေးမှာ။ ဒီကြရင်တော့ သုံးဆယ့်တစ်ဘုံလေဆိပ်မှာ ပြန်တန်းစီပြီး သက်ဆိုင်ရာဘုံတွေဝင်ဖို့ အဝင်တုံး ပြန်ထုရမှာပေါ့လေ။
သူငယ်ချင်းကတော့ လူ့ပြည်ကနေ အထွက်တုံးထုပြီး ထွက်သွားနှင့်ပြီ။ ကိုယ်ကိုတော့ ဘယ်နေ့မှာ အထွက်တုံးထုပြီး ထွက်ခွာရမယ်ဆိုတာ မသိသေးပါ။
ရဟူဒီဘာသာက မြစ်ဖျားခံခဲ့တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ယုံကြည်သူတွေ သေပြီးရင် ထာဝရဘုံဖြစ်တဲ့ Heaven ကို သွားရမယ်လို့ ယုံကြည်ကြတယ်။ သူတို့အယူအဆကတော့ မြေမှုန်မှဖန်ဆင်းခဲ့တဲ့ ခန္ဓာကိုယ်က မြေမှုန်ဘဝပြောင်းတယ်။ ဝိဉာဉ်ကတော့ Heaven ရောက်သွားတယ်ပေါ့။ အရင် သေနှင့်သူ မိဘဆွေမျိုးတွေနဲ့ ပြန်ဆုံရမယ်လို့ ယုံကြလေရဲ့။ သေပြီးတဲ့နောက်မှာ ဘာဖြစ်နေမယ်ဆိုတာကိုတော့ သိပ္ပံနည်းကလည်း သက်သေမပြနိုင်ကြသေး။
ဗုဒ္ဓအလိုကတော့ နိဗ္ဗာန် မရောက်သေးကြသရွေ့ သံသရာလည်နေကြဦးမှာပဲလေ။ ဘဝတစ်ခုခုမှာတော့ ကွယ်လွန်သွားကြတဲ့ မိဘဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံကြဦးမှာပါပဲ။ ဒီဘဝမှာတော့ သူတို့က ရှေ့ကသွားနှင့်ကြပြီ။ ကိုယ်တွေက နောက်ကလိုက်ကြရမှာပဲ မဟုတ်ပါလား။
ဒီလိုပြန်ဆုံကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မှတ်မိကြမှာတော့မဟုတ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဒီဘဝကနေ ဟိုဘဝကိုပြောင်းပြီး ပြန်ဆုံကြရမှာ ဝမ်းသာစရာပဲမဟုတ်ပါလား။
သေခြင်းတရားအား ပျော်စရာခရီးတစ်ခုဖြစ်မှာပါလို့ စဉ်းစားပြီး ကိုယ့်ကို လူ့ပြည်က အထွက်တုံးထုပေးမဲ့ နေ့ကို စောင့်နေပါကြောင်း မိတ်ဆွေ သူငယ်ချင်းများအား အကြောင်းကြားအပ်ပါတယ် ခင်ဗျား။
နောင်ဘဝမှာလည်း ဒီလူတွေနဲပဲ ပြန်ဆုံချင်တဲ့...
မောင်လူပေ
( အဝိဇ္ဇာနဲ့တဏှာကိုကုန်အောင် မဖြတ်နိုင်သေးတဲ့အတွက်၊ အရိယာမဖြစ်နိုင်သေးတဲ့အတွက်၊ စိတ်ပုတီးနဲ့ ရိပ်ကြီးမခိုနိုင်သေးတဲ့အတွက်၊ တောမထွက်နိုင်သေးတဲ့အတွက် ရေးတဲ့စာ။)

ကြက်ဒုက္ခ
ကြက်ဒုက္ခ
ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က ခြင်းထဲကကြက်အကြောင်းရေးဖူးတယ်။
ခြင်းထဲကကြက်တွေဟာ အမြဲတန်း ခြင်းထဲမှာပဲနေရတာမို့ အပြင်ကို လွှတ်ပေးရင်တောင် ဘာမှမလုပ်တတ်တော့လို့ ခြင်းထဲပြန်ဝင်ဖို့ပဲ စဉ်းစားနေတယ်တဲ့။
သူ့မိန်းမနဲ့သားတို့ ခရီးသွားနေချိန်မို့ သူလွတ်လပ်ရေးရနေပေမဲ့ မနေတတ်ကြောင်း မူလခြင်းဖြစ်တဲ့ သူ့မိသားစုခြင်းထဲမှာပဲပျော်ကြောင်း ရေးတဲ့သဘောပါ။
သူ့မိန်းမမရှိပေမဲ့ မဆိုးကြောင်း သူလိမ္မာကြောင်းပြောပြပြီး အာဘွားတွေအများကြီးရဖို့ ချုပ်နည်းတမျိုး။
သူရေးတာဖတ်ပြီး ကျွန်တော် စဉ်းစာမိတာက တမျိုးပါ။
ကြက်တွေ ငှက်တွေသာမကပဲ လူတွေလည်း ကြက်ဒုက္ခ ရှိပါတယ်။
အမေရိကားမှာ ပြည်တွင်းစစ်ကြီးပြီးတော့ သမ္မတလင်ကွန်းက ကျွန်တွေကို လွတ်လပ်ခွင့်ပေးခဲ့တယ်။ သခင်ပြောသမျှလက်ခံ၊ ပေးသမျှယူ၊ ကျွေးသမျှစားနဲ့ တသက်လုံးပဲ ထားရာနေ စေရာသွားခဲ့တဲ့ကျွန်တွေ လွတ်လပ်ခဲ့ပြီပေါ့။
ပထမတော့ အများစုကျွန်တွေက ပျော်ကြပါသတဲ့။ လွတ်လပ်ရေးရပြီ၊ လွတ်လပ်ရေးအရသာ ခံစားမယ်ပေါ့လေ။ သခင့်ခြံထဲက ထွက်လာခဲ့ကြတယ်။ အနည်းစုသောကျွန်တချို့ကတော့ နေစရာမရှိ၊ စားစရာမရှိနဲ့ ဒုက္ခတွေ့မှာကြောက်လို့ လွတ်လပ်ခွင့်ရပေမဲ့ သခင့်ဆီမှာပဲ ကိုယ့်သဘောနဲ့ကိုယ် နေခဲ့ကြပါသတဲ့။
ယောက်ျားကျွန်တွေကို လယ်ထဲမှာပဲ နေ့တိုင်းခိုင်းခဲ့တာမို့ ဒီလူတွေဟာ လယ်တောကလွဲရင် ဘာမှမသိဘူး။ အမျိုးသမီးတွေကိုလည်း အိမ်ဖေါ်အလုပ်ပဲ ခိုင်းခဲ့တာမို့ မိန်းမတွေက အိမ်ဖေါ်အလုပ်ကလွဲပြီး ဘာမှ မလုပ်တတ်ဘူး။ သီချင်းဆိုတတ်သူ၊ ဂီတနားလည်သူ အနည်းစုလေးကလည်း သခင်တွေရဲ့ပါတီပွဲမှာ သခင်တွေကနိုင်အောင် ဆိုနိုင်အောင် ဖျော်ဖြေဖူးတာကလွဲရင် အပြင်လောကကိုမသိကြဘူး။
သခင်တွေရဲ့ခြင်းတောင်းထဲက ခေါက်ရိုးကျိုးနေတဲ့ ဒီလူတွေ ခြင်းရဲ့အပြင်ကိုရာက်တော့ ဒုက္ခတွေ ပတ်လည်ရိုက်ပါတော့တယ်။ အလုပ်လုပ် လို့ ရတဲ့ လစာက အိမ်ငှားခ၊ အစားအစာဖိုး၊ အဝတ်ဖိုးစတဲ့အထွေထွေကုန်ကျစားရိတ်တွေနဲ့မကာမိ။ ငွေကြေးကို စာရင်းအင်းနဲ့ သုံးတတ်စွဲတတ် စုတတ်ဆောင်းတတ်တဲ့ ပညာမတတ်ကြတော့ ရှိရင်အကုန်သုံး၊ မရှိရင် ချေးငှားသုံးနဲ့ အကြွေးတွေပတ်လည်ရိုက်။ ဒီလိုနဲ့ အများစုသောကျွန်တွေဟာ မူလနေခဲ့ရာ ခြင်းတောင်းဖြစ်တဲ့သခင်တွေရဲ့လယ်တောအိမ်ထဲကိုပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်ကုန်ကြပါသတဲ့။
ဒီလိုဒုက္ခပင်လည်ဝေနေတဲ့ ကျွန်တွေအတွက် အစိုးရကပဲဦးစီးပြီး ထောက်ပံ့ကြေးတွေပေးရ၊ နေစရာတွေဖန်တည်းပေးရ၊ ဆေးကုသပေးရ၊ သက်ကြီးပင်စင်တွေပေးရနဲ့ လူမှုဖူလုံရေးတွေ ဆောင်ရွက်ပေးခဲ့ရတယ်လို့ မှတ်သားဖူးတယ်။
အာဏာရှင်တွေလက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ပြည်သူတွေလည်း ဒီလိုပါပဲ။ အာဏာရှင်တွေ ပေးသမျှနဲ့ အသက်ရှင်ခဲ့ကြရတယ်။ အခွင့်အရေးများများရသူအနည်းစုနဲ့ အခွင့်အရေးမရသူ အများစုပဲ ကွာမယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ကြိုးစားနေဆဲ ဒီအချိန်ဟာ ခြင်းထဲကကြက်တွေလို အုပ်ပြီးချုပ်ထားတဲ့ပြည်သူတွေကို ခြင်းရဲ့အပြင် လွှတ်ပေးလိုက်စ အချိန်နဲ့တူမယ်ထင်တယ်။
တသက်လုံးလိုလို အာဏာရှင်တွေ ပေးကမ်းသမျှအခွင့်အရေးလေးတွေနဲ့ကြီးပွားခဲ့သူတွေ အနည်းစုက ခြင်းအပြင်ရောက်တော့ မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခတွေ့ကြပြီလေ။ သူတို့အတွက်က အာဏာရှင်ရဲ့ခြင်းထဲမှာ နေရတာ ပိုအဆင်ပြေတယ်၊ ဒါကြောင့် အာဏာရှင်ရဲ့ခြင်းထဲပြန်ဝင်ဖို့ အချိန်ကောင်းကို စောင့်နေကြလေရဲ့။
အမျိုးသားရေးနဲ့သွေးထိုးလိုက်၊ လူမျိုးရေးနဲ့သွေးထိုးလိုက်နဲ့ ခြင်းထဲပြန်ဝင်ဖို့ ကြိုးစားနေကြတဲ့ ကြက်ဒုက္ခသည်တွေရဲ့စကားကို ပြည်သူအများစုက နားမယောင်မိဖို့ အရမ်းအရေးကြီးနေပြီ။ တတိယအင်အားစုတစ်ခု ပီပီပြင်ပြင် မပေါ်လာသေးခင် ဒီအချိန်မှာတာ့ လက်ရှိအစိုးရကိုပဲ အားပေးကြဖို့လိုပါမယ်။ ဒီအင်အားစုပေါ်လာရင်တော့ ဘယ်သူသာမယ်ဆိုတာ ပြည်သူတွေက ဆုံးဖြတ်ကြမှာပဲ။
အာဏာရှင်ဟောင်းတွေရဲ့ ခြင်းထဲကို ကြက်ဒုက္ခသည်တွေနဲ့အတူ ပြန်ဝင်ကြမယ်ဆိုရင်တော့ ...... ။
မြန်မာပြည်သူပြည်သား ညီအကိုမောင်နှမ သူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ။

စိတ်ဆိုးတယ်။
စိတ်ဆိုးစရာလား။
စိတ်ဆိုးသည်။ ဒေါပွသည်။ အတော်လွန်သည်။
ဟုတ်တာပြောတာတဲ့။ ဒါမျိုးက ဟုတ်နေလည်း မပြောသင့်။
၆၆(ဃ)နှင့်စွဲမည်။
" ကိုလူပေ။ ခင်ဗျားက အင်ဂျင်နီယာဆိုပေမဲ့ စာရေးကြီးသာသာပါဗျာ။ ခင်ဗျားအထက်မှာ အင်ဂျင်နီယာချုပ်တို့ ဌာနမှူးတို့ ရှိသေးတယ်လေ။ ပရိုတိုကောအရလည်း ခင်ဗျားက နံပါတ်သုံးနေရာမှာပဲရှိတာပါ။ " တဲ့။
ဒါ စော်ကားတာမဟုတ်ရင် ဘာလဲ။ အရင်လူတွေလည်း ၆၆(ဃ) နဲ့တွေ့ခဲ့ကြပြီ။ ဒါလည်းမမှတ်သေး။
အခြေအနေတစ်ခုအရ မောင်လူပေလည်း နေရာတကာ ကိုပါရာ ဖြစ်နေခဲ့ရသည်။ ဟိုအသင်းလည်း ကိုယ်ပဲ။ ဒီအသင်းလည်း ကိုယ်ပဲ။ ကိုယ်ကလည်း နေရာကောင်းလေးတွေမှာ ယူထားနေရသည်။
ဒီလို နေရာတကာဝင်ပါနေရတာ အာဏာမက်လွန်းလို့မဟုတ်။ ပါချင်လို့မဟုတ်။ မပါမဖြစ်လို့။ အစစ အဆင်ပြေအေးချမ်းနေရင် မပါတော့ဘူး။ အနားယူမှာ။ ဘယ်တော့လည်းဘာညာတော့ အချိန်ဇယား လာမတောင်းနဲ့။ သင့်တော်တဲ့အချိန်ပေါ့။
ဒီတစ်ခါ မောင်လူပေကို ဂလိုဆိုလိုက်သူက နည်နည်ရရမဟုတ်။ မိုးမခမဂ္ဂဇင်းအယ်ဒီတာချုပ်ကြီးဖြစ်သော ကိုရစ်ဖြစ်ပါ၏။
ဒါကြောင့် ဒီကိစ္စကို အရေးယူပေးဖို့ ကိုရစ်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ သူ့မဟေသီ မမေထံသို့ အကြောင်းကြားစာပို့လိုက်ပါ၏။
အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ မဒန်ရစ်(ခေါ်) မမေက ကိုရစ်ကို တိုးတိုးတိတ်တိတ် ခေါ်ဆူနေသည်ဟု ကြားသိရသည်။ ' မိတ်ပျက်အောင် မလုပ်နဲ့ တော်။ ကျုပ်တို့က မကင်းရာမကင်းကြောင်းတွေ။ သူလည်း တနေ့တော့ နေရာတကာမပါတော့ဘူးလို့ ပြောထားပြီပဲ။ ဘယ်နေ့မှန်းမသိတဲ့ အဲဒီနေ့ကိုပဲ စိတ်ရှည်ရှည်ထားပြီး စောင့်ပါ။ ' ဘာညာ ပေါ့လေ။
မရဘူး။ မရဘူး။ ဟုတ်တာပြောလည်း မရဘူး။ လာမထိနဲ့။ မီးပွင့်သွားမယ်။ အကုန်ပွင့်သွားမယ်။ ဘာမှတ်လည်း။ ငှင်း ငှင်း ငှင်း။
မောင်လူပေ
( တစုံတရာကို စောင်းပြောနေသည်ဟု ယူဆပါက ယူဆသူ၏ တာဝန်သာ ဖြစ်ပါကြောင်း။ 😄)

ကိုလံဘီယာမြစ်မှအပြန်
ကိုလံဘီယာမြစ်မှအပြန်
(Returns of Columbia river)
နွေရောက်ပြီ။ နွေရောက်လျှင် မိသားစုတွေ ခရီးထွက်ကြသည်။ အနီးဆုံးမိုင်ငါးဆယ်ပတ်လည်မှသည် မိုင်ထောင်ချီထိ သွားတတ်ကြသည်။
နွေရောက်တိုင်း ခရီးစဉ်တွေထွက်ဖြစ်ခဲ့တာများပြီ။ အနီးရော အဝေးပါ နေရာအတော်စုံခဲ့လေပြီ။ ထို့ကြောင့်လည်း မရောက်ဖူသေးသော နေရာကို ရွေးခဲ့ကြသည်။
နွေအပန်းဖြေခရီးထွက်ဖို့ ရွေးရခက်နေသူတွေအတွက် အဆင်ပြေစွာနဲ့ သွားနိုင်မဲ့ အချိန်တိုခရီးစဉ်လေးတစ်ခုကို ပြောပြချင်သည်။ စီစဉ်ရလွယ်သော ဒီခရီးလေးကို မကြာမီက ရွေးပြီးသွားလည်ဖြစ်ခဲ့သည်။
ဒီနှစ်နွေမှာ ခရီးသွားဖို့ ရွေးဖြစ်ခဲ့သည်က အော်ရီဂွန်ပြည်နယ် ( Oregon ) ပို့တလန်မြို့ ( Portland ) အနီးရှိ မူ့နို့မတ်ရေတံခွန် ( Multnomah Falls ) ဆီသို့ဖြစ်၏။
ဒီရေတံခွန်ကြီးက အော်ရီဂွန်ပြည်နယ်တွင်းရှိ ရေတံခွန်များအနက် အမြင့်ဆုံးရေတံခွန်ကြီး ဖြစ်သည့်အပြင် ပေါ့တလန်မြို့အနီးတွင် တည်ရှိသော ကိုလံဘီယာမြစ်၏တောင်ကြား ( Columbia river gorge ) တွင် ရှိနေသောကြောင့် အလွန်နာမည်ကျော်ပြီး လာရောက်လည်ပတ်ကြသူများပြားလှသည့် နေရာတစ်ခုလည်း ဖြစ်သည်။
မောင်လူပေနေထိုင်ရာ ဆန်ဖရန်စစ္စကိုဗေးဧရိယာ ( San Francisco Bay Area ) နှင့်ကား သိပ်မဝေးပေမင့် သိပ်လည်းမနီးလှ။ မိုင်ခုနှစ်ရာနီးပါး ဝေးကွာသည်။
သည်ခရီး အသွားအပြန်မိုင်ထောင့်လေးရာမောင်းရမည့် ခရီးစဉ်တွင် မိသားစုသုံးစုမှ လူ တစ်ဆယ့်နှစ်ယောက်ပါဝင်မည်ဖြစ်ပြီး ကားသုံးစီးဖြင့် သွားကြမည်။ ဟော်တယ်တွေ ကြိုတင်ငှားထား၊ လိုအပ်မည်ထင်သည့် ပစ္စည်းတွေထည့်ကြ ပြင်ဆင်ကြနှင့် ခရီးထွက်ဖို့စိတ်ဓါတ်တွေ ပြန်လည်နိုးကြွလာကြသည်။
I-5 ဟုခေါ်သည့် ပြည်နယ်ခြင်းဆက် အမြန်လမ်းကြီးမှ ခရီးနှင်ခဲ့ကြရာ ရက်ဒင်း ( Redding ) မြို့ လွန်သည်နှင့် တောတောင်တွေထဲကို ကွေ့ကောက်မောင်းနှင်ခဲ့ရသည်။ ရှုခင်းများက အံ့မခန်း။
နွေခေါင်ခေါင်ဖြစ်သော်လည်း နှင်းတွေဖုံးနေဆဲ ရှာစတာတောင် ( Mt Shasta ) ထိပ်ကြီးကလည်း နီးလာလိုက် ဝေးသွားလိုက်။ အောက်ခြေရှိ ရှာစတာရေကန် ( Shasta Lake ) ကြီးကလည်း ရေတွေအပြည့်။
မနှစ်က ဒီရေကန်ကြီးကို ရောက်ခဲ့စဉ်ကတော့ ရေက သုံးပုံတစ်ပုံမျှပင် မရှိခဲ့။ တဖက်ကမ်းရှိ ရှာစတာထုံးကျောက်ဂူ ( Shasta Caverns ) ဆီခရီးနှင်ဖို့ လှေရှိရာ ကန်အောက်သို့ အတော်ကြီး ဆင်းခဲ့ရ၏။ ပြီးခဲ့သည့်ဆောင်းက အားမာန်အပြည့်ရခဲ့ပြီမို့ အခုတော့ ရေပြင်ကျယ်ကြီးက သူမဟုတ်သည့်နှယ်။
အော်ရီဂွန်ပြည်နယ်မှကြိုဆိုပါ၏။ ( Oregon. Welcome to you. ) ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကြီးကို ကျော်လိုက်လျှင် အော်ရီဂွန်ပြည်နယ်တွင်းသို့ ချဉ်းမိပေပြီ။ မြန်မာပြည်မှာတော့ မြို့ရွာတိုင်းမှာ ဒီလို ကြိုဆိုရေးဆိုင်းပုဒ်ကြီးတွေ ထောင်တတ်ကြသည်။ မြို့ထွက်လျှင် နှုတ်ခွန်းဆက်သပါ၏ တို့ ဘာတို့ပေါ့။ ဒီဖက်မှာတော့ မြို့တွေမှာ ဒီလိုဆိုင်းပုဒ်တွေ တွေ့ရလေ့မရှိပါ။
အော်ရီဂွန်ပြည်နယ်ကား ထင်းရူးပင်တွေ အုပ်ဆိုင်းမှိုင်းညို့နေသော ပြည်နယ်ပါပင်။ မြင်လေသမျှ တောအုပ်ကြီးတွေက နေပျောက်မထိုး။ တောင်တန်းတွေက စိမ်းညို့နေသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားသည့် သက်သေတွေပေါ့။
တောင်တွေကြားထဲမှာ ကွေ့ကောက်ကာ တက်လိုက်ဆင်းလိုက်နှင့် ခရီးနှင်ရင်း လတ်ဆတ်သောလေနှင့် ကြည်နူးဖွယ်ရှုခင်းတွေကြည့်မြင်ရသည်က ခရီးထွက်ခြင်းရဲ့ အရသာတစ်မျိုးပါ။ လမ်းတွေကလည်း တောင်ပတ်လမ်းမို့သာ အရှိန်လျှော့ရသော်လည်း ချောမွတ်လျှက်။ လမ်းဖေါက်ခဲ့သော အင်ဂျင်နီယာများက အကွေ့တွေကိုတွက်ထားတာကွက်တိမို့ မောင်းရတာလည်း အန္တရာယ်မရှိ။ ပြည်နယ်တခုလုံးကို ထင်းရှူးပင်တွေ ဖုံးအုပ်ထားသည့်အလား။
တောင်တန်းကြီးပေါ်မှဆင်းလာပြီးမကြာမီ ညအိပ်တည်းခိုမည့် မက်ဖို့ဒ် ( Medford ) မြို့ကလေးသို့ ရောက်လာသည်။ မိုင်လေးရာနီးပါးတော့ ခရီးတွင်ခဲ့ပြီပဲ။
ဒီမြို့လေးမှာတော့ လည်ပတ်စရာနေရာ များများစားစား မရှိလှပါ။ ဈေးဝယ်စရာ စူပါစင်တာ ( shopping super center ) ကြီးတစ်ခုတော့တွေ့ခဲ့၏။ အပ်မှစ၍စိန်အဆုံး အကုန်အစင် တထိုင်တည်း ဝယ်ပေရော့။ အော်ရီဂွန်ပြည်နယ်က ရောင်းဝယ်ခွန် ( sales tax ) မပေးရသည့် ရှားပါးပြည်နယ်တစ်ခုမို့ shopping ကြိုက်သူ ကိုကိုမမတို့အတွက် နေရာကောင်းတစ်ခုပါပဲ။
ထိုမြို့လေးမှ မနက်စောစော ထွက်ခဲ့ကြရာ မိုင်သုံးရာလောက်ခရီးပေါက်သော် ပေါ့တလန်မြို့ကိုရောက်လေပြီ။ ကိုလံဘီယာမြစ်က မြို့လည်ကိုဖြတ်ပြီးစီးဆင်းနေလေ၏။ မြို့အလှကို မြစ်ဖြတ်ကားလမ်းတံတားပေါ်မှ မြင်တွေ့ရသောမြင်ကွင်းကား အသက်ရှူမှားဖွယ် လှလွန်းပေစွ။
မြို့ထဲသို့ မဝင်သေးပဲ ရေတံခွန်ရှိရာသို့ ခရီးဆက်သော် မြို့ကိုကျော်သည်နှင့် လမ်းမကြီးဘေးမှာ ကိုလံဘီယာမြစ်က အပြိုင်စီးဆင်းနေသည်ကို တွေ့ရမည်။ အလွန်လှသော ရှုခင်းကို ငေးရင်း ရှေ့ကားကို သွားမတိုက်မိအောင် အတော်သတိထားရပေမည်။
ရေတံခွန်ရှိရာ မရောက်မှီ ခြောက်မိုင်ကွာလောက်တွင် သတိပေးစာများကို တွေ့ရလေပြီ။ " ရေတံခွန်ရှိရာအဝေးပြေးလမ်း ထွက်ပေါက်ဖြစ်သည့် Exit 31 ကို car parking ပြည့်နေပါသဖြင့် ပိတ်လိုက်ပါပြီ။ Exit 25 မှာထွက်၍ အခမဲ့လွန်းပြန်ဘတ်စကားများနှင့် ကြွကြပါ။ " ဟူသတတ်။
အဝေးပြေးလမ်းမဘေး ဆိုင်းပုဒ်မှ ညွှန်ကြားချက်ကိုနာခံပြီး Exit25 မှ ထွက်လိုက်သော် ကြက်ဖကြီး၏ကျောက်တုံး အမည်ရှိ ပြည်နယ်အပန်းဖြေ စခန်း ( Rooster Rock State Park ) သို့ တန်းဝင်သွားလေသည်။ လူဝင်ခ မပေးရသော်လည်း ကားတစ်စီးလျှင် ငါးဒေါ်လာမျှသော မများလှသည့် ကားရပ်နားခကိုတော့ ပေးဆောင်ရပေမည်။
ကိုလံဘီယာမြစ်ကမ်းရှိ ဒီအပန်းဖြေစခန်းကလည်း အတော်ကြီး၏။ ကားရပ်နားရန်နေရာတွေက မနည်းလှ။ အပန်းဖြေရန် ဇရပ်ငယ်လေးတွေ၊ စားပွဲထိုင်ခုံတွေလည်း အများကြီးပါ။ ထင်းရူးပင်တွေ တောင်တန်းတွေ မြစ်တွေနဲ့အတော်မြင်ကွင်းလှသော စခန်းတစ်ခုပင်။
သူတို့စီစဉ်ပေးသော ရေတံခွန်သွားဘတ်စကားကြီးများက ဝိုင်ဖိုင် ( wifi ) ရသည့် ကားသစ်ကြီးများဖြစ်သောကြောင့် ဆဲလ်ဖီဆွဲပြီးချက်ခြင်းတင်လိုသူ ပျိုမေတို့အတွက် အဆင်သင့်ပေစွ။
ရေတံခွန်ကြီး၏ ကားရပ်စခန်း ( Parking log) မှ ရေတံခွန်ရှိရာသို့ အနည်းငယ်မျှသာ လမ်းလျှောက်ရပါသည်။ မြင့်မားလှသော ရေတံခွန်ကြီးမှာ မြင်သူငေးဖွယ် လှလွန်းပါသော သဘာဝ၏ ဆုလာဘ်ကြီးပါပေ။
ဒီရေတံခွန်၏ ထူးခြားချက်မှာ ရေတံခွန်ထိပ်ဖျားရှိရာတောင်ထိပ်အထိ တက်နိုင်စေရန် လမ်းကြောင်း လုပ်ပေးထားခြင်းဖြစ်သည်။ ရေတံခွန်ကိုအနားကပ်ကြည့်နိုင်သည့်တံတားအထိ ၀.၂၂ မိုင်၊ ရေတံခွန်ထိပ်အထိ ၁.၆ မိုင် စသည်ဖြင့်လမ်းညွှန်ဆိုင်းပုဒ်လေးတွေအစီအရီ။ ( ရေတံခွန်အများအပြားရှိသော်လည်း တောင်ထိပ်အထိ တက်၍ရသော ရေတံခွန် အနည်းငယ်သာ ရှိပါ၏။ )
ရေတံခွန်ထိပ်ဖျားထိ တက်ရောက်လိုပါက သင့်တော်သော တောင်တက်ဖိနပ်၊ အဝတ်အထည်၊ ရေဘူး စသည်တို့ပြင်ဆင်သွားဖို့လိုပါမည်။ တက်နေကြသည့် လူအများအပြားထဲတွင် ကလေးငယ်လေးတွေအများအပြားလည်း တွေ့ရပါ၏။ တဖက်ရှိ ချောက်ကမ်းပါးထဲ မကျသွားစေဖို့ မိဘများက သတိပေးသည်ကလွဲလို့ မိဘလက်ဆွဲပြီး တက်ကြသည်မဟုတ်။ သူတို့ဟာသူတို လွတ်လပ်စွာတက်နေကြခြင်းဖြစ်သည်။
ဒီလိုမြင်ရတော့ အရှေ့နှင့်အနောက်ကွာခြားမှုကို ပြေးမြင်မိ၏။ အရှေ့တိုင်းသားတွေက ကိုယ့်ကလေးအတွက် အစစ အဆင်ပြေရေး သင်ပြပေး ဆွဲခေါ်လုပ်နေကြသော်လည်း အနောက်တိုင်းကလေးတွေက ကိုယ့်ကိုယ်ကို အားကိုးတက်နေကြသည်။
တောင်ထိပ်မှ ရှုခင်းများက လှပသည့်အပြင် ရေတံခွန်ထိပ်ဖျား ရေဆင်းနေရာနားအထိ သွားလို့ရ ရေခဲရေတမျှအေးမြလှသောရေကို ထိခွင့်ရပါသောကြောင့် ပင်ပန်းစွာတက်ရသော်လည်း တက်ရကျိုးနပ်သည်ဟု ပြောပြကြ၏။ ကျွန်တော်ကတော့ မတက်နိုင်ဟု ဆုံးဖြတ်ကာ ၀.၅ မိုင်အထိပဲတက်ခဲ့ပြီး ပြန်ဆင်းခဲ့ပါသည်။
ပတ်ဝန်းကျင်ရှုခင်းအလှအပများကို ခံစားပြီးပါက သစ်တောရဲများ ( park rangers ) ဖွင့်ထားသည့် ရံပုံငွေရှာဖွေသော ရေခဲမုန့်နှင့် အဆာပြေဆိုင်လေးမှာ အားပေးလို့ရသည်။ ပြခန်းလေးမှာ ဝင်ကြည့်လို့ရသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်မှာ ဝင်စားလို့ရသည်။ အပေါ်ထပ်ရှိ စားသောက်ဆိုင်မှာလည်း စားသောက်နိုင်ပါသေးသည်။
ဤရေတံခွန်ရှိရာသို့ လာလည်လိုသူများအတွက်အကြံပေးရမည်ဆိုပါက စောစောရောက်လျှင် ကားရပ်ရန်စိတ်ချရပြီး စောစောမရောက်နိုင်ပါက သူတို့စီစဉ်ပေးသော အခမဲ့ဘတ်စကားများနှင့် လာကြရန်၊ တောင်တက်နိုင်သူများအတွက် လိုအပ်သည်များ ပြင်ဆင်လာကြရန်၊ ကင်မရာကောင်းကောင်းယူခဲ့ရန်တို့ပင် ဖြစ်၏။ မိမိ၏ ခရီးစဉ်အမှတ်တရကို ကင်မရာကောင်းကောင်းဖြင့်မှတ်တမ်းတင်ထားပါက အမြဲအမှတ်တရ ပြန်ကြည့်နိုငိပါလိမ့်မည်။
ရေတံခွန်အနီးရှိ ပို့တလန်မြို့ကိုလည်း အချိန်ပိုပါက ဝင်ရောက်လည်ပတ်နိုင်ပါသေးသည်။ မိုးပျံရထားတွဲ ( Portland Aerial Tram / Gondola lift ) တွဲများပေါ်ကနေပြီး မြို့အလှကို တဝကြီးခံစားနိုင်ပါ၏။
ခရီးစဉ်မှအပြန် တွေးမိ၏။ ဒီရေတံခွန်က ကျွန်တော်တို့မြန်မာပြည်မှ ဓါတ်တော်ချိုင့် ရေတံခွန်နှင့် ခပ်ဆင်ဆင်။ ရေတံခွန်အသစ်တွေလည်း အများကြီး တွေ့ရှိနေသည်။ ဒီလိုရေတံခွန်များသို့သွားရာ လမ်းကို ချဲ့၊ ကားရပ်နားစခန်းဖေါ်ထုတ်၊ တောင်တက်ရန်အတွက် လမ်းကြောင်းများ ( hiking trails) တွေဖေါက်ပေး၊ ညအိပ် စခန်းချနိုင်ရန် ( Camping grounded) တည်ထောင်၍ ဆက်ဆံရေးကောင်းကောင်း ( Good custom service ) တွေပေးနိုင်ပါက နိုင်ငံခြားသားများကိုသာမကပဲ ပြည်တွင်းခရီးသွားများကိုပါ ဆွဲဆောင်နိုင်သည့် မြို့ပြအခြေစိုက် ခရီးသွားလုပ်ငန်းလေးတွေ ဖြစ်တည်လာကြမည်။ ဌာနေလူအများအပြားအတွက် အလုပ်ဖန်တည်းမှု ( local jobs creation ) တွေ ပေါ်ပေါက်လာကြမည်။
SME ခေါ် အသေးစားအလတ်စား လုပ်ငန်းလေးတွေ မြို့နယ်အနှံ့ ပေါ်ပေါက်လာရန် အရေးပါသလိုပင် ဌာနေအခြေစိုက် ခရီးသွားလုပ်ငန်းများ ( local based travel industries) လည်း ဖွံ့ဖြိုးလာဖို့ အရေးကြီးသည်မဟုတ်လား။ ဒါကိုတော့ နိုင်ငံတော်အဆင့်မှ အကောင်အထည်ဖေါ်ပေးမှသာ ဖြစ်နိုင်ပါလိမ့်မည်။
ကိုလံဘီယာမြစ်တလျှောက်မှ သစ်တောတွေနှင့် သဘာဝအလှကို ခံစားနိုင်ခြင်း၊ ရေတံခွန်မှ ရေများကလည်း ဒီမြစ်ထဲသို့သာ စီးဝင်ခြင်း တို့ကြောင့် ဒီခရီးစဉ်ကို ကိုလံဘီယာမြစ်မှအပြန် ခရီးအဖြစ်အမည်ပေးမိပါကြောင်း။

မျဉ်းပြိုင်များ
မျဉ်းပြိုင်များ
မျဉ်းပြိုင်တွေဟာ
ဘယ်တော့မှ ဆုံမှတ်မရှိ။
ဟိုးအဝေးတနေရာက
မိုးကုတ်စက်ဝိုင်းမှာ
မဆုံနိုင်ဘူးလား။
ကမ္ဘာက လုံးတယ်
ခုံးသွားတဲ့မျဉ်းပြိုင်
ဆုံချင်လည်း ဆုံနိုင်တာပဲ။
ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ ဆုံမှတ်အတွက်
မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ
နေရာဦးထားကြစို့ရဲ့
အလို...
မိုးကုတ်စက်ဝိုင်းမှာတောင်
နေရောင်နည်းနေပါပေါ့လား။ ။
မျဉ်းပြိုင်တွေဟာ
ဘယ်တော့မှ ဆုံမှတ်မရှိ။
ဟိုးအဝေးတနေရာက
မိုးကုတ်စက်ဝိုင်းမှာ
မဆုံနိုင်ဘူးလား။
ကမ္ဘာက လုံးတယ်
ခုံးသွားတဲ့မျဉ်းပြိုင်
ဆုံချင်လည်း ဆုံနိုင်တာပဲ။
ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ ဆုံမှတ်အတွက်
မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ
နေရာဦးထားကြစို့ရဲ့
အလို...
မိုးကုတ်စက်ဝိုင်းမှာတောင်
နေရောင်နည်းနေပါပေါ့လား။ ။
Subscribe to:
Posts (Atom)