Monday, September 18, 2017

ရခိုင်ဒုက္ခ ကူညီကြ

ရခိုင်ဒုက္ခ ကူညီကြ။

မြန်မာပြည်ကား ဒုက္ခတွေနှင့် ကခုန်နေသော နိုင်ငံတစ်ခုဖြစ်၏။ ထိုထို ဒုက္ခများစွာတွင် ရခိုင်အရေးကလည်း အပါအဝင်။

ရခိုင်တို့ကား ရှေးမြန်မာစကားကိုပြောဆိုသော မြန်မာမျိုးကွဲတစ်ခုဖြစ်သည်။ တစ်ချိန်အခါက ကိုယ့်မင်းကိုယ့်ချင်း နေခဲ့ကြဖူးသည်။ မြန်မာတွေနှင့်အပြန်အလှန် စစ်ပွဲတွေဖြစ်ခဲ့ဖူးသည်။ ဧကရာဇ်နိုင်ငံငယ်တို့၏ ထုံးစံအတိုင်း အင်အားနည်းချိန်မှာ အရှုံးနှင့်ရင်ဆိုင်ကာ မြန်မာလက်အောက် ရောက်သွားခဲ့၏။ ထိုအချိန်မှစ၍ တိုင်းရင်းသားလူမျိုးတစ်ခုအနေဖြင့် ရှိနေခဲ့သည်။

အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်က အိန္ဒိယဘုရင်ခံအုပ်ချုပ်သည့် ပြည်နယ်တစ်ခုအဖြစ်ရောက်ရှိခဲ့ပြန်ရာ ရခိုင်လည်း ထိုနည်းလည်းကောင်း အိန္ဒိယနိုင်ငံအောက်သို့ ရောက်သွားခဲ့သည်။ ဘင်္ဂလားနှင့် နယ်နမိတ်ချင်း ထိစပ်နေရကား လူဦးရေ ထူထပ်လှသော အိန္ဒိယ ဘင်္ဂလားပြည်နယ်( ဘင်္ဂလားဒေ့ခ်ျ မဖြစ်သေး။ ) မှ ဘင်ဂါလီများ၏ တံခါးမရှိ ဓါးမရှိ ဝင်ရောက်ရာ ဒေသဖြစ်ခဲ့ရ၏။

ဒုတိယကမ္ဘာစစ်အစ ဂျပန်အဝင်တွင် ထိုဒေသမှ ဆုတ်ခွာခဲ့သည့် အင်္ဂလိပ်တပ်က ဘင်ဂါလီတွေကို လက်နက်တပ်ပေးပြီး ကြားခံနယ်အဖြစ်ထားရစ်ခဲ့သည်။ မြန်မာနှင့်ရခိုင်တွေက အင်္ဂလိပ်ကို ဆန့်ကျင်သူများမို့ မယုံရ။

ထိုဖြစ်ရပ်မှာ ကိုယ်ပိုင်နယ်ထူထောင်လိုသူ ဘင်ဂါလီများအတွက် ကြီးစွာသောအခွင့်အရေးပင်။ ဘင်ဂါလီတွေမှာ ရခိုင်ဒေသခံများထံတွင် လယ်ကူလီဘဝဖြင့် အနှိမ်ခံနေကြရသူတွေလည်းဖြစ်ပြီး ဘာသာလူမျိုးမတူ။ ယခုတော့ အင်္ဂလိပ်တွေထွက်သွားပြီ။ လက်နက်တွေလည်း ရပြီ။ ဤသို့ဖြင့် နယ်ခံရခိုင်များကို ထိုဘင်ဂါလီလက်နက်ကိုင်များက အလုံးအရင်းဖြင့် လုယက်၊ တိုက်ခိုက်သတ်ဖြတ်ခဲ့ရာ ရခိုင်စုစုပေါင်း ငါးသောင်းကျော်မျှ အသတ်ခံခဲ့ရသည်ဟုဆို၏။ ရခိုင်တွေထွက်ပြေးတော့ သူတို့တွေဝင်ပြီး နေရာယူရာမှ ရခိုင်မြောက်ပိုင်းမှာ သူတို့တွေချည်း ဖြစ်ကုန်ပြီ။

အင်္ဂလိပ်တွေ မွှေးပေးခဲ့သောမီးက အစိုးရအဆက်ဆက် မငြိမ်းနိုင်တော့။  ရခိုင် ဘင်ဂါလီ အမုန်းမီးတွေ လောင်မြိုက်ခဲ့ပြီ။

ပြသနာက မရှင်းနိုင်တော့ပဲ အစိုးရအဆက်ဆက် စစ်ဆင်ရေးတွေလုပ်လိုက်၊ ပြန်လက်ခံလိုက်နှင့် လုံးခြာလည်။ ပြည်နယ်တစ်ခုလုံး၏ သုံးပုံတစ်ပုံ၊ ရခိုင်မြောက်ပိုင်း၏ ကိုးဆယ်ရာနှုန်းမျှအထိ ရှိနေပြီဖြစ်သော ဘင်ဂါလီများကိုလည်း ရိုဟင်ဂျာ( ဘင်ဂါလီဘာသာဖြင့် ရခိုင်ဒေသခံများ) တိုင်းရင်းသားဖြစ်ရေး လှုံ့ဆော်ပေးသူ ထောက်ပံ့သူ၊ သင်တန်းပေးသူတွေက တပုံတပင်။ ပညာအားနည်းသည့်အပြင် ဘာသာရေးမှိုင်းတွေပါ ရိုက်သွင်းခံနေရသူတွေများလာတော့ မှိုင်းတွေဝပြီး အစွန်းရောက်သူတွေ များလာတော့၏။

ကျောင်းတော်က ရန်စကို မီးပြောင်းမှုတ်ပြီး အဓိကရုဏ်းကြီးဖြစ်အောင်အထိ လှုံ့ဆော်ခဲ့သူများကတော့ အရင်အစိုးရပါဟု ပြောပါက လွန်အံ့မထင်ပါ။ ရခိုင်တွင် လူသတ်မှု၊ မဒိန်းမှုဖြစ်သည်။ ကျူးလွန်သူ သုံးဦးကိုလည်း မိသည်။ တရားရေးစနစ်ဖြင့် အရေးယူသည်အထိ မစောင့်နိုင်ပဲ အစိုးရလက်ပါးစေ စွမ်းအားရှင်တွေလွှတ်ပေးခဲ့သည်။  ထိုအမှုနှင့် မည်သို့မျှမပတ်သက်သော ဗလီဆရာဆယ်ဦးကို သတ်ပြီး လူမဆန်သည့်လုပ်ရပ်ကို အွန်လိုင်းမီဒီယာမှာဖြန့်တော့ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်တော့သည်။ မဆီမဆိုင်နှင့် ကြားညှပ်ပြီးခံရသူတွေမနည်း။ သေကြရတော့ မြန်မာပြည်သားတွေချည်းပေါ့။

ရခိုင်နှင့်မြန်မာ၏ ရှေးရန်စကလည်းမသေးလှ။ မဟာမုနိကြီးကို မန်းလေးသို့ ပင့်သွားသောကိစ္စအပါအဝင် ရခိုင်ဘုရင်ခေတ် ပျက်သုံးခဲ့ရသောကိစ္စတွေကို ရှေးရိုးစွဲရခိုင်အချို့က အစာမကြေကြသေး။ AA ပေါ်လာတော့ မြန်မာတပ်ထွက်သွားဘာညာ ဖြစ်ကြသေး၏။ သုံးပွင့်ဆိုင် သပွတ်အူ။

မည်သို့ဖြစ်စေ လက်သည်းဆိတ်က လက်ထိပ်နာကြမြဲမို့ ရခိုင်တွေခံရပြီဆိုလျှင် မြန်မာတွေက မခံနိုင်ကြပါ။ ညီအကိုတွေ ကိုယ့်ဟာကို ရန်ဖြစ်ကြတာ ကိစ္စမရှိ။ ဒီကိစ္စက အကြမ်းဖက်မှူသက်သက်။

အေးချမ်းစွာနေလိုသော ဘင်ဂါလီများလည်း ရှိကြမည်။ သို့သော်လည်း အကြမ်းဖက်သမားများကြောင့် သူတို့လည်းကြောက်လန့်ပြီး တဖက်နိုင်ငံသို့ ပြေးကြလေပြီ။ ထိုနိုင်ငံတွင် နိုင်ငံတကာအကူအညီအပြည့်။ မိုးလုံးပြည့်မုသာဝါဒတွေကလည်း ကမ္ဘာပတ်နေတော့ သူတို့တွေအတွက် ပူစရာမရှိနိုင်။

ပြည်တွင်းရှိဒေသခံတွေမှာသာ ဒုက္ခပတ်လည်ရိုက်နေကြပြီ။ ရခိုင်အပြင် ဟိန္နူဘာသာဝင်တွေ၊ မြိုတွေ၊ သက်တွေပါ ပြေးကြရသည်။ တောရွာတွေမှာပိတ်မိနေသူတွေကို တခေါက်လျှင်ငါးယောက်သာဆန့်သော တပ်ရဟတ်ယဉ်ဖြင့် ကယ်ထုတ်နေရသည့်အခြေအနေ။ စစ်တွေတမြို့ထဲတွင် ဒေသခံဒုက္ခသည်တွေ သုံးသောင်းကျော်ပြီဟုကြားသိရသည်။

မောင်တော၊ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာကြသူများ၊ စစ်တွေရောက် ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီဆိုသည်မှာ မျှော်လင့်စရာမရှိလှ။ မြန်မာပြည်အနှံ့က လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်ဆယ်ရေးအကူအညီများ၊ နိုင်ငံတော် ထောက်ပံ့မှုများကိုသာ မှီခိုနေရသည့်အခြေအနေ။

မောင်လူပေတို့လို နိုင်ငံခြားတွင် ခေတ္တနေထိုင်ကြသူများလည်း သတင်းစုံကြောင့် စိတ်မချမ်းသာကြ။ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ ဒုက္ခပေါင်းစုံဘေး၊ ဘေးပေါင်းစုံဖြစ်တိုင်းလည်း ဈေးရောင်းပွဲတွေလုပ်ကြပြီး ရသမျှလှူနေကြ။

ယခုလာမည့် တနင်္ဂနွေနေ့တွင်လည်း ရခိုင်ဘေးကူညီရေးအတွက် ဈေးရောင်းပွဲကို ဆန်ဖရန်စစ္စကိုရောက် မြန်မာတိုင်းရင်းသားတွေစုပေါင်းပြီး ကျင်းပကြပါမည်။ နယူးဝါခ့်မြို့ရှိ ဆွစ်ပတ်တွင်ဖြစ်၏။ ရသမျှကို အကုန်လှူကြမည်ဖြစ်သည့် ထိုရန်ပုံငွေပွဲကို ဆန်ဖရန်ဧရိယာတဝိုက်ရှိ မြန်မာအပေါင်းကလည်း စည်ကားစွာအားပေးကြမည်ဟု မျှော်လင့်မိပါသည်။

မြန်မာပြည်သားအပေါင်း ဘေးကင်းရန်ကွာ ချမ်းသာလာမည့်နေ့ရောက်လာလျှင်တော့ မောင်လူပေတို့တတွေ ရံပုံငွေရှာဖွေပွဲတွေ လုပ်နေရခြင်းများ နည်းပါးလာမည်ဖြစ်ပါသည်။ ထိုနေ့ကိုသာအမြန်ရောက်ပါစေဟုသာ ဆုတောင်းလျှက်။

ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment