Monday, September 18, 2017

အားလည်းနာတယ်(၆)

အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၆)

အမျိုးတွေဖြစ်တဲ့ ရခိုင်တို့အကြောင်း

မရေးတော့ဘူးလို့ပဲ။ သူငယ်ချင်းစက်ချုပ်က မရေးဘူးလားလို့ ချက်ဘောက်က မေးလာတာနဲ့ ရေးချင်စိတ်ပြန်ဖြစ်လာလို့ ရေးပြီဗျာ။

အမျိုးတို့ရေ။ ရခိုင်မြေကဆူညံပူညံအသံတွေက ကမ္ဘာအနှံ့ရောက်ပြီး ကုလအထိခြေဆန့်လို့ပါလား။ ကိုယ့်အမျိုးတွေက ဒီပလိုမေစီတို့ လော်ဘီတို့ဆိုတာ ခုမှမူကြိုအဆင့်နဲ့လုပ်နေတုန်းရယ်။ ဟိုဖက်က လုပ်နေတာကြာပေါ့။ သူတို့တွေရင်းထားတာတွေကလည်း ဘွဲ့လွန်အဆင့်တောင်မကတော့ဘူး။ ဒါကြောင့်ထစ်ကနဲဆိုရင် ဘယ်သူလွန်လွန် ငပွကြီးပဲ ဖြစ်နေတော့တာ။

အမျိုးတွေဖြစ်တဲ့ရခိုင်တွေဆိုတာ မောင်လူပေတို့နဲ့မစိမ်းပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာမျိုးကွဲတစ်ခုမဟုတ်လား။ သူတို့က ရှေးဟောင်းမြန်မာကြီးတွေရဲ့ စကားတွေ အသံတွေအတိုင်းပြောကြတယ်။ ကိုယ်တွေရဲ့စကားတွေက ခေတ်နဲ့လိုက်ပြောင်းနေတယ်။ တိဘက်တိုဘားမင်းစကားပြောအုပ်စုထဲက မြန်မာအုပ်စုတစ်ခုပေါ့။ မြန်မာအများစုက ဧရာဝတီလွင်ပြင်ကို ဆင်းသွားချိန်မှာ ဒီအုပ်စုက ရခိုင်ကမ်းမြှောင်ကို ဆယ်ရာစုလောက်မှာဆင်းလာပြီး အခြေချနေကြတယ်လို့ သမိုင်းပညာရှင်တွေက လက်ခံကြတယ်။

ရခိုင်သမိုင်းအရကတော့ ဒီထက်စောပါသတဲ့။ ရခိုင်ပြည်ကို ခရစ်တော်မပေါ်မှီ နှစ်သုံးထောင်ကျော်(3325 BC)ထဲက တည်ခဲ့တာပါတဲ့။

ရခိုင်ပြည်ကို လေးကြိမ်တည်ခဲ့ကြရတယ်။ အေဒီလေးရာစုအထိ ဓညဝတီအဖြစ်တည်ရှိခဲ့တယ်။ အေဒီကိုးရာစုအထိက ဝေသာလီပြည်။ အေဒီဆယ့်ငါးရာစုအထိက လေးမြို့။ နောက်ဆုံးဖြစ်တဲ့ မြောက်ဦးကိုတော့ အေဒီဆယ့်ငါးရာစုရဲ့အစပိုင်း ၁၄၃၁ခုနှစ်ကနေ ကုန်းဘောင်မင်းဆက်ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ဘိုးတော်ဘုရားရဲ့သားတော်အိမ်ရှေ့မင်းက သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ခုနှစ် ဆယ့်ရှစ်ရာစုထိ တည်တံ့ခဲ့တဲ့ မင်းနေပြည်တစ်ခုပါတဲ့။

ပထမသုံးမြို့ဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့တို့ရဲ့ မြို့ကွက်ဟောင်းတွေကို ယနေ့တိုင် တွေ့နိုင်သေးတယ်။ ကုလားတန်မြစ်နဲ့လေးမြို့မြစ်ရဲ့ကြားမှာ ရှိကြတယ်။ သက္ကရာဇ်တွေပြောကြတဲ့အခါမှသာ အငြင်းပွားကြတာပါ။ မောင်လူပေက တွေ့သမျှရေးပြနေတာ။ ငြင်းခုန်မဲ့အထဲမပါ။

နောက်ဆုံးတည်ခဲ့တဲ့မြောက်ဦးဟာ ရခိုင်သမိုင်းမှာ အင်အားအတောင့်ဆုံးနဲ့ နယ်မြေအင်အားအများဆုံးပါပဲ။ဒုတိယမြန်မာနိုင်ငံတည် ဘုရင့်နောင်မင်းကြီးက ၁၅၈၁ခုနှစ်မှာ နတ်ရွာစံတော့ သားတော်နန္ဒဘုရင်ဆက်ပြီးဆက်ခံရတယ်။ ဒီဘုရင်က မစွံလှ။ မြန်မာပိုင်ခဲ့တဲ့နယ်တွေဆုံးရှုံးသွားရတာ တစ်ခုပြီးတစ်ခု။ နောက်ဆုံးတော့ ၁၅၉၉ မှာ ဟံသာဝတီနေပြည်တော်ကိုရခိုင်မင်းဖြစ်တဲ့ မင်းရာဇာကြီးက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရွှေနန်းတော်ကြီးကို မီးတင်ရှို့ခဲ့တဲ့အထိ ပါပဲ။

ဘုရင့်နောင်က ယိုးဒယားကိုဝင်တိုက်ပြီး ဆင်ဖြူလေးစီး၊ ရတနာအမြောက်အများ၊ လူတွေထောင်သောင်းချီပြီး ဖမ်းဆီးခေါ်လာခဲ့ဖူးတယ်။ ယိုးဒယားကပါလာတဲ့ ဆင်ဖြူကိစ္စကြောင့်ပဲ ရခိုင်က ပဲခူးနန်းတော်ကို ဝင်သိမ်းတယ်လို့ ယူဆကြတယ်။ ရခိုင်ဘုရင်က ဆင်ဖြူရှင်ဘုရင်ဘွဲ့ခံချင်ကြတာတဲ့။ မြန်မာပိုင်ဖြစ်နေတဲ့ ယိုးဒယားဆင်ဖြူကြီးလည်း ရခိုင်ပါသွားရော။ (ခုတော့ရခိုင်ဆင်ဖြူတွေက မြန်မာပြည်ပြန်ရောက်။) စကြာင်္မင်းရဲ့ရတနာခုနှစ်ပါးမှာ ဆင်ဖြူက တစ်ပါးပါတယ်။ စကြာင်္မင်းဖြစ်ချင်တဲ့ရောဂါက ဘုရင်တိုင်းမှာရှိကြတယ်။ ရတနာခုနှစ်ပါးမရှိရင်တောင်မှ တစ်ပါးရလည်းမနည်းပေါ့လေ။ ဒါကြောင့်လည်း မြန်မာပြည်က အဘချုပ်တွေက ဆင်ဖြူရူးရူးခဲ့ကြတာနေမှာ။

ဒီနေရာမှာ စဉ်းစားမိတာလေးရှိရဲ့။ ဆင်ဖြူက စကြာင်္မင်းရဲ့ရတနာခုနှစ်ပါးထဲမှာ ပါတယ်ဆိုပေမဲ့ ဆင်ဖြူလေးကောင်ရှိတဲ့ ယိုးဒယားက မြန်မာတွေတိုက်လို့ပျက်၊ မြန်မာက ရခိုင်တိုက်လို့ပျက်၊ ရခိုင်လည်း မြန်မာပြန်တိုက်လို့ပျက်နဲ့ ပျက်စီးကြတာပဲတွေ့ရတယ်။ စကြာင်္မင်းနဲ့နည်းနည်းမှ မနီးစပ်ခဲ့ကြဘူး။ ဟိန္နူအယူအဆတွေက ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေထဲမှာ အတော်စိမ့်ဝင်နေတာတွေ့ရတော့ ဒီနိုင်ငံတွေဟာ ဗုဒ္ဓဘာသာမဖြစ်ခင်မှာ ဟိန္နူအယူဝါဒတွေ လက်ခံခဲ့ကြတယ်ဆိုတာ ထင်ရှားမနေဘူးလား။

မြောက်ဦးဟာ ဆန်ရေစပါးအလွန်ထွက်လို့ နိုင်ငံခြားကို ဆန်တွေပို့ရတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်လေတော့ ပေါ်တူဂီ၊ဒတ်ခ်ျ၊ ပြင်သစ်ကုန်သည်တွေ ဝင်ထွက်သွားလာခဲ့ရာမြို့တော်ကြီးတစ်ခုမို့ အလွန်စည်ကားနေမှာ တွေးကြည့်ရင် သိသာပါတယ်။

မြောက်ဦးခေတ်ဘုရင်တွေဟာ စစ်တကောင်းနယ်တစ်ခုလုံးကိုပါသိမ်းပိုက်နိုင်ခဲ့တဲ့အထိ တန်ခိုးကြီးခဲ့ကြတာပါ။ မွတ်စလင်နယ်တွေကိုအုပ်ချုပ်ရာမှာ အဆင်ပြေဖို့အတွက် မွတ်စလင်နာမည်နဲ့ဘွဲ့တွေပါခံခဲ့ကြသေးရဲ့။ ယဉ်ကျေးမှုအနုလက်ရာတွေရော ကြေးခေတ်ကိုပါစောစောရောက်ခဲ့တဲ့ရခိုင်သားတွေဟာ ကြေးသွန်းအနုလက်ရာလည်း အလွန်ထူးချွန်ကြတယ်။ မြန်မာတွေမန်းလေးရောက်ရင် မရောက်မဖြစ်သွားဖူးရတဲ့ ဘုရားကြီးလို့ခေါ်ကြတဲ့ မဟာမုနိကြေးသွန်းရုပ်ပွားတော်ကြီး ( မြန်မာတွေက မြတ်တစ်လုံးအပိုထည့်ထား) ကိုကြည့်ရင် သူတို့ရဲ့ကြေးသွန်းပညာကိုခန့်မှန်းနိုင်ပါတယ်။

မဟာမုနိကို ဘုရားရှင်သက်ရှိထင်ရှားရှိချိန်မှာ ဓညဝတီပြည်ကစန္ဒသူရိယမင်း( နေလမင်း ) ဆီကြွလာလို့တည်ခဲ့တာလို့ အစဉ်အဆက်ယုံကြည်ကြတယ်။ အလွန်လည်း တန်ဖိုးထားတယ်။ ဒါကြောင့် စစ်နိုင်သွားတဲ့ မြန်မာတပ်က အောင်ပွဲခံအထိမ်းအမှတ်အနေနဲ့ မန်းလေးဖက်ကိုယူဆောင်သွားတဲ့အခါ ရခိုင်တွေ ရင်ကွဲပက်လက်ဖြစ်ကြရတာပါ။

ယူဆချက်တစ်ခုကတော့ မြောက်ဦးခေတ်ဦးမှာ ဒီဆင်းတုတော်ကို သွန်းခဲ့လို့ ဘုရားကြီးဟာ မြောက်ဦးနဲ့မိုင်နှစ်ဆယ်အကွာမှာတည်ရှိခဲ့တာလို့ ဆိုတယ်။ ကြေးသွန်းလက်ရာဟာ မြောက်ဦးခေတ်ဦးပိုင်းလက်ရာတွေနဲ့ဆင်တူပါသတဲ့။

ဘိုးတော်ဘုရားရဲ့သားတော်အိမ်ရှေ့မင်းသယ်သွားခဲ့တာ မဟာမုနိဘုရားကြီးတစ်ခုတည်းမဟုတ်ပါ။ စစ်နိုင်ဘုရင်တွေထုံးစံအတိုင်း မင်းမျိုးမင်းနွယ်၊ မူးမတ်တွေ၊ရဟန်းတွေ၊ ပညာသည်တွေ ထောင်ချီပြီးဖမ်းခေါ်သွားခဲ့တာ။ ကြေးသွန်းပညာရှင်ရခိုင်တွေမန်းလေးရောက်ပြီး မြန်မာကြေးသွန်းအနုလက်ရာတွေ ပိုမိုတိုးတက်လာမှာကတော့ မေးဖို့မလို။ ဘိုးတော်ဘုရားရဲ့ ကြီးလေးကြီးကုသိုလ်တွေထဲက မင်းကွန်းခေါင်းလောင်းကြီးသွန်းလုပ်ရာမှာလည်း ရခိုင်ကြေးသွန်းပညာရှင်တွေပါခဲ့တယ်လို့ မှတ်သားဖူးတယ်။

ဒီလိုနဲ့ပဲ ဒုတိယမြန်မာနိုင်ငံရဲ့မြို့တော် ဟံသာဝတီနေပြည်တော်ကို ရခိုင်မင်းတွေဖျက်လို့ပျက်ခဲ့ရသလို၊ ရခိုင်ပြည်ရဲ့နောက်ဆုံးမြို့တော်ဖြစ်တဲ့ မြောက်ဦးဟာလည်း မြန်မာတွေဖျက်လို့ ပျက်သုံးသွားပြီး ရခိုင်မင်းဆက်ပြုတ်၊ မြန်မာအောက်ရောက်၊ ၁၈၂၆ ခု အင်္ဂလိပ်မြန်မာပထမစစ်အပြီးမှာ ရန္တပိုစာချုပ်အရ အင်္ဂလိပ်အောက်ရောက်၊ ၁၉၄၈မှာ လွတ်လပ်ရေးရတော့ မြန်မာ့ပြည်နယ်တစ်ခုအဖြစ် အမျိုးတွေ ပြန်ဆုံကြရပြန်ရော။

အခုပြောခဲ့တဲ့အကြောင်းတွေထဲမှာ ရိုဟင်ဂျာအကြောင်းမပါတာ သတိထားမိပါလိမ့်မယ်။ ဘယ်ပါမလဲ။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာ ရှိမှမရှိခဲ့တာ။ အိန္ဒိယပိုင် စစ်တကောင်းနဲ့ဆက်စပ်နေတဲ့ဒီပြည်နယ်ထဲမှာ စစ်တကောင်းသားတချို့ နေခဲ့ကြမှာကတော့ သေချာပါတယ်။ ထောင်ဂဏန်းလောက်တော့ရှိမယ်။ တောင်ပေါ်သားတွေပေါ့။ ရခိုင်ဖြစ်လာမဲ့ရှေးမြန်မာအုပ်စုက အလုံးအရင်းနဲ့ဝင်လာတော့ သူတို့တွေက ရခိုင်ဘုရင်လက်အောက်မှာ အမှုထမ်းတယ်။ နောက်တော့ မန်းလေးရောက်သွားကြပြီး မြန်မာဘုရင်တွေလက်အောက်မှာအမှုထမ်းကြတယ်။ ဒီလူတွေဟာ မူလရခိုင်ပြည်မှာနေတဲ့ နယ်ခံတွေနဲ့ယှဉ်ရင် နည်းနည်းလေးပါ။ သူတို့တွေကို ကမာန်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားတယ်။ မြန်မာပြည်ရဲ့တိုင်းရင်းသားစာရင်းဝင် မွတ်စလင်တွေမို့ သူတို့က မြန်မာမွတ်စလင်လို့ သူတို့ကိုယ်သူတို့ခေါ်ကြပါတယ်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူများပေါ့။

မြန်မာမွတ်စလင်တွေက မြန်မာစိတ်အပြည့်။ မြန်မာ့သမိုင်းမှာလည်း ထင်ရှားတယ်။ မြန်မာပြည်ကိုချစ်ကြတယ်။ ဦးရာဇတ်၊ ဦးရာရှစ်၊ ပထမဆုံးတကသ ဥက္ကဌကိုထွန်းစိန်၊ သမိုင်းပညာရှင်ဗိုလ်မှူးဗရှင်တို့ကစပြီး ဦးကိုနီ၊ ကိုမြအေးတို့အဆုံး အများကြီးပဲ။

မောင်တောဖက်မှာ ပြသနာရှာနေတဲ့ ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ခ်ျကနေဝင်လာကြတဲ့ အထောက်အထားမဲ့ ဘင်္ဂလားလူမျိုးတွေပါပဲ။ ရိုဟင်ဂျာတွေက အာရပ်အနွယ်တွေဆိုပြီး ပြောနေကြတယ်။ သူတို့ရုပ်ရည်တွေကြည့်ရင် အာရပ်လား၊ ဘင်္ဂလားလူမျိုးလားအသိသာကြီးပါ။ အာရပ်တွေကချမ်းသာကြတော့ ငွေချူကောင်းအောင် လုပ်ပြတဲ့သဘောပေါ့။

သမိုင်းပညာရှင်တွေ ဘာသာဗေဒပညာရှင်တွေ လေ့လာချက်တွေအရလည်း ခိုင်လုံတဲ့သမိုင်းအထောက်အထားမတွေ့ရပါလို့ဆိုတယ်။ ပြင်သစ်ပညာရှင် Jacques Leider ကဆိုရင် " ဒီလောက်များတဲ့မွတ်စလင်တွေကိုကြည့်တာနဲ့ သူတို့တွေဟာ ဘင်္ဂလားကနေဝင်လာသူတွေဆိုတာသိသာနေတာပဲ။ ဒီလူတွေရဲ့ ဘိုးဘေးတွေကိုယ်တိုင်လည်း ၁၉၉၀ နှစ်ဆန်းလောက်အထိ ဘဂါင်္လီမဟုတ်ဘူးလို့ မငြင်းခဲ့ကြပါဘူး။ အင်္ဂလိပ်မှတ်တမ်းတွေအရလည်း သိန်းချီပြီး သွင်းလာတဲ့ သူတို့တွေကို စစ်တကောင်းသားတွေလို့ပဲ မှတ်သားထားခဲ့ပါတယ်။ " လို့ ဆိုထားတယ်။

Chris Lewa နဲ့ Andrew Selth တို့ကလည်း " ရိုဟင်ဂျာတွေဟာ တောင်ပိုင်းဘင်္ဂလားနယ်သားတွေပါ။" တဲ့။

Christina Fink လို Anthropologist တွေကိုယ်တိုင်ကလည်း " ရိုဟင်ဂျာဆိုတာ မျိုးနွယ်စုမဟုတ်ပဲ နိုင်ငံရေးကစားကွက်သာဖြစ်တယ်။ " လို့ ရေးထားတာဖတ်ရတယ်။ ပညာရှင်တွေဆိုတာ အထောက်အထားမခိုင်လုံရင် အမှန်လို့မယူဆကြဘူး။ ပုံပြင်တွေပြောပြီး လူသန်းချီ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ချင်ကြတာဟာ အတော်လွဲမှားမှုတစ်ခု၊ နိုင်ငံရေးဘာသာရေး ကစားကွက်တစ်ခုထက်မပိုဘူးလို့ ထင်ပါတယ်။

အိန္ဒိယလက်အောက်အစပိုင်းမှာသောင်းချီ၊ နောက်ပိုင်းမှာသိန်းချီ ရောက်လာကြသူတွေက ခုတော့  သန်းချီနေပြီ။ ရခိုင်ပြည်နယ်ရဲ့သုံးပုံတစ်ပုံ၊ ရခိုင်မြောက်ဖျားရဲ့ ကိုးဆယ်ရာနှုန်းကျော် ရှိနေကြပြီ။ အင်္ဂလိပ်တွေဆုပ်ခွာတဲ့အချိန်မှာ ကိုယ်ပိုင်ပြည်နယ်ပေးမယ်ဆိုပြီး လက်နက်တပ်ပေးခဲ့ ရန်တိုက်ပေးခဲ့တဲ့မီးစကနေ မူဂျာဟစ်သူပုန်တွေဖြစ်လာ။ သူတို့သတ်လို့ ရခိုင်တွေသောင်းချီသေကြ။ မဆလခေတ်မှာ နဂါးမင်းစစ်ဆင်ရေးနဲ့တိုက်ထုတ်။ ဟသာင်္စီမံချက်နဲ့ပြန်လက်ခံခဲ့ရ။ ရိုဟင်ဂျာ အစ္စလာမ်မစ်တပ်ဦးဆိုပြီး ၁၉၇၂လောက်ကနေ သက္ကရာဇ် ၂၀၀၀ လောက်အထိပုန်ကန်။ ခုနောက်ဆုံးပေါ် အာဆာဆိုတဲ့ အဖွဲ့တွေအထိ သောင်းကြမ်းနေကြတုန်း။

အများစုသော ဘဂါင်္လီတွေက အေးချမ်းစွာနေလိုသူတွေပါ။ ဖိနှိပ်မှုတွေ၊ လူတန်းစားခွဲမှုတွေ၊ ကျပ်တည်းမှုတွေ၊ ဘာသာရေးမှိုင်းတွေအောက်မှာ လူတချို့က သောင်းကြမ်းကြတာ။ ဒီဒေသမှာ လူခြောက်သိန်းရှိတော့ ၂%ပဲသောင်းကြမ်းဦးတော့ တစ်သောင်းနှစ်ထောင်ပဲ။ အခုအာဆာလည်း ဒီ၂%ထဲကပေါ့။ သူတို့ကြောင့် ကျန်တဲ့ ၉၈% ဒုက္ခရောက်။ သူတို့နဲ့မပေါင်းရင် အချင်းချင်းလည်း သတ်မှာ။ ဒေသခံတပ်ကိုလည်းကြောက်ရ။ ဒီတော့ တဝက်လောက်က ဘင်္ဂလားကိုပြေးကြရော။

အပြင်လူတွေက ရိုဟင်ဂျာဆိုပြီးမြှောက်ပေးတာကို အဟုတ်ထင်ပြီး သောင်းကြမ်းမှုကြီးဖြစ်တော့ သာမန်ရိုးသားစွာနေလိုကြတဲ့ ဘင်္ဂလားနွယ်ဖွား ဘင်္ဂါလီတွေ၊ ဒေသခံတွေ အားလုံးဒုက္ခရောက်ကြတာကလွဲပြီး ကောင်းမှုဖြစ်လာစရာမမြင်သေး။ မဆလခေတ်တလျှောက်လုံး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေကြောင့် နိုင်ငံသားရသွားခဲ့သူသိန်းချီသော မြန်မာပြည်မထဲမှာ နေထိုင်ကြတဲ့ သူတို့အနွယ်ဝင်တွေကတော့ ရိုးရိုးသားသား အေးချမ်းစွာနေထိုင်စားသောက်နေကြသူတွေအများစုပါ။ စုံးပြူးအနည်းငယ်ရှိပေမဲ့ အချင်းချင်းထိမ်းနိုင်ကြပါတယ်။ မြန်မာတွေကလည်း မြန်မာစုံးပြူးတွေကို ပြန်ထိမ်းပါတယ်။ ဒါကြောင့် ပြည်မမှာ ဒီနေ့အထိ ပြသနာကြီးကြီးမားမား (၂၀၁၂ကလို) မဖြစ်တာပဲလို့ယူဆပါတယ်။

စစ်အစိုးရအဆက်ဆက်ရဲ့ ပြစ်ထားမှုခံခဲ့ရတဲ့ပြည်နယ်မို့ အားလုံးမဟုတ်ရင်တောင် နယ်ခံအများစုက မြန်မာကိုမုန်းကြတယ်။ တကယ်ကတော့ မြန်မာလူမျိုးနဲ့မဆိုင်။ အာဏာရှင် စစ်အစိုးရဆိုတာ သူတို့ကိုထောက်ခံရင် ဘယ်သူမဆိုအခွင့်အရေးရပြီး မထောက်ခံရင် နှိပ်ကွပ်တာပါပဲ။ ပြည်နယ်ပြည်မ မခွဲပါဘူး။ ဒါကြောင့်လည်း အနည်းစုသော အထာနပ်သော စစ်အာဏာရှင်တွေဆီမှာ ဝင်ထွက်တတ်တဲ့ ဘဂါင်္လီတွေက အရမ်းချမ်းသာကြတယ်။ စီးပွားရေးတွေ လက်ဝါးကြီးအုပ်နိုင်တယ်။ ဒါကို ဒေသခံတွေက မကြေနပ်။ ဒီလိုနဲ့ အမုန်းစစ်ပွဲတွေ နွှဲနေကြတာပေါ့။

အန်တီဒေါ်အောင်ဆန်းစုကြည်က နေထိုင်မှုအထောက်အထားတွေပြနိုင်ရင် ပြန်လက်ခံမယ်၊ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ အာမခံထားပြီ။ ကော်မရှင်အသီးသီးလည်းဖွဲ့ပြီးပြီ။ ဒီအခွင့်အရေးကို နှစ်ဖက်လုံးက အမိအရလက်ခံကြဖို့ပဲလိုတော့တယ်။

သုံးပုံတပုံသောလူတွေထဲက အေးချမ်းစွာအတူတကွနေလိုကြတဲ့ဘင်္ဂါလီတွေကို နိုင်ငံသားဥပဒေအရစီစစ်ပြီးခွင့်ပြုမှုကို အမျိုးရခိုင်တွေက လက်ခံဖို့လိုသလို၊ ရိုဟင်ဂျာဆိုတဲ့မဖြစ်နိုင်တဲ့တောင်းဆိုမှုကိုစွန့်ပြီး နိုငိငံသားဖြစ်မှုစီစစ်ရေးကို ပူးပေါင်းပါဝင်ပြီး အေးချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဘဂါင်္လီတွေဖက်ကလည်း လက်ခံဖို့လိုပါတယ်။ နေထိုင်ကြတဲ့နိုင်ငံအစိုးရရဲ့ တည်ဆဲဥပဒေတွေကို နှစ်ဖက်လုံးက လေးစားဖို့လိုပါတယ်။

ဒီလိုမှမဟုတ်ပဲ မြန်မာတပ်ထွက်သွားတို့ ရိုဟင်ဂျာလူမျိုးပဲပေးတို့ ဆက်လုပ်နေကြဦးမယ်ဆိုရင်တော့ အမျိုးတို့ရဲ့ရခိုင်မြေဟာ အေးချမ်းလာဖို့ မမြင်သေးပါဘူးဗျာ။

မြန်မာပြည်သားတွေ အမျိုးတွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( မောရစ်ကောလစ်ရဲ့စာအုပ်ကို ဦးလှဒင်ဘာသာပြန်တဲ့ ရတနာရွှေမြေ၊ အင်တာနက်ပေါ်မှာ ရှာတွေ့သမျှ ပညာရှင်တွေရေးသားချက်တွေကို ခရက်ဒစ်ပေးပါတယ်။)

No comments:

Post a Comment