Monday, September 18, 2017

ကြက်ဒုက္ခ

ကြက်ဒုက္ခ

ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်က ခြင်းထဲကကြက်အကြောင်းရေးဖူးတယ်။

ခြင်းထဲကကြက်တွေဟာ အမြဲတန်း ခြင်းထဲမှာပဲနေရတာမို့ အပြင်ကို လွှတ်ပေးရင်တောင် ဘာမှမလုပ်တတ်တော့လို့ ခြင်းထဲပြန်ဝင်ဖို့ပဲ စဉ်းစားနေတယ်တဲ့။

သူ့မိန်းမနဲ့သားတို့ ခရီးသွားနေချိန်မို့ သူလွတ်လပ်ရေးရနေပေမဲ့ မနေတတ်ကြောင်း မူလခြင်းဖြစ်တဲ့ သူ့မိသားစုခြင်းထဲမှာပဲပျော်ကြောင်း ရေးတဲ့သဘောပါ။

သူ့မိန်းမမရှိပေမဲ့ မဆိုးကြောင်း သူလိမ္မာကြောင်းပြောပြပြီး အာဘွားတွေအများကြီးရဖို့ ချုပ်နည်းတမျိုး။

သူရေးတာဖတ်ပြီး ကျွန်တော် စဉ်းစာမိတာက တမျိုးပါ။

ကြက်တွေ ငှက်တွေသာမကပဲ လူတွေလည်း ကြက်ဒုက္ခ ရှိပါတယ်။

အမေရိကားမှာ ပြည်တွင်းစစ်ကြီးပြီးတော့ သမ္မတလင်ကွန်းက ကျွန်တွေကို လွတ်လပ်ခွင့်ပေးခဲ့တယ်။ သခင်ပြောသမျှလက်ခံ၊ ပေးသမျှယူ၊ ကျွေးသမျှစားနဲ့ တသက်လုံးပဲ ထားရာနေ စေရာသွားခဲ့တဲ့ကျွန်တွေ လွတ်လပ်ခဲ့ပြီပေါ့။

 ပထမတော့ အများစုကျွန်တွေက ပျော်ကြပါသတဲ့။ လွတ်လပ်ရေးရပြီ၊ လွတ်လပ်ရေးအရသာ ခံစားမယ်ပေါ့လေ။ သခင့်ခြံထဲက ထွက်လာခဲ့ကြတယ်။ အနည်းစုသောကျွန်တချို့ကတော့ နေစရာမရှိ၊ စားစရာမရှိနဲ့ ဒုက္ခတွေ့မှာကြောက်လို့ လွတ်လပ်ခွင့်ရပေမဲ့ သခင့်ဆီမှာပဲ ကိုယ့်သဘောနဲ့ကိုယ် နေခဲ့ကြပါသတဲ့။

 ယောက်ျားကျွန်တွေကို လယ်ထဲမှာပဲ  နေ့တိုင်းခိုင်းခဲ့တာမို့ ဒီလူတွေဟာ လယ်တောကလွဲရင် ဘာမှမသိဘူး။ အမျိုးသမီးတွေကိုလည်း အိမ်ဖေါ်အလုပ်ပဲ ခိုင်းခဲ့တာမို့ မိန်းမတွေက အိမ်ဖေါ်အလုပ်ကလွဲပြီး ဘာမှ မလုပ်တတ်ဘူး။ သီချင်းဆိုတတ်သူ၊ ဂီတနားလည်သူ အနည်းစုလေးကလည်း သခင်တွေရဲ့ပါတီပွဲမှာ သခင်တွေကနိုင်အောင် ဆိုနိုင်အောင် ဖျော်ဖြေဖူးတာကလွဲရင် အပြင်လောကကိုမသိကြဘူး။

သခင်တွေရဲ့ခြင်းတောင်းထဲက ခေါက်ရိုးကျိုးနေတဲ့ ဒီလူတွေ ခြင်းရဲ့အပြင်ကိုရာက်တော့ ဒုက္ခတွေ ပတ်လည်ရိုက်ပါတော့တယ်။ အလုပ်လုပ် လို့ ရတဲ့ လစာက အိမ်ငှားခ၊ အစားအစာဖိုး၊ အဝတ်ဖိုးစတဲ့အထွေထွေကုန်ကျစားရိတ်တွေနဲ့မကာမိ။ ငွေကြေးကို စာရင်းအင်းနဲ့ သုံးတတ်စွဲတတ် စုတတ်ဆောင်းတတ်တဲ့ ပညာမတတ်ကြတော့ ရှိရင်အကုန်သုံး၊ မရှိရင် ချေးငှားသုံးနဲ့ အကြွေးတွေပတ်လည်ရိုက်။ ဒီလိုနဲ့ အများစုသောကျွန်တွေဟာ မူလနေခဲ့ရာ ခြင်းတောင်းဖြစ်တဲ့သခင်တွေရဲ့လယ်တောအိမ်ထဲကိုပဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်ကုန်ကြပါသတဲ့။

ဒီလိုဒုက္ခပင်လည်ဝေနေတဲ့ ကျွန်တွေအတွက် အစိုးရကပဲဦးစီးပြီး ထောက်ပံ့ကြေးတွေပေးရ၊ နေစရာတွေဖန်တည်းပေးရ၊ ဆေးကုသပေးရ၊ သက်ကြီးပင်စင်တွေပေးရနဲ့ လူမှုဖူလုံရေးတွေ ဆောင်ရွက်ပေးခဲ့ရတယ်လို့ မှတ်သားဖူးတယ်။

အာဏာရှင်တွေလက်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ ပြည်သူတွေလည်း ဒီလိုပါပဲ။ အာဏာရှင်တွေ ပေးသမျှနဲ့ အသက်ရှင်ခဲ့ကြရတယ်။ အခွင့်အရေးများများရသူအနည်းစုနဲ့ အခွင့်အရေးမရသူ အများစုပဲ ကွာမယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ကြိုးစားနေဆဲ ဒီအချိန်ဟာ ခြင်းထဲကကြက်တွေလို အုပ်ပြီးချုပ်ထားတဲ့ပြည်သူတွေကို ခြင်းရဲ့အပြင် လွှတ်ပေးလိုက်စ အချိန်နဲ့တူမယ်ထင်တယ်။

တသက်လုံးလိုလို အာဏာရှင်တွေ ပေးကမ်းသမျှအခွင့်အရေးလေးတွေနဲ့ကြီးပွားခဲ့သူတွေ အနည်းစုက  ခြင်းအပြင်ရောက်တော့ မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခတွေ့ကြပြီလေ။ သူတို့အတွက်က အာဏာရှင်ရဲ့ခြင်းထဲမှာ နေရတာ ပိုအဆင်ပြေတယ်၊ ဒါကြောင့် အာဏာရှင်ရဲ့ခြင်းထဲပြန်ဝင်ဖို့ အချိန်ကောင်းကို  စောင့်နေကြလေရဲ့။

အမျိုးသားရေးနဲ့သွေးထိုးလိုက်၊ လူမျိုးရေးနဲ့သွေးထိုးလိုက်နဲ့ ခြင်းထဲပြန်ဝင်ဖို့ ကြိုးစားနေကြတဲ့ ကြက်ဒုက္ခသည်တွေရဲ့စကားကို ပြည်သူအများစုက နားမယောင်မိဖို့ အရမ်းအရေးကြီးနေပြီ။ တတိယအင်အားစုတစ်ခု ပီပီပြင်ပြင် မပေါ်လာသေးခင် ဒီအချိန်မှာတာ့ လက်ရှိအစိုးရကိုပဲ အားပေးကြဖို့လိုပါမယ်။ ဒီအင်အားစုပေါ်လာရင်တော့ ဘယ်သူသာမယ်ဆိုတာ ပြည်သူတွေက ဆုံးဖြတ်ကြမှာပဲ။

အာဏာရှင်ဟောင်းတွေရဲ့ ခြင်းထဲကို ကြက်ဒုက္ခသည်တွေနဲ့အတူ ပြန်ဝင်ကြမယ်ဆိုရင်တော့ ...... ။

မြန်မာပြည်သူပြည်သား ညီအကိုမောင်နှမ သူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment