အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၇)
မွန်သူရဲကောင်းအမျိုးတစ်ယောက်
အမျိုးတွေအကြောင်းရေးနေရင်း သတိရမိတဲ့အမျိုးတစ်ယောက်ရှိသဗျ။ မြန်မာရာဇဝင်ထဲမှာ ရှားရှားပါးပါးသူရဲကောင်းတစ်ယောက်ပါ။ မွန်လူမျိုးဖြစ်ပေမဲ့ မြန်မာတစ်ယောက်အနေနဲ့ ကိုယ်စားပြုပြီး မြန်မာပြည်ကို တရုတ်တပ်ကြီးလက်ထဲက ကယ်တင်ခဲ့တဲ့သူ။ သူ့နာမည်ကလည်း ခပ်ဆန်းဆန်း 'သမိန်ဗရမ်း' တဲ့။
အမျိုးတွေထဲမှာ မွန်တွေက အစဦးဆုံးမြန်မာ့မြေမှာနေခဲ့တဲ့အိမ်ရှင်တွေထဲမှာပါတယ်။ သူတို့ဆီကနေ မြန်မာတွေက စိုက်ပျိုးနည်းတွေ၊ ရေသွင်းနည်းတွေ အများကြီး သင်ယူခဲ့ကြရတာ။
မွန်ခမာစကားပြောအုပ်စုထဲမှာ မွန်က ထူးခြားမှုရှိတယ်။ ပုသိမ်မြောင်းမြ၊ ဒလပဲခူး၊ မုတ္တမမော်လမြိုင် ဆိုပြီး နယ်သုံးခု မွန်သုံးစုဖြစ်နေပေမဲ့ စကားက အတူတူပဲတဲ့။ တလိုင်းသုံးရပ်လို့လည်းခေါ်တယ်။ မွန်တွေကတော့ သူတို့ကို တလိုင်းလို့ခေါ်ရင် မကြိုက်ကြဘူး။ တလိုင်းသုံးရပ်မှာမုတ္တမမော်လမြိုင်ဖက်က မွန်တွေက မွန်ညတွေတဲ့။ ဒီနယ်က အခိုင်ခန့်ဆုံး။ မုတ္တမဒေသကို အခြေပြုပြီး နိုင်ငံတည်ကြရတယ်။ ဒါကြောင့်မွန်ညနယ်လို့ခေါ်ရင်း ရာမည ဖြစ်လာတာပါတဲ့။
အစပထမမှာ ကမ်းရိုးတန်းအနီးနေကြတဲ့လူညိုတွေကို မွန်ဂိုအနွယ်မွန်တွေတိုက်ထုတ်လိုက်ပြီး ဝင်နေကြတာလို့ ဆရာကြီးဒေါက်တာသန်းထွန်းက ယူဆတယ်။ မွန်တို့ရဲ့အစပထမနိုင်ငံတော်ဟာ သထုံဖြစ်ပါလိမ့်မယ်။ ခရစ်မပေါ်မှီထဲက သူတို့တွေ နေကြတာ။ ရာဇဝင်ထဲက သုဝဏ္ဏဘုံမိ ဟာ မွန်နေပြည်လို့ ခံယူကြတယ်။
ထိုင်းရောက်တော့လည်း သူတို့ကမှ သုဝဏ္ဏဘုံမိ တဲ့။ ဘန်ကောက်လေဆိပ်ကြီးတောင်မှ သုဝဏ္ဏဘုံမိလေဆိပ်လို့ နာမည်ပေးထားသေးရဲ့။ တကယ်ကတော့ အခုခေတ်ထိုင်းနိုင်ငံဖြစ်လာတဲ့အထိ တည်ထောင်ခဲ့တာလည်း မွန်တွေပါပဲ။ ဒါကြောင့် သုဝဏ္ဏဘုံမိက နှစ်နိုင်ငံလိုဖြစ်နေရတာ။
သီရိဓမ္မာသောကမင်းကြီးရဲ့ ကိုးတိုင်းကိုးဌာန ဗုဒ္ဓသာသနာပြုနေရာတွေထဲက သုဝဏ္ဏဘုံမိဟာ အရှေ့တောင်အာရှတစ်ခုလုံး ဖြစ်ပုံရပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားမှာ ဗောဒေါဗုဓုစေတီကြီး တွေ့ကြရတာပေါ့။
မွန်သမိုင်းထဲက မြို့တွေထဲမှာ ပဲခူးကနောက်ဆုံးမြို့တော်ပါ။ ပဲခူးမြို့ကနေ မွန်သူရဲကောင်းတွေအများကြီးထွက်ပေါ်ခဲ့တာ။ မင်းကံစီ၊ မတ်သံလုံ၊ အမတ်ဒိန်၊အဲမွန်ဒယာ၊ သမိန်သံဗြတ်တို့အပြင် သမိန်ဗရမ်းဆိုတဲ့သူရဲကောင်းလည်းပါခဲ့တယ်။
ပဲခူးကလည်း ပုံပြင်တွေအပြည့်နဲ့မြို့ပဲ။ အဝေးကိုပျံလာတဲ့ဟသာင်္မောင်နှံက အတောင်ညောင်းလို့ နားမယ်ရှာတော့ နားစရာနေရာက ပိစိလေးတွေ့လို့ အဖိုကအရင်နားပြီး ဟသာင်္မက သူ့ကျောပေါ်မှာနားခဲ့ရသတဲ့။ ဟသာင်္ကုန်းဆိုပြီးတောင် ရှိသေး။ မွန်သင်္ကေတကလည်း ဒီဟသာင်္နှစ်ကောင်ထပ်နေပုံပဲယူထားကြတယ်။ ပဲခူးသားတွေ မိန်းမကြောက်ရတာက ဒါကြောင့်ပါပဲလို့ ရယ်စရာအဖြစ် အစဉ်အဆက် ပြောခဲ့ကြတာ။
(ပဲခူးက သူငယ်ချင်းတွေဖတ်မိရင် မောင်လူပေကိုသတ်ကြမလားပဲ။ မောင်လူပေလည်း ပဲခူးသားတစ်ပိုင်းပါ။ ပဲခူးသူပျိုဖြူလေးတွေနဲ့ဖူးစာမဆုံခဲ့ရပေမဲ့ ပဲခူးဒေသကောလိပ်မှာ နှစ်နှစ်တာ ပညာရည်နို့သောက်စို့ရင်း ပဲခူးမြေကို ခိုလှုံဖူးပါတယ်။ ပဲခူးတဝိုက်ကို ပဲခူးသားတစ်ယောက်လို နှံ့ခဲ့ပါတယ်။ ဘော်ဒါတွေလည်း တလှေကြီးပါ။ ဒါကြောင့်လည်း ရေမြေလိုက်ပြီး မိန်းမကြောက်ရတာထင်ပါရဲ့။ ဤကားစကားချပ်။ )
ပထမပဲခူးမြို့တည်တဲ့အကြောင်းက ပုံပြင်တွေများလို့အကျယ်မရေးလိုပါ။ သံမလ ဝိမလညီနောင်တည်ခဲ့တယ်။ ပုဂံထက်စောမယ်။ ကျေးကုလား၊ ကုလားလန်ဘား စသည်ခေါ်ကြတဲ့ တမီးလ်ကုလားတွေကို တိုက်ထုတ်ခဲ့တယ်တဲ့။ ၃၇မင်းနတ်စာရင်းထဲပါမပါမသိတဲ့အမေနံကရိုင်းမယ်တော်ဆိုတဲ့ ကျွဲနတ်ကြီးက မွန်နဲ့ကျေးကုလားစစ်ပွဲထဲက ပေါ်လာတာတဲ့။ မြန်မာတချို့ရော၊ မွန်တချို့ရော နန်ကရိုင်းမယ်တော်နတ်ကို ပသကြတယ်။ ရိုးရာအယူအဆတွေကို မဝေဖန်ရဲလို့ မရေးလိုပါ။
ဒုတိယပဲခူးတည်မင်းတွေထဲမှာ လယ်သမားသားဘဝကနေ မင်းဖြစ်အောင်စွမ်းနိုင်ခဲ့တဲ့ မာဂဒူး( ငယ်ငယ်ကကျောင်းစာအုပ်မှာသင်ရတယ်။ )ရဲ့ ဝါရီရူမင်းဆက်က ထင်ရှားတယ်။ အထင်ရှားဆုံးက ၉ဆက်မြောက်ဖြစ်တဲ့ ဗညာနွဲ့ခေါ် ရာဇာဓရာဇ်မင်းပေါ့။ အင်းဝဘုရင်မင်းခေါင်နဲ့နှစ်လေးဆယ် စစ်ခင်းခဲ့တာလည်း သူပဲ။ ဒီစစ်အတွင်းမှာ အင်းဝအထိတက်လာပြီး သိမ်းဖို့လုပ်ခဲ့သေးတယ်။ စကြိုသူမြတ်လို့ခေါ်တဲ့ ဘုန်းတော်ကြီးက တရားဟောကောင်းလွန်းလို့ မွန်တပ်တွေ အင်းဝကနေ ပြန်လှည့်သွားကြတာ။ နို့မို့ဆိုရင် အဲဒီအချိန်မှာ အင်းဝလည်း မွန်တပ်ကြီးကို ခုခံနိုင်မယ်မထင်ဘူး။ ဘုရင်မင်းခေါင်ရဲ့သားကြီး မြန်မာသူရဲကောင်းအိမ်ရှေ့မင်းသား မင်းရဲကျော်စွာ ကျဆုံးခဲ့တာလည်း ဒီစစ်ကြောင့်ပါပဲ။ ( ကိုကြီးကျော်နတ်သမိုင်းက စည်သူနဲ့ကျော်စွာကလည်း အင်းဝဘုရင်မင်းခေါင်ရဲ့သားတွေပါတဲ့။)
စကားချီးတွေများနေလို့ ရေးချင်တဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းအကြောင်းက အခုမှစရမှာ။ သမိန်ဗရမ်းက မူးမတ်မျိုးရိုးအနွယ်ဝင် ပဲခူးသားဗျ။ လူကလည်းလူချော၊ အဋ္ဌာရသပညာတွေလည်း အလွန်တော်သတဲ့၊ ဒါနဲ့ပဲ သူရဲကောင်းချစ်တဲ့ ရာဇာဓရာဇ်ကသမီးနဲ့ပေးစားပြီး သမက်တော်ခဲ့တာနေမှာပဲ။ ဘုရင့်သမက် စစ်သူကြီးပေါ့ဗျာ။
ဒါပေမဲ့ အဲဒီအချိန်က ပဲခူးမှာ သူရဲကောင်းတွေကများမှများပဲ။ ဒီအထဲမှာ လဂွန်းအိမ်ဘွဲ့ခံ မတ်သံလုံက နာမည်အကြီးဆုံးတပ်မှူးကြီးပဲ။ ဒီခေတ်ဆိုရင်တော့ တပ်ချုပ်ကြီးပေါ့။ လဂွန်းအိမ်အရှိန်အဝါကြီးလွန်းတော့ သမိန်ဗရမ်းနာမည်မထွက်လာခဲ့ဘူး။
မင်းရဲကျော်စွာလက်ချက်နဲ့လဂွန်းအိမ်သေပြီးနောက်ပိုင်းမှာ သမိန်ဗရန်းက ထင်ရှားလာတယ်။ဒါပေမဲ့သိပ်မကြာပဲ မင်းရဲကျော်စွာရဲ့အဖမ်းအဆီးခံရပြီး အင်းဝကိုပါသွားရော။ ရာဇာဓရာဇ်အတွက် လက်မောင်းနှစ်ဖက်ပြုတ်သွားတဲ့သဘောပေါ့။ သူရဲကောင်းမြတ်နိုးတဲ့ခေတ်မို့ အသတ်မခံရဘူး။ သစ္စာခံရင်လွှတ်မယ်ဆိုပေမဲ့ ဘယ်လိုမှပြောမရလို့ ထောင်ထဲမှာပဲနေရသတဲ့။
မွန်မြန်မာစစ်ပွဲနောက်ပိုင်းမှာတော့ မင်းရဲကျော်စွာလည်းကျဆုံး၊ မြန်မာသူရဲကောင်းတွေလည်း သေကြနဲ့ နှစ်လေးဆယ်စစ်ကြီးဒါဏ်ကို နှစ်ဖက်လုံး ခံခဲ့ရတယ်။ ဒီအထဲမှာ ရန်တစ်ခုထပ်တိုးလာတာက တရုတ်ပြည် မင်မင်းဆက်ရဲ့ရန်ပါပဲ။ အင်းဝနားအထိချီတက်လာပြီး အင်းဝကို ဝိုင်းထားလိုက်တယ်။ မြန်မာတွေကို ဟိုအရင်က တိဘက်ကုန်းမြင့်မှာနေခဲ့တဲ့ အရိုင်းအစိုင်းလူရိုင်းတွေပဲလို့ တသက်လုံးထင်ထားခဲ့တဲ့ တရုတ်တွေက တကယ်လက်တွေ့မှာ လူယဉ်ကျေးတွေဖြစ်နေလေတော့ မတိုက်သေးပဲ သံတမန်နည်းနဲ့ချဉ်းကပ်လာတယ်။အများအသက်မသေအောင် နှစ်ဖက်က စစ်သူကြီးချင်း ယှဉ်ပြိုင်မယ်။ ရှုံးသူက အညံ့ခံရမယ်ပေါ့။ ဘုရင်မင်းခေါင်က တစ်ပတ်အချိန်ပေးဖို့ တောင်းလိုက်တယ်။
တရုတ်စစ်သူကြီးနာမည်က ဂါမဏိတဲ့။ ( တရုတ်နာမည်တော့ရှိမှာပေါ့။ မြန်မာလိုကတော့ ဒီလိုပဲရေးထားတာ။ ) အလွန်သန်မာထွားကြိုင်းတယ်။ ခွန်အားကြီးတယ်။ သံချပ်ကာအင်္ကျီတွေ ကိုယ်လုံးပြည့်ဝတ်ထားတယ်။ သူစီးလာတဲ့ မွန်ဂိုမြင်းကြီးကလည်း အကြီးကြီးပဲတဲ့။ ဒါကြောင့် အင်းဝသားတွေထဲမှာ သူ့ကိုယှဉ်ရဲတဲ့သူ တစ်ယောက်မှ ထွက်မလာကြဘူး။
အင်းဝသားတွေထဲက ဒီစစ်သူကြီးကို နိုင်ရင် သမီးတော်နဲ့ပေးစားပြီးသမက်အဖြစ်ချီးမြှင့်မယ်ဆိုပြီးကြေငြာစေတာတောင်မှ တစ်ဦးမှပေါ်မလာဘူး။ သူရဲကောင်းတွေက မင်းရဲကျော်စွာအပါအဝင် မွန်မြန်မာစစ်ပွဲရှည်ကြီးထဲမှာ သေကုန်ကြပြီ။
ဒါကိုကြားတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းက သူယှဉ်မယ်ဆိုပြီး ဘုရင်မင်းခေါင်ကို ပြောခိုင်းလိုက်သတဲ့။ ဒီတော့မှ သူ့ကိုထောင်ကထုတ်ပြီး အင်းဝဘုရင်ရှေ့ပို့ကြတယ်။ သူနိုင်ခဲ့ရင် သူ့ကိုလွှတ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ အင်းဝဘုရင်ကလည်း သဘောတူတယ်။
သမိန်ဗရမ်းက ဘုရင့်ဆီကမြင်းတွေထောင်ချီပေမဲ့ တစ်ကောင်မှမကြိုက်ဖူး။ မြင်းရိုင်းမှ ယှဉ်ရဲမှာဆိုပြီးရှာလိုက်တာ မုဆိုးမအိမ်က မြင်းပေါက်လေးတွေ့မှ စိတ်ကြိုက်မြင်းရပြီလို့ ကြေနပ်သွားသတဲ့။ မြင်းပေါက်လေးက သေးပေမဲ့ အရိုင်းလေးမို့ အရမ်းမြန်ဆိုပဲ။ ဒီမြင်းလေးကိုအကျစီးပြီး ဘုရင်ဆီလာတယ်။ စစ်သူကြီးကို ထိုးသတ်ဖို့ လှံတောင်းတယ်။ တရုတ်စစ်သူကြီးရဲ့ခေါင်းဖြတ်ဖို့ ဓါးကောက်ရယ်၊ ခေါင်းပြတ်ကိုထည့်ဖို့ ခြင်းတစ်လုံးရယ် ထပ်တောင်းတယ်။ အင်းဝသားတွေကတော့ ဒီမွန်က အတော်အပြောကြီးတဲ့အကောင်ပဲလို့ ထင်ကြမယ်။
အချိန်တစ်ပတ်ကြာလို့ နှစ်ဖက်စစ်သူကြီးတွေယှဉ်တဲ့ပွဲက အင်းဝမြို့ပြင်မှာလုပ်တယ်။ နှစ်ဖက်လုံးက စစ်သားတွေရော အင်းဝသားတွေရော ဘုရင်မင်းခေါင်ရော အားပေးကြတဲ့ ပွဲကြီးပွဲကောင်းပေါ့။ သမိန်ဗရမ်းကတော့ သားရေကိုယ်ကျပ်အင်္ကျီလေးပဲဝတ်ထားပါသတဲ့။
သူရဲကောင်းနှစ်ယောက် စီးချင်းမထိုးခင်မှာ နှစ်ဖက်သူရဲကောင်းတွေ ဟန်ရေးပြကြတော့ တရုတ်စစ်သူကြီးရဲ့ သံချပ်ကာအင်္ကျီရဲ့ချိုင်းအောက်မှာ ချုပ်ရိုးတွေလျှော့ရဲနေတာ၊ လည်တဝိုက်မှာ သံအကွတ်တွေပြေနေတာတွေ သမိန်ဗရမ်းက တွေ့လိုက်ရတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသဆိုတော့နေကလည်းပူမယ်။ သံချပ်ကာအင်္ကျီပြည့်ဝတ်ထားရတဲ့ တရုတ်စစ်သူကြီးမှာ သက်သာဖွယ်မမြင်။
စီးချင်းထိုးပွဲစတာနဲ့ တရုတ်စစ်သူကြီးက ပွဲအမြန်ပြီးအောင် အတင်းလိုက်တိုက်တော့ သမိန်ဗရမ်းက မြင်းပိန်လေးနဲ့ကပ်ရှောင်နေသတဲ့။ မွန်ဂိုမြင်းကြီးကသန်ပေမဲ့ ကြီးမားတဲ့စစ်သူကြီးရော သံအင်္ကျီအလေးချိန်ရော ထမ်းပိုးထားရတော့ အမြန်မရွှေ့နိုင်ဘူး။ သမိန်ဗရမ်းရဲ့မြင်းပိန်လေးက အရိုင်းသာသာဆိုတော့ မွန်ဂိုမြင်းကြီးကိုလည်းမကြောက်ဖူး။ မြင်းပေါက်မို့ မြန်လည်းမြန်တော့ ကပ်ရှောင်နိုင်တယ်။
တရုတ်စစ်သူကြီးကိုမောအောင်စစ်မြှူအပြီး ဟန်ချက်အပျက်မှာ ပူးကပ်၊ ချိုင်းအောက်က လျှော့နေတဲ့နေရာကိုလှံနဲ့တစ်ချက်ထဲထိုးထည့်လိုက်တာ တရုတ်စစ်သူကြီးအော်ချိန်တောင်မရဘူးတဲ့။ မြင်းပေါ်က ယိုင်ကြလာတဲ့အလောင်းကို လည်ပင်းကနေပိုင်းချလိုက်တော့ စစ်သူကြီးဂါမဏိရဲ့ဦးခေါင်းက သမိန်ဗရမ်းလက်ထဲရသွားရော။ အသင့်ယူလာတဲ့ခြင်းနဲ့ထဲ့ပြီး အင်းဝဘုရင်မင်းခေါင်ဆီကို ဆက်သလိုက်တယ်။
ဂတိတည်တဲ့တရုတ်တပ်ကြီးက သူတို့စစ်သူကြီးအလောင်းကောက်ပြီး ပြန်လှည့်သွားတယ်။ အင်းဝဘုရင်မင်းခေါင်ကတော့ ဝမ်းတွေသာပြီပေါ့။ ဒီမွန်ကောင်ကို ဂတိအတိုင်း လွှတ်ပေးလိုက်ရင် ငါ့အတွက် အန္တရာယ်ရှိလာမှာပဲလို့ တွက်မိတယ်။ သူရဲကောင်းမို့အဆုံးလည်းမခံနိုင်။ ဒီတော့ ယောကျာင်္းကို မိန်းမနဲ့မျှားတဲ့နည်းက အကောင်းဆုံးလို့တွက်ပြီး သူ့သမီးတော်လေးကိုကွမ်းဆက်ခိုင်းပြီး မျှားစေပါသတဲ့။
အင်းဝဘုရင်မင်းခေါင်ရဲ့သမီးတော်လေးက နယ်နယ်ရရမဟုတ်ဘူး။ မင်းဆက်ငါးဆက်က မိဘုရားခေါင်မြှောက်ခြင်း ခံခဲ့ရတဲ့ ရှင်ဘို့မယ်နဲ့ရထားတာမို့ အမေတူလေးပီပီ အလွန်လှသတဲ့။ မြန်မာဘုရင့်သမီးတော်အလှပဂေးလေး ရာဇဓိတာရဲ့ ကွမ်းဆက်တာခံလိုက်ရတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းလည်း ပဲခူးမှာကျန်ခဲ့တဲ့ ရာဇာဓရာဇ်ရဲ့သမီးတော် သူ့မိန်းမကိုမေ့ပြီး တမ်းတမ်းစွဲသွားရောဆိုပဲ။
အချောအလှလေးတွေရဲ့ ဖျာရောင်းမှု၊ အဲလေ ဖျားယောင်းမှုကို ဘုရားလောင်းတောင် အရှုံးပေးခဲ့ရဖူးတယ်။ သမိန်ဗရမ်းလည်း တရုတ်စစ်သူကြီးကို နိုင်ခဲ့ပေမဲ့ သမီးတော်လေးရဲ့အလှတရားအောက်မှာ လက်နက်ချလိုက်ရပြီ။ စွဲမိပါပေါ့ခင်ရယ် ဖြစ်သွားပြီ။ ဌာနေကိုမောင်ကြီးမပြန်နိုင်တယ်ဖြစ်သွားပြီ။ အင်းဝဘုရင်က ပေးစားမယ်၊ မပြန်နဲ့လို့ပြောတော့ သူ့ကို မွန်ဘုရင်အကြောင်းမမေးပါနဲ့၊ သူ့ကို ကျွန်တလိုင်းလို့မခေါ်ပါနဲ့လို့ တောင်းဆိုသတဲ့။ ဘုရင့်သမက်နှစ်ခါဖြစ်ခဲ့ရတဲ့ မဟာကံထူးရှင်ပဲ။
မယားအသစ်လေးနဲ့အင်းဝမှာဆက်နေရင်း သားတစ်ယောက်ရတယ်။ သူ့မြေးလေးကို အင်းဝဘုရင်မင်းခေါင်ကလည်း အရမ်းချစ်ဆိုပဲ။ တစ်ရက်မှာ နန်းတွင်းထဲက လူပုံအလယ်မှာ အရမ်းဆော့တဲ့ သူ့မြေးလေးကို ဘုရင်မင်းခေါင်က "ကျွန်တလိုင်းပုတ်လေး။အလွန်ကဲ။ မနိုင်တော့ဘူး။ " လို့ ချစ်စနိုးကြည်စယ်တာမို့ အရှက်ရ၊ အင်းဝက မယားနဲ့သားကိုထားခဲ့ပြီး ပဲခူးပြန်သွားတော့သတဲ့။
ပဲခူးပြန်ရောက်တော့လည်း ရာဇာဓရာဇ်က ဝမ်းသာစွာကြိုဆိုတယ်။ သစ္စာရှိတဲ့သမိန်ဗရမ်းက အင်းဝအကြောင်းကို တစ်လုံးမှ မပြောပြဘူးတဲ့။ ရာဇာဓရာဇ်ကလည်း သူ့သားမက်အကြောင်းသိလို့ မမေးတဲ့အပြင် ဒုန်းဝန်းမြို့ကိုပေးပြီး မြို့စားရာထူးပေးလိုက်သေးတယ်။( ဦးကုလားရာဇဝင်မှာ သမိန်ဗရမ်းနဲ့ အင်းဝမှာပေးစားသူဟာ ဘုရင့်သမီးမဟုတ်ပဲ မြို့စားမင်းရဲ့သမီးလို့ ရေးထားတယ်။ အမှန်မသိပါ။)
ရာဇာဓိရာဇ်ဘုရင်နတ်ရွာစံပြီးတော့ သူ့ယောက်ဖ ဗညာကျန်းကဘုရင်ဖြစ်တယ်။ သမီးယောက်ဖအလွန်တည့်ကြတယ်လို့ဆိုတယ်။ သူအပိုင်စားတဲ့ ဒုန်းဝန်းကနေ ပဲခူးကိုမကြာခဏလာတတ်တယ်။
တစ်ရက်မှာ ပဲခူးကအပြန်နောက်ကြလို့ ဒုန်းဝန်းနဲ့ပဲခူးကြားက တောတန်းကိုအဖြတ် ညမှောင်ရီပျိုးစမှာ သူ့နာမည်ကိုအသံနက်ကြီးနဲ့ခေါ်သံကြားလို့လှည့်ကြည့်တော့ လမ်းဘေးမှာ ရင်ခွဲပြီး တံကျင်သီထားတဲ့ဓါးပြတစ်ယောက်ရဲ့အလောင်းကြီး ဖြစ်နေတာတွေ့ရတယ်။ ဒါနဲ့စိတ်ဆိုးပြီး အလောင်းရဲ့ခေါင်းကို ဓါးနဲ့ပိုင်းလိုက်တာ ခေါင်းပြတ်က သူ့ပေါင်ကိုလာကိုက်လို့ သူရဲကောင်းကြီးသမိန်ဗရမ်းဟာ နောက်သုံးရက်အကြာမှာ ကွယ်လွန်သွားရရှာသတဲ့။ ( တွေ့တဲ့အတိုင်းရေးတာနော်။ လာမငြင်းကြေး။)
တချိန်က အမျိုးဖြစ်တဲ့ မွန်သူရဲကောင်းသမိန်ဗရမ်းအကြောင်းကတော့ဒါပါပဲ။ ဆရာနိုင်ပန်းလှရဲ့ ရာဇာဓရာဇ်အရေးတော်ပုံကျမ်း၊ မော်ကင်းလေးရဲ့ မွန်တို့၏ အိပ်ရာဝင်ပုံပြင်များ၊ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ် တွေကို ခရက်ဒစ်ပေးပါတယ်။
မြန်မာနိုင်ငံသားအမျိုးတွေ ကျန်းမာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
(မွန်လူမျိုး ပဲခူးသား ဇာတ်ဆရာကြီးဦးစိန်လှိုင်၏ တောင်းဆိုချက်အရ ရေးလိုက်တဲ့စာ။)
No comments:
Post a Comment