အားလည်းနာတယ် ခင်လည်းခင်တယ် (၈)
တခေတ်အခါက အမျိုးတို့ရဲ့ အချစ်နဲ့အမုန်း
မွန်သမိုင်းမှာအထင်ရှားဆုံးဘုရင်တစ်ပါးဖြစ်တဲ့ ရာဇာဓရာဇ်အကြောင်းဖတ်ရင်း ဒီဇာတ်လမ်းထဲမှာ အချစ်၊အမုန်းတွေ တွေ့မိလို့ အမျိုးဖြစ်တဲ့မွန်တို့အကြောင်းရေး ဆက်ရေးပါရစေ။
ရာဇာဓရာဇ်ရဲ့ငယ်နာမည်က ဗညားနွဲ့တဲ့ဗျ။ သူ့အဖေက ဗညားဦးမို့ ဗညားအငယ်လို့ခေါ်တာ။ မွေးစထဲက အမေသေသွားတော့ သူ့အဖေရဲ့အမဖြစ်တဲ့ အဒေါ်ဖြစ်သူမဟာဒေဝီလက်ထဲမှာကြီးခဲ့ရတယ်။ လူပုံက ခပ်ကြမ်းကြမ်း။ ခပ်ဆိုးဆိုးလေး။ အဖေကလည်းမချစ်ဘူးတဲ့။
မေတ္တာငတ်နေတဲ့သူ့ရဲ့ ပထမဆုံးချစ်သူလေးက အဖေတူအမေကွဲနှမလေးဖြစ်တဲ့တလမေဒေါလေးပါပဲ။ အဖေ့အသည်းကျော်သမီးလေး။ ဘုရင်မျိုးတွေ အမေကွဲရင်ယူလို့ရပေမဲ့ သူ့မှာမလွယ်။ ဒါနဲ့ပဲ ချစ်သူနှစ်ယောက် အဒေါ်ရှိရာ ဒဂုံဖက်ကို ခိုးပြေးကြတယ်။ လမ်းမှာပဲပြန်ဖမ်းမိ။။ သူ့ကိုထောင်ချထားလို့ အဒေါ်မဟာဒေဝီက လိုက်ပြောပေးရသေးတယ်။ အသက်ငယ်ငယ်နဲ့ယူကြတဲ့ခေတ်မို့ ဆယ့်လေးနှစ်သားလောက်ပေါ့။
အိမ်ထောင်ကြပြီးနောက်မှာ ဗောလောကျန်းဒေါဆိုတဲ သားတစ်ယောက်ရတယ်။ နန်းထဲက အရှုပ်တွေနဲ့ရင်ဆိုင်ရတယ်။ လူကြီးဆန်ဆန် သည်းခံလာနိုင်တယ်။ ဒါပေမဲ့ ငယ်ငယ်နဲ့ပြုခဲ့တဲ့အိမ်ထောင်ရေးက မသာယာတော့ဘူး။ တိုတိုပြောရရင် အဖေနေမကောင်းချိန်မှာ နန်းလုဖို့ သူ့ကိုရှင်းတော့မှာသိလို့ ပဲခူးကထွက်သွားပြီး ဒဂုန်(ရန်ကုန်)ရောက်။ ပဲခူးကိုအံတုဖို့ အင်အားစုနေချိန်မှာ ဆီသည်မလေးဒဂုန်သူမွေ့မနိတ်နဲ့တွေ့။ အစွဲကြီးစွဲသွားတော့ တော်ကောက်လိုက်တယ်။ မွေ့သင်ကိုလည်း ထပ်ပြီးတော်ကောက်ပြန်တယ်။
ဒဂုန်ကိုထွက်လာတာ မယားနဲ့သားမပါဘူး။ သူကောက်ယူလိုက်တဲ့ ဒဂုန်သူလေးမွေ့မနိတ်ကလည်း လင်ရှိမယားတဲ့။ ဒါပေမဲ့ ရာဇာဓရာဇ်ဆိုတဲ့လူကြမ်းကြီးရဲ့ အချစ်ဆုံးမိန်းမဖြစ်သွားတယ်။ ပဲခူးကိုရပြီးနန်းတက်ချိန်မှာ ငယ်မယားဖြစ်တဲ့ တလမေဒေါက မိဘုရားခေါင်ကြီး မဖြစ်ပဲ ရန်ကုန်သူမွေ့မနိတ်က ပီရရာဇဒေဝီဆိုပြီး မိဘုရားခေါင် ဖြစ်သွားရော။ မွေ့သင်ကိုတော့ ဒလသုဒ္ဓမာယာဘွဲ့နဲ့ မြှောက်စားတယ်။ နန်းသိမ်းပွဲခံကြတယ်။ သာမန်မိဘုရားအနေနဲ့ သူ့လင်နဲ့ နောက်မိန်းမတို့နန်းသိမ်းပွဲခံနေတာ ကြည့်နေရတဲ့ တလမေဒေါရင်မှာ ဆူပွက်နေမှာပေါ့။ သူကမှ ဘုရင့်သွေးသားအစစ်ကိုး။ ရင်ထဲကအချစ်တွေက အမုန်းမီးတောက်တွေဖြစ်သွားပြီ။
ဒီအချိန်ကစပြီး ပဲခူးနန်းတွင်းမှာ မိဘုရားနှစ်ယောက်ထိပ်တိုက်တိုးကြတာ။ မွေ့မနိတ်မိဘုရားကြီးကို လင်ခိုးမ၊ စုန်းမနဲ့ မကြာခဏတိုက်ခိုက်နေတော့ ရှင်ဘုရင်ကိုတိုင်ပါလေရော။ ရှင်ဘုရင်က စိတ်ဆိုးပြီး မိဘုရားအဆောင်အယောင်တွေပြန်သိမ်းခိုင်းတယ်။ နောက်ဆုံးတော့ တလမေဒေါလည်း မခံစားနိုင်တဲ့အဆုံး အဆိပ်သောက်သေသွားရော။
တလမေဒေါသေသွားတော့ တမမေဒေါအဖွဲ့က သားဖြစ်သူ ဗောလောကျန်းဒေါကို ခေါင်းဆောင်တင်တယ်။ ဘုရင်က သူ့သား ပုန်ကန်မှာကိုကြောက်မှာပဲ။ သူကိုယ်တိုင်လည်း အဖေကိုပုန်ကန်လာတဲ့သူ။ ဒီတော့ သူ့သားကိုပါရှင်းခိုင်းရပါတော့တယ်။ သားဖြစ်သူက " သူ့မှာအပြစ်မရှိပဲအသတ်ခံရတာမို့ နောင်ဘဝမှာ ရန်သူအင်းဝဘုရင်ရဲ့သားဖြစ်ပြီး အဖေနဲ့စစ်ထိုးနိုင်သူ ဖြစ်ရပါစေ။" လို့ မသေခင်ဆုတောင်းသွားသတဲ့။ သေပြီးမကြာခင်ပဲ နောင်ကိုအင်းဝဘုရင်မင်းခေါင်ဖြစ်လာမဲ့သူရဲ့မိဘုရားရှင်မိနောက်က ကိုယ်ဝန်ရတယ်။ အောက်ပြည်ကအစာတွေချဉ်ချင်းတက်တယ်။ နောက်တော့သားလေးမွေးတယ်။ မြန်မာ့သူရဲကောင်း အိမ်ရှေ့မင်းလည်းဖြစ်တဲ့ မင်းရဲကျော်စွာပဲပေါ့။
မင်းရဲကျော်စွာဆိုတာ အင်းဝဘုရင်မင်းခေါင် အလွန်ပဲအားကိုးရတဲ့သားကြီးပါ။ မွန်မြန်မာနှစ်လေးဆယ်တိုက်ပွဲရဲ့နောက်ပိုင်းကာလတွေမှာ လက်စွမ်းပြခဲ့သူပေါ့။ ရာဇာဓရာဇ်က မင်းရဲကျော်စွာရဲ့အဖိုးဖြစ်တဲ့ မင်းကြီးစွာ(စော်ကဲ)နဲ့ မွန်မြန်မာစစ်ပွဲရဲ့ရှေ့ပိုင်းမှာတိုက်၊ အဖေဖြစ်တဲ့ဘုရင်မင်းခေါင်နဲ့အလယ်ပိုင်းလောက်မှာတိုက်ခဲ့ရသလို စစ်ရဲ့နောက်ပိုင်းမှာတော့ သားတော်မင်းရဲကျော်စွာနဲ့တိုက်ခဲ့ရတာမို့ မြန်မာမျိုးဆက်သုံးခုနဲ့တိုက်ပွဲဝင်ခဲ့ရတဲ့မွန်ဘုရင်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
ဗောလောကျန်းဒေါဝင်စားသူလို့ ယုံကြည်ကြတဲ့ မင်းရဲကျော်စွာက ဘဝဟောင်းက အဖေဖြစ်တဲ့ရာဇာဓရာဇ်ကို အလွန်လည်းမုန်းတည်းပါသတဲ့။ ရှေးက စစ်ချီတဲ့အခါ မိဘုရားတွေရောသားသမီးတွေရောဆင်နဲ့တင်ပြီးခေါ်သွားလေ့ရှိတော့ ဘုရင်မင်းခေါင်ရှူံးလို့ ပြေးရတဲ့အခါ မိဘုရားတွေ ကျန်ခဲ့ရင်းက မင်းရဲကျော်စွာရဲ့အမေမိဘုရားရှင်မိနောက်ကို ရာဇာဓရာဇ်က ရသွားပါလေရော။ အသက်သုံးဆယ်ကျော် အလှသွေးကျွယ်ဆဲ သူ့မိခင်ကို ရာဇာဓရာဇ်က မိဘုရားဆက်မြှောက်လိုက်တာကြောင့် ရာဇာဓရာဇ်ရဲ့ မယားပါသားဖြစ်သွားပြီပေါ့။ ဒါကြောင်လည်း ရာဇာဓရာဇ်ကိုပိုမုန်းပြီး အကုန်ဖြိုဖို့ ကျိုးစားပါတယ်။ စစ်ပရိယာယ်လည်းအလွန်ကြွယ်တယ်။ ဒါကြောင့် သူ့ထောင်ချောက်မှာ မွန်သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်တယ်။ မွန်တပ်မှူးကြီးလဂွန်းအိမ်ဘွဲ့ခံ မသံလုံလည်း သူ့ထောင်ချောက်ထဲဝင်မိပြီးဒါဏ်ရာနဲ့ဖမ်းမိရာကသေ၊သမိန်ဗရန်းကိုလည်း အရှင်ဖမ်းမိမို့ ရာဇာဓရာဇ်အတော်အထိနာခဲ့တယ်။
မင်းရဲကျော်စွာဟာ အဲဒီအချိန်က ၁၇-၁၈ အရွယ်ပါတဲ့။ဘုရင့်သား၊လူငယ်၊လူချော၊ဓါးရေးကလည်းထက်တော့ သူ့ကိုယ်သူအတော်အထင်ကြီးပေါ့။ မောင်းမတွေနဲ့ပျော်လိုက်၊သောက်လိုက်၊ စစ်တိုက်လိုက်ပေါ့။အင်းဝရဲ့ထိုးစစ်ကြောင့် ရာဇာဓရာဇ်က သူ့သားကိုပဲခူးအပ်ပြီး မုတ္တမဖက်ဆုတ်သွားတယ်။ ပဲခူးကလည်း အသေခံခုခံလို့ အင်းဝက မသိမ်းနိုင်ဘူးတဲ့။ တိုတိုပြောရရင်တော့ ရာဇာဓရာဇ်က မုတ္တမကပြန်လာတယ်။ ပဲခူးကိုဝိုင်းတိုက်နေတဲ့ အင်းဝတပ်ကိုနောက်ပိုင်းကညှပ်အတိုက်မှာ မင်းရဲကျော်စွာဆင်ပေါ်ကပြုတ်ကျပြီးခါးကျိုးသွားလို့ အဖမ်းခံရပါတော့တယ်။
မင်းရဲကျော်စွာကို ရာဇာဓရာဇ်က ဆေးကုပေးမယ်၊ ဒီမှာနေမယ်ဆိုရင် သမီးနဲ့ပေးစားမယ်၊ အရင်ဘဝက သားဟောင်းမို့ သားလိုပဲသဘောထားပါတယ်လို့ပြောပေမဲ့ လုံးဝလက်မခံဘူး။ သူ့အမေကိုရော အဖေတူအမေကွဲအမကိုပါ စစ်ပွဲမှာဖမ်းမိသွားလို့ မိဘုရားမြှောက်ထားတဲ့ ရာဇာဓရာဇ်ဟာ သူ့ရဲ့ အဖေ၊ယောက်ဖဆိုလည်း မမှားတော့ အလွန်လည်းမုန်းပါသတဲ့။ ဒါကြောင့် ဘာပြောပြော ဆဲလွှတ်နေလို့ ရာဇာဓရာဇ်လည်း လက်လျှော့လိုက်ရတယ်။ ဒါဏ်ရာများတော့ ညမှာပဲ သေဆုံးသွားပါသတဲ့။ အရင်ဘဝရော ယခုဘဝမှာပါ ဘုရင့်သားကြီးဖြစ်ခဲ့ရပေမဲ့ မင်းမဖြစ်လိုက်ရပဲအသက်ငယ်ငယ်နဲ့ သေခဲ့ရတယ်။
ရာဇာဓရာဇ်ဆိုတဲ့မွန်ဘုရင်ကြီးဟာ ၁၆နှစ်သားမှာ မင်းစဖြစ်တယ်။အသက်၂၀ကျော်မှာ မွန်ပြည်နယ်တစ်ခုလုံးကိုအောင်နိုင်တယ်။ ဘုရင်ဖြစ်စထဲက အင်းဝနဲ့စစ်ဖြစ်နေတယ်။ မွန်မြန်မာနှစ်လေးဆယ်စစ်ပွဲနောက်ဆုံးအပိုင်းမှာတော့ သားသေလို့ ဒေါသထွက်နေတဲ့ဘုရင်မင်းခေါင်က လာတိုက်ပေမဲ့ ပဲခူးကိုမရဘူး။ နောက်ဆုံးတိုက်ပွဲတိုက်ပြီး ပြန်မလာတော့လို့ စစ်ပြေငြိမ်းရေးစာချုပ်မရှိပဲ ဒီစစ်ပွဲကြီး ပြီးသွားခဲ့တယ်။ မွန်တွေရော မြန်မာတွေရော သူရဲကောင်းတွေအများကြီးဆုံးရှုံးခဲ့ရတဲ့အချိန်တွေပါ။
အချစ်ဦးရဲ့အချစ်တွေကအမုန်းတွေဖြစ်၊ ကြားထဲက ဓားစာခံသားရဲ့အမုန်းတရားက နောက်ဘဝအထိလိုက်သွားလို့ သားဖြစ်သူနဲ့ နှစ်ဘဝပြန်ဆုံခဲ့ရတဲ့ ရာဇာဓရာဇ်ဆိုတဲ့မွန်ဘုရင်ကြီးနဲ့ မြန်မာသူရဲကောင်း မင်းရဲကျော်စွာတို့အကြောင်းဖတ်ပြီး ' အမုန်းကြောင့် အရှုံးသာရမယ်။' လို့သာ သင်္ခန်းစာယူမိပါတယ်ဗျာ။
ဆရာနိုင်ပန်းလှနဲ့မော်ကင်းလေးတို့ဆီက အချက်အလက်တွေယူပါတယ်။
အမျိုးတို့တွေ အမုန်းကင်းတဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်နိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment