Monday, September 18, 2017

အားလည်းနာတယ်(၄)

အားလည်းနာတယ် ခင်လည်းခင်တယ်(၄)

အမျိုးတို့အကြောင်း

မြန်မာပြည်က အမျိုးတို့အကြောင်းပြောချင်တယ်။ တိုင်းရင်းသား ညီရင်းအကို အမျိုးတွေပေါ့။ အမျိုးတွေကလည်း များမှများ။ (၁၃၆)မျိုးဆိုလား။ တူရာစုလိုက်ရင်တောင် (၅၅)မျိုးလောက် ရှိသတဲ့။ အမျိုးတွေက တည့်လည်းမတည့်ကြဘူး။ အလွန်ရန်ဖြစ်ကြတာ။ အရမ်းများလို့ထင်ပါရဲ့။

မောင်လူပေတို့ငယ်ငယ်ကတော့ ကချင်၊ကယား၊ ကရင်၊ချင်း၊မြန်မာ၊မွန်၊ရခိုင်၊ရှမ်းလောက်သိခဲ့တာ။

ဗုဒ္ဓဘာသာဝင်မြန်မာတွေကတော့ ဗုဒ္ဓရဲ့အမျိုးတွေဖြစ်တဲ့ သကျသာကီဝင်တွေကို ဝိဍ္ဍဍ္ဍူပမင်းက လိုက်သတ်လို့ထွက်ပြေးလာသူတွေ ဆင်းသက်လာတာလို့ အစဉ်အဆက်ယုံကြည်ခဲ့ကြတယ်။ ဘုရားနဲ့အမျိုးတော်ချင်ကြတာ ဓမ္မတာ။

သမိုင်းဆိုင်ရာအထောက်အထားတွေနဲ့ သမိုင်းပညာရှင်တွေ၊ ဘာသာဗဒပညာရှင်တွေ လေ့လာတွေ့ရှိချက်ကတော့ တမျိုး။

မြန်မာပြည်ထဲကို ပထဆုံးဝင်လာသူတွေက Austtoasiatic နွယ်ဝင် လူညိုတွေဖြစ်တဲ့ မွန်၊ပလောင်၊ဝတွေဖြစ်ပြီး ဘာသာစကားအရ မွန်ခမာစကားပြောသူတွေဖြစ်တယ်။ ဒုတိယဝင်လာသူတွေက Mongolian နွယ်ဝင် လူဝါတွေဖြစ်တဲ့ ချင်း၊ ကဒူး၊ပျူ၊သက်၊ ရခိုင်၊ကရင်၊ကယား တို့ဖြစ်ပြီး ဘာသာစကားအရ တိဗက်တရုတ်အနွယ်နဲ့တိဗက်မြန်မာအနွယ်တွေ ဖြစ်တယ်။ကဒူးတွေက အရင်သင်းတွဲပြည်(တကောင်း) မှာ ဗဟိုပြုပြီး နေခဲ့ကြတယ်။အေဒီလေးရာစုလောက်ကစပြီး ပျူတွေအားကောင်းလာတော့ ပျူနိုင်ငံ ( ဟန်လင်း၊ သရေခေတ္တရာ၊ပိဿနိုး) တွေဖြစ်လာတယ်။ အေဒီ (၇) ရာစုလောက်မှာ မင်းနိုင်ငံကြီးဖြစ်နေပြီ။ ဒီနိုင်ငံကြီးဟာ နန်ကျောင်( ယခုခေတ်ယူနန်ပြည်နယ်တဝိုက်တွင်တည်ရှိခဲ့သော ဧကရာဇ်နိုင်ငံတစ်ခု) တွေဖျက်လို့ အေဒီကိုးရာစုအလယ်လောက်မှာ ပျက်စီးခဲ့ပါသတဲ့။

မြန်မာဖြစ်လာမဲ့လူတွေက ပျူနိုင်ငံပျက်ပြီးနောက်ပိုင်း အေဒီကိုးရာစုမှာဝင်လာသူတွေပါ။ အအေးပိုင်းဒေသဖြစ်တဲ့ တိဘက်ကုန်းမြင့်က တောင်ပေါ်သားတွေ၊ ခေါင်းဆောင်တွေကို မင်း(မင်းစော) လို့ခေါ်ကြတယ်။ နန်ကျောင်တပ်မှာအမှုထမ်းတယ်။ နန်ကျောင်တွေနဲ့အတူပါခဲ့သူတွေမို့ နယ်မြေကိုသိပြီးဖြစ်တယ်။ ဒါကြောင့် နန်ကျောင်တွေရဲ့ဖိနှိပ်မှုကနေ ဝေးရာကို ရွှေ့ပြောင်းတဲ့အခါမှာ ဧရာဝတီမြစ်ဝှမ်းဒေသ မြန်မာနိုင်ငံအလည်ပိုင်းကို အလုံးအရင်းနဲ့ဆင်းလာနိုင်ခဲ့ခြင်းဟာ နယ်မြေမသိပဲ မဖြစ်နိုင်ဘူးလို့ဆိုတယ်။ အင်အားအလွန်သာတဲ့အတွက် ဒေသခံတွေကို လွယ်လွယ်ပဲ အောင်နိုင်ခဲ့ကြပါတယ်။

ကျောက်ဆည်တဝိုက်ကနေဝင်လာမယ်၊မင်းဘူးဖက်ကိုတိုးချဲ့တယ်။ အေဒီဆယ်ရာစုမှာ အလယ်ဖြစ်တဲ့ပုဂံကိုမြို့သတ်မှတ်တယ်။ အေဒီ(၁၁)ရာစုမှာတော့ မြန်မာနိုင်ငံထူထောင်ပါတယ်။

တိဗက်တရုတ်စကားပြောတဲ့ရှမ်းတွေက အေဒီ(၁၂)မှာ မြောက်ပိုင်းကဝင်လာပြီး (၁၃)ရာစုမှာတော့ တောင်ဘက်ကို အလုံးအရင်းနဲ့ရွှေ့ပြောင်းခဲ့ကြပါတယ်။

တိဗက်မြန်မာစကားပြောတဲ့ ကချင်တွေကတော့ အာသံဖက်ကနေ (၁၆)ရာစုမှာ ဝင်ရောက်လာသူတွေ ဖြစ်ကြပါသတဲ့။

တာတာရုတ် ( မွန်ဂို၊တူရကီတပ်ပေါင်းစု။ မြန်မာတွေကတရုတ်ဟု ခေါ်သူများ ) တွေဖျက်လို့ ပုဂံမင်းဆက်မပျက်ခင်ထဲက မွန်တွေနဲ့တိုက်။ ဒုတိယနဲ့တတိယနိုင်ငံတော်ခေတ်တွေမှလည်း  မွန်၊ရခိုင်၊ရှမ်း တို့နဲ့တိုက်။ တလျှောက်လုံး ရန်ဖြစ်နေတဲ့အမျိုးတွေပေါ့ဗျာ။ ခုထိ တိုက်ကောင်းနေကြတုန်းပါ။ သူနိုင်ကိုယ်နိုင်အပြိုင်တိုက်ရင်းနဲ့ပဲ အမျိုးတွေမို့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့။

အမျိုးတွေအကြောင်း လေ့လာမိသလောက်က ဒါပါပဲ။ အချက်အလက်တွေကို မုံရွေးစာအုပ်တိုက်ထုတ် သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံစာအုပ်လေးထဲက ယူပါတယ်။

အမျိုးချစ်တဲ့ မျိုးချစ်တွေထဲမှာ မောင်လူပေလည်းပါတယ်လေ။ ဒါကြောင့်မျိုးချစ်ကြီးလူပေက ကိုယ့်အမျိုးတွေအကြောင်း ခြေရာခံခြင်းလို့သာ ယူဆပေးကြပေါ့ဗျာ။

အမျိုးတွေ ရန်မဖြစ်တော့ပဲ စည်းရုံးကြမဲ့ နေ့သစ်တစ်ခုကိုမျှော်လင့်လျှက်ပါ။

သူငယ်ချင်းမိတ်ဆွေအပေါင်း အမျိုးအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment