Monday, September 18, 2017

အားလည်းနာတယ်(၁)

အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ (၁)

ခြင်းထဲကကြက်တွေ ခြင်းအပြင်ရောက်တော့ ကြက်ဒုက္ခသည်တွေဖြစ်ပြီး ခြင်းထဲပြန်ဝင်ဖို့ နည်းမျိုးစုံ ကြိုးစားနေကြတယ်တဲ့။ ဒီသတင်းတွေ ကြားလို့ 'ကြက်ဒုက္ခ' ဆောင်းပါးလေး ရေးဖူးပါရဲ့။

ကြက်ဒုက္ခသည်အုပ်စုမှာ တချို့ သော ထောက်လှမ်းရေးဟောင်းတွေ၊ စရဖဟောင်းတွေ၊ သတင်းပေးတွေလည်းပါတယ်။ အခုတော့ ရန်ကုန်နဲ့မန်းလေးမှာ တပြိုင်တည်း စလိုက်တယ်လို့ ကြားမိတယ်။ အစိုးရဖြုတ်ချရေး သပိတ်စခန်းတွေ ဖွင့်လိုက်ပါသတဲ့။

စားပေါက်ချောင်၊ အခွင့်အရေးတွေရ၊ လွယ်လွယ်နဲ့ ငွေတွေဝင်ခဲ့တဲ့ ပန်းပန်ချိန်တွေကို ပြန်သွားချင်နေကြတဲ့သူတွေ ရဲ့ကိုယ်တော်တချို့ကလည်း ကျောင်းတိုက်ထဲမှာ ဝါမဆိုနိုင်ပဲ  သပိတ်စခန်းဆိုတဲ့နေရာမှာ ထာက်ခံအားပေးနေလေရဲ့။

ဒီလူတွေ သပိတ်မှောက်ရခြင်းအကြောင်းကတော့ ' တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေသည့်အစိုးရ' ဖြစ်နေလို့ပါတဲ့။

အော် ဒုက္ခ ဒုက္ခ။

တိုင်းပြည်အကျိုးစီးပွားဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်ခဲ့တာ လက်ရှိအစိုးမဟုတ်ဘူးလေ။ ခေတ်အဆက်ဆက် အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့သူတွေ လုပ်ခဲ့ကြတဲ့ အကျိုးဆက်။

လွတ်လပ်ရေးရပြီးစမှာ စီးပွားရေးတွေကတိုးတက်၊ ထုတ်ကုန်တွေနိုင်ငံခြားပို့နဲ့ ခိုင်မာနေတဲ့စီးပွားရေးကို တပြည်လုံးပြည်သူပိုင်သိမ်းပြီး ဖျက်ခဲ့ပြီးထဲက လူအများစုဟာ ကျပ်တည်းမှုနဲ့ လုံးခြာလည်နေခဲ့ကြတာ။

အာဏာသိမ်းအစိုးရရဲ့အသွင်ပြောင်းခဲ့တဲ့ မဆလအစိုးရကြီးကလည်း နှစ်တိုနှစ်ရှည် ဆိုရှယ်လစ်စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်လိုက်တာ အရင်ရှိပြီးသားတွေကုန်၊ GDP အောက်ဆုံးရောက်၊ တိုင်းပြည်လည်း LDC ဖြစ်၊ မြန်မာပြည်ရဲ့ စီးပွားရေးအခြေခံဖြစ်တဲ့ ကုန်ထုတ်စွမ်းအားစုတွေ အကုန်ပျက်။

နောက်ပေါက် အဘတွေတွေခေတ်မှာတော့ များများဂါနိုင်သူတွေ နီးစပ်ရာတွေကို ဂွင်တွေပေးပြီး စီးပွားရေးတွေ လုပ်ခဲ့တယ်။ သူတို့အခေါ် ဈေးကွက်စီးပွားရေးစနစ်တဲ့။ ဒီခေတ်မှာ GDP တော့ တက်လာတယ်။ ရောင်းလို့ရတာ အကုန်ရောင်းလိုက်တာ သစ်တောတွေပြောင်၊ သတ္တုတွေပြောင်၊ ရတနာတွေပြောင်၊ ဘတ်ဟိုးတွေနဲ့ဖြိုလိုက်ကြတော့ တောင်တွေပါ အလုံးလိုက်ပြောင်။

ခရိုနီစီးပွားရေးဆိုတာ အဘတွေနဲ့တစ်ယောက်တစ်ဝက်စားတဲ့ စီးပွားရေးမို့ သူတို့တွေကို ဘယ်သူမှ မတို့ရဲ၊ မထိရဲကြ။Untouchable တွေမို့ တစ်ယောက်ဆင်းတစ်ယောက်တက်နဲ့ စားရင်းမရှိ အင်းမရှိ ဆီးသီးဗန်းကြီးမှောက်လိုက်တာ လူတွေလည်း အကျင့်စာရိတ္တတွေပျက်။ လူတန်းစားအသစ်တွေပဲ တိုးလာတယ်။ အဘတွေနဲ့ပေါင်းပြီး လုပ်စားတဲ့ ခေတ်ပျက်သူဌေး ' ခရိုနီလူတန်းစား'၊ ခရိုနီတွေနားမှာ ပြာယာခပ်ပြီးပေါင်းစားနေတဲ့ 'ခရိုပြာလူတန်းစား'၊ အရိုးအရင်းလေးစားပြီး အဘတွေအနားမှာ ပြာယာခပ်နေကြတဲ့ ' အနားပြာလူတန်းစား' စသည်။

ဦးပိုင်၊ ဟိုးလ်ဒင်း စတဲ့ နာမည်စုံနဲ့ တိုင်းပြည်စီးပွားရေးမှာ ရှိသမျှ လက်ဝါးကြီးအုပ်၊ အဲဒီ ရှယ်ယာတစ်ဝက်လောက်ကို နောက်ကွယ်ကလက်မဲကြီးနဲ့မိသားစုက ထပ်အုပ်။ They've taken too much.  လို့ပြောရင် လွန်မည်မထင်။

ပြည်သူကရွေးချယ်တဲ့ အစိုးရသစ်တက်လာတော့ လူကြီးကိုများများဂါရင် ဂွင်ကောင်းကောင်းမိမဲ့အကွက်တွေပျက်ကုန်တယ်။ စည်းကမ်းတွေတင်းကျပ်ပြီး အသေအချာ စီစစ်လိုက်တော့  ထင်တိုင်းကျဲခဲ့တဲ့ ခြေရာလက်ရာတွေပေါ်လာတယ်။ အပြတ်ဂွမ်းကုန်တယ်။ တချို့တဝက်ပြန်ရတာတောင် သိန်းပေါင်းသောင်းချီပဲ။

ပြည်သူ့အစိုးရသစ်က သယံဇာတတွေ နည်းမျိုးစုံနဲ့ထုတ်ယူနေတာကို စည်းကမ်းတင်းကျပ်တယ်။ သွင်းကုန်တွေကို ထိထိရောက်ရောက် အခွန်ကောက်တယ်။ ပြည်တွင်းမှာလည်း အခွန်ကောက်နိုင်အောင် ကြိုးပမ်းနေတယ်။ လူဦးရေ ၅၂သန်းကျော်ရှိတဲ့နိုင်ငံမှာ ဝင်ငွေခွန်ပေးဆောင်သူက နှစ်သိန်းကျော်ပဲ ရှိပါသတဲ့။ ထိပ်တန်း အခွန်ပေးဆောင်သူ စာရင်းထဲမှာ နာမည်ကြီးလုပ်ငန်းရှင်အနည်းစုပဲတွေ့ရပြီး အများစုက ဒီစာရင်းမှာ မတွေ့ရ။

စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ပြီး အခွင့်ထူးခံခဲ့ကြတော့ အများနဲ့ပြိုင်ဆိုင်လုပ်ရမဲ့ ဈေးကွက်စီးပွားရေးအစစ်ကို သွားဖို့ လက်တွန့်နေတယ်။ နိုင်ငံတကာနဲ့ယှဉ်ဖို့ခဏထား၊ အိမ်နီးချင်းထိုင်းနဲ့ယှဉ်ဖို့တောင် အနှစ်နှစ်ဆယ်လောက် နောက်ကျန်ခဲ့ပြီ။

ပြည်တွင်းမှာ SME တွေမဖေါ်ထုတ်နိုင်တော့ အလုပ်အကိုင်မရှိကြ။ ဒီလိုနဲ့ မြန်မာလေးသန်းကျော်လောက် ထိုင်းမှာ၊ မလေးမှာ၊ စလုံးမှာ၊ ' ' သခင်မျိုးဟေ့ တို့ဗမာ ' ဆိုတာ ကျောင်းသုံးစာအုပ်ထဲမှာပဲ ရှိတော့တဲ့အခြေအနေ။

ဒီအခြေအနေကနေရုန်းထွက်နိုင်ဖို့ ရင်းနှီးမြှုတ်နှံမှုဥပဒေတွေ ပြန်လည်ပြင်ဆင်၊ SME တွေတိုးတက်ဖို့၊ ဘဏ်လုပ်ငန်းကို လူတွေ ပြန်လည်ယုံကြည်လာစေဖို့၊ အလုံးစုံပျက်သုံးနေတဲ့စိတ်ဓါတ်တွေ ပြန်လည်ပြင်ဆင်ဖို့ အစိုးရသစ်ကို အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်။ ပေါ်လစီတွေရဲ့ အားနည်းချက်၊ အကောင်အထည်ဖေါ်နေသူတွေရဲ့ အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ပြည်သူ့အစိုးရဟာ လမ်းမှန်ပေါ်လျှောက်နေတာက အသေအခြာပါပဲ။ အမှားတွေထဲ သင်ခန်းစာယူပြီး ရိုးသားမှုခိုင်ခိုင်မာမာနဲ့ right direction ကို သွားနေတယ်လို့မြင်တယ်။ ရှိသမျှထုတ်ရောင်းစီးပွားရေးကနေ လူသားရင်းမြစ် စီးပွားရေးကို ပြောင်းနေတဲ့ကာလမို့ သည်းခံစောင့်ပြီး အားပေးသင့်တယ်။

အားပေးမှုမလုပ်ပဲ ကန့်လန့်တိုက်ပြီး ဆန့်ကျင်နေသူတွေက တော့ အစိုးရသစ်အနေနဲ့ ငွေတွေမလည်ပတ်နိုင်၊ ငွေစက္ကူတွေထပ်ရိုက်၊ ငွေဈေးကြ၊ ကုန်ပစ္စည်းဈေးတက် စီးပွားပျက်ပြီး failed state ဖြစ်အောင်ထိ ရည်မှန်းထားကြပုံပဲ။

အထွေထွေအကျပ်ရိုက်လာရင် ဘာသာရေး၊ လူမျိုးရေးမှိုင်းလုံးတွေနောက်က လိုက်လာတော့မယ်ဆိုတာကတော့ လူတိုင်းသိပြီးမို့ပြောစရာမလို။ လူအုပ်စုကြီးတွေနဲ့ သတ်ဖြတ်၊ အိမ်တွေဖြို၊ ဆိုင်တွေဖျက်အထိရောက်လာအောင် နောက်ကွယ်က သွေးထိုးပေးနေတဲ့သူတွေမနည်းလှ။ မုန်းတည်းရေးတရားဟောနေတဲ့ ခေါင်းဆောင်တွေလည်း ရှိနေကြတယ်။ သူတို့တွေက မုန်းရမယ်လို့ ပြောနေတဲ့ လူတွေကလည်း ဒီအစိုးသစ်က ခေါ်သွင်းခဲ့တဲ့သူတွေမဟုတ်ပဲ အရင်အစိုးရအဆက်ဆက်လက်ထက်မှာထဲက ဝင်ရောက်လာခဲ့သူတွေ ဖြစ်နေလေရဲ့။ အရင်အစိုးရအဆက်ဆက်လက်ထက်မှာ သပိတ်စခန်းမဖွင့်ပဲ အလွန်နောက်ကျစွာ ခုမှသပိတ်စခန်းဖွင့်ရသလား လို့ပဲ မေးရမလိုပဲ။

ကိုယ့်အချင်းချင်း ရန်ဖြစ်နေရင် ဘယ်သူပဲနာနာ မြန်မာပြည်သားတွေပဲ နစ်နာတယ်လို့ မြင်တတ်နေပြီဖြစ်တဲ့ ပြည်သူတွေကတော့ နပ်နေပြီ။ အပွေးမြင် အပင်သိနေကြပြီ။ ဒီလူတွေရဲ့ထောင်ချောက်ထဲဝင်မဲ့ပုံ မမြင်ရ။ နှစ်ကျပ်ကွက်နဲ့တက်လာလို့ကတော့ တောက်ချလိုက်မယ်ဆိုတဲ့ ပြည်သူတွေဖြစ်နေကြပြီ။ ကြက်ဒုက္ခသည်တွေရဲ့ ကြက်ခြင်းထဲပြန်ဝင်နိုင်ရေး နှစ်ကျပ်ကွက်တွေကတော့ အောင်မြင်ဖို့လမ်းမမြင်ဟုသာ ပြောချင်ပါတယ်ဗျာ။

မြန်မာပြည်သား သူငယ်ချင်း မိတ်ဆွေအပေါင်း အေးချမ်းသာယာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment