ဒီနေ့ ငယ်သူငယ်ချင်းတယောက် ဆုံးသွားတယ်လို့ ဖေ့ဘုတ်ထဲမှာ ဖတ်ရတယ်။ သူနေမကောင်းဖြစ်နေတဲ့ပုံတွေ တွေ့ပေမဲ့ ဒီလောက်မြန်မယ်မထင်မိ။ သွားနှင့်ပြီပေါ့တယောက်။
ဒီခရီးက လူတိုင်းသွားရမှာပေမဲ့ ပုထုဇဉ်ပီပီ ကိုယ့်သူငယ်ချင်းတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေကို နောက်ဆုံးမှ သွားစေချင်ကြတာ သဘာဝ။
ငယ်သူငယ်ချင်းတွေဆိုတာ ဆိုးတူကောင်းဖက် ကြီးလာကြလေတော့ အမှတ်ရစရာတွေများတာမို့ တစ်ယောက်ဆုံးတယ်ကြားရင် စိတ်ထဲမချိ။ နေနိုင်တဲ့အချိန်တွေရှိသေးတာပဲ၊ စောလွန်းတယ်လို့ပဲ ထင်မိတယ်။
သေခြင်းကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြတယ်။ တချို့ကလည်း ခရီးရှည်တစ်ခုကို ထွက်သွားတာတဲ့။ တချို့ကတော့ ငြိမ်းချမ်းစွာ အိပ်စက်အနားယူခြင်းတဲ့။ အမိန့်တော်ခံယူခြင်းတဲ့။ သံသရာကိုယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းခြင်းလို့ လက်ခံထားကြတယ်။
'သင်သေသွားတဲ့အခါ ဒီထက်ထူးခြားတဲ့ အတွေ့အကြုံသစ်တွေကို တွေ့ကြရမယ်' လို့ တွေးတောပြီး သေခြင်းတရားကို ရင်ဆိုင်ခဲ့တဲ့ အတွေးအခေါ်ပညာရှင်တွေလည်းမနည်းလှ။
ကျွန်တော်ကတော့ မကြာခဏ ခရီးသွားသူမို့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုလို မြင်မိတယ်။ ထွက်သွားသူက ထွက်သွားကြသလို အသစ်ဝင်လာကြသူတွေက ဝင်လာနေကြတဲ့ပုံရိပ်တွေ။
တစ်ခုသော မွေးနေ့မှာ ဒီအကြောင်းလေးရေးဖူးပါတယ်။ ကုသိုလ်နဲ့အကုသိုလ်ဆိုတဲ့အထုတ်တွေ ဆွဲပြီး သုံးဆယ့်တစ်ဘုံလေဆိပ်ဝမှာ အစစ်ခံရတဲ့အကြောင်းလေးပေါ့။ လေဆိပ်မှာ စစ်တဲ့သူက " မင်းမှာ ကုသိုလ်အထုတ်လေးနည်းနည်းပိုပါတယ်။ နတ်ပြည်ထိလဲပို့မရ။ ဒါကြောင့် လူ့ပြည်ပတ်စ်ပို့နဲ့ ဝင်ခွင့်ဗီဇာပေးလိုက်မယ် " ဆိုပြီး လူ့ပြည်ဝင်ခွင့်ပေးခဲ့တယ်။ ဆိုက်ရောက်နေ့စွဲတုန်းလေးနဲ့ပေါ့။
မွေးနေ့ဟာ လူ့ပြည်ကိုရောက်တဲ့နေ့စွဲ arrival date ပေါ့။ ပြန်ထွက်ရမဲ့နေ့ expired date သက်တန်းကုန်မဲ့ တံဆိပ်တုံးကတော့ မထုထားသေးဘူး။ လူ့ပြည်မှာနေထိုင်ခွင့် သက်တန်းကုန်မှ ဒီတုံးကို ထုပေးမှာ။ ဒီကြရင်တော့ သုံးဆယ့်တစ်ဘုံလေဆိပ်မှာ ပြန်တန်းစီပြီး သက်ဆိုင်ရာဘုံတွေဝင်ဖို့ အဝင်တုံး ပြန်ထုရမှာပေါ့လေ။
သူငယ်ချင်းကတော့ လူ့ပြည်ကနေ အထွက်တုံးထုပြီး ထွက်သွားနှင့်ပြီ။ ကိုယ်ကိုတော့ ဘယ်နေ့မှာ အထွက်တုံးထုပြီး ထွက်ခွာရမယ်ဆိုတာ မသိသေးပါ။
ရဟူဒီဘာသာက မြစ်ဖျားခံခဲ့တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ယုံကြည်သူတွေ သေပြီးရင် ထာဝရဘုံဖြစ်တဲ့ Heaven ကို သွားရမယ်လို့ ယုံကြည်ကြတယ်။ သူတို့အယူအဆကတော့ မြေမှုန်မှဖန်ဆင်းခဲ့တဲ့ ခန္ဓာကိုယ်က မြေမှုန်ဘဝပြောင်းတယ်။ ဝိဉာဉ်ကတော့ Heaven ရောက်သွားတယ်ပေါ့။ အရင် သေနှင့်သူ မိဘဆွေမျိုးတွေနဲ့ ပြန်ဆုံရမယ်လို့ ယုံကြလေရဲ့။ သေပြီးတဲ့နောက်မှာ ဘာဖြစ်နေမယ်ဆိုတာကိုတော့ သိပ္ပံနည်းကလည်း သက်သေမပြနိုင်ကြသေး။
ဗုဒ္ဓအလိုကတော့ နိဗ္ဗာန် မရောက်သေးကြသရွေ့ သံသရာလည်နေကြဦးမှာပဲလေ။ ဘဝတစ်ခုခုမှာတော့ ကွယ်လွန်သွားကြတဲ့ မိဘဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံကြဦးမှာပါပဲ။ ဒီဘဝမှာတော့ သူတို့က ရှေ့ကသွားနှင့်ကြပြီ။ ကိုယ်တွေက နောက်ကလိုက်ကြရမှာပဲ မဟုတ်ပါလား။
ဒီလိုပြန်ဆုံကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မှတ်မိကြမှာတော့မဟုတ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဒီဘဝကနေ ဟိုဘဝကိုပြောင်းပြီး ပြန်ဆုံကြရမှာ ဝမ်းသာစရာပဲမဟုတ်ပါလား။
သေခြင်းတရားအား ပျော်စရာခရီးတစ်ခုဖြစ်မှာပါလို့ စဉ်းစားပြီး ကိုယ့်ကို လူ့ပြည်က အထွက်တုံးထုပေးမဲ့ နေ့ကို စောင့်နေပါကြောင်း မိတ်ဆွေ သူငယ်ချင်းများအား အကြောင်းကြားအပ်ပါတယ် ခင်ဗျား။
နောင်ဘဝမှာလည်း ဒီလူတွေနဲပဲ ပြန်ဆုံချင်တဲ့...
မောင်လူပေ
( အဝိဇ္ဇာနဲ့တဏှာကိုကုန်အောင် မဖြတ်နိုင်သေးတဲ့အတွက်၊ အရိယာမဖြစ်နိုင်သေးတဲ့အတွက်၊ စိတ်ပုတီးနဲ့ ရိပ်ကြီးမခိုနိုင်သေးတဲ့အတွက်၊ တောမထွက်နိုင်သေးတဲ့အတွက် ရေးတဲ့စာ။)
No comments:
Post a Comment