Wednesday, September 27, 2017

အားလည်းနာတယ်(၉)

အားလည်းနာတယ်(၉)

အမျိုးတွေထဲက ရှမ်းသို့မဟုတ်သျှမ်းတို့အကြောင်း

မောင်လူပေရဲ့အဖွားက ရှမ်းသွေးတဝက်ပါတယ်။ ဒါကြောင့်မောင်လူပေမှာရှမ်းသွေးဆယ်ပြားလောက်တော့ကျန်မယ်ထင်တယ်။ တောင်ပေါ်ရှမ်းလား မြေပြန့်ရှမ်းလားတော့မသိ။ မြေပြန့်ရှမ်းတွေကလည်း မြန်မာပြည်အနှံ့နေထိုင်ကြတာ။ တောင်ငူ၊ ဖြူးတဝိုက်ဆိုရင်လည်း ရှမ်းရွာတွေ လက်ညှိုးထိုးမလွဲ။

မြန်မာပြည်မှာ နှစ်ထောင်ချီပြီးနေခဲ့ကြတဲ့ အမျိုးတွေမို့ အချင်းချင်းတွေ သွေးရောခဲ့ကြမှာပဲ။ အနည်းအများပဲကွာမယ်။ အင်းဝ၊ ဟံသာဝတီနှစ်လေးဆယ်စစ်ပွဲအကြောင်းတွေရေးဖို့ လေ့လာရင်းမှ သိလာရတာတစ်ခုလည်းရှိရဲ့။ အဲဒါကတော့ အင်းဝမင်းဆက်တွေဆိုတာလည်း ရှမ်းအနွယ်ဝင်တွေ ဖြစ်နေခြင်းပါပဲ။

ရှမ်းတွေရဲ့မူလအစက ယူနန်ကုန်းမြင့်ကနေ ထိုင်း၊ လာအိုအထိ အကြီးကြီး။  တချိန်က ပျူနိုင်ငံတွေကို ဖျက်ဆီးခဲ့တဲ့နန်ကျောင်(နန်းစော) အနွယ်တွေပေါ့။  မြန်လူမျိုးတွေက နန်းစောတပ်ထဲက လူတွေ။ သူတို့နှိပ်စက်လို့ ဧရာဝတီလွင်ပြင်ကိုဆင်းလာပြီး နိုင်ငံထူထောင်ရာက မြန်မာနိုင်ငံရယ်လို့ ဖြစ်လာခဲ့တာ။

မြန်မာရယ်၊ နန်ကျောင်ရယ်နိုင်ငံနှစ်ခုကလည်း မွန်ဂိုတာတာတွေဝင်တိုက်လို့ ဆယ့်သုံးရာစုမှာပျက်သွားပါရော။ နန်ကျောင်အပျက်မှာ ရှမ်းတွေဟာ မြန်မာပြည်ထဲကို အလုံးအရင်းနဲ့ဝင်လာခဲ့ကြပါတယ်။

ကချင်ပြည်နယ်ထဲရောက်နေတဲ့ ကသာချိုင့်ဝှမ်းထဲက မိုးညှင်း၊ မိုးကောင်းဆိုရင် တစ်မြို့လုံးရှမ်းတွေဗျ။ သူတို့ကရှမ်းနီတဲ့။ ရှမ်းပြည်ကရှမ်းက တိုင်း(ထိုင်း)လုံလို့ခေါ်တဲ့ရှမ်းကြီးတဲ့။ ရှမ်းက မျိုးကွဲတွေများမှများ။ ဒါကြောင့်လည်း အချင်းချင်းမတည့်ကြတာများတယ်။ ရှမ်းနီကတော့ အလွန်မြန်မာဆန်တဲ့ရှမ်းတွေ၊ သူတို့ရဲ့အဆက်အနွယ်တွေကပဲ အင်းဝခေတ်ကို ထူထောင်ခဲ့ကြတာပဲ။ မြန်မာရှမ်းကပြားဘုရင်တွေပေါ့။

ပုဂံမင်းကျော်စွာကို ရှမ်းညီနောင်တွေနန်းချတယ်။ ပင်းယနဲ့စစ်ကိုင်းထူထောင်တယ်။ နန်ကျောင်ပျက်လို့ပြေးဝင်လာတဲ့ရှမ်းတွေက မိုးကောင်းအခြေပြုပြီးနယ်တွေတည်တယ်။ ပုဂံပိုင်ခဲ့တဲ့ကျောက်ဆည်တဝိုက်ကိုလည်း ရှမ်းညီနောင်သုံးဦးကပဲ အုပ်စိုးထားတာ။ အာသံ၊မဏိပူရအထိ ပိုင်စိုးခဲ့ကြသတဲ့။ ပင်းယဘုရင်လည်း ရှမ်းတွေလက်ထဲကျပြီး မိုးကောင်းကိုပါသွားလို့ ပင်းယပျက်တယ်။ ဒီခေတ်တွေကို ရှမ်းမင်းဆက်များရဲ့နှစ်လို့ခေါ်တယ်။

ပင်းယပျက်ပြီးဆုတ်လာတဲ့မြန်မာတပ်ကိုဦးဆောင်လာသူကလည်းရှမ်းစပ်ပဲ။သတိုးမင်းဖျားတဲ့။  အင်းဝကိုစတည်ခဲ့တဲ့ဘုရင်ပေါ့။ သူ့မိဘုရားစောဥမ္မာဆိုတာလည်း ရှမ်းမလေးပဲ။ မြင်သူရူးလောက်အောင်လှလို့ ဥမ္မာလို့အမည်ရတာ။ ပင်းယပျက်သွားတာလည်း ရှမ်းစော်ဘွား သိုဟန်ဘွားခေတ်မှာပဲ။

ဒုတိယမြန်မာနိုင်ငံထူထောင်ခဲ့တဲ့ ဘုရင့်နောင်လက်ထက်မှပဲ ရှမ်းပြည်တစ်ခုလုံးက မြန်မာလက်အောက်ရောက်သွားတာ။ မိုးကောင်းစော်ဘွားကိုတိုက်ပြီး အနိုင်ရသွားခဲ့တယ်။ အရင်အတိုင်းကိုယ့်နယ်ကိုယ်အုပ်ချုပ်ရတဲ့စော်ဘွားရာထူးတွေဆက်ပေးတယ်။ မြန်မာဘုရင်ကိုအခွန်ဆက်ရတယ်။ စော်ဘွားတွေရဲ့သမီးတွေကို မိဘုရားမြှောက်တယ်။ (ဓါးစာခံခေါ်တဲ့သဘော) မြန်မာဘုရင်တွေနဲ့ရှမ်းမလေးတွေကနေပေါက်ဖွားတဲ့ မြန်မာရှမ်းကပြားလေးတွေလည်းနည်းမယ်မထင်။

မူလနန်ကျောင်ရဲ့အထက်ပိုင်းကယူနန်ပြည်နယ်ဆိုပြီး ဟန်ချိုင်းနိစ်တွေနယ်ထဲရောက်၊ အလယ်ပိုင်းက မြန်မာနယ်ထဲရောက်၊ အောက်ပိုင်းက ထိုင်းနဲ့လာအိုဖြစ်ပေါ့လေ။ မြန်မာနယ်ထဲရောက်နေတဲ့ ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ လေးပုံတစ်ပုံခန့်နီးပါးကျယ်ပါတယ်။ ရှမ်းပြည်ကိုမြန်မာတွေက မောဝ်မြေလို့ခေါ်တယ်။ မောဝ်လူမျိုးစုတွေက လာအိုနယ်ထဲလည်းမနည်းလှ။ တောင်ပေါ်သားတွေများတယ်။

ပုဂံခေတ်မှာတော့  မြန်မာနယ်ထဲမှာ ရှမ်းနည်းနည်းပဲရှိခဲ့ပုံရတယ်။ ဒါပေမဲ့ ရှမ်းမလေးတွေရဲ့အလှဂုဏ်က မနည်းခဲ့ဘူးရယ်။ ပုဂံပြည့်ရှင်အနော်ရထာမင်းရဲ့ မိဘုရားတစ်ပါးဖြစ်တဲ့စောမွန်လှဆိုတာလည်း အလွန်လှတဲ့ရှမ်းမလေးဆိုပဲ။ ပုဂံခေတ်က မြန်မာနဲ့ ရှမ်းရဲ့အချစ်ဇာတ်လမ်းလေးပြောပြချင်တယ်ဗျာ။

ပုဂံပြည့်ရှင်အနော်ရထာက တရုတ်ကိုစစ်ချီပြီးပြန်လာတာတဲ့။ (တရုတ်ဘုရင်ကြီးဦးတီပွားဆီက စွယ်တော်သွားပင့်တာ။ စွယ်တော်က မြန်မာပြည်ကိုမလိုက်ချင်လို့ ပင့်မရဘူးဆိုပဲ။ စွယ်တော်က အဲဒီအချိန်ထဲက မြန်မာပြည်ရဲ့အနာဂတ်ကို ကြိုသိနေပုံ။  ဒါနဲ့စွယ်တော်ပွားဆိုတဲ့လေးဆူပင့်ပြန်လာခဲ့ရတာ။ ပုဂံက စွယ်တော်လေးဆူစေတီပေါ့။ ရွှေဖျင်းညီနောင်လည်း အဲဒီကအပြန်အသတ်ခံရတယ်တဲ့။ အဲ့ဂလိုပါးစပ်ရာဇဝင် ထဲက ဇာတ်လမ်းပေါ့။) မောဝ်တို့မြေအရောက် စောဘွားကြီးသမီးကို ပုဂံမြေသို့မ, လာပြီးမိဘုရားမြှောက်တယ်ပေါ့။ မိုးကောင်းစော်ဘွားသမီးလို့ ပြောကြရဲ့။ စော်ဘွားကြီးက လယ်ယာစိုက်ပျိုးရေးချန်ပီယံရှမ်းတွေပါထည့်ပေးလိုက်သေးတယ်။ ရှမ်းလယ်သမားကြီးတွေက ဆည်ဆောက်တာလည်းအလွန်တော်သတဲ့။ ကျောက်တုံးတွေနဲ့ဆည်ဆောက်၊ ရေသွင်းပြီးလယ်ကွင်းတွေဖေါ်ခဲ့လို့ ကျောက်ဆည်ရယ်လို့ ဖြစ်လာတာ။ ဒီနယ်တွေကို ကြီးစိုးတဲ့ရှမ်းညီနောင်သုံးဦးဆိုတာ သူတို့အနွယ်တွေပဲ။

ရှမ်းညီနောင်သုံးဦးရဲ့အဖေကြီးက ခွန်ဆိုင်ခမ်းဖန်း(သင်္ခဗိုလ်) တဲ့။ သားကြီးက ခွန်အိုက်ဆိုင်ခိုင်(အင်္သခယာ မြင်စိုင်းစား)။ သားလတ်က ခွန်ယီဆိုင်ကမ်( ရာဇသင်္ကြန် မက္ခရာစား) ။ သားငယ်က ခွန်ဆမ်ဆိုင်ဆိုင် (သီဟသူ မြစ်သာစား) တို့ပါပဲ။ တရုတ်ပြေးမင်းလို့နာမည်တွင်တဲ့ နရသီဟပတေ့ရဲ့လူရင်းတွေ။ ငယ်ငယ်က မြင်စိုင်းသားတို့မက္ခရာဓါးတို့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေပေါ့။

မွန်ဂိုတပ်ကို ကျိုင်းတုံအထိသွားခုခံတဲ့မြန်မာတပ်ကိုလည်း ဒီရှမ်းညီအကိုထဲက အကြီးနှစ်ယောက်ဦးဆောင်ရသတဲ့။ မွန်ဂိုတွေပုဂံမရောက်ခင်ကပဲ နရသီဟပတေ့(ခြင်္သေ့ကဲ့သို့ရဲရင့်သူ) လို့အမည်ရတဲ့မြန်မာမင်းက ပြေးနှင့်ပြီ။ ခြင်္သေ့ဆိုရင် တရုတ်ကိုကြောက်ရတာ အဲဒီခေတ်ထဲက။ ပြေးတာမှ မြစ်ဝကျွန်းပေါ်ရောက်သတဲ့။မွန်ဂိုတပ်ကလည်း နောက်ကလိုက်တာ ပင်လယ်ဝ အထိဆိုပဲ။ မြစ်တွေများလို့ ဘယ်ကိုလိုက်ရမှန်းမသိမှ လှည့်ပြန်ကြသတဲ့။ မွန်ဂိုတွေပြန်လှည့်သွားတဲ့အငူကို တရုတ်မြှော်အငူ၊ မွန်ဂိုလိုက်လို့ပြေးရတဲ့မြန်မာမင်းကို တရုတ်ပြေးမင်းလို့ မှတ်တမ်းဝင်သွားတယ်။ (ဆရာထင်လင်းဦးစကား ငှားပြောကြည့်တာ။)

မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ဆိုတဲ့မြို့တွေတည်ခဲ့တာရှမ်းမျိုးဆက်မင်းတွေပေမဲ့  မြန်မာတွေအများစုနဲ့ရောသွားပြီး ရှမ်းကြာတော့မြန်မာဖြစ်ဆိုတဲ့စကားအတိုင်း ရှမ်းမြန်မာကပြားတွေဖြစ်ကုန်ကြရောပေါ့။

အနော်ရထာအကြောင်းရေးနေရင်း ရှမ်းညီနောင်သုံးဦးဆီရောက်သွားလို့ မူလဇာတ်ကောင် စောမွန်လှဖက်လှည့်ဦးမှ။
စောမွန်လှက ရှမ်းမလေးပီပီ အသားလေးဖြူဝင်းပြီးအလွန်လှသတဲ့။ ရှမ်းမလေးတွေပေါတယ်ချောတယ်၊ အေးချမ်းလှတဲ့ဌာနီဝယ်၊ ပါးကလေးတွေနီမြန်းလို့ရယ်၊ ချစ်စရာကောင်းလှပေတယ်၊ ကြိုက်စရာကောင်းလှပေတယ်ပေါ့ဗျာ။ ချောတဲ့မိန်းမကို မကြိုက်တဲ့သူ ဘယ်သူရှိပါ့မလဲ။ အလွန်လည်း လိမ္မာယဉ်ကျေးသူလေးတဲ့။ ဒါနဲ့ပဲ အနော်ရထာရဲ့အသည်းစွဲဖြစ်သွားရောပေါ့။ ဒီတော့ ကျန်တဲ့မိဘုရားတွေက မနာလို။ ဂုန်းတွေချောပေါ့လေ။ ဒီရှမ်းမက စုန်းမ၊ နားဋောင်းက
မီးလင်းတယ်ဘာညာပြောတော့ အနော်ရထာကစုံစမ်းခိုင်း၊ ဟုတ်နေတယ်ဆိုပဲ။

စောမွန်လှနားဋောင်းက ဘုရားဓါတ်တော်တွေရှိတယ်ဆိုလား။ ကြံကြံဖန်ဖန်ဗျာ။ ထည့်စရာရှားလို့။ နားဋောင်းထဲထည့်ရတယ်လို့နော်။ ဒါကြောင့် ဓါတ်တော်မြူးတာတဲ့။ ပုဂံပုံပြင်ကို ဓါးထမ်းပြောကြရတာနော်။ မယုံရင်ပုံပြင်သာမှတ်။နားဋောင်းကကျောက်ကောင်းလို့ အရောင်လက်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့လေ။ ဒါနဲ့ပဲ အနော်ရထာက နှင်ထုတ်လိုက်သတဲ့။ ဒါနဲ့ မန်းလေးမတ္တရာလမ်းဘေးက စမ်းချောင်းနားမှာ နားဋောင်းကကျွတ်၊ မိုးပေါ်မှာ စာပတီးငှက်တွေရံပြီးပျံနေတယ်တဲ့။ ဒါနဲ့ နားဋောင်းကိုဓါပဌာပြီး စာတွေရံလို့ ရွှေစာရံလို့ သမုတ်ခဲ့တာတဲ့။

ဘုရားမုဋ်ဦးကိုရှမ်းပြည်ဖက်လှည့်တည်ထားသတဲ့။ အနော်ရထာက ဘုရားတည်တယ်ကြားတော့ မုဋ်ဦးကို ပုဂံဖက်လှည့်ရင်လွတ်စေ၊ ရှမ်းဖက်လှည့်ရင်သတ်စေဆိုပြီး နောက်ကလိုက်ကြည့်ခိုင်းတာသိလို့ စေမွန်လှကအဓိဌာန်နဲ့မုဋ်ဦးကိုဆွဲလှည့်တာ နယ်နှစ်ဖက်ကြားရောက်မှ အသက်ချမ်းသာတာဆိုပဲ။ (မြန်မာဘုရင်ကို ထိုးဇာတ်တွေနဲ့ လူကြမ်းလုပ်ထားထင်ပါရဲ့ဗျာ။ ဘုရားတည်တာလိုက်ကြည့်ခိုင်းပြီး မုဋ်ဦးလှည့်တာမှားရင်သတ်ဆိုတာ အနော်ရထာလိုဘုရင်က လုပ်မယ်မထင်ပါ။ ) ရှမ်းပြည်ဆက်တက်တော့ ဘုရားတွေတည်သွားတာ ကိုးဆူရှိသတဲ့။ ဘော်ကြိုဘုရားတည်ပြီးမှ ရင်ကွဲနာကျပြီးသေရှာသတဲ့။ (ခရီးပမ်းလို့နေမှာပေါ့ဗျာ။) လာကြိုတဲ့အမွှာမောင်လေးကလည်း သေပြန်လို့သီပေါနားမှာ မောင်နှမကို သင်္ဂြိုလ်ခဲ့ပါသတဲ့။

မြန်မာဘုရင် အနော်ရထာကလည်း စောမွန်လှလေးလမ်းမှာသေရှာတယ်ကြားမှ စိတ်မကောင်းတွေဖြစ်၊ အရင်ကချစ်ခဲ့တာတွေပြန်တွေးပြီး လွမ်းနေမိလို့ လွမ်းစေတီတည်စေတယ်ပေါ့။ ပါးစပ်ရာဇဝင်တွေကြားဖူးတဲ့အတိုင်းပြောပြတာ။ စောမွန်လှဆိုပြီး မြန်မာလိုရေးနေရပေမဲ့တကယ်ကတော့ စော်ဘွားသမီးမို့ စဝ်ပ်လို့ခေါ်ရမှာပါ။

စောမွန်လှရဲ့ရွှေစာရံစေတီနဲ့ နဋောင်းကျချောင်းပုံပြင်လေးက သနားစရာပါ။ ရွှေစာရံဘုရားပွဲကြရင်တော့ဒေသထွက် ထန်းရွက်ပုတီးလေးတွေ ထန်းရွက်ငါးလေးတွေနဲ့ပျော်ချင်ပါသေးတယ်။ ရွှေစာရံမှာ မြန်မာရှမ်းကပြားအမျိုးတွေနဲ့ဆုံတွေ့ရင်းပေါ့။

ချစ်တဲ့အမျိုးတွေ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment