Monday, September 18, 2017

အားလည်းနာတယ်(၅)

အားလည်းနာတယ်၊ ခင်လည်းခင်တယ်(၅)

အမျိုးတို့ရေ။ ဒီလိုပဲခေါ်ပါရစေ။ ချစ်သူ ခင်သူ သူငယ်ချင်း မိတ်ဆွေအပေါင်းဟာ အမျိုးတွေပါပဲ။ တိုင်းရင်းသား ညီအကိုတွေဆိုလည်း အမျိုးတွေပါပဲ။

အခုတလော တက်လာနေတဲ့ သတင်းတွေဖတ်ရင်းနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးအားကိုပိုသိလာတယ်။ တစ်ခုခုကို အခြေပြုပြီး ဆိုရှယ်မီဒီယာမှာ fake news သတင်းတုတွေ ဖန်တည်းလိုက်ရင် အတော်အလုပ်ဖြစ်ကြတာ။ လူအတော်များများက မြင်သမျှအမှန်ထင်တတ်ကြတော့ လှုံ့ ဆော်လို့ သိပ်ကောင်းပဲ။

ဒီနည်းကိုသုံးပြီး ဒေါ်နွယ်ထွန်းကြီးလည်း အမေရိကားမှာ သမ္မတဖြစ်လာတာပဲ။ အမေရိကားမှာတော့ ဆိုရှယ်မီဒီယာမှာ Facebook သိပ်မသုံးကြ။ Tweeter သုံးတာများတယ်။ ဒေါ်နွယ်ထွန်းက tweeterမှာ ပေါက်ကရတွေရေးတယ်။ သူ့ကို ဝေဖန်ထောက်ပြတဲ့ main stream media သတင်းတွေကို fake news တွေလို့ တိုက်ခိုက်တယ်။ တကယ့် fake news တွေနဲ့လုပ်စားနေပြီး သူ့ကိုထောက်ခံတဲ့ Fox လို media တွေကပဲ သတင်းမှန်လို့ ရေးတယ်။ သမ္မတလောင်းတစ်ယောက်အနေနဲ့ရော မီဒီယာကျင့်ဝတ်အနေနဲ့ရော စောင့်ထိမ်းရမဲ့ကျင့်ဝတ်တွေ တစ်ခုမှ မလိုက်နာဘူး။ လူပြိန်းကြိုက်တွေ အကုန်ရေးတာပဲ။ လူပြိန်းတွေသူ့ကိုအရမ်းကြိုက်လာကြပြီး သမ္မတကြီး ဖြစ်လာလေသတည်းပေါ့ဗျာ။

အမေရိကားလိုနေရာမှာတောင် လူပြိန်းတွေ ဒီလောက်များရင် မြန်မာပြည်လိုနေရာမှာ ပြောဖွယ်မရှိတော့ဘူး။ ဖြစ်နေတဲ့အခြေအနေကို လုပ်စားဖို့က ဒီလိုလူပြိန်းတွေက အလွန်အားကိုးရတယ်။ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းသုံးတဲ့မီဒီယာလေ။ ဘယ်သူမှ မီဒီယာသင်တန်းမတက်ထားဘူး။ မီဒီယာကျင့်ဝတ်လည်းမသိဘူး။ မရေးတတ်ရင်တောင် ရှယ်တတ်ကြတော့ မှားလားမှန်လားမခွဲခြားတတ်တော့ပဲ တွေ့သမျှအဟုတ်ထင်ရင်း အကုန်ရှယ်ကြတော့ လုပ်စားဖို့စောင့်နေသူတွေကို အခမဲ့အကျိုးဆောင်ပေးနေသလိုပဲ။

မောင်လူပေတို့ရဲ့ ရွှေပြည်ကြီးမှာ ဒီအဆင်တွေ ဖြစ်နေတာကြာပါပြီ။ ဒါကြောင့်လည်း စာတွေ ရေးခဲ့ပါတယ်။ ရေးပြီးမကြာခင် ဖြစ်ပါတယ်။ ဖြစ်လာတော့လည်း လုပ်စားမဲ့သူတွေဆင်ထားတဲ့ခွင်ထဲကို အများစုက ပြေးဝင်နေကြတာပဲ တွေ့နေရပါတယ်။

အရေးအခင်းတစ်ခုဖန်တည်းဖို့က မီးစကိုစောင့်ရတယ်။ လောင်စာစုရတယ်။ ပြီးရင် အချိန်ကိုက် ဖေါက်ခွဲတတ်ရတယ်။ ဒါဆိုရပြီ။ ဒီခွင်အတိုင်းပဲ အရေးအခင်းကြီးတွေ ဖြစ်လာကြတာ။ အောင်မြင်တာလည်းရှိတယ်။ မအောင်မြင်တာလည်းရှိမယ်။

လုပ်စားစရာခွင်ပြောက်နေတဲ့ လူတွေက အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးဆိုတဲ့ မီးစတွေကို ဆွဲဆွဲထုတ်ပြီး မီးမွှေးဖို့ လုပ်နေကြတယ်။ လက်ရှိအခြေအနေကို အသုံးချဖို့ ကျိုးစားနေကြတယ်။ လောလောဆယ် ရခိုင်အရေးမီးစက အဆင်သင့်။ လောင်စာဖြစ်တဲ့ အမုန်းတရားတွေက ရှိနှင့်ပြီးသား။ နှစ်ဖက်လုံးမှာ ခံစားချက်တွေနဲ့အပြည့်။ အချိန်ကိုက် ဖေါက်ခွဲတတ်ရင်ရပြီပဲ။

ဒီအတွက်အသုံးချလာတာက ဆိုရှယ်မီဒီယာတွေကိုပေါ့။ အကြမ်းဖက်အဖွဲ့ကလည်းသုံးတာပဲ။ လူတိုင်းနည်းပါးစမတ်ဖုံးကိုင်တဲ့ခေတ်ကို အကျိုးရှိရှိအသုံးချနေကြလေရဲ့။ နှစ်ဖက်လုံးမှာရှိတဲ့ ရှေးရိုးစွဲ အစွန်းရောက်တွေက အဓိက အခန်းကနေ ပါဝင်နေကြတယ်။ အစွန်းရောက်တာပြသနာမဟုတ်ပေမဲ့ အကြမ်းဖက်လာတာပြသနာ၊ အကြမ်းဖက်မယ်လို့ ကောလဟာလတွေ လွှင့်ပေးနေတာကပြသနာ။

ပြည်တွင်းပြည်ပ သတင်းဌာနတွေကလည်း တကယ့်အဖြစ်အပျက်အမှန်မသိကြပဲ ထင်ရာတွေ ကြားရာတွေရေးကြတာ ဖတ်နေကြားနေရတယ်။ ဇာတ်နာအောင် လုပ်ဇာတ်တွေထည့်လိုက်ကြတာ မနည်းလှ။ စစ်အစိုးရအဆက်ဆက်လုံးခြာလည်နေတဲ့ဇာတ်လမ်း။ အရင်အစိုးရခေတ် ၂၀၁၂မှာတော့ ရခိုင်ကမုဒိန်း၊လူသတ်မှုကို ရာဇဝတ်မှုအနေနဲ့အရေးယူတဲ့ကြားက လက်ပါးတော်စွမ်းအားရှင်တွေလွှတ်ပေးပြီး အမှုနဲ့မသက်ဆိုင်တဲ့ ဗလီဆရာတွေကိုသတ်၊  အလောင်းပုံတွေဖြန့်၊ တပြည်လုံး ပြသနာတက်။ ဒီလိုနဲ့သွေးချောင်းစီး။ အယုံအကြည်တွေပျက်ကြ။ နှစ်ဖက်အတူနေရမတော့ပဲ မုန်းတီးမှုတွေပိုဖြစ်။

ဒီအဖြစ်က အခြေခံရှိခဲ့တော့ ယခုမောင်တောအရေးကိုလည်း ဒီအတိုင်းပဲထင်ပြီး ပြည်ပမီဒီယာတွေမှာရေးနေကြတာ။ သတင်းမှန်လားမှားလား မသိနိုင်တော့ဘူး။ မူဆလင်တွေဆိုတာလည်း ဒါတွေကြားသိရတော့ မခံနိုင်ကြ။ ဆူကြပူကြ ဆန္ဒတွေပြကြ။ ဆိုရှယ်မီဒီယာက fake news တွေမွှေချက်က တကမ္ဘာလုံးဗြောင်းဆန်။

ရခိုင်မီးစကို ပြည်မထဲဆွဲသွင်းဖို့ အသဲအသန်ကျိုးစားနေကြတာမြင်နေရတော့ ရင်မောမိတာအမှန်ပါ။ ကောလဟာလတွေကလည်းပေါင်းစုံပဲ။ အတိုင်ပင်ခံရုံးကတောင် ကြေညာချက်တွေထုတ်ရတဲ့အထိပဲ။  ပြည်ပမှာဗြောင်းဆန်တာလောလောဆယ်ပြသနာမဟုတ်ပေမဲ့ ပြည်မထဲမှာမီးတောက်ရင် ရွှေပြည်ကြီးအတွက် ပြသနာ။ နောက်တခါ လာပြန်ချီသေးဆိုတဲ့ ဘင်သံတွေနဲ့ ပိပြားရေးခေတ်ကို ပြန်ရောက်ပေဦးတော့မယ်။

အထာနပ်နေကြတဲ့ ပြည်သူအများစုက နှစ်ဖက်လုံးကို ထိန်းနိုင်ကြမယ်လို့ ယခုတိုင် ယုံကြည်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ ဖွဲ့စည်းထားကြတဲ့အတွက် ဒီအဖွဲ့တွေကလည်း ထိန်းကြပါလိမ့်မယ်။ ဆိုရှယ်မီဒီယာပေါ်ကနေ ရိုင်းစိုင်းစွာ နှစ်ဖက်လုံးက ရေးသားနေသူတွေအတွက်တော့ ဘာမှပြောစရာမရှိ။ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာပဲ။

လောလောဆယ်မှာ အကြမ်းဖက်သမားတွေကြောင့် ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို တတ်နိုင်သ၍အကူအညီပေးဖို့ပဲ မောင်လူပေတို့ကတော့ လုပ်ပေးနိုင်ပါတယ်။ အမျိုးတို့လည်း ဝိုင်းဝန်းပေးကြပါ။ နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကတော့ အစိုးရရှင်းပါလိမ့်မယ်။ အကြမ်းဖက်မယ်ဆိုတဲ့ ကောလဟာလတွေကြားမှာ တောကြောင်တွေလက်ခမောင်းခတ်မဲ့အရေးကိုပဲ နှစ်ဖက်စလုံးက မြန်မာပြည်သားတွေပီပီ စောင့်ကြည့်ပေးကြပါစို့လို့ နှိုးဆော်အပ်ပါတယ်ဗျာ။

မြန်မာ့ပြည်ကြီး အေးချမ်းပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment