အားလည်းနာတယ် ခင်လည်းခင်တယ်(၂)
ကိုသူရစကားလုံးလေး ငှားသုံးရတာ နှစ်ခါရှိပါပြီ။ တကယ်ကိုခင်ရသူတွေမို့ အားနာရတာပါ။
မောင်လူပေရဲ့မိတ်ဆွေသူငယ်ချင်းတွေက တကယ်ခင်ဖို့ကောင်းတယ်။ ဒါကြောင့်လည်း တခါတလေ ဆရာကြီးလုပ်မိသလိုတွေ ရေးမိတဲ့အခါ အားနာရတယ်။ ရေးဖို့ဝါသနာပါတာက သရော်စာ။ တွေးပြီး ပြုံးရတဲ့စာတွေ ကြိုက်တယ်။ သရော်စာကလည်း မရေးတတ်ရင် ဆဲသလိုဖြစ်မှာစိုးလို့ သိပ်မရေးဖြစ်။
ခုလည်း ရေးစရာလေးတွေ့လို့ ရေးမိပြန်ပေါ့။ လွန်တာရှိ ဝန္တာမိပါဗျာ။
အနောက်တံခါးဝက ပြသနာကို ပြည်မထဲအထိရောက်လာအောင် မီးထွန်းရှာချင်တဲ့သူတွေ ရှိနေပါတယ်။သတိထားကြပါ။ နှစ်ပေါင်းများစွာကြာနေတဲ့ ဒီပြသနာက ဘာသာရေးနဲ့ဘာမှမဆိုင်။ အိမ်နီးချင်းနိုင်ငံထဲက လျှံလာတဲ့လူတွေရဲ့နယ်လုပွဲသက်သက်။ အရင်နေသူတွေထွက်သွားရင် သူတို့ဝင်ပြီးနေရာယူတယ်။ ဒေသခံတွေ မနေနိုင်အောင် နည်းလမ်းစုံနဲ့ ကြိုးစားနေသူတချို့ကြောင့် အကြမ်းဖက်မှုတွေတိုးလာနေတယ်။
ပြည်မထဲမှာ ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်သူတွေ ရှိနေတယ်။ မီးပွားကိုစောင့်နေကြတယ် ဆိုတာကို သတိထားကြပါ။
တိုးတက်လာတဲ့ခေတ်မို့ ဖေ့ဘွတ်ကြီးမှာ သတင်းတွေက ချက်ခြင်းသိရတယ်။ ပုံတွေတက်လာတယ်။ ဒီတော့ အခြေအနေမှန်မသိပဲနဲ့ ကိုယ့်လူထိရင် နာတတ်ကြတဲ့ ပင်ကိုယ်သဘာဝအရ ပုံဟောင်းတွေနဲ့တွဲပြီးတက်လာတဲ့သတင်းတွေကို အားပါးတရရှယ်ကြပါတယ်။ မှားလား၊မှန်လား မခွဲခြားတော့။
ကိုယ်သန်ရာ ကြိုက်ရာတွေ ရှယ်ကြတဲ့အခါ သွေးထိုးလှုံ့ ဆော်သလို ဖြစ်စေတဲ့ပုံတွေလည်း တလှေကြီးဖြန့်နေကြလေရဲ့။ အစ္စလာမ်ဘာသာဝင်မိတ်ဆွေတချို့က သူတို့သာသာဝင်တွေရဲ့ ဓါတ်ပုံဟောင်းတွေကို အသစ်ထင်ပြီး ရှယ်ကြတယ်။ သွေးကြွနေသူလူငယ်တွေအတွက် ဒေါသအိုးတွေပေါက်ကွဲစေဖို့ မီးထိုးပေးနေသလိုပဲ။ မြန်မာမိတ်ဆွေအချို့ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အလောင်းပုံတွေကို လူ့ဂုဏ်သိက္ခာအရသင့်မသင့် မစဉ်းစားပဲ အားပါးတရရှယ်နေကြလေရဲ့။ အဲဒီပုံတွေအောက်မှာ ဘာသာရေးတွေဆွဲသွင်းထားတဲ့ လှုံ့ဆော်စာတွေလည်း အပြည့်။ ( အနည်းစုသော မိတ်ဆွေများကို ဆိုလိုပါတယ်။ အများစုမဟုတ်ပါ။)
နှစ်ဖက်လုံးက လူငယ်လူရွယ်တွေအတွက် စိတ်မထိမ်းနိုင်ပဲ မတော်တဆ ရန်ဖြစ်မိကြရင်တောင် ရိုးရိုးရန်ပွဲကနေ ဘာသာရေးအဓိကရုဏ်းအထိ ဖြစ်မလာဘူးလို့ မည်သူမျှ အာမမခံနိုင်သေးတဲ့ ဒီလိုအချိန်မှာ မြင်မြင်သမျှကို ပုဂ္ဂိုလ်ရေးခံစားချက်ကြောင့် ရှယ်နေကြခြင်းဟာ အလွန်အန္တရာယ်များပါတယ်။
လွန်ခဲ့သောငါးနှစ်က လူသတ်မဒိန်းမှုကနေ သာဘာရေးအဓိကရုဏ်းကြီးတွေအထိ ဖြစ်ခဲ့ကြလို့ သောင်းချီသိန်းချီဒုက္ခရောက်ခဲ့ကြရုံမကပဲ နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့ ခင်မင်မှု၊ ယုံကြည်မှုတွေပျောက်ဆုံးခဲ့ကြတာ မကြာသေးပါဘူး။ ခုထိ ဒါဏ်ရာတွေက ကုသဆဲအဆင့်။
လူတစ်ရာထဲမှာ ပြသနာရှာချင်သူ ဆယ်ယောက်လောက်ရှိတာနဲ့ ပြသနာဖြစ်နိုင်တယ်။ ဒီဆယ်ယောက်ကြောင့် ငြိမ်းချမ်းစွာနေလိုသူ ကိုးဆယ်က ဒုက္ခတွေ့ကြရတယ်။
ဟုတ်ပါတယ်။ လူထဲကလူတွေပါပဲ။ ဘယ်သူမှပြသနာမဖြစ်ချင်ကြပါဘူး။ ဒါကအများစုပါ။ သို့ပါသော်လည်း ပြသနာကို မီးထွန်းရှာချင်နေတဲ့ လူနည်းစုလည်း ရှိနေတာကို မမေ့ကြပါနဲ့။
ပြသနာမဖြစ်စေရေးအတွက် ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပြောက်အောင် ဆောင်ရွက်ပေးကြပါ။ ကိုယ့်လူကိုယ်ထိမ်းကြပါ။ ပြသနာတွေက ရာစုချီကြာနေပြီမို့ ဖြေးဖြေးခြင်းပဲ ရှင်းလို့ရပါ့မယ်။ တာဝန်ရှိသူခေါင်းဆောင်အဆက်ဆက် ရှင်းမရခဲ့တဲ့အရှုပ်တော်ပုံက အခုချက်ခြင်း ပြေလည်ရန်လမ်းမရှိ။ ပိုရှုပ်မလာစေဖို့ပဲ ဝိုင်းကူညီပေးကြပါ။ အရေးအခင်းတစ်ခုဖြစ်ဖို့ စောင့်နေသူတွေရဲ့ ခွင်ထဲကို အဝင်မခံကြပါနဲ့။ ဖြစ်လာရင်တော့ ဘယ်ဘက်ကပဲနာနာ မြန်မာပြည်မှာနေသူတွေအတူတူပဲမို့ မြန်မာပြည်အတွက် အဆုံးအရှုံးသာ ဖြစ်မှာပါပဲ။
မောင်လူပေ လေးစားရတဲ့ စာရေးသူတဦးရဲ့စကားလုံးအတိုင်းပြောရရင်တော့ ' ပြသနာတစ်ခုအတွက် အဖြေရှိရင် ဝင်ရှင်းပေးပါ၊ မရှိရင်လည်း အသာလေးပဲ နေပေးပါ။ ပြသနာပိုကြီးလာအောင် ဘေးကနေပြီး မီးထိုးပေးနေခြင်းတော့ မလုပ်ကြပါနဲ့။ '
ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ရဖို့အတွက် အကြမ်းဖက်မှုမှန်သမျှကိုဆန့်ကျင်ပေးကြပါ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပြသနာစုံ ဒုက္ခစုံတဲ့နိုင်ငံမှာ ငြိမ်းချမ်းမှ စီးပွားရေး၊လူမှုရေး၊ပညာရေး အစစ တိုးတက်မှာပဲ။ ဒီလိုမဟုတ်ပဲ ထစ်ကနဲရှိရင် ဘာမယ်ညာမယ်နဲ့ ဖြစ်နေကြဦးမှာဆိုရင်တော့ စစ်ချီတေးတွေ ၂၄နာရီကြားရတဲ့ ငြိမ်ဝတ်ပိပြားမှု ကြက်ခြင်းထဲကို ပြန်သွားကြရဖို့ပဲ ရှိမယ်လို့စ်။
မြန်မာပြည်သားအပေါင်း အေးချမ်းသာယာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment