Sunday, December 28, 2014

ခရစ်စမတ် ညလေးတစ်ညအကြောင်း

အသေအခြာကို ပြန်တွက်ကြည့်တော့ ခရစ်စမတ်ညတစ်ညမှာ....။
ကိုင်ဇာရဲ့ သီချင်းသံက ကက်စုတ်ထဲကလာနေတယ်။

အော်...။ ခရစ်စမတ်တောင် ရောက်ပြန်ပေါ့လား။ ခရစ်စမတ်ဟာ မောင်လူပေနဲ့ မစိမ်းခဲ့ပါဘူး။
ခရစ်တော်ဟာ ခရစ်စမတ်မှာ မွေးတယ် မမွေးဘူး မောင်လူပေ မတွေးဘူးပေမဲ့ ခရစ်စမတ်မှာတော့ ပျော်ခဲ့ရတာပါပဲ။

မွေးရပ်မြေရဲ့ မြို့ တဝက်နီးပါးက ကရင်တွေနေကြတယ်။ သူတို့အားလုံးနီးပါးက ခရစ်ယာန်တွေ။ ဒီတော့ ခရစ်စမတ်ဆိုရင် ပျော်ပွဲတွေလုပ်ကြ။ သူငယ်ချင်းတွေကလည်းဖိတ်တော့ ဖိုးသွားချင်ကလည်း ရှေ့ဆုံးကပေါ့။

စက်မှုကျောင်းကြီးရောက်ပြန်တော့လည်း ကျောင်းနားကပ်ရက် ခဝဲခြံရွာမ ဆိုတာ အဲဒီအချိန်က ကရင်တွေချည်းနေတဲ့နေရာ။ သူတို့တွေက ခရစ်စမတ်ပွဲ ပျော်ဖို့ လုပ်တော့လည်း ဖိုးသွားချင်က ရှေ့ဆုံးကပါပဲ။

အဲဒီ ခရစ်စမတ်ညတစ်ညမှာ သူလေးနဲ့ ဆုံခဲ့တာပေါ့။

မောင်လူပေမှာ သူငယ်ချင်းပေးထားတဲ့ သင်တိုင်း အနီကြီးရှိတယ်။ ခရစ်စမတ်ဆို သင်တိုင်းအနီကြီးစွတ်ပြီး ပတ်ကညော(ကရင်) အတု လုပ်နေကြ။
ရုပ်ကလည်း နီစပ်စပ်ဆိုတော့ သင်တိုင်းစွတ်ထားရင် ပတ်ကညောတွေတောင် မခွဲတတ်ဘူး။ အမိုးတို့ ဖထီးတို့ခေါ်ပြီး ဝင်ရောလိုက်ရင် ဖိုးခွား ဖြစ်ပြီပဲ။

ကရင်စကားလည်း နည်းနည်း သင်ထားတာလေ။ ချစ်သူကို အဲဒို။ နင့်ကိုချစ်တယ်ဆို ရာအဲနာ အားကြီးလော ဘာညာပေါ့။ (တခါမှတော့ ဒီစကားတွေ မပြောလိုက်ရပါဘူး။ သင်ထားတာပဲ အဖတ်တင်တာ။)

ခဝဲခြံကွင်းထဲမှာ ခရစ်စမတ် ပျော်ရွင်ပွဲရှိပြီဆိုရင် ပါလာတဲ့ သင်တိုင်းကြီး ကောက်စွတ်ပြီး ပါဝင် ပျော်ပွဲဆင်တာပေါ့။

အဆောင်က ပါလာတဲ့ အဖေါ်တွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးတွေနားကပ် ကစားပွဲတွေနွဲနေကြတော့ သင်တိုင်းဝတ် ကရင်တု မောင်လူပေ သင်းကွဲငှက်ဖြစ်လာတယ်။ ဒါနဲ့ပဲ တီးဝိုင်းနားမှာ ယောင်လည်လည်နဲ့ အားပေးနေတော့တယ်။

အဲဒီမှာ စတွေ့တာပဲ။ ကရင်မလေးနှစ်ယောက်။ သင်တိုင်းလေးတွေနဲ့ပဲ။ ဖြစ်ချင်တော့ တီးဝိုင်းရဲ့ ပရိတ်သတ်နားက မတ်တတ်အားပေးနေတဲ့ သူတွေထဲမှာ သင်တိုင်းဝတ်ထားတာ ကိုယ်တွေပဲ ရှိနေတယ်။ကျန်တဲ့ သင်တိုင်းဝတ်ထားသူတွေက ခုံတွေနဲ့ ထိုင်နေကြတာ။

ဒီကောင်မလေးနှစ်ယောက်ထဲမှာ တစ်ယောက်က မောင်လူပေကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ သေချာအောင် ပြန်ကြည့်လိုက်တယ်။ ဟုတ်တယ်။ ကိုယ့်ကို ကြည့်နေတာ သေချာပြီ။
ဒီတခါတော့ ဘဘုန်းကြီးရဲ့ ပီယဆေး အစွမ်းပြပြီပေါ့။ အချိန်ကြပြီ။ လာထား အာဘွားတွေ ပေးလိုက်မယ် ဘာညာနဲ့ စဉ်းစားနေတုန်း ကရင်မလေးက အနားကပ်လာတယ်။

ပြီးတော့ အကိုက ဒီအပိုင်းမှာ နေတာလားတဲ့။ မေးတယ်။

ဟုတ်တယ်ညီမလို့ ဖြေလိုက်တော့ မဝံ့မရဲ ဖြစ်နေရှာတဲ့ မျက်နှာလေးက ကြည်သွားတယ်။
ဟုတ်ပြီ။ ငါ့ကို မိတ်ဆက်တော့မယ်။ မိတ်ဆွေဖြစ်ရင် အိမ်လည်သွားမယ်။ ပြီးရင် ဘာညာနဲ့ အတွေးမဆုံးခင် ကရင်မလေးက ပြောလိုက်တယ်။

" မရိုမသေ။ အိမ်သာဘယ်နားမှာ ရှိလဲဟင်။ မအောင့်နိုင်တော့လို့ပါ" တဲ့။

ရွှေရတု RIT

ရွှေနိုင်ငံ ရွှေစက်မှုကျောင်းတော်ရဲ့ ရွှေရတုပွဲကို ရွှေရတုအသက်ပတ်လည် သူငယ်ချင်းများနွှဲကြတော့မည်။
ရွှေတွေထပ်နေသည့် ဒီနစ်က ရွှေနှစ် ဖြစ်သွားသည်။ သူငယ်ချင်း အချို့က ငါးထိပ်စီးပြောင်းပြီးပြီ။ မောင်လူပေနှင့် အချို့က ငါးထိပ်စီးပြောင်းဖို့ တပတ်လောက်သာ လိုတော့သည်။

ဆယ်ကျော်သက်က ကျွမ်းခဲ့ရသော ငယ်ကျွမ်းဆွေထဲမှာ ရွှေကျောင်းတော်ကြီးလည်း ပါသည်။ သူ့ထံပါးမှာ ခစားရင်း ငယ်ကကျွမ်းကို လွမ်းခဲ့ရသည်။ ကျောင်းသားတို့ တတ်အပ်သော အဌာရသ တစ်ဆယ့်ရှစ်ရပ်ကို တတ်မြောက်ခဲ့သည်။ ရင့်ကျက်သော လူကြီးဘဝသို့ ပြောင်းလည်းခဲ့သည်။

ပညာရေးစနစ်တွေ အပြောင်းမှာ ပဲခူးကောလိပ် ( အရင်က ဒေသကောလိပ်ပါပဲ။ ၁၉၈၃မှာ ပဲခူးကောလိပ်ဟု ပြန်ပြောင်းခဲ့။) မှ ဒုတိယတန်းအောင်ပြီးနောက် စက်မှု ရွှေကျောင်းကြီးသို့ တတိယတန်းမှ ဖြတ်တက်ခဲ့ရသောကြောင့် သူ့ရင်ခွင်မှာ လေးနှစ်သာ ခိုခဲ့ရပါသည်။

မောင်လူပေတို့ ဒေသကောလိပ် last batch သမားတွေက သနားဖို့လည်းကောင်းခဲ့သေးသည်။ ကိုယ့်နောက်က သူတွေက ကျောင်းကို တန်းဝင်ပြီး ဒုတိယတန်းတက်ချိန်မှာ ကိုယ်က တတိယတန်းက ဖြတ်တက်လာပြီး အင်ဂျင်နီယာ ဘာသာတွေ တစ်ခုမှ မသင်ရသေး။

ဒီတော့ မေဂျာပေါင်းစုံကို တစ်နှစ်ထဲမှာ ပေါင်းသင်ရသောကြောင့် အစွမ်းကုန် ကြိုးစားကြရသည်။
နောက်ဆုံးတော့ ထုံးစံအတိုင်း အိမ်ကို ငွေထပ်မှာကာ ကျူရှင်ဆရာဆီမှာ တိုးတက်ကြရတော့သည်။

တတိယတန်း နယ်ကျောင်းသားတွေက ပုပ္ပါး၊ ဒူးယား၊ အုန်းတော စတဲ့ အဆောင်တွေမှာ နေရပြီး ကျောင်းသူတွေက သဇင်ဆောင်မှာ နေရာချပေးထားသည်။

မောင်လူပေက ဒူးယားထွက်။ ဒူးယားစီးကရက် နပ်မမှန်ခဲ့ပေမဲ့ ဒူးယားနှင့် ရေဆက်ဆုံခဲ့သည်။ ကျောင်းလာတက်ကြတဲ့ ကျောင်းသားခြင်း ခဏနှင့်ပင် အဖွဲ့ကြကုန်သည်။
ပထမဆုံး လာမိတ်ဖွဲ့သူက ထားဝယ်ကျော်ကျော်။ သူ့ရဲ့ ထားဝယ်သံဝဲဝဲလေးက နားထဲမှာ ဆန်းသလို မော်လမြိုင်ဝင်းထိန်ရဲ့ မွန်သံဝဲဝဲနဲ့ စကားပြောမြန်ပုံကလည်း ထူးနေသည်။

ကျောင်းကို တီစကွဲ တကိုင်ကိုင်နှင့် ကားတွယ်စီးတတ်ဖို့ကလည်း အလေ့အကျင့်လိုသည်။ ပြုတ်ကျလျှင်ဖြင့် မချောင်။ ဆလိုက် ရူးထိုးနည်းကလည်း အထူးအဆန်း။ မကြာခင် ကက်ဆီယို သိပ္ပံ ဂဏန်းပေါင်းစက်လေးတွေ ပေးပြန်တော့ ပေါင်နံစရာတွေ ပေါလာလေပြီ။

အဆောင်မှာလည်း အပေါင်းအဖေါ် တသင်းနဲ့ ဂဏန်းတွက်တတ်နေပြီ။ အဆောင်မှူးတို့ ဟောကျူတာတို့ မသိအောင်ပေါ့။ သိရင်တော့ အဆောင်ပြုတ်ကိန်းရှိသည်။

သမိုင်းကန်တင်းကလည်း စားစရာပေါလေတော့ စားရေးအတွက် မပူရ။ သမိုင်း ကန်တင်းရှိ မေဆွိတို့ဆိုင်( အဆိုတော် မင်းသမီးမေဆွိမဟုတ်ပါ။ သွားလေး သိပ်မလှသည့် ဆိုင်ရှင့်သမီး အထက်တန်းကျောင်းသူလေးကို နာမည်ပြောင် ပေးထားခြင်းဖြစ်။)မှ ပဲပြုတ်နှင့်ထမင်းပူလေးကို နှမ်းဆီရွှဲရွှဲလေးဖြင့် သုတ်ထားသောပဲထမင်းကို ကြက်သွန်ဖြူလေးနှင့် လွေးလိုက်လျှင် နတ်သုဒ္ဓာ အလား ထင်မှတ်မှားရမည်။

ပုပ္ပါးအဆောင်မှုး ဦးစိုးလွင်ဆိုင်က ထမင်းကြော်ဆိုလျှင်လည်း တရုတ်ဆိုင်တွေ ငိုခြင်းချရလောက်အောင် ကောင်းလေသည်။ ကန်တင်းထဲကလလက်ဖက်ရည်ဆိုင်ကလည်း ရသာမျိုးစုံကို မှာသူအကြိုက် ဖျော်ပေးနိုင်သည်။

သည်လိုနှင့် အဆောင်ထမင်းမကောင်းရင် ကန်တင်းပြေး၊ ထမင်းစားပြီး အချဉ်ပြေ ဂျိုးသိန်းခဲရင်း ပေါ့ကျတခွက်ကို ကိုထီးရဲ့ တစ်ယောက်ရှိတယ်နဲ့ ငြိမ့်။ သဇင်ဆောင်ရှေ့မှာ ကိုရဲလွင်ရဲ့ သဇင်ညနဲ့ ဂစ်တာငှားပြီး မတောက်တခေါက် အော်တတ်လာသည်။ ကီးမမှန်တဲ့ အသံပြာကို သဇင်သူတွေကတော့ ခြင်ထောင်ထဲကနေ ကြိမ်ဆဲနေမည် ထင်ပါသည်။

ရင်ခွင်ထဲမှေးမှိတ်ကာ နားထောင်စေချင် သံစဉ်ကြား တေးအရိပ်မှာ ချော့သိပ်နေမယ် ဘာညာနှင့် အော်လို့ကလည်း ကောင်း။ သဇင်သူတွေကတော့ သိရှာမည်မထင်။ ကိုယ်တွေကလည်း ခြုံတွေကြားက အော်ခဲ့တဲ့ ခြုံတိုးခြင်ကိုက်ခံ အဆိုကျော်တွေအဆင့်သာ ဖြစ်မြောက်ခဲ့သည်ပဲ။

ညံ့ခဲ့သည့် အကြောင်းတွေ ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တွေလည်း ရှိခဲ့ပါသည်။
ကျောင်းကိုအသွား ဘတ်စကားပေါ် ပါလာတဲ့ ခရမ်းသုံးခွဘက်က ဒုတိယနှစ်ကျောင်းသူ သဇင်သူညိုချောလေးကိုတွေ့တော့ သူငယ်ချင်းက ဒီကောင်မလေးနာမည်က အမူထွေးလို့ ပြောတာကို တကယ်ထင်ခဲ့သည်။ တကယ်က နှုတ်ခမ်းမွှေးရေးရေးဖြင့် အမွေးထူမလေးမို့ အမူထွေးဟု သူကပြောတာ။

ကျောင်းမှာလည်း ရန်ကုန်သူအုပ်စုကို နာမည်ပြောင်တွေ ပေးကြသည်။ နဲနဲလေးဝတဲ့ သူလေးတွေကို ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယနွယ်ဖွားကို လက်ချမီး စသည်ဖြင့်။ သူတို့ အုပ်စုက မောင်လူပေကို သတ်ချင်အောင် မုန်းကြတော့သည်။

သဇင်သူလေးတွေလည်း နာမည်ပြောင်တတ်ခံရခြင်းမှ မလွတ်ခဲ့။ မျက်မှန်သမားကို လေးလုံး။ နှစ်ယောက်ဆိုတော့ မြို့နှင့်ခွဲခေါ်။ မိတ္ထီလာလေးလုံး၊တောင်ငူလေးလုံးစသည်။( ခုတော့ ကိုယ်ကိုတိုင် လေးလုံး ဖြစ်နေပါပြီ။) နဲနဲသေးညှက်သူကို ညှပ်စိ။ သူကြီးကြိုက်ခံရသူကို သူကြီးသမီး စသည်ဖြင့် စခဲ့နောက်ခဲ့ကြသော်လည်း စိတ်အကြာကြီး မဆိုးကြပဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကုန်ကြတော့သည်။

တခါကလည်း ဘယ်သူ စသည့် ဇာတ်လို့တော့မသိ။ book store မှာ ကလစ်ဓါးပေးနေသည်ဟု ပြောကြတော့ မေးတဲ့သူကလည်း စတိုးက ကုလားကြီးကို ကလစ်ဓါးရှိလား သွားမေးကြသည်။ ဒီလိုအမေးခံရတိုင်းလည်း တာဝန်ကျ ကုလားကြီးက မရှိပါဟုသာ ပြုံးပြုံုးကြီး ဖြေလေသည်။ သွားမေးမိတဲ့ မိန်းကလေးတွေလည်း အဓိပ္ပါယ် စဉ်းစားမိတော့မှ ရှက်ကြပြီး book store ရှေ့မှ ဖြတ်မလျှောက်ရဲကြတော့။

ဒီလို ပျော်ခဲ့ရတဲ့ အချိန်တွေကို တွေးမိတော့ မနေ့တနေ့ကလိုပင် ခံစားရဆဲ ဖြစ်နေပေသည်။
ရွှေရတုရဲ့ ရွှေနှစ်တွေထဲမှာ လွင့်မြောစီးနင်းခဲ့ကြသော သူငယ်ချင်းအပေါင်း ကျန်းမာကြပါစေ။

အရင်က ဆရာတော်များ

မောင်လူပေက ဘုန်းဘုန်းတွေနဲ့ အမျိုးတော်တယ်။
ဒါကြောင့် ဘုန်းဘုန်းတော်တော်များများနဲ့ ရင်းနှီးစွာ မေးမြန်းလျှောက်ထားခွင့် ရခဲ့ဖူးတယ်။

ရွှေကျင်ဂိုဏ်းရဲ့ ဒုတိယ သာသနာပိုင် လေးပါးထဲမှာ တစ်ပါး ဖြစ်တဲ့ မန်းလေးက ပိုက်ကျုံးဆရာတော်ဆိုတာ ရှိတယ်။ အဘိဓဇ မဟာရဌဂုရုဘွဲ့ ရ ဆရာတော်ကြီးပဲ။
မန်းလေးမှာ ဗိုလ်ချုပ်ထွန်းကြည် တန်ခိုးထွားချိန်ပေါ့။ ဘုန်းကြီးတွေကို နန်းတွင်းထဲပင့်ပြီး သြဝါဒခံရနေတာတွေ သတင်းထဲပလူပျံနေတဲ့ အချိန်။ ဒါပေမဲ့ နိုင်ငံတော်သြဝါဒ စရိယ ပိုက်ကျုံးဆရာတော်ကြီးကို တခါမှ ဒီပွဲတွေမှာ မတွေ့ဘူး။
ဒါနဲ့ တောင်ငူ ရွှေကျင်စာပြန်ပွဲ ကြွလာတုန်း လျှောက်ထားမေးမြန်းမိတယ်။ ဆရာတော်ကို နန်းတွင်းထဲက သြဝါဒခံယူပွဲတွေမှာ မတွေ့မိတာ ဘာလို့ပါလဲလို့။

ဆရာတော်ကြီးက ရယ်တယ်။
ပြီးတော့ ဒီလို ရှင်းပြတယ်။
ဒီအကောင်တွေ တက်လာထဲက သာသနာနဲ့မအပ်တဲ့ တီဗီတွေ ကျောင်းကိုအတင်းလှူ၊ ဘုန်းကြီးတွေက ငြင်းလည်းမရ။ကျောင်းပေါ် သေနပ်တွေ တကားကားနဲ့ တက်။ သူတို့တွေကို သြဝါဒပေးရင် ပေးတဲ့ သြဝါအတိုင်းလည်း လုပ်တာမဟုတ်။ ရုပ်ပြကောင်းအောင် စည်းရုံးရေးဆင်းနေတာမို့ နန်းတွင်းကပင့်ရင် ဘယ်တော့မှ မကြွပါဘူးတဲ့။ ပေးတဲ့ သြဝါဒအတိုင်းမလုပ်တော့ သြဝါဒပေးရတဲ့ ကိုယ်တော်တွေကို မထီလေးစား လုပ်တာနဲ့ အတူတူပဲတဲ့။
ဆရာတော်ကြီးဟာ ပြန်လွန်တော်မူသွားတဲ့အထိ နန်းတွင်းက ဗိုလ်ချုပ်တွေနဲ့ ကင်းအောင် နေတော်မူခဲ့ပါတယ်။

နောက်တစ်ပါးက ရွှေကျင်ဒုတိယ သာသနာပိုင် ဗာရာဏသီဆရာတော်ပါ။ သူ့ကို အဘိတဇ မဟာရဌဂုရု ချီးမြှင့်တဲ့ပွဲမှာ သူတစ်ပါးသာ ဒီဘွဲ့ရတာမို့ ဘွဲ့ခံ ကိုယ်တော်တွေကိုယ်စား သူက သြဝါဒကထာ မိန့်ကြားရမှာပါ။ ဒီတော့ ဆရာတော်ကြီးက ဝိနည်းလွတ်အောင် သူု့တပည့်ဆရာတော်တပါးကို သူ့ကိုယ်စား သြဝါဒ ပေးစေခဲ့ပါတယ်။

ဆရာတော်ကြီးနဲ့ တွေ့တော့လည်း ဆရာတော်ကြီးက ဒီလိုမိန့်ကြားပါတယ်။
ငါ့မြေးရေ။ သူတို့တွေက မပေါင်းလည်းခက် ပေါင်းလည်းခက်တွေ။ တို့တွေက သြဝါဒပေးဆိုရင် လိုက်နာမဲ့သူကိုပဲ ပေးချင်တာ။ ဒါကြောင့် တပည့်တစ်ပါးကို ကြည့်ကောင်းအောင်ရေးခိုင်းပြီး ဖတ်ကြားစေပါသတဲ့။

သူ့ညီတော် မေမြို့ဝိသုဓ္ဓာရုံ ဆရာတော်က ပိုပြတ်သားသေးရဲ့။ အဂ္ဂမဟာပဏ္ဏိတဘွဲ့ ဆက်ကပ်ပွဲကို သွားတောင်မတက်။

တွေ့ကရာဘုန်းကြီးတွေ ဘွဲ့စုံပေးနေတာမို့ ရောကျော်ထဲမပါချင်လို့တဲ့။ ဘွဲ့ကပ်ချင်ရင် ကျောင်းလာကပ်ဆိုလို့ မန်းလေးတိုင်းမှူးက သူ့ကျောင်းသွားကပ်ရပါတယ်။

ခုခေတ်လို အစိုးရကို လော်ဘီလုပ်နေတဲ့ ကိုယ်တော်တွေကို ဒီဆရာတော်တွေများ သက်ရှိထင်ရှား ရှိသေးရင် ဘာပြောမယ်မသိ။

သေပြီဆရာ။

ကျလိုက်တဲ့ ဓါတ်ဆီဈေး။
မနက်နဲ့ညတောင်မတူ။
ပြီးခဲ့တဲ့လက တဂါလံ သုံးဒေါ်လာခွဲ။
အခု နှစ်ဒေါ်လာခွဲပဲ ရှိတော့တယ်။
ရေနံကလည်း တပီပါ ဒေါ်လာ၆၀ အောက် ရောက်နေပြီ။
တချို့က တပီပါ ဒေါ်လာ ၄၀ထိ ဆင်းမယ် မှန်းကြတယ်။
ဒါဆို တဂါလံ နှစ်ဒေါ်လာအောက် ရောက်မှာပဲ။
ကားစီးသူများအတွက်သတင်းကောင်း။
စတော့သမားတွေ အတွက် သတင်းဆိုး။
ရေနံဈေးကျလို့ ဓါတ်ဆီဈေး တဝက်နီးပါးကျတာ ကောင်းတာပဲ။
တို့ဗမာပြည်မှာတော့ ခုထိ ပြောရလောက်အောင် ဈေးမချသေး။
တကယ်ဆို အော့တိန်းကို တလီတာ ၅၀၀လောက်ပဲ ဈေးရှိသင့်တာ။
ရသလောက် အိပ်ထဲထည့်ဖို့ ညီညွတ်စွာ ဈေးမချပေးတော့ ရွေးစရာမရှိတဲ့ ပြည်သူတွေကတော့ သေပြီဆရာပဲ။

Saturday, December 13, 2014

၂၀၁၅ နှစ်သစ်ကြို ဖတ်စာသစ်

ကန်ဇွန်းရွက်ဈေးတက်နေသည်။
မကြာမှီ သူဌေးစာ ဖြစ်မည်။
ထမင်းကြမ်းကို ရေနဲ့ စားတတ်အောင် ကျင့်ကြပါ။

ဆန်ဈေးတွေ တက်သည်။
နိုင်ငံခြားသို့လည်း ပို့ရသည်။
ဆန်ကွဲကို ကျိုစားတတ်အောင် လေ့ကျင့်ပါ။

ဒေါ်စုက ၄ပွင့် တောင်းသည်။
သမ္မတကြီးက ၁၄ပွင့် ပေးသည်။
လွှတ်တော်က ၆ပွင့် နှင့် ညှိသည်။
ပြည်သူအများစုကတော့ -င်ပွင့် နေပြီ။

ဤကား ၂၀၁၅ အကြို ဖတ်စာသစ် တည်း။

Friday, December 12, 2014

တရုတ်ရှယ်ယာ ပြန်တက်ပြီ

ရှန်ဟိုင်းစတော့ ညွှန်းကိန်း ဒီနေ့ သုံးရာနှုန်း ပြန်တက်လာလို့ လူတွေ သက်ပြင်းချနိုင်ကြပြီ။

ကမ္ဘာ့စီးပွားရေးပျက်ကပ်ပြီးစ ခုလို အချိန်မှာ ဘယ်နိုင်ငံကမှ ထပ်ပြီး ဒုက္ခရောက်မဲ့ ကိစ္စကို မတွေ့လိုကြပါဘူး။ အထူးသဖြင့် တရုတ်လို ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံကို ပိုတည်ငြိမ်စေ ချင်ကြပါတယ်။

တရုတ်ဗဟိုအစိုးရကလည်း ပြောင်းလည်းမှုတွေ အရှိန်အဟုန်နဲ့ လုပ်ပြနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တရုတ်မှာ စီးပွားရေးပေါ်လစီကို ဗဟိုအစိုးရက ညီလာခံခေါ်ပြီး ချမှတ်တယ်။ ပြည်နယ်အစိုးရက လိုက်လုပ်ရတယ်။ ကြိုးနီစနစ်အားကောင်းတော့ အာဏာရှင်တွေ ဖြစ်လာကြတယ်။ ဒီတော့ ထုံးစံအတိုင်း အကျင့်ပျက် ခြစားမှုက ကပ်ပါလာပါတော့တယ်။

ဗဟိုအစိုးရက ဒီကိစ္စကို ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး အရေးယူပြနေပါပြီ။ ဒုတိယတန်းစား ခေါင်းဆောင်တွေ အများအပြား အရေးယူခံရပါတယ်။

 ထိပ်တန်းခေါင်းဆောင်ဟောင်းတွေနဲ့ ထိုသူများရဲ့ လက်ဝေခံတွေ လွတ်နေသေးတယ်လို့ ပြောတဲ့သူလည်းရှိတယ်။ ဒီလိုလူတွေက ဒီငွေတွေကို နာမည်ခွဲတွေနဲ့ စတော့ထဲထည့်ရာက စတော့ဈေးတွေ တစ်လအတွင်း နှစ်ဆယ်ရာနှုန်းကျော်တက်လာခဲ့ပါတယ်တဲ့။
 
ဒါကြောင့် မနေ့က ငါးရာခိုင်နှန်းကျော် ကျဆင်းမှုဟာ ဈေးကွက်ကို ပြန်လည်ညှိနိုင်းပြင်ဆင်ခြင်းသာ ဖြစ်တယ်လို့ တရုတ်စီးပွားရေး ပညာရှင် အချို့ကလည်း ဆိုပါတယ်။

တချို့ကတော့ အမေရိကန်နဲ့တိုင်ပင်ပြီး ဗဟိုဘဏ်ကငွေတွေနဲ့ တဖက်လှည့်ုပြီး ကူညီထားတာလို့ ဆိုကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေးတိုးတက်မှု နှေးကွေးနေတာတော့ သေချာပါတယ်။ တရုတ်ရဲ့ ပြည်တွင်းဝယ်လိုအားနဲ့ ပြည်ပပို့ကုန်တွေ ဆက်တိုက်ကျဆင်းနေလို့ ၂၀၁၅ရဲ့ ဂျီဒီပီတိုးနှုန်းကို ခုနှစ် ရာနှုန်းအောက်လို့ပဲ ခန့်မှန်းထားပါတယ်။

စတော့ဈေးကွက်တခုတည်းက တရုတ်ရဲ့ ကြီးမားလှတဲ့ စီးပွားရေးကြီး တစ်ခုလုံးကို ထိခိုက်စေဖို့ထိတော့ ဖြစ်ဖို့ခက်ပါတယ်။ ဖြစ်လာရင်လည်း ဗဟိုအစိုးရက ငွေတွေထည့်ုပြီး ရှင်းမှာပါပဲ။

၂၀၀၈ စီးပွားရေးပျက်ကပ်ဖြစ်တော့ ကုန်အမှာစာတွေမရလို့ တရုတ်စက်ရုံတွေ ပိတ်ရ လူတွေအလုပ်ပြုတ်ကုန်ဖြစ်ရလို့ ဗဟိုအစိုးရက ငွေ တစ်တြီလီယံ( ဒေါ်လာဘီလီယံ တစ်ထောင်) ထုတ်ပေးပြီး ရထားလမ်း မြို့ပြစတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသစ်တွေ အစဖေါ်ပေးခဲ့ရာက အခုတွေ့နေရတဲ့ ကျည်ဆံရထားလမ်းတွေ၊ လူမနေတဲ့ သရဲချောက်မြို့တော်ကြီးတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ကျည်ဆံရထားလမ်းမှာ ရထားမတော်တဆမှုတွေကြောင့် နာမည်ပျက်ခဲ့ရလို့ ခုမှ အဖတ်ပြန်ဆယ်နေရတုန်းပါ။ အိမ်ခြ့မြေဈေးကွက်ကတော့ ဈေးတွေတအိအိနဲ့ ကျဆင်းနေပါပြီ။

ဘာမှမရှိတဲ့ တောခေါင်ခေါင်အရပ်တွေကို နတ်ဘုံနတ်နန်းတွေလိုတည်ဆောက်ခဲ့တဲ့ မြို့သစ်ကြီးတွေကလည်း ကျီးနဲ့ဖုတ်ဖုတ်ဘဝမှာပဲ ရှိနေဆဲပါ။

တစ်လကို ပျမ်းမျှဝင်ငွေ ဒေါ်လာလေးရာပဲရှိတဲ့ သာမန်တရုတ်ပြည်သားအတွက် ဒေါ်လာလေးငါးသိန်းတန် ကွန်ဒိုဆိုတာ အိမ်မက်တောင် မက်နိုင်တဲ့အရာမဟုတ်ပါ။

အိမ်မရှိလို့ ဒုက္ခရောက်နေတဲ့ မြို့ပြက တရုတ်တွေကို ဘယ်လိုကူညီမယ်ဆိုတာလည်း စိတ်ဝင်စားစရာမို့ ပိတ်ကားပေါ်မှာ ဆက်ပြီးရှုစားကြပါစို့။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

တရုတ်ရှယ်ယာ ကျတယ်ဆိုလို့ 


ရှန်ဟိုင်း စတော့ညွှန်းကိန်း ငါးရာခိုင်နှုန်း ထိုးကြသွားတယ်။

စတော့ညွှန်းကိန်းဆိုတာ ထိပ်တန်းစတော့ရှယ်ယာတွေကို ပြမ်းမျှခြင်းချပြီး ရတဲ့ကိန်းဂဏန်းကို ခေါ်တာ။ ဒါကြောင့်မို့ တရုတ်စတော့ဈေးကွက်ရဲ့ တန်ဖိုး ငါးရာခိုင်နှုန်းကျော် ကျဆင်းတာပဲ။

နှစ်သုံးဆယ်ကျော်အတွင်း အကြီးမားဆုံးကျဆင်းမှု။ ဆက်ကျရင် တရုတ်စတော့ဈေးကွက် ပျက်မှာမို့ အားလုံးထိတ်လန့်နေကြပြီ။

အကြောင်းကတော့ ပြည်နယ်အစိုးရတွေကို ငွေချေးတာတွေ တင်းကျပ်လိုက်လို့ပါပဲ။
တရုတ်မှာ ဂျီဒီပီလို့ ခေါ်တဲ့ စီးပွါးတိုးတက်မှုနှုန်း အရမ်းမြင့်တယ်။ ဒီလို ကိန်းဂဏန်းတွေမြင့်ဖို့ ပြည်နယ်အစိုးရတွေက အတိုးမြင့် ငွေတွေချေးပြီး မြို့သစ်တွေ တစ်နှစ် အလုံးနှစ်ဆယ်လောက်တည်ဆောက်နေတယ်။ လူတွေလည်း အလုပ်ရတယ်ပေါ့။

ပြသနာက ဒီမြို့သစ်တွေက သာမန်တရုတ်တွေ မဝယ်နိုင်တဲ့ဈေးနဲ့ ရောင်းတာပဲ။ ချမ်းသာတဲ့ တရုတ်တွေက အိမ်ခန်းတွေ ဝယ်။ ဈေးကစား ပြန်ရောင်းနဲ့ အိမ်မြေဈေးတွေခေါင်ခိုက်။ ဆင်းရဲ ချမ်းသာက ကွန်မြူနစ်ဆိုတဲ့ တရုတ်မှာ ကြောက်စရာကောင်းအောင် ကွာဟလာတယ်။

နှစ်တိုင်း မြို့သစ်တွေ ဆောက်လိုက်တာ ခုတော့ အခန်းတွေ ဝယ်သူမရှိတော့ဘူး။ လူမနေတဲ့ အခန်းတွေ သန်းငါးဆယ်ကျော်ရှိသတဲ့။ ဆင်းရဲသားတွေကလည်း မဝယ်နိုင်။

 ဒီတော့ ပြည်နယ်အစိုးရတွေက ချေးငွေတွေ ပြန်မဆပ်နိုင်နဲ့ တရုတ်လည်း အကြွေးပတ်လည်ဝိုင်းလာတော့တယ်။

ဗဟိုအစိုးရက သူ့ငွေတွေကို ဒီအတွက် မသုံးနိုင်ဘူး။ တရုတ်က စီးပွားရေးတိုးတက်လာပေမဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ အများကြီး လုပ်ပေးရဦးမယ်။ ဒီအတွက်ငွေတွေလိုမယ်။

 လူအိုတွေများလာတဲ့အတွက် ငွေတွေလိုမယ်။ ဒါကြောင့် ဒီလို ချေးငွေ ကိစ္စတင်းကြပ်လိုက်တာပဲ။

အကျိုးဆက်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဒုက္ခရောက်မယ်။ လူတွေ အလုပ်ပြုတ်မယ်။

 ဗဟိုအစိုးရကတော့ တောပြန် လယ်လုပ် ထောက်ပံ့မယ်လို့ဆိုတယ်။ တောမှာလည်း အရွယ်မရောက်တဲ့ကလေးနဲ့ အဖိုးအဖွားတွေပဲကျန်တော့လို့ လယ်သမားရှားပါးနေပြီ။

တရုတ်စတော့ဈေးကွက်ပျက်မှုက ၂၀၀၈ အမေရိကန်စတော့ဈေး ပျက်မှုနဲ့ ဆင်တူနေတယ်။ တရုတ်က အမေရိကန်ကို ဝေဖန်နေပေမဲ့ စီးပွါးရေးမှာ အမေရိကန်ကို ပုံတူကူးပြီးတိုးတက်လာတာမို့ အမေရိကန်လို စီးပွါးပျက်ကပ်ဆိုက်မှာ အားလုံးစိုးရိမ်နေကြတယ်။

မီးရထားကြီးလို ချိတ်ထားတဲ့ ကမ္ဘာ့ စီးပွားရေးက ထိပ်ကတွဲတွေရပ်ရင် အကုန်ရပ်ကုန်မှာပဲ။

 အမေရိကန်က ခုမှ စီးပွားပျက်ကပ်က နလံထစ။ ဥရောပက စီးပွားပျက်ကပ်ထဲက ရုန်းထွက်နေရဆဲ။ မပျက်ဖူးဆိုပြီး တင်းခံခဲ့တဲ့ တရုတ်က ခု စလှုပ်လာပြီ။

ဂျပန်စတော့ညွှန်းကိန်းသုံးရာနှုန်းကျော်ကျသွားပြီ။ အမေရိကန်ကတော့ ရာနှုန်းဝက်လောက်ပဲ ကျသေးတယ်။ ဥရောပလည်း နှစ်ရာနှုန်းကျတယ်။

နောက်နေ့တွေ ဆက်မကျပါစေနဲ့လို့ ဝိုင်းဆုတောင်းနေကြတယ်။ ဘယ်နိုင်ငံကမှ ကျဆုံးမှုကို မမြင်ချင်ဘူး။ အမေရိကန်က ကူညီမယ်လို့ဂတိပေးထားတယ်။

တရားအားထုတ်နေရတဲ့ ဗမာအစိုးရကြီးလည်း တရုတ်ကို ကူညီပါလိမ့်မယ်။ ကုန်သလောက်ရှိနေတဲ့ သယံဇာတတွေနဲ့တော့ ထပ်မကူညီမိစေဖို့ ဆုတောင်းရတာပဲ။ မြစ်ဆုံကိစ္စ၊ ကျောက်ဖြူရေနံ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ၊ လက်ပန်းတောင်းကြေးနီတောငိကိစ္စတွေ မပြီးခင် နောက်ထပ် ပြသနာသစ်တစ်ခု မီးမွှေးမယ်တော့ မထင်ရပါဘူး။

 သူတို့ပိုင်ဆိုင်မှုတွေထဲကနေ ကျေးဇူးရှင်ကြီးကို ကျေးဇူးဆပ်ရင်တော့ ပြောစရာမရှိပါ။
ဗမာပြည်သားအပေါင်း စီးပွားပျက်မဲ့ဘေးမှ ကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Thursday, December 4, 2014

ပြိုင်ဖို့ ဆိုလျှင်

လင်ပြိုင် မယားပြိုင်ထားပါက ထောင် ခုနှစ်နှစ်ချနိုင်သည့် တလင် တမယားစနစ်ဥပဒေကြမ်း ထွက်လာပါပြီ။

အဲဒါ ဦးလူပေရဲ့ သဘောထားလေး သိချင်ပါတယ်ဟု မိုးမရွာ သတင်းဌာနမှ သတင်းထောက် မောင်မရစ်တရစ်က မေးလာသည်။

ဒီဥပဒေကြီးထွက်လာမှ ကိုယ့်ကိုကိုယ် အတော်တုံးမှန်းသိရတာမို့ ထင်မြင်ချက်မပေးနိုင်ပါ ဟုသာ အရှက်ပြေ ဖြေလိုက်ရသည်။

ဟုတ်တယ်လေ။ သူများတွေ ပြိုင်ကောင်းနေပေမဲ့ ကိုယ့်မှာက မရှိမဲ့ရှိမဲ့ ဘဝ။ ဘယ်လို ရေတွက်ရေတွက် တစ်တလုံးသာထွက်သည့်ဘဝ။ မဒန်ပေကို နှစ်ကိုယ်ခွဲမှပဲ ပြိုင်နိုင်မည့်ဘဝ။

တစ်ယောက်စာတောင် အနိုင်နိုင်မို့ ဒီထက်ပြိုင်ရရင် ထပ်ပြောင်စရာ နဖူးကလည်း ဆံပင်နည်းနည်းသာရှိတော့သည်။ ကုန်သလောက်ပြောင်နေပြီ။

စပွန်ဆာဖိုး နေနေသာသာ အကြွေးဘေလ်များကိုတောင် နောက်ကျကြေး မပေးရရေး မနည်းကြိုးစား အချိန်ပိုတွေဆင်းနေရတဲ့ဘဝ၊ တယ်ညံ့တဲ့ငါပဲဟုသာ
ပလပ်ကျွတ်ချင်တော့သည်။

ပေါင်းနေတဲ့ အပေါင်းအသင်းတွေ ကြည့်တော့လည်း ကိုယ့်လို လူတွေချည်းပင်။ မည်သူမျှ ပြိုင်နိုင်သူမမြင်သေး။ကိုယ့်ထက်စွမ်းတဲ့ တိတ်တခိုး စူပါပြိုင်တွေရှိရင် သိချင်လှသေးရဲ့။

Wednesday, December 3, 2014

နတ်တော်လ

နတ်တော် လပြည့်တော့မယ်။
နတ်တော်ဆိုတာ နတ်တဝ် က လာပါသတဲ့။
ဗမာတွေနတ်ကိုးကွယ်ကြတာ ဗုဒ္ဓဘာသာ မရောက်ခင်ထဲကပါ။
တဝ်ဆိုတာ မြတ်လို့  အဓိပ္ပာယ် ရပါသတဲ့။
ဒီလမှာ သီးနှံအထွက်တိုးအောင် နတ်ကိုးကြလို့  နတ်တဝ်ကနေ နတ်တော် ဖြစ်လာတယ်လို့  မှတ်သားဖူးပါတယ်။

ခုထိလည်း နတ်ကိုးကွယ်မှုက အမြစ်တွယ်ကောင်းဆဲ။

ခုနှစ်ခွေ.... သီတာရေမှ ပတ်ကာဆင်း..။
သာတောင့် သာတယ်လေ့ နတ်ပြည် သနင်း...။

ဘုန်း ဘုန်းတန့်တေဇာ ဖြာဖြာငယ် လင်းပါလို့ မင်း မင်းမြတ် ထွဋ္ဋ်ခေါင်ဗွေ...။

အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်၊
ပန်းမွှေ့ရာ ရွှေကော်ဇော ရောနှောလို့ထိုင်။

ပျိုတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင်၊
ငွေလောင်းပိုင်တဲ့ အဖွဲ့တော်သား ဝေးရာကရှား။

သန်းကောင်ကို နေ့မှတ်ပါလို့၊
အရပ်ကလေးကိုတဲ့ အားမနာ၊
မသောက်ရရင် သီလစောင့်တယ်တဲ့၊
ကိုးကျောင်းတကာ။

သောက်တော်ဘူးရယ်နဲ့ အိုမကွာ၊
မင်းကျော်စွာလို့ မကျော်လား ဝေးရာကရှား။
ချစ်လိုရယ်တဲ့ ခင်မင် ယဉ်ရှာမို့လား၊
ကိုယ်ကြီးကျော်ရေ (ဗျိုး..)
မောင်ကြီးကျော်ရေ (ဗျိုး..)
ဒီဇဗ္ဗူမှာ ပြိုင်ဖက်ရှား၊
မိုးကြနတ်သား။

ညနေ ညနေ စီမှာလေ၊
ကူနီကျော့ စံကွန်း၊
ကိုယ်ကြီးကျော် ပလီလွန်းတယ်၊
ဆေးရှိုက်တဲ့ ကျွန်း..။

( ဇာတ်ပွဲတွေရဲ့အစပထမ အပျိုတော် အထွက်မှာ သီဆိုလေ့ရှိတဲ့ အပျိုတော်နတ်ချင်း လေးပါ။ နတ်တွေထဲက ဆူပါစတားနတ်ဖြတ်တဲ့ ကိုယ်ကြီးကျော် နတ်ချော့တေးက ဇာတ်ထဲက အပျိုတော်သီချင်း ဖြစ်ရတဲ့အထိ ဗမာတို့ရဲ့ နတ်ကိုးကွယ်မှုက နက်ရှိုင်းခဲ့တာပဲ။ နတ်တော်လအလွမ်းပြေ ရေးလိုက်ပါတယ်။)

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Tuesday, November 25, 2014

အမျိုးသားရေးဆိုတာ

ခရစ်ယာန် ရဟန်းမင်းကြီးဖရန့်စစ်က ဥရောပခရီးမှာ အမျိုးသားရေးဝါဒီတွေ အားကောင်းလာတာကို သတိထားကြဖို့ ထည့်ပြောသွားတယ်။
ခုတလော နေရာအတော်များများမှာ အမျိုးသားရေးဝါဒီတွေ ပြန်ပြီး ခေါင်းထောင်လာတာ အမှန်ပဲ။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် လူတွေဆင်းရဲလာကြရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပါ။
အမျိုးသားရေးဆိုတာ နားထောင်ကောင်းတော့ လူတွေပါလာကြတယ်။ တကယ်ကတော့ အမျိုးသားရေးဝါဒဟာ လူလူချင်း ခွဲခြားဆက်ဆံတဲ့ ဝါဒပါ။ တနည်းအားဖြင့် နှိမ်ချတာပါပဲ။
ဟစ်တလာတို့ မူဆိုလိုနီတို့ဟာ အမျိုးသားရေးဝါဒီတွေပေါ့။ဒီဝါဒနဲ့ လူတွေဆီက မဲတွေယူပြီး အာဏာရှင် ဖြစ်လာကြတာ။
သူတို့က ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ရန်ပြုရင်းနဲ့ ကမ္ဘာစစ်ကြီး ဖြစ်လာတော့ အပြစ်မဲ့ပြည်သူပေါင်း ငါးသန်းကျော် အသက်ဆုံးကြရတယ်။
ဒါကြောင့်လည်း ရဟန်းမင်းကြီးက ဥရောပမှာ နောက်ထပ် အမျိုးသားရေးဝါဒီတွေ ပြန်ထလာမှာကို
စိုးရိမ်ဟန်ရှိပါတယ်
အမျိုးသားရေးဝါဒကို ဥရောပမှာ မီးတောက်အောင် မီးမွှေးနေတာ ရုရှားပါ။ မဟာအင်အားကြီးဘဝကနေ လျှောကြခဲ့ရတော့ အခဲမကြေပဲ မကြေပွဲ နွဲဖို့ ကြိုးစားရင်း ယူကရိန်းသူပုန်တွေကို မြှောက်ပေး၊ သင်းကွဲငှက်တွေ ရှာပြီး တပည့်မွေးနေတာ။
အာရှမှာလည်း တရုတ်က စီးပွားရေးအင်ပါယာထူရင်း စစ်ရေးတိုးချဲ့ အင်အားတည်ဆောက်နေတယ်။ တရုတ်နဲ့ ရုရှား မဟာမိတ်ပြုဖို့ ရုရှားက လိုလားနေတယ်။
စီးပွါးရေးမှာ လာဒ်မြင်တဲ့ တရုတ်က အမေရိကန်နဲ့ ပြေလည်မှ သူ့စီးပွားတိုးတက်မှာသိလို့ အမေရိကန်မကြိုက်မဲ့ စစ်ရေးပူးပေါင်းမှုကို ရှေ့တန်းမတင်သေးဘူး။
ဒီလိုအနေအထားတွေမှာ ဗမာက အမျိုးသားရေးဝါဒီတွေကစားတတ်ဖို့ လိုပါလိမ့်မယ်။ ဒီပလိုမေစီမကျွမ်းပဲ အွန်လိုင်းပေါ်မှာပဲ ရိုင်းစိုင်းစွာပြောဆို နေကြမယ်ဆိုရင်တော့ လူ့ချဉ်ဖတ်တွေ ဖြစ်တာပဲ အဖတ်တင်မှာပဲ။
အမျိုးသားနိုင်ငံရေး ဘာညာနဲ့  နိုင်ငံရေးလုပ်တာကို ဆိုင်းပုဒ်တွေတတ်၊ အမျိုးသားရေးဆိုပြီး အားလုံးကို ဝါးလုံးရှည်နဲ့ ရမ်းပြီး ရိုင်းစိုင်းစွာပြောဆိုကြဆိုတာတွေက အမုန်းတရားကိုသာ မွေးဖွားစေပါလိမ့်မယ်။
တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးကြမဲ့ ပြည်ထောင်စုကြီးကို အမျိုးသားအားလုံးငြိမ်းချမ်းစွာ တည်ဆောက်ကြဖို့ လိုနေချိန်မို့ သတိပေးလိုက်ရပါကြောင်း။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

ဖြေရှင်းရမဲ့ လူမျိုးရေး မုန်းတည်းမှု

အမေရိကန်ရဲ့ အလယ်ပိုင်းလောက်မှာရှိတဲ့ ဖာဂူဆင်ဆိုတဲ့ မြို့လေးမှာ လူမဲလူငယ်တစ်ယောက် ရဲက ပစ်ခတ်ဖမ်းလို့ သေတယ်။ ဒီလူငယ်မှာ လက်နက်မပါပဲနဲ့ ရဲက ပစ်ဖမ်းတယ်ဆိုပြီး လူမဲတွေ ဒေါသထွက် ဆန္ဒပြနေတာ ကြာပြီ။
ခုတော့ ဂျူရီလူကြီးတွေက လူဖြူရဲမှာ အပစ်မရှိလို့ ဆုံးဖြတ်တဲ့ အတွက်ပွဲကြမ်းနေကြလေရဲ့။
ဆိုင်ပေါင်း တစ်ဒါဇင်ကျော် လုယက်ဖျက်ဆီး မီးရှို့ခံရပြီး လူ ၇၀ကျော် အဖမ်းခံရတယ်။ ပြည်နယ်အစောင့်တပ်ကို လုံခြုံရေးယူခိုင်းထားပေမဲ့ တမြို့လုံးကို မလွှမ်းခြုံနိုင်တာရယ် ပစ်မိန့်မရှိတာရယ်ကြောင့်လို့ ဆိုတယ်။
ဒီည ထပ်ဖြစ်ရင်တော့ ဖျက်ဆီးလုယက်သူတွေကို ပစ်မယ်လို့ ပြည်နယ်ရဲမှူးက ပြောလိုက်ပြီ။
အမေရိကားမှာ လူဖြူလူမဲပြသနာ ဖြစ်နေတာ ကြာလှပေါ့။ မာတင်လူသာကင်းတို့ခေတ်ထဲက စခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် ပြသနာ နဲသွားပေမဲ့ ဖွဲမီးလို တငွေ့ငွေ့နဲ့ ကျန်ဆဲပဲ။
အမေရိကန်မှာ လူဖြူကြီးစိုးတယ်။ အာရှသားတချို့က ချွန်ထွက်ပြီး နေရာရလာတယ်။ လူမဲနဲ့ မက်ဆီကန်တွေကတော့ အရင်အတိုင်း အများစုက နိမ့်ပါးကြဆဲ။
ဒီလိုဖြစ်ရတာ ပတ်ဝန်းကျင်ကြောင့်လို့ ပြောကြတယ်။ သူတို့တွေက မွေးလာထဲက ဆင်းရဲချို့တဲ့ကြပြီး အစိုးရအိမ်ယာတွေမှာနေရတယ်။ ပတ်ဝန်းကျင်က ဆေးရောင်း လုယက်တွေနဲ့ ယဉ်ပါးလာ။ ရဲက သူတို့ကို ဖမ်းတာများတော့ ရဲကို မုန်းတီး။ ဒီလိုနဲ့ ကြီးပြင်း လမ်းဘေးရောက် နောက်တော့ ထောင်ထဲဝင်နဲ့ လုံးခြာလည်နေတာ အများစု။
ထူးချွန်တဲ့ လူမဲတွေရှိပေမဲ့ လူဦးရေ အချိုးအစားနဲ့ နှီုင်းရင် အလွန်နဲသေးပါတယ်။
ခုထိလည်း ထူးချွန်သူ အများစုဟာ အဖြူ နဲ့ အာရှသားတွေပဲ ဖြစ်နေတာ တွေ့နေရဆဲပါပဲ။
အမေရိကန်အစိုးရက ဥပဒေစိုးမိုးမှုရှိတာမို့ ဒီပြသနာ မကြာခင် ပြီးသွားမှာပါ။ ဒါပေမဲ့ ပြသနာ ရင်းမြစ်ကို ကုသဖို့က ကြာပေဦးမယ်။
ဗမာပြည်မှာလည်း ဒီလိုပါပဲ။ လူမျိုးရေးမုန်းတည်းမှုဆိုတာ နေ့တွင်းချင်း ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ နှစ်ဖက်လုံးက ခေါင်းဆောင်တွေ သတိကြီးကြီးနဲ့ စောင့်ကြည့်ကိုင်တွယ် နိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ

Monday, November 24, 2014

မတွေးရဲပါကွယ်

အမေရိကန်မှာ တရာမဝင်နေထိုင်သူ ၁၂သန်းလောက်ရှိမယ်။
ဒီလူတွေဟာ နည်းမျိုးစုံနဲ့ ဝင်ရောက်ခဲ့ပြီး ရရာအလုပ်နဲ့ နေနေကြတာ ကြာလှပါပြီ။
သူတို့တွေက ကလေးတွေမွေးတော့ ဥပဒေအရ ကလေးက နိုင်ငံသားဖြစ်ခွင့်ရပြီး မိဘတွေက မရကြ။
တချို့တော့လည်း မိဘတွေက နိုင်ငံသား။ ဒါပေမဲ့ ကွဲကွာ သေဆုံး စသည်တို့ကြောင့် သက်သေမရှိလို့ နိုင်ငံသား ဖြစ်ခွင့်မရကြ။
ဒီလိုလူတွေကို နိုင်ငံမှာ ငါးနှစ်နေပြီးရင် နိုင်ငံသားလျှောက်ခွင့် ပေးမယ်လို့ သမ္မတအိုဘားမားက ကြေညာလိုက်ပါပြီ။
ရှေးရိုးစွဲတွေအားကောင်းတဲ့ အောက်လွှတ်တော်က ဥပဒေပြုပြင်ဖို့ အကြိမ်ပေါင်းများစွာ ပျက်ကွက်ခဲ့လို့ သူ့လုပ်ပိုင်ခွင့်နဲ့ ပြုပြင်လိုက်တာ။
သူတက်လာတဲ့၂၀၀၈က ပေးခဲ့တဲ့ကတိကို အကောင်အထည် ဖေါ်ဆောင်ခြင်းပေါ့။
ရှေးရိုးစွဲ ရီပတ်ပလီကင်ပါတီကတော့ အပြတ်ဝေဖန်နေလေရဲ့။
ဗမာပြည်မှာဆိုရင်တော့ ရီပတ်ပလီကင်ပါတီက ပြည်ခိုင်ဖြိုးနဲ့ ဆင်တူမယ်။ လူတွေကို ကြောက်အောင် ပြောထားတယ်။ တရားမဝင်လူတွေ တရားဝင်ဖြစ်လာရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့။ ခပ်တုံးတုံးတွေက ယုံကြတာပဲ။
ဒီလိုဥပဒေပြောင်းလိုက်ရင် ငါးသန်းနီးပါး နေထိုင်ခွင့်ရကြမှာမို့ သူတို့ကတော့ ပျော်လို့ပေါ့။
ဗမာပြည်မှာလည်း ဒီလိုအနေအထားကို နောက်တက်မဲ့ ခေါင်းဆောင်က မလွှဲမသွေ ရင်ဆိုင်ရမှာပဲ။
အခုတောင် ရခိုင်က နယ်မြေလုပွဲကို တပြည်လုံး မီးတောက်အောင် ဖွနေတဲ့သူတွေကြောင့် တသက်လုံး ချစ်ချစ်ခင်ခင် နေခဲ့ကြတဲ့ မိတ်ဆွေတွေ သွေးကွဲနေုကြပြီ။
အမေရိကန်ကတော့ တရားဥပဒေစိုးမိုးမှုရှိလို့ ဒီကိစ္စကိုဥပဒေဘောင်ထဲက ရှင်းကြလိမ့်မယ်။
တို့ရဲ့ ရွှေပြည်ကြီးမှာ ဒီလို အခြေအနေနဲ့ တွေ့လာရင် ဘယ်လို ဖြစ်ကြမယ်ဆိုတာ တွေးတောင် မတွေးရဲပါဘူးကွယ်။

Thursday, November 20, 2014

ပညာရေး

အရင်က ကျောင်းသား၊ ခုတော့ ကျောင်းသားမိဘ။
၅၀နားနီးသော ကျောင်းသားအန်းတိတ်ကြီးပေမဲ့ ကျောင်းသားသံကြားလျှင် ခေါင်းထောင်ကြည့်မိမြဲပင်။
ဗမာပြည် ပညာရေးကလည်း ကိုယ့်ခေတ်ထဲက
ဝိဇ္ဇာသိပ္ပံတွဲလိုက် ခွဲလိုက်၊ ဒေသကောလိပ်တွေပို့ ဆယ်တန်း အမှတ်နဲ့ ပြန်ခွဲ စသည်ဖြင့် စမ်းသပ်နေတာ အခုထိပင်။

ကိုယ်တွေဆယ်တန်းအောင်တော့ ဒေသကောလိပ်ရဲ့ နောက်ဆုံးအပတ်စဉ်ဖြစ်နေသည်။သည်တော့ သချာင်္တွဲယူပြီး ပဲခူးဒေသကောလိပ်ပို့လေသည်။
နောက်နှစ်မှာတော့ ဆယ်တန်းအမှတ်ဖြင့် ခွဲပြီး တက္ကသိုလ်တန်းပို့လေရာ ဆယ်တန်းကျပြီး နောက်နှစ်မှအောင်သော သူငယ်ချင်းက စက်မှုတက္ကသိုလ် တန်းဝင်သွားတော့သည်။
ကိုယ်ကတော့ ပဲခူးဒေသကောလိပ်မှာ ဒုတိယနှစ်ပဲရှိသေးသည်။ စာမေးပွဲကျလျှင် မေဂျာပြောင်းရမည်။ ဒုတိယနှစ်ပါ အမှတ်ကောင်းမှ စက်မှုကျောင်းရောက်မှာမို့ အတော် ကြိုးစားလိုက်ရသည်။
ကံကောင်း၍ သုံးနှစ်လုံးအမှတ်မှီကာ စက်မှုကျောင်းရောက်ရသည်။
ရောက်သော်လည်း ကောင်းစွာမပျော်ရ။ ကိုယ်က တတိယနှစ်မှဖြတ်တက်ရသဖြင့် စက်မှုကျောင်းစာများကို သုံးနှစ်စာ ပေါင်းသင်ရသလိုဖြစ်ကာ ဆယ်ဘာသာနှင့် လုံးခြာလည်ခဲ့ရသည်။ တခါမှ မဆွဲဖူးသော ပုံတွေကို အိမ်စာပေး၊ သချာင်္က နှစ်ဘာသာ၊ ဝပ်ရှော့တွေရော ပန်းပဲရော လက်သမားရော ကွန်ပြူတာရော ချာချာလည်ရသည့် တတိယနှစ်ကို ဘယ်တော့မှမမေ့။
ဘယ်လောက်ကြောက်ခဲ့လည်းဆို ခုထိတခါတခါ စာမေးပွဲဖြေတယ်လို့  အိပ်မက်မက်ရင်
အိပ်မက်ထဲမှာ စာမေးပွဲကျတုန်း။
ခုလည်းသတင်းမှာ တီယူက ကလေးတချို့ သတ်သေတာတွေကြားတော့ ကိုယ်ချင်းစာရင်း ဒီလို ပညာရေးစနစ်တွေနဲ့ ဝေးကြပါစေလို့ ဆုတောင်းပေးရုံမှတပါး။

ကျေးဇူးတင်သောနေ့  အကြောင်း

နောက်တပတ်ဆို ကျေးဇူးဆပ်သောနေ့ ရောက်ပြီ။
Thanksgiving day လို့ ခေါ်တဲ့ ဒီနေ့က လူဖြူတွေ အမေရိကကို စရောက်တော့ မလုပ်တတ်မကိုင်တတ်နဲ့ ဒုက္ခဖြစ်နေချိန်မှာ ကူညီခဲ့တဲ့ ဌာနေ လူနီရိုင်းတွေကို ကျေးဇူးတုန့်ုပြန်ရာက စခဲ့ပါသတဲ့။
ဒီအချိန်ရောက်ရင် မိသးစုတွေပြန်ဆုံကြ၊ မိတ်ဆွေသူငယ်ချင်းတွေဖိတ်ပြီး အစားအသောက်တွေနဲ့ ဧည့်ခံကြ မို့ ပျော်စရာနေ့ပါ။
ကျေးဇူးရှိဖူးသူတွေကို ကျေးဇူးတုန့်ပြန်ခြင်းဆိုတာ မင်္ဂလာတစ်ပါးမို့ နေ့သတ်သတ်မှတ်မှတ်နဲ့ လုပ်လိုက်တော့ ပိုကောင်းသွားတာပေါ့။
ကျွန်တော်တို့ ဗမာမှာတော့ ကျေးဇူးဆပ်တဲ့နေ့ရယ်လို့ မရှိ။ ဒါပေမဲ့ သူ့ကျေးဇူးကို သိတတ်ရမယ်ဆိုတာကတော့
ငယ်ထဲက ရင်ထဲစွဲခဲ့ကြတာရယ်ပါ။
နိုင်ငံတစ်ခုအတွက်ဆိုလည်း ကျေးဇူးတင်ထိုက်သူတွေအများသား။
တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကစပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူတွေက ထိပ်ဆုံးမှ ကျေးဇူးတင်ထိုက်သူတွေ။
သူတို့တွေ အသက်ပေးရယူခဲ့တဲ့ လွတ်လပ်ရေးအပြီး တရုတ်ဖြူကျူးကျော်စစ်ကို ကာကွယ်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇောဦးဆောင်တဲ့ တပ်မှူးကြီးများနဲ့ ပါဝင်သူအပေါင်းကလည်း ကျေးဇူးတင်ထိုက်သူစာရင်းမှာ ပါဝင်ပါတယ်။
(ကျန်တာကတော့ ကိုယ့်တိုင်းရင်းသားတွေ အချင်းချင်း ပြန်တိုက်နေရတာပါပဲ။
စစ်တိုက်တယ်ဆိုတော့လည်း ကိုယ်ကဦးအောင်သတ်ရင်သတ်၊ မသတ်နိုင်ရင် သူများသတ်တာခံ ဒါပါပဲ။ ဒီလိုနဲ့ အသက်ပေါင်းများစွာ စတေးခဲ့ရ။ တပ်မတော်ဖက်ရော တိုင်းရင်းသားတွေပါ နှစ်ပေါင်းများစွာ တိုက်ရင်းနဲ့ ခုထိ တပြည်လုံး အပစ်ရပ်ကို လက်မှတ်မထိုးနိုင်သေး။)
ဒီကြားထဲမှာ ကျေးဇူးရှင်တွေ ပေါ်ခဲ့သေးတာပဲ။ မေ့တော့မလို့။
တိုင်းပြည် ချောက်ထဲကြဖို့ လက်တစ်လုံး အလိုမှာ ကယ်တင်ခဲ့တဲ့ သွားလေသူ င်္နပါတ်ဝမ်းကြီးတို့၊ မြန်မာပြည်ကို ကျွန်တော်ကယ်တင်တယ်ဆိုတဲ့ ရှစ်လေးလုံးကယ်တင်ရှင်သွားလေသူကြီးတို့၊ ဒီမိုကရေစီလမ်းပေါ်တင်ပေးပြီး လို့ အနားယူပြီး နောက်ကွယ်က စာဖတ်နေသူကြီးတို့ကအစ ခုနောက်ဆုံး ဒီမိုကရေစီဖခင်ကြီး ဆိုတာ အထိ ကျေးဇူးရှင်စာရင်းထဲထည့်ရမယ်လေ။( သဘောချင်းမတိုက်ဆိုင်လို့ ထိုကျေးဇူးရှင်ဆိုသူများအား စာရင်းမှ ထုတ်ပယ်မယ်ဆိုလည်း မိတ်ဆွေတို့ သဘောပါ။ ကျွန်တော်ကတော့ စာထဲမှာ သူတို့ကိုယ်သူတို့ ကျေးဇူးရှင်စာရင်း ထည့်ထားတာမို့ ကျနိခဲ့မှာစိုးလို့ ထည့်လိုက်ပါတယ်။)
ပြည်သူတွေတကယ် ကျေးဇူးတင်တဲ့ ပြည်သူ့အချစ်တော်တွေက ဘယ်သူတွေဆိုတာတော့ ပြောစရာမလို
။(အန်ဒါစတွတ်( understood ) မို့ စာရင်းတောင် ထည့်စရာမလို။ )ရင်ထဲမှာ အလိုလို ကျေးဇူးတင်ပြီးသား။
ထိုထိုသော ကျေးဇူးတင်ထိုက်သူ အပေါင်းအား ဒီနေရာမှနေ၍ ကျေးဇူးဆပ်သောနေ့အကြို အနေဖြင့် ကြိုတင် ကျေးဇူးတင်ထားပါတယ်ဗျာ။

ရင်းနှီးဖို့ ဆို အာမခံဖို့  လိုမယ်

တခါက ဗမာပြည်အပြန် တိုင်ဝမ်လေဆိပ်မှာ နားနေတုန်း ခရီးဖေါ် ကိုးရီးယား လုပ်ငန်းရှင်နဲ့ စကားပြောဖြစ်တယ်။
သူက အထည်ချုပ်လုပ်ငန်းရှင်ပါ။
သူပိုင်တဲ့ စက်ရုံတွေ ဗီယက်နန်မှာ ရှိတယ်။ ခုလည်း တိုင်ဝမ်မှာ တံဆိပ်တစ်ခုအတွက် စာချုပ်လာချုပ်တာပါတဲ့။
ကျွန်တော်က ဝမ်းသာစွာနဲ့ ဗမာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်မိပါတယ်။
သူက ဗမာပြည်ကို သွားလေ့လာ ပြီးပြီတဲ့။ စက်ရုံမြေငှားခ၊ လျှပ်စစ်ခ၊ သယ်ယူပို့ဆောင်ခ၊ အလုပ်သမားခ အားလုံး ကိုက်ပေမဲ့ အာမခံချက် မရှိတဲ့အပြင် လူကြီးတွေကိုပါ လိုက်ပေါင်းနေရမယ်ဆိုလို့ မလုပ်တော့တာပါတဲ့။
သူပြောတာ ရှင်းပါတယ်။ ငါက စီးပွါးရေးသမား၊ စီးပွါးရေးပဲလုပ်တတ်တယ်။ အာမခံချက်ရှိရမယ်။ လူကြီးတွေနဲ့ ပေါင်းသင်းတာတို့ ပေးကမ်းတာတို့ မလုပ်နိုင်ပါတဲ့။
ဗမာပြည်ရဲ့ အထွေထွေ အကျင့်ပျက်မှုတွေ ခြစားမှုတွေအပြင် လူကြီး တစ်ဦးလာ တစ်မျိုးပြောင်းတဲ့ ပေါ်လစီတွေကိုလည်း သူ လက်မခံနိုင်ပါတဲ့။
ခုလည်း ဆမ်ဆောင်းရဲ့ အကြီးစား
ရင်းနှီး မြှုတ်နှံမှုကြီးကို ဗမာနဲ့ ဆွေးနွေးပြီးကာမှ ဗီယက်နန်ကိုပဲ ရွေးလိုက်တယ်ဆိုတဲ့ သတင်းကို ဘယ်လို ထင်မြင်မှုကိုမျှ မပေးလိုတော့ ပါကြောင်း။
( မြန်မာကို ပေါက်ဖေါ်တွေ အလုံးအရင်းနဲ့ ရင်းနှီးမြှုတ်နှံနေကြတာကတော့ နှစ်နိုင်ငံလုံးက အကျင့်ပျက် ခြစားမှုမှာ အတူတူမို့ ပေါက်ဖေါ်တွေအတွက် မထူးခြားတော့လို့ ဖြစ်မှာပါပဲ။
ခုတော့ ပေါက်ဖေါ်ကြီးက ခြစားသူတွေကို အရေးယူပြနေပါပြီ။)

အမျိုးသားနေ့  အတွေး

အမျိုးသားနေ့ဆိုတာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်စု တက္က္ကသိုလ်ဥပဒေကို သပိတ်မှောက်ဖို့ စုဝေးခဲ့တဲ့နေ့။ ကျောင်းသားသပိတ်ကို စတင်ခဲ့တဲ့နေ့။
ဒါပေမဲ့ ကိုဘဦးဦးဆောင်တဲ့ ဒီကျောင်းသားတွေကို နယ်ချဲ့တွေက မတရာဖမ်းပြီး ထောင်ထဲကို နှစ်ရှည်ထည့်ခဲ့တယ် လို့တော့ သမိုင်းမှာ မသင်ခဲ့ရ။
ခုလည်း အမျိုးသားပညာရေး ဥပဒေမှာ သမဂ္ဂ ဖွဲ့ခွင့်တွေ မပါလို့ ကျောင်းသားတွေ အမျိုးသားနေ့မှာ သပိတ်တိုက်ပွဲ ဆင်နေလေရဲ့။
သမိုင်းသစ်မှာ ဒီကျောင်းသားတွေကို နှစ်ရှည်ထောင်ချလိုက်တယ် လို့တော့ မဖတ်ချင် မတွေ့ချင်မိပါကြောင်း။

Friday, November 14, 2014

အိုဘားမားလာပြီ

(၁)

အိုဘားမားကြီး နေပူတော် ရောက်သွားပြီ။
အာဆီယံထိပ်သီးတွေ ဒေသတွင်းကိစ္စ ဆွေးနွေးတာ ဆိုပေမဲ့ တကယ်ကတော့ ပေါက်ဖေါ်ကြီးနဲ့ အမေရိကန် အားပြိုင်ပွဲပဲ။
ဒို့ ဗမာ အစိုးရကြီးကတော့ ပေါက်ဖေါ်ကြီးရဲ့ အောက်ဆွဲအဆင့်က မတက်သေး။
အမေရိကန်နဲ့ အသေအကြေ စစ်တိုက်ခဲ့တဲ့ ဗီယက်နန်တောင် ပေါက်ဖေါ်ကြီးရန်ကို ကြောက်လို့ အမေရီကန်နဲ့ အိုကေပြန်လုပ်ပြီး ပေါက်ဖေါ်ကြီးကို နားရွက် တံတွေးဆွတ် လုပ်ပြရဲတယ်။
ဒို့ ဗမာအိမ်ကျယ်တွေကတော့ ခုထိ တရောက်ကြုတ်လုပ်တုန်း။ တရားအားထုတ်နေရတုန်း။
ဒီအတွက် ဗီယက်ဆီမှာ သင်တန်းတက်ကြဖို့ လိုနေပြီ။


(၂)

အိုဘားမားကြီး နေပူတော်ကနေ ရန်ကုန်ကို သွားတော့မယ်။ ခုထက်ထိတော့ ဆန္ဒပြမယ်ဆိုတဲ့ ကိုကိုတွေ တစ်ယောက်မျှ ထွက်မလာကြသေး။ သူတို့ အဘတွေကလည်း လုံခြုံရေး အကြောင်းပြပြီး ခွင့်ပြုမယ်မထင်။
အိုဘားမားက ရန်ကုန်သာ နှစ်နှစ်တခေါက်ရောက်ပေမဲ့ ဆန်ဖရန်တော့ တနှစ်သုံးလေးခါ လာတာ။ ရံပုံငွေ လာရှာတာပေါ့။ ဆန်ဖရန်တဝိုက်က ဆီလီကွန်တောင်ကြားမို့ သူဌေးကလည်းပေါသကိုး။ ညစာစားပွဲလက်မှတ် ဆို ထောင့်ငါးရာကနေ သုံးသောင်းကျော်ထိ ဈေးရှိတာ။
ထောင့်ငါးရာကတော့ အဝေးကပဲမြင်ရမယ်။ သုံးသောင်းက အိုဘားမားနဲ့တွဲပြီး ဓါတ်ပုံရိုက်ခွင့်ရမယ်။
အဲလို လာပြီဆို ဆန်ဖရန်က ဖဲမောင့်ဟော်တည်မှာတည်းတယ်။ ထုံးစံအတိုင်း သူ့ကိုစောင့်နေတဲ့ ဟော်တယ်ရှေ့က လူအုပ်က ဆန္ဒပြမဲ့ အဖွဲ့တွေပဲ။ သမ္မတ ကားပေါ်ကဆင်းတာနဲ့ အသကုန်အော်ပြီး သူတို့ပြောချင်တာကို ပြောတာပဲ။
နောက်ပြီး ခရာတွေမှုတ်သေးတယ်။ သူတို့ကို ဂရုပြုအောင်လို့။ သမ္မတက လှည့်ကြည့် လက်ပြပြီး ဟော်တယ်ထဲ ဝင်သွားတာပဲ။
သမ္မတ ဝင်သွားပြီမို့ ပြန်ဖို့ပြောလည်း မပြန်ကြဘူး။
ဒါနဲ့ ဒီဆန္ဒပြအဖွဲ့တွေကို ရဲက ဟော်တယ်ဘေးက လမ်းကြားထဲဝင်ခိုင်းတယ်။ အဲဒီကြမှ ဆန္ဒပြတဲ့ သူတွေ အကြိုက်တွေ့ပြီး ခရာတွေအပြင် ပါလာတဲ့ ဘင်တွေပါတီးပြီး ညလုံးပေါက် အော်ကြရော။
ရဲလဲမနိုင်လို့ လွှတ်ထားရတယ်။ သမ္မတလည်း တညလုံး အိပ်လို့မရ။ ပတ်ဝန်းကျင်လည်း အိပ်မရပဲ။
နောက် အခေါက်တွေသမ္မတလာတော့ ပတ်ဝန်းကျင်က ကန့်ကွက်လို့ ဒီဟော်တယ်မှာ မတည်းတော့ပဲ ဒဘယ်လျှူဆိုတဲ့ ဟော်တယ် ပြောင်းတည်းရရှာတယ်။
ဦးအောင်တောင်းကို အမဲစာရင်းသွင်းလို့ အိုဘားမားလာရင် ဆန္ဒပြမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ဖွဘုတ်ကိုကိုတွေရေ။ တကယ်ပြမယ်ဆိုရင် ဆန်ဖရန်ကို အိုဘားမားလာမဲ့အချိန်နဲ့ကိုက်ပြီး လာခဲ့။ ပြီးရင် စိတ်ကြိုက်ပြပေတော့။
ပြောမဲ့သာပြောရတာပါ။ ဆန်ဖရန်လာပြီး သုံးသောင်းပေး။ အိုဘားမားနဲ့ ဓါတ်ပုံတွဲရိုက်သွား ပြီးပြီလားတောင် မသိဘူး။ သူတို့က ဒေါ်လာရွှင်တယ်လေ။ သယံဇာတတွေ မျိုထားတာမဟုတ်လား။


(၃)

အိုဘားမားကား ဘားမားမှ ပြန်လေပြီ။
မြန်မာပြည်သား အများစုကလည်း လူထုခေါင်းဆောင် အန်တီစုကို တခဲနက် အားပေးထောက်ခံခဲ့သူ အမေရိကန်သမ္မတတဦးအနေဖြင့် အမြဲအမှတ်ရနေကြတော့မည်။
မြန်မာသမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင် အားလုံးမှာလည်း ကမ္ဘာ့အဆင့်အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် သက်ပြင်းချနိုင်ခဲ့ပြီ။
တကယ်က အောင်စည်ရွမ်းပြီး ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေသီချင်းဆိုကာ ပွဲသိမ်းကြဖို့သာရှိသည်။
သို့သော်... ပွဲက အခုမှ စဖို့ပြင်တုန်းမို့ အောင်စည်လည်း ဖုန်တက်နေဆဲ။
ရွှေမန်းရဲ့ အောင်ပါစေသီချင်းဓါတ်ပြားလည်း ပင့်ကူအိမ်ဖွဲ့နေဆဲ။
ခြေဥကြီးကလည်း အရင်အတိုင်း။
၄၃၆ကလည်း အရင်အတိုင်း။
၅၉(စ) ကလည်း အရင်အတိုင်း။
လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေကလည်း အရင်အတိုင်း။
အဘတွေကလည်း အရင်အတိုင်း။
ခရိုနီတွေနဲ့ သူတို့ ပိုင်ဆိုင်မှုတွေကလည်း အရင်အတိုင်း။
ဖွတ်ကျောပြာစု ပြည်သူတွေကလည်း အရင်အတိုင်း။
အပြစ်ရပ်ကလည်း အရင်အတိုင်း။
လေးပွင့်ဆိုင်ကလည်း အရင်အတိုင်း။
တရားအားထုတ်နေရတာကလည်း အရင်အတိုင်း။
ဒီလိုသာ အရင်အတိုင်းတွေ များနေလျှင်ဖြင့် ပွဲက တော်တော်နှင့် စနိုင်ဦးမည်မထင်။
ပြည်သူအများစုကြီးအတွက် ပြည်ထောင်စုကြီးအတွက် ပြုပြင်ပြောင်းလည်းရေး လုပ်ငန်းစဉ်တွေကို အရှိန်မြင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ကြပါစေ။
အောင်စည်ရွမ်းပြီး ရွှေမန်းရဲ့ အောင်ပါစေနဲ့ ကမ္ဘာ့အလည်မှာ ခေါင်းမော့ ဝင့်ထည်နိုင်တဲ့ လူမျိုးတစ်မျိုးအဖြစ် မကြာခင် မြင်ချင်စမ်းပါဘိ။

Sunday, November 9, 2014

ကြိုတင် ဝန်ခံခြင်း

ကပြောင်းကပြန်
ဗလောင်းဗလဲ
ဟိုပြောဒီပြော
ဘရွတ်ရွှတ်တ
ပေါက်ပန်းလေးဆယ်
ကလေကချေ
ကလေ ကဝ
အရည်မရ
အဖတ်မရ
ပေါက်လွတ်ပဲစား
ရူးကြောင် မူးကြောင်
ဘာမှမဟုတ်
အပေါစား ပေါ်လစီ
ဟူရု
မည်သည့်အခါ
မည်သည့်နေရာတွင်မှ
သမ္မတကြီးကို
အပြစ်မဆိုခဲ့မိပါကြောင်း
ဝန်ခံအပ်ပါသည်။
( သံတော်ဆင့်လို သမ္မန်စာဆင့်မှာ စိုးပါသဖြင့် မစစ်ခင်က ကြိုတင် ဝန်ခံချက်။)
တားတားကြောက်ကြောက်

Wednesday, November 5, 2014

သမ္မတကြီးကို ချစ်ပါတယ်။ (၁)

သမ္မတကြီးကို ချစ်ပါတယ် (၁)

မိဘပြည်သူများ ခင်ဗျား....။

အဲလေ.. ယောင်လို့။ အဲဒီအလုံးက သမ္မတကြီးရဲ့ အလုံး။ သူက တစ်လတစ်ခါ ဒီအလုံးလေးနဲ့ လေလှိုင်းကြားက ထွက်နေကြ။ မတူတာတုမိလို့ မထော်မနန်းတွေ
ဖြစ်ကုန်မှာလည်း ကြောက်ရသေး။


ဘာဖြစ်ဖြစ်ပေါ့လေ။ မောင်လူပေကတော့ သမ္မတကြီးကို ချစ်တယ်။

မန်းလေးကလူတချို့လို နေ့ထွက် သုံးထောင်နဲ့ ချစ်တာ မဟုတ်ရပါဘူး။တကယ်ကို ချော်တကစ်တာ။
ဘာရယ်။ အခွင့်အရေး ဟုတ်လား။အဲဒါတွေက တက်တက်ပြောင်ပြီ။ခုမှ ထတောင်းရင် အရိုးတောင် မကျန်တော့ဘူး။ တကယ် ချစ်တာပါ။

ကြည့်လေ။ တို့ သမ္မတကြီးရဲ့ ဥပတိရုပ်ကို။ မဟာနဖူးကြီးနဲ့ ဘယ်လောက်ခန့်ညားလဲလို့။
(ဒါကတော့ ကိုယ်နဲ့တူပြီး ပြောင်နေလို့ အမှတ်ပိုပေးတာ။ ကြည့်လေ။ ပြောင်တွေ ခေတ်စားနေလို့ သက်မွန်လေးတောင် ပြောင်ကိုကိုပဲ ရွေးသွားတာ မဟုတ်လား။)

ပြီးတော့ သရေဆိုလား စည်သူဆိုလား ခေါ်တဲ့ ရွှေစလွယ်ကြီးလွယ်လို့။ စလွယ်ဆိုတာ လူတိုင်း လွယ်ရတာ မှတ်လို့။ (မယ်ဖြစ်မှ ရတာ။ ဟုတ်လား။ နင်တို့က ဒါပဲ မြင်ဖူးတာကိုး။ အကျိုးပြုတွေ လုပ်လည်း ရတယ်ဟဲ့။ အမလေး။ အတော်ခက်တဲ့ သူငယ်တော်လေးတွေ။)

စကားပြောလေးကလည်း ယဉ်ကျေးလို့။ မိဘပြည်သူများ ခင်ဗျားနဲ့ စကားခံမှတော့ ပြည်သူကို မိဘလို သဘောထားလို့ပေါ့။

မိုက်တဲ့ကောင်ထွက်ခဲ့။ဘယ်ကောင်မှ လူမထင်ဘူးဆိုတဲ့ မျက်နှာပေးနဲ့ အစိမ်းရောင် ဝတ်စုံပေါ်မှာအဖြူရောင် ပိတ်စပတ်ပြီး ခါးမှာ ဗျောက်ထိုးထားတဲ့ အရင်မြင်နေုကြ အဘတွေနဲ့စာရင် သူက အပုံကြီး သာပေတာပဲ။ ( ဘာ။ သူလည်း အရင်က အစိမ်းဝတ်ပဲ။ ခုမှ ပုံပြောင်းထားတာ။ဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပုံပြောင်းပြီးဘောင်းဘီချွတ်။ ချိတ်လုံချည်လေး ဝတ်ပြတာ ကောင်းတာပေါ့။ နင်တို့က အစိမ်းဝတ် ကိုကိုတွေ ပြန်လာမှာ ကြောက်ဖူးလား။ တားတားကြောက်ကြောက်။)

ပြီးတော့လည်း အလွန်ရိုးသားတဲ့ သမ္မတကြီး။ နောက်ဆို မုန့်ဟင်းခါးတောင် ရောင်းမယ်ဆိုပဲ။ကဲကြည့်။ ဘယ်နိုင်ငံများ သမ္မတ မုန့်ဟင်းခါး ရှိသတုန်း။ တိှု့လူမျိုးများကံကောင်းကြလို့ သမ္မတလူကြမ်းအဖွဲ့တို့ သမ္မတ မုန့်ဟင်းခါးတို့နဲ့ တွေ့ရတာ။ နောက်ဆို ဟင်းရည်အိုးကြီးမွှေနေတဲ့ သမ္မတကြီးပုံတောင် ဖွဘုတ်ကြီးပေါ်တက်လာနိုင်တယ်။ အရောင်း မြှင့်တင်ရေး အကြိုအနေနဲ့။

ခုလည်း သူတတ်နိုင်သရွှေ့ နှလုံးမှာ စက်တတ်ပြီး လုပ်ပေးနေတာပဲ။ သမ္မတ အကြံပေးတွေ ညံ့လို့ စီင်္မကိန်းတွေ မအောင်မြင်တာ။ ဖယောင်တိုင်ထွန်းခိုင်းတဲ့ အကြံပေးတွေ အပြစ်။ သမ္မတကြီးနဲ့ မဆိုင်။ ( ဘာ။ အဲဒီ နည်လှည့်ပါးရိုက်အဖွဲ့က နောက်ကွယ်က စာဖတ်နေသူကြီးရဲ့ အဖွဲ့ ။ မလွှဲသာလို့ ဆက်ထားရတာ။ စာဖတ်နေသူကြီး အမျက်တော်ရှ
ရင် သူလည်း တီဗွီမင်းသားကြီး ကိုကိုညွန့်နောက် လိုက်ရမှာပေါ့။)

သမ္မတကြီးရဲ့ အုန်းကျွန်း(own tune ) ရှိပြီးသား။ အရက်အစား နွားနို့သောက်တို့ ကလေးစာသင်ကျောင်းတွေမှာ နွားနို့ရအောင် နွားမမွေးတို့။ အဲဒါ သူ့ အုန်းကျွန်းတွေ။ ဘယ်လောက် ဒိုင်တွေ လန်းလဲ။ အလန်းတောင် လွန်သေး။ (ဘာ။ လမ်းတိုင်းမှာ အရက်ပဲ လွယ်လွယ်ရပြီး နွားနို့မရ။ ဟုတ်လား။ ဝိသမသမားတွေ ဌာနဆိုင်ရာနဲ့ ပေါင်းပြီး အရက်ဆိုင်တွေဖွင့်တာ သမ္မတနဲ့ ဘာဆိုင်လဲ။ သူ အာရကေရတာလည်း မဟုတ်။ ဘာ။ ကျောင်းတွေမှာ နွားမွေးမှတော့ ဆရာမတွေ တာဝန်ပေါ့။ မြန်မာ အဘိဓါန်မှာ နွားကျောင်း ဆရာမဆိုပြီး ဝေါဟာရတောင် အသစ်တိုးနိုင်သေးရဲ့။)

Friday, October 31, 2014

တပ်နဲ့  ပြည်သူ

ကိုးပွင့်တွေ့ပွဲမှာ ဒေါ်စုက တပ်ကိုချစ်ကြောင်းပြောလို့ တပ်ချုပ်တွေ ဟတ်ထိတယ်တဲ့။
တကယ်လည်း တပ်ကို သူချစ်မှာပါ။ ပထမဆုံး တပ်ချုပ်ကြီးရဲ့သမီးပဲ။ ရဲဘော်လေးတွေလက်ထဲ ကြီးခဲ့ရသူလေ။

ဘယ်သူမှ တပ်ကို ဘလိုင်းကြီး မမုန်းပါဘူး။ တပ်နဲ့ ပြည်သူ တသားထဲ ရှိခဲ့ကြတာပါ။ ဘာလို့ ဒီလို ပြောနိုင်သလဲဆိုတော့ မောင်လူပေကိုယ်တိုင် စစ်သားဘဝကို ခဏတာ ရယူခဲ့ဘူးလို့ပါပဲ။
မောင်လူပေက ယူတီစီ(University Training Course) တက်ပါတယ်။ တက္ကသိုလ် အရန်တပ်ရင်းဝင်တော့ စစ်ယူနီဖေါင်း အပြည့်နဲ့ စစ်သင်တန်းတွေ ဆင်းရပါတယ်။ ကြားရက်တွေသုံးရက် ကျောင်းထဲမှာ သင်တန်းတက်ရတယ်။ စနေမှာတော့ စစ်ဝတ်စုံပြည့်နဲ့ မိန်း(Main) ထဲက ယူတီစီ(UTC) စစ်ရေးပြကွင်းမှာ တနေကုန် စစ်သင်တန်းတွေ သင်ကြရတယ်။

စစ်ဝတ်စုံပြည့်နဲ့ ကြို့ကုန်းကျောင်းကနေ လှည်းတန်းထိသွားရတာ မလွယ်လှပါ။ ၄၅ကားလေးတွေတွယ်စီး။ ဒါမှမရရင်တော့ နံပါတ်၈ ဘတ်စကားစီးပြီး လှည်းတန်းကနေ သင်တန်းကွင်းထိ ခြေလျှင်လျှောက်ပဲ။
ကားနေရာမရရင် စစ်ဝတ်စုံပြည့်နဲ့ မောင်လူပေတို့ကို နေရာပေးတဲ့သူတွေ အများကြီးပါ။ ကြောက်လို့ မဟုတ်။ ချစ်ကြလို့ပါ။ မောင်လူပေတို့ကလည်း ဝတ်စုံသာပါပြီး လက်နက်မှ မပါတာ။
ပေးတိုင်းလည်း နေရာမယူပါဘူး။ သက်ကြီးပိုင်းကို ဦးစားပြန်ပေးပြီး မတ်တတ်ပဲ လိုက်ကြပါတယ်။ မှတ်မှတ်ရရ ရုပ်ရှင်ထဲက ဦးမြမောင်ကြီးနဲ့ ခဏခဏကြုံပြီး သူကလည်း အမြဲနေရာပေး ကိုယ်ကလည်းအမြဲငြင်းပါတယ်။

သားတို့က ယူနီဖေါင်းကြီးတွေနဲ့ တွယ်စီးရတာ မကောင်းဘူးဆိုပြီး နေရာဖယ်ပေးတဲ့ လူတွေဟာ တပ်ကို ချစ်လို့ပေါ့။ ကားပေါ်မှာ တပ်သားလေးတွေမို့ သနားပြီး ကားခပေးပေးတဲ့ သူတွေတောင် ကြုံခဲ့ဘူးပါတယ်။

မောင်လူပေတို့ကလည်း တကယ့် တပ်သားလေးတွေနဲ့ တန်းတူ စစ်ပညာ သင်ရတာပါ။နှစ်ကုန်ရင် လေ့ကျင့်ရေးကာလ တစ်လ စခန်းသွင်းပါသေးတယ်။ မနက် ငါးနာရီထ။ ငါးနာရီခွဲ တန်းစီ။ နိုငိငံတော်အလံ အလေးပြု။ သစ္စာလေးချက်ရွတ် ပြီးရင် ပီတီ(Personal Training) လေးမိုင်ပြေးပဲ။
ဘာလုပ်နေလဲ။ လေ့ကျင့်နေတယ်။

ဘာလုပ်ဖို့လဲ။ တိုက်ပွဲဝင်ဖို့။
ဘယ်သူ့တွက်လဲ။ ပြည်သူ့တွက်ပဲ။
ဘာစိတ်ဓါတ်လဲ။ သံမဏိစိတ်ဓါတ်။

အဲဒါပီတီ(PT) ပြေးတိုင်းဆိုကြရတာ။ ပြည်သူကို ရင်ထဲထည့်ထားရသလို ပြည်သူကလည်း တပ်သားလေးတွေကို ချစ်ကြတာပဲ။

အက်စ်အာပီ(Short Range Penetration)၊ အယ်လ်အာပီ(Long Range Penetration) စတဲ့ တစ်ညအိပ်ခရီးတို့ နဲ့ သုံးရက်ခရီးရှည်လေ့ကျင့်ရေးကလည်း မသက်သာ။ တစ်ရက် ဆယ့်ငါးမိုင်ခရီးကို ကျောပိုးအိပ်ကြီးလွယ် သေနတ်ကြီးထမ်းပြီး ချီတက်။ ဖုန်အလိမ်းလိမ်းနဲ့ ရန်ကုန် ပြည် မီးရထားလမ်းအတိုင်း ချီတက်လာတာမြင်တော့ ကျောင်းသားစစ်သားလေးတွေကို ရထားပေါ်က ပြည်သူတွေက ရေဘူးတွေ စားစရာ မုန့်ထုတ်တွေ ပစ်ချပေးကြတယ်။

ကက(ပြည်) ညွှန်မှူး ဗိုလ်ပှူးကြီးထွန်းလွင်တို့ ကက(ကျင့်)ညွှန်မှူး ဗိုလ်မှူးကြီးဝင်းမြင့်တို့ဆိုလည်း သိပ်ချစ်စရာကောင်းတဲ့ တပ်မှူးတွေပါ။ သင်တန်းဆင်းပွဲဆို နယ်လှည့်တပ် အငြိမ့်ပွဲကပြ။ ဗွီဒီယိုပြ။ အနားက ပြည်သူအားလုံးလာကြည့်ကြ။ ပျော်ကြနဲ့ပါပဲ။

စက်မှုတက္ကသိုလ်ကျောင်းက စစ်သားတွေကလည်း တိုင်းရင်းသားစုံပါတယ်။ ကျော်ဦးက ရှမ်း။ ထွန်းရွှေသိန်းက ရခိုင်။ ဟန်ဝင်းအောင်က မွန်။
ရွှေကြည်က ဗမာ စသဖြင့်ပေါ့။

တစ်နေ့မှာ သင်တန်းဆင်းပြီးအပြန် လှည်းတန်းဈေးဘေးမှာ လမ်းလျှောက်လာရင်း အလှပုံ ပိုစတာလေးတွေရောင်းနေတာတွေ့။ ကိုယ်ကြိုက်တဲ့ မင်းသမီးပုံလေးကို ဝယ်မလို့ ပိုက်ဆံထုပ်ပေးတော့ လမ်းဘေးမှာ ဈေးရောင်းနေရတဲ့ ပိုစတာရောင်းသူအမေကြီးက ပိုက်ဆံမယူဘူး။ ဒီအတိုင်း အလကားယူသွားပါတဲ့။ ဘယ်လိုပေးပေး မယူတော့မှ မေးကြည့်တော့ သူ့သားလေးလည်း တပ်ထဲမှာပဲတဲ့။ သူ့သားအရွယ် တပ်သားလေးမို့ သားကိုသတိရလို့တဲ့လေ။ဘယ်လိုမှ ပိုက်ဆံပေးလို့မရလို့ သူကြေနပ်အောင် ပိုစတာ
လေးကို အလကား ယူခဲ့ရပါတယ်။

အဲဒီတုန်းက ဆိုက်ဝါးလို့ ခေါ်တဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းသေးတယ် ။ ပြည်သူနဲ့တပ် အရမ်းချစ်ကြတယ်။
အခုတော့ ဒေါ်စုဆန့်ကျင်ရေးဆိုက်ဝါးတွေ မျိုးစုံနဲ့ ရာထူးကြီးတွေရ။ ရာထူးတွေရတော့ မသမာသူ စီးပွားရေးသမားတွေနဲ့ပေါင်းမိ။
ပျက်စီးခြင်းငါးပါးမက ပျက်စီးပြီး ဆယ်သက်စားမကုန်ဖြစ်လာတော့ ပိုင်ဆိုင်မှုတွေ အာဏာတွေ ရေရှည် တည်မြဲရေးအတွက် အဲဒီ အကျင့်ပျက် တပ်မှူးအချို့က တပ်ကို ပြန်အသုံးချ။ တပ်နဲ့ ပြည်သူ နားလည်မှုတွေလွဲနဲ့ လုံးချာလည်နေတာပါ။

တကယ်လည်း ပြည်သူက တပ်မတော်ကို မမုန်းပါဘူး။

တပ်ကို အသုံးချပြီး ကိုယ်ကျိုးရှာနေတဲ့ စစ်အာဏာရှင် အဘတချို့ ကိုသာ မုန်းတာ ဖြစ်ကြောင်းပါ။

Thursday, October 30, 2014

ဝေ့လည်ကြောင်ပတ်

နိုင်ငံရေးတွေ မရေးတာကြာပြီ။
မျက်လုံးမကောင်းလို့ရယ်။ ဘာမှမလုပ်နိုင်မဲ့အတူတူ ဘေးထိုင် ဘုပြော မလုပ်ချင်တော့တာရယ် တွေကြောင့် မရေးဖြစ်တာ။
နိုင်ငံရေးသမားလည်း မဟုတ်တော့ ကစားကွက်တွေတော့ မသိ။
မြင်သမျှ ရိုးရိုးလေးတွေးမိတာကတော့ တပ်က ဘောင်းဘီချွတ်ပြီး တမျိုး တပ်သားအသွင်နဲ့တဖုံ အုပ်ချုပ်တယ်။ ပြည်သူ့ထောက်ခံမှု အပြည့်မရဘူး။ ကြ်ုက်တဲ့အချိန် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲလုပ် ရှုံးမှာပဲ။
ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာမရှိပေမဲ့ ပြည်သူအများစုကြီးကထောက်ခံတယ်။ သူ့ရဲ့အားနဲ့ ပါဝါက ပြည်ပမှာပါ အပြည့်။
ဒါဆို အာဏာရှိတဲ့သူတွေနဲု့ပြည်သူထောက်ခံသူနဲ့တွေ့ ပြီးရင် တိုင်းရင်းသားတွေနဲ့ သုံးပွင့်ဆိုင်တွေ့ အဖြေရှာ။ တိုင်းရင်းသားတွေ တောင်းဆိုနေတာလည်း ဒါပဲ။
အဲဒါကို ကိုးပွင့်ဆိုင် ဘာညာနဲ့ ခုထိ လုံးခြာလည်နေတုန်း။
ကိုးပွင့်ဆို သမ္မတသုံးယောက်မှာ တပ်ကနှစ်ယာက် ။လွှတ်တော်ဥက္ကဌ နှစ်ယောက်လုံးတပ်က။ တပ်ချုပ်နဲ့ ဒုချုပ်နှစ်ယောက် ပေါင်းသုံးယောက်။ သံချောင်းပါတီ ဒုဥက္ကဌကလည်း တပ်က။ ဒီလောက် အင်အားပြပြီး ဘာတွေ ပြောကြမလဲ။ ဒေါ်စုနဲ့ တိုင်းရင်းသားတွေ ငုတ်တုတ်ထိုင် နားထောင်ပေါ့။ ပြီးတော့ မဲခွဲရင် တို့အသာ။ ဒီလို တွေ့နည်းတွေနဲ့မို့ အပစ်ရပ်လည်း ရှေ့မတက်နိုင်။ ခြေဥပြင်လည်း ဟိုလိုလို ဒီလိုလို။ ရှုံးမှာသေချာတော့ ပီအာချည်း ကုန်းအော်။
ဒီလိုနဲ့ မိုးကြီးချုပ်တော့မယ်။
ပြုပြင်ရေးကို တကယ်လိုလားတဲ့ တပ်နဲ့ ပြည်သူ လက်တွဲနိုင်ကြပါစေ။

ကျွန်တော် အမုန်းဆုံး ကျွန်တော်

တခါတခါ ကိုယ့်ကိုကိုယ်
မိုက်တိုင်ဆင်လို
အလဲထိုးချင်တယ်။

ဘောလုံးလေးလို လုံးပြီး
ရော်နယ်ဒိုလိုလည်း
ကျုံးကန်ပစ်ချင်တယ်။


မြားလေးလိုချွန်ပြီး
ရောဘင်ဟုရဲ့လေးနဲ့
အဝေးကိုလည်း ပစ်ချင်တယ်။

စင်းနီတုံးပ်ါတင်ပြီး
တရုပ်ကြီးရဲ့ ဝက်ခုတ်ဓါးနဲ့
ပါးပါးလှီးချင်တယ်။

ပစ်မှတ်မှာထိုင်ခိုင်းပြီး
ကောင်းဘွိုင်ကြီးရဲ့ သေနပ်နဲ့
တရစပ်လည်း ပစ်ချင်တယ်။

လမ်းမပေါ်မှာထား
ဘင်ဟာထဲက ရထားလုံးငှား
ပြားနေအောင်လည်း ကြိတ်ချင်တယ်။

တကယ်ကြတော့
သူခိုင်းရာနေ
သူစေရာသွား
သူကြိုးဆွဲရာက
ဇာတ်ဆရာအလိုကျ
ငိုပြဆိုငိုပြ
ရယ်ပြဆိုရယ်ပြရတဲ့
သူ့ရဲ့
ရုပ်သေးလေးဘဝပါကွယ်။

Wednesday, October 22, 2014

ဆောင်းကြီု

ရက်စွဲတွေ အိပ်တန်းသွား
ခါးသီးမှုတွေဝါးမျို
သက္ကရာဇ်တွေပြို
အလို.. တဆောင်းသစ်ပြန်ပေါ့။
ဘဝနဲ့ သရေကျဖို့တောင်
အနိုင်နိုင်ရယ်ပါ
ယုံကြည်ရာတွေနဲ့
လုံးခြာလည်နေတဲ့
ဟဲ့ကောင်လေးက
ခုတော့ ဦးလေးကြီးဘဝ။
တဆောင်းသစ်ပြီး
တနှစ်ပြောင်းရင်
ရွှေရတုမှတ်တိုင်ကို
ရထားအို ဖြတ်မယ်။
ဒီဆောင်းကတော့
လာခြင်းကောင်းသော ဆောင်း
ဖြစ်ပါစေကွယ်။

Wednesday, October 1, 2014

မစ်ကီကြွက်ကို စိတ်မဝင်စားပါ

မစ်ကီနဲ့ မင်နီကြွက်မောင်နှံတို့ ရန်ကုန်တဝိုက် အရောင်းမြှင့်တင်ရေး လုပ်နေကြသည်။ ငယ်ရွယ်သူတွေ သွားကြည့်ကြမည်။

မောင်လူပေတို့ ငယ်ငယ်ကတော့ သူတို့ကို သိပ်မသိခဲ့။ ရုပ်ရှင်ရုံမှာ တစ်ခါတစ်ရံ ကာတွန်းကားလေးဘာလေး ပြတတ်သော်လည်း တွန်နှင့် ဂျယ်ရီ တို့၏ ကြောင်နှင့်ကြွက်သာ အများဆုံးပြတတ်သည်။ မြန်မာ့သတင်းစဉ်၏ ပေါ်လစီ သတင်းတိုများ ကြားတွင် ဒီလိုကာတွန်းကားလေး ရှားပါးစွာ ပြတတ်သောခေတ်တွင် မစ်ကီက ကလေးဘဝ၏ အဖေါ်မဖြစ်ခဲ့။

ကလေးဘဝရဲ့ အဖေါ်က ရွှေသွေးရုပ်စုံ များထဲမှ ပန်းချီဦးဘကြည်၏ ကာတွန်းရုပ်များသာ ဖြစ်သည်။ ဆရာကြီးက ကြက်ဝက်ဘဲဆိတ် စသည့် အကောင်ပေါင်းစုံကို ကာတွန်းဇာတ်ကောင်အဖြစ် သရုပ်ဖေါ်ရာတွင် အလွန်တော်လှသည်။ ကြက်ဖကြီးဆိုလျှင် ဗလတွေနှင့်။ ကြက်အမေကြီးဆိုလည်း သူ့ကလေးတွေကို စိတ်ပူနေတဲ့ အမေကြီးတစ်ဦးပင်။ သူ့သားသမီး ကြက်ပေါက်လေးတွေကလည်း လုံးလုံးဝဝ ချစ်စရာလေးတွေ။ ဒီလို သရုပ်ဖေါ်ပုံ လေးများကသာ ကလေးဘဝ ရင်ခုန်ဖွယ်။
အရုပ်ဆိုလည်း ဗန္ဓုလဦးထုတ် ဓါးတို့ဖြင့်သာကြီးခဲ့ရသည်။ မစ်ကီနှင့်ဝေးရာအရပ်ဆီသို့သာ။

ဒီခေတ်ကလေးတွေ မစ်ကီကိုရင်ခုန်ရသလို မြန်မာကာတွန်းရုပ်ကလေးများနှင့်ပါ ရင်ခုန်စေချင်လှပါသည်။

Tuesday, September 23, 2014

ပညာအလှူ

ဒီအိမ်ကြီးက နာမည်ကျော် Stanford University ကြီးကို လှူခဲ့တဲ့ Stanford တို့ ဇနီးမောင်နှံနေခဲ့တဲ့ အိမ်ပါ။ Mr Stanford က ကယ်လီဖိုးနီးယားကနေ အမေရိကတိုက်ကို ဖြတ်ဖေါက်ထားတဲ့ မီးရထားလမ်းဖေါက် ကံထရိုက်တာ သန်းကြွယ်သူဌေးပါ။ ကယ်လီဖိုးနီးယားရဲ့ အုပ်ချုပ်ရေးမှူး၊ အမေရီကန် ဆီးနတ်အမတ်တွေလည်း လုပ်ခဲ့တယ်။ တဦးတည်းသားလေး ကွယ်လွန်သွားတော့ ဆင်းရဲတဲ့ ပြည်နယ်သားတွေ အခမဲ့ ပညာသင်နိုင်ရေးအတွက် Stanford University ကြီး တည်ထောင်ခဲ့တယ်။ ပိုင်ဆိုင်သမျှ အားလုံးလိုကို လှူခဲ့တယ်။ ဒီအိမ်ကြီးက အခန်း ၄၄ခန်းရှိတဲ့ လေးထပ်အိမ်ကြီး။ ဒီအိမ်ကြီးကိုပါ သာသနာပြုသီလရှင်တွေကို လှူခဲ့တာ။ နှစ်တွေကြာပြီး သူတို့တွေ မထိမ်းသိမ်းနိုင်တော့မှ ပြည်နယ်အစိုးရက ပြန်ဝယ်၊ ဒေါ်လာ ၂၂ သန်းကျော်အကုန်ခံပြီး မူလလက်ရာအတိုင်းပြင်၊ ပြတိုက်လုပ်ထားတယ်။
ဒီအိမ်ကြီးထဲ တိုးရစ်အနေနဲ့ ဝင်ကြည့်ခဲ့ရတယ်။ ဝင်ကြေးအခမဲ့ပါ။ အဲဒီခေတ်က (၁၈၇၀-၁၈၉၀) သန်းကြွယ်သူဌေးကြီးရဲ့ နေထိုင်မှုဘဝကို မြင်ခဲ့ရ၊ သိခဲ့ရ၊ အတွေးတွေ ပွားခဲ့ရပါတယ်။
Mr Stanford က သူ့ခေတ်မှာ နိုင်ငံတော်သူဌေးစာရင်းဝင်ခဲ့သူ၊ နိုင်ငံအတွက်လည်း သူတတ်သမျှ တာဝန်ယူခဲ့သူ၊ မသေခင်မှာ ချမ်းသာသမျှကို အကျိုးပြုမဲ့ နေရာတွေကို ဝေမျှပြီး လှူခဲ့သူလေ။ အခုသူလှူခဲ့တဲ့ Stanford University ဟာ နာမည်ကျော် တက္ကသိုလ်ကြီးအဖြစ် ရပ်တည်နေဆဲ။ တကယ်တော်တဲ့ ကျောင်းသားသာဖြစ်ပါစေ၊ ငွေကြေးမတတ်နိုင်ရင် အပြည့်အဝ ထောက်ပံ့နိုင်တဲ့ ရံပုံငွေတွေ အပြည့်။
ကျွန်တော်တို့နိုင်ငံက နိုင်ငံတော်သူဌေးကြီးတွေလည်း သူ့ကိုအားကြပြီး တက္ကသိုလ်ကြီးတစ်ခု ဆောက်လုပ်လှူတန်း၊ ရံပုံငွေတွေ ထည့်ဝင်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေအတွက် ကျောင်းစရိတ်အခမဲ့ တက်နိုင်အောင် ဆောင်ရွက်ပေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကိုယ်မတတ်နိုင်ပေမဲ့ သူတို့က တတ်နိုင်မယ်လေ။
မိတ်ဆွေတို့လည်း ဒီပို့စ်လေးကို များများရှယ်ပေးရင်းနဲ့ သူတို့ထဲက တစ်ယောက်လောက်က ဖတ်မိပြီး လှူချင်စိတ်တွေ ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်မလည်း။ သူတို့ ခေတ်သစ် မြန်မာ့သန်းကြွယ်သူဌေးတွေထဲမှာလည်း ဒီလို လူတွေပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Wednesday, September 10, 2014

အမေတို့ ရွာ (နောက်ဆုံးပိုင်း)

အမေတို့ ရွာ (နောက်ဆုံးပိုင်း)

အမေတို့ ရွာမှာ နှစ်ပတ်နေခဲ့စဉ် ခင်ခဲ့ရသော ရွယ်တူ ကာလသားများက အကိုဟု ရိုသေစွာ ခေါ်ကြသည်။ သူတို့ ဆီမှာ ဆယ်တန်းအောင်သူလည်း မရှိသလောက်ရှားလှသည်။ ရွာမှာ မူလတန်းကျောင်းလေးသာရှိပြီး ဘုန်းကြီးကျောင်းနှင့်တွဲရက်ဖြစ်သော ဒီကျောင်းလေးမှာ ဆရာ မလာသည်ကများလေသည်မို့  ကလေးတွေမှာ ကျောင်းတက်ချိန်တွင် ဆော့ကစားရင်းသာ အချိန်ကုန်ကြရသည်။

မူလတန်းအောင်လျှင် ရွာနှင့် နှစ်မိုင်ကျော်ဝေးသော ရွှေပန်းတောရွာ အလယ်တန်းကျောင်းသို့  သွားရသည်။ ထို အလယ်တန်းကျောင်းလောက် ဆက်တက်သူပင် ခပ်ရှားရှား။ အလယ်တန်းကျောင်းနှင့်တွဲဖွင့်ထားသည့် တွဲဖက် အထက်တန်းကျောင်းလေးမှာတော့ ရွာနီးချုပ်စပ်မှ လာတက်သည့် ကျောင်းသား အနည်းငယ်သာရှိသည်။ သူတို့ ဆီမှာတော့ နဲနဲ အရွယ်ရောက်ပြီဆိုလျှင် နွားကျောင်း၊ လယ်ထဲဆင်း၊ ထင်းခွေ၊ နွားနိုင်ပြီဆိုလျှင် လယ်ထွန်ပြီး လယ်သမားလုပ်ရတော့သည်သာ။

သေစာရှင်စာဖတ်တတ် တော်ရောပေါ့။ စာရေးစာချီ လုပ်မှာမှမဟုတ်တာ။ ကျောင်းထားရင် ကုန်မဲ့ငွေကို နွားမလေးဝယ်မွေးတောင် နွားနို့ သောက်ရ၊ နွားသားပေါက်ရနဲ့  ဟန်ကြသေးဟု ပညာရေးကို နားမလည် အားမပေးတတ်သည့် တွေးခေါ်မှုဟောင်းတွေကလည်း အားကောင်းဆဲပင်။ ပညာကို အားပေးသော အဖိုးကြောင့်သာ ဦးလေးနှစ်ဦး ထူးချွန်ခဲ့သော်လည်း သူတို့ ခြေရာ နင်းနိုင်သူ မပေါ်ထွက်သေး။

ကာလသားလေးများထဲတွင် လိမ္မာသော လူငယ်များလည်း ရှိသည်။ အများစုက ညနေဆိုလျှင် ထန်းရည်ဆိုင် အရက်ပုန်းဆိုင်တို့ တွင် အချိန်ဖြုံးကြသော်လည်း သူတို့ က ရွာဦးကျောင်းတွင် လုပ်အားပေးကြသည်။ ဘုန်းကြီးကျောင်းအတွက် ထင်းခွေ၊ရေခပ်၊အမှိုက်လှဲ၊မြက်ခုတ်နှင့် လုပ်ကြတော့ ဝိုင်းကူရင်း ကုသိုလ် ယူခဲ့သည်။ သူတို့ က သင်္ကြန်ကို ရွာပြန်လာစေချင်သည်။ ရွာ သင်္ကြန်က ပျော်စရာကောင်းသည်တဲ့။ ရေလောင်းချင်တဲ့ အပျိုအိမ် သွားခွင့်ပန်ပြီး လောင်းကြသည်။ ပျော်စရာ အကောင်းဆုံးမို့  ပြန်ခဲ့စေချင်သော်လည်း နောက်ထပ် မပြန်ဖြစ်တော့။

ရွာနားရှိ ငါးရက်တစ်ဈေးဖြစ်သော ရွှေပန်းတောဈေးကတော့ မနက်ခင်းလေးသာ စည်ကားသော ဈေးလေးဖြစ်သည်။ ကုန်စုံဆိုင်လေးတွေလည်း ရောင်းကောင်းပုံမရ။ သူတို့ ဒေသ မုန့် ဟင်းခါးကတော့ ပဲဟင်းနှင့်စားရသော အညာဒေသ မုန့် ဟင်းခါးမျိုးပင်။ ငါးရှားသည့်ဒေသ မဟုတ်လား။ ငါးပိ ငါးခြောက်တို့ ကိုသာ အားထားကြရသည်။

မြေလတ်ဒေသဆိုသော်လည်း သစ်ပင်ကြီးတွေက ခေတ်အဆက်ဆက် ခုတ်ခဲ့ကြသည်မို့  ပူပြင်းခြောက်သွေ့ ရာဒေသလေး။ ခုတော့လည်း ခေတ်အပြောင်းမှာ ထော်လာဂျီ ပိုင်ရှင် တောဂေါ်လီများက သယ်ယူပို့ ဆောင်ရေး နေရာယူကြပြီ။ မြို့ လှချောင်းကို ကိုယ်ထူကိုယ်ထ သစ်သားတံတားထိုးထားသော်လည်း ရေတိုက်စားမှုကြောင့် မကြာခဏ ကျိုးပျက်မြဲပင်။ တရုတ်ဆိုင်ကယ် တဖုံးဖုံးနှင့် သွားလာနိုင်ပြီ ဆိုသော်လည်း နွားလှည်းက်ုလည်း လက်မလွှတ်နိုင်သေး။နွားနှင့်သာ လယ်ထွန်နေရဆဲ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့  ဆိုသည့် ဆောင်ပုဒ်မှာလည်း ရာဇဝင်ထဲတွင် ကျန်နေဆဲ။ ရွာသူရွာသားမှားလည်း ဆင်းရဲတွင်းမှ ရုံးမထွက်နိုင်သေးပဲ တဝဲလည်လည် ဖြစ်နေကြဆဲပင်။

ခေတ်ပြောင်းချိန် တစ်ခုမှာတော့ အမေတို့ ရွာလို ခေတ်နောက်ကျကျန်ရစ်ခဲ့တဲ့ရွာတွေ တိုးတက်လာမည် ထင်ပါသည်။ ထိုအချိန်တွင် ခေတ်မှီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သစ်နဲ့ အညီ အမေတို့ ရွာလေးကို လျှပ်စစ်မီးတွေ တထိန်ထိန်မှာ စည်ဗျောသံတွေဝေတဲ့ ထမင်းရေချောင်းစီး အလှူကြီးတွေနဲ့ မြင်ရပါလိမ့်မည်။ ရေတွေဖောသီပြီး တရွာလုံးလည်းသန့် ရှင်းလို့ 
။ ဒါဆိုလျှင် ကျွန်းလုံးခံတပ်ကို ကမ္ဘာကိုပင် ကြွားနိုင်ပေမည်။ တနေ့ နေ့ ပေါ့လေ။ တနေ့ နေ့ ပေါ့။

(စာရေးမကျွမ်းမှုအပြင် အချိန်နည်းပါးမှု၊မျက်လုံးအားနည်းမှုများကြောင့် အခန်းများစွာ ၁၀ပိုင်းထိတိုင် ဖြစ်သွားခဲ့ရသော ကျွန်တော့ရဲ့  အမေတို့ ရွာကို စောင့်စားဖတ်ရှု ဝေဖန်မှုများပေးခဲ့ကြသည့် ချစ်သူငယ်ချင်းများအား ကျေးဇူးတင်ရှိပါသည်။ တနေ့ နေ့ တွင် အမေတို့ ရွာလို ဖွံ့ ဖြိုးတိုးတက်မှု နောက်ကြနေသော ရွာကလေးများမှ လူငယ်ကလေးများထဲက မြန်မာနိုင်ငံ သမ္မတကြီး မပေါ်နိုင်ဟု မည်သူပြောနိုင်မည်နည်း။ ထိုကဲ့သို့ ရွာကလေးများ တိုးတက်စေကြောင်း ရည်ရွယ်ပြီး ဒီစာစုလေးကို အချိန်ယူ ရေးသားခြင်းဖြစ်ပါကြောင်း။)

ချစိခြင်းအားဖြင့်

မောင်လူပေ

Tuesday, September 9, 2014

အမေတို့ ရွာ (၉)

အမေတို့ရွာ(၉)

အမေတို့ရွာ ရောက်ပြီး သုံးရက်ခန့်တွင် ရွာဦးကျောင်းကထိန်ပွဲနှင့်တိုးသည်။ ရွာ၏စုပေါင်းအလှူပွဲမို့ ပျော်စရာကောင်းလှသည်။ ဝိုင်းလုပ်ဝိုင်းစားစနစ်ကို မျက်ဝါးထင်ထင် မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

အလှူအကြိုနေ့တွင် အိမ်များမှ ထမင်းစားပွဲဝိုင်းကြီးများ ကိုယ်တိုင်ထမ်းပြီး လာပို့ကြရသည်။ ကြွေထမင်းပန်းကန်၊ ဟင်းပန်းကန်များလည်း ထို့အတူပင်။ အားလုံးမှာ နာမည်ထိုးပြီးသားမို့ မှားရန်မရှိ။ ညနေမှာ အလှူအတွက် ရေခပ်ဖို့ အပျိုတသိုက် ရေတွင်းဆင်းကြသည်။ ဒီအချိန်ကား ကာလသားလူပျိုတသိုက်အတွက် အချိန်ကောင်းပင်။ ကိုယ်ကြိုက်သော အပျိုကို ရေငင်ပေးရင်း ပိုးကြသော အချိန်မို့ ရေတွင်းကုန်းမှာ တရုန်းရုန်းနှင့် ပျော်စရာပင်။

ရေခတ်ပြီးသည်နှင့် ဇီးဖြူသီးခူးကြရပြီ။ ကာလသားများက အပင်ပေါ်တက် လှုပ်ချ၊ ကျလာသော အသီးများကို ရွာသူများကကောက်ရသည်။ ထို့နောက် ဆုံထဲထည့်ကာ လေးစိတ်ကွဲထောင်း အစေ့တွေဖယ် အသားတွေစုနှင့် ဇီးဖြူသီးသုပ်ရန်ပြင်ကြရသည်။ ငပိထောင်းကြ၊ ပုဇွန်ခြောက်ထောင်းကြ၊ နှင့် တက်ညီလက်ညီပင်။ မိုးပြဲဒယ်ကြီးဖြင့် ထမင်းချက်သူကချက် ငါးခြောက်ကျော်သူကကျော် မည်သူမျှမနားကြရ။ တစ်ညလုံးလည်း ငွေပဒေသာပင်များ ဆင်ကြသေး၏။

နောက်နေ့မနက်တွင်တော့ ငွေပဒေသာပင်များထမ်းကာ အိုးစည် ဒိုးပတ် အကအခုန် စုံစွာဖြင့် ရွာပတ်ကာ ရွာဦးကျောင်းသို့ ချီတက်လေပြီ။ တီးမှုတ်ကခုန်ပြီး တရားနာကြ။ ပြီးတော့ အကျွေးအမွေးစတင်ပါပြီ။ စုပေါင်းအလှူမို့ အသားစိုမပါ။ ထုံးစံအတိုင်း ငါးခြောက်ကျော်၊ ဇီးဖြူသီးထောင်း၊ ပဲဟင်း ဒါပဲ ကျွေးမှာပါ။ ဒါပေမဲ့ လူအုပ်က ဆွမ်းစားဆောင်အောက်မှာ အပြည့်။ အိမ်ဆူးဆို့၊ ကလေးလက်တို့၊ခွေးအို့အို့ ဟုဆိုရမည့် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တရွာလုံး လာအားပေးကြခြင်းပင်။

အရင်ရောက်သူများကို ဆေးလိပ်ကမ်းထားပြီးပြီမို့ ထမင်းစားလက်မှတ် ဆေးလိပ်ရသူများသာ ဆွမ်းစားကျောင်းပေါ်တက်စားခွင့်ရမည်။ နောက်ကြသူများက ကမ်းထားသော ဆေးလိပ်ဖွာရင်း ထိုင်စောင့်ပေရော့ပင်။ အပေါ်က အုပ်စု စားပြီး ပန်းကန်တွေဆေး၊ စားပွဲ သုတ်သင်ပြီးမှ နောက်အုပ်စုတက်ခွင့်ရမှာမို့ မြန်မြန်စားပါဗျိုး၊ ဗိုက်ဆာလှပြီ၊ မပြီးကြသေးဘူးလား စသည်ဖြင့် အပေါ်ကလူများကို စကြနောက်ကြသေးသည်။

အိမ်မှာ စားနေကြ ထမင်းနှင့်ဟင်းကို ဘုန်းကြီးကျောင်းမှာ တိုးဝှေ့ စားကြခြင်းအကြောင်းတခုက ပျော်စရာအတွက်။ သူတို့မှာ ပျော်စရာ ရှားလှသည်မို့ ဒီကထိန်ပွဲလေးမှာ ကြံဖန်ပြီး ပျော်ကြရခြင်းလည်းဖြစ်သည်။ ကထိန်ထမင်းစားရင် အသက်ရှည်တယ်ဟူသော အယူအဆတစ်မျိုးလည်း ရှိသေးပေသည်။

ရွာကျောင်းက ရွှေကျင်ကျောင်းမို့ အသံချဲ့ စက်မဖွင့်ရ။ ပွဲမသွင်းရပေမဲ့ ရွာခြင်းကပ်ဖြစ်သော ပြင်ထောင်ရွာမှ ကထိန်ကတော့ ပွဲသွင်းခွင့်ပြုသည်။ ထို့ ကြောင့် နောက်တစ်နေ့ ပြင်ထောင်ကျောင်း ကထိန်ည ပွဲခင်းသို့ နေရာကောင်းမှ ရှုစားနိုင်ရေးအတွက် ဝတ်ကောင်းစားလှ မျက်နှာခြေများလိမ်းကျံကာ အပျိုတသိုက်ထွက်ကြပြီ။ သူတို့ ကို ပိုးကြမည့် ကာလသားတသိုက်ကလည်း ကပ်လျှက်ပင် လိုက်ပါလာကြသည်။

ဒီပွဲကလည်း ရာဇဝင်နဲ့။ ပွဲအတွက် ငွေစိုက်ထုတ် အကုန်ခံသူက မင်းသားလုပ်မည့်သူ။ သူ့မိန်းမက သဘောမတူ။ ထို့ကြောင့် မြို့က အငြိမ့်မင်းသမီးငှားပြီး ရွာအပြန် လင်မယား စကားများကာ မိန်းမက အဆိပ်သောက်သောကြောင့် ဆေးရုံရောက်ရသေး၏။ မသေတာကံကောင်း။ နောက်ဆုံးတော့ မိန်းမကပင် စိတ်လျှော့ သဘောတူရသည်တဲ့။ ပွဲခင်းက ရွာအပြင် ကွင်းပြင်သာမှာ။ လေးတိုင်စင်သာသာစင်လေးဖြင့် မီးစက်သံများကိုလွှမ်းစေရန် အော်လံမှ တွံတေးသိန်းတန်၏ သီချင်းသံသာများဖွင့်ထားပေးသည်။ ပွဲစတော့ စိုင်းထီးဆိုင်၊ ဇော်မင်းလေးသီချင်းများဖြင့် တေးသရုပ်ဖေါ်များကို ကတတ်သလို ကပြ ဖျော်ဖြေကြသည်။ အားလုံးမျှော်လင့်ထားတဲ့ တစ်ခန်းရပ်ပြဇာတ်မှာတော့ ရွာခံငွေစိုက်ထုပ်သူက မင်းသား၊ မြို့က အငြိမ့်မင်းသမီး ညိုညက်ညက်က မင်းသမီး။ သရုပ်ဆောင် မကောင်းကြသော်လည်း လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် အားပေးကြလေသည်။

ပွဲသို့ အတူလိုက်ပါလာသော ကာလသားလေးထံ ကလေးချီထားသော ဖြူဖြူချောချော မိန်းကလေးတယောက် လာနှုတ်ဆက်သည်။ ။သူမပြန်သွားပြီးနောက်ပိုင်း ထိုသူ မျက်နှာမကောင်းတော့။ မေးကြည့်တော့ ထင်တဲ့အတိုင်း။ သူတဖက်သပ် ချစ်ရတဲ့ ကောင်မလေး။ ရွာစင်လှည့်ပြီး အသံချဲ့စက်ဖွင့်သည့် စက်ဆရာနောက် မနှစ်က ပါသွားခြင်းကြောင့် ခုတော့ ကလေးပင် ရနေလေပြီ။ သူတို့ဆီမှာ စက်ဆရာက မိန်းချောလေးတွေ ဝိုင်းနေသူပင်။ နားထောင်ချင်တဲ့ သီချင်းတောင်းဖို့ အသံချဲ့စက်ဖွင့်သူ စက်ဆရာနား ကပ်ကြရသည် မဟုတ်လား။ ဒီတော့ စက်ဆရာက မိန်းမချောလေးများကိုသာ ဦးစားပေးသည်တဲ့။ ချောရင် သူ့နောက်ပါတာပါပဲဟု ငြီးတွားရှာ၏။

အကိုတို့ဆီမယ်တော့ အပျိုချောတွေပေါမှာပေါ့။ ကျွန်တော်တို့ဆီမှာတော့ နဲနဲချောရင် သိပ်မကြာဖူး။ စက်ဆရာ သုတ်ရင်သုတ်၊ မသုတ်ရင် ကားဆရာသုတ်တာပဲအကိုရယ်တဲ့။ မြို့ပေါ်တက်ရင် ကားဆရာက ဘုရင်ပင်။ ကားခေါင်းခန်းဆိုတာ သံဃာတော်မပါရင် အပျိုချောကိုသာ ဦးစားပေးသည်။ ကျန်သူအားလုံး ခေါင်မိုးပေါ်တက်ကြရမည်သာ။

(ဆက်ပါဦးမည်။)

အမေတို့ ရွာ (၈)

အမေတို့ရွာ(၈)

အိမ်လည်ထမင်းစားကြွရာတွင် အိမ်ပေါ်မတက်ခင် ခြေဆေးရသော ဒုက္ခကလည်း မသေးလှ။ မိုးဒါဏ်ကြောင့် ရွှံလမ်းတွေဖြစ်နေလေရာ ခြေမျက်စိမြုတ်သော ရွှံ့တွေကို သာမန်ဆေးလို့မရ။ သေသေခြာခြာ လက်ဖြင့် ပွတ်တိုက်ရသည်။ ခြေချောင်းတွေကြားမှ ရွှံ့များကလည်း စီးကပ်နေသဖြင့် တော်တော်နဲ့ ချွတ်မရ။ တို့တောသားတွေက ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်မှ ထမင်းစားရတာကွဟု ဦးလေးက ရယ်ပွဲဖွဲ့ရှာသည်။ ဖင်လှန်ကြည့်လို့ ဖင် ရွှံ့ပေမှ တောသားစစ်သတဲ့လေ။

အကြီးမားဆုံးဒုက္ခကား အိမ်သာတက်ရန်ခက်ခဲလှခြင်းပင်။ ရွာထဲမှာ လူချမ်းသာ စာရင်းဝင်သော ဦးလေးတို့ ကျွန်းအိမ်ကြီးမှာ ဟီးထနေသော်လည်း အိမ်သာကြတော့ ညံ့လှသည်။ ကျင်းလေးတူး၊ ပျဉ်လေးပစ်ကာ ဝါးတိုင်စိုက်၊ ယိုင်ဖတ်ကာနှင့် ယိုင်နဲ့နဲ့ အိမ်သာစုတ်လေးသာရှိသည်။ ဒီလို အိမ်သာစုတ်လေးတောင် တစ်ရွာလုံးမှ လေးငါးလုံးမျှသာရှိသည်။ ဒီလို အိမ်သာမရှိပဲဘယ်လိုနေကြလည်းမေးတော့ မရှိရင် တောထိုင်တာပေါ့တဲ့။ အိမ်သာတက်မယ်ဆို တောထိုင်ဦးမယ် ဆိုကာ ရွာပြင် ခင်တန်းညို့ညို့ဆီ ပြေးကြလေသည်။ ဦးလေးအိမ်က အိမ်သာက အပေါ့လောက်သာ သွားလို့အဆင်ပြေပြီး အလေးကြ သွားမရ။ သို့နှင့်ပင် ရွာဦးကျောင်းဆရာတော်ထံ ခွင့်ပန်ပြီး သူ့ကုဋီကို ရှယ်ရလေသည်။ နေ့တိုင်း ဘုန်းကြီးကျောင်းပြေးရသော ဒုက္ခကလည်း မသေးလှ။ ရွာကျောင်းဆရာတော်က ဗာရာဏသီဆရာတော်၏ တပည့်ဖြစ်သောကြောင့်သာ သူ့ငယ်ဆရာတော်၏ မြေးမို့ မျက်နှာသာပေးခြင်းဖြစ်သည်။ နို့မို့ဆို အဆူခံရလောက်၏။

တစ်ရွာလုံးမှာ ဘုန်းကြီးကျောင်းမှာပဲ ရေလောင်းအိမ်သာရှိခြင်း၏ အကြောင်းတခုကား ရေရှားပါးသောကြောင့်ဖြစ်သည်။ ချိုးရေသုံးရေအတွက် ခပ်စရာရေတွင်းက ဘုန်းကြီးကျောင်းအောက်တွင်းနှင့် လယ်ကြီးတွင်း နှစ်တွင်းသာရှိရာ ရေခပ်ရသောဒုက္ခက မသေးလှပေ။ ထို့ကြောင့်လည်း ရေလောင်းအိမ်သာကို စိတ်မဝင်စားကြပဲ ခင်တန်းကလေးတွင်သာ တောထိုင်ကြခြင်းပင်။

နွေရောက်လျှင် ကျောင်းတွင်းကရေ ခန်းသောကြောင့် အမေတို့ လှူထားသော လယ်ကြီးတွင်းကိုသာ အားကိုးကြရသည်။ ဦးလေးသယ်ပေးသောရေကို အခန့်သား မချိုးချင်သောကြောင့် လယ်ကြီးကွင်းမှရေကို သယ်ကြည့်ရာ ရွာကကုန်းမြင့်ပေါ်တွင်ရှိပြီး ရေတွင်းက အနိမ့်ပိုင်းမို့ မလွယ်လှပေ။

ရွာမှာ ရေလောင်းအိမ်သာ ယင်လုံအိမ်သာတည်ဆောက်ရေး တရားဟောခဲ့သော်လည်း မည်သူမျှ စိတ်ဝင်စားပုံမပြကြ။ သူတို့အခေါ် ၁၂တန်းကျောင်းသားက မိကျောင်းမင်း ရေခင်းပြသည် ထင်လေသည်မသိပေ။ ရေလောင်းအိမ်သာဆောက်ရန် ရေပေါဖို့လိုသည်။ ဒီအရပ်က ရေတူးတိုင်းလည်း တွေ့သည်မဟုတ်။ အဝီစိတွင်းတူးကြဆိုတော့ ရေစုတ်စက်လည်ရန် လျှပ်စစ်မီးမရှိပြန်။ ဒီဇယ်မီးစက်ဖိုး၊ ဒီဇယ်ဖိုးတွေ မည်သူပေးမည်နည်း။ ထိုထိုသော အကြောင်းများကြောင့် ရေလောင်းအိမ်သာနှင့်ဝေးကာ ယင် တလောင်းလောင်းနှင့် ယင်လောင်းအိမ်သာဖြင့်သာ နှစ်ပါးသွားနေရသော ရွာသားများအတွက် စိတ်မကောင်း။ ကိုယ်ကလည်း ဘာမှမဟုတ်သူမို့  ဘာမှ လုပ်မပေးနိုင်ခဲ့။ အမေတို့ မောင်နှမတွေ စုပေါင်းပြီး ရေတွင်းတူးကာ ရေတွင်းမြေကိုပါ အများအတွက် လှူခဲ့သည်ကိုပင် ကျေးဇူးတင်လို့ မဆုံးကြ။

လျှပ်စစ်၏ အခန်းဂဏ္ဍကား အရေးပါလှလေသည်။ ကျေးရွာပေါင်း ၈၀% ကျော် လျှပ်စစ်မရသေးသောနိုင်ငံတွင်းရှိ ရွာလေးကား မီးအိမ် မီးခွက်လေးများဖြင့်သာ အိပ်မောကြဆဲ ရှိလေသည်။

အမေတို့ ရွာ (၇)

အမေတို့ရွာ(၇)

အဖွားလေးညီမငယ်က ရေနွေးကြမ်း၊ထန်းညက်ခဲဖြင့် ဧည့်ခံသည်။ သူ့မြေးတော်မောင် ဒုတိယနှစ် ကောလိပ်ကျောင်းသားက ချည်ကြမ်းလုံချည်တိုတိုဖြင့် တောသားပုံပေါက်နေသည်ကိုလည်း သဘောကြသည်။ မြို့က ကောလိပ်ကျောင်းသား ရောက်နေသည်ဟူသော သတင်းလည်း တစ်ရွာလုံး ပျံ့နေပြီမို့ အပျိုချောများက မသိမသာ လာကြည့်ကြသည်။ သို့သော် မြို့သားက သူတို့ ကြည့်ဘူးသော ဓါတ်ရှင်တွေထဲကလို စမတ်မကျပဲ တောပုံပေါက်နေသဖြင့် ကောလိပ်ကျောင်းသားကလည်း တို့တောသားလိုပဲဟု ပြောကာ ပြန်သွားကြသည်ဟု အဖွားလေးက ပြောပြသည်။

အဖိုးလေးတော်သူ ပြင်ဦးလွင် ဆရာတော်ကြီးက ပြောဖူးသည်။ ဒို့ နယ်က ဆင်းရဲတော့ ရွာသူလေးတွေလည်း မတိုးတက်ဘူး။ မင်း ဦးလေးနှစ်ယောက်ကလည်း မစွန်ဘူးကွ။ ကိုယ့်ရွာသူကို ပြန်ပြီး မချီးမြောက်ဘူး။ တခြား အရပ်သူတွေပဲ ယူကြတယ်။ ကိုယ့်အရပ်သူကို ကိုယ်မှ မချီးမြောက်ရင် ဘယ်သူလာချီးမြောက်မလဲ။ ငါ့မြေးကြရင် ကိုယ့်ရွာသူ ပြန်ယူကွာ။ ဒါမှ ကိုယ့်ရွာသားတွေ မြို့ရောက်ပြီး တိုးတက်မယ် တဲ့။ ဆရာတော်ကြီးကို ကြောက်သောကြောင့် မှန်ပါ့ဘုရားလုပ်ခဲ့ရသည်။ သို့သော် ခုတော့ ရွာသူကလေးများ၏ စိတ်ဝင်စားမှုကိုပင် မခံရတော့။ ဆိုးလိုက်တဲ့ကံ။

အဖွားလေးကတော့ သူ့မြေးပုံတုံးကာ တောပုံဖမ်းထားသည်ကို ဂုဏ်ယူသည်။ ဒီလို ရိုးရိုးသားသားဝတ်စားရတယ်ဆိုကာ ဦးလေး၏ ချည်ကြမ်းပုဆိုး တစ်ထပ်ကြီးကို ထုတ်ပေးလေသည်။ မကြာမီပင် ဦးလေးလည်း ထင်းခွေရာမှ ပြန်လာသည်။ သူ့လှည်းပေါ်တွင် သူ့မိသားစုလည်းပါ၏။ ထင်းခွေရာတောစပ်သို့ လိုက်သွားကြခြင်းပင်။ သူ့ဇနီးက ညိုချောလေး။ ကလေးတွေကတော့ ဦးလေးနှင့်တူကာ ဖြူကြသည်။ မိန်းကလေးတွေချည်းဖြစ်၏။ ကျီးကန်းက ဗျိုင်း ချီထားတာလေဟု ညိုသောအမေက ဖြူသောသမီးငယ်ကို ချီပိုးထားသော မြင်ကွင်းအားကြည့်ုပြီး အဖွားလေးက ရယ်ရွှင်ဖွယ်ပြောသည်။

တောမှာ အသားဖြူသူ ရှားပါးသော်လည်း အမေ့အမျိုးတွေက ဖြူသူများသည်။ အမေတို့ အဖိုးက ရှမ်းသမားတော်ကြီး ဆရာမောင်တဲ့။ ရှမ်းပြည်မှ ဆေးလာကုရင်း ရွာသူနဲ့ အကြောင်းပါခဲ့သည်။ အမေကြီးရော အမေပါ တရုပ်မလားမေးရအောင် ဖြူဖွေးနေခြင်းမှာ ထိုသွေးကြောင့် ဖြစ်မည်ထင်၏။ ထို့ကြောင့်လည်း အမေတစ်ယောက် တရုပ်သွေးပါသော အဖေနှင့် အကြောင်းပါခဲ့ပါခြင်းဖြစ်မည်။

ခလေးနှစ်ယောက်ရဲ့ ငယ်နာမည်တွေကလည်း တရုပ်မနဲ့ ဖြူလုံးတဲ့။ ချစ်စရာလေးတွေ။ မြေအိုးပုတ်လေးတွေနှင့် ဆော့နေလေသည်။

မြို့ပေါ်က အမျိုးလာလည်တော့ ထုံးစံအတိုင်း အိမ်တွေက ထမင်းစားဖိတ်ကြလေသည်။ နေခဲ့သောရက်အပြည့် ထမင်းစားအိမ်အပြည့်ပင်။ အိမ်ပေါ်တက်မှ အမျိးစပ်ပြပြီး ထမင်းကြွေးကြသည်။ ဟင်းကလည်း ဘယ်အိမ်သွားသွား ကြက်သားဟင်းပင်။ မွေးထားသော ကြက်လေးများကို ရိုက်သတ်ပြီး ဧည့်သည်ကို ဟင်းကောင်းကြွေးခြင်း ဖြစ်သော်လည်း မြိုမကျချင်။ မနက်ကပင် ပြေးလွှားနေသေးသော ကြက်ငယ်များ ဟင်းဖြစ်ရှာပြီ။ ဦးလေးက ကြက်လိုက်ဖမ်းနေသည်ကို တားသေးသော်လည်း ကြက်က ညနေကျတော့ ဟင်းစားဖြစ်သည်ပင်။ နေခဲ့သော ရက်အတွင်း ကြက်ဘယ်နှစ်ကောင် ဘဝပြောင်းခဲ့ရသည်မသိ။

(ဆက်ပါဦးမည်။)

အမေတို့ ရွာ (၆)

အမေတို့ ရွာ(၆)

ကြက်တို့က မိုးမသောက်မီကပင် တွန်နေကြပြီ။ ရောင်နီပျိုးစကပင် အိပ်မရတော့။ ခြင်ထောင်မပါသော်လည်း ဒီအရပ်က ခြင်တော့ သိပ်မကိုက်လှ သဖြင့် ညဦးက အိပ်ပျော်ခဲ့သဖြင့် အိပ်ရေးလည်းဝပြီ။ ဦးကြီးကား အစောကြီးအိပ်ရာထကာ နွားစာစင်းတောင်ပြီးနေပြီ။ သူ့သမီးပြင်ပေးသော ထမင်းကြမ်းကျော်ဝါဝါလေးက ဆနွင်းနံ့ သင်းသင်းနှင့်မို့ တမျိုးစားကောင်းသည်။ တောစပ်တွင် တစ်ဆောင်းစာ ထင်းခွေစရာရှိသော ဦးကြီးက စောစောပင် ဇိန့်သို့ လိုက်ပို့လေသည်။

ပြင်ထောင်နှင့် ဇိန့်ကား တစ်မိုင်သာသာခရီးမို့ လှည်းမကောက်ပဲ ခြေလျှင် သွားကြသည်။ တစ်ညလုံးရွာခဲ့သည့်မိုးကြောင့် မြေလမ်းကား ရွံလမ်းအသွင်ပြောင်းချေပြီ။ ဖိနပ်လက်မှာကိုင်ပြီး ခြေဗလာနှင့် စီးပိုင်နေသော ရွံ့ထဲ ရုံးရသည်မှာ ခရီးမတွင်လှ။ ချော်လဲမှာလည်းစိုးရသေးသည်။ ဇိန့်ရွာကိုတော့ ကျွန်းလုံးခံတပ်အပြည့်ဖြင့် လှမ်းမြင်နေရ၏။ အနားကရွာများနှင့်မတူ တမူထူးကာ ရွာစည်းရိုးခပ်ထားသည်က ဒီရွာလေး၏ ထူးခြားမှုပင်။

တစ်မိုင်ခရီးကို တစ်နာရီနီးမျှ လယ်တောလမ်းမှ ရွံ့များကို နင်းဖြတ်အပြီးမှာတော့ ဇိန့်ရွာဝင်ပေါက်ကိုရောက်သည်။ ကွေ့ကောက်ကာတည်ဆောက်ထားသော အိမ်များကို ကွေ့ပတ်အပြီးမှ ဦးလေးဝင်းမြင့်တို့၏ ခြေတံရှည်ပျဉ်ထောင်အိမ်လေးကို တွေ့ရလေသည်။ အိမ်ထဲမှာတော့ ဦးလေး၏အမေ အဖွားလေး ညီမငယ်သာ ရှိသည်။ ဦးလေးကား တောစပ်သို့ ထင်းခွေ ဆင်းနှင့်ပြီ။

အဖွားလေးက ဝမ်းပန်းတသာ ဆီးကြိုသည်။ လိုက်ပို့သော ဦးကြီးက အဖွားလေး၏ ညီမအငယ်ဆုံးရဲ့ ခင်ပွန်း။ ဒါကြောင့်ဦးလေးဝင်းမြင့်ကို ငါ့တူဟု ခေါ်ခြင်းပင်။ သူ့ဇနီးကတော့ ဆုံးရှာလေပြီ။ အဖွားလေးညီမငယ်က အမေကြီး၏ အငယ်ဆုံးမောင်နှင့် အိမ်ထောင်ကြသည်။ ခင်ပွန်းသည် ဆုံးတော့ အဖွားလေးက ခတ်ငယ်ငယ်သာ ရှိသေးသော်လည်း နောက်အိမ်ထောင်မပြုတော့။ ဦးလေးဝင်းမြင့်က တစ်ဦးတည်းသောသားမို့  တုန်နေအောင် ချစ်ရှာသည်။ ဦးလေးက တောင်ငူတွင် ပျော်သည်။ နေချင်သည်။ သို့ သော် သူ့ မိခင်က သူ့ ယောကျာ်းခေါင်းချရာမှ မခွာချင်။ ထို့ ကြောင့် အမေ့စကားနားထောင်ကာ ရွာမှ အမေပေးစားသူနှင့် အိမ်ထောင်ပြုသည်။ ကလေးပင် နှစ်ယောက်ရနေလေပြီ။

(ဆက်ရေးပါ့မယ်။)

အမေတို့ ရွာ (၅)

အမေတို့ ရွာ(၅)

အနီးအနားမှဟု ထင်ရသော လှည်းများကတော့ သူတို့ လုများကို လာကြိုပြီး ထွက်သွားကြလေပြီ။ အူကြောင်ကြောင်နှင့် လမ်းဆုံတွင်ရပ်ပြီး ဘယ်လမ်းသွားရမယ် စဉ်းစားနေစဉ် လှည်းတစ်စီးက ဘေးတွင်လာရပ်သည်။ လှည်းပေါ်မှာတော့ အသက် ၆၀ကျော်အရွယ် ဦးကြီးတစ်ဦးနှင့် အသက် ၃၀ခန့် ထင်ရသည့် အမျိုးသမီးတစ်ဦးပါသည်။ ကားပေါ်တွင် ပါလာသော အမျိုးသမီးပင်။ သူ့  ဖခင်က လာကြိုဟန်ရှိသည်။

" လူကလေး ဘယ်သွားမလို့ လဲ"
"ဇိန့် ကို သွားမလို့ ပါ အဘ။"

'"ဇိန့် က ဘယ်သူ့ ဆီသွားမှာလဲ"
" ကိုဝင်းမြင့်တို့  အိမ်ကို သွားမှာ။"

"ကိုဝင်းမြင့်နဲ့  ဘာတော်လဲ။"
" သူ့ တူပါ။ ကျွန်တော်က တောင်ငူကပါ။"

" အော်.. တောင်ငူက မအုံးခင် သားလေးလား။"
"ဟုတ်ကဲ့။"

" ဒါဆို အမျိုးတွေပဲ။ လှည်းပေါ်တက်။ ဝင်းမြင့်က ငါ့တူ။ တို့ က ဇိန့် ဘေးက ပြင်ထောင်မယ်နေတာ။ အိမ်မှာအိပ်။ မနက်ကြ မင့်ဦးလေးအိမ် လိုက်ပို့ မယ်။"

ချက်ခြင်း အမျိုးစပ်ပြီး အမျိုးတော်သွားသော ဦဲးကြီး၏ လှည်းကား ကယ်တင်ရှင်ပင်။ ညက ခဏလေးနှင့် မှောင်လေသည်။ မိုးတိမ်တွေနှင့်မို့  ကြယ်ရောင်ပင် မမြင်ရ။ အာကာသလောကကြီးကား ပိန်းပိတ်အောင် မှောင်လှသည်။ နွားနှစ်ကောင်ကတော့ အမှေင်ထဲမှာ လမ်းသိစွာဖြင့် တရွေ့ ရွေ့  ခရီးနှင်လျှက်။

"နွားတွေက အမှောင်ထဲမှာ သွားတတ်တယ်နော်။"
" 'ဒီလိုပဲ။ ဒီကောင်တွေက သိပ်တော်တာ။ သူတို့ အိမ်ကို ဘယ်လောက်မှောင်မှောင် မှတ်မိတယ်။"

ဦးကြီးက သူ့ နွားညီနောင် အကြောင်း ချီးမွမ်းခန်း အကြာကြီး ထုတ်သည်။ လမ်းဘေးမှာတွေ့ တဲ့ လူစိမ်း လူငယ်ကို ကူညီလိုသဖြင့် ဆွေမျိုးစပ်ရင်း သူ့ အမျိုးဖြစ်နေသဖြင့် အိမ်ခေါ်လာသည်တဲ့။

"အစကတော့ မောင်ရင့်ကို မြို့ လှက အသိအိမ်မှာ သိပ်ခဲ့မလို့ ။ မောင်ရင်က ဦးရဲ့  မြေးတော်နေလို့  အိမ်ခေါ်ခဲ့တာ။ အိမ်မယ်ကဦးနဲ့  သမီး နှစ်ယောက်ထဲရယ်။ မင်းတို့  လူငယ်တွေ မကြောက်မရွ့ံ။ ညမှောင်မှောင်ထဲ လျှောက်သွားဖို့  လုပ်ရဲတယ်။ ပိုးကောင်တွေ ပေါပါဘိနဲ့ ။ ပိုးထိရင် ဆေးမမှီပဲ မောင်ရင်လေးရဲ့ ။"

"အဘကလည်း မဦးမချွတ်။ ဘာတွေပြောတာလဲ။"

ဦးကြီး၏သမီးက ဝင်ဟန့် သည်။ သူတို့ အရပ်က မြွေကို ပိုးကောင်ဟု ခေါ်သည်။ မြွေကလည်း ပေါလှသည်။ ထို အမျိုးသမီး၏ ခင်ပွန်းသည်ပင် အီမ်ထောင်ကြပြီး သုံးလခန့် တွင် မြွေကိုက်ခံရပြီး ဆေးရုံပို့ နောက်ကြသောကြောင့် ဆုံးရှာသည်မှာ မကြာသေးဟု နောက်မှ သိရသည်။ ဆေးရုံကဝေးသည့်အပြင် မြွေဆိပ်ဖြေဆေးကလည်း မရှိသည်က များလေသည်။

ဒီလိုနှင့်ပင် တအီအီမည်နေသော လှည်းသံကို နာခံရင်း နှစ်နာရီကျော်ကြာပြီးနောက် ဦးကြီးတို့ ၏ ကျူတောရွာနေအိမ်ရောက်သည်။ည ရှစ်နာရီကျော်လေပြီ။ဦးကြီးက လက်ဆွဲ ရေဒီယို အသေးလေးဖြင့် ဘီဘီစီ မြန်မာပိုင်း နားထောင်သည်။ ခေတ်မှီသော ဦးကြီးပင်။ ဦးကြီးတို့ ကျွေးသော ထမင်းနှင့် ငါးခြောက်ဖုတ်ပဲဟင်းကလည်း စားကောင်းလှသည်။ ဆာနေသောကြောင့်လည်းဖြစ်၏။

မိုးတွင်းမကုန်နိုင်သေးပဲ မိုးနှောင်းကောင်းလွန်းနေသော မိုးသံနာခံရင်း အိမ်ဦးခမ်းသာတွင် အိပ်မောကြသွားတော့သည်။

(ဆက်ပါဦးမည်။)

Sunday, September 7, 2014

အမေတို့ ရွာ (၄)

အမေတို့ ရွာ(၄)

ဒီခရီးကို စီစဉ်တာတော့မဟုတ်။ အမေတို့ ရွာကို အမေပြန်တိုင်း အိမ်စောင့်တာဝန်ကျသူမို့  မရောက်ဖူးခဲ့လို့  ရောက်ဖူးချင်သည်။ အိမ်ကကိုးကွယ်သော သိမ်ဥူးကျောင်းဆရာတော်ကလည်း ရွာပြန်ဖို့ ရှိသည်။ ဆရာတော်က ရွှေကျင်ဂိုဏ်းဝင်မို့  ငွေကို ကိုင်တွယ်ခွင့်မရှိသဖြင့် ကပ္ပိယလိုသည်။ ဘုန်းကြီးကျောင်းသားက နေမကောင်း။ ထိုသို့  အကြောင်းဆုံကာ အမေက ဘုန်းကြီးကျောင်းသားလုပ်ပြီး ရွာလိုက်သွားဟုဆိုကာ လိုရာသုံးရန် ငွေနှစ်ရာပေးပြီး ဆရာတော်နှင့် ထည့်လိုက်လေသည်။

ဘုန်းကြိးကျောင်းသား အသစ်စက်စက်က ၁၈နှစ်သာရှိသေးသော ဒုတိယနှစ်ကျောင်းသားဖြစ်ရာ ဘုန်းကြီးကျောင်းသားစိတ်သွင်းမရ။ ငယ်ရွယ်သူမို့  အတွေးအမြင်ကလည်း မကြွယ်သေး။ထိုထိုသော အကြောင်းများကြောင့် အောင်လံအရောက်တွင် ဆရာတော်နှင့် လမ်းခွဲကာ ရွာသို့  တစ်ကိုယ်တော် ချီတက်တော့သည်။ ဆရာတော်ကတော့ သူ့ ဒကာအိမ်မှာ သုံးရက်လောက် သီတင်းသုံးပြီးမှ ရွာပြန်မည်။

ရွာသို့ သွားမည့်ကားက နေ့ လည်နှစ်နာရီလောက်မှာ အောင်လံဈေးဘေးမှထွက်သည်။ ကားက ရွှေပန်းတောကမနက်ထွက်ပြီး အောင်လံမှ နေ့ လည်ပြန်ထွက်သည့် တစ်စီးသာရှိသည့် ၆တန် ကုန်ကားဖြစ်သည်။ သည်တစ်စီးသာရှိသော ကုန်ကားက ကုန်အပြည့်ကို တင်ထားသေး၏။ ဘယ်ကစီးရမှာလဲမေးတော့ ကုန်တွေပေါ်က ထိုင်လိုက်ရမည်တဲ့။ ဒီလိုနှင့် ကုန်တွေပေါ် ကုတ်ဖဲ့တက်ပြီး အများနှင့်ရောနှောထိုင်ကာ ကျောက်ခဲစားထားတောင် အစာကြေတယ်ဟုပြောကြသော ရွှေပန်းတောလမ်း ခတ်ကြမ်းကြမ်းကို ရင်ဆိုင်ခဲ့ရတော့သည်။

ကုန်အပြည့်ပေါ်မှာထိုင်ရတာမို့  ဘယ်လိုမှအဆင်မပြေ။ ကိုင်စရာလည်းမရှိ။ လမ်းကလည်းကြမ်းမို့  တကိုယ်လုံး ယိမ်းကလိုက်ရသည်။ ကားပေါ်ပါ လူတစ်ယောက်က သစ်ကိုင်းစောင့်တာဝန်ယူသည်။ သစ်ကိုင်းစောင့်ဆိုလို့  မျက်စိလယ်မသွားကြပါနှင့်။ လူတွေက ကုန်အပြည့်တင်ထားသောကားပေါ်မှာထိုင်ရတာမို့  မိုးပေါ်ရောက်နေသဖြင့် သစ်ပင်ကြီးများမှ သစ်ကိုင်းများနှင့်မလွတ်သောကြောင့် လမ်းဘေးရှိကျွန်းပင်ကြီးများနှင့်နီးလာလျှင် ဝပ်ဟ၊ဝပ်ဟ ဟုအော်ရသူကို သစ်ကိုင်းစောင့်ဟု ခေါ်ခြင်းဖြစ်၏။ထိုသူထံမှ ဝပ်ဟ။ဝပ်ဟဟု အော်လိုက်သည်နှင့် ခေါင်းကိုဝပ်ချပြီး ခါးလေးကုန်းလိုက်မှ သစ်ကိုင်းနှင့်လွတ်မှာဖြစ်လေသည်

အချိန်က သီတင်းကျွတ် တန်ဆောင်မုန်းမို့  မိုးကလည်း မကုန်ချင်သေး ဖွဲဖွဲလေးရွာလို့ နေသည်။ ထီးကလည်း ဘယ်လိုမှဆောင်းမရသည်မို့  ကားပေါ်ကလူအားလုံးလေအေးဒါဏ်၊မိုးဒါဏ်တို့ ကြောင့် ခိုက်ခိုက်တုန်နေကြရသည်။ယိမ်းထိုးလိုက်၊ဝပ်လိုက်နှင့် ဘုရားတ ကာ သွားရသောလမ်းဖြစ်သောကြောင့် တို့ ရွာလမ်းက ဘုရားတရားမြဲတဲ့လမ်းဟု ရယ်မောကာ ဆိုကြသည်။ထို့ နောက် အားလုံးကားပေါ်ကဆင်းပါဟု အော်သံကြားရလေ၏။တံတားမဲ့ သဲချောင်းတစ်ခုသို့ ရောက်ပြီ။

သဲချောင်းကားရေစပ်စပ်နှင့်။ ချေင်းကမ်းပါးက မညီညာသည်မို့ ကားမှောက်တတ်သဖြင့် အားလုံးဆင်းရသည်။ ကားက ကြမ်းတုံးအားကိုးနှင့်ဖြတ်၊ လူတွေက ကိုယ့်ခြေထောက်နဲ့ ဖြတ်၊ချောင်းကျော်လျှင် ကားပေါ်ပြန်တက်။ဒီလိုနှင့်ပင် တံတားမဲ့ သဲချောင်းနှစ်ခုကို ကျော်ဖြတ်ခဲ့ရသည်။ နောက်ဆုံးနာမည်ကျော် မြို့လှချောင်းသို့  ရောက်တော့ ငါးနာရီနီးပြီ။ မြို့လှရွာအနီးရှိ မြို့ လှချောင်းက အကျယ်ကြီး။ ပြီးတော့ ရေအပြည့်ဖြင့် ကြိုလှင့်နေပေပြီ။

မြို့ လှချောင်းမှာရေတိုးနေသဖြင့် ကားဆက်သွားလို့  မရတော့ပြီ။ ဒီမှာညအိပ်ပြီး မနက်ရေကျမှ ကားပြန်ထွက်နိုင်မည်တဲ့။ ဒုက္ခက မထင်မှတ်ပဲဆီးကြိုနေလေသည်။ ကိုယ်ကလူစိမ်း၊ အဖေါ်လည်းမပါ။ ဘယ်သူ့ ကိုမှလည်းမသိ။ ရွာရောက်ဖို့  ဘယ်လောက်လိုသေးလဲလို့  စပ်စုမိတော့ ရှစ်မိုင်ကျော်လိုသေးသည်တဲ့။ ဒါဆို ၁၂မိုင်သာ ခရီးပေါက်ခဲ့ခြင်းပင်။ နီးစပ်ရာရွာမှ လူများကတော့ အထုတ်လေးတွေ ခေါင်းမှာရွက်ရင်း ချောင်းကိုကူးနေကြတာမြင်ရ၏။ ချောင်းရေကတော့ ခါးသာသာရှိလေသည်။

ဘာအရေးလဲ။ယောက်ျားပဲ။ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ဟု အားတင်းလိုက်သည်။ ရှစ်မိုင်ခရီးကို ခြေလျှင်ခရီးနှင်မည်ဟု ဆုံးဖြတ်ပြီး ပါလာသောလွယ်အိပ်လေး ခေါင်းပေါ်တင်ကာ မြို့ လှချောင်းထဲ ဆင်းလိုက်၏။ ချောင်းရေက ရေခဲရေအလားအေးစက်နေသည်။ ဒီအထဲ မြစ်ရေကျောကိုမသိပဲ ဆင်းလာမိသဖြင့် ရေက ခါးတင်မက ရင်ခေါင်းနီးပါးထိနက်နေလေသည်။ ရေစီးကလည်း သန်လှသည်မို့  ရေစီးထဲ မြောမသွားအောင် မနဲထိမ်းပြီးသွားရ၏။ ဘုရားပေါင်းများစွာတပြီးနောက်တွင် ချောင်းတဖက်သို့ ရောက်တော့ ရွဲရွဲစိုနေလေသည်။ ဒီအထဲ နေကလည်း ဝင်နေလေပြီမို့  မှောင်စပြုလာသည်။ တွေ့ တဲ့လမ်းခွဲက နှစ်ခု။ ဘယ်ဘက်လမ်းကို လိုက်ရမည်မသိပဲ အကျပ်ရိုက်နေတော့၏။

(ဆက်ရေးပါမယ်။)

အမေတို့ ရွာ (၃)

အမေတို့ ရွာ(၃)

အမေတို့ ရွာသားများကား ခေတ်အဆက်ဆက် ဖြတ်သန်းရင်း ဘဝကို ရုန်းကန်နေကြရှာသည်။ သူတို့ ဒေသထွက်ကုန်လေးများဖြစ်သော ဆန်စပါး၊မြေပဲ၊နှမ်း၊ဝါ လေးများကို အနီးဆုံးမြို့ ဖြစ်သော အောင်လံသို့  သွားသွင်းကြသည်။ မြို့ ပေါ်က လိုအပ်သည်များဝယ်သည်။ တစ်မိုးလုံး နွားနှင့်ရုံးကာ ထွက်ရှိလာသော လယ်ယာထွက်ကုန်လေးများသာ သူတို့ အတွက် အသက်သွေးကြောဖြစ်သဖြင့် မိုးရေမမှန်သောရာသီများတွင် ဝမ်းစာပင် မရရှာကြ။ သို့ သော်လည်း အမတော်ကြေးယူထားပြီးပြိမို့  အစိုးရကို တာဝန်ကျေသွင်းရန်ရှိသည်။ မသွင်းနိုင်တော့ အဖမ်းခံရလေသည်။အချုပ်ထဲမှာနှစ်ပတ်လောက်ထားပြီး ပြန်လွတ်တော့ မြို့ က အသိပွဲရုံမှ ငွေချေးကာ ပြန်ခဲ့ရသည်ဟု ပြောပြရှာသည်။

အင်္ဂလိပ်ခေတ်ကရော ဂျပန်ခေတ်ကပါ နိုင်ငံခြားသား အင်္ဂလိပ် ဂျပန်များ သူတို့ ရွာသို့  တစ်ဦးမျှမရောက်လာခဲ့ဖူး။ ထို့ ကြောင့် ဂျပန်ခေတ်ဆိုတာ ကြားဖူးတာပဲရှိတာဟု အမေပြောဖူးသည်။ သူတို့ ရွာသားတွေအများစုကကလည်း အောင်လံကလွဲလို့  အဝေးမြို့ များသို့  ရောက်ဖူးသူနည်းသည်။ အသွားအလာနည်းတော့ ဗဟုသုတလည်း နည်းသည်။ ဂျပန်ခေတ်က စစ်လေယဉ်တွေ ပျံလာတာကိုတွေ့ တော့ လေယဉ်မှန်းမသိရှာလို့  ဘုရားဓါတ်တော်တွေ ဝေဟင်ကကြွလာတယ်ထင်ပြီး လယ်လုပ်တာရပ်ကာ ထိုင်ရှိခိုးခဲ့ဖူးတယ်လို့  အမေကြီး(အဖွား)က ပြောပြခဲ့ဖူးသည်။

ရိုးသားကြသူများမို့  လိမ်ဖို့ ကိုလည်း ကြောက်ကြသည်။ တစ်ခါက အမေတို့ ရွာသားအချို့  ရန်ကုန်သို့  ဘုရားဖူးထွက်ကြသည်။မသွားခင်လည်း ခေါင်းဆောင်က "ရန်ကုန်ဆိုတာ မြို့ ကြီးမို့  နင်တို့ ကို ဘယ်ကလာကြလဲမေးရင် ဇိန့် ရွာတို့  အောင်လံတို့ မဖြေနဲ့  ခရိုင်မြို့  ဖြစ်တဲ့ သရက်ကလို့ ဖြေ"ဟု မှာသည်။တောသားတွေမို့  ရန်ကုန်သားတွေက အထင်သေးမှာ စိုးပုံရ၏။ ရန်ကုန်ရောက်တော့ ထုံးစံအတိုင်း ဘယ်ကလာကြလဲဟုအမေးခံရသောအခါ သင်ထားသည်များကိုမေ့ပြီး ဘယ်လိုဖြေရမယ်မသိတော့ကာ "ဘယ်ကလာမှန်းကို မသိတော့ပါဘူး" ဟု ဖြေကြသည်တဲ့။ ကိုယ့်ဟာကိုယ် ဘယ်ကလာမှန်းတောင် မသိတော့ဘူးလားဟု ရန်ကုန်သားတွေက ရယ်ကြသည်ဟု အမေကပြောဖူးသည်။

အမေတို့ ရွာနားတွင်ရှိသော ရွှေပန်းတောရွာမှာ ငါးရက်တစ်ဈေးရှိသည်။ ထိုဈေးလေးမှာ အနည်းအပါး လိုအပ်သည်များသွားဝယ်ကြသည်။ ဒီဈေးလေးမှာ အသားစိုလေးများအနည်းအပါးကို တတ်နိုင်သူများဝယ်စားကြသည်။ အများစုကတော့ အသားစိုဆိုတာ အလှူကြီးရှိမှ စားရတာဖြစ်၏။ ငါးခြောက်ဖုတ်နှင့် ပဲဟင်းသည်သာ သူတို့ တွေရဲ့  နေ့ တိုင်းစားစရာ။ ဘာဟင်းချက်လဲ မေးစရာမလို။

ထိုကဲ့သို့ မဝေးကွာလှသော်လည်း သွားလာရေးခက်လှသော အမေတို့ ရွာသို့  အိမ်မက်တစ်ခုသဖွယ် ရောက်ရှိခဲ့ဖူးလေသည်။

(ဆက်ပါဦးမည်။)

အမေတို့ ရွာ (၂)

အမေတို့ရွာ(၂)

ရိုးမတောင်ခြေရှိ အမေတို့ရွာလေး နံဘေးတွင် ချင်းရွာလေးများလည်း အစီအရီတည်နေလေသည်။ မြန်မာရွာများနှင့် ချင်းရွာများက တစ်ရွာခြားလောက်စီ ရှိကြသည်။ ဒီချင်းရွာလေးများက အမေတို့ရွာ မတည်ခင်ထဲက တည်ရှိနေကြပြီဖြစ်သည်။ ဒီချင်းရွာလေးများကြောင့်ပင်လည်း မြေထဲမြို့ဝန်က သူ့ရွာပြေးကို လာတည်ခဲ့ခြင်းဖြစ်လေသည်။

အကြောင်းကား ဒီလို။ ဒီချင်းရွာလေးများကို အုပ်ချုပ်ရသည့် ချင်းသူကြီးကမြေထဲမြို့ဝန်နှင့်ရင်းနှီးသည်။ တစ်ခါတော့ လက်ဆောင်လာဆက်ချိန်တွင် မြေထဲမြို့ဝန်က မန်းလေးနေပြည်တော်သို့ အခစားဝင်ရန်ရှိသည့်အချိန်နှင့်ကြုံဆုံကာ ချင်းသူကြီးကို နေပြည်တော်လိုက်ပြီး မြန်မာဘုရင်ဆီ ခစားမလားဟု အဖေါ်စပ်သည်။ မန်းလေးနေပြည်တော်မရောက်ဖူး၊ မြန်မာဘုရင်ကို မဖူးမျှော်ဖူးသော ချင်းသူကြီးက အားရဝမ်းသာ လိုက်ခဲ့လေသည်။ ပြသနာက ဘုရင်ထံ အခစားဝင်မှ စတော့သည်။ သူကြောက်ရွံ့ရသော မြေထဲမြို့ဝန်မှာ ဘုရင်ရှေ့တွင် ပြားပြားဝတ်နေရသောအခါ ချင်းသူကြီးခမျာ နေစရာမရှိတော့။ ဘုရင်မေးတာလည်း မဖြေနိုင်တော့။ ကြောက်ဒူးတွေဆပ်ဆပ်တုန်ကာ ဘုရင်ကမော်ဖူးစေ ဆိုသော်လည်း မကြည့်ဝန့်ခဲ့တော့။ နန်းတော်ကပြန်လာသော်လည်း မြန်မာဘုရင်ကို ဖြူသလား မဲသလား သူမသိခဲ့။

သူ့ရွာပြန်ရောက်တော့ မြန်မာဘုရင်ကို ဖူးမျှော်ပြန်လာသော သူကြီးကို ချင်းရွာသားများက ဝိုင်းမေးကြတော့သည်။ မြန်မာဘုရင်က ဘယ်လိုပုံစံလဲ၊ အသက်ငယ်လား ကြီးလား စသည်ဖြင့်ပေါ့။ ချင်းရွာသူကြီး အဖြေကလည်း မှတ်သားလောက်ပါသည်။" ငါ နဲ့ မြို့ဝန် ဘုရင်ရှေ့ရောက်တော့ မြို့ဝန်ကချင်းဖြစ်၊ ငါက ခွေးဖြစ်ပြီး ကြောက်ဒူးတုန်နေလို့ ဘုရင့်အခွက် မမြင်ခဲ့ရ၊ ချင်းကခွေးနိုင် မြို့ဝန်က ချင်းနိုင် ဘုရင်က သူ့နိုင် ပေါ့ကွယ်" ပါတဲ့။

ဒီလိုရင်းနှီးခဲ့မှုကြောင့်လည်း အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး သူ့ကျွန်မခံပဲ အင်္ဂလိပ်ပေးသော မြို့ဝန်ရာထူးကို ငြင်းပယ်ကာ သူသစ္စာခံသော ဘုရင်အတွက် ပုန်ကန်ခြားနားရန်အတွက် ဆွေမျိုးစုလိုက်ထွက်အပြေးတွင် စိတ်ချရသော သူ့လူယုံ ချင်းများရှိရာ ရိုးမတောက်ခြေကို ရွေးခဲ့ဟန်တူသည်။ နောက်ပိုင်းတွင် ပုန်ကန် ခြားနားရင်း လက်နက်အင်အားမမျှသဖြင့် အရေးနိမ့်ခဲ့ရသည်။

ဆရာစံ၏ ဂဌုန်တပ်တွင်လည်း ဒီရွာသားတွေ သွေးမနည်းခဲ့။ ဗိုလ်ချုပ်တို့ ဂျပန်တော်လှန်ရေးအတွက် ဘီအိုင်အေဖွဲ့တော့လည်း ဒီရွာက လူငယ်တွေ အားဖြည့်ခဲ့သေးသည်။ ဒီလိုနှင့် ပြန်တန်းဝင်ပထမဆင့်တွေရခဲ့သည်ဟု အရီးလေးသာဆန်းက ပြောပြသည်။ သူ့လို ပြန်တန်းဝင် ပထမဆင့် ငါးဦးရှိသည်။ သို့သော် မဆလ ခေတ်တွင် အစိုးရသို့  စပါးသွင်းရာမှာ တာဝန်မကျေမှုဖြင့် အရီးလေးတစ်ယောက် အချုပ်ထဲမှာ နှစ်ပတ်လောက်လည်း အိပ်ခဲ့ ဘူးသေးသည်။

(ဆက်ရေးပါမည်။)

အမေတို့ ရွာ (၁)

အမေတို့ရွာ

နီးရက်နဲ့ဝေးနေတဲ့ နေရာတွေ မြန်မာပြည်မှာ အများကြီးပါ။ မိုင်နှစ်ဆယ်ခရီးကို သုံးနာရီခွဲလောက်ကြာအောင် ကားဖြင့် သွားရတဲ့နေရာမျိုးပေါ့။ ပြည်နယ်တွေလို့မထင်စေလို။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ထဲမှာ။ ပြည်မထဲမှာတင် ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာတွေ အများကြီးရှိသေးသည်။ ဒီလိုနေရာမှာ အမေ့ကို မွေးဖွားခဲ့လေသည်။

သူတို့ရွာလေးက ရိုးမတောင်ခြေနှင့် မလှမ်းမကမ်းတွင် ကျွန်းလုံးအပြည့်ကာထားသော ရွာစည်းရိုးကြီးဖြင့် ခန့်ညားစွာတည်ရှိသည်။ လူတဖက်မကကြီးမားသည့် ကျွန်းသစ်လုံးတွေကို စီရီစွာ နွယ်ကြိုးများဖြင့်တုတ်နှောင်ပြီး ရွာကိုကာထားသည်မို့ ရှုမငြီးစရာ မြင်ကွင်းပင်။ ရွာဝင် တံခါးမကြီးတစ်ခုသာ ထွက်ပေါက်ရှိသည်။ တိုင်းပြည်မငြိမ်းချမ်းခင်ကဆို ညနေနေဝင်လျှင် ရွာတံခါးပိတ်သည်တဲ့။ ခုတော့ မပိတ်တာကြာလေပြီ။

ရွာထဲမှာတော့ အိမ်ခြေ ၁၀၀ကျော်က စည်းရိုးမဲ့ တည်ထားလေသည်။ ဟို ငှက်ပြောပင်ထိငါ့မြေ၊ ဟိုဇီးဖြူပင်ထိက သူ့မြေဟု မှတ်ထားကြသည်။ စာချုပ်မရှိ မြေတိုင်းမလာ ရန်လည်းမဖြစ်ကြ။ တရွာလုံးကလည်း အမျိုးတွေချည်း။ သူ့အမျိုးငါယူ ငါ့အမျိုးသူယူနှင့် အမျိုးပတ်လည်ရိုက်ကြသည်။ သူတို့ သတ်မှတ်ချက်က နှစ်ဝမ်းကွဲဆို ယူလို့ရသတဲ့။ ဒါနဲ့ပဲ ရွာထဲမှာ အမျိုးမတော်တဲ့အိမ် မရှိတော့။

အိမ်တွေတော့ခြံစည်းရိုးမကာပဲ ရွာကို ခြံခတ်ထားရခြင်းအကြောင်း စပ်စုမိသည်။ သူတို့ က မြေထဲမြို့ဝန်ဦးမှိုရဲ့ အနွယ်တွေ၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ မြန်မာစစ်ရှုံးတော့ မြေထဲကို အသိမ်းခံရသည်။ သူ့ကျွန်မခံလိုသော မြို့ဝန်က သူ့ဆွေမျိုးတသိုက်နှင့် ရိုးမတောင်ခြေကိုပြေးကာ ရွာတည်လေသည်။ထိုအချိန်က ကျွန်းတောကြီးပတ်လည်ဝိုင်းနေသော ထိုနေရာကို အင်္ဂလိပ်တို့ မလိုက်နိုင်ခဲ့။ ရွာကို ကျွန်းလုံးခံတပ်ကာရခြင်းမှာလည်း ထိုကြောင့်ပင် ဖြစ်သည်။ ရွာအမည်ကိုပါ အင်္ဂလိပ်ကိုအောင်မြင်စေရန် အတိတ်ယူပြီး ပါဌိအမည် ဇိန (အောင်မြင်ခြင်း) ကိုယူကာ ဇိန့်ရွာဟု ပေးခဲ့လေသည်။

အောင်လံ ရွှေပန်းတောကားလမ်းဆုံးကာနီး နှစ်မိုင်မျှအလိုတွင်ဆင်းကာ တစ်မိုင်ခွဲခန့်လမ်းလျှောက်မှ ရွာဝင်တံခါးသို့ရောက်သည်။ ရွှေပန်းတောကားလမ်းကလည်း ကားလမ်းဟုသာဆိုရသော်လည်း သစ်ထုတ်ရေးက ကားများဒါဏ်ကြောင့် တစ်တောင်ကျော်နက်သော ဘီးရာကြီးနှစ်ခုသာရှိသည်။ လှည်းပင်မလွတ်ချင်လှ။ အညာလမ်းကြမ်းထဲမှာ တံတားမဲ့ သဲချောင်းကြီး သုံးချောင်းက ကန့်လန့်ဖြတ် ခံနေသေးသည်။ အင်္ဂလိပ်က လမ်းဖေါက်တော့ တံတားပါဆောက်ပေးခဲ့ပါသည်။ သို့သော် ပြည်တွင်းသူပုန်ခေတ်မှာ ဗကပတွေ မိုင်းခွဲလို့ တစ်စင်းမျှ မကျန်တော့။ ထို ဗကပတွေကိုလည်း ဘယ်သူမှ မကောင်းမပြောကြ။ သူတို့အမျိုးတွေမို့ ဖြစ်သည်။ တစ်နယ်လုံး ဗကပအမာခံရွာတွေမို့ မဆလကလည်း လှည့်မကြည့်ခဲ့။ နဝတ၊နအဖမှသည် ယခု အစိုးရခေတ်အထိ ပစ်ထားကြသည်မို့ ၁၉ရာစုကအတိုင်း နေထိုင်သွားလာ လုပ်ကိုင်စားသောက်နေကြရလေသည်။

ဗကကခေတ်ကပင် ယခုခေတ်ထက် ပိုမိုချောင်လည်ကြောင်း ပြောပြကြသည်။ ထိုအချိန်က တစ်နယ်လုံး ဖိန့်ဖိန့်တုန် ကြောက်ရသည့် ဗကပဗိုလ်ချုပ်လေးအောင်က သည်ရွာသားပင်။ အမေ့အမေရဲ့မောင်တော်သည်။ သည်တော့ အမေတို့ကိုလည်း မည်သူမျှမတို့မထိရဲခဲ့ကြ။ တချိန်က ဗကပဗိုလ်ချုပ်ရဲ့သြဇာကလည်း ဒီခေတ်အဘတွေနီးနီး တန်ခိုးထွားခဲ့ဟန်တူသည်။

သည်ဗကပဗိုလ်ချုပ်၏တူတော်မောင်က မြ်ု့ကျောင်းသွားနေရင်း အစိုးရတပ်ထဲဝင်ကာ ဗိုလ်ကြီးဖြစ်ခဲ့လေသည်။ ဒါကိုသိတော့ ဗကပဗိုလ်ချုပ် ဆွေ့ဆွေ့ခုန်စိတ်ဆိုးတော့သည်။ သူ့တူကို အစိုးရတပ်မှထွက်ခါ သူတို့ဗကပတပ်ထဲဝင်လျှင် ဗိုလ်မှုးရာထူးပေးမည်ဟု ကမ်းလှမ်းသည်။ သူ့အမကို ဖိအားပေးသည်။ဗကပနယ်တွင်နေသော်လည်း ဗကပကိုကြောက်သော အမေကြီး(အဖွား) တို့ မိသားစုလိုက် ဘုရားဖူးအကြောင်းပြပြီး သူ့သားဗိုလ်ကြီးတာဝန်ကြရာ တောင်ငူသို့ ထွက်ပြေးလေသည်။

ထိုဗကပဗိုလ်ချုပ်၏ အနွယ်များနေထိုင်ရာရွာလေးကား နှစ်များစွာတိုင်အောင် မပြောင်းလည်းသေးပဲ ယခင်အတိုင်းပင် တည်ရှိနေသေးသည်။ ထိုရွာမှ ဗကပဗိုလ်ချုပ်ထွက်ပေါ်ခဲ့သလို အစိုးရတပ်မှ ဗိုလ်မှူးကြီးလည်းထွက်ခဲ့သည်။ ပြည်နယ်အင်ဂျင်နီယာလည်း ထွက်ခဲ့သည်။ သာသနာတွင်လည်း ရွှေကျင်ဂိုဏ်း၏ ဒုတိယ သာသနာပိုင် ပြည်မြို့ ဗာရာဏသီကျောင်းဆရာတော်နှင့် ပြင်ဦးလွင်မြို့ ညံတောရပ် မဟာဝိသုဓ္ဓာ
ရုံကျောင်းဆရာတော်ဟူပြီး ရွှေကျင်သာသနာတွင် နေလိုလလို ထင်ရှားခဲ့သော ညီနောင်နှစ်ပါးကလည်း ဒီရွာမှပင်ဖြစ်သည်။ ထိုသည်ကား အမေတို့ရွာပင်။

(နောက်မှ ဆက်ရေးပါဦးမည်။)

Thursday, September 4, 2014

လူဖြစ်ရတဲ့ ဒုက္ခ

တို့ ရွှေပြည်ကြီးမှာ လူဦးရေသန်းပေါင်း ၅၁သန်းကျော် ရှိပါသတဲ့။

အဲဒီထဲမှာ ရှိသမျှအကုန် လက်ဝါးကြီးအုပ်ထားတဲ့ စူပါ ဘူဇွာကြီးတွေနဲ့  သူတို့ လုပ်ငန်းတွေကို လက်ဝေခံလုပ်နေကြတဲ့သူတွေ တစ်သန်းတောင်ရှိမယ်မထင်။

ကျန်တဲ့ သန်းငါးဆယ်မှာ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး အောင်မြင်နေတဲ့သူ ၁၀သန်းထား။

ကျန်တဲ့သန်းလေးဆယ်ကတော့ သူမသာ ကိုယ်အသုဘ ဘဝတွေနဲ့ ပဲ လုံးခြာလည်နေကြမှာပါ။

အလုပ်လက်မဲ့ကလည်း ၆၀% တောင် ရှိတော့ လူငယ်ခြေကျတွေလည်း မနည်း။

ဒီ အခြေအနေကနေ ထိုးဖေါက်ဖို့ ကတော့ လောလောဆယ် မမြင်ရသေး။

လူဖြစ်ရတဲ့ ဒုက္ခတွေ မလွယ်လှပါလား.....................။

အလုပ်သမားနေ့ 

မနက်ဖြန် တနလာင်္နေ့  က ဒီနိုင်ငံရဲ့ အလုပ်သမားနေ့  ပါ။

အလုပ်သမားနေ့ မို့  ရုံးပိတ်ရက်လည်း ဖြစ်တော့ ပျော်စရာနေ့  လေးပါ။

အလုပ်သမားနေ့ မှာ အလုပ်သမားအပေါင်း ကျန်းမာရွှင်လမ်းကြပါစေ။

မောင်လူပေက ဗမာပြည်အခေါ် ရွှေ့ ပြောင်း အလုပ်သမားတယောက်မို့  ကိုယ့်လို ဘဝတူတွေကို ကိုယ်ချင်းစာတတ်ပါတယ်။

ဘော့စ်တွေ ဆူပါဗိုက်ဆာ တွေရဲ့  ဆူဆဲမှုမှလည်း ကင်းဝေးကြပါစေ။

အလုပ်လေးတွေလည်း မြဲကြပါစေ။

လစာလည်း မြန်မြန်တိုးပါစေ။

သက်သာတဲ့ နေရာလေးတွေမှာ လုပ်ကိုင်ကြရပါစေ။

အလုပ်ခွင် ဘေးရန်များမှလည်း ကင်းဝေးကြပါစေ။

အထူးအားဖြင့်ကတော့ ပျော်ရွှင်သော အလုပ်ခွင်လေးများဖြင့်သာ တွေ့ နိုင်ကြပါစေ။

အလုပ်ရှင် ဘော်ဘော်များလည်း အလုပ်သမားဆိုးဘေးမှ ကင်းဝေးကြပါစေ။

အလုပ်ရှင်၊ အလုပ်သမား အားလုံး အလုပ်သမားနေ့ လေးမှာ ကျန်းမာ ချမ်းသာကြပါစေဗျား...။။
Photo: မနက်ဖြန် တနလာင်္နေ့  က ဒီနိုင်ငံရဲ့ အလုပ်သမားနေ့  ပါ။

အလုပ်သမားနေ့ မို့  ရုံးပိတ်ရက်လည်း ဖြစ်တော့ ပျော်စရာနေ့  လေးပါ။

အလုပ်သမားနေ့ မှာ အလုပ်သမားအပေါင်း ကျန်းမာရွှင်လမ်းကြပါစေ။

မောင်လူပေက ဗမာပြည်အခေါ် ရွှေ့ ပြောင်း အလုပ်သမားတယောက်မို့  ကိုယ့်လို ဘဝတူတွေကို ကိုယ်ချင်းစာတတ်ပါတယ်။

ဘော့စ်တွေ ဆူပါဗိုက်ဆာ တွေရဲ့  ဆူဆဲမှုမှလည်း ကင်းဝေးကြပါစေ။

အလုပ်လေးတွေလည်း မြဲကြပါစေ။

လစာလည်း မြန်မြန်တိုးပါစေ။

သက်သာတဲ့ နေရာလေးတွေမှာ လုပ်ကိုင်ကြရပါစေ။

အလုပ်ခွင် ဘေးရန်များမှလည်း ကင်းဝေးကြပါစေ။

အထူးအားဖြင့်ကတော့ ပျော်ရွှင်သော အလုပ်ခွင်လေးများဖြင့်သာ တွေ့ နိုင်ကြပါစေ။

အလုပ်ရှင် ဘော်ဘော်များလည်း အလုပ်သမားဆိုးဘေးမှ ကင်းဝေးကြပါစေ။

အလုပ်ရှင်၊ အလုပ်သမား အားလုံး အလုပ်သမားနေ့ လေးမှာ ကျန်းမာ ချမ်းသာကြပါစေဗျား...။။

ဆရာ ဦးလွဏ်းမောင် အမှတ်တရ

တောင်ငူမြို့က နာမည်ကျော် သချာင်္ဆရာဖြစ်တဲ့ ဆရာကြီး ဦးလွဏ်းမောင် ကွယ်လွန်ရှာပြီလို့ သိရပါတယ်။

ကွမ်းယာကို အရမ်းနှစ်သက်ခဲ့တဲ့ဆရာပါ။ ကွမ်းလေးတမြုံ့မြုံ့နဲ့ သချာင်္တွေကိုစိတ်ဝင်စားအောင် သင်ခဲ့တဲ့ဆရာ ခုတော့ ကွမ်းစားခြင်းမှ ရရှိခဲ့တဲ့ ပါးစောင်ကင်ဆာနဲ့ပဲ ဆုံးခဲ့ရှာပါတယ်။

ဆရာက တောင်ငူသူနဲ့ အကြောင်းပါပြီး တောင်ငူမှာ အခြေချ၊ သူမြတ်နိုးတဲ့ သချာင်္တွေသင်ရင်း တောင်ငူမှာပဲ ခေါင်းချခဲ့ပြီ။

သချာင်္ကို စိတ်ဝင်စားစရာဘာသာ ဖြစ်အောင် သင်ပြခဲ့တဲ့ဆရာပါ။ သချာင်္အကြောင်းကို အီကွေးရှင်းတွေသင်ရင်း သမိုင်းကြောင်းပါ ရှင်းပြတတ်သေး။ သူပြောပြလို့ သချာင်္ကျော်တွေကို စပြီး ရင်းနှီးခဲ့ရ။

တောင်ငူထွက်ဆို သူ့တပည့်မဖြစ်ခဲ့သူ ခပ်ရှားရှား။ ကျူရှင်လခက တစ်လ တစ်ဆယ်။ လစဉ်မှန်မှန်မပေးနိုင်ရင် အားလုံးပြန်မှ တိုးတိုးခေါ်မေး၊ မေးတာတောင် တပည့်စိတ်မညစ်အောင် ရယ်ပြုံးပြီးမေးတာ။ မေ့များနေသလားပေါ့။ တကယ် မပေးနိုင်ရင် အလကားတက်စေတော့ပဲ။

ဆရာက စစ်တုရင်လည်း အရမ်းထိုးတာတော်၊ ရယ်စရာ ဟာသဥာဏ်ကလည်းရွှင်၊ တပည့်တွေကိုလည်း သူငယ်ချင်းပေါင်း ပေါင်းသူပါ။

ဆရာနဲ့ အတွဲဆုံး တယောက်က ဆရာ ဦးခင်မောင်တိုး။ နှစ်ယောက်လုံးက စာပေသမားတွေ။ ဆရာ ခင်မောင်တိုးက ခင်မောင်တိုး(မိုးမိတ်) ဆိုပြီးစာတွေရေး၊ ဆရာက မြားနတ်မောင် မဂ္ဂဇင်းထောင်ပြီး အယ်ဒီတာချုပ်လုပ် အတော်လည်း အောင်မြင်ခဲ့။

ခုတော့ တမလွန်မှာ သူမြတ်နိုးတဲ့ စာတွေနဲ့ ပျော်နေရှာပြီ။ တပည့်အားလုံးကို စေတနာထား သင်ကြားပေးခဲ့တဲ့ ဆရာကြီးဦးလွဏ်းမောင် ကောင်းရာသုဂတိလားပါစေ။

ခေါင်းလောင်းတလုံး

ခေါင်းလောင်းသံတွေ ညံနေချိန်မှာ ခေါင်းလောင်းသံတစ်ခုအကြောင်း ပြောချင်တယ်။ အဲတာက ဘုန်းကြီးကျောင်းက ခေါင်းလောင်းသံပါ။

ကျွန်တော်ငယ်စဉ်က စပြီးမှတ်မိတဲ့အသံပေါ့။ အရမ်းသာယာတဲ့ ဘုရားဆွဲလဲသံတွေကြားက ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံ။ လူတစ်ဦးဦးက ကုသိုလ်ပြုပြီးလို့ အမျှဝေရင်း ထိုးလိုက်တဲ့ ခေါင်းလောင်းသံလေးပါ။ ခုထိ ကြားယောင်နေဆဲ။

ကျွန်တော့မိဘတွေက ဝါတွင်းရော ဝါပပါ ဥပုဒ်နေ့တိုင်း ဘုန်းကြီးကျောင်းတက်တာ။ ။ဥပုဒ်မတိုင်ခင် အဖိတ်နေ့ထဲက အမေတယောက် ဆွမ်းချက်ရင်း အလုပ်များနေပြီ။ ဥပုဒ်နေ့မနက်တိုင်း ဆွမ်းဂျိုင့် ထမင်းချိုင့် ခြင်းတောင်းတွေ စက်ဘီးမှာချိတ်ပြီး အိမ်နဲ့ သုံးမိုင်လောက်ဝေးမဲ့ မြို့ အရှေ့ဖျား မဟာဝိသုဓ္ဓာရုံ သိမ်ဥူးကျောင်းကို မိသားစု ချီတက်မြဲ။

အဲဒီကျောင်းက အမေ့ရဲ့ ဦးကြီးဆရာတော်ရဲ့ကျောင်းမို့ ဆွေကျောင်းမျိုးကျောင်း။ ရွှေကျင်ကျောင်းမို့ စည်းကမ်းကလည်းကြီး။ ကျောင်းကြီးကလည်း ဟီးနေတာပါ။

ကျောင်းရောက်ရင် ကိုယ်နဲ့ရွယ်တူက သိပ်မရှိတော့ ကိုရင်လေးတွေနဲ့ သူငယ်ချင်းလုပ်ရတယ်။ ဆရာတော်ဆူမှာစိုးလို့ သိပ်မဆော့ရဲဘူး။ မနက်တရားကို ဆွမ်းစားကျောင်းမှာပဲ နာရတယ်။ နေ့လည်တရားကြမှ ဓမ္မာရုံကြီးမှာ တရားပေးပါတယ်။

ဥပုဒ်သည်တချို့က မနက်တရားနာပြီးရင် ကျောင်းဘေးက ညီနောင်စေတီမှာ သန့်ရှင်းရေးလုပ်၊ ပန်းတို့ ရေချမ်းတို့ ဘုရားကပ်ပြီရင် အမျှဝေပြီး ခေါင်းလောင်းထိုးတယ်။ ခေါင်းလောင်းက ရာဝင်အိုးအရွယ်သာသာပါ။ အသံကတော့ ရှယ်ပဲ။ ကြည်ပြီးပီသတဲ့ ခေါင်းလောင်းသံကြားရရင် စိတ်ကို ကြည်နူးလို့။

နဲနဲ ကြီးလာတော့ ကျောင်းရောက်တိုင်း ခေါင်းလောင်းဆီ မရောက်ရောက်အောင်သွားပြီး ကိုယ်တိုင်ထိုးတယ်။ ခေါင်းလောင်းထိုးတဲ့ တုတ်တံက အဖြားတွေဖွာလို့။ အားစိုက်ထိုးလိုက်လို့ ထွက်လာတဲ့ အသံကြားပြီး ကိုယ့်ဟာကိုယ် ပီတိဖြစ်နေတာ။ အနားက တောပန်းလေးတွေခူး ဘုရားမှာကပ် ရှိခိုးအမျှဝေပြီး ခေါင်းလောင်းထိုးပါတယ်။

နောက်ပိုင်းကြီးလာတော့ ကြီးမိုက်ဖြစ်လာတယ်။ မြို့နဲ့ဝေးလာတယ်။ ဘုန်းကြီးကျောင်းလည်း အရောက်နည်းလာ။ ခေါင်းလောင်းဆီလည်း မရောက်ဖြစ်တော့။ အခြားဘုရားကျောင်းကန်တွေမှာ ခေါင်းလောင်းတွေထိုးဘူးပေမဲ့ ငယ်ခေါင်းလောင်းလို အသံချိုတယ် မထင်တော့။

တောင်ငူငလျှင်ဒါဏ်ကြောင့် ညီနောင်စေတီနှစ်ဆူ ငှက်ပြောဖူးက ကျိုးကျပျက်စီး။ခါင်းလောင်းလည်းတိုင်တွေကွဲအက်ပြီး ပြုတ်ကျရှာပါတယ်။ အဲဒီနောက်တော့ ကွဲအက်သွားတဲ့ ခေါင်းလောင်းကို ပြုပြင်ရန်ဆိုပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က သယ်သွားတာ ခုထိပြန်မလာတော့ဘူးလို့ ကြားမိရဲ့။ ပြင်မရလို့ ချောင်ထိုးထားရင်း ပျောက်ကွယ်သွားဟန်တူပါရဲ့။ ညီနောင်နှစ်ဆူမှာ နောက်လူတွေ အသစ်တည်ထားတဲ့ ခေါင်းလောင်းသစ်က အရင်ခေါင်းလောင်းလို အသံမသာပါ။

ဘာပဲဖြစ်ဖြစ် အစွဲအလမ်းကြီးတဲ့ ကျွန်တော်ကတော့ ငယ်ငယ်က တောပန်းလေးတွေကပ်ရင်း ထိုးခဲ့တဲ့ တောကျောင်းလေးဘေးက တောဘုရားစေတီလေးရဲ့ ခေါင်းလောင်းသံသာကို အမှတ်ရနေဆဲပါ။ ရှေး ခေါင်းလောင်းအိုကြီးကို နိုင်ငံရပ်ခြားမှာ ရှေးဟောင်းပစ္စည်း အဖြစ်နဲ့ မတော်တဆ ပြန်တွေ့ခဲ့ရင် ခေါင်းလောင်းသံသာ နားဆင်လိုပါကြောင်း တောင်းဆုပြုချင်ပါသေးတယ်။ မိတ်ဆွေ သူငယ်ချင်းအပေါင်းလည်း ခေါင်းလောင်းသံသာလို သာယာကြည်လင်တဲ့ ဘဝတွေ ရနိုင်ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Wednesday, August 27, 2014

အမှတ်ရတာလေး ပြောချင်လို့ 

သတိရတာလေး ရေးချင်တယ်။

ဒီ ခေါင်းလောင်းဇာတ်မှာ ငဇင်ကာက ဗီလိန်။ ရွှေတိဂုံကုန်းမြေက ခေါင်းလောင်းသူခိုး။

ငဇင်ကာက ပေါ်တူဂီလူမျိုး၊ ခရစ်ယာန်မို့  အရည်ကျိုဖို့ ခိုးတယ်ဆိုတာ နဲနဲ ဖြစ်နိုင်တယ်ထား။

ဒီခေတ်ထိ ရွှေတိဂုံကုန်းမြေမှာ သူခိုးတွေရှီတယ်ဆို ယုံပါ့မလား။

တကယ်ရှိခဲ့တဲ့ ကြေးဆင်းတု နှစ်ဆူ ပျောက်ကွယ်တော်မူပြီး ကျောက်ဆင်းတုနဲ့  အစားထိုးထားတာကို တွေ့ ခဲ့တဲ့ သူငယ်ချင်းက စတေးတပ်ရေး ဓါတ်ပုံနဲ့  သက်သေထူ ဖူးပါတယ်။

အဲဒီ သူငယ်ချင်းက ရာမညသားလေး ဝင်းထိန်ပါ။

သူ ရွှေတိဂုံ ရောက်ရင် ထိုင်နေကြ တန်ဆောင်းထဲက နှစ်ရာကျော်သက်တန်းရှိ လူ အရွယ်လောက်ရှိတဲ့ ထိုင်တော်မူ ကြေးဆင်းတု ကိုယ်တော်နှစ်ပါးဟာ လက်ရာအရမ်းကောင်းပြီး သပ္ပါယ်တော် မူလွန်းလို့  သူနိုင်ငံခြားထွက်ခါနီးမှာ အမှတ်တရ ဓါတ်ပုံရိုက်ယူ ပူဇော်ခဲ့ပါသတဲ့။

နောက်အတော်ကြာ ဗမာပြည်ပြန်ရောက်တော့ သူ့ ဆွေမျိုးလို ချစ်ရှာတဲ့ ကြေးဘုရားနှစ်ဆူကို သွားအဖူးမှာတော့ ကြေးကိုယ်တော်နှစ်ပါးက ဘဝပြောင်းပြီး ကျောက်ဆင်းတု ရွှေချတွေ ဖြစ်နေတာ ဖူးခဲ့ရလို့  ရင်ထုမနာ ရေးတင်ထားတဲ့ စတေးတပ်ဟောင်းလေးနဲ့  ဓါတ်ပုံလေးတွေကို အမှတ်ရလို့ ပါ။

ကြေးဆင်းတုနှစ်ဆူ ဘယ်လိုဖြစ်သွားပြီး ဘယ်ရောက်သွားတယ်ဆိုတာကတော့ ကာယကံရှင်တွေပဲ သိမယ်။ လူအရွယ်လောက်ရှိပြီး အလွန်လေးမဲ့ ကြေးရုပ်ထုကြီးတွေမို့  ရွှေတိဂုံကုန်းမြေကနေ လွယ်လွယ်လေး အခိုးခံရတယ် ပြောရအောင်ကလည်း ခပ်ခက်ခက်ပါပဲ။

အဲဒီကြေးဆင်းတုနှစ်ဆူကိုလည်း ခေါင်းလောင်းရှာသလို ရှာပေးကြပါဦးလို့ ရှာဖွေရေး ဝါသနာအိုး အပေါင်းကို သူငယ်ချင်းဝင်းထိန် ကိုယ်စား မေတ္တာရပ်ခံပါတယ်။

(သူငယ်ချင်းဝင်းထိန်ရေ။ မင်းလည်း အဲဒီ စတေးတပ်ဟောင်းလေး ပြန်တင်ပေးပါလား။ ရာမညက ခေါင်းလောင်းနဲ့ အတူ ရာမညသားရဲ့  ဆွေမျိုး ကြေးဆင်းတုနှစ်ဆူလည်း တွေ့ လို တွေ့ ငြားပေါ့။)

ရှာဖွေရေးတွေ ကံကောင်းကြပါစေ။

ညံ့တဲ့ ကျွန်တော်

ကျွန်တော်က ပိန်းတယ်။

သူများတွေ ဓမ္မစေတီခေါင်းလောင်း ဆိုပြီးပြောနေကြတယ်။ သူတို့ပြောတဲ့ ခေါင်းလောင်းအကြောင်း ယောင်လို့တောင် မကြားဖူးခဲ့။

ဓမ္မစေတီမင်းတော့သိတယ်။ မွန်ဘုရင်တပါး။ မြန်မာ့သမိုင်းမှာ တဦးတည်းသော ဘုရင်မကြီး ရှင်စောပုရဲ့ သမက်။ ရှင်စောပုက သူ့ ယောကျာ်းဘုရင် ကံတော်ကုန်လို့ တိုင်းပြည်က ဝိုင်းတင်မြှောက်ကြလို့ ဖြစ်လာတဲ့ မွန်ဘုရင်မကြီး။ သားမထွန်းကားပဲ သမီးတွေသာရှိပါသတဲ့။

ဘုရင်မကြီးက အာဏာမမက်တဲ့သူ။ ဘာသာရေးပဲ လုပ်ရင်း ဘဝဆုံးချင်သူ။ ဒါကြောင့် နန်းတော်မှာ ဆွမ်းကပ်နေကြ ကိုယ်တော်တွေထဲက ပိဋကပ် သုံးပုံဆောင်တော်မူတဲ့ ရဟန်းကို လျှောက်ထား သဘောတူညီချက်ယူပြီး လူထွက်စေကာ သမီးတော်နဲ့ ပေးစား။ ရဟန်းလူထွက်က ပိဋကပ်သုံးပုံဆောင်ခဲ့သူမို့ ဓမ္မ စေတီ ထိုက်သူဖြစ်တယ်ဆိုပြီး ဓမ္မစေတီမင်းလို့ ဘွဲ့မည်ခံ အုပ်စိုးစေပါတယ် လို့ သာ ဖတ်ရှုမှတ်သားဖူးခဲ့။

ပြီးတော့ နဂါးကိစ္စ။ ဒါလဲ ကျွန်တော်မသိ။

နဂါး ဂဠုန် ဂုဗ္ဗာန် ယက္ခ ဆိုတာ စာထဲသာဖတ်ဖူး။ ရှိမရှိမသိ။ အနောက်နိုင်ငံက နဂါးဆိုတာ ငှက်လိုပဲ။ အတောင်ပံတွေနဲ့ ။ ပါးစပ်က မီးတွေမှုတ်တယ်။ ပျံတယ်။ တရုတ်နဂါးက ပိုစွမ်းသေး။ သူက ဘာ အတောင်ပံမှ မရှိပဲ မိုးပျံတာ။ ပြဒါးရှင်လုံးဆိုတာလည်း ပါသေးရဲ့ ။ ပါးစပ်ပြဲပြဲ အချွန်အတက်တွေနဲ့ ရုပ်ဆိုးဆိုး။

ရုပ်ရှင်ထဲ မြင်ဘူးတာတွေ ရန်းတုပ်နေတာပါ။ ဘယ်သိပါ့မလဲ။ မသိပါဘူးဆို။

ဒါကြောင့် တုံးတယ်ပြောတာ။

နဂါးမင်က ရေးတဲ့စာ

ဟယ်.... ဗမာ့ပြည်မှ လူသားတို့

ငါတို့ နဂါးတွေ ကိုးကွယ်ထားတာ ဘုရားအံတော်ပဲရှိတယ်။ မဟုတ်ကဟုတ်က ခေါင်းလောင်းကို ကိုးကွယ်မတဲ့လား။ ခေါင်းလောင်းဆိုတာ အမျှဝေရင် အများကြားနိုင်အောင် ထိုးတဲ့အရာ ကိုးကွယ်ရာ မဟုတ်။

ကံမကောင်းလို့ တိရိစ္ဆာန်ဘဝ ရောက်နေပေမဲ့ အဲ့လောက်တော့ မတုန်းဘူး။ ။ရတနာသုံးပါးပဲကိုးကွယ်တယ်။ ခေါင်းလောင်းမပါ။

ဘာ။ ခေါင်းလောင်းကို ဆီမီးပူဇော်တယ်။ မဟုတ်တာကွယ်။ မင်းတို့ဆီမှာ ခေါင်းလောင်းကိုရှိခိုးသလား။ ဆီမီးပူဇော်လား။ စေတီပုထိုးမှမဟုတ်တာ။ တို့ဆီမှာ ဘုရား အံတော်အစစ် ရှိမှတော့ ခေါင်းလောင်းလိုပါ့မလား။

နဂါးပြည်ဟာ လက်လက်ထတဲ့ ဖန်အိမ်တော်ထဲမှာ။ ဘာမဟုတ်တဲ့ ပုဇွန်တောင်ချောင်းဝက ရွှံ့နွံတောထဲမှာ မဟုတ်။ ကြည့်လဲလုပ်ကြဦး။

နဂါးကို ငါးရှဥ့်ုဖြစ်အောင်မလုပ်ကြနဲ့။ ရွှံထဲတိုးတာ ငါးရှဥ့်ကွ။ တို့နဂါးက ရွှံ့မလူးဘူး။ နဂါးသိက္ခာကျအောင်လုပ်ရင် ရုံးတက်တရားစွဲမယ်။ ဒါပဲ။

ပုံ

ဘေးထိုင်ဘုပြော ဘဘကြီး

(နဂါးမင်း၏ ညွှန်ကြားချက်အရ)

Sunday, August 24, 2014

ထူးအိမ်သင် အမှတ်တရ စာစု

ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် ဂီတပွဲကို အဝေးရောက်နေလို့ မကြည့်ရတော့။ သူ့သီချင်းတွေက အားလုံးလိုကိုကြိုက်ခဲ့ရတာ။ ရင်ထဲအထိဆုံးက အမေ့အိမ်။ ခုထိ ဆိုညီးရင်း မျက်ရည်ဝဲရဆဲ။ အမေ့ရဲ့ ဒုက္ခအိုးလေးလည်း ထိုနည်းလည်းကောင်း။ ရာဇဝင်များရဲ့သတို့သမီးးနားထောင်ရင် သွေးတွေဆူပွက်။ မဟာဝီရ အိုဗုဒ္ဓ မှာတော့ ကြည်ညိုစိတ်တွေတဖွားဖွား။

ငယ်တုန်းကတော့ နာရီစဉ်ပေါ်က မျက်ရည်စက်များ နဲ့ လက်ဖက်ရည်ပေါ့ကျကို ဆေးပေါ့လိပ်ခဲရင်း အရသာခံခဲ့။ သူ့ အပြုံးလေးများမြင်ရင် အပျော်လွန်ပြီး အိပ်မရတော့ပြီ။ သူ့မျက်လုံးနဲ့ဆုံရင် ရင်ခုန်သည်နဲ့ ဖီးလ်တွေဝင် အသည်းတွေကွဲ။ တနေ့နေ့တော့ ချစ်လာလိမ့်မည်နဲ့ ကွဲပြဲ။ ကိုငှက်သီချင်းတွေ ခံစားရင်း အရွယ်ရောက်ခဲ့။

နှစ်ချို့ဝိုင်တောင် မလုပ်စားချင်လို့ဆိုပြီး မထွက်ခဲ့။ အနုပညာမှော်အောင်တဲ့ ကိုငှက်ရဲ့ သီချင်းခွေလေးတွေ နားထောင်ရင်း နားလိုက်ဦးမယ်။

ကိုငှက်ကောင်းရာသုဂတိ ရောက်မှာပါ။




 လူနဲ့ င်္အကျီ

ကျွန်တော်ဟာ ငယ်ငယ်တုန်းက
အဖြူရောင်င်္အကျီလေးကို
တကယ်စိတ်စွဲနှစ်သက်စွာ
အမြဲတန်းဝတ်တတ်တယ်။

အချိန်တွေကုန်လွန်ခဲ့တော့
ကျွန်တော်လည်းအရွယ်ရောက်ပြီ
ဖြူစင်လှသောင်္အကျီလေး
ဝတ်ဖို့ရှက်လာတယ်။

လူရယ်ခေါ်နိုင်တဲ့အခါ
နာကျင်တတ်ပြီစိတ်မှာ
ပြန်လည်လျှော်ဖွတ်မရတော့ဘူး
ဘဝကညစ်ပတ်တယ်။

အမှန်ကို မမြင်နိုင်သေးတော့
ဒီ အညစ်အကြေးတွေစွန်း ဆဲ
ဖြူစင်လှသော င်္အကျီလေး
မင်းအတွက်အားနာတယ်။

င်္အကျီဖြူဖြူလေးရယ်
မင်းလောက်တို့ မသန့်စင်တယ်
စိတ်မှာ ဒီအညစ်အကြေးတွေ
ဆေးကြောလိုက်ချင်တယ်
လိပ်ပြာမလုံချင်ဘူးကွယ်
အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့။. ။

ထူးအိမ်သင် (၁၉၆၃/၂၀၀၄)

ငလျှင်ဆို ကြိုသာပြင်

ဒီနေ့  အိမ်နဲ့  မိုင် ၁၀၀ ခရီးလောက်ရှိမဲ့ Napa နားမှာ ၆.၀ပြင်းအားရှိ ငလျှင် အလတ်စားတခု လှုပ်တယ်။ လူ ၁၂၀ လောက် ဒါဏ်ရာရပြီး အိမ်တွေ၊ အဆောက်အဦတွေ၊ လမ်းတွေ အတော် အက်ကွဲကုန်တယ်။ ကံကောင်းလို့  လူအသေအပျောက် မရှိ။ တီဗွီကနေ တနေကုန် သတင်းကြေညာပေးတယ်။ ဒါဏ်ရာရထဲက ပြင်းထန်သူတွေကို ရဟတ်ယာဉ်နဲ့  သက်ဆိုင်ရာဆေးရုံတွေ ပြောင်းပေးတယ်။ အကူအညီတွေ ချက်ခြင်းရောက်လာပြီး နေစရာ စားစရာတွေ စီစဉ်ပေးတယ်။ အရေးပေါ်ရင် ကူညီဖို့  အဆင်သင့် ပြင်ဆင်ထားတဲ့ အတွက် ဒီလို မြန်မြန်ဆန်ဆန် ကူနိုင်တာပါ။

ကျွန်တော်တို့  မြို့ တော်ရန်ကုန်မှာ အရည်အသွေး မမှီ ကံထရိုက်တိုက် အဆောက်အဦတွေ၊ ပြုပြင်မွန်းမံမှုမဲ့ အဆောက်အဦအိုတွေ အများကြီးပဲ။ ဒီလို အဆောက်အဦတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေလည်း ဒုနဲ့ ဒေး။ ကြိုပြီးမသိနိုင်တဲ့ ငလျှင်လို သဘာဝဘေးနဲ့  ကြုံရင် ခံနိုင်ရည်ရှိမယ်မထင်။ ဒီလိုဖြစ်လာရင် သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ။ ကယ်ဆယ်ရေးပစ္စည်းတွေ စုဆောင်းမှုတွေ၊ အဖွဲ့ တွေ လက်တွဲလေ့ကျင့်မှုတွေ များများ လုပ်ထားဖို့  လိုနေပြီထင်ပါတယ်။ဖြစ်မှ ပြေးလုပ်ပေးရရင် အခက်အခဲတွေနဲ့  ကြံ့ကြာမှုတွေတွေ့ ပြီး မသေသင့်တဲ့ အသက်တွေ မကယ်နိုင် ဖြစ်ရတတ်ပါတယ်။

ဘေးကင်းရန်ကွာ ကျမ်းမာကြပါစေ။

ခေါင်းလောင်း ဇာတ်လမ်း

ဆူညံပူညံ ခေါင်းလောင်းအကြောင်းက စိတ်ဝင်စားစရာ ဇာတ်ရှိန်တက်လာပြီ။

ခေါင်းလောင်းနှစ်လုံးတွေ့ထားသတဲ့။ နတ်စင်တရာ ဆရာတော်က ရှင်စောပုကို ပွဲပေးဆုတောင်းမယ်တဲ့။

ခေါင်းလောင်းက အကြီးအငယ်နှစ်လုံးမို့ ဓမ္မစေတီခေါင်းလောင်းကြီး ဟုတ်မဟုတ် စီစစ်ရမယ်တဲ့။

ရေအောက်ထဲက နုံးတွေအောက်မှာ လုံးလုံးတွေ့တိုင်း ခေါင်းလောင်းဖြစ်နိုင်ပါ့မလား။ ရေပေါ်တဲ့ တိုင်စိုက် ဆိပ်ကမ်းလမ်းပြ ဘွိုင်ယာကြီးတွေ ကျိုးပြီး မြုတ်ကုန်တာတွေ အများကြီး။ ဆယ်ပြီးကာမှ အရှက်ကွဲမှာ။

ရှင်စောပုရာဇဝင်မှာ ဘုရင်မကြီးက သာသနာကိုကြည်ညိုသူ။ နန်းတော်မှာ ဆွမ်းကပ်နေကြ စာတတ်ရဟန်းငယ်ကို လူထွက်ခိုင်းပြီး သမီးနဲ့ပေးစား။
ဓမ္မစေတီမင်းအဖြစ်နန်းအပ်။ ရွှေတိဂုံဘုရားကို မြင်နိုင်တဲ့ နေရာမှာ သေတဲ့ထိ နေသွားရှာသူ။ အာဏာစွန့်ပြီး တရားအားထုတ်ခဲ့သူ တရားရှင်ကြီး။ ခေါင်းလောင်း ရာဇဝင်မှာ ခုတော့ သူပါ ပွဲပေးဆုတောင်းတဲ့ထဲ ဆွဲသွင်းခံရ။ နတ်စိမ်းတွေနဲ့ အရောခံရှာရ။

ခေါင်းလောင်းရှာလို့ အနားကဈေးသည်၊ လှေဆရာ၊ ဆိုင်ကယ်သမားတွေ စီးပွါးဖြစ်တာကလွဲလို့ ဘာမှထူးလာသေးတာတော့မမြင်ရသေး။

ခေါင်းလောင်းကို နဂါးသိုက်ကဖွက်ထားတာလား။ နတ်တွေက သယ်သွားပြီလား။ ခေါင်းလောင်းကရော တကယ်ရှိခဲ့ရဲ့လား။ တကယ်ပဲ ပိသာချိန်သိန်းကျော်ပါ့မလား။ ငဇင်ကာကရော ဒီလောက်ကြီးတဲ့ ခေါင်းလောင်းကို ဘာနဲ့မပြီး ဘယ်လိုလှေပေါ်တင်လဲ။ မေးခွန်းတွေအတွက် အဖြေမရသေးပေမဲ့ မွန်နဲ့ မြန်မာတွေ၊ ကျိုက်ထီးဆောင်းဆရာတော်ရဲ့ တပည့်တွေနဲ့ အခုဆယ်နေတဲ့အဖွဲ့ကသူတွေရဲ့ အွန်လိုင်းတိုက်ပွဲ။ ရှိမရှိ ငြင်းကြသူတွေရဲ့ အွန်လိုင်းဆဲပွဲတွေနဲ့ ဆူညံဆဲ။

ကုန်သွားတဲ့ ငွေတွေကို လူမှုရေးလုပ်ငန်းတခုခုမှာ သုံးလိုက်ရင်ကောင်းမှာပဲလို့သာ ထင်မိပါကြောင်း။

သမီးတို့ အတွက် အတွေး

သမီး ခုနှစ်ယောက်နှင့် ရင်တွင်းဖြစ်အတွေးများ

မနေ့ညက ဆန်ဖရန်တဝိုက်က မိတ်ဆွေသူငယ်ချင်းများရဲ့ သမီးတွေ Reunion လုပ်ကြတယ်။ ဒီသမီးတွေက ကလေးတွေဘဝထဲက အတူသွား အတူလာ မြန်မာစာအတူသင် မြန်မာအကအတူကနဲ့ ရင်းနှီးချစ်ခင်စွာ ကြီးပြင်းလာကြ။ ဝါသနာမတူကြပေမဲ့ ညီအမတွေလို အမြဲတတွဲတွဲ။ ခုတော့ သူတို့တွေ အပျိုမတွေဖြစ်။ အရွယ်တွေရောက်။ အကြီးဆုံးကနေ အငယ်ဆုံးထိ အစဉ်လိုက် ဝဲမှယာ ယှဉ်ရပ်နေတဲ့ ဒုတိယ ပုံလေးထဲက အကြီးဆုံးသုံးယောက်က ကောလိပ်ကျောင်းသူ။ အလတ်သုံးယောက်က ၁၂တန်း။ အငယ်ဆုံးက ၁၁တန်း။ ဗမာမိဘတွေကမွေး နိုင်ငံခြားမှာကြီးတဲ့ ကလေးတွေပေမဲ့ ဗမာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ မကင်းဝေးအောင် မိဘတွေက ပျိုးထောင်ပေးနိုင်ခဲ့။

ဘယ်နိုင်ငံမှာနေနေ ဗမာပဲဆိုတဲ့ အတွေးအခေါ်လေးတွေ သူတို့ရင်ထဲ အမြစ်တွယ် ပေးခဲ့ပြီ။ ပထမမျိုးဆက်ဖြစ်တဲ့ မိဘတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကြားက ပျိုးထောင်ခဲ့တဲ့ ဒုတိယမျိုးဆက် ပန်းပွင့်လေးတွေ ပွင့်လန်းလာခဲ့ပြီ။ ပညာတတ်လူငယ်လေးတွေ ဖြစ်လာတဲ့အခါ သမီးလိမ္မာလေးတွေအဖြစ်နဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဗမာပြည်အတွက် တတ်နိုင်တဲ့ဖက်က ပါဝင်ကူညီ အားဖြည့်နိုင်မဲ့ လူရည်ချွန်လေးတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းပါတယ်။ ဒီလိုဖြစ်လာအောင်လည်း မိဘတယောက်အနေနဲ့ ဆက်လက်ပျိုးထောင်ပေးပါ့မယ်။

တတိယလှိုင်း ဆိုပဲ

သမ္မတကြီးက တတိယလှိုင်း လာမယ်တဲ့။
ပထမကလှိုင်းက ပါတီစုံစနစ်ပါတဲ့။
သံချောင်းနဲ့ အဖွဲ့ချုပ်ကလွဲလို့ ကျန်တာတွေက ခပ်ရဲ့ရဲ့။
ဒုတိယလှိုင်းက စီးပွားရေး၊ လူမှုရေး ဆောင်ရွက်မှုတဲ့။
အားလုံးမြင်တာကတော့ အရင်အတိုင်း နေမြဲ။
ခုလာမဲ့ တတိယလှိုင်းက ဒီမို အခြေခံအဆောက်အဦတဲ့။
မဆလတုန်းက အခြေခံအဆောက်အဦနဲ့ ကုန်လုပ်ဆက်ဆံရေးတို့ရဲ့ အညမညသဘောတရား ဆိုတဲ့ ဆိုရှယ်လစ် ဘောဂဗေဒကို သင်ရင်း
ဆရာရှင်းပြတာ နားမလည်လို့ပြန်မေး
ထပ်ရှင်းတာကလည်း ထပ်ရှုပ်နဲ့ ခြာခြာလည်ပြီး ဘာမှနားမလည်ပဲ လုံးချာလည်နေခဲ့တာမှတ်မိတယ်။
ခုလည်း သမ္မတကြီးရဲ့ ဒီမိုအခြေခံအဆောက်အဦဆိုတာ
ဆိုရှယ်လစ်ဘောဂဗေဒလို လုံးချာလည်မနေပါစေနဲ့လို့ ဆုတောင်းပါတယ်။

Wednesday, August 13, 2014

တောင်ပြုံးအလွန်

တောင်ပြုန်းပွဲကြီးလည်း ပြီးသွားပြီ။ အမြို့မြို့အနယ်နယ်မှ ကိုယ်တော်နှစ်ပါးကို ယုံကြည်သူများ၊ သွတ်ပြားတို့အဖွဲ့ ဝင်များ၊ နတ်ကတော်များ၊ ဆယ့်နှစ်ပွဲ ဈေးသည်များ၊ ရွာနည်းချုပ်စပ်မှ ပွဲတော်လာ ပရိတ်သတ်များဖြင့် အရင်နှစ်များအတိုင်းစည်ကားပါသည်

မန်းလေး ပုဒ်မ၁၄၄ ကြောင့် မစည်မှာ ပူသူများလည်း ခုမှ ဟင်းချနိုင်ကြသည်။ သူတို့ကား ပွဲတော်မှီ လုပ်စားကြမည့် ခါးပိုက်နိုက်၊ ဖဲသုံးချပ်နှင့် လေးကောင်ဂျင် လောင်းကစားသမား၊ နတ်ကတော်များပင်။ ခုတော့ သူတို့လည်းပျော်၊ များတို့လည်းပျော်၊ ကိုယ်တော်နစ်ပါးလည်းပျော်၊ အားလုံးပျော်ကြပေမည်။

အပျော်ဆုံးကား နန်းကြီးကို စောင့်ကြပ်ရသည့် အနွယ်တော်ဝင်များဖြစ်မည်။ ဘိုးဘွားဘီဘင် အစဉ်အဆက် ဒီနတ်နန်းကိုစောင့်ရှောက်ရင်း ကိုယ်တော်နှစ်ပါးကျွေးသောထမင်းကို စားခဲ့သူများပင် မဟုတ်လား။ ခုတော့ ခေတ်နဲ့အညီ ထမင်းပင်မက အကောင်းစား ရေမွှေးဘူးများ၊ နိုင်ငံခြားဖြစ် အရက်ပုလင်းများ၊နာရီ၊ ပိုးထည်မျိုးစုံ စသည်ဖြင့် ကိုယ်တော်တို့ကို ဆက်သခဲ့သောပစ္စည်းစုံကိုခွဲယူကာ စတိုးဆိုင်ပို့လိုက်ယုံသာ။ ကိုယ်တော်တို့ကို ခစားရင်း ဆက်သခဲ့သည့်ငွေဖြင့်ပင် တနှစ်လုံးထိုင်စားနိုင်သည်။ အဲ့ဒါလေးတွေက အပိုသုံးဖို့ ကိုယ်တော်တို့ကပေးတာဖြစ်သည်။

မယုံမရှိနှင့်။ မန်းလေးရောက်တုန်းက ခင်ခဲ့တဲ့ နန်းစောင့်နွယ်ဝင်က ပြောပြခဲ့ခြင်းဖြစ်သည်။

ကိုယ်တော်နှစ်ပါးကား အလွန်ကံကောင်းကြ၏။ အနော်ရထာခေတ်က ရောက်လာတဲ့ ကုလားလေးများဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ အခုခေတ်မှရောက်လာရင်တော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးစာ မိသွားနိုင်သည်။ ပြောလို့တော့မရ။ အကပ်ကောင်းရင်တော့ ဝှိုက်ကပ်(White Card) ရကာ နေပြည်တော်မှာ လွှတ်တော်အမတ်ပင် ဖြစ်နိုင်သေး၏။ သံချောင်းပါတီဝင်ပြီး ခြင်္သေ့ရင်ထိုးရှိလျှင် ရဲတောင်မဖမ်းဆိုတဲ့. ခေတ်ဆိုတော့ တထစ်ချတော့ ပြောမရ။

သူတို့ အကြောင်း လေ့လာမိသည်။ ဗျာဝီးနှင့် ဗျာတား (ဗျတ်ဝိ၊ဗျတ္တ) ကုလားညီနောင် သဘောင်္ပျက်ကာ သထုံရောက်၊ ဘုန်းကြီးက သနားလို့ခေါ်ထား၊ ဘုန်းကြီး စားမဲ့ ဇော်ဂျီဖိုဝင်သားစားပြီး လူစွန်းကောင်းတွေဖြစ်လာသည်။ နောက်တော့ အနော်ရထာက မြှောက်စားပြီး ပုဂံရောက်သည်။ဗျာဝီးကတော့ မအိုဇာနဲ့ကြိုက်၊ နောက်တော့ လူစွမ်းကောင်းမို့ ဘုရင်က ဖမ်းခိုင်း၊ သူ့ရီးစားဆီအလာ မီးနေသည် ထမိန်တန်းအောက်ဝင်မိလို့ ဘုန်းပြောက်ကွယ်ပြီး အဖမ်းခံရ။ သတ်မရလို့ နောက်ဆုံး မအိုဇာရဲ့ ကွမ်းတရာ ရေတမှုတ်စားပြီးမှ သတ်လို့ရပါသည်။ သူ့အလောင်းကို လေးပိုင်းပိုင်းပြီး ပုဂံမြို့ရိုးလေးထောင့်မှာ မြှုတ်ပါသည်။ မြို့ရိုးစောင့်ဖို့ ဖြစ်သည်။ သေပြီးသည့်တိုင် လေးကိုယ်ခွဲကာ အချိန်ပိုလုပ်ခမရပဲ ၂၄နာရီ စောင့်ရရှာသော ကိုယ်တော်နှစ်ပါး၏ ဦးကြီးတော်သူ ဗျာဝီးဘဝမှာ သနားစရာပင်။

ညီဖြစ်သူ ဗျာတားကတော့ ကိုယ်တော်နစ်ပါးရဲ့ပါပါကြီးပေါ့။ သူကလည်း နန်းတွင်းက မိဘုရားတွေအတွက်ပုပ္ပါးသွားပန်းခူးပြီး ဆက်ရတဲ့ ပန်းဆက်သမားဆိုပဲ။ နောက်တော့ ပုပ္ပါးကို အလာများရာက ပုပ္ပါးသူ မယ်ဝဏ္ဏနဲ့ အကြောင်းပါရှာသည်။ (တကယ်က ဝဏ္ဏဆိုတာ ပါဋ္ဌိလို အဆင်းလှခြင်းပါ။ မြန်မာလို မလှလှပေါ့။ တောသူညိုချောလေးဖြစ်မည်။ အဲဒါကို ပေါက္ကံရာမက မြို့သားတွေက တောသူမို့ ရုပ်ဆိုးအကျည်းတန် ဘီလူးမလေးလို့ ကျီစယ်ခေါ်ကြရင်းဘီလူးမဖြစ်ရရှာပုံရသည်။၊)

ပုပ္ပါးသူနဲ့ အကြောင်းပါပြီး ကိုယ်တော်နှစ်ပါးဖြစ်တဲ့ ဖျင်းညီနောင်ကို ပုပ္ပါးမှာ မွေး။ နောက်တော့ သူရဲကောင်းမို့ သတ်ဖို့ ရမယ်ရှာနေတုန်း ပန်းတော်ဆက်တာ နောက်ကျမှုနဲ့ ပါပါကြီး ဗျာတား အသတ်ခံရပါသည်။ သူ့လင် အသတ်ခံရကြောင်း ကြားသိရတော့ မိန်းမဖြစ်သူ မယ်ဝဏ္ဏလည်း ရင်ကွဲကာ သေရှာပါသည်။ အဖေအမေမဲ့ နေတဲ့ ဖျင်းဘရားသားကို အနော်ရထာက သနားတော်မူလို့ မွေးစားပြန်သည်။ ပေါက်ဖေါ်ကြီး ဦးတီပွါးဆီ စွယ်တော်သွားပင့်တော့လည်း ဖျင်းဘုရားသားပဲတပ်ချုပ်လုပ်တာ ဟုဆိုသည်။ ဒါပေမဲ့ စွယ်တော်က တရားပွဲ ခွင့်ပြုမိန့်ယူရမှာတို့၊ ညမထွက်ရအမိန့်တို့၊ ၂၀၀၇ ရွှေဝါရောင်တို့ ကြိုမြင်တော်မူကာ ကွန်မြူနစ်ပေါက်ဖေါ်ကြီးဆီမှာပဲ နေတော်မူမယ်ရယ်လို့ မိန့်တော်မူလို့ စွယ်တော်ပွားနဲ့ပဲ ကြေနပ်ခဲ့ရပါသည်။ စွယ်တော်လေးဆူဘုရားတွေ ပုဂံမှာတည်ထားနိုင်တာ ဖျင်းဘုရားသားကြောင့်ဖြစ်သည်။

ဒီလို လက်စွမ်းထက်ခဲ့တဲ့ ဖျင်းဘုရားသားက ညံ့တဲ့နေရာလည်းရှိသည်။ ခုခေတ် အဘတွေလို မစဉ်းစားတတ်။ သူတို့သာနပ်မယ်ဆို တပ်ကမထွက်ပဲ အာဏာသိမ်းလိုက်ပြီး ဖျင်းဒိုင်နက်စတီ ထူလို့ရသည်။ သို့သော် ညံ့ရှာတော့ ပုဂံက အလန်းလေးတွေကျော်ပြီး အမရပူရက လင်ရှိမယား မရွှေဥကို သွားငန်းကြလေသည်။ ဒါနဲ့ပဲ တောင်ပြုံးစေတီ အုပ်သယ်ဖို့တာဝန်ပျက်ကွက်။ ကျန်စစ်သားက အမြင်ကပ်ပုဒ်မတပ်ပြီး ရွှေဖေါ့ရိုးနဲ့ ဝါးရင်းတုတ်မှားရိုက်လို့ သေကြရှာကာ အယူတိမ်းလို့ နတ်စိမ်းဖြစ်သည်။ နတ်စိမ်းဘဝမှာ နေစရာမရှိ အိမ်ခြေမဲ့ ဟုမ်းလက်( Homeless) ဖြစ်နေလို့ ဘိုးတော်အနော်ရထာရဲံ့ ဖေါင်တော်တားပြီး နတ်စိမ်းဘဝနေစရာတောင်းလို့ တောင်ပြုံးနယ်ကို ပေးသနားခဲ့ရာက
တောင်ပြုံးမင်းညီနောင် ကိုယ်တော်နှစ်ပါး ရယ်လို့ ဖြစ်လာသည်။။မွတ်အနွယ်တွေမို့ သူတို့ကို ကိုးကွယ်ရင် မိုးခိုသားရှောင်ရသည်။

ငါတို့ သိပြီးသားတွေ ဘာလို့ ထပ်ပြောနေတာလဲလို့ မောင်လူပေကို အပြစ်တင်လည်း ခံရမည်ပင်။

ပြန်ပြောရတာက ဒီသမိုင်းမှာ သင်ခန်းစာယူဖို့တွေ ပါတယ်ထင်လို့ဖြစ်သည်။ မြန်မာ့သမိုင်းမှာ ဘုရင်တွေဟာ လူစွမ်းကောင်းဆိုသူတွေကို ခိုင်းပြီးလျှင် အပြတ်ရှင်းကြတယ်ဆိုတာ မြင်သာလို့ နေသည်။။ ဗျာဘုရားသားရော၊ ဖျင်းဘုရားသားပါ အကုန်အသတ်ခံခဲ့ရသည်။ လူမျိုးခြားမှမဟုတ်။ အနော်ရထာမတိုင်ခင် မောင်တင့်တယ်လည်း မြန်မာအစစ်ပေမဲ့ အသတ်ခံရမှုမှမလွတ်ခဲ့။ အနော်ရထာကိုယ်တိုင်လည်း တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ ဘယ်လက်ဖြင့် အဝတ်အထည်ပေးအံ့၊ ယာလက်ဖြင့် ဆန်စပါးပေးအံ့ဆိုကာ အုပ်ချုပ်နေစဉ် မင်းလောင်းပေါ်တယ်ဆိုပြီး ရင်ခွင်ပိုက်ကအစ ဘိုက်ကြီးသည်အဆုံးသတ်ပစ်ခဲ့သည်။ သူ့ ရင်ဝယ်သားက မင်းလောင်းပါပုံမရ။

ဘာပဲဖြစ်ဖြစ် ကုလားသွေး ကိုယ်တော်နှစ်ပါးကတော့ တောင်ပြုံးနယ်မှာ ပျော်နေဆဲ။ လူဝင်မှုဥပဒေ မရှိခင်က ရောက်ခဲ့တဲ့ ကုလားလေးတွေဆိုတော့လည်း မြန်မာ ပေါက် မြန်မာပြည်သားလေးတွေပဲဖြစ်သည်။ သူတို့ကို ကိုးကွယ်သူတွေကလည်း ဆက်ပြီး ကိုးကွယ်နေဆဲ။ မဘသကလည်း တောင်ပြုံးကို သပိတ်မှောက်ဖို့ မေ့နေဆဲ။ မင်းနှစ်ပါးပွဲအပြီး ရတနာ့ဂူက မမဥနတ်နန်း ကို ခရီးဆက်နေကြဆဲ။ ရိုးရာယုံကြည်မှုတွေ ဆက်လက်ပန်းပန်နေဆဲ။ တနေ့နေ့ကြလျှင်ဖြင့် မောင်လူပေနှင့် စာဖတ်သူ သူငယ်ချင်းများ တောင်ပြုံးက မင်းနှစ်ပါးခြေရင်းမှာ ဆုံချင်ပါသေးသည်။ပျော်ပျော်ပါးပါးဖြင့်ပေါ့။ ။